အခန်း (၁၀၇-၁၀၈)
Vol. 9 Ch. 107-108
အပိုင်း ၁၀၇
မြေကမ္ဘာယွမ်နယ်မြေထဲ၌ ဆန်းကြယ် ပထမအဆင့် နတ်ဆိုးသားရဲ အများအပြား နေရာအနှံ့ ရှိနေသည်။ဆန်းကြယ် ဒုတိအဆင့် နတ်ဆိုးသားရဲများ တစ်ခါ တစ်ရံ ထွက်ပေါ်လာတတ်သော်လည်း ဆန်းကြယ်တတိယအဆင့် နတ်ဆိုးသားရဲများနှင့် ပတ်သက်၍ ဘယ်နေရာမှ မတွေ့ရပေ။
အမှန်တော့ နတ်ဆိုးသားရဲများက မတူညီသောနယ်မြေများတွင် ရှိနေကြသည်။လက်ရှိမှာ လုံချန် ရောက်နေသော နေရာက ဆန်းကြယ်အဆင့်နိမ့်နတ်ဆိုးသားရဲများ ကျင်လည်ကျက်စားသောနယ်မြေဖြစ်ပုံရ၏။ ထို့ကြောင့် နေရာပြောင်းပြီး လင်းရှီ ညွှန်ပြသည့် လမ်းကြောင်းအတိုင်း ဦးတည်လိုက်ပါသည်။ လမ်းတစ်လျှောက်၌ လုံချန်သည် ပြိုင်ပွဲဝင် တစ်ယောက်မှပင် မတွေ့ခဲ့ရပေ။
လုံချန်က စဉ်းစားနေရင်း ပြိုင်ပွဲ၏အဓိကအချက်ကို သတိရမိသည်...
“ဟုတ်သားပဲ... ကောင်းကင်စစ်သည်နယ်မြေက အခုအချိန်မှာ အစိမ်းရောင်ဂိုဏ်းခွဲရဲ့ ပြိုင်ပွဲကျင်းပတဲ့နေရာ ဖြစ်နေတုန်းပဲ။ ဒီတော့ မြေကမ္ဘာယွမ်နယ်မြေထဲမှာ တခြားဂိုဏ်းခွဲက လူတွေ မရှိသင့်ဘူး။ ပြီးတော့ ဒီနေရာတစ်ခုလုံးကလဲ အတိုင်းအဆမရှိအောင် ကျယ်ပြန့်တယ်၊ ဆိုတော့ ဌာနခွဲ ၈ ခုရဲ့အဖွဲ့ဝင်တွေလောက်ပဲရှိနေမှာ။ သူတို့ကို မတွေ့ရတာ မဆန်းပါဘူးလေ”
“ဒါဆို သူတို့တွေ နှလုံးဖောက်နတ်ဆိုးသားရဲ ကို ရှာမတွေ့သေးဘူးဆိုတာ ညွှန်ပြနေတာပဲ။ မဟုတ်ရင် ကောင်းကင်စစ်သည်နယ်မြေ ပြိုင်ပွဲ ပြီးဆုံးသွားပြီလို့ အချက်ပေးသံ ထွက်လာမှာပေါ့။ ပြီးတော့ အဲ့ အချိန်မှာ တခြားဂိုဏ်းခွဲရဲ့ အဖွဲ့ဝင်တွေလဲ ဝင်လာကြလိမ့်မယ်”
ကောင်းကင်စစ်သည်နယ်မြေ သည် လင်းဝူမြို့တော်၏ အရွယ်အစားလောက် ရှိလေသည်။ လုံချန် သည် လင်းဝူမြို့ အတွင်းမှ နေရာသေးသေးလေးတစ်ခု၌ ရောက်နေပုံရသည်။
နေ့ တစ်ဝက်လောက် လျှောက်သွားနေခဲ့ပြီး နောက်ဆုံးတော့ လုံချန် သည် သူ့ရှေ့တွက် သဲကန္တာရကြီး ဘွားခနဲ ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။ ဤနေရာတစ်ခုလုံးကား မခံမရပ်နိုင်အောင် ပူပြင်းလှပြီး သစ်တော၊ သစ်ပင်များ ရှားပါးသည့်အပြင် ကန္တာရဆူးပန်းပင်အချို့သာ တွေ့ရလေသည်။
“ဒါ က ကောင်းကင်စစ်သည်နယ်မြေ ပဲ ဖြစ်ပေမဲ့ သစ်တောတွေ အဆုံးမဲ့အောင် ရှိနေသလို ကန္တာရ ပါ ရှိနေသေးတယ်” လုံချန်သည် မချီးကျူးဘဲမနေနိုင်တော့ပေ။
သဲကန္တာရ ကို အချိန်အတော်ကြာ စူးစမ်းပြီးနောက် လုံချန် သည် ပတ်ဝန်းကျင်အပူရှိန် ပိုမိုပူပြင်းလာ နေသည်ကို ခံစားမိခဲ့သည်။ သူက ရုတ်တရက်မေး လိုက်၏ “ရှီအာ! ဒီလိုနေရာမျိုးမှာ နတ်ဆိုးသားရဲတွေ မရှိသင့်ဘူး မဟုတ်လား။ ရှိခဲ့ရင်တောင် ဆန်းကြယ် တတိယအဆင့် ဖြစ်နိုင်ပါ့မလား”
“ကောင်းပြီ၊ နောက်ထပ် နည်းနည်းလောက်လျှောက် ကြည့်ပြီး ဘယ်လို ဖြစ်လာမလဲ စောင့်ကြည့် ရအောင်” လင်းရှီက ပြန်ပြောလိုက်ပါသည်။
လုံချန် သည် ထပ်မပြောတော့ဘဲ ရှေ့ဆက်သွားခဲ့သည်။ အချိန်အနည်းငယ်ကြာပြီးနောက် သူ့ရှေ့မှ သဲပြင်က ရုတ်တရက် ပြိုကျသွား၏။ ဤအချိန်တွင် လင်းရှီ သည် ချက်ချင်း ရပ်ခိုင်းလိုက်သည်။
“ရှီအာ! ဘာဖြစ်တာလဲ...” လင်းရှီ၏လေသံက စိတ်လှုပ်ရှားမှု အနည်းငယ် ပါနေသဖြင့် လုံချန်က ခပ်တိုးတိုးမေးလိုက်၏။
“သဲပြင်အောက်မှာ နတ်ဆိုးသားရဲတစ်ကောင် တွား သွားနေတယ်။ အပူဒဏ်ခံရင်း တစ်ချိန်တည်း ကျင့်ကြံနေတာ ဖြစ်မယ်...”
လုံချန် သည် ရှေ့ကို အနည်းငယ် ဆက်တိုးလိုက်ပြီးနောက် ရပ်ကာ သဲပြင်ပေါ် မှာ လှဲချပြီး သဲများပြိုကျနေသည့် နေရာကို ချောင်းကြည့်လိုက်သည်။ ချက်ချင်းဆိုသလိုပဲ သူ့မျက်လုံးထဲမှာ စိတ်လှုပ်ရှား မှုအရိပ်အယောင် ပေါ်လာတော့သည်။
“ဒါ က… ဆန်းကြယ် တတိယအဆင့် သွေးမီးလျှံနတ်ဆိုးသားရဲ မဟုတ်လား...”
သဲပြင်အောက်၌ ရှိနေသည့် သားရဲကြီးက ဧရာမခြင်္သေ့ကြီးတစ်ကောင်လိုပင်ထင်ရလေသည်။ ဤသွေးမီးလျှံနတ်ဆိုးသားရဲကြီးက ၁၀ မီတာလောက်ကြီးမားသည်။ လူတစ်ယောက်လို မတ်တပ်ရပ်လိုက်ပါက အိမ်တစ်လုံးစာလောက် မြင့်မားနိုင်သည်။ ၎င်း၏ အမွှေးအမျှင်တွေကတော့ ရွှေ ရောင်သမ်းနေပြီး ထူထပ်သော လည်ဆံမွှေးတွေ ရှိနေလေရာ အလွန်ကြောက်စရာပင်။ လူ တစ်ယောက်ကို ကြောက်လန့်စေနိုင်သော အရာတစ်ခု က ၎င်း၏အမွှေးပေါ် မှ မှိန်ဖျော့ဖျော့အနီရောင်မီးလျှံများနှင့် မီးအိမ်တစ်လုံးအရွယ်အစားလောက်ရှိသည့် မျက်လုံးကြီးနှစ်လုံးပင် ဖြစ်သည်။
“တကယ် သွေးမီးလျှံနတ်ဆိုးသားရဲပဲ ။ ဆန်းကြယ်တတိယအဆင့် သားရဲတွေ ထဲမှာတောင် ဒီအကောင်က အတော်လေးသန်မာတယ် ...” လုံချန် က ခေါင်းညိတ်ရင်း ခန့်မှန်းလိုက်သည် “ဖြစ်နိုင်ပါတယ်။ ဒီ သွေးမီးလျှံနတ်ဆိုးသားရဲက ဖုန်းဝူထျန်း နဲ့ အဆင့်တူလောက် ရှိနေမယ်ထင်တယ်။ ဒီလိုဆိုတော့ မင်း ကို အသုံးချပြီး ငါ့ရဲ့ မိုးကြိုးမီးလျှံ ခန္ဓာကိုယ်က ဘယ်လောက်သန်မာလဲ ကြည့်ရအောင်...” ဆုံးဖြတ်ချက် ချပြီးနောက်တွင် လုံချန် သည် အကန့်အသတ်မဲ့ခွန်အားကို ထုတ်လွှတ်လိုက်ပါတော့သည်။
ဆန်းကြယ် တတိယအဆင့် နတ်ဆိုးသားရဲကို တိုက်ခိုက်နေသော်လည်း လုံချန် သည် နဂါးဝိညာဉ်ခန္ဓာကိုယ်ကို အသုံးမပြုခဲ့ချေ။ သို့သော်လည်း သွေးမီးလျှံနတ်ဆိုးသားရဲ၏ သဘာဝအရ အပြင်းထန်ဆုံးခွန်အားရှိနေပေသည်။ တစ်ချိန်တည်းမှာပင် လုံချန်၏ ခန္ဓာကိုယ်ပတ်ပတ်လည်ကနေ အပူလှိုင်းများ ထွက်လာပြီးနောက် သွေးနီရောင်မိုးကြိုးလျှပ်စီးကြောင်းများ ရစ်ပတ်လာခဲ့သည်။ ထို့အတူ သူ့ဆီကနေ ကြောက်မက်ဖွယ် မိုးကြိုးမီးလျှံစွမ်းအားများ ပေါက်ကွဲထွက်လာပါသည်။
“ငါ အခု တိုက်ခိုက်နေတဲ့ အင်အား က အရင်တုန်းကထက် ပိုပြီးအားကောင်းလာတာပဲ။ ပြီးတော့ လက်ရှိငါ့ခွန်အားနဲ့ဆို မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ပညာရှင် တစ်ယောက်ကို ကိုင်တွယ်နိုင်ပြီ။ ဘာပဲဖြစ်ဖြစ် ငါ့မှာ မိုးကြိုးမီးလျှံစွမ်းအားလဲ ရှိနေသေးတယ်…” လုံချန် စည် လက်ရှိသူ့ခွန်အားက သွေးမီးလျှံနတ်ဆိုးသားရဲကို ကိုင်တွယ်နိုင်ကြောင်း ယုံကြည်နေသည်။
လုံချန်၏ပုံရိပ် ခပ်လှမ်းလှမ်း၌ ပေါ်လာချိန်မှသာ သွေးမီးလျှံနတ်ဆိုးသားရဲက နောက်ဆုံးတွင် သတိပြုမိသွားပုံရ၏။
ကျင့်ကြံနေသည့်အချိန်မှာ ဤသေးငယ်သောလူသားကောင်လေးက ၎င်း၏နယ်မြေထဲကို ရဲရဲတင်းတင်း ဝင်လာဝံ့သည်လား။ သွေးမီးလျှံနတ်ဆိုးသားရဲကြီးလဲ ချက်ချင်း ဒေါသထွက်သွားပါတော့သည်။
ဤသဲကန္တာရတွင် ၎င်းက အခြေခံအားဖြင့် နတ်ဆိုးဘုရင် ဖြစ်ခဲ့သည်။ လူသားတစ်ယောက်က သူ့အားရန်စရဲသည်ကို မြင်တွေ့ရသည့်အခိုက် ချက်ချင်း ထရပ်လာပြီး ဧရာမမျက်လုံးကြီးနှစ်လုံးက လုံချန် ကို အပေါ်စီးမှ စိုက်ကြည့်နေလေသည်။ တစ်ချိန်တည်းမှာပင် ၎င်း၏ခန္ဓာကိုယ်ကနေလဲ မီးတောက်မီးလျှံများ အဆက်မပြတ် တက်လာပါတော့သည်။
လုံချန် သည် သေးငယ်သောလူသားတစ်ယောက်သာ ဖြစ်နေသော်လည်း သွေးမီးလျှံနတ်ဆိုးသားရဲကြီးအတွက် ထိုလူသား ထံမှ ၎င်းအား ကြောက်ရွံ့စေသော ခံစားမှုအငွေ့အသက်ကို ပေးနေလေသည်။ သွေးမီးလျှံနတ်ဆိုးသားရဲများသည် များသောအားဖြင့် သားရဲအားလုံးကို အုပ်ချုပ်သော နတ်ဆိုးဘုရင်များ ဖြစ်၏။ သို့ရာတွင် ၎င်းရှေ့မှ လူသား ဆီကနေ အလားတူ အငွေ့အသက်မျိုး ပေးနေခဲ့သည်။
ဝေါင်း...
နားကွဲမတတ် ဟိန်းသံနှင့်အတူ သွေးမီးလျှံနတ်ဆိုးသားရဲကြီးက သဲပြင်ပေါ်၌ ဝပ်လျှက် တဟုန်ထိုး ခုန်ဝင်လာပါတော့သည်။ တစ်ချိန်တည်းမှာပဲ ၎င်း၏ခန္ဓာကိုယ်ကြီးကနေ ပြင်းထန်လှသော သွေးဆာရက်စက်သည့်အငွေ့အသက်များ ပျံ့လွင့်လာ၏။ လုံချန် နှင့်ယှဉ်ပါက သွေးမီးလျှံနတ်ဆိုးသားရဲကြီးဟာ အရွယ်အစား ဆယ်ဆလောက်ကွာပါသည်။ သို့တိုင်အောင် အရွယ်အစားမညီမျှသည့် ခန္ဓာကိုယ်နှစ်ခုလုံးဟာ လေထုထဲမှာပင် တိုက်မိခဲ့လေသည်။ သွေးမီးလျှံနတ်ဆိုးသားရဲကြီး၏ နတ်ဆိုးမီးလျှံများက ကြောက်မက်ဖွယ် လေမုန်တိုင်းကြီးတစ်ခုအလား လုံချန် ဆီသို့ ပတ်ပတ်လည်ကနေ တိုးဝင်လာသည်။
“ငါ့မှာ မိုးကြိုးမီးလျှံခန္ဓာကိုယ် ရှိနေပြီ ဆိုတော့ မင်း ရဲ့ ဒီ နတ်ဆိုးမီးလျှံတွေ ကို ငါ ကြောက်နေမယ်လို့ ထင်နေသလား...” လုံချန် က မထီမဲ့မြင် ရယ်မောရင်း မီးလျှံပင်လယ်ထဲကို တိုက်ရိုက် တိုးဝင်လေသည်။ ထို့နောက် သူ့ဆီက မုန်တိုင်းကဲ့သို့ ပြင်းထန်သော တိုက်ခိုက်မှုဟာ သွေးမီးလျှံနတ်ဆိုးသားရဲကြီးထံ ပြေးဝင်သွားခဲ့သည်။
လုံချန် သည် မိုးကြိုးမီးလျှံခန္ဓာကိုယ်၏အစွမ်းကို အမြင့်ဆုံးထိ ထုတ်ဖော်ထားပြီး လက်နှစ်ဖက် ရှေ့ဆန့်၍ လက်ဝါးနှစ်ဖက်ကို မီးပင်လယ်ထဲသို့ တွန်းထုတ်လိုက်သည်။
“ထိုက်ချွမ်နဂါးတံဆိပ်...”
ရုတ်တရက် မြေတုန်မတတ် နဂါးဟိန်းသံနှင့်အတူ ရှေးဟောင်းသွေးနဂါးပုံရိပ်ကြီးထွက်ပေါ်လာပြီးနောက် ရှည်လျားသော သွေးနီရောင်နဂါးအမြီးကြီးက သွေးမီးလျှံနတ်ဆိုးသားရဲကြီးကို ပြင်းထန်စွာ ရိုင်ချလိုက်ပါသည်။
နတ်ဆိုးမီးလျှံပင်လယ်ထဲသို့ လုံချန် တိုးဝင်လာစဉ်က သွေးမီးလျှံနတ်ဆိုးသားရဲကြီးဟာ အံ့အားသင့်သွားရုံလောက်ပါ။ ဤလူသားက ၎င်းကို ကြောက် ရွံ့စေဖို့ မလုံလောက်ပေ။ သို့သော်လည်း လုံချန်၏ ထိုက်ချွမ်နဂါးတံဆိပ် ထုတ်သုံးလိုက်ချိန်မှာတော့ သွေးမီးလျှံနတ်ဆိုးသားရဲကြီးကို ကြောက်ရွံ့စေခဲ့လေသည်။ ထိုက်ချွမ်နဂါးတံဆိပ်မှ ဖန်တီးထားသည့် ရှေးဟောင်းသွေးနဂါးကြီးဟာ သွေးနီရောင်လျှပ်စီးကြောင်းများ တဖြပ်ဖြပ်လက်နေသလို နဂါးခန္ဓာကိုယ်တစ်ခုလုံးလံ သွေးနီရောင်မီးလျှံများတောက်လောင်နေခဲ့သည်။
သွေးမီးလျှံနတ်ဆိုးသားကြီးလဲ ဤကြောက်မက် ဖွယ်တိုက်ခိုက်မှုကို ကြောက်လန့်နေခဲ့သည့်တိုင်အောင် သားရဲဘုရင် ဖြစ်နေသည့်အတွက် အလွယ်တကူနောက်ဆုတ်လိုပုံမရပေ။
ဂါး....
ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး ၎င်း၏ ဧရာမပါးစပ်ကြီးကို ဟလိုက်ပါသည်။ တစ်ချိန်တည်းမှာပင် ပါးစပ်ထဲကနေ ၁ မီတာခန့်ကြီးမားသည့် မီးလုံးကြီးတစ်လုံး ပျံထွက်လာပြီး ရှေးဟောင်းသွေးနဂါးပုံရိပ်ကြီးထံ ပြေးဝင်သွားသည်။
ဘုန်း....
မီးလုံးကြီးက ရှေးဟောင်းသွေးနဂါးပုံရိပ်ကြီးကို တည့်တည့်ထိမှန်သည်။ ဤတိုက်ခိုက်မှုကြောင့် သဲကန္တာရကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီးသဲများ လေထဲသို့ပျံ့တက်ကာ သဲမုန်တိုင်းပင်ဖြစ်ပေါ်လာတော့သည်။
“ဒီ နတ်ဆိုးမီးလုံးက ငါ့ ထိုက်ချွမ်နဂါးတံဆိပ် ကို ဖျက်ဆီးနိုင်ခဲ့တယ်တဲ့လား။ မျှော်လင့်ထားသလိုပဲ... ဆန်းကြယ်တတိယအဆင့် နတ်ဆိုးသားရဲက ကိုင်တွယ်ရတာ မလွယ်ပါဘူး...”
ချီစွမ်းအင်ချင်း ယှဉ်လျှင် လုံချန် သည် သွေးမီးလျှံနတ်ဆိုးသားရဲကြီး၏ နတ်ဆိုးစွမ်းအင်ထက် နိမ့်ကျခဲ့သည်။ ခြွင်းချက်မှာ လုံချန်၏ခန္ဓာကိုယ်အပြင်အားနှင့် အလုံးစုံခွန်အားက ၎င်းနှင့် တန်းတူဖြစ်နေလို့ပင်။ တကယ်တမ်းပြောရရင်တော့ ဤသွေးမီးလျှံသားရဲက လုံချန် တွေ့ဖူးသမျှထဲ အားအကောင်းဆုံးရန်သူ ဟုပင် ယူဆရပါမည်။
“ဒီလိုနတ်ဆိုးသားရဲမျိုးက မျိုးဆက်အလိုက် ကျင့်ကြံတဲ့အပြင်ကိုမှ သဘာဝအရ တိုက်ခိုက်ရေးနည်းစနစ်တွေပါ ဖန်တီးနိုင်တာပဲ။ သူတို့ဖန်တီးလိုက်တဲ့ သာမန် ရိုးရှင်းတဲ့ တိုက်ခိုက်မှု တစ်ခုကလဲ လူသားတွေထက်တောင်မှ အားကောင်းနေသေးတယ်။ ပြီးတော့ အခု သွေးမီးလျှံနတ်ဆိုးသားရဲရဲ့ မီးစက်လုံးက ဒီသတ္တဝါ ကျွမ်းကျင်ထားတဲ့ တိုက်ခိုက်ရေးနည်းစနစ် တစ်ခု ဖြစ်ရမယ်...”
ထိုက်ချွမ်နဂါးတံဆိပ်၌ မိုးကြိုးမီးလျှံစွမ်းအင် အနည်းငယ်ထည့်ပေါင်းထားသော်လည်း နတ်ဆိုးမီးလုံးက အသာလေး ဖျက်ဆီးသွားခဲ့လေသည်။ လုံချန် သည် စိတ်ပျက်သွားခဲ့ခြင်းတော့ မရှိချေ။ သူ့ပုံရိပ်က သွေးနီရောင်လေဆင်နှာမောင်းကြီးအလား ရှေ့သို့ ပြေးတက်သွားခဲ့သည်။
လုံချန်၏လျင်မြန်သောအရှိန်က သွေးမီးလျှံနတ်ဆိုးသားရဲ၏အမြင်မှာ ဤလူသားက ၎င်းထက် နှစ်ဆမြန်နေသလိုပင်၊ ခဏတာ အံ့အားသင့်နေပုံဖြင့် ငြိမ်သက်နေ၏။ သို့သော် ချက်ချင်း ဟိန်းလိုက်ပြီးနောက် ၎င်း၏ပါးစပ်ထဲမှ သွေးနီရောင်မီးလုံးများတစ်လုံးပြီး တစ်လုံး ပျံထွက်လာပါတော့သည်။ အနည်းဆုံး မီးလုံး ဆယ်လုံးနီးပါးရှိကာ လုံချန် ဆီ တည့်တည့် ပျံသန်းလာပါသည်။
လုံချန် သည် အံ့အားသင့်သွားခဲ့ပြီး ချက်ချင်းပင် နဝမကောင်းကင်နဂါးခြေလှမ်း ကို ထုတ်သုံးလိုက်ရသည်။ သူ့အရှိန်က အရင်ထက်ပိုမြန်သွားပြီးနောက်အနီရောင်အရိပ်အဖြစ် ပြောင်းကာ နတ်ဆိုးမီးလုံးများကိ အဆက်မပြတ် ရှောင်တိမ်းလိုက်ပါသည်။ နတ်ဆိုးမီးလုံး ဆယ်လုံးမှ အပူရှိန်ဖိအားက သူ့ကို အနည်းငယ် ထိခိုက်ခဲ့သော်လည်း လုံချန်သည် ဒဏ်ရာတော့မရခဲ့ပေ။
လုံချန် သည် နတ်ဆိုးမီးလုံးများကို ဆက်တိုက်ရှောင်တိမ်းနေရင်း နောက်ဆုံး ဆယ်လုံးမြောက်ကိုတော့ မရှောင်နိုင်တော့ပါ။ ထို့ကြောင့် မိုးကြိုးမီးလျှံစွမ်းအားကို အပြည့်အဝထုတ်လွှတ်လိုက်ကာ ထိုက်ချွမ်နဂါးတံဆိပ် ထဲသို့ အလျင်အမြန် ပို့လွှတ်ပြီး တန်ပြန် တိုက်ခိုက်လိုက်ရသည်။
ဝုန်း....
ဆယ်လုံးမြောက် နတ်ဆိုးမီးလုံးလဲ ချက်ချင်း ပေါက်ကွဲထွက်သွား၏။ ထို့နောက် လုံချန်က မြှားတစ်စင်းကဲ့သို့ သွေးမီးလျှံနတ်ဆိုးသားရဲထံ တည့်တည့်ပြေးဝင်သွားလိုက်သည်။
နတ်ဆိုးသားရဲများ၌ များသောအားဖြင့် အလွန် သန်မာအားကောင်းသည့် ခန္ဓာကိုယ်များ ပိုင်ဆိုင်ကြသည်။ လူသားများကဲ့သိက့ အပြင်းအထန်ကျင့်ကြံပြီး ဖန်တီးယူရသည်နှင့် နှိုင်းယှဉ်ပါက သားရဲများ၏ မွေးရာပါခန္ဓာကိုယ်ဟာ ပိုပြီးသန်မာလေသည်။
လုံချန် ပြေးဝင်လာကြောင်း မြင်လိုက်သည့်အခါတွင် သွေးမီးလျှံသားရဲကြီးက ဒေါသထွက်သွားပုံရလေ၏။ သံမဏိထက်ပင် ပိုပြီးမာကြောသည့် လက်သည်းကြီးများကို မြှောက်၍ လုံချန် ဆီ ရိုက် ချလိုက်ပါသည်။
လုံချန် သည် တုန်လှုပ်သွားခြင်းတော့ မရှိချေ။ သို့သော် သွေးမီးလျှံသားရဲ၏ ဧရာမနတ်ဆိုးလက်ကြီး ကျဆင်းလာသည့် ဖိအားကြောင့် အနည်းငယ် အသက်ရှူကျပ်သွားရသည်။
“ငါ့ရဲ့ မိုးကြိုးမီးလျှံခန္ဓာကိုယ် က မင်းလို သားရဲတစ်ကောင်ကို ကြောက်စရာလား...” လုံချန် သည် ကြုံးဝါးပြီးနောက် လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်။ လက်သီးသေးသေးလေးတစ်ချက်က ဧရာမနတ်ဆိုးလက်သည်းကြီးကို တည့်တည့်ထိုးချလိုက်သည်။ ထို့အတူ အလွန်တရာ ပြင်းထန်လှသော တန်ပြန်အားက လူသားတစ်ယောက်နှင့် သားရဲတစ်ကောင်ကို အသီးသီး နောက်ပြန်လွင့်ထွက်သွားစေသည်။
သွေးမီးလျှံသားရဲကြီးက အံ့အားသင့်နေပုံရ၏။ သေးငယ်လှသော လူသားကောင်လေးက ၎င်း၏နတ်ဆိုးလက်သည်းကို ခန္ဓာကိုယ်အပြင်အားသက်သက်ဖြင့် ခုခံနိုင်ခဲ့လို့ပင်။ ဤအခြေအနေက သွေးမီးလျှံသားရဲကြီးကို ပိုမို ဒေါသထွက်သွားစေလေသည်။
ဂါး....
၎င်း၏ဧရာမခန္ဓာကိုယ်ကြီးက လုံချန် ဆီသို့ ခုန်ဝင်လာခဲ့သည်။
“ဟမ်... မင်းရဲ့ သားရဲခန္ဓာကိုယ်က အရမ်း လေးလံ ပြီး ထိန်းချုပ်လို့မရတာကို ငါ နဲ့ အနီးကပ် တိုက်ပွဲ ဆင်နွှဲချင်နေသေးတာလား...” လုံချန် သည် အေးစက်စက်ရယ်ရင်း နဝမကောင်းကင်နဂါးခြေလှမ်း ကို ထပ်မံအသုံးပြုလိုက်၏။ သူက ချက်ချင်းပင် ဧရာမသားရဲခန္ဓာကိုယ်ကြီး အောက်ကနေ ခုန်ထွက်လိုက်ပါသည်။ သွေးမီးလျှံသားရဲ၏ ခန္ဓာကိုယ်ကြီးက လုံချန်ကို အလွန် မသက်မသာ ခံစားရစေပါသည်။
“ကောင်းကင်လောင်ကျွမ်းခြင်း နတ်ဆိုးလက်သီး က အကန့်အသတ်မဲ့မီးစွမ်းအား ရှိတယ်။ ငါ့ အစစ်အမှန်ချီ ကလဲ မီးလျှံစွမ်းအင်တွေ ပါဝင်နေတာဆိုတော့ နှစ်မျိုးပေါင်းပြီး တိုက်ခိုက်ရင် ဘယ် လောက် အားကောင်းမလဲ မသိဘူး...” ဤအတွေးဖြင့် လုံချန် သည် သွေးမီးလျှံသားရဲ၏ ဒေါသပြင်းသော တိုက်ခိုက်မှုများကို အဆက်မပြတ် ရှောင်တိမ်းရင်း ကောင်းကင်လောင်ကျွမ်းခြင်း နတ်ဆိုးလက်သီး ကို ထုတ်သုံးရန် ပြင်ဆင်လိုက်ပါတော့သည်။
“ဒီ တိုက်ပွဲက တော်တော်လေးကြာနေပြီ။ အခုနောက်ဆုံး တိုက်ခိုက်မှုကို ထုတ်သုံးဖို့ အချိန်ကျပြီ...”
သွေးမီးလျှံနတ်ဆိုးသားရဲကြီးနှင့် အချိန်ကြာကြာတိုက်ခိုက်ပြီးနောက်တွင် လုံချန် သည် မိုးကြိုးမီးလျှံ ခန္ဓာကိုယ်၏ တိုက်ပွဲဝင်စွမ်းအားကို ကောင်းကောင်းသိရှိသွားခဲ့သည်။ သူ၏အစစ်အမှန်ချီက မတူညီသောစွမ်းအင်သုံးမျိုးပေါင်းစပ်ထားလို့သာ ဆန်းကြယ်တတိယအဆင့် သွေးမီးလျှံနတ်ဆိုးသားရဲကို ရင်ဆိုင်နိုင်ခဲ့ခြင်းဖြစ်လေသည်။ ပုံမှန်အတိုင်း တိုက်ခိုက်ပါက သူ့အစစ်အမှန်ချီဟာ မြေကမ္ဘာယွမ်အစောပိုင်းအဆင့် သာ ရှိနေသောကြောင့် ဆန်းကြယ်တတိယအဆင့်သားရဲကို ရင်ဆိုင်ဖို့မဖြစ်နိုင်ပေ။
နတ်ဆိုးမီးလုံးများ မကုန်နိုင် မခမ်းနိုင် သလိုပဲ ဖြစ် နေပြီး တိုက်ခိုက်မှု၏ နောက်ဆက်တွဲအကျိုးဆက်က သဲပြင်အနှ မီးတောက်မီးလျှံများ လောင်ကျွမ်းနေခဲ့ပြီဖြစ်သည်။ လုံချန် သည် မိုးကြိုးမီးလျှံခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်ဆိုသော်လည်း နတ်ဆိုးမီးတောက်များမှ ကြောက်မက်ဖွယ်အပူရှိန်ကိုခံစားနေရဆဲဖြစ်သည်။ သူက သွေးမီးလျှံနတ်ဆိုးသားရဲကြီးကို အနီးကပ်တိုက်ခိုက်နေရင်း နောက် ထပ် တိုက်ခိုက်မှုများ ထပ်မလွှတ်နိုင်အောင် တားဆီးခဲ့သည်။
“ဆန်းကြယ် တတိယအဆင့် သွေးမီးလျှံနတ်ဆိုးသားရဲတဲ့လား...မင်း အခု သေလို့ရပြီ...” လုံချန်က ကြုံးဝါးရင်း ၎င်း၏ခန္ဓာကိုယ်အောက်မှ ခုန်ထွက် လိုက်ပါသည်။ သွေးမီးလျှံသားရဲကြီးကလဲ လုံချန်၏ လှုပ်ရှားမှုကို အာရုံမပြတ်စိုက်ထားပုံရသည်။လုံချန် ခုန်ထွက်သွားသည် နှင့်တပြိုင်နက် နတ်ဆိုးမီးလုံး ခုနစ်လုံး ရှစ်လုံးလောက် ပျံထွက်လာပါတော့သည်။
ဤအချိန်တွင် လုံချန်၏ ပုံရိပ်က သွေးမီးလျှံများ လောင်ကျွမ်းနေပေသည်။ သူ့လက်သီးပေါ်၌ သွေးနီရောင်မီးတောက်တစ်ခု လျင်မြန်စွာပေါ်ထွက်လာပါသည်။ ထို့နောက် လုံချန်က အော်ဟစ်ရင်း ရှေ့တစ်လှမ်းတိုးကာ လက်သီးဖြင့် ထိုးလိုက်ပါတော့သည်။
“ကောင်းကင်လောင်ကျွမ်းခြင်း နတ်ဆိုးလက်သီး... သွေးမီးလျှံ ကောင်းကင် ကို လောင်ကျွမ်းစေ...”
မီးလျှံများလောင်ကျွမ်းနေသော လက်သီးအလယ်မှာလူသားမျက်နှာတစ်ခု ရှိနေသလိုပင်။ ဧရာမ မီးလျှံလက်သီးကြီးက နတ်ဆိုးမီးလုံးများကို တစ်လုံးပြီးတစ်လုံးဖောက်ခွဲလိုက်ကာ သွေးမီးလျှံနတ်ဆိုးသားရဲကြီး၏ ဦးခေါင်းတည့်တည့် ထိုးချလိုက်ပါတော့သည်။
ဘုန်း....
Translator#အနှောင်အဖွဲ့ကင်းမဲ့သူ
.(သွေးနဂါးလုံချန်)
ဘာသာပြန်သူ -
အနှောင်အဖွဲ့ကင်းမဲ့သူ
(စာစဉ် - ၉)
အပိုင်း ၁၀၈
ကောင်းကင်လောင်ကျွမ်းခြင်း နတ်ဆိုးလက်သီးချက်က သွေးမီးလျှံသားရဲ၏ ဦးခေါင်းကို တိုက် ရိုက် ထိုးချလိုက်ပါသည်။ လက်သီးချက်မှ ကြောက်မက်ဖွယ်စွမ်းအားက ဧရာမသားရဲခေါင်းကြီးကို ပွင့်ထွက်သွားစေခဲ့သည်။
သွေးမီးလျှံသားရဲကြီးဟာ မြေတုန်မတတ် ဟိန်းဟောက်သံတစ်ချက်သာ ထုတ်လိုက်နိုင်သည်၊ ဧရာမခန္ဓာကိုယ်ကြီးက သဲပြင်ပေါ် လဲကျသွားပါတော့သည်။ ဤအခိုက်အတန့်တွင် သဲပြင်အနှံ့ လောင်ကျွမ်းနေသည့် မီးတောက်များနှင့် ပေါက်ကွဲသံများသာမကဘဲ ပတ်ဝန်းကျင်တစ်ခုလုံးလဲ ငြိမ်သက်သွား၏။
လုံချန် သည် သွေးမီးလျှံနတ်ဆိုးသားရဲကို သတ်နိုင်ခဲ့သည့်အတွက် အလွန် စိတ်လှုပ်ရှားနေပါသည်။ သူက ကြေမွနေသော သားရဲဦးနှောက်ထဲကို လက်နှိုက်၍ လက်သီးဆုပ်အရွယ် အနီရောင်အလုံးလေးတစ်လုံးကို ထုတ်ယူလိုက်ပါသည်၊ ၎င်းက ဆန်းကြယ်တတိယအဆင့် နတ်ဆိုးသားရဲအမြုတေပင် ဖြစ်သည်။ ထို့နောက် သားရဲ ဝိညာဉ်ပုလဲကို မေ့လျော့မနေဘဲ တစ်ခါတည်း ထုတ်ယူလိုက်၏။
“ဒီ ပစ္စည်း နှစ်ခု ရခဲ့တာ တကယ့် ရတနာတွေ ရှာ တွေ့ခဲ့သလိုပဲ...”
သွေးမီးလျှံနတ်ဆိုးသားရဲ က ဆန်းကြယ် တတိယ အဆင့် နတ်ဆိုးသားရဲ တစ်ကောင် ပင်။ ၎င်း၏ သားရဲအမြုတေနှင့် ဝိညာဉ်ပုလဲက သေချာပေါက် ထောက်ပံံ့ရေးရမှတ် အများအပြား လဲလှယ်နိုင်ပါလိမ့်မည်။
သို့သော် လုံချန် သည် လောလောဆယ်မှာ မိုးသောက်ကုန်သည်အဖွဲ့ ဆီသို့ သွားရောက်ရန် ကြောက်ရွံ့နေမိသည်။ ၎င်းတို့သာ သူ၏ မိုးကြိုးမီးလျှံခန္ဓာကိုယ်ကို သတိထားမိသွားပါက ပြဿနာတက်နိုင်ပါသည်။ ကျန်ရှိသောနေရာကတော့ အစိမ်းရောင်နေမင်းဌာနခွဲ၏ ရတနာလဲလှယ်ရာခန်းမ ပင်။လက်ရှိ သူ လိုအပ်နေတာကလဲ ထောက်ပံ့ရေးရမှတ်များပင်မဟုတ်ပါလား။
လုံချန် သည် ဆန်းကြယ် တတိယအဆင့် ဝိညာဉ်ပုလဲကို သန့်စင်ပြီးနောက် ဝါးမျိုခြင်းကျင့်စဉ်ကို ထုတ်ဖော်၍ သွေးမီးလျှံသားရဲ၏ နတ်ဆိုးသွေးအဆီအနှစ် ကို ဝါးမျိုရန် ပြင်နေခဲ့သည်။ သို့သော်လည်း ရုတ်နရကရုတ်တရက်ဆိုသလိုပင် သူ့မြင်ကွင်းထဲသို့ လူအုပ်စုတစ်စု ပေါ်လာခဲ့၏။ ၎င်းတို့က လုံချန် ရှိနေသည့်လမ်းကြောင်းအတိုင်း အရှိန်ဖြင့် ပြေးလာနေကြသည်။
လုံချန် သည် အဓိကအချက်ကို သတိပြုမိခဲ့သည်။ သွေးမီးလျှံသားရဲနှင့် တိုက်ပွဲက အလွန် ပြင်းထန်ခဲ့သောကြောင့် လူတိုင်း သဲကန္တာရဆီသို့ ဦးတည်ရောက်လာကြခြင်းဖြစ်သည်။ လူတိုင်းက အတော်ဆုံး ပါရမီရှင်များ ဖြစ်ကြလေရာ အရှိန်က သဘာဝ အလျောက် အလွန် လျင်မြန်ပါသည်။ လုံချန် သည် သားရဲဝိညာဉ်ပုလဲ ကို သန့်စင်ပြီးရုံသာရှိသေး အသက် ၁၉ နှစ်ဝန်းကျင်ရှိ လူငယ် သုံးယောက်က သူ့ကို ချက်ချင်း ဝိုင်းရံထားကြောင်း သတိပြုမိလိုကိပါသည်။ ခဏအကြာတွင် ကျန် လူတွေလဲ အလျင် အမြန် ရောက်လာကြ၏။
လုံချန် ကို မြင်လိုက်သည့် အချိန်မှာတော့ လူတိုင်း အံ့အားသင့်သွားကြပါသည်။ ထိုလူငယ်လေးက ဘယ်ဌာနခွဲကနေ လာခဲ့ကြောင်း ဘယ်သူမှမသိကြလို့ပင်။
ပထမဆုံး ရောက်လာသော လူငယ် သုံးယောက်က မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ပါရမီရှင်များချည်း ဖြစ်ခဲ့သည်။ အသက်ငယ်ရွယ်သော်လည်း သန်မာသောခွန်အားပိုင်ဆိုင်ထားသည့်အတွက် ကြယ်သုံးပွင့်အဆင့် ပါရမီရှင်များ ဖြစ်ကြကြောင်း သက်သေပြနေပါသည်။ လုံချန် သည် သားရဲအမြုတေကို သိုလှောင်အိတ်ထဲ ထည့်လိုက်ရင်း အနည်းငယ်ပြုံးကာ ပြောလိုက်ပါသည် ...
“မင်းတို့ ငါ့ကို ဝိုင်းကြည့်နေတဲ့ ပုံစံအရဆို ငါ က အရမ်းဆွဲဆောင်မှု ရှိနေတယ်လို့ ထင်နေကြတာ လား။ အခုချက်ချင်း ငါ့ကို စိတ်ဝင်စားနေကြပြီ လား”
လူငယ် သုံးယောက်လဲ အံ့အားသင့်သွားကြ၏။ သို့သော် တစ်ယောက် က အေးစက်စွာ ပြောလိုက်လေသည် “မင်း ဘယ်ဌာနခွဲက တပည့်လဲ။ ငါ ဘာလို့ မင်းကို တစ်ခါမှ မမြင်ဖူးရတာလဲ...”
“အဲ့ မေးခွန်း ကို ငါက မေးသင့်တာလေ။ မင်းတို့ ဘယ်သူတွေလဲ၊ ငါ ဘာလို့ မင်းတို့ကို တစ်ခါမှ မမြင်ဖူးရတာလဲ...” ကောင်းကင်စစ်သည်ခန်းမထဲ၌ ရှိနေစဉ်က ထိုလူငယ်များကို မြင်တွေ့ဖူးသည့်တိုင်အောင် ဘယ်ဌာနခွဲကနေ လာသလဲတော့မသိခဲ့ပါ။
“ငါ တို့ ဟာ အစိမ်းရောင်လက်နက်ခန်းမ က ပဲ။ ကလေး၊ ပြော ပါ။ ဒီ သွေးမီးလျှံနတ်ဆိုးသားရဲ ကို မင်း သတ်ခဲ့တာလား...”
လက်ရှိ လုံချန် သည် နဂါးဝိညာဉ်ခန္ဓာကိုယ်အဖြစ် အသွင်ပြောင်းလဲထားသည့်အပြင် သူ့ဆီကနေ သားရဲဘုရင်၏အငွေ့အသက်များပင် ရှိနေသေးသည်။ သို့သော် သူတို့ မျက်လုံးထဲမှာတော့ လုံချန် သည် သွေးမီးလျှံနတ်ဆိုးသားရဲ ကို သတ်နိုင် လောက်အောင်အထိ အားကောင်းနေပုံမရပေ။
“မင်းတို့ ဘာတွေပြောနေတာလဲ” လုံချန် က သူတို့ ကို လှောင်ပြောင်ရင်း ပြန်ပြောလိုက်ပါသည် “ငါ့လို အဆင့်နိမ့်မြေကမ္ဘာယွမ်အဆင့်လေးက ဒီလို ကြီးမားတဲ့ နတ်ဆိုးသားရဲကို ဘယ်လို သတ်နိုင်မှာလဲ။ အရင်ဆုံး ရှာတွေ့တဲ့သူက ပိုင်ဆိုင်နိုင်တယ်လို့ ငါထင်တယ်။ ဝိညာဉ်ပုလဲ နဲ့ သားရဲအမြုတေ က ငါ့အပိုင်တွေပဲ။ မင်းတို့ ငါ့ကို လုယက်ချင်နေကြတာလား...”
အစိမ်းရောင်လက်နက်ခန်းမ၏ ပါရမီရှင် သုံးယောက်လဲ တစ်ယောက် နှင့် တစ်ယောက် အကြည့် ချင်း ဖလှယ်လိုက်ကြသည်။ သူတို့ မျက်လုံးတွေထဲ မှာ လောဘအရိပ်အယောင်များ ပေါ်နေပါသည်။ လုံချန် သည် သူတို့ သုံးယောက်အဖွဲ့ကို ကြောက်ရွံ့မနေသည့်ပုံစံကြောင့် အနည်းငယ် သံသယရှိနေသော်လည်း သူတို့၏နှလုံးသားထဲမှ လောဘ ကို မဖိနှိပ်နိုင်ခဲ့ပါ။
“သွား...”
သုံးယောက်သား ချက်ချင်း လှုပ်ရှားလိုက်ကြပြီး လုံချန် ကို အဖက်ဖက်ကနေ တိုက်ခိုက်လာကြသည်။
“တကယ်ပဲ ငါ့ ကို လုယက်ချင်နေကြတာကိုး...”
ထိုလူငယ် သုံးယောက် ပေါ်လာချိန်ကတည်းက လုံချန် သည် ကြိုပြီးသိနှင့်နေခဲ့သည်။ ၎င်းတို့က သွေးမီးလျှံနတ်ဆိုးသားရဲ၏ အလောင်းကို လိုချင်နေပုံပါ။ ထို့အပြင် သူတို့ စိတ်ထဲမှာ လုံချန် သည် ရတနာတစ်ခုကို အမှတ်မထင်တွေ့ခဲ့သည့် သာမန်တပည့်တစ်ယောက်သာ။ သူတို့ သုံးယောက်ပေါင်း အင်အားဖြင့်ဆိုပါက လွယ်ကူစွာ ကိုင်တွယ်နိုင်မည်ဟု ထင်နေကြလေသည်။
အဓိကကတော့ သုံးယောက်စလုံးက မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ပါရမီရှင်များ ဖြစ်နေလို့ပင်။ တစ်ယောက်ချင်းစီ က သွေးမီးလျှံနတ်ဆိုးသားရဲကို မယှဉ်နိုင်သော်လည်း အတူပူးပေါင်းရင်တော့ သေချာပေါက် သတ်ဖြတ်နိုင်ပေသည်။
သို့ရာတွင် လုံချန် သည် ထိုလူငယ် သုံးယောက်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် အစီအစဉ် မရှိချေ။ ရုတ်တရက်ဆိုသလို သွေးမီးလျှံနတ်ဆိုးသားရဲ၏ ရင်ဘတ်ကနေ အပေါက်တစ်ခု ဖောက်ကာ ထွက်ပြေးလေတော့သည်။ လုံချန် ထွက်ပြေးသည်နှင့် တစ်ချိန်တည်းမှာပင် သွေးမီးလျှံနတ်ဆိုးသားရဲ၏အလောင်းကြီးကလဲ အရှိန်ဖြင့် ဖြည်းညှင်းစွာ ရွေ့လျားလာခဲ့သည်။
“ထွက်ပြေးနေတာလား...”
လူငယ် သုံးယောက်၏မျက်နှာအမူအရာက ပြောင်း သွားပါသည်။ သူတို့က တုံ့ဆိုင်းမနေဘဲ လုံချန် နောက်ကို ပြေးလိုက်လာကြတော့သည်။ သွေးမီးလျှံနတ်ဆိုးသားရဲ၏အလောင်း က ဖြည်းညှင်းစွာ ရွေ့နေသော်လည်း အလောင်းဟာ တဖြည်းဖြည်း ခြောက်သွေ့လာနေသည်ကို မြင်နေရလေသည်။ မျက်တောင် တစ်ချက်ခတ်စာအတွင်းမှာပင် သွေးမီးလျှံနတ်ဆိုးသားရဲအလောင်းကောင်ကြီးက အသားခြောက်ကဲ့သို့ ခြောက်သွေ့သွားပါတော့သည်။
လူငယ် သုံးယောက်စလုံး အလွန်အံ့အားသင့်သွားခဲ့ကြသည် “ဘာဖြစ်နေတာလဲ။ ဘာလို့ ဒီလိုဖြစ်သွား ရတာလဲ...”
သို့သော် စဉ်းစားချိန်မရဘဲ သုံးယောက်သား ရှေ့ ဆက် ပြေးလာပြီး ခြောက်သွေ့နေသည့် သွေးမီးလျှံနတ်ဆိုးသားရဲအလောင်းကို ဆွဲယူချင်ကြသည်။ ဒီအချိန်မှာပဲ ခြောက်သွေ့နေသောသားရဲအလောင်းကောင်ကြီးက ရုတ်တရက် ပေါက်ကွဲထွက်သွား ပါတော့သည်။ သွေးစနှင့် အသားစများ နေရာအနှံ့ လွင့်စင်နေလေသည်။ ထိုအထဲမှ အကြီးဆုံး အသားစ တစ်ခုဟာ လူငယ် သုံးယောက် ဆီသို့ ရိုက် ချလိုက်ပါသည်။
သာမန် အသားခြောက်လို ထင်ရသည့် အသားစ မှာ အင်အား အများကြီးပါနေသေးသည့်အတွက် သုံးယောက်စလုံး တိခနဲ ရပ်တန့်သွားရပါတော့သည်။
ဤအချိန်တွင် သွေးနီရောင်အလင်းတန်းများ ကောင်းကင်တစ်ခုလုံးကို ပြည့်နေခဲ့သည်။ တစ်ချိန်တည်းမှာပင် ရုတ်တရက် ပျောက်ကွယ်သွားသည့် လုံချန် က လူငယ် သုံးယောက်ရှေ့မှာပဲ ပြန်ပေါ်လာခဲ့၏။ ထူးခြားချက်မှာ သူ၏မျက်လုံးများက သွေးနီရောင်သမ်းနေကာ အကြည့်ကလဲ အရင်ကထက် ပိုမိုစူးရှပြီးပြတ်သားနေလေသည်။ အမှန်စင်စစ် လုံချန် သည် သွေးမီးလျှံနတ်ဆိုးသားရဲ၏ သွေးအဆီအနှစ်ကို ဝါးမျိုပြီး ယခင်ထက် အနည်းငယ်အားကောင်းလာပုံရသည်။
“ကောင်လေး... နောက်ဆုံးတော့ မင်း ထွက်မပြေးနိုင်တော့ဘူးမဟုတ်လား။ သွေးမီးလျှံနတ်ဆိုးသားရဲ ရဲ့နတ်ဆိုးအမြုတေ နဲ့ ဝိညာဉ်ပုလဲကို လွှဲပေးလိုက်။ ပြီးတော့ ငါတို့ မင်းကို မသတ်တာ ကိုပဲ ဆုလာဘ်လို့ မှတ်ထားလိုက်...”
လုံချန် သည် လူငယ်၏စကား ကို ဂရုမစိုက်ပဲ လှောင်ပြုံး ပြုံးလိုက်ပါသည်။ ဤအချိန်တွင် သူ့ခန္ဓာကိုယ်ထဲမှာ ပွက်ပွက်ဆူနေသည့် နတ်ဆိုးသွေးစွမ်းအင်ကို အပြည့်အဝဖိနှိပ်နိုင်ခဲ့ပြီဖြစ်သည်။ ထို့အတူ သူ၏ မူလဒန်တျန်ကလဲ ယခင်ထက် အရွယ်အစား သေးလာပြီး ပိုမို အားကောင်းလာခဲ့သည်။ အရင် မြေကမ္ဘာယွမ်အဆင့် မူလဒန်တျန်ကအရွယ်အစား အဆင့် ၉ ဆိုလျှင် လက်ရှိမှာတော့ အဆင့် ၈ အရွယ်အစားလောက်သာ ရှိနေခဲ့သည်။ လုံချန် သည် အနည်းငယ် အားရကျေနပ်သွား၏။ သူသာ ဆက်ပြီးသိပ်သည်းနေပါက မူလဒန်တျန်ဟာ အရွယ်အစား ပိုသေးငယ်လာပါလိမ့်မည်။ အကယ်၍ သူသာ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့်သို့ တက်လှမ်းသွားခဲ့ရင်တော့ မူလဒန်တျန်က သစ်သီးစေ့ အရွယ်အစားလောက်သာ ကျန်ရှိနေပေမည်။ ခြွင်းချက်မှာ သူ့ အစစ်အမှန်ချီ လုံလောက်မှသာ အဆင့်တက်နိုင်မည်ဖြစ်သည်။
ယခင်က သူသည် မြေကမ္ဘာယွမ်အလယ်အလတ်အဆင့် ဝင်ပေါက်မှာ ပိတ်မိနေခဲ့သည်ဟု ဆိုနိုင်သည်။ ဆန်းကြယ် ဒုတိယအဆင့် နတ်ဆိုးသားရဲ အများအပြားကို ဝါးမျိုသန့်စင်ပြီးနောက်မှာ အစစ်အမှန်ချီပမာဏ လုံလောက်လာခဲ့သည်၊ လက်ရှိမှာ လုံချန် ပိုင်ဆိုင်ထားသည့် အစစ်အမှန်ချီပမာဏက မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့်နှင့် အလှမ်းမဝေးတော့ပေ။ သွေးမီးလျှံနတ်ဆိုးသားရဲ ၏အဆီအနှစ်ကို သန့်စင်ပြီးနောက် သွေးချီစွမ်းအင်ပမာဏက ပိုမိုသိပ်သည်းလာပါတော့သည်။ အကျိုးဆက်အနေဖြင့် လုံချန်၏ မြေကမ္ဘာယွမ်အစောပိုင်းအဆင့် မူလဒန်တျန်ဟာ ပိုပြီးအားကောင်းလာခြင်းပင်။ ၎င်း၏ရလာဒ်ကတော့ သူ့ကို မြေကမ္ဘာယွမ်အလယ်အလတ်အဆင့် သို့ တက်လှမ်းနိုင်စေခဲ့သည်။ ထို့အတူ လက်ရှိမှာ လုံချန်၏ အစစ်အမှန်ချီ ပမာဏက ယခင်ထက် အဆများစွာ သိပ်သည်းခဲ့သည်။
“ဒါက မြေကမ္ဘာယွမ်အလယ်အလတ်အဆင့် ရဲ့ စွမ်းအား လား...” ယခင်က မြေကမ္ဘာယွမ်အစောပိုင်းအဆင့် ခွန်အားဖြင့် ဆန်းကြယ် တတိယအဆင့် သွေးမီးလျှံနတ်ဆိုးသားရဲ ကို သတ်နိုင်ခဲ့၏။ ယခုအခါ ခွန်အား မြင့်တက်လာသည့်အတွက် လုံချန်က သူ့ရှေ့မှာ ရပ်နေသည့် လူငယ် သုံးယောက်ကို ဂရုမစိုက်တော့ပေ။
“နောက်တစ်ခါ ဟို သောက်ရူးကောင်... ဖုန်းဝူထျန်း နဲ့ တိုက်ခိုက်တဲ့ အချိန်ကျရင် သူ့ကို ဘယ်လို အံ့အားသင့်စရာ ပေးရင်ကောင်းမလဲ မသိဘူး...” ဤအတွေးကြောင့် လုံချန် သည် အလွန် စိတ်လှုပ်ရှား နေလေသည်။
သူသည် မြေကမ္ဘာယွမ်အလယ်အလတ်အဆင့် သို့ တက်လှမ်းနိုင်ခဲ့သလို မိုးကြိုးမီးလျှံကျင့်ကြံသူ တစ်ဖြစ်လည်း မိုးကြိုးမီးလျှံ ပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပြီဖြစ်သည်။ ကောင်းကင်စစ်သည်နယ်မြေ ကို သူ ရောက်လာရသည့် ရည်မှန်းချက်က ပြည့်မှီသွားခဲ့ပြီဟု ဆိုနိုင်ပါသည်။ နောက်တစ်ခုက သူ့ညီမဖြစ်သူ ယန်လင်းချင် အတွက် နိဗ္ဗာနသလင်းနတ်ဓား ကို အရယူပေးရန်ပင်။
လုံးချန် အတွေးဝင်နေချိန် အခြားတစ်ဖက်မှာတော့မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် လူငယ် သုံးယောက်ဟာ လုံချန်၏ခွန်အား ရုတ်တရက်အားကောင်းလာမှန်း ခံစားမိကြသည်၊ သို့ရာတွင် မြေကမ္ဘာယွမ်အလယ်အလတ်အဆင့်သာ ဖြစ်နေသေးရာ ဂရုမထားကြတော့ပေ။ သူတို့အထဲမှ တစ်ယောက်ချင်းစီကပင် လုံချန် ကို အလွယ်တကူ သတ်နိုင်၏။ သို့သော်လည်း ပြိုင်ပွဲ အတွင်း အထက်အာဏာပိုင်များက ပဋိပက္ခများ၊ ပြဿနာများ မဖန်တီးရန် အပြင် လူမသတ်ရန်ပါ သတိပေးထားကြသည်။ ထို့ကြောင့် လူငယ် တစ်ယောက်က အေး စက် စွာ ပြောလိုက်ပါသည်...
“ကောင်လေး... နောက်ဆုံး အခွင့်အရေး တစ်ခါ ထပ်ပေးမယ်။ မနာခံတဲ့အတွက် မင်း သေသွားရင် ငါ တို့ ကို အပြစ်မတင်လေနဲ့...”
“ငါ သုံးအထိ ရေတွက်မယ်... သုံး ပြည့်လို့မှ လက်လွှဲမပေးသေးရင် ငါတို့ အားလုံးက လင်းဝူမိသားစုရဲ့အဖွဲ့ဝင်တွေ ဖြစ်နေတာကို ဂရုမစိုက်တော့ဘူး။ နတ်ဆိုးအမြုတေနဲ့ ဝိညာဉ်ပုလဲ ကို လက်လွှဲမပေးဘူးဆိုရင် မင်း သေရမယ်လွှတ် ...”
ဤအချိန်တွင် လုံချန် သည် သူ့ခန္ဓာကိုယ်ထဲမှအကန့်အသတ်ရောက်နေသည့် အင်အားများကို ခံစားမိရင်း သူ့အစစ်အမှန်ခွန်အားကို စမ်းသပ်ကြည့်ချင် စိတ်ပြင်းပြလာပါသည်။
“မင်းတို့ အရူးသုံးယောက်ကိုမှ ငါ အနိုင်မယူနိုင်ဘူးဆိုရင် ငါ လူမဟုတ်တော့ဘူး...” လုံချန်သည် အေးစက်စက်ပြန်ပြောလိုက်၏။ လူငယ် သုံးယောက်လဲ ဒေါသထွက်သွားကြသည်။ သူတို့ လှုပ်ရှားရန် ပြင်လိုက်ချိန်မှာပဲ လေထုထဲ၌ မီးရှူးမီးပန်းတစ်ခု ရုတ်တရက် ပျံတက်လာပြီး ကျယ်လောင်စွာ ပေါက်ကွဲသွားခဲ့သည်။ သုံးယောက်စလုံးအံ့အားသင့်သွား ကြ၏၊ သို့သော်လည်း ချက်ချင်းဆိုသလို တစ်ယောက်နှင့် တစ်ယောက် လှည့်ကြည့်လိုက်ကြသည်။
“ဒါက နှလုံးဖောက်နတ်ဆိုးသားရဲ ပေါ်လာပြီဆိုတဲ့ အဓိပ္ပါယ်မဟုတ်လား...”
“ဘာဆက်လုပ်ရမလဲ...”
လူတိုင်းက အရှိန်အမြင့်ဆုံးထိတင်ကာ အချက်ပြမီး ထွက်ပေါ်လာသည့်နေရာ ဆီသို့ အလျင်အမြန်သွားရန် ဆုံးဖြတ်လိုက်ကြတော့သည်။ သူတို့ရှေ့မှ လုံချန်ကို တစ်ချက်စိုက်ကြည့်ရင်း အဓိကအရာကိုသာ ဦးစားပေးလုပ်ဆောင်ဖို့ နားလည်ထားခဲ့သည်။ လုံချန် သည် သူတို့ကို တမင်ရန်စခဲ့သည့်အတွက် လင်းဝူမိသားစုထဲ၌ ရှိနေသရွေ့တော့ အချိန်မရွေး လက်စားချေလို့ရပေသည်။ ထို့ကြောင့် လူငယ် သုံးယောက်စလုံး ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်ပြီး သူတို့ဌာနခွဲ၏တပည့်များကို ဦးဆောင်၍ အချက်ပြမီး ထွက်ပေါ်လာရာဆီသို့ ပြေးသွားကြတော့သည်။
“လူတိုင်း.... ငါ့ နောက်ကနေ လိုက်လာခဲ့ကြ ...” လုံချန်ကို စူးစူးဝါးဝါး စိုက်ကြည့်နေခဲ့ပြီးနောက် အစိမ်းရောင်လက်နက်ခန်းမ၏ တပည့်ခေါင်းဆောင် သုံးယောက် ဟာ ရှေ့သို့ တဟုန်ထိုး ပြေးထွက်သွားကြသည်။
အစိမ်းရောင်လက်နက်ခန်းမ၏ ကျန်သော တပည့်အများစုဟာ မြေကမ္ဘာယွမ်အလယ်အလတ်အဆင့်မှာ ရှိနေကြသည်။ သူတို့၏အရှိန်ကို အမြင့်ဆုံးထိထုတ်ဖော်၍ နောက်ကနေ ပြေးလိုက်နေကြသည်။သို့သော် မြေကမ္ဘာယွမ်အစောပိုင်းအဆင့် ကို တက်လှမ်းပြီးစ လူငယ်တပည့် တစ်ယောက်ကတော့ အလှမ်းဝေးပြီး နောက်ဆုံး ကျန်နေခဲ့သည်။
လူငယ်လေးက ငိုကြွေးလုနီးနီး မျက်ရည်ကို ချုပ် ထိန်းရင်း လူအုပ်ကြီး၏အရှိန်ကို လိုက်မှီရန်ကြိုးစားခဲ့သည်။ သို့ရာတွင် နှလုံးဖောက်နတ်ဆိုးသားရဲ ထွက်ပေါ်လာခဲ့ပြီဖြစ်ရာ ဂိုဏ်းတူအစ်ကိုများက သူ့ကို အာရုံမထားကြတော့ပေ။ ထို့ကြောင့် လူငယ်လေး ဟာ အတော်ဝေးဝေး နောက်ကျ ကျန်နေခဲ့၏။
“နှလုံးဖောက်နတ်ဆိုးသားရဲ ထွက်ပေါ်လာပြီလား။ ငါလည်း အဲ့ဒီနေရာ ကို တစ်ချက်လောက် သွားကြည့် ရမယ်ထင်တယ်...” လုံချန်သည် အနည်းငယ်ရယ်မောပြီးနောက် အစိမ်းရောင်လက်နက်ခန်းမ က လူငယ်လေး နှင့်အတူ ဘေးချင်းယှဉ်ပြေးလိုက်လာပါတော့သည်။ လူငယ်လေးက လုံချန်ကို မြင်သောအခါ ခဏ အံ့အားသင့်သွားပြီးနောက်ခြိမ်းခြောက်ရင်း ပြောလိုက်ပါသည်။
“ငါ့ကို တိုက်ခိုက်ဖို့ မတွေးနဲ့။ ငါ့ရဲ့ စီနီယာအစ်ကို လီ၊ အစ်ကိုချန်း နဲ့ အစ်ကိုဝမ် တို့ က မင်းကို သေချာပေါက် ရိုက်နှက်လိမ့်မယ်...”
“အိုး.... မင်း ပြောနေတာ ငါ့ပစ္စည်းတွေကို လုယက် ချင်နေတဲ့ အဲ့သောက်ရူးသုံးကောင် ကို ဆိုလိုတာ လား...” လုံချန် သည် လုံးဝ ကြောက်ရွံ့မသွားဘဲ တဟားဟား အော်ရယ်လိုက်ပါသည်။
“ဘယ်လိုတောင် အဓိပ္ပာယ်မဲ့တဲ့ စကားလဲ။ သူတို့ မင်းရဲ့ ပစ္စည်းတွေကို လိုချင်တာက မင်းမှာ ခွန်အား မလုံလောက်လို့ပဲ။ ပြောရရင် မင်းမှာ ထိုက်တန်မှု မရှိလို့လေ...” လူငယ်လေး က တရားမျှတသောပုံစံဖြင့် ပြောလိုက်ပါသည်။
“တကယ်လား... ဒါဆို ငါ မင်းရဲ့ စီနီယာအစ်ကို သုံးယောက်စလုံးကို ဒီမှာ ထိန်းထားပြီးတော့ နှလုံးဖောက်နတ်ဆိုးသားရဲ ရှိတဲ့နေရာကို သွားလို့မရအောင် လုပ်နိုင်မယ်ဆိုတာ ... ယုံသလား...”
လူငယ်လေး သည် ခဏတာ အံ့အားသင့်သွားပြီး နောက် မထီမဲ့မြင် ရယ်လိုက်ပါသည်။
“အိပ်မက် မက်နေတာလား။ ငါ့ စီနီယာအစ်ကို သုံးယောက်က အစိမ်းရောင်လက်နက်ခန်းမ ရဲ့ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ပါရမီရှင်တွေပဲ။ မင်းလိုမျိုး သနားစရာကောင်းတဲ့ စွမ်းရည်လေး နဲ့ ဒီ လို ကြွားဝါရဲနေတာလား...”
“ငါ တကယ်မကြွားဝါပါဘူး။ မကြာခင်မှာ မင်း မြင် ရလိမ့်မယ်…” လုံချန် သည် အနည်းငယ် ရယ်မောလိုက်ပါသည်။ ထို့နောက် လူငယ်လေး၏ အံ့အားသင့်နေသော အကြည့်အောက်မှာပဲ သူ့အရှိန်က ကြောက်မက်ဖွယ်အဆင့်ထိ တိုးလာပါတော့သည်။ တစ်ချိန်တည်းမှာပဲ မြေကမ္ဘာယွမ်အစောပိုင်းအဆင့် လူငယ်လေးကို ချက်ချင်း ကျော်တက်သွားပြီး နောက်ဆုံးမှာတော့ လေပြင်းတစ်ချက် တိုက်ခတ်သွားသည့်အလား လူအုပ်စု၏ ရှေ့ဆုံးကိုပင် ရောက်သွားလေတော့သည်။