← Chapters

မျက်မမြင်က ဧကရီရဲ့ ကြင်ရာတော်

Vol. 8 Ch. 99

မျက်မမြင်က ဧကရီရဲ့ ကြင်ရာတော်

Vol. 8 Ch. 99

[ တွီ... လက်ခံသူကို တစ်စုံတစ်ယောက် ချောင်းမြောင်း ထောက်လှမ်းနေသည်ကို စနစ်မှ သိရှိသွားသည်။ စနစ်အနေဖြင့် ရန်စခံရသည်ဟု ယူဆသောကြောင့် မိမိကိုယ်ကိုယ် ကာကွယ်သော တုံ့ပြန်တိုက်ခိုက်မှုကို စတင်ပါမည် ]

မုန့်ချင်ကျိုး၏ နားထဲတွင် စနစ်၏ သတိပေးချက် မြည်သွားသဖြင့် လန့်သွားရသည်။

လွန်ခဲ့သော သုံးနှစ်အတွင်း စနစ်က ရန်စခံရသည်ဟု ယူဆကာ မိမိကိုယ်ကိုယ် ကာကွယ်ရန် တုံ့ပြန်သည်မှာ ယခု ပထမဆုံးအကြိမ်ပင်။

ဒါ ဘယ်သူ ဖြစ်နိုင်မလဲ။

သာမန် နတ်ဘုရားအာရုံဖြင့် စစ်ဆေးရုံမျှဖြင့် စနစ်၏ တုံ့ပြန်တိုက်ခိုက်မှုကို ဖြစ်ပေါ်စေမည် မဟုတ်ချေ။ တစ်စုံတစ်ယောက်က အဖိုးအခ အမြောက်အမြား ပေးဆပ်ပြီး အဆင့်မြင့် ထောက်လှမ်းရေး နတ်ဘုရား စွမ်းအားကို အသုံးပြုမှသာ ဖြစ်နိုင်သည်။

ဒီလိုရွာကလေးထဲမှာ ဒီလောက် အစွမ်းထက်တဲ့သူက ဘယ်ကနေ ရောက်လာတာလဲ။

မုန့်ချင်ကျိုးက ထိုလူကို ရှာဖွေချင်သော်လည်း သူ ဘာမှမမြင်ရသလို၊ နတ်ဘုရားစွမ်းအား၏ အရင်းအမြစ်ကို ခြေရာခံရန်အတွက်လည်း သူ၏ နတ်ဘုရားအာရုံကို အသုံးမပြုနိုင်ချေ။

အုတ်ကြွပ်စိမ်းအိမ်လေး...

ခြံဝင်းအတွင်းရှိ ထမင်းစားပွဲတွင်။

“လျူလီ... ရွာကို အပြင်လူတွေ ရောက်လာတာမျိုး ရှိလား။” မုန့်ချင်ကျိုးက ခေါင်းလှည့်ကာ မေးလိုက်သည်။

တုန်းဖန်းလျူလီက ငါးတစ်ဖဲ့ကို တူဖြင့်ညှပ်ကာ ပါးစပ်ထဲသို့ အသာအယာ ထည့်လိုက်သည်။ ဝန်ခံရန် ဝန်လေးသော်လည်း သူ၏ လက်ရာမှာ မုန့်ချင်ကျိုးထက် မနိမ့်ကျဘဲ တကယ့်ကို ကောင်းမွန်လှသည်။

“ရှိတယ်လေ။” တုန်းဖန်လျူလီက ခေါင်းညိတ် အသိအမှတ်ပြုလိုက်သည်။

မုန့်ချင်ကျိုး၏ မေးခွန်းကို ကြားသောအခါ တုန်းဖန်လျူလီက မဆိုင်းမတွပင် ပြန်ဖြေသည်။

“ရှိတာပေါ့... ရှင်သိတဲ့အတိုင်းပဲ။ အိမ်နီးနားချင်း ရွာတွေက လူတချို့ ကျွန်မတို့ရွာထဲကို ရောက်လာ ကြတာလေ။”

မုန့်ချင်ကျိုးက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ “ဒါပဲလား...”

“ဒါပါပဲ...” တုန်းဖန်လျူလီက တိုတိုတုတ်တုတ်နှင့် ယုံကြည်ချက်ရှိရှိ ပြန်ဖြေသည်။

“မဖြစ်နိုင်တာပဲ...” မုန့်ချင်ကျိုးက တူကို ချလိုက်သည်။

လယ်သမား အနည်းငယ်လောက်က အစွမ်းထက်တဲ့ နတ်ဘုရားစွမ်းအား အသုံးပြုသူနဲ့ ပတ်သက်နေဖို့ မဖြစ်နိုင်ဘူး။

သူ၏ ညာဘက်တွင် ထိုင်နေသော အစ်မကြီးချုံးက မုန့်ချင်ကျိုးကို စိတ်အားထက်သန်စွာ စောင့်ကြည့်နေခဲ့သည်။ သူက တူကို ကိုင်လိုက်ပြီးမှ ဟင်းများကို မထိဘဲ ပြန်ချလိုက်သည်ကို မြင်သောအခါ အစ်မကြီးချုံး မနေနိုင်တော့ချေ။ သူက ကိုယ်ပိုင်တူဖြင့် အသားတစ်ဖဲ့ကို ညှပ်လိုက်ပြီး၊ ကျန်လက်တစ်ဖက်ဖြင့် မုန့်ချင်ကျိုး၏ ပါးကို ဆွဲကာ ပါးစပ်ထဲသို့ အတင်းထည့်ပေးလိုက်သည်။

မုန့်ချင်ကျိုးက အလိုလို သိစိတ်ဖြင့် အနည်းငယ် ဝါးလိုက်ပြီးနောက် ခေါင်းညိတ်ပြသည်။ “အင်း... အရသာရှိသားပဲ။”

အစ်မကြီးချုံးက ဝမ်းသာအားရ ပြုံးဖြဲဖြဲ ဖြစ်သွားကာ မေးစေ့ကို လက်ဖြင့်ထောက်လျက် သူ့ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ “နောက်ထပ် ရှိသေးတယ်။ တခြား ဟင်းတွေကိုလည်း မြည်းကြည့်ဦး။”

“ကောင်းပါပြီ... ခဏနေမှပေါ့။ ငါ တစ်ခုခု စဉ်းစားနေလို့ပါ” မုန့်ချင်ကျိုးက ခေါင်းညိတ်ပြသည်။

စုချင်ချိုးက ခေါင်းငုံ့ကာ တိတ်တဆိတ် ထမင်းစားနေပြီး တစ်ခါတစ်ရံတွင် တစ်ဦးနှင့်တစ်ဦး အားပြိုင် နေကြသော အမျိုးသမီးနှစ်ဦးနှင့် အမြဲတမ်း တည်ငြိမ်နေသော မုန့်ချင်ကျိုးတို့ကို လှမ်းကြည့်နေသည်။

“ဖြည်းဖြည်းချင်း စဉ်းစားပါ။ ကျွန်မ ကျွေးပါ့မယ်...” အစ်မကြီးချုံးက ပြောရင်း လက်တစ်ဖက်ဖြင့် ဟင်းကို ညှပ်ကာ မုန့်ချင်ကျိုး၏ ပါးစပ်နားသို့ ကပ်ပေးလိုက်ပြီး ချွဲနွဲ့စွာ ခေါ်လိုက်သည်။ “လာပါ။ ပါးစပ်လေး ဟလိုက်ပါဦး... အာ...”

အတွေးထဲတွင် နစ်ဝင်နေသော မုန့်ချင်ကျိုးက ဘာမှမစဉ်းစားတော့ဘဲ ပါးစပ်ကို ဟလိုက်မိသည်။

ဒုန်း...

တုန်းဖန်လျူလီ၏ မျက်ဝန်းများ အေးစက်သွားပြီး တူကို စားပွဲပေါ် ဆောင့်ချလိုက်ကာ ပြောလိုက်သည်။

“မင်းသမီး ဖုချွီ။ ဒါက ကျွန်မရဲ့ ခင်ပွန်းပါ။ ကျေးဇူးပြုပြီး ယဉ်ကျေးမှု ရှိပေးပါ။”

“နင် အရမ်း အထီးကျန်နေတယ်ဆိုရင် ရွာထဲမှာ ခင်ပွန်းကောင်း တစ်ယောက်လောက် ရှာပေးလို့ ရပါတယ်နော်။”

အစ်မကြီးချုံး၏ အရည်လဲ့နေသော မျက်ဝန်းကြီးများမှာ နာကျင်ခံစားရမှုများဖြင့် ပြည့်နှက်သွားပြီး ချွဲချွဲနွဲ့နွဲ့ ပြောလိုက်သည်။ “အစ်မကလည်း... အရမ်း ရက်စက်တာပဲ။ ကျွန်မက ဒီရွာမှာ အားကိုးရာမဲ့ သူစိမ်းတစ်ယောက်ပါ။ ဆရာမုန့်နဲ့ ရင်းနှီးအောင် လုပ်ပြီး အားကိုးချင်ရုံ သက်သက်ပါ။ အစ်မက ဒါကို စိတ်ရှိတယ်ဆိုရင်လည်း... ကျွန်မ... ကျွန်မ ထွက်သွားပေးပါ့မယ်။”

“ကျွန်မက အစ်မကို စိတ်သဘောထား ကြီးမြတ်ပြီး ဇနီးကောင်းတစ်ယောက် ဖြစ်နိုင်မယ့်သူလို့ ထင်ခဲ့တာ။ ဒါပေမဲ့ အခုတော့...”

“ဟူး...”

ထိုသို့ ပြောပြီးနောက် အစ်မကြီးချုံးက မဆိုင်းမတွပင် မတ်တပ်ရပ်လိုက်လေသည်။ သူ၏ပုံစံမှာ အနိုင်ကျင့်ခံထားရသော ဇနီးငယ်လေးတစ်ဦးအလား ထွက်ခွာသွားရန် ပြင်လိုက်သည်။

တုန်းဖန်လျူလီ၏ မျက်လုံးများ ပြူးထွက်သွားပြီး ဒေါသကြောင့် ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေ၏။

ရှေးဟောင်း နတ်ဘုရားမြို့တော်ဝန်က ဘယ်တုန်းက ဒီလောက် အရှက်မရှိ ဖြစ်သွားရတာလဲ။

ဒါက လုံးဝကို လှောင်ပြောင်မှုပဲ။ တုန်းဖန်လျူလီက စိတ်သဘောထား ကျဉ်းမြောက်ပြီး ဇနီးကောင်း၊ မိခင်ကောင်း မဖြစ်နိုင်ဘူး၊ နောင်ကျရင်လည်း ဇနီးဆိုးတစ်ယောက် ဖြစ်လာမှာပဲလို့ သွယ်ဝိုက် ပြောလိုက်တာပဲ။

“နင်... ရပ်လိုက်စမ်း...”

တုန်းဖန်လျူလီက ဒေါသကြောင့် မျက်နှာ ဖြူဖျော့နေသော်လည်း အစ်မကြီးချုံးကို လှမ်းဖမ်းကာ အတင်းပြုံးလိုက်သည်။ “ညီမလေးက အစ်မကို အထင်လွဲနေတာပါ။”

“လာပါ... ထိုင်ပြီး ထမင်းစားဦး။”

စုချင်ချိုးနှင့် ဝူတျဲတို့မှာ မျက်လုံးများ တောက်ပလျက် ဤမြင်ကွင်းကို စိတ်ဝင်တစား ကြည့်နေကြသည်။ သူတို့မှာ ထမင်းစားဖို့ပင် မေ့လျော့နေကြပြီး ဒရာမာဇာတ်လမ်းကို စိတ်အားထက်သန်စွာ ကြည့်နေသည့် ကလေးငယ်နှစ်ဦးနှင့် တူနေတော့သည်။

တစ်ချိန်တည်းမှာပင်။

အုတ်ကြွပ်စိမ်း အိမ်လေး၏ ခြံဝင်းအပြင်ဘက်တွင်။

လူရိပ်သုံးခုမှာ တံခါးဝတွင် ခိုးနားထောင်နေကြသည်။ ဖြတ်သန်းသွားသော ရွာသားများက သူတို့ကို စပ်စုသော မျက်လုံးများဖြင့် ကြည့်သွားကြသော်လည်း ဘာမှဝင်မပြောကြ။ မည်သူမှ ဂရုမစိုက်သလိုပင်။

“ဒီမျက်မမြင်က ဘယ်သူမို့လို့ ဒီလောက်လှတဲ့ မိန်းကလေးနှစ်ယောက်က သူ့ကို လုနေကြတာလဲ။” ဖုလင်ကျိက တံခါးအက်ကွဲကြောင်းမှ ချောင်းကြည့်ရင်း တအံ့တသြ ရေရွတ်လိုက်သည်။

ယင်ယန်အကြီးအကဲက သူ၏ခေါင်းကို ပုတ်ကာ သတိပေးလိုက်သည်။

“ငါတို့ရဲ့ တာဝန်ကို မမေ့နဲ့။ ငါတို့ရဲ့ ပထမဦးစားပေးက ဒီထူးဆန်းတဲ့ ရွာထဲကနေ ထွက်ပြီး မဟာကျင်း မြို့တော်ကို ပြန်ဖို့ပဲ။”

ဖုလင်ကျိက တည်ငြိမ်စွာ ပြုံးလိုက်သည်။

“စိတ်မပူပါနဲ့။ အရင်က ကျုပ်တို့ ကြောက်နေလို့ သေချာ မစဉ်းစားမိတာ။ အခု ပြန်စဉ်းစားကြည့်တော့ ဟာကွက်တွေ အများကြီးပဲ။”

“ဘာကို ဆိုလိုတာလဲ။” ယင်ယန်အကြီးအကဲက ဇဝေဇဝါဖြင့် မေးလိုက်သည်။

ဖုလင်ကျိက ပြုံးလျက် ပြောသည်။

“သေချာစဉ်းစားကြည့်။ ယင်ယန်အကြီးအကဲ။ ရွာထိပ်မှာ အိပ်နေတဲ့ ခွေးက တောက်တီးနဲ့ ဇာမဏီငှက်သွေးတွေ ပါနေတဲ့ မဟာကျင်းတိုင်းပြည်ရဲ့ အစောင့်အရှောက်သားရဲနဲ့ မတူဘူးလား။”

“ပြီးတော့ ဟိုမျက်မမြင်ရဲ့ ဘေးမှာ အမြဲရှိနေတဲ့ အေးစက်စက်နဲ့ လှပတဲ့ အမျိုးသမီးက စုချင်ချိုးနဲ့ မတူဘူးလား။”

“ပြီးတော့ ဧကရီ... မဟာကျင်းမှာ ဘယ်သူက ချင်းလျူလီအဖြစ် ဟန်ဆောင်ရဲမှာလဲ။ အဲဒါက သေတွင်းတူးတာ မဟုတ်ဘူးလား။”

၎င်းကို ကြားလိုက်ရသည့်အခါ ယင်ယန်အကြီးအကဲ၏ မျက်လုံးများ တောက်ပသွားပြီး အလန့်တကြား အော်လိုက်မိသည်။ “မင်းပြောချင်တာက ဒါ ထူးဆန်းတဲ့ရွာ မဟုတ်ဘဲနဲ့ မဟာကျင်းနန်းတော် ဆိုတာလား...”

“မုန့်ကတော်ဆိုတဲ့ သူက တကယ်တော့ ဧကရီပေါ့...”

ဖုလင်ကျိက ယုံကြည်ချက်ရှိရှိ ခေါင်းညိတ်ပြသည်။ “အတိအကျပဲ...”

“ဒါပေမဲ့ ငါ့ရဲ့ နတ်ဘုရားအာရုံက မိုင်ထောင်ချီ ဖြန့်ကျက်ထားတာတောင် အဆုံးမဲ့ တောင်တန်းတွေကိုပဲ မြင်နေရတာကို မင်း ဘယ်လိုရှင်းပြမလဲ။” ယင်ယန်အကြီးအကဲက မေးသည်။

ဖုလင်ကျိက လက်ဖျောက်တစ်ချက် တီးလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ “မေ့သွားပြီလား။ မဟာကျင်း နန်းရင်းဝန် ကျန်းစန်းဟိုင်မှာ တောင်တန်းနဲ့မြစ်မြေပုံဆိုတဲ့ ဧကရာဇ်အဆင့် ရတနာ ရှိတာလေ။”

ယင်ယန်အကြီးအကဲမှာ ရုတ်တရက် နားလည်သွားပြီး သူ၏နဖူးကို လက်ဖြင့် ရိုက်လိုက်မိသည်။

“ဟုတ်သားပဲ...”

ထို့နောက် ယင်ယန်အကြီးအကဲက အံကြိတ်လျက် ပြောလိုက်သည်။ “ဒီကောင်တွေ... ငါတို့ကို လှည့်စားရဲတယ်ပေါ့... သူတို့ သေချင်နေကြပြီ ထင်တယ်။”

နေမဝင်တိုင်းပြည်မှ သံတမန်မှာလည်း တုန်ရင်နေသည်မှာ ရပ်သွားပြီး ခေါင်းမော့လာကာ အရှက်ရသလို ခံစားလိုက်ရသည်။

သူက နေမဝင်တိုင်းပြည်၏ ဂုဏ်သိက္ခာကို ကိုယ်စားပြုသူဖြစ်သော်လည်း၊ မဟာကျင်းနန်းတော် အထဲမှာတင် သေးထွက်သည်အထိ ကြောက်ခဲ့ရသည် မဟုတ်ပါလား။ ၎င်းကိုသာ လူများ သိသွားလျှင် သူ အသက်အန္တရာယ်ရှိရုံတင်မကဘဲ အင်ပါယာ၏ မျက်နှာလည်း ပျက်ရပေတော့မည်။

“ဆရာတို့... ကျွန်တော်တို့ သူတို့ကို သင်ခန်းစာ ပေးရမယ်။” သံတမန်က ဒေါသတကြီး ပြောလိုက်သည်။

ယင်ယန်အကြီးအကဲ၏ အမူအရာက ခက်ထန်သွားသည်။ “ဒါပေါ့... ဒါပေမဲ့ အရင်ဆုံး သခင်လေးရဲ့ တာဝန်ကို ပြီးအောင် လုပ်ရမယ်။”

“မေးပါရစေ... သခင်လေးကျိရဲ့ တာဝန်က ဘာများလဲ။” သံတမန်က သတိထားပြီး မေးလိုက်သည်။

“ပြောပြလို့ ရပါတယ်...” ယင်ယန်အကြီးအကဲက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။ “သခင်လေးက ဧကရီ ချင်းလျူလီကို သဘောကျပြီး လက်ထပ်ချင်နေတာ။ ငါတို့ကို ဒီကို လွှတ်လိုက်တာ လက်ထပ်ခွင့် တောင်းဖို့ပဲ။”

သံတမန်မှာ ဆွံ့အသွားရသည်။

ဘာကြီးလဲ။

ကျိဝူရွှမ်က နေမဝင်တိုင်းပြည်ကို ကျောထောက်နောက်ခံ ပေးခဲ့ပြီး ဧကရာဇ်ကို အမိန့်စာထုတ်ခိုင်းပြီး ဧကရီကို လက်ထပ်ခွင့် တောင်းခိုင်းခဲ့တာ။ ဒါပေမဲ့ သူ့ကို တကယ် လက်ထပ်ချင်နေတာက သခင်လေးကျိ ဆိုပါလား။

ဒါဆို ငါတို့ ဧကရာဇ်က ဘာလဲ။ လှေကားထစ် သက်သက်ပဲလား။

“ဒါပေမဲ့... ကျွန်တော် ကြားတာကတော့ ချင်းလျူလီက ဧကရီရဲ့ခင်ပွန်းဆိုတဲ့ ဘွဲ့ရထားတဲ့ မုန့်ချင်ကျိုးနဲ့ လက်ထပ်ထားပြီးသားလို့ ကြားတယ်။ ဧကရီက အိမ်ထောင်သည် ဖြစ်နေပြီပဲ၊ သူက သခင်လေးကျိနဲ့ မထိုက်တန်ပါဘူး...” သံတမန်က သူ၏ဧကရာဇ်အတွက် အံကြိတ်ကာ ငြင်းချက်ထုတ်လိုက်သည်။

ယင်ယန်အကြီးအကဲက ရယ်မောလိုက်သည်။

“ဟားဟား...”

“ဒါတွေက ကောလာဟလတွေပဲ။ မင်းက တကယ် ယုံနေတာလား။”

“ချင်းလျူလီက ဘယ်သူလဲ။ မုန့်ချင်ကျိုးနဲ့ လက်ထပ်တာက နန်းတွင်း အရာရှိတွေရဲ့ ပါးစပ်ပိတ်ဖို့ လုပ်တာ သက်သက်ပဲ။ ငါ အာမခံနိုင်တာကတော့ မုန့်ချင်ကျိုးက ရုပ်သေးရုပ် တစ်ရုပ်ပဲ၊။ အာဏာမရှိတဲ့ အမည်ခံ တစ်ယောက်ပဲ။”

၎င်းကို ကြားလိုက်ရသည့်အခါ သံတမန်မှာ တိတ်သွားတော့သည်။

ကျိုးကြောင်းဆီလျော်လှသည်။ ဧကရီ၏ လှုပ်ရှားမှုများကို ကြည့်လျှင် မုန့်ချင်ကျိုးကို မည်သည့် ကိစ္စကြီးငယ်တွင်မျှ ပါဝင်ခွင့်မပေးချေ။ လောကကြီးက မုန့်ဧကရာဇ် မည်ကဲ့သို့ ပုံစံမျိုးလဲ ဆိုသည်ကိုပင် မသိကြချေ။

အချိန်နှင့်နေရာလွတ် ဓားသူတော်စင် မုန့်ချင်ူနဲ့ ဧကရီတို့ကြားမှာတောင် မသဲကွဲတဲ့ ဆက်ဆံရေး ရှိနေတာကို ဧကရာဇ်က ထွက်လာပြီး စကားတစ်ခွန်းမှ ပြောဖူးလို့လား။

သူ့ကို ရုပ်သေးရုပ်လို့ ခေါ်တာတောင် နည်းသေးတယ်။ သူက အသုံးချခံ သက်သက်ပဲ။

“ငါ့မှာ နောက်ဆုံး မေးခွန်းတစ်ခု ရှိတယ်...” ယင်ယန်အကြီးအကဲက ဆိုသည်။ “တကယ်လို့ ဒါက မဟာကျင်းနန်းတော် ဆိုရင် ဒီရွာသားတွေက ဘယ်သူတွေလဲ။”

“ပြီးတော့ ဟိုမျက်မမြင်ကရော ဘယ်သူလဲ။”

ဖုလင်ကျိ၏ မျက်လုံးများက တည်ငြိမ်နေသည်။ “ယင်ယန်အကြီးအကဲ... ခင်ဗျား မေးနိုင်တယ် ဆိုကတည်းက အဖြေကို သိပြီးသား ဖြစ်မှာပါ။”

“ဟုတ်တယ်... ဒီရွာသားတွေက မဟာကျင်းရဲ့ နန်းတွင်းအရာရှိတွေပဲ။ ပြီးတော့ ဟိုမျက်မမြင်က... မဟာကျင်းရဲ့ ဧကရာဇ်ပဲ...”

လမ်းကြားလေးများပေါ်တွင် နေ့လယ်စာ စားချိန် ရောက်နေပြီ ဖြစ်သည်။ လယ်လုပ်ငန်း ပြီးစီးသွားသော ရွာသားများက ပေါက်တူးများကို ထမ်းကာ သို့မဟုတ် နွား၊ မြင်းများကို မောင်းကာ အိမ်ပြန်နေကြသည်။

တစ်ခါတစ်ရံတွင် ထိုက်ကျိခန်းမ အရှေ့တွင် ပုန်းနေသော လူသုံးဦးကို ရွာသားအချို့က စပ်စုစွာ လှမ်းကြည့်သွားကြသည်။

ရေခဲလက်ဖက်ရည်ဆိုင် ရှေ့တွင် လူနှစ်ဦး ထိုင်နေ၏။

“နန်းရင်းဝန်... ကျွန်တော်တို့ရဲ့ ဟန်ဆောင်နေတာကို ဟိုကောင်လေးက ရိပ်မိသွားပြီ...” လင်းလုက ကျန်းစန်းဟိုင်ကို အံ့သြစွာ ပြောလိုက်သည်။

ကျန်းစန်းဟိုင်က ကြွေပန်းကန်လုံးကို မြှောက်ကာ ရေခဲလက်ဖက်ရည် တစ်ခွက် သောက်လိုက်ပြီး စိုးရိမ်တကြီး ပြောလိုက်သည်။

“မရိုးရှင်းဘူးပဲ... ငါတို့ သူတို့ကို အထင်သေးမိသွားတယ်။”

“အဲဒီကလေးက ငါတို့ ဘယ်သူလဲဆိုတာကို သိနေတာတောင် ငါတို့ကို မရှောင်တဲ့အပြင် အသံကျယ်ကျယ် ပြောရဲသေးတယ်။ ဒါက သူ့ရဲ့ ခွန်အားအပေါ်မှာ လုံးဝ ယုံကြည်ချက်ရှိနေတာကို ပြနေတာပဲ။”

လင်းလု၏ မျက်လုံးများက ထူးဆန်းနေသည်။ သူက “နန်းရင်းဝန်... ခင်ဗျား ရူးသွားပြီလား။ ဒါက အရေးကြီးလို့လာ” ဟူ၍ ပြောချင်နေသလိုပင်။

“နန်းရင်းဝန်... ခင်ဗျား အာရုံစိုက်နေတဲ့ အချက်က လွဲနေပြီ မဟုတ်လား။ သူတို့က အရှင်မကို လက်ထပ်ချင်နေတာလေ။ နောက်ကွယ်က ကြိုးကိုင်သူက နေမဝင်တိုင်းပြည် မဟုတ်ဘဲ ကျိမျိုးရိုးနဲ့ သခင်လေး တစ်ယောက်ဖြစ်နေတာ။”

“ထူးဆန်းတယ်... ဘယ်သူက ကျိ မျိုးရိုး ဖြစ်မလဲ။”

ကျန်းစန်းဟိုင်က ရယ်လိုက်သည်။ “မင်း မှားနေပြီ။ ဒါက ငါ အစိုးရိမ်ဆုံး ကိစ္စမဟုတ်ဘူး။ မမေ့နဲ့ဦး... ငါတို့ရဲ့ ဧကရာဇ်က လောကကြီး ထင်ထားသလိုမျိုး အနိုင်ကျင့်ရတဲ့သူ မဟုတ်ဘူး။ ဒီသုံးယောက်တောင် ဧကရာဇ်ရဲ့ သရုပ်မှန်ကို မမြင်နိုင်ကြသေးဘူး။”

“သူတို့သာ မဟာကျင်းကို ပစ်မှတ်ထားရင် ငါ စိုးရိမ်မိမှာပဲ။ ဒါပေမဲ့ အရှင်မကို ပစ်မှတ်ထားတယ် ဟုတ်လား။ ဒုက္ခနဲ့ လှလှတော့ တွေ့တော့မှာပဲ။”

လင်းလုက တုံ့ဆိုင်းနေပြီး လုံးဝတော့ မယုံကြည်နိုင်သေးချေ။

ဧကရာဇ်က အချိန်နှင့်နေရာလွတ် ဓားသူတော်စင် ဖြစ်နေပြီး ပစ္စုပ္ပန်ရွာရှိ ရွာသားများ၏ လေးစားမှုကို ခံရသော်လည်း နန်းရင်းဝန်က အဘယ်ကြောင့် ဧကရာဇ်အပေါ် ထိုမျှလောက် ယုံကြည်ချက် ရှိနေရသည်ကို သူ နားမလည်ချေ။

သို့သော် အဆုံးတွင်တော့ ဧကရာဇ်က လရောင်ထွန်းလင်းနယ်ပယ်တွင်သာ ရှိသေးသည်။ တစ်ဖက်က လက်ပါးစေများကပင် နံနက်ခင်းအလင်းနယ်ပယ်မှ စ၏။ နောက်ကွယ်မှ ကြိုးကိုင်သူ၏ အင်အားကို ပြောနေစရာပင် မလိုတော့ပေ။

ဒီလိုလူမျိုးက မဟာကျင်းရဲ့ ပစ္စည်းဥစ္စာလေးတွေကို ဂရုစိုက်နေမှာ မဟုတ်ဘူး။

လင်းလု တစ်ယောက်တည်း ထိုကဲ့သို့ တွေးနေခြင်း မဟုတ်။ ချင်းဖုန်းဟော်နှင့် ကျန်းစန်းဟိုင်မှလွဲ၍ ကျန်သောသူများ အကုန် စိုးရိမ်နေကြလေသည်။

“ဝင်ကြရအောင်...” ဖုလင်ကျိက ပြောလိုက်သည်။

သံတမန်က လန့်သွားပြီး မေးသည်။ “ကျွန်တော်တို့ ဒီအတိုင်း အတင်းဝင်သွားကြမလို့လား။”

ဖုလင်ကျိ၏ နုနယ်သော မျက်နှာပေါ်တွင် ယုံကြည်ချက်ရှိသော အပြုံးတစ်ခု ပေါ်လာသည်။ “ငါတို့ ဒီရွာထဲကို ဝင်လာရတဲ့ အကြောင်းရင်း ရှိတယ်။ ဧကရီက... ငါတို့ကို သိပြီးသားပဲ။ ပုန်းနေတာက အလကားပဲ။ ပေါ်ပေါ်တင်တင် ဝင်သွားပြီး စကားပြောတာက ပိုကောင်းတယ်။”

“ဧကရီက မဟာကျင်းနဲ့ ကျိမျိုးနွယ်စုကြားက ကွာခြားချက်ကို သိလောက်အောင် ပညာရှိမှာပါ။ သူက မှန်ကန်တဲ့ ရွေးချယ်မှု လုပ်လိမ့်မယ်လို့ ငါ ယုံကြည်တယ်။”

ယင်ယန်အကြီးအကဲက ခေါင်းညိတ်သည်။

“မှန်တယ်... သခင်လေးကျိရဲ့ ရွေးချယ်ခံရတာက ချင်းလျူလီအတွက် ကောင်းချီးတစ်ခုပဲ။ သူ ဘယ်လို ငြင်းနိုင်မှာလဲ။”

သူတို့၏ စကားများတွင် ဧကရာဇ် မုန့်ချင်ကျိုးကိုတော့ လုံးဝ လျစ်လျူရှုထားကြသည်။ သူက အသုံးချခံ သက်သက်သာ ဖြစ်သဖြင့် ထည့်ပြောနေစရာပင် မလိုဟု ယူဆထားကြသည်။

ထိုစဉ် ဖုလင်ကျိက ခေါင်းခါရင်း မိမိဘာသာ ရေရွတ်လိုက်သည်။

“ထူးဆန်းတယ်... ငါ တစ်ခုခုကို မေ့နေသလိုပဲ။”

“ဟင်... ငါ ဘယ်တုန်းက ကလေး ဖြစ်သွားတာလဲ။ ထူးဆန်းလိုက်တာ...”

ယင်ယန်အကြီးအကဲက ဖုလင်ကျိကို အံ့သြစွာ ကြည့်လိုက်သည်။ “ဖုလင်ကျိ... ဒါက ဟန်ဆောင်တာ မဟုတ်ဘူးလား။ မင်း ဘယ်လိုလုပ် ကလေး ဖြစ်သွားတာလဲ။”

သံတမန်ကလည်း အလားတူပင် ဇဝေဇဝါ ဖြစ်နေသည်။

“ငါ မမှတ်မိတော့ဘူး၊ လုပ်ကြံခံလိုက်ရတာ ထင်တယ်။ ဒါပေမဲ့ ရပါတယ်၊ ငါ့ခန္ဓာကိုယ် ပြန်ကောင်း လာတာကို ခံစားရတယ်။ နောက် တစ်ရက် နှစ်ရက်ဆိုရင် ပုံမှန် ပြန်ဖြစ်သွားလိမ့်မယ်။ ဒါက ဘာထိခိုက်မှုမှ မရှိပါဘူး။”

ထိုသုံးဦးမှာ အချိန်ဆွဲမနေတော့ဘဲ တံခါးကို တွန်းဖွင့်လိုက်ကြသည်။

တံခါးဖွင့်သံကြောင့် ခြံဝင်းအတွင်းရှိ အကြည့်များစွာ ရောက်ရှိလာကြသည်။ တံခါးဝတွင် အိပ်နေသော ခွေးဝါကြီးက ထိုသုံးဦးကို ပျင်းရိစွာ လှမ်းကြည့်လိုက်ရာ ၎င်း၏မျက်လုံးထဲတွင် သွေးဆာနေသည့် အရိပ်အယောင်များ ပါဝင်နေသည်။

“မဟာကျင်း ဧကရီ...” ဖုလင်ကျိက သူ၏ လက်ကလေးနှစ်ဖက်ကို စုကာ ဦးညွှတ်လိုက်သည်။

“ကျွန်မရဲ့ နာမည်က တုန်းဖန်လျူလီပါ...” တုန်းဖန်လျူလီက လက်ကို ဝေ့ယမ်းကာ သူ့စကားကို ဖြတ်ပြောလိုက်သည်။

ဖုလင်ကျိ၏ မျက်လုံးများ တောက်ပသွားသည်။ “သြော်...”

သူက ငါတို့ရဲ့ ရည်ရွယ်ချက်ကို သိနေပြီးသားမို့လို့ ကြိုပြီး ရင်းနှီးအောင် လုပ်ပြနေတာပဲ။

သေချာတာပေါ့... ဧကရီက အခြေအနေကို နားလည်ပါတယ်။ သခင်လေး ပေးလိုက်တဲ့ ဒီတာဝန်က မကြာခင် ပြီးတော့မှာပဲ။

“မိန်းကလေး လျူလီ... ကျွန်တော်တို့ လာရတဲ့ ရည်ရွယ်ချက်ကို သိမှာပါ” ဖုလင်ကျိက ဆိုသည်။

တုန်းဖန်လျူလီက တည်ငြိမ်စွာ ပြန်ဖြေသည်။ “သိပါတယ်၊ ဒါပေမဲ့ ဘာလို့ ရှင့်လို ကလေးတစ်ယောက်ကို လွှတ်လိုက်တာလဲဆိုတာကိုပဲ ကျွန်မ သိချင်နေတာ။”

ဖုလင်ကျိ၏ အမူအရာ တောင့်တင်းသွားပြီး စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။

တောက်... ငါ ဘာလို့ ဒီလိုပုံစံ ဖြစ်နေလဲဆိုတာ မသိဘူးလား။ ဘာလို့ မသိချင်ယောင် ဆောင်နေတာလဲ။

“အဲ... ကျွန်တော် လုပ်ကြံခံလိုက်ရလို့ပါ၊ ဒါပေမဲ့ မကြာခင် ပြန်ကောင်းလာမှာပါ...” ဖုလင်ကျိက ပြောလိုက်သည်။

“သြော်...” တုန်းဖန်လျူလီက ခေါင်းညိတ်ပြသည်။

မုန့်ချင်ကျိုးက ခေါင်းလှည့်ကာ စပ်စုသလို မေးလိုက်သည်။ “လျူလီ... ဧည့်သည်တွေ လာတာလား။ အသံတွေက မရင်းနှီးသလိုပဲ။”

တုန်းဖန်လျူလီက တည်ငြိမ်စွာ ပြန်ဖြေသည်။ “သူတို့က ဘေးရွာက အပြင်လူတွေပါ၊ ဘာရည်ရွယ်ချက်နဲ့ လာတာလဲဆိုတာတော့ မသိသေးဘူး။”

၎င်းကို ကြားလိုက်ရသည့်အခါ မုန့်ချင်ကျိုး မျက်ခုံးပင့်လိုက်မိသည်။

ဘေးရွာက အပြင်လူတွေ ဟုတ်လား။

အရင်ကဆိုလျှင် မုန့်ချင်ကျိုးက ၎င်းကို အရေးတယူ စဉ်းစားမည် မဟုတ်သော်လည်း ယခုတော့ မတူတော့ချေ။ စနစ်၏ သတိပေးချက်က အစွမ်းထက်သော နတ်ဘုရားစွမ်းအား အသုံးပြုသူတစ်ယောက် ရွာထဲကို ခိုးဝင်လာကြောင်း အတိအကျ ညွှန်ပြနေသည် မဟုတ်ပါလား။

၎င်းက ထိုအပြင်လူများ ဖြစ်နိုင်ပေသည်။

“ဘယ်သူက လုပ်ကြံခံရတာလို့ ပြောလိုက်တာလဲ။” မုန့်ချင်ကျိုးက မေးလိုက်သည်။

ဖုလင်ကျိက မုန့်ချင်ကျိုးကို စိတ်မရှည်စွာ တစ်ချက် ကြည့်လိုက်သည်။ ဒီရုပ်သေးက ဘာလို့ ဒီလောက် စကားများနေတာလဲ။ ငြိမ်ငြိမ်လေး မထိုင်နိုင်ဘူးလား။

ဒါပေမဲ့ သခင်လေးက ဧကရီကို မျက်နှာသာပေးဖို့နဲ့ အရမ်းမောက်မာမနေဖို့ မှာထားခဲ့တာလေ။

အာဏာရှင်ဆန်တဲ့ အမျိုးသမီးတစ်ယောက်ကို အရမ်းကြီး ဖိအားပေးရင် အကျိုးထက် အပြစ်က ပိုများလိမ့်မှာ။

“ကျွန်တော်ပါ...” ဖုလင်ကျိက လက်မြှောက်ပြသည်။

“အနားကို တိုးလာခဲ့။ ကျုပ်က ဆေးပညာ နည်းနည်း သင်ထားဖူးတယ်။ ရိုးရိုးရှင်းရှင်း စစ်ဆေးပေးလို့ ရတယ်။ ကြည့်ပေးမယ်...” မုန့်ချင်ကျိုးက လက်ယပ်ခေါ်ရင်း နွေးထွေးစွာ ပြုံးလိုက်သည်။

ဖုလင်ကျိက အချိန်မဖြုန်းချင်သဖြင့် တုံ့ဆိုင်းနေပြီး ယဉ်ကျေးစွာ ငြင်းလိုက်သည်။

“မလိုပါဘူး။ ဒီလောက် ဒဏ်ရာအသေးအမွှားလေးကို ကိုယ့်ဘာသာ ဖြေရှင်းနိုင်ပါတယ်။”

မုန့်ချင်ကျိုး၏မျက်နှာ ပျက်သွားသည်။ “စကားများမနေနဲ့။ အခု ချက်ချင်း ဒီကို လာခဲ့။”

ဖုလင်ကျိ - “...”

ဒီကောင်က မျက်နှာသာပေးလွန်းလို့ သူ့ကိုယ်သူ ဘယ်သူလဲဆိုတာ မေ့သွားတာလား။

...

All Chapters