Placebo
Vol. 23 Ch. 221
ငါက စိတ်ကျန်းမာရေးဆရာ၀န်ဆိုတာ တကယ်ပါ
ဘာသာပြန် - ထွန်းလင်းအောင်
စာစဉ် (၂၃)
“ ဒီမေးခွန်းကို ငါ သိတယ် … ငါနဲ့ လာမလုနဲ့ …”
ချန်ယွီ့ အသက်ရှူဖို့ ခေတ္တနားနေစဉ်မှာပဲ သူ့ကြည့်ရှုသူ တစ်ဦးက ပိုက်ဆံသုံးထားသည့် ကွန်းမန့်တို့ တစ်ခုပြီး တစ်ခု ပေးပို့လာခဲ့သည်။
အနှီ ကြည့်ရှုသူသည်လည်း စိတ်ပညာရှင် တစ်ဦးဖြစ်ပြီး အရင်ဦးဆုံးအနေဖြင့် သူ့ဆေးခန်းအကြောင်း ကြော်ငြာသည်။
ထို့နောက် Placebo က မည်သည့်အရာဖြစ်ကြောင်း စတင် ရှင်းပြတော့သည်။
Placebo သက်ရောက်မှုကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ပေးမှုဟူ၍လည်း လူသိများကြ၏။
စိတ်အစွဲကြောင့် ခန္ဓာလုံးပါးပါးနေပြီး ကိုယ်ခံအားနည်းနေသူတို့ကို ကုသသည့် စိတ်ပိုင်းဆိုင်ရာ ကုသနည်းလမ်း တစ်ခုလည်း ဖြစ်သည်။
အိပ်မွေ့ချ၍ဖြစ်စေ၊ အကြံပေး၍ဖြစ်စေ၊ စကားပြောဆိုပေးခြင်းဖြင့် ဖြစ်စေ၊ Placebo က လူနာ၏ စိတ်ပိုင်းဆိုင်ရာ အတားအဆီးများကို ဖျက်ဆီးပေးပြီး ရောဂါအပေါ် ကျော်လွှားနိုင်ဖို့အတွက် လူနာ၏ ယုံကြည်ချက်ကို တိုးမြင့်ပေးလေသည်။
Placebo က စိတ်ပိုင်းဆိုင်ရာအတွက်ပဲ အကျိုးသက်ရောက်မှု ရှိရုံမျှမက ရုပ်ပိုင်းဆိုင်ရာအတွက်ပါ သိသာထင်ရှားသည့် ကောင်းမွန်မှုတို့ ရှိသည်။
စုန်းများ၊ နတ်ဝင်သည်များနှင့် ဆရာယောင်များက အခြားသူများကို ရှုပ်ထွေးသွားစေရန် ဤသို့သော နည်းလမ်းများကို မကြာခဏ သုံးလေ့သုံးထ ရှိကြလေသည်။
ဤသည်က သူတို့၏ ယုံကြည်သူများကို သူတို့အပေါ်၌ ယုံကြည်မှု တိုးပွားလာစေဖို့အတွက် အားအကိုးရဆုံး နံပါတ်တစ်နည်းလမ်း ဖြစ်လေသည်။
အကယ်၍ တစ်စုံတစ်ယောက်က အနှီ ဆရာယောင်၏ လမ်းညွှန်မှုအတိုင်း လိုက်နာမည်ဆိုလျှင် ၊ ကံကောင်းမှု၊ ကောင်းချီး ကုသိုလ်နှင့် ရောဂါဘယများကို ပျောက်ကင်းစေနိုင်ပြီး ပျော်ရွှင်သာယာသည့် အိမ်ထောင်ရေးဘဝ၊ ဒါမှမဟုတ် မိသားစုဘဝကို ပိုင်ဆိုင်နိုင်မည်ဟု ဆိုကြလိမ့်မည်။
ရေရှည် Palcebo အကျိုးသက်ရောက်မှုအောက်တွင် ယုံကြည်သူက သူတို့သည် လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ခဲ့ပြီး မသိစိတ်ထဲ၌ ယုံကြည်မှုတို့ တိုးပွားလာသည်။
ထိုကဲ့သို့သော ဓလေ့ထုံးတမ်းများကို လိုက်ပါလုပ်ဆောင်ရင်း စိတ်ထဲ၌ ပျော်ရွှင်မှု၊ စိတ်ကျေနပ်မှုနှင့် သက်တောင့်သက်သာဖြစ်မှုကို ခံစားလာရလိမ့်မည်။
ဤသို့ဖြစ်ရသည်မှာလည်း ထိုကဲ့သို့သော ဓလေ့ထုံးတမ်းများ လုပ်ဆောင်နေချိန်တွင် ဦးနှောက်က endorphins ပမာဏ အတိုင်းအတာတစ်ခုထိ ထုတ်လွှတ်ပေးသောကြောင့် ဖြစ်၏။
Endorphins များက လူသားခန္ဓာအပေါ် ယာယီသာယာမှုအား ဖြစ်ပေါ်စေသည်။
အကယ်၍ အချိန်အတော်ကြာသည်ထိတိုင် ထပ်ခါတလဲလဲ ညှစ်ထုတ်နေမည်ဆိုပါက အလေ့အကျင့်ဖြစ်လာပြီး မလုပ်ရ မနေနိုင်သည့် စွဲလမ်းမှုဟူသည့် အရာက ဖြစ်ပေါ်လာခဲ့သည်။
အလေ့အကျင့်က ရှည်ကြာလေလေ၊ စွဲလမ်းမှုက သန်မာလေလေပင်။
အနှီ ဆရာအတုအယောင်တို့၏ စကားလုံးများကို ယုံကြည်သထက် ယုံကြည်လာပြီး အားကိုးသထက် အားကိုးလာခဲ့တော့သည်။
အဆိုပါ ကြည့်ရှုသူ၏ ရှင်းပြချက်ကို ဖတ်ရှုပြီးနောက် ချန်ယွီ့ သူ့အား လက်မထောင်ပြလိုက်၏။
“ ဒီရဲ့ ကြည့်ရှုသူ ပြောတာမှန်တယ် … မင်းရဲ့ စိတ်ကျရောဂါက ပျောက်ကင်းသွားပြီး သဒ္ဓါစိတ်တွေ တအားထက်သန်နေတယ်လို့ ခံစားနေရလဲဆိုတာက မင်းရဲ့ ဦးနှောက်ကြောင့်ပဲ ….”
ထိုသို့ပြောပြီးနောက် ချန်ယွီ့က သူ့နားထင်ကို နှိပ်ပြလိုက်သည်။
“ မင်း [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]နဲ့ ပထမဆုံးအကြိမ် တွေ့တဲ့အချိန်မှာ ဆေးရုံက စမ်းသပ်ခံကြွက်တွေကို အားလုံးဝယ်ဖို့ သူ ပြင်ဆင်ထားပြီးသား ….”
“ ဆေးရုံက သူ့ရဲ့ တောင်းဆိုချက်ကို ပြင်းပြင်းထန်ထန် ငြင်းပယ်လိုက်ပြီး လုံခြုံရေးခေါ်ပြီးတော့ပါ သူ့ကို မောင်းထုတ်လိုက်တယ် ….”
“ သူ့လုပ်ရပ်ကို နားမလည်နိုင်ဖြစ်မိတဲ့ မင်းက သူ့ဆီသွားပြီး စကားသွားပြောကြည့်တယ် ….”
“ [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်] ပြောခဲ့တာက သက်ရှိတိုင်းမှာ ဝိဉာဏ်ဆိုတာ ရှိတယ် … စမ်းသပ်ခံကြွက်တွေက လူသားတွေကို သူတို့ရဲ့ ဆေးပညာတိုးတက်မှုအတွက် အများကြီး ကူညီပေးခဲ့တယ် … ဒါပေမယ့် လူသားတွေကတော့ သူတို့ရဲ့ စမ်းသပ်မှုတွေ ပြီးသွားတာတောင် အဲ့ဒီ ကြွက်လေးတွေကို သတ်ကြတုန်းပဲ ….”
“ မင်း သူ့အပြောတွေကို အတော်လေး စိတ်ဝင်စားနေတာ မြင်တော့ [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က တိရစ္ဆာန်လေးတွေ လွှတ်ပေးပြီး ကုသိုလ်ယူတဲ့ အတွေးအခေါ်တွေကို မင်းခေါင်းထဲ မျိုးစေ့ချပေးတယ် ….”
“ အဲ့နောက်မှာ မင်းကို သူ့ရဲ့ကျောင်းဆီ ခေါ်လာခဲ့တယ် ….”
“ အဲ့မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဈေးထဲကနေ ဝယ်ထားတဲ့ ထရပ်ကားကြီးက ကျောင်းထဲ ထိုးရပ်လာခဲ့တာပဲ … ခွေးတွေကို မြင်တော့ အိမ်မှာ အမြတ်တနိုး မွေးထားတဲ့ ကိုယ့်ခွေးလေးကို မတွေးဘဲ မနေနိုင်ဘူး … “
“ အဲ့မှာ မင်းရဲ့ ခွေးက မင်းကို ဘယ်လို ကယ်တင်ပေးခဲ့ကြောင်း ပြောပြတယ် … [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ပြီး မင်းကို တရားချတော့တာပဲ …”
“ ခွေးက ဗုဒ္ဓရဲ့ လမ်းညွှန်မှုကြောင့် မင်းကို ငရဲတံခါးဝကနေ ကယ်တင်ပေးခဲ့တယ် … “
“ [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]နဲ့ တခြားလူတွေရဲ့ ဖျောင်းဖျမှုကြောင့် မင်းလည်း ကျောင်းရဲ့ စေတနာ့ဝန်ထမ်း တစ်ယောက် ဖြစ်လာခဲ့တာပဲ ….”
“ အဲ့ဒီ အချိန်ကတည်းကစပြီး မင်းရဲ့ စိတ်နေစိတ်ထားကလည်း လုံးဝ ပြောင်းလဲသွားခဲ့ပြီး ကိုယ်က မှန်ကန်တဲ့ အရာကို လုပ်ခဲ့မိတယ်လို့ စိတ်ထဲ ယုံကြည်လာတယ် ….”
“ စိတ်ဓာတ်ကျမှုကြောင့် ဖြစ်ပေါ်လာတဲ့ မကောင်းတဲ့ အတွေးခံစားချက်တွေကလည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့တာပဲ ….”
“ အဲ့တာကို ခံစားမိတော့ မင်း မှန်ကန်တဲ့ အရာကို လုပ်မိတယ်ဆိုပြီး ပိုလို့တောင် ယုံကြည်လာခဲ့တယ် ….”
“ ရှင် …. ရှင်ဒါတွေ အကုန်လုံးကို ဘယ်လိုလုပ်ပြီး သိနေတာလဲ …”
အားဟွေ့ ရှော့ခ်ရသွားခဲ့သည်။
သူမက ဇာတ်လမ်းကို မပြောပြရသေးခင်မှာပဲ ချန်ယွီ့က သူမ၏ အတိတ်ဇာတ်လမ်းကို ကိုယ်တိုင်တွေ့ကြုံဖူးသည့်နှယ် ဒိုးဒိုးဒေါက်ဒေါက် ရွတ်ပြသွားခဲ့၏။
သူမ စေတနာ့ဝန်ထမ်း တစ်ဦး ဖြစ်လာပြီးကတည်းက အားဟွေ့ အရာတစ်ခုတည်းကိုသာလျှင် အာရုံစိုက်ထားခဲ့သည်။
၎င်းကတော့ … ဖမ်းထားသည့် တိရစ္ဆာန်များကို ပို၍ များများ လွှတ်ပေးနိုင်ဖို့ပဲ ဖြစ်၏။
ကောင်းမှုများ ပြုလုပ်နိုင်ရန် အချိန်ပို ရရှိရေးအတွက် မိဘများ ကန့်ကွက်နေသည့်ကြားက ကျောင်းလည်း ထွက်ခဲ့သည်။
သူမ၏ ခွန်အားများအားလုံးကို တိရစ္ဆာန်များ လွှတ်ပေးသည့်နေရာမှာပဲ ပုံအောထားခဲ့လေသည်။
“ စိတ်ပညာရှင်တစ်ယောက်က တစ်ဖက်လူရဲ့ အမူအရာ၊ စကားပြောပုံဆိုပုံတွေကနေတစ်ဆင့် အဲ့လူမှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာကို ခန့်မှန်းကြည့်လို့ရတယ် … “ ချန်ယွီ့ တည်တည်ငြိမ်ငြိမ်ပဲ ဆိုလိုက်သည်။
“ မင်းက အဲ့လို တိရစ္ဆာန်လွှတ်ပေးတဲ့ လှုပ်ရှားမှုတွေပါပဲ ပါဝင်ရုံတင် မကဘူး ၊ မင်းကိုယ်တိုင်ကလည်း ဒီတစ်သက် အသားမစားပါဘူးလို့ ကျိန်ဆိုထားတယ် ….”
“ သားသတ်လွတ်သမား ဖြစ်လာပြီးတဲ့နောက်မှာ မင်းနဲ့ နီးစပ်တဲ့ လူတွေကိုလည်း အသားမစားဖို့ ဖျောင်းဖျတော့တာပဲ …”
“ ပထမဦးဆုံးကတော့ မင်းရဲ့ မိဘတွေပေါ့ ….”
“ သူတို့ကို အသားမစားဖို့ တားမြစ်ရုံတင် မကဘူး … စီးပွားရေး လုပ်ငန်းဖြစ်တဲ့ သားသတ်လုပ်ငန်းကိုပါ ပိတ်ပင်ခဲ့တယ် ….”
“ ကိုယ်က အသားစားလေလေ၊ ကိုယ့်ဆီမှာ ကံကြိုးမျှင်တွေက ပိုပြီး ယှက်ထွေးလာလေလေပဲ … “ အားဟွေ့က စကားဖြတ်ပြောလိုက်ပြီး “ ကျွန်မရဲ့ မိဘတွေ ပျော်ရွှင်စေဖို့အတွက် ကျွန်မ သူတို့ကို အသားစားခွင့် မပေးနိုင်ဘူး ….”
“ သားသတ်လုပ်ငန်းက ပိုတောင်ဆိုးသေတယ် …”
“ ကျွန်မ သိတတ်စအရွယ်ကတည်းက မိဘတွေက မရေမတွက်နိုင်တဲ့ တိရစ္ဆာန် အသေကောင်တွေကို ရောင်းချခဲ့ပြီးပြီ … ဒါ ရက်စက်တဲ့ ပြစ်မှုပဲ … ဒါ မကောင်းတဲ့ အကုသိုလ်အလုပ်ပဲ ….”
ထိုစကားကြားတော့ စကားပြောခန်းထဲရှိ ကွန်းမန့်တို့မှာ ပေါက်ကွဲထွက်လာသည်။
သူ့မိဘတွေက သူ့ကို မွေးထုတ်ပေးခဲ့တယ်။ ကျွေးမွေးပြုစုပေးခဲ့တယ်။ ကျောင်းထားပေးခဲ့တယ်။ ကိုယ့်မိဘကိုယ် ဘယ်လိုတောင် ပြောရက်နိုင်ရတာလဲ။
အဲ့ဒီ အသားရောင်းတဲ့လုပ်ငန်း မရှိဘဲနဲ့ အားဟွေ့မှာ စားစရာ၊ ဝတ်စရာတွေ ရှိနိုင်မှာတဲ့လား။
ကျေးဇူးမသိတတ်လိုက်တာ။
သူ့မိဘတွေ သူ့ကို တင်းကြပ်ချုပ်ချုယ်ပြီး စာလုပ်ခိုင်းတာက သူ့မိဘတွေရဲ့ အမှားဆိုပေမယ့် ဒီလိုမျိုး ကျေးဇူးကန်းဖို့ကတော့ မသင့်ဘူးလေ။
“ တခြားလူတွေ နားလည်မှုလွဲပြီး တိုက်ခိုက်လာကြမှာကို ကျွန်မဘက်က ပြင်ဆင်ထားပြီးသား …” အားဟွေ့က ခိုင်မာမြဲမြံသည့် လေသံဖြင့် ဆိုလိုက်ပြီး “ ဒီလမ်းကြောင်းက ခက်ခဲမယ်ဆိုတာ ကျွန်မသိတယ် … ဒါပေမယ့် ကိုယ့်ဘက်ကတော့ မလျှော့သောဇွဲနဲ့ ဆက်ပြီး လျှောက်လှမ်းနေဦးမှာပဲ …”
“ ဒေါက်တာချန် … ရှင့်လိုက်စထွင်းထဲမှာ ကြည့်ရှုသူတွေ ဒီလောက် အများကြီး စုဝေးနေတယ်ဆိုတော့ ရှင်က အတော်လေး လွှမ်းမိုးမှုရှိတဲ့လူ ဖြစ်ရမယ် …”
“ ကျွန်မ တစ်ခုလောက် တောင်းဆိုပါရစေ… ရှင့်ရဲ့ ကြည့်ရှုသူတွေကို အသားမစားဖို့ ပြောပေးပါလားနော်… သက်ရှိတိရစ္ဆာန်လေးတွေကို ထပ်ပြီး မနာကျင်ခိုင်းပါနဲ့တော့ ….”
“ ကမ္ဘာကြီးက ကျွန်မတို့ လူသားတွေချည်းပဲ ပိုင်ဆိုင်တာမဟုတ်ဘူး … တခြားသက်ရှိတွေနဲ့လည်း ဆိုင်တယ် ….”
“ အသားစားတာက အသက်တွေ ဆက်ပြီး သေကျေဖို့ကို အားပေးအားမြှောက်ပြုနေတာနဲ့ အတူတူပဲ … လူသားတွေ နိမ့်ကျလာရခြင်းရဲ့ အကြောင်းအရင်းဆိုလည်း မမှားဘူး ….”
“ တကယ်လို့ ကိုယ်က အသားမစားတော့ဘူးဆိုရင် သတ်ဖြတ်တာတွေလည်း ရှိမှာမဟုတ်တော့သလို ရန်လိုတာတွေလည်း ရှိတော့မှာ မဟုတ်ဘူး … ကမ္ဘာလောကကြီးက တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး လှပလာမယ် …”
“ လူတိုင်းက အသားမစားကြတော့ဘူး ၊ အသက်တွေကို မသတ်ကြတော့ဘူးဆိုရင် ကျွန်မတို့အားလုံး ပျော်ရွှင်တဲ့ ဘဝမှာ အေးအေးချမ်းချမ်းနဲ့ နေထိုင်နိုင်ကြမှာပဲလေ ….”
“ မင်းပြောသလိုဆိုရင် အသားစားတာက မကောင်းတဲ့အမှုပေါ့ ဟုတ်လား ….” ချန်ယွီ့ အမှုမထားသည့် လေသံဖြင့် မှတ်ချက်ပေးလိုက်သည်။
“ တကယ်လို့ မင်းမိဘတွေ နာမကျန်းဖြစ်ပြီး အားဖြည့်ဖို့အတွက် အသားစားဖို့ လိုအပ်လာမယ်ဆိုရင်ကော မင်းသူတို့ကို ခွင့်ပြုပေးမှာလား …..”
“ ကျွန်မ လုံးဝ ခွင့်မပြုနိုင်ဘူး …..”
အားဟွေ့ စဉ်းပင် မစဉ်းစားဘဲ ချက်ချင်း ဖြေပေးလာခဲ့သည်။
“ တကယ်လို့ ကျွန်မမိဘတွေရဲ့ ကျန်းမာရေးက ချူချာလာပြီဆိုရင် အဲ့တာ သူတို့တွေ အရင်က အသေကောင်တွေရောင်းခဲ့၊ တိရစ္ဆာန်တွေ သတ်ခဲ့တဲ့ မကောင်းတဲ့ ကံတွေကြောင့် ဝဋ်ကြွေးဒုက္ခကို ပြန်ခံစားနေရတာပဲ … “
“ သူတို့ရဲ့ကျင့်ဝတ်သီလကို ပျက်စီးစေမယ့် အသားစားတာမျိုးကို လုံးဝ ခွင့်မပြုနိုင်ဘူး …. အဲ့ဒီအစား ကျွန်မဘက်က ကောင်းမှုကုသိုလ်တွေကို အားသွန်ခွန်စိုက် လုပ်ပေးမယ် ….”
“ ကျွန်မ ရလာတဲ့ ကုသိုလ်တွေကို မိဘတွေဆီ ပြန်ပြီး အမျှဝေပေးမယ် … ဒီလိုသာဆိုရင် သူတို့လုပ်ခဲ့တဲ့ မကောင်းတဲ့ အကုသိုလ်တွေက တိုက်စားခံလိုက်ရပြီး ကျန်းမာရေး ပြန်ကောင်းလာမှာပဲ …”
စကားပြောခန်းထဲတွင် ကျိန်ဆဲသည့် စကားလုံးတို့ဖြင့် ပြည့်နှက်နေလျက်ရှိသည်။
“ ငါတို့တွေ အသားဘာလို့ စားနေကြလဲ ဟုတ်လား … သောက်ရမ်း အရသာရှိလို့ကွာ ….”
“ ရေထဲမှာ ဘီလီယမ်နဲ့ချီတဲ့ ဘက်တီးရီးယားတွေ ရှိတယ် … ဒါဆိုလည်း မသောက်နဲ့လေ … ရေသောက်တာက အဲ့ဒီ ဘတ်တီးရီးယားတွေကို သတ်ဖြတ်နေတာနဲ့ အတူတူပဲ …”
“ အသားစားတဲ့လူတွေက တခြားလူတွေကို အသားစားဖို့ မတိုက်တွန်းဘူး … ဒါပေမယ့် သားသတ်လွတ်သမားတွေကတော့ သူများတွေကို သားသတ်လွတ်စားဖို့ တိုက်တွန်းကြတယ် ….”
“ ငါလည်း ဟင်းသီးဟင်းရွက်တွေကို ကြိုက်တယ် … ငါ့အတွက်တော့ အသားက ဟင်းသီးဟင်းရွက်တွေလိုပဲ … အဲ့လိုစိတ်မျိုးနဲ့ စားမယ်ဆို အတူတူပဲလို့ ပြောလို့ရတယ်မလား …”
“ ငါတို့ နိုင်ငံထဲမှာ ဒီလို သားသတ်လွတ်စားဖို့ လှုံ့ဆော်တိုက်တွန်းတဲ့ စောက်ရူးတစ်ယောက် ရှိနေမယ်လို့ ထင်တောင် မထင်ထားဘူး …. အစက ထင်နေတာ နိုင်ငံခြားတိုင်းပြည်တွေမှာပဲ ရှိတယ်ဆိုပြီးတော့လေ ….”
“ သူတို့မိဘတွေ ဘယ်လို သမီးမျိုးကို ပျိုးထောင်ပေးခဲ့မိပါလိမ့်နော်…”
အာဟာရချို့တဲ့တယ်ဆိုတဲ့ စကားအဓိပ္ပာယ်ကိုတောင် နားလည်ရဲ့လား မသိပါဘူး ….
“ ကုသိုလ်ရဖို့အတွက် သူ့မိဘတွေရဲ့ ကျန်းမာရေးကိုတောင် ဂရုမစိုက်ဘူးပေါ့ … ရလိုက်ပါလိမ့်မယ် ကုသိုလ်တသီကြီးတွေ ….”
အားဟွေ့က သူမ၏ မိဘများကို အသားစားခိုင်းသည်ထက် အသေပဲ ခံခိုင်းလိုက်မည်ဟု ခိုင်မာစွာ ပြောဆိုခဲ့သည်။
ယင်းက သာမန်လျှံကာ မှတ်ချက်ပြုချင်းမျိုး မဟုတ်သည်မှာ သိသာသည်။
စကားပြောခန်းထဲ၌ သူမအား လှောင်ပြောင်နေသည့်၊ ကျိန်ဆဲနေသည့် ကွန်းမန့်အမြောက်အများနှင့် ရင်ဆိုင်နေရချိန်၌ပင် အားဟွေ့သည် မျက်နှာတစ်ချက် ပျက်မသွားဘဲ “ အခုကြည့်နေတဲ့သူတွေ … ရှင်တို့တွေ နည်းနည်းပါးပါး အကျိုးသင့် ၊ အကြောင်းသင့်လေး မစဉ်းစားနိုင်ကြဘူးလား ….”
“ အသားမစားဘူးဆိုရင်တောင် ကျွန်မတို့ လူသားတွေက အသက်ရှင်နိုင်တုန်းပဲလေ …”
“ ဘာကြောင့်မို့ အဲ့ဒီအသားတွေကိုပဲ မျက်စိကျနေရတာလဲ …”
“ တိရစ္ဆာန်တွေ လွှတ်ပေးဖို့အတွက် ကျွန်မတို့ပိုက်ဆံနဲ့ ကျွန်မတို့ ဝယ်တယ် … ရှင်တို့တွေ နားလည်ပေးဖို့လည်း မတောင်းဆိုနေဘူး … ကျေးဇူးပြုပြီး ကျွန်မတို့ကို မတိုက်ခိုက်ကြပါနဲ့ …”
“ ကျွန်မတို့ အခု လုပ်နေတဲ့အရာတွေ အကုန်လုံးက ကမ္ဘာလောကကြီး ပိုမိုကောင်းမွန်လာစေဖို့အတွက်ပဲ ….”