အခန်း (၁၁၅-၁၁၆)
Vol. 10 Ch. 115-116
အပိုင်း ၁၁၅
အဖြူရောင်ဝတ်လူငယ် ရုတ်တရက်ထွက်ပေါ်လာမှုက လုံချန်ကို မသိစိတ်ကနေ တုန်လှုပ်သွားစေသည်။
သူနှင့် အသက်အရွယ် တူညီသော်လည်း ထိုလူငယ်၏အဆင့်အတန်း နှင့် ခွန်အားက လုံချန် အတွက် မော့ကြည့်နေရမည့်အဆင့်သို့ ရောက်နေခဲ့သည်။
ခွန်အားအရ လုံချန် ကို ကြောက်ရွံ့စေနိုင်သော လူစားမျိုးက မြေကမ္ဘာယွမ်အဆင့် အထက် ကျင့်ကြံသူများသာ။ သူနှင့် သက်တူရွယ်တူလောက်သာရှိသေးသော်လည်း ထိုလူငယ်က ကောင်းကင်ယွမ်အဆင့် သို့ ရောက်နေပြီဖြစ်သည်။ တစ်နည်းအားဖြင့် ၎င်းက ပါရမီရှင်များကြား၌ပင် ထိပ်ဆုံးရောက်သည့်သူ ဖြစ်သည်။
ချူယွန်ယောင် ကိုယ်တိုင်က ထိုလူငယ်ကို “တျန်းယု အစ်ကို” ဟု ခေါ်ဆိုထားသည်ဖြစ်ရာ လုံချန်က ချက်ချင်း သိရှိသွား၏။ အစောပိုင်းတုန်းက ချူယွန်ယောင် ဂုဏ်ယူဝင့်ကြွားစွာ ပြောနေခဲ့သည့် အရှေ့ပိုင်းနယ်မြေ၏ နံပါတ်တစ်ပါရမီရှင် ဒေါင်ဖန်းတျန်းယု ပင်။ ၎င်းက အတွင်းစည်းဂိုဏ်းကြီး လေးဂိုဏ်း ထဲမှ အရှေ့ပိုင်းနယ်မြေ၊ နဂါးဂိုဏ်းခွဲ၏ အမွေခံတစ်ယောက်လည်း ဖြစ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် လုံချန်က တစ်စုံတစ်ခုကို အလျင်အမြန် သဘောပေါက်လိုက်၏။ ဒေါင်ဖန်းတျန်းယု ကဲ့သို့ ထိပ်တန်း ခွန်အားနှင့် အဆင့်အတန်းမြင့်မားသူရှေ့တွင် သူ့အနေဖြင့် အောင့်အီးသည်းခံရုံသာ တတ်နိုင်သည်ဆိုတာပင်။ ဟွမ်ဖေးယန် နှင့် ဖုန်းဝူထျန်း တို့ကို ထိပ်တိုက်ရင်မဆိုင်နိုင်ခင်အချိန်ထိ သည်းခံစောင့်ဆိုင်းနေစဉ်ကလို လုပ်ဆောင်မှ သူ အသက်ရှင်နိုင်ပါလိမ့်မည်။
အကြောင်းမှာ ချူယွန်ယောင် က ဒေါင်ဖန်းတျန်းယု ကြိုက်နှစ်သက်သည့် အမျိုးသမီး ဖြစ်မှန်း သိသာနေလို့ပင်။ လုံချန် သည် ရုတ်တရက်ဆိုသလို ကျောရိုးတစ်လျှောက် အေးစက်သွားခဲ့သည်။ ဒေါင်ဖန်းတျန်းယု သာ အစောပိုင်းက သူပြောခဲ့သည့် စကားများကို ကြားပါက လုံချန်ဟာ ယခု မတ်တပ်ရပ်နေနိုင်မှာမဟုတ်တော့ပေ။
လင်းဝူမိသားစု ထဲသို့ စတင်ဝင်လာသည့်အချိန်တုန်းက စီနီယာအစ်ကို ကန်လင် ပြောခဲ့ဖူးသည့်စကားများကို ပြန်သတိရလိုက်သည်။ အတွင်းစည်းဂိုဏ်းကြီး လေးဂိုဏ်း က လင်းဝူမိသားစု၏ အစစ်အမှန်အင်အားဖြစ်သည်။ အတွင်းစည်းဂိုဏ်းမှ သာမန်တပည့်တစ်ယောက်ဆိုလျှင်ပင် အပြင်စည်းဂိုဏ်းခွဲများ၏ အာဏာပိုင်များ မယှဉ်နိုင်လောက်သည့် အဆင့်အတန်းမျိုး ရှိနေပေသည်။
လုံချန် သည် ဤအတွေးကို ဆန့်ကျင်ချင်သော်လည်းလင်းဝူမိသားစု က အလွန် အင်အားကြီးမားလှကြောင်း ဝန်ခံရပါမည်။ ဤအင်အားစုကြီးရှေ့၌ သူက ပုရွက်ဆိတ်တစ်ကောင်သာသာပင်။ ဘာလုပ်နိုင်စွမ်းမှ ရှိမနေခဲ့ချေ။
ထို့ကြောင့် နဂါးဝိညာဉ်အသွင်ပြောင်းခန္ဓာကိုယ်ကို ပြန်သိမ်းလိုက်ပြီး တက်တက်ကြွကြွနှင့် လူငယ်ဆန်ဆန် လန်းဆန်းသော ပုံစံမျိုး ပြန်ဖြစ်လာသည်။
နဂါးဝိညာဉ်ခန္ဓာကိုယ်အသွင်ပြောင်းပြီးနောက် လုံချန်၏ခွန်အားက သန်မာလာသော်လည်း မြေကမ္ဘာယွမ်အဆင့်၌သာ ပြိုင်ဖက်ကင်းအောင်သန်မာခဲ့သည်။ ဒေါင်ဖန်းတျန်းယု ရှေ့တွင် သူဟာ ဘာကောင်မှ မဟုတ်ပေ။
“အခုက အချိန် မဟုတ်သေးဘူး။ ခဏလေးပဲ... ခဏလောက် အောင့်အီးသည်းခံပြီးတော့ ကြောက်ရွံ့တတ်တဲ့ ကလေးတစ်ယောက်လို ဟန်ဆောင်ရမယ်...”
ဤအချိန်တွင် ချူယွန်ယောင် ကတော့ ဒေါင်ဖန်းတျန်းယု ပေါ်လာသည်ကို မြင်လိုက်သည့်အတွက် ဝမ်းသာသွားပြီး စိတ်လှုပ်ရှားစွာ အော်လိုက်လေသည်...
“တျန်းယု အစ်ကို... ငါ ဒီမှာ ရှိနေတာကို ဘယ်လို သိတာလဲ...”
“မင်းရဲ့အဖေ ဆီက ကြားလာတာလေ။ မင်း ကောင်းကင်စစ်သည်နယ်မြေ ပြိုင်ပွဲ မှာ ပါဝင်နေတယ်ဆိုတော့ ငါ လာကြည့်တာ။ အပြင်စည်းဂိုဏ်းခွဲမှာ ဘာဖြစ်နေတာလဲ။ ဘာလို့ ပြိုင်ပွဲ ကျင်းပရတာလဲ။ မင်း ဒဏ်ရာရသွားရင် မကောင်းဘူး။ အိုး ... ဟုတ်တယ်၊ မင်း အရင်တုန်းက အတော်လေး စိတ်ဆိုးနေသလို ပဲ။ ဘာဖြစ်တာလဲ...” ဒေါင်ဖန်းတျန်းယု က ချူယွန်ယောင် ကို စိုးရိမ်စွာ ကြည့်နေရင်း မေးနေခဲ့သည်။
ချူယွန်ယောင် က လုံချန် ကို တွေးမိပြီး မျက်လုံးထဲ၌ ယုတ်မာချင်သော အရိပ်အယောင်တစ်ခုတောက်ပသွားသည်။ ထို့နောက် လုံချန် ကို တစ်ချက် လှမ်းကြည့်ပြီး ချစ်စရာကောင်းစွာ ဖြေလိုက်ပါသည်...
“ဘာမှ မဟုတ်ပါဘူး။ နှလုံးဖောက်နတ်ဆိုးသားရဲ ရဲ့ ခန္ဓာကိုယ်ထဲက အန္တိမသလင်းနတ်ဓားကို ငါတို့ ယှဉ်ပြိုင်နေရုံပါပဲ။ စိတ်ပူစရာမလိုပါဘူး...”
ဒေါင်ဖန်းတျန်းယု၏မျက်ခုံးကြောများ တွန့်ကွေးလာပြီး လေသံက အေးစက်လာတော့သည်။ သူက အေးစက်စက် ပြောရင်း လုံချန် ဆီ လှည့်ကြည့်လာခဲ့သည်...
“သူက တကယ်ပဲ မင်းနဲ့ တစ်ခုခုကို လုယူဖို့ ယှဉ်ပြိုင်ရဲတယ်ပေါ့။ မင်းနောက်မှာ ငါ ဒေါင်ဖန်းတျန်းယု ရှိနေတာကို သူ မသိဘူးလား...” စကားပြောနေရင်း သူက သွေးဆာနေသောအကြည့်ဖြင့် လုံချန်ကို စူးစိုက်ကြည့်နေလေသည်။
လုံချန် က အလျင်အမြန် ဖြေလိုက်၏...
“မိန်းကလေးချူ..က ဒါကို တကယ့် ပြိုင်ပွဲ ဖြစ်ချင်တယ်လို့ပြောတယ်။ ပြီးတော့ ငါတို့ အကုန်လုံး အစွမ်းကုန်ထုတ်ပြဖို့ တောင်းဆိုခဲ့တယ်။ သူမ အဲ့လို ပြောလာတော့မှ ငါတို့ ရဲရဲတင်းတင်း လုပ်ခဲ့တာ။ မဟုတ်ရင် အစ်ကိုတျန်းယု ရှိနေတာကို သိသိကြီးနဲ့ ငါတို့က မိန်းကလေးချူ နဲ့ ဘယ်လို ယှဉ်ရဲမှာလဲ”
ဒေါင်ဖန်းတျန်းယု အထင်အမြင်ကောင်းအောင် ပြောနိုင်ပါက လုံချန်အတွက် နောက်ပိုင်းမှာ စိုးရိမ်နေစရာမလိုတော့ပေ။ လောလောဆယ်မှာ အားနည်းပြီး ကြောက်ရွံ့နေသည့်ပုံစံမျိုး ဟန်ဆောင်ပြီး အသက်ရှင်နိုင်ပါက အနာဂတ်တွင် လက်စားချေရန် အခွင့်အရေး ရှိနေမည်ဖြစ်သည်။ ထို့ကြောင့် လုံချန် က လက်တလော ဂုဏ်သိက္ခာကို ထည့်မတွက်ပေ။
ဒေါင်ဖန်းတျန်းယု က ခေါင်းညိတ်လိုက်သည်။ လုံချန်၏နှိမ့်ချသောစကားက သူ့အတွက် စိတ်ဆိုးဒေါသထွက်စရာမရှိပေ။
တစ်ဖက်တွင် လူတိုင်းကတော့ လုံချန်၏အပြောင်းအလဲမြန်ဆန်သော စိတ်ကို အံ့သြလွန်းသောကြောင့် ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ အမှန်တကယ်တော့ ချူယွန်ယောင် က ဒေါင်ဖန်းတျန်းယု ကို အသုံးချပြီး လုံချန် ကို ဖိနှိပ်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် လုံချန်၏ ဉာဏ်ကောင်းလွန်းသောစကားများကြောင့် ဘာမှမလုပ်နိုင်တော့ပေ။
အကယ်၍ ဆက်ပြောနေလျှင် ဒေါင်ဖန်းတျန်းယုက သူမကို အထင်အမြင်သေးသွားနိုင်သည်။ ချူယွန်ယောင် က အံကြိတ်ရင်း လုံချန် ကို လွှတ်ပေးလိုက်ရသည်။ စိတ်ထဲမှာတော့...
“ကောင်စုတ်၊ နင် လင်းဝူမိသားစု ထဲမှာ ရှိနေသရွေ့ ငါ့မှာ နင့်ကို သတ်ဖို့ အခွင့်အရေး ရှိနေဦးမယ်။ အတိတ်မှာ ငါ့ကို ကျော်ရဲတဲ့ လူ တစ်ယောက်မှ အသက်မရှင်ခဲ့ဘူး”
ဤအချိန်တွင် ဒေါင်ဖန်းတျန်းယု က နှလုံးဖောက်နတ်ဆိုးသားရဲ ကို လျင်မြန်စွာ သတ်ဖြတ်လိုက်ပြီး ၎င်း၏ဝမ်းဗိုက်ထဲမှ သိုလှောင်အိတ်တစ်လုံး ထုတ်ယူလိုက်သည်။ ထို့နောက် အဖြူရောင်လင်းလက်နေသော သလင်းကျောက်ဓားတစ်လက် ကို ဆုပ်ကိုင်ပြီး ချူယွန်ယောင် ကို ပေးလိုက်၏။ တစ်ဆက်တည်း သူက တီးတိုး ပြောခဲ့သည်...
“ဒီ အန္တိမသလင်းနတ်ဓားက တော်တော်ကောင်းတယ်။ ယူထားလိုက်.... မင်း ကောင်းကင်ယွမ်အဆင့် ကို ရောက်တဲ့အခါ ငါ့အဖေ ဆီကနေ တခြား တစ်ခုခု ထပ်ပေးခိုင်းလိုက်မယ်”
“တျန်းယု အစ်ကို... ကျေးဇူးတင်ပါတယ်...”
ချူယွန်ယောင် က ဝမ်းသာလွန်းသဖြင့် လက်ခံယူလိုက်သည်။ အန္တိမသလင်းနတ်ဓားကို တယုတယကြည့်ကာ သိုလှောင်အိတ်ထဲ ထည့်သိမ်းလိုက်ပါသည်။ ထို့နောက် လုံချန် ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ဒေါင်ဖန်းတျန်းယု ကို လေးစားချီးကျူးနေသော လုံချန်၏ မျက်နှာအမူအရာကို မြင်လိုက်လေရာ အော့အန်ချင်စိတ် ပေါက်သွားသည်။ ချူယွန်ယောင် က လုံချန်ကို ဂရုမစိုက်တော့ဘဲ ဒေါင်ဖန်းတျန်းယု အပေါ် အာရုံစိုက်ထားလိုက်ပါသည်။
“တျန်းယု အစ်ကို၊ အန္တိမသလင်းနတ်ဓားကို ရပြီးပြီ။ ပြိုင်ပွဲလည်း ပြီးသွားပြီ။ ငါတို့ ထွက်သွားကြတော့မလား...”
“ငါလဲ အဲလို စီစဉ်ထားတာပဲ။ ယွမ်လင်းမြို့တော်က သိပ်မဝေးဘူးလေ။ အဲ့ဒီနေရာမှာ အရမ်း လှပတဲ့ စမ်းချောင်းတစ်ခုလဲရှိတယ်။ ပတ်ဝန်းကျင်ရှုခင်းတွေက တအားလှပပြီး ပန်းပွင့်မျိုးစုံတွေနဲ့ ပြည့်နှက်နေတယ်။ မင်းကို ခေါ်သွားပြီးတော့ ငါတို့နှစ်ယောက် အတူတူ သာယာလှပမှုကို ခံစားကြတာပေါ့”
နှစ်ယောက်သား စကားစမြည် ပြောရင်း အခြားလူတိုင်းကို တစ်ချက်မှ လှည့်မကြည့်ဘဲ ဒေါင်ဖန်းတျန်းယုက ဦးဆောင်ပြီး သာယာကြည်နူးစွာ ထွက်သွားကြတော့သည်။
လုံချန် က သက်ပြင်းချလိုက်သည်။ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်ရာ လူတိုင်း သူ့ကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေကြောင်း သတိပြုထားမိလိုက်၏။
အကြည့်တွေထဲမှာ အစပိုင်းမှာတော့ လုံချန် ကို အံ့သြချီးကျူးခဲ့ကြသည်။ သို့ရာတွင် အားကောင်းေသော တစ်စုံတစ်ယောက်ကို ရင်ဆိုင်တွေ့သည် နှင့်တပြိုင်နက် ကိုယ့်ကိုယ်ကိုနှိမ့်ချလိုက်ခြင်းက သူ့ ပုံရိပ်ကို အထင်အမြင်သေးသွားစေသည်။
“ဒီလုံချန်က ဂုဏ်သိက္ခာ မရှိတဲ့ လူတစ်ယောက်ပဲ။ ဒီလို လူက အနာဂတ်မှာ ကြီးကျယ်ခမ်းနားဖို့ ခက်ခဲတယ်။ မတော်လို့ သူနဲ့ မိတ်ဆွေဖွဲ့မိရင်တောင် ရှက်စရာပဲ”
ဤအချိန်တွင် ကောင်းကင်စစ်သည်နယ်မြေ ပြိုင်ပွဲက ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ ချူယွန်ယောင် က အန္တိမသလင်းနတ်ဓားကို လွယ်ကူစွာ ရရှိပြီး နောက်ဆုံး အနိုင်ရသူဖြစ်ခဲ့သည်။ လူတိုင်း လက်မခံချင်သော်လည်း အဆုံးမှာတော့ဒေါင်ဖန်းတျန်းယုကို မဆန့်ကျင်နိုင်သောကြောင့် ရလာဒ်ကို လက်ခံလိုက်ကြရသည်။
ပြိုင်ပွဲ ပြီးဆုံးသွားပြီဖြစ်ကြောင်း မြင်လိုက်ချိန်တွင်လဲ့လင် နှင့် ကျန်လူများက ဒဏ်ရာရပြီး သတိလစ်နေသော ဖုန်းဝူထျန်း ကို အမြန် ခေါ်ဆောင်ပြီး ထွက်သွားကြပါတော့သည်။ အစိမ်းရောင်နေမင်းဌာနခွဲသို့ပြန်ရောက်မှသာ ဖုန်းဝူထျန်းကို သေချာကုသနိုင်ပါလိမ့်မည်။
မကြာခင် ဤနေရာတွင် လုံချန် တစ်ယောက်တည်း ကျန်နေခဲ့၏။ သူ့ ဘေးမှာ နှလုံးဖောက်နတ်ဆိုးသားရဲ၏အလောင်း ရှိနေခဲ့သည်။
သို့သော် လုံချန်က တော်တော်လေး စိတ်ပျက်နေမိသည်...
“ငါ ဒီလောက် ကြိုးစားခဲ့တာ .... အခုတော့ အန္တိမသလင်းနတ်ဓားကို အဲ့မိန်းမယုတ်က ကြားဖြတ်လုယူသွားပြီ။ ချူယွန်ယောင်! ငါ့ကို သတ်ဖို့ ဒီလောက် လွယ်မှာ မဟုတ်ဘူး။ တစ်နေ့ မင်း သေချာပေါက် နောင်တရလောက်အောင် လုပ်ပြမယ်။ ဒေါင်ဖန်းတျန်းယု... မင်းလဲ…”
အမှန်စင်စစ် လုံချန် ကို ဖိအားပေးခဲ့သူက ချူယွန်ယောင် မဟုတ်ဘဲ ဒေါင်ဖန်းတျန်းယု ဖြစ်ခဲ့သည်။
ဤအခိုက်အတန့်တွင် လုံချန် သည် လင်းဝူမိသားစု၊ အတွင်းစည်းဂိုဏ်းကြီး(၄)ဂိုဏ်း၏ ကြောက်မက်ဖွယ်ကောင်းပုံကို ပထမဆုံးအကြိမ် တွေ့မြင်ခဲ့ရသည်။ သူသည် ဖုန်းဝူထျန်း ကို အနိုင်ယူနိုင်ခဲ့သော်လည်း အဆုံးသတ်မှာတော့ သူ့ခွန်အားက အောက်ဆုံးအဆင့်သာ ရှိနေသေးသည်ကို သိလိုက်ရပါသည်။
“ကံကောင်းတာက နှလုံးဖောက်နတ်ဆိုးသားရဲ ရဲ့ အလောင်း ကျန်နေသေးတယ်။ ဆုလာဘ် နည်းနည်းရခဲ့သေးတယ်လို့ ဆိုရမှာပေါ့...”
ချူယွန်ယောင် က နှလုံးဖောက်နတ်ဆိုးသားရဲ၏အလောင်းကိုတော့ ယူဆောင်မသွားခဲ့ပါ။ ထို့အပြင် လုံချန် ရှိနေသည့်အတွက်ကြောင့် အခြားလူများလည်း လုယူဝံ့ခြင်းမရှိကြပေ။
လုံချန် အနေဖြင့် မကြာသေးခင်က ဆန်းကြယ်တတိယအဆင့် နတ်ဆိုးသွေးအဆီအနှစ်ကို ဝါးမျိုပြီး မြေကမ္ဘာယွမ်အထွတ်အထိပ်အဆင့် သို့ တက်လှမ်းထားနိုင်ခဲ့သည်။ လက်ရှိမှာ သူက အလျင်မလိုသေးပါ၊ သိုလှောင်အိတ်ကို ထုတ်ယူပြီး နှလုံးဖောကိနတ်ဆိုးသားရဲ၏အလောင်းကို ထည့်သိမ်းလိုက်ပါသည်။
ထို့နောက် ကောင်းကင်စစ်သည်နယ်မြေ ထဲကနေ ထွက်ခွာရန် ပြင်လိုက်ချိန်တွင် သူ့နောက်ကျော၌ အလွန် ဆွဲဆောင်မှု ရှိသော အလှလေးတစ်ယောက် ရပ်နေသည်ကို သတိထားမိလိုက်တော့သည်။ တယ်။ အခြားသူမဟုတ်ပေ၊ အစိမ်းရောင်နေမင်းဌာနခွဲ၏ အကြီးအကဲချုပ် လဲ့လန် ပင်ဖြစ်သည်။
ဤနေရာတွင် အကြီးအကဲချုပ်လဲ့လန် ရောက်ရှိနေသည် ဆိုကတည်းက သူမအနေဖြင့် ပြိုင်ပွဲကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့ကြောင်း သက်သေပြခဲ့သည်။ လုံချန် က ဤအချက်ကို ကောင်းကောင်းသတိထားမိလိုက်သည်။ အကြောင်းမှာ လဲ့လန်၏မျက်လုံးထဲ၌ အရင်ကလို ဆွဲဆောင်မှုမျိုး မရှိတော့သည့်အပြင် မထီမဲ့မြင်အရိပ်အယောင်လည်း ရှိမနေတော့ပေ။ သူမက လုံချန်ကို တည်ငြိမ်စွာ ကြည့်နေခဲ့လေသည်။
“ဘယ်လိုလဲ။ သန်မာအားကောင်းတဲ့ ငါ့ပုံစံကို မြင်ပြီး ကိုယ့်ကိုယ်ကို ထိန်းချုပ်ဖို့ ခက်နေပြီလား...”
လုံချန် က လဲ့လန် ဆီကို ချဉ်းကပ်လာရင်း ရှက်ရွံ့မှု မရှိဘဲ ပြောလိုက်လေသည်။ ပြောနေရင်း နူးညံ့အိစက်သောခန္ဓာကိုယ်ကို တစ်ချက် စိုက်ကြည့်လိုက်သည်။
အရင်ကတော့ လဲ့လန် ကသာ သူ့ကို လှောင်ပြောင် စနောက်ခဲ့၏။ ဤတစ်ကြိမ်မှာ လုံချန်အတွက် တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးရတုန်း အရင်ဦးအောင် လှောင်ပြောင်လိုက်သည်။
လဲ့လန် က ဒေါသမထွက်ဘဲ ပြုံးလိုက်ပြီး ကောင်းကင်စစ်သည်နယ်မြေ ဝင်ပေါက်ဆီသို့ ဘေးချင်းကပ်ပြီး လျှောက်လာကြရင်း ပြန်ပြောခဲ့သည်...
“နင် လူကောင်း မဟုတ်မှန်း အစကတည်းက ငါ သိပါတယ်။ ဒါ့ကြောင့် နင့်ရဲ့ တကယ့် ပုံစံကို ဖော်ထုတ်ဖို့ ကြိုးစားခဲ့တာ။ အရင်တုန်းက မအောင်မြင်ခဲ့ပေမယ့် အခု နင် ကိုယ်တိုင် ထုတ်ပြနေပြီ...”
အစပိုင်းမှာတော့ လဲ့လန်၏အတွေးထဲ၌ လုံချန် က ဖုန်းဝူထျန်း နှင့် ယှဉ်နိုင်မှာ မဟုတ်ကြောင်း ယူဆခဲ့သည်။ သို့ရာတွင် လုံချန်က အပြောမဟုတ်ဘဲ လုပ်ရပ်ဖြင့် သက်သေပြခဲ့သည်။ လုံချန် က ကောင်းကောင်းသိနေပေသည်၊ လဲ့လန် က အံ့သြတုန်လှုပ်နေသော်လည်း တည်ငြိမ်ဟန်ဆောင်နေသည်မဟုတ်ပါလား။ ထို့အပြင် လဲ့လန် ဆီကနေ အရင်တုန်းကလို အထင်အမြင်သေးဖိနှိပ်လိုသော ခံစားချက်မျိုး မရတော့ပေ။ လုံချန် က ဤအလှတရားကို အနည်းငယ် ထိန်းချုပ်နိုင်လိုက်ပြီမှန်း ခံစားမိသည်။
နှစ်ယောက်သား အတူတူ လျှောက်လာကြရင်း မိတ်ဆွေရင်းချာများ ကဲ့သို့ စကားပြောနေကြသည်။
“ရိုးရိုးသားသား ပြောရရင် ငါ နင့်ကို လျှော့တွက်မိခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ နင် ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို အရမ်းကြီး ယုံကြည်မှု လွန်ကဲမနေသင့်ဘူး။ ဒေါင်ဖန်းတျန်းယု ကို မြင်လိုက်တဲ့အချိန်မှာ နင် အဲ့ဒီအချက်ကို ပိုသိသွားမှာ သေချာပါတယ်...”
လုံချန် လည်း ခေါင်းညိတ်လိုက်၏။ ဒေါင်ဖန်းတျန်းယု မည်မျှသန်မာကြောင်း ရှင်းရှင်းလင်းလင်း သိနေခဲ့သည်။ ဒေါင်ဖန်းတျန်းယု ရှေ့၌ ခေါင်းငိုက်စိုက်ချခဲ့ရသည့် အချိန်ဟာ သူ့နှလုံးသားထဲ နာကြည်းစိတ်ကျန်နေခဲ့သည်။
“ဘာပဲဖြစ်ဖြစ် ... အခု နင် ပြသခဲ့တဲ့ ခွန်အားကို ကြည့်ရင် နင့်ရဲ့ အလားအလာကို အဆင့်သတ်မှတ်ချက်အသစ် ပေးသင့်ပြီထင်တယ်...”
လဲ့လန် က လုံချန် ကို ဆွဲဆောင်မှုရှိစွာ ကြည့်ရင်း အပြုံးတစ်ဝက်ဖြင့် ပြောခဲ့သည်။
“ဘယ်လောက်လဲ...”
“ကြယ်လေးပွင့်အဆင့်...”
လုံချန် က ခေါင်းညိတ်လိုက်သည်...
“ဒါက ကြယ်ငါးပွင့်အဆင့် တောင် မဟုတ်သေးဘူးလား။ အစိမ်းရောင်ဂိုဏ်းခွဲ တစ်ခုလုံးမှာ ကြယ်ငါးပွင့်အဆင့် အလားအလာ ရှိတဲ့ လူ ဘယ်နှစ်ယောက် ရှိလဲ...”
လဲ့လန် က ခါးသက်သက် ပြုံးလိုက်၏...
“တစ်ယောက်ပဲ ရှိတယ်။ ဒါပေမဲ့ ဘယ်သူလဲ ဆိုတာ နင် မသိသင့်ဘူး။ လုံချန်! နင် အခု ကြယ်လေးပွင့်အဆင့် အလားအလာ ရှိလာပြီ။ အစကတော့ အခုလက်ရှိအဆင့်အတန်းနဲ့ဆို လင်းဝူမိသားစု က နင့်အတွက် တစ်ခုခု လုပ်ပေးနိုင်မယ်ပေါ့၊ သွေးဝိညာဉ်ဂိုဏ်း ကို ကိုင်တွယ်ပေးဖို့တောင် ဖြစ်နိုင်လောက်တယ်။ ငါတင်ပြခဲ့ပေမဲ့ မဟာအကြီးအကဲ က ဒီအကြံကို ပယ်ချခဲ့တယ်။ ပြီးတော့ သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင် ရဲ့ အထောက်အထား ကို ငါ သိထားပြီ...”
လုံချန်၏မျက်ခုံးကြောများ တွန့်ကွေးသွားခဲ့သည်...
“ဘယ်သူလဲ...”
လဲ့လန် က ခေါင်းခါလိုက်သည်... “အရင်က ငါ မသိခဲ့ဘူး။ သူ့ အထောက်အထား က တော်တော်လေးလျှို့ဝှက်ချက် ဖြစ်နေလို့ပဲ။ လူအများစုက မသိကြဘူးလို့ပြောရင် ပိုမှန်လိမ့်မယ်။ ဒါနဲ့ နင် ယွမ်လင်း မြို့တော်က သားရဲဝိညာဉ်ခန်းမ ကို သိတယ်မဟုတ်လား”
“သွေးဝိညာဉ်ဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် နဲ့ ယွမ်လင်းမြို့တော် ကြားမှာ ဆက်စပ်မှု ရှိနေတာလား” လုံချန်၏ စိတ်ထဲ၌ မကောင်းသော ခံစားချက် ပေါ်လာသည်။
“ယွမ်လင်းမြို့ က လင်းဝူမြို့ နဲ့ အရွယ်အစား ဆင်တူတယ်” လဲ့လန် ဆက်ပြောသည်...
“အဲ့ဒီနေရာမှာ အစွမ်းထက်ဆုံးပညာရှင်က သားရဲဝိညာဉ်ခန်းမ ရဲ့ အရှင်သခင်ဖြစ်တဲ့ ယွမ်ဧကရာဇ် လို့ လူသိများတယ်။ ဒီမျိုးဆက် ယွမ်ဧကရာဇ် မှာ သားတွေ အများကြီး ရှိတယ်။ သွေးဝိညာဉ်ဂိုဏ်း ရဲ့ ခေါင်းဆောင်က လက်ရှိ ယွမ်ဧကရာဇ် ရဲ့ မြေးတစ်ယောက် ဖြစ်နေတယ်”
Translator # အနှောင်အဖွဲ့ကင်းမဲ့သူ
.(သွေးနဂါးလုံချန်)
ဘာသာပြန်သူ -
အနှောင်အဖွဲ့ကင်းမဲ့သူ
(စာစဉ် - ၁၀)
အပိုင်း ၁၁၆
ဤသတင်းစကားကို ကြားလိုက်ချိန်တွင် လုံချန် သည် ရုတ်တရက် တစ်ကိုယ်လုံး တဆတ်ဆတ်ခါယမ်းသွားခဲ့သည်။ သူက လဲ့လန် ကို မယုံနိုင်စွာ စိုက်ကြည့်ရင်း စကားထစ်ထစ်နှင့် မေးလိုက်သည်... “တကယ်လား။ သွေးဝိညာဉ်ဂိုဏ်း ရဲ့ ဂိုဏ်းချုပ်က ယွမ်ဧကရာဇ် ရဲ့ မြေးဆိုတာ တကယ်ပဲလား...”
လဲ့လန် က ခေါင်းခါလိုက်ရင်း ချိုမြိန်လှသော မျက်နှာလှလှလေးပေါ်တွင် ဝမ်းနည်းမှုအရိပ်အယောင်များ ဖုံးလွှမ်းနေခဲ့သည်... “ကမ္ဘာပေါ်မှာ တိုက်ဆိုင်မှုတွေ အများကြီး ရှိနေတယ်။ ဒါပေမဲ့ ငါရခဲ့တဲ့ သတင်းက တကယ်မှန်ပါတယ်၊ သွေးဝိညာဉ်ဂိုဏ်းချုပ်က ယွမ်ဧကရာဇ် ရဲ့ မြေးတစ်ယောက်ပဲဆိုတာ။ တကယ်တော့ ယွမ်ဧကရာဇ် မှာ မြေးတစ်ရာကျော်ရှိနေတယ်၊ လက်ရှိ သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်က သူ့အဘိုးဆီက မျက်နှာသာ မရခဲ့ရင်တောင် လင်းဝူမိသားစုရဲ့ အထက်အာဏာပိုင်တွေအနေနဲ့ နင့်အတွက် သွေးဝိညာဉ်ဂိုဏ်း ကို တိုက်ခိုက်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ လင်းဝူမြို့ နဲ့ ယွမ်လင်းမြို့ ကြားမှာ ပဋိပက္ခ ဖြစ်လာရင် ငါတို့ အတွက် မကောင်းနိုင်ဘူးလေ...”
လဲ့လန် က စကားပြောနေရင်း ခဏရပ်ပြီး လုံချန် ကို တစ်ချက်ကြည့်လိုက်သည်။ ခဏကြာမှ သူမက ဆက်ပြော၏...
“လုံချန်၊ နင် နားလည်မှာပါ။ လင်းဝူမြို့ နဲ့ ယွမ်လင်း မြို့ ဆိုတာက ရေ နဲ့ မီး လိုပဲ၊ လုံးဝ ဆန့်ကျင်ဖက် အဖွဲ့အစည်း နှစ်ခုပဲ။ နှစ်ဖက်စလုံး အခုလိုငြိမ်းချမ်းရေး ရဖို့ အတွက် မရေမတွက်နိုင်တဲ့ သွေးချောင်းစီးတိုက်ပွဲတွေ ရင်ဆိုင်ခဲ့ရတယ်။ အသေးအဖွဲ ကိစ္စ တစ်ခုက မီးပွားလေးတစ်စ ဖြစ်သွားရင် အခြေအနေ တစ်ခုလုံး ပေါက်ကွဲသွားလိမ့်မယ်...”
လဲ့လန် ပြောသည့်စကားက ရှင်းပါသည်။ လင်းဝူ မိသားစု က သွေးဝိညာဉ်ဂိုဏ်း ကို တိုက်ခိုက်မည်ဆိုလျှင် ယွမ်လင်းမြို့၏ လက်တုံ့ပြန်မှု ရှိလာနိုင်သည်။၎င်းက လင်းဝူမိသားစုအတွက်ပင် ဆုံးရှုံးမှု ကြီးကြီးမားမား ဖြစ်နိုင်သည်။ အမှန်တကယ်တော့ လင်းဝူမိသားစု က အတွင်းစည်းဂိုဏ်းကြီး (၄) ခုကိုသာ အဓိက ထောက်ပံ့ပေးနေခြင်းပင်။ ထို့ကြောင့် လက်ရှိ လုံချန် အတွက်ဆိုပါက သူ့ကို ကူညီရန်အတွက်ဖြင့် အန္တရာယ်များသော စွန့်စားမှုကို လုပ်ဆောင်မည်မဟုတ်ပါ။ အထက်အာဏာပိုင်များ၏ အမြင်တွင် လုံချန်ကြောင့် ယွမ်လင်းမြို့နှင့် တိုက်ပွဲဖြစ်လာမည်ဆိုပါက လက်တွေ့မကျလှပေ။
လုံချန်က စိတ်ဓာတ်ကျသွားခြင်း မရှိပါ။ အစကတည်းက လင်းဝူမိသားစု ကို ဘာမှ မမျှော်လင့်ခဲ့လို့ပင်။ သူက ခဏမျှ စဉ်းစားကြည့်လိုက်ပြီး နှုတ်ခမ်းထက်တွင် အပြုံး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
လုံချန်၏ လျစ်လျူရှုနေသော သဘောထား က လဲ့လန် ကို မျက်မှောင်ကြုတ်သွားစေသည် “ဟေ့... နင်တကယ်ပဲ တစ်ယောက်တည်းနဲ့ သူတို့ကို ကိုင်တွယ်မလို့ စဉ်းစားနေတာလား...”
“ငါ နဲ့ သွေးဝိညာဉ်ဂိုဏ်း ကြားမှာ ဘယ်တော့မှ မပြေနိုင်တဲ့ ရန်ငြိုး ရှိနေတယ်။ ငါ သူတို့ကို မသတ်ရင် သူတို့ ငါ့ကို လာသတ်ကြမှာပဲ။ ဒီလို အခြေအနေမှာ ငါ ဘာလို့ သူတို့ကို မကိုင်တွယ်ရမှာလဲ...”
လုံချန် က ခေါင်းမော့ကြည့်ရင်း လဲ့လန်၏ဖြူဖျော့နေသော မျက်နှာလှလှလေးကို စိုက်ကြည့်လိုက်သည်။
လုံချန်၏အကြည့်ထဲ၌ ထိန်းချုပ်မရနိုင်သောပြတ်သားမှု အပြည့်ရှိနေခဲ့သည်။ အခြားသူများကို ထိန်းချုပ်ပြီး လေ့ကျင့်ပေးလေ့ရှိသော လဲ့လန် အတွက် အနည်းငယ် မသက်မသာ ခံစားရသည်။
သူမက အသက်ပြင်းပြင်းရှုလိုက်ရင်း အံ့အားသင့်စွာ ပြောလိုက်သည် “လုံချန်! အချိန်ရောက်ရင် ငါ မသတိပေးခဲ့ဘူးလို့ နင် အပြစ်မတင်နဲ့နော်။ ယွမ်ဧကရာဇ် က ဒီကိစ္စကို မလိုက်ရင် နင် ကံကောင်းတာပဲ။ ဒါပေမဲ့ သူ လက်တုံ့ပြန်ပြီဆိုရင်တော့ ငါတို့ နင့်ကို သူ့ဆီ ချက်ချင်းပို့ပေးရမှာ...”
“မင်း မပြောပါနဲ့။ ငါ အကုန် သိပါတယ်...”
လုံချန် က အံကြိတ်ရင်း လျစ်လျူရှုသော လေသံဖြင့် ပြန်ပြောလိုက်သည်။ သူ လုပ်ခဲ့သမျှ အရာရာတိုင်းမှာ အမြဲတမ်း ကြောက်ရွံ့မှု မရှိခဲ့ပါ။ ၎င်းက လုံချန်၏ အကျင့်စရိုက်ဖြစ်သည်ဟုဆိုရပေမည်။သို့ရာတွင် အကြောက်မလန့်မရှိတာက အသိဉာဏ်မဲ့ မိုက်မဲတာမျိုးတော့ မဟုတ်ပေ။
“ထပ်ပြောရရင် သွေးဝိညာဉ်ဂိုဏ်း မှာ နောက်လိုက် ၁၀၀၀ လောက် ရှိတယ်၊ အစောင့်အရှောက် (၈) ယောက် နဲ့ ဂိုဏ်းစောင့်အကြီးအကဲ (၅ )ယောက်ပါ ရှိသေးတယ်။ ဒီ ဂိုဏ်းစောင့်အကြီးအကဲ ငါးယောက်စလုံးက မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် မှာ ရှိတယ်။ ပြီးတော့ ဂိုဏ်းချုပ်ကိုယ်တိုင်က ကောင်းကင်ယွမ်အဆင့် ကျင့်ကြံသူ တစ်ယောက်ပဲ။ နင့်ရဲ့ လက်ရှိ ခွန်အားက မြေကမ္ဘာယွမ်အဆင့် မှာ ပြိုင်ဖက်ကင်းနေပြီဆိုပေမယ်လို့ ကောင်းကင်ယွမ်အဆင့် ကျင့်ကြံသူ တစ်ယောက်နဲ့ ဆိုရင်တော့ နင် သေချာပေါက် အသတ်ခံရမှာ...”
လုံချန် က သေမှာ မကြောက်သည့်ပုံစံမျိုး ပြနေသောကြောင့် လဲ့လန် ကလည်း နောက်တစ်ကြိမ် သတိပေးလိုက်ရပြန်သည်။ အတိတ်ကဆိုလျှင် အာပေါက်သည်အထိ ပြောဆိုနေမည်မဟုတ်ပါ။ သို့ရာတွင် လက်ရှိ လုံချန်က ကြောက်မက်ဖွယ် အလားအလာ ရှိနေခဲ့၏။ အစိမ်းရောင်နေမင်းဌာနခွဲ၌ ကြယ်လေးပွင့်အဆင့် ပညာရှင်က လူ ဆယ်ယောက်ပင်မပြည့်ပေ။ လဲ့လန် ကိုယ်တိုင်ပင် ကြယ်လေးပွင့် အဆင့်သာရှိခဲ့သည်။
“ကောင်းကင်ယွမ်အဆင့် က တကယ် အဲ့လောက် သန်မာနေတာလား...” လုံချန် က အနည်းငယ်တော့ အံ့သြသွားခဲ့သည်။ သူ့အမြင်တွင် ကောင်းကင်ယွမ်အဆင့် နှင့် နီးကပ်နေသော ဖုန်းဝူထျန်း ကို အနိုင်ရခဲ့သည့်အတွက်ကြောင့် ကောင်းကင်ယွမ်အဆင့် ကျင့်ကြံသူ တစ်ယောက်ကို ကိုင်တွယ်နိုင်မည်ဟု ယုံကြည်နေခဲ့သည်။
“နတ်ယွမ်အဆင့် ကို သေမျိုးနယ်ပယ်၊ မြေကမ္ဘာ နဲ့ကောင်းကင်ယွမ် လို့ ခွဲထားတာ ဘာကြောင့်လဲ ဆိုတာ နင် သိလား။ နတ်ယွမ်အဆင့် ရဲ့ အစဦးအဆင့်၊ အလယ်အလတ်အဆင့် နဲ့ နှောင်းပိုင်းအဆင့်တွေ ကြားမှာ ကြီးမားတဲ့ ကွာဟချက် ရှိနေလို့ ပဲ။ အဆင့် တစ်ခုချင်းစီ ကို သုံးပိုင်း ထပ်ခွဲထားသေးတယ်။ ကနဦးအဆင့်၊ အလယ်အလတ်အဆင့် နဲ့ အထွတ်အထိပ် ဒါမှမဟုတ် ပြီးပြည့်စုံခြင်း အဆင့်တွေပဲ။ အဆင့်သေးတစ်ခုဆိုရင်တောင်မှ ချောက်ကမ်းပါးကြီးတစ်ခုလိုပဲ ... ကွာဟချက်က အရမ်းကြီးမားတယ်။ မြေကမ္ဘာယွမ်အဆင့် နဲ့ကောင်းကင်ယွမ်အဆင့် ကြားမှာဆို ကွာဟချက်က ပိုကြီးတယ်။ နင့်ရဲ့ လက်ရှိ ခွန်အားနဲ့ ကောင်းကင်ယွမ်အဆင့် ကျင့်ကြံသူ တစ်ယောက်ကို ရင်ဆိုင်ဖို့ မလုံလောက်ဘူး ”
လဲ့လန်၏ရှင်းပြချက် က လုံချန် ကို စိတ်မငြိမ်မသက် ဖြစ်စေခဲ့သည်။ သို့သော်လည်း သူ ကြောက်ရွံ့နေသည်ဟု မဆိုလိုပါ။ မည်သို့ပင်ဖြစ်စေ ဖိအားအနည်းငယ် ပိုများလာခဲ့ရုံသာ...
“သွေးဝိညာဉ်ဂိုဏ်း နဲ့ ပတ်သက်တဲ့ ကိစ္စ က အရမ်း ကြာနေပြီ။ ကောင်းကင်စစ်သည်နယ်မြေပြိုင်ပွဲ ပြီးသွားပြီ ဆိုတော့ သွေးဝိညာဉ်ဂိုဏ်း ကို ငါ အမြန်ဆုံး ကိုင်တွယ်မှဖြစ်မယ်။ အဲ့ဒါမှ ငါလည်း စိတ်အေးလက်အေး ကျင့်ကြံလို့ ရမှာ...” လုံချန်က အခြေအနေကို အဆက်မပြတ် တွေးတောချင့်ချိန်နေရင်း လဲ့လန် နောက်ကနေ အစိမ်းရောင်နေမင်းဌာနခွဲသို့ ပြန်လိုက်လာခဲ့သည်။
ဤဆယ်ကျော်သက် လူငယ်လေး က တိတ်ဆိတ်နေသော်လည်း မျက်နှာပေါ်တွင် ကြောက်ရွံ့မှု ရှိမနေသည့်အတွက် လဲ့လန် က ခေါင်းခါလိုက်ရင်း “ဒီကောင်လေး က တကယ် ကောင်းတဲ့ ပျိုးပင်ပဲ။ ဒါပေမဲ့ အရမ်းမောက်မာထောင်လွှားပြီးတော့ အသေးအဖွဲ ကိစ္စတွေ ကို စွဲလန်းနေတယ်။ ဒီလိုအမူအကျင့်က အနာဂတ်မှာ လင်းဝူမိသားစု အတွက် ဒုက္ခ ဖြစ်စေနိုင်တယ်” ဟု တွေးမိခဲ့သည်။
ဆွဲဆောင်မှုရှိသော အကြီးအကဲချုပ် လဲ့လန် နှင့် လုံချန် တို့က အတူတူလမ်းလျှောက်လာကြောင်း တွေ့လိုက်ကြသည့်အခါ လမ်းသွားလမ်းလာများလည်းစိုက်ကြည့်နေကြလေသည်။ သို့သော် သိပ်တော့ မထူးဆန်းပါ။ လဲ့လန်၏နာမည်က အပြင်စည်းဂိုဏ်း (၈) ခုစလုံးတွင် နာမည်ကျော်ကြားခဲ့လို့ပင်။ ထို့အပြင် ဘေးနားမှ လုံချန် ကလည်း ကောင်းကင်စစ်သည်နယ်မြေပြိုင်ပွဲ နှင့်အတူ နာမည်ကြီးလာသူဖြစ်ခဲ့သည်။ ထိပ်တန်းအဆင့် လူငယ်ပညာရှင်နှစ်ယောက် အတူရှိနေသောကြောင့် အခြားလူများ တစ်မျိုးတစ်မည် ထင်နေလျှင်ပင် မထူးဆန်းလောက်ပေ။
အချိန် အနည်းငယ်ကြာပြီးနောက်တွင် လုံချန် သည် လဲ့လန် နှင့်အတူ အစိမ်းရောင်နေမင်းခန်းမသို့ ပြန်ရောက်လာခဲ့ပါသည်။ ခန်းမထဲသို့ ဝင်လာချိန်တွင် လုံချန် တို့အဖွဲ့ ထွက်သွားစဉ်က လူ အရေအတွက် အတိုင်း အားလုံး ရှိနေခဲ့ကြသည်။ သို့ရာတွင် လုံချန် ကလွဲ၍ အခြား လူငယ်တပည့် တစ်ယောက်မှတော့ ရှိမနေခဲ့ချေ။
ခန်းမအရှင် လဲ့ယွမ် နှင့် အခြားအကြီးအကဲများက လုံချန် ကို စိုက်ကြည့်နေကြရင်း ဝမ်းနည်းစွာ သက်ပြင်းချမိကြသည်။ အစိမ်းရောင်နေမင်းဌာနခွဲ၏တပည့်များ ထွက်သွားချိန်က ဤလူငယ်လေး ကို ဘယ်သူမှ ဂရုမစိုက်ခဲ့ကြပေ။ သူတို့ အများစု မှတ်မိနေခဲ့သည့်အရာကတော့ ပြိုင်ပွဲမစခင် လုံချန်အား အထင်အမြင်သေးပြီး ရယ်မောလှောင်ပြောင်ခဲ့ကြသည့် အခြေအနေ ပင်။
သို့သော် ကောင်းကင်စစ်သည်နယ်မြေထဲ၌ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများက အစိမ်းရောင်ဂိုဏ်းခွဲတစ်ခုလုံးသို့ပင် သတင်းပြန့်နေခဲ့ပြီဖြစ်သည်။ ခန်းမအရှင်လဲ့ယွမ် နှင့် ကျန်အာဏာပိုင်များက အစိမ်းရောင်လက်နက်ခန်းမ၏ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် တပည့်သုံးယောက် ရင်ဆိုင်တွေ့ခဲ့သော အဖြစ်အပျက်ကိုပင် သိနေခဲ့ကြသည်။
“လုံချန် လား။ ဒီကို လာ၊ ခဏလောက် ထိုင်ပါဦး...”
လုံချန် က ဖုန်းဝူထျန်းကို ဒုက္ခိတဖြစ်လုနီးပါးအထိ ရိုက်နှက်ခဲ့သော်လည်းပဲ အစိမ်းရောင်နေမင်းဌာနခွဲ၏ အရင်းအမြစ်များကို အသုံးပြု၍ မြန်မြန်ဆန်ဆန်ကုသပေးနိုင်ပါသည်။
မည်သို့ပင်ဖြစ်စေ လုံချန် နှင့် ဖုန်းဝူထျန်း တို့နှစ်ယောက် ရှိနေပြီဖြစ်ရာ အစိမ်းရောင်နေမင်းဌာနခွဲအနေဖြင့် နောင်နှစ်အနည်းငယ်အတွင်းမှာ အစိမ်းရောင်ဂိုဏ်းခွဲတစ်ခုလုံး၌ သေချာပေါက် ကျော်ကြားလာပေမည်။ လဲ့လန် ကဲ့သို့ပင်၊ ထိုလူငယ်နှစ်ယောက်၏နာမည်ဂုဏ်သတင်း က အစိမ်းရောင်ဂိုဏ်းခွဲတစ်ခုလုံး၌ သေချာပေါက် မြင့်တက်လာမည်ဖြစ်သည်။
ခန်းမအရှင်လဲ့ယွမ် က လုံချန် ကို ကြည့်ရင်း အလွန် နှစ်သက်နေခဲ့သည်။ အထူးသဖြင့် လုံချန်၏ အသက်အရွယ် က ဖုန်းဝူထျန်း ထက် သုံးနှစ်ပင် ပိုငယ်နေသေး၏။ ဤလူငယ်လေးက ဖုန်းဝူထျန်း ထက် ပိုပြီး ပုံသွင်းလေ့ကျင့်ပေးလို့ရနိုင်သည်။
လုံချန် က လူအိုကြီး ကို မသိမသာလေး တစ်ချက်ကြည့်ရင်း စိတ်ထဲမှာသာ ကြိတ်ပြီးရယ်မောလိုက်ပါသည်။ သို့သော်လည်း သူက ဉာဏ်ကောင်းသူဖြစ်ရာ အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် နေလိုက်ပါသည်။ ထိုင်ခုံပေါ်၌ နာခံမှုရှိရှိယဉ်ကျေးစွာ ထိုင်လိုက်ရင်း ခန်းမအရှင်လဲ့ယွမ် ကို လေးစားစွာ မော့ကြည့်လိုက်သည်။ လူအိုကြီး၏ ချော့မြှူမြှောကိပင့်တတ်သောမျက်နှာထားကြောင့် အဖေ ဟုပင် ခေါ်ချင်စိတ်ပေါက်သွားရသည်။
“လူငယ်တပည့် လုံချန် က မဟာအကြီးအကဲ ကိုနှုတ်ဆက်ပါတယ်...”
အစက ခန်းမအရှင်လဲ့ယွမ် ထင်ခဲ့သည်မှာ လုံချန် က အနည်းငယ်မောက်မာလိမ့်မည်ဟုပင်။ သို့ရာတွင် လက်တွေ့မှာတော့ လူငယ်လေးက အလွန်နှိမ့်ချနေ၏။ လဲ့ယွမ်၏မျက်နှာပေါ်ရှိ အပြုံး က ပိုပီပြင်လာခဲ့သည်.. “မင်း မဆိုးပါဘူး။ ရိုးရိုးသားသား ပြောရရင် အရင်က ငါ မင်းကို အထင်သေးခဲ့မိတယ်။ ကောင်းကင်စစ်သည်နယ်မြေပြိုင်ပွဲ မှာ မင်း အန္တိမသလင်းနတ်ဓား ကို မရခဲ့ပေမယ့် ငါ့ကို ဂုဏ်သတင်း ပြန်ရအောင် လုပ်ပေးခဲ့တယ်...”
“လင်းဝူမိသားစု ကို ရောက်လာတဲ့အချိန်မှာ အစ်မ လဲ့ က ငါ့ကို အများကြီး ကူညီခဲ့တယ်။ အစိမ်းရောင်နေမင်းဌာနခွဲ အတွက် ထမ်းဆောင်ရတာ ငါ့ တာဝန်ပဲ”
လုံချန် က အတော်လေး အရေထူပါသည်။ ဤစကားများ ပြောနေစဉ် မျက်နှာတစ်ချက်နီမသွားခဲ့ပေ။
‘အစ်မ လဲ့’ ဆိုသော စကားကြောင့် တစ်ဖက်ခြမ်းရှိလဲ့လန်၏ မျက်နှာလှလှလေးက အနည်းငယ်နီရဲသွားသည်။ သူတို့နှစ်ယောက် ပြန်လာသည့် လမ်းတစ်လျှောက်လုံးတွင် လုံချန် က အရာရာကို လုံးဝ လျစ်လျူရှုထားသော အမူအရာအပြည့် ဖြစ်နေခဲ့သည်။ သို့ရာတွင် ခန်းမအရှင် လဲ့ယွမ် ကို တွေ့ဆုံချိန်မှာတော့ သူ့မျက်နှာအမူအရာက လုံးဝ ပြောင်းလဲသွားခဲ့သည်။
ဤအချိန်တွင် ခန်းမအရှင် လဲ့ယွမ် က လုံချန်အား အတွင်းစိတ်ကိုထိန်းချုပ်နိုင်သည့် တပည့်တစ်ယောက် ဟု အလိုအလျောက် ယူဆလိုက်သည်။ တစ်ချိန်တည်းမှာပင် လုံချန်အပေါ် သူ့ အမြင်ကလည်း ပြောင်းသွားခဲ့ပြီဖြစ်သည်။ အရင်က လုံချန် ကို အထင်သေးခဲ့မိကြောင်း နားလည်သွားခဲ့သည်။ အကြောင်းမှာ လုံချန် က အရှက်မရှိသူမဟုတ်သလို အမိန့်မနာခံတတ်သူလည်းမဟုတ်ပေ၊ ထို့အပြင် သူ့ပုံစံက အကြီးအကဲများကို လေးစားပြီး နာခံတတ်သော လူငယ်တပည့်တစ်ယောက်၏ အမူအကျင့် အပြည့်ပါ။
လက်ရှိအချိန်တွင် ခန်းမအရှင်လဲ့ယွမ် က လုံချန် ကို တော်တော်လေး ချီးကျူးနေခဲ့သည်။ သို့ရာတွင် လုံချန် က စိတ်လှုပ်ရှားခဲ့ခြင်းမရှိပေ။ ခန်းမအရှင်လဲ့ယွမ်က သူ့ အလားအလာ ကို သိနေခဲ့သည့်တိုင်အောင် အစိမ်းရောင်နေမင်းဌာနခွဲက သွေးဝိညာဉ်ဂိုဏ်း နှင့် ပတ်သက်သည့် ပြဿနာကို ကူညီရန်မဆုံးဖြတ်ခဲ့ကြပေ။ ဤအချက်ကို ကြည့်လျှင် လူအိုကြီးက အလွယ်တကူ ဆွဲဆောင်ခံရမည့်သူ မဟုတ်မှန်း သိသာပေသည်။
“လုံချန်၊ ငါ မင်းကို ဆုလာဘ်တချို့ ပေးချင်တယ်...”
အနည်းငယ်ကြာအောင် ကိစ္စများကို ဆွေးနွေးပြီးနောက် ခန်းမအရှင်လဲ့ယွမ် က ရုတ်တရက် မုတ်ဆိတ်ရှည်ကြီးကို ပွတ်သပ်ရင်း လုံချန် ကို ပြုံးပြလိုက်သည်။
“ကျေးဇူးတင်ပါတယ်... မဟာအကြီးအကဲ...”
ဆုလာဘ် မလိုချင်သူ ဟူ၍ မရှိပေ။ လုံချန် က ဘာမှန်းမသိသေးသော်လည်း လိုချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။
“အစတုန်းကတော့ ငါ မင်းကို ဆန်းကြယ်အလယ်အလတ်အဆင့် တိုက်ခိုက်ရေးနည်းစနစ် တစ်ခု ပေးချင်ခဲ့တာ။ ဒါပေမဲ့ အခု ငါ အတွေး ပြောင်းသွားပြီ...” ဤစကားများပြောလိုက်ချိန်တွင် ဂိုဏ်းစောင့်အကြီးအကဲ ငါးယောက်တို့လည်း အံ့သြသွားခဲ့ကြသည်။ ခန်းမအရှင်လဲ့ယွမ် က လုံချန် အတွက် ဆုလာဘ်ကို ကြိုတင်ဆုံးဖြတ်ထားခဲ့သည်။သို့ရာတွင် ရုတ်တရက် ပြောင်းလဲသွား၏။ ၎င်းက ခန်းမအရှင်၏ လုံချန်အပေါ် အလေးအနက်ထားသော သဘောထားကို ညွှန်ပြနေသည်။
“မဟာအကြီးအကဲ က ငါ့ကို ဘယ်လိုဆုလာဘ်မျိုးပေးမလဲ ဆိုတာ သိချင်မိတယ်” လုံချန် က စိတ်ထဲမှာ အတော်လေး မျှော်လင့်နေခဲ့သည်။
ဆန်းကြယ်အလယ်အလတ်အဆင့် တိုက်ခိုက်ရေးနည်းစနစ် ဆိုပါက လုံချန်၏လက်ထဲမှာ ကောင်းကင်လောင်ကျွမ်းခြင်း နတ်ဆိုးလက်သီး ရှိနေသည်။ နောက်ထပ် မလိုအပ်တော့ပါ။
ခန်းမအရှင်လဲ့ယွမ် က လုံချန်ကို တစ်ချက် ကြည့့်လိုက်ရင်း ပြောခဲ့သည် “နဂါးသွေးကြောနယ်ပယ် မှာ ရှိတုန်းက မင်းရဲ့ပထမဆုံးသားရဲဝိညာဉ်က အဝါရောင်အဆင့်ငါး သွေးမိကျောင်းပဲ။ မြေကမ္ဘာယွမ်(နတ်ယွမ်စဦး)အဆင့်ကို ရောက်ပြီးတော့လဲ မင်းအနေနဲ့ ဆန်းကြယ်အဆင့် နတ်ဆိုးသားရဲ ဝိညာဉ်တွေ မရှာနိုင်ခဲ့ဘူး ဆိုတာ ငါ သိနေတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ငါ့မှာ တစ်ခု ရှိနေတယ်။ ဒါပေမဲ့ ဒါက မင်း အတွက် အရမ်းအဖိုးတန်လွန်းနေတယ်။ မင်းကို ဒီအတိုင်း အလကားပေးပစ်လိုက်လို့ မရဘူး။ ဒါကြောင့် မင်း တချိုအခြေအနေတွေ ကို ဖြည့်ဆည်းပေးရလိမ့်မယ်... ”
လုံချန် က အံ့သြသွားခဲ့သော်လည်း အခြားလူတိုင်း သိထားသည်မှာ သူက သားရဲအသွင်ပြောင်းကျင့်ကြံသူ ဟူ၍ပင်။ အမှန်တကယ်တော့ သူ့အတွက် နတ်ဆိုးသားရဲဝိညာဉ်များ မလိုအပ်ပါ။ အရင်ကလည်း နတ်ဆိုးသားရဲဝိညာဉ်များကို ထောက်ပံ့ရေးရမှတ်များဖြင့် လဲလှယ်ခဲ့သည်။ သို့သော် ခန်းမအရှင်လဲ့ယွမ်၏ နောက်ဆက်တွဲ စကားက သူ့ကို အလွန်အံ့သြသွားစေခဲ့သည်။
“ဒါက ဆန်းကြယ်ဆဋ္ဌမအဆင့် နတ်ဆိုးသားရဲ တစ်ကောင်ရဲ့ ဝိညာဉ်ပုလဲ ပဲ။ ဆန်းကြယ် ဆဌမအဆင့်ခရမ်းရောင်နဂါး လို့ခေါ်တယ်။ ဒီသားရဲက ဆန်းကြယ် ဆဋ္ဌမအဆင့် နတ်ဆိုးသားရဲ တွေ အားလုံး ထဲမှာ အသန်မာဆုံး လို့ သတ်မှတ်နိုင်တယ်။မိုးသောက်ကုန်သည်အဖွဲ့ မှာ ဆိုရင် ဒီ ဝိညာဉ်ပုလဲ ကို နတ်ဝိညာဉ်ကျောက်တုံး တစ်သိန်း နဲ့ ရောင်းနိုင်တယ်...”
“နတ်ဝိညာဉ်ကျောက်တုံးတစ်သိန်း” ဆိုသော စကားလုံး က လုံချန် ကို အသက်ရှုရခက်ခဲသွားစေခဲ့သည်။ သူက ယခုအချိန်ထိ ဆင်းရဲမွဲတေနေသေးလို့ပင်။ သူ အချမ်းသာဆုံးအချိန်မှာပင် သိုလှောင်အိတ်ထဲ၌ အများဆုံးက နတ်ဝိညာဉ်ကျောက်တုံး တစ်ရာလောက်သာ။ နတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းဆိုပါက လိုအပ်သည့်အရာအားလုံးကို ဝယ်ယူနိုင်လောက်ပါသည်။
“ငါတို့ ရဲ့ လင်းဝူမိသားစု မှာ တောင်မှ ပံ့ပိုးမှု အမှတ်တစ်သိန်း မရရင် ဒီ ဝိညာဉ်ပုဲ ကို ရဖို့ အိပ်မက်တောင် မမက်နိုင်ဘူး။ ဒါပေမဲ့ ဒီ တစ်ကြိမ်မှာ မင်း တော်တော်လေး ကောင်းကောင်း လုပ်ခဲ့တယ်။ ထပ်ပြီးပြောရရင် ဒီ ဝိညာဉ်ပုလဲ က ငါ့ ကိုယ်ပိုင်ရတနာပဲ။ ဒါ့ကြောင့် မင်းက ပံ့ပိုးမှု အမှတ် ၅၀၀ နဲ့ လဲရမယ်။ ဒါက မင်း အတွက် စမ်းသပ်မှု ပဲ...”
ခန်းမအရှင်လဲ့ယွမ် က လုံချန် ကို တင်းတင်းကြပ်ကြပ် စိုက်ကြည့်ရင်း ဆက်ပြောခဲ့သည် “မင်း အစိမ်းရောင်နေမင်းဌာနခွဲအတွက် ဘာမှ သိပ်လုပ်ရသေးဘူး။ ဒါကို မင်းဆီ အလကားပေးလိုက်ရင် တခြားသူတွေက သေချာပေါက် ပြောဆိုကြမှာ။ ဒါ့ကြောင့် မင်း ကြိုးစားရမယ်”
ဤစကားများ ပြောရင်း ခန်းမအရှင်လဲ့ယွမ် က ဂိုဏ်းစောင့်အကြီးအကဲများကို တစ်ချက်ကြည့်လိုက်သည်။ သူ့အဓိပ္ပာယ် က ရှင်းပါသည်၊ တခြားသူတွေ ပြောကြလိမ့်မည် ဟူသောစကားက ဂိုဏ်းစောင့်အကြီးအကဲများကို ရည်ရွယ်ခဲ့လို့ပင်။ လဲ့ယွမ် က ခရမ်းရောင်နဂါး၏ နဂါးဝိညာဉ်ပုလဲ ကို ထုတ်ပြလိုက်သည့်အချိန်တွင် ဂိုဏ်းစောင့်အကြီးအကဲများ၏ မျက်နှာက အလိုမကျဖြစ်သွားမှန်း သတိပြုမိခဲ့သည်။
ဤအချိန်တွင် လဲ့လန် က ခန်းမအရှင်လဲ့ယွမ် ကို ကြည့်ရင်း စိတ်ထဲကနေ ပြောလိုက်၏ “အဖေက တကယ် အရာရာကို ပစ်ချနေတာပဲ။ ဆန်းကြယ်ဆဋ္ဌမအဆင့် နတ်ဆိုးသားရဲ ရဲ့ ဝိညာဉ်ပုလဲ ကို တောင် စွန့်လွှတ်ချင်နေတယ်။ ငါဆိုရင်တောင်မှ ဒီ ခရမ်းရောင်နဂါးဝိညာဉ်ပုလဲကို ပေါင်းစပ်ဖို့ ခက်ခဲနေမှာ”
ထို့နောက် သူမ က လုံချန် ကို လှည့်ကြည့်ရင်း “ခရမ်းရောင်နဂါးဝိညာဉ်ပုလဲက ဒီကောင်လေး နဲ့ အရမ်း လိုက်ဖက်တယ်။ ပြဿနာကတော့ သူ က သွေးဝိညာဉ်ဂိုဏ်း မှာ သွားသေဖို့ အတွက် စီစဉ်နေတာပဲ။ ပံ့ပိုးမှုအမှတ် ၅၀၀ ရဖို့ အခွင့်အရေး ဘယ်လိုရှိမှာလဲ။ ပံ့ပိုးမှုအမှတ် ၅၀၀ ရဖို့ အရမ်း လွယ်ကူနေတယ်လို့ ထင်နေတာများလား.” ဟု တွေးနေခဲ့သည်။
တစ်ချိန်တည်းမှာ လုံချန်၏အတွေးကတော့ အလွန်ရိုးရှင်းပါသည်၊ ခရမ်းရောင်နဂါးဝိညာဉ်ပုလဲကို အမြန်ရယူဖို့အပြင် ရောင်းချပြီး နတ်ဝိညာဉ်ကျောက်တုံးတစ်သိန်း ရမည့်အချိန်ကိုသာ တွေးတောနေခဲ့သည်။