ကျောင်းလခ ငါးသိန်း
Vol. 23 Ch. 230
“ ဒီလူတွေ အကုန်လုံးက ဘေးမဲ့လွှတ်ပေးတဲ့ ပွဲတွေမှာ ပါဝင်ခဲ့ကြတဲ့လူတွေ … တိရစ္ဆာန်တွေကို ဘေးမဲ့လွှတ်ပေးတဲ့ သူတို့ရဲ့ အကြောင်းအရင်းတွေက တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး ….” ချန်ယွီ့က သာမန်လျှံကာ အမူအရာဖြင့် ရှင်းပြလိုက်၏။
“ တစ်ချို့က ကုသိုလ်တွေ စုဆောင်းရင်း နေ့ချင်းညချင်း ချမ်းသာလာချင်ကြတယ် …”
“ သူတို့ အခု သုံးလိုက်တဲ့ ငွေတွေက ရင်းနှီးမြုပ်နှံမှုပဲ … ညောင်စေ့လောက်လှူပြီး နောင်မှာ ညောင်ပင်လောက်ကြီး ပြန်ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရင်းနှီးမြုပ်နှံလိုက်တယ် ….”
“ တခြား ရာထူးတိုးချင်လို့ ၊ လစာတိုးချင်လို့ လုပ်ကြတဲ့လူတွေလည်း အများကြီး ရှိသေးတယ် ….”
“ အဲ့ထဲက တစ်ယောက်ဆို အင်တာနက် ဆယ်လီ တစ်ယောက် ဖြစ်ဖို့ ကြိုးစားနေတဲ့သူ ….”
“ ခြုံငုံပြီး ပြောရရင် တိရစ္ဆာန်တွေ ဝယ်ပြီး လွှတ်ပေးကြတဲ့ ဒီလူတွေရဲ့ အကျိုးလိုလားမှုက တစ်ယောက်ထက် တစ်ယောက်ကို ပိုတယ် ….”
သိပ်မကြာခင် နှစ်များကစပြီး တိရစ္ဆာန်များကို ဘေးမဲ့လွှတ်ပေးမှုက ဖြည်းဖြည်းချင်း ရေပန်းစားလာသည်။
အချို့သော စေတနာ့ဝန်ထမ်းများက တိရစ္ဆာန်များကို လွှတ်ပေးခြင်းအားဖြင့် အကျိုးကျေးဇူးကို ရိတ်သိမ်းလိုကြသည်။ ထို့ကြောင့်လည်းပဲ ၎င်းတို့က [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]၏ အဓိပ္ပာယ်မရှိသည့် လုပ်ရပ်များနောက် လိုက်ပါနေကြခြင်း ဖြစ်၏။
ကြည့်ရှုသူများမှာ နားလည်သဘောပေါက်သွားခဲ့ကြသည်။
တစ်စုံတစ်ရာက ရေပန်းစားလာပြီး ပူပူနွေးနွေး ပြောဆိုစရာ ဖြစ်လာသည်နှင့် အင်တာနက် သုံးစွဲသူများ၏ အာရုံကို ဆွဲဆောင်သွားမည်က ပြောစရာ မလိုပေ။
“ ရိုက်နေတာ တော်လိုက်တော့ ….”
“ သက်ဆိုင်ရာက လူတွေ မကြာခင် ရောက်လာတော့မယ် …” ချန်ယွီ့ ပြောလိုက်ပြီး “ ခင်များတို့ ဆက်ရိုက်နေရင်း လူသတ်သမားတွေ ဖြစ်ကုန်လိမ့်မယ် ….”
လိုက်စထွင်းထဲ၌ စုစုပေါင်း ကြည့်ရှုသူ အရေအတွက်က ခြောက်သန်းနီးပါးခန့်ရှိသည်။
အဆိုပါ စေတနာ့ဝန်ထမ်းများကသာ [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]၏ ကာလာ အစစ်အမှန်ကို သိရှိနေရုံမျှမက ၊ သက်ဆိုင်ရာ အာဏာပိုင်ဌာနတို့ကလည်း ဤကိစ္စကို သိရှိနေကြသည်။
ဆေးမှုခင်း၊ စိုက်ပျိုးရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ ဆည်မြောင်းပေးရေးဌာန။
ဒေသခံ ဌာန သုံးပုံ တစ်ပုံခန့်လောက်က ထိုနေရာသို့ ပြေးလာနေကြပြီ ဖြစ်သည်။
[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က သူ့ ကိုးကွယ်သူများကို ဦးဆောင်ပြီး အကြိမ်ရေ ဒါဇင်နှင့်ချီအောင် တိရစ္ဆာန်များကို လွှတ်ပေးခဲ့ဖူးပြီး သဘာဝပတ်ဝန်းကျင်၊ ရေနှင့် သယံဇာတ အရင်းအမြစ်များကို ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးစေခဲ့လေသည်။
အဆိုပါ ပြစ်မှုများနှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက ….
[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]ကျူးလွန်ခဲ့သည့် လိမ်လည်မှုသည် ဘာမျှ မပြောပလောက်တော့ပေ။
အစ်မဝမ်က သေလုမြောပါး ဖြစ်နေသည့် [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]ကို ကြည့်ရင်း စိုးရိမ်ထိတ်လန့်စွာ မေးမြန်းလိုက်၏။ “ ဒေါက်တာချန် … ကျွန်မတို့က သူ လိမ်လည်တာ ခံရတဲ့ နစ်နာသူတွေပါရှင် … ကျွန်မတို့ သူ့ကို ရိုက်နှက်မိတာကလည်း ဒေါသထွက်လွန်းလို့ပါ … အာဏာပိုင်တွေ ကျွန်မတို့ကိုတော့ မဖမ်းလောက်ပါဘူး ဟုတ်ပါတယ်နော်….”
လမ်းတွင် … ချန်ယွီ့၏ လိုက်စထွင်းကို ကြည့်ဖူးသည့် အချို့သော စေတနာ့ဝန်ထမ်းငယ်လေးများက ချန်ယွီ့ မည်သူမည်ဝါဖြစ်ကြောင်းကို ပြောပြထားသည်။
လိုရင်းတိုရှင်း ပြောရမည်ဆိုပါက ချန်ယွီ့က ဘာမဆိုသိသည်။
“ ဒါပေါ့ … သူတို့ ခင်များတို့ကိုလည်း ဖမ်းမှာ ….”
ချန်ယွီ့က စကားလေသံကို ဆွဲ၍ ပြောဆိုလိုက်ပြီး “ လူတိုင်း စောင့်ကြည့်နေတဲ့ကြားထဲက ခင်များတို့က သူ့ကို အသက်ငင်တဲ့အထိ ရိုက်နှက်ထိုးကြိတ်နေကြတာကိုး …”
“ လူတိုင်းက ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်ဆိုတော့ ခင်များတို့တစ်ယောက်မှ မလွတ်နိုင်ဘူး ….”
“ ထောင်လည်း ကျခံရမယ် … ပြီးတော့ ခင်များတို့ တစ်ယောက်ချင်းစီက ကြီးလေးတဲ့ လျော်ကြေးငွေတွေ ပေးဆောင်ရမယ် ….”
“ လျော်ကြေးဟုတ်လား ….”
“ ဒါ လုံးဝ မမျှတတာပဲ ….” စေတနာ့ ဝန်ထမ်းတစ်ဦးက မြည်တွန်တောက်တီးလိုက်ပြီး “ ငါတို့က ဘာကိစ္စကြောင့်နဲ့ ဒီ လူလိမ်ကို လျော်ကြေးပေးရမှာလဲ …”
“ ခင်များတို့ကိုလည်း သူ့လိုကောင်ကို လျော်ကြေးမပေးခိုင်းပါဘူး …” ချန်ယွီ့ နှာခေါင်းရှုံ့လိုက်ပြီး “ လျော်ကြေးပေးရမှာက ခင်များတို့ ဖျက်စီးခဲ့တဲ့ ဂေဟပတ်ဝန်းကျင်ကို ….”
“ မိကျောင်းခေါင်းတိုငါးတွေ လွှတ်ပေးခဲ့တာ ပန်းခြံရဲ့ ရေကန်ကြီး တစ်ခုလုံးကို စုပ်ထုတ်ပစ်ရတဲ့အထိ ဖြစ်စေခဲ့တယ် … အဲ့ဒီအတွက် ငွေအားနဲ့ လူအင်အားတွေ ကုန်တယ် …”
“ ပြီးတော့ ငါးရောင်စပ်မြွေပွေးတွေ ရုက္ခဗေဒ ဥယျာဉ်ထဲ လွှတ်ပေးခဲ့တာကလည်း အဲ့ဥယျာဉ်ရဲ့ ဂုဏ်သတင်းအပေါ် ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့တယ် … အဲ့တာအပြင်ကို အပြစ်မရှိတဲ့ ခရီးသွား ဧည့်သည် ဆယ်ယောက်ကျော်က အချောင် နစ်နာလိုက်ရသေးတယ် ….”
“ ခင်များတို့တွေ သူတို့ကို လျော်ကြေးမပေးသင့်ဘူးလား ….”
“ လွန်ခဲ့တဲ့ နှစ်ဝက်လောက်တုန်းက [ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]က ခင်များတို့ကို snakehead ငါး ဒါဇင်ကျော် ဝယ်ဖို့ ခေါ်သွားတယ် …”
“ ခင်များတို့က အဲ့ငါးတွေကို ရေလှောင်ကန်ထဲ ပစ်ထည့်လိုက်ပြီး ရေလှောင်ကန်ကြီး တစ်ခုလုံးကို အဲ့ငါးတွေနဲ့ ပြည့်နှက်သွားစေတယ် …”
“ အဲ့မတိုင်ခင်တုန်းကလည်း ခင်များတို့တွေ အသားစားငါး ဆယ်ကောင်ကျော်လောက်ကို တခြား သီးသန့် ငါးကန်ထဲပစ်ထည့်ခဲ့ကြသေးတယ် …”
“ ကန်ထဲက ငါးတွေအကုန် အဲ့ဒီ အသားစားငါးရဲ့ အစာတွေ ဖြစ်ကုန်တယ် … စီးပွားရေး ဆုံးရှုံးမှုက သန်းနဲ့ချီတယ် ….”
“ အခု ခင်များတို့ လုပ်ခဲ့တဲ့ အရာမှန်သမျှ ပေးဆပ်ဖို့ အချိန်ပဲ …”
ဝီး ဝေါ် ဝီး ဝေါ် ….
သူတို့ စကားပြောနေစဉ်မှာပဲ အပြင်ဘက်မှနေ၍ အရေးပေါ် အချက်ပေးသံတို့ ကျယ်လောင်စွာ မြည်ဟီးလာသည်။
ယူနီဖောင်းနှင့် လူအများအပြား ဈေးထဲသို့ လျှောက်လှမ်းဝင်လာခဲ့ကြသည်။
ဥပဒေ စိုးမိုးရေး အဖွဲ့သည်လည်း ဤနေရာသို့ ရောက်လို့လာလေသည်။
ရဲဌာနက ဆိုင်ထဲရှိ လူတိုင်းကို ရည်ရွယ်ချက်ရှိရှိ ရာဇဝတ်မှု ကျူးလွန်မှုနှင့် ဂေဟပတ်ဝန်းကျင်အပေါ် ထိခိုက်စေမှုတို့ဖြင့် ဖမ်းဆီးလိုက်တော့သည်။
[ဒုက္ခအပေါင်းက ကယ်တင်ပေးမယ့် ဆရာတော်]နှင့် အလိုတူအပါဖြစ်သည့် ဖက်တီးကြီးနှင့် သက်လတ်ပိုင်း ဒရိုင်ဘာတို့သည်လည်း ဖမ်းခံလိုက်ရလေသည်။
“ ဒေါက်တာချန် … ကျွန်မကို ကူညီပြီး အမှန်တရား ရှာဖွေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် … ကျွန်မ အရင်က လုပ်ခဲ့တာတွေကို ကျွန်မ ပြန်ပြီး သုံးသပ်လိုက်ပါ့မယ် ….”
ရဲကားထံသို့ ခေါ်ဆောင်သွားခြင်း မခံရမီ အားဟွေ့က ချန်ယွီ့နှင့် ကြည့်ရှုသူများကို စိတ်ရင်းအမှန်နှင့် ကျေးဇူးတင်လိုက်၏။
လိုက်စထွင်း အဆုံးသတ်သွားခဲ့တော့ ကြည့်ရှုသူများမှာ နှစ်သစ်ကူး ပွဲတော် ဆင်နွှဲရသည့်နှယ် ပျော်ရွှင်ကြည်နူးနေကြသည်။
အားဟွေ့က နောက်ဆုံး၌ အသိတရား ဝင်လာခဲ့၏။ သို့ပေမယ့် သူမက တရားမဝင် ဘေးမဲ့ပေးမှု၌ ပါဝင်ပတ်သက်နေခဲ့သည်။
ကြည့်ရှုသူ အများအပြားက သက်ဆိုင်ရာ ဥပဒေ ပြဠာန်းချက်များကို စစ်ဆေးကြည့်ကြ၏။
ကျူးကျော်မျိုးစိတ်များကို တရားမဝင် မိတ်ဆက်ပေးခြင်းနှင့် စွန့်ပစ်ခြင်းတို့က ကျူးလွန်သူကို ထောင်ဒဏ် သုံးနှစ်ထက် မပိုသည့် ပြစ်ဒဏ် သို့မဟုတ် အကျဉ်းချခြင်း ခံရနိုင်သည်။
အားဟွေ့က ထိုသို့သော လုပ်ဆောင်မှု အများအပြားတွင် တက်ကြွစွာ ပါဝင်ခဲ့သဖြင့် ပြစ်ဒဏ်ပေးခြင်း ခံရမှာကတော့ မလွဲမသွေပင်။
ချက်ချင်းဆိုသလို ကုသိုလ်နှင့် ကံကောင်းမှုအများပြားက ချန်ယွီ့၏ ခန္ဓာကိုယ်အတွင်း စီးဝင် ရောက်ရှိလာခဲ့သည်။
ချန်ယွီ့ သူ့နှာခေါင်းကို ဂုဏ်ယူဝံ့ကြွားစွာ ပွတ်သပ်လိုက်၏။ ဤသည်ကမှ ကောင်းမှု ကုသိုလ်စုဆောင်းသည့် နည်းလမ်း အမှန်ပင်။
ဤလူများက အခြားသူများကို ထိခိုက်အောင် ပြုလုပ်ရင်း နည်းလမ်းအမှားများဖြင့် ကုသိုလ်ကောင်းမှုများကို စုဆောင်းနေခဲ့ကြသည်။
“ ကဲ …. တတိယ လူနာကို ထပ်ပြီး ဖိတ်ခေါ်လိုက်ကြရအောင် ….”
စကားပြောခန်းထဲရှိ ကွန်းမန့်များ အနည်းငယ် လျော့ပါးသွားမည့် အချိန်ကို စောင့်ဆိုင်းပြီးနောက် ချန်ယွီ့က အချိန်အတော်ကြာအောင် စောင့်ဆိုင်းပေးခဲ့ရသည့် တတိယလူနာကို စင်မြင့်ထက်သို့ ဖိတ်ခေါ်လိုက်သည်။
[သာယာအေးချမ်းတဲ့ ဘဝအတွက် ရုန်းကန်နေရတယ် ] အွန်လိုင်းအမည်နှင့် အမျိုးသမီး ကြည့်ရှုသူတစ်ဦးက စခရင်ထက်တွင် ထွက်ပေါ်လာခဲ့၏။
သူမက အသက် သုံးဆယ်အရွယ် ဖြစ်ပြီး ရင့်ကျက်သည့် အမျိုးသမီးတစ်ဦးကဲ့သို့ ဝတ်ဆင်ထားသည်။
သူမ၏ မျက်နှာက အနည်းငယ် နီမြန်းနေပြီး တစ်စုံတစ်ရာကို သိုဝှက်ထားပုံရ၏။
“ ဒီရဲ့လူနာ … ကျွန်တော် ဘာများ ကူညီပေးရမလဲ …” ချန်ယွီ့က အမျိုးသမီးကို ကြည့်ပြီး မေးလိုက်သည်။
အမျိုးသမီးက သူမ၏ နှုတ်ခမ်းပါးကို ကိုက်လိုက်ပြီး သူမကိုယ်သူမ အားပေးလိုက်၏။
နောက်တစ်စက္ကန့်၌ သူမက မေးမြန်းလာသည်။ “ ဒေါက်တာချန် … ကျွန်မ လဝက်အတွင်း ယွမ် လေးသိန်းရဖို့လိုတယ် … ဒီငွေတွေကို ဘယ်လိုရအောင် ရှာရမလဲဟင် ….”
ဤစကားကြားတော့ စကားပြောခန်းထဲ၌ ကွန်းမန့်တွေ တသီကြီး တက်လာသည်။
[သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတယ် ] အမျိုးသမီး၏ အဝတ်အစားများက ကောင်းမွန်ပြီး ပိုက်ဆံချို့တဲ့နေသူနှင့်လည်း မတူပေ။
ဘာကြောင့် သူမက နှုတ်ဖွင့်ဟလာသည်နှင့် ချက်ချင်း ချမ်းသာလာနိုင်မည့် နည်းလမ်းကို မေးမြန်းနေရသနည်း။
သူမက လဝက်အတွင်း ယွမ်လေးသိန်း လိုချင်သည်ဟူ၍ပင် အတိအကျ ပြောလာနေသေးသည်။
မဟုတ်မှလွဲရော … ဒီ အမျိုးသမီးက ဒေသခံ လူမိုက်တွေနားကနေ အတိုးကြီးကြီးနဲ့ ငွေချေးထားမိတာလား … ဒါမှမဟုတ် လောင်းကစား စွဲနေတာကြောင့်များလား ….
မဟုတ်လည်း သူ့အိမ်မှာ နာတာရှည် ရောဂါသည် တစ်ယောက်ယောက် ရှိနေတာကြောင့်များလား …
ကြည့်ရှုသူများက ဆွေးနွေးနေကြစဉ် အချို့က စခရင်မှတစ်ဆင့် အမျိုးသမီး၏ အခန်း နောက်ကျောဘက် အပြင်အဆင်များကို ကြည့်ရှုရင်း သူမ၏ နောက်ခံသည် ပေါ့သေးသေး မဟုတ်ကြောင်း ခန့်မှန်းနေကြသည်။
အခန်းက မသေးပေ။ အကယ်၍ မချမ်းသာလျှင်ပင် အလယ်အလတ်တန်းစား မိသားစု တစ်ခုဖြစ်ကြောင်း လူတိုင်း ပြောနိုင်သည်။
“ လူတိုင်းပဲ … ကျေးဇူးပြုပြီးတော့ …. ကျွန်မ လောင်းကစားလည်း မလုပ်ဘူး … ဘယ်သူ့နားမှလည်း အကြွေးမတင်ထားပါဘူး ….”
“ ကျွန်မက … ကျွန်မက သမီးလေး ကျူရှင်ဖိုး လိုနေလို့ပါ ….”
ကြည့်ရှုသူများ၏ ရဲတင်းသည့် ခန့်မှန်းချက်များကို မြင်တော့ သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့ အမျိုးသမီးက ချက်ချင်းပဲ ဖြေရှင်းချက် ထုတ်ပေးလိုက်သည်။
နောက်လဝက်နေလျှင် သူမ သမီးလေးက မူလတန်း ပထမနှစ် တက်ရတော့မှာ ဖြစ်၏။
မူလ ကျူရှင်စရိတ် ယွမ် ငါးသိန်း ပြင်ဆင်ထားသည့် အထဲက သူမ လေးသိန်းနီးပါး သုံးမိသွားခဲ့သည်။
အကယ်၍ သူမသာ ကျောင်း မဖွင့်မီ အချိန်မီ ပိုက်ဆံ မဖာထေးနိုင်ဘူးဆိုပါက သူမ၏ အမျိုးသားသည် သူမနှင့် ကွာရှင်းလောက်၏။
“ မိန်းကလေး … မင်းရဲ့ သမီးက မူလတန်းကျောင်းတက်မှာ မဟုတ်ဘဲ နိုင်ငံခြားကို ကျောင်းသွားတက်မှာ မဟုတ်တာတော့ သေချာပါတယ်နော်….”
“ တစ်နှစ်ကို ယွမ်ငါးသိန်း … ဟာသလာလုပ်နေတာလား … မရယ်ရဘူးနော်….”
“ လူကုံထံတွေ တက်တဲ့ အထက်တန်းလွှာ မူလတန်းကျောင်းတောင် အဲ့လောက် ဈေးကြီးပါ့မလားပဲ …. “
“ တကယ့် အထက်တန်းလွှာကျောင်းတွေက မင်းတို့ စိတ်ကူးယဉ်ထားတာထက်ကို ပိုတယ် … ငါ့သူဌေးရဲ့သားက အင်တာနေရှင်နယ် ဂျူနီယာ အထက်တန်းကျောင်းမှာ ကျောင်းတက်နေတာလေ … ပြီးတော့ သူ့ ကျောင်းလခဖိုးက တစ်နှစ်ကို ယွမ်သုံးသန်း … ဂေါ့ဖ်ရိုက်တာတွေ ၊ မြင်းစီးတာတွေလည်း သင်ပေးတယ် … မင်းတို့ကောင်တွေ ယုံနိုင်ကြလား ….”
“ ငါ ဂျူနီယာအထက်တန်းကျောင်း တက်တုန်းက ယွမ် တစ်သိန်း ပေးရတုန်းကတောင် ကြောက်လွန်းလို့ လက်တွေပါ တုန်တယ် ….”
“ စမှတ်မျဉ်းတွေ မတူလိုက်ပုံများကွာ …”
“ ဆိုတော့ နိုဗယ်တွေထဲ ပြောထားတာ တကယ်မှန်နေတာပေါ့ … နွမ်းပါးမှုက ငါ့စိတ်ကူးယဉ်နိုင်စွမ်းကို တကယ် ကန့်သတ်ထားတာပဲ ….”
“ ဟင်း … အဆင့်အတန်းခြင်း ကွာဟမှုဆိုတာ ဘယ်တော့မှ ကျော်လွှားလို့မရတဲ့ ကွာဟမှုကြီးပဲ …..”
တစ်နှစ် ကျောင်းလခ စရိတ် ယွမ် ငါးသိန်း ပေးရသည့် မူလတန်းကျောင်း ရှိကြောင်း မကြာမီမှာပဲ ကြည့်ရှုသူများက အတည်ပြုနိုင်လိုက်ကြသည်။ ထိုကဲ့သို့ ကျောင်းစရိတ် များပြားစွာ တောင်းခံနေသည့် အလားတူ ကျောင်းများလည်း များစွာ ရှိနေသည်။
ကြည့်ရှုသူများမှာတော့ အမြင်သစ် တစ်ခု ပွင့်သွားသကဲ့သို့ ခံစားနေကြရသည်။
စာစဉ် (၂၃)ပြီး၏။