← Chapters

အခန်း (၁၀၁-၁၀၂)

Vol. 9 Ch. 101-102

အခန်း (၁၀၁-၁၀၂)

Vol. 9 Ch. 101-102

အပိုင်း ၁၀၁

လုံချန် သည် ကျင့်ကြံနေရင်းဖြင့် အချိန်မည်မျှကုန်ဆုံးသွားမှန်းပင်မသိဘဲ နံနက်ခင်းပင် ရောက်နေခဲ့သည်။ ကောင်းကင်စစ်သည်နယ်မြေ ပြိုင်ပွဲ စတင်ရန်အတွက် အချိန် ၆ ရက်လောက်သာ ကျန်တော့၏။

ဤအချိန်ကာလ အတွင်း လူအများစုက ကိုယ်ပိုင်အခန်းထဲ၌ အပြင်းအထန် ကျင့်ကြံနေကြသည်။ တစ်ယောက်ကိုတစ်ယောက် အနှောင့်အယှက်မပေးအားကြပေ။

“ဆဋ္ဌမမြောက် မိုးကြိုးမီးလျှံကျောက်တုံး က ငါ့ကို နာကျင်မှု သိပ်မခံစားရပေမယ့် ပေါင်းစပ်ဖို့ကတော့ လေးနာရီလောက် ကြာခဲ့တယ်” လုံချန်က သူ၏ခန္ဓာကိုယ်အခြေအနေကို စမ်းသပ်ရင်း ခွန်အားတိုးလာသည်ကို ခံစားမိသည်။

“တကယ်လို့ နဂါးဝိညာဉ်အသွင်ပြောင်းကျင့်စဉ်သာ မရှိခဲ့ရင် ဆဋ္ဌမမြောက် မိုးကြိုးမီးလျှံကျောက်တုံးနဲ့ပေါင်းစပ်တဲ့အချိန်မှာ ငါသေတာကြာလောက်ပြီ။ တစ်ဆင့်ပြီးတစ်ဆင့် မြင့်လာလေလေ ပေါင်းစပ်ရတာ ပိုခက်လာလေပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ သွေးနဂါးခန္ဓာကိုယ်ရဲ့ အကန့်အသတ်က ဘယ်အတိုင်းအတာထိ သွားမယ် မသိဘူး” ၆ ရက်တာ ကာလအတွင်း လုံချန်က မိုးကြိုးမီးလျှံကျောက်တုံးများကို ထပ်ပြီးပေါင်းစပ်ရန် ကြိုးစားခဲ့သည်။

ကောင်းကင်စစ်သည်နယ်မြေ ပြိုင်ပွဲ က နီးကပ်လာနေပြီ၊ ကျင့်ကြံရေး လုပ်တာ အသုံးမဝင်ဘူး။ ဒီ မိုးကြိုးမီးလျှံကျောက်တုံးတွေ သုံးပြီး ခန္ဓာကိုယ် ခိုင်မာမှု နဲ့ စစ်မှန်တဲ့ ချီ အင်အားကို တိုးမြှင့်တာ ပိုကောင်းတယ်။

“ငါ့ လက်ရှိ ခွန်အားနဲ့ ဆို မြေကမ္ဘာယွမ်အလယ်အလတ်အဆင့် ပြိုင်ဖက်တွေ ကို ကိုင်တွယ်နိုင်တယ်။ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် တွေဆိုရင်တော့ လုံးဝ အခွင့်အရေး မရှိဘူး။ ဒီတော့ အဆင့်မြင့်တိုက်ခိုက်ရေးနည်းစနစ်တွေ နဲ့ နတ်ဘုရားသားရဲသွေးမျိုးဆက် ပိုင်ဆိုင်ထားတဲ့ ဖုန်းဝူထျန်း ကို ကိုင်တွယ်ဖို့ဆို ပိုလို့တောင်မဖြစ်နိုင်ဘူး”

မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် သို့မဟုတ် မြေကမ္ဘာယွမ်အထွတ်အထိပ်အဆင့် က မြေကမ္ဘာယွမ်အစောပိုင်းအဆင့် နှင့် အနည်းငယ် ဝေးကွာနေသေး၏။ သို့သော် အရင်းအမြစ် အလုံအလောက်ရှိပါက လုံချန် အနေဖြင့် မြေကမ္ဘာယွမ်အထွတ်အထိပ်အဆင့်ကို သေချာပေါက် ရင်ဆိုင်နိုင်ပါသည်။

“နင့်ရဲ့ လက်ရှိ အင်အားနဲ့ ဆို သူ တကယ် တိုက်ခိုက်လာရင် တစ်ချက်တည်းနဲ့သေလိမ့်မယ်” လင်းရှီက မျက်မှောင်ကြုတ်ရင်း ပြောခဲ့သည်။

ဖုန်းဝူထျန်း အကြောင်းကို တွေးမိသောအခါ လုံချန်က မျက်မှောင်ကြုတ်လိုက်သည်။ ကောင်းကင်စစ်သည်နယ်မြေ ပြိုင်ပွဲ ၌ အောင်မြင်မှုတစ်ခုခု ရရှိလိုပါက ယခု သူ့လက်ထဲရှိ သတ္တမမြောက် မိုးကြိုးမီးလျှံကျောက်တုံးနှင့် ဆက်စပ်နေပါသည်။

“ငါ မစဉ်းစားတော့ဘူး။ သူ့ဘာသာသူ ဘာကောင်ကြိီးပဲဖြစ်နေဖြစ်နေ အချိန်တန်ရင် တစ်ချက်တည်းနဲ့ ရိုက်ချပစ်မယ်”

လုံချန် က အတော်လေးစိတ်အားတက်ကြွနေလေရာ လင်းရှီက ခေါင်းခါလိုက်သည်။ ထိုလူယုတ်မာနှင့် ဖုန်းဝူထျန်း ကြား ကွာဟချက်က လုံချန်၏စိတ်ခံစားချက် အနည်းငယ် ထွက်ပေါက်နှင့် ဖာထေးလို့ မရပေ။ သို့သော် လုံချန် စိတ်ဓာတ်ကျသွားနိုင်သောကြောင့် သူမအနေဖြင့် ကွာဟချက်ကို အလေးပေး မပြောချင်ပါ။

သတ္တမမြောက် မိုးကြိုးမီးလျှံကျောက်တုံးနှင့် ပေါင်းစပ်မှုက နဂါးဝိညာဉ်အသွင်ပြောင်းထားသည့် လုံချန်ကို အနည်းငယ်တော့ ဖိအားပေးခဲ့သည်။ သို့သော် အစပိုင်းတုန်းကလိုမျိုး ဆိုးဆိုးဝါးဝါးမဟုတ်ခဲ့ပေ။ အရေးကြီးဆုံးက အချိန်ပင်၊ သေချာပေါက်ကို အချိန်ပိုကြာပေလိမ့်မည်။

သတ္တမမြောက် မိုးကြိုးမီးလျှံကျောက်တုံးနှင့် လုံးလုံးလျားလျား ပေါင်းစပ်ပြီးနောက် လုံချန်က အချိန် နေ့တစ်ဝက်နီးပါး ကုန်ဆုံးသွားကြောင်း သိလိုက်ရသည်။

“နောက်ထပ်က ရှစ်လုံးမြောက်ပဲ...”

ကောင်းကင်စစ်သည်နယ်မြေ ပြိုင်ပွဲ ကျင်းပမည့်ရက်က တဖြည်းဖြည်းနီးကပ်လာနေသည်။ လုံချန်က ကျင့်ကြံရေး ကို လျစ်လျူ မရှုထားနိုင်ပါ။ အဌမ(၈) လုံးမြောက် မိုးကြိုးမီးလျှံကျောက်တုံးနှင့်ပေါင်းစပ်ချိန် ရင်ဆိုင်ရသည့် ဖိအားက စတုတ္ထအကြိမ်မြောက်ကို ကောင်းကောင်းကြီးယှဉ်နိုင်ပေသည်။

သို့သော်လည်း ဖုန်းဝူထျန်းနှင့် ရင်ဆိုင်တွေ့ရမည့် ဖိအားကို တွေးမိလိုက်သောအခါ လုံချန်က လုံးဝ နောက်မဆုတ်နိုင်တော့ကြောင်း သိလိုက်၏။

“ခံနိုင်ရည်ရှိတဲ့ လူတွေပဲ အောင်မြင်နိုင်တယ်။ ဒါကို မခံနိုင်ရင် ငါ ဘာကောင်မှ မဟုတ်ဘူး” လုံချန်က အံတင်းတင်းကြိတ်လျှက် အပြင်းအထန်လေ့ကျင့်နေလေရာ လင်းရှီလည်း စိုးရိမ်စိတ်များ မြင့်တက်လာခဲ့ရသည်။ စိတ်ရောကိုယ်ရောနှစ်ပြီး အပြင်းအထန်ကြိုးစားနေသော လူငယ်လေးကို ကြည့်၍ လင်းရှီ ဟာ ဘာပြောရမှန်းမသိတော့ပေ။

၈ ကြိမ်မြောက် ပေါင်းစပ်သည့်အချိန်က အလွန်ကြာမြင့်ခဲ့၏။ လုံချန်က ၈ လုံးမြောက် မိုးကြိုးမီးလျှံကျောက်တုံးနှင့် ပေါင်းစပ်ရန် စုစုပေါင်း (၂)ရက် ကြာသွားခဲ့သည်။ အစပိုင်းမှာ မခံမရပ်နိုင်တော့လောက်အောင်ထိ နာကျင်မှု ဖြစ်ပေါ်လာသော်လည်း နောက်ဆုံးမှာတော့ လုံချန်အတွက် ထုံကျင်နေခဲ့ရုံသာ။ သူ့ဆုံးဖြတ်ချက်က အဆုံးအစမဲ့သော နာကျင်မှုကို ခံနိုင်ရည် ရှိအောင် တွန်းအားပေးနေခဲ့သည်။

“လုံချန်၊ နဝမမြောက် မိုးကြိုးမီးလျှံကျောက်တုံးနဲ့ မပေါင်းစပ်ပဲ ရပ်ရအောင်လား” လင်းရှီက စိုးရိမ်စွာ မေးခဲ့သည်။ လုံချန်၏ ခေါင်းမာမှု နှင့် စိတ်ဓာတ် ခိုင်မာမှု က လင်းရှီကိုယ်တိုင်ပင် မမျှော်လင့်ထားသည့်အဆင့်သို့ ရောက်ရှိနေသည်။

“ဘာတွေ ပြောနေတာလဲ။ ဒီလို နာကျင်မှု နည်းနည်းလေးက ငါ့ အကန့်အသတ် နဲ့ ဝေးနေသေးတယ်”

လုံချန်က ရယ်လိုက်ပြီး သိုလှောင်အိတ်ထဲက ၉ လုံးမြောက် မိုးကြိုးမီးလျှံကျောက်တုံး ကို ထုတ်လိုက်သည်။

သူက မိုးကြိုးမီးလျှံကျောက်တုံး ၈ လုံးအထိ ပေါင်းစပ်ပြီးခဲ့၏။ သူ့ခန္ဓာကိုယ်က မိုးကြိုးမီးလျှံကျောက်တုံးများ၏ ပြန်လည်သန့်စင်မှုအောက်၌ ယခင်ထက် အဆပေါင်းများစွာ သန်မာလာခဲ့သည်။ မိုးကြိုးလျှပ်စီးစွမ်းအင်နှင့် မီးလျှံစွမ်းအင် ကလည်း မူလဒန်တျန်ထဲကို စိမ့်ဝင်နေသည်။ မတူညီသောစွမ်းအား ၂ မျိုးက မြေကမ္ဘာယွမ်အဆင့် မူလဒန်တျန်ကို အဆက်မပြတ် ရစ်ပတ်လျှက် တဖြည်းဖြည်းပေါင်းစပ်နေ၏။

“ဒီ စွမ်းအားနှစ်မျိုးက မူလဒန်တျန်နဲ့ လုံးဝ ပေါင်းစပ်သွားရင် ငါ မိုးကြိုးမီးလျှံ ကျင့်ကြံသူ ဖြစ်လာနိုင်တယ်”

လုံချန်က ဤအချက်ကို ရှင်းရှင်းလင်းလင်း သိနေ၏။ ထို့နောက် အချိန် ထပ်မဆွဲတော့ဘဲ ၉ လုံးမြောက် မိုးကြိုးမီးလျှံကျောက်တုံးနှင့် ချက်ချင်း ပေါင်းစပ်ရန် စတင်လိုက်သည်။ ဤတစ်ကြိမ် ခက်ခဲမှုက ၈ ကြိမ်မြောက်ပေါင်းစပ်သည့်အချိန်ကထက် ပိုပြီးမြင့်မားလေသည်။ ပြင်းထန်လှသော ဖိအားနှင့်နာကျင်မှုကြောင့် လုံချန်၏မျက်နှာက အစိမ်းရောင်ပြောင်းသွားရသည်။ ဤအချိန်တွင် လုံချန်က အပြာရောင် မီးလျှံလျှပ်စီးပင်လယ်ထဲ၌ ရေချိုးနေသည့်အလားထင်ရ၏။ သူ့အခြေအနေက အလွန်ကို ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ကနေ ပြင်းထန်သောအငွေ့အသက်များ တဖြည်းဖြည်း ပေါက်ကွဲထွက်လာသည်။ ခန္ဓာကိုယ်တစ်ခုလုံးလည်း မီးတောက်မီးလျှံများ ဖုံးလွှမ်းထားသည့်အပြင် မိုးကြိုးလျှပ်စီးကြောင်းများက အဆက်မပြတ်ရစ်ပတ်နေလေသည်။

ကံကောင်းထောက်မစွာပဲ အဆုံးအစမဲ့သောနာကျင်မှုကို အချိန်အကြာကြီး တောင့်ခံလာပြီးနောက် လုံချန်က နဝမမြောက် မိုးကြိုးမီးလျှံကျောက်တုံးမှ ထွက်ပေါ်လာသော ဖိအား ကို အနည်းငယ် လိုက်လျောညီထွေ ဖြစ်အောင် လုပ်နိုင်ခဲ့ပါသည်။ ပြီးဆုံးရန် ခက်ခဲနေသော်လည်း အံတင်းတင်းကြိတ်ထားရင်း နောက်ဆုံး အထိ တောင့်ခံနေခဲ့သည်။

“နဝမမြောက် မိုးကြိုးမီးလျှံကျောက်တုံးနဲ့ အပြီးအစီး ပေါင်းစပ်ဖို့ ငါ အချိန် ၃ ရက်လောက် ကြာခဲ့တယ်။ ဒဿမ(၁၀လုံး)မြောက် အလုံးနဲ့ စမ်းဖို့တော့ မဖြစ်နိုင်တော့ဘူး၊ ကောင်းကင်စစ်သည်နယ်မြေ ပြိုင်ပွဲ က မနက်ဖြန်ဆိုရောက်ပြီ” ဤအတွေးကြောင့် လုံချန်က အနည်းငယ် စိတ်ပျက်သွားရသည်။ မိုးကြိုးမီးလျှံကျင့်ကြံသူ ဖြစ်လာရန်နီးစပ်နေသော်လည်း အချိန်မလုံလောက်တော့ပေ။

“ဆယ်လုံးမြောက် မိုးကြိုးမီးလျှံကျောက်တုံးကို ပေါင်းစပ်နိုင်မလား မသိပေမယ့် လုပ်နိုင်ရင် ကောင်းကင်စစ်သည်နယ်မြေ ပြိုင်ပွဲ မှာ ရှင်သန်နိုင်ချေ အများကြီး တိုးလာမယ်” လုံချန်က စိတ်ပျက်သွားခြင်းတော့မရှိပေ။

“ငါ့မှာ အခု အနက်ရောင်အလယ်အလတ်အဆင့်နည်းစနစ် ကောင်းကင်လောင်ကျွမ်းခြင်း နတ်ဆိုးလက်သီး ရှိတယ်၊ ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်နဲ့ပတ်သက်လာရင် မူလအစပြန်သွားခြင်းကျင့်စဉ် နဲ့ လှုပ်ရှားမှုအပိုင်းမှာဆိုရင် အဆင့်နိမ့်အနက်ရောင်အဆင့်ရှိတဲ့ နဝမကောင်းကင် နဂါးခြေလှမ်း ပါ ရှိတယ်။ မိုးကြိုးမီးလျှံကျောက်တုံးတွေ နဲ့ အဆက်မပြတ် ပေါင်းစပ်ပြီးတဲ့နောက်မှာ ငါ့ခန္ဓာကိုယ်နဲ့ အစစ်အမှန်ချီ က အရင်ကထက် အများကြီး အားကောင်းလာတယ်။ နဂါးဝိညာဉ်အသွင်ပြောင်းကျင့်စဉ် နဲ့ သွေးချီဝါးမျိုခြင်းကျင့်စဉ်ပါ ပေါင်းစပ်လိုက်ရင် မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် မှာ ရှိနေတဲ့ ပညာရှင် တစ်ယောက်နဲ့ တောင် ယှဉ်နိုင်လိမ့်မယ်” လုံချန် က သူ့ကိုယ်သူ စမ်းစစ်ပြီးနောက် ယုံကြည်ချက် အပြည့်ရှိနေသည်။

လုံချန်က ချက်ချင်း ထမလာခဲ့ပေ။ မိုးကြိုးမီးလျှံကျောက်တုံး ၉ လုံးအထိ ဆက်တိုက် ပေါင်းစပ်ပြီးနောက် စွမ်းအားကို ခန္ဓာကိုယ်နှင့် လိုက်လျောညီထွေ ဖြစ်အောင် နောက်တစ်ရက်အထိ လေ့ကျင့်ခဲ့သည်။ မကြာခင်မှာပဲ ပြိုင်ပွဲကျင်းပမည့်နေ့သို့ ရောက်လာတော့၏။ နံနက်ခင်းရောက်သည်နှင့် စီနီယာအစ်ကို ကန်လင်က ရောက်လာခဲ့ပြီး လုံချန်အား အစိမ်းရောင်နေမင်းခန်းမ သို့ ခေါ်ဆောင်လာခဲ့သည်။

“အကြီးအကဲချုပ်က လဲ့လင် နဲ့ ဖုန်းဝူထျန်း ကို ခေါ်သွားပြီ။ အစိမ်းရောင်နေမင်းခန်းမထဲမှာ ငါတို့ ရဲ့ အထက်အာဏာပိုင်တွေ နဲ့ ကောင်းကင်ယွမ်အဆင့် ပညာရှင် ဖြစ်တဲ့ အရှင်လဲ့ယွမ် တို့ရောက်နေပြီ။ မမေ့နဲ့၊ ခန်းမကို ရောက်ရင် ငါတို့အစိမ်းရောင်နေမင်းခန်းမရဲ့ မဟာအကြီးအကဲ အရှင်လဲ့ယွမ် ကို လေးစားရမယ်ဆိုတာ မှတ်ထားပါ”

လုံချန်က ကန်လင် ပြောခဲ့သည့် သတိပေးစကားများကို သူ့နှလုံးသားထဲ၌ တိတ်တဆိတ် မှတ်ထားလိုက်သည်။

လင်းဝူတော်ဝင်မိသားစု၌ မရေမတွက်နိုင်သော ပညာရှင်များ ရှိနေ၏။ လုံချန်က ယခုအချိန်မှာတော့ သေးငယ်သည့် ပုရွက်ဆိတ်တစ်ကောင်သာသာပင် ဖြစ်ခဲ့သည်။ မည်သူ့ကိုမျှ မျက်စိပသာဒဖြစ်အောင် မဆွဲဆောင်နိုင်သေးပါ။ ယခုအခါနောက်ထပ် အင်အားကြီး ပညာရှင်တစ်ယောက်နှင့် တွေ့ဆုံရတော့မည်ဖြစ်ရာ စိတ်မလှုပ်ရှားပဲမနေနိုင်ပေ။

မိုရှောင်းလန် နှင့် မဟာအကြီးအကဲဆိုသူ အရှင်လဲ့ယွမ် တို့က လုံချန် တွေ့ဖူးသမျှလူတွေထဲမှာ အစွမ်းထက် ပညာရှင်များ ဖြစ်ကြသည်။

လျူလန်က ဖုန်းဝူထျန်းနှင့် လဲ့လင် ကို အရင်ဦးဆုံးခေါ်သွားပြီဖြစ်ကြောင်း သတင်းကြားလိုက်သောအခါ လုံချန်က အနည်းငယ် စိတ်ဓတ်ကျသွားသလိုပင်။

“ဒီမိန်းမ... ငါ့ကို လျစ်လျူ ရှုသွားတာလား” ၎င်းကသာ တစ်ခုတည်းသော ရှင်းပြချက်ဖြစ်နိုင်သည်။

ကောင်းကင်စစ်သည်နယ်မြေ ပြိုင်ပွဲ အတွင်း လုံချန် နှင့် ဖုန်းဝူထျန်း တို့ကြားမှ ပဋိပက္ခ က ဤအမျိုးသမီးက မီးစမွှေးခဲ့ခြင်းဖြစ်သည်။ လုံချန်က လျူလန်၏ရည်ရွယ်ချက်ကို မသိနိုင်သော်လည်း အကြောင်းမရှိဘဲ လုပ်ဆောင်မည်မဟုတ်မှန်းတော့ သိနေပါသည်။

အစိမ်းရောင်နေမင်းခန်းမ၌ အစောင့်အရှောက် (၅) ဦး ရှိနေ၏။ ၎င်းတို့က ဌနာခွဲ (၅)ခု ကို တာဝန်ယူရလေသည်။ အစောင့်အရှောက်လျူ တစ်ဖြစ်လည်း အကြီးအကဲချုပ်လျူ က ၎င်းတို့အထဲမှ တစ်ယောက်ပင်။ အစိမ်းရောင် ဂိုဏ်းခွဲ၏ ဌာနခွဲတစ်ခုအနေဖြင့် အစိမ်းရောင်နေမင်းခန်းမ က အစောင့်အရှောက်လျူ တာဝန်ယူထားသော ဌာနခွဲထက် ပိုပြီးအင်အားကြီးမားခဲ့သည်။

အစောင့်အရှောက် ရှီ က လူငယ်တပည့်စုဆောင်းရေးကို တာဝန်ယူထားသည်ဆိုသော်လည်း အစိမ်းရောင်နေမင်းခန်းမ က ပညာရှင်များ၏ အဓိကဌာနချုပ်ကြီးဖြစ်သည်။

လုံချန် ဝင်လာချိန်တွင် မြေကမ္ဘာယွမ်အဆင့် ထက် ကျော်လွန်နေသော သက်လတ်ပိုင်းအရွယ် သို့မဟုတ် လူအိုကြီး အချို့ ကို မြင်နိုင်လေသည်။ ၎င်းတို့အပြင် အစိမ်းရောင်နေမင်းခန်းမ ထဲ၌ အလားအလာ ကောင်းသော လူငယ်တချို့လည်း ရှိနေ၏။

ဌာနခွဲတစ်ခုချင်းစီ၌ မဟာအကြီးအကဲ က အားအကောင်းဆုံးပင်၊ တစ်နည်း အာဏာအရှိဆုံးဖြစ်ခဲ့သည်။ နောက်မှာတော့ မြေကမ္ဘာယွမ်အဆင့် တပည့်များကို အုပ်ချုပ်ရသည့် အကြီးအကဲချုပ်များ ရှိလေသည်။ အကြီးအကဲချုပ်များ အပြင် အချို့ အသက်အရွယ်နှင့် အလားအလာကောင်းသောတပည့်များလည်း အကြီးအကဲ အဆင့်အတန်းကို ရယူနိုင်လေသည်။ ထို့အတွက် အစိမ်းရောင်နေမင်း ခန်းမ၌ အကြီးအကဲချုပ် (၅) ယောက် အပြင် တခြား အကြီးအကဲ (၄) ယောက်ပါ ရှိနေခဲ့သည်။

ဤအချိန်တွင် ခန်းမအလယ်ရှိ ထိုင်ခုံပေါ်၌ သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ထိုင်နေခဲ့သည်။ သူ့ ဘယ်ဖက်တွင် ဇရာအရေးအကြောင်းများပေါ်နေသော လူအိုကြီး (၄)ယောက်နှင့် ညာဖက်မှာတော့ အနည်းငယ် ငယ်ရွယ်သောအမျိုးသား အမျိုးသမီး (၅) ယောက် ရှိနေ၏။ လှပပြီး ဆွဲဆောင်မှု ရှိသောလျူလန် က ထိုလူအုပ်ထဲ၌ တစ်ယောက်အပါအဝင်ဖြစ်သည်။

၎င်းတို့ရှေ့မှာတော့ ကောင်းကင်စစ်သည်နယ်မြေပြိုင်ပွဲ၌ အစိမ်းရောင်ဂိုဏ်းခွဲကို ကိုယ်စားပြုမည့် ထူးချွန်သော တပည့်များ ရှိနေခဲ့သည်။

ခန်းမထဲသို့ ရောက်သည်နှင့် ကန်လင်က အထဲမှ လူတိုင်း ကို နှုတ်ဆက်ပြီး လုံချန်ကို တပည့်အုပ်စုထဲ ပို့ဆောင်ပေးလိုက်သည်။ ထို့နောက် လေးစားစွာ ပြန်ဆုတ်လာပြီး အစောင့်အရှောက်လျူ၏ နောက်၌ မတ်တပ်သွားရပ်နေလိုက်သည်။

လုံချန်က အချိန်နည်းနည်း နောက်ကျပြီးမှ ရောက်လာခဲ့သည့်အပြင် ဖုန်းဝူထျန်း နှင့် ပတ်သက်၍လည်း ကောလဟာလများ ရှိနေလေရာ လက်ရှိမှာ နာမည်ဆိုးရှိနေသည်။ သူ ဝင်လာချိန်က စပြီး လူတိုင်း လုံချန်ကို စိုက်ကြည့်နေကြသည်။

“ဘာ ငေးကြည့်နေတာလဲ။ ငါလုံချန်က လှပတဲ့ မိန်းကလေး မဟုတ်ဘူး။ လူတိုင်း ငါ့ အဝတ်အောက်က နေရာ ကို အရမ်း စိုက်ကြည့်နေရသလား” စိတ်ထဲမှ ကျိန်ဆဲနေသော်လည်း အပြင်ပန်းမှာတော့ ထုတ်မပြောရဲပေ။ လုံချန်က ချက်ချင်း ခေါင်းမော့ပြီး ရှေ့မှာ ထိုင်နေသည့် အာဏာပိုင်များကို ဦးညွတ်လိုက်၏ “တပည့် လုံချန် က မဟာအကြီးအကဲ၊ အကြီးအကဲ လေးယောက် နဲ့ အကြီးအကဲချုပ် ငါးယောက် ကို နှုတ်ဆက်ပါတယ်”

အကြီးအကဲ (၄) ယောက်စလုံးက အသက်အရွယ်ကြီးရင့်နေပြီဖြစ်ရာ မျက်နှာ ကြွက်သားများ မလှုပ်နိုင်တော့သလိုပင်၊ လုံချန်ကို ကြည့်နေကြရုံသာ။ အကြီးအကဲချုပ် (၄) ယောက်ကတော့ လုံချန်ကို ပြုံးပြသည်၊ လျူလန်၏အပြုအမူ က ပထမဆုံးတွေ့ဆုံခဲ့သည့်အချိန်ကနှင့်အတူတူပင်။

“ဒီ မိုက်မဲတဲ့ မိန်းမ ... ဘာတွေ တွေးနေပြန်ပြီလဲ မသိဘူး…”

လုံချန်က ဆက်မတွေးတော့ဘဲ ခန်းမအရှင် လဲ့ယွမ် ကို အာရုံ စိုက်လိုက်သည်။

အရှင်လဲ့ယွမ်က လုံချန်ကို ခဏတာ စိုက်ကြည့်ပြီး သူ၏သမီးငယ်လေး ပြောခဲ့သည့်စကား ကို မှတ်မိသွားသည်။ ထို့နောက် သမီးအကြီး လျူလန်(လဲ့လန်)ကို တစ်ချက် ကြည့်လိုက်၏။ အရှင်လဲ့ယွမ်၏အကြည့်က အဓိပ္ပါယ် အများကြီး ပြောနေသလိုပင်။ လဲ့လန်က လုံချန်ကို ကြယ်သုံးပွင့် အဆင့် သတ်မှတ်ခဲ့သော်လည်း အရှင်လဲ့ယွမ် အတွက်တော့ သူ့ အခြေအနေက သာမန်သာ ဖြစ်နေလေရာ လက်ခံနိုင်စရာ မရှိပေ။

“သူက အခုမှ လင်းဝူ မိသားစု ထဲကို ဝင်လာတဲ့ တပည့်အသစ်လေးပဲမဟုတ်လား။ သွေးမျိုးစက် မရှိဘူး၊ စိန်ခေါ်ပွဲကို သဘောတူပြီး မလာခဲ့ဘူး။ ဒီ လုံချန် ဆိုတဲ့ လူငယ်က ကနဦးမြေကမ္ဘာယွမ်အဆင့် ကို ရောက်ခါစ တပည့်အသစ်တစ်ယောက်ရဲ့ အင်အားပဲ ရှိတယ်။ လဲ့လန် ... ဘာလို့ ကြယ်သုံးပွင့် အဆင့် သတ်မှတ်ခဲ့တာလဲ”

ခန်းမအရှင်လဲ့ယွမ်၏ စကားအရ လုံချန်နှင့် ပတ်သက်ပြီး သိပ်ကျေနပ်ပုံမရပေ။ နာမည်စာရင်း က ပို့ပြီးနေသောကြောင့်သာ။ ပြိုင်ပွဲချိန် ရောက်နေသဖြင့် ပြောင်းလဲပစ်ရန် မဖြစ်နိုင်တော့သောကြောင့် လဲ့ယွမ်က အေးစက်စက်ပြောလိုက်၏ “မင်း က လုံချန် ... ဟုတ်လား။ မိသားစု ထဲကို ဝင်ခါစ လူသစ်တပည့်ဖြစ်ပေမယ့် ကောင်းကင်စစ်သည်နယ်မြေ ပြိုင်ပွဲမှာ ဝင်ပြိုင်ခွင့် ရခဲ့တဲ့ အခွင့်အရေး ကြီး ရခဲ့တယ်။ ဒီ အခွင့်အရေး ကို ဆုပ်ကိုင်ပြီး အစိမ်းရောင်နေမင်းခန်းမ ကို အရှက်မခွဲပါနဲ့လို့ မျှော်လင့်ပါတယ်”

“ဒါက အစိမ်းရောင်ဂိုဏ်းခွဲရဲ့ ဌာနခွဲတွေ ကြားက တိုက်ပွဲ ပဲ။ ဒီ မှာ ရှိနေတဲ့ လူတိုင်း ရဲ့ ဂုဏ်သိက္ခာနဲ့ ဆက်စပ်နေတယ်၊ ဒါကြောင့် မင်းတို့ ဆယ်ယောက်စလုံး အကောင်းဆုံး လုပ်ရမယ်။ နားလည်ကြလား”

Translator#အနှောင်အဖွဲ့ကင်းမဲ့သူ

.(သွေးနဂါးလုံချန်)

ဘာသာပြန်သူ -

အနှောင်အဖွဲ့ကင်းမဲ့သူ

(စာစဉ် - ၉)

အပိုင်း ၁၀၂

လဲ့ယွမ်၏ မျက်လုံးအကြည့်တွေက လုံချန်ပေါ် ခဏ ကြာ ရပ်တန့်နေပြီးနောက် အခြား လူငယ်တပည့်များကို စစ်ဆေးကြည့်နေသည်။

လုံချန်က သူ၏မျက်နှာကို အပြည့်စုံဆုံးဖြစ်အောင်လုပ်ထားသည်။ သို့သော် သူ့နှလုံးသားထဲမှာတော့လက်ရှိအခြေအနေကို လုံးဝမကြိုက်ခဲ့ပေ။ ခန်းမအရှင်လဲ့ယွမ်၏ တင်းတင်းကြပ်ကြပ် သတိပေးစကားကြောင့် လူငယ်တပည့် ၁၀ ယောက်စလုံး အသံတစ်ချက်မှ မထွက်ရဲကြပါ။

လုံချန်တစ်ယောက်တည်းသာ နားမထောင်ချင်ဆုံးဖြစ်နေ၏။ အစက အစိမ်းရောင်နေမင်းခန်းမ၏ ဒဏ္ဍာရီလာ ခန်းမအရှင်နှင့် တွေ့ဆုံရမည့်အပေါ် မျှော်လင့်ခဲ့သော်လည်း ၎င်းက သူ့အား လူအရေအတွက် ပြည့်အောင် တမင်ထည့်သွင်းထားသလို သဘောထားခဲ့သည်။ အမှန်တိုင်းပြောရလျှင် လုံချန်ကလည်း ခန်းမအရှင်လဲ့ယွမ် အပေါ် အထင်ကြီးစိတ် မရှိတော့ပေ။

“သေခြင်း၊ရှင်ခြင်းစင်မြင့်မှာ ဖုန်းဝူထျန်းရဲ့ စိန်ခေါ်ပွဲကို လက်မခံခဲ့လို့ ငါ့နာမည်က အစိမ်းရောင်နေမင်းခန်းမ မှာ အတော်လေး ဆိုးရွားသွားပုံပဲ” အကြီးအကဲများနှင့် နဲ့ အကြီးအကဲချုပ်များ၏ မထီမဲ့မြင်အကြည့်များ ကို ရင်ဆိုင်ရင်း လုံချန်က ဖြစ်နိုင်ချေကို ခန့်မှန်းနိုင်ပါသည်။

“ဖုန်းဝူထျန်း၊ လဲ့လင်… မင်းတို့ရဲ့ အပြုအမူ တွေ က ငါ့ကို လျစ်လျူ ရှုခံရစေတယ်…”

လုံချန်က တိတ်တဆိတ် လှည့်ကြည့်လိုက်ရာ လဲ့လင် က သူမ၏အဖေနှင့် စကားပြောနေကြောင်း တွေ့ရသည်။

လဲ့လင် လည်း တစ်ယောက်ယောက်က သူမကို ကြည့်နေသကဲ့သို့ ခံစားမိပုံဖြင့် လှည့်ကြည့်ပြီး လုံချန်ကို လှောင်ပြောင်လိုက်သည်။

“ငါ အခွင့်အရေး ရရင် နင့်ကို ဘယ်လို ပြစ်ဒဏ် ပေးမလဲ ကြည့်နေလိုက်...”

လုံချန်ကလည်း သူ့ပြိုင်ဖက်များကို ကိုင်တွယ်ရန် နည်းလမ်းများ စဉ်းစားနေခိုက်မှာ လဲ့ယွမ်က လူအုပ်ကို ခေါင်းညိတ်ပြီး ပြောခဲ့သည် “အချိန် မရှိတော့ဘူး။ အစိမ်းရောင်ဂိုဏ်းခွဲရဲ့ ကောင်းကင်စစ်သည်ခန်းမ ဆီကို သွားကြရမယ်။ ဒီ ပြိုင်ပွဲ မှာ ဖုန်းဝူထျန်း က ခေါင်းဆောင် ဖြစ်လိမ့်မယ်။ မင်းတို့ အားလုံး သူ့ အမိန့်တွေ အတိုင်း နားထောင်ပြီး လုပ်ဆောင်ရမယ်။ ဘာပဲလုပ်လုပ် အစိမ်းရောင်နေမင်းခန်းမ ရဲ့ ဂုဏ်သတင်း ကို အမြဲ ဦးစားပေးကြ...”

ထို့နောက် သူက လဲ့လန် ကို လှည့်ကြည့်ပြီး “လန်အာ! အခု သူတို့ ကို ကောင်းကင်စစ်သည်ခန်းမ ဆီ ခေါ်သွားလိုက်တော့”

လဲ့လန်က ခေါင်းညိတ်ပြီး ထလိုက်သည်။ သူမ၏ကျက်သရေ ရှိလှသောခန္ဓာကိုယ်ကို ပြသနေသလိုပင်။ လဲ့ယွမ် ကို ခေါင်းညိတ်ပြပြီး လူငယ်တပည့် ၁၀ ယောက်ကို ဦးဆောင်၍ အစိမ်းရောင်နေမင်း ခန်းမ ကနေ ထွက်ခွာသွားတော့သည်။

လဲ့ယွမ်က သူတို့ ထွက်ခွာသွားသည်ကို ကြည့်ရင်း အကြီးအကဲ ၄ ယောက် ကို လှည့်ကြည့်လေသည် “အကြီးအကဲတို့... ဒီ တစ်ခါ ငါတို့ အခွင့်အရေးကို ဘယ်လို မြင်ကြလဲ”

အကြီးအကဲ တစ်ယောက်က ချက်ချင်း ပြောလိုက်သည် “နိဗ္ဗာနသလင်းဓား အတွက် ပြိုင်ပွဲ က အကောင်းတကာ့အကောင်းဆုံး တွေ ကြားက တိုက်ပွဲ ပဲ။ တခြားသူတွေ က အရေအတွက် ဖြည့်ဖို့ ပဲ။ ယေဘုယျ အားဖြင့် ငါတို့ အစိမ်းရောင်နေမင်း ခန်းမ က အရမ်း အားမကောင်းပေမယ့် ဖုန်းဝူထျန်း လို သွေးမျိုးစက်အမွေခံပိုင်ဆိုင်ထားတဲ့ မြေကမ္ဘာယွမ်အထွတ်အထိပ်အဆင့် ပါရမီရှင် ရှိတယ်။ ငါ့ အမြင် အရတော့ ဒီ ကိစ္စက ပြဿနာ သိပ်မရှိနိုင်ဘူး”

နောက် အကြီးအကဲတစ်ယောက် က ခေါင်းခါလိုက်သည် “အကောင်းဆုံးတွေ အကြောင်း ပြောရင် တခြား ခန်းမ တွေ ကလည်း မဆိုးဘူးလေ။ အထူးသဖြင့် အစိမ်းရောင်ဧကရာဇ် ခန်းမပဲ။ ဒီ တစ်ခါ သူတို့ ပို့လိုက်တဲ့ တပည့်ခေါင်းဆောင် က မဟာအကြီးအကဲ ချုဖုန်းချင်း ရဲ့ သမီး အသက် ၁၆ နှစ်သာရှိသေးတဲ့ ချုယွန်ယောင် ဖြစ်နေတယ်။ ဝူထျန်း က ဒီ ပါရမီရှင်မိန်းကလေး နဲ့ ရင်ဆိုင်တွေ့ရင် သေချာပေါက် ဖိအားပေးခံရလိမ့်မယ်”

လဲ့ယွမ်က မျက်မှောင်ကြုတ်ပြီး ခေါင်းညိတ်လိုက်သည် “ချုယွန်ယောက် ရဲ့ အင်အား က ဖုန်းဝူထျန်း ကို ဖိအား ပေးမှာ သေချာ ပဲ။ ဒါပေမဲ့ သူမက အရမ်း ငယ်ရွယ်နေသေးတဲ့အပြင် ကျား၊ မ ကွဲပြားတာက အားနည်းချက်သေးသေးလေးဖြစ်နိုင်တယ်။ ပြောရမယ်ဆိုရင် ဒီပွဲမှာ ငါတို့ အနိုင်ရဖို့ အခွင့်အရေး နည်းနည်းတော့ရှိနေသေးတယ်”

“ဒီ တစ်ခါ အစိမ်းရောင်နေမင်းခန်းမ က ချန်ပီယံ ရခဲ့ရင် ငါတို့ရဲ့ဂုဏ်သတင်း မြင့်တက်လာနိုင်တယ်။ အဲ့အချိန်ကျရင် ဂိုဏ်းခွဲရဲ့ မဟာအကြီးအကဲ က ငါတို့ ကို သေချာပေါက် ဂရုစိုက်လာလိမ့်မယ်။ ငါတို့ တက်လှမ်းဖို့ အခွင့်အရေး ပဲ…” ဤအတွေးကြောင့် လူတိုင်း စိတ်လှုပ်ရှားလာပြီး ခဏကြာအောင် စကားဆက်ပြောကြရင်း တစ်ယောက်စီ ထွက်သွားကြတော့သည်။

“မဟာအကြီးအကဲ! လုံချန် နဲ့ လဲ့လင် ကြားမှာ ပဋိပက္ခ ရှိနေပုံ ရတယ်။ အဲဒီလူငယ်က ကောင်းကင်စစ်သည်နယ်မြေ ပြိုင်ပွဲ မှာ လင်အာ ကို ပြဿနာ ဖြစ်စေမယ်လို့ ထင်လား”

လဲ့လင် က အစိမ်းရောင်နေမင်းခန်းမ၏ မင်းသမီး ငယ်လေးဖြစ်ခဲ့သည်။ လူတိုင်း သူမကို ချစ်ခင်နှစ်သက်ကြသည်။

လဲ့ယွမ်က အေးစက်စွာ ရယ်လိုက်၏။ သူက ပြောပါသည် “မိသားစု ထဲကို အခုမှ အသစ်ဝင်လာခဲ့တဲ့ အပြင်လူ တစ်ယောက်ပဲလေ။ သူ့မှာ တကယ် မကောင်းတဲ့ ရည်ရွယ်ချက် ရှိနေရင် ဝူထျန်း က ငါ့ကိုယ်စား သူ့ကို ဖယ်ရှားပစ်လိမ့်မယ်။ ဒါ့အပြင် လင်အာ ကိုယ်တိုင်က မြေကမ္ဘာယွမ်အဆင့် အစောပိုင်း ကျွမ်းကျင်သူဖြစ်နေတယ်၊ အဲ့ဒီလူငယ်ကို သူမကိုယ်တိုင် ကိုင်တွယ်နိုင်ပါတယ်”

…………

အစိမ်းရောင်နေမင်းခန်းမ ကနေ ထွက်လာပြီးနောက် လုံချန်က သူ့အပြင် အခြားလူငယ် ယောက်ထဲမှ လူငယ် ယောက်ဟာ ဖုန်းဝူထျန်းနှင့် အဆင့်တူ နီးနီးဖြစ်ကြောင်း ခံစားမိသည်။ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် လူငယ် ကျင့်ကြံသူ သုံးယောက် ပါ ရှိခဲ့သည်။

လဲ့လန်က စကားတစ်ခွန်းမှ မပြောဘဲ လူတိုင်း ကို လမ်းညွှန်ပြပေးနေသည်။ အခြား လူငယ် ကိုးယောက်က လုံချန်ကို တစ်ချက် ကြည့်ပြီး အနည်း ငယ်ပြုံးနေကြသည်။ အမှန်တော့ သူတို့၏ မျက်လုံး ထဲမှာ လှောင်ပြောင်မှု၊ မထီမဲ့မြင်ပြုသော အရိပ်အယောင်တို့ ရှိနေလေသည်။

“တိုက်ပွဲ ကို ကတိ ပေးခဲ့ပေမယ့် ကတိတည်နိုင်တဲ့ သတ္တိ မရှိဘူး။ ဒီ လုံချန် တကယ် ဆိုးတယ်”

သူတို့ ထဲမှ တစ်ယောက်က ခေါင်းခါပြီး ဘေးက လူ ငယ်ကို တိုးတိုးလေး ကပ်ပြောလိုက်သည်...

“ချောင်ကျတဲ့ နေရာ က လာတဲ့ သူတွေ ရဲ့ သဘာဝ က ရှက်တာ လူကြောက်တာတွေပဲလေ။ ကောင်းကင်စစ်သည်နယ်မြေ ပြိုင်ပွဲ မှာ သူ နဲ့ အတူ ပြိုင်ရတာ ငါတို့ ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေနိုင်တယ်”

“ငါ ထင်တာ သူ အမြန်ဆုံး သေသွားရင် ကောင်းမယ်။ တိုက်ပွဲ မတိုင်ခင် သူ ထွက်ပြေးသွားရင် ဘယ်လို လုပ်မလဲ။ ငါတို့ အစိမ်းရောင်နေမင်း ခန်းမက တခြားခန်းမတွေရှေ့မှာ ရှက် ခွဲခံရလိမ့်မယ်။ မဟာအကြီးအကဲ က ငါတို့ အားလုံး ကို အပြစ်ပေးရင် ငါတို့တော့ သွားပြီပဲ...”

“ပြောမနေနဲ့။ ဖုန်းဝူထျန်း က သူ့ကို ဒီ နေရာ ကနေအသက်ရှင်လျှက်နဲ့ ထွက်ခွင့် ပေးမယ်ထင်လို့လား။ကောလဟလ တွေ ကြားတာတော့ ဖုန်းဝူထျန်း ရဲ့ နောက်လိုက်ဖြစ်တဲ့ ဟွမ်ဖေးယန် က လုံချန် ရဲ့ ညစ်ပတ်တဲ့ လှည့်ကွက်တွေ အောက်မှာ အသတ်ခံခဲ့ရတာတဲ့”

“အင်အား မရှိဘဲ နောက်ကွယ် က တိုက်ခိုက်ရုံပဲ သိရင် သူက ယောက်ျားတစ်ယောက် မဟုတ်ဘူး”

လူတိုင်းက လမ်းလျှောက်ရင်း တစ်ယောက်နှင့် တစ်ယောက် အသံတိုးတိုး ပြောနေကြသည်။

လူတိုင်း၏ ဆွေးနွေးမှု ကို နားထောင်ရင်း လဲ့လင်က တိတ်တဆိတ် ပျော်ရွှင်နေလေသည်။ လုံချန်၏ရွံရှာ စက်ဆုပ်ဖွယ် မျက်နှာ ကို တွေးမိလိုက်ချိန်မှာတော့ ပို၍ပင် ပျော်ရွှင်မိသည်။

လုံချန်က လူတိုင်း၏ အတင်းအဖျင်းပြောစကားကို ကြားနေရသည်။ သို့သော် သူက မကြားသည့်အလား လစ်လျူရှုကာ ခေါင်းငုံ့ရင်း လမ်းလျှောက်နေလေသည်။

“သူက စိတ်မပျက်ဘူး ဟန်ဆောင်နေတာ လား၊ ဒါမှမဟုတ် ပြန်တိုက်ခိုက်ဖို့ သတ္တိ မရှိတာလား”

လဲ့လင်က တွေးရင်း ဘေးမှာ လမ်းလျှောက်ရင်း အဝေးကို လှမ်းကြည့်နေသော ဖုန်းဝူထျန်း ကိုသာ အာရုံ ပြောင်းလိုက်သည်။

“ဝူထျန်း အစ်ကိုက ငါ့အတွက် တကယ် အချိန်တိုင်း ပြီးပြည့်စုံဆုံး ယောက်ျား ပဲ။ လုံချန် တစ်သောင်း ရှိရင်တောင် ဝူထျန်း အစ်ကို တစ်ယောက် နဲ့ မယှဉ်နိုင်ဘူး…” ဤလူငယ်မျိုးနှင့် လက်ထပ်ရမည်ဟူသော စိတ်ကူးဖြင့် လဲ့လင်၏မျက်နှာထက်မှာ ပျော်ရွှင်မှု ပြည့်နှက်နေတော့သည်။

ဤအချိန်တွင် ဖုန်းဝူထျန်း က သူမကို နူးညံ့သောအကြည့်ဖြင့် ကြည့်နေသည်။ သူမ၏နှလုံးသား က သမင်ပျိုမလေးတစ်ကောင်လို ခုန်ပေါက်နေပါသည်။

“လင်အာ၊ လုံချန်က တိုက်ပွဲ ကို စိန်ခေါ်တဲ့ ကတိ ပေးခဲ့ပေမယ့် လာရဲတဲ့ သတ္တိ မရှိဘူးဆိုတဲ့ သတင်း ကို မင်း ဖြန့်ခဲ့တာလား”

ဖုန်းဝူထျန်း၏လေသံထဲမှာ မကျေနပ်မှု အရိပ်အယောင် ရှိနေသဖြင့် လဲ့လင်က ထိတ်လန့်သွားသည်... “သူက အရမ်း စိတ်ရှုပ်စရာ ကောင်းနေလို့လေ... ဘယ်သူ့ အမှား လဲ။ သူ့လိုကောင်က နင့်ကို အရှက်ခွဲရဲတာလား။ အဲ့ဒီ ဆိုးရွားတဲ့ မျက်နှာက ငါ့ကို ဒေါသ ထွက်စေတယ်”

ဖုန်းဝူထျန်း က ခေါင်းခါပြီး လဲ့လင်၏ခေါင်း ကို ပုတ်လိုက်သည် “ကောင်းကောင်း နေ။ နောက် မလုပ်ပါနဲ့။ အားနည်းတဲ့ သူတွေက အမြဲတမ်း သူတို့ရဲ့ အပြုအမူတွေ အတွက် ပေးဆပ်ရလိမ့်မယ်၊ သူ နဲ့ ကိုင်တွယ်ဖို့ မင်းရဲ့ စွမ်းအင်တွေကို မဖြုန်းနဲ့။ သူက သေချင်နေတာ ပဲ။ ဒီလိုလူ နဲ့ ဘာလို့ စိတ်ရှုပ်ခံရမှာလဲ”

“အိုး…” လဲ့လင်က နာခံစွာ ခေါင်းညိတ်ပြီး ပျော်ရွှင်စွာ ပြန်ပြောခဲ့သည် “ကျေးဇူးတင်ပါတယ်... ဝူထျန်း အစ်ကို! ငါ မှတ်ထားပါ့မယ်”

လဲ့လန်က ဖုန်းဝူထျန်း၏စကားကို ကြားခဲ့သည်။ သူမက လှည့်ကြည့်ပြီး အနည်းငယ် ပြုံးပြလိုက်သည်။ ထို့နောက် ရှေ့ကို ဦးဆောင်လိုက်သည်။

“ဖုန်းဝူထျန်းက ဒီ နှစ်နှစ်အတွင်းမှာ အရမ်း ရင့်ကျက်လာတယ်။ နောက်ကျ လင်အာ သူ နဲ့ လိုက်ရင် အနိုင်ကျင့်ခံရမှာ မဟုတ်ဘူး။ ငါ ကော... အဖေက ငါ့ကို သူ နဲ့ လက်ထပ်ခိုင်းနေတာ။ ငါ ဘယ်လို လုပ်ရမလဲ”

လဲ့လန် က စိတ်ရှုပ်နေရင်း နောက်ကို လှည့်ကြည့်ရင်း တစ်ယောက်တည်း လမ်းလျှောက်နေသော လုံချန် ကို သတိထားမိလိုက်သည်။ တစ်ယောက်တည်း ဖြစ်နေသော်လည်း လုံချန်၏မျက်နှာက တည်ငြိမ်နေလေသည်။

“သူက အရမ်း စိတ်ဓာတ် ခိုင်မာတယ်၊ ဒါပေမဲ့ နောက်ခံ နဲ့ပတ်သက်ရင် သေချာပေါက်ရှုံးမှာပဲ”

လဲ့လန်က လုံချန်ကို ခဏတာအကဲခတ်ပြီး ခရီး ကိုသာ အာရုံ စိုက်လိုက်သည်။

နာရီဝက်ခန့် ကြာပြီးနောက်မှာတော့ လူတိုင်း ကောင်းကင်စစ်သည်နယ်မြေ၏ ဝင်ပေါက် ဖြစ်သည့် ကောင်းကင်စစ်သည်ခန်းမ ဆီသို့ ရောက်လာခဲ့ကြသည်။

အစိမ်းရောင်ဂိုဏ်းခွဲ၌ ရတနာ လဲလှယ်ရာ အဆောက်အဦးများနှင့် တာဝန်ခန်းမတို့အပြင် ဤနေရာက လူစည်ကားဆုံး နေရာပင်။

လင်းဝူမိသားစုမှ အဖွဲ့ဝင်များ၏ နေ့စဉ် ဘဝ ကျင့်ကြံရေး၊ စမ်းသပ်ရေး နှင့် မစ်ရှင် ထုတ်ပြန်ချက်စာရင်းများ ပါဝင်လေသည်။

လုံချန်က ကောင်းကင်စစ်သည်နယ်မြေအတွင်း၌ နယ်မြေကြီး (၃)ခု ခွဲခြားထားကြောင်း သိရှိခဲ့သည်။ ၎င်းတို့မှာ မြေကမ္ဘာနယ်မြေ၊ မြေကမ္ဘာယွမ်နယ်မြေ နှင့် ကောင်းကင်ယွမ်နယ်မြေ တို့ပင်။

မြေကမ္ဘာနယ်မြေ ရှိ အားအကောင်းဆုံး နတ်ဆိုးသားရဲ က အဆင့်မြင့် အဆင့် ၄ သာဖြစ်၏။ မြေကမ္ဘာယွမ်နယ်မြေမှာတော့ အဆင့် ၆ သို့မဟုတ် အဆင့် ၇ နတ်ဆိုးသားရဲများ ရှိခဲ့သည်။ ကောင်းကင်ယွမ်နယ်မြေ၌ အဆင့် ၇ ထက် ပိုပြီးအစွမ်းထက်သော နတ်ဆိုးသားရဲများ ကျက်စားကြသည်။

အစိမ်းရောင်ဂိုဏ်းခွဲ၏ မြေကမ္ဘာယွမ်အဆင့် တပည့်များ လေ့ကျင့်ရာ နေရာ က မြေကမ္ဘာယွမ်နယ်မြေ ပင်ဖြစ်။။ တစ်နည်းအားဖြင့်တော့ ၎င်းက ကောင်းကင်စစ်သည်နယ်မြေ တစ်ခုလုံး၌ လူအစည်ကားဆုံးနေရာဟု ဆိုလျှင်လည်း မမှားပေ။

သို့သော်လည်း ဤနေ့က အစိမ်းရောင်ဂိုဏ်းခွဲ၏ မြေကမ္ဘာယွမ်အဆင့် တပည့်များကြားက ပြိုင်ပွဲ ဖြစ်ခဲ့သည်။ ထို့ကြောင့် ကျန် ဂိုဏ်းခွဲ ၈ ခုမှ အာဏာပိုင်များက ၎င်းတို့၏တပည့်များကို ကောင်းကင်စစ်သည်နယ်မြေ ကနေ ထွက်ခွာရန် ကြိုတင်အမိန့်ပေးထားကြသည်။ အစိမ်းရောင်ဂိုဏ်းခွဲ၏ ပြိုင်ပွဲကို အနှောင့်အယှက်မဖြစ်စေလိုပေ။

“ဒီ ပြိုင်ပွဲ ရဲ့ အချိန်ကာလ က (၈)ရက် ပဲ။ ၈ ရက် အတွင်းမှာ နှလုံးဖောက်နတ်ဆိုးသားရဲ ကို ရှာရမယ်၊ပြီးတော့ သူ့ ဝမ်းဗိုက်ထဲမှာ ရှိနေတဲ့ နိဗ္ဗာနသလင်းဓား ကို ရအောင်ယူကြ။ ဘယ်သူမှ နိဗ္ဗာနသလင်းဓား ကို မယူနိုင်ရင် ပြိုင်ပွဲ ပြီးဆုံးပြီလို့သတ်မှတ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါတို့လိုပဲ တခြား ဂိုဏ်း ခွဲတွေ က ကောင်းကင်စစ်သည်နယ်မြေ ထဲကို ဝင်ပြိုင်ရဦးမှာမို့လို့ပဲ” ကောင်းကင်စစ်သည်ခန်းမ ထဲကို ဝင်လာကြပြီးနောက် လဲ့လန်က အဓိကအချက် ကို ရှင်းပြခဲ့၏။

“ ၈ ရက်ပဲလား...”

လုံချန်က တွက်ချက်နေသည်... “(ဒဿမ)ဆယ်လုံးမြောက် မိုးကြိုးမီးလျှံကျောက်တုံးနဲ့ ပေါင်းစပ်ဖို့ဆိုရင် အချိန် ၈ ရက်... ၇ ရက် လောက် လိုလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် နိဗ္ဗာနသလင်းဓား က ငါ နဲ့ မသင့်တော်ဘူး။ အထဲကိုရောက်တာနဲ့ တိတ်ဆိတ်တဲ့ နေရာတစ်ခု ရှာပြီးတော့ ဆယ်လုံးမြောက် မိုးကြိုးမီးလျှံကျောက်တုံးနဲ့ ပေါင်းစပ်ဖို့ကြိုးစားရမယ်၊ အဲ့ဒါပြီးရင်တော့…”

လုံချန်က တိုးတိုး ရေရွတ်လိုက်သည်။

နတ်ဓားထဲရှိ လင်းရှီက လုံချန်၏စကားကို ကြားသောအခါ စိုးရိမ်စွာ သတိပေးသည် “လုံချန်! အရမ်းကြီး အလျင်မလိုပါနဲ့။ အခုလောလောဆယ်မှာ ဆယ်လုံးမြောက် မိုးကြိုးမီးလျှံကျောက်တုံး အကြောင်း မပြောနဲ့ဦး။ ကောင်းကင်စစ်သည်နယ်မြေ ထဲကို ဝင်ပြီးရင် နင် တစ်ယောက်တည်း ဆက်သွားနိုင်မလား မသေချာသေးဘူး။ ငါ သူတို့ရဲ့ မျက်လုံးတွေ ကို သတိထားမိတယ်၊ သူတို့မှာ ရည်ရွယ်ချက်ကောင်း မရှိနိုင်ဘူး…” လင်းရှီ၏ လေ့လာစမ်းစစ်ချက်က သူ့ထက်ပင် ပိုပြီး အသေးစိတ်ကျခဲ့သည်။

လုံချန်က ခေါင်းမော့ကြည့်ရင်း အခြား လူငယ် ၉ ယောက် ကို ကြည့်လိုက်သည်။ လူတိုင်း၏မျက်နှာပေါ်၌ သွေးဆာမှုများ သိသာထင်ရှားစွာပေါ်နေလေသည်။

ဖုန်းဝူထျန်း တစ်ယောက်သာ ချွင်းချက်ဖြစ်ခဲ့သည်။

၎င်းက လက်ရှိ တပည့် ၉ ယောက်ထဲ၌ လုံချန် နှင့် ရန်ငြိုးရန်စရှိနေသူပင်။ သို့ရာတွင် သူ့ပုံစံက လုံချန်အား စိတ်ထဲပင် ထည့်ထားပုံမပေါ်ပါ။ မည်သို့ပင်ဖြစ်စေကာမူ လုံချန်အနေဖြင့် လင်းရှီ၏ သတိပေးချက်နှင့်အတူ အစစအရာရာ သတိထားရပါလိမ့်မည်။

ဤအချိန်တွင် လူတိုင်း လဲ့လန် နောက်ကနေ လိုက်ပါလာရင်း ကောင်းကင်စစ်သည်ခန်းမ ထဲသို့ ဝင်ခဲ့ကြသည်။ ခန်းမက ကြီးမားကျယ်ပြန့်လှသည်၊ ယခုအခါ ခန်းမထဲ၌သေတဲ့ လူအုပ်စု အနည်းငယ် ရှိနေ၏။ တစ်ဖွဲ့ချင်းစီက လူ ၁၀ ယောက်လောက်ရှိခဲ့သည်။

“ဒီလူငယ်တွေ က အစိမ်းရောင်ဂိုဏ်းခွဲရဲ့ တခြား ဌာနခွဲတွေ လက်အောက်က မြေကမ္ဘာယွမ်အဆင့် တပည့်တွေ ဖြစ်မယ်။ စုစုပေါင်း ၁၀၀ လောက် ရှိလိမ့်မယ်…”

လူငယ်တပည့် အယောက် ၁၀၀ နီးပါးထံမှ ခြိမ်းခြောက်လိုသောအငွေ့အသက်များထွက်ပေါ်နေခဲ့သည်။ တစ်ယောက်ချင်းစီက လွယ်လွယ် ကိုင်တွယ်လို့မရနိုင်ပေ။ အားလုံးနီးပါးက လုံချန် ကဲ့သို့ အသက် ၁၆ နှစ်ဝန်းကျင်များသာ။ ထို့အပြင် အားလုံးလိုလို မြေကမ္ဘာယွမ်အဆင့် ပြီးပြည့်စုံခြင်းအဆင့်များချည်း ဖြစ်သည်။

ဤအခိုက်အတန့်တွင်တော့ အစိမ်းရောင်ဂိုဏ်းခွဲ၏ကောင်းကင်စစ်သည်နယ်မြေ ပြိုင်ပွဲ က တရားဝင် စတင်ခဲ့ပြီဖြစ်သည်။

All Chapters