← Chapters

အခန်း (၁၀၃-၁၀၄)

Vol. 9 Ch. 103-104

အခန်း (၁၀၃-၁၀၄)

Vol. 9 Ch. 103-104

အပိုင်း ၁၀၃

တစ်ချိန်တည်းမှာပင် အခြားသော ဌာနခွဲများ၏ ပြိုင်ပွဲဝင်တပည့်များလည်း ရောက်ရှိလာခဲ့ကြသည်။ မကြာခင်မှာ ကောင်းကင်စစ်သည်ခန်းမ ထဲ၌ အစိမ်းရောင်နေမင်းဌာနခွဲအပြင် အခြား ဌာနခွဲ ၈ ခုစလုံး ရောက်ရှိလာခဲ့၏။

လုံချန်က အစိမ်းရောင်နေမင်းဌာနခွဲ၏အဖွဲ့ဝင်များ ထိုင်နေရာကနေ အခြားသောဌာနခွဲ၏ တပည့်များကို အကဲခတ်နေပါသည်။ အကြောင်းကတော့ အစိမ်းရောင်ဂိုဏ်းခွဲ၏ ဌာနခွဲ ၉ ခုအနက် အစိမ်းရောင်နေမင်းဌာနခွဲ၏ စုစုပေါင်း အင်အားက အောက်ဆုံး အဆင့် ၉ ဖြစ်နေသောကြောင့်ပင်။ တက်သစ်စပါရမီရှင် ဖုန်းဝူထျန်း ရှိနေသည့်အတွက်ကြောင့်သာ ပြိုင်ပွဲကို အနိုင်ရရန် အခွင့်အရေး အနည်းငယ် ရှိခဲ့သည်။

အခွင့်အရေးနည်းပါးသည့်အကြောင်းအရင်းမှာ အခြား ဌာနခွဲ ၈ ခု၌ မြေကမ္ဘာယွမ်အဆင့်ပြီးပြည့်စုံသောအဆင့် တပည့်များ ရှိနေလို့ပင်။

ဤအချိန်တွင် အစိမ်းရောင်ဧကရာဇ်ခန်းမ၏ မိန်းကလေးအဖွဲ့ဝင်တစ်ယောက် ဝင်လာခဲ့သည်။ သူမ ဝင်လာချိန်မှာပဲ ခန်းမထဲရှိ လူတိုင်း၏ အာရုံ ကို ဆွဲဆောင်သွားခဲ့သည်။ အစိမ်းရောင်ဧကရာဇ် ခန်းမ သည် အစိမ်းရောင်ဂိုဏ်းခွဲ၏ အားအကောင်းဆုံး ဌာနခွဲ တစ်ခု ဖြစ်ခဲ့သည်။ ၎င်းက အင်အား သို့မဟုတ်အလားအလာကောင်းသော ပါရမီရှင်များ အများဆုံးပိုင်ဆိုင်ထားသည့်အပြင် ဌာနခွဲ ၉ ခုထဲ အဆင့် ၁ နေရာ၌ ရပ်တည်နေ၏။

“အဲ့ဒီ မိန်းကလေး က အစိမ်းရောင်ဧကရာဇ် ခန်းမ ရဲ့ ချူယွန်ယောင် လား”...လဲ့လင်က အံကြိတ်ရင်း တွေးနေလေသည်။

ယခုမှ ဝင်လာသည့် မိန်းမပျိုလေး က အဝါရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်၊ မျက်နှာက အေးစက်နေသော်လည်း ချောမောလှပပြီး ကျက်သရေရှိလှသည်။

လဲ့လင်၏လေသံအရ မနာလိုဖြစ်နေမှန်း သိသာလှသည်။

မဟာအကြီးအကဲ၏သမီး ဖြစ်နေလျှင်ပင် သူတို့ နှစ်ယောက် ကြားရှိ ကွာဟချက် က အလွန်ကြီးမားခဲ့သည်။

လဲ့လင်က မြေကမ္ဘာယွမ်အဆင့် အစောပိုင်း သာရှိနေသော်လည်း အခြားတစ်ဖက်ရှိ ချူယွန်ယောင် ကတော့ မြေယွမ်အဆင့် ကို ချိုးဖျက်လုနီးပါးဖြစ်နေခဲ့သည်။

ခန်းမထဲရှိ လူတိုင်း၏ အကြည့် က ချူယွန်ယောင် အပေါ် စုစည်းကျရောက်နေစဉ် လဲ့လင် က အေးစက်စက်နှာခေါင်းရှုံ့ကာ ဘေးနားရှိ ဖုန်းဝူထျန်းကို ချီးကျူးစကားများာပြောနေရုံသာ။

သို့သော် ဖုန်းဝူထျန်း ကပါ ချူယွန်ယောင် ကို စစ်ဆေး ကြည့်နေသည့်အတွက်ကြောင့် လဲ့လင်က အံကြိတ်ရင်း ဒေါသတကြီးဖြစ်သွားသည်။ သူမက ဖုန်းဝူထျန်း၏အကြည့်ကို ပြန်လှည့်ပစ်ချင်နေခဲ့သည်။

လုံချန်ကလည်း စူးစမ်းလိုစိတ်ဖြင့် ချူယွန်ယောင်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ အဆိုပါအမျိုးသမီး၏ခွန်အားအဆင့်က ဖုန်းဝူထျန်း နှင့် အဆင့်တူဖြစ်သော်လည်း အသက်က သူ့ ထက်ပင် ငယ်ရွယ်နေခဲ့သည်။ အရေးအကြီးဆုံး ကတော့ သူမ၏ရုပ်ရည် အသွင်အပြင် က သာမန် မဟုတ်ခဲ့ပေ။ လဲ့လန် ကဲ့သို့ တည်ငြိမ်ရင့်ကျက်သည့် ဆွဲဆောင်မှု ရှိမနေသော်လည်း လဲ့လင် နှင့် ယှဉ်လျှင်တော့ အဆင့်ကြီးတစ်ဆင့် ကွာခြားနေပါသည်။

ဤအချိန်တွင် လဲ့လန် နှင့် အခြား ဌာနခွဲ ၈ ခု၏ ခေါင်းဆောင်များ စုဝေးခဲ့ကြသည်။

အစိမ်းရောင်နေမင်းဌာနခွဲက ပျမ်းမျှသာ ဖြစ်ခဲ့သော်လည်း လဲ့လန်၏ အလှ က အစိမ်းရောင်ဂိုဏ်း ခွဲတစ်ခုလုံး၌ အလွန်ကျော်ကြားခဲ့သည်။

ခေါင်းဆောင်မျ အချင်းချင်း စကားပြောရင်း သူတို့၏ မျက်လုံးအကြည့်များက တစ်ခါတလေမှာ လဲ့လန်၏ ဆွဲဆောင်မှု ရှိသော ခန္ဓာကိုယ် ပေါ် မကြာခဏ ကျရောက်နေသည်။

“လူတိုင်း ရောက်ပြီဆိုတော့ ကောင်းကင်စစ်သည်နယ်မြေ ပြိုင်ပွဲ စလိုက်ရအောင်လား”

“အချိန် မဖြုန်းကြပါနဲ့။ သူတို့ ကို ကောင်းကင်စစ်သည်နယ်မြေ လမ်းကြောင်း ထဲ အခုချက်ချင်း ဝင်ခိုင်းလိုက်တော့။ ဒီ မတိုင်ခင် မင်းတို့ရဲ့ လူငယ်တပည့်တွေ ကို ပြိုင်ပွဲထဲမှာ သတိပြုရမယ့် အချက်တွေ အားလုံး ပြောပြီးပြီ မဟုတ်လား”

“ဟုတ်ပါတယ်...”

ဆွေးနွေးမှု အချို့ ပြီးဆုံးသည့်နောက် လဲ့လန် က အစိမ်းရောင်နေမင်း ဌာနခွဲ၏ တပည့်များ ထံသို့ ပြန်လာခဲ့သည်။

ဤအခိုက်အတန့်တွင် ခန်းမ ထဲရှိ တပည့်တိုင်း မလှမ်းမကမ်းရှိ လျှောက်လမ်းတစ်ခုဆီသို့ သွားနေကြပြီဖြစ်သည်။

လျှောက်လမ်းက အကျယ် ၁၀ မီတာ ခန့်ရှိ၏။ အဆုံး၌ အလင်းရောင်များ ဖြာထွက်နေသည့် စင်မြင့်တစ်ခု ရှိနေခဲ့သည်။ ၎င်းမှ ဆန်းကြယ်သော အငွေ့အသက်များ ထုတ်လွှတ်နေပါသည်။

“ဒါက ဒီလောကရဲ့ အထွတ်အထိပ် ပညာရှင်တစ်ယောက် ချန်ထားခဲ့တဲ့ လေဟာနယ်လျှောက်လမ်းပဲ...”

လင်းရှီက နတ်ဓားထဲကနေ အံ့သြသံဖြင့် ရေရွတ်ခဲ့သည်။

“အထဲ မှာ အံ့သြစရာ တစ်ခုခု ရှိနေမလား”

“မထင်ဘူး။ လင်းဝူမိသားစု က ဒီ နေရာ မှာ နှစ်ပေါင်း ရာနဲ့ချီပြီး တည်ရှိနေခဲ့တာလေ။ ဘာပဲဖြစ်ဖြစ်နေရာ က သိပ် မကြီးဘူး။ ကောင်းတဲ့ ပစ္စည်းတွေ ဆိုရင် သူတို့ လက်ထဲ ရောက်သွားလောက်ပြီ”

လင်းရှီ၏စကားကို ကြားပြီးနောက် လုံချန်က ကောင်းကင်စစ်သည်နယ်မြေထဲ၌ အကျိုးအမြတ်ရဖို့ မတွေးတော့ပေ။

ကောင်းကင်စစ်သည်နယ်မြေ ပြိုင်ပွဲ က သူ မတတ်သာဘဲ ပါဝင်ခဲ့ရသည့်အရာပင်။ အဓိက သူလိုချင်တာ က လေ့ကျင့်ပြီး ပိုသန်မာလာရန် ဖြစ်သည်။

အဖွဲ့ တစ်ဖွဲ့ချင်းစီတိုင်းက လုံချန်၏ ဘေး ကနေ ဖြတ်ကျော်သွားပြီး ကောင်းကင်စစ်သည်နယ်မြေ ဝင်ပေါက် ဆီသို့ ချီတက်သွားကြသည်။

ခဏအကြာတွင် လူ အယောက် ၂၀ နီးပါး ရှိသည့် အစိမ်းရောင်ဧကရာဇ်ခန်းမ၏ အဖွဲ့ က သူတို့ ဆီ ရောက်လာခဲ့သည်။ အဖွဲ့ခေါင်းဆောင်၏အဆင့်အတန်း က ချူယွန်ယောင် ထက် မြင့်မားနေပုံမရပေ၊ ရှေ့ဆုံးကနေ ဦးဆောင် လျှောက်လာခဲ့သည်။

ရှေ့ကို ရောက်လာသည့်အချိန်မှာ ချူယွန်ယောင်က ရုတ်တရက်ဆိုသလို လက်နှစ်ဖက်စုလျှက်ဆီ လဲ့လန်ကို နှုတ်ဆက်ခဲ့သည်... “ယွန်ယောင် က လန်အစ်မ ကို နှုတ်ဆက်ပါတယ်။ အစ်ကိုကြီး က ဒီ တစ်ခါ အလုပ်ရှိနေတဲ့အတွက် ကိုယ်စား သတင်း ပို့ခိုင်းလိုက်တယ်။ သူက အစ်မ ကို အမြဲတမ်း သတိရ နေပါတယ်တဲ့...”

ချူယွန်ယောင်၏စကားကို ကြားလိုက်ချိန်မှာ လဲ့လန်၏မျက်နှာက သဘာဝ မကျ ဖြစ်သွားသည်... “ကောင်းပြီ၊ ငါနားလည်ပြီ။ ယွန်ယောင်! ကောင်းကင်စစ်သည်နယ်မြေ ပြိုင်ပွဲ မှာ သတိထားပါ”

ချူယွန်ယောင်က ခေါင်းညိတ်ပြီး လူအုပ်ကို ဦးဆောင်ကာ ထွက်သွားတော့သည်။ သူမ၏နဂိုပုံစံက ရေခဲနတ်သမီးဟု ခေါ်ရလောက်အောင် အေးစက်စက်နိုင်လှသည်။ လဲ့လန် နှင့် စကားပြောနေသည့်အချိန်မှာတော့ အနည်းငယ်လေးစားသံပါသည်။

“အစ်ကို လား...။ ဆိုတော့ ဒီ မိန်းမ နဲ့ သူမရဲ့ အစ်ကိုကြီးက စုံတွဲတွေများလား” ဤအမျိုးသမီး၏ ဘေးနား၌ တစ်စုံတစ်ယောက် ရှိနေပြီဆိုသောအတွေးနှင့်အတူ လုံချန်က အစားအစာကောင်းတစ်ခုကို ခွေးစားသွားသလို ခံစားလိုက်ရသည်။

လဲ့လန်က ရုတ်တရက် နောက်လှည့်ပြီး လျစ်လျူ ရှုထားကာ ပြော၏... “ပြိုင်ပွဲမှာ ငါတို့အစိမ်းရောင်နေမင်းခန်းမရဲ့ ပုံရိပ်ကို ထိန်းသိမ်းထားရမယ်ဆိုတာအမြဲ သတိရကြ။ ငါ ဒီ မှာ စောင့်နေမယ်။ အားလုံး... ကံကောင်းပါစေ”

ဖုန်းဝူထျန်းနှင့် အခြားလူတိုင်းကလည်း ခေါင်းညိတ်လျှက် ဝင်ပေါက် ဆီသို့ လျှောက်သွားကြတော့သည်။

လဲ့လန် ဘေးကနေ လုံချန် ဖြတ်သွားချိန် မှာတော့ သူမကို တစ်ချက်ကြည့်လိုက်သည်။ လဲ့လန်၏ မျက်နှာပေါ်မှာ အပြုံးတစ်ခုရှိနေသည်။ လုံချန် ကို တည့်တည့် ပြန်ကြည့်ရင်း အန္တရာယ်တောထဲ ပို့လိုက်သည်က သူ မဟုတ်သလိုပင်။

လုံချန် ထွက်သွားပြီးသည့်နောက်မှာ လဲ့လန်က ခေါင်းခါရင်း အတွင်းစိတ်ထဲ၌ တွေးမိသည် “သူက မြေကမ္ဘာယွမ်အဆင့် ထဲ ဝင်ခါစပဲရှိသေးတယ်။ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူ တွေ ရဲ့ ဖိအား အောက်မှာ ဘယ်လို ရှင်သန်နိုင်မှာလဲ...၊ ငါ့ လေ့ကျင့်နည်း က အရမ်း ပြင်းထန်လွန်းနေတာလား”

လုံချန် အကြောင်းကို တွေးမိသည့်အခါ လဲ့လန်က မျက်မှောင်ကြုတ်သွား၏ “ဘယ်သူမှ ဟန့်တားနိုင်မှာ မဟုတ်ရင် ငါ့ ကံကြမ္မာ ကို ပြောင်းလဲ နိုင်မယ် မထင်ဘူး။ ဒါ ကံကြမ္မာ ရဲ့ အကျိုးဆက် လား” လဲ့လန်တစ်ယောက်တည်း အတွေးထဲမှာ နစ်မျောနေစဉ် လုံချန် ကတော လူအုပ်၏နောက်ကနေ လိုက်ရင်း လျှောက်လမ်းထဲသို့ ဝင်သွားခဲ့ပြီဖြစ်သည်။

လန်းဆန်းသည့် ခံစားချက် က သူ့ကို ချက်ချင်း ဝန်းရံလိုက်ပြီး နတ်ရေကန် ထဲ ကျသွားသလို ခံစားရသည်၊ ခဏ အကြာတွင် လုံချန်၏ ခန္ဓာကိုယ် က ဆတ်ခနဲ တောင့်တင်းသွားပြီး ရုတ်တရက် အဝါရောင် မြေပြင်ပေါ်၌ မတ်တပ်ရပ်နေကြောင်း သတိထားမိခဲ့သည်။

လုံချန်က ပတ်ဝန်းကျင် ကို လှည့်ကြည့်လိုက်၏။ မျက်စိတစ်ဆုံး မြင်လိုက်ရသည်မှာ အဝါရောင် မြေပြင်ကြီးသာ။ မြင်ကွင်းကား ရှည်လျား၊ ကြီးမားသော သစ်ပင်ကြီးများနှင့် ထူထပ်သော ချုံနွယ်အချို့ ကာစီးထားလေသည်။ ကောင်းကင်ယံကို မော့ကြည့်လိုက်သည့်အချိန်မှာလည်း အဝါရောင်မိုးကောင်းကင်ကြီးသာ မြင်ရသည်။ အထက်ကောင်းကင်ယဲ၌ အဝါရောင် တိမ်တိုက်များ ထူထပ်စွာ ဖုံးအုပ်ထားခဲ့လေသည်။

ဤနေရာ က လူဆိတ်ညံသော ခံစားချက်ကို ပေးစွမ်းနေသည်။ တစ်ချိန်တည်းမှာပဲ လုံချန်က အခြား ကမ္ဘာတစ်ခု ထဲသို့ ရောက်နေပြီမှန်း သိလိုက်၏။

“ဒါ… ကောင်းကင်စစ်သည်နယ်မြေ လား...”

ဤအခြေအနေ မှာ ရှုပ်ထွေးနေသူက လုံချန်တစ်ယောက်တည်းသာ၊ အခြားလူတိုင်းကတော့ အရင် က ကောင်းကင်စစ်သည်နယ်မြေ ထဲကို ဝင်ဖူးခဲ့ကြပုံပါ။ လုံချန်၏ အံ့သြနေပုံကို မြင်သောအခါ လူတိုင်းက ကဲ့ရဲ့ပြီး လှောင်ပြောင်ကြသည်။

အစိမ်းရောင်ဂိုဏ်းခွဲ၏ အခြား ဌာနခွဲများ ကတော့ ကောင်းကင်စစ်သည်နယ်မြေ ထဲသို့ ရောက်ပြီးနောက် ချက်ချင်း ထွက်သွားကြပြီဖြစ်သည်။

ဖုန်းဝူထျန်း က ပထမ ဆုံး လူတိုင်းကို အနည်းငယ်ထူထပ်သော တောအုပ် ဆီသို့ ဦးဆောင်ခေါ်သွားသည်။

နှလုံးဖောက်နတ်ဆိုးသားရဲ ကို ရှာဖွေခြင်း နှင့်ပတ်သက်၍တော့ ကံကြမ္မာအပေါ်မှာ မူတည်ပါသည်။

ဖုန်းဝူထျန်း က ပတ်ဝန်းကျင် ကို ကြည့်ပြီး တစ်ဖက် ကို ညွှန်ပြလိုက်သည် “ငါ့ နောက်ကို လိုက်ခဲ့။ မင်းတို့ ဘယ်သူမှ ကိုယ့်ဘာသာကို ခွဲထွက်သွားလို့မရဘူး” ထိုစကား ပြောပြီးနောက် လုံချန် ကို အချိန်ကြာ စိုက်ကြည့်လိုက်သည်၊ သူ့အကြည့်က သတိပေး ချက် ပေးနေသလိုပင်။

သို့ရာတွင် လုံချန် က ဖုန်းဝူထျန်း တို့လူစုနှင့် အတူလိုက်ပါရန် အစီအစဉ် မရှိခဲ့ပေ။ သူက ပြန်ပြောလိုက်၏ “နိဗ္ဗာနသလင်းဓား ကို ရှာဖို့က မင်းတို့ ကို ပဲအားကိုးပါတယ်။ ငါ အရင် ထွက်သွားလိုက်မယ်”

သူက ဖုန်းဝူထျန်း နှင့်သာမကဘဲ တစ်ဖွဲ့လုံးနှင့်ပါဆက်ဆံရေး အဆင်မပြေသဖြင့် ဆက်ရှိနေစရာမလိုပေ။ မဟုတ်ပါက သူ့အတွက် အချိန် ဖြုန်းရာကျပါလိမ့်မည်။

လုံချန်က ဖုန်းဝူထျန်း၏ တည်ငြိမ်နေသောပုံစံကို မြင်သော်လည်း ၎င်းက သူ့ကို ကိုင်တွယ်ရန် နည်းလမ်းစဉ်းစားထားကြောင်း သိနေသည်။ မှန်သည်၊ သူ့စကားကို ကြားလိုက်ချိန်မှာ ဖုန်းဝူထျန်း၏ မျက်နှာက အရင်ထက် ပိုပြီးအေးစက်သွားပါတော့သည်။

“မဟာအကြီးအကဲ နဲ့ အကြီးအကဲချုပ် က ဒီခရီးစဉ် မှာ လူတိုင်း ငါ့ အမိန့် နားထောင်ရမယ် လို့ ပြောလိုက်တယ်။ မင်း ငါ့ကို ဆန့်ကျင်နေတာလား”

“ဆန့်ကျင်ဖို့ လား။ ငါ မလုပ်ရဲပါဘူးလေ။ ဒါပေမဲ့ ငါ့ခွန်အားက နိမ့်ကျနေတော့ မင်းတို့လို ပါရမီရှင် တွေ ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေလိမ့်မယ်။ ငါ့ အမြင်အရ ငါ့ကို တစ်ယောက်တည်း ထွက်သွားခွင့်ပေးပြီးတော့ မင်းတို့တွေက နိဗ္ဗာနသလင်းဓားကို ရယူဖို့ အာရုံ စိုက်တာ ပိုတန်ဖိုးရှိမယ်” လုံချန်၏ အသံ ထဲမှာ လှောင်ပြောင်မှု အနည်းငယ် ပါနေလေသည်။

လူတိုင်း အစက တည်းက လုံချန် ကို အကောင်းမမြင်ခဲ့ကြပေ။ ယခုလို ရုတ်တရက် ပြောလာသည့်အခါမှာတော့ လူတိုင်း ကို ဒေါသထွက်သွားစေပြီး လှောင်ပြောင်သော အကြည့်များဖြင့် ကြည့်နေကြလေသည်။

အထူးသဖြင့် လဲ့လင်က လုံချန် ကို အမုန်းဆုံးလူပင်ဖြစ်ခဲ့သည်။ ယခုလိုအခိုက်အတန့်မှာ အကြီးအကဲများလည်း ရှိမနေသောကြောင့် သူမက အေးစက်စက် လှောင်ပြောင်ကာ အော်ငေါက်လိုက်၏... “ဝူထျန်း အစ်ကို က ငါတို့ ခေါင်းဆောင် ပဲ။ ဒီအချိန်မှာ သူ့ စကား က ဥပဒေ ပဲ၊ သူ နင့်ကို သေခိုင်းရင် နင် သေရမှာပဲ။ သူ့ကို ဆန့်ကျင်ချင်သေးတာလား”

လုံချန်က လူတိုင်းကို တစ်ချက် ကြည့်ရင်း စိတ်ထဲ၌ အခြေအနေ ကို ခွဲခြမ်းစိတ်ဖြာနေသည်...

“ဖုန်းဝူထျန်း က နိဗ္ဗာနသလင်းဓား ကို ဦးစားပေး ရှာနေရင် ငါ့ကို ဂရုမစိုက်ဘဲ ခွဲထွက်သွားဖို့ ခွင့်ပြုရမှာပေါ့။ ငါ့ကို တားရင်တော့ သူ့အနေနဲ့ ငါ့ကို ကိုင်တွယ်ဖို့ နည်းလမ်း စဉ်းစားထားပြီ ဖြစ်ရမယ်။ ငါ ဆိုရင်လည်း ငါ့ ဘေးမှာ အန္တရာယ်များတဲ့ ဆူးတစ်ချောင်း ရှိနေမှာ မလိုလားဘူး”

ဤအချိန်တွင် ဖုန်းဝူထျန်း က ပြောခဲ့သည် “မဟာအကြီးအကဲ က ငါ့ကို အာဏာကုန် ပေးထားပြီ။ ကောင်းကင်စစ်သည်နယ်မြေ ခရီးစဉ်မှာ ငါ အကုန်လုံးကို တာဝန်ယူထားတယ်။ လုံချန်! မင်း ကိုယ့်အတိုင်းအတာကို မသိဘဲ ငါ့ကို ပြဿနာ ဖြစ်စေရင် မင်းကို သတ်ပိုင်ခွင့် ရှိတယ်”

“ဒါပေမဲ့ မင်း နောက်ကို လိုက်နေရင် မင်း လက်ချက်နဲ့ ငါ သေသွားနိုင်မှာ စိုးရိမ်မိတယ်... ဖုန်းဝူထျန်း...” လုံချန်က ပြုံးရင်း ပြောလိုက်ရာ ဖုန်းဝူထျန်း၏ မျက်နှာအမူအရာ ပြောင်းသွားတော့သည်။ ဘေးနားရှိ လဲ့လင် ပါ မခံနိုင်ဘဲ အော်လိုက်သည် “နင် သေချင်နေတာလား...”

သူမ တိုက်ခိုက်ရန် ပြင်လိုက်ချိန် မှာ ဖုန်းဝူထျန်း က တားလိုက်သည်။ သူ့ မျက်လုံး ထဲမှာတော့ ရက်စက်သောအရိပ်အယောင်များ ထင်ရှားလာပြီး လေသံ က အလွန် အေးစက်လာသည်...

“လူတိုင်း...! လုံချန် က အမိန့် မနာခံဘဲ ငါတို့ တာဝန် ကို ဟန့်တားနေတယ်။ အကြီးအကဲ တွေ ကိုယ်စား သူ့ကို သေဒဏ် ပေးလိုက်မယ်။ ဘယ်သူ က ကန့်ကွက်ချင်လဲ”

အခြားတပည့် ၈ ယောက် က နဂိုကတည်းက ဖုန်းဝူထျန်း ကို လေးစားနေကြသည်ဖြစ်ရာ သူတို့မျက်လုံးထဲမှာတော့ လုံချန် က အမှိုက်တစ်စပင် ဖြစ်လေသည်။ လူတိုင်း ခေါင်းညိတ်ကြသည်...“စီနီယာအစ်ကို! ကလုပ်ပါ။ တစ်ယောက်ယောက် မေးလာရင် ငါတို့ ပါ အပြစ်ယူ ခံမယ်”

လူတိုင်း ထံမှ သတ်ဖြတ်လိုသောစကားသံကို ကြားနေရသော်လည်း လုံချန် က လုံးဝ မကြောက်ခဲ့ပေ။ သူက အနည်းငယ်ပြုံးလျှက် ပြောလိုက်၏...

“ဖုန်းဝူထျန်း က ပုံမှန်ဆို ကြီးကျယ်ခမ်းနားသယောင် ဟန်ဆောင်တယ်။ အခုတော့ ဟန်ဆောင်မျက်နှာဖုံးကွာကျသွားပြီပေါ့”

ဤအချိန်တွင် ဖုန်းဝူထျန်း က လူအုပ် ထဲ ကနေ ထွက်လာပြီး လုံချန် ဆီ တစ်လှမ်းချင်း လျှောက်လာသည်။

#အနှောင်အဖွဲ့ကင်းမဲ့သူ

.(သွေးနဂါးလုံချန်)

ဘာသာပြန်သူ -

အနှောင်အဖွဲ့ကင်းမဲ့သူ

(စာစဉ် - ၉)

အပိုင်း ၁၀၄

ဖုန်းဝူထျန်း၏ သတ်ဖြတ်လိုစိတ်ပေါ်လာသည့် တစ်ချိန်တည်းမှာပဲ ပြင်းထန်လှသောဖိအားတစ်ခုက လုံချန်၏ ခန္ဓာကိုယ်ကို ဖိနှိပ်လိုက်သည်။ မြေကမ္ဘာယွမ်ပြီးပြည့်စုံခြင်းအဆင့် ပညာရှင်၏ စွမ်းအားက ကြောက်မက်ဖွယ်ရာပင် ဖြစ်သည်။ လုံချန်၏ မျက်လုံးထဲ၌ ဖုန်းဝူထျန်းသည် ယခုအခါ သူ့ကို ဖိနှိပ်ထားသော တောင်တန်းကြီးတစ်ခုနှင့် တူနေသည်။ လုံချန်က သူ့ခန္ဓာကိုယ်ခွန်အားကို အပြည့်အဝထုတ်ဖော်၍ ဖိအားကို တောင့်ခံလိုက်သည်။ ဖုန်းဝူထျန်းက ရုတ်တရက်တိုက်ခိုက်လာသောကြောင့် လုံချန်က တော်တော်လေး ဒေါသထွက်မိသည်။ သို့သော် လက်ရှိ သူ့ခွန်အားက ဖုန်းဝူထျန်းကို မယှဉ်နိုင်သေးကြောင်း ကောင်းစွာ သိနေခဲ့သည်။

“ဒီ ဖုန်းဝူထျန်း က တကယ်ပဲ ငါ့ကို သတ်ဖို့လုပ်နေတယ်။ မင်းနဲ့ မယှဉ်နိုင်ပေမယ့် ငါ ထွက်ပြေးချင်ရင် ကိစ္စမရှိဘူး။ ဒါပေမဲ့ ငါ ဒီလို ထွက်ပြေးလိုက်ရင် အဲဒီ အာဏာပိုင်တွေ ရှေ့မှာ သေချာပေါက် အထင်သေးခံရမှာ” လုံချန်က ဖုန်းဝူထျန်းနှင့် မယှဉ်နိုင်သော်လည် သူတို့နှစ်ယောက်ကြားရှိ ကွာဟချက်က အရမ်းကြီးမားနေသည်မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ဖုန်းဝူထျန်းက အစိမ်းရောင်နေမင်းခန်းမ၏ ကျန်အဖွဲ့ဝင်များကို ထည့်စဉ်းစားရမှာပါ။ အခြားအရာများကို အဓိကမထားဘဲ လုံချန်ကို သတ်ရန်ကြိုးစားနေတာက သဘာဝမကျလောက်ပေ။

ဤအချိန်တွင် ဖုန်းဝူထျန်းက လုံချန်၏နောက်မှာ ရောက်နေခဲ့သည်။ သူက အေးစက်စက်အသံဖြင့် ပြောလိုက်၏ “မင်း ဟွမ်ဖေးယန်ကို သတ်ခဲ့တယ်။ ဒီနေ့ ငါ သူ့ကိုယ်စား လက်စားချေဖို့ လုပ်ရမယ်လို့ ထင်တယ်...” ဤစကားများကို ပြောရင်း ဖုန်းဝူထျန်းက သူ့လက်သီးကို ဆုပ်လိုက်ရာ လက်သီးပတ်လည်တွင် အားကောင်းသော စွမ်းအင်လှိုင်း တစ်ခု ဖြစ်ပေါ်လာခဲ့သည်... “မင်းလို မြေကမ္ဘာယွမ်အဆင့်ကို ရောက်ခါစ အမှိုက်တစ်စကို ကိုင်တွယ်ဖို့ ငါ့ခွန်အားအပြည့် ထုတ်သုံးစရာမလိုပါဘူး”

ဖုန်းဝူထျန်းက လုံချန်ကို အထင်သေးစွာ ကြည့်ရင်း လေဆင်နှာမောင်း တစ်ခုကဲ့သို့ လုံချန်ဆီသို့ ဦးတည်လိုက်၏။ လက်သီးချက်က ကမ္ဘာဖျက်ဆီးနိုင်သော ခွန်အားကို ပိုင်ဆိုင်ထားသလို ထင်ရသည်။

“အဲ့လို လုပ်နိုင်ပါ့မလား” တစ်ချက်ကြည့်ရုံဖြင့် လုံချန်က သူ့ခွန်အားအပြည့် ထုတ်သုံးရန်လိုကြောင်း သိလိုက်သည်။ သူက တစ်လှမ်းဆုတ်ရင်း နဝမကောင်းကင်နဂါးခြေလှမ်းကို အမြင့်ဆုံးထိထုတ်ဖော်လိုက်၏။ ဖုန်းဝူထျန်း၏ လက်သီးချက် ပြေးဝင်လာသည်နှင့် လုံချန် က ခန္ဓာကိုယ်ကို တစ်ပါတ်လှည့်၍ တိုက်ခိုက်မှုကို ရှောင်ထွက်သွားသည်။

လုံချန်က နဂါးဝိညာဉ်အသွင်ပြောင်းလဲခြင်းကို ထုတ်မသုံးခဲ့သော်လည်း ဖုန်းဝူထျန်း၏လက်သီးချက်ကို ရှောင်တိမ််းနိုင်ခဲ့သည်။ အဓိက အကြောင်းရင်းကတော့ ဖုန်းဝူထျန်းက သူ့အား မြေကမ္ဘာယွမ်အဆင့် ရောက်ခါစဟူ၍ အထင်သေးထားလို့ပင်။ ထို့အပြင် လုံချန်က မိုးကြိုးမီးလျှံခန္ဓာကိုယ်ကို ဖန်တီးနိုင်လုနီးပါး ဖြစ်နေခဲ့၏။ ခန္ဓာကိုယ်အပြင်အား မြင့်တက်လာခြင်းက သူ့ အမြန်နှုန်း နှင့် အရှိန်ကို နောက်ထပ်တစ်ဆင့် တွန်းပို့လက်သလိုပင်။ ထို့ကြောင့် ဖုန်းဝူထျန်း ၏ လက်သီးချက်က ကြောက်မက်ဖွယ်ကောင်းလောက်အောင် မြန်ဆန်နေသော်လည်း လုံချန်က ထိုတိုက်ခိုက်မှုကို အသာအယာပင်ရှောင်တိမ်းနိုင်ခဲ့သည်။

ဖုန်းဝူထျန်း လုံချန်ကို သတ်ပစ်တော့ဖြစ်ကြောင်း မြင်ရချိန်တွင် အစိမ်းရောင်နေမင်းခန်းမှ လူတိုင်း မျှော်လင့်ချက်များနှင့် ပြည့်နေခဲ့သည်။ ၎င်းက အထူးသဖြင့် လဲ့လင် အတွက် ဖြစ်သည်။ သူမ၏နှလုံးသားထဲမှ သူရဲကောင်းချစ်သူ ဖုန်းဝူထျန်းက လုံချန်ကို သတ်ပစ်တော့မည့် မြင်ကွင်းကို အားပါးတရ ကြည့်နေစဉ် လုံချန်က သူမ ထံ ပြေးဝင်လာခဲ့သည်။

“ဒါ ဘယ်လို ဖြစ်နိုင်မလဲ။ သူ့ အမြန်နှုန်းက ငါ့ထက်တောင် ပိုမြန်နေတယ်” ဤအတွေးကို တွေးရင်း လဲ့လင်၏မျက်နှာပေါ်တွင် မယုံနိုင်စရာ အမူအရာ ပေါ်လာခဲ့သည်။

ကျန် လူများအတွက်ကတော့ လုံချန်က ဖုန်းဝူထျန်း၏ တိုက်ခိုက်မှုကို ရှောင်နိုင်ခဲ့ကြောင်း မြင်လိုက်ချိန်၌ အလားတူ အံ့အားသင့်နေခဲ့ကြသည်။ သို့သော် သူတို့ မမျှော်လင့်ခဲ့သည့်အရာ က လုံချန်က ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းရင်း လျှပ်စီးတန်းတစ်ခုအလားအရှိန်ဖြင့် လဲ့လင် ဆီသို့ တည့်တည့် ပြေးဝင်လာတာ ဖြစ်သည်။

လုံချန်၏ ရုတ်တရက်ဆန်သောလုပ်ရပ်က လူတိုင်းကို အံ့အားသင့်မှုကြီးကြီးမားမား ဖြစ်စေခဲ့သည်။ လဲ့လင် က ချက်ချင်း တုံ့ပြန်နိုင်ခဲ့ခြင်း မရှိခဲ့ပေ၊ ဤအချိန့ ခဏလေးအတွင်းမှာပဲ လုံချန်က သူ့ရှေ့မှာ ပေါ်လာခဲ့၏။ ထို့နောက် လဲ့လင်ကို လှောင်ပြောင်သလို ကြည့်နေခဲ့သည်။

“နင်... လူယုတ်မာကောင်...” လဲ့လင်က ကျိန်ဆဲရင်း လုံချန်ကို တိုက်ခိုက်ဖို့ ပြင်ခဲ့သည်။ သူမ၏မျက်လုံးထဲ၌ လုံချန်၏ အမြန်နှုန်းက မြေကမ္ဘာယွမ်အလယ်အလတ်အဆင့် ပညာရှင်ထက် ပိုမြန်ခဲ့သော်လည်း ခွန်အားက သေချာပေါက် အားနည်းနိုင်သည်ဟု ယူဆခဲ့သည်။ ထို့နောက် အလျင်စလိုလှုပ်ရှားရင်း စိုးရိမ်တကြီးဖြင့် လက်သီးဆုပ်ကာ လုံချန်ကို ထိုးလိုက်သည်။ မြေကမ္ဘာယွမ်အဆင့်နှောင်းပိုင်း ပညာရှင်တစ်ယောက်၏ တိုက်ခိုက်မှုက လုံချန်သာ အားနည်းနေလျှင် သေချာပေါက် ဒုက္ခရောက်သွားနိုင်ပါသည်။ သို့သော် မိုးကြိုးမီးလျှံကျောက်တုံး ၉ ခုအထိ ပေါင်းစပ်ပြီးနောက် လဲ့လင်၏ အင်အားအပြည့်တိုက်ခိုက်မှုကို သူ လုံးဝ မကြောက်ခဲ့ပေ။ ထို့အပြင် လဲ့လင်က မိန်းမငယ်လေး တစ်ယောက် ဖြစ်သလို သေခြင်း၊ရှင်ခြင်း တိုက်ပွဲအတွေ့အကြုံလည်း ရှိမနေခဲ့ပါ။ တိုက်ပွဲ အတွေ့အကြုံ အရ သူမက လုံးဝ အားနည်းနေခဲ့သည်။ အနည်းဆုံး လုံချန် မြင်ရသလောက်တော့ လဲ့လင် မှာ အခြေခံတိုက်ပွဲအမြင်ပင် မရှိခဲ့ပေ။ ဤအခိုက်အတန့်တွင် လုံချန်၏မူလဒန်တျန်ထဲမှ မီးလျှံနှင့် မိုးကြိုးစွမ်းအင် ပါနေသော အနီရောင်ဖျော့ဖျော့ ချီစွမ်းအင်များ ထွက်ပေါ်လာခဲ့သည်။ ထို့နောက် လက်သီးဆုပ်ကာ လဲ့လင်၏ လက်သီးကို တန်ပြန်ထိုးနှက်လိုက်သည်။

လက်သီးနှစ်လုံး ထိပ်တိုက်တွေ့သွားချိန်မှာ လူတိုင်းအတွက် အံ့အားသင့်စရာမြင်ကွင်းတစ်ခုပေါ်လာခဲ့သည်။ ရှုံးနိမ့်ရမည်ဟု ထင်ထားခဲ့သော လုံချန်က လုံးဝ အဆင်ပြေနေခဲ့၏၊ တစ်ဖက်ရှိ လဲ့လင် ကတော့ နာကျင်မှုကြောင်အ ကလေးတစ်ယောက်လို အော်ဟစ်ရင်း မျက်ရည်များစီးကျနေခဲ့သည်။

လုံချန်၏ စစ်မှန်သော ချီစွမ်းထဲ၌ မိုးကြိုးစွမ်းအင်နှင့် မီးလျှံ စွမ်းအင်တို့ ပေါင်းစပ်နေသည်ဖြစ်ရာ လက်သီးချင်း ထိပ်တိုက်တွေ့သွားသည်နှင့် တစ်ဖက်လူ၏ ချီစွမ်းအား က သူမ၏လက်သီးထဲ တိုက်ရိုက် စီးဝင်လာခဲ့သည်။ ထို့နောက် သူမ၏လက်ဝါးနုနုလေးက မီးကျွမ်းသွားသလိုမျိုး မည်းနက်လာတော့သည်။ သူမအနေဖြင့် ဒီလို နာကျင်မှုမျိုးကို တစ်ခါမှ မခံစားခဲ့ရပေ။ ချက်ချင်း ငိုကြွေးလိုက်ရင်း မျက်နှာ တစ်ခုလုံး မျက်ရည်များ ဖုံးလွှမ်းနေခဲ့သည်။

ဤအချိန်တွင် လုံချန်က ရုတ်တရက် လဲ့လင်၏နောက်ကို ခုန်ဆင်းလာရင်း လက်ဆန့်ထုတ်ကာ သူမ၏ ဖြူဖျော့နေသော လည်ပင်းကို ဖမ်းဆုပ်လိုက်သည်။ တစ်ဆက်တည်း သူက တဖြည်းဖြည်းချင်း နောက်ပြန်ဆုတ်သွားခဲ့သည်။

“မင်း .... လူယုတ်မာ... မင်း သေချင်နေတာလား” ဖုန်းဝူထျန်းက ဒေါသကြောင့် မျက်နှာနီရဲလျှက် သတ်ဖြတ်ချင်စိတ်အပြည့်ဖြင့် အော်ဟစ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ဖုန်းဝူထျန်း၏ ပြင်းထန်လှသော လက်သီးချက်က လုံချန်ထံ တည့်တည့်ပြေးဝင်လာတော့သည်။

ကျန် လူငယ်တပည့် ၇ ယောက်ကလည်း လုံချန်ကို လေးဘက်လေးတန် တိုက်ခိုက်လာရင်း ဒေါသထွက်နေခဲ့ကြသည်... “ဒီကောင်... မြေကမ္ဘာယွမ်အဆင့်ကို တက်လှမ်းခါစပဲရှိသေးတာ၊ ဖုန်းဝူထျန်းရဲ့တိုက်ခိုက်မှုကို ရှောင်နိုင်ခဲ့တယ်။ သူက မမလေး လဲ့လင် ကိုတောင် အလစ်ဝင်တိုက်ပြီး အနိုင်ယူခဲ့သေးတယ်” ရှိနေသော လူတိုင်း၏ နှလုံးသားထဲ၌ သူတို့အတွက် အံ့အားသင့်မှုနှင့်အတူ မယုံနိုင်စရာ ခံစားမိကြသည်။

အစကတော့ သူတို့အားလုံး လုံချန်က ချောင်ကျဆင်းရဲသောဒေသမှ ရောက်လာသည့် လူကြောက်တစ်ယောက်ဟု ထင်ခဲ့ကြ၏။ သို့သော် လက်ရှိမှာတော့ လူတိုင်း လုံချန်ကို မတူညီသော ရှုထောင့်က မြင်ခဲ့ကြသည်...

“သူက မဟာအကြီးအကဲ ရဲ့ သမီး ကိုတောင် အလစ်တိုက်ခိုက်ရဲတယ်။ ဒီ လုံချန်.... သူ တကယ်ပဲ သေချင်နေတာလား” လူတိုင်း လုံချန်ကို တိုက်ခိုက်ရန်အစွမ်းကုန် ကြိုးစားခဲ့ကြသည်။

မမျှော်လင့်ခဲ့သည့်အရာက လုံချန်သည် သူတို့၏တိုက်ခိုက်မှုကို လုံးဝ ထိတ်လန့်သွားဟန်မပြတာပင်။ လဲ့လင်၏ အော်ဟစ်သံများကို လစ်လျူရှုကာ သူမကို လက်တစ်ဖက်ဖြင့် ဆွဲမပြီး သူ့ထံဝင်လာသည့် တိုက်ခိုက်မှုအားလုံးကို ပိတ်ဆို့ခဲ့သည်။

ဖုန်းဝူထျန်း က ဤအခြေအနေကြောင့် ခဏတာ အံ့အားသင့်သွားခဲ့သည်။ တစ်ချိန်တည်းမှာပဲ သူ၏တိုက်ခိုက်မှုကို ချက်ချင်း ရပ်တန့်လိုက်ရသည်။

လုံချန် က ဤအားသာချက်ကို အသုံးချရင်း ချက်ချင်း ဆုတ်ခွာခဲ့ပြီး အေးစက်စွာ ပြောလိုက်ပါသည် ...“မင်း သူမကို သေစေချင်ရင် ငါ့ကို တိုက်ခိုက်လို့ရတယ်။ အခုတော့ အဲဒီနေရာမှာ ရပ်နေစမ်း။ တစ်ယောက်ယောက် ရှေ့ကို ခြေတစ်လှမ်းရွေ့တာနဲ့ ငါ ဒီ ကလေးမလေးကို မင်းတို့ရှေ့မှာတင် သတ်ပစ်မယ်” လုံချန်၏ ရက်စက်လှသောစကားများကို ကြားလိုက်သည့်အခါ လဲ့လင်က ကြောက်လန့်သွားပြီး ခန္ဓာကိုယ်သေးသေးလေး တုန်ယီနေခဲ့သည်။ သူမ၏မျက်နှာလေးက ဖြူဖျော့နေခဲ့ပြီး ငိုကြွေးခဲ့သည်၊ “မဟုတ်ဘူး... မဟုတ်ဘူး၊ ငါ့ကို မသတ်ပါနဲ့။ ဝူထျန်း အစ်ကို၊ မြန်မြန် ကယ်ပါ။ အီး..ဟီး..ဟီး...”

သို့သော် လဲ့လင်အတွက် မရှုံးနိုင်ဟုထင်နေခဲ့သော ဖုန်းဝူထျန်း က ယခုတော့ ဒေါသကြောင့် နှာမှုတ်ရင်း လုံချန်ကို ကြည့်၍ အော်ဟစ်ကြိမ်းဝါးရုံသာ တတ်နိုင်ခဲ့သည်၊ “လုံချန်! လဲ့လင် က မဟာအကြီးအကဲ ရဲ့ သမီး ပဲ။ မင်း သူမရဲ့ ဆံပင်တစ်မျှင်ကိုတောင် ထိခဲ့ရင် သူ မင်းကို အပိုင်းပိုင်း ခုတ်ထစ်ပစ်မှာ သေချာတယ်။ မင်း အသိဉာဏ် ရှိသေးရင် သူမကို လွှတ်လိုက်စမ်း။ မင်း ဆိုးဆိုးရွားရွား သေချင်နေတာလား”

“သူမကို လွှတ်ပေးရမလား...” လုံချန်က အေးစက်စွာ ရယ်မောခဲ့သည်... “ငါ့ကို လူမိုက် တစ်ယောက်လို့ မင်း ထင်နေတာလား။ မင်း ငါ့ကို သတ်ဖို့ အစီအစဉ် ဆွဲထားတာလေ။ ငါ ဘယ်လိုပဲ ဖြစ်ဖြစ် သေရမှာ ပဲ၊ ဒါကြောင့် ငါ နဲ့ အတူ သေမယ့် တစ်ယောက်ယောက်ကို ဘာလို့မရှာရမှာလဲ”

ကြောက်လန့်တုန်ခါနေသည့် မိန်းမငယ်လေးကို မြင်ရချိန်တွင် ဖုန်းဝူထျန်းလည်း ဘာမှ မလုပ်နိုင်ခဲ့ပေ။ ထိုအချိန်မှ လုံချန်က သက်ပြင်းချရင်း စိတ်သက်သာရာရခဲ့သည်။ သူက လဲ့လင် ကို ဖမ်းဆုပ်ထားရင်း မီတာ ၃၀ အကွာထိ ပြန်ဆုတ်လာခဲ့သည်။

“ဒီ မိန်းမငယ်လေး က အရမ်း ခိုင်မာတဲ့ နောက်ခံ ရှိတယ်။ ငါ အရမ်းကြီး လွန်လွန်ကျူးကျူးလုပ်လို့မရဘူး” ဤအတွေး တွေးရင်း လုံချန်က လူတိုင်း၏ အကြည့်များအောက်မှာ လဲ့လင်း ကို သူ့ ဒူးပေါ် ဖိချ ရင်း လက်ဝါးကို မြှောက်လိုက်သည်...“မင်း ...ခွေးမလေး။ မင်း ငါ့ကို ကောလဟလတွေ လျှောက်ဖြန့် ပြီး အသရေဖျက်ရဲတယ်လား။ ဒီနေ့ ငါ မင်းကို ကောင်းကောင်း အပြစ်ပေးရမယ်”

ကြိမ်းမောင်းပြီးနောက် လုံချန်က ဖုန်းဝူထျန်း ရှေ့မှာပဲ လဲ့လင်၏ တင်ပါးကို ရိုက်ချလိုက်သည်။ ‘ပတ်’ လေထုထဲမှာ ရှင်းရှင်းလင်းလင်း အသံ ထွက်လာခဲ့၏။ လဲ့လင် က ကောင်းကင်ကို တုန်ခါစေလောက်အောင် ဆိုးဆိုးရွားရွား အော်ဟစ်ခဲ့သည်။ နဂို ဖြူဖျော့နေသော မျက်နှာလေးရ ရှက်စိတ်ကြောင့် နီရဲနေခဲ့သည်။

ဤအချိန်တွင် ဖုန်းဝူထျန်းက မျက်လုံးများ နီရဲလာပြီး ဒေါသတကြီးအော်ဟစ်ခဲ့သည်။

“လင်အာ!... လုံချန်! မင်း သေချင်နေတာပဲ”

လုံချန်က ကျေနပ်လောက်အောင် ရက်စက်စွာ ဆက်ရိုက်ရင်း ဖုန်းဝူထျန်း ကို လှောင်ရယ်ရင်း လှုံ့ဆော်ခဲ့သည်။

“ငါ မင်းရဲ့ မိန်းမ ကို ရိုက်နေတယ်။ မင်း ဒီအခြေအနေကို ခံစားရတာ မကောင်းဘူး လို့ ငါ ထင်တယ်၊ ဟုတ်တယ်မလား” သူက ဖုန်းဝူထျန်း၏ မည်းမှောင်နေသော အမူအရာ ကို ဂရုမစိုက်ပေ၊ လဲ့လင်ကို ဆွဲမပြီး ဖုန်းဝူထျန်း ဆီသို့ အားကုန်ပစ်ချလိုက်သည်။

ဖုန်းဝူထျန်းက လုံချန်ကို သတ်ချင်နေသော်လည်း လဲ့လင်၏ ခန္ဓာကိုယ် သူ့ဆီ ပျံသန်းလာသည်ကို မြင်ရချိန်တွင် ဘာမှမတတ်နိုင်ဘဲ သူမကို စီးဖမ်းလိုက်ရသည်။ ဤအချိန်တွင် လုံချန်က တဟားဟားရယ်ရင်း လျှပ်စီးတန်းတစ်ခုကဲ့သို့ အမြန်နှုန်းဖြင့် အဝေးသို့ ထွက်ပြေးသွားခဲ့သည်။

ဖုန်းဝူထျန်းက လဲ့လင် ကို မြေပြင်ပေါ် ညင်သာစွာ ချလိုက်ချိန်မှာ လုံချန်ကတော့ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ကျန် တပည့်များက လုံချန် နောက်ကို ပြေးလိုက်သွားကြ၏။ သို့သော် ဖုန်းဝူထျန်း က မရွေ့ဘဲ နေရာမှာပင် ရပ်နေသည့်အတွက် သူတို့ ပြန်လာခဲ့ရသည်။ ဖုန်းဝူထျန်း၏ မှုန်ကုပ်ကုပ် မျက်နှာ က သူတို့ကို ကြောက်လန့်သွားစေကာ လူတိုင်း တိတ်ဆိတ်နေခဲ့သည်။ ဤအချိန်တွင် တင်ပါးက နာကျင်မှုကြောင့် လဲ့လင် က အသံကျယ်ကျယ်ဖြင့် ငိုကြွေး လာခဲ့သည်။ ဖုန်းဝူထျန်း က သူမကို နှစ်သိမ့်ရန်ကြိုးစားခဲ့သော်လည်း အချည်းနှီး ဖြစ်သည်။ ခဏအကြာတွင် လဲ့လင် က သတ်ဖြတ်ချင်စိတ်အပြည့်ပြောလိုက်၏ “နင် ဘာလို့ ရပ်နေသေးတာလဲ။ ဝူထျန်း အစ်ကို! နင် သူ့ကို မသတ်ဘဲလွှတ်ထားမှာလား” မျက်ရည်များ အပြည့် အလှလေး၏ အဆက်မပြတ်မေးမြန်းသံများကို ရင်ဆိုင်ရင်း ဖုန်းဝူထျန်း လည်း ခါးသက်သက် အမူအရာ ပြခဲ့သည်။

“လင်အာ! အဲဒီ လူယုတ်မာ က ပြေးတာ အရမ်း မြန်တယ်၊ ငါတို့ နိဗ္ဗာနသလင်းဓား ကို ရှာရဦးမယ်...”

“နင်... လူယုတ်မာ။ ဘာကို မြန်မြန်ပြေးသွားတာလဲ။ နင်က နိဗ္ဗာနသလင်းဓား ကိုပဲ တွေးနေတာ၊ ငါ့ကို ထည့်မတွေးဘူး။ ငါ သူ့လက်ထဲမှာ အရမ်း နှိပ်စက်ခံခဲ့ရတာကို နင် သူ့ကို မသတ်သေးဘူးလား။ ဖုန်းဝူထျန်း! နင်... နင် ယောက်ျားမဟုတ်ဘူး”

“တော်သင့်ပြီ...” ဖုန်းဝူထျန်း၏ မျက်နှာက မှုန်ကုပ်ကုပ် ဖြစ်သွားပြီး အော်ပြောခဲ့သည် “လင်အာ! နောက်တစ်ခါ သူ့ကို တွေ့ရင် ငါ ဖမ်းပြီး မင်း လက်စားချေခွင့်ရစေရမယ်။ အခု နားပူနားဆာမလုပ်ပါနဲ့”

“ဝူး... ဝူး... ဒါပေမဲ့ နာတယ်၊ နာတယ်”

လုံချန် သည် အချိန်တော်တော်ကြာသည်အထိ ထွက်ပြေးလာခဲ့ပြီးနောက် သက်ပြင်းချရင်း ရုတ်တရက် အလောတကြီး ပြောခဲ့သည်၊ “ရှောင်ရှီ! လုံခြုံစိတ်ချရတဲ့ နေရာ တစ်ခုလောက် အမြန် ရှာပေး။ ငါ ဒဿမမြောက် မိုးကြိုးမီးလျှံကျောက်တုံး နဲ့ ပေါင်းစပ်ကြည့်ချင်တယ်”

“နင်... လူယုတ်မာကောင်၊ မင်း ငါ ရှိသေးတာ မှတ်မိနေသေးတာလား။ အခုဏလေးတင် နင် အရမ်းကြည်နူးနေခဲ့တာ မဟုတ်ဘူးလား” လင်းရှီ က အံကြိတ်ရင်း ပြောခဲ့သည်။

လုံချန်က ချက်ချင်းဆိုသလိုပင် လဲ့လင် ကို နှိပ်စက်ခဲ့သော နည်းလမ်းကြောင့် လင်းရှီ မကျေမနပ်ဖြစ်နေမှန်း သိလိုက်၏။ သူမကို မြန်မြန်ဆန်ဆန် ချော့မော့ ရပါတော့သည် “ငါ့ရဲ့ချစ်လှစွာသော ရှီအာလေး! အထင်မလွဲပါနဲ့။ ငါ သူမကို သင်ခန်းစာ ပေးခဲ့ရုံ ပဲ။ မင်း သူမရဲ့ အပြုအမူ ကို စိတ်ဆိုးမနေဘူးလား။ ဒါကြောင့် ငါ အရမ်း ရက်စက်ခဲ့တာ”

“ဒါ ငါ နဲ့ ဘာဆိုင်လို့လဲ။ ဟမ့်..... ငါ နင် နဲ့ ဘာမှ မဆိုင်ဘူး...”

All Chapters