ဗုဒ္ဓက သူ့အသားကို လှီးပြီး သိမ်းငှက်တစ်ကောင်ကို ကျွေးခဲ့တယ်
Vol. 23 Ch. 225
“ ဆရာတော်က တကယ့်ကို မွန်မြတ်လှတဲ့ ဘုန်းတော်ကြီး တစ်ပါးပါပဲ … သူ ပြောလိုက်တဲ့ စကားလုံးတိုင်းမှာကိုက သဘောတရားတွေနဲ့ ပြည့်နေတယ်….”
“ ကျုပ်တို့ကတော့ ဆရာတော် မိန့်ဆိုတဲ့ အတိုင်းပဲ လိုက်နာမှာပါ ….”
လူတိုင်း၏ စကားကို ကြားတော့ [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က ပြုံးလိုက်သည်။
“ ဒီနေ့ပြီးသွားရင် ဘုန်းကြီးတို့ရဲ့ ဒကာတော်က ဉာဏ်အလင်း ပွင့်လာလိမ့်မယ် .. သူ နောက်နောင် ဒါမျိုး အလုပ်တွေ ဆက်လုပ်ဖြစ်တော့မယ်လို့ မထင်ဘူး ….”
“ တကယ်လို့ လူတိုင်းက ဘုန်းကြီးကို ယုံကြည်ပြီး သဘောတူကြတယ်ဆိုတော့ ဘုန်းကြီးတို့မှာ ရှိတာတွေ အကုန်စုပေါင်းလိုက်ကြတာပေါ့ … ဘယ်လောက်ထုတ်နိုင်မလဲ ကြည့်ကြမယ် …. ဘယ်လို သဘောရကြလဲ ….”
[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က သူ့ သင်္ကန်း အထဲကနေ ယွမ် ရာတန် အနည်းငယ်ကို ထုတ်လာခဲ့ပြီး ဒရိုင်ဘာ၏ လက်တွင်းသို့ ထည့်ပေးလိုက်သည်။
“ ဆရာတော် … ရှင့်မှာက လစဉ်အသုံးစရိတ် ယွမ် တစ်ထောင်တည်းပဲ ရှိတာလေ … အဲ့ ပိုက်ဆံတွေ အကုန်လုံးကို ဒီလို ထုတ်ပေးလိုက်မှတော့ ဘယ်လိုလုပ်မှာလဲ ….” အားဟွေ့က အလျင်အမြန်ဖြင့် ပြောလိုက်သည်။
“ မဟုတ်ဘူး မဟုတ်ဘူး …. ရှေးခေတ်အခါမှာ ဗုဒ္ဓက သူ့အသားကို လှီးပြီး သိမ်းငှက် အစာကျွေးခဲ့ဖူးတယ် … ဒီနေ့မှာ ဒီ နွမ်းပါးတဲ့ ဘုန်းကြီးကလည်း ယုန်တစ်ကောင်အတွက် ကိုယ့်ကိုယ်ကို စတေးလိုက်မယ် ….”
“ ဒါက ဘုန်းကြီးတို့ရဲ့ ဉာဏ်အလင်းပွင့်မယ့် ဖြစ်စဉ်မှာ လိုကိုလိုအပ်တဲ့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပဲ … အားဟွေ့ … မင်း ငါ့ကို စိတ်ပူစရာ မလိုဘူး …. “
“ ကျောင်းမှာ ဆန်အိတ် တစ်ဝက် ကျန်သေးတယ် … ပြီးတော့ ခေါက်ဆွဲ တစ်အိတ်ရောပဲ … ရေနဲ့ထမင်းရှိရင် ဘုန်းကြီး အဆင်ပြေပါပြီ ….”
“ ဆရာတော် … ရှင်က သိပ်ကြည်ညိုဖို့ ကောင်းတာပဲ ….”
အားဟွေ့ ရင်ထဲ ခံစားသွားခဲ့ရပြီး မျက်ရည်စက်တို့က မိုးရွာသွန်းဖြိုးသည့်နှယ် စီးကျလာခဲ့သည်။
အခြားသော စေတနာ့ဝန်ထမ်းများကလည်း အလားတူ မျက်ရည်များအား သုတ်နေကြ၏။ မဟုတ်လည်း ကရုဏာရှင် ဗုဒ္ဓဟု လက်အုပ်ချီလျက် ရေရွတ်နေကြလေသည်။
ထိုအချိန်အခိုက်အတန့်၌ လေထုအခြေအနေမှာ ဘာသာတရား ကိုင်းရှိုင်းမှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။
အစ်မဝမ်က ဒရိုင်ဘာထံမှ ငွေပေးချေရမည့် ကျူအာကုတ်ကို တောင်းလိုက်သည်။ ထို့နောက် လူတိုင်းက နေရာမှာတင်ပဲ ပိုက်ဆံများ ထုတ်လာကြလေသည်။
[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က အားဟွေ့ကို လူတိုင်း ကြိုတင် စုဆောင်းထားသည့် ယွမ် တစ်သိန်းအား ဒရိုင်ဘာထံ လွှဲပေးဖို့အတွက် မိန့်ကြားလိုက်သည်။
များမကြာမီ ဒါဇင်နှင့်ချီသည့် စေတနာ့ ဝန်ထမ်းများထံက နောက်ထပ် ယွမ် ခြောက်သောင်း စုစည်းလိုက်နိုင်သည်။
ပိုက်ဆံများကို လက်ခံရရှိပြီးနောက် သက်လတ်ပိုင်း ဒရိုင်ဘာက အကြိမ်ကြိမ် သက်ပြင်းချနေမိသည်။
သူ တစ်စုံတစ်ရာကို ပြောလိုက်ချင်သော်လည်း အဆုံး၌ စာရွက်စာတမ်းများ အားလုံကို [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]လက်ထဲသို့ မည်သည့် စကားတို့မျှ မဆိုပါဘဲ ထည့်ပေးလိုက်လေသည်။
ထို့နောက် လေးလံသည့် ခြေလှမ်းတို့ဖြင့် ထရပ်ကားထံ ပြန်ရောက်သွားခဲ့သည်။
ကားအင်ဂျင်စက်ကို တစ်ဖန် ပြန်နှိုးလုက်၏။ ပြီးသည့်နောက် ခေါင်းထွက်လာသည်။
ကားအပြင်ဘက်သို့ တွေးတွေးဆဆနှင့် ခေတ္တမျှ ကြည့်ရှုပြီးနောက် …
သက်လတ်ပိုင်း ဒရိုင်ဘာက တုံ့ဆိုင်းခြင်း မရှိ ကားမောင်းထွက်သွားခဲ့သည်။
“ ဟင်း … နောက်တစ်နေရာကတော့ ဒုက္ခရောက်ရတော့မယ် ….”
“ ဒီလူတွေက သူတို့ပိုက်ဆံတွေနဲ့ ယုန်တွေကို ဝယ်တယ် … ဟုတ်တယ် … ဒရိုင်ဘာကိုတော့ ဘာဒုက္ခမှ မဖြစ်စေဘူး … ဒါပေမယ့် အခု အဲ့လောက် ယုန်တွေ အများကြီးကို ဘယ်လို ကိုင်တွယ်ကြတော့မှာ …”
“ တကယ်လို့ တစ်နေရာတည်းမှာ လွှတ်ထားပေးပြန်ရင်လည်း ဂေဟစနစ်အပေါ် ထိခိုက်မှု ရှိလာပြန်ဦးမယ် ….”
“ စိတ်ဝင်စားဖို့ကောင်းတဲ့ ဗဟုသုတတစ်ခု : ယုန်တွေက မျိုးပွားနှုန်း အင်မတန်ကြမ်းတဲ့ သက်ရှိတစ်မျိုးပဲ … သောင်းနဲ့ချီတဲ့ ယုန်တွေက အချိန်တိုလေးအတွင်း အကြိမ်ပေါင်းများစွာ တစ်သုတ်ပြီးတစ်သုတ် သားပေါက်နိုင်တယ် … “
“ အိုး ဘုရားရေ … ငါတို့မြို့ကတော့ မကြာခင် ယုန်တွေ သိမ်းပိုက်တာ ခံရတော့မှာပါလား ….”
“ ယုန်တွေက ဒီလောက်ထိ ချစ်ဖို့ကောင်းတာ မီးဖိုချောင်ထဲ ဘာလို့ မပို့လိုက်လဲ ….”
“ ဒီယုန်တွေ ကြည့်ရတာ နိုင်ငံခြားက တင်ပို့လာတဲ့ ယုန်တွေနဲ့လည်း မတူပါဘူးဟ …..”
ကိစ္စပြီးသွားတော့ ကြည့်ရှုသူများက သူတို့၏ အာရုံကို ယုန်များဘက်သို့ လှည့်လာခဲ့ကြသည်။
“ ဒေါက်တာချန် … မင်း ဘာလို့ ဘာမှ မပြောဘဲ နေနေတာလဲ ….”
ထိုအချိန်အခိုက်အတန့်မှာပဲ စကားပြောခန်းထဲရှိ တစ်စုံတစ်ဦးက ချန်ယွီ့သည် အစမှ အဆုံးထိတိုင် သူ၏ ရပ်တည်ချက်ကို ဖော်ပြခြင်း မရှိခဲ့ကြောင်း သတိပြုမိလိုက်လေသည်။
“ မင်းတို့တွေ တော်တော်များများ အရင်က ရာဇဝတ်မှုခင်း ဇာတ်ကားတွေ ကြည့်ဖူးလောက်ကြမှာပါ ဟုတ်တယ်မလား …” ချန်ယွီ့ ပြောလိုက်ပြီး “ မင်းတို့တွေ ဇာတ်ကားကြည့်နေတဲ့အချိန် တိတ်တိတ်လေး နေတာက ပုံမှန်ပဲ မဟုတ်ဘူးလား ….”
တစ်စုံတစ်ယောက်က အလျင်အမြန်ပဲ ကွန်းမန့် ပေးပို့လာသည်။
“ ဒေါက်တာချန် … ပြဇာတ်ကလည်း လိုက်ကာချသွားပြီ … ဇာတ်လမ်းကလည်း ပြီးသွားပြီဆိုတော့ ဒီကိစ္စကို ဘယ်လိုထင်လဲ … သူတို့တွေ ဒီယုန်တွေကို ဘယ်နေရာ လွှတ်ပေးလိုက်မယ်လို့ စဉ်းစားမိလဲ ….”
“ သုံးရက်ကြာပြီးနောက်မှာ သူတို့တွေ ဒီနဲ့ ဆယ်ကီလိုမီတာလောက် ဝေးတဲ့ ရွာတစ်ရွာမှာ သွားလွှတ်ပေးကြလိမ့်မယ် …”
ထိုစကားကြားတော့ ကျေးလက်တွင် နေထိုင်သူများ … ဒါမှမဟုတ် ကျေးလက်ဘက်မှ လူများက [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]ကို သတ်ပစ်ချင်လာကြသည်။
ထောင်နဲ့ချီတဲ့ ယုန်တွေကို တစ်နေရာတည်းမှာ လွှတ်ပေးရလောက်အောင် အဲ့ဒီနေရာနဲ့ သူ့ကြားမှာ ဘယ်လိုမုန်းတီးမှုတွေများ ရှိနေလို့ပါလိမ့် …
( ယုန်က တစ်ထောင်ပါပဲ … ဒါပေမယ့် ပြောလို့ကောင်းအောင် နည်းနည်းချဲ့ကားပြီး ပြောထားတာပါ )
စကားပြောခန်းထဲရှိ လူတစ်ချို့က ယုန်များ၏ မျိုးပွားနိုင်စွမ်းနှင့် ပတ်သက်၍ သိပ်မယုံကြည်သည့် မျက်နှာပေးများနှင့် ရှိနေကြသည်။ သို့သော် အင်တာနက်ပေါ်၌ ကိုယ်တိုင်ရှာဖွေပြီးနောက် သူတို့အားလုံး ရှော့ခ်ရသွားခဲ့ကြ၏။
ယုန်မတစ်ကောင်က တစ်နှစ်လျှင် ယုန်သားလေး ၁၂ ကောင်ကို မွေးထုတ်ပေးနိုင်သည်။
၎င်းတို့၏ ကိုယ်ဝန်ဆောင်ချိန်ကလည်း တိုတောင်းပြီး နောက်တစ်ကြိမ် ကိုယ်ဝန်ပြန်ဆောင်ဖို့ရာအတွက် တစ်လခန့်မျှသာ အားပြန်မွေးဖို့ လုံလောက်သည်။
အကယ်၍ အဆိုပါ ယုန်များကို ရွာအနီးနား တစ်နေရာသို့ လွှတ်ပေးလိုက်မည်ဆိုပါက အတွင်းအပြင်ရှိ ကောက်ပဲသီးနှံများအားလုံး ဖျက်စီးခံလိုက်ရပေမည်။
ရွာတစ်ခုလုံး စွန့်ပစ်ကျေးရွာကြီး ဖြစ်သွားဖို့အတွက် အချိန် ဘယ်လောက်မျှတောင် ပေးလိုက်ရမှာ မဟုတ်ချေ။
စကားပြောခန်းထဲရှိ ကွန်းမန့်များကို ဖတ်ရှုရင်း အားဟွေ့က မကျေမချမ်း ဖြစ်စွာဖြင့် “ အခုကြည့်နေတဲ့လူတွေ … ရှင်တို့က ကိုယ့်အတွက်ကိုယ်ပဲ တွေးပေးတတ်ကြလွန်းတယ် ….”
“ ဒီလောကကြီးက လူသားတွေ တစ်ဦးတည်း အပိုင်မှ မဟုတ်တာ … တခြား သက်ရှိတွေနဲ့လည်း ဆိုင်သေးတယ်လေ ….”
“ ကမ္ဘာမြေကြီးက သက်ရှိတွေအားလုံးရဲ့ မွေးရပ်မြေပဲ … အဲ့ဒီတော့ အသက်တွေကို ကာကွယ်ပေးဖို့အတွက် နည်းနည်းလောက်လေး စတေးပေးလိုက်ရတာက ဘာများ ဖြစ်သွားမှာမို့လို့ ….”
“ နောင်ဘဝကျရင် ရှင်တို့လည်း သေချာပေါက် ကောင်းစားမှာပဲလေ …”
အားဟွေ့၏ စကားလုံးတို့က ပျားအုံကို တုတ်နှင့် ထိုးချလိုက်သကဲ့သို့ ဖြစ်သွားစေခဲ့သည်။
“ မင်း အဲ့လောက်ထိ ကုသိုလ်ရချင်နေရင် အဲ့ယုန်တွေကို မင်းအိမ်မှာ ခေါ်ပြီး မွေးထားလိုက်ပါလား ….”
“ စေတနာ့ဝန်ထမ်းတွေ ဒါဇင်ကျော်ရှိတယ် … တစ်ယောက်ကို အကောင်နှစ်ဆယ်ပဲ ယူလိုက် … လုံလောက်တယ် ….”
“ တကယ်လက်တွေ့ မလုပ်ပြနိုင်ဘဲနဲ့ စကားလေး ပြောတာလောက်ကတော့ ငါလည်း လုပ်နိုင်တာပေါ့ …..”
“ မင်းတို့ကောင်တွေလည်း အဲ့ဒီ ခွေးချစ်တဲ့ကောင်တွေနဲ့ ဘာမှ မထူးပါဘူးကွာ …”
“ မင်းတို့က မင်းတို့ရဲ့ ကိုယ်ပိုင် ခံစားချက်တွေ အကြောင်းပဲ ဂရုစိုက်ကြတယ် … တခြားလူတွေရဲ့ ခံစားချက်ကိုကျတော့ ဂရုမစိုက်ကြဘူး … မင်းတို့လည်း တစ်ကိုယ်ကောင်းဆန်ကြတာပဲ …”
“ မင်း ဘာကုသိုလ်မှ စုဆောင်းနေစရာ မလိုဘူး … အခုချက်ချင်း သေလိုက်… ပြီးရင် ဗုဒ္ဓဖြစ်လိုက် … မဟုတ်လည်း သူတော်စင်လို လုပ်ပြီး ဦးနှောက်မရှိတဲ့ စောက်ရူးတစ်သိုက်ကို လိုက်ပြီး ကယ်တင်ပေးနေလိုက် …”
“ မင်းနဲ့ သွေးချင်းမတော်စပ်တဲ့ အဖေတစ်ယောက်ကနေပြီး မင်းကို မိသားစုထဲကနေ ကန်ထုတ်လိုက်ပြီလို့ ကြေညာတယ် ….”
အဲ့ဒီတော့ စေတနာ့ဝန်ထမ်းတွေက တိရစ္ဆာန်လွှတ်ဖို့အတွက် ယွမ်သိန်းချီ သုံးခဲ့တယ်ဆိုတော့ရော ဘာဖြစ်လဲ …
တိရစ္ဆာန်တွေ လွှတ်ပေးလိုက်လို့ ပျက်စီးသွားတဲ့ ဂေဟစနစ်တွေက အဲ့ဒီ ယွမ်သိန်းဂဏန်းလောက်နဲ့ ဘယ်လိုမှ ပြန်ဖာထေးလို့ ရတဲ့အရာမဟုတ်ဘူး …
ယွမ် သိန်းအနည်းငယ် … ဒါမှမဟုတ် သန်းအနည်းငယ်ဆိုရင်တောင်မှ လောက်ချင်မှပဲ လောက်မှာ ….
သိပ်မကြာခင်တုန်းက မိကျောင်းခေါင်းတိုငါးတွေကို ဒီလူအုပ်ကြီးက လွှတ်ပေးပြီး ပန်းခြံရဲ့ အကြီးအကဲတွေကို ကန်ထဲက ရေတွေ ထရပ်ကားနဲ့ စုပ်ထုပ်ပစ်ဖို့ ဖြစ်လာစေတယ် …
အဲ့ဒီ မိကျောင်းခေါင်းတိုငါးလေး သုံးကောင်ကို ဖမ်းဖို့အတွက် လူလုပ် ရေကန်ကြီး တစ်ခုလုံးကို ဗလာကျင်းတဲ့အထိ စုပ်ထုတ်ပစ်ခဲ့ရတယ် …
တစ်ဖက်တွင်တော့ [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က လူတိုင်းကို ဦးဆောင်ပြီး ယုန်လှောင်အိမ်များကို ယူဆောင်ပြီး ၎င်းတို့ကို ဘုန်းကြီးကျောင်း အနောက်ထဲ ရွေ့ထားလိုက်သည်။
သုံးရက်ကြာပြီးနောက်တွင် ၎င်းတို့ကို လွှတ်ပေးမှာ ဖြစ်၏
လွှတ်ပေးမည့် အချိန်ကလည်း ချန်ယွီ့ ခန့်မှန်းထားသည့်အတိုင်း အတိအကျပင်။
လွှတ်ပေးမည့် တည်နေရာကတော့ ဆယ်ကီလိုမီတာကျော်မျှ ကွာဝေးသည့် ရွာလေးတစ်ရွာ အနီးနားတွင် ဖြစ်၏။
အားဟွေ့က လမ်းလျှောက်နေရင်း ကြည့်ရှုသူများနှင့် ငြင်းခုန်နေသည်။
“ အားဟွေ့ … မင်း အခု လုပ်နေတာတွေက တကယ်ပဲ မှန်ကန်တယ်လို့ ယုံကြည်နေတာလား ….” ချန်ယွီ့ မေးလိုက်သည်။
“ ဒေါက်တာချန် … သိပ်နောက်ကျလွန်းနေပြီ …” အားဟွေ့က သမာသမတ်ကျဟန်ဖြင့် “ ရှင် မြင်သင့်တာလည်း မြင်ပြီးသွားပြီ … အဲ့တာကို ရှင့်ဘက်က ဘယ်လို လက်ခံမလဲဆိုတာကတော့ ရှင့်အပိုင်းပဲ ….”
“ ဆရာတော်က သက်ရှိတိုင်းမှာ မတူကွဲပြားတဲ့ နားလည်မှု စွမ်းရည်တွေ ရှိတယ်လို့ ကျွန်မတို့ကို အကြိမ်တွေ အများကြီး သင်ပေးခဲ့တယ် … ဒါကြောင့်မို့ သူတို့ရဲ့ နားလည်နိုင်တဲ့ စွမ်းရည်ကလည်း ကွာခြားကြတာ မဆန်းပါဘူး …”
“ ကျွန်မတို့ရဲ့ အသိစိတ်ကို ထိန်းသိမ်းထားပြီး မှန်ကန်တာတွေ ဆက်လုပ်နေသရွေ့ လုံလောက်ပြီ …”
“ တကယ်လို့ ရှင်တို့က နားလည်သဘောပေါက်လို့ ကူညီတချင်တယ်ဆိုရင်တော့ … ဂုဏ်ယူပါတယ် … ရှင်တို့တွေ ဉာဏ်အလင်းပွင့်သွားကြပြီ ….”
“ တကယ်လို့ နားမလည်ဘူးဆိုရင်လည်း ကျွန်မ အပြစ်မတင်ပါဘူး … ရှင်တို့ရဲ့ နားလည်နိုင်စွမ်းက မလုံလောက်ဘူးလို့ပဲ ပြောချင်တယ် … ပြီးတော့ အချိန်ကလည်း မကျလာသေးလို့ပဲ ….”
“ အားဟွေ့ … ငါတို့ လောင်းကြေးထပ်ကြရင်ကော ဘယ်လိုလဲ …” ချန်ယွီ့ ညင်သာစွာ ပြုံးလိုက်သည်။
“ လောင်းမယ်ဟုတ်လား … ဘာကို လောင်းမှာ ….”
အားဟွေ့ ဇဝေဇဝါ ဖြစ်သွားခဲ့၏။
“ ငါတို့ စစတွေ့ချင်းတုန်းက မင်း ငါ့ရဲ့ လွှမ်းမိုးမှုကို အသုံးချပြီး လူတိုင်းကို တိရစ္ဆာန်လွှတ်တဲ့ လုပ်ငန်းတွေမှာ ပါဝင်ပေးကြဖို့ တိုက်တွန်းစေချင်နေတာမလား ….”
“ အဲ့ဟာကို လောင်းကြေးတင်ကြမယ်… ငါပြောတဲ့အတိုင်း လုပ်ပြီးလို့ တကယ်က မင်းလုပ်တာ မှန်တယ်လို့ ထင်နေသေးရင် မင်းရဲ့ လှုပ်ရှားမှုတွေကို မနက်ဖြန်ကစပြီး တစ်လတိတိ ငါ့လိုက်စထွင်းမှာ ကြေညာပေးမယ် …”
“ ပြီးတော့ မင်းနဲ့အတူ လိုက်ပြီး အသားစားတာကိုပါ ရှောင်ကြဉ်ပေးမယ် ….”
လိုက်စထွင်းထဲရှိ ကြည့်ရှုသူများမှာ ကနေဦးတွင်တော့ ကြက်သေသေသွားခဲ့ကြသည်။ သို့သော် မကြာမီ ဉာဏ်လျင်သည့် လူတော်တော်များများက တုံ့ပြန်လာခဲ့ကြ၏။
ချန်ယွီ့သည် သူတို့ကို ယခင်က တစ်ကြိမ်လေးသော်မျှ စိတ်မပျက်စေခဲ့ပေ။
သူ ယခုလိုမျိုး အားဟွေ့နှင့် လောင်းကြေးထပ်သည့် ကိစ္စတွင် ကျိန်းသေပေါက် တစ်ခုခုတော့ ရှိရပေမည်။
ဆိုလိုသည်က အားဟွေ့၏ ပင်ကိုယ်အမြင်များသည် ကြီးစွာ သက်ရောက်သွားပြီး သိသိသာသာ ပြောင်းလဲသွားလိမ့်မည် ဟူ၍ပင် …..