← Chapters

အခန်း (၁၀၉-၁၁၀)

Vol. 9 Ch. 109-110

အခန်း (၁၀၉-၁၁၀)

Vol. 9 Ch. 109-110

အပိုင်း ၁၀၉

“ဘယ်... ဘယ်လိုလုပ် သူက ဒီလောက် မြန်နိုင်တာလဲ”

အုပ်စု နောက်ဆုံးကနေ ပြေးလိုက်နေသည့် လူငယ်လေးလဲ အံ့အားသင့်သွားပြီး သူ့မျက်လုံးကို အလျင်အမြန် ပွတ်လိုက်သည်။ အမှန်တကယ်မြင်လိုက်ရတာကတော့ လုံချန်ဟာ လူအုပ်စု၏ အရှေ့ဆုံးကို အပြေးအလွှား ဦးဆောင်နေခဲ့သည့် မြင်ကွင်းပင်ဖြစ်သည်။

မြေကမ္ဘာယွမ်အစောပိုင်းဆင့် နှင့် အလယ်အလတ်အဆင့် ပါရမီရှင်အားလုံး လုံချန် ကျော်တက်သွားခြင်းခံရပြီးနောက် လူငယ်လေးနှင့် အလားတူမျက်နှာထားမျိုး ဖြစ်သွားကြသည်။

မကြာခင်မှာအစ်ကိုလီ၊ အစ်ကိုဝမ်၊ အစ်ကိုချန်း တို့လည်း လုံချန်ကို သတိထားမိသွားကြတော့သည်။ သူတို့လည်း အခြားတပည့်များလိုပင် အလွန်အံ့ဩနေခဲ့ကြသည်။ နှလုံးဖောက်နတ်ဆိုးသားရဲ သူတို့၏ အဓိက ဦးစားပေးချက်ဖြစ်နေသောကြောင့် အရှိန်အမြင့်ဆုံးတင်ပြီး တရကြမ်းပြေးလွှားနေကြခြင်းပါ။သို့ရာတွင် လုံချန်က မည်သို့မည်ပုံ လုပ်လိုက်သည်မသိ သူတို့ကို လိုက်မီလာခဲ့၏။

“ကောင်လေး... ငါတို့ရှေ့ကနေ ဝင်ရှုပ်ပြီး သေချင်နေတာလား” အစ်ကိုချန်း ဆိုသူက လုံချန်ကို မထီမဲ့မြင်ပြောရင်း ဆက်ပြေးလာလိုက်သည်။ အစကတော့ သူ့စကားကြောင့် လုံချန်ကို ကြောက်လန့်သွားစေမည်ဟု ထင်ခဲ့ပုံရ၏။ မမျှော်လင့်ဘဲ လုံချန်၏ပါးစပ်ထောင့်မှ မကောင်းဆိုးဝါးဆန်ဆန် အပြုံးတစ်ခု ပေါ်လာပြီး အစ်ကိုချန်း ထံ ခုန်ဝင်လာခဲ့သည်။ လုံချန်က အရှိန်ဖြင့် ပြေးဝင်လာသောကြောင့် အစ်ကိုချန်း၏ မျက်နှာအမူအရာက ပြောင်းသွားတော့သည်။

လုံချန် က နဝမကောင်းကင်နဂါးခြေလှမ်းကို ထုတ်သုံးထားသဖြင့် အရိပ်တစ်ခုလိုပင် ဖြစ်သွားပြီး အစ်ကိုချန်း နံဘေးကို အလျင်အမြန် ရောက်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ့လက်သီးကနေ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ် ပေါက်ကွဲအားက အစ်ကိုချန်း ကို ကြောက်ရွံ့မှုအပြည့် ဖြစ်သွားစေသည်။ သို့သော် တွေးနေရန်ပင် အချိန်မရတော့ဘဲ အံတင်းတင်းကြိတ်ကာ သူ၏အပြင်းထန်ဆုံးတိုက်ခိုက်မှုကို ထုတ်ဖော်၍ လုံချန် အား တန်ပြန်လိုက်သည်။

“ဒေါသပင်လယ် မုန်တိုင်းလက်ဝါး...”

“ကောင်းကင်လောင်ကျွမ်းခြင်း နတ်ဆိုးလက်သီး... သွေးမီးလျှံ ကောင်းကင်ကို လောင်ကျွမ်းစေ....”

ဝုန်း....

အရှိန်ပြင်းပြင်းနဲ့ ရှေ့ဆက်ပြေးနေသည့် လူနှစ်ယောက်က ပြင်းထန်စွာတိုက်ခိုက်လိုက်ကြသည်၊ လေထုထဲ၌ စွမ်းအားလှိုင်းများ ပေါက်ကွဲထွက်လာခဲ့သည်။ နောက်က ပြေးလိုက်နေသော လူအားလုံးလဲအံ့အားသင့်သွားကြပါသည်။ ဒီအချိန်မှာပဲ လုံချန် သည် ရှေ့ဆုံးကနေ ဦးဆောင် ပြေးနေသည့် အစ်ကိုချန်း ကို ကျော်တက်သွားပြီး လက်သီးတစ်ချက်ဖြင့် နောက်ပြန်ထိုးချလိုက်သည်ကို မြင်တွေ့ခဲ့ရသည်။ အစ်ကိုချန်း ၏ဝတ်ရုံရှည်ဟာ မီးလောင်ပြာကျသွားပြီး ပါးစပ်ထဲမှ သွေးတစ်လုတ် အန်ထုတ်လိုက်ရသည်။

“အစ်ကိုချန်း...”

“စီနီယာချန်း ...”

နောက်ကနေ အရှိန်နဲ့ပြေးလိုက်နေသည့် လူတိုင်းလဲ ဤမြင်ကွင်းကြောင့် အံ့အားသင့်သွားခဲ့ကြ၏။

အစ်ကိုချန်း အရိုက်ခံရပြီး အသက်ရှင်သလား၊ သေသလား မသိရသေးပေ။ ရှေ့က ပြေးနေသော တပည့်များက အလျင်အမြန်ပြေးသွားပြီး လဲကျနေသည့်အစ်ကိုချန်း ကို ကူညီဖေးမကြသည်။

ဤအချိန်တွင် လုံချန်က ရပ်တန့်မနေဘဲ နောက်တစ်ကြိမ် ထပ်ပြီးတိုက်ခိုက်လိုက်၏။ ကောင်းကင်လောင်ကျွမ်းခြင်းနတ်ဆိုးလက်သီးကို ထပ်မံထုတ်သုံးပြီး သူနှင့်အနီးဆုံးရှိ အစ်ကိုဝမ် ကို ထိုးချလိုက်ပါသည်။

“အစ်ကိုဝမ် ... သတိထား...”

ထိုအော်သံ ထွက်လာပြီး ဒေါသထွက်နေသာ အစ်ကိုဝမ် က ချက်ချင်းဆိုသလို သူ၏အပြင်းထန်ဆုံး တိုက်ခိုက်မှုကို ထုတ်ဖော်ပြီး လုံချန်နှင့် ရင်ဆိုင်လိုက်သည်။ သို့သော် လက်တွေ့ကတော့ အချိန်နောက်ပြန်လှည့်သွားသလိုပင်၊ အစ်ကိုဝမ် လဲ ထပ်ပြီး လွင့်ထွက်သွားခဲ့ရသည်။ လူတိုင်း အနီးကပ် သွားကြည့်လိုက်မှသာ အစ်ကိုဝမ် က အစ်ကိုချန်း ထက်ပင် ပိုပြီး အခြေအနေဆိုးကြောင်း မြင်တွေ့ခဲ့သည်။

“မဖြစ်နိုင်ဘူး...”

ဤအချိန်တွင် ကျန်သော မြေကမ္ဘာပြီးပြည့်စုံခြင်းအဆင့် အစ်ကိုလီ က သူ့ရှေ့ရှိ မြင်ကွင်းကို ကြည့်ရင်း မယုံနိုင်စွာအော်ဟစ်လိုက်သည်။ အစ်ကိုလီ က အဖွဲ့ခေါင်းဆောင်ဖြစ်သည့်အတွက် လူတိုင်း အသန်မာဆုံးလူကို စိုက်ကြည့်နေခဲ့သည်။ အစ်ကိုလီ က သူတို့၏နောက်ဆုံး မျှော်လင့်ချက်ပင်မဟုတ်ပါလား။

အစ်ကိုလီ က နှလုံးဖောက်နတ်ဆိုးသားရဲ ထွက်ပေါ်လာသည့် ဦးတည်ရာသို့ ဆက်သွားနေရင်း နောက်ပြန်လှည့်ကြည့်လိုက်ရာ သူ့ ဂျူနီယာချန်းနှင့် ဂျူနီယာဝမ်တို့ ဆိုးဆိုးရွားရွားဒဏ်ရာရနေသည်ကို တွေ့လိုက်ရသည်။ တစ်ချိန်တည်းမှာပင် လုံချန် သည် မကောင်းဆိုးဝါးဆန်ဆန် အပြုံးတစ်ခုနှင့်အတူ သူ့ထံ ဦးတည်ပြေးလာနေကြောင်း သတိပြုမိလိုက်၏။ ထိုအပြုံးက အစ်ကိုလီ အား ကျောရိုးတစ်လျှောက် အေးစက်သွားစေသည်။

“သောက်ကျိုးနည်း… ဒီကောင်က ဘယ်လိုအထူးအဆန်းသတ္တဝါလဲ။ ဒီနေ့ ငါ့ ကံ ဘာလို့ ဒီလောက် ဆိုးနေရတာလဲမသိဘူးါ ငါ ဘာလုပ်မိလို့ သူ့ကို ဒေါသထွက်စေမိတာလဲ...”

အစ်ကိုလီ၏တိုက်ခိုက်လိုစိတ် က လုံးဝ ပျက်ပြားသွားခဲ့သည်။ လုံချန် ချဉ်းကပ်လာသည်ကို မြင်လိုက်ချိန်မှာ ချက်ချင်း သူ့ခြေထောက်ကို တစ်ချက်ပုတ်ပြီး အရှိန်ကို အသားကုန်တင်ရင်း ထွက်ပြေးလေတော့သည်။

သူတို့အထဲမှာ အသန်မာဆုံး အစ်ကိုလီ ပင်လျှင် ထွက်ပြေးနေကြောင်း မြင်သောအခါ လူတိုင်း ရပ်တန့်သွားပြီး တစ်ယောက်နှင့်တစ်ယောက် ကြည့်ရင်း အံ့ဩမှုပြည့်နှက်နေသောအမူအရာများ ဆုံတွေ့နေကြသည်။ နောက်ဆုံးမှာ ရှိနေသော လူငယ်လေး ၏မျက်လုံးအစုံဟာ ပေါက်ထွက်လုနီးပါး ဖြစ်နေသည်။ ဆိုးဆိုးရွားရွား ဒဏ်ရာရနေသော အစ်ကိုဝမ်နှင့် အစ်ကိုချန်း တို့၏ဒဏ်ရာများကို ကြည့်ရင်း အံ့ဩနေတော့သည်။

“သူ… သူ... တကယ်ပဲ ဘယ်သူလဲ...” လူတိုင်းအတွက် နောက်ဆုံး မျှော်လင့်ချက် ဖြစ်သည့် အစ်ကိုလီ က အသက်လုပြီးထွက်ပြေးနေရင်း ဒေါသထွက်စွာ အော်ဟစ်လိုက်သည်...

“မင်း က ဘယ်သူလဲ... ဘယ်ဌာနခွဲက လာတာလဲ ။ ငါတို့ကြားမှာ ဘာရန်ငြိုးမှမရှိဘူးမဟုတ်လား။ ငါ့ဂျူနီယာညီငယ်နှစ်ယောက်ကို ဒဏ်ရာရအောင် လုပ်ပြီးပြီ။ မင်း မကျေနပ်သေးဘူးလား...”

“ငါတို့ကြား ရန်ငြိုးမရှိဘူးလား လို့ မင်း မေးရဲသေးတယ်ပေါ့။ မင်းတို့ အခုလေးတင်ပဲ ငါ့ပစ္စည်းတွေ လုယက်ချင်ခဲ့သေးတယ်လေ...”

“ငါ စကားနဲ့ပြောမိလိုက်ရုံပဲလေ။ ခွင့်လွှတ်ပေးလို့ ရမလား။ ငါတို့ အစိမ်းရောင်လက်နက်ခန်းမ က နိဗ္ဗာနသလင်းနတ်ဓား ပြိုင်ပွဲကနေ နုတ်ထွက်ပေးမယ်။ ဒါဆို လုံလောက်ပြီလား...” အစ်ကိုလီ က အော်ဟစ်ပြောဆိုနေသော်လည်း လုံချန်၏လူသတ်လိုစိတ်အပြည့်အငွေ့အသက်များ တစ်လှမ်းချင်း နီးကပ်လာသည်ကို ခံစားရသည်။ အစ်ကိုလီ က စိတ်ဝိညာဉ် ပြိုကွဲလုနီးပါးပင် ဖြစ်နေခဲ့သည်။

“မင်းတို့ နုတ်ထွက်တာမထွက်တာက ငါနဲ့ ဘာမှမဆိုင်ဘူး...”

အစ်ကိုလီ က လုံချန်နှင့် နှစ်မီတာ သုံးမီတာလောက်သာ ကွာတော့၏။ အစ်ကိုလီ၏ တင်ပါး တစ်ဖက်ကနေ တစ်ဖက်ကို လှုပ်ယမ်းနေသည့်မြင်ကွင်းအား မြင်လိုက်သည့်အခိုက် လုံချန်၏စိတ်ထဲမှာ အကြံတစ်ခု ပေါ်လာသည်။ သူက ချက်ချင်း အစ်ကိုလီ ကို ကျော်တက်သွားကာ ဖျတ်ခနဲပျောက်ကွယ်သွားခဲ့သည်။

အစ်ကိုလီ က ထိတ်လန့်နေဆဲပင်၊ သူ အသိဝင်လာသည့် အချိန်မှာတော့ လုံချန် က ပျောက်ကွယ်သွားပြီဖြစ်သည်။

“ဘာလို့… ဘာလို့ ငါ့ကို မတိုက်ခိုက်တာလဲ...”

အစ်ကိုလီ ၏မျက်နှာမှာ ရှုပ်ထွေးမှု ပြည့်နှက်နေသည်။ သူက ဖြည်းဖြည်းချင်း ရှေ့ကို လှည့်ကြည့်လိုက်သည်။ ဘယ်လောက်ပဲ တွေးနေနေ လုံချန်က သူ့အား လွှတ်ပေးခဲ့သည့်အကြောင်းရင်းကို နားမလည်နိုင်ခဲ့ပေ။

“အစိမ်းရောင်လက်နက်ခန်းမ ကို ကြောက်နေတာလား...” ဤအတွေးကြောင့် အစ်ကိုလီ လဲ နောက်ဆုံး ရှင်းပြချက်တစ်ခု ရသွားပုံပါ။ နောက်ပြန်လှည့်ပြီး တပည့်အုပ်စုထံသို့ ပြန်လျှောက်လာခဲ့သည်။ သို့ရာတွင် လူတိုင်းက သူ့ကို အံ့အားသင့်စွာ စိုက်ကြည့်နေခဲ့သည်၊ အစ်ကိုလီ က အံ့ဩသွားသည်။

“မင်းတို့ မျက်နှာတွေက ဘာလို့ အဲ့လို ဖြစ်နေတာလဲ”

“အစ်ကို...အစ်ကိုလီ… မင်း… မင်း အဝတ်အစား လုံးဝမရှိတော့ဘူး…”

အစ်ကိုလီ သည် သူ့အောက်ကို ငုံ့ကြည့်လိုက်ပြီး နားကွဲလုမတတ် အော်ဟစ်သံ ထုတ်လိုက်ပါသည်။

သေချာပါသည်၊ လုံချန်က သူ့ကို ကျော်တက်သွားသည့်ချိန်မှာပဲ အလေ့အကျင့်ရှိထားသလို သူ၏အောက်ပိုင်းဝတ်ရုံကို ချွတ်ယူသွားခဲ့ပုံရသည်။

...

“နှလုံးဖောက်နတ်ဆိုးသားရဲ က ဆန်းကြယ် စတုတ္ထအဆင့် နတ်ဆိုးသားရဲ တစ်ကောင်ပဲ။ တိုက်ခိုက်ရေးမှာ အရမ်းကြီးသန်မာတာမျိုး မဟုတ်ပေမယ့် ‘နှလုံးသားဝါးမျိုးခြင်း’ လို့ ခေါ်တဲ့ နည်းစနစ်တစ်ခု ရှိတယ်။ ဒါက လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ကို ပျက်စီးစေနိုင်တယ်၊ တကယ် သာမန်နည်းစနစ်မျိုး လုံးဝ မဟုတ်နိုင်ဘူး”

လုံချန် သည် နှလုံးဖောက်နတ်ဆိုးသားရဲ နှင့်ပတ်သက်သော မှတ်တမ်းမှတ်ရာများကို ပြန်ပြီးစဉ်းစားနေခဲ့သည်။

“လုံချန်… နင် အစ်ကိုလီ ဆိုတဲ့လူကို အဲ့လို လုပ်ခဲ့တာ တကယ်လား။ နင်… ယောက်ျားလေးတွေကို ကြိုက်နေတာလား…” နတ်ဓားထဲရှိ လင်းရှီ က အသံတိုးတိုးမေးလာခဲ့သည်။

လုံချန် သည် နဖူးမှ စီးကျလာသည့် ချွေးစေးများကို သုတ်ရင်း စနှုတ်ခမ်းကို တစ်ချက်တွန့်ပြီး မကျေမနပ် ပြန်ဖြေလိုက်၏...

“လှည့်စားတတ်တဲ့ မိန်းမငယ်လေး... ငါ မင်းရဲ့ အဝတ်တွေကို ဆွဲဖြဲပြီး ကုတင်ပေါ်မှာ မင်းကို တွန်းလှဲတဲ့အခါကျရင် ငါက ယောက်ျားလေးတွေကို ကြိုက်လားမကြိုက်လား ဆိုတာ မင်း သိသွားလိမ့်မယ်...”

“ဖွီ.... နင်က လူယုတ်မာပဲ...”

ရယ်မောသံနှင့် ကျိန်ဆဲသံများ ရောယှက်နေရင်း လုံချန် သည် ရှေ့ ခပ်လှမ်းလှမ်းရှိ သစ်တောထဲ၌ လူများစွာ ရှိနေသော အငွေ့အသက်များကို ခံစားမိလိုက်သည်။

ဤနေရာတစ်ခုလုံးသည် သဲကန္တာရ နှင့် လုံးဝ ကွဲပြားနေခဲ့သည်။ မြေဆီလွှာ သည် မည်းနက်ပြီး ပိုမိုကြွယ်ဝပုံရ၏။ ထို့ကြောင့် ရှေးဟောင်းသစ်ပင်ကြီးများ များပြားစွာပေါက်ရောက်လျှက် ဧရာမ သစ်တောကြီးအသွင် ဖြစ်နေပါသည်။ ၎င်းအပြင် တောင်ကုန်းငယ်များ၊ ကျောက်တုံး ကျောက်ခဲများ အများအပြား ပြန့်ကျဲလျှက်ရှိနေလေသည်။

လုံချန် သည် သစ်တောထဲကို ဝင်ရောက်လာပြီးနောက် သူ့ရှေ့ကို လှမ်းကြည့်လိုက်ရာ လူအတော်များများ ရောက်နေကြောင်း မြင်ခဲ့ရသည်။ တစ်ချိန်တည်းမှာ သူ့အငွေ့အသက်ကို ဖုံးကွယ်ပြီး ခပ်လှမ်းလှမ်း၌ ပုန်းအောင်းကာ အခြေအနေကို စောင့်ကြည့်ရန် ဆုံးဖြတ်ခဲ့သည်။

မကြာခင် လုံချန် သည် သစ်တောအတွင်းပိုင်းဆီကနေ နက်နဲသိမ်မွေ့ပြီး လျှို့ဝှက်ဆန်းကြယ်လှသော အငွေ့အသက်တစ်ခု ပျံ့လွင့်လာသည်ကို ခံစားမိလိုက်သည်။

“ဒီသစ်တောက အရမ်းထူထပ်ပြီး ပတ်ဝန်းကျင်ကလဲ စိုစွတ်နေတယ်။ နှလုံးဖောက်နတ်ဆိုးသားရဲ က အမှောင်ဒြပ်စင် သားရဲဆိုတော့ သဘာဝအလျောက် ဒီနေရာမှာ ဖုံးကွယ်နေမှာပဲ။ သွေးမီးလျှံနတ်ဆိုးသားရဲ နဲ့က လုံးဝကို ဆန့်ကျင်ဖက်တွေပဲ...”

အငွေ့အသက် ပျံ့လွင့်နေသည့် ဦးတည်ရာကို ဆက်လိုက်လာရင်း လုံချန် သည် အလျင်အမြန် ရှေ့ဆက်လာခဲ့သည်။ ခဏကြာပြီးနောက် ရှေ့မှာ လွင်ပြင်တစ်ခု ပေါ်လာခဲ့သည်။ လုံချန် သည် ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်၏ နောက်၌ ပုန်းအောင်းလိုက်ရင်း အခြေအနေကို စောင့်ကြည့်နေလေသည်။

ဤအချိန်တွင် နေရာအနှံ့ကနေ လူအများအပြား ဝင်ရောက်လာပြီး အနက်ရောင်သားရဲကြီးတစ်ကောင်ကို ဝိုင်းရံထားကြသည်။

“ဒါက နှလုံးဖောက် နတ်ဆိုးသားရဲ လား...” ဤနတ်ဆိုးသားရဲ က သွေးမီးလျှံနတ်ဆိုးသားရဲ ထက် အနည်းငယ်ပင် သေးငယ်နေသေးသည်။ ခြေထောက်လေးချောင်း ရှိပြီး ခေါင်းကနေ ခြေထောက်အထိ နက်မှောင်နေပါသည်။ အမွှေးအမျှင်တွေပေါ်မှာတော့ ထူးဆန်းသော အနီရောင်စက်ဝန်းတစ်ခုရှိကာ စည်းတံဆိပ်ပုံစံတစ်ခုလို ဖြစ်နေသည်။ အထင်ရှားဆုံးက သွေးနီရောင် မျက်လုံးကြီးနှစ်လုံး ဖြစ်သည်၊ ခြွင်းချက်မှာ မျက်လုံးနှစ်လုံးက မြူခိုးထုကြီးတစ်ခုလို ဖြစ်နေခြင်းပင်။ အနီးကပ် စိုက်ကြည့်မိပါက ၎င်း၏မျက်လုံးအကြည့်ကနေ လွတ်မြောက်နိုင်ဖို့မသေချာပါ။ ပုံပန်းသဏ္ဍာန်က ဝံပုလွေ သို့မဟုတ် ခွေးအကြီးတစ်ကောင်လိုပင်။ နှာခေါင်းရှည်လျားကာ ခြေ၊လက် လေးချောင်းကလဲ ချွန်ထက်နေသည်။ အမြီးပိုင်းက ဆံပင်စည်းနှောင်ထားသည့်အလား ဆူးချွန်များ ပြည့်ကာ မိုးပေါ်ထောင်နေလေသည်။ ထို့အပြင် ၎င်း၏အမြီးထဲ၌ အလွန်အားကောင်းသည့် တိုက်ခိုက်မှု တစ်ခု ကို ဖုံးကွယ်ထားပုံရသည်။

“မျှော်လင့်ထားသလိုပဲ… နှလုံးဖောက်နတ်ဆိုးသားရဲ က သွေးမီးလျှံနတ်ဆိုးသားရဲ ထက် အများကြီး ပိုအားကောင်းတယ်”

ဤအချိန်တွင် နှလုံးဖောက်နတ်ဆိုးသားရဲ က လူအများအပြား ဝိုင်းရံထားသောကြောင့် တဖြည်းဖြည်း ဒေါသထွက်လာနေခဲ့သည်။ သို့သော်လည်း လူအုပ်ထဲ၌ ၎င်း၏နှလုံးသားကို တုန်ခါစေသော လူအနည်းငယ်ရှိနေသောကြောင့် မလှုပ်ရှားရဲသေးဘဲ ငြိမ်သက်နေခဲ့ပုံရသည်။

နှလုံးဖောက်နတ်ဆိုးသားရဲ၏ ဉာဏ်ရည်က သွေးမီးလျှံနတ်ဆိုးသားရဲ ထက် အများကြီး ပို၍မြင့်မားခဲ့သည်။

ဝိုင်းရံထားသော လူအုပ်စု၏ နောက်ခပ်လှမ်းလှမ်းမှာလဲ ပါရမီရှင်အနည်းငယ် ရှိနေခဲ့သည်။ ဤအချိန်တွင် ကျန် ဌာနခွဲ ခုနစ်ခုမှ ပါရမီရှင်များ အားလုံး ရောက်ရှိနေခဲ့ပြီဖြစ်သည်။ ရောက်မလာသေးသည့် အဖွဲ့ကတော့ အစိမ်းရောင်လက်နက်ခန်းမ ပင်။ တချို့က အစိမ်းရောင်လက်နက်ခန်းမ ယခုထိ ရောက်မလာသေးသည့်အကြောင်းကို တွေးတောမိသော်လည်း ဘယ်သူမှ သိပ်ပြီးဂရုမစိုက်ကြပေ။

အစိမ်းရောင်လက်နက်ခန်းမ ရောက်လာခဲ့လျှင် တိုက်ပွဲမှာ အသုံးဝင်နိုင်သူ ဟူ၍ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် တပည့်များသာ။ လက်ရှိ ဤနေရာတွင် ရောက်နေသည့် လူ အယောက် ၁၀၀ အနက် မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ရောက်နေသူ အရေအတွက်က ဆယ်ယောက်လောက်သာ ရှိနေသည်။ ဖုန်းဝူထျန်း လို သာမန်မဟုတ်သော မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ကတော့ လက်ရှိ ပြိုင်ပွဲဝင်များထဲ ချူယွန်ယောင် ကသာ ယှဉ်နိုင်သည်။

ကျန်သော မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ပါရမီရှင်များ က အနီးစပ်ဆုံး အင်အားရှိသော်လည်းပဲ ထိုလူငယ်နှစ်ယောက်နှင့် ယှဉ်ပါက ကွာဟချက်များ ရှိနေသေး၏။ ဤအခိုက်အတန့်တွင် ဖုန်းဝူထျန်း နှင့် ချူယွန်ယောင် တို့ နှစ်ယောက်စလုံးက နှလုံးဖောက်နတ်ဆိုးသားရဲကို ရှေ့နဲ့ နောက် နှစ်ဖက်ညှပ် ဝိုင်းထားခဲ့သည်။

လုံချန် သည် ပုန်းအောင်းနေရင်း ဖုန်းဝူထျန်း ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ အလွန်စိတ်အားထက်သန်နေသည့် ပုံစံကို မြင်လိုက်သောအခါ လုံချန်၏နှုတ်ခမ်းထောင့်မှာ မထီမဲ့မြင်အပြုံးတစ်ခု ပေါ်လာခဲ့သည်။

“အခုလောလောဆယ် မင်း အရမ်းကို မာန်တက်နေဦးပေါ့။ ငါ လှုပ်ရှားလိုက်တဲ့အခါ မင်း အခုလို မာန်တက်နိုင်ဦးမလား... ကြည့်ချင်ပါသေးတယ်...”

လဲ့လင် ကိုလဲ လူအုပ်ထဲမှာ တွေ့လိုက်ရသည်။ ရက်အနည်းငယ် ကြာသွားပြီ ဆိုသော်လည်း လဲ့လင်၏ ပုံစံက အရင်အတိုင်းသာရှိနေခဲ့သည်။ သူမ၏မျက်လုံးထဲ၌ စိုးရိမ်ပူပန်မှုအပြည့်ဖြင့် ဖုန်းဝူထျန်း ကို စိုက်ကြည့်နေခဲ့လေသည်။

“သူမရဲ့ တင်ပါးပေါ်မှာ နီရဲနေတဲ့ လက်ဝါးရာကြီး ပျောက်သွားပြီလား မသိဘူး…”

လုံချန် သည် ပျော်ရွှင်စွာ တွေးတောရင်း ချူယွန်ယောင် ဆီ အာရုံစူးစိုက်လိုက်ပါသည်...

“ဒီမိန်းမလေး က အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ ရင့်ကျက်တဲ့ စရိုက်ရှိသလို တော်တော်လေး ဆွဲဆောင်မှုရှိတယ်။ လင်းရှီ ကြည့်နေလို့သာ ...မဟုတ်ရင် ငါ သူ့ကို လက်တစ်ဖက်တည်းနဲ့တင် ပွေ့ဖက်ထားချင်လိုက်တာ...”

လုံချန် အတွေးများနေစဉ်မှာပဲ လင်းရှီ က ရုတ်တရက် မေးခဲ့သည်...

“နင် ဘယ်လို မကောင်းတဲ့ အကြံအစည်တွေ ကြံနေပြန်ပြီလဲ”

လုံချန် သည် အံ့အားသင့်သွားပြီး ချက်ချင်း သက်ပြင်းချလိုက်ရပါသည်...

“ငါ တွေးနေတာ ကိုလား...။ ဘာလဲဆိုတော့ သူတို့လဲအမျိုးသမီးတွေ ဖြစ်နေပေမယ့် ဘာလို့များ ငါ့ လင်းရှီ က ဒီလောက် လှပပြီး သူတို့က အရမ်းရုပ်ဆိုးနေရတာလဲ မသိဘူး...”

ဤအချိန်တွင် နှလုံးဖောက်နတ်ဆိုးသားရဲ က နောက်ဆုံးမှာ ဒေါသကို မထိန်းချုပ်နိုင်တော့ဘဲ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပုံရ၏။

Translator#အနှောင်အဖွဲ့ကင်းမဲ့သူ

.(သွေးနဂါးလုံချန်)

ဘာသာပြန်သူ -

အနှောင်အဖွဲ့ကင်းမဲ့သူ

(စာစဉ် - ၉)

အပိုင်း ၁၁၀

“အရင်က ငါကချည်း အမြဲလိုလို ရှေ့ကနေ သွားနေရတာ။ ဒီတစ်ခါတော့ မင်းတို့ အားလုံးကို အရင်ဆုံး တိုက်ခိုက်ခွင့်ပေးလိုက်မယ်။ မင်းတို့တွေ အောင်မြင်ခါနီးအချိန် ရောက်လာမှပဲ ငါ အလစ်ဝင်တိုက်ရတာပေါ့၊ ငါ့လုပ်ရပ်က မင်းတို့ကို သေချာပေါက် ဒေါသထွက်အောင်လုပ်မိရင်လဲ ငါဂရုမစိုက်ဘူး”

လုံချန် သည် သူ့အကြံအစည်ကို စိတ်ထဲမှာသာ ထားလိုက်ရင်း ဆက်၍ပုန်းအောင်းနေကာ ရှေ့က ပြပွဲကောင်းကို ကြည့်ရန် အသင့်ပြင်ဆင်ထားခဲ့သည်။ ဤနေရာရှိ လူတိုင်း သူတို့ နောက်ကွယ်တွင် အခြားလူတစ်ယောက်က အလစ်စောင့်နေမည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။

အဖွဲ့ခေါင်းဆောင်များ၏ အမိန့်အရ မြေကမ္ဘာယွမ်အလယ်အလတ်အဆင့် အဖွဲ့ဝင်များအားလုံးလဲ အသီးသီး ပြန်ဆုတ်သွားကြသည်။ တိုက်ပွဲမြေပြင်၌ အရေအတွက် ဆယ်ယောက်လောက်သာ ကျန်နေခဲ့သည်။ ထိုသူများ အားလုံးက မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ပါရမီရှင်များ ဖြစ်ကြသည်။ ဤအရေအတွက်က နှလုံးဖောက်နတ်ဆိုးသားရဲကို ကိုင်တွယ်ရန် လုံလောက်သည်ထက်ပင် ပိုနေသေး၏။

သူတို့အတွက် ဆန်းကြယ်စတုတ္ထအဆင့် နတ်ဆိုးသားရဲကို သတ်ဖြတ်ခြင်းမှာ တိုက်ပွဲ၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်လေသည်။ ၎င်း သေဆုံးပြီးနောက် အရေးအပါဆုံးအပိုင်းက အန္တိမသလင်းနတ်ဓားအတွက် ယှဉ်ပြိုင်မှုပင်ဖြစ်သည်။

တစ်နည်းအားဖြင့် ဆန်းကြယ်စတုတ္ထအဆင့် နတ်ဆိုးသားရဲ ကို သတ်ဖြတ်ပြီးနောက်တွင် အစိမ်းရောင်ဂိုဏ်းခွဲ၏ ဌာနခွဲ ၈ ခုမှ တပည့်အားလုံး ကြင်နာမှုမပြဘဲ အချင်းချင်း တိုက်ခိုက်ကြပေလိမ့်မည်။ ထိုအချိန်ရောက်ပါက ပြိုင်ပွဲ၏ ပြင်းထန်သောအဆုံးသတ် ဖြစ်လာပေမည်။

ဤအတောအတွင်း ဖုန်းဝူထျန်း နှင့် ချူယွန်ယောင် တို့ မလှုပ်ရှားခင် မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် လူငယ်တပည့်တစ်ယောက်က နှလုံးဖောက်နတ်ဆိုးသားရဲထံ ပြေးဝင်သွားပြီး လက်သီးဖြင့် တည့်တည့်ထိုးချလိုက်သည်။ ထိုလူငယ်၏လက်သီးချက်က ဆန်းကြယ်အဆင့်တိုက်ခိုက်ရေးနည်းစနစ် ဖြစ်ကြောင်း သိသာလှသည်။ သူ၏ လက်ထဲတွင် နည်းစနစ်၏စွမ်းအားကို အပြည့်အဝအသုံးချပုံပါ။တိုက်ခိုက်အားက ဆန်းကြယ်စတုတ္ထအဆင့် နတ်ဆိုးသားရဲကိုပင် ဝူးဝူးဝါးဝါး အော်ဟစ်စေခဲ့သည်။

သို့သော် ရုတ်တရက်ဆိုသလို နှလုံးဖောက်နတ်ဆိုးသားရဲက အနက်ရောင်အရိပ်အသွင် ပြောင်းလဲသွား၏။ ထို့နောက ၎င်းကို တိုက်ခိုက်လာသည့် လူငယ်တပည့်ထံ ပြေးဝင်လာ၏၊ အရှိန်က မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် လူငယ်ထက်ပင် ဆယ်ဆ လောက် ပိုမြန်နေ၏။

နှလုံးဖောက်နတ်ဆိုးသားရဲ၏ အရှိန်အဟုန်က လုံချန် ကိုပင် အံ့ဩသွားစေသည်...

“ဒါက ဆန်းကြယ်စတုတ္ထအဆင့် နတ်ဆိုးသားရဲလေ။ ဒီအရှိန်နဲ့ဆို အဲဒီဂိုဏ်းတူညီအစ်ကိုတော့ သေချာပေါက် အဆုံးသတ်ပြီပဲ…”

လုံချန် တစ်ယောက်တည်းသာမကဘဲ အခြားလူတိုင်းလဲ အလားတူ အတွေးမျိုး ရှိနေကြသည်။ နှလုံးဖောက်နတ်ဆိုးသားရဲကို အရင်ဦးဆုံးတိုက်ခိုက်ခဲ့သော လူငယ်တပည့်ဆိုလျှင်တော့ ပြောနေစရာပင်မလိုချေ။ သူက ဆန်းကြယ်စတုတ္ထအဆင့်နတ်ဆိုးသားရဲ၏ ခွန်အားကို လျှော့တွက်မိခဲ့သည်မဟုတ်ပါလား။ လူငယ်၏ မျက်နှာက အလွန်ဖြူဖျော့နေခဲ့ပါသည်။

ဤမြင်ကွင်းကို မြင်လိုက်သော လူတိုင်းလဲ မျက်ခုံးကြောများ တွန့်လိမ့်သွားရသည်။ ဤအခိုက်အတန့်တွင် ချူယွန်ယောင်၏ ကြည်လင်ပြတ်သားသော အသံက ရုတ်တရက်ဆိုသလို ထွက်ပေါ်လာသည် “လူတိုင်း၊ လေးဖက်လေးတန်ကနေ တိုက်ခိုက်ကြ။ ဒီသားရဲ က ငါတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို မခံနိုင်ပါဘူး”

လုံချန် သည် ရှေ့က တိုက်ပွဲအခြေအနေကို စောင့်ကြည့်နေရင်း တစ်စုံတစ်ခုကို သတိထားမိခဲ့သည်။ ချူယွန်ယောင် ဟူသော မိန်းမငယ်လေးက မီးလောင်ရာ လေပင့်တတ်သူပင် ဖြစ်သည်။ ထင်နေသည့်အတိုင်းပင်၊ သူမ၏ အားပေးမြှောက်ပင့်သံ ထွက်လာသည်နှင့်တစ်ချိန်တည်းမှာပင် မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် လူငယ်တပည့်များက တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ထို့နောက် အားလုံးက မာန်သွင်းလျှက် နှလုံးဖောက်နတ်ဆိုးသားရဲ ကို ဦးတည်ကာ အစွမ်းထက်ဆုံးတိုက်ခိုက်မှုများ ထုတ်လွှတ်လိုက်ကြသည်။

မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ဆယ်ယောက်ကျော်၏ ပူးပေါင်းတိုက်ခိုက်မှု အလွန်ပင်ကြောက်မက်ဖွယ်ကောင်းလှသည်။ လုံချန် သည် မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် နှစ်ယောက် သုံးယောက်လောက်ကို ရင်ဆိုင်နိုင်သည်ဆိုသော်လည်းယခုလိုအခြေအနေနှင့် ရင်ဆိုင်ရလျှင်တော့ သေချာပေါက် အသတ်ခံရနိုင်၏။ သို့သော် နှလုံးဖောက်နတ်ဆိုးသားရဲကမူ အေးဆေးတည်ငြိမ်စွာ ရပ်နေခဲ့လေသည်။

နှလုံးဖောက်နတ်ဆိုးသားရဲ က ပူးပေါင်းတိုက်ခိုက်လာသည့်လူအုပ်ကို အေးစက်စွာ စိုက်ကြည့်နေရင်းကနေ ၎င်း၏ခန္ဓာကိုယ်မှ ထူးဆန်းသော စွမ်းအင်တစ်မျိုး ရုတ်တရက်ထွက်ပေါ်လာသည်။ ထို့နောက် ဒေါသတကြီးဟိန်းသံနှင့်အတူ ပါးစပ်ထဲကနေ မည်းနက်သော မီးခိုးငွေ့များ အဆက်မပြတ်ထွက်ပေါ်လာပါတော့သည်။

အနက်ရောင်မီးခိုးငွေ့များက အပြင်ရောက်သည်နှင့် ရှည်လျားသော အမွှေးအမျှင်များအဖြစ် ပြောင်းလဲသွားပြီး တိုက်ခိုက်နေသော လူအုပ်ထံ ပျံသန်းဝင်လာတော့သည်။

ဤအခြေအနေကြောင့် ချူယွန်ယောင်၏ မျက်နှာက ရုတ်ချည်း ပြောင်းလဲသွားကာ ချက်ချင်း အော်ဟစ်လိုက်သည် “အားလုံး... မြန်မြန် ရှောင်ကြ။ ဒီမီးခိုးတွေက နှလုံးဖောက်နတ်ဆိုးသားရဲ ရဲ့ အဆိပ်မီးခိုးငွေ့တွေပဲ...”

ဤနေရာသို့ ရောက်လာသည့် လူတိုင်းက နှလုံးဖောက်နတ်ဆိုးသားရဲ နှင့်ပတ်သက်၍ အပြည့်အစုံ လေ့လာထားခဲ့ကြသည်။ အားလုံး ၎င်း၏ အဆိပ်မီးခိုးငွေ့ တိုက်ခိုက်မှုကို ကြိုတင် သိထားကြပြီး ဖြစ်သည်။ လူတိုင်း ချက်ချင်းပင်အလျင်အမြန် ဆုတ်ခွာသွားကြသည်။

ချူယွန်ယောင်၏ သတိပေးစကားသံနှင့် စွမ်းအားကြောင့် နှလုံးဖောက်နတ်ဆိုးသားရဲ၏ အာရုံက သူမထံ စုစည်းသွားပါတော့သည်။ ၎င်း၏ သွေးဆာနေသော မျက်လုံးကြီးနှစ်လုံးက ချူယွန်ယောင်ကို စိုက်ကြည့်နေ၏။ ခဏအကြာတွင်ပဲ လေးညှို့ကနေ ပစ်လွှတ်လိုက်သော မြှားတစ်စင်းကဲ့သို့ ခုန်တက်လာတော့သည်။

ဤကြောက်မက်ဖွယ် တိုက်ခိုက်မှုကို ရင်ဆိုင်နေရချိန်မှာပင် ချူယွန်ယောင်က အေးဆေးတည်ငြိမ်နေဆဲ ဖြစ်သည်။ သူမ၏ စိတ်ဓာတ်ခိုင်မာမှုက လဲ့လင် နှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။

ဤအချိန်တွင် နှလုံးဖောက်နတ်ဆိုးသားရဲက ၎င်း၏ရှည်လျားချွန်ထက်သော လက်သည်းများဖြင့် ကုတ်ဆွဲချလာသည်။ ထိုလက်သည်းရှည်များက အနက်ရောင်အလင်းတန်းများ မြောက်များစွာ ဖြာထွက်နေခဲ့သည်။ ဤသည်မှာ ဆန်းကြယ်အဆင့်မြင့် နည်းစနစ်တစ်ခုနှင့် နှိုင်းယှဉ်နိုင်သော တိုက်ခိုက်မှုဖြစ်သည်၊ သေချာပေါက် အားနည်းသည်ဟု မဆိုနိုင်ပေ။

“ဒီတိုက်ခိုက်မှုက ဆန်းကြယ်စတုတ္ထအဆင့် ရှိတဲ့နှလုံးဖောက်နတ်ဆိုးသားရဲ ရဲ့ နတ်ဆိုးလက်သည်း ဖြစ်ရမယ်...” လုံချန် က တီးတိုးရေရွတ်လိုက်သည်။

သို့သော် အခြားတစ်ဖက်တွင် ချူယွန်ယောင်၏ မျက်နှာအမူအရာက ပြောင်းမသွားခဲ့ပေ။ လုံချန် မြင်တွေ့လိုက်သည်မှာကား သူမ၏ လက်ထဲ၌ ကျောက်စိမ်းဖြူကဲ့သို့ ဖြူဖွေးတောက်ပလှသော ဓားတစ်လက်ကိုင်ထားသည်ကိုပင်။ ချူယွန်ယောင် က ဓားကိုင်လက်ကို မြှောက်လိုက်ရာ စူးရှသော ဓားအလင်းတန်းများ ဖြာထွက်လာပြီး နှလုံးဖောက်နတ်ဆိုးသားရဲထံ ပြေးဝင်သွားတော့သည်။

“ကောင်းကင်နှလုံးသားဓားလှိုင်း...”

ဓားအလင်းတန်းများသည် တရိပ်ရိပ်တက်လာသောဒီရေလှိုင်းများလုံးကဲ့သို့ ဖြစ်လာကာ နှလုံးဖောက်နတ်ဆိုးသားရဲ၏ လှုပ်ရှားမှုကို ဟန့်တားလိုက်သည်။

ဤတိုက်ခိုက်မှုကို မြင်လိုက်သောအခါ လုံချန်၏ မျက်ခုံးများ တွန့်လိမ့်သွားရသည် “ဒီဓားက ဆန်းကြယ်အဆင့်နိမ့် ဝိညာဉ်ဓားတစ်လက် ဖြစ်ရမယ်။ အဲ့နေရာမှာ ငါဆိုရင် သူမရဲ့ တိုက်ခိုက်မှုကို ကိုင်တွယ်နိုင်ပါ့မလား။ တကယ်တော့ မသေချာဘူး…”

လုံချန် က တိုက်ပွဲကို ဝင်မပါသေးဘဲ အခြေအနေကို စောင့်ကြည့်နေသူက သူတစ်ယောက်တည်းလို့သာ ထင်နေခဲ့၏။ သို့သော် သူ့ဘယ်ဖက် မလှမ်းမကမ်း၌ လူ ၈ ယောက်က စကားပြောလျက် ရယ်မောရင်း ကြည့်နေခဲ့ကြသည်ကို မသိခဲ့ပေ။

“ချူယွန်ယောင်ရဲ့ ကောင်းကင်နှလုံးသားဓားလှိုင်း က အခုလက်ရှိမှာ ပြီးပြည့်စုံတဲ့အဆင့်နီးပါးထိ ရောက်နေပြီ။ ကြည့်ရသလောက်တော့ သူမက မြေကမ္ဘာယွမ်အဆင့်မှာ ပြိုင်ဖက်ကင်းသလောက်ဖြစ်နေပြီပဲ... ”

အစိမ်းရောင်နေမင်းဌာနခွဲ၏ အကြီးအကဲချုပ်လဲ့လန် က ပြောလိုက်ရင်း သူမ၏ တောင်ပို့ကြီးနှစ်လုံးက တက်လိုက်ဆင်းလိုက် ဖြစ်နေကာ လှပသော မျက်လုံးများဖြင့် တိုက်ပွဲကို စိုက်ကြည့်နေခဲ့သည်။

အမှန်တော့ ထိုလူ ၈ ယောက်က ဌာနခွဲ ၈ ခု၏ခေါင်းဆောင်များ ဖြစ်ကြသည်။ ယှဉ်ပြိုင်ပွဲအတွင်း သူတို့ လုံးဝ မပါဝင်ခဲ့ကြပေ။ နှလုံးဖောက်နတ်ဆိုးသားရဲ ပေါ်လာမှသာ အဝေးကနေ တိတ်တဆိတ် စောင့်ကြည့်နေကြခြင်း ဖြစ်သည်။ နောက်တစ်ချက်က မမျှော်လင့်ထားသော အဖြစ်အပျက်များကို ကိုင်တွယ်ရန် ဖြစ်သည်။

“မဟုတ်ဘူး၊ မဟုတ်ပါဘူး၊ အကြီးအကဲလဲ့... မှားနေပြီ။ အစိမ်းရောင်နေမင်းခန်းမ ရဲ့ ဖုန်းဝူထျန်း မှာ ဖီးနစ်သွေးမျိုးစက် ပိုင်ဆိုင်ထားတဲ့အပြင် ပင်ကိုယ်အရည်အချင်းလဲ အရမ်းထူးချွန်တယ်။ သူက ချူယွန်ယောင်ထက် အသက်အရွယ် နည်းနည်းလေးပိုကြီးတော့ တိုက်ပွဲအတွေ့အကြုံ ပိုများတယ်လို့ ဆိုနိုင်တယ်။ နောက်ဆုံးမှာ ချန်ပီယံဆု က သေချာပေါက် အစိမ်းရောင်နေမင်းခန်းမ အတွက်ပဲ ဖြစ်လိမ့်မယ်”

ပြောနေသူကို တစ်ချက်ကြည့်လိုက်ရာ ထိုလူက လဲ့လန်၏ ခန္ဓာကိုယ်ကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေခဲ့သည်။ လဲ့လန်က အနည်းငယ် ပြုံးပြလိုက်ပြီး သူမ၏ ခန္ဓာကိုယ်ကို တမ်းတမ်းဆွဲကြည့်နေသော ထိုလူကို ဂရုမစိုက်ဘဲ အခြားသူတစ်ဦးထံ အာရုံစိုက်လိုက်သည် “အစိမ်းရောင်လက်နက်ခန်းမ က ဘာလို့ မရောက်သေးတာလဲ မသိဘူး...”

ထိုလူက ပတ်ဝန်းကျင်ကို လှည့်ကြည့်ပြီး လဲ့လန်က သူ့ကို ပြောနေကြောင်း သိလိုက်ရာ စိတ်မဝင်စားဟန် ဆောင်လိုက်သည် “အဲဒီကလေးတွေ နည်းနည်း ဝေးနေလို့ဖြစ်မယ်။ မကြာခင် ရောက်လာမှာပါ...”

“ဟုတ်လား။ ငါထင်တာကတော့ သူတို့ရဲ့ အစီအစဉ်က တိုက်ပွဲ ပြီးဆုံးမှ ရောက်လာမယ်။ ပြီးတော့ လူတိုင်း ပင်ပန်းနွမ်းနယ်သွားတဲ့အခါကျရင် အကျိုးအမြတ်တွေ အကုန်ရိတ်သိမ်းဖို့ ဖြစ်မယ်ထင်တယ်...”

လဲ့လန်၏ စကားများသည် သိသာထင်ရှားစွာပင် လှုံ့ဆော်မှု ဖြစ်ခဲ့သည်။ ဒီစကားကို ကြားလိုက်ချိန်တွင် အစိမ်းရောင်လက်နက်ခန်းမ၏ အကြီးအကဲ လဲ အံ့အားသင့်သွားခဲ့သည်။ သို့သော် သူ့ရှေ့မှ လဲ့လန်က ကောင်းကင်ယွမ်အဆင့်အထွတ်အထိပ် ဖြစ်ရာ သူ့ထက် များစွာသန်မာနေ၏။ သူ့ခွန်အားက လဲ့လန်နှင့် မယှဉ်နိုင်သောကြောင့် ခါးခါးသီးသီး ခံစားချက်ကို ဖိနှိပ်ထားရသည်။

ဤအချိန်တွင် လူတိုင်းက အာရုံကို တိုက်ပွဲကွင်းပြင်သို့ ပြန်စုစည်းလိုက်ကြသည်။ မျက်တောင်တစ်ချက်ခတ်စာပင်ရှိသေး အခြေအနေက အနည်းငယ် ပြောင်းလဲသွားပုံရသည်။

ချူယွန်ယောင်၏ ကောင်းကင်နှလုံးသားဓားလှိုင်းနှင့် နှလုံးဖောက်နတ်ဆိုးသားရဲ၏ နတ်ဆိုးလက်သည်းကြီးနှစ်ဖက် တိုက်မိသည် နှင့်တပြိုင်နက်တည်း ပြင်းထန်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့သည်။ နောက်တော့ ချူယွန်ယောင်၏ ဓားက သားရဲ၏တိုက်ခိုက်မှုကို ရှေ့ဆက်တိုးမလာနိုင်အောင် ဟန့်တားနိုင်လိုက်သည်။

ချူယွန်ယောင်က ဆက်ပြီး မတိုက်ခိုက်သေးဘဲ နောက်ပြန်ဆုတ်လာပြီး ကျန်လူများကို အော်ပြောလိုက်၏ “လူတိုင်း၊ အတူတူ ပေါင်းပြီး တိုက်ခိုက်ကြရအောင်...”

အစိမ်းရောင်ဧကရာဇ်ခန်းမသည် အစိမ်းရောင်ဂိုဏ်းခွဲ၏ ဌာနခွဲများအနက် အင်အားအကြီးဆုံး ဖြစ်ခဲ့သည်။ ထို့အပြင် ချူယွန်ယောင်ကလဲ ဤနေရာ၏ အဓိက အင်အားဖြစ်သောကြောင့် လူတိုင်း သူမ၏ စကားကို နားထောင်ကြသည်။

အချို့လူများက သူမကို ဒဏ်ရာအပြင်းအထန်ရစေချင်ကြသည်။ အန္တိမသလင်းနတ်ဓားအတွက် ယှဉ်ပြိုင်ချိန်တွင် အခွင့်အရေး ရယူနိုင်ရန် မျှော်လင့်ထားကြသော်လည်း ချူယွန်ယောင် ဒဏ်ရာအပြင်းအထန် ရသွားသည် နှင့်တပြိုင်နက် ဤနေရာရှိ လူတိုင်းလဲ သေဆုံးသွားနိုင်ပါသည်။

ထို့ကြောင့် ဖုန်းဝူထျန်း အပါအဝင် လူတိုင်း မငြင်းဆန်ဘဲ ပူးပေါင်းတိုက်ခိုက်ရန် ရွေးချယ်လိုက်ကြသည်။

လုံချန် လဲ ဤမြင်ကွင်းကြောင့် အနည်းငယ်အံ့သြသွား၏။ သူသိထားသည့် ဖုန်းဝူထျန်း က အလွန်မာန်မာနကြီးသူ ဖြစ်သည်။ ချူယွန်ယောင်က ပထမဆုံး ကျော်ကြားမှုကို ခိုးယူသွားသည့်အတွက် ဖုန်းဝူထျန်း ဟာ အနည်းငယ် စိတ်ဆိုးနေပုံရသည်။

တိုက်ခိုက်သည် နှင့်တပြိုင်နက်တည်း သူ၏အကန့်အသတ်မဲ့ ချီစွမ်းအင်များ တဟုန်ထိုး ပေါက်ကွဲထွက်လာသည်။ သူ့နောက်ကျောမှာလဲ နီရဲနေသော မီးလျှံ အတောင်ပံများ ပေါ်လာသည်။

ဖုန်းဝူထျန်း က မီးလျှံအတောင်ပံများကို ဖြည်းညင်းစွာ လှုပ်ခါလိုက်ရာ နှိုင်းမရသော အရှိန်ဖြင့် လူတိုင်းကို ကျော်တက်သွားပြီး နှလုံးဖောက်နတ်ဆိုးသားရဲ၏ ဦးခေါင်းကို လက်သီးဖြင့် ထိုးချလိုက်လေတော့သည်။ ကျယ်လောင်သော မိုးချိန်းသံကြီး ထွက်ပေါ်လာသည်။

“မိုးကြိုးလက်သီး.... သေလိုက်စမ်း...”

“ဂါး…”

နှလုံးဖောက်နတ်ဆိုးသားရဲက နာကျင်စွာ ဟိန်းဟောက်ပြီး နောက်ဆုတ်သွားခဲ့သည်။ ၎င်း၏ နဖူးပေါ်၌ သွေးများစီးကျနေပြီး အမွှေးအတောင်များလဲ မီးလောင်ကျွမ်းနေခဲ့သည်။

ဤသည်မှာ သူတို့ တိုက်ခိုက်ချိန်ကစလို့ နှလုံးဖောက်နတ်ဆိုးသားရဲ ပထမဆုံး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းကြောင့် အလွန်အမင်း ဒေါသထွက်သွားပုံရ၏။ မူလက ချူယွန်ယောင်ကို အာရုံစိုက်နေသော်လည်း ဖုန်းဝူထျန်း တိုက်ခိုက်လာသောအခါ နီရဲနေသောမျက်လုံးများက သွေးဆာမှုအပြည့်ဖြင့် သူ့ကို စိုက်ကြည့်လိုက်သည်။

ဖုန်းဝူထျန်း လဲ သူ့အတွက် အခြေအနေ မကောင်းကြောင်း ရိပ်မိလိုက်သည်။ ဤအချိန်တွင် သူ့နောက်ခပ်လှမ်းလှမ်းရှိ လဲ့လင်က ဖုန်းဝူထျန်း၏ ခွန်အားအပြည့်တိုက်ခိုက်မှုကြောင့် သားရဲကို ပထမဆုံး ဒဏ်ရာရစေခဲ့သည်ကို မြင်လိုက်ရာ ဝမ်းသာအားရ ခုန်ထလိုက်သည် “ဝူထျန်းအစ်ကို... နင် အရမ်းမိုက်တယ်...”

ဤအချိန်တွင် နှလုံးဖောက်နတ်ဆိုးသားရဲက အခြားသူ မည်သူ့ကိုမျှ အာရုံမစိုက်တော့ပေ။ ၎င်းအားဒဏ်ရာရစေခဲ့သော လူကို အပိုင်းပိုင်း ဖြတ်တောက်ချင်နေပုံပါ။

ဖုန်းဝူထျန်း လဲ ဤအချက်ကို သဘောပေါက်ပြီး သူ၏ လုပ်ရပ်ကို နောင်တရမိသည်။ သို့သော် အချိန်နောက်ကျသွားပြီ ဖြစ်သောကြောင့် အံကြိတ်၍သာ နှလုံးဖောက်နတ်ဆိုးသားရဲ ထံ ခုန်ဝင်လိုက်ပါတော့သည်။ သူ့နောက်ကျောရှိ မီးလျှံအတောင်ပံများ ပို၍ ထင်ရှားလာပြီး အတောင်ပံ လှုပ်ခါမှုနှင့်အတူ လေထဲသို့ ခုန်တက်လိုက်၏။ ဖုန်းဝူထျန်း သည် ပျံသန်းနေရင်း သူ၏လက်နှစ်ဖက်ကို ရှေ့သို့ဆန့်ထုတ်လိုက်သည်။ သူ၏ အစစ်အမှန်ချီစွမ်းအင်မှ မီးလျှံကြိုးများဖြစ်လာကာ လက်ဝါးအလယ်မှာ စုစည်းလာသည်။ ခဏအကြာတွင်ပဲ သူ့လက်ဝါးပေါ်၌ ဖီးနစ်ငှက်တစ်ကောင်၏ပုံရိပ် ပေါ်လာသည်။

“ဖီးနစ်ငှက်ရဲ့ မီးဥပဒေသ။ ဝိညာဉ်မီးလျှံဖီးနစ် ထွက်ပေါ်လာစေ...”

ဖုန်းဝူထျန်း၏ ထိန်းချုပ်မှုအောက်တွင် ဖီးနစ်ငှက်သည် နှလုံးဖောက်နတ်ဆိုးသားရဲ ထံ ပျံသန်းသွား၏။ ထို့နောက် ရုတ်တရက် မီးတောက်မီးလျှံများ အဖြစ် ပေါက်ကွဲသွားကာ မီးမိုးများရွာချလာသကဲ့သို့ နှလုံးဖောက်နတ်ဆိုးသားရဲထံ ကျဆင်းလာသည်။

ဤကြောက်မက်ဖွယ် မီးတောက်များကို မြင်ရသောအခါ နှလုံးဖောက်နတ်ဆိုးသားရဲလဲ ဟိန်းဟောက်လိုက်ပြီး အရှိန်ကို လျင်မြန်စွာ မြှင့်တင်လိုက်သည်။ ဝိညာဉ်မီးတောက်အများစုကို ရှောင်တိမ်းနိုင်ခဲ့ပြီး ပတ်ပြေးရင်း ရုတ်တရက်ဆိုသလို ပါးစပ်ဟ၍ အနက်ရောင်မီးခိုးတန်းတစ်ခု မှုတ်ထုတ်ကာ ဖုန်းဝူထျန်း ထံ ပစ်လွှတ်လိုက်သည်။

အနက်ရောင်မီးခိုးတန်းက ကွေ့ပတ်မသွားဘဲ တည့်တည့်ပျံသန်းလာပါသည်။ နှလုံးဖောက်နတ်ဆိုးသားရဲက သူ့ကိုသာ ပစ်မှတ်ထားနေကြောင်း မြင်လိုက်ချိန်တွင် ဖုန်းဝူထျန်း လဲ စိတ်ဓာတ်ကျသွား၏။ သို့သော် ဤအခြေအနေ ဖြစ်လာခြင်းက သူကိုယ်တိုင်ပင်မဟုတ်ပါလား။ လက်ရှိမှာတော့ ဤကြောက်မက်ဖွယ်တိုက်ခိုက်မှုကို ခုခံရုံသာ ကျန်တော့သည်။

“လူတိုင်း... ကျေးဇူးပြုပြီး ခွန်အားနည်းနည်းလောက် လက်ငှားပေးကြဦး... ”

နှလုံးဖောက်နတ်ဆိုးသားရဲက ဖုန်းဝူထျန်းကို အာရုံစိုက်နေချိန်တွင် ကျန်သူများအတွက် အခွင့်အရေးကောင်း ဖြစ်လာသည်။

နတ်ဆိုးသားရဲက အခြားသူများ၏ တိုက်ခိုက်မှုကို ဂရုမစိုက်တော့ခြင်းက လူတိုင်းအတွက် ဤအခွင့်အရေးကို အသုံးချ၍ သားရဲကို သတ်ဖြတ်နိုင်မည် ဖြစ်သည်။

လူတိုင်း အကြည့်ချင်း ဖလှယ်ကာ မျက်လုံးထဲတွင် သဘောထားတူညီမှုကို တွေ့မြင်ပြီးနောက် ချူယွန်ယောင်က ဦးဆောင်ကာ လူတိုင်း နှလုံးဖောက်နတ်ဆိုးသားရဲ ထံ တပြိုင်တည်း ခုန်ဝင်လိုက်ကြသည်။

မည်သူမျှ သတိမပြုမိခဲ့သည်မှာ ချူယွန်ယောင်၏ အကြည့်ထဲ၌ အလွန်တရာအေးစက်လှသော ရက်စက်ကြမ်းကြုတ်မှု ရှိနေခြင်းကိုပင်။

“ငါ မယုံဘူး၊ နင့်လို ဆန်းကြယ်စတုတ္ထအဆင့် သားရဲတစ်ကောင်က ငါ့ရဲ့ နက်နဲအဆင့် ဓားချက်ကို မင်း ခုခံနိုင်မယ်လို့...”

နှလုံးဖောက်နတ်ဆိုးသားရဲက နှလုံးဖောက်အဆိပ်မီးခိုးဖြင့် ဖုန်းဝူထျန်းကို တိုက်ခိုက်နေချိန်မှာ လူတိုင်းက အစွမ်းထက်ဆုံး တိုက်ခိုက်မှုများ ထုတ်လွှတ်လိုက်ကြသည်။ အားလုံးထဲမှာ ချူယွန်ယောင်၏ တိုက်ခိုက်မှုက ကြောက်မက်ဖွယ် အကောင်းဆုံး ဖြစ်နေခဲ့သည်။

Translator#အနှောင်အဖွဲ့ကင်းမဲ့သူ

All Chapters