← Chapters

အခန်း (၁၁၉-၁၂၀)

Vol. 10 Ch. 119-120

အခန်း (၁၁၉-၁၂၀)

Vol. 10 Ch. 119-120

အပိုင်း ၁၁၉

လုံချန် သည် ရုတ်တရက်ကြားလိုက်ရသော သတင်းကြောင့် အံ့အားသင့်တုန်လှုပ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ့အသက်ရှူသံကလည်း မြန်ဆန်လာပါတော့သည်။ သူ့ဆီကနေ ရက်စက်ကြမ်းကြုတ်သောအငွေ့အသက်များ ထွက်ပေါ်လာကာ မျက်လုံးအစုံဟာ တဖြည်းဖြည်း နီရဲလာခဲ့သည်။

“ချန်အာ! အခုလောလောဆယ် အရမ်းကြီး ဒေါသထွက်မနေပါနဲ့ဦး။ ငါ အဖြစ်အပျက်အားလုံးကို အရင်ဆုံးပြောပြမယ်...” လုံချန်၏ပုံစံကို မြင်လိုက်ချိန်တွင်တော့ ယန်ယွန်ထျန်း က သူ့ရင်ထဲမှာ စိုးရိမ်ပူပန်မှုများ ရှိနေသော်လည်း တူဖြစ်သူကို အရင်ဆုံးငြိမ်သက်အောင် လုပ်ဆောင်ရမည်မှန်း သိလိုက်သည်။

လုံချန်နှင့် ယန်လင်းချင် တို့နှစ်ယောက်က မိခင်အရင်းကနေ မွေးဖွားလာသည့် မောင်နှမရင်းများ ကဲ့သို့ပင် ဖြစ်ခဲ့သည်။ ထို့ကြောင့် ယန်လင်းချင် အန္တရာယ်ကျရောက်နေချိန်တွင် လုံချန်အနေဖြင့် ဘာမှမလုပ်ဘဲ ငြိမ်၍မနေနိုင်ပေ။ ယန်ယွန်ထျန်း တားထားသောကြောင့်မဟုတ်ပါက လုံချန်ဟာ သွေးဝိညာဏ်းသို့ ချက်ချင်း ပြေးသွားနေလောက်ပြီဖြစ်သည်။

လုံချန်က သူ့နှလုံးသားထဲမှ လူသတ်လိုစိတ်ကို ဖိနှိပ်လိုက်ပြီး ကိုယ့်ကိုယ်ကို ပြန်ထိန်းလိုက်သည်။ ယခုလိုအခိုက်အတန့်မျိုးမှာ အေးဆည်းတည်ငြိမ်စွာ လုပ်ဆောင်ရန် လိုအပ်ပါသည်။ သို့သော်လည်း ယန်လင်းချင် အကြောင်းကို တွေးမိလေလေ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း သွေးဝိညာဉ်ဂိုဏ်းကို အမြစ်ဖြတ်သုတ်သင်ပစ်ရန် ဆုံးဖြတ်လိုက်ပါတော့သည်။

“သွေးယဇ်ပူဇော်ပွဲ အတွက်လား...”

မူလက နီရဲနေသောလုံချန်၏မျက်လုံးအစုံက အနည်းငယ်ပုံမှန်ပြန်ဖြစ်လာသည်။

လုံချန် အနည်းငယ် ငြိမ်သွားပြီဖြစ်သဖြင့် ယန်ယွန်ထျန်းလည်း အနည်းငယ်စိတ်သက်သာလာသည်။ တစ်ချိန်တည်း သူ့အကြည့်ထဲမှာတော့ ဝမ်းနည်းမှုအရိပ်အယောင် ပေါ်လာသည်။

“အားလုံးက ငါ့အပစ်တွေပါ။ ငါက အဖေတစ်ယောက်အနေနဲ့ အသုံးမကျခဲ့လို့ပဲ။ ကိုယ့်သမီးလေးကိုတောင် မကာကွယ်နိုင်ခဲ့ဘူး…”

ယန်ယွန်ထျန်းအတွက် သားတစ်ယောက် ဆုံးရှုံးထားခဲ့ရ၏။ ယခုအခါ သမီးဖြစ်သူကိုပါ ဆုံးရှုံးရမည့်ဆဲဆဲ ဖြစ်နေသည့်အတွက် စိတ်လွတ်သွားခဲ့သည်။

“ဒုတိယဦးလေး... ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။ ဘာတွေ ဖြစ်ခဲ့သလဲဆိုတာ အတိအကျ ပြောပြပါ...” လုံချန်က အနည်းငယ်တည်ငြိမ်သော်လည်း အေးစက်စက်လေသံဖြင့် မေးလိုက်၏။

“ချန်အာ...၊ မင်း သွေးဝိညာဉ်ဂိုဏ်းရဲ့ အစောင့်အရှောက် နှစ်ယောက်ကို သတ်တဲ့အထဲမှာ ပါခဲ့သေးသလား...” ယန်ယွန်ထျန်း က ခေါင်းမော့ကြည့်ရင်း မေးလိုက်သည်။

လုံချန် က အံ့သြသွားပြီးမှ အစောင့်အရှောက်ချင် နှင့် အစောင့်အရှောက်ရှီ တို့ကို ပြန်သတိရမိသည်။ ထို့နောက် သူက အံ့အားသင့်နေရင်း မေးလိုက်၏..

“ဒုတိယဦးလေး... ဒါကို ဘယ်လိုသိတာလဲ...”

ယန်ယွန်ထျန်း ခေါင်းခါလိုက်သည်...

“အဲဒီ လူယုတ်မာက ပြောခဲ့တာ။ ယန်လော့မြို့မှာ သွေးဝိညာဉ်ဂိုဏ်းရဲ့ အစောင့်အရှောက် နှစ်ယောက်ယန်လော့မြို့မှာ သေသွားတယ်တဲ့။ ပြီးတော့ အဲဒါကို လင်းဝူမိသားစုရဲ့ တပည့်တွေ လုပ်ခဲ့တာလို့ သူ သိနေတဲ့ပုံပဲ။ ဘာလို့လဲဆိုတော့ သူ စုဆောင်းထားတဲ့ နာမည်သုံးခုစာရင်းထဲမှာ မင်းနာမည်ပါနေလို့။ နောက်ပိုင်းမှာ မင်းရဲ့ နောက်ခံကို စုံစမ်းရင်း မင်းက ယန်မိသားစုဝင်တစ်ယောက်ဆိုတာ သိသွားတယ်။ ပြီးတော့ သွေးဝိညာဉ်ဂိုဏ်းကနေ အစောင့်အရှောက်တစ်ယောက် စေလွှတ်လိုက်တယ်။ ဒါနဲ့ ကျော်ကြားခြင်းမြို့ကို ရောက်လာပြီးတော့ စုံစမ်းကြတယ်၊ အဲဒီအချိန်မှာ ရွှယ့်ယွမ်ဇီ ကလဲ မင်းလက်ချက်နဲ့ သေသွားတာ ထပ်သိသွားပြန်တယ်။ ဒီတော့ ငါတို့ ယန်မိသားစုကို တိုက်ခိုက်တာပဲ...”

လုံချန် ကိုယ်တိုင်လည်း ရွှယ့်ယွမ်ဇီ ကို သူ သတ်ခဲ့သည့်အကြောင်း သတင်းပေါက်ကြားသွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သွေးဝိညာဉ်ဂိုဏ်းတွင် အစောင့်အရှောက် (၈)ဦး ရှိခဲ့သည်။ ထိုအထဲမှ သုံးယောက်စလုံး သေဆုံးသွားရသည့်အကြောင်းအရင်း နောက်ကွယ်တွင် လုံချန်နှင့် ဆက်စပ်မှု ရှိနေခဲ့သည်။ ထို့ကြောင့် သွေးဝိညာဉ်ဂိုဏ်းက လုံချန်ကို တိုက်ခိုက်လာခြင်းမှာ အံ့သြစရာ မရှိတော့ကေ။

ယန်ယွန်ထျန်း ဆီကနေ ဤသတင်းကို ကြားလိုက်ချိန်တွင် လုံချန်ဟာ ကိုယ့်ကိုယ်ကို ပိုပြီး အပြစ်တင်မိလေသည်။ ယခုအချိန်တွင် သူ လုပ်ချင်နေသည့်အရာက သွေးဝိညာဉ်ဂိုဏ်းကို အပြေးအလွှား သွားရောက်ချင်နေခဲ့၏။ သို့ရာတွင် အလျင်စလိုလုပ်၍မဖြစ်မှန်း သိနေပါသည်။

“ဘာလို့လဲ.... လင်းချင်ကိုမှ ရွေးပြီး ဘာလို့ဖမ်းခေါ်သွားရတာလဲ...”

ယန်ယွန်ထျန်း က နာကျင်စွာ ပြန်ဖြေ၏...

“ငါတို့အဖေ က နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီးရဲ့ အကူအညီနဲ့ မြေကမ္ဘာယွမ်အဆင့်ကို ရောက်သွားပြီ။ အဲဒီ လူနဲ့ လက်ရည်တူ ယှဉ်နိုင်ခဲ့တယ်။ ဒါပေမဲ့ တိုက်ပွဲမှာ လင်းချင်က မတော်တဆ ဒဏ်ရာရသွားတယ်။ ပြီးတော့ လင်းချင်ရဲ့ သွေးအရောင်က အစိမ်းရောင်ဖြစ်နေတာကို ငါတို့အကုန်လုံး မြင်လိုက်တာပဲ။ ဒါနဲ့ပဲ လင်းချင်မှာ ဒဏ္ဍာရီလာ ရှားပါးတာအိုခန္ဓာဖြစ်တဲ့ “ဆန်းကြယ်အရိပ်ခန္ဓာကိုယ်” ရှိနေတယ်ဆိုပြီး သူ့ကို ဖမ်းခေါ်ဆောင်သွားတာပဲ။ အဖေက မြေကမ္ဘာယွမ်အဆင့်ကို ရောက်တာ မကြာသေးဘူးလေ၊ ဒီတော့ ဘာမှ မလုပ်နိုင်ခဲ့ဘူး…”

“ဆန်းကြယ်အရိပ်ခန္ဓာကိုယ်လား...” ဤ စကားသုံးလုံးကို ကြားလိုက်ချိန်တွင် ကန်လင် က နေရာကနေ ရုတ်တရက် ခုန်ထလိုက်သည်။

လုံချန်က ချက်ချင်း မေးလိုက်၏...

“အခု အဲဒီပညာရှင်က သွေးဝိညာဉ်ဂိုဏ်းကို ပြန်သွားပြီလား...”

ယန်ယွန်ထျန်းက မျက်နှာတစ်ခုလုံး ဖြူဖျော့လာရင်း ခေါင်းညိတ်ပြသည်...

“အဲဒီပညာရှင် ပြောသွားတာက လင်းချင်ရဲ့ ဆန်းကြယ်အရိပ်ခန္ဓာကိုယ်က သွေးယဇ်ပူဇော်ပွဲ အတွက် အရမ်းအရေးပါတယ်တဲ့။ အဖေ က ယွမ်လင်းမြို့ကို ရောက်လာတဲ့အချိန်မှာ စုံစမ်းပြီးတော့ သိခဲ့တာပဲ။ ပြီးတော့ သွေးယဇ်ပူဇော်ပွဲက နောက်နှစ်ရက်အတွင်း ကျင်းပလိမ့်မယ်ဆိုတာပါ ငါတို့ သတင်းရခဲ့တယ်...”

ဤသတင်းစကားက လုံချန်အတွက် ကောင်းကင်ကနေ မိုးကြိုးပစ်ချလာသည့်အလားပင်။

“နှစ်ရက်ပဲ ကျန်တော့တယ်... သွေးယဇ်ပူဇော်ပွဲ လား…”

လုံချန်၏နှလုံးသားထဲ၌ ဒေါသနှင့် မုန်းတီးမှုများ တရိပ်ရိပ်တက်လာသည်။ သူ့အကြည့်များက အေးစက်လာခဲ့ပြီး အံတင်းတင်းကြိတ်ထားလိုက်သည်။

“ယန်လင်းချင် သာ တစ်ခုခု ဖြစ်သွားရင်… သွေးဝိညာဉ်ဂိုဏ်း၊ မင်းတို့ ဂိုဏ်းထဲက လူတိုင်း သူနဲ့ အတူ သင်္ဂြိုဟ်ခံရမယ်...”

လုံချန်၏ရက်စက်ကြမ်းကြုတ်လှသော အငွေ့အသက်ကို ခံစားမိသည့်အခါ ယန်ယွန်ထျန်း က မျက်နှာပျက်သွားပြီး အမြန် ပြောလိုက်သည်...

“ချန်အာ... ငါ မင်းကို သွေးဝိညာဉ်ဂိုဏ်းမှာ အသက်စွန့်လွှတ်ခိုင်းဖို့ လာခဲ့တာ မဟုတ်ဘူး။ အခုဆို မင်းက လင်းဝူမိသားစု ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်နေပြီ၊ ငါတွေးမိတာက လင်းဝူမိသားစု ရဲ့ အင်အားကို ငှားယူလို့ ရမလားဆိုတာပဲ...”

“သောက်ကျိုးနည်း ... အကူအညီရမှာလား။ သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်က ယွမ်ဧကရာဇ်ရဲ့ မြေးလေ။ ငါကလဲ လင်းဝူမိသားစု ရဲ့ အတွင်းစည်းဂိုဏ်း ဝင်ခွင့်တောင် မဖြေရသေးဘူး။ ဘယ်သူက ဒီလို အန္တရာယ်ကို လက်ခံပြီး ကူညီမှာလဲ။ လူအိုကြီးလဲ့ယွမ် ဆိုရင်တောင် မလုပ်နိုင်ဘူး...”

“ဒုတိယဦးလေး၊ ဘာမှပြောမနေနဲ့တော့။ အဘိုးကို ဒီကို ခေါ်လာပြီး နေခိုင်းထားလိုက်။ ငါ အခုပဲ သွေးဝိညာဉ်ဂိုဏ်းကို သွားတော့မယ်။ တစ်ရက်အတွင်းယန်လင်းချင်ကို ဘေးကင်းကင်းနဲ့ပြန်ခေါ်လာမယ်လို့ ကတိပေးတယ်” လုံချန်၏အသံက အေးစက်နေသော်လည်းပဲ ဆုံးဖြတ်ချက်ပြတ်သားဟန်များ ပါနေသည်။

“ဆန်းကြယ်အရိပ်ခန္ဓာ… ။ သွေးဝိညာဉ်ဂိုဏ်းရဲ့ သွေးယဇ်ပူဇော်ပွဲမှာ အပျိုစင်မိန်းကလေးတွေရဲ့ သန့်စင်တဲ့ယင်ချီသွေး လိုအပ်တယ်။ ယန်လင်းချင် မှာ ဆန်းကြယ်အရိပ်ခန္ဓာ ရှိနေတယ်ဆိုတော့ သေချာပေါက် ယင်ချီသွေးတွေ ထုတ်ယူခံရလိမ့်မယ်…” အခြေအနေအသာ သူထင်ထားသည့်အတိုင်း ဖြစ်သွားပါက လုံချန်အနေဖြင့် ရူးသွပ်သွားနိုင်သည်။ ယခုအခိုက်အတန့်မှာပင် သူ့ ဒေါသကို ထိန်းချုပ်ရခက်ခဲနေခဲ့သည်။

ယန်ယွန်ထျန်း က တူဖြစ်သူကို ကြည့်နေရင်း လုံချန်ဟာ အမြဲလိုလို စိတ်ဆတ်လှုပ်လွယ်ပြီး ဒေါသကြျိးသူမှန်း သိနေလေသည်။ သူက စိုးရိမ်ကြီးစွာဖြင့် လုံချန်ကို ကြည့်ရင်း ခပ်တင်းတင်း ပြောလိုက်ပါသည်...

“ချန်အာ... မင်းကို အလဟာသအသက်အသေခံဖို့ ငါ ခွင့်မပြုနိုင်ဘူး။ မင်းရဲ့အနာဂတ်က တောက်ပနေတယ်။ လင်းဝူမိသားစု ရဲ့ တပည့်ဖြစ်လာပြီဆိုတော့ အခု အချိန်မှာ ကိုယ့်ကိုယ်ကို အမြန်ဆုံး တိုးတက်ဖို့ အချိန်ကောင်းပဲ။ ယန်လင်းချင် အတွက် ကိုယ့်ကိုယ်ကို ထိခိုက်စေချင်တာက မဟုတ်သေးဘူး။ ပြီးတော့ သွေးဝိညာဉ်ဂိုဏ်း ဆိုတာ ငရဲကမ္ဘာလိုပဲ။ မင်းလို လူငယ်တစ်ယောက်အတွက် အဲဒီနေရာကို သွားဖို့မသင့်တော်ဘူး...”

ယန်ယွန်ထျန်း၏အမြင်တွင် လုံချန်က မြေကမ္ဘာယွမ်အဆင့် ကိုပင်မရောက်သေးပါ။ သို့သော် တစ်ဖက်ရန်သူဖြစ်သော သွေးဝိညာဉ်ဂိုဏ်း၌ မြေကမ္ဘာယွမ်အဆင့် ပညာရှင်များဖြင့် ပြည့်နှက်နေခဲ့သည်။

“ချန်အာ၊ မင်းရဲ့ ဒုတိယဦးလေး ပြောတာကို နားထောင်ပါ။ လင်းဝူမိသားစု ကို အကူအညီ တောင်းပါ။ အခွင့်အရေး ရှိနိုင်သေးတယ်...”

ဤအချိန်တွင် လဲ့လန်က တံခါးအပြင်ကနေ ဝင်လာပြီး မျက်နှာထားတင်းတင်းဖြင့် ရပ်နေခဲ့သည်။ မြင်လိုက်သော ကန်လင် က ချက်ချင်း ဦးညွှတ်လိုက်၏။

“အကြီးအကဲချုပ်...”

“အကြီးအကဲချုပ်... ” ဆိုသည့် စကားကို ကြားလိုက်သည့်အခါ ယန်ယွန်ထျန်း က အံ့သြသွားခဲ့ရသည်။

ဤ အမျိုးသမီးအကြီးအကဲချုပ် က ကြီးမားကျယ်ပြန့်လှသော အစိမ်းရောင်မိုးမခခြံဝင်း၏အုပ်ချုပ်သူ ဖြစ်နေလို့ပင်။ ၎င်းက မြေကမ္ဘာယွမ်အဆင့် သို့မဟုတ် အထက်ဆင့် ကျင့်ကြံသူ ဖြစ်နေနိုင်၏။ သူက စိတ်လှုပ်ရှားမှု ကို ဖိနှိပ်လိုက်ပြီး လေးစားစွာ နှုတ်ဆက်လိုက်သည်...

“ဒီနိမ့်ကျတဲ့ ယန်ယွန်ထျန်းက အကြီးအကဲချုပ် ကို နှုတ်ဆက်ပါတယ်...”

လဲ့လန်က သူ့ကို ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီး သူမ၏အကြည့်ကို လုံချန်ဆီ အကြည့်လွှဲလိုက်သည်။ သို့သော် လုံချန်၏အကြည့်ထဲ၌ ပြင်းထန်သော ရန်လိုမှုတို့ ပါနေသည်။

ယန်ယွန်ထျန်းက တူဖြစ်သူ၏အကြည့်ကို မြင်လိုက်သည့်အခါ စိုးရိမ်သွားပြီး သတိပေးရန် ရှေ့တိုးလာသည်။

ဤအချိန်တွင် လုံချန်က လေသံ အေးစက်စက်ဖြင့် ပြောလိုက်၏...

“အကြီးအကဲချုပ်လန်! မင်းအနေနဲ့ သွေးဝိညာဉ်ဂိုဏ်း ရဲ့ လှုပ်ရှားမှုတွေကို စုံစမ်းပေးမယ်၊ ပြီးတော့ ဖြစ်နေတဲ့အရာမှန်သမျှ အသေးစိတ် တစ်ခုချင်းဆီငါ့ကို အသိပေးမယ်လို့ မင်း မပြောခဲ့ဘူးလား...”

ယန်ယွန်ထျန်း လို အပြင်လူတစ်ယောက်ကပင် လုံချန်၏လေသံထဲမှ မကျေနပ်မှု ကို ခံစားမိနေသည်။သူက ချက်ချင်းပဲ လုံချန်ကို အမြန်ဆွဲလိုက်ပြီး တောင်းပန်တိုးလျှိုးစွာ ပြောလိုက်ပါသည်။

“အကြီးအကဲချုပ်... ငါ့ တူလေးက ငယ်သေးတော့ မသိတတ်ဘူးဖြစ်နေတယ်။ ဒီအတွက် သူ့ကို အပြစ်မတင်ပါနဲ့...”

လဲ့လန်၏မျက်နှာအမူရာက မပြောင်းလဲဘဲ ယန်ယွန်ထျန်းအစား လုံချန်ကို စိုက်ကြည့်နေသည်။ အခြေအနေက သူမကို ဦးတည်လာလိမိ့မည်ဟု မထင်ထားသဖြင့် အနည်းငယ်ပင် အံ့သြသွားမိသည်။

ခဏကြာသွားပြီးမှ ပြန်ပြောခဲ့သည်...

“သွေးဝိညာဉ်ဂိုဏ်းကနေ ကျော်ကြားခြင်းမြို့ကို အစောင့်အရှောက် တစ်ယောက် လွှတ်လိုက်တာလား။ ဒီရက်တွေထဲမှာ ကောင်းကင်စစ်သည်နယ်မြေ နဲ့ ပတ်သက်ပြီး အလုပ်ရှုပ်နေတော့ ဒီကိစ္စကို သိပ်ပြီးအာရုံမစိုက်နိုင်ခဲ့ဘူး။ ဒါ့အပြင် ... လုံချန်! သွေးဝိညာဉ်ဂိုဏ်းကို ရင်ဆိုင်ဖို့ နင့်ရဲ့အကြံကို စွန့်လွှတ်လိုက်ပါလို့ ငါ မပြောခဲ့ဘူးလား။ ဒါ နင့်အတွက် အသက်ဆုံးရှုံးနိုင်တယ်ဆိုတာ မသိဘူးလား။ ဒီကိစ္စက သေချာမကိုင်တွယ်နိုင်ရင် နင့်ရဲ့ယန်မိသားစု တစ်ခုလုံး သင်္ဂြိုဟ်ခွင့်တောင်မရဘဲ အကုန်လုံးသေသွားနိုင်တယ်”

လုံချန် က လုံးဝ ကြောက်လန့်ဟန်မပြဘဲ တဟားဟားရယ်မောလိုက်၏...

“ကောင်းပြီ၊ မင်းကို အပြစ်မတင်တော့ဘူး။ ငါ မေးချင်တာ တစ်ခုပဲရှိတယ်။ အခု ငါ့ ညီမလေး ကို သူတို့တွေ ဖမ်းခေါ်သွားကြပြီ။ ငါ သွေးဝိညာဉ်ဂိုဏ်း ကို ရင်ဆိုင်ချင်တယ်။ မင်း ကူညီမှာလား၊ မကူညီဘူးလား...” ဤစကားပြောနေချိန်တွင် လုံချန်၏အသံက လုံးဝ လေးစားမှု မရှိတော့ချေ။

ဤအချိန်တွင် ယန်ယွန်းထျန်း၏ အတွေးကတော့ အကြီးအကဲချုပ် လဲ့လန် ဟာ လုံချန်ကို ချက်ချင်း အပစ်ပေးလိမ့်မည်ဟူ၍ပင်။ သို့သော် မမျှော်လင့်ဘဲ အကြီးအကဲချုပ်လဲ့လန် က လုံချန်ကို လုံးဝ အလေးထားနေသလို ခံစားမိလိုက်သည်။

ယန်ယွန်းထျန်း က သူ့ရှေ့ရှိ လူနှစ်ယောက် ထိပ်တိုက်တွေ့နေသည်ကို ကြည့်ရင်း ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိခဲ့သည်။

“ချန်အာ ဘယ်လောက် သန်မာနေပြီလဲ။ တစ်လလောက်ပဲကြာသေးတယ်၊ သူက မြေကမ္ဘာယွမ်အဆင့် ကို ရောက်သွားပြီလား...”

လုံချန်၏လက်ထဲ၌ နတ်ဝိညာဉ်ပြောင်းလဲခြင်းသစ်သီး တစ်လုံး ရှိနေကြောင်း ပြန်တွေးမိလိုက်ရာ ဖြစ်နိုင်ချေများသည်ဟု ခံစားမိလိုက်တော့သည်။

ဤအချိန်တွက် လဲ့လန် က ခဏတာတုံ့ဆိုင်းနေခဲ့ပြီး မှ ခေါင်းခါလိုက်သည်...

“ငါ့အဖေ တောင် အစိမ်းရောင်နေမင်းဌာနခွဲက နင့်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စ အတွက် ဒီလောက် အန္တရာယ်များတဲ့ လုပ်ရပ်ကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောခဲ့သေးတယ်။ ဒါ့အပြင် သွေးဝိညာဉ်ဂိုဏ်း က နင် ရင်ဆိုင်နိုင်တဲ့ အင်အား မဟုတ်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နင့်ကို ထွက်သွားခွင့် မပေးနိုင်ဘူး...”

“မင်း ဘယ်အခွင့်အရေးနဲ့ ငါ့ကို လာတားနေတာလဲ...” လဲ့လန်၏ စကားကို ကြားလိုက်ချိန်တွင် လုံချန်က လင်းဝူမိသားစု၏ အကူအညီကို အပြည့်အဝ စွန့်လွှတ်လိုက်ပါတော့သည်။ တစ်ချိန်တည်းတွင် သူ့စိတ်ထဲမှာ လှောင်ရယ်နေလေသည်၊ “သူမက ငါ့ကိုသွားခွင့်မပေးနိုင်ဘူးတဲ့လား..”

“နင်—...”

လုံချန်၏ ကြမ်းတမ်းသော စကားကြောင့် လဲ့လန် က တော်တော်လေး ဒေါသထွက်သွားခဲ့သည်။ သူမ၏ လိုချင်တပ်မက်ဖွယ်ရာ ခန္ဓာကိုယ်လေးက တုန်ခါလာပြီး မျက်နှာလည်း အေးစက်လာပါသည်။

ဘေးကနေ ကြည့်နေသော ယန်ယွန်းထျန်း က ဤအခြေအနေ မကောင်းတော့မှန်း သိလိုက်ပြီး လုံချန်ကို အလျင်အမြန် လက်ဟန်ပြလိုက်သည်။ ထို့နောက် သူက အကြီးအကဲချုပ်လဲ့လန် ကို တောင်းပန်စကား ပြောလိုက်၏ “အကြီးအကဲချုပ်..ချန်အာ က နားမလည်သေးလို့ စကားမဆင်မခြင် ပြောမိတာ ဖြစ်နိုင်ပါတယ်။ သူ့ကို အပြစ်မတင်ပါနဲ့။ သွေးဝိညာဉ်ဂိုဏ်း ကို ငါတို့ဘာသာပဲ ကိုင်တွယ်လိုက်ပါ့မယ်၊ ဒီနိမ့်ကျတဲ့လူအိုကြီးကို အရင်ဆုံး ထွက်သွားခွင့်ပြုပါ...”

ယန်ယွန်းထျန်း၏ အောက်ကျို့လွန်းသော တောင်းပန်စကားကြောင့် လုံချန် လည်း ဒေါသထွက်သွားခဲ့သည်။ သူက ဒုတိယဦးလေး ကို နောက်ဆုတ်ခိုင်းလိုက်ပြီး အေးစက်စက် ပြောခဲ့သည်...

“ဒုတိယဦးလေး ... သူမကို တောင်းပန်နေစရာ မလိုပါဘူး။ သူမက ဘာမို့လို့ ဒီလို ဆက်ဆံရမှာလဲ...”

လုံချန်က အကြောက်အလန့်ကင်းစွာ ပြောနေရင်း အကြီးအကဲချုပ်လဲ့လန် ကို စူးစိုက်ကြည့်ကာ သူ့အသံကို အနည်းငယ်နှိမ့်၍ပြောလိုက်သည်...

“ငါ့ရဲ့ ညီမငယ်လေး က အခု တစ်စုံတစ်ယောက် လက်ထဲမှာ ရောက်နေတယ်။ ဒါပေမဲ့ မင်း ငါ့ကို ဒီနေရာမှာပဲ အတင်းအကြပ် ထိန်းထားချင်သေးတာလား။ ငါ ဘာမှမလုပ်ဘဲ နေလိုက်ရင် တိရစ္ဆာန်နဲ့ ဘာကွာဦးမလဲ။ မင်းလဲ... မင်းကိုယ်တိုင်ကြုံရလို့ ဘာမှမလုပ်ဘဲ နေရင် တိရစ္ဆာန်နဲ့ အတူတူပဲ ဖြစ်သွားမှာ...”

“လုံချန်၊ နင် လွန်ကဲမလာစမ်းနဲ့...”

“တိရစ္ဆာန်တစ်ကောင်နဲ့အတူတူပဲ’ ဆိုသည့် စကားကို ကြားလိုက်ရသည့်အတွက် လဲ့လန်၏ မျက်နှာလှလှလေးက ဒေါသကြောင့် နီရဲလာသည်။ သို့ရာတွင် လုံချန် ပြောသမျှ စကားက တစ်လုံးမှ မမှားခဲ့ပေ။ သူမ ပြန်ချေပစရာ စကားပင်ရှာမတွေ့ခဲ့ပါ။

“ငါ ဘယ်နေရာများ လွန်ကဲနေလို့လဲ...”

လုံချန်က ဟက်ခနဲ ရယ်လိုက်ပြီး ယန်ယွန်းထျန်းကို လက်ဟန်ပြသည်...

“လင်းဝူမိသားစု က ငါ့ညီမကို ကယ်လို့ ငါ့ကို နှင်ထုတ်မယ်ဆိုရင် လင်းဝူမိသားစုမှာ မနေတော့ဘူး။ ဒုတိယဦးလေး.. သွားကြရအောင်...” ထိုစကား ပြောပြီးသည်နှင့် လုံချန်က လဲ့လန်ကို ရှောင်ကွင်းပြီး အခန်းအပြင်ဖက်သို့ လျှောက်ထွက်သွားပါတော့သည်။

“လုံချန်! ဒီတစ်ခါ နင် သေသွားရင် ငါ သတိမပေးခဲ့ဘူးလို့ မပြောနဲ့နော်...”

“အိုး...။ ငါ အသက်ရှင်တာပဲဖြစ်ဖြစ်၊ သေဆုံးတာပဲဖြစ်ဖြစ်... ဒါက အလှမယ်လဲ့လန် နဲ့ ဘာဆိုင်လို့လဲ...”

လုံချန်၏ သရော်တော်တော်စကားကြောင့် ယန်ယွန်းထျန်းလည်း အံ့အားသင့်သွားရသည်။

“ချန်အာလေး ... သူက ဘယ်လောက်တောင် သန်မာနေပြီလဲ။ အကြီးအကဲချုပ် ကိုတောင် ဒီလို ပြန်ပြောရဲတယ်…”

Translator#အနှောင်အဖွဲ့ကင်းမဲ့သူ

.(သွေးနဂါးလုံချန်)

ဘာသာပြန်သူ -

အနှောင်အဖွဲ့ကင်းမဲ့သူ

(စာစဉ် - ၁၀)

အပိုင်း ၁၂၀

ယန်ယွန်ထျန်း သည် လုံချန်၏စွမ်းဆောင်ရည်ကို ကြည့်ပြီး အံ့အားသင့်နေဆဲပင်။ လင်းဝူမြို့ထဲကနေ ထွက်လာပြီးသည့်တိုင်အောင် သူ့ရှေ့မှ လူငယ်လေးကို ကြည့်ရင်း အမြင်အာရုံပင် ဝေဝါးလာသလို ခံစားလိုက်ရသည်။

“ဒုတိယဦးလေး... သွေးဝိညာဉ်ဂိုဏ်း ဘယ်မှာလဲဆိုတာ သိထားပြီလား”

လုံချန် ရုတ်တရက် မေးလိုက်၏။ လင်းဝူမြို့ကနေ ထွက်လာပြီးနောက် အစောပိုင်းတုန်းကလိုမျိုး ဒေါသတကြီး ဖြစ်မနေတော့ပေ။ သို့ရာတွင် သူ့စိတ်ထဲမှ လူသတ်လိုစိတ်ကို ယာယီဖိနှိပ်ထားခဲ့ရသည်။

“မင်းရဲ့အဘိုး သိပါတယ်။ လောလောဆယ်မှာ သူလဲ ယွမ်လင်းမြို့မှာ ရှိနေတယ်..”

“ကောင်းပြီ... ဒါဆို အဘိုးနဲ့ အရင်သွားတွေ့ကြရအောင်..”

လုံချန်က ကန့်ကွက်ခြင်း မရှိဘဲ အမြန်ဆုံး ခရီးဆက်လိုက်ကြသည်။

ယန်ယွန်ထျန်း က နောက်ကနေ လိုက်လာရင်း မျက်လုံးထဲမှာ အလင်းရောင်များ တောက်ပလာသည်။ ခရီးဆက်နေရင်း သူက အသံတိုးတိုး မေးလိုက်သည်။

“ချန်အာ..၊ အခု မင်း ဘယ်လောက်သန်မာနေပြီလဲ ပြောပြလို့ရမလား...”

မဟုတ်လျှင် ယန်ယွန်ထျန်း ဖြစ်စေ၊ ဘိုးဘေးယန်ကန်းချောင် ဖြစ်စေ ဘယ်သူမှ လုံချန်ကို သွေးဝိညာဉ်ဂိုဏ်းသို့ တစ်ယောက်တည်း သွားခွင့်ပေးနိုင်မှာမဟုတ်ချေ။

“ငါ့ခွန်အားက အခုလက်ရှိ မြေကမ္ဘာယွမ်အထွတ်အထိပ်အဆင့်မှာ ပဲ။ ဒါပေမဲ့ ကောင်းကင်ယွမ်အဆင့် အောက်မှာ ငါ့ကို ယှဉ်နိုင်တဲ့သူ မရှိဘူးလို့ ယုံကြည်တယ်။ ဒါ့အပြင် လင်းဝူမိသားစုရဲ့ ကောင်းကင်စစ်သည်နယ်မြေပြိုင်ပွဲမှာတုန်းက ကောင်းကင်ယွမ်အဆင့်ကို ရောက်လုနီးပါးဖြစ်နေတဲ့ ကျင့်ကြံသူတစ်ယောက်ကို ငါအနိုင်ယူခဲ့သေးတယ်”

ယန်ယွန်ထျန်း၏မျက်လုံးများပင် ပြူးကျယ်သွားရသည်၊ ကြားလိုက်သည့်စကားက မယုံနိုင်လောက်အောင်ပင် ဖြစ်နေလို့ပါ။

“တကယ်လား... ချန်အာ.၊ မင်း ထွက်လာတာ တစ်လပဲ ရှိသေးတယ်…”

လုံချန်က ခေါင်းညိတ်လိုက်သည်။

“သွေးဝိညာဉ်ဂိုဏ်းနဲ့ ပတ်သက်တဲ့ ကိစ္စကို ကိုင်တွယ်ဖို့ ငါ့မှာ ယုံကြည်မှုအပြည့်ရှိတယ်။ ဘာပဲဖြစ်ဖြစ် ငါက အလျင်စလိုဝင်တိုက်အောင်အထိ လူမိုက်မဟုတ်သေးပါဘူး”

“ဒါဆို မင်းရဲ့အဘိုးနဲ့ အရင်တွေ့ပြီးမှ ဘယ်လိုဆက်လုပ်မလဲ ဆုံးဖြတ်ကြရအောင်...”

လုံချန်က မည်မျှ သန်မာနေပါစေ၊ ကောင်းကင်ယွမ်အဆင့်နှင့် နှိုင်းစာလျှင် အဆင့်ကြီးတစ်ခု ကွာခြားနေခဲ့သည်။ သို့သော် ယန်ယွန်ထျန်းလည်း ဤကိစ္စကို သိပ်ပြီးတွေးတောမနေလိုတော့ပေ။ လုံချန်က ယခုချိန်တွင် သူတို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်နေသော်လည်း အလွယ်တကူ စွန့်စားခိုင်းမည်မဟုတ်ပါ။

အရှေ့ယွမ်လင်းဒေသနှင့် တောင်ပိုင်းယွမ်လင်းဒေသ နှစ်ခုကြားရှိ အကွာအဝေးက တော်တော်လေး များပါသည်။ လုံချန်နှင့် ယန်ယွန်ထျန်း တို့နှစ်ယောက်လည်း တတ်နိုင်သမျှ အမြန်ဆုံး ခရီးဆက်ခဲ့ကြသည်။ တစ်ရက်နီးပါးလောက်ကြာသွားပြီးနောက်မှသာ တောင်ပိုင်းယွမ်လင်းဒေသသို့ ရောက်လာခဲ့ကြသည့။

“ငါတို့အဖေက ဒီမြို့ထဲမှာရှိတဲ့ ဆိုင်သေးသေးလေးထဲမှာ ယာယီနေထိုင်နေတယ်...”

အရှေ့ယွမ်လင်းဒေသနှင့် ယှဉ်ပါက တောင်ပိုင်းယွမ်လင်းဒေသသည် ပိုပြီး ချောင်ကျခဲ့သည်။ လင်းဝူမြို့ကို အသာထား၊ ဟွမ်ယန်ခံတပ်မြို့နှင့်ပင် နှိုင်းယှဉ်လို့မရပေ။

မကြာခင်မှာပဲ နှစ်ယောက်သား ရိုးရှင်းပြီး သာမန်ဆန်သော ဆိုင်ငယ်လေးတစ်ဆိုင်သို့ ရောက်လာကြသည်။

“သွေးဝိညာဉ်ဂိုဏ်းက တောင်ပိုင်းယွမ်လင်းဒေသရဲ့ အစွန်ဖက်နယ်မြေမှာနယ်မြေမှာ ရှိတယ်။ အဲ့ဒီနေရာမှာ လူသူအရောအပေါက်နည်းတယ်၊ ဘာလို့လဲဆိုတော့ သွေးဝိညာဉ်ဂိုဏ်းက အဲ့ဒီမှာ သီးခြားအာဏာပိုင်တွေလိုပဲ...”

လင်းဝူမိသားစုနှင့် ယှဉ်လျှင် သွေးဝိညာဉ်ဂိုဏ်းက ဖုန်မှုန့်သာသာလောက်ပင်။ သို့ရာတွင် ၎င်းက လုံချန်အတွက် ကြီးမားသည့် အတားအဆီးတစ်ခု ဖြစ်နေခဲ့သည်။ထို့အပြင် အတားအဆီးနောက်ကွယ်၌ ပို၍ပင်အားကောင်းသော နောက်ခံတစ်ခုလည်း ရှိနေသေး၏။

“ဆိုင်ထဲမှာ တစ်ခုခုဖြစ်နေသလိုပဲ...”

ဆိုင်ထဲကို ဝင်လာချိန်တွင် လင်းရှီ က ရုတ်တရက် စကားပြောလာသည်။

“လုံချန်! နင့်ရဲ့အဘိုးက မြေကမ္ဘာယွမ်အထွတ်အထိပ်အဆင့် တစ်ယောက်နဲ့ တိုက်ခိုက်တော့မယ့်ပုံပဲ...”

လင်းရှီ၏ သတိပေးစကားကြောင့် လုံချန် သည် ထိတ်လန့်တကြား ဖြစ်သွားခဲ့သည်။

အမှန်ပင်၊ အခန်းထဲ၌ ယန်ဘိုးဘေးအိုကြီး ရှိကာ သူ့ရှေ့တွင်တော့ အနီရောင်ဝတ်သက်လတ်ပိုင်းတစ်ဦး ရပ်နေလေသည်။ ၎င်းက ယန်ဘိုးဘေးအိုကြီးကို မထီမဲ့မြင်ကြည့်ရင်း လှောင်ပြောင်ရယ်မောနေခဲ့သည်။

“သွေးဝိညာဉ်ဂိုဏ်းအကြောင်း ဘယ်သူ စုံစမ်းနေသလဲလို့ တွေးနေတာ။ မထင်မှတ်ဘဲ အစောပိုင်းမြေကမ္ဘာယွမ်အဆင့်ကို ရောက်ခါစ လူအိုကြီးတစ်ယောက် ဖြစ်နေမယ်လို့ မထင်ခဲ့မိဘူး။ ကျော်ကြားခြင်းမြို့ကနေ ဒီအထိ လိုက်လာနိုင်တာ တော်တော်ကို ဇွဲကောင်းတာပဲ...”

ဘိုးဘေးအိုကြီးယန်ကန်းချောင် က နှစ်ပေါင်းများစွာ အတွေ့အကြုံရှိလာခဲ့သူဖြစ်ရာ စကားလုံးသက်သက်ဖြင့် ကြောက်ရွံ့မသွားခဲ့ချေ။ သို့ရာတွင် တစ်ဖက်လူက သူ့အား ရှာတွေ့သွားသည့်အတွက် မျှော်လင့်ချက် မရှိတော့သလို ခံစားလိုက်ရသည်။

ဤအချိန်တွင် အနီရောင်ဝတ်ရုံဝတ်သက်လတ်ပိုင်းက ပျော်ရွှင်နေသံဖြင့် ပြောခဲ့သည်

“တကယ်တော့ မင်းတို့ယန်မိသားစုကို ကျေးဇူးတင်ရမှာပဲ။ မင်းတို့သာမရှိရင် ဆန်းကြယ်အရိပ်ခန္ဓာကိုယ်ကို ငါ သတိပြုမိနိုင်မှာမဟုတ်ဘူး။ အဲ့ဒီ ဆန်းကြယ်အရိပ်ခန္ဓာကိုယ်ရဲ့ သွေးက အပျိုစင်မိန်းကလေး ထောင်ချီရဲ့ ယင်ချီသွေးနဲ့ ညီမျှတယ်ဆိုတာ မင်းလည်း သိလောက်ပါတယ်၊ ဟုတ်တယ်မလား။ ဒီတော့ ဂိုဏ်းချုပ်က ငါ့ကို ဂိုဏ်းရဲ့အစောင့်အရှောက်အကြီးအကဲ ငါးယောက်တောင် မနာလိုဖြစ်ရလောက်တဲ့ ဆုလာဘ်တွေပေးခဲ့တယ်...”

“မင်းတို့ သွေးဝိညာဉ်ဂိုဏ်းက အပျိုစင်မိန်းကလေးတွေရဲ့ သွေးနဲ့ သွေးကန်ဖန်တီးပြီး ကျင့်ကြံနေတာ၊ ကပ်ဘေးသင့်လိမ့်မယ်၊ ကောင်းကင်ဘုံက အပြစ်ပေးမှာကို မကြောက်ဘူးလား...”

“ကောင်းကင်ဘုံလားလား. ... ဘယ်ကောင်းကင်ဘုံလဲ...။ အစွမ်းထက်တဲ့အင်အားရှိရင် ငါတို့က နတ်ဘုရားတွေပဲ။ ငါတို့က ကောင်းကင်ဘုံပဲ...” အနီရောင်ဝတ်ရုံဝတ်သက်လတ်ပိုင်းက အေးစက်စက် ပြောလိုက်သည်...

“အခု ငါက မင်းထက် ခွန်အားကြီးနေတော့ ကောင်းကင်ဘုံက အပြစ်ပေးခံရမှာ မင်းကိုယ်တိုင်ပဲ...”

စကားပြောပြီးနောက် တဟားဟားရယ်မောလိုက်သည်။ ယန်ဘိုးဘေးအိုကြီးဟာ ရူးသွပ်စွာ ရယ်မောနေသည့် အနီရောင်ဝတ်လူကို ကြည့်ရင်း စိတ်ပျက်အားငယ်သွားခဲ့သည်။

“လင်းချင်က တကယ် ဒီလိုပဲ အဆုံးသတ်ရတော့မှာလား...” ယန်လင်းချင် အကြောင်းကို တွေးမိသည်နှင့် ယန်ဘိုးဘေးကြီး၏နှလုံးသားက နာကျင်လာခဲ့သည်။

“နောက်တစ်ကြိမ် သွေးယဇ်ပူဇော်ပွဲ ပြီးရင် ငါတို့ သွေးဝိညာဉ်ဂိုဏ်းရဲ့ အင်အားက သေချာပေါက်ထပ်တက်လာလိမ့်မယ်။ အဲ့အချိန်မှာ တပည့်တွေ ပိုပြီးခေါ်ယူနိုင်သလို အင်အားကလဲ အဆမတန်တိုးလာမှာပါ။ တစ်နေ့နေ့မှာ လင်းဝူမိသားစု ဒါမှမဟုတ် သားရဲဝိညာဉ်ခန်းမနဲ့ အဆင့်တူတဲ့ အင်အားစုကြီးတစ်ခု ဖြစ်လာလိမ့်မယ်.။ ဟားဟား...”

“အိပ်မက်မက်နေတာ မဟုတ်ဘူးလား...”

ယန်ဘိုးဘေးကြီးက မထီမဲ့မြင် ပြန်ပြောလိုက်သည်။ အမှန်တော့ သူက ထွက်ပြေးရန်အတွက်အစီအစဉ်တစ်ခု ကြိုချထားခဲ့ပြီးသားပင်။

“အော်... အခု မင်းအသက်ကို ငါ ယူလိုက်ရင် ငါ အိပ်မက်မက်နေတာ မဟုတ်မှန်း သိသွားလိမ့်မယ်...”

ထိုစကားပြောပြီးသည်နှင့် ပြင်းထန်လှသောအရှိန်အဝါ ပေါက်ကွဲထွက်လာပြီး ဆိုင်ထဲမှ ဧည့်သည်များ အားလုံး အံ့အားသင့်ကုန်ကြသည်။အပေါ်ထပ်ကို လာကြည့်ချင်ကြသော်လည်း အနီရောင်ဝတ်သက်လတ်ပိုင်း၏ အေးစက်စက်အသံ ထွက်လာလေသည်။

“ငါက သွေးဝိညာဉ်ဂိုဏ်းရဲ့ ကိစ္စရပ်တွေ ဆောင်ရွက်နေတာပဲ။ မသေချင်ဘူးဆိုရင် မသက်ဆိုင်တဲ့သူတွေ ချက်ချင်းထွက်သွားကြစမ်း...”

ဤအချိန်တွင် လူများ တစ်ယောက်ပြီးတစ်ယောက် ဆိုင်ထဲကနေ ထွက်ပြေးကုန်ကြ၏၊ အားလုံးထိတ်လန့်တကြား ဖြစ်နေကြသည်။

အဓိကကတော့ ဤနယ်မြေရှိ လူအများစုအတွက် သွေးဝိညာဉ်ဂိုဏ်းကို ကြောက်ရွံ့ရင်း အသက်ရှင်နေထိုင်လာခဲ့ကြသူများ ဖြစ်နေလို့ပင်။

ယန်ဘိုးဘေးကြီးလည်း ထိတ်လန့်နေသည့်တိုင်အောင် သူဟာ ယန်အိမ်တော်၏ကျောရိုးဖြစ်နေသောကြောင့် လဲကျသွားရန်မတတ်နိုင်ပေ။

“အရင်တစ်ခေါက်တုန်းက တိုက်ခိုက်တဲ့အချိန်မှာ ငါ မင်းကို ဆန်းကြယ်အဆင့် တိုက်ခိုက်ရေးနည်းစနစ်က ဘာလဲဆိုတာ မပြခဲ့ဘူး။ အခု မင်းလို တောသားလူအိုကြီးကို ဘယ်လောက် အားကောင်းသလဲ ပြပေးမယ်...”

ထိုစကားသံကို ကြားလိုက်ချိန်တွင် ယန်ဘိုးဘေးအိုကြီး၏မျက်နှာက ဖြူဖျော့သွားသည်။ သူ့အနေဖြင့် အနီရောင်ဝတ်လူကို အနိုင်မရမှန်း သိနေလို့ပင်။ အဓိကအချက်မှာ သူ့ခွန်အားက အစောပိုင်း မြေကမ္ဘာယွမ်အဆင့်သာ ရှိနေသေးလို့ဖြစ်သည်။ ထို့အပြင် သူ့မှာလည်း ဆန်းကြယ်အဆင့် နည်းစနစ်ကို ယှဉ်နိုင်သော နည်းစနစ်မရှိခဲ့ပေ။

“ဘာပဲဖြစ်ဖြစ် ငါ့ကို သတ်ချင်ရင်တော့ မင်းလည်း တန်းကြေးကြီးကြီး ပေးဆပ်ရလိမ့်မယ်...”

ယန်ဘိုးဘေးအိုကြီ၏မျက်လုံးများ သွေးရောင်သမ်းလာပြီး လူသတ်ချင်စိတ် ပြည့်နှက်နေပေသည်။ အနီရောင်ဝတ်လူက အနည်းငယ်ထိတ်လန့်သွားသော်လည်း ချက်ချင်း ရယ်မောလိုက်လေသည်...

“သေခါနီးလူအိုကြီးက ငါ့ကို ခြိမ်းခြောက်နေတာလား။ သတ္တိတော့ရှိသား... ဒါပေမဲ့ ဒီနေ့က မင်း သေရမယ့်နေ့ပဲ...”

ဤအချိန်တွင် ယန်ဘိုးဘေးကြီးဟာ သူ့အပေါ် ကြောက်မက်ဖွယ်ဖိအား ကျရောက်လာသည်ကို ခံစားလိုက်ရသည်။ အနီရောင်ဝတ်ရုံဝတ်သက်လတ်ပိုင်း၏ လက်ဝါးထဲမှ အစစ်အမှန်ချီစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး လက်သီးပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။

“ ဒါက ဆန်းကြယ်အဆင့် တိုက်ခိုက်ရေးနည်းစနစ်ရဲ့ ဖိအားပဲ” ယန်ဘိုးဘေးအိုကြီးလည်း စိတ်ဓာတ်ကျသွာရသည်.. “ငါ တကယ်ပဲ ဒီမှာ သေရတော့မှာလား...”

ယန်ဘိုးဘေးကြီးဟာ ဖြစ်ပျက်ခဲ့သည့် အရာအားလုံးကို ပြန်တွေးမိရင်း အသက်ကြီးလာလေ ဆိုးရွားသော အတွေ့အကြုံများ ပိုပြီးခံစားလာရလေလေမှန်း နာကျင်စွာ ခံစားမိလိုက်သည်။

“ယွန်ထျန်း ပြန်ရောက်လာတဲ့အခါကျ ငါ့ရုပ်အလောင်းကို ရှာတွေ့ပြီး ကျော်ကြားခြင်းမြို့မှာ သင်္ဂြိုဟ်ပေးနိုင်မယ်လို့ မျှော်လင့်တယ်။ ဒါပေမဲ့ ငါ့ကို သတ်ချင်ရင်တောင် မင်းလည်း အသက်ရှင်နေလို့ မရဘူး..”

ဆန်းကြယ်အဆင့် တိုက်ခိုက်ရေးနည်းစနစ်ကို မြင်သောအခါ ယန်ဘိုးဘေးကြီးက ဒေါသတကြီးကြုံးဝါးလျှက် မိုးပြာနဂါးတံဆိပ်ကို အလျင်အမြန်ထုတ်သုံးလိုက်ပါသည်။

နှစ်ဖက်စလုံးမှ မြေကမ္ဘာယွမ်အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး အပြင်းအထန် တိုက်ခိုက်ခဲ့ကြသည်။

တိုက်ခိုက်နေကြရင်း အနီရောင်ဝတ်ရုံဝတ်လူ၏ နှုတ်ခမ်းထောင့်၌ အေးစက်စက် အပြုံးတစ်ခု ပေါ်လာသည်။

“သေလိုက်စမ်း.. ကျောက်စိမ်းကွဲကြေလက်သီး..”

“မိုးပြာနဂါးတံဆိပ်...လာစမ်း...”

နှစ်ဖက်စလုံးက အဆုံးသတ်တိုက်ခိုက်လိုက်ကြခြင်းပင်။ သို့သော် နှစ်ဖက်တိုက်ခိုက်မှု ဆုံတွေ့ခါနီးမှာတော့ အခန်းပြတင်းပေါက်က ပွင့်ထွက်သွားကာ အရိပ်တစ်ခု ရုတ်တရက်ခုန်ဝင်လာခဲ့သည်။ ထို့နောက် အရိပ်က လက်တစ်ဖက် ဆန့်ထုတ်ပြီး ကျောက်စိမ်းကွဲကြေလက်သီးကို ဖမ်းဆုပ်လိုက်သည်။ ထိုခဏလေးမှာပဲ အနီရောင်ဝတ်ရုံဝတ်လူ၏ ကြောက်မက်ဖွယ်တိုက်ခိုက်မှုက အစအနပင်ရှာမရအောင် ပျောက်ကွယ်သွားပါတော့သည်။

အနီရောင်ဝတ်လူက အံ့အားသင့်နေပြီး ရုတ်တရက် ပေါ်လာသည့် ပုံရိပ်ကို ကြည့်လိုက်သည်။ တစ်ဖက်ရှိ ယန်ဘိုးဘေးကြီးကတော့ ပုံရိပ်ကို မြင်သောအခါ သူ့တိုက်ခိုက်မှုကို အမြန်ပြန်သိမ်းလိုက်ရင်း ထိတ်လန့်တကြား ဖြစ်သွားလေသည်။ သူ့အနေဖြင့် ရောက်လာသူကို မမှတ်မိဘဲမနေပါ။ ၎င်းက ယန်မိသားစုတစ်ခုလုံးကို အကြီးအကျယ် အံ့အားသင့်စေခဲ့သူမဟုတ်ပါလား။

ဤအချိန်တွင် အနီရောင်ဝတ်ရုံဝတ်လူက လုံချန်ကို ထိတ်လန့်စွာ ကြည့်ရင်း ချက်ချင်း ဒူးထောက်လိုက်သည်..

“အရှင်… ဒီနိမ့်ကျတဲ့လူရဲ့တိုက်ခိုက်မှုကို ဘာလို့ တားရတာလဲ..”

“ဘာလို့လဲ..”

လုံချန်က အေးစက်စက် တစ်ချက်ရယ်လိုက်ပြီး လက်ဆန့်ကာ အနီရောက်ဝတ်လူကို ပါးရိုက်ချလိုက်သည်။ သာမန်ရိုက်ချက်လို ထင်ရသော်လည်း တကယ်တမ်းတော့ အားပါပြင်းထန်လှသည်။ သို့ရာတွင် အနီရောင်ဝတ်လူက လုံချန်အား ပြန်ပြီးတိုက်ခိုက်ရဲခြင်းမရှိချေ။

“မင်း ငါ့အဘိုးကို သတ်ချင်နေတာလေ၊ ဒါကိုတောင်မှ ဘာကိစ္စလဲဆိုပြီး မေးနေသေးတာလား..”

လုံချန်၏စကားကို ကြားလိုက်ချိန်တွင် အနီရောင်ဝတ်လူက မျက်လုံးပြူးကျယ်သွားပြီး အံ့အားသင့်သွားခဲ့သည်..

“မင်း… လင်းဝူမိသားစုထဲကို ဝင်ခဲ့တဲ့ လုံချန်လား၊ ဘယ်လိုလုပ် ဒီလောက် အားကောင်းနေရတာလဲ..”

သူက ထွက်ပြေးရန် ကြိုးစားလိုက်သည်၊ သို့သော်လည်း လုံချန်က လက်မောင်းကို ဖမ်းဆွဲပြီး လိမ်ချိုးပစ်လိုက်လေသည်။

“ထပ်လှုပ်ရဲရင် စမ်းကြည့်လိုက်၊ ငါ မင်းရဲ့ နောက်လက်မောင်းတစ်ဖက်ကိုပါ ကျိုးအောင် ချိုးပေးမယ်...”

လုံချန်၏ အေးစက်စက် စကားကြောင့် အနီရောင်ဝတ်ရုံဝတ်လူဟာ ထွက်ပြေးရန် မကြိုးစားတော့ပေ။သူ့အခြေအနေကို နားလည်လိုက်ပုံရ၏၊ သူက ငိုသံပါပါဖြင့် စကားပြောလာသည်၊ ထို့နောက် လုံချန် ဆီကနေ ခွင့်လွှတ်မှုကို တောင်းပန်လေသည်။

“မင်းကို ခွင့်လွှတ်လို့ မရဘူးလို့ မပြောပါဘူး။ ငါ့ကို ရိုးရိုးသားသား ဖြေပေးရင် မသတ်ဘူး...”

ထိုစကားပြောပြီး လုံချန်က ယန်ဘိုးဘေးအိုကြီးကို ပြန်လှည့်ကြည့်လိုက်သည်။ အံ့အားသင့်နေဆဲ ဖြစ်သော အဘိုးဖြစ်သူကို ကြည့်ရင်း တောင်းပန်သောလေသံဖြင့် ပြောလိုက်ပါသည်။

“တောင်းပန်ပါတယ်... အဘိုး။ ချန်အာ နည်းနည်းနောက်ကျသွားတယ်…”

ခဏကြာတော့မှ ယန်ကန်းချောင်လည်း သတိပြန်ဝင်လာတော့သည်။

“နောက်မကျပါဘူး။ ဒါပေမဲ့ ချန်အာ… တကယ်ပဲ မင်းလား...”

“ဘာလို့လဲ၊ မဖြစ်နိုင်ဘူးထင်လို့လား..”

“ဘယ်လိုလုပ် ဒီလောက် သန်မာလာတာလဲ” မေးခွန်းများ ဆက်တိုက်မေးရင်း ယန်ကန်းချောင်လည်း သူ့မျက်စိကိုပင် မယုံနိုင်သေးပါ။ သူ၏မြေးဖြစ်သူက လင်းဝူမိသားစုထဲ ဝင်ခဲ့သည်မှာ အချိန် တစ်လသာ ရှိနေသေးသည်မဟုတ်ပါလား။ အကယ်၍ အစောပိုင်းမြေကမ္ဘာယွမ်အဆင့် ရောက်နေလျှင်ပင် အနီရောင်ဝတ်ရုံဝတ်လူကို ကိုင်တွယ်ရန် မဖြစ်နိုင်သလောက်ပါ။

ယန်ကန်းချောင် ကိုယ်တိုင် အနီရောင်ဝတ်လူ၏ ကြောက်မက်ဖွယ်အင်အားကို ခံစားမိခဲ့ပြီး သူ့အနေဖြင့် ဘာမှ မတတ်နိုင်ခဲ့ပေ။ သို့ရာတွင် လုံချန်က အသာအယာ ကိုင်တွယ်ပြခဲ့သည်။

ဤအချိန်တွင် ယန်ယွန်ထျန်း လည်း အခန်းထဲသို့ ပြေးဝင်လာပြီး သူ့ရှေ့က မြင်ကွင်းကို ကြည့်ရင်း အလားတူ အံ့အားသင့်သွားရသည်။

“အဘိုး... မေးစရာရှိရင် ဒုတိယဦးလေးကို မေးပါ။ ဒီလူကို ငါ ခဏလောက် စစ်မေးလိုက်ဦးမယ်..”

Translator#အနှောင်အဖွဲ့ကင်းမဲ့သူ

All Chapters