← Chapters

အခန်း (၁၂၉-၁၃၀)

Vol. 11 Ch. 129-130

အခန်း (၁၂၉-၁၃၀)

Vol. 11 Ch. 129-130

အပိုင်း ၁၂၉

ထောင်ချီသော သွေးဝိညာဉ်ဂိုဏ်းသားများ အားလုံး သေဆုံးသွားခဲ့သည်။ ဂိုဏ်းသားတစ်ယောက်မှ အသက်ရှင်ကျန်မနေခဲ့ပေ။ သို့သော် လူတိုင်း ဘယ်သူမှ စိတ်မအေးနိုင်ကြသေးပါ။ အကြောင်းမှာ သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင် အသက်ရှင်နေဆဲ ဖြစ်လို့ပင်။ ၎င်းက သွေးဝိညာဉ်ဂိုဏ်း၏ ပင်မအမြစ်ဖြစ်သည်။ ဂိုဏ်းခေါင်းဆောင် သေဆုံးမှသာ သွေးဝိညာဉ်ဂိုဏ်း ပျက်စီးသွားပြီဟု ဆိုနိုင်ပေမည်။သို့သော် လက်ရှိ လူလေးယောက်ရှိနေသည့်တိုင်အောင် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်ကို သတ်ဖြတ်ရန်မှာ အလွန် ခက်ခဲနေပါသေးသည်။

ဤအချိန်တွင် အစ်မလီက ယန်လင်းချင်ကို လီညီအစ်ကိုနှစ်ယောက်၏ လက်ထဲ အပ်ထားပြီးနောက် လုံချန် ရှိရာသို့ ဦးတည်လာခဲ့သည်။ လုံချန်က သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်နှင့် ရင်ဆိုင်နေပြီး အလွန်ပြင်းထန်သော ဖိအားကို တစ်ယောက်တည်း ခုခံနေခဲ့လို့ပင်။

“လုံချန်၊ ငါ ကူညီမယ်...”

အစ်မလီ ဝင်ရောက်တိုက်ခိုက်ရန် ပြင်ဆင်နေသည်ကို မြင်လိုက်သည့်အခါ လုံချန်က ရုတ်တရက် အော်ပြောလိုက်သည်။

“အစ်မလီ၊ တခြားလူတွေကိုပဲ ဆက်ပြီးကယ်တင်ပါ။ဒီ မကောင်းဆိုးဝါးကောင်ကို ငါ တစ်ယောက်တည်း ကိုင်တွယ်လိုက်မယ်...”

“ဘာ...”

အစ်မလီ လည်း ခေါင်းတစ်ချက် မူးဝေသွားခဲ့ရသည်။ သို့သော် လုံချန်၏ ယုံကြည်မှုအပြည့်အကြည့်ကို မြင်လိုက်စဉ် ဘာစကားမှ ထပ်မပြောနိုင်တော့ပေ။

“ဒါပေမဲ့ သူက ကောင်းကင်ယွမ်အဆင့် ပညာရှင်လေ။ နင် သူ့ကို မယှဉ်နိုင်ဘူး...” အစ်မလီ က စိုးရိမ်စွာ သတိပေးနေသော်လည်း လုံချန်၏ ဆုံးဖြတ်ချက်ကို မပြောင်းလဲနိုင်ခဲ့ပေ။

လုံချန်က လက်ခါပြပြီး အစ်မလီကို ပြန်ဆုတ်ခိုင်းလိုက်သည်။

ဤအချိန်တွင် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်က အစ်မလီကို လှမ်းကြည့်လိုက်ပြီး အေးစက်စက်လေသံဖြင့်ပြောလိုက်၏ “မင်း ဘာကို ဒီလောက် အလျင်လိုနေရတာလဲ။ မင်းအလှည့် ရောက်လာရင် ငါ ကိုယ်တိုင် သတ်ပေးမှာပါ...”

ထိုစကားပြောပြီးနောက် သူ၏သွေးဆာနေသော အကြည့်စူးစူးများက လုံချန်အပေါ် ကျရောက်လာခဲ့သည်။

“မင်း အသုံးပြုခဲ့တဲ့ နတ်ဆိုးနည်းစနစ်က ဘာလဲတော့ ငါ မသိဘူး။ ဒါပေမဲ့ ငါ နှစ်ပေါင်းများစွာ တည်ဆောက်ထားခဲ့တဲ့ သွေးဝိညာဉ်ဂိုဏ်းကို မင်း ဖျက်ဆီးပစ်လိုက်တယ်။ ဒါဆို ငါ မင်းရဲ့သွေးအဆီအနှစ်ကို ဝါးမျိုရတာပေါ့...”

ယခုအခါ လုံချန်က မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့်သို့ တက်လှမ်းခဲ့ပြီးနောက် အားအကောင်းဆုံး အခြေအနေတွင် ရှိနေပြီဟုဆိုနိုင်သည်။ ဆိုလိုသည်မှာ အစစ်အမှန် မြေကမ္ဘာယွမ်အဆင့် ပညာရှင် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ လက်ရှိသူ၏တိုက်ခိုက်ရေးခွန်အားက ယခင်ထက် ဆယ်ဆ ပိုသာလွန်နေသည်ဟုဆိုလျှင်ပင် မလွန်ပေ။

လုံချန်က ယုံကြည်မှု အပြည့်နှင့် ရှိနေခဲ့သည်။ စိတ်လှုပ်ရှားနေသော ယန်လင်းချင်ကို လှည့်ကြည့်လိုက်ပြီး ယုံကြည်မှု အပြည့်ရှိသော အကြည့်တစ်ချက် ပေးလိုက်သည်။ ထို့နောက် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်ကို ရင်ဆိုင်လိုက်သည်။

“စကားများနေတာ ရပ်လိုက်တော့။ အခုကစပြီး တကယ့် တိုက်ပွဲကို မြင်ရပါလိမ့်မယ်...”

“မင်း ကြည့်ရတာ ရက်စက်မှုဆိုတာ ဘာလဲ မသိလောက်သေးဘူး၊ ဒါ့ကြောင့် မင်းမှာ ကြောက်ရွံ့မှုလည်း မရှိဘူး…”

သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်၏ မျက်ဆန်များက ရက်စက်ကြမ်းကြုတ်သော သွေးနီရောင် အလင်းတန်းများ ထုတ်လွှတ်လာပြီး သူ့ကို ပိုပြီး နတ်ဆိုးဆန်စေခဲ့သည်။ ယခင်ကထက် အဆမတန်ဒေါသထွက်နေကြောင်း သိသာနေသည်။ စကားဆုံးသည် နှင့်တပြိုင်နက် သူ၏ အားအကောင်းဆုံး သတ်ဖြတ်ခြင်းနည်းစနစ်ကို ထုတ်ဖော်၍ လုံချန်ဆီသို့ တိုက်ရိုက်ပြေးဝင်လာခဲ့သည်။

“ငါ ပြောခဲ့ပါတယ်။ ဒီနေ့ မင်းတို့အထဲက ဘယ်သူမှ ဒီနေရာကနေ အသက်ရှင်လျှက်ထွက်မသွားနိုင်ဘူး...” သက်ဖြတ်လိုစိတ်များ ပြည့်နှက်နေသောအော်ဟစ်သံနှင့်အတူ သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်သည် သွေးမြှားတစ်ချောင်း ကဲ့သို့အသွင်ပြောင်းကာ လုံချန်ကို တရကြမ်းတိုက်ခိုက်လာခဲ့သည်။

“သေရမှာက တစ်ယောက်တည်းဆိုရင် မင်းကိုယ်တိုင်ပဲ ဖြစ်လိမ့်မယ်...”

လုံချန် သည် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်၏ကြောက်မက်ဖွယ်အင်အားကို ခံစားမိလိုက်သည့်အခါ သူ့အရှိန်ကို ချက်ချင်း အမြင့်ဆုံးထိ ထုတ်ဖော်လိုက်သည်။

“ပြီးပြည့်စုံသောအဆင့် ...နဝမကောင်းကင်နဂါးခြေလှမ်း၊ ... စတင်မယ်...”

“လာပြန်ပြီလား ဒီခြေလှမ်းနည်းစနစ်။ အဆင့်နိမ့်ဆန်းကြယ်အဆင့် နည်းစနစ်တစ်ခုပဲ။ ငါ့ရဲ့ ဆန်းကြယ်အလယ်အလတ်အဆင့် သွေးအရိပ်ခြေလှမ်းနဲ့ ဘယ်လို ယှဉ်နိုင်မှာလဲ...”

နှစ်ယောက်စလုံး ဆန်းကြယ်အဆင့်နည်းစနစ်များ ကိုယ်စီထုတ်သုံးခဲ့ကြသည်။ ကျန်ရှိနေသော လူများအတွက်တော့ မျက်စိရှုပ်စရာ မြင်ကွင်း ဖြစ်နေသည်။ နှစ်ယောက်စလုံး၏ ပုံရိပ်များက မမြင်ရသော်လည်း လေပြင်းတိုက်ခတ်နေသည့်အလား ထေုထဲတွင် တဝုန်းဝုန်းပေါက်ကွဲသံများ ထွက်ပေါ်နေသည်။

“ဟမ့်....၊ မင်းလို တောသားကောင်လေးက ဘယ်လိုလုပ်ပြီး ဒီလောက် မြန်နိုင်တာလဲ...”

သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်၏ အံ့အားသင့်နေသောစကားသံ ပဲ့တင်ထပ်လာပြီး နှစ်ယောက်စလုံး အပြင်းအထန် တိုက်ခိုက်လိုက်ကြသည်။ တစ်ချိန်တည်းမှာပင် ပြင်းထန်သော အားလှိုင်းကြောင့် ကိုယ်စီ နောက်ပြန်လွင့်ထွက်သွားခဲ့ကြသည်။

လုံချန်၏ လက်သီးချက်မှ ပြင်းထန်သော ချီစွမ်းအားက သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်ကို မျက်နှာပျက်သွားစေခဲ့သည်။

“မင်း... မင်း မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ကို ရောက်နေပြီလား။ ဒါပေမဲ့ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့်နဲ့ ကောင်းကင်ယွမ်အဆင့် ကြားမှာ ကွာခြားချက်က အရမ်းကြီးတယ်...”

ဤတိုက်ပွဲမှ တစ်ဆင့် လုံချန်သည် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်၏ အင်အားကို အကြမ်းဖျင်းမှန်းဆနိုင်ခဲ့သည်။

“ငါ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ပြီးတာနဲ့ အရာအားလုံးက တကယ်ကို ကွဲပြားသွားတာပဲ...”

သို့သော် လုံချန်က လူတိုင်း သူ့အား စိုးရိမ်စွာ စောင့်ကြည့်နေခဲ့ကြကြောင်း သိနေခဲ့သည်။ အကြောင်းမှာ သူသာ ရှုံးနိမ့်သွားခဲ့လျှင် ဤနေရာရှိ လူတိုင်း အသတ်ခံရမည်ဖြစ်သည်။ တစ်နည်းဆိုရလျှင် ဤတိုက်ပွဲသည် လူတိုင်း၏ သေခြင်း၊ရှင်ခြင်းကို အဆုံးဖြတ်ပေးပါလိမ့်မည်။

“မင်း အရှိန် မြန်လာတယ်ဆိုတော့ ဘာဖြစ်နိုင်မှာမို့လို့လဲ။ ကောင်လေး! မင်း သတ္တိရှိရင် ထွက်ပြေးမနေနဲ့...”

အမှန်တကယ်တော့ ဤအချိန်တွင် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်သည် လုံချန်၏အရှိန်ကို လုံးဝ လိုက်မမှီနိုင်တော့ပေ။ သူသည် သွေးအန်ထွက်ချင်လောက်အောင်ကို စိတ်ပျက်နေခဲ့ပြီဖြစ်သည်။ ယခုအခါ လုံချန်၏အရှိန်က ငါး တစ်ကောင်ကဲ့သို့ ချောထွက်နေပြီး ဖမ်းမိနိုင်ရန် အတော်လေး ခက်ခဲလွန်းသည်။ သူ၏တိုက်ခိုက်မှုအားလုံး လုံချန်ကို မထိဘဲ လေထုကိုသာ တမင်သက်သက်ရိုက်ချနေသလိုပင်ဖြစ်နေပါသည်။ ထို့ကြောင့် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်းသည် ထိန်းမနိုင်သိမ်းမရလောက်အောင်ဒေါသထွက်လာခဲ့ရသည်။

ဤဆယ်စုနှစ်ကျော်ကာလ အတွင်း သူ၏ အတည်ငြိမ်ဆုံးပုံစံက ယနေ့ လုံချန်ကြောင့် လုံးဝ ပျက်စီးသွားခဲ့ပြီဖြစ်သည်။

“ဒါဆို မင်း သေချင်နေတဲ့အတွက် ငါဖြည့်ဆည်းပေးလိုက်ပါ့မယ်...” ဤအချိန်တွင် လုံချန်က ရှောင်တိမ်းနေရင်းဖြင့် ရုတ်တရက် ရပ်တန့်ကာ ပြန်လှည့်လိုက်သည်။

လုံချန် မရှောင်တော့သည်ကို မြင်လိုက်သည့်အခါ သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်သည် လှောင်ပြုံးပြုံးလိုက်ပြီး သွေးနတ်ဆိုးစည်းတံဆိပ် ကို ထပ်မံ ထုတ်သုံးလိုက်သည်။ ယခုတစ်ကြိမ်တွင် ယခင်ထက် အဆပေါင်းများစွာ ပို၍အားကောင်းခဲ့သည်။ သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်၏ နှလုံးသားထဲမှ ဒေါသသည် သူ့ကို အားကုန်ထုတ်တိုက်ခိုက်မှုစေရန် လုံလောက်နေပြီ ဖြစ်သည်။

“လုံချန်၊ သေလိုက်တော့။ သွေးနတ်ဆိုးတံဆိပ် ထွက်ပေါ်လာစေ...”

သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင် တိုက်ခိုက်လာသည့်အခါ လုံချန်ကလည်း သူ၏ အားအကောင်းဆုံး နည်းစနစ်ကို ထုတ်သုံးလိုက်သည်။

မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ရောက်ခဲ့ပြီးနောက် ဆန်းကြယ်အလယ်အလတ်အဆင့်နည်းစနစ်ကို ပို၍အကျွမ်းတဝင်ရှိလာသည်။ လုံချန်က တုံ့ဆိုင်းမနေဘဲ ကောင်းကင်လောင်ကျွမ်းခြင်း နတ်ဆိုးလက်သီး၏ ပြီးပြည့်စုံခြင်းအဆင့်ကို ထုတ်သုံးလိုက်ပါတော့သည်။

“သေစမ်း။ ကောင်းကင်လောင်ကျွမ်းခြင်း နတ်ဆိုးလက်သီး၊ မြေကမ္ဘာဖျက်ဆီးခြင်းနတ်ဆိုးမီးလျှံ... အရာအားလုံး လောင်ကျွမ်းစေ...”

မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ကို တက်လှမ်းပြီးနောက်တွင် လုံချန်၏အစစ်အမှန်ချီသည် နဂိုထက် ဆယ်ဆ ပိုသိပ်သည်းသွားခဲ့သည်။ ချီစွမ်းအင်သိပ်သည်းမှုအရဆိုလျှင် ကောင်းကင်ယွမ်ကနဦးအဆင့် ပညာရှင်နှင့် နီးစပ်နေပြီ ဖြစ်သည်။ ထို့အပြင် မိုးကြိုးမီးလျှံခန္ဓာကိုယ်ပါ ပေါင်းစပ်ထားသောကြောင့် လက်ရှိလုံချန်က သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်အား စာဖွဲ့နေစရာမလိုတော့ချေ။

ယခုတစ်ကြိမ် ထုတ်သုံးလိုက်သော “မြေကမ္ဘာဖျက်ဆီးခြင်းနတ်ဆိုးမီးလျှံ”သည် ယခင်ကထက် ပိုပြီးကြောက်မက်ဖွယ်ကောင်းလာခဲ့သည်။ သွေးနတ်ဆိုးစည်းတံဆိပ် ကို အသုံးပြုနေသော သွေးဝိညာဉ်ဂိုဏ်းသခင်သည် ဧရာမအနက်ရောင်မီးလုံးကြီး သူ့ဆီ ပြေးဝင်လာနေသည်ကို မြင်လိုက်ရသည့်အခါ မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့သည်။

“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မလဲ။ သူက မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့်မှာပဲ ရှိနေသေးတာလေ...”

သွေးဝိညာဉ်ဂိုဏ်းသခင် အံ့အားသင့်နေဆဲအချိန်မှာပင် နှစ်ယောက်သား ပြင်းထန်စွာ တိုက်ခိုက်လိုက်ကြသည်။ သို့သော် ယခုလက်ရှိ အခြေအနေသည် လုံးဝ ပြောင်းပြန် ဖြစ်သွားခဲ့သည်။

ကောင်းကင်လောင်ကျွမ်းခြင်းနတ်ဆိုးလက်သီး၏အဖျက်စွမ်းအားက သွေးနတ်ဆိုးစည်းတံဆိပ်ကို လုံးဝ ပျက်စီးသွားစေခဲ့သည်။ ထို့နောက် ကြောက်မက်ဖွယ်စွမ်းအင်လှိုင်းများ ဖြာထွက်လာပြီး သွေးဝိညာဉ်ဂိုဏ်းသခင်ကို ဖုံးလွှမ်းသွားခဲ့သည်။ ရုတ်တရက်အပြောင်းအလဲကြောင့် သူ အံ့အားသင့်နေခဲ့သည်၊မကြာခင် သွေးဝိညာဉ်ဂိုဏ်းသခင်၏ မျက်လုံးထဲ၌ မျှော်လင့်ချက်မဲ့နေနေသော အကြည့်တချို့ပေါ်လာပြီး တစ်ကိုယ်လုံးမီးလောင်ကျွမ်းကာ ပြာဖြစ်သွားပါတော့သည်။

မူလက အလွန်သန်မာအားကောင်းပြီး အစွမ်းထက်လှပါသည်ဆိုသော သွေးဝိညာဉ်ဂိုဏ်းသခင်သည် လုံချန်၏တိုက်ခိုက်မှု တစ်ခုတည်းဖြင့် ရှုံးနိမ့်ကာ ပြာပုံဘဝရောက်သွားခဲ့ရသည်။ တစ်ဖက်တွင် လုံချန်ကတော့ ထိခိုက်ဒဏ်ရာမရှိခဲ့ပေ။ သူသည် နဂါးဝိညာဉ်အသွင်ပြောင်းလဲခြင်း ကို ပြန်သိမ်း၍ ယန်လင်းချင် ဖက်သို့ လှမ်းကြည့်ရင်း ရယ်မောလိုက်ပါသည်။

“အရာအားလုံးပြီးသွားပါပြီ။ ငါ သိပ်ချစ်ရတဲ့ ညီမလေး၊ မင်းရဲ့အစ်ကိုကြီးကို ဘာမှ မပြောတော့ဘူးလား...”

ဘယ်သူမှ အသံ မထွက်ကြချေ။ ပတ်ဝန်းကျင်က လုံးဝကို တိတ်ဆိတ်နေခဲ့သည်။

သွေးဝိညာဉ်ဂိုဏ်းသခင်၏အလောင်းက ပြာဖြစ်သွားသည်အထိ မီးကျွမ်းသွားတော့မှသာ လူတိုင်း သတိပြန်ဝင်လာကြသည်။

သို့သော် မိန်းမငယ်လေးများကတော့ လုံချန်၏ အင်အားကို မသိကြချေ။ သူတို့ သိသည့်အရာမှာ လုံချန် အနိုင်ရခဲ့ပြီး သူတို့အားလုံး ဘေးကင်းသွားပြီ ဖြစ်ကြောင်း သိရုံဖြင့် လုံလောက်နေပြီဖြစ်သည်။ ရာနှင့်ချီသော မိန်းမငယ်လေးများသည် ပျော်ရွှင်ကြည်နူးစွာဖြင့် အော်ဟစ်ချီးကျူးလိုက်ကြသည်။

အစ်မလီတို့သုံးယောက်ကား အံ့အားသင့်နေဆဲပင်။ လုံချန်၏ခွန်အားကို အတန်အသင့်သိထားကြသော်လည်း လုံချန်သည် သွေးဝိညာဉ်ဂိုဏ်းသခင်ကို သတ်ဖြတ်ခဲ့သည်နှင့်ပတ်သက်၍တော့ ယုံကြည်ရန် ခက်ခဲနေဆဲ ဖြစ်သည်။

“လုံချန် က တကယ်ပဲ သွေးဝိညာဉ်ဂိုဏ်းသခင်ကို သတ်ပစ်လိုက်တာလား...”

အစ်မလီ က တစ်ကိုယ်လုံး ဆတ်ခနဲတုန်ခါသွားရင်း ညီအစ်ကို နှစ်ယောက်ကို အတည်ပြုသလိုမျိုး မေးလိုက်သည်။

“ငါထင်တယ်...” လီဖန်းက မြေကြီးပေါ်ရှိ အနက်ရောင်ပြာများကို ကြည့်ရင်း ခက်ခဲစွာ ခေါင်းညိတ်လိုက်သည်။

ထို့နောက် လုံချန်၏မျက်နှာက အေးဆေးတည်ငြိမ်ပြီး ရယ်မောနေသည်ကို မြင်လိုက်ကြသည့်အခါ နောက်ဆုံးတွင် ယုံကြည်သွားခဲ့သည်။

“ဒီကောင်က လင်းဝူမိသားစုမှာ အဆင့်အတန်း တော်တော်မြင့်မယ်ထင်တယ်။ နည်းနည်း ထပ်ကြိုးစားရင် အတွင်းစည်းဂိုဏ်းထဲကို ဝင်နိုင်မလား မသိဘူး...”

အစ်မလီက သက်ပြင်းချလိုက်ပြီး ဘေးနားရှိ ယန်လင်းချင်ကို လုံချန်ဆီသို့ ခေါ်လာခဲ့သည်။

“အစ်ကို…”

ယန်လင်းချင်က ခြေလှမ်းများ အနည်းငယ်ယိုင်နဲ့နေသော်လည်း လုံချန် ဆီသို့ အရောက်လှမ်းလာခဲ့သည်။

“ငါ့ကို ပွေ့ဖက်ပေးလို့ရမလား။ မင်းက ငါ့ ညီမပဲ။ ရှက်စရာ မလိုပါဘူး...”

လုံချန်က လက်နှစ်ဖက် ဟပြီး ယောက်ျားပီသစွာ ရပ်နေသည်။

“မရဘူး...”

ယန်လင်းချင် သည် အစပိုင်းတွင် အနည်းငယ် မသက်မသာ ဖြစ်နေသော်လည်း လုံချန်က နောက်ပြောင်လိုက်သဖြင့် သူမကို စိတ်လက်ပေါ့ပါးသွားစေသည်။

“ငါ မင်းကို ကယ်ခဲ့တာလေ။ ပွေ့ဖက်ပေးလို့ မရဘူးလား။ ဟူး...စိတ်ပျက်စရာကောင်းလိုက်တာ။ ငါ အးကတည်းက သိခဲ့ရင် အဲဒီမိစ္ဆာကောင်ကို မင်းရဲ့သွေးအဆီအနှစ်ကို စုပ်ယူခိုငပြီးတော့ အဲဒီလူတွေလို ဖြစ်သွားအောင် လုပ်ခိုင်းလိုက်ရမှာ”

စကားပြောရင်း လုံချန်က ခြောက်သွေ့နေသော အလောင်းများကို လက်ညိုးထိုးပြလိုက်သည်။

အထပ်ထပ်စုပုံနေသော ခြောက်ကပ်ပိန်လှီနေသည့် အလောင်းများကို မြင်လိုက်ရသည့်အခါ ယန်လင်းချင်သည် မျက်မှောင်ကြုတ်လိုက်ပြီး သံသယဖြင့် မေးလိုက်သည်။

“လူ ဒီလောက်အများကြီး သတ်ထားတာ အဆင်ပြေရဲ့လား...”

လုံချန်လည်း ယခုမှ ခေါင်းမူးသွားသလိုပင်။ ယန်လင်းချင်၏ပြောစကားကိုကြားလိုက်မှသာ သူ မရေမတွက်နိုင်အောင် လူအများကြီးထို သတ်ခဲ့မိကြောင်း သတိရလိုက်သည်။ ထိုအတွေးက ရုတ်တရက် သူ့ကို မသက်မသာ ဖြစ်လာစေခဲ့သည်။

“လုံချန်၊ အရမ်းကြီးတွေးမနေနဲ့။ သေရမယ့်သူတွေက သေရမှာပဲ...” နတ်ဓားထဲမှလင်းရှီက ရုတ်တရက် ပြောလိုက်သည်။

လုံချန်က ချက်ချင်း စိတ်ပြောင်းပစ်လိုက်သည်။ သူက အရာရာကို အဆုံးအစွန်ထိ တွေးတောနေတတ်သူမဟုတ်ချေ။ ထိုအတွေးကို သူ့နှလုံးသားထဲမှာသာသိမ်းထားလိုက်သည်။ ထို့နောက် ယန်လင်းချင်ကို ခပ်ပြုံးပြုံးမျက်နှာပေးဖြင့် ကြည့်လိုက်သည်။

“အဘိုး နဲ့ မင်းရဲ့အဖေက မင်းပြန်အလာကို စောင့်နေကြတယ်။ အခု အိမ်ပြန်ကြရအောင်...”

“အိမ်...” ဟူသော စကားကို ကြားလိုက်သည့်အချိန်တွင် ယန်လင်းချင်သည် ရုတ်တရက် မျက်ရည်ကျလာခဲ့သည်။ ရှေ့တွင် ရပ်နေသော ဤလူငယ်လေး မရှိပါက သူမအနေဖြင့် အသက်မရှင်နိုင်သလို အိမ်ခည်းပြန်လာနိုင်တော့မည်မဟုတ်ချေ။

“ကောင်းပြီ။ အိမ်ပြန်ကြရအောင်....”

ထို့နောက် တိတ်ဆိတ်စွာပဲ လုံချန်၏နံဘေးတွင် ယှဉ်လျှက် လမ်းလျှောက်လာခဲ့ရင်း မျက်ရည်သုတ်လိုက်ပြီး ရုတ်တရက် တခစ်ခစ် ရယ်မောကာ လုံချန်၏ လက်မောင်းကို လှမ်းဆွဲလိုက်သည်။ နွေးထွေးမှုအပြင် နူးညံ့အိစက်သော အထိအတွေ့ကို ခံစားမိလိုက်သည့်အခါ လုံချန်သည် အံ့အားသင့်သွားပြီး မျက်နှာပေါ်တွင် ကျေနပ်နေသည့်အပြုံးများ ပေါ်လာခဲ့သည်။

“နင့်မျက်နှာက အဲ့ဒီလိုပုံစံမျိုး ဖြစ်နေတာ တကယ်ပဲ ရွံစရာကောင်းတယ်” လင်းရှီက ဤမြင်ကွင်းကြောင့် မကျေနပ်တော့ပါ။

သို့သော် လုံချန်က မကြားလိုက်သလိုပင် ဟန်ဆောင်လျှက် ယန်လင်းချင်ကိုခေါ်၍ မြေအောက်မြို့တော်ထဲမှ ပြန်ထွက်လာခဲ့သည်။ လမ်းလျှောက်နေရင်း ရုတ်တရက် နောက်ပြန်လှည့်၍ လှမ်းအော်ပြောလိုက်သည်။

“အစ်မလီ၊ ငါ့မှာ လုပ်စရာ နည်းနည်းလေး ရှိသေးလို့ အရင်ပြန်နှင့်လိုက်မယ်။ သွေးဝိညာဉ်ဂိုဏ်းက လုံးလုံးပျက်စီးသွားပြီ။ ဖြစ်နိုင်မယ်ဆိုရင် ဒီ မိန်းမငယ်လေးတွေ အားလုံးကို အိမ်ပြန်ပို့ပေးလိုက်ပါ။ တကယ်လို့ အခက်အခဲတစ်စုံတစ်ရာ ရှိလာရင်လည်း လင်းဝူမိသားစု၊ အစိမ်းရောင်ဂိုဏ်းခွဲရဲ့ အစိမ်းရောင်နေမင်းခန်းမ မှာ ငါ့ကို လာရှာလှည့်ပါ”

လုံချန်က ဤမစ်ရှင်၏အခက်ခဲဆုံး အပိုင်းကို အပြီးသတ် လုပ်ဆောင်ပေးခဲ့ပြီးဖြစ်သည်။ အစ်မလီတို့သုံးယောက်ကလည်း မငြင်းဆန်ကြပေ။ ခေါင်းညိတ်လိုက်ကြသည်။

“နှုတ်ဆက်ပါတယ်၊ စီနီယာလုံချန်...”

ရာနှင့်ချီသော မိန်းမလှလေးများစွာက လုံချန်၏ အမည်ကို ကောင်းကောင်း မှတ်ထားလိုက်ကြသည်။

ယခင်က သူတို့အားလုံး မျှော်လင့်ချက်များ ပျောက်ဆုံးနေခဲ့ရာမှ ရုတ်တရက် မမျှော်လင့်ဘဲ အခွင့်အရေး ပြန်ရလာခဲ့ကြသည်။ အနည်းငယ် ရှုပ်ထွေးနေကြသော်လည်း လုံချန် ဟူသော လူငယ်ကို သူတို့ဘဝ တစ်သက်တာလုံး မေ့နိုင်တော့မည်မဟုတ်ပါ။

“ကံဆုံရင် ငါတို့တွေ နောက်တစ်ခါ ပြန်တွေ့ကြမယ်လို့ မျှော်လင့်ပါတယ်” လုံချန် ထွက်သွားသည်ကို ကြည့်ရင်း အစ်မလီတို့သုံးယောက်လည်း ခေါင်းခါရင်း အနည်းငယ်ရယ်မောလိုက်သည်။

လုံချန်သည် ယန်လင်းချင် ကို ခေါ်၍ မြေအောက်မြို့တော်၏ ထွက်ပေါက်ရှိရာကို ရောက်လာခဲ့ကြသည်။ သူတို့ ထွက်ခွာတော့မည့်အချိန်တွင် အပေါ်ဖက်ကနေ လူနှစ်ယောက် ရုတ်တရက်ဝင်လာခဲ့သည်။ တစ်ချိန်တည်းတွင် သူတို့ဆီကနေ ထွက်ပေါ်လာသော ဖိအားက လုံချန်၏ခန္ဓာကိုယ် တစ်ခုလုံးကို တောင့်တင်းသွားစေခဲ့သည်။

Translator#အနှောင်အဖွဲ့ကင်းမဲ့သူ

.(သွေးနဂါးလုံချန်)

ဘာသာပြန်သူ -

အနှောင်အဖွဲ့ကင်းမဲ့သူ

(စာစဉ် - ၁၁)

အပိုင်း ၁၃၀

လုံချန် တစ်ချက် ထိတ်လန့်သွားခဲ့သည်။ သို့သော် ထိုလူနှစ်ယောက်ထဲမှ တစ်ယောက်က သူ ရင်းနှီးပြီးသား မျက်နှာဖြစ်နေသည်ကို မြင်လိုက်ရသည့်အခါမှသက်ပြင်းချလိုက်နိုင်ခဲ့သည်။ နှစ်ယောက်ထဲမှ တစ်ယောက်က အခြားမဟုတ်ပေ၊ အကြီးအကဲချုပ် လဲ့လန် ပင် ဖြစ်သည်။

ထူးခြားချက်မှာ လဲ့လန်က ရိုသေလေးစားမှုအပြည့်ဖြင့် လူငယ်၏နောက်ကနေသာ လိုက်လာခဲ့ပုံရသည်။ သူမ၏ မျက်နှာပေါ်တွင် ပျင်းရိပြီး ဆွဲဆောင်မှုရှိရှိ ဟန်ပန်အမူအရာများ ပျောက်ကွယ်သွားပြီး လေးနက်တည်ကြည်မှုတို့ နေရာယူထားလေသည်။

လဲ့လန်၏ ထူးထူးခြားခြားပြုမူပုံက လုံချန်ကို တစ်စုံတစ်ခုအား သဘောပေါက်သွားစေခဲ့သည်။ သူမနှင့် အတူလိုက်ပါလာသော လူငယ်သည် နောက်ခံအင်အား သို့မဟုတ် အလွန်မြင့်မားသော အဆင့်အတန်းနှင့် အာဏာကို ပိုင်ဆိုင်ထားပုံပေါ်သည်။

လုံချန်သည် လှမ်းကြည့်လိုက်ရာ ထိုလူငယ်က အသက် နှစ်ဆယ်ကျော်လောက်သာ ရှိသေးပြီး မျက်နှာသွင်ပြင်ကလည်း သာမန်သာ ရှိခဲ့သည်။ သို့သော် သူ၏မျက်လုံးအစုံမှ နက်ရှိုင်းလှသော ချောက်နက်ကြီး နှစ်ခုလိုပင်၊ အလွန် နက်နဲသော အငွေ့အသက်များ ထုတ်လွှတ်နေသည်။

ယခင်က လုံချန် တွေ့ခဲ့ဖူးသော လူငယ်ပညာရှင်များအနက် မိုးရှောင်လန်ထက် အနည်းငယ်နိမ့်ကျသူဟူ၍ ကောင်းကင်ယွမ်အထွတ်အထိပ်အဆင့် ဒေါင်ဖန်းတျန်းယု တစ်ယောက်သာ ရှိခဲ့သည်။ ဒေါင်ဖန်းတျန်းယု က ဤလူငယ်ထက် ပိုပြီးနာမည်ကျော်ကြားခဲ့သည်။ သို့သော်လည်း လက်ရှိလုံချန်က ဤလူငယ်နှင့် မယှဉ်နိုင်ကြောင်း သိသာနေပါသည်။

“လုံချန်၊ ဒီလူငယ်က ကောင်းကင်ယွမ်အဆင့် ပညာရှင်ပဲ။ မိုရှောင်းလန်ထက် တစ်ဆင့်ပဲ နိမ့်တယ်...” နတ်ဓားထဲမှ လင်းရှီ၏တိုးညှင်းသော သတိပေးသံ ထွက်ပေါ်လာသည်။

လုံချန်လည်း ဖြစ်နိုင်ချေကို တွေးမိသည်။ ဤလူငယ်က အကြီးအကဲချုပ်လဲ့လန်ပင် အလေးအနက်ထားဆက်ဆံနေရသည့်အတွက် ၎င်းသည် အတွင်းစည်းဂိုဏ်း၏အဖွဲ့ဝင်ဖြစ်မှန်း သိသာစေသည်။ လုံချန်က ရှေ့ဆက်မသွားသေးဘဲ နေရာမှာပဲ ရပ်နေလိုက်သည်။

ဤအချိန်တွင် လူငယ်က လဲ့လန်နှင့်အတူ မြေအောက်မြို့တော်ထဲသို့ ဆင်းလာခဲ့ပြီးနောက် မြင်လိုက်ရသော မြင်ကွင်းကြောင့် နှစ်ယောက်လုံး အံ့အားသင့်သွားခဲ့ကြသည်။

သူတို့ မျက်စိရှေ့မှ မြင်ကွင်းကား သွေးဝိညာဉ်ဂိုဏ်း၏ ဖမ်းဆီးခြင်းခံထားရသည့် ရာချီသောအပျိုစင်မိန်းကလေးများ တစ်ယောက်မှ မသေဆုံးခဲ့ပေ။ ထူးခြားချက်မှာ သွေးဝိညာဉ်ဂိုဏ်းသား ထောင်ချီကတော့ ခြောက်သွေ့နေသော အလောင်းများ ဖြစ်သွားကြသည်။ ဤကဲ့သို့ မြင်ကွင်းကို မြင်ရလိမ့်မည်ဟု သူတို့ မမျှော်လင့်ခဲ့ကြပေ။ ရှေ့တွင် ရှိနေသော မြင်ကွင်းက တော်တော်လေးကို အံ့သြတုန်လှုပ်စရာကောင်းလွန်းပါသည်။

လုံချန်သည် ယန်လင်းချင်ကို ခေါ်လာပြီး လဲ့လန်ရှေ့တွင် ရပ်လိုက်သည်။ လဲ့လန်က ရှေ့ရောက်လာသည့် လုံချန်ကို တစ်ချက်စိုက်ကြည့်လိုက်ရင်း မျက်နှာပေါ်တွင် အံ့အားသင့်နေဟန်အမူအရာများ ပေါ်လာခဲ့သည်။

“လုံချန်၊ ဒါကို နင် လုပ်ခဲ့တာလား...”

အမည်မသိလူငယ်၏ စူးရှနက်နဲလှသောအကြည့်က သူ့အပေါ် ကျရောက်လာသည်ကို ခံစားလိုက်ရသည့်အခါ လုံချန်လည်း ခေါင်းညိတ်ပြလိုက်ရုံသာ ရှိတော့သည်။

လဲ့လန်က အံ့အားသင့်သွားပြီး ခဏကြာမှ သက်ပြင်းရှည်ကြီးချလိုက်ပါသည်။ ဤနေရာ၏ အခြေအနေကို ကြည့်ခြင်းအားဖြင့် လုံချန်က အဓိကပြဿနာအား ဖြေရှင်းပေးခဲ့ပြီ ဖြစ်ကြောင်း သိသာနေခဲ့သည်။ လဲ့လန်က ထိုလူငယ်နှင့် အကြည့်ချင်းဖလှယ်လိုက်ပြီး လုံချန်ကို ပြန်မေးလိုက်သည် “ဒါဆို သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်က ဘယ်မှာလဲ...”

လုံချန်က ရိုးရိုးသားသားပင် ပြန်ဖြေ၏။ သူ့နောက် ခပ်လှမ်းလှမ်းရှိ မြေပြင်ပေါ်မှ အနက်ရောင်ပြာပုံကို လက်ညိုးထိုးပြလိုက်သည် “အဲဒါပါပဲ။ ကြည့်ရတာ တော်တော်လေး အဆင်ပြေတယ်မဟုတ်လား...”

လဲ့လန်က မေးလိုက်သည့်အချိန်ကတည်းက အနည်းငယ် မျှော်လင့်ထားခဲ့သော်လည်း ကောင်းကင်ယွမ်အဆင့်ပညာရှင် ဖြစ်သည့် သွေးဝိညာဉ်ဂိုဏ်းခေါင်းဆောင်က ပြာပုံဘဝရောက်သွားကြောင်း မြင်လိုက်ရသည့်အခါတွင် လက်ခံယုံကြည်ရန် ခက်ခဲနေဆဲ ဖြစ်သည်။

လုံချန်ကို ပထမဆုံး စတွေ့ခဲ့သည့်အချိန်က နဂါးသွေးကြောနယ်ပယ်အဆင့် ၈ သာ ရှိခဲ့လို့ပင်။ ထို့ကြောင့် လဲ့လန်က သူ့ကို သိပ်ပြီး အလေးအနက်မထားခဲ့ချေ။ သို့သော် မမျှော်လင့်ဘဲ လုံချန်က ဟွမ်ဖေးယန်ကို ဖယ်ရှားလိုက်သည့်အပြင် သူမ အထင်ကြီးထားသော ဖုန်းဝူထျန်း ကိုပါ ဆက်တိုက် အနိုင်ယူပစ်ခဲ့သည်။ ယခုအခါတွင် ကောင်းကင်ယွမ်အဆင့် ပညာရှင်ဖြစ်သည့် သွေးဝိညာဉ်ဂိုဏ်းသခင်ကိုပင် သတ်ဖြတ်နိုင်ခဲ့သည်။

“မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် တစ်ယောက်က ကောင်းကင်ယွမ်အဆင့်ပညာရှင်ကို သတ်နိုင်တယ်ဆိုတာ မဆိုးပါဘူး..”

လူငယ်က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။သူ၏လေသံကအစ ပြောပုံဆိုပုံ သို့မဟုတ် လှုပ်ရှားမှုတိုင်းက အလွန် တည်ငြိမ်လှသည်။ သို့ရာတွင် လုံချန်သည် ထိုတည်ငြိမ်မှုကြောင့်ပင် အလိုလို ထိတ်လန့်နေမိသည်။ အကြောင်းမှာ သူ၏ အတွေးအမြင်အားလုံး ဤလူငယ်၏ မျက်စိရှေ့မှ မလွတ်မြောက်နိုင်ဟု ခံစားရလို့ပင်။

လဲ့လန်ကလည်း ထိုလူငယ် ပြောသည့်အတိုင်း ယုံကြည်လိုက်ရသည်။ ထို့နောက် လူငယ်ကို မိတ်ဆက်ပေးလိုက်သည် “မိုသခင်လေး! သူက ငါ့ အစိမ်းရောင်နေမင်းဌာနခွဲရဲ့ တပည့်အသစ် လုံချန်ပါ။ ဘေးနားက ယန်လင်းချင်က သူ့ ညီမပဲ...”

ထို့နောက် လုံချန် ဖက်လှည့်ကြည့်ပြီး ပြောလိုက်သည် “လုံချန်၊ ဒါက လင်းဝူမိသားစုရဲ့ မြောက်ပိုင်းလိပ်နက်ကလန်၊ ဘိုင်ထျန်းမိသားစုရဲ့ အမွေဆက်ခံသူ ဖြစ်တဲ့ မိုသခင်လေးပဲ။ မြန်မြန်နှုတ်ဆက်လိုက်...”

“တပည့်လုံချန် က မိုသခင်လေးကို နှုတ်ဆက်ပါတယ်...” ဤလူငယ် မည်သည့်အတွက် ရောက်လာသည်ကို မသိသော်လည်း လုံချန်က သူ့ကိုယ်ပိုင်အင်အား နိမ့်ကျနေသေးကြောင်း ကောင်းကောင်း သိထားပါသည်။ ထို့ကြောင့် အခြေအနေကို လိုက်လျောညီထွေစွာ ပြုမူခဲ့သည်။ အကြီးအကဲချုပ်လဲ့လန်က သူ့အား လွယ်လွယ်ကူကူ ဖိနှိပ်နိုင်သည်ဆိုလျှင် ဤလူငယ် ဘိုင်ထျန်းမို ကလည်း လုပ်နိုင်သည်။ ထို့ကြောင့် မာနထောင်လွှားမနေဘဲ အလျင်စလို ဦးညွှတ်လိုက်သည်။

လူငယ်က လုံချန်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး လုံချန်၏ လက်မောင်းကို တင်းတင်းဆုပ်ကိုင်ထားသော ယန်လင်းချင် ဖက်သို့ အကြည့် ပြောင်းလိုက်သည်။ ထို့နောက် သူ့ဆီမှ တည်ငြိမ်သော အသံ ထွက်ပေါ်လာသည်။

“ယန်လင်းချင်၊ မင်း လင်းဝူမိသားစုရဲ့ အတွင်းစည်းဂိုဏ်းခွဲဖြစ်တဲ့ ငါ့ရဲ့ ဘိုင်ထျန်းမိသားစု(မြောက်ပိုင်းလိပ်နက်ကလန်) ထဲကို ဝင်ချင်သလား...”

ရုတ်တရက် ထွက်ပေါ်လာသော စကားကြောင့် လုံချန်နှင့် ယန်လင်းချင် တို့နှစ်ယောက်လုံး အံ့အားသင့်သွားကြသည်။ နောက် ခပ်လှမ်းလှမ်းတွင် ရပ်နေသော အစ်မလီတို့သုံးယောက်လည်း စိတ်ရှုပ်ထွေးသွားကြသည်။

လဲ့လန်က လုံချန်တို့မောင်နှမ နှစ်ယောက် စိတ်ရှုပ်ထွေးနေသည်ကို မြင်လိုက်သည့်အခါ ချက်ချင်း အဓိပ္ပာယ်ရှိသော အကြည့်တစ်ချက် ပေးလိုက်ပြီး ထပ်ပြောလိုက်သည် “ဘိုင်ထျန်းမိသားစုက အစီအရင်နဲ့ ရေဓာတ်သဘာဝကို အားပြုတဲ့ အင်အားစုပဲ။ လုံချန်! နင့်ရဲ့ ညီမလေးက ဆန်းကြယ်အရိပ်ခန္ဓာကိုယ် ပိုင်ဆိုင်ထားတယ်။ ဘိုင်ထျန်းမိသားစုထဲ ဝင်လိုက်ရင် အဲဒီ နည်းစနစ်တွေက သူမ ကျင့်ကြံတဲ့နေရာမှာ နဂိုထက် ပိုပြီးမြန်မြန်ဆန်ဆန် တိုးတက်စေလိမ့်မယ်။ နောက်ဆုံးပြောရရင် အချိန်တစ်ခုပေးလိုက်တာနဲ့ နင့်ကိုတောင် ကျော်တက်သွားနိုင်တယ်...”

လုံချန်သည် သူ၏ညီမဖြစ်သူကို လင်းဝူမိသားစုအကြောင်း သိသင့်သလောက် ရှင်းပြထားခဲ့သည်။ လက်ရှိလုံချန်က သန်မာအားကောင်းနေပြီဆိုသော်လည်း အပြင်စည်းတပည့်အနေဖြင့်သာရှိနေသေး၏။ အတွင်းစည်းတပည့် သို့မဟုတ် အတွင်းစည်းဂိုဏ်းဝင်များဖြစ်မှသာ အစစ်အမှန်အားကောင်းသူများ ဖြစ်ခဲ့သည်။ ယခုအခါ တစ်စုံတစ်ယောက်ကလည်း သူမကို လင်းဝူမိသားစု၏ အတွင်းစည်းဂိုဏ်းခွဲသို့ တိုက်ရိုက်ဖိတ်ခေါ်နေသည်။

ယန်လင်းချင်အတွက်တော့ ကပ်ဘေးကနေ လွတ်မြောက်လာပြီးနောက် အဖြစ်ချင်ဆုံးဆန္ဒမှာ မိဘများနှင့် ယန်မိသားစု ပင်။ မမျှော်လင့်ဘဲ ဘိုင်ထျန်းမို ဟူသည့် လူငယ် ရုတ်တရက်ပေါ်လာသည့်အခါ စိုးရိမ်ပူပန်လာပြီး စကားမပြောရဲဘဲ လုံချန်၏နောက်တွင် ပုန်းနေခဲ့သည်။

မိန်းမငယ်လေး ကြောက်လန့်နေသည်ကို မြင်လိုက်ရသည့်အခါ လဲ့လန်က ရူးသွားမတတ် ခံစားလိုက်ရသလိုပင်။ လူအများစုက ဤမျှ ကောင်းမွန်သော အခွင့်အရေးကို အိပ်မက်မက်နေကြရသည်မဟုတ်ပါလား။

“လုံချန်! နင် ဆုံးဖြတ်ပါ။ နင့်ရဲ့ညီမက သင့်တော်တဲ့ ကျင့်ကြံနည်း မရသေးဘူး။ ဒါ့ကြောင့် နဂါးသွေးကြောနယ်ပယ်အဆင့်မှာပဲ ရှိနေသေးတာ။ ဘိုင်ထျန်းမိသားစုထဲကို ဝင်နိုင်ရင် သူမက ကောင်းကင်ကိုတောင် ပျံသန်းနိုင်လိမ့်မယ်။ ကန်လင်က နင်တို့ပြောတဲ့စကားကို မကြားခဲ့ရင် နင့်ရဲ့ညီမမှာ ဆန်းကြယ်အရိပ်ခန္ဓာကိုယ် ပိုင်ဆိုင်ထားတယ်ဆိုတာ ငါ မသိလောက်ဘူး။ တကယ်တမ်းပြောရရင် ငါတို့ ဒီနေရာ ရောက်လာတာ နင့်ကိုကူညီပြီး သွေးဝိညာဉ်ဂိုဏ်းကို ဖြေရှင်းပေးဖို့ပဲ။ ဒါပေမဲ့ မြင်ရသလောက်တော့ ငါတို့ နောက်ကျသွားပြီ ထင်တယ်...”

လုံချန်၏ စိတ်ထဲတွင် အတွေးမျိုးစုံ ဖြစ်နေလေသည်။

“ဆန်းကြယ်အရိပ်ခန္ဓာကိုယ် ဆိုရင် သင့်တော်တဲ့ ကျင့်ကြံနည်း လိုအပ်တယ်။ တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်အတွင်းမှာ ကောင်းကင်ယွမ်အဆင့် ကိုတောင် ရောက်နိုင်လိမ့်မယ်။ လုံချန်! နင့်ရဲ့ ညီမလေးသာ ဘိုင်ထျန်းမိသားစုထဲကို ဝင်လိုက်ရင် မဆိုးပါဘူး...”

ဤအချိန်တွင် အရင်က စကားဝင်မပြောသေးဘဲ တိတ်ဆိတ်နေခဲ့သော ဘိုင်ထျန်းမိုက ပြောလိုက်သည် “ဂျူနီယာလေး! သေချာစဉ်းစားကြည့်ပါ။ မင်းသာ လက်ခံလိုက်ရင် မင်းရဲ့ ဘဝလမ်းတစ်လျှောက်က လုံးဝ ပြောင်းလဲသွားလိမ့်မယ်။ တစ်သက်လုံး ဘာမှ မဟုတ်ဘဲ နေချင်ရင် မလိုက်ပါနဲ့။ ငါနဲ့ လိုက်ခဲ့ပါ။ ဘာကိုမှ စိုးရိမ်နေစရာ မလိုပါဘူး။ မင်းရဲ့အစ်ကိုကြီးအတွက်လဲ ပိုကောင်းလာမှာ။ သူက လင်းဝူမိသားစုထဲမှာ ရှိနေသရွေ့ ပိုများတဲ့အရင်းအမြစ်တွေ သေချာပေါက်ရမှာပါ။ ဒါ့အပြင် မင်းရဲ့ မိသားစုကိုလည်း မြေကမ္ဘာယွမ်အဆင့် ပညာရှင်တွေကလျှို့ဝှက်ပြီး ကာကွယ်ပေးလိမ့်မယ်။ ပြောရရင် မင်း ပတ်ဝန်းကျင်က လူတိုင်း မင်းကြောင့် အကျိုးခံစားခွင့်တွေ အများကြီးရလာမယ်...”

ဘိုင်ထျန်းမို၏ စကားများမှာ တိုတိုတုတ်တုတ်သာ ဖြစ်သည်။ သို့သော်လည်း ယန်လင်းချင်၏ စိုးရိမ်ပူပန်မှုကို တိုက်ရိုက် ထိမှန်သည်။ သူမ ခေါင်းမော့လာပြီး မျက်လုံးများ တောက်ပလာကာ ရှင်းရှင်းလင်းလင်း မေးလိုက်သည် “နင် ဆိုလိုတာက ငါ့ အစ်ကိုကြီးလဲ အခုထက် ပိုပြီး ပြုစုပျိုးထောင်ခံရမယ်၊ ငါ့ မိသားစုကို ဘယ်သူမှ အနိုင်ကျင့်ဖိနှိပ်မှာမဟုတ်ဘူးဆိုတာ တကယ်ပဲလား..”

“ရန်သူက လင်းဝူမိသားစုထက် ပိုအားကောင်းမနေဘူးဆိုရင်ပေါ့...”

ဘိုင်ထျန်းမိုက အနည်းငယ် ပြုံးလိုက်သည်။ ခပ်ပြုံးပြုံးမျက်နှာထက်တွင် ယုံကြည်မှုအပြည့်ဝ ပေါ်လွင်နေသည်။

အကြောင်းမှာ ယွမ်လင်းမြို့တော်၌ လင်းဝူတော်ဝင်မိသားစုထက် ပို၍အားကောင်းသော အင်အားစု မရှိကြောင်း လူတိုင်း သိနေကြလို့ပင်။ ဆိုလိုသည်မှာ ယန်လင်းချင်သာ လင်းဝူမိသားစု၏ အတွင်းစည်းတပည့်ဖြစ်နေသရွေ့ ယန်မိသားစုအတွက် ဘာအကြောင်းနဲ့မှ စိုးရိမ်ပူပန်စရာမလိုတော့ပေ။

“အစ်ကိုကြီး…”

လုံချန်သည် ယန်လင်းချင်၏ မျက်လုံးများကို ကြည့်လိုက်ရင်း သူ၏ညီမဖြစ်သူက ဆုံးဖြတ်ချက် ချပြီး ပြီဖြစ်ကြောင်း သိလိုက်ပါသည်။

“ဒါ မင်းရဲ့ ကိုယ်ပိုင်ဘဝပဲ။ မင်း ကိုယ်တိုင် ဆုံးဖြတ်ပါ။ ဘာပဲဖြစ်ဖြစ် ငါ မင်းရဲ့ဘေးနားမှာ ရပ်ပြီး ကာကွယ်ပေးမယ်...”

လုံချန်က အနည်းငယ်ပြုံးလိုက်သည်။ သူ့စိတ်ထဲတွင် ယန်လင်းချင်အတွက် အမှန်တကယ် ပျော်ရွှင်နေမိသည်။ အပြင်စည်းဂိုဏ်းခွဲ ကနေ အတွင်းစည်းဂိုဏ်းခွဲသို့ ဝင်ရောက်ရန် အလွန်တရာခက်ခဲသောကြောင့်ပင်။

“မရဘူး...”

ယန်လင်းချင်က ခေါင်းခါပြီး ပြန်ပြောလိုက်သည်။ “အခု ငါ့ အလှည့်ပဲ။ နင့်ကို ကာကွယ်ပေးမယ်။ ငါတို့ မိသားစုကိုလည်း ကာကွယ်ပေးမယ်...”

သူမ၏ စကားကို ကြားလိုက်သည့်အခါ အကြီးအကဲချုပ်လဲ့လန်လည်း သက်ပြင်းချလိုက်သည်။ နောက်ဆုံးတွင် ယန်လင်းချင် က သဘောတူလိုက်ပြီ ဖြစ်သည်။

သို့သော် လင်းဝူမိသားစု၏ အတွင်းစည်းဂိုဏ်းထဲသို့ ဖိတ်ခေါ်ခံရသည့်အတွက် ရူးသွပ်မသွားဘဲ မိသားစုကိုသာ ကာကွယ်ချင်နေသော မိန်းကလေးငယ်ကို မြင်လိုက်သည့်အခါ ဘိုင်ထျန်းမို ပင် အနည်းငယ်ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ။ ငါ လက်ခံတယ်...”

ယန်လင်းချင်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

ဘိုင်ထျန်းမိုက ပြုံးပြီး ပြောလိုက်သည် “ကောင်းပြီ၊ နှစ်တွေအများကြီး ကြာသွားတဲ့အခါ ဒီနေ့ မင်းရဲ့ ဆုံးဖြတ်ချက်အတွက် သေချာပေါက် ကျေးဇူးတင်နေလိမ့်မယ်။ ဘိုင်ထျန်းမိသားစုက မင်းအတွက် အသင့်တော်ဆုံး နေရာ ဖြစ်မှာပါ”

လုံချန်လည်း ဆန်းကြယ်အရိပ်ခန္ဓာကိုယ်၏ ထူးခြားချက်ကို ကောင်းကောင်းကြီး ခန့်မှန်းနိုင်ပါသည်။ အပျိုစင်မိန်းကလေး တစ်ထောင်ကျော်၏ သွေးအဆီအနှစ်နှင့် ညီမျှသော သွေးမျိုးဆက်က သာမန်ရိုးရှင်းနိုင်ပါမည်လား။ ထို့ကြောင့် မြောက်ပိုင်းလိပ်နက် ကလန် က ဤမျိုးဆက်၏ အမွေဆက်ခံသူအသစ် သတ်မှတ်ထားပုံရသည်။ တစ်နည်းအားဖြင့် ယန်လင်းချင်သည် အနာဂတ်တွင် မြောက်ပိုင်းလိပ်နက်ကလန်၏ လျှို့ဝှက်လက်နက်ပင် ဖြစ်လာနိုင်သည်။

ယန်လင်းချင် ကိုယ်တိုင်က သဘောတူလက်ခံလိုက်သောကြောင့် လုံချန်လည်း ဘာမှ မပြောနိုင်တော့ပေ။ သူက လက်သီးနှစ်ဖက်စု၍ ဘိုင်ထျန်းမိုကို ပြောလိုက်သည် “မိုသခင်လေး! ငါ့ရဲ့ ညီမလေးက ကပ်ဘေးကနေ လွတ်လာရုံပဲရှိသေးတယ်။ အဘိုးနဲ့ တတိယဦးလေးက အပြင်မှာ သူမ ပြန်အလာကို စောင့်နေကြတယ်။ အိမ်ကို ခဏလောက်ပြန်ပြီးတော့မှ လင်းဝူမိသားစုကို ပြန်လာတာ အကောင်းဆုံးပဲလို့ ငါထင်တယ်။ မိုသခင်လေး! ဘယ်လို ထင်သလဲ...”

ဘိုင်ထျန်းမိုက ခေါင်းညိတ်လိုက်သည် “ပြဿနာ မရှိပါဘူး။ လင်းချင်! ငါ မြောက်ပိုင်းလိပ်နက်ကလန်မှာ မင်းကို စောင့်နေမယ်။ ငါ ပြောခဲ့တဲ့စကားအတိုင်း မြေကမ္ဘာယွမ်အဆင့် ပညာရှင်တွေကို ဒီနေ့ပဲ ကျော်ကြားခြင်းမြို့ဆီ လွှတ်လိုက်မယ်။ ဒါလောက်ပါပဲ။ နောက်တစ်ခါ ပြန်တွေ့ကြတာပေါ့...”

ဤစကားများပြောပြီးနောက် ဘိုင်ထျန်းမိုက နောက်လှည့်၍ အပြင်ပြန်ထွက်သွားခဲ့သည်။ ဤအချိန်တွင် လဲ့လန်က လုံချန်ကို လှည့်ကြည့်ပြီး ပြောလိုက်၏ “ဒီနေရာကနေ မြန်မြန်လေး ထွက်သွားတော့။ဒီက မိန်းမငယ်လေးတွေ အားလုံးကို ငါပြန်ပို့ပေးလိုက်မယ်...”

လဲ့လန်အတွက် သူတို့ အရောက်နောက်ကျခဲ့သော်လည်း သူမ၏ ရည်ရွယ်ချက် မှန်ကန်ကြောင်း ခံစားမိလိုက်သည်။ အကြောင်းမှာ လုံချန်က သူမကို ရန်လိုနေခြင်းမရှိတော့လို့ပင်။

မှန်သည်၊ လုံချန်က လဲ့လန်နှင့် ပြဿနာမတက်လိုပေ။ အနည်းငယ်ကျေးဇူးတင်စကား ပြောပြီးနောက် ယန်လင်းချင်ကို ခေါ်၍ မြေအောက်မြို့တော်မှ ထွက်ခွာသွားခဲ့သည်။

“လုံချန်! အစိမ်းရောင်နေမင်းဌာနခွဲကို ပြန်လာဖို့ မမေ့နဲ့။ အတွင်းစည်းတပည့်ရွေးချယ်ပွဲမှာ နင့်အတွက် အခွင့်အရေး ကျန်သေးတယ်...” လုံချန် အဝေးသို့ မရောက်ခင် လဲ့လန်က လှမ်းအော်လိုက်သည်။ လုံချန်၏ ပုံရိပ် မြေအောက်မြို့တော်မှ ပျောက်ကွယ်သွားသည့်အခါ လဲ့လန်၏မျက်လုံးထဲတွင် ရှုပ်ထွေးနေသောအမူအရာများ ပေါ်လာခဲ့သည်။

“သူသာ အတွင်းစည်းဂိုဏ်းထဲ ဝင်နိုင်ရင် ငါ့ကို ကူညီပေးနိုင်လိမ့်မယ်။ ဒါပေမဲ့ ဒါက သူ့အတွက် မတရားဘူး ထင်တယ်…”

ထွက်ခွာသွားခဲ့ပြီဖြစ်သော လုံချန်ကတော့ လဲ့လန်၏အတွေးများကို လုံးဝ မသိခဲ့ပေ။ အချိန်တော်တော်ကြာသွားပြီးနောက် သူတို့နှစ်ယောက်သည် ယန်ဘိုးဘေးကြီးနှင့် ယန်ယွန်ထျန်း တို့ရှိရာသို့ ပြန်ရောက်လာခဲ့ကြသည်။ လုံချန်တို့နှစ်ယောက်ကို မြင်သည့်အခါ သူတို့၏မျက်လုံးများကား မျက်ရည်များဖြင့် ပြည့်နှက်သွားခဲ့သည်။

“ချန်အာ၊ ချင်အာ…”

ယန်လင်းချင်က ယန်ယွန်ထျန်း၏ ရင်ခွင်ထဲသို့ ပြေးဝင်ပြီး ငိုကြွေးပါတော့သည်။ ဘေးနားရှိ ယန်ဘိုးဘေးကြီးသည် ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သူ့မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားမှု နှင့် ပျော်ရွှင်မှုတို့ အပြည့်ရှိနေခဲ့သည်။ ထို့နောက် လုံချန် ဖက်သို့ လှည့်ကြည့်ရင်း မျက်ရည်များကို သုတ်လိုက်သည် “ချန်အာ၊ မင်းက ငါ့ ဘဝတစ်သက်တာလုံးမှာ လုံးဝ ဂုဏ်ယူရဆုံး မျိုးဆက်ပဲ…”

လုံချန်က ရယ်မောလိုက်သည် “မှားနေတယ်။ အဘိုးအတွက် ဂုဏ်ယူရဆုံးလူက အဘိုးရဲ့မြေးမလေးပါ။ ဘာ့ကြောင့်လဲဆိုတော့ သူမက လင်းဝူမိသားစုရဲ့ အတွင်းစည်းဂိုဏ်းခွဲထဲကို တိုက်ရိုက်ဖိတ်ခေါ်ခံထားရလို့လေ...”

Translator#အနှောင်အဖွဲ့ကင်းမဲ့သူ

All Chapters