လူသတ်သမား၊ ဧကရီ၏ကြင်ရာတော်၊ မုန့်ချင်ကျိုး (၂)
Vol. 8 Ch. 102
“မင်းတို့နှစ်ယောက်လုံး... ဒီရွာကလေးက အရမ်းသေးလွန်းလို့ ဘယ်လိုဆူပူသောင်းကျန်းမှုကိုမှ ခံနိုင်ရည် ရှိမှာမဟုတ်ဘူး။ ငါ့နောက်ကို လိုက်ခဲ့။”
မုန့်ချင်ကျိုးက ဒူးကို အနည်းငယ်ကွေးလိုက်ပြီးနောက် လေးကြိုးမှ လွတ်ထွက်သွားသော မြားတစ်စင်း ကဲ့သို့ ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားသည်။ သူ၏ပုံရိပ်က ဖုလင်ကျိနှင့် ယင်ယန်အကြီးအကဲ တို့၏ မျက်လုံးထဲတွင် လျင်မြန်စွာ ကြီးမားလာပြီးနောက် ဓားဖြင့် ခုတ်ပိုင်းလိုက်တော့သည်။
[ နေရာလွတ်...တစ်လက်မ ရပ်တန့်...]
ထိုဓားချက်က မည်သည့်ဒြပ်ဝတ္ထုပေါ်မှ ကျရောက်ခြင်းမရှိဘဲ နေရာလွတ်ကိုသာ ဖြတ်သန်း ခုတ်ပိုင်းလိုက်ခြင်းဖြစ်သည်။ မိုင်(၁၀၀) ပတ်လည်အတွင်းရှိ နေရာလွတ်ကြီးက ခဲဖျက်ဖြင့် ဖျက်လိုက်သည့်အလား လုံးဝကို သန့်စင်သွားတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ဖုလင်ကျိ သတိပြန်ဝင်လာသည့်အခါ သူ၏ရှေ့မှ မြင်ကွင်းမှာ လုံးဝ ပြောင်းလဲသွားပြီး ယခုအခါ သူတို့က မြို့တော်၏ အပြင်ဘက်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
“ဓားသိုင်းကို ဒီလိုလည်း သုံးလို့ရတာလား။ သခင်လေးတောင်မှ ဒီတာအိုကို ဘာလို့ ဒီလောက် မက်မောနေရလဲဆိုတာ မဆန်းတော့ဘူးပဲ...” ဖုလင်ကျိက အံ့သြတကြီး ရေရွတ်လိုက်သည်။
သမိုင်းတစ်လျှောက် ဓားကျင့်ကြံသူအားလုံးက သတ်ဖြတ်နိုင်စွမ်းကိုသာ အဓိကထားခဲ့ကြပြီး ဓားအသိ၏ အစွမ်းထက်မှုကိုသာ အန္တိမရည်မှန်းချက်အဖြစ် ထားရှိခဲ့ကြသည်။ မည်သူမျှ မုန့်ချင်ကျိုးကဲ့သို့ ဘက်စုံ စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ချေ။
တစ်ချိန်တည်းမှာပင်...
ပစ္စုပ္ပန်ရွာရှိ အုတ်ကြွပ်စိမ်း အိမ်လေးအတွင်း၌...
တုန်းဖန်လျူလီ၏ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။ သူက မုန့်ချင်ကျိုး၏ တည်နေရာကို ရှာဖွေရန် နတ်ဘုရားအာရုံကို အမြန်ဖြန့်ကျက်လိုက်သည်။ မြို့တော် အပြင်ဘက်ရှိ တောင်တန်းများပေါ်တွင် သူ၏ ရင်းနှီးသော ပုံရိပ်ကို မြင်လိုက်ရသည့်အခါမှ သက်ပြင်းချနိုင်တော့ကာ မိမိဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။
“တော်သေးတာပေါ့၊ တယ်လီပို့ လုပ်လိုက်တဲ့ အကွာအဝေးက တော်တော်လှမ်းသွားလို့။”
စုချင်ချိုးလည်း ထိတ်လန့်သွားပြီး ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။
“တယ်လီပို့ အကွာအဝေးကသာ အရမ်းတိုသွားရင် မြို့တော်ရဲ့ တစ်နေရာရာထဲကို ရောက်သွားနိုင်တာ။”
အဲဒီအချိန်ကျရင် မုန့်ချင်ကျိုးက သူကိုယ်တိုင်တော့ ပစ္စုပ္ပန်ရွာ အပြင်ဘက်ကို တယ်လီပို့ လုပ်လိုက်ပြီလို့ ထင်နေမှာ။ ဒါပေမဲ့ သူတွေ့လိုက်ရတာက လူစည်ကားတဲ့ လူအုပ်ကြီးဖြစ်နေမယ်။ သေသေချာချာ နားထောင်ကြည့်လိုက်ရင် “ဒါ မဟာကျင်းမြို့တော် မဟုတ်ဘူးလား”လို့ သူ အော်မိမှာပဲ။
သူ့ရဲ့ ကျင့်ကြံမှုက ဘယ်တုန်းက ဒီလောက် မြင့်မားသွားရတာလဲ။
ထပ်ပြီး စဉ်းစားကြည့်လိုက်ရင် သူ သိသွားမှာပဲ။ နေဦး... ငါ မြို့တော်ထဲကနေ တစ်ခါမှ မထွက်သွား ဘူးလား ဆိုတာမျိုးပေါ့။
ပြီးတော့ သူက အကြောက်ဆုံးအချက်ကို သိသွားလိမ့်မယ်...
သူ့မိန်းမက တကယ်တော့ လက်ရှိအုပ်စိုးနေတဲ့ ဧကရီ ဖြစ်နေတယ်ဆိုတာကိုပေါ့...
သွားပြီ။ ကောင်းကင်ကြီး ပြိုပြီ...
သူ မပတ်သက်ချင်ဆုံး အမျိုးသမီးက သူ့မိန်းမ ဖြစ်နေတယ်လေ...
ကွာရှင်းမှာပေါ့...
ထိုမြင်ကွင်းက စဉ်းစားကြည့်ရုံနဲ့တင် အရမ်းကို လှပလွန်းနေသည်။
၎င်းကို တွေးမိရုံနှင့်တင် စုချင်ချိုး တစ်ကိုယ်လုံး ကြက်သီးထသွားသည်။ သူက ချိုမြိန်သော အချစ် ဇာတ်လမ်းလေးကိုသာ ကြည့်ချင်သေးသည်။ အချစ်စုံတွဲကြီးမှ အကြီးစား ကွာရှင်းပြတ်စဲရေး ဇာတ်လမ်းကြီး ဖြစ်သွားသည်ကို မမြင်ချင်သေးပေ။
“အမြန်သွား... ကျန်းစန်းဟိုင်ကို ပြောလိုက်၊ မြို့တော်တစ်ခုလုံးကို လွှမ်းခြုံနိုင်အောင် တောင်တန်းနှင့် မြစ်မြေပုံကို ချဲ့လိုက်တော့။ ဘယ်အသေးစိတ် အချက်အလက်မှ အပြင်ကို ပေါက်ကြားလို့ မဖြစ်ဘူး...” တုန်းဖန်လျူလီက အရေးတကြီး အမိန့်ပေးလိုက်သည်။
အပြင်ဘက်တွင် ခိုးနားထောင်နေသော အရာရှိတစ်ဦးက ခြံတံခါးကို တွန်းဖွင့်ကာ ဝင်လာသည်။ ထိုစကားကို ကြားလိုက်ရသည့်အခါ သူ၏ မျက်နှာမှာ အနည်းငယ် မည်းမှောင်သွား၏။
“အရှင်မ...”
“နန်းရင်းဝန်က... စစ်တပ်ကို ဦးဆောင်ပြီး စစ်ထွက်သွားပါပြီ။ စစ်သည်တော် တစ်သန်းကို စုစည်းပြီး တိုင်းပြည်ရတနာဖြစ်တဲ့ တောင်တန်းနဲ့မြစ်မြေပုံကို ယူဆောင်သွားပါတယ်။ အနောက်ဘက် ဗုဒ္ဓတိုင်းပြည်ကို မိုးကြိုးမုန်တိုင်းလို အင်အားနဲ့ တိုက်ခိုက်သိမ်းပိုက်ဖို့ သွားပါပြီ။”
ထိုအရာရှိက မြေပြင်ပေါ်တွင် ဒူးထောက်ကာ တိတ်တဆိတ် မျက်ရည်ကျနေတော့သည်။
တုန်းဖန်လျူလီ မျက်မှောင်ကြုတ်လိုက်မိသည်။ သူ၏ အတွေးများက လျင်မြန်စွာ လည်ပတ်နေသည်။ ကျန်းစန်းဟိုင် အဘယ်ကြောင့် ထိုကဲံသို့ လုပ်ဆောင်ခဲ့ရကြောင်းကို သူ နားလည်သော်လည်း တည်ငြိမ်စွာဖြင့်ပင် ဆက်မေးလိုက်သည်။
“ချင်းဖုန်းဟော်ကော။ သူက ဘာလို့ မတားတာလဲ။”
ထိုအရာရှိက ခေါင်းကို ပိုငုံ့လိုက်ကာ အားနည်းသော အသံဖြင့် ပြောသည်။ “တိုင်းပြည်မဏ္ဍိုင်ကြီးလည်း နံနက်ခင်းအလင်းနယ်ပယ်ကို တစ်ချက်တည်းနဲ့ တက်လှမ်းနိုင်ဖို့အတွက် တံခါးပိတ် လေ့ကျင့်နေပါပြီ။”
တုန်းဖန်လျူလီ လုံးဝ တိတ်ဆိတ်သွားပြီး အတော်ကြာအောင် စကားမပြောနိုင်ခဲ့ချေ။
မဟာကျင်း၏ မဏ္ဍိုင်ကြီးနှစ်ခုစလုံးက မိမိတို့၏ နည်းလမ်းအသီးသီးဖြင့် နိုင်ငံတော်၏ မဏ္ဍိုင်များအဖြစ် တာဝန်နှင့် ဝတ္တရားများကို ကျေပွန်စွာ ထမ်းဆောင်နေကြပြီး တစ်ဦးစီသည် ကိုယ့်ကိုယ်ကိုယ် စတေးမည့် လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနေကြပြီဖြစ်သည်။
ဧကရာဇ်တစ်ဦးအနေဖြင့် သူ့တွင် သူတို့ကို အပြစ်တင်ရန် အကြောင်းပြချက် မရှိချေ။ သူက မြို့တော် အပြင်ဘက်သို့သာ လှမ်းကြည့်လိုက်မိသည်။
“ပြောစမ်း... ငါက ကျရှုံးနေတဲ့ ဧကရာဇ်တစ်ယောက်လား။” တုန်းဖန်လျူလီက ရုတ်တရက် အလွန်ငြိမ်သက်သွားကာ သူ၏ လေသံမှာ ရေပြင်ကဲ့သို့ အေးဆေးနေသည်။
နန်းတွင်းအရာရှိများ အားလုံး ဒူးထောက်ကာ ခေါင်းငုံ့လိုက်ကြပြီး တညီတညွတ်တည်း ပြောလိုက်သည်။ “အရှင်မရဲ့ အောင်မြင်မှုတွေက ထာဝရ တည်တံ့နေမှာပါ၊ အရှင်မရဲ့ သက်တမ်းက ကောင်းကင်ကြီးလို ရှည်ပါစေ...”
အစ်မကြီးချုံးကမူ ဓားသူတော်စင်၏ ကျောပြင်ကို ကြည့်ကာ စိတ်မရှည်စွာဖြင့် တိုက်ပွဲထဲသို့ ဝင်ပါချင်နေသည်။ သို့သော် သူ ပြန်တွေးမိသည်မှာ...
နေဦး။ ဆရာက မြူဆွယ်တတ်တဲ့ တတိယလူ တုန်းဖန်လျူလီအတွက် သွားတိုက်ပေးနေတာလေ... လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးသောင်းကတည်းက တရားဝင် ဇနီးဖြစ်တဲ့ ငါက မြေခွေးမလေးအတွက် ဆရာ တိုက်ပေးနေတာကို ကူညီပေးရမှာလား။
မဖြစ်နိုင်တာ...
၎င်းကို တွေးမိသော် အစ်မကြီးချုံး ပိုပြီး စိတ်တိုလာသည်။ ထိုစဉ် တုန်းဖန်လျူလီ၏ အားငယ်နေသော မေးခွန်းကို ကြားလိုက်ရသဖြင့် မဆိုင်းမတွပင် ပြောလိုက်သည်။
“အနည်းဆုံးတော့ နင့်မှာ ကိုယ့်ကိုယ်ကိုယ် အသိစိတ် ရှိသားပဲ။ ဓားသူတော်စင်ရယ်၊ ကျန်းစန်းဟိုင်ရယ်၊ ချင်းဖုန်းဟော်ရယ်သာ မရှိရင် မဟာကျင်းက ပျက်စီးသွားတာ ကြာလှပြီ။ လောကကြီးကို စည်းရုံးဖို့ဆိုတာ ဘယ်လို ပြောနိုင်ပါ့မလဲ။”
နန်းတွင်းအရာရှိများ ချက်ချင်းပင် ဒေါသထွက်သွားကြသည်။ ပစ္စုပ္ပန်ရွာတွင် ရွာသားများအဖြစ် ဟန်ဆောင်နေနိုင်သူများက တုန်းဖန်လျူလီအပေါ် အလွန်အမင်း သစ္စာရှိသူများသာ ဖြစ်သည်။ မိဘနှင့် သားသမီးကိုသာ စွန့်လွှတ်လျှင် စွန့်လွှတ်မည်၊ ဧကရီကိုတော့ အသက်ပေး ကာကွယ်မယ့်သူများ ဖြစ်၏။
အစ်မကြီးချုံး၏ စကားကို ကြားလိုက်ရသည့်အခါ သူတို့ မတ်တပ်ရပ်လိုက်ကြပြီး သူကို လက်ညှိုးထိုးကာ ဆဲဆိုကြတော့သည်။
“ဒီဆံပင်ဝါမလေးက ဘယ်က ရောက်လာတာလဲ။ အရှင်မရဲ့ အောင်မြင်မှုတွေကို အားလုံး မျက်မြင်ပဲ။ တခြားတိုင်းပြည်တွေက လူတန်းစားခွဲခြားမှု လုပ်နေတုန်းမှာ၊ အရှင်မ ပထမဆုံး ပြောခဲ့တာက နတ်ဘုရားတန်ခိုးတွေကို ကောင်းကင်ဘုံကနေ ယူပြီး ပြည်သူတွေအတွက် အသုံးချရမယ်... ဆိုတာပဲ။”
“ကြီးမားတဲ့ နတ်ဘုရားတန်ခိုးတွေကို သုံးပြီး တိုင်းပြည်ကို တည်ဆောက်တယ်။ တူးမြောင်းတွေ ဖောက်တယ်။ အင်အားကြီး ရတနာတွေကို သွန်းလုပ်တယ်။ သဘာဝဘေးအန္တရာယ်တွေကို ထိန်းချုပ်ပြီး စိုက်ပျိုးသီးနှံတွေ တိုးပွားအောင် လုပ်ခဲ့တယ်။”
“သူက ကျင့်ကြံသူတွေနဲ့ သာမန်ပြည်သူတွေကြားက ကွာဟချက်ကို ပထမဆုံး ဖျက်ဆီးပေးခဲ့သူပဲ။ မဟာကျင်းပြည်သူတိုင်း ကျင့်ကြံခွင့်ရအောင် ကျင့်စဉ်တွေကို ဖြန့်ဝေပေးခဲ့တယ်...”
“နန်းတက်ပြီး သုံးနှစ်အတွင်းမှာတင် တိုင်းပြည်ပေါင်း ဒါဇင်နဲ့ချီ သိမ်းပိုက်ခဲ့တယ်။ ပြိုလဲလုနီးပါးဖြစ်နေတဲ့ မဟာကျင်းကို ပြန်လည် အသက်သွင်းပေးခဲ့တယ်၊ လောကကို စည်းရုံးနိုင်မယ့် မျှော်လင့်ချက်ကိုတောင် ပေးနိုင်ခဲ့တယ်။ ဒီလို ဧကရာဇ်မျိုးက ပထမဆုံး လူသားဧကရာဇ်ထက် မနိမ့်ကျဘူး...”
“နင် မသိရင် ပါးစပ်ပိတ်ထားစမ်း။ မဟာကျင်းရဲ့ နန်းတွင်းအရာရှိတစ်ယောက်ဖြစ်ပြီး ကျေးဇူးတရားဆိုတဲ့ အခြေခံတရားကိုတောင် မသိတာက ရှက်စရာပဲ။ နင်က လူဖြစ်ရကျိုးမနပ်ဘူး...”
...
...
အစ်မကြီးချုံး၏ အထင်သေးသော အမူအရာမှာ တဖြည်းဖြည်း တည်ငြိမ်သွားသည်။ ထို့နောက် သူက တုန်းဖန်လျူလီကို အသေအချာ ကြည့်လိုက်ပြီး ဘာမှ ထပ်မပြောတော့ချေ။
အင်း... ငါ အရမ်း စိတ်တိုပြီး မနာလိုဖြစ်နေတုန်းပဲဆိုပေမဲ့ ဒီမိန်းမက တော်တယ်ဆိုရင်တောင် ငါ့ရဲ့ ဓားသူတော်စင်ကိုတော့ လုယူသွားလို့ မရဘူး။
ပြီးတော့ ဓားသူတော်စင်ကို နင့်အတွက် တိုက်ခိုင်းနေတာက အရမ်း များလွန်းတယ်...
“အားလုံး စိတ်အေးအေးထားကြပါ...” တုန်းဖန်လျူလီက လက်ကို ဝေ့ယမ်းလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ “ပထမဆုံးအချက်က ဒီမိန်းကလေးက မဟာကျင်းပြည်သူဟုတ်ဘူး။ ဒုတိယကတော့ သူက တကယ်ပဲ လူမဟုတ်ဘူး...”
နန်းတွင်းအရာရှိများ - “...”
အရှင်မ... ဆဲနေတာလား။ ကျွန်တော်မျိုးတို့က သစ္စာရှိလို့ ဆဲတာပါ၊ အရှင်မက ဆဲရင်တော့ သိက္ခာကျပါတယ်။
အစ်မကြီးချုံးက ခေါင်းညိတ်ပြီး ပြောသည်။ “နင်တို့ ကြားတဲ့အတိုင်းပဲ။ ငါက တကယ် လူမဟုတ်ဘူး။ ပြီးတော့ မဟာကျင်းရဲ့ ဆန်တစ်စေ့တောင် မစားဖူးဘူး။”
တုန်းဖန်လျူလီက အစ်မကြီးချုံးဘက်သို့ လှည့်ကြည့်လိုက်ပြီး သူ၏ နီမြန်းသော နှုတ်ခမ်းလေးများက အနည်းငယ် ပွင့်ဟသွားသည်။ “ငါ့ကို တစ်ခုလောက် ကူညီနိုင်မလား။”
အစ်မကြီးချုံးက သူ့ကို သံသယဖြင့် ကြည့်လိုက်သည်။
ဟမ်... ဒီမိန်းမက တကယ်ပဲ အကူအညီ တောင်းနေတာလား။
“အရင်ပြောကြည့်လေ။ နားထောင်ပြီးမှ ငါ ဆုံးဖြတ်မယ်။” အစ်မကြီးချုံးက လက်ပိုက်လျက် မေးစေ့ကို မော့ထားလိုက်သည်။
“ဧကရီအဖြစ် ဟန်ဆောင်ပြီး ချင်ကျိုးကို ကူညီပေးပါ...” တုန်းဖန်လျူလီက ပြောလိုက်သည်။
အစ်မကြီးချုံး မျက်မှောင်ကြုတ်လိုက်၏။
“နင်ကိုယ်တိုင် ဘာလို့ မသွားတာလဲ။ ဓားသူတော်စင်က နင့်အတွက် တိုက်ပေးနေတာလေ။”
တုန်းဖန်လျူလီက ခေါင်းခါပြပြီး အလွန်တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါ သွားလို့ မရဘူး။ အဲဒီနှစ်ယောက်က ငါ့ကို ပစ်မှတ်ထားနေတာမို့ ချင်ကျိုးက မထွက်ခွာခင် ငါ့ဆီမှာ ဓားအသိတစ်ခု ချန်ထားခဲ့တယ်။ အဲဒါက ငါ့ရဲ့အခြေအနေကို သူ အမြဲ သိနေစေတယ်။ ဒါကြောင့်... ကျေးဇူးပြုပြီး....”
“ချင်ကျိုးက ငါ့ကြောင့်နဲ့ အန္တရာယ်ဖြစ်သွားမှာကို ငါ မလိုလားဘူး။”
မြင့်မြတ်လှသော ဧကရီက ယခုအချိန်တွင်မူ တကယ့် ဇနီးကောင်း၊ မိခင်ကောင်း တစ်ဦးကဲ့သို့ ရိုးသားစွာ ပြောဆိုနေပြီး အပြင်တွင် အလုပ်လုပ်နေသော ခင်ပွန်းကို စောင့်ရှောက်ပေးရန် တစ်စုံတစ်ယောက်ကို တောင်းပန်နေသကဲ့သို့ပင်။
အစ်မကြီးချုံး၏ အပြုံးမှာ တောင့်တင်းသွားပြီး တုန်းဖန်လျူလီကို အပေါ်အောက် အသေအချာ စူးစမ်း ကြည့်လိုက်သည်။
နင် ငါ့ကို လာကြွားနေတာလား။
အသေအချာပဲ...
ဘာလို့ ဓားသူတော်စင်က နင့်ကို ဒီလောက်အထိ ဂရုစိုက်နေရတာလဲ။ ငါကတော့ တိတ်တဆိတ် ခံစားနေရရုံတင်မကဘဲ နင့်အတွက်ပါ ကူတိုက်ပေးရဦးမှာလား။
“ငါ ကူညီမယ်လို့ ဘာလို့ ဒီလောက် ယုံကြည်နေရတာလဲ။ ဒါက အရမ်း မလေးစားရာ ရောက်တယ်နော်။ ငါ တကယ် စိတ်တိုနေတာ...” အစ်မကြီးချုံးက အေးစက်စွာ ပြောလိုက်သည်။
“ငါ့အတွက် မဟုတ်ရင်တောင် နင့်ရဲ့ဓားသူတော်စင်အတွက်ပေါ့။ နင် ကူညီမှာ မဟုတ်လား။” တုန်းဖန်လျူလီက ပြန်မေးလိုက်သည်။
အစ်မကြီးချုံး၏ မျက်တောင်များ တဆတ်ဆတ် တုန်သွားပြီး တုန်းဖန်လျူလီကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။
တောက်... တစ်နေ့ကျရင်တော့ ငါ ကလဲ့စားချေဦးမှာ။
...