လူသတ်သမား၊ ဧကရီ၏ကြင်ရာတော်၊ မုန့်ချင်ကျိုး (၁)
Vol. 8 Ch. 101
မုန့်ချင်ကျိုးက တောင်တန်းနှင့်မြစ်မြေပုံနှင့် အဖွဲ့အစည်းကြီး (၇)ခု၏ ဝိုင်းရံပိတ်ဆို့မှု အကြောင်းကို ကြားလိုက်ရသည့်အခါမှ အရာအားလုံးကို ပြန်လည် သတိရသွားတော့သည်။
ထိုနေ့က သူသည် စစ်ထွက်ရန် အမိန့်ပေးခြင်း ခံခဲ့ရပြီး သူ့ဘေးနားတွင် ဗျူဟာမှူးအဖြစ် အမြဲရှိနေခဲ့သူမှာ တုန်းဖန်လျူလီမှလွဲ၍ အခြားသူ မဟုတ်ချေ။
ဒါဆို ကျိဝူရွှမ်က အဲဒီအချိန်ကတည်းက တောရိုင်းမြေထဲကို ရောက်နေခဲ့တာလား။
ယင်ယန်အကြီးအကဲက စိတ်ချင်းဆက်သွယ်ကာ အသံလွှင့်လိုက်သည်။
“သခင်လေးက ဧကရီနဲ့ အချိန်နဲ့နေရာလွတ် ဓားသူတော်စင်အကြောင်းကို တောက်တီး ဘိုးဘေးရဲ့ မှတ်ဉာဏ်တွေထဲကနေ သိခဲ့တာမဟုတ်ဘူးလား။ ဘယ်တုန်းက အဖွဲ့အစည်းကြီး (၇)ခုရဲ့ ဝိုင်းရံမှုကို မျက်မြင်တွေ့ခဲ့တာလဲ။”
“သခင်လေးရဲ့ သွားလာလှုပ်ရှားမှုတွေကို ဖုံးကွယ်ထားရမယ်လေ။ ကျုပ် သူတို့ကို သခင်လေးက အရိပ်ထဲကနေ အမြဲစောင့်ကြည့်နေတယ်လို့ ထင်အောင် ကြောက်လန့်သွားအောင် သတင်းမှားတွေ တမင်ဖြန့်လိုက်တာ။ အဲဒါမှ စေ့စပ်ညှိနှိုင်းရတာ ပိုလွယ်မှာလေ။”
ဖုလင်ကျိက အရာအားလုံးကို လက်ခုပ်ထဲတွင် ထိန်းချုပ်ထားနိုင်သည့်အလား ယုံကြည်ချက်အပြည့်ဖြင့် ခပ်ပါးပါး ပြုံးလိုက်သည်။
ခေတ္တမျှ ရပ်နားပြီးနောက် ဖုလင်ကျိက ဆက်လက်အသံလွှင့်သည်။
“နောက်မှ အချိန်နဲ့နေရာလွတ် ဓားသူတော်စင်အကြောင်း သတင်းအချက်အလက်တွေ စုဆောင်းကြည့်။ မုန့်ချင်းရဲ့ ထိုးထွက်လာမှုက အရမ်းမြန်သလို၊ ပျောက်ကွယ်သွားတာကလည်း အရမ်း ရုတ်တရက် ဆန်လွန်းတယ်။ ကျုပ်တို့ ခဏတဖြုတ် အိပ်ပျော်နေတုန်းမှာပဲ မုန့်ချင်းက ပျောက်သွားတာ။ အဲဒီ အချိန်နဲ့နေရာလွတ် ဓားသူတော်စင်ဆိုတဲ့လူကို ကျုပ်တို့ တကယ် မသိဘူးဆိုတာကို သခင်လေး သိလို့မဖြစ်ဘူး။”
ယင်ယန်အကြီးအကဲက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
“မှန်တယ်။ သခင်လေးက တောက်တီးဘိုးဘေးကို ဝိညာဉ်ရှာဖွေပြီးမှ ဓားသူတော်စင်အကြောင်း သိသွားတာ။ ငါတို့က အဲဒီဓားသူတော်စင်ကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့တာလို့ သူ အထင်မှားနေတာ။ ငါတို့က ဓားသူတော်စင် မုန့်ချင်းနဲ့ တစ်ခါမှ မဆုံဖူးဘူးဆိုတာ သူ မသိဘဲနဲ့ ဓားသူတော်စင်ကို သူ့ဆီ ခေါ်လာခိုင်းနေတာ။”
အချိန်နှင့်နေရာလွတ် ဓားသူတော်စင် မုန့်ချင်းအကြောင်း ဆွေးနွေးရခြင်းက သူတို့နှစ်ဦးကို ခေါင်းခဲစေ၏။
မုန့်ချင်က ဤလောကထဲတွင် တစ်လအတွင်း နာမည်ကျော်ကြားလာခဲ့ခြင်းဖြစ်သည်။ သူတို့ သတင်း ကြားပြီး မုန့်ချင်းကို ရှာဖွေသည့်အချိန်တွင် သူက လောကီရေးရာများကို စွန့်ခွာကာ အနားယူသွားခဲ့ပြီ ဖြစ်သည်။
ကျိဝူရွှမ်က သူ၏ အသိစိတ် တစ်ဝက်ကို ဤလောကထဲသို့ ပို့လွှတ်လိုက်သည့်အခါ အချိန်နှင့်နေရာလွတ် ဓားသူတော်စင်၏ ထူးခြားဆန်းပြားမှုကို ချက်ချင်းသတိပြုမိသွားပြီး ဖုလင်ကျိနှင့် ယင်ယန်အကြီးအကဲ တို့ကို မုန့်ချင်အား ဖမ်းဆီးကာ မိမိရှေ့သို့ ခေါ်ဆောင်လာရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။
ခြံဝင်းအတွင်း ခဏတာ တိတ်ဆိတ်သွားပြီးနောက် ဖုလင်ကျိက အရင်စကားပြောလာသည်။
“ကဲ... မင်း ဆုံးဖြတ်ချက် ချပြီးပြီလား။”
အခြေအနေကို နားလည်သွားသော မုန့်ချင်ကျိုးက တဖြည်းဖြည်း အေးစက်လာကာ သူ၏ မျက်နှာထက်တွင် အေးစက်စက် အမူအရာဖြင့် စကားတစ်ခွန်းသာ ပြောလိုက်သည်။ “ထွက်သွား...”
ထိုအသံက မကျယ်သော်လည်း ငြင်းပယ်၍မရသော အာဏာစက်များဖြင့် ပြည့်နှက်နေသည်။
ဖုလင်ကျိမှာ မုန့်ချင်ကျိုးက သူ့ကို နားမလည်ဟု ထင်ကာ ကြောင်သွားပြီး ထပ်မံသတိပေးလိုက်သည်။
“ငါ့သခင်လေးက ကောင်းကင်ပြည်နယ်က ကျိမျိုးနွယ်စုရဲ့ ဒုတိယသခင်လေး ကျိဝူရွှမ်။ မင်း သူ့နာမည်ကို မကြားဖူးဘူးလား။”
မုန့်ချင်ကျိုးက ဟန်ဆောင်မှုများကို ဘေးဖယ်လိုက်ပြီး သူ၏လေသံမှာ အေးစက်ကာ ပြတ်သားသွား၏။
“ကြားဖူးတာပေါ့။ ရှေးဟောင်းဧကရာဇ် ပြန်လည်ဝင်စားလာသူ၊ ကောင်းကင်ပြည်နယ်မှာ မရှုံးနိမ့်ဖူးသူ၊ တစ်ချက်ကြည့်ရုံနဲ့ တာအိုအမျိုးမျိုးကို နားလည်နိုင်တဲ့သူ၊ မရေမတွက်နိုင်တဲ့ ကျမ်းစာတွေကို ကျင့်ကြံထားပြီး တာအိုပေါင်း သုံးထောင်ကို ဧကရာဇ်လမ်းစဉ် တစ်ခုတည်းအဖြစ် ပေါင်းစည်းဖို့ ရည်မှန်းထားသူလို့ ပြောကြတယ် မဟုတ်လား။”
“အဲဒီတော့ ဘာဖြစ်လဲ။ သူ့ကို လာခိုင်းလိုက်၊ ငါကိုယ်တိုင် သူ့ကို ခုတ်ပိုင်းပစ်မယ်...”
တောက်... ငါ အမုန်းဆုံးက အိမ်ထောင်ရေးကို လာဖျက်တဲ့ကောင်ပဲ။ မင်းလို ကောင်စုတ်လေးက ငါ့ကို သားကောင်ဖြစ်အောင် လုပ်ချင်နေတာလား။ ငါ့ကို သူတောင်းစားများ မှတ်နေလား။
ဒါကို ထပ်ပြီး သည်းမခံနိုင်တော့ဘူး။ ကျင့်ကြံမှု လမ်းကြောင်း ပြတ်တောက်သွားပါစေ၊ ကျိဝူရွှမ်ကတော့ သေကိုသေရမယ်...
ငါသာ ထပ်ပြီး သည်းခံနေရင် သူတို့က ငါ့ခေါင်းပေါ် တက်နင်းကြတော့မှာ။
“ရူးမိုက်လှချည်လား။ သခင်လေးကို မလေးမစား ပြောရဲတယ်။ မင်း သေချင်နေပြီပဲ...” ယင်ယန် အကြီးအကဲက ချက်ချင်း တုံ့ပြန်လိုက်ပြီး လက်ချောင်းငါးချောင်းကို လက်သည်းသဏ္ဌာန် ပြုလုပ်ကာ တိုက်ခိုက်ရန် ပြင်လိုက်သည်။
“သခင်လေးရဲ့ မှာကြားချက်ကို မေ့သွားပြီလား။” ဖုလင်ကျိ အသံလွှင့်ကာ သူ့ကို အမြန်တားလိုက်သည်။
ဝူတျဲ၏ မျက်လုံးများ တောက်ပလာသည်။ လေပြေတောင်ကုန်းပေါ်တွင် ဓားတစ်ချက်တည်းဖြင့် ကျောက်ကော်၏ အစောင့်အရှောက်ကို ခုတ်ပိုင်းခဲ့သည့် မြင်ကွင်းကို ပြန်မြင်ယောင်နေသကဲ့သို့ပင်။
“သခင်လေးက အခုထိ အားကောင်းမောင်းသန်နဲ့ အာဏာစက် ရှိနေတုန်းပဲ။” ဝူတျဲက ပါးလေးကို အုပ်ကာ ရှက်သွေးဖြာနေတော့သည်။
စုချင်ချိုးက သူ့ကို အထင်သေးသလို ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်၏။ “ဟွန့်... အချစ်ရူးမလေး။ သခင်လေးက အမြဲတမ်း အံ့သြဖို့ကောင်းနေတာပဲဟာ။”
ခြံအပြင်ဘက်တွင် တိုးတိုးလေး ပြောသံများ ထွက်ပေါ်နေသည်။
“အင်း... တကယ့်ကို အာဏာစက် ရှိတာပဲ...”
“ဧကရာဇ်က ကျိမျိုးနွယ်စုရဲ့ ဒုတိယသခင်လေးကို ဒေါသထွက်အောင် လုပ်မိမှာ မကြောက်ဘူးလား။ ဒုတိယသခင်လေးရဲ့ ကျင့်ကြံမှုက နံနက်ခင်းအလင်းနယ်ပယ်ရဲ့ ထိပ်ဆုံးကို ရောက်နေပြီး ကောင်းကင်ထောက်တိုင်နယ်ပယ်ကို တက်လှမ်းနေပြီလို့ ပြောကြတယ်။ သူသာ ကိုယ်တိုင် ဆင်းလာရင် မဟာကျင်းအင်ပါယာက သူ့ကို တားနိုင်မှာ မဟုတ်ဘူး။”
“ကောင်းကင်ပြည်နယ်ရဲ့ နံပါတ်တစ် လူငယ်ပါရမီရှင်ပဲ။ အချိန်နဲ့နေရာလွတ် ဓားသူတော်စင်က သူ့ကို ဘယ်လောက်အထိ ယှဉ်နိုင်မလဲ သိချင်မိတယ်။”
“ဧကရာဇ်က မဟာကျင်းအတွက် အများကြီး စွမ်းဆောင်ပေးခဲ့ပေမဲ့ တကယ့် လက်တွေ့ဘဝမှာတော့ သူက ကျိမျိုးနွယ်စုရဲ့ ဒုတိယသခင်လေးကို ယှဉ်ဖို့ မဖြစ်နိုင်ဘူး။”
ခြံအပြင်ဘက်တွင် နန်းတွင်းအရာရှိများက ကြောက်လန့်တုန်လှုပ်မှုများဖြင့် အချင်းချင်း အသံလွှင့်ကာ ပြောဆိုနေကြသည်။
ရုတ်တရက် တုန်းဖန်လျူလီက စကားပြောလာသည်။
“ကျွန်မရဲ့ ခင်ပွန်းက စိတ်နှလုံး ကောင်းလွန်းတယ်။ သတ်ဖြတ်တာ၊ တိုက်ခိုက်တာကို မနှစ်သက်ဘူး။ ဒါပေမဲ့ ကျိဝူရွှမ်အတွက် ကျွန်မမှာ စကားတစ်ခွန်း ရှိတယ်။”
ဖုလင်ကျိက ဧကရီ၏ အရှေ့တွင် မောက်မာခြင်းမပြုရန် ကျိဝူရွှမ်၏ မှာကြားချက်ကို သတိရကာ မုန့်ချင်ကျိုးကို စိုက်ကြည့်ရင်း ဒေါသကို မျိုသိပ်ကာ မဲ့ပြုံးဖြင့် ပြောလိုက်သည်။
“ပြောပါ။”
တုန်းဖန်လျူလီ၏ ဇာမဏီမျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်နေပြီး သူ၏ အသံမှာ တည်ငြိမ်နေသည် -
“ဒီနေ့ရဲ့ အရှက်ခွဲမှုကို ကျွန်မ မှတ်ထားမယ်။ တစ်နေ့ကျရင် သူ့ကို သေချင်ရင်တောင် သေလို့မရဘဲ အသက်ရှင်လျက်နဲ့ အသနားခံရအောင် လုပ်ပြမယ်လို့။”
ဖုလင်ကျိ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူ၏ ကြည်လင်နေသော မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်လာတော့သည်။
လကို မော့ကြည့်ကာ ဟောင်နေပြီး လကို ဆွဲချမည်ဟု ကြုံးဝါးနေသော ပုရွက်ဆိတ်လို ကျင့်ကြံခြင်း မရှိသည့် ဧကရာဇ်ကို သူ ဂရုမစိုက်ချေ။ ထိုအရာက ရယ်စရာပင် ကောင်းသေးသည်။
ဒါပေမဲ့ ဧကရီကတော့ မတူပေ။ သူက သခင်လေး အထူးတလည် ရွေးချယ်ထားသော အမျိုးသမီး ဖြစ်၏။
ဖြူစင်တဲ့ လက်ထပ်ခွင့်တောင်းခံမှုကို အရှက်ခွဲမှုလို့ မြင်တယ် ဟုတ်လား။
ပြီးတော့ သူက သခင်လေးအပေါ် သတ်ဖြတ်လိုစိတ်တောင် ထားရှိရဲတယ် ဟုတ်လား...
“ကျေးဇူးကန်းလိုက်တာ... ကောင်းကင်ပြည်နယ်က နတ်မိမယ်တွေနဲ့ မိန်းမပျိုတွေ ဘယ်လောက် များများက သခင်လေးရဲ့ ခုတင်ပေါ် တက်နိုင်ဖို့ အိပ်မက်မက်နေကြလဲဆိုတာ မင်း သိလား။ မင်းက ငြင်းပယ်ရုံတင်မကဘဲ ဒီလို ရူးမိုက်တဲ့စကားတွေ ပြောရဲတယ်ပေါ့။ မင်း အသက်ရှင်ရတာ ငြီးငွေ့နေပြီ ထင်တယ်။” ဖုလင်ကျိက ဒေါသတကြီး အော်ဟစ်လိုက်သည်။
တုန်းဖန်လျူလီက မျက်နှာဖုံးကို မခွာချမီအထိ ဖုလင်ကျိက သခင်လေး၏ တာဝန်ကို မပျက်စီးစေရန် အပြင်ပန်းအားဖြင့် လေးစားပြခဲ့သည်။ သို့သော် တုန်းဖန်လျူလီ၏ ယခုအမူအရာအရ စကား ဆက်ပြောရန် လမ်းမရှိတော့ကြောင်း သိသာသွားပြီ ဖြစ်သည်။
ဒါဆို ဘာလို့ ယဉ်ကျေးပြနေစရာ လိုနေသေးမှာလဲ။
“မင်းတို့ ပြောလို့ ဝပြီလား။”
မုန့်ချင်ကျိုးက သူ၏ မျက်မမြင်တုတ်ကောက်ကို အားပြုကာ ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည်။ သူ၏ အသံမှာ အရိုးထဲအထိ အေးစက်သွားစေသည့် ရေအေးစမ်းချောင်းတစ်ခုအလား အေးစက်နေသည်။
“မင်းတို့ အရမ်း ကံကောင်းတယ်။ အခုထိတော့ ငါ့ကို သတ်ဖြတ်ချင်စိတ် ပေါ်လာအောင် လုပ်နိုင်တဲ့ ပထမဆုံးလူတွေက မင်းတို့ပဲ။”
“ငါ့ရှေ့မှာ ငါ့မိန်းမကို လက်ထပ်ခွင့် လာတောင်းနေတာ ငါ့ကို လူပြက်လို့ ထင်နေတာလား။”
မုန့်ချင်ကျိုးက မျက်မမြင်တုတ်ကောက်ကို ကျောက်ပြင်ပေါ်သို့ ထိုးစိုက်ပြီး ဓားရိုးကို ဆွဲကိုင်လိုက်၏။ သတ္တုချင်း ပွတ်တိုက်သံနှင့်အတူ ထက်မြက်လှသော ဓားတစ်လက် ပေါ်ထွက်လာပြီး အေးစက်လှသော အလင်းတန်းများ မြေပြင်ပေါ်သို့ ပြန့်ကျဲသွားတော့သည်။
ဖုလင်ကျိက ရှေ့တွင် ရပ်နေသော လူကို ငေးကြည့်နေမိသည်။ သူက ဝတ်ရုံစိမ်းကို ဝတ်ဆင်ထားပြီး မျက်လုံးများကို ပိုးသားအနက်ရောင်ဖြင့် စည်းထားကာ၊ လူတစ်ယောက်နှင့် ဓားတစ်လက်တည်းဖြင့် ကောင်းကင်ယံကြီးကို ထောက်မထားသည့်အလား ခန့်ညားလှ၏။
“မင်း... မင်းက အချိန်နဲ့နေရာလွတ် ဓားသူတော်စင် မုန့်ချင်းလား...”
ဖုလင်ကျိ၏ နားထဲတွင် မိုးကြိုးပေါင်း တစ်ထောင် ပေါက်ကွဲသွားသည့်အလား မြည်ဟည်းသွားပြီး မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ပြူးထွက်သွားတော့သည်...
မဟာကျင်းရဲ့ဧကရာဇ်က အချိန်နဲ့နေရာလွတ် ဓားသူတော်စင် ဖြစ်နေတာလား...
လခွမ်းတဲ့မှ... မုန့်ချင်ကျိုးက တစ်လောကလုံးကို လှည့်စားထားတာပဲ။ သခင်လေးတောင် ဒါကို ကြိုမမြင်ခဲ့ဘူး။
“ယင်ယန်အကြီးအကဲ... ချက်ချင်း ဆုတ်ခွာတော့။. မုန့်ချင်ကျိုးက အချိန်နဲ့နေရာလွတ် ဓားသူတော်စင် ဆိုတဲ့ အကြောင်း သခင်လေးကို ချက်ချင်း သတင်းပို့ရမယ်...” ဖုလင်ကျိ၏ အတွေးများ မြန်ဆန်နေသည်။
သူ၏ ပထမဆုံးအတွေးမှာ ကျိဝူရွှမ်အတွက် ဖြစ်သည်။ တစ်နေ့တွင် ကျိဝူရွှမ်က အချိန်နှင့်နေရာလွတ် တာအိုကို ရယူပြီး မိမိ၏ လမ်းစဉ်နှင့် ပေါင်းစည်းရန် ဓားသူတော်စင်ကို ရှာဖွေမည်မှာ သေချာသည်။ ထိုအခါ တိုက်ပွဲတစ်ခုကတော့ ရှောင်လွှဲ၍ ရမည်မဟုတ်ချေ...
သို့သော် မုန့်ချင်ကျိုးက ဓားသူတော်စင် ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။ ၎င်းကို မသိဘဲ ကျိဝူရွှမ်သာ တိုက်ခိုက်မိလျှင် ဒုက္ခရောက်သွားနိုင်၏။
ယင်ယန်အကြီးအကဲလည်း ထိတ်လန့်သွားပြီး ဟင်းလင်းပြင်ကို ဖောက်ထွက်ကာ အခြားနေရာတစ်ခုသို့ ထွက်ပြေးရန် ပြင်လိုက်သည်။
ထိုစဉ် အနားနားကပ်လျက် အသံတစ်ခု ထွက်ပေါ်လာသည်။
“မင်းတို့ ထွက်ပြေးနိုင်မယ် ထင်နေတာလား။”
“ကောင်းပြီလေ... မင်းတို့ကို အသုံးချပြီး အချိန်နဲ့နေရာလွတ် ဧကရာဇ်အဆင့် ဓားအသိရဲ့ စွမ်းအားကို စမ်းသပ်ကြည့်ရမယ်။ ကိုယ့်ထက် အဆင့်မြင့်တဲ့ ရန်သူကို သတ်နိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့...”
...