အခန်း (၁၀၅-၁၀၆)
Vol. 9 Ch. 105-106
အပိုင်း ၁၀၅
ကောင်းကင်စစ်သည်နယ်မြေ အတွင်းပိုင်းသည် အကန့်အသတ်မဲ့သော မြေပြန့်ဒေသကြီး မဟုတ်ခဲ့ချေ။ မရေမတွက်နိုင်သော တောင်ကုန်း၊ တောင်တန်းများစွာ ရှိနေခဲ့၏။ အမှန်တကယ်တမ်းတော့ ဤနေရာသည် ပြင်ပလောက၏ ပထဝီအနေအထားနှင်အလွန်ဆင်တူနေပါသည်။
“ကောင်းကင်စစ်သည်နယ်မြေ က အပြင်လောက နဲ့ တစ်ပုံစံတည်း တူနေတာ ပဲ။ ဒါက ကမ္ဘာငယ်တစ်ခု ဆိုတာ ခွဲခြားဖို့ ခက်ခဲတယ်။ အံ့သြစရာ ကောင်းလိုက်တာ” ဤကမ္ဘာငယ် ကို မြင်တွေ့ရသည့်အချိန်တွင် လုံချန် သည် အံ့အားသင့်မိဘဲ မနေနိုင်တော့ပါ။ကမ္ဘာငယ်၏ ကြီးမားကျယ်ပြန့်လှသောအရွယ်အစားနှင့် လျှို့ဝှက်ဆန်းကြယ်မှုတို့ကား သူ မျှော်လင့်ထားသည်ထက်ကို ကျော်လွန်နေ၏။
“ဟုတ်တယ်။ ဒါပေမဲ့ ဒီကမ္ဘာငယ် ရဲ့ အစွန်အဖျား နေရာ တွေ ကို ရောက်တဲ့ အချိန်မှပဲ ဒီကမ္ဘာငယ်ရဲ့ နယ်နိမိတ်ကို မြင်တွေ့နိုင်မှာ။ အပြင်လောက မှာတောင် ဒီကမ္ဘာငယ်ရဲ့ နယ်နိမိတ် ဘယ်နေရာ မှာ ရှိနေလဲ ဆိုတာမျိုး ဘယ်သူမှ မသိနိုင်ကြဘူး” လုံချန်က တွေးတောနေသော်လည်း ကမ္ဘာငယ်၏ နယ်နိမိတ်ကို ရောက်ရှိဖို့ဆိုသည်မှာ သူ့ အတွက် အလှမ်းဝေးလှကြောင်း သိနေသည်။
ဤအချိန်တွင် လုံချန် သည် ချိုင့်ဝှမ်း တစ်ခု အတွင်းပိုင်းသို့ ဝင်ရောက်လာခဲ့၏။ ချိုင့်ဝှမ်းဆိုသော်လည်းပဲ ထူးဆန်းသော ကျောက်တုံးကြီးများဖြင့် ဖွဲ့စည်း ထားသည့် နေရာတစ်ခုပင်။ လုံချန် သည် ဂရုတစိုက် ရှေ့ ဆက်တိုးလိုက်ပြီး နောက်ဆုံးမှာတော့ ယာယီပုန်းအောင်းနေနိုင်သည့် နေရာတစ်ခု ကို ရှာတွေ့ လိုက်ပါတော့သည်။ ၎င်းက သဘာဝ အလျောက် ဖြစ်ပေါ် လာသည့် အက်ကွဲကြောင်း တစ်ခု ဖြစ်နေခဲ့သည်။ ကျောက်တုံး အနည်းငယ် ကို ရွှေ့ပြောင်း လိုက်ပြီးနောက် လုံချန်သည် အက်ကွဲကြောင်းအတွင်းပိုင်းသို့ ဝင်ရောက်လိုက်သည်။ ထို့နောက် ကျောက်တုံးတစ်တုံး ကောက်မ၍ အက်ကွဲကြောင်းကို ပြန်ပိတ်လိုက်၏။
“လခွမ်း... အခုတော့ ငါ့ဘဝက မြေတွင်းအောင်း သားရဲတိရစ္ဆာန် တစ်ကောင် ဖြစ်သွားပြီ။ ဒီလို အတွင်းထဲမှာ ပုန်းအောင်းနေရတာ သောက်ရှက်ကွဲတာပဲ” ရှာမတွေ့အောင် ပုန်းအောင်းနေရသည့်အတွက် လုံချန် သည် အနည်းငယ်တော့ စိတ်ပျက် နေမိသည်။ သို့သော်လည်း ယခုအချိန်မှာ လူတိုင်းက အန္တိမသလင်းနတ်ဓားကို နေရာအနှံ့ လိုက်လံရှာဖွေနေကြသည်။ သူ့အနေဖြင့် ဒဿမ မြောက်မိုးကြိုးမီးလျှံကျောက်တုံးနှင့် ပေါင်းစပ်လိုပါက တိတ်ဆိတ်သော ပတ်ဝန်းကျင် တစ်ခု လိုအပ်ပါသည်။ တစ်စုံတစ်ယောက်က သတိထားမိသွားလျှင် သို့မဟုတ် အကယ်၍ ဖုန်းဝူထျန်း ကသာ ရှာတွေ့သွားခဲ့လျှင် သူ သေချာပေါက် အသတ်ခံရပေလိမ့်မည်။
“လုံချန်! နင် ဒဿမမြောက် မိုးကြိုးမီးလျှံကျောက်တုံး နဲ့ ပေါင်းစပ်ဖို့ သေချာ ဆုံးဖြတ်ထားပြီလား” လုံချန် အနေဖြင့် ဒဿမမြောက် မိုးကြိုးမီးလျှံကျောက်တုံး၏ ဖိအားကို ခံနိုင်ရည်မရှိလောက် ဟူသောအတွေးက လင်းရှီကို တော်တော်လေး စိုးရိမ်ပူပန်နေစေခဲ့သည်။
သို့သော် သူမ သတိပေးနေချိန်မှာပဲ လုံချန် သည်နဂါးဝိညာဉ်အသွင်ပြောင်းကျင့်စဉ်ကို ထုတ်ဖော်ပြီး ခန္ဓာကိုယ်ကို အသွင်ပြောင်းထားခဲ့ပြီဖြစ်သည်။ သူ့ဆီကနေ ပြင်းထန်လှသော စွမ်းအားအငွေ့အသက်များ ထွက်ပေါ်နေ၏။ ထို့နောက် တင်ပြင်ခွေထိုင်ချလျှက် ဒဿမမြောက် မိုးကြိုးမီးလျှံကျောက်တုံး ကို သိုလှောင်အိတ်ထဲမှ ထုတ်ယူလိုက်ပါသည်။ ဆယ်လုံးမြောက် မိုးကြိုးမီးလျှံကျောက်တုံး ကို ကြည့်နေရင်း လုံချန်၏မျက်လုံးတွေထဲ၌ ပြတ်သားသောဆုံးဖြတ်ချက်တို့ ရှိနေလေသည်။
“ဒီ အတွက် မစိုးရိမ် ပါနဲ့။ ငါ့ ရဲ့ ကန့်သတ်ချက် တွေ ကို ငါ သိပါတယ်။ ဒီ အရာကို ငါကိုင်တွယ်နိုင်မှာပါ၊ မဟုတ်ရင် ဒီနေ့ ငါလုံချန် ဆိုတာ ရှိလာနိုင်ပါဦးမလား။ လောလောဆယ် အပြင်မှာ ငါ့ကို ရန်သူတွေ ဝိုင်းရံနေတာလေ။ သူတို့တွေ ငါ့ကို သတ်ချင်နေကြတယ်။ ငါသာ ဒဿမမြောက် မိုးကြိုးမီးလျှံကျောက်တုံးနဲ့ ပေါင်းစပ်တာ ကျရှုံးခဲ့ရင် အသတ်ခံရမှာ သေချာသလောက်ပဲ...”
လုံချန်၏စိတ်ကို ပြောင်းလဲနိုင်စွမ်းမရှိကြောင်း မြင်လိုက်သည့်အခါ လင်းရှီ သည် သက်ပြင်းကိုသာ ချ လိုက်ပါတော့သည်... “ဒါဆို... ဂရုစိုက် ပါ...”
တစ်ချိန်တည်းမှာပဲ လုံချန် သာ ဒဿမမြောက် မိုးကြိုးမီးလျှံကျောက်တုံး ၏ဖိအားဒဏ်ကို ချေဖျက်နိုင်စွမ်းမရှိပါက အသင့်ကူညီနိုင်အောင် နည်းလမ်းတချို့ ကြိုတင်စဉ်းစားနေသည်။
လုံချန် သည် သူ့လက်ဝါး ပေါ် မှ မိုးကြိုးမီးလျှံ ကျောက်တုံး ကို ကြည့်လိုက်ပြီး ခပ်ဖျော့ဖျော့ပြုံး လိုက်ပါသည်။ ထို့နောက် တုံ့ဆိုင်းမနေတော့ဘဲ စတင်ပေါင်းစပ်ပါတော့သည်။
ဒဿမ မိုးကြိုးမီးလျှံကျောက်တုံး ကို စုပ်ယူပြီးသည်နှင့်တစ်ပြိုင်နက် ကျောက်တုံးသည် ကြောက်မက်ဖွယ် မီးစွမ်းအင်နှင့် လျှပ်စီးစွမ်းအင် အဖြစ် ပြောင်း လဲသွားပါတော့သည်။ ထို့နောက် မူလဒန်တျန်ထဲ၌ ကနဦးရှိနှင့်သော မိုးကြိုးမီးလျှံချီစွမ်းအင်ထဲသို့ ပေါင်းစပ်သွားလေသည်။ ဒဿမ မိုးကြိုးမီးလျှံကျောက်တုံး၏ အဆုံးအစမဲ့ ပြင်းထန်သောစွမ်းအင်များ စီးဝင်လာချိန်မှာ မူလဒန်တျန်သည် ပေါက်ကွဲထွက်တော့မည့်အလား ဖောင်းကြွလာပါတော့သည်။
“ဆယ်လုံးမြောက် မိုးကြိုးမီးလျှံကျောက်တုံး က တကယ် ကြောက်စရာကောင်းတာပဲ” ကနဦးအဆင့်သာ ရှိသေးသော်လည်း လုံချန် သည် ကြောက်မက်ဖွယ်စွမ်းအားကြောင့် အံ့အားသင့်သွားသလို တစ်ချိန်တည်းမှာ တုန်လှုပ်သွားမိသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးကနေလည်း ပြင်းထန်သော နာကျင်မှုတို့ စလာပါတော့သည်။ သူ့ခန္ဓာကိုယ်အား နဂါးဝိညာဉ်ခန္ဓာကိုယ်အဖြစ် ပြောင်းလဲထားသည့်တိုင်အောင် လုံချန်အနေဖြင့် ဒဿမ မိုးကြိုးမီးလျှံကျောက်တုံး၏စွမ်းအားကို ခံနိုင်ရည်ရှိအောင် ခက်ခက်ခဲခဲကြိုးစားနေရသည်။
ပြင်းထန်လှသော စွမ်းအားနှစ်မျိုးက သူ၏ခန္ဓာကိုယ်တစ်ခုလုံး အဆက်မပြတ် လောင်ကျွမ်းနေ၏။ ဤလောင်ကျွမ်းမှုဖြစ်စဉ်က ပြန်လည်မွေးဖွားခြင်းသံသရာစက်ဝန်းထဲသို့ ချက်ချင်း ဝင်သွားချင်လောက်အောင် ခံစားရစေသည်။ မကြာခင်မှာပဲ လုံချန် သည် နဝမ မိုးကြိုးမီးလျှံကျောက်တုံး ထက် ပိုပြီးပြင်းထန်လှသော ကြောက်မက်ဖွယ် နာကျင်မှုကို ခံစားလိုက်ရပါတော့သည်။ အတောမသတ်နိုင်သည့် နာကျင်မှု က သူ့ခန္ဓာကိုယ်တစ်ခုလုံး ကို ဆုတ်ဖြဲပစ်နေသလိုပင်။ တစ်ကိုယ်လုံး နေရာအနှံ့မှာ ဓားပါးပါးလေးများဖြင့် လှီးဖြတ်နေသည့်အလား ခံစားရသည်။ နာကျင်မှုက လူ တစ်ယောက် ကို ရူးသွပ်သွားစေနိုင်လောက်သည်။
ဤအခိုက်အတန့်တွင် လင်းရှီ သည် လုံချန်၏ ပါး စပ်ထောင့် မှ သွေးစီးကျလာသည်ကို ရုတ်တရက် မြင်လိုက်ရသည်။ သို့ရာတွင် လုံချန် သည် တစ်ချက်တွန့်မသွားဘဲ အံကြိတ်ပြီးတောင့်ခံနေ၏။
မိုးကြိုးလျှပ်စီးစွမ်းအင်နှင့် မီးလျှံစွမ်းအင် နှစ်မျိုးက သူ့ခန္ဓာကိုယ်အတွင်းပိုင်း၌ အဆက်မပြတ် လောင်ကျွမ်းနေပုံရ၏။ သွေးနဂါးခန္ဓာကိုယ်အသွင် ပြောင်းထားသဖြင့် အကြေးခွံတချို့ပင် ပျက်စီးသွားရသည်။
“ဒီ ပုံစံအတိုင်းဆို သူ တောင့်ခံထားနိုင်ရင်တောင် သေဆုံးမယ့် ကံတရားကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ ငါ ဘာလုပ်ရမလဲ...” လင်းရှီ၏နှလုံးသားတစ်ခုလုံး စိုးရိမ်စိတ်များ ကြီးစိုးလျှက် ပျာယာခတ်နေလေသည်။
တစ်ဖက်ရှိ လုံချန် ကတော့ လက်ရှိ သူ့အခြေအနေ ကို အသိဆုံးဖြစ်သည်။ သူက ဒဿမ မိုးကြိုးမီးလျှံကျောက်တုံး၏ အဖျက်စွမ်းအားကို တောင့်ခံနေရင်း တန်ပြန်ချေဖျက်နိုင်မည့် နည်းလမ်းကို အလျင်အမြန်စဉ်းစားနေသည်။
“ငါ့ ခန္ဓာကိုယ်က ဆိုးဆိုးရွားရွား ပျက်စီးနေပြီ။ ပြီးတော့ မိုးကြိုးလျှပ်စီးစွမ်းအင်နဲ့ မီးစွမ်းအင်ရဲ့ လောင်ကျွမ်းမှု အရှိန်က ငါ့ခန္ဓာကိုယ်ရဲ့ ခံနိုင်ရည်ရှိတဲ့ ပမာဏ ထက် ကျော်နေပြီ...”
သို့သော် ရုတ်တရက် တစ်စုံတစ်ခုကို စဉ်းစားမိပြီး လုံချန်၏မျက်နှာက ဝင်းပသွားသည်။
“မူလအစပြန်သွားခြင်းကျင့်စဉ်က ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ ဒဏ်ရာတွေကို ကုသနိုင်တယ်။ ဒီလိုဆိုတော့ အခုအခြေအနေမှာ အကျိုးသက်ရောက်မှု ရှိမရှိ စမ်းကြည့်ရအောင်...” တွေးမိသည်နှင့် လုံချန် သည် မူလအစပြန်သွားခြင်းကျင့်စဉ် ကို စတင်ထုတ်ဖော်လိုက်ပါတော့သည်။ ၎င်းက အဆင့်မြင့်စွမ်းအားကျင့်စဉ်တစ်ခုဖြစ်ရာ သေလုမျောပါးဒဏ်ရာရခဲ့လျှင်ပင် သေချာပေါက် ကုသနိုင်ပါသည်။
သိပ်မကြာလိုက်ပေ၊ နွေးထွေးသော စွမ်းအင်စီးကြောင်းတစ်ခုက လုံချန်၏ခန္ဓာကိုယ်အတွင်းပိုင်းမှ မီးစွမ်းအင်နှင့် မိုးကြိုးလျှပ်စီးစွမ်းအင်များ ထဲသို့ စိမ့်ဝင်သွားတော့သည်။ တွေ ကြား မှာ ရွေ့ လျား စ တင် လိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ အရိုး၊ ကြွက်သားနှင့် အသား အားလုံး အာဟာရဓာတ် ဖြည့်တင်းလိုက်သည့်အလား ဖြည်းဖြည်းချင်း ပြန်လည် သက်သာလာပါတော့သည်။ “တကယ် ထိရောက်တာပဲ...”
လုံချန် သည် ဤအခြေအနေကြောင့် ပျော်ရွှင်သွား၏။ သူက ကျင့်စဉ်၏အဆင့်ကို ဒီ တိုးမြှင့်လိုက်ပါသည်။ ချက်ချင်းဆိုသလိုပဲ ပူနွေးသော စွမ်းအင်စီးကြောင်းတစ်ခု ထွက်ပေါ်လာပြီး ခန္ဓာကိုယ်အနှံ့ စီးသွားပါတော့သည်။ ဤအတောအတွင်း လုံချန်၏ခန္ဓာကိုယ် အခြေအနေသည် အစပိုင်းကထက် တဖြည်းဖြည်းချင်း ပြန်လည်သက်သာလာပါတော့သည်။ တစ်ချိန်တည်းမှာပင် ထူးခြားသည့်အရာက အသစ်တစ်ဖန်ပြန်လည်ဖြစ်တည်လာသည့် ခန္ဓာကိုယ်က မူလထက် ပိုပြီးသန်မာလာပါသည်။
ဆယ်လုံးမြောက် မိုးကြိုးမီးလျှံကျောက်တုံး ကို စုပ်ယူခဲ့ပြီးနောက် လုံချန်၏အခြေအနေသည် အတော်လေး သနားစရာကောင်းနေခဲ့သည်။ သို့သော် လင်းရှီ သည် အခြေအနေကိုကြည့်နေရင်း ချက်ချင်းဆိုသလိုပဲ လုံချန်၏ခန္ဓာကိုယ်ထဲကနေ အဖြူရောင်အခိုးအငွေ့များ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်။
“ဒါ ....ဒါက… မူလအစပြန်သွားခြင်းရဲ့ စွမ်းအားပဲ...”
လင်းရှီ သည် အတော်လေး ဝမ်းသာသွား၏။ မူလအစပြန်သွားခြင်းစွမ်းအားက လုံချန်အတွက် ဒဏ်ရာဒဏ်ချက်များသာမက နာကျင်မှုကိုပါ တားဆီးနိုင်ကြောင်း သတိရလိုက်သည်။ ၎င်းက ခန္ဓာကိုယ်ကျင့်စဉ်များ၏ အံ့သြစရာ ကောင်းသည့် အကျိုးသက်ရောက်မှုပင်။ အရေးကြီးဆုံးအချိန်မှာအလွန် အသုံးဝင်လှ၏။
“ဒီ ကောင်စုတ် က တော်တော်ကံကောင်းပါတယ်”
မူလအစပြန်သွားခြင်းကျင့်စဉ်မရှိပါက လုံချန်အနေဖြင့် လက်ရှိအခြေအနေကို ကျော်ဖြတ်နိုင်မည်မဟုတ်မှန်း သိသာနေခဲ့သည်။ အချိန်အနည်းငယ် ကြာသွားပြီးသည့်နောက် လုံချန်၏ အခြေအနေ ဟာ တော်တော်လေးကောင်းလာပါသည်။ လင်းရှီ လည်း ဤမြင်ကွင်းကို မြင်လိုက်မှသာ အနည်းငယ် စိတ်သက်သာရသွားတော့၏။
မူလအစပြန်သွားခြင်းစွမ်းအားကို ထုတ်သုံးထားသည့်အတွက် လုံချန် သည် အနည်းငယ် ခံနိုင်ရည်ရှိခဲ့သည်။ သို့သော် အချိန်က (၅)ရက် သို့မဟုတ် (၆)ရက်လောက် ကြာနိုင်သောကြောင့် မူလအစပြန်သွားခြင်းစွမ်းအားကိုချည်း အားကိုးနေ၍မရပေ။ အကြောင်းမှာ မူလအစပြန်သွားခြင်းကျင့်စဉ် ကို ထုတ်သုံးလေလေ သွေးချီစွမ်းအင်ကို အလျင်အမြန်ကုန်ဆုံးစေလို့ပါ။ သို့သော် သွေးချီစွမ်းအင် လျော့နည်းလာသည့်အချိန်မှာတော့ မိုးကြိုးစွမ်းအင်နှင့် မီးစွမ်းအင်ကို စုပ်ယူနိုင်ခြင်းက အခွင့်အရေးကောင်းတစ်ခုပင်။
လုံချန် သည် ဉာဏ်ရှိရှိဖြင့် ဖြစ်လာနိုင်သည့်ပြဿနာ ကို ကြိုတင်ခန့်မှန်းနိုင်ခဲ့၏။ ထိုသို့ဖြစ်ရာ အစစ်အမှန်ချီလျော့နည်းလာသည့်အချိန်မှာ ကြာချိန်က အချိန် ၂ ရက်သာ ကုန်ဆုံးသေးသည်။
ဤကာလအတွင်း လုံချန်၏မူလခန္ဓာကိုယ်သည် အရင်ထက်ပိုပြီး သန်မာလာခဲ့သည်။ ယခုအခါ လုံချန်သည် ဒဏ္ဍာရီလာ မိုးကြိုးမီးလျှံခန္ဓာကိုယ်ကို ပိုင်ဆိုင်လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။
သို့သော် အစစ်အမှန်သွေးနဂါးချီ ကုန်ဆုံးသွားသည့် အချိန်မှာတော့ မိုးကြိုးစွမ်းအင်နှင့် မီးလျှံစွမ်းအင်၏ ဖိနှိပ်မှုက ပြန်လည်စတင်လာပါတော့သည်။ မူလက ငြိမ်သက်နေသည့် ဖိနှိပ်မှုစွမ်းအားက ရုတ်တရက် ရုန်းကြွလာပြီး လုံချန်၏ ခန္ဓာကိုယ်တစ်ခုလုံး ပြန့်နှံ့သွားပါတော့သည်။
ဘေးကနေ တိတ်တဆိတ်စောင့်ကြည့်နေသော လင်းရှီ လည်း လုံချန်၏ခန္ဓာကိုယ်က စွမ်းအင်လှုပ်ခတ်မှုမရှိဘဲ ထူးထူးခြားခြားငြိမ်သက်နေသည်ကို သတိ ပြုမိလိုက်သည်။
လင်းရှီ မသိခဲ့သည့်အရာကတော့ ပြင်းထန်လှသော မိုးကြိုးမီးလျှံစွမ်းအားက လုံချန်၏ခန္ဓာကိုယ်အတွင်းပိုင်းကို တမြည့်မြည့်လောင်ကျွမ်းနေသည်ကိုပင်။ သို့သော် ရုတ်တရက်ဆိုသလိုပင် ပြင်းထန်လှသော လောင်ကျွမ်းခြင်းစွမ်းအားက ဝုန်းခနဲပေါက်ကွဲ၍ မြေကမ္ဘာယွမ်ချီပင်လယ် (မူလသွေးဒန်တျန်)ကို ဦးတည် တိုက်ခိုက်လာပါတော့သည်။
“ လခွမ်း.... ဒါက တော်တော်ဆိုးတာပဲ။ ငါ့ခန္ဓာကိုယ်က ပေါက်ကွဲထွက်တော့မှာလား...”
ဤအချိန်တွင် လုံချန်သည် တစ်ကိုယ်လုံး ချွေးများစိုရွှဲနေ၏။ အလွန်တရာ ပြင်းထန်လှသော မိုးကြိုးမီးလျှံစွမ်းအားက မူလဒန်တျန်ထဲရှိ မြေကမ္ဘာယွမ်သွေးချီထဲ၌ စိမ့်ဝင်နေခဲ့သည်။ လုံချန်၏ လက်ကျန်အစစ်အမှန်ချီက ၎င်းကို ဖိနှိပ်ရန် မလုံလောက်ပေ။ ဤ အတိုင်းအဆမဲ့သော လောင်ကျွမ်းခြင်းစွမ်းအားသာ မူလဒန်တျန်ထဲသို့ အပြည့်အဝ စိမ့်ဝင်လာပါက လုံချန်အနေဖြင့် အစစ်အမှန်မူလသွေးချီ မရှိဘဲ ခုခံနိုင်မည်မဟုတ်ပါ။ မြေကမ္ဘာယွမ်သွေးချီပင်လယ် ပျက်စီးသွားမည်ဖြစ်သလို မူလဒန်တျန်တစ်ခုလုံး ပေါက်ကွဲသွားနိုင်သည်။ အတိတ်က မိုးကြိုးမီးလျှံ ကျောက်တုံးနှင့် ပေါင်းစပ်ရင်း ကျရှုံးခဲ့သူတိုင်းဟာလက်ရှိ လုံချန် ဖြစ်နေသည့် အခြေအနေနှင့် အတူတူပါ။
“ငါ ဆယ်လုံးမြောက် မိုးကြိုးမီးလျှံကျောက်တုံး နဲ့ ပေါင်းစပ်တာ ပြီးဆုံးဖို့ နည်းနည်းလေး လိုနေသေးတယ်။ ငါ… ငါ ဒီအခြေအနေကို သေချာပေါက် တောင့်ခံနိုင်မှရမယ်” သူ့ပုခုံးပေါ် ထမ်းပိုးထားရသည့် တာဝန်များကို စဉ်းစားမိလိုက်သည် နှင့်တပြိုင်နက်လုံချန်သည် တွန့်ဆုတ်မှုများပြည့်နှက်နေခဲ့သည်။ ယန်အိမ်တော် သည် သူ ပြန်အလာကို စောင့်မျှော်နေခဲ့၏။ ဘေးနားရှိ လင်းရှီ သည်လည်း သူ၏အကူအညီကို လိုအပ်နေပါသည်။
ဆယ်လုံးမြောက် မိုးကြိုးမီးလျှံကျောက်တုံးနှင့် ပေါင်းစပ်ရန်အတွက် ရွေးချယ်ခဲ့သည့်အချိန်ကတည်းက လုံချန်သည် ဤအခြေအနေ ကို စဉ်းစားခဲ့ပြီးသားပင်။ အန္တရာယ်ရှိသည့် အရာတစ်ခု ကို လုပ်ဆောင်ခြင်းသည် ရှုံးနိမ့်နိုင်ခြေများ၏။ အမှန်တော့လည်း လုံချန် သည် ဆယ်လုံးမြောက် မိုးကြိုး မီးလျှံကျောက်တုံး၏ လောင်ကျွမ်းစွမ်းအားကိုအနည်းငယ် လျှော့တွက်မိခဲ့သည်။ ထို့ကြောင့် ဤအခြေအနေတွင် သူ သေဆုံးသွားပါက သူကိုယ်တိုင်ပင် မမျှော်လင့်ထားသည့်အခြေအနေဟု ဆိုရပါမည်။
“မဟုတ်တာ။ ငါလုံချန်က ဒီနေရာမှာ ဘယ်လိုမှမသေနိုင်ပါဘူး...” လုံချန်၏မျက်လုံးထဲမှ အေးစက်စက် အလင်းတန်းတစ်ခု ပေါက်ကွဲထွက်လာသည်။ ဒီအချိန်မှာ သူ့နှလုံးသားက နှိုင်းယှဉ်မရလောက်အောင် မာကြောနေခဲ့သည်။
“မှန်တယ်...ငါ လုံချန် က ဘယ်လိုလုပ် သေဆုံးနိုင် မှာလဲ” လုံချန် သည် သူ့ကိုယ်သူအားပေးစကားပြောရင်း ကျယ်လောင်စွာ အော်ဟစ်ကြုံးဝါးလိုက်ပါသည်။ သူ့ အသံ က ချိုင့်ဝှမ်းအတွင်းပိုင်း၌ ပဲ့တင် ထပ်နေပါသည်။
ဤအချိန်တွင် မိုးကြိုးစွမ်းအင်နှင့် မီးလျှံစွမ်းအင်သည် မြောက်များစွာသော ပြာလဲ့လဲ့အလင်းတန်းများ အသွင် ပြောင်းလဲသွားခဲ့ပါသည်။ ၎င်းတို့သည် လုံချန်၏မူလဒန်တျန်ကို ဖောက်ခွဲပစ်ရန် ရည်ရွယ်နေပုံရသည်။ လက်ရှိအချိန်မှာ မူလဒန်တျန်က မှိန်ဖျော့ဖျော့ မြေကမ္ဘာယွမ်အဖြစ်သာ ရှိနေခဲ့၏။ လုံချန် သည် အစစ်အမှန်ချီ ကို အလွန်အကျွံ အသုံးပြု ခဲ့သည့်အတွက် မှေးမှိန်နေသောမြေကမ္ဘာယွမ်က အသုံးမဝင်တော့ချေ။ သို့သော်လည်း လုံချန်သည် အဆုံးသတ်ခါနီးခံစားမိလိုက်ချိန်မှာပဲ သွေးနီရောင်မြေကမ္ဘာယွမ်ထဲမှ ရုတ်တရက်ဆိုသလို ပြင်းထန်လှသော အငွေ့အသက်များထွက်လာပြီး သွေးနဂါးပုံရိပ်ကြီး ပေါ်လာခဲ့လေသည်။ တစ်ချိန်တည်းမှာပဲ အစစ်အမှန်ချီ ခန်းခြောက်နေသည့် မူလဒန်တျန်သည် အသက်ဝင်လာသကဲ့သို့ပင်၊ စူးရှသော သွေးအလင်းတန်းတစ်စင်း ထုတ်လွှတ်လိုက်ပါသည်။ သွေးနဂါးကြီး၏မျက်လုံးအစုံမှ သွေးနီရောင်အလင်းတန်း နှစ်စင်း ထွက်လာပြီး မိုးကြိုးမီးလျှံစွမ်းအားကို တည့်တည့်ပစ်လွှတ်ခဲ့သည်။ ထို့နောက်သွေးမြူအဖြစ် ပေါက်ကွဲသွားပြီး မိုးကြိုးမီးလျှံစွမ်းအားကို ဖုံးလွှမ်းလိုက်ပါတော့သည်။ သွေးမြူဖြင့် ထိန်းချုပ်ခံရပြီးနောက် မိုးကြိုးလျှပ်စီးစွမ်းအင်သည် ကြီးကြီးမားမားပြောင်းလဲသွားကြောင်း ခံစားမိခဲ့သည်။ ခဏကြာသွားပြီးနောက် လုံချန်သည် မူလဒန်တျန်ထဲရှိ ပြာလဲ့လဲ့ မိုးကြိုးမီးလျှံစွမ်းအင်သည် သွေးနီရောင်ချီစွမ်းအင်အဖြစ် ပြောင်းသွားခဲ့သည်ကို မြင်တွေ့ရတော့သည်။ ၎င်းတွင် ပြင်းထန်လှသောမိုးကြိုးမီးလျှံစွမ်းအားများ ပါဝင်နေခဲ့သည်။
Translator#အနှောင်အဖွဲ့ကင်းမဲ့သူ
.(သွေးနဂါးလုံချန်)
ဘာသာပြန်သူ -
အနှောင်အဖွဲ့ကင်းမဲ့သူ
(စာစဉ် - ၉)
အပိုင်း ၁၀၆
ဤရုတ်တရက် ပြောင်းလဲမှု က လုံချန် ကို အံ့အားသင့်သွားစေပါသည်။ သူ ဘယ်တော့မှ မထင်မှတ်ထားသည့်အခြေအနေပင်။ မြေကမ္ဘာယွမ်ထဲမှ သွေးနဂါးချီသည် မိုးကြိုးမီးလျှံကျောက်တုံး ဆယ်လုံး၏ ပေါင်းစပ်အင်အား ကို အလင်းတန်းနှစ်စင်းတည်းဖြင့် သွေးချီစွမ်းအင်အဖြစ် ပြောင်းလဲပစ်ခဲ့သည်။ ယခု လုံချန် ခံစားမိသည့်အရာက မိုးကြိုးမီးလျှံစွမ်းအားကို သူ ထိန်းချုပ်နိုင်နေပြီ ဆိုတာပင်။
“ဒဿမ မိုးကြိုးမီးလျှံကျောက်တုံးရဲ့ မိုးကြိုးမီးလျှံစွမ်းအင်က ငါ့ အစစ်အမှန်ချီ ထဲကို ပေါင်းစပ်သွားပြီ လား”
လက်ရှိမှာတော့ မိုးကြိုးမီးလျှံစွမ်းအင်သည် လုံချန်၏ မြေကမ္ဘာယွမ်အဆင့် မူလဒန်တျန်ထဲ၌ အပြည့်အဝ ပေါင်းစပ်သွားခဲ့ပြီဖြစ်သည်။ မူလက သွေးနီ ရောင် တလက်လက်တောက်ပနေသည့် မူလဒန်တျန် သည် ယခုအခါမှာတော့ သွေးနီရောင်မီးလျှံများ တဖြပ်ဖြပ်လောင်ကျွမ်းနေသည်။ တစ်ချိန်တည်းမှာပဲ ပတ်ပတ်လည်ကနေ သွေးနီရောင် လျှပ်စီးကြောင်းများ ရစ်ပတ်နေပေသည်။ နောက်ဆုံးမှာတော့ ဒဿမ မိုးကြိုးမီးလျှံကျောက်တုံး၏ မိုးကြိုးမီးလျှံစွမ်းအင်က အစစ်အမှန်သွေးချီနှင့် လုံးဝ ပေါင်းစပ်သွားခဲ့၏။ ၎င်းကြောင့် လုံချန်၏အလုံးစုံခွန်အားက ယခင်နှင့် နှိုင်းယှဉ်လျှင် လက်ရှိမှာ ဆယ်ဆ လောက် ပိုပြီးမြင့်တက်လာပါသည်။
တစ်ချိန်တည်းမှာပင် သွေးနီရောင်မီးလျှံ နှင့် လျှပ်စီးကြောင်းများ၏ လောင်ကျွမ်းရိုက်ခတ်မှုက လုံးလုံးလျားလျား ပျောက်ကွယ်သွားလေသည်။ ထို့အတူ လုံချန်၏ မူလခန္ဓာကိုယ်ကလည်း ယခင်ထက် ပိုသန်မာလာပါသည်။ နောက်ထပ် နှစ်ရက်ခန့်အတွင်း လုံချန်သည် သူ့ကိုယ်သူ မြေကမ္ဘာယွမ်အထွတ်အထိပ်အဆင့်သို့ သေချာပေါက် ရောက်ရှိနိုင်ကြောင်း ယုံကြည်နေသည်။
ဒီအခြေအနေ မတိုင်ခင်မှာ လင်းရှီ က လုံချန်၏ပုံစံကို ကြည့်ပြီး ကြောက်လန့်လွန်းသဖြင့် သေချင်စိတ်ပင်ပေါက်ခဲ့သည်။ မမျှော်လင့်ထားသည့်အရာကတော့ လုံချန်က မျက်တောင်တစ်ခတ်အတွင်းမှာပဲ အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်၏။ လင်းရှီလဲ အံ့သြထိတ်လန့်စွာဖြင့် လူငယ်လေးကို ကြည့်နေရုံသာတတ်နိုင်တော့သည်။
“လုံချန်.... ဒီကောင်စုတ် မှာ ဘယ်လို လျှို့ဝှက်ချက် တွေ ရှိနေတာလဲ။ ရှေးဟောင်းသွေးဝိညာဉ်နဂါး ရဲ့ အမွေအနှစ် ကို ပထမဆုံး ရခဲ့တဲ့ အချိန်မှာလဲ သေခါနီးဆဲဆဲဖြစ်သွားသေးတယ်။ ဒါပေမဲ့ သူက အံ့အားသင့်စရာကောင်းလောက်အောင်ကို မသေဘဲနဲ့ ရှေးဟောင်းဘိုးဘေးနဂါးရဲ့ အမွေအနှစ် ကို ရခဲ့ တယ်။ အခုလဲ ဒဿမ မိုးကြိုးမီးလျှံကျောက်တုံး ရဲ့ စွမ်းအား ကို ခံနိုင်ရည် မရှိလောက်ဘူးလို့ ထင်ခဲ့တာ၊ ဒါပေမယ်လို့ ဒီအရူးကောင်က ထပ်ပြီးအသက်ရှင်သွားပြန်ပြီ။ အခုလက်ရှိ သူ့အခြေအနေအရ ဆိုရင်တော့ ဆယ်လုံးမြောက် မိုးကြိုးမီးလျှံကျောက်တုံးနဲ့ ပေါင်းစပ်တာ အောင်မြင်တော့မယ် ထင် တယ်…” လင်းရှီ သည် အသိပညာ၊ ဗဟုသတ ကြွယ်ဝသော်လည်း လုံချန်၏ခန္ဓာကိုယ်ပေါ် က ဆန်းကြယ်လှသော လျှို့ဝှက်ချက်တွေ ကိုတော့ မသိနိုင်ခဲ့ပေ။
ဤအချိန်တွင် လုံချန် သည် အထွတ်အထိပ်သို့ ရောက်နေပြီမှန်း ခံစားမိသည်။ အတားအဆီးကို ချိုးဖျက်နိုင်သရွေ့ သူသည် မိုးကြိုးမီးလျှံခန္ဓာကိုယ် ကို သေချာပေါက် ပိုင်ဆိုင်သွားပါလိမ့်မည်။ တစ်နည်းပြောရရင်တော့ မကြာခင်အတောအတွင်းမှာပဲ လုံချန်က မိုးကြိုးမီးလျှံ ကျင့်ကြံသူ တစ်ယောက် ဖြစ်လာပါတော့မည်။
ယခင်က လုံချန်အတွက် မိုးကြိုးမီးလျှံစွမ်းအားကို ထိန်းချုပ်ရန် အတော်လေး ခဲယဉ်းပါသည်။ ယခုအခါမှာတာ့ အခြေအနေက အရင်ကနှင့် မတူတော့ပေ။ လုံချန် က မိုးကြိုလျှပ်စီးစွမ်းအင်နှင့် မီးလျှံစွမ်းအင်ကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်သည်။ သူ့ခန္ဓာကိုယ်ကို ဖြည်းဖြည်း ချင်း လေ့လာစမ်းစစ်ကြည့်နေ၏။
“မိုးကြိုးမီးလျှံ ကျင့်ကြံ သူ တစ်ယောက် လား…” လုံချန် သည် သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအား အဆက်မပြတ်မြင့်တက်နေသည်ကို ခံစားရသည်။
လုံချန် က တဟားဟားရယ်လိုက်ပြီး မတ်တပ်ထရပ် လိုက်ကာ သူ့လက်ဝါး ကို ဖြန့်လိုက်၏။ သူ့လက်ဝါးအလယ်၌ သို့သော် မိုးကြိုးမီးလျှံကျောက်တုံးတစ်လုံး ပေါ်လာခဲ့သည်။ သို့သော် အနည်းငယ်တော့ ကွဲပြားချက် ရှိနေ၏။ ပြာလဲ့လဲ့ကျောက်တုံးအစား ယခုအခါ သွေးနီရောင် တလက်လက် တောက်ပနေသည်။ ၎င်းက မျက်နှာပြင်ပေါ်၌ သွေးနီရောင်နဂငယ်လေးပုံသဏ္ဍာန်ရှိနေကာ သွေးတံဆိပ်ဖြစ်နေပုံပင်။ ယခုတော့ လုံချန် သည် စစ်မှန်သော မိုးကြိုးမီးလျှံ ပညာရှင်တစ်ယောက် ဖြစ်လာခဲ့လေပြီ။
မိုးကြိုးမီးလျှံ ပညာရှင် တစ်ယောက် ပိုင်ဆိုင်သော အစစ်အမှန်ချီ က ပမာဏသိပ်သည်းလွန်းပြီး ခန္ဓာ ကိုယ်ကလည်း အလွန်သန်မာပါသည်။ လုံချန် သည် အဆင့် ၁ မိုးကြိုးမီးလျှံခန္ဓာကိုယ် သာ ပိုင်ဆိုင်ထားသေးသော်လည်း အကျိုးသက်ရောက်မှု ကတော့ဆန်းကြယ်အလယ်အလတ်အဆင့် ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်များ ထက်ပင် သာလွန်နေပါသည်။
ကျင့်ကြံခြင်းလောကတွင်ပင် ဆန်းကြယ်အလယ်အလတ်အဆင့် ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ်များ အလွန်ရှားပါးလှသည်။ လုံချန်၏ ကောင်းကင်လောင်ကျွမ်းခြင်း နတ်ဆိုးလက်သီး က ထိုက်ချွမ်သံမဏိပြားထဲကနေ ရရှိခဲ့တာဖြစ်သည်။ ဆန်းကြယ်အလယ်အလတ်အဆင့် ခန္ဓာကိုယ်သန့်စင်ခြင်းနည်းလမ်း ကတော့ မူလဝိညာဉ်သစ်သီးထဲကနေ ရရှိခဲ့သည်။
အစိမ်းရောင်ဂိုဏ်းခွဲတစ်ခုလုံးနှင့် ယှဉ်လျှင်ပင် မြေကမ္ဘာယွမ်အထွတ်အထိပ်အဆင့် တပည့်များကိုသာ ပေးအပ်သော အထူးဆုလာဘ်က ဆန်းကြယ် အလယ်အလတ်အဆင့် ဝိညာဉ်ဓားတစ်လက်နှင့် တိုက်ခိုက်ရေးနည်းစနစ်တစ်ခု ဖြစ်သည်။ ၎င်းက ဆန်းကြယ်အလယ်အလတ်အဆင့် ရတနာပစ္စည်းများ၏တန်ဖိုး ကို ပြသနေပါသည်။
လုံချန် သည် မြေကမ္ဘာယွမ် အစောပိုင်းအဆင့်သာ ရှိနေသေးသော်လည်း လက်ရှိ သူ့မှာ ဆန်းကြယ်အလယ်အလတ်အဆင့် တိုက်ခိုက်ရေးနည်းစနစ်၊ ခန္ဓာကိုယ်သန့်စင်ခြင်းနည်းစနစ် အပြင် ပြန်လည်ကုသခြင်းနည်းစနစ် တို့ပါရှိနေ၏။ နည်းစနစ် အားလုံးကလည်း ထူးခြားလှသည်။
“လုံချန်! နင် မိုးကြိုးမီးလျှံ ကျင့်ကြံသူ ဖြစ်သွားပြီ လား...” လင်းရှီ သည် ဝမ်းသာလွန်းသဖြင့် လုံချန်ကို လှည့်ပတ်ပျံဝဲနေရင်း သူ့ခန္ဓာကိုယ်ကို အဆက်မပြတ် ထိုးနှက်ကြည့်နေပါသည်။
လုံချန်အတွက် လက်ရှိသူ့ခွန်အားက ဖုန်းဝူထျန်းကို မယှဉ်နိုင်လျှင်ပင် ထိပ်တိုက်ရင်ဆိုင်ရပါက ဆိုးဆိုးရွားရွား မရှုံးနိုင်ကြောင်း ယုံကြည်နေသည်။
“ဟမ့်...၊ အခု ငါ့မှာ မိုးကြိုးမီးလျှံခန္ဓာကိုယ် ရှိနေပြီ ဆိုတော့ ငါ အရမ်းသန်မာသွားပြီ မဟုတ်လား ...ရှီလေး...”
လုံချန် သည် ကိုယ့်ကိုယ်ကို ဂုဏ်ယူဝင့်ကြွားနေကြောင်း မြင်သောအခါ လင်းရှီ က မကျေမနပ် ပြောလိုက်၏ “အရူးပဲ...၊ အရင်တုန်းက ငါ့ခွန်အားက နင့် ထက် အဆ တစ်သောင်းလောက် ပိုအားကောင်းခဲ့ တာ။ နင့်လို အရူးတစ်ယောက်ပဲ ဒီလောက် နည်း နည်းလေးသန်မာတာကို ဂုဏ်ယူနေတာ။ အပျော်မစောသေးနဲ့ဦး...”
သူမ၏ နှလုံးသားထဲ မှာတော့ လုံချန် ရှိနေသည့် ပတ်ဝန်းကျင်မှာ အရင်းအမြစ် နည်းပါးလှကြောင်း ကို နားလည်ထားပါသည်။ ဒီလိုပတ်ဝန်းကျင်မှာ အချိန်တိုအတွင်း ဒီအဆင့်ထိ ရောက်နိုင်သည်ကား အံ့သြစရာကောင်းပါသည်။ အနည်းဆုံး လင်းရှီကိုယ်တိုင်အတွက်ပင် ယခုလောက်အထိ ပြန်ကောင်းလာဖို့ တော်တော်လေး ခက်ခဲခဲ့သည်။ စိတ်ထဲ၌ လုံချန်၏အောင်မြင်မှုကို ဝမ်းသာပျော်ရွှင်နေသည့်တိုင်အောင် ပါးစပ်ကနေ ဘယ်တော့မှ ထုတ်ပြောမှာမဟုတ်ပေ။
“ငါ သူ့ ကို နည်းနည်းလေး ချီးကျူးလိုက်ရင် လေပေါ် မြောက်တက်သွားလိမ့်မယ်”” လင်းရှီက စိတ်ထဲမှာ ပြောနေသည်။
ဤအတောအတွင်း ကောင်းကင်စစ်သည်နယ်မြေ ထဲသို့ ဝင်လာသည့်အချိန်ကစ၍ လုံချန် သည် ကျင့်ကြံရင်း အချိန် လေးရက်ကြာ ကုန်ဆုံးခဲ့သည်။
“အဲ့ အရူးအုပ်စု က နှလုံးဖောက်နတ်ဆိုးသားရဲ ကို ရှာတွေ့ ပြီလားမသိဘူး။ အချိန် အများကြီးကျန် သေးတယ်။ ငါ့ ဝါးမျိုခြင်းစွမ်းရည်ကို မသုံးရတာ တော်တော်ကြာပြီ။ အပြင်ကို အခြေအနေ ထွက်ကြည့်ရင်းနဲ့ သားရဲ နည်းနည်းလောက်သတ်ရတာပေါ့”
ပုန်းနေရာကနေ ထွက်လာပြီးနောက် လုံချန်သည် အမည်မသိချိုင့်ဝှမ်း တစ်ခုထဲသို့ ရောက်လာခဲ့သည်။ ချိုင့်ဝှမ်း သည် ကျဉ်းမြောင်းသော်လည်း အရှည်ကတော့ အလွန်ရှည်လျားကာ နေရာ အနှံ့မှာလည်း သစ်ပင်၊သစ်တောများ ထူထပ်စွာပေါက်ရောက်နေခဲ့သည်။ သစ်တော၏ အတွင်းပိုင်းအဆုံးသတ်ဟု ထင်ရသည့် နေရာကနေ အလွန်ကြောက်မက်ဖွယ် အငွေ့အသက်တစ်ခု ဖုံးကွယ်နေပုံရ၏။
ကောင်းကင်စစ်သည်နယ်မြေ ထဲသို့ ဝင်ရောက်လာပြီးနောက် လုံချန် သည် နတ်ဆိုးသားရဲအမြောက်အများနှင့် ရင်ဆိုင်တွေ့ခဲ့ရသည်။ အားအနည်းဆုံး နတ်ဆိုးသားရဲကပင် ဆန်းကြယ်အဆင့် ၁ ရှိနေ၏။ အဆင့်နိမ့် နတ်ဆိုးသားရဲ တစ်ကောင်မှ မရှိခဲ့ချေ။
“ဒီ ကောင်းကင်စစ်သည်နယ်မြေ ကို ကောင်း ကောင်း အသုံးချနိုင်ရင် ငါ့အတွက် နတ်ဘုရားကမ္ဘာလိုပဲ…” လုံချန် သည် ကိုယ့်ကိုယ်ကို သက်ပြင်းချ ရင်း သစ်တော အတွင်းပိုင်း ဆီသို့ တဖြည်းဖြည်း လျှောက်ဝင်လာခဲ့ပါသည်။ လင်းရှီ လမ်းညွှန်ပေး နေသည့်အတွက် လုံချန် သည် ဆန်းကြယ်အဆင့်နိမ့် သားရဲတစ်အုပ်ကို လျင်လျင်မြန်မြန်ပဲ ရှာတွေ့ခဲ့သည်။
“ဒါ တိုက်တန်နတ်ဆိုး မျောက်ဝံတွေ ပဲ။ ဆန်းကြယ် ပထမအဆင့် ရှိတယ်။ အားသာချက် က အရမ်း အားကောင်းတဲ့ ခွန်အားပဲ။ နင်နဲ့ဆို တော်တော်လေးလိုက်ဖက်တယ်”
“ဟုတ် လား...” လုံချန် က သူ့ပတ်ပတ်လည်ကို ဝိုင်းရံလာရင်း ဟိန်းဟောက်နေသည့် တိုက်တန်နတ်ဆိုးမျောက်ဝံအုပ်ကို ကြည့်လိုက်ပါသည်။ တစ်ကောင်စီက အမြင့် သုံးမီတာ နီးပါး ရှိ၏၊ တစ်ကိုယ်လုံး ထူထည်းသော အမွှေးအမျှင်များ ဖုံးအုပ်ထားလေသည်။ အသားအရေက ကျောက်တုံးကျောက်သားလို မာကြောလှသည်။
“ကောင်းလိုက်တာ... ဒါဆို မင်းတို့တွေ သေလို့ရပြီ။ ဒီနေ့ ငါ့အတွက် လေ့ကျင့်ရင်းနဲ့ ချီစွမ်းအင် ဖြည့်တင်းတယ်လို့ သဘောထားလိုက်တာပေါ့...” အားမာန်အပြည့် ကြုံးဝါးပြီးနောက် လုံချန် သည် တိုက်တန်မျောက်ဝံအုပ်ထဲသို့ တရကြမ်းဝင်ရောက်တိုက်ခိုက်လိုက်ပါတော့သည်။
မိုးကြိုးမီးလျှံခန္ဓာကိုယ် ပိုင်ဆိုင်ပြီးနောက် လုံချန်၏ခွန်အားက တိုက်တန်မျောက်ဝံများနှင့် အဆင့်တူဖြစ်နေပါသည်။ သို့ရာတွင် အစစ်အမှန်အင်အားချင်း ယှဉ်လျှင်တော့ လုံချန်က တိုက်တန်မျောက်ဝံများထက် ပိုပြီးအားကောင်းပါသည်။ အရေအတွက် ၄ ကောင်လောက်ရှိသော်လည်း လုံချန်၏ပြိုင်ဖက်မဟုတ်ခဲ့ချေ။ ဆယ့်ငါးမိနစ် မပြည့်ခင်မှာပဲ တိုက်တန်မျောက်ဝံတစ်အုပ်လုံး အသေကောင်များဖြစ် သွားရသည်။
လုံချန် သည် သွေးချီဝါးမျိုခြင်းစွမ်းအားကို ထုတ်ဖော်၍ တိုက်တန်မျောက်ဝံများ၏ သွေးအဆီအနှစ်ကို သန့်စင်လိုက်ပါသည်။ သို့သော်လည်း ချက်ချင်း မျက်မှောင်ကြုတ်လိုက်၏။
“ဘာဖြစ်တာလဲ၊ အဆင့် ချိုးဖျက်လိုက်နိုင်ပြီလား” လင်းရှီ က စိုးရိမ်စွာ မေးလိုက်ပါသည်။
လုံချန် က ခေါင်းခါလိုက်၏... “မဟုတ်ဘူး။ ဆန်းကြယ် ပထမအဆင့် ပဲ ဖြစ်နေတာ ဆိုတော့ သူတို့ရဲ့ သွေးအဆီအနှစ်က ငါ့ အတွက် သိပ်ပြီးအသုံး မဝင်တော့ဘူးထင်တယ်။ ပိုမြင့်တဲ့ အဆင့်က နတ်ဆိုးသားရဲတွေကို လိုက်ရှာမှနဲ့တူတယ်။ အခုအချိန်မှာ ဆန်းကြယ် ပထမအဆင့် သားရဲတွေရဲ့ သွေးအဆီအနှစ်က ငါ့အတွက် အကျိုးမရှိနိုင်လောက်တော့ဘူး...”
“ဟုတ်မယ်ထင်တယ်။ နင် နဂါးသွေးကြောနယ်ပယ်အဆင့် ၅ မှာရှိနေတုန်းက အဝါရောင်အဆင့် ၇ မြေအောက်သွေးခြင်္သေ့ရဲ့ သွေးအဆီအနှစ်ကို ဝါးမျိုခဲ့တာမဟုတ်လား။ နဂါးသွေးကြောနယ်ပယ်အဆင့် ၈ မှာကျတော့ ဆန်းကြယ် ပထမအဆင့် မျက်လုံးပြာနှင်း ခြင်္သေ့ ကို ဝါးမျိုခဲ့သေးတယ်”
ဤအချိန်တွင် လုံချန် သည် တိုက်တန်မျောက်ဝံများ၏ အလောင်းမှ သားရဲအမြုတေ လေးလုံးကို ထုတ်ယူလိုက်သည်။
“သူတို့ရဲ့ နတ်ဆိုးအမြုတေက ထောက်ပံ့ရေးရမှတ်တွေနဲ့ လဲလှယ်လို့ရတယ်။ ဒါတွေကို မဖြုန်းတီးသင့် ဘူး”
လင်းရှီသည် လုံချန်၏လက်ထဲမှ သားရဲအမြုတေ လေးလုံးကို မြင်သောအခါ မေးလိုက်ပါသည်... “ဝိညာဉ်အမြုတေတွေကို ဘယ်တုန်းက ထုတ်ယူလိုက်တာလဲ။ ငါ ဘာလို့ သတိမထားမိလိုက်တာလဲ”
“ငါ တစ်ခုခု ယူချင်ရင် မင်းကို အစီရင်ခံစာ တင်နေရမှာလား...” လုံချန် က စနောက်ပြီး သားရဲအလောင်းများနှင့်အမြုတေများကို သိုလှောင်အိတ်ထဲ ထည့်လိုက်ပါသည်။
“လုံချန်! ငါ့ကို ပြောပါ... ငါ လင်းရှီက ဝိညာဉ်ပုလဲ ထဲမှာ ပိတ်မိနေတဲ့ သားရဲဝိညာဉ်တွေလို ထင်လား” ဤစကား ပြောနေစဉ် လင်းရှီ၏လေသံထဲမှာ နာကျင်မှု၊ ဝမ်းနည်းမှုတို့ ရောနှောနေပါသည်။
လုံချန် သည် ခဏအံ့အားသင့်သွား၏။ ထို့နောက် အော်ပြောလိုက်သည် ...“မင်းက အရူးလား။ ဘာစကားတွေ ပြောနေတာလဲ။ မင်းက ဒီတိရစ္ဆာန်ကောင်တွေ ထက် အဆတစ်သောင်းလောက် ပိုပြီးစာတယ်၊ ပိုပြီး ချစ်စရာလည်းကောင်းတယ်။ သူတို့ နဲ့ နှိုင်းယှဉ်စရာလား။ ပြီးတော့ ငါတစ်ခုပြောနိုင်တာက မင်းဟာ နတ်ဓား ထဲမှာပဲ ထာဝရပိတ်မိနေမှာ မဟုတ်ဘူးဆိုတာပဲ...”
အမှန်တကယ်တော့ လင်းရှီနတ်ဓား သည် အလွန် လျှို့ဝှက်ဆန်းကြယ်သော ရတနာလက်နက်တစ်ခုဖြစ်၏။ လုံချန်လည်း ကောင်းကောင်းသိနေပါသည်။ လင်းရှီ သည် အတိတ်က အလွန်သန်မာကြောင်း သိသာပါသည်။ သို့သော် သူမကိုယ်တိုင်ပင် နတ်ဓားကို ခုခံနိုင်စွမ်းမရှိခဲ့ပေ။ ၎င်းသည် အဆင့်မြင့် နတ်လက်နက်တစ်ခုဖြစ်မှန်းသိသာခဲ့သည်။ သို့ရာတွင် သူတို့နှစ်ယောက်စလုံး နတ်ဓား၏ လျှို့ဝှက်ချက်ကို ရှာမတွေ့သေးပေ။ “လင်းရှီနတ်ဓား” ဟု ခေါ်ဆိုသည့်အကြောင်းအရင်းမှာ သူမ ပျော်ရွှင်ရန် လုပ်ဆောင်ခဲ့ခြင်းပင်။
သားရဲဝိညာဉ်ပုလဲနှင့်အမြုတေများကို စုဆောင်း ပြီးနောက်တွင် လုံချန်သည် နောက်ထပ် ပစ်မှတ်ကို စတင်ရှာဖွေလိုက်ပါသည်။ တစ်နေ့တာလုံးလုံး လုံချန်သည် ဆန်းကြယ် ဒုတိယအဆင့် နတ်ဆိုးသားရဲ အများအပြားကို သတ်ဖြတ်ခဲ့သည်၊ သူ့အတွက်အသုံးဝင်သောပစ္စည်း တော်တော်များများလည်း ရခဲ့သည်။
“ငါ တကယ် ချမ်းသာတော့မယ်။ ရှီအာ! ဒီ ပစ္စည်း တွေနဲ့ဆို ထောက်ပံ့ရေးရမှတ် ဘယ်လောက် ရမလဲ တွက်ကြည့်ပေးပါလား”
“တကယ်တော့ သားရဲအမြုတေနဲ့ ဝိညာဉ်ပုလဲတွေကို ကျင့်ကြံသူတွေဆီ ရောင်းလို့ရတယ်။ အမှတ်တွေနဲ့ လဲမယ်ဆိုရင်တော့ ဆန်းကြယ် ပထမအဆင့် သားရဲအမြုတေနဲ့ဝိညာဉ်ပုလဲတွေကို ထောက်ပံ့ရေးရမှတ် ၂ မှတ် ဒါမှမဟုတ် ၃ မှတ်လောက်ပဲရနိုင်တယ်။ ဒုတိယအဆင့် သားရဲ ဆိုရင်တော့ ထောက်ပံ့ရေးရမှတ် ၁၀ မှတ်လောက် ရမယ်...”လုံချန် အပြင်စည်းတပည့် ဖြစ်လာပြီးနောက် လင်းရှီသည် အားလပ်ချိန်တိုင်း လင်းဝူမိသားစု၏ မှတ်တမ်းမှတ်ရာများကို လေ့လာခဲ့ဖူးသည်။ အမှန်တိုင်းပြောရလျှင် သူမက လင်းဝူမိသားစုအကြောင်းကို လုံချန်ထက်ပင် ပိုပြီးသိနေလေသည်။
“ဒါဆို အခု ငါ့မှာ ထောက်ပံ့ရေးအမှတ် ၅၀ ကျော်လောက် ရှိနေပြီပေါ့...” လုံချန် သည် အတော်လေးကို ဝမ်းသာပျော်ရွှင်နေပါသည်။
သို့သော်လည်း ဆန်းကြယ် ဒုတိယအဆင့် နတ်ဆိုးသားရဲ၏ သွေးအဆီအနှစ်က လုံချန်အတွက် အနည်းငယ်သာအသုံးဝင်၏။ သွေးစွမ်းအားသိပ်သည်းသော်လည်း မြေကမ္ဘာယွမ်အလယ်အလတ်အဆင့် တက်လှမ်းဖို့တောင် မလုံလောက်ပေ။
“နိဗ္ဗာနသလင်းနတ်ဓား ရှာဖွေတာ ပြီးသွားပြီလား မသိဘူး။ ပြီးတော့ လင်းချင် က အိပ်မက်ခုနစ်သွယ်ဓားသိုင်း ကို လေ့ကျင့်ထားတယ်။ ဖြစ်နိုင်ရင် အနာဂတ်မှာ သူမ မြေကမ္ဘာယွမ်အဆင့် ရောက်တဲ့အချိန်ကျ “နိဗ္ဗာနသလင်းနတ်ဓား” ကို လက်ဆောင်ပေးလိုက်မယ်။ အစ်ကို တစ်ယောက်အနေ နဲ့ ငါ ပိုပြီး ကြိုးစားရမယ်” လုံချန်က သူ့အတွက်သာမက ယန်လင်းချင်အတွက်ပါ စဉ်းစားပေးနေခဲ့သည်။
“ဒါပေမဲ့ အဲ့အချိန်မတိုင်ခင် ဆန်းကြယ် တတိယအဆင့် နတ်ဆိုးသားရဲတစ်ကောင်ဖြစ်ဖြစ် တွေ့အောင် ရှာရမယ်။ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ထက် ပိုအားကောင်းတဲ့ ဆန်းကြယ် တတိယအဆင့် နတ်ဆိုးသားရဲရဲ့ သွေးအဆီအနှစ်က ငါ ဆင့်တက်ဖို့ မလုံလောက်ဘူးဆိုတာ မယုံဘူး...”