အခန်း (၁၁၃-၁၁၄)
Vol. 10 Ch. 113-114
အပိုင်း ၁၁၃
လုံချန် မသိခဲ့တာက လဲ့လန် ဟာ တစ်ချိန်လုံး သူ့ကို စောင့်ကြည့်နေသည်ဆိုတာပင်။
“သူ့ရဲ့ အငွေ့အသက် က အတော်လေး သိပ်သည်းလာနေပြီ။ မြေကမ္ဘာယွမ် ပြီးပြည့်စုံခြင်းအဆင့် ကို ဝင်ရောက်ထားပြီ ဖြစ်မယ်”
လုံချန် သည် နဂါးသွေးကြောနယ်ပယ် အဆင့် ၈ ကနေ အဆင့် မြေကမ္ဘာယွမ်အထွတ်အထိပ်အဆင့်သို့ တက်လှမ်းခဲ့သည်မှာ အချိန် တစ်လပင် မပြည့်သေးပါ။ ထို့ကြောင့် လုံချန်၏တိုက်ပွဲ ရလာဒ်က ဘယ်လိုပင် ဖြစ်ဖြစ် လဲ့လန် က ထိုလူငယ်ကို ပိုပြီးအလေးထားဂရုစိုက်ရန် စဉ်းစားထားခဲ့သည်။
(မှတ်ချက်။ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့်ကိုဝင်ကာစဆိုတော့ မြေကမ္ဘာယွမ်အထွတ်အထိပ်အဆင့် လို့ပဲသုံးထားပါတယ်)
“သူ့ကို ကောင်းကောင်း လေ့ကျင့်ပေးပြီးတော့ အလားအလာကို လှုံ့ဆော်ပေးနိုင်ရင် ဖုန်းဝူထျန်း ကို ကျော်လွှားဖို့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး...”
လဲ့လန် က လုံချန် ကို ကြည့်ရင်း ခေါင်းညိတ်လိုက်ပါသည်။
ဤအချိန်တွင် လုံချန် နှင့် ဖုန်းဝူထျန်း တို့ နှစ်ယောက်က ထိပ်တိုက်တွေ့နေကြပြီဖြစ်သည်။
လူတိုင်း အံ့သြသွားသည့်အရာကတော့ လုံချန် ၏ခန္ဓာကိုယ်အပြင်အားဖြင့် ဖုန်းဝူထျန်း၏ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့သည့်အပြင် ဖုန်းဝူထျန်း ကို နောက်ဆုတ်သွားအောင်ပါ တွန်းထုတ်နိုင်ခဲ့သည်။ ထို့ကြောင့် တိုက်ပွဲ နေရာက လဲ့လင် ရှေ့ကနေ အနည်းငယ် ဝေးကွာသွားပြီး မတော်တဆ ထိခိုက်မှု မဖြစ်နိုင်တော့ပေ။
လဲ့လင် ကလဲ ဤအချက်ကို သတိထားမိပုံရ၏။ရုတ်တရက် မျက်လုံးများ စိုစွတ်လာသည်။ မည်သို့ပင်ဖြစ်စေ လုံချန် က အရင်တုန်းကလိုမျိုး လူဆိုးကောင် မဟုတ်တော့ကြောင်း ခံစားမိသည်။ အစက ဖုန်းဝူထျန်း အတွက်ကြောင့်သာ လုံချန်ကို မုန်းတီးနေခဲ့ခြင်းပင်။
“မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် အထွတ်အထိပ် လား…” အပြင်းအထန် တိုက်ခိုက်ပြီးနောက် လုံချန် က ဖုန်းဝူထျန်း၏ခွန်အားကို အနည်းငယ် သိရှိလိုက်ပါသည်။
ဖုန်းဝူထျန်း၏လက်ရှိခွန်အားနှင့် အစစ်အမှန်ချီ ပမာဏက မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့်ထက်ကျော်လွန်နေသလို လုံချန် ထက်လဲ ဆယ်ဆ ကျော်လောက် ပိုအားကောင်းခဲ့သည်။ ခြွင်းချက်မှာ လုံချန်၏ အစစ်အမှန်သွေးနဂါးချီစွမ်းအင်က သာမန် အစစ်အမှန်ချီ ထက် ဆယ်ဆ လောက် ပိုပြီးသန့်စင်နေခြင်းပင်။ မိုးကြိုးမီးလျှံချီစွမ်းအင်ပါ ထပ်ပေါင်းလိုက်ရင်တော့ အစစ်အမှန်ချီ သိပ်သည်းဆက ပြိုင်ဖက်ထက်ပင် အားမနည်းတော့ပေ။
ဤအချိန်တွင် လုံချန်၏နဂါးအသွင်ပြောင်းခန္ဓာကိုယ်ပေါ်၌ မှိန်ဖျော့ဖျော့ အနီရောင်မီးလျှံ အလွှာတစ်ခု စီးဆင်းနေခဲ့သည်။ ၎င်းအပေါ်မှာလဲပြာလဲ့လဲ့လျှပ်စီးကြောင်းများ ရစ်ပတ်ထားသည်။
“အခု ငါ့မှာ ဆန်းကြယ်အလယ်အလတ်အဆင့် တိုက်ခိုက်ရေးနည်းစနစ်ရှိသလို မိုးကြိုးမီးလျှံခန္ဓာကိုယ်လည်း ရှိနေပြီ။ ဒါတွေက ငါ့အတွက် အားသာချက်တွေလို့ ပြောနိုင်တယ်။ ဒါပေမဲ့ ဟိုမိန်းမငယ်လေး ချူယွန်ယောင် မှာလဲ ငါ့လိုမျိုး ဆန်းကြယ်အလယ်အလတ်အဆင့် နည်းစနစ်တွေ ပိုင်ဆိုင်ထားတယ်။ ဒီသူတောင်းစားကောင်... ဖုန်းဝူထျန်း မှာလဲ ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိနေမလဲ... သိချင်မိတယ်…” လုံချန် က ခဏစဉ်းစားနေပြီးနောက် ထိုက်ချွမ်နဂါးတံဆိပ် ကို အရင်ဦးဆုံး ထုတ်ဖော်လိုက်ပါသည်။
ဖုန်းဝူထျန်း ကလဲ လုံချန်၏အစစ်အမှန်ခွန်အားကို သတိထားမိလာပုံရသည်။ ထို့ကြောင့် အစောပိုင်းတုန်းက အသုံးပြုခဲ့သည့် ဖီးနစ်ဝိညာဉ်မီးလျှံတံဆိပ် ကို ထပ်သုံးလိုက်သည်။
နှစ်ဖက်စလုံးက အင်အားအပြည့်ထည့်ပြီး တိုက်ခိုက်ကြသောကြောင့် အလွန်တရာ ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့၏။ ထိုက်ချွမ်နဂါးတံဆိပ်က အဆင့်မြင့်အဝါရောင်အဆင့် တိုက်ခိုက်ရေးနည်းစနစ်သာ ၊ ဖုန်းဝူထျန်း၏ ဖီးနစ်ဝိညာဉ်မီးလျှံတံဆိပ် ကတော့ ဆန်းကြယ်အလယ်အလတ်အဆင့် နည်းစနစ် ဖြစ်ခဲ့သည်။ အဆင့်က တစ်ဆင့် ကွာခြားသော်လည်း လုံချန်၏ခန္ဓာကိုယ်နှစ်ခုပေါင်း တိုက်ခိုက်မှုက ပိုပြီးသန်မာအားကောင်းလေရာ နှစ်ယောက်စလုံး အသီးသီးနောက်ပြန်ဆုတ်သွားခဲ့ရသည်။
“ဘယ်လို ဖြစ်နိုင်မှာလဲ...”
လုံချန် က အဆင့်မြင့်အဝါရောင်အဆင့် နည်းစနစ်ဖြင့် ဖုန်းဝူထျန်း၏ တိုက်ခိုက်မှုကို တန်းတူ ဟန့်တားနိုင်ခဲ့သည်။ ချူယွန်ယောင် ကိုယ်တိုင်ပင် ဤတိုက်ခိုက်မှုကို တည့်တည့် ရင်ဆိုင်ရဲမှာ မဟုတ်ပေ။ ယခု ဤမြင်ကွင်းကို မြင်လိုက်ချိန်မှာတော့ သူမအနေဖြင့် အံ့သြလွန်း၍ လုံချန် ကို အလေးအနက်ထားလာရတော့သည်။
“ဒီကောင်… သူက တစ်နေရာရာမှာ ပုန်းအောင်းနေပြီးမှ အခွင့်အရေးကို စောင့်နေခဲ့တာလား။ ပြီးကျ နောက်ဆုံး အချိန်မှ ထွက်လာပြီးတော့ အကျိုးအမြတ်ကို လုယူဖို့ စီစဉ်ထားတာများလား” ဤအတွေးကို တွေးမိလိုက်သည်နှင့် ချူယွန်ယောင်၏ လုံချန် ကို ကြည့်နေသော အကြည့်ထဲမှာ ရန်ငြိုးထားလိုသော အရိပ်အယောင်များ ပေါ်လာခဲ့သည်။
“တော်သေးတယ်... ကံကောင်းထောက်မစွာနဲ့ ငါ ဒီနေရာက အခြေအနေတွေကို မြန်မြန်လေး ဆုံးဖြတ်မိလို့သာပဲ။ မဟုတ်ရင် ငါသာ ဖုန်းဝူထျန်း နဲ့ တိုက်ခိုက်ပြီးတာနဲ့ အားကုန်သွားတဲ့အခါမှ နင် ထွက်လာမယ်ဆိုရင် တကယ်ပဲ အကျိုးအမြတ်တွေကို တစ်ယောက်တည်း ရသွားနိုင်တယ်”
ဤအချိန်တွင် လူတိုင်း လက်ရှိအခြေအနေကို ကောင်းကောင်းသိသွားကြပြီဖြစ်သည်။ ဖုန်းဝူထျန်း နှင့် ချူယွန်ယောင် တို့နှစ်ယောက်အပြင် ကောင်းကင်စစ်သည်နယ်မြေ ပြိုင်ပွဲ၌ တတိယမြောက် အင်အားအကြီးဆုံးလူက လုံချန် ပင်။ သို့ရာတွင် လုံချန် က မြေကမ္ဘာယွမ်အထွတ်အထိပ်အဆင့် ထက် အနည်းငယ်ကျော်လွန်နေရုံလောက်သာရှိသေး၏။ ထို့ကြောင့် လူတိုင်းက သူ့အပေါ် သိပ်ပြီး အထင်အမြင်အကောင်း မရှိကြသေးပေ။
“ဝူထျန်း အစ်ကို…”
ဤအချိန်တွင် လဲ့လင် က ဖုန်းဝူထျန်း တစ်ယောက် သတိပြန်ဝင်လာပြီး အရင်လို ဉာဏ်ရည်ထက်မြက်ပြီး ကြောက်မက်ဖွယ်ပါရမီရှင် ပြန်ဖြစ်လာမည်ဟုမျှော်လင့်နေဆဲဖြစ်ပုံရ၏။ လုံချန် ကိုတော့ အရင်တုန်းကလိုမျိုး မုန်းနေသေးသည်မဟုတ်သော်လည်း အမြင်ကောင်း သိပ်မရှိသေးပါ။
သို့သော်လည်း လုံချန်က ဆန်းကြယ်အဝါရောင်အဆင့်နည်းစနစ်ဖြင့် ဖုန်းဝူထျန်း၏ ဖီးနစ်ဝိညာဉ်မီးလျှံတံဆိပ်ကို ဟန့်တားနိုင်ခဲ့သောမြင်ကွင်းက လဲ့လန် ကို အံ့သြတုန်လှုပ်သွားစေခဲ့သည်။ သူ့မျက်လုံး သူပင် မယုံနိုင်တော့သည့်အလား ပွတ်သပ်ကြည့်နေလေသည်။
“ဘယ်လောက်မှမကြာသေးဘူး... သူက ဒီလောက်အထိ တိုးတက်လာတာလား…” ပတ်ဝန်းကျင်ရှိ အခြားလူတိုင်းလဲ ဘာပြောရမှန်းပင်မသိကြတော့ပေ။
“အစိမ်းရောင်နေမင်းဌာနခွဲ မှာ တကယ့် ထိပ်တန်းပါရမီရှင်နှစ်ယောက် ရှိနေပြီလား။ တစ်ယောက်က ကြယ်လေးပွင့်အဆင့် အလားအလာ ရှိတဲ့ ဖုန်းဝူထျန်း ပဲ။ ဒီလုံချန် ကိုလဲ ကြယ်လေးပွင့်အဆင့် အလားအလာ ရှိတယ်လို့ ယူဆနိုင်တယ်”
လုံချန် ကတော့ လူတိုင်း၏ အတွေးကို လုံးဝမသိခဲ့ပေ။
သူတွေးနေသည့်အရာကတော့ ဖုန်းဝူထျန်း၏ အားသာချက်က ဘာဖြစ်နိုင်မလဲ ဆိုတာပင်။ ယခုထက်ထိ မြင်တွေ့ရခြင်းမရှိသေးပေ။ ဤအချိန်တွင် ဖုန်းဝူထျန်း က သတိလွတ်နေရာကနေ သတိပြန်လည်လာခဲ့သည်။ သူက အေးစက်စက်အကြည့်ဖြင့် လုံချန် ကို စိုက်ကြည့်နေ၏။ တစ်ချိန်တည်းမှာပင် လုံချန် သည် ဖုန်းဝူထျန်း၏နဖူးအလည်တည့်တည့်၌ အနီရောင်ဖျော့ဖျော့ ဖီးနစ်ငှက်ပုံသဏ္ဍာန် မီးတံဆိပ်တစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသည်။
“ဒါ ဖီးနစ်ဝိညာဉ်မီးလျှံ စည်းတံဆိပ်လား…”
လုံချန်၏အာရုံခံနိုင်စွမ်းက အတော်လေးကောင်းမွန်သည်ဖြစ်ရာ အစကတည်းက လူတိုင်း ပြောနေသည့်စကားသံကို ကြားမိလိုက်သည်။
“ဖီးနစ်ငှက်စည်းတံဆိပ်က ဖုန်းဝူထျန်း ရဲ့ သွေးမျိုးစက် ဖြစ်လိမ့်မယ်လို့ အရင်က အကြီးအကဲချုပ် လဲ့လန် ပြောခဲ့ဖူးတာ မှတ်မိတယ်”
လုံချန် က သွေးမျိုးစက် ဆိုသော အရာများကို မသိခဲ့ပေ။ သို့သော်လည်း ဖီးနစ်ငှက်ပုံသဏ္ဍာန် စည်းတံဆိပ် ပေါ်လာပြီးနောက် ဖုန်းဝူထျန်း၏ အငွေ့အသက်များ လျင်မြန်စွာ မြင့်တက်လာနေသည်ကို မြင်ခဲ့သည်။
“ ဆိုတော့.... ဒီကောင်က အခု ပိုပြီးသန်မာလာပြီ...”
ဖုန်းဝူထျန်း၏ခန္ဓာကိုယ်ပတ်လည်ကနေ ကြောက်မက်ဖွယ် မီးတောက်မီးလျှံများများ လောင်ကျွမ်းနေသဖြင့် မီးလူသားတစ်ယောက်ကဲ့သို့ဖြစ်နေခဲ့သည်။
“ဖီးနစ်မီးဝိညာဉ်မီးလျှံစည်းတံဆိပ် က သွေးမျိုးစက် ကနေ ထုတ်သုံးတဲ့ တိုက်ခိုက်မှု ဆိုတော့ မူလအစစ်အမှန်ချီ ပမာဏကို နဂိုထက် နှစ်ဆလောက် တိုးမြှင့်ပေးနိုင်တယ်။ အစစ်အမှန်ချီ ရဲ့ အရည်အသွေးကလည်း အရင်ထက် သုံးဆ ကျော်လောက် ပိုအားကောင်းလာတယ်။ အခုလက်ရှိ ဖုန်းဝူထျန်း က ကောင်းကင်ယွမ်တစ်ပိုင်းအဆင့် ကို ရောက်လုနီးပါးတောင် ဖြစ်နေပြီ...” မလှမ်းမကမ်းရှိချူယွန်ယောင် ပင် မျက်ခုံးများ တွန့်ကွေးသွားရသည်။ ဖီးနစ်မီးဝိညာဉ်မီးလျှံစည်းတံဆိပ်က ဖုန်းဝူထျန်း၏သွေးမျိုးစက် မွေးရာပါစွမ်းရည် ဖြစ်သည်၊ ၎င်းက သူမကိုပင် ကြောက်ရွံ့စေခဲ့သည်။ မဟုတ်ပါက အစိမ်းရောင်နေမင်းဌာနခွဲကနေ လာသော ဖုန်းဝူထျန်း ဟာ သူမ ကဲ့သို့ အစိမ်းရောင်ဧကရာဇ်ခန်းမ၏ ထိပ်တန်းပါရမီရှင်ကို ယှဉ်နိုင်မှာမဟုတ်ပေ။
လုံချန် ကတော် ဖုန်းဝူထျန်း၏သွေးမျိုးစက် စွမ်းအားအကြောင်း ဘာမှမသိသလို ဘယ်လိုဘယ်ပုံရလာမှန်းလဲ မသိခဲ့ပေ။ သို့ရာတွင် ဖုန်းဝူထျန်း၏ အစစ်အမှန်ချီစွမ်းအင်ဟာ အရင်ထက် အဆပေါင်းများစွာ အားကောင်းလာကြောင်း ခံစားမိခဲ့သည်။
“သွေးမျိုးစက် စွမ်းအားက ဒီလောက်တောင် အံ့သြစရာ ကောင်းတာလား...” လုံချန်က ရှုပ်ထွေးနေသော်လည်းပဲ ရုတ်တရက်ဆိုသလို သူ၏ သွေးချီပြောင်းလဲခြင်းစွမ်းအားနှင့် နဂါးဝိညာဉ်အသွင်ပြောင်းကျင့်စဉ်ကို သတိရမိလိုက်သည်။ ဤနည်းစနစ်များက ရှေးဟောင်း သွေးဝိညာဉ်နဂါး၏ သွေးအဆီအနှစ်ကနေ အမွေဆက်ခံထားသော နည်းစနစ်များ ဖြစ်သည်။ ဆိုလိုသည်မှာ သူ့သွေးမျိုးစက်၏မွေးရာပါစွမ်းအားများပင်။ အမှန်ပင်၊ သွေးချီစွမ်းအားပြောင်းလဲခြင်း နှင့် နဂါးဝိညာဉ်အသွင်ပြောင်းလဲခြင်းကျင့်စဉ်က ကောင်းကင်ကို အံတုနိုင်လောက်သည်။
သို့သော် လုံချန် က နောက်ထပ် တွေးနေရန် အချိန် မရှိတော့ပါ။ ဤအချိန်တွင် ဖုန်းဝူထျန်းက ဖီးနစ်ဝိညာဉ်မီးလျှံ စည်းတံဆိပ် ကို ထုတ်သုံးလိုက်ပြီဖြစ်သောကြောင့် လူတိုင်း အံ့သြထိတ်လန့်ကာ အလွန် စိုးရိမ်သွားကြသည်။ အကယ်၍ လုံချန် ကသာ ဖုန်းဝူထျန်း ကို မတားဆီးနိုင်ခဲ့ပါက နောက်ထပ် အသတ်ခံရမည့်သူက သူတို့ ဖြစ်သွားပါလိမ့်မည်။
လုံချန် ရုတ်တရက် ထွက်ပေါ်လာသည်ကား လူတိုင်းအတွက် အံ့သြစရာ ဖြစ်သော်လည်း ချူယွန်ယောင် ကတော့ အတော်လေး ဝမ်းသာနေ၏။
“အဲ့ဒီလုံချန် ဆိုတဲ့ ကောင်လေး က ဖုန်းဝူထျန်း ကို ဟန့်တားပြီး သူ့ကို အားကုန်အောင်လုပ်နိုင်ရင် နောက်ပိုင်းကျ ငါ လှုပ်ရှားရတာ ပိုလွယ်လိမ့်မယ်။ လုံချန် က တကယ့် အချိန်ကို ကောင်းကောင်း ရွေးတတ်တယ်လို့ ဆိုရမှာပေါ့...”
ဤအခိုက်အတန့်မျိုးတွင် လုံချန် က ဖုန်းဝူထျန်း ကို လျှော့မတွက်ရဲပေ။ ဤအချိန်မှာပဲ မီးတောက်လူသား အသွင်ဖြစ်နေသော ဖုန်းဝူထျန်း က ဒေါသတကြီး ကြုံးဝါးလျှက် လုံချန် ဆီသို့ တရကြမ်းခုန်ဝင်လာတော့သည်။
လက်ရှိအချိန်တွင် ဖုန်းဝူထျန်း၏ အငွေ့အသက်များက အမြင့်ဆုံးကို ရောက်နေပြီဖြစ်သည်။ သူ့ပတ်ပတ်လည်မှာ မီးတောက်မီးလျှံများ အဆက်မပြတ် တောက်လောင်နေသည့်အတွက် ပြင်းထန်လှသောအပူရှိန်က ပတ်ဝန်းကျင်ရှိ လူတိုင်းအား ဟပ်နေခဲ့သည်။
လုံချန် သည် အပူလှိုင်းလာဟပ်ချိန်တွင် မီးတောက်ထဲမှ ဖုံးကွယ်နေသော အဖျက်စွမ်းအားကို ခံစားမိလိုက်ပါသည်။
ဤအခိုက်အတန့်တွင် မီးတောက်များ အားလုံး စုစည်းလာပြီး ဖုန်းဝူထျန်း ရှေ့၌ ဧရာမ ဖီးနစ်ငှက်ကြီးတစ်ကောင် အဖြစ် ပြောင်းလဲသွားတော့၏။ ထို့နောက် နားကွဲမတတ် စူးရှသော ဖီးနစ်အော်သံ ထွက်ပေါ်လာပြီး လုံချန်၏နားထဲမှာပင် အနည်းငယ်နာကျင်သွားရသည်။
“ဖီးနစ်မီးလျှံဥပဒေသ ၊ နတ်ဘုရားမီးငှက် ... ထွက်ပေါ်လာစမ်း...” ထိုအသံ ထွက်ပေါ်လာသည် နှင့်တစ်ချိန်တည်းမှာပင် ဖုန်းဝူထျန်း၏ခန္ဓာကိုယ် ပျောက်ကွယ်သွားပြီး မီးတောက်များဖုံးလွှမ်းနေသော ဧရာမဖီးနစ်ငှက်ကြီး ပေါ်လာခဲ့သည်။ ထို့နောက် မီးတောက်အတောင်ပံကြီးတစ်စုံကို လှုပ်ခါရင်း လုံချန် ဆီသို့ တဟုန်ထိုး ပျံသန်းလာတော့သည်။ ဖီးနစ်ငှက်ကြီး ပျံသန်းလာရာ လမ်းကြောင်းတစ်လျှောက်မှာ အရာအားလုံး မီးလောင်ကျွမ်းပြီး ပြာဖြစ်သွားရသည်။
“ဆိုတော့ ... ဖုန်းဝူထျန်း မှာလည်း ဆန်းကြယ်အလယ်အလတ်အဆင့် တိုက်ခိုက်ရေးနည်းစနစ် ပိုင်ဆိုင်ထားတယ်ပေါ့။ သွေးမျိုးစက်ကလဲ ကြောက်စရာ ကောင်းတယ်။ လဲ့လန် က သူ့ကို အလေးအနက်ထားနေတာ အံ့သြစရာ မရှိတော့ဘူးပဲ...”
နောက် ခပ်လှမ်းလှမ်းရှိ လဲ့လင် ကတော့ ဖုန်းဝူထျန်း၏ လက်ရှိတိုက်ခိုက်မှုကြောင့် အကြောက်လွန်ကာမျက်နှာလေးက ဖြူဖျော့သွားပြီး အော်ဟစ်လိုက်မိသည်။
အခြားလူတိုင်းကလဲ ဤတစ်ကြိမ်မှာတော့ လုံချန် သေမည်ဟုသာ ထင်ခဲ့ကြသည်။ ချူယွန်ယောင် လည်း ဤတိုက်ခိုက်မှုကို သူမကိုယ်တိုင်ပင် ရင်မဆိုင်ရဲကြောင်း ခံစားမိပြီး ခေါင်းခါလိုက်ပါသည်။
“အဆုံးသတ်တိုက်ပွဲ လာပြီပေါ့…”
လုံချန် က ဖုန်းဝူထျန်း၏ အပြင်းထန်ဆုံးနှင့်အစွမ်းထက်ဆုံးတိုက်ခိုက်မှုကို မြင်လိုက်သည့်အခါ ရယ်မောလိုက်၏...
“ငါထင်တယ်၊ ကောင်းကင်လောင်ကျွမ်းခြင်း နတ်ဆိုးလက်သီး ရဲ့ ကောင်းကင်လောင်ကျွမ်းခြင်း သွေးမီးလျှံ က ဒါကို ခုခံဖို့ မလုံလောက်နိုင်ဘူး။ ခွန်အားချင်း ယှဉ်ရင်တော့ ဖုန်းဝူထျန်း က ငါ့ထက် အများကြီး မသာပါဘူး။ ငါလည်း ဒီနည်းစနစ်ကို သင်ပြီးကတည်းက သုံးဖို့ အခွင့်အရေး မရသေးဘူး။ ဒီလိုဆိုတော့ အခုအချိန်က အကောင်းဆုံးပဲ...”
ဖုန်းဝူထျန်း က နတ်ဘုရားဖီးနစ် အသွင်ပြောင်းပြီး တိုက်ခိုက်လာချိန်မှာ လုံချန်၏မျက်လုံးထဲကနေ နက်မှောင်နေသော အလင်းတန်းနှစ်စင်း ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ၎င်းမှ ပြင်းထန်လှသော အပူလှိုင်းများလည်း ထုတ်လွှတ်နေ၏။ သူ့ မျက်လုံးထဲ၌ နေနှစ်စင်း တည်ရှိနေသကဲ့သို့ပင်။
တစ်ချိန်တည်းမှာပင် အနီရောင်နှင့် အနက်ရောင် ရောယှက်နေသည့် စွမ်းအင်အလင်းတန်း မြောက်များစွာ ဖြာထွက်လာပြီးနောက် လုံချန်၏ခန္ဓာကိုယ်ပတ်လည်ကို လွှမ်းခြုံသွား၏။ လက်ရှိမှာ လုံချန်၏ ပုံစံက စူးရှစွာတောက်ပနေသည့် အနက်ရောင်နေလုံးကြီးတစ်လုံးကဲ့သို့ ဖြစ်နေခဲ့သည်။ ထို့နောက်မှာတော့ လုံချန်၏ခန္ဓာကိုယ်ကနေ အလွန်တရာပြင်းထန်လှသည့်မီးလျှံစွမ်းအား ပေါက်ကွဲထွက်လာခဲ့သည်။ ဤကြောက်မက်ဖွယ် အငွေ့အသက်က အလွန် ပူပြင်းလှပြီး တောက်ပလွန်းသည့်အတွက် လူတိုင်း မျက်လုံးများကို အမြန်ဘေးလွှဲထားလိုက်ရသည်။
“ဒါ ဘယ်လိုနည်းစနစ်လဲ။ ဖုန်းဝူထျန်းရဲ့ ဖီးနစ်ဝိညာဉ်မီးလျှံဥပဒေသ ကို ရင်ဆိုင်ဖို့လား။ ဒီ လုံချန် ... သူ ဘာလုပ်ဖို့ စီစဉ်နေတာလဲ...”
လူတိုင်း လုံချန်၏လုပ်ရပ်ကို နားမလည်နိုင်ကြပေ။ သို့သော်လည်း လုံချန် က လက်တွေ့ပြသနေပြီဖြစ်သည်။ လူတိုင်း အံ့သြစွာ ကြည့်နေချိန်စဉ်မှာပဲ လုံချန် ဆီကနေ ပြိုင်ဖက်ထက် အားမနည်းသော ကြောက်မက်ဖွယ်ရာ အငွေ့အသက်များ ရုတ်ချည်း ပေါက်ကွဲထွက်လာသည်။ သူ၏ခန္ဓာကိုယ်ထဲကနေ အနက်ရောင်နေလုံးကြီးတစ်လုံး ပေါက်ကွဲထွက်လာသကဲ့သို့ပင်၊ ပတ်ဝန်းကျင် လေထုသည် ပြင်းထန်စွာ လောင်ကျွမ်းသွားခဲ့ပြီး လေထဲ၌ မီးလောင်နံ့ ပင်ထွက်ပေါ်နေပါသည်။
ဖုန်းဝူထျန်း၏ နတ်ဘုရားဖီးနစ်မီးတာက် ဟာ ပြင်းထန်ပြီး အားကောင်းသည်ဆိုလျှင် လုံချန်၏ ထူးဆန်းသောတိုက်ခိုက်မှုက ဆယ်ဆ ပိုပြီးပြင်းထန်နေပါသည်။
လုံချန် က ဖုန်းဝူထျန်း ကို ထိပ်တိုက်ရင်ဆိုင်ရင်း လေထဲသို့ ခုန်တက်လိုက်ပြီး လက်သီးတစ်ချက် ထိုးချလိုက်သည်။ အနီတစ်ဝက်အနက်တစ်ဝက်အစစ်အမှန်ချီစွမ်းအင်ဖြင့် ဖွဲ့စည်းထားသည့် အနက်ရောင်ချီစွမ်းအင်စက်ဝန်းကြီး ဖြစ်ပေါ်လာပြီးနောက် ကြယ်တစ်စင်း ကြွေကျလာသကဲ့သို့ ဖုန်းဝူထျန်း ဆီ တိုက်ရိုက် ပစ်ချလာခဲ့တော့သည်။
“ကောင်းကင်လောင်ကျွမ်းခြင်း နတ်ဆိုးလက်သီး၊ နတ်ဆိုးမီးလျှံမြေကမ္ဘာဖြိုခွဲခြင်း... ”
Translator # အနှောင်အဖွဲ့ကင်းမဲ့သူ
.(သွေးနဂါးလုံချန်)
ဘာသာပြန်သူ -
အနှောင်အဖွဲ့ကင်းမဲ့သူ
(စာစဉ် - ၁၀)
အပိုင်း ၁၁၄
“ဘာ… ဆန်းကြယ်အလယ်အလတ်အဆင့် တိုက်ခိုက်ရေးနည်းစနစ်လား ”
ချူယွန်ယောင် က ပါးစပ်ကို လက်နဲ့ အုပ်ထားရင်း ရှေ့က မြင်ကွင်းကို အံ့သြတုန်လှုပ်စွာ ကြည့်နေမိသည်။ လဲ့လင် ကတော့ အလွန်အံ့ဩနေသောကြောင့် မျက်လုံးများ ပြူးကျယ်နေပြီး စိုက်ကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။
သူမက ဖုန်းဝူထျန်း မည်မျှသန်မာကြောင်း သိနေလို့ပင်။ သို့သော်လည်း လုံချန် ဟာ ဘယ်အချိန်ကတည်းက ဖုန်းဝူထျန်းနှင့် အဆင့်တူ နီးပါးထိ သန်မာလာရသနည်း။
ယေဘုယျအားဖြင့် ဤနေ့ ဖြစ်ပျက်နေသည့် အရာအားလုံးက သူမအတွက် အိပ်မက်တစ်ခုလိုပင် ခံစားရသည်။
လူတိုင်း အံ့သြစွာ စိုက်ကြည့်နေချိန်မှာပဲ လုံချန်၏ အစွမ်းထက်တိုက်ခိုက်မှု .“မြေကမ္ဘာဖျက်နတ်ဆိုးမီးလျှံ” က ဖုန်းဝူထျန်း၏ “ဖီးနစ်ဝိညာဉ်မီးလျှံ စည်းတံဆိပ်”ကို ပြေးဆောင့်လေသည်။ ဤသည်မှာ နှစ်ယောက်စလုံး၏ အစွမ်းထက်ဆုံး တိုက်ခိုက်မှုများ ဖြစ်ကြသည်။ သူတို့ နှစ်ယောက်စလုံး ချီစွမ်းအင်ကိုလဲ အမြင့်ဆုံးထိ ထုတ်ဖော်အသုံးပြုခဲ့ကြသည်။ ဤတစ်ကြိမ် ရလာဒ်က အနိုင်အရှုံးအပေါ် မူတည်နေသောကြောင့် လူတိုင်း မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေ၏။
အမှန်စင်စစ် ကောင်းကင်လောင်ကျွမ်းခြင်း နတ်ဆိုးလက်သီးက အဆင့်ကြီးနှစ်ဆင့်၊ တိုက်ခိုက်မှု နှစ်မျိုး ပါဝင်သည်။ ကောင်းကင်လောင်ကျွမ်းခြင်း သွေးမီးလျှံ နှင့် မြေကမ္ဘာဖျက်ဆီးခြင်းနတ်ဆိုးမီးလျှံ တို့ပင်။ အဆင့်တစ် ကောင်းကင်လောင်ကျွမ်းခြင်းသွေးမီးလျှံ ထက် အဆင့်နှစ် မြေကမ္ဘာဖျက်ဆီးခြင်းနတ်ဆိုးမီးလျှံက အဆပေါင်းများစွာ ပိုပြီးအားကောင်းပါသည်။ ဖုန်းဝူထျန်း ထုတ်သုံးခဲ့သည့် “ဖီးနစ်ဝိညာဉ်မီးလျှံ”ထက်ပင် ပိုပြီး အားကောင်းနေခဲ့၏။
မြေကမ္ဘာနတ်ဆိုရဘာတ်ဤတစ်ကြိမ်တွင် လုံချန် က ခွန်အားကို ထိန်ချန်မထားတော့ဘဲ သူ၏အစွမ်းထက်ဆုံး လှုပ်ရှားမှုကို ထုတ်သုံးခဲ့သည်။ စတင် တိုက်ခိုက်ချိန်၌ မြေကမ္ဘာဖျက်ဆီးခြင်းနတ်ဆိုးမီးလျှံက ဖီးနစ်ဝိညာဉ်မီးလျှံနှင့်တန်းတူ ထင်ရသော်လည်း မြေကမ္ဘာနတ်ဆိုးမီးလျှံက ရုတ်တရက်ဆိုသလို အနက်ရောင်မီးတောက်များ ပေါက်ကွဲထွက်လာပြီး မီးလျှံဖီးနစ်ကြီးကို တိုက်ရိုဖုံးလွှမ်းသွားလေတော့သည်။ အနက်ရောင်နေဝန်းကြီး ကမ္ဘာမြေပေါ် ကျဆင်းလာသကဲ့သို့ ကြောက်မက်ဖွယ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာလေသည်။ ထို့နောက် အနက်ရောင်မီးလုံးကြီးက မီးလျှံဖီးနစ်ငှက်ကြီးကို ပြင်းထန်သောအရှိန်ဖြင့် တိုက်ချခဲ့ပြီး အပိုင်းပိုင်း ပေါက်ကွဲထွက်သွားစေခဲ့သည်။
ကျယ်လောင်သော ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် ဖြာထွက်လာသည့် စူးရှသောအလင်းတန်းများကြောင့် လူတိုင်း မျက်လုံးများကို အလျင်အမြန်မှိတ်ထားလိုက်ရ၏။ သို့သော်လည်း မြေမ္ဘာဖျက်ဆီးခြင်းနတ်ဆိုးမီးလျှံက ဖုန်းဝူထျန်း၏ ဖီးနစ်ဝိညာဉ်မီးလျှံကို အနိုင်ယူခဲ့သည့်မြင်ကွင်းကိုတော့ လူတိုင်း မြင်ခဲ့ကြသည်။
လုံချန်၏တိုက်ခိုက်မှုက ဖုန်းဝူထျန်း၏ အစွမ်းထက်ဆုံးတိုက်ခိုက်မှုကို တိုက်ရိုက် ဖျက်ဆီးပစ်လိုက်ပါသည်။ တိုက်ခိုက်မှုကနေ ထွက်ပေါ်လာသည့် ကြောက်မက်ဖွယ်ရာ စွမ်းအားလှိုင်းရိုက်ခတ်မှုသည်ပြိုင်ဖက်ကို ထိမှန်ခဲ့သည်။ ဤပြင်းထန်သော ရိုက်ခတ်မှုကြောင့် ဖုန်းဝူထျန်း က သွေးတစ်လုတ် အန်ထုတ်လိုက်ရင်း နောက်ပြန်လွင့်ကာ မြေပြင်ပေါ် သို့ ပြုတ်ကျသွားခဲ့လေသည်။ ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်က မီးလောင်ကျွမ်းခံထားရပြီး တစ်ကိုယ်လုံး မည်းနက်နေကာ တစ်ခါတည်း သတိလစ်သွားတော့သည်။
တစ်ဖက်တွင် လုံချန် ကတော့ တည်ငြိမ်စွာပဲ မြေပြင်ပေါ်ကို ဆင်းလာခဲ့သည်။
ဤအချိန်တွင် လူတိုင်း စိုးရိမ်ထိတ်လန့်စွာ စောင့်ကြည့်နေသည့် ပြင်းထန်သောတိုက်ပွဲကား ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ လူတိုင်း ဤလူငယ်လေးကို အထူးအဆန်းသဖွယ်စိုက်ကြည့်နေရင်း လုံးဝ တိတ်ဆိတ်နေကြသည်။
ချူယွန်ယောင်၏ မျက်နှာအမူအရာကတော့ အတော်လေး စိတ်ဝင်စားစရာ ဖြစ်နေသည်။ အစပိုင်းမှာတော့ လုံချန် က ဖုန်းဝူထျန်းကို အနည်းငယ် အားကုန်အောင် တိုက်ခိုက်နိုင်ရုံလောက်သာဟု ခန့်မှန်းခဲ့လို့ပင်။ သို့ရာတွင် လက်တွေ့ကျတော့ လုံချန် က တိုက်ခိုက်မှုတစ်ခုတည်းဖြင့် ဖုန်းဝူထျန်း၏ အစွမ်းထက်ဆုံးတိုက်ခိုက်မှုကို တိုက်ရိုက်ချိုးဖျက် အနိုင်ယူသွားခဲ့သည်။…
“ဒီ လုံချန် က တော်တော်လေးသန်မာသားပဲ...”
ချူယွန်ယောင် က လုံချန် ကို မျက်တောင်မခတ်စတမ်း စိုက်ကြည့်ရင်း အံ့သြတုန်လှုပ်နေမိသည်။
အခြားတစ်ဖက်ရှိ လဲ့လန်၏မျက်နှာအမူအရာ က ချူယွန်ယောင် ထက်ပင် ပိုပြီး အံ့သြနေခဲ့လေသည်။ တစ်ချိန်တည်းမှာပင် ယခုလက်ရှိ လုံချန်၏အသွင်ပုံသဏ္ဍာန်က လဲ့လင်၏နှလုံးသားထဲ၌ မသိလိုက်မသိဖာသာပဲ စွဲထင်နေခဲ့ပြီဖြစ်သည်။
ပထမဆုံး စတင်တွေ့ခဲ့တဲ့အချိန်ကတော့ လုံချန်ကို အနည်းငယ်စိတ်ဝင်စားစရာကောင်းသော လူတစ်ယောက်ဟုသာ ထင်ခဲ့သည်၊ ပြောရလျှင် သာမန်လူတစ်ယောက်ဟု ထင်နေခဲ့ခြင်းဖြစ်သည်။ တကယ်တမ်း လက်တွေ့မှာတော့ လုံချန် ထုတ်ပြခဲ့သည့် ခွန်အားနှင့် အရည်အချင်းက သူမ၏နှလုံးသားကို တည့်တည့် ထိမှန်ခဲ့သည်။
“ဒီကောင်စုတ်က ဘယ်လို လူစားမျိုးလဲ...”
လဲ့လန် က အသက်ကိုခပ်ပြင်းပြင်းရှူသွင်းလိုက်သညခ။ သူမ၏ရင်ဘတ်ပေါ်ရှိ လုံးဝန်ပြည့်ဖြိုးသောတောင်ပို့ကြီးနှစ်လုံးက အဆက်မပြတ်တုန်ခါသွားလေသည်။ ထို့နောက် ခေါင်းခါလိုက်ရင်း မထိန်းနိုင်ဘဲ ရယ်မောလိုက်ပါတော့သည်။
ခဏအကြာတွင်...
“ဝူထျန်း အစ်ကို…”
လဲ့လင် က ခဏကြာအောင် တွေဝေနေပြီးနောက်မှ သတိပြန်ဝင်လာ၏။ ဖုန်းဝူထျန်း၏ပြင်းထန်လှသောဒဏ်ရာများကို မြင်လိုက်သည့်အခါတွင်တော့ အသက်ရှင်သလား သေလားပင် မခွဲခြားနိုင်တော့ပေ။ သူမ၏ နှလုံးသားလေး ကွဲအက်သွားသလို ခံစားလိုက်ရသည်၊ အရူးတစ်ပိုင်းဖြစ်နေသည့်ပုံစံဖြင့် သတိလစ်နေသော ဖုန်းဝူထျန်း ဆီသို့ ချက်ချင်းပြေးသွားခဲ့သည်။
အစိမ်းရောင်နေမင်းဌာနခွဲ၏ ကျန်အဖွဲ့ဝင်များလည်း အံ့သြတုန်လှုပ်နေရာကနေ သတိပြန်ဝင်လာပြီး လဲ့လင် နောက်က လိုက်လာကြသည်။
ဤအချိန်တွင် ဖုန်းဝူထျန်း က လုံးဝ သတိလစ်နေခဲ့သည်။ လဲ့လင် က သူ့ကို ကမန်းကတန်းပွေ့ဖက်လိုက်ရင်း တခြားလူတစ်ယောက်ဆီမှ ဝိညာဉ်အားဖြည့်ဆေးတစ်လုံး လှမ်းယူပြီး ပါးစပ်ကို အနည်းငယ်ဟ၍ ထည့်လိုက်သည်။
သို့သော် ဖုန်းဝူထျန်း တစ်ယောက် သတိပြန်ရလာခဲ့လျှင်ပင် ပြန်သက်သာလာရန်အချိန်တော်တော်ကြာပါလိမ့်မည်။ လက်ရှိမှာ အတိတ်က ချောမောလှပသည့်မျက်နှာအသွင်အပြင်က ပျောက်ဆုံးသွားကာ မည်းနက်နေသောမီးသွေးတုံးကြီးလို ထင်ရသည်။ ဤအခြေအနေက လုံချန် ကြောင့်ပင်ဖြစ်သည်။ သို့ရာတွင် လဲ့လင် က လုံချန်အပေါ်မှာ မုန်းတီးစိတ်မရှိတော့ပေ။
ဤအခိုက်အတန့်တွင် လုံချန်၏ နာမည်က အစိမ်းရောင်ဂိုဏ်းခွဲတစ်ခုလုံးသို့ ပြန့်နှံ့သွားခဲ့ပြီဖြစ်သည်။ ဤနေရာရှိ အဖြစ်အပျက်များသာ သတင်းထွက်သွားသည် နှင့်တပြိုင်နက် လုံချန် ဟူသောနာမည်က အစိမ်းရောင်ဂိုဏ်းခွဲတစ်ခုလုံး၌ပင် ချက်ချင်း နာမည်ကျော်ကြားလာပေလိမ့်မည်။ ထိုသို့ဖြစ်လေရာ အခြားသော ဌာနခွဲများလည်း သိသွားကြပေမည်။
“အကြီးအကဲ လန်...၊ ငါတို့ အားစိုက်ထုတ်ပြီး လုံချန် ကို သေချာလေး ပြုစုပျိုးထောင်ပေးမယ်ဆိုရင် အတွင်းစည်းဂိုဏ်း ဝင်ခွင့် ရွေးချယ်ပွဲမှာ ပါဝင်နိုင်လောက်မယ် မဟုတ်လား...”
လဲ့လန်၏ နံဘေးမှ လူတစ်ယောက်က ရုတ်တရက် ပြောလိုက်သည်။ လဲ့လန် က ဤအကြောင်းကို တွေးမိသော်လည်း တစ်ခုခုကို စဉ်းစားမိလိုက်ပုံရ။၊ သူမက ခါးသက်သက် ပြုံးရင်း ခေါင်းခါလိုက်ပါသည်။
“အတွင်းစည်းဂိုဏ်း ရဲ့ ဝင်ခွင့်ရွေးချယ်မှုကလိုအပ်ချက်တွေ အရမ်းတင်းကြပ်တယ်။ လုံချန် အတွက် ဖြတ်ကျော်ဖို့ လက်တွေ့မကျဘူး...”
“ဟုတ်ပါတယ်။ ချူယွန်ယောင် ရဲ့ အစ်ကို ချူယွန်ရှီ က ဒီတစ်ခါ အတွင်းစည်းတပည့်ရွေးချယ်ပွဲကိုအောင်မြင်နိုင်မယ်လို့ ယုံကြည်ထားတယ်ဆိုပဲ။ ဘာလို့လဲဆိုတော့ ပြိုင်ပွဲကို ဒီတစ်ခါ ကြီးကြပ်ဖို့ အလှည့်ကျတာက အရှေ့ပိုင်းနယ်မြေရဲ့ အစိမ်းရောင်နဂါးဂိုဏ်း ဖြစ်နေလို့ပါ...”
လဲ့လန် က ခေါင်းညိတ်လိုက်သည်။ ဤနာမည်ကို ကြားလိုက်သည့်အခါတိုင်း ခေါင်းကိုက်လာသလိုပင်။
ချူယွန်ယောင်၏ အစ်ကို ချူယွန်ရှီ က အသက် ၁၈ နှစ်သာ ရှိသေးသော်လည်း လွန်ခဲ့သည့် တစ်နှစ်ကျော်ကတည်းကပင် ကောင်းကင်ယွမ်တစ်ပိုင်းအဆင့် ဖြစ်နေခဲ့ပါပြီ။ ထို့အပြင် ၎င်းက ဤအတောအတွင်း ပိုပြီးသန်မာလာပုံရပြီး ကောင်းကင်ယွမ်အစောပိုင်းအဆင့်ကိုပင် ရောက်ရှိနေခဲ့ပြီဖြစ်သည်။
ချူယွန်ရှီ၏အရည်အချင်းက လွန်ခဲ့သည့် တစ်နှစ်ကပင် အစိမ်းရောင်ဂိုဏ်းခွဲ၏ နံပါတ်တစ် ပါရမီရှင် ဟု သတ်မှတ်ခံခဲ့ရသည်။ အမှန်က ထိုကဲ့သို့ ပါရမီရှင်နှင့် ဆက်ဆံရေး ကောင်းကောင်း ထားသင့်ပါသည်။ သို့ရာတွင် လဲ့လန် ကို ခေါင်းကိုက်စေသည့်အရာမှာ ထိုလူငယ်လေးက သူမကို တမ်းတမ်းဆွဲကြိုက်နေလို့ပင်။ ထို့အပြင် သူ၏ဘဝတစ်သက်တာလုံး လဲ့လန် က လွဲ၍ မည်သူ့ကိုမျှ လက်မထပ်တော့ဟု ကတိသစ္စာပင်ပြုထားခဲ့ပါသေးသည်။
“အဖေက အစိမ်းရောင်ဧကရာဇ်ခန်းမ ရဲ့ လက်ထပ်ပွဲ အဆိုပြုတာကို လက်ခံဖို့ ပြင်ဆင်နေပြီ။ ငါ တကယ်ပဲ အဲ့ကောင်လေးနဲ့ လက်ထပ်ပြီး ဇနီးသည်ဘဝ ဖြတ်သန်းရတော့မှာလား”
လဲ့လန် က ဤအစီအစဉ်ကို တိုက်ရိုက်ဆန့်ကျင်ခဲ့သည်။ အသက်ငယ်ငယ်ကတည်းက အစိမ်းရောင်နေမင်းဌာနခွဲ၏ ကိစ္စအဝဝကို တာဝန်ယူလာခဲ့သည့်အတွက် သူမကိုယ်တိုင်က ဆုံးဖြတ်ချက် ပြတ်သားပြီး ယုံကြည်မှုပြင်းထန်ခဲ့သည်။ လက်ရှိ ပိုင်ဆိုင်ထသောအဆင့်အတန်းကိုလည်း လက်မလွှတ်ချင်ခဲ့ပေ။ လက်ရှိ လဲ့လန် က မိန်းမငယ်လေးတစ်ယောက် မဟုတ်တော့ပါ။ ဤအချက်က လဲ့လန်ကို လက်ရှိဘဝနှင့် လိုက်လျောညီထွေ ဖြစ်အောင် လက်ခံရမည့် အခြေအနေ ဖြစ်လာနိုင်သည်။
ခဏကြာပြီးနောက် လဲ့လန် က ရှေ့က တိုက်ပွဲအခြေအနေကို ပြန်ကြည့်လိုက်သည်။ မည်သို့ပင်ဖြစ်စေ တိုက်ပွဲမြင်ကွင်းက သူမကို ခဏတာခေါင်းကိုက်လျော့သွားစေသလိုပင်။
လုံချန် က ဖုန်းဝူထျန်း ကို အနိုင်ယူခဲ့သော်လည်းနောက်ဆုံးမှာ သက်ညှာပေးခဲ့ပြီး မသတ်ခဲ့ပေ။အစိမ်းရောင်နေမင်းဌာနခွဲ၏ အဖွဲ့ဝင်များက အဆက်မပြတ် ကုသပေးနေသောကြောင့် သတိလစ်နေသေးသော်လည်း သေစေနိုင်လောက်သော ဒဏ်ရာများက စိုးရိမ်စရာမရှိတော့ပါ။
ဤအချိန်တွင် လုံချန်အတွက် ဖုန်းဝူထျန်း၏ ပြဿနာကို ဖြေရှင်းပြီးသွားပြီဟုဆိုနိုင်သည်။ လက်ရှိမှာ အရေးအကြီးဆုံးကတော့ အန္တိမသလင်းနတ်ဓားကို ရယူဖို့သာ ကျန်ရှိတော့သည်။ လုံချန်၏ ကြောက်မက်ဖွယ်ခွန်အားကြောင့် မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ပါရမီရှင်များ အားလုံး တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်း ဖလှယ်ရင်း မည်သူမျှ ရဲရဲတင်းတင်း မလှုပ်ရှားရဲကြတော့ပေ။
ချူယွန်ယောင် ကတော့ ခြွင်းချက်ပင်။
အန္တိမသလင်းနတ်ဓားက သူမ အပိုင်ဖြစ်သည်။ လုံချန် ကဲ့သို့ မထင်မှတ်ထားသည့် လူထူးဆန်းတစ်ယောက် ပေါ်လာသော်လည်း လက်လွှတ်ရန် မဖြစ်နိုင်ပါ။
“လုံချန်ရဲ့ နောက်ဆုံးတိုက်ခိုက်မှုက သူ့ ခွန်အားကို အများကြီး ကုန်ဆုံးစေမှာ သေချာတယ်။ ငါ့ခွန်အားက ဖုန်းဝူထျန်း ထက် အများကြီး ပိုသန်မာတယ်။ ဒါဆို အန္တိမသလင်းနတ်ဓားက နောက်ဆုံးတော့ ငါ့အပိုင် ဖြစ်မှာအသေအချာပဲ”
ဤအတွေးဖြင့် ချူယွန်ယောင် က နောက်ထပ် အချိန်ဆွဲမနေတော့ဘဲ တည်တည်ငြိမ်ငြိမ်ခြေလှမ်းများဖြင့် လုံချန် ဆီဆို့ လျှောက်လာခဲ့သည်။
နှလုံးဖောက်နတ်ဆိုးသားရဲက အသက်ရှင်ရန်အတွက် ရုန်းကန်နေဆဲ ဖြစ်သည်။ ၎င်းက ထွက်မ ပြေးနိုင်ခဲ့ပေ။
ဤအချိန်တွင် ချူယွန်ယောင် စတင်လှုပ်ရှားလာသည့်အတွက် ပြပွဲကောင်းတစ်ခု ရှိလာတော့မည်ဖြစ်ကြောင်း သိသာပါသည်။ လူတိုင်း ထွက်မသွားကြသေးဘဲ မျက်လုံး စိုက်ကြည့်နေကြသည်။
ဤအတောအတွင်း ချူယွန်ယောင် က လုံချန် ကို ကြည့်ရင်း ပြောလိုက်လေသည်...
“ဖုန်းဝူထျန်း ကို တစ်ချက်တည်းနဲ့ အနိုင်ယူနိုင်ခဲ့တဲ့အတွက် နင့်ကို လေးစားမိပါတယ်။ ဒါပေမဲ့ အန္တိမသလင်းနတ်ဓားကို ငါ့ဆီ လွှဲပေးဖို့ မျှော်လင့်တယ်။ နင် ဓားမသုံးဘူးဆိုတာ ငါ မြင်တယ်။ ဒီလိုဆိုမှတော့ အန္တိမသလင်းနတ်ဓားက နင့်အတွက် သိပ်မအသုံးဝင်နိုင်ဘူးလို့ ထင်ပါတယ်...”
လုံချန် က ရုတ်တရက် တဟားဟားရယ်ချလိုက်သည်...
“မိန်းကလေးချူ... မင်းက တကယ် ရယ်စရာ ကောင်းတဲ့ စကားတွေ ပြောတတ်တယ်နော်။ ငါ ဓားမသုံးရင် ယူလို့ မရဘူးလား။ ဒါကို ထောက်ပံ့ရေးရမှတ်တွေနဲ့ လဲလှယ်ရင် သေချာပေါက် အမှတ်များများရမှာပဲ...”
ချူယွန်ယောင် ကိုယ်တိုင် ယဉ်ကျေးသိမ်မွေ့စွာ ပြောနေသော်လည်း လုံချန် က လက်လွှဲပေးရန်ရည်ရွယ်ချက်မရှိပေ။
ချူယွန်ယောင် လည်း အခြေအနေကို သဘောပေါက်ပုံရ၏၊ သူမ၏ပုံစံကနည်းနည်းငယ် ဒေါသထွက်လာပါသည်။ သို့ရာတွင် လုံချန်၏ကြောက်မက်ဖွယ် စွမ်းအားကို လက်တွေ့မြင်ထားခဲ့ပြီးဖြစ်ရာ မလိုအပ်ဘဲ မလှုပ်ရှားရဲသေးပါ။
သူမက လုံချန် ကို တည်တည်ငြိမ်ငြိမ် ကြည့်ရင်း ဦးနှောက်ထဲမှာ အလျင်အမြန် တွေးတောနေပါသည်။ လုံချန် အား မည်သို့မည်ပုံ ကိုင်တွယ်ရမလဲဆိုသည်ကို အဆက်မပြတ်စဉ်းစားနေ၏။ မကြာခင်မှာပဲ ချူယွန်ယောင်၏စိတ်ထဲ၌ ပုံရိပ်တစ်ခု ပေါ်လာပြီး ချိုမြစွာ ပြုံးလိုက်ပါသည်...
“နင် အရှေ့ပိုင်းနယ်မြေရဲ့ နံပါတ်တစ်ပါရမီရှင် တျန်းယု ကို ကြားဖူးသလား။ ငါ သူနဲ့ ဆက်ဆံရေး ကောင်းရှိတယ်။ အန္တိမသလင်းနတ်ဓားကို ငါ့လက်ထဲ လွှဲပေးလိုက်ရင် သူနဲ့တွေ့တဲ့အခါ နင့်ကို ကျင့်ကြံရေးမှာ နည်းနည်းပါးပါး လမ်းညွှန်ပေးနိုင်တယ်”
“အရှေ့ပိုင်းနယ်မြေရဲ့ နံပါတ်တစ်ပါရမီရှင် တျန်းယု လား။ တစ်ခါမှ မကြားဖူးဘူး။ မိန်းမငယ်လေး... စကားများမနေနဲ့တော့။ အန္တိမသလင်းနတ်ဓားက ကိုယ်ပိုင်စွမ်းရည်နဲ့ ရယူနိုင်တာ မဟုတ်ဘူးလား။ စိတ်မပူပါနဲ့၊ မင်းကို ကြမ်းကြမ်းတမ်းတမ်းရိုက်မှာမဟုတ်ပါဘူး…” လုံချန်က မောက်မာထောင်လွှားစွာ ပြောနေသော်လည်း စိတ်ထဲမှာတော့ အနည်းငယ်စိုးရိမ်နေမိသည်။
လင်းဝူမိသားစုတွင် အပြင်စည်းဂိုဏ်းကြီး (၉) ခု နှင့် အတွင်းစည်းဂိုဏ်း (၄) ခု ရှိလေသည်။ အပြင်စည်းဂိုဏ်းများကို အနီရောင်အဆင့်၊ လိမ္မော်ရောင်အဆင့်၊ အဝါရောင်အဆင့်၊ အစိမ်းရောင်အဆင့်၊ မိုးပြာရောင်အဆင့်၊ ခရမ်းရောင်အဆင့်၊ ငွေအဆင့် နှင့်ရွှေအဆင့် ဟူ၍ ဂိုဏ်းကြီး(၉)ခု ခွဲထားခဲ့သည်။ လင်းဝူမိသားစု၏ အဓိကအင်အားဖြစ်သည့် အတွင်းစည်းဂိုဏ်းကြီး (၄)ဂိုဏ်း ကတော့ အရှေ့ပိုင်းနယ်မြေ နဂါးစိမ်းဂိုဏ်း၊ တောင်ပိုင်း ဖီးနစ်ဂိုဏ်း၊ အနောက်ပိုင်း ကျားဖြူဂိုဏ်း နှင့် မြောက်ပိုင်း လိပ်နက်ဂိုဏ်း တို့ပင်ဖြစ်သည်။
နဂါးစိမ်းဂိုဏ်းခွဲက အရှေ့ပိုင်းနယ်မြေကို အုပ်ချုပ်ရသည့်အတွက် အဖွဲ့ဝင်များ၏မျိုးရိုးနာမည်ရှေ့တွင် “ဒေါင်ဖန်း” ဆိုသော နာမည်အစ ပါကြသည်။ ချူယွန်ယောင် ပြောခဲ့သော အရှေ့ပိုင်းနယ်မြေ၏ နံပါတ်တစ်ပါရမီရှင် တျန်းယု ဆိုသူမှာ နဂါးစိမ်းဂိုဏ်းမှ ဖြစ်ပုံရ၏။
လုံချန် က လင်းဝူမိသားစု ထဲကို ရောက်လာသည်မှာ အချိန်မကြာသေးသည့်အတွက် အချက်အလက်များကို စုံစုံလင်လင်သိထားပုံမရပေ။ သူက မိသားစုအတွင်းပိုင်း တည်ရှိမှုများ နှင့်ပတ်သက်၍အခြေအနေကို အမှန်တကယ် နားမလည်သေးပါ။
သို့သော် ချူယွန်ယောင် က ဒေါသမထွက်ဘဲ အနည်းငယ် ရယ်မောရင်း ပြောလိုက်သည်...
“နင် သိထားဖို့က ငါ မတိုက်ခိုက်ရဲလို့မဟုတ်ဘူး။ အခုလက်ရှိ ငါတို့ကြားက ငြိမ်းချမ်းရေး ပျက်စီးသွားမှာ စိုးရိမ်လို့ပဲ။ ငါ နင့်ကို ကြောက်နေတယ်လို့ ထင်နေတာလား။ ဒါပေမဲ့ နင် လက်လွှဲမပေးချင်ဘူးဆိုရင်တော့ အစိမ်းရောင်ဧကရာဇ်ခန်းမ နဲ့ နင်တို့ အစိမ်းရောင်နေမင်းဌာနခွဲ (အဆင့်အနိမ့်ဆုံး) ကြားမှာ ကွာဟချက် ဘယ်လောက်ကြီးမားသလဲ ဆိုတာ ငါ ပြပေးမယ်...”
“ဟင်...”
လုံချန် က အံ့သြနေသည့်ပုံစံ ပြရင်း ယုတ်မာတော့မည့်လေသံဖြင့်တဲ့ ကျယ်ကျယ်လောင်လောင် ရယ်မောလိုက်သည်...
“မင်း ပါးစပ်က တော်တော် မြန်တာပဲ။ မင်းရဲ့ ပါးစပ်က အတော်လေး ကျွမ်းကျင်မှာ သေချာတယ်။ အားတဲ့အချိန် တစ်ချိန်လောက်ရွေးပြီး မင်းရဲ့ကျွမ်းကျင်မှု ငါ့ကို ပြပေးပါလား”
ချူယွန်ယောင် က လုံချန် ဘာကို ဆိုလိုမှန်း ချက်ချင်းနားမလည်ဘဲ ရှုပ်ထွေးစွာ စိုက်ကြည့်နေခဲ့သည်။ ခဏကြာမှ တစ်ခုခုကို သဘောပေါက်သွားပုံရ၏။ သူမ၏မျက်နှာလှလှလေးက ချက်ချင်း အေးစက်သွားပြီး လူသတ်ချင်စိတ်ပေါက်နေသောမျက်နှာထား ဖြစ်သွားတော့သည်။
ပတ်ဝန်းကျင်ရှိ လူတိုင်းလည်း လုံချန် ပြောလိုက်သောစကားကို နားလည်သည့်အတွက် အားလုံးဟာ မျက်နှာတွေ နီရဲလာကြသည်။ သူတို့က လုံချန်၏ ရဲတင်းပုံကို နှလုံးသားထဲက ဦးညွှတ်ချီးကျူးရုံသာလုပ်နိုင်ကြသည်။
လဲ့လန် သည်ပင် လုံချန်၏စကားကြောင့် အံကြိတ်ရင်း ပါးပြင်များ နီရဲလာတော့သည်။ စိတ်ထဲ၌လည်း တွေးနေ၏... “လုံချန် က ဒေါင်ဖန်းတျန်းယု ကြိုက်တဲ့ အမျိုးသမီးကို ရဲရဲတင်းတင်း လှောင်ပြောင်ရဲတယ်။ ဒီလို စရိုက်နဲ့ ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်မလဲ...”
လဲ့လင် သာမကဘဲ လူတိုင်း ဤအတွေးမျိုး တွေးနေချိန်မှာ လေပြင်း တစ်ချက် တိုက်ခတ်လာပြီး ချူယွန်ယောင်၏ နံဘေး၌ အစိမ်းရောင်နဂါးဝတ်ရုံ ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက် ရုတ်တရက် ပေါ်လာခဲ့သည်။
လူငယ်၏မျက်နှာက အလွန် သန့်ရှင်းပြီး ဖြူဖွေးချောမောလှသည်။ အသွင်ပုံသဏ္ဍာန်က တည်ငြိမ်ရင့်ကျက်ပုံရကာ မြင်လိုက်သည်နှင့် ခမ်းနားထည်ဝါသော အငွေ့အသက်များ ထုတ်လွှတ်နေသည်။ သူက အခု ချူယွန်ယောင် ကို ပြုံးပြရင်း မေးလိုက်သည်...
“ယောင်အာ! အဲ့ မျက်နှာအမူအရာက ဘာဖြစ်တာလဲ။ တစ်ယောက်ယောက်က မင်းကို စော်ကားလိုက်တာလား။ အစ်ကို တျန်းယု ကို ပြောပါ၊ အဲဒီလူကို ငါ မင်းအတွက် ကိုင်တွယ်ပေးမယ်…”