ရည်ရွယ်ချက်က ပိုက်ဆံပဲ
Vol. 23 Ch. 226
“ မင်းကိုယ်မင်း မှန်ကန်တဲ့ အရာကို လုပ်နေတယ်လို့ ယုံကြည်ချက် ရှိတယ်ဆိုရင် ဘာလို့ လောင်းကြေးမထပ်မှာ … ဘာလဲ … မင်းကိုယ်မင်း အပြစ်ရှိတယ်လို့ ခံစားနေရတာလား ….”
“ ငါလည်း ပါမယ် … တကယ်လို့ ဒေါက်တာချန် ရှုံးသွားခဲ့ရင် ငါပါ အတူလိုက်ပြီး သားသတ်လွတ်စားပေးမယ် ….”
“ ငါလည်း မနက်ဖြန် ရေသန့် တစ်ဖာ ဝယ်ပြီး ချောင်းထဲ လွှတ်ပေးမယ်ကွာ ….”
“ ငါလည်း ပါမယ် …. ငါကိုယ်တိုင် သားသတ်လွတ်စားရုံတင် မကဘူး … တစ်မိသားစုလုံးကိုပါ သားသတ်လွတ် စားခိုင်းမယ် …”
ကြည့်ရှုသူများက လျင်မြန်စွာ နောက်က လိုက်ပါလာကြသည်။
သူတို့၏ ကွန်းမန့်များက ရယ်ရွှင်ဖွယ်ရာ ကောင်းနေခဲ့၏။
“ ကောင်းပြီလေ ….” အားဟွေ့ ပြောလိုက်ပြီး “ ကျွန်မ ကတိပေးတယ် …. ရှင့်ဘက်ကလည်း ကတိတည်မယ်လို့ မျှော်လင့်တယ် … အဲ့တော့ ကျွန်မကို ရှေ့ဘာဆက်လုပ်စေချင်လဲ ….”
“ ဆရာတော်ရဲ့ အိပ်ခန်းထဲကို အခု သွားလိုက် … မှတ်ထားနော် … မင်း ဘာလုပ်နေလဲဆိုတာကို ဘယ်သူ့ကိုမှ မပြောပြနဲ့ … ပြီးတော့ တခြားသူတွေလည်း မင်းကို မတွေ့စေနဲ့ … တိတ်တိတ်လေးသွား ….”
ချန်ယွီ့ သူမအား တိုက်တွန်းလိုက်သည်။
ဆရာတော်၏ အိပ်ခန်းထဲသို့ ခိုးဝင်ဖို့က အနည်းငယ် ရိုင်းပြသော်လည်းပဲ အားဟွေ့သည် လောကသတ္တဝါများ ကယ်တင်နိုင်ရေးကို ရှေးရှု၍ ချိုးဖောက်ဖို့ ဆုံးဖြတ်လိုက်တော့သည်။
သူမ၏ ကောင်းမှုများကို ပို၍ ကြီးမားသည့် အကျိုးကျေးဇူးတို့ ရရှိဖို့ရာအတွက် စတေးပစ်လိုက်မည်။ သူ၏ တစ်လစာ အသုံးစားရိတ်ကို ကောင်းမှုပြုလုပ်ရန် အသုံးချပစ်လိုက်သည့် ဆရာတော်ကဲ့သို့ ဖြစ်၏။
မည်သူ့ကိုမျှ မဆိုပါဘဲ အားဟွေ့ သူမ၏ ဖုန်းကို ကိုင်ကာ လူတိုင်း၏ အာရုံကို တိတ်တိတ်လေး ရှောင်ရှားရင်း ဘုန်းကြီးကျောင်းထဲသို့ ခြေဖျားထောက်ရင်း ရောက်လာခဲ့သည်။
ဘုန်းကြီးကျောင်းက မကြီးမားပေ။ ၂၀၀ စတုရန်း မီတာ ပတ်လည်မျှသာ ရှိ၏။
ရှေ့က အဓိက ခန်းမကြီးဖြစ်ပြီး ခန်းမနောက်ဘက်တွင်တော့ အခန်းငယ်လေး များစွာ ရှိသည်။ သူမ အတွင်းဘက်အကျဆုံး အခန်းနားသို့ ရောက်လာတော့ အားဟွေ့က လက်ကို ဆန့်တန်းပြီး တံခါး တွန်းဖွင့်လိုက်သည်။
အပြင်အဆင်က ရိုးရှင်း၏။ ကုတင်တစ်လုံး၊ စားပွဲတစ်လုံး ၊ ကုလားထိုင်တစ်လုံး နှင့် ကြမ်းပြင်တွင် ကော်ဇော တစ်ချပ်သာ ခင်းထားသည်။
ကြီးမားသည့် လက်ဆွဲသေတ္တာကြီး နှစ်လုံးလည်းရှိ၏။
၎င်းတို့ကလွဲပြီး အခြားမည်သည့်အရာမျှ ထူးထူးခြားခြား ရှိမနေပေ။
“ ဒေါက်တာချန် … ကျွန်မ အထဲကို ရောက်လာပြီ ….”
“ ကုတင်နဲ့ မျက်နှာချင်းဆိုင်က နေရာလွတ်နားမှာ ဆောင့်ကြောင့်ထိုင်ပြီး အုတ်ခဲတွေကို မင်းလက်နဲ့ ရွေ့လိုက် …”
ဘုန်းကြီးကျောင်းက ကျေးလက် နေအိမ်တစ်လုံးကို အသွင်ပြောင်းလဲထားတာ ဖြစ်ပြီး ကြမ်းခင်းကိုတော့ မွမ်းမံပြင်ဆင်ထားခြင်း မရှိပေ။ သာမန် အုတ်နီခဲလေးများသာ ခဲကျင်းထားလေသည်။
အားဟွေ့ အနည်းငယ် ရှုပ်ထွေးသွား၏။ သို့သော် သူမ ကြမ်းပြင်သို့ ဆောင့်ကြောင့်ထိုင်ချလိုက်ဆဲပင်။
လက်တစ်ဖက်က ဖုန်းကို ကိုင်ထားပြီး အခြားလက်တစ်ဖက်ဖြင့် အောက်ရှိ အုတ်နီခဲကို တူးဆွဲလိုက်၏။
အုတ်နီခဲများ လျော့ရဲလာပြီး အနည်းငယ် တူးဆွလိုက်သည်နှင့် အုတ်ခဲက အပြင်သို့ ထွက်လာသည်။
အားဟွေ့ နောက်ထပ် အုတ်နီခဲ တစ်ဒါဇင်ခန့်မှကို တူးထုတ်ပြီးနောက် အုတ်ခဲများအောက်က သစ်သားပြားတစ်ချပ်ကို ရှာတွေ့သွားခဲ့သည်။
သူမ လက်ဆန့်တန်းပြီး ခေါက်ကြည့်လိုက်တော့ အတွင်းက အခေါင်းပေါက် ဖြစ်နေသည့် အသံမျိုး ထွက်ပေါ်လာသည်။
“ ထူးဆန်းတယ် … အောက်မှာ ဘာလို့ သိုလှောင်ခန်း ရှိနေတာလဲတဲ့ ….”
“ မင်း တခြား ဘာမှ ပူစရာ မလိုဘူး …” ချန်ယွီ့ ပြောလိုက်ပြီး “ အပေါ်က သစ်သားပြားကို လှန်လိုက် .. အောက်မှာ လက်ဆွဲ သေတ္တာ အကြီးကြီး တစ်လုံးရှိတယ် ….”
ဤစကားကြားတော့ အားဟွေ့သည် သူမ၏ ဇဝေဇဝါ ဖြစ်မှုများကို ယာယီဖိနှိပ်ထားရင်း ဖုန်းကို ကုတင်ပေါ်တွင် ထောင်ထားလျက် သစ်သားပြားကို သွားရောက်ဆွဲလှန်လိုက်သည်။
မကြာမီ ဧရာမ လက်ဆွဲသေတ္တာကြီး တစ်လုံးကို မြင်တွေ့လိုက်ရသည်။
အထဲတွင် မည်သည့်အရာများ ရှိနေမလဲဆိုတာကတော့ မသချောပေ။ အားဟွေ့ လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သော်ငြားလည်း သူမ၏ ခွန်အားနှင့်ပင် အပေါ်သို့ အနိုင်နိုင် ဆွဲထုတ်ယူသည်။
“ ကျွန်မကို ဖွင့်စေချင်လား …”
“ ဒါပေါ့ ….”
ချန်ယွီ့က သူမကို ဖွင့်စေချင်ကြောင်း အတည်ပြုပြီးသည့်နောက် အားဟွေ့ ဇစ်ကို ဆွဲဖွင့်လိုက်သည်။
မျက်လုံးရှေ့ ထွက်ပေါ်လာသည်က ငွေအထပ်လိုက်ကြီးဖြစ်၏။
“ များလိုက်တဲ့ ပိုက်ဆံတွေ … အနည်းဆုံး တစ်သန်းလောက်ရှိတယ် ….”
“ ထင်တဲ့အတိုင်းပါပဲ … ပရဟိတဆိုတာမျိုး မရှိပါဘူး … အကုန်လုံးက စီးပွားရေးတွေပါပဲ ….”
“ ငါ့ အရင် ရည်စားဟောင်းကောင်လေးရဲ့ တစ်သက်စာ ကံကောင်းမှုနဲ့ လောင်းကြေးထပ်ပြီး ဒီ ငွေတွေက ဟို မြည်းကတုံးအိုကြီး ပိုင်တဲ့ ပိုက်ဆံတွေ မဟုတ်ဘူးလို့ လောင်းတယ် ….”
“ မင်းရဲ့ အမြင်သုံးရပ် ကွဲထွက်တော့မတတ် ခံစားနေရလား … စိတ်ဓာတ်ကျနေတယ်လို့ရော ခံစားနေရလား … မှန်တယ် … အဲ့တာ စိတ်ဓာတ်ကျတဲ့ လက္ခဏာရပ်တွေပဲ ….”
“ လူလိမ်တွေရဲ့ ရည်ရွယ်ချက်ကို စစ်ကြည့်လိုက်ရင် အကုန်လုံးက ငွေပါပဲ ….”
“ စကားမစပ် ဒီ လူလိမ်အိုကြီးက ဒီလောက် ငွေသားတွေ အများကြီးကို ဘယ်လို ရလာတာလဲတဲ့ … ဘဏ်ထဲထည့်ပြီး အတိုး ထိုင်စားတာက ပိုမကောင်းဘူးလား ….”
အားဟွေ့မှာ သေတ္တာထဲရှိ ငွေစက္ကူ အထပ်လိုက်ကြီးကို ကြည့်ရင်း မယုံကြည်နိုင် ဖြစ်နေမိသည်။
“ မဟုတ်ဘူး … ဒီငွေတွေက ဆရာတော်ပိုင်တဲ့ ငွေတွေ လုံးဝ မဟုတ်ဘူး ….”
အားဟွေ့က သူမ၏ ခေါင်းကို အပြင်းအထန် ခါယမ်းလိုက်သည်။
သူမက ဘုန်းကြီးကျောင်း၏ အချိန်ပိုင်း စာရင်းစစ် ဖြစ်ပြီး ငွေ တစ်ပြားတစ်ချပ်ချင်းစီတိုင်းက သူမထံကတစ်ဆင့် စီးဆင်းသွားခြင်းပင်။
ဆရာတော်က ငွေတစ်ပြားတစ်ချပ်လေးသော်မျှ ကိုယ်ပိုင် အတွက် မယူထားကြောင်းကို အားဟွေ့ သူမ၏ အသက်နှင့် လောင်းကြေးထပ်ပြီး ကျိန်ဆိုဝံ့လေသည်။
“ ကျွန်မ နားလည်သွားပြီ ….”
အားဟွေ့ ရုတ်ချည်း ပြောလာခဲ့ပြီး “ စေတနာ့ ဝန်ထမ်း တစ်ယောက်က ဆရာတော်ကို ငွေတွေ ကြိုပေးထားတာ ဖြစ်ရမယ် … အဲ့တာကို ဆရာတော်က ငွေတွေ အခိုးခံလိုက်ရမှာကို ပူပန်ပြီး မြေအောက်ထဲ တူးမြုပ်ထားတာ ဖြစ်ရမယ် …. ဟုတ်တယ် … အဲ့လိုပဲ ဖြစ်ရမယ် ….”
“ အောင်မယ်လေးလေး … တကယ့်ကို ဒဏ္ဍာရီဆန်တဲ့ စိတ်ကူးယဉ်မှုကြီးပါလား ……..”
“ တစ်ယောက်ယောက်က အဲ့ဒီ မြည်းကတုံး လူလိမ်အိုကြီးကို ယွမ်တစ်သန်း ကြိုပေးထားတယ် ဟုတ်လား … အဲ့ဒီ စေတနာ့ ဝန်ထမ်းက သူ့သားလား … အဲ့မြည်းကတုံးကို ဒီလောက်အထိ ယုံကြည်နေစရာ ဘာများ ရှိနေလို့ ….”
အားဟွေ့သည် လုံးဝကို ဦးနှောက်ဆေးခံထားရခြင်း ဖြစ်ကြောင်း ကြည့်ရှုသူတို့ ပြောနိုင်သည်။ အခြားသူများက ဘာပဲ ပြောပြော အသုံးဝင်မှာ မဟုတ်ချေ။
သူမ တွေးထင်သည့် အရာတစ်ခုတည်းကိုပဲ သူမ ယုံကြည်သည်။
“ ရှင်တို့တွေ ဆရာတော်ကို ဆက်ပြီး စော်ကားနေတာတွေ တော်လိုက်တော့ … ကျွန်မ ဆရာတော်ကို အခုချက်ချင်း သွားရှာပြီး ဒီကိစ္စ သူကိုယ်တိုင် ဖြေရှင်းခိုင်းလိုက်မယ် …”
ပြောပြောဆိုဆိုနှင့် အားဟွေ့က ထွက်ခွာသွားဖို့ လုပ်သည်။
“ တကယ်လို့ မင်း အခုချိန် သူ့ကို သွားရှာမယ်ဆိုရင် ငါတို့ရဲ့ လောင်းကြေးက တရားမဝင်တော့ဘူးနော်….” ချန်ယွီ့ သူမကို သတိပေးလိုက်ပြီး “ ခဏနေကျရင် ဆရာတော်က ဒီသေတ္တာကို လာယူပြီး တက္ကစီနဲ့ တစ်နေရာ ထွက်သွားလိမ့်မယ် …”
“ အရင်ဆုံး ကျောင်းက ထွက်သွားချင်ဟန် ဆောင်လိုက် … သူ တက္ကစီနဲ့ ထွက်သွားမှာကို စောင့် …၊ ပြီးတာနဲ့ နောက်ကားတစ်စင်းခေါ်ပြီး သူ့နောက်ကို လိုက်သွား ….”
“ တကယ်လို့ မင်းက သူ့ကို ဆက်ယုံကြည်ချင်ပြီး မင်း လုပ်ခဲ့တာတွေက မမှားယွင်းဘူးလို့ ထင်ရင် စကားကို နှစ်ခါပြင်မပြောဘဲ ငါ့အရှုံးကို လက်ခံလိုက်မယ် ….”
“ ဒါလေးပဲလား …”
“ ရှင် ဆရာတော်ကို အပုပ်ချဖို့ တခြား နည်းလမ်းတွေ ကြံစည်နေတာတော့ မဟုတ်ဘူးမလား ….” အားဟွေ့က မရေမရာ လေသံဖြင့် မေးသည်။
“ ဟားဟား ….”
“ ဒီခု လိုက်စထွင်းကို ကြည့်နေတဲ့ ကြည့်ရှုသူတွေ သန်းနဲ့ချီတယ် ….” ချန်ယွီ့ ညင်သာစွာ ပြုံး၍ ပြောလိုက်ပြီး “ တကယ်လို့ ငါ့စကားငါ ပြန်ရုတ်သိမ်းတာပဲ ဖြစ်ဖြစ် ၊ ဒါမှမဟုတ် မင်းအပေါ် တမင်သက်သက် ခက်ခဲအောင် လုပ်တာပဲ ဖြစ်ဖြစ်၊ အဲ့လိုဆိုရင် ငါ့မျက်နှာငါ ပြန်ဖြတ်ရိုက်သလို ဖြစ်မသွားဘူးလား ….”
တွေးတောကြည့်ပြီးနောက် ချန်ယွီ့ပြောသည်က ယုတ္တိရှိသည်ဟု အားဟွေ့ ခံစားလိုက်ရသည်။
သန်းနှင့်ချီသည့် ကြည့်ရှုသူများအနက် တစ်ဝက်ကျော်လောက်က ချန်ယွီ့၏ အမာခံဖန်များပင်။
သို့သော်လည်းပဲ ဤသည်က လူတိုင်းလူတိုင်းသည် ချန်ယွီ့ဘက်က ရပ်တည် စကားပြောပေးမည်ဟု မဆိုလိုပေ။
ချန်ယွီ့ ရှင်းပြသည့် အတိုင်း … သူမက ဆရာတော်နောက်သို့ နောက်ယောင်ခံလိုက်နေသရွေ့ လောင်းကြေးသည်လည်း တရားဝင်သည်။
“ ကောင်းပြီလေ … ရှင့်ကို နောက်ဆုံးတစ်ကြိမ် ယုံပေးလိုက်မယ် … ဒီပိုက်ဆံတွေကို အရင်အတိုင်း ပြန်ထားလိုက်ရမလား ….”
“ ပြန်ထားလိုက် … ဖုံးထားတာကိုလည်း အရင်အတိုင်း သေချာပြန်လုပ် … ဆရာတော် တွေ့မသွားစေနဲ့ ….”
အားဟွေ့ ခေါင်းညိတ်လိုက်ပြီး အလျင်အမြန် ဇစ်ပြန်ပိတ်လိုက်သည်။
သေတ္တာကို ကျင်းထဲ ပြန်ထည့်လိုက်၏။
အပေါ်ကနေ သစ်သားပြားနှင့် ပြန်ဖုံးထားလိုက်ပြီး အုတ်နီခဲများကို ယခင်အတိုင်း ပြန်စီထားလိုက်လေသည်။
ထို့နောက် အားဟွေ့က [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်] အခန်းထဲကနေ ထွက်လာခဲ့သည်။
သူမအတွက် သတင်းစကားပေးမည့် တစ်ယောက်ယောက်ကို ရှာဖွေလိုက်ပြီး အိမ်တွင် ကိစ္စ တစ်ခု ပေါ်လာ၍ အရင်ပြန်နှင့်ပြီ ဖြစ်ကြောင်း ဆရာတော်ကို ပြောခိုင်းလိုက်လေသည်။
အချိန်တစ်ချို့ ကြာပြီးသည့်နောက် စေတနာ့ ဝန်ထမ်များလည်း ယုန်များအားလုံးကို နေရာချပေးပြီးကာ [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]ကို နှုတ်ဆက်လိုက်ကြသည်။
လူတိုင်း ထွက်သွားခဲ့ပြီ ဖြစ်ကြောင်း အတည်ပြုပြီးနောက် [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က သူ့အခန်းထဲသို့ ပြန်ရောက်လာသည်။
အခန်း ပတ်ပတ်လည်ကို တစ်ချက်ကြည့်ပြီးနောက် ကြမ်းခင်းအောက်ရှိ သေတ္တာကို ဖွင့်လိုက်သည်။
မိနစ် အနည်းငယ်ကြာပြီးနောက် [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က သင်္ကန်းကို ဆင်မြန်းလျက် အနက်ရောင် အိတ်ကြီးတစ်လုံးကို ကိုင်ရင်း ဘုန်းကြီးကျောင်း အပြင်သို့ ထွက်လာသည်။
အဝေးတစ်နေရာရှိ သစ်ပင်အောက်တွင် အားဟွေ့နှင့်အတူ သန်းချီသည့် ကြည့်ရှုသူများက [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]ကို မျက်တောင်မခတ် ကြည့်ရှုနေကြသည်။
[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က လမ်းဘေးဘက်ခြမ်းသို့ ရောက်လာခဲ့ပြီး တက္ကစီတစ်စင်းကို လက်ပြဟန့်တားလိုက်၏။
တက္ကစီ ထွက်သွားသည်နှင့် တစ်ပြိုင်နက် အားဟွေ့လည်း သစ်ပင်အနောက်က ထွက်လာခဲ့ကာ တက္ကစီတစ်စင်း ငှားလိုက်သည်။
“ ရှေ့က တက္ကစီနောက် လိုက်ပေးပါ ….”
ဒရိုင်ဘာမှာ တဒင်္ဂမျှ ကြက်သေသေသွားသော်လည်း ပြီးသည့်နောက် လီဗာပေါ်သို့ ခြေထောက်တင်လိုက်လေသည်။
ရှေ့တက္ကစီက စက်ဝိုင်းပုံစံ သွားနေပြီး အဆုံး၌ သစ်သီးများ၊ အသားများ၊ ဥများ ရောင်းချသည့် လက်ကားဈေး ဝင်ပေါက်ဝ၌ ရပ်တန့်သွားခဲ့သည်။
[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က သူ့ပိုက်ဆံအိတ်ကို ထုတ်ပြီး ယွမ်ငါးဆယ်ထုတ်ကာ ဒရိုင်ဘာကို ပေးလိုက်၏။ အကြွေ ပြန်မအမ်းဖို့လည်း လက်ဟန်ပြလိုက်သေးသည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် အားဟွေ့လည်း ကားထဲက ထွက်လာခဲ့ကာ ဖုန်းထဲသို့ ပြောလိုက်သည်။ “ ဒေါက်တာချန် .. ရှင်ကျွန်မကို ဆရာတော်နောက် လိုက်သွားဖို့ ပြောမှာတော့ မဟုတ်ပါဘူးနော်….”
“ ငါတို့ လိုက်သွားမှ ဖြစ်မှာ … ဒါပေမယ့် သူနဲ့အတူ သွားလို့တော့ မရဘူး ….”
“ အနောက်ကို ဆယ်လှမ်းဆုတ်ပြီး ဘယ်ဘက်က လမ်းထဲ ဝင်လိုက် … လမ်းဆုံးရင် ညာဘက်ချိုးလိုက် ….”
“ ညာဘက်ခြမ်းမှာ တံခါးတစ်ချပ်ရှိတယ် … အဲ့ကနေလည်း လက်ကားဈေးထဲ ဝင်လို့ရတယ် ….”
“ ဝင်ပြီးတာနဲ့ အရာအားလုံးကို မင်း သဘောပေါက်သွားလိမ့်မယ် ….”