← Chapters

တာအို ဖြန့်ဝေခြင်း

Vol. 36 Ch. 357

တာအို ဖြန့်ဝေခြင်း

Vol. 36 Ch. 357

ချန်ဟွိုက်အန်က လင်းလင်လင်ကို C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုသို့ ပြန်ခေါ်လာချိန်...

ဗျူရို၏ အဓိကဝင်ပေါက်တွင် ပင့်ကူနတ်ဆိုး အလောင်းများမှာ တောင်ပုံရာပုံ ဖြစ်နေပြီ ဖြစ်သည်။

သို့သော် သူ့ကို ဇဝေဇဝါဖြစ်စေသည်မှာ ထိုပင့်ကူမကောင်းဆိုးဝါးများ အားလုံးသည် မိစ္ဆာနှိမ်နင်းသူများ လက်ချက်ဖြင့် သေဆုံးနေခြင်း ဟုတ်နေပုံ မရခြင်းပင်။

၎င်းတို့အနက် အတော်များမားက လျှပ်စီးပညာရပ်နှင့် ဓားသိုင်းပညာရပ်များအောက်တွင် သေဆုံးနေကြသည်မှာ သိသာလှသည်။

သူ သိရသလောက် သူ၏လက်အောက်ငယ်သားများထဲတွင် ထိုမျှစွမ်းအားကြီးသော လျှပ်စီး သို့မဟုတ် ဓားသိုင်းပညာရပ်များကို တတ်မြောက်ထားသူ တစ်ယောက်မှ မရှိချေ။

အဘိုးကြီးလီ၏ ဓားသိုင်းက မဆိုးဟု ဆိုနိုင်သော်လည်း ဓားတစ်ချက်တည်းနှင့် ပင့်ကူနတ်ဆိုး ရာပေါင်းများစွာကို သတ်ဖြတ်ပြီး မြေပြင်ပေါ်တွင်ပါ ဓားရာများ ထင်ကျန်ရစ်အောင် လုပ်နိုင်ရန် လုံးဝ မဖြစ်နိုင်ပေ။

လေးလံသော သတ္တုစပ်တံခါးကြီးအတွင်းသို့ ဝင်လိုက်သည်နှင့် ထိုလျို့ဝှက်ချက်မှာ ပေါ်ပေါက် သွားတော့သည်။

ကျောက်ရင်းနှင့် အခြားသော လက်ဟောင်းငယ်သားများမှာ ခန်းမဆောင်ကြီး၏ အဝင်ဝတွင် ရပ်နေကြပြီး...

သူတို့ရှေ့တွင် ရှေးဟောင်းစတိုင်နှင့် ခေတ်မီစတိုင်ကို ထူးဆန်းစွာ ရောနှောဝတ်ဆင်ထားသော ကျင့်ကြံသူတစ်စု ရပ်နေသည်။

ထိုသူများထဲတွင် ရင်းနှီးသော မျက်နှာတစ်ခု ပါဝင်နေ၏။ ဝမ်ရှိုယီပင်။

ဝမ်ရှိုယီတွင် ထက်မြက်သော ဝိညာဉ်အာရုံများ ရှိသည်။

သူ့နောက်ကွယ်မှ ပြင်းထန်သော အရှိန်အဝါကို ချက်ချင်းပင် ခံစားမိလိုက်ပြီး လှည့်ကြည့် လိုက်သောအခါ သူ၏သတိထားနေသော အမူအရာမှာ ပြုံးရွှင်သော မျက်နှာအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားတော့သည်။

“စီနီယာချန်... မတွေ့ရတာ ကြာပြီနော်...”

“အတော်လေး ကြာပြီပဲ...” ချန်ဟွိုက်အန်က ပြန်ပြောလိုက်ရင်း စိတ်ထဲမှ သက်ပြင်း ချလိုက်မိသည်။

သူတို့က ပြဿနာရှာရန် လာခြင်းမဟုတ်သရွေ့ အဆင်ပြေပေသည်။

ဝမ်ရှိုယီကတော့ ဝမ်ရှိုယီပင်။

သူ၏ ကျင့်ကြံမှုအဆင့်မှာ ရွှေရောင်အနှစ်သာရအဆင့် နှောင်းပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ချန်ဟွိုက်အန်ကိုယ်တိုင်ပင် ဂိမ်းစနစ် အကူအညီများဖြင့် မြန်မြန်ဆန်ဆန် တက်လှမ်း နေသော်လည်း ဝမ်ရှိုယီ၏ တိုးတက်မှုနှုန်းမှာ ထိတ်လန့်စရာပင်။

ချန်ဟွိုက်အန်က ဝမ်ရှိုယီ၏ ဦးခေါင်းပေါ်ရှိ နိမိတ်မကောင်းသော မီးခိုးရောင် အရှိန်အဝါကို စိုက်ကြည့်လိုက်သည်။

မှန်းထားသည့်အတိုင်းပင် ထိုအရှိန်အဝါမှာ ပို၍ ထူထပ်လာခဲ့လေပြီ။

သူက တက်လှမ်းခြင်းတိုင်ကဲ့သို့သော အရာတစ်ခုခုကို ထပ်မံ အသုံးပြုခဲ့ပုံရသည်။

ဝမ်ရှိုယီ၏ မျက်နှာပေါ်မှ အပြုံးကို မြင်ရသောအခါ ချန်ဟွိုက်အန် အနည်းငယ် မျက်မှောင် ကြုတ်လိုက်မိသည်။

ဝမ်ရှိုယီကို မည်သို့ သတိပေးရမည်ကို သူ မသိချေ။

ယခုအချိန်တွင် ဝမ်ရှိုယီ ရရှိထားသမျှ အရာအားလုံးမှာ တက်လှမ်းခြင်းတိုင်မှ လာခြင်းဖြစ်သည်။ မြင်သာသော ဆိုးကျိုးမရှိဘဲ အကျိုးကျေးဇူးတွေချည်း ဖြစ်နေသည်။

ဆိုးကျိုးများ ပေါ်မလာမချင်း လူများက အန္တရာယ်ရှိကြောင်းကို ယုံကြည်ခဲလှသည်။

သို့သော် ထိုဖုံးကွယ်ထားသော အန္တရာယ်များ ပေါက်ကွဲလာသည့်အခါတွင်မူ အရာအားလုံး ပျက်စီးခြင်းဟုသာ အဓိပ္ပာယ်ရတော့သည်။

“သူက ဘယ်သူလဲ...”

ဝမ်ရှိုယီ ဘေးနားမှ ကျင့်ကြံသူတစ်ဦးမှာ ရှေ့သို့ တိုးလာပြီး ချန်ဟွိုက်အန်ကို ကြည့်လိုက်သည်။

သူတို့က ချန်ဟွိုက်အန်ကို မသိကြသော်လည်း သူ၏ ခန့်ညားထည်ဝါသော အရှိန်အဝါကြောင့် စိတ်ဝင်စားသွားကြသည်။

သူလည်း တက်လှမ်းသူ တစ်ယောက်လား။

အကယ်၍ မဟုတ်ဘဲ သူ့ဘာသာသူ ထိုအဆင့်အထိ ကျင့်ကြံခဲ့သည်ဆိုလျှင် ၎င်းမှာ တကယ့်ကို အထင်ကြီးစရာပင်။

ပို၍ အရေးကြီးသည်မှာ...

ဝမ်ရှိုယီက သူ့ကို “စီနီယာ” ဟု အမှန်တကယ် ခေါ်လိုက်ခြင်းပင်။

ဝမ်ရှိုယီက ရွှေရောင်အနှစ်သာရအဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်၏။

သို့သော် ထိုလူ့ဆီမှ ထွက်နေသော အရှိန်အဝါက အခြေခံအုတ်မြစ်အဆင့်သာ ရှိနေသေးသည် မဟုတ်ပါလား။

၎င်းက တကယ်ကို ထူးဆန်းလှသည်။

“ဒါက ငါ လွန်ခဲ့တဲ့ တစ်ခေါက်က ဆုံခဲ့တဲ့ စီနီယာပါ...” ဝမ်ရှိုယီက ဂုဏ်ယူနေသော လေသံဖြင့် ပြုံးလျက် မိတ်ဆက်ပေးလိုက်သည်။

“စီနီယာချန်သာ မရှိရင် ငါ သေတာ ကြာပြီ။ သူက ငါ့ရဲ့ အသက်သခင် ကျေးဇူးရှင်ပဲ...”

ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်ရှိ တက်လှမ်းသူများ၏ ချန်ဟွိုက်အန်အပေါ် ကြည့်သောအကြည့်မှာ ချက်ချင်း ပြောင်းလဲသွားသည်။

အခုဆိုလျှင် သူတို့၏ စူးစမ်းလိုစိတ်ထဲတွင် လေးစားမှုနှင့် အထင်ကြီးမှုများ ရောယှက်နေပြီ ဖြစ်သည်။

ချန်ဟွိုက်အန်က သူတို့၏ တုံ့ပြန်မှုများကို ကြည့်ပြီး ဝမ်ရှိုယီသည် သူတို့ အကြားတွင် အာဏာရှိသူတစ်ဦးဖြစ်ကြောင်း သိလိုက်သည်။

သူက သူတို့၏ အထက်လူကြီးပင် ဖြစ်နေနိုင်၏။

“အပြင်က ပင့်ကူမကောင်းဆိုးဝါးကို မင်းနဲ့ မင်းရဲ့အဖွဲ့က ရှင်းပေးခဲ့တာလား။”

ချန်ဟွိုက်အန်က အဖြေကို သိနေသော်လည်း မေးလိုက်သည်။

“ဟုတ်ပါတယ်...” ဝမ်ရှိုယီက ခေါင်းကို ကုတ်ရင်း ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။

“ဒီနေ့ ဒီကိုရောက်လာတော့ အဲဒီပင့်ကူမကောင်းဆိုးဝါးတွေကို မြင်တာနဲ့ တစ်ခါတည်း ရှင်းပစ်လိုက်တာ။ စီနီယာအတွက် ဒါတွေက အသေးအဖွဲပဲ ဆိုတာ သိပါတယ်။ ဒါပေမဲ့ အနည်းဆုံးတော့ စီနီယာ့ရဲ့လက်တွေ မပေရအောင် ကျွန်တော် လုပ်ပေးခွင့် ရတာပေါ့၊ မဟုတ်ဘူးလား။”

“အို။ ဒါဆို မင်းက C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုကို တမင်တကာ လာခဲ့တာပေါ့။ ငါတို့နဲ့ ပူးပေါင်းဖို့ မင်း ဆုံးဖြတ်လိုက်ပြီလား။”

ချန်ဟွိုက်အန်၏ စိတ်ထဲတွင် လှုပ်ရှားသွားသည်။

ဝမ်ရှိုယီတွင် ခိုင်မာသော စွမ်းအားများ ရှိသည်။ သူ့ကို အဖွဲ့ထဲ သွင်းနိုင်ခြင်းက ကြီးမားသော အကူအညီ ဖြစ်လိမ့်မည်။

သူက ဂိုဏ်းဆင့်ခေါ်မိန့်နှင့် မယှဉ်နိုင်သော်လည်း ထိုအရာက အခြေတည်ဝိညာဉ်အဆင့် ပညာရှင်တစ်ဦးကို တစ်မိနစ်ခန့်သာ ဆင့်ခေါ်နိုင်သည်။

ထို့ပြင် အကယ်၍ တကယ့် အခြေတည်ဝိညာဉ်အဆင့် မကောင်းဆိုးဝါးများသာ ရှိနေခဲ့လျှင် ထိုဆင့်ခေါ်မိန့်ကို ထုတ်ပြလိုက်ခြင်းက ဘာမှ အကျိုးရှိမည် မဟုတ်ပေ။

ထို့အပြင် ဝမ်ရှိုယီက တက်လှမ်းသူတစ်ဦး ဖြစ်နေသေးသည်။

သူသာ မိစ္ဆာနှိမ်နင်းသူဗျူရိုသို့ ဝင်လာလျှင် အဖွဲ့၏ မျက်နှာစာအဖြစ် ဆောင်ရွက်ပေးနိုင်သည်။ ကောင်းမွန်သော အကာအကွယ်တစ်ခုပင်။

အနည်းဆုံးတော့ သူ ရှိနေခြင်းက အခြား တက်လှမ်းသူ အုပ်စုများဆီမှ ရန်လိုမှုများကို လျော့ပါးစေနိုင်သည်။

“ဟားဟား။ စီနီယာ့မျက်စိထဲကနေ ဘာကိုမှ ဖုံးထားလို့ မရဘူးပဲ။”

ဝမ်ရှိုယီက ရှက်ပြုံး ပြုံးရင်း လက်ယှက်၍ ဂါရဝပြုလိုက်သည်။

“ကျွန်တော့်ဂိုဏ်းနဲ့လည်း ဆွေးနွေးပြီးပါပြီ။ ဂိုဏ်းလူကြီးက ကျွန်တော့်ကို C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုမှာ ဝင်လုပ်ဖို့ ခွင့်ပြုလိုက်တယ်။ အခုက စီနီယာကပဲ ကျွန်တော့်ကို လက်ခံဖို့ ဆန္ဒရှိ၊ မရှိ အပေါ်မှာပဲ မူတည်ပါတော့တယ်။”

ချန်ဟွိုက်အန်က သူ၏ လက်မောင်းကို တစ်စုံတစ်ယောက် ဆွဲလိုက်သည်ဟု ခံစားရသည်။

လှည့်ကြည့်လိုက်သောအခါ လင်းလင်လင်က သူ့ကို အသည်းအသန် မျက်စိမှိတ်ပြနေသည်ကို တွေ့လိုက်ရသည်။

သူ၏ အကြည့်က ရှင်းလင်းလှသည်။

သူ့ကို ပူးပေါင်းခွင့်ပေးလိုက်ပါ။ ဒီမိစ္ဆာနှိမ်နင်းရေးလှေကြီးပေါ် တင်လိုက်...

ရွှေရောင်အနှစ်သာရအဆင့် ကျင့်ကြံသူနော်။ အဲဒါက ဘုရင်အဆင့်၊ ဧကရာဇ်အဆင့် ပုဂ္ဂိုလ်တွေနဲ့ တန်းတူပဲ။

သူသာ ကျွန်မတို့အဖွဲ့ထဲကို ရောက်လာရင် C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုက ကောင်းကင်ကို ထိုးတက်သွားမှာ။

“ငါ့ဘက်ကတော့ ကန့်ကွက်စရာ မရှိပါဘူး။” ချန်ဟွိုက်အန်က ပြောလိုက်သည်။

“ဒါပေမဲ့ မင်းနောက်က မိတ်ဆွေတွေကော... သူတို့လည်း ဝင်မှာလား။”

သူက ဝမ်ရှိုယီနောက်မှ တက်လှမ်းသူ (၈)ဦးကို လက်ညှိုးထိုးပြလိုက်သည်။

သူတို့တစ်ဦးစီတွင် တာအိုဝတ်စုံများကို လီနင်း စနီကာဖိနပ်များနှင့် တွဲဖက်၍ ဝတ်ဆင် ထားကြသည်။

“သြော်... သူတို့လား။ မဟုတ်ပါဘူး၊ သူတို့က ဓားနက်ဂိုဏ်းက ကျွန်တော့် ညီအစ်ကိုတွေပါ။ သူတို့ ဒီနေ့ တာအိုဖြန့်ဝေဖို့ လာခဲ့ကြတာ။”

“တာအိုဖြန့်ဝေဖို့ ဟုတ်လား။” ချန်ဟွိုက်အန် မျက်ခုံးပင့်လိုက်သည်။ “ဘယ်လို တာအိုလဲ။”

အမှန်အတိုင်းပြောရလျှင် ယခင်ကဆိုလျှင် တစ်စုံတစ်ယောက်က “တာအိုဖြန့်ဝေမယ်” ဟူ၍ ပြောလာသည်နှင့် ရဲကို ဖုန်းဆက်ပြီး ဂိုဏ်းသမားများ သို့မဟုတ် ငွေကွင်းဆက် လူလိမ်များဟု ဆိုပြီး ဖမ်းခိုင်းလိုက်မည် ဖြစ်သည်။

သို့သော် ထိုဓားနက်ဂိုဏ်းသားများ၏ မျက်နှာပေးများကို ကြည့်ရသည်မှာ...

ရင်ဘတ်ကော့၊ ဂုဏ်ယူဝင့်ကြွားနေသော မျက်နှာများနှင့် ဖြစ်နေပြီး...

သူတို့က “တာအိုဖြန့်ဝေခြင်း”ကို တကယ့် မြင့်မြတ်သော တာဝန်တစ်ခုဟု ယုံကြည်နေပုံရသည်။

သူတို့ကို ကျောင်းဝတ်စုံနှင့် လည်စီးနီလေးများသာ တပ်ပေးလိုက်လျှင် မူလတန်းကျောင်း ဝါဒဖြန့် ပိုစတာများအတွက် မော်ဒယ်လုပ်ပေး၍ပင် ရနိုင်သည်။

“ဒီလိုပါ စီနီယာချန်...” ဝမ်ရှိုယီက အလေးအနက် ရှင်းပြလိုက်သည်။

“စီနီယာ မြင်တဲ့အတိုင်း မိစ္ဆာချိပ်ပိတ်မျှော်စင် ပြန်ပေါ်လာပြီး ပြည်သူတွေ ဒုက္ခရောက်နေတယ်။ ဒီပင့်ကူမကောင်းဆိုးဝါး တစ်မျိုးတည်းနဲ့ သာမန်လူတွေ အများကြီး အသက်ဆုံးရှုံးခဲ့ရတယ်…”

သူ၏ လေသံမှာ တည်ကြည်လာပြီး မျက်လုံးထဲတွင် တရားမျှတမှုအတွက် ဒေါသများ တောက်လောင်နေသည်။

“အရင်တုန်းကတော့ လျို့ဝှက်ထားတဲ့ ဂိုဏ်းတွေအားလုံးက တပည့်လက်ခံရာမှာ တင်းကျပ်တဲ့ စည်းကမ်းတွေ ရှိခဲ့ကြတယ်။ ဒါပေမဲ့ ပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို လျှော့ချပေးဖို့အတွက် အခြေခံကျင့်စဉ်တွေကို အများပြည်သူဆီ ဝေမျှပေးဖို့ သူတို့ ဆုံးဖြတ်လိုက်ကြတယ်။ ဂိုဏ်းတိုင်း ဒီဓားနက်ဂိုဏ်းက မိတ်ဆွေတွေလိုမျိုး တရားဟောအဖွဲ့တွေ စေလွှတ်ထားကြတယ်။”

“သြော်... အဲဒါကို မင်းတို့က တာအိုဖြန့်ဝေတာလို့ ပြောတာကိုး။”

ချန်ဟွိုက်အန်က ဝမ်ရှိုယီ၏ ဦးခေါင်းပေါ်မှ မီးခိုးရောင် အရှိန်အဝါကို တစ်ချက် ထပ်ကြည့်ပြီး အခြား ဓားနက်ဂိုဏ်းသားများကိုလည်း ကြည့်လိုက်သည်။

သူတို့ဆီမှ မီးခိုးရောင် မြူတိမ်များက ပို၍ပင် ထူထပ်နေသေးသည်။

အကယ်၍ သူသာ ၎င်းကို မသိခဲ့လျှင်တော့ ကိစ္စမရှိပေ။

သို့သော် ယခုတော့ သူ သိသွားပြီဖြစ်သဖြင့် မည်သူ့ကိုမျှ ထိုလျို့ဝှက်ဂိုဏ်းများ၏ ထောင်ချောက်ထဲသို့ အကျမခံနိုင်ပေ။

တက်လှမ်းခြင်းတိုင်ကို မထိဘဲ ကျင့်ကြံခြင်းက ဘေးထွက်ဆိုးကျိုး မရှိဘူးဆိုရင်လျှင် သူတို့၏ ကျင့်စဉ်များကို မလုပ်ခြင်းက ပိုစိတ်ချရသည်။

ချန်ဟွိုက်အန်တွင် မည်သို့ ကိုင်တွယ်ရမှန်းမသိလောက်အောင် များပြားလှသော ကျင့်စဉ်များ ရှိနေသည်။

C ပြည်နယ် မိစ္ဆာနှိမ်နင်းသူဗျူရိုအတွက် ထိုအခြေခံနည်းလမ်းများ မလိုအပ်ပေ။

သို့သော် သူက ၎င်းကို တည့်တည့်တော့ မပြောလိုက်ပေ။

ထိုအစား အံ့သြဝမ်းသာနေသည့် အမူအရာမျိုး လုပ်လိုက်သည်။

“ကောင်းလိုက်တာ။ တကယ့်ကို အချိန်ကိုက် ကောင်းချီးပေးတာပဲ။ အိပ်ချင်နေတုန်း လက်ညှိုးနဲ့ အထိုးခံရသလိုပါပဲ။ ဒီအုပ်ချုပ်ရေးမှူးက မိစ္ဆာနှိမ်နင်းသူဗျူရိုကို ထောက်ပံ့ဖို့ တော်တော် ရုန်းကန်နေရတာ။ ကျင့်စဉ်လည်း မရှိ၊ အရင်းအမြစ်လည်း မရှိဘဲ ဒီတိုင်းပြည်ကြီး မိစ္ဆာတွေရဲ့ ဖျက်ဆီးတာ ခံနေရတာကို ဘာမှမတတ်နိုင်ဘဲ ကြည့်ပြီး သက်ပြင်းချနေရတာ...”

ချန်ဟွိုက်အန်က ရင်ဘတ်ကို ထုကာ မျက်ရည်ကျတော့မည့် ပုံစံမျိုး လုပ်လိုက်သည်။

လင်းလင်လင်- “...”

အရင်းအမြစ် မရှိဘူး ဟုတ်လား။

ဂိုဒေါင်ထဲမှာ ဆေးလုံးတွေနဲ့ ဓားဓာတ်လုံးတွေက လျှံထွက်နေတာ မဟုတ်ဘူးလား။

ကျင့်စဉ်မရှိဘူး ဟုတ်လား။

သူပဲ ခုနက ကျောက်ရင်းတို့ဆီကို ကျင့်စဉ်တွေ မကြာခင် ခွဲဝေပေးတော့မယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား။

“ဒီအုပ်ချုပ်ရေးမှူးကတော့ လေလုံးထွားတာ ပိုတော်လာပြီပဲ...”

လင်းလင်လင် မျက်လုံးများကို မှေးလိုက်သည်။

အုပ်ချုပ်ရေးမှူးက ထိုမျှလောက် အပို လုပ်ပြနေပြီဆိုလျှင် ဓားနက်ဂိုဏ်းသားများ အတော်လေး အတီးခံရတော့မည်ကို သူ မြင်ယောင်နေမိတော့သည်။

…

All Chapters