← Chapters

အခန်း (၁၂၁-၁၂၂)

Vol. 11 Ch. 121-122

အခန်း (၁၂၁-၁၂၂)

Vol. 11 Ch. 121-122

အပိုင်း ၁၂၁

ယန်ယွန်ထျန်း သည် လုံချန်၏ခွန်အားကို ယခင်က ကြားဖူးထားသော်လည်း ကိုယ်တိုင်မမြင်တွေ့ခဲ့ရပေ။ ယခုအချိန်တွင် လုံချန်က အနီရောင်ဝတ်ရုံဝတ်လူကို အသာအယာကိုင်တွယ်နေကြောင်း မြင်လိုက်ရာ သူ့စိတ်ထဲ၌ အပြည့်အဝယုံကြည်သွားခဲ့တော့သည်။

“အဖေ…”

ယန်ဘိုးဘေးအိုကြီး၏ မျက်နှာပေါ်မှ အံ့ဩမှုနှင့် စိတ်လှုပ်ရှားမှုကို မြင်လိုက်သည့်အခိုက် ယန်ယွန်ထျန်း သည်လည်း ထပ်တူပင် ခံစားမိလိုက်သည်။

ထို့နောက် တိတ်ဆိတ်စွာဖြင့် ယန်ဘိုးဘေးကြီး၏နံဘေးတွင် ရပ်နေရင်း လုံချန်က အနီရောင်ဝတ်ရုံဝတ်လူအား အလွယ်တကူ ကိုင်တွယ်နေသည်ကို စောင့်ကြည့်နေခဲ့သည်။

ယန်ဘိုးဘေးကြီးလည်း စိတ်ထဲမှာ မေးခွန်းများစွာ ရှိနေ၏။ သို့သော်လည်း ဘာမှ မပြောခဲ့ချေ။ သူ မြင်တွေ့လိုသည့်အရာက သူ၏မြေးဖြစ်သူ မည်မျှသန်မာလာသည်ကိုပင်။

နောက်ဆုံးတွင် ဤနေရာက သွေးဝိညာဉ်ဂိုဏ်း၏ နယ်မြေဖြစ်ခဲ့သည်။ အနီရောင်ဝတ်ရုံဝတ်လူက ယန်ဘိုးဘေး၏ တည်နေရာကို သိသွားပြီဖြစ်ရာ လုံချန်လည်း ထပ်ပြီးအချိန်ဆွဲနေလို့မရတော့မှန်း သိလိုက်သည်။ ထို့ကြောင့် သူ လိုအပ်သော အချက်အလက်အားလုံးကို မေးမြန်းပြီးပါက အမြန်ဆုံးထွက်ခွာသွားခြင်းက အကောင်းဆုံးပင်။

လက်ရှိတွင် အနီရောင်ဝတ်ရုံဝတ်လူက လုံချန်၏ ထိန်းချုပ်မှုအောက်၌ ရှိနေသည်၊ ၎င်းက ထွက်ပြေးရန် နည်းလမ်း မရှိတော့ချေ။ တစ်ချိန်တည်းမှာပင် လုံချန်က လင်းဝူမိသားစု၏အဖွဲ့ဝင်တစ်ယောက်ဖြစ်ကြောင်းပါ သိလိုက်ချိန်တွင် သူ့လုပ်ရပ်က သွေးဝိညာဉ်ဂိုဏ်းအတွက် ပြဿနာများ ဖြစ်လာနိုင်ချေများသည်ကို တွေးပြီး ကြောက်ရွံ့နေခဲ့လေသည်။

“လှည့်ကွက်တွေသုံးဖို့မကြိုးစားနဲ့။ ငါ မေးတာကို အကုန် တစ်ခုမကျန် ဖြေရမယ်။ လိမ်ရင် မင်းရဲ့ ခြေလက်တစ်ဖက်စီကို ရိုက်ချိုးပစ်မယ်။ ကြောကြည့်စမ်း... မင်းမှာ ခြေလက်ဘယ်နှစ်ဖက်ရှိလဲ...”

လုံချန်က အနီရောင်ဝတ်ရုံဝတ်လူ ရှေ့၌ ရပ်ရင်း အေးစက်စက် မေးလိုက်သည်။

“ပြောပါ့မယ်၊ မလိမ်ပဲ အမှန်တိုင်း ပြောပါ့မယ်။ အရှင် သိချင်တာမေးပါ...”

လုံချန်က ငယ်ရွယ်သော်လည်း စကားနှင့် အကြည့်ကပင် ရက်စက်ကြမ်းကြုတ်မှုအပြည့်ဖြစ်နေလေရာ အနီရောင်ဝတ်လူ လည်း ထိတ်လန့်နေခဲ့သည်။

“ကောင်းပြီ...”

လုံချန်က ကျေနပ်စွာ ခေါင်းညိတ်၏ “ပထမမေးခွန်း...၊ သွေးယဇ်ပူဇော်ပွဲ ကို ဘယ်အချိန်မှာ ကျင်းပမလဲ” လုံချန်၏အဓိက ရည်ရွယ်ချက်က သွေးယဇ်ပူဇော်ပွဲသို့ တိတ်တဆိတ်ခိုးဝင်ရန်ပင်ဖြစ်သည်။ ထို့ကြောင့် အနီရောင်ဝတ်လူက ပထမအေးခွန်းအတွက် အံ့ဩသွားခြင်း မရှိချေ။

သို့သော် ဤအချက်အလက်က သွေးဝိညာဉ်ဂိုဏ်း၏အဖွဲ့ဝင်များသာ သိရှိထားသည် မဟုတ်ပါ။ သူက ချက်ချင်း ဖြေလိုက်၏...

“သွေးယဇ်ပူဇော်ပွဲက မနက်ဖြန်မှာ ကျင်းပမှာပါ...”

“ဘယ်အချိန်လဲ... ”

လုံချန် အတိအကျ သိချင်နေမှာလည်း အချိန် ပင်။

လုံချန်၏ လူသတ်လိုစိတ်ပြည့်နေသော အကြည့်ကို မြင်လိုက်သည့်အခါ အနီရောင်ဝတ်လူဟာ ကြောက်လန့်သွားခဲ့သည်...“မနက်ဖြန်ည သန်းခေါင်ယံမှာပါ။ အဲဒီအချိန်မှာ ယင်ချီ အများဆုံး စုစည်းလို့ပဲ။ သွေးယဇ်ပူဇော်ပွဲကျင်းပဖို့ အသင့်တော်ဆုံး အချိန်လို့ သတ်မှတ်ထားတယ်...”

“ညသန်းခေါင်ယံလား ။ အချိန်သိပ်မကျန်တော့ဘူး ထင်တယ်..” လုံချန်က အတွေးနက်သွားပြီး ချက်ချင်း ပြန်မပြောအားပေ။ အနီရောင်ဝတ်ရုံဝတ်လူက တုန်ယီနေသောအသံဖြင့် မေးခဲ့သည်...“အရှင်! ငါ အားလုံး ပြောပြပြီးရင် ငါ့ကို လွှတ်ပေးမှာလား...”

“မင်းရဲ့ အဖြေတွေက ငါ့ကို ကျေနပ်မှုရှိမရှိ အပေါ်မူတည်တယ်။ မင်း လိမ်ညာပြီး တစ်ခုခုဖုံးကွယ်ထားရင် ကြောက်စရာကောင်းတဲ့ သေခြင်းမျိုးနဲ့ သေရလိမ့်မယ်...” လုံချန်၏အသံက အေးဆေးတည်ငြိမ်နေသော်လည်းပဲ အနီရောင်ဝတ်ရုံဝတ်လူ အတွက်တော့ အလွန် ကြောက်မက်ဖွယ်ကောင်းနေခဲ့၏။

ဤအချိန်တွင် ယန်ဘိုးဘေးကြီးနှင့် ယန်ယွန်ထျန်း တို့လည်း တစ်နေ့တစ်ခြား ရင့်ကျက်လာသည့် လုံချန်ကို လှမ်းကြည့်ရင်း နှစ်ယောက်သား အကြည့်ချင်းဖလှယ်ကာ ခေါင်းညိတ်လိုက်ပါတော့သည်။

“ချန်အာ လင်းဝူမိသားစုကို ဝင်ပြီးတဲ့နောက်မှာ သူ့ရဲ့ ခွန်အားရော စရိုက်ရော အများကြီး ရင့်ကျက်လာတယ်နော်...” ဤမြင်ကွင်းက ယန်လင်းချင်ကို ကယ်တင်ရန်အတွက် လုံချန်အပေါ် မျှော်လင့်ချက်အချို့ ရှိလာစေသည်။

“သူ အောင်မြင်နိုင်မယ်ထင်တယ်…”

ဤအချိန်တွင် လုံချန်က ဒုတိယမြောက် မေးခွန်းကို မေးနေလေသည်။

“ပွဲက နတ်ဆိုးနန်းတော်ရဲ့ဘယ်နေရာမှာ ကျင်းပမှာလဲ...” နတ်ဆိုးနန်းတော်သည် သွေးဝိညာဉ်ဂိုဏ်း၏ အခြေစိုက်စခန်း ပင်။

သူ ရိုးရိုးသားသား ဖြေပေးလျှင် လွှတ်ပေးမည်ဟု လုံချန်က ပြောထားသောကြောင့် အနီရောင်ဝတ်ရုံဝတ်လူဟာ တရားမျှတသည့် လေထုကို မြင်တွေ့လိုက်ရသည်။ သူက တုံ့ဆိုင်းမနေဘဲ ရိုးရိုးသားသား ဖြေလိုက်ပါသည်... “ငါတို့ သွေးဝိညာဉ်နတ်ဆိုးနန်းတော်မှာ မြေအောက်မြို့တော်တစ်ခု ရှိတယ်။ သွေးယဇ်ပူဇော်ပွဲကို အဲဒီမှာ ကျင်းပမှာပါ... အရှင်။ ပြောရရင်တော့ မြေအောက်မြို့တော်က အမြဲတမ်းလိုလို ပိတ်ထားတာ။ သွေးယဇ်ပူဇော်ပွဲ ကျင်းပမယ့်အချိန်ရောက်မှပဲ ဂိုဏ်းသားတွေ ဝင်ခွင့်ရကြတယ်...”

အနီရောင်ဝတ်ရုံဝတ်လူ ဖြေဆိုခဲ့သည့် မေးခွန်းများက သာမန်ဂိုဏ်းသားတိုင်းပင် သိထားကြသည့်အရာများပင်။ ထို့ကြောင့် ဂိုဏ်းခေါင်းဆောင်ဆီကနေ အပြစ်ပေးခံရမည်ကို ကြောက်ရွံ့မနေခဲ့ချေ။

“မြေအောက်မြို့တော်မှာလား...”

ယခုအချိန် ထွက်သွားပါက အချိန်မီ ရောက်နိုင်ပါသေးသည်။

“နောက်တစ်ခု ထပ်မေးမယ်။ ရိုးရိုးသားသား ဖြေရမယ်...”

လုံချန်က အနီရောင်ဝတ်လူ၏နဖူးအလယ်ရှိ သွေးနီအစက်ကို ကြည့်ရင်း မေးလိုက်သည် “မင်းတို့ သွေးဝိညာဉ်ဂိုဏ်း က ဂိုဏ်းသားတွေကို ဘယ်လို ခွဲခြားသတ်မှတ်ထားသလဲ”

“အရှင်က သွေးဝိညာဉ်ဂိုဏ်းထဲ ခိုးဝင်ချင်တာလား” အနီရောင်ဝတ်လူလည်း အံ့ဩသွားပါသည်။

“မင်း ဒီလက်မောင်းကို မလိုချင်တော့ဘူးလား” လုံချန်က အေးစက်စက် ကြိမ်းမောင်းလိုက်၏။

“ပြောပါ့မယ်...”

အနီရောင်ဝတ်လူက အချိန်မဖြုန်းသင့်ကြောင်း သိပြီး တစ်စုံတစ်ခုကို တွေးမိသွားသည် “ဒီကောင်လေး သွေးဝိညာဉ်ဂိုဏ်းထဲကို ခိုးဝင်နိုင်ရင်တောင် ဂိုဏ်းခေါင်းဆောင်နဲ့ အစောင့်အရှောက်အကြီးအကဲငါးယောက်က သူ့ကို ကိုင်တွယ်နိုင်မှာပဲ။ ဒါကို ပြောပြလိုက်ရင် သူ့ကိုတောင် ဖယ်ရှားနိုင်သေးတယ်”

ထိုအတိုင်း ဆုံးဖြတ်လိုက်ပြီးနောက်မှာ သူက ချက်ချင်း ဖြေလိုက်ပါသည် “ငါတို့ ဂိုဏ်းသားတွေ အားလုံး နဖူးအလယ်မှာ သွေးအမှတ်အသား ရှိပါတယ်။ အဲဒါကို သွေးတံဆိပ်လို့ ခေါ်နိုင်တယ်။ မင်းရဲ့ နဖူးအလယ်မှာလဲ သွေးနီအစက်ရှိနေတာ ငါတွေ့မိတယ်။ ဒါကြောင့် သွေးတံဆိပ် မလိုပဲ ဝင်နိုင်ပါတယ်။ နောက်တစ်ခုက ငါတို့မှာ သွေးတံဆိပ်ပြားလည်းရှိသေးတယ်။ ဂိုဏ်းဝင်တွေ ဟုတ်မဟုတ် အဲဒါနဲ့ ခွဲခြားသေးတယ်..”

“သွေးတံဆိပ်ပြားလား...။ ငါ့ကို ပြစမ်း..”

အနီရောင်ဝတ်လူက သူ့သိုလှောင်အိတ်ထဲကနေ သွေးတံဆိပ်ပြား နှစ်ခု ထုတ်ပြီး တစ်ခုကို လုံချန်အား ပေးလိုက်ပါသည်။ လုံချန်က ယူပြီး ကြည့်လိုက်ရာ ရှေ့ခြမ်း ထူးဆန်းသောပုံသဏ္ဍာန်တစ်ခုရှိပြီး နောက်ဖက်ခြမ်းမှာ နာမည်တစ်ခု ရေးထိုးထားခဲ့သည်..”အစောင့်အရှောက် ကျိုးတိုင်” ဟူ၍ပင် ။

“မင်းနာမည် ကျိုးတိုင်လား..”

အနီရောင်ဝတ်လူက ချက်ချင်း ခေါင်းညိတ်ပြီး ကျန်သွေးတံဆိပ်ပြားကို ထပ်ပေးပါသည် “အရှင်...၊ သွေးဝိညာဉ်ဂိုဏ်း မှာ ဂိုဏ်းဝင် ထောင်ချီ ရှိပါတယ်။ ငါ့လက်အောက်မှာ တာဝန်ယူထားတဲ့ လူ တစ်ရာလောက်ရှိတယ်။ ဒီလက်မှတ်ပိုင်ရှင်က ငါ့ကို စော်ကားလို့ တိတ်တဆိတ် သတ်ပစ်လိုက်တာ။ ဘယ်သူမှ မသိသေးဘူး။ သွေးဝိညာဉ်ဂိုဏ်းထဲ ဝင်ချင်ရင် သူ့ အထောက်အထားကို သုံးနိုင်ပါတယ်။ သေချာပေါက် ဘယ်သူမှ မသိနိုင်ပါဘူး...”

လုံချန်က တံဆိပ်ပြားကို လှန်ကြည့်လိုက်ရာ “ဂိုဏ်းသား ဟွမ်တျန်” ဟူ၍ ရေးသားထားသည်ကို တွေ့ရသည်။

လုံချန်က ဘာမှမပြောသေးဘဲ သွေးတံဆိပ်ပြားကိုသာ စစ်ဆေးကြည့်ရှုနေခဲ့သည်။ သူ တိတ်ဆိတ်နေသောကြောင့် အနီရောင်ဝတ်လူက စိုးရိမ်လာပြီး ဂရုတစိုက် ပြောလိုက်ပါသည် “အရှင်...၊ ငါ သိတာမှန်သမျှကို ပြောပြီးပါပြီ။ သွေးတံဆိပ်လဲ ပေးထားပါတယ်။ အရှင့်ကို ဂိုဏ်းထဲဝင်လို့ရအောင်အထောက်အထားပါ စီစဉ်ပေးလိုက်တယ်။ ကျေနပ်မှုရှိရဲ့လား သိပါရစေ။ ငါ ဒီနေရာက ထွက်သွားပြီးတာနဲ့ ယန်လင်မြို့ကနေ ချက်ချင်း ထွက်သွားမှာပါ။ ဘယ်တော့မှ ပြန်မလာတော့ပါဘူး၊ သွေးဝိညာဉ်ဂိုဏ်းနဲ့ ဘာဆက်ဆံရေး မရှိတော့ပါဘူးလို့ ကတိပေးနိုင်တယ်”

“ဟုတ်လား...”

လုံချန်က ညင်သာစွာ ရယ်ပြီး သွေးတံဆိပ်ပြားကို သိမ်းလိုက်ပါသည်။ အနီရောင်ဝတ်လူကို ပြုံးပြရင်း ပြောလိုက်သည် “အလျင်စလို မလုပ်ပါနဲ့။ အချိန်ရောက်ရင် လွှတ်ပေးမယ်။ ဒါပေမဲ့ နောက်တစ်ခါ ထပ်မေးချင်သေးတယ်။ ဒီအတောအတွင်းမှာ သွေးဝိညာဉ်ဂိုဏ်း က ဖမ်းဆီးထားတဲ့ မိန်းမပျိုလေးတွေကို ဘယ်နေရာမှာထားသလဲ။ နေရာနဲ့ သွားလို့ရတဲ့ လမ်းကြောင်းကို တစ်ခါတည်း ပြောပြ။ ပြီးရင် ထွက်သွားလို့ ရတယ်”

“အရှင် ၊ ဒါ… ဒါတော့ ငါ တကယ် မသိပါဘူး။ ဂိုဏ်းခေါင်းဆောင်က အစီအစဉ်တွေ ပျက်မှာစိုးလို့ အရမ်းဂရုစိုက်ထားတယ်။ ဒီအကြောင်းကို သူပဲ သိမှာပါ” ဤမေးခွန်းကို ကြားလိုက်သည့်အခါ အနီရောင်ဝတ်လူ၏မျက်နှာက ဖြူဖျော့သွားပြီး စိုးရိမ်စွာ ဖြေပါသည်။

“မင်းကြည့်ရတာ ကျန်တဲ့ လက်မောင်းတစ်ဖက်ကို မလိုချင်တော့ဘူးထင်တယ်...” လုံချန်၏မျက်နှာက အေးစက်ခက်ထန်လာပါတော့သည်။

“မဟုတ်ပါဘူး၊ ငါ တကယ် မသိတာပါ။ မြေအောက်မြို့တော်ထဲမှာ ရှိတယ်ဆိုတာပဲ သိပါတယ်။ ဒါပေမဲ့ မြို့တော်က အရမ်းကြီးသလို အရမ်းလဲကျယ်ပြန့်တယ်။ အဓိကအဖွဲ့ဝင်တွေကလွဲလို့ ကျန်တဲ့သူတွေက ဘယ်နေရာမှန်း မသိနိုင်ဘူး”

လုံချန်၏မျက်လုံးထဲမှ အေးစက်စက် အကြည့်ကို မြင်လိုက်ရာ အနီရောင်ဝတ်လူက တစ်ကိုယ်လုံး တုန်ယီနေခဲ့သည်။

လုံချန်က အေးစက်စက် ရယ်လိုက်ပြီး အနီရောင်ဝတ်လူ သတိမထားမိခင်မှာပဲ လှုပ်ရှားလိုက်ပါသည်။ သို့သော် သူ့ ပစ်မှတ်က လက်မောင်းတစ်ဖက် မဟုတ်။ အနီရောင်ဝတ်လူ၏ ဦးခေါင်းကိုပါ။ လက်ဖဝါးတစ်ချက်တည်းဖြင့် ရိုက်ချပြီး သတ်ပစ်လိုက်တော့သည်။

သူ သေသွားသည်အထိ အနီရောင်ဝတ်လူဟာ လုံချန်က မည်သည်ကြောင့် ကတိမတည်ဘဲ သတ်လိုက်သည့် အကြောင်းအရင်းကို နားလည်မသွားခဲ့ပေ။

“ချန်အာ၊ ဘာကြောင့် သတ်လိုက်တာလဲ..”

ယန်ဘိုးဘေးကြီးနှင့် ယန်ယွန်ထျန်း တို့နှစ်ယောက်စလုံးလည်း အံ့ဩသွားသည်။

လုံချန်က အနီရောင်ဝတ်လူ၏ အလောင်းကို သိုလှောင်အိတ်ထဲ ထည့်ပြီး အခန်းတစ်ဝိုက်ကို ရှင်းလင်းကာ ခြေရာလက်ရာမကျန်အောင် လုပ်လိုက်ပါသည်။

“တစ်ယောက်ယောက် ဒီအခန်းဖက်ကို ဦးတည်ပြီး လာနေတယ်။ ဒီနေရာမှာ အချိန်ကြာကြာနေဖို့က အဆင်မပြေနိုင်တော့ဘူး။ အဘိုး၊ လုံခြုံတဲ့ နေရာတစ်ခု ရှာပြီးတော့မှ အစီအစဉ်တွေကို ဆက်ပြီးဆွေးနွေးကြတာပေါ့”

ထို့နောက်တွင် လုံချန်၏ ဦးဆောင်မှုအောက်၌ သုံးယောက်သား မြို့အပြင်ဖက် တောအုပ်တစ်ခုသို့ ရောက်လာခဲ့ကြသည်။ ဤနေရာက သွေးဝိညာဉ်ဂိုဏ်းနှင့်တော့ သိပ်မဝေးလှပေ၊ သို့သော် အချိန်အတိုင်းအတာတစ်ခုထိ ပုန်းကွယ်နေနိုင်သောနေရာတစ်ခု ဖြစ်လေသည်။

“အဘိုး၊ ဒုတိယဦးလေး၊ ငါ မေးခဲ့တဲ့ အရာတွေကို နှစ်ယောက်စလုံးလည်း ကြားပြီးပြီ။ ဒီနေရာမှာ ခဏတော့နေကြဦး။ ငါ သွေးဝိညာဉ်ဂိုဏ်းက လူ တစ်ယောက်နှစ်ယောက်လောက်ကို ဖမ်းပြီး အချက်အလက်တွေ မှန်ကန်မှု အတည်ပြုလိုက်မယ်။ ပြီးတာနဲ့ သွေးနတ်ဆိုးနန်းတော်ထဲကို ဝင်ပြီး လင်းချင်ကို ကယ်လာခဲ့မယ်...”

“မရဘူး..” ယန်ယွန်ထျန်း က စိုးရိမ်တကြီးဖြင့် အော်ဟစ်၍တားဆီးလိုက်သည် “ချန်အာ၊ သွေးနတ်ဆိုးနန်းတော်က အရမ်း အန္တရာယ်များတယ်။ တစ်ယောက်တည်း ဘယ်လိုလုပ် ဝင်သွားခွင့်ပေးနိုင်မှာလဲ။ လင်းချင်က ငါ့သမီးပဲ၊ ငါလည်း မင်းနဲ့ အတူလိုက်ခဲ့မယ်...”

လုံချန်က ခေါင်းခါလိုက်ပါသည် “မလိုပါဘူး ။ ဒုတိယဦးလေး.. ငါ့ လက်ရှိ ခွန်အားနဲ့ ဂိုဏ်းခေါင်းဆောင်ကို ရင်ဆိုင်ရင်တောင် ပြန်ထွက်လာနိုင်တယ်။ ဒါပေမဲ့ ဒုတိယဦးလေး လိုဝင်လာရင် ငါ့ကို အပိုဝန်ပိစေမှာပဲ။ ငါ့ကို ယုံကြည်ပေးပါ။ ငါ သေရင်တောင် လင်းချင်ကို မရရအောင် ကယ်တင်မယ်”

ယန်ယွန်ထျန်းက ဆက်ပြောချင်နေသေးသော်လည်း ယန်ဘိုးဘေးအိုကြီးက တားလိုက်ပါသည်။ ထို့နောက် သူ့အကြည့်က ချစ်ခင်နှစ်သက်မှု အပြည့်ဖြင့် လုံချန်ကို ကြည့်ကာ ပြောခဲ့သည် “ချန်အာ၊ မင်း ဆန္ဒရှိသလို လုပ်ပါ။ ငါတို့ အကူအညီမပေးနိုင်ပေမယ့် မင်းက ငါတို့ ယန်မိသားစု ရဲ့ မျှော်လင့်ချက်နဲ့ အနာဂတ်ပဲ။ အဘိုး မှာချင်တာက အစစအရာရာ သတိထားပါလို့ပဲ ပြောနိုင်တယ်။ မင်းရဲ့ အသက်က အရေးအကြီးဆုံးဆိုတာ သတိရပါ။ အလွယ်တကူ မစွန့်လွှတ်လိုက်ပါနဲ့။ မထိုက်တန်ပါဘူး...”

လုံချန်က ခေါင်းညိတ်ပြီး ထွက်သွားပါတော့သည်။သူ့အရှိန်က အလွန်မြန်ဆန်ပြီး မကြာခင်မှာပဲ မြို့ထဲသို့ ပျံသန်းသွားသလိုပင် ပျောက်ကွယ်သွားခဲ့သည်။

ယန်ဘိုးဘေးကြီးနှင့် ယန်ယွန်ထျန်း တို့လည်း စကားမပြောဖြစ်ကြသေးဘဲ တစ်ယောက်နှင့်တစ်ယောက် ကြည့်နေမိကြသည်။

ခဏကြာမှ ယန်ယွန်ထျန်း က စကားစပြောလိုက်သည် “အဖေ၊ သူ အောင်မြင်နိုင်မယ်လို့ ထင်လား”

ယန်ဘိုးဘေးကြီးက ရှည်လျားစွာသက်ပြင်းချရင်း ပြန်ပြောပါသည် “မသိဘူး။ ဒါပေမဲ့ အခုလောလောဆယ် ငါတို့ ယန်မိသားစု အနေနဲ့ ကံကြမ္မာကို လက်ခံရမှာပဲ”

.....

ဤအချိန်တွင် လုံချန်က စတုတ္ထမြောက် အလောင်းကို လွှင့်ပစ်လိုက်ပြီးနောက် သွေးနတ်ဆိုးနန်းတော်သို့ သွားရာလမ်းကြောင်းကို မျှော်ကြည့်လိုက်ပါသည်။

“သာမန်ဂိုဏ်းသား လေးယောက်ဆီက အတည်ပြုချက်တော့ ရပြီ။ အနီရောင်ဝတ်လူ ပြောတာ ပြဿနာ မရှိသင့်ဘူးထင်တယ်။ ဒါပေမဲ့ လင်းချင် ဘယ်မှာ ချုပ်နှောင်ခံထားရလဲဆိုတာ မသိသေးဘူး။ ကြည့်ရတာတော့ သွေးနတ်ဆိုးနန်းတော်ထဲ ကို မဖြစ်မနေ ဝင်ရတော့မှာပဲ ” တိုးညှင်းစွာ ရေရွတ်ရင်း သူ့လက်ထဲမှ သွေးတံဆိပ်ပြားကို ငုံ့ကြည့်ကာ အနည်းငယ်ပြုံးလိုက်ပါသည်။

“ကိုယ့်ကိုယ်ကို ကယ်တင်ဖို့အတွက်နဲ့ ဒီကောင်က အထောက်အထားပါ ပြင်ဆင်ပေးခဲ့သေးတယ်။ အရမ်း ဉာဏ်ကောင်းတဲ့ ရွေးချယ်မှုပဲ။ ပထမတစ်ခုက ငါ သူ့ကို လွှတ်ပေးဖို့ ရည်ရွယ်ချက်နဲ့ပေးခဲ့တာ။ နောက်ထပ်တစ်ခုက ငါ သူ့ကို လွှတ်မပေးရင်တောင် သွေးဝိညာဉ်ဂိုဏ်းထဲကို ဝင်တာနဲ့ ငါ သေမယ်လို့ ယုံကြည်နေတာပဲ...”

လုံချန်က သူ့လက်ထဲရှိ တံဆိပ်ပြားပိုင်ရှင် ဟွမ်တျန်းအကြောင်းကို သူသတ်ပစ်ခဲ့သော ဂိုဏ်းသား လေးယောက်ကို မေးခဲ့သည်။ ၎င်းတို့ပြောစကားအရဆိုလျှင် အနှီဟွမ်တျန်းက ဂိုဏ်းထဲမှာ ရင်းနှီးသူ နည်းပါးကြောင်း သိလိုက်ရသည်။ တစ်နည်းအားဖြင့်တော့ ဟွမ်တျန်း၏အသိမိတ်ဆွေများနှင့် တွေ့ဆုံခြင်းမရှိပါက သွေးဝိညာဉ်ဂိုဏ်းထဲ အောင်မြင်စွာ ခိုးဝင်နိုင်ပေမည်။

“လင်းရှီ! မင်းရဲ့ အာရုံခံနိုင်စွမ်းက အရမ်းအားကောင်းတယ်။ သွေးနတ်ဆိုးနန်းတော်ထဲကို ရောက်တာနဲ့ သူ့ကို ရှာပေးပါ...”

“ငါသိပါတယ်။ လင်းချင်က ငါ့ ညီမပဲ။ သူမ တစ်ခုခု ဖြစ်သွားရင် နင့်ကို ခွင့်လွှတ်မှာ မဟုတ်ဘူး” ယန်လင်းချင် ပြဿနာ ဖြစ်နေမှန်း သိလိုက်ချိန်တွင် လင်းရှီလည်း အလွန် စိုးရိမ်နေခဲ့၏။ သွေးနတ်ဆိုးနန်းတော်နှင့် နီးကပ်လာလေလေ လင်းရှီက ဒေါသထွက်လာလေဖြစ်သည်။

“ကောင်းတယ်။ ဒါပေမဲ့ မင်း ငါ့ကို တစ်ခု ကတိပေးရမယ်..”

“ဘာလဲ..”

“မိုးကြိုးမီးလျှံကျောက်တုံးတွေ ခိုးယူတုန်းက မင်းရဲ့ဝိညာဉ်စွမ်းအင်တွေ အများကြီး ထုတ်သုံးခဲ့တယ်မဟုတ်လား။ အခု စွမ်းအင် သိပ်မကျန်လောက်တော့ဘူး။ ဒါကြောင့် ဒီတစ်ခါ ဘာမှ မလုပ်ပါနဲ့”

လုံချန်၏စကားက အေးစက်နေသော်လည်း နွေးထွေးမှုနှင့် ဂရုစိုက်မှု အပြည့်ပါ။ လင်းရှီက နာခံစွာ ခေါင်းညိတ်ပါသည်။

“ဒါဆို သွားကြတာပေါ့။ သွေးဝိညာဉ်ဂိုဏ်း၊ ငါလုံချန် လာပြီ…”

လုံချန်က သွေးဝိညာဉ်ဂိုဏ်း ဆီ ရှေ့ဆက်လျှောက်ပါတယ်။

Translator#အနှောင်အဖွဲ့ကင်းမဲ့သူ

.(သွေးနဂါးလုံချန်)

ဘာသာပြန်သူ -

အနှောင်အဖွဲ့ကင်းမဲ့သူ

(စာစဉ် - ၁၁)

အပိုင်း ၁၂၂

မကြာမီတွင် လုံချန်သည် ပတ်ဝန်းကျင်တစ်ခုလုံး သွေးညှီနှံ့များ ပျံ့လွင့်လျှက် နတ်ဆိုးဆန်ဆန်အငွေ့အသက်များ ထုတ်လွှတ်နေသော ဧရာမအဆောက်အဦးကြီးရှေ့သို့ ရောက်လာခဲ့၏။ သူ့ရှေ့တွင် တည်ရှိနေသော အဆောက်အဦးသည် အစိမ်းရောင်နေမင်းဌာနခွဲ ထက်ပင် နှစ်ဆကျော်လောက် ပို၍ကြီးမားနေခဲ့သည်။ ၎င်းက သွေးနတ်ဆိုးနန်းတော် ပင်ဖြစ်သည်။ သို့သော်လည်း အလွန်တရာခမ်းနားကြီးကျယ်လှသည်။

ကြီးမားကျယ်ပြန့်လှသော နန်းတော်ကြီးအတွင်းပိုင်းနယ်မြေ၌ များစွာသောအဆောက်အဦးများနှင့် သစ်ပင်ပန်းပင်များ နေရာအနှံ့ တည်ရှိနေပေသည်။လက်တွေ့ မြင်နေလို့သာမဟုတ်ပါက အင်အားကြီးမျိုးနွယ်စုများ သို့မဟုတ် အဆင့်မြင့်ပညာရှင်များ နေထိုင်သည့် အိမ်တော်များဟု ထင်သွားနိုင်သည်။

လုံချန် သည် သွေးနတ်ဆိုးနန်းတော်၏ဝင်ပေါက်အနားတွင် အချိန်အတော်ကြာ ရပ်နေပြီး မဝင်ခင်မှာ အတွင်းပိုင်းအခြေအနေကို အရင်ဦးဆုံးလေ့လာကြည့်ရှုနေခဲ့သည်။

အချိန်အနည်းငယ်ကြာပြီးနောက် လင်းရှီ၏ ထက်မြက်သော အာရုံခံနိုင်စွမ်းဖြင့် လုံချန်သည် သွေးဝိညာဉ်နတ်ဆိုးနန်းတော် ထဲသို့ ဝင်ရောက်နိုင်မည့် နည်းလမ်းကို ရှာတွေ့သွားခဲ့သည်။

နည်းလမ်းမှာ အလွန်ရိုးရှင်းလှသည်။ ၎င်းက သွေးတံဆိပ်ပြား ကို ပြသပြီး မိမိတာဝန်ထမ်းဆောင်နေသည့် အကြီးအကဲ၏အမည်ကို ပြောပြရုံသာ ဖြစ်သည်။

“ဟွမ်ထျန်း၊ အကြီးအကဲ ကျိုးထိုင် လက်အောက်က...”

နန်းတော်ဂိတ်တံခါးကို စောင့်ကြပ်နေသော အစောင့်လေးဦးက နဂါးသွေးကြောနယ်ပယ်အဆင့် ၉ အထွတ်အထိပ်အဆင့်များ ဖြစ်ကြသည်။

လုံချန်သည် သူတို့ထက် အဆပေါင်းများစွာ ပိုအားကောင်းသော်လည်း သတိတစ်ချက်မလွတ်ရဲပေ။ သူက အစောင့်တစ်ယောက်ထံမှ သွေးတံဆိပ်ပြားကို ပြန်တောင်းယူပြီး အနည်းငယ်ခေါင်းညိတ်ပြကာ သွေးဝိညာဉ်နတ်ဆိုးနန်းတော် ထဲသို့ ဝင်ရောက်လာခဲ့သည်။

“ဂိတ်တံခါးရဲ့ အစောင့်တွေက အလှည့်ကျ တာဝန်ထမ်းဆောင်ကြတာ ဖြစ်နိုင်တယ်။ ဒါ့ကြောင့် ဟွမ်ထျန်း ကို မသိကြတာ ဖြစ်မယ်။ ဒါပေမဲ့ သူ့ကို သိတဲ့သူ တစ်ယောက်ယောက် ရှိလာနိုင်လို့ ငါ သတိထားရမှာပဲ” ဤအချက်ကို စဉ်းစားပြီးနောက် လုံချန်သည် ကြီးမားကျယ်ပြန့်လှသော သွေးဝိညာဉ်ဂိုဏ်းအတွင်းပိုင်းရှိ အခြေအနေအရပ်ရပ်ကို လေ့လာစုံစမ်းရန် စတင်လိုက်ပါတော့သည်။

ဤအတောအတွင်း သူသည် မိမိကိုယ်ကို သွေးဝိညာဉ်ဂိုဏ်း၏အဖွဲ့ဝင်တစ်ဦးအဖြစ် ပိပိရိရိဟန်ဆောင်နိုင်ရန် အကောင်းဆုံး ကြိုးစားခဲ့သည်။အကြောင်းမှာ သွေးဝိညာဉ်ဂိုဏ်းဝင်အားလုံးသည် မကြာမီ စတင်ကျင်းပတော့မည့် သွေးယဇ်ပူဇော်ပွဲအတွက် ပြင်ဆင်နေကြသောကြောင့်ပင်။

ထို့ကြောင့် ဂိုဏ်းသားများအားလုံးသည် အရေးကြီးသော အခိုက်အတန့်ကို မြင်တွေ့ခွင့်ရရန်အတွက် သွေးဝိညာဉ်နတ်ဆိုးနန်းတော် သို့ ပြန်ရောက်လာကြသည်။ ဤအချိန်တွင် သွေးဝိညာဉ်ဂိုဏ်း တစ်ဖြစ်လည်း နန်းတော်အတွင်းပိုင်းသည် အလွန်စည်ကားနေခဲ့သည်။

သို့သော် သွေးဝိညာဉ်ဂိုဏ်း၏အဖွဲ့ဝင်များသည် များသောအားဖြင့် ရက်စက်ကြမ်းတမ်းပြီး အသိမိတ်ဆွေဟူ၍ မရှိကြပေ၊ သီးခြားနေထိုင်လေ့ရှိကြသူများသာ ဖြစ်ကြသည်။

ထို့ကြောင့် နန်းတော်အတွင်းပိုင်းက စည်ကားနေသော်လည်း လူအများသည် တစ်ယောက်နှင့်တစ်ယောက် အုပ်စုစုဖွဲ့ သွားလာခြင်းများ မရှိကြပေ။ဤအခြေအနေက လုံချန်အတွက် လှုပ်ရှားရပိုပြီးလွယ်ကူစေခဲ့သည်။

လုံချန်သည် အေးဆေးတည်ငြိမ်စွာဖြင့် နန်းတော်အတွင်းပိုင်းအနှံ့ လှည့်လည်သွားလာရင်း မြေအောက်မြို့တော် နှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ရှာဖွေရန် ကြိုးစားခဲ့သည်။သို့သော် မည်သည့်အရာမျှ မတွေ့ရှိခဲ့ပေ။

“ဒီလိုဆိုရင် ငါ ပိုပြီး ရဲရဲတင်းတင်းလုပ်ဆောင်ရတော့မယ် ထင်တယ်…”

သွေးဝိညာဉ်နတ်ဆိုးနန်းတော် သည် အလွန်ကြီးမားလှသော်လည်း လုံချန်သည် အချိန်တိုအတွင်း နေရာအတော်များများကို လှည့်ပတ်စစ်ဆေးပြီးသွားခဲ့ပြီဖြစ်သည်။

နောက်ဆုံးတွင် သူသည် နတ်ဆိုးနန်းတော်၏ မဟာခန်းမကြီးထဲ၌ ရပ်တန့်သွားခဲ့သည်။ ဤအချိန်တွင် သန်မာထွားကျိုင်းသော သက်လတ်ပိုင်းအမျိုးသားတစ်ယောက်က သူ့ဘေးနားသို့ လျှောက်လာပြီး သံသယဖြင့် ကြည့်နေလေသည်။

“ကောင်လေး… မင်းကို တစ်ခါမှမမြင်ဖူးဘူး။ ဂိုဏ်းထဲကို အခုမှ အသစ်ဝင်လာတာလား”

လုံချန်သည် ဤကဲ့သို့အခြေအနေမျိုးကို ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သည်။ ကံကောင်းစွာပဲ ဟွမ်ထျန်း သည် မကြာသေးခင်ကမှ ဂိုဏ်းထဲကို အသစ်ဝင်လာသူဖြစ်နေသည်။ လုံချန်သည် မတွန့်ဆုတ်ဘဲ ပြန်ဖြေလိုက်သည်။

“မှန်ပါတယ်၊ ငါ ဂိုဏ်းထဲကို ဝင်တာ တစ်လတောင် မပြည့်သေးပါဘူး”

သက်လတ်ပိုင်းအမျိုးသားက ရယ်မောလိုက်သည်... “ဒါဆို မင်း သွေးကန်ထဲမှာ လေ့ကျင့်မှုမလုပ်ရသေးဘူးပေါ့။ သွေးကန်ထဲမှာ ကျင့်ကြံတဲ့ အတွေ့အကြုံက တကယ်ကို မမေ့နိုင်တဲ့ အမှတ်တရပါပဲ။ ဒါပေမဲ့ ကောင်လေးရေ… မင်းကတော့ တော်တော်ကံကောင်းတယ်။ ဂိုဏ်းထဲဝင်ခါစမှာတင် သွေးကန်ထဲမှာ လေ့ကျင့်ရတော့မယ်လေ...”

ထိုစကားများ ပြောဆိုပြီးနောက် သူသည် လုံချန်၏ နောက်ကျောကို ပြင်းပြင်းထန်ထန် တစ်ချက်နှစ်ချက် ရိုက်ပုတ်လိုက်သည်။

လုံချန်၏ မျက်နှာပေါ်တွင် နာကျင်သလို ပုံရိပ်ပေါ်လာသဖြင့် သက်လတ်ပိုင်းအမျိုးသားသည် ကျယ်လောင်စွာ ရယ်မောပြီး ထွက်ခွာသွားခဲ့သည်။

သို့သော် သူ ထွက်သွားပြီးနောက် ခဏလေးအတွင်းမှာပင် လုံချန်၏မျက်နှာပေါ်မှ နာကျင်နေသည့် မျက်နှာအမူအရာသည် ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။

“ဒီလိုမျိုး လှည့်ပတ်သွားနေပြီး ရှာနေတာက အကျိုးမရှိဘူး။ ညဘက်ဆို လူအသွားအလာနည်းသွားလိမ့်မယ်။ အဲဒီအချိန်မှ စုံစမ်းရင် ပိုကောင်းမယ် ထင်တယ်။ မဟုတ်ရင် ဒီလိုလှည့်ပတ်သွားနေတာက သူတို့ကို သံသယဝင်စေနိုင်တယ်...”

သွေးဝိညာဉ်နတ်ဆိုးနန်းတော် အတွင်းပိုင်း၌ လူတိုင်းအတွက် ကိုယ်ပိုင် နေထိုင်ရာ အခန်းများ ရှိကြသည်။

သို့သော် လုံချန်သည် ဟွမ်ထျန်း နေထိုင်သည့် အခန်းသို့ မသွားရဲပေ။

ဤအခိုက်အတန့်တွင် မိုးကောင်းကင်သည် တဖြည်းဖြည်း မှောင်လာခဲ့သည်။ လုံချန်သည် လူမမြင်နိုင်သည့် ထောင့်ကွယ်ရာတစ်ခုကို ရှာပြီး ခဏတာ ပုန်းအောင်းနေလိုက်သည်။

ညအချိန် ရောက်လာသောအခါ နန်းတော်အတွင်း ပိုင်း၌ သွားလာနေသော လူအရေအတွက်က နံနက်ပိုင်းထက် များစွာ လျော့နည်းသွားခဲ့သည်။

“ဂိုဏ်းခေါင်းဆောင်က ဒီနန်းတော်ရဲ့ တစ်နေရာမှာရှိတဲ့ သွေးဝိညာဉ်ခန်းမ ထဲမှာ နေထိုင်တယ်ဆိုတာ သိရပြီ။ မြေအောက်မြို့တော်အကြောင်း သိချင်ရင် ငါ့အနေနဲ့ သွေးခန်းမ ထဲကို ဝင်ရမယ် ထင်တယ်။ ပြီးတော့ ငါထင်တာ မမှားဘူးဆိုရင် မြေအောက်မြို့တော်ဝင်ပေါက်က သွေးခန်းမထဲမှာ ရှိနေလိမ့်မယ်...”

ဆုံးဖြတ်ချက် ချပြီးနောက် လုံချန်သည် သွေးခန်းမ သို့ ဦးတည်သွားခဲ့သည်။

သွေးခန်းမ သည် သွေးဝိညာဉ်နတ်ဆိုးနန်းတော် ၏ အလယ်ဗဟိုတွင် တည်ရှိကာ ဤအချိန်တွင် ခြံဝင်းတစ်ခုလုံးကို ပိတ်ဆို့ထားခဲ့သည်။

သာမန်အားဖြင့် သွေးဝိညာဉ်ဂိုဏ်း၏ အဓိက အာဏာပိုင်များသာ ဝင်ရောက်ခွင့် ရှိကြသည်။ထို့ကြောင့် လုံချန်သည် သွေးခန်းမသို့ နီးကပ်လာလေလေ လူသွားလူလာ ပိုနည်းလာသည်ကို သတိပြုမိလာခဲ့သည်။ မကြာမီ လုံချန်သည် အနီရောင်တက်လက်တောက်ပနေသော အဆောက်အဦးတစ်ခုကို တွေ့မြင်လိုက်ရသည်။ အဝေးကနေပင် ပြင်းရှသော သွေးညှီနံ့များထွက်ပေါ်နေသည်။

“ဂိုဏ်းခေါင်းဆောင်က ကောင်းကင်ယွမ်အဆင့် ပညာရှင်ပဲ။ ငါ အလောတကြီး ဝင်တိုက်လိုက်ရင် ထွက်ပြေးဖို့ခက်သွားမယ့်အပြင် ယန်လင်းချင် ကိုတောင် အန္တရာယ်ဖြစ်စေနိုင်တယ်။ ငါ သေချာတဲ့ အစီအစဉ်တစ်ခု ချဖို့လိုအပ်တယ်…”

လုံချန်သည် မျက်ခုံးတွန့်ကွေးအောင် စဉ်းစားရင်း သူ ပုန်းအောင်းနေသည့် နေရာကနေ ခပ်လှမ်းလှမ်းရှိ သွေးနီရောင်အဆောက်အဦးကြီးကို အကဲခတ် ကြည့်ရှုနေခဲ့သည်။

ဤအချိန်တွင် လင်းရှီ သည် စိုးရိမ်သံဖြင့် သတိပေးလာသည်... “ခန်းမထဲမှာ တကယ်ပဲ ကောင်းကင်ယွမ်အဆင့် ပညာရှင်တစ်ယောက် ရှိနေတယ်။ ဒါ့အပြင် မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ပညာရှင် ငါးယောက်လည်း ရှိနေသေးတယ်…”

ဤအခြေအနေသည် သိသာစွာပင် အလွန် ခက်ခဲလှသည်။ ကောင်းကင်ယွမ်အဆင့် ပညာရှင်တစ်ယောက်နှင့် မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ပညာရှင် ငါးယောက် ပါ။ လက်ရှိ လုံချန်ကတော့ မြေကမ္ဘာယွမ်အထွတ်အထိပ်အဆင့် သာ ရောက်ရှိထား၏။ ထို့အပြင် သွေးဝိညာဉ်ဂိုဏ်းကို တိုက်ခိုက်ရုံသက်သက်မဟုတ်ဘဲ ယန်လင်းချင် ကို ကယ်တင်ရမည့် မစ်ရှင်လည်း ရှိနေပြန်သည်။

“တောက်…။ အဲဒီသူတောင်းစားတွေ ငါ့ကို လာထိရင်တော့ သူတို့ကို လွှတ်မပေးနိုင်ဘူး” လုံချန်၏ မျက်နှာသည် အေးစက်ခက်ထန်သွားပြီး အံတင်းတင်းကြိတ်ကာ ပြောလိုက်သည်။

ဤအချိန်တွင် လင်းရှီ သည် တိုးတိုးလေး ပြောလာသည်။

“လူတွေ လာနေတယ်…”

လုံချန်သည် ချက်ချင်းပင် သူ့အရှိန်အဝါက လုံးဝဖုံးကွယ်ထားလိုက်သည်။

မကြာမီမှာပင် အရိပ်သုံးခုသည် သွေးခန်းမအနီးသို့ တိတ်တဆိတ် ချဉ်းကပ်လာကြသည်။

ညအမှောင်တွင်ဖြစ်နေသော်လည်း သူတို့၏ခန္ဓာကိုယ်အနေအထားအရ အမျိုးသမီးတစ်ယောက်နှင့် အမျိုးသားနှစ်ယောက် ဖြစ်ပုံရသည်။

လင်းရှီက ထပ်ပြောလိုက်သည်။

“လုံချန်…၊ သူတို့လည်း ခိုးဝင်လာကြတာ ဖြစ်နိုင်တယ်…”

လင်းရှီ မပြောခင်ကတည်းက လုံချန်သည်လည်း ဤအချက်ကို သတိထားမိပြီးသား ဖြစ်သည်။

သွေးဝိညာဉ်ဂိုဏ်း သည် ရာချီသော အပျိုစင်မိန်းကလေးငယ်များစွာကို ဖမ်းဆီးခဲ့သဖြင့် အပြင်လောကတွင် ၎င်းတို့ကို မုန်းတီးနေသူများ မရေမတွက်နိုင်အောင်ပင် ရှိနေကြသည်။

လူသုံးယောက်အနက် အမျိုးသားနှစ်ယောက်က အစောပိုင်းမြေကမ္ဘာယွမ်အဆင့် ကျင့်ကြံသူများဖြစ်သည်၊ အမျိုးသမီးငယ်တစ်ယောက်သာလျှင် မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူ ဖြစ်ခဲ့သည်။

လူသုံးယောက်က လုံချန်နှင့် မဝေးသော နေရာတွင် ရပ်ပြီး သွေးခန်းမ ကို တိတ်တဆိတ် ကြည့်နေကြသည်။

ခဏကြာပြီးနောက် အမျိုးသမီးက ပြောလိုက်သည်

“မြေအောက်မြို့တော်ရဲ့ ဝင်ပေါက်က သွေးခန်းမ ထဲမှာပဲ ရှိတယ်။ ဒါပေမဲ့ သောက်ရူး နတ်ဆိုးကောင် ....သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင် ကလည်း အထဲမှာ ရှိနေတယ်။ ငါ သူ့ကို မယှဉ်နိုင်ဘူး။ နင်တို့ ဘာလုပ်ဖို့ စဉ်းစားထားလဲ..”

အမျိုးသားတစ်ယောက်က ပြန်ပြောလိုက်သည်..

“ဒီလိုလုပ်ရအောင်…။ ငါတို့ ညီအစ်ကိုနှစ်ယောက် အထဲဝင်ပြီး ဂိုဏ်းခေါင်းဆောင်ကို အာရုံလွှဲထားလိုက်မယ်။ အစ်မလီ က မြေအောက်မြို့တော်ထဲကို ဝင်ပြီး မင်းရဲ့ညီမကို ကယ်ထုတ်လိုက်…”

အစ်မလီ ဆိုသူက ခေါင်းခါလိုက်သည်..

“မဟုတ်ဘူး…။ အဲဒီလိုဆို နင်တို့ သေသွားမှာပဲ။ ဒါ့အပြင် အထဲမှာ ဂိုဏ်းစောင့်အကြီးအကဲ ငါးယောက်လည်း ရှိသေးတယ်။ စုစုပေါင်း အစွမ်းထက်ပညာရှင် (၆) ယောက်တောင်မှပဲ။ နင်တို့ ဘယ်လောက်အထိ အချိန်ဆွဲထားနိုင်မှာလဲ...”

အစ်မလီ က ထိုစကားပြောပြီးနောက် သူတို့ သုံးယောက်လုံး မျက်ခုံးကြောများ တွန့်ကွေးသွားကြသည်။

“အစ်မလီ! ငါတို့ ထပ်ပြီးမစဉ်းစားတော့ဘူး။ သွေးဝိညာဉ်ဂိုဏ်း က လူတွေကို ဘယ်လောက်ထိ ထိခိုက်စေခဲ့လဲ ငါတို့ မြင်ပြီးပြီ။ သူတို့က မင်းရဲ့ညီမကိုပါ ထိခိုက်လာပြီ။ ငါ့အသက်ပေးရရင်တောင် သူတို့ကို နောင်တရအောင် လုပ်ပစ်မယ်”

“တိတ်စမ်း...။ ငါတို့အင်အားက မလုံလောက်သေးဘူး။ တိကျသေချာတဲ့ အစီအစဉ်တစ်ခု ချဖို့လိုတယ်။ အလစ်ဝင်တိုက်ဖို့ မကြိုးစားနဲ့။ အဲဒါက ငါတို့အားလုံး အလဟာသအသေခံရသလိုပဲဖြစ်သွားလိမ့်မယ်”

အပြစ်တင်ခံရပြီးနောက် အမျိုးသားနှစ်ယောက်လည်း တိတ်ဆိတ်သွားကြသည်။

ဤအချိန်တွင် လုံချန်က ရုတ်တရက်စဉ်းစားမိလိုက်သည်။

“ဒီလူသုံးယောက်က နည်းနည်းတော့အားကောင်းတယ်။ သူတို့နဲ့ ဆက်သွယ်နိုင်ရင် အကူအညီတစ်ခုတော့ ရနိုင်မယ်ထင်တယ်…”

လူသုံးယောက်စလုံး အတွေးကိုယ်စီဖြင့် ငြိမ်သက်နေကြစဉ် လုံချန်သည် ပုန်းအောင်းနေရာမှ ထွက်ပေါ်လာခဲ့သည်။

သူထွက်လာလာချင်း အထင်မလွဲအောင် အခြေအနေကို ချက်ချင်းရှင်းပြလိုက်ပါသည်...

“ရောင်းရင်းတို့... ငါက သွေးဝိညာဉ်ဂိုဏ်း က မဟုတ်ပါဘူး။ မင်းတို့နဲ့ ရည်ရွယ်ချက်အတူတူပဲ။ ငါ့အချိန်နည်းနည်း ပေးပြီး စကားပြောလို့ ရမလား”

အစပိုင်းတွင် သုံးယောက်စလုံးက လုံချန် ရုတ်တရက် ထွက်ပေါ်လာသဖြင့် ထိတ်လန့်သွားကြပြီး တိုက်ခိုက်ရန်ပင်ပြင်ဆင်လိုက်ကြသည်။ သို့သော် လုံချန်က ကိုယ်တိုင် မိတ်ဆက်ပြီးနောက် သူတို့လည်း သက်ပြင်းချကာ စိတ်သက်သာရာရသွားကြသည်။ ထို့နောက် သုံးယောက်သား လုံချန်ကို အပေါ်မှအောက် စုံဆန်ကြည့်ပြီး လူငယ်လေးသာ ဖြစ်နေသောကြောင့် အနည်းငယ် စကားမပြောနိုင်အောင် ဖြစ်သွားကြသည်။

“ဒီကောင်လေးက အသက်ငယ်ပေမဲ့ သတ္တိတော့ တကယ်ရှိသား။ တစ်ယောက်တည်းနဲ့ သွေးဝိညာဉ်ဂိုဏ်း ထဲကို ဝင်လာရဲတာပဲ။ အခု ဒီမှာ ရပ်နေလို့လည်း အကြံထွက်မလာဘူး။ တစ်နေရာရာကို သွားပြီး သေချာ ဆွေးနွေးကြတာ ပိုကောင်းမယ်ထင်တယ်” ဤအတိုင်း စဉ်းစားပြီးနောက် အစ်မလီ ဟုခေါ်သော အမျိုးသမီးက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဒါဆို စကားပြောကြရအောင်...”

လုံချန်သည် သူတို့နောက်ကို လိုက်လာခဲ့သည်။ အချိန်အနည်းငယ်ကြာအောင် သွားလာခဲ့ပြီးနောက် နောက်ဆုံးတွင် အခန်းသေးသေးလေး တစ်ခန်းသို့ ရောက်ရှိလာခဲ့ကြသည်။

ဤလူသုံးယောက်သည် နန်းတော်ထဲ၌ ကိုယ်ပိုင်အခန်းများပင် ရရှိထားကြပုံပါ။ ထို့အပြင် သံသယတစ်စုံတစ်ရာ မရှိဘဲ နေထိုင်နိုင်ကြသည့်အတွက် လုံချန်သည် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

အစ်မလီ က လုံချန်၏ အံ့အားသင့်မှုကို မြင်ပြီး ပြောလိုက်သည်...

“အံ့အားမသင့်ပါနဲ့။ ငါတို့ သုံးယောက်က ဒီဂိုဏ်းကို ဖျက်ဆီးဖို့ စိတ်ကူးထားတာ နှစ်အနည်းငယ်လောက် ရှိနေပြီ။ ခြင်္သေ့ဂူထဲကို မဝင်ဘဲနဲ့ ခြင်္သေ့ကို ဘယ်လို သတ်နိုင်မလဲ။ လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက ငါတို့သုံးယောက်စလုံး သွေးဝိညာဉ်ဂိုဏ်း ထဲကို ဝင်ခဲ့တာလေ”

“ဒါဆို ဒီလိုဖြစ်ခဲ့တာကိုး...”

ထို့ကြောင့်သာ သူတို့ သုံးယောက်စလုံး နန်းတော်အတွင်းပိုင်း အခြေအနေကို အလွန် ရင်းနှီးနေကြတာ ဖြစ်သည်။

ဤအချိန်တွင် လေးယောက်လုံး စတုရန်းပုံသဏ္ဍာန်စားပွဲတစ်လုံးတွင် ကိုယ်စီ ဝင်ထိုင်လိုက်ကြသည်။

လုံချန်သည် ရှေ့တည့်တည့်၌ ထိုင်နေသော ရဲရင့်ချောမောသည့် အမျိုးသမီးနှင့် မျက်နှာပုံစံ ခပ်ဆင်ဆင်တူသော သက်လတ်ပိုင်းအမျိုးသားနှစ်ယောက်ကို ကြည့်ကာ ကိုယ့်ကိုယ်ကို မိတ်ဆက်လိုက်သည်။

“ငါ့နာမည်က လုံချန် ပါ။ မင်းတို့ကို ဘယ်လို ခေါ်ရမလဲ...”

အမျိုးသမီးက တိုက်ရိုက် ပြောလိုက်သည်..

“ငါက လီကျင်း။ ဒီနှစ်ယောက်က လီဖန် နဲ့ လီချန်။ နင် ဘယ်လိုကြောင့် သွေးဝိညာဉ်ဂိုဏ်း ထဲကို ခိုးဝင်လာတာလဲ...”

လုံချန်က အသံခပ်တိုးတိုးလေး ပြန်ဖြေလိုက်သည်...

“မင်းတို့နဲ့ အကြောင်းအရင်း တူတူပါပဲ။ ငါ့ညီမကို သွေးဝိညာဉ်ဂိုဏ်းက ဖမ်းသွားတယ်။ ဒါ့ကြောင့် ငါ့ရည်ရွယ်ချက်ကလည်း သူမကို ကယ်တင်ဖို့ပဲ...”

သုံးယောက်လုံး အချင်းချင်း မျက်လုံးချင်း ဆုံကြည့်လိုက်ကြသည်။

ထို့နောက် လီကျင်းက ပြောခဲ့သည်

“ငါ့ညီမလည်း သူတို့ရဲ့ မကောင်းတဲ့ အကြံအစည်ထဲမှာ ပါသွားတယ်။ မောင်ငယ်လေး… နင်က အသက်ငယ်ပေမဲ့ ဒီလို သတ္တိရှိတာကို ငါ တကယ် လေးစားတယ်။ ဒါပေမဲ့ ဒီနေရာက အရမ်းအန္တရာယ်များတယ်။ ငါတို့ အခု သွားနေတဲ့လမ်းက ရေခဲပြင်ပေါ်မှာ လမ်းလျှောက်ရသလိုပဲ…”

လုံချန်က သူမ၏ သတိပေးသံကို မစဉ်းစားဘဲ တိုက်ရိုက် မေးလိုက်သည်...

“မင်းတို့မှာ မြေအောက်မြို့တော် နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တစ်ခုခု ရှိသလား...”

အမျိုးသမီးလီကျင်းက အနည်းငယ် အံ့အားသင့်သွားပြီးနောက် ပြန်ဖြေလိုက်သည်..

“မြေအောက်မြို့တော် ထဲကို ဝင်နိုင်တဲ့ လမ်းကြောင်းက အားလုံးပေါင်း (၁၀)ခု ရှိတယ်။ အားလုံးက သွေးဝိညာဉ်ခန်းမထဲမှာ ချိတ်ဆက်ထားတာပဲ။ ဒါပေမဲ့ ဝင်ဖို့ ခက်သလို ပြန်ထွက်ဖို့က ပိုပြီးခက်သေးတယ်။ ဘာလို့လဲဆိုတော့ ဂိုဏ်းခေါင်းဆောင်နဲ့ ဂိုဏ်းစောင့်အကြီးအကဲတွေ အားလုံးက သွေးဝိညာဉ်ခန်းမ ထဲမှာချည်း ရှိနေကြလို့ပဲ။ အဆုံးသတ်ပြောရရင် ငါတို့တွေ မြေအောက်မြို့တော်ထဲကို ဝင်နိုင်ရင်တောင် ပြန်ထွက်ဖို့ ခက်လိမ့်မယ်”

“ဒီလိုလား…”

လုံချန်သည် မျက်ခုံးကြောများတွန့်ကွေးသည်အထိဖြစ်သွားရသည်။

လီဖန် နှင့် လီချန် သည် လုံချန်၏ ငယ်ရွယ်သော မျက်နှာကို ကြည့်ကာ သက်ပြင်းချလိုက်ကြသည်။

“မင်းက အသက်ငယ်ပေမဲ့ မိသားစုကို ဒီလောက် တန်ဖိုးထားတာပဲ။ ဒါပေမဲ့ သွေးဝိညာဉ်ဂိုဏ်း ရဲ့ အင်အားက မင်းထင်ထားတာထက် အများကြီး ပိုကြီးမားတယ်…”

“ဟုတ်တယ်။ ငါတို့ အမြင်အရ မင်း အခု ပြန်သွားတာ ပိုကောင်းလိမ့်မယ်။ ပြီးတော့ ခွန်အားတွေ သန်မာလာတဲ့နေ့ကျမှ ပြန်လာပြီး တိုက်ခိုက်တာ ပိုကောင်းတယ်။ အခုအချိန်မှာ ကိုယ့်အသက်ကို အလဟာသ မပျက်စီးစေသင့်ဘူး။ ငါတို့ ညီအစ်ကို နှစ်ယောက်နဲ့ အစ်မလီ ကတော့ အစကတည်းက သေဖို့တောင် ပြင်ဆင်ပြီးသားဆိုတော့....၊ အစ်မလီရဲ့ ညီမကို မကယ်နိုင်ရင်တောင် ဒီနတ်ဆိုးတွေကို တန်ကြေးတစ်ခု ပြန်တောင်းရမှာပဲ...”

သူတို့အမြင်အရ လုံချန်သည် အသက်ငယ်ရွယ်သေးပြီး အနာဂတ်ကောင်းရှိနေသည်။ ထို့ကြောင့် ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် သူ့ကို ပြန်သွားရန် အကြံပေးကြသည်။

လုံချန်သည် သူတို့၏ စိတ်ရင်းကို နားလည်သော်လည်း သဘောမတူနိုင်ခဲ့ပေ။

သူ၏မျက်လုံးများ တင်းမာသွားပြီး ပြောလိုက်သည်...

“ငါ့ညီမက ငါ့အတွက် အရမ်း အရေးကြီးတယ်။ ဘာတွေပဲဖြစ်လာလာ ငါ သူမကို ကယ်တင်ရမယ်။ ငါ့အသက်ပေးရရင်တောင်....”

လုံချန်၏ မဆုတ်မနစ် သဘောထားကို မြင်ပြီး သုံးယောက်စလုံး အချင်းချင်း ကြည့်ကာ သက်ပြင်းချလိုက်ကြသည်။

သူတို့ စကားပြောတော့မည့် အချိန်မှာပင် အပြင်ဖက်မှ ရုတ်တရက် ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။

ထို့နောက် ကျယ်လောင်သောအော်သံတစ်ခုပါ ကြားလိုက်ရသည်

“သူလျှိုတွေ ရှိနေတယ်...”

All Chapters