အနှိုင်းမဲ့ မေတ္တာ
Vol. 23 Ch. 222
“ မင်းပြောတာ မင်းမိဘတွေက သားသေ၊ ငါးသေတွေ ရောင်းတဲ့အတွက် အပြစ်ရှိတယ်လို့ ဆိုတယ်နော်… ဒါပေမယ့် သူတို့ အဲ့ဒီ စီးပွားရေးကို ဘာကြောင့်မို့ စတင်ခဲ့တာလဲရော တွေးဖူးလား ….” ချန်ယွီ့ ပြောလိုက်သည်။
“ သူတို့က မင်းရဲ့ ဘဝကို ပိုပြီး ကောင်းကောင်းမွန်မွန် ဖြစ်စေချင်လို့ပဲ …”
“ သူတို့တွေ ခက်ခဲရတာ ၊ ခါးသီးရတာက ဘာမှ ဖြစ်မသွားဘူး … ဒါပေမယ့် မင်းမှာတော့ အနာဂတ် ရှိဖို့အတွက် သူတို့ မျှော်လင့်ထားကြတယ် ….”
“ သူတို့ရဲ့ သားသမီးအပေါ် ထားရှိတဲ့ အောင်မြင်စေလိုတဲ့ စိတ်က မှန်တယ် မှားတယ်ကို ခဏထားဦး … မင်းအပေါ် ပုံအော ရင်းနှီးမြုပ်နှံထားတဲ့ မေတ္တာအကြောင်းကိုပဲ ငါတို့ပြောကြမယ် ….”
“ သူတို့တွေ မင်းကို စိတ်ကျ ရောဂါ ဖြစ်တဲ့အထိ တွန်းအားပေးခဲ့မိတာကို သိလိုက်ရတော့ မင်းမိဘတွေ အတော်လေး နောင်တရသွားခဲ့ကြတယ် ….”
“ အဲ့နောက်ပိုင်းမှာ မင်းရဲ့ စကားလုံး တစ်ခုချင်းစီတိုင်းကို သူတို့တွေ လေးစားပေးလာကြတယ် …. မင်းနဲ့အတူ သားသတ်လွတ်စားတဲ့လူတွေ ဖြစ်လာပေးရုံတင် မကသေးဘူး … နှစ် ၂၀ ကျော်လောက် လုပ်ခဲ့တဲ့ နဂို စီးပွားရေးကိုပါ ရပ်နားပစ်ခဲ့တယ် ….”
“ မင်းပြောတာ သူတို့က ငွေရှာချင်ရုံ သပ်သပ်အတွက်ကြောင့်လို့ ပြောခဲ့တယ်နော်… သူတို့တွေ ဘယ်သူ့အတွက် ငွေရှာချင်ခဲ့တာလဲရော မင်း မသိဘူးလား ….”
“ သူတို့ ရှာသမျှ ငွေအားလုံးကို မင်း အပေါ်မှာပဲ အသုံးပြုပေးခဲ့တာ မဟုတ်ဘူးလား …..”
“ အရင် နှစ် ၂၀ ကျော်မှာ မင်းမိဘတွေ မင်းအတွက် အဝတ်အစား အသစ်တွေ အမြဲတမ်း မဝယ်ပေးခဲ့ဘူးလား ….. သူတို့ကိုယ်သူတို့ အဝတ်အစား အသစ်တွေ ဝယ်ဝတ်တာကိုတော့ မင်း ဘယ်နှခါ မြင်ခဲ့ဖူးလဲ ….”
“ ဒေါက်တာချန် … ရှင် စကားလမ်းကြောင်း လွဲနေပြီ ….”
“ ကျွန်မ မိဘတွေ ကျွန်မကို ချစ်တယ်ဆိုတာ သိတယ် … အဲ့ဒါကြောင့်မို့လည်း ဒီခုလိုမျိုး တိရစ္ဆာန် လွှတ်ပေးတာတွေ လုပ်နေတာပဲ ….”
“ ကျွန်မကိုယ်တိုင် ကောင်းမှု ကုသိုလ်တွေ စုစည်းပြီးတော့ မိဘကျေးဇူးကို ပြန်ဆပ်နေတာပဲလေ ….”
“ ကျွန်မ မိဘတွေက ကျွန်မကို စိတ်ပါလက်ပါနဲ့ ပြုစုပေးခဲ့တယ် … ကျွန်မဘက်ကလည်း စိတ်ပါလက်ပါနဲ့ ပြန်ပြီး ပေးဆပ်နေတာပဲ … “
“ သူတို့က ကျွန်မဘဝ ကောင်းစားဖို့အတွက် လုပ်ဆောင်ပေးတယ် … ကျွန်မကလည်း ကျွန်မ စုဆောင်းမိတဲ့ ကုသိုလ်ကောင်းမှုတွေနဲ့ သူတို့ အသက်ကြီးလာတဲ့အချိန်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ နေထိုင်နိုင်ဖို့အတွက် လုပ်ဆောင်ပေးတယ် ….”
“ မင်းပြောတဲ့ အသက်ကြီးလာတဲ့အချိန် ပျော်ပျော်ရွှင်ရွှင် နေနိုင်ဖို့ဆိုတာ သားသတ်လွတ်စားပြီးတော့လား ….” ချန်ယွီ့ နှာခေါင်းရှုံ့လိုက်၏။
“ မင်းမိဘတွေက ဆယ်စုနှစ်နဲ့ချီပြီး အသားစားလာတယ် … အထူးသဖြင့် မင်းရဲ့အဖေ ….”
“ သူတို့ရဲ့ စားသောက်ပုံ အလေ့အထကို အတင်းအကြပ် ပြောင်းလဲခိုင်းတာက ချစ်တာလား ၊ ဒါမှမဟုတ် ရက်စက်တာလား … ဒီကိစ္စအပေါ် ငါ ဘာမှတ်ချက်မှတော့ မပေးချင်ဘူး …. ကြည့်ရှုသူတွေဆီမှာ မျှတတဲ့ အမြင်တွေ ရှိမယ်လို့ ယုံကြည်တယ် ….”
ချန်ယွီ့၏ နောက်ဆုံး စကားက ကြည့်ရှုသူများကို မီးစာထည့်ပေးလိုက်သလိုပင်။
သောင်းနှင့်ချီသည့် ကွန်းမန့်များက စကားပြောခန်းထဲတွင် ထွက်ပေါ်လာခဲ့ပြီး အားဝေ့၏ လုပ်ရပ်အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်လာကြတော့သည်။
အဆိုပါ တိရစ္ဆာန်များ လွှတ်ပေးသည့် လုပ်ငန်းများ၌ ပါဝင်ခြင်း ၊ သို့မဟုတ် သားသတ်လွတ်စားခြင်းက သူမ၏ ရွေးချယ်မှု ဖြစ်သည်။ သို့ပေမယ့် သူမ၏ ရွေးချယ်မှုကို အခြားသူများလည်း ရွေးချယ်ရမည်ဟူ၍ အတင်းအကြပ် ရွေးချယ်ရမည်ဟု ပြုလုပ်သည်ကတော့ မဖြစ်သင့်ပေ။
ဤသည်က အရှက်တရား ကင်းမဲ့တာ ဖြစ်၏။
တိုင်ပင်ဆွေးနွေးမှု စတင်ကတည်းက [ဒုက္ခအပေါင်းက ကယ်တင်ပေးမည့် ဆရာတော်] ၊ ဒါမှမဟုတ် အားဝေ့တို့၏ လုပ်ရပ်အပေါ် မှန်ကန်သည်ဟု မြင်မိသူ မည်သူတစ်ဦးတစ်ယောက်ကမျှ ရှိမနေချေ။
[ဒုက္ခအပေါင်းက ကယ်တင်ပေးမည့် ဆရာတော်]က ရာနှုန်းပြည့် လူလိမ်တစ်ဦး ဖြစ်သည်ကိုတော့ ငြင်းခုန်စရာ အကြောင်း မရှိပေ။
ချန်ယွီ့ သူ့အား ဘုရားစာ ရွတ်ခိုင်းသည့် အချိန်၌ ပျော်ပျော်နေတတ်သည့် သိုးလေးနှင့် ဝံပုလွေဆိုးကြီး၏ သီချင်းကို ညည်းပြခဲ့သည်။
ပေါက်ကရများလည်း တစ်ခုပြီး တစ်ခု ပြောနေခဲ့သေး၏။
တစ်ဖက်ရှိ အားဝေ့ကတော့ [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]၏ ဦးနှောက်ဆေးခြင်းကို လုံးလုံးလျားလျား ခံထားရသူပင်။
သူမက နိုင်ငံရပ်ခြားရှိ တက်ကြွလှုပ်ရှားသူများ၏ မျက်နှာနှစ်ဖက်နှင့် အရှက်ကင်းမဲ့မှုကို ပီပီပြင်ပြင် မီးမောင်းထိုးပြနေသည့် ဥပမာတစ်ခုပင်။
[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]ကို တိုက်ခိုက်နေသည့် ကွန်းမန့်များကို မြင်တော့ အားဟွေ့က ကျယ်လောင်စွာ ဆိုလိုက်၏။ “ ဒီမှာ ရှင်တို့တွေ ကျွန်မကို ကြိုက်သလို ပြောလို့ရတယ် … ဒါပေမယ့် ကျေးဇူးပြုပြီး ဆရာတော်ကိုတော့ မစော်ကားကြပါနဲ့ ….”
“ ဆရာတော်က သိပ်ကို အကြင်နာကြီးတဲ့ ဘုန်းကြီးတစ်ပါးပါ … သူက ကျွန်မတို့လို ပရဟိတ သမားတွေကို ကောင်းမှုတွေ စုစည်းနိုင်အောင် ကူညီပေးရုံတင် မကသေးဘူး .. ဗုဒ္ဓရဲ့ သက်ရှိသတ္တဝါ အားလုံးကို ကယ်တင်ပေးတယ် ဆိုတဲ့ သဘောတရားကိုလည်း ဖြန့်ဝေပေးဖို့ လုပ်နေတာ ….”
“ ခဏနေကြရင် ဆရာတော်က ကျွန်မတို့လို ပရဟိတသမားတွေနဲ့ ကိုးကွယ်သူတွေကို ဦးဆောင်ပြီး ယုန်တွေ တင်လာတဲ့ ထရပ်ကားတစ်စင်းကို ကြားဖြတ်တားဖို့ လုပ်နေတယ် …”
“ ထရပ်ကားထဲမှာ ယုံတွေ ထောင်နဲ့ချီပါတယ် .. သိပ်မကြာခင်မှာ သူတို့လေးတွေက တစ်စုံတစ်ယောက်ရဲ့ စားပွဲပေါ်က စားစရာတွေ ဖြစ်လာကြတော့မှာ ….”
“ လူသားတွေရဲ့ စားသောက်လိုစိတ် သပ်သပ်အတွက်နဲ့ ထောင်နဲ့ချီတဲ့ ယုန်လေးတွေက သေပေးရတော့မယ် … ဒါ ဘယ်လောက်တောင်မှ ရက်စက်ထားလိုက်လဲ …”
“ ဆရာတော်က ကျွန်မတို့ကို ဦးဆောင်ပြီး ကပ်ဘေး ဒုက္ခကြီးကို ရှောင်စေချင်နေတာ …”
“ သူ အခု လုပ်နေတာတွေထဲမှာ တုနှိုင်းမဲ့တဲ့ မေတ္တာ တရားတွေ ပါဝင်နေရုံတင် မကဘူး … လူတိုင်း လေ့လာသင်ယူသင့်တဲ့ အရာတွေလည်း ရှိတယ် ….”
“ အဲ့လို အင်မတန် မွန်မြတ်လှတဲ့ ဆရာတော်ကို စော်ကားနေကြတာ ရှင်တို့ကိုယ်ရှင်တို့ အပြစ်ရှိတယ်လို့ မခံစားကြရဘူးလား ….”
ကြည့်ရှုသူများမှာ ဒေါသထွက်လွန်း၍ ရယ်မောလုနီးပါး ဖြစ်သွားခဲ့သည်။
သားငါးရောင်းတာနဲ့ အသားစားတာက အပြစ်ကြီးတယ် ဟုတ်လား …
အဲ့ဒီ ဆရာတော်ကရော သားသည်၊ ငါးသည်တွေ ရောင်းတဲ့ အသားကို စားနေတာပဲ မဟုတ်ဘူးလား …
လူကို အပြစ်ရှိတယ်တွေ ၊ ဘာတွေ ဘာလို့ လာပြောနေတာ …
“ ကောင်မလေး …. မင်း နှိုးထလိုက်တော့ ….. မင်း လေးစားနေတဲ့ ဆရာတော်ဆိုတာ လူလိမ်တစ်ယောက်ထက် မပိုဘူး …”
“ သူ့ ဘုန်းကြီးကျောင်းက တရားဝင် လိုင်စင်တောင် ရှိတာ မဟုတ်ဘူး … သူ့ကိုယ်သူ ဘုန်းကြီးဆိုပြီး ဘွဲ့ပေးထားတာပဲ ရှိတယ် ….”
“ မင်းစောနတုန်းက အဲ့ကတုံး ကာတွန်း ဇာတ်ဝင်တေးကို ဘုရားစာဆိုပြီး ညည်းနေတာကို မြင်လိုက်ရမှာကွာ ….”
“ တခြားရောဂါတွေ အကုန်လုံးမှာ ဆေးရှိတယ် … ဒါပေမယ့် မိမိ စိတ်အေးချမ်းခြင်းဆိုတဲ့ ရောဂါကတော့ ဘယ်သူမှ ကုပေးလို့ရမဘူး …..”
“ ချီးကို တုနှိုင်းမဲ့ မေတ္တာပါလား … ငွေရှာနေတယ်ဆိုတာ ဒီလောက်ထိ မြင်သာနေကြီးကို ….”
“ ယုန်လေးတွေက ချစ်ဖို့ကောင်းတယ် … ဒါပေမယ့် သူတို့ကို အစာသွပ်လုပ်ပြီး ခပ်စပ်စပ်လေး လုပ်စားရတာ ပိုကြိုက်တယ် … စားမလား ညီမလေး … ကိုယ်ကြီး လက်ရာကို တစ်ခါလောက် စားပြီးသွားရင် တမ်းတမ်းစွဲ ဖြစ်သွားမှာနော်….”
“ တိရစ္ဆာန်တွေကို လေးစားပေးဖို့ အကောင်းဆုံးနည်းလမ်းက အရသာရှိရှိ ချက်ပြုတ်ပြီး စားသုံးပေးတာပဲ ….”
အားဝေ့မှာ သူမအား အမျိုးမျိုး လှောင်ပြောင်နေသည့် ကွန်းမန့်များကို ဖတ်ရှုရင်း မျက်နှာကြီး နီရဲလာသည်။
သူမ ရင်ဘက်ထဲတွင် [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က ဘုရားလောင်းနှင့် တစ်တန်းတည်းပင်။
သူ့ ပုံရိပ်အား အခြားမည်သူကမျှ စော်ကားသည်ကို သည်းမခံလိုပေ။
[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]အား ရိုင်းစိုင်းစွာ ပြောဆိုနေသူများအားလုံးကို သူမဘက်ကလည်း ယဉ်ကျေးပေးသွားမှာ မဟုတ်ချေ။
“တော်လောက်ပြီ … ရှင်တို့တွေ တော်လိုက်ကြတော့ …”
အားဝေ့က ဒေါသတကြီးနှင့် အော်ဟစ်လိုက်ပြီး “ ဆရာတော်ရဲ့ ဘုန်းကြီးကျောင်းက လိုင်စင် မရှိတော့ရော ဘာဖြစ်လဲ … ရှေးတုန်းက ဘုန်းကြီးကျောင်းတွေမှာရော လိုင်စင်ဆိုတာ ရှိလို့လား … အဲ့တာတောင် သူတို့ရဲ့ ကျောင်းထဲမှာ အမွှေးနံ့သာနံ့တွေ ပြည့်နှက်နေတာပဲ မဟုတ်ဘူးလား …. “
“ ရှင်တို့တွေက ဘာလို့ အဲ့လောက်ထိတောင် လုပ်ထုံးလုပ်နည်းတွေကို လိုက်ဂရုစိုက်ချင်နေကြတာလဲ ….”
“ ဒီနှစ်တွေထဲ ဆရာတော် လုပ်ပေးခဲ့တဲ့ ကောင်းမှုတွေကို ရှင်တို့ တစ်ချက် တွေးကြည့်ကြစမ်းပါ …”
“ ကျွန်မတို့ လှူတဲ့ ပူဇော်သက္ကာ ငွေတွေကို ဆရာတော်က တိရစ္ဆာန်လေးတွေ လွှတ်ပေးဖို့နဲ့ အသက်တွေကို ကာကွယ်ပေးဖို့အတွက် အသုံးပြုနေတယ် … အဲ့ငွေတွေကို ဆရာတော်က တစ်ပြားတစ်ချပ်လေးတောင် သူ့ကိုယ်ကျိုးအတွက် သုံးတာမျိုး မရှိဘူး ….”
အလွန်အမင်း စိတ်အနှောင့်အယှက် ဖြစ်နေသည့် အားဟွေ့သည် သူမက စေတနာ့ ဝန်ထမ်း တစ်ဦးမျှသာ မဟုတ်ဘဲ စာရင်းကိုင် တစ်ဦးလည်း ဖြစ်ကြောင်း ဆိုလာသည်။ ဆရာတော်က သူတို့၏ အလှူငွေများကို တစ်ပြားတစ်ချပ်လေးမျှပင် အလေအလွင့် မဖြစ်စေခဲ့ကြောင်းကို တပ်အပ် သေချာစွာ သိသည်။
ပူဇော်ဝတ္ထုငွေတိုင်းကို သူတို့၏ တိရစ္ဆာန်လွှတ်သည့် လုပ်ငန်းများအတွက် အသုံးချခဲ့သည်။
[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]၏ ဘုန်းကြီးဟူသော အထောက်အထားနှင့် ဘုန်းကြီးကျောင်း၏ တရားဝင် လိုင်စင်တို့ … စသည့် အရာများ ရှိခြင်း ၊ မရှိခြင်းက အရေးမကြီးပေ။ ထိုကဲ့သို့သော လုပ်ထုံးလုပ်နည်းတို့က လက်ရှိ ဆယ်စုနှစ် အနည်းငယ်ဝန်းကျင်လောက်မှ စတင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်၏။
ရှေးခေတ် အချိန်ကဆိုလှင် ဘုန်းကြီးကျောင်း တစ်ခုခုရှိ ဘုန်းကြီးက အစိုးရ၏ တရားဝင် အသိအမှတ်ပြုမှုကို လိုအပ်သည်ဟူသော ကိစ္စမျိုးကို သူမ မကြားဖူးခဲ့ပေ။
အစိုးရ၏ တရားဝင် ခွင့်ပြုချက် မရှိပါဘဲ အသက်များကို ကယ်တင်ခွင့် မရှိသည့် ဘုန်းကြီးကျောင်းဟူ၍လည်း သူမ တစ်ခါမျှ မကြားဖူးပါချေ။
ပြောရင်းဖြင့် အားဟွေ့က ဆရာဝန်တစ်ဦး၏ ကျွမ်းကျင်မှုနှင့် စပ်လျဉ်း၍ ထောက်ပြလာခဲ့ချေ။ လက်ရှိ ခေတ်တွင် ဆရာဝန်များက လက်မှတ်လိုသည်။ သို့သော် ရှေးခေတ် အချိန်အခါက တိုင်းရင်းသမားတော်များသည် လက်မှတ်မရှိလင့်ကစား၊ လူနာများကို ကုသနိုင်ကြသည်။
ပျန်းချွဲ့၊ ဟွားထော်၊ စွန်းစီမြောင်၊ လီရှစ်ကျန်း …
ထိုသူတို့တွင် ဆေးပညာရှင် အသိအမှတ်ပြု ဘွဲ့လက်မှတ်များ ရှိကြ၏လော။
တရားဝင် အသိအမှတ်ပြု လက်မှတ်မရှိလျှင်ပင် နောက်မျိုးဆက်ပေါင်းများစွာက နတ်သမားတော်ဟု အသိအမှတ်ပြုရလောက်သည့် ကျွမ်းကျင် သမားတော်များ ဖြစ်ခဲ့ကြသည်။
“ အားဟွေ့ရေ … အချိန်ကျပြီ … သွားဖို့ အသင့်ပြင်ထားတော့ ….”
သက်လတ်ပိုင်း အမျိုးသမီးက အပြင်ဘက်မှ ဝင်ရောက်လာခဲ့၏။
ယုန်များအား သယ်ဆောင်လာသည့် ထရပ်ကားက စတင် ထွက်ခွာလာနေလေပြီ။
နောက် ဆယ်မိနစ်အတွင်း ရှေ့လမ်းမှတစ်ဆင့် ဖြတ်ကျော်သွားရမှာ ဖြစ်၏။
ဤစကားကြားတော့ အားဟွေ့ လိုက်စထွင်းကို အဆုံးသတ်ဖို့ ကြံရွယ်နေစဉ်မှာပဲ ရုတ်ချည်း တစ်စုံတစ်ရာကို တွေးတောမိသွားခဲ့ကာ အပြင်သို့ အလျင်စလိုနှင့် ပြေးထွက်သွားခဲ့သည်။
ခေတ္တကြာပြီးနောက် ကွန်ပျူတာရှေ့မှောက်သို့ ပြန်ရောက်လာသည်။
“ ကျွန်မတို့ လုပ်နေတဲ့ အရာတွေက ကိုယ့် ကိုယ်ပိုင် အကျိုးစီးပွား တစ်ခုမှ မပါဘူးဆိုတာ သက်သေပြဖို့အတွက် ကျွန်မ ဆရာတော်နဲ့ တိုင်ပင်ပြီး ကျွန်မတို့လုပ်နေတဲ့ ကောင်းမှုတွေကို ရှင်တို့ မျက်လုံးနဲ့ ကိုယ်တိုင် မြင်နိုင်အောင်လို့ ပြပေးဖို့ ဆုံးဖြတ်ထားတယ် …”
“ ဒေါက်တာချန် … ရှင်ရော ဘယ်လို သဘောရလဲ ….”
“ ရတယ်လေ ….”
ချန်ယွီ့ ခေါင်းညိတ်လိုက်သည်။
“ အားတော့နာပေမယ့် နောက်လူနာက ခဏတော့ စောင့်ပေးပါဦး …”
ချန်ယွီ့၏ တတိယလူနာက အိုကေ ဟူသည့် အီမိုဂျီ တစ်ခုကို ပေးပို့လာခဲ့သည်။
အားဟွေ့ ချက်ချင်းပဲ ခေါ်ဆိုမှုကို ဖြတ်တောက်လိုက်ပြီး ဆရာတော်၏ အကောင့်ကို သူမ ဖုန်းထဲ လော့အင် ဝင်လိုက်၏။
ထို့နောက် ဖုန်းကို ကိုင်ဆောင်ရင်း အခန်းထဲက ထွက်လာခဲ့လေသည်။
ထိုအချိန်အခိုက်အတန့်မှာပဲ အပြင်ဘက်၌ စေတနာ့ဝန်ထမ်း တစ်ဒါဇင်ကျော်လောက်က တံခါးပေါက်ဝနားတွင် စုဝေးနေကြသည်။
အမျိုးသား ၊ အမျိုးသမီး၊ လူကြီး ၊ လူငယ် စသဖြင့် အရွယ်စုံအေင် ရှိနေပြီး အများစုကတော့ သက်လတ်ပိုင်းများနှင့် သက်ကြီးပိုင်းတို့ များလေသည်။
၎င်းတို့အားလုံးက အဝါရောင် စွပ်ကြယ်များ ဝတ်ဆင်ထားကြပြီး နောက်ကျောတွင် ဆောင်ပုဒ် တစ်ခုကို ရေးသားထား၏။
‘ သနားကြင်နာမှုရှိပါ ‘ …