မသေမျိုးနှင့် ဖျက်ဆီး၍မရသော ကြောက်မက်ဖွယ်ရန်သူ
Vol. 8 Ch. 105
ယင်ယန်အကြီးအကဲက နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားမိသည်။ ဝေဝါးနေသော သူ၏ မျက်လုံးအိုကြီးများထဲတွင် ထိတ်လန့်မှုနှင့် သံသယများ ပြည့်နှက်နေလျက် ရောင်စုံအလင်းတန်းများထဲမှ တစ်ဦးပြီးတစ်ဦး ထွက်ပေါ်လာသည့် ရှေးဟောင်းသူရဲကောင်း ဝိညာဉ်များကို ငေးကြည့်နေမိသည်။
“ဒီလိုနည်းလမ်းမျိုးက ဝိညာဉ်ဆင့်ခေါ်တဲ့ အောက်လမ်းအတတ်နဲ့ တူနေတယ်။ ကောင်းကင်တာအိုကို ဆန့်ကျင်နေတာပဲ။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီလောကမှာ တကယ်ပဲ ဒီလိုတာအိုမျိုး ရှိလို့လား။”
“မဟာကျင်းက တကယ့်ကို ကံကောင်းတာပဲ။ အစက ချင်းလျူလီရဲ့ ဧကရာဇ်တာအို၊ နောက်တော့ မုန့်ချင်ရဲ့ အချိန်နဲ့နေရာလွတ်တာအို၊ အခုဆိုရင် ရှေးဟောင်းပုံရိပ်တွေကို ဆင့်ခေါ်နိုင်တဲ့ မုန့်ချင်ကျိုးရဲ့ အမည်မဲ့တာအို...”
“ဒါကြောင့်လည်း သခင်လေးက နတ်ဘုရားအာရုံတစ်ဝက်ကို စတေးပြီး ခရီးမိုင်ပေါင်း ကုဋေကုဋာကို ဖြတ်ကျော်ပြီးတော့ ကောင်းကင်ထောက်တိုင်နယ်ပယ်နီးပါးရှိတဲ့ ပညာရှင်ကြီးရဲ့ ရုပ်ခန္ဓာကို ပူးကပ်ပြီး ဒီတောရိုင်းမြေထဲကို ရောက်လာတာကိုး။”
ယင်ယန်အကြီးအကဲက အံ့သြတကြီးဖြင့် မိမိဘာသာ ရေရွတ်လိုက်သည်။ “သခင်လေးသာ ဒီတာအို သုံးခုလုံးကို ရိတ်သိမ်းနိုင်ရင် အတိဒုက္ခတွေကို ကျော်ဖြတ်ပြီး ကောင်းကင်ထောက်တိုင်နယ်ပယ်ဆီကို ချက်ချင်း တက်လှမ်းနိုင်မှာ သေချာတယ်။”
ရုတ်တရက် ဖုလင်ကျိ၏ တုန်ရီနေသော အသံက သူ၏နားထဲသို့ ရောက်ရှိလာသည်။ “ဘိုးဘေးကြီး... ဘိုးဘေးကြီးလား။”
ဘိုးဘေးကြီး...
ယင်ယန်အကြီးအကဲ ကြောင်သွားပြီး ဖုလင်ကျိဘက်သို့ လှည့်ကြည့်လိုက်ရာ ဖုလင်ကျိ၏ မျက်လုံး သူငယ်အိမ်များမှာ ကျုံ့သွားပြီး နဖူးမှ ချွေးများ စီးကျနေကာ လည်သီးမှာလည်း ထိန်းမနိုင်သိမ်းမရ လှုပ်ရှားနေသည်ကို မြင်လိုက်ရသည်။ သူ၏ အမူအရာမှာ ဝမ်းချုပ်နေသူ တစ်ဦးကဲ့သို့ အလွန်အမင်း အနေရခက်နေသည့်ပုံပင်။
[အချိန်နှင့်နေရာလွတ်ပုံရိပ်ယောင်] ထဲမှ ထွက်ပေါ်လာသော ပညာရှင်ကြီးအချို့မှာ စိတ်လှုပ်ရှားမှုများကို ဖော်ပြနေကြသည်။ အချို့က ကြောက်မက်ဖွယ် ဖိအားများကို ထုတ်လွှတ်နေပြီး အချို့က တောင်တန်းနှင့် မြစ်ချောင်းများကို တုန်ဟည်းစေမည့် အော်ဟစ်သံများကို ပြုလုပ်နေကြကာ အားလုံးမှာ အလွန်အမင်း ထိတ်လန့်ဖွယ် ကောင်းလှသည်။
“မင်းတို့လို မျိုးဆက်တွေက ငါ့ရဲ့တိုင်းပြည်ကို ဖျက်ဆီးရဲတယ်ပေါ့။ ကောင်းကင်ပြည်နယ်က ကောင်စုတ်တွေ... မင်းတို့ သေချင်နေပြီပဲ...” မဟာချန် တည်ထောင်သူ ဧကရာဇ်မှာ ဒေါသ ထွက်နေသော်လည်း သူ၏အသံမှာ ကြောက်စရာကောင်းလောက်အောင် တည်ငြိမ်နေသည်။
ထိုက်ချူးဧကရာဇ်က အေးစက်စွာ ပြောလိုက်သည်။ “ငါ့တိုင်းပြည်ကို ဖျက်ဆီးချင်ရင် ငါ့ဆီကနေ အရင်ဆုံး ခွင့်တောင်းရမယ်။”
ဝတ်ရုံနက် ဝတ်ဆင်ထားသော ရက်စက်လှသည့် ရာမမှာ နေရောင်အောက်တွင် လမ်းလျှောက်နေသည့် လင်းတနက်ကြီးတစ်ကောင်ကဲ့သို့ပင်။ သူ၏ပတ်ဝန်းကျင်တွင် မြူနက်များ ဝန်းရံနေ၏။ သူသည် ယခင်က ဤလောကတွင် ကျင့်ကြံခဲ့သူဖြစ်ပြီး ကျင့်ကြံမှုမှာ ကောင်းကင်ထောက်တိုင်နယ်ပယ် တစ်ပိုင်းသို့ ရောက်ရှိခဲ့သူ ဖြစ်သည်။ သူက အသက်ကြီးပိုင်းတွင် ကံဆိုးမှုများနှင့် ကြုံတွေ့ခဲ့ရသဖြင့် ကောင်းကင်ပြည်နယ်သို့ တစ်ကိုယ်တည်း သွားရောက်ကာ မရေမတွက်နိုင်သော လူသတ်မှုများကို ကျူးလွန်ခဲ့သဖြင့် ရာမ(ငရဲမင်း)ဟု အမည်တွင်ခဲ့ခြင်း ဖြစ်သည်။
“ကောင်းကင်ပြည်နယ် ကျင့်ကြံသူတွေလား။ စိတ်ဝင်စားဖို့ကောင်းသားပဲ။ ငါ အသက်ရှင်နေခဲ့တုန်းက သတ်ခဲ့ရတာ အားမရသေးဘူး။ အခု သေပြီးမှ ထပ်သတ်ရတာပေါ့။” ရက်စက်လှသော ရာမက ပြုံးဖြီး၍ ပြလိုက်ရာ ပါးစပ်မှာ နားရွက်အထိ ပြဲထွက်သွားပြီး အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။
ဖြူဖွေးသော ဆံပင်နှင့် နုပျိုသော မျက်နှာရှိက ဖုမျိုးနွယ်စု ဘိုးဘေးမှာမူ ခန္ဓာကိုယ်ပုသော်လည်း ကြင်နာတတ်သော ပုံစံရှိသည်။ သို့သော်လည်း ယခုတွင်မူ ဒေါသများ ပြည့်နှက်နေပြီး ဖုလင်ကျိကို ထိတ်လန့်တုန်လှုပ်စွာ စိုက်ကြည့်လျက် ပြင်းထန်စွာ မေးလိုက်သည် -
“မင်းက ဖုမျိုးနွယ်ရဲ့ မျိုးဆက်လား...”
ဖုလင်ကျိက ကြောင်အမ်းအမ်းဖြင့် ခေါင်းညိတ်လိုက်မိသည်။ မုန့်ချင်ကျိုးက နှစ်ပေါင်း ထောင်ချီ ကတည်းက သေဆုံးသွားသော သူ၏ဘိုးဘေးကို ဆင့်ခေါ်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့ချေ။
ဘိုးဘေး၏ ပုံတူပန်းချီကို ဘိုးဘေးစင်ရှေ့တွင် မြင်ဖူးခဲ့ခြင်းသာ ဖြစ်သည်။ မဟုတ်လျှင် သူ မှတ်မိလိမ့်မည် မဟုတ်ပေ။
“ဖြေစမ်း... ဘာလို့ မင်းအပေါ်မှာ ကျိမျိုးနွယ်ရဲ့ ကျွန်အမှတ်အသား ရှိနေရတာလဲ...” ဖုမျိုးနွယ် ဘိုးဘေးက ပြင်းထန်စွာ ကြိမ်းမောင်းလိုက်သည်။
ဖုလင်ကျိက အမှန်တရားကို လက်ကိုင်ထားသည့်အလား ပြန်ဖြေသည်။ “ကျိမျိုးနွယ် ဒုတိယသခင်လေး နောက်ကို လိုက်ရတာက ကျွန်တော့်အတွက် အကြီးမားဆုံး ဂုဏ်ယူစရာပဲ။ ဒါက ဖုမျိုးနွယ် အတွက်လည်း ဂုဏ်တက်စေတယ်။ ဘာလဲ... ကျွန်တော့်ကို ချီးကျူးချင်လို့လား။”
နံနက်ခင်းအလင်းနယ်ပယ် နှောင်းပိုင်းအဆင့်ရှိ ပုဂ္ဂိုလ်ကြီးဖြစ်လင့်ကစား ဖုလင်ကျိက သူ၏ဘိုးဘေး ဆင့်ခေါ်ခံရသည့် အဖြစ်မှန်ကို လျင်မြန်စွာ လက်ခံလိုက်ပုံရသည်။
ဖုမျိုးနွယ် ဘိုးဘေးမှာ ဒေါသကြောင့် လက်များ တုန်ရီလာပြီး ဖုလင်ကျိကို လက်ညှိုးထိုးကာ အော်ဟစ်လိုက်သည်။ “မိဘကျေးဇူးမသိတဲ့ မျိုးဆက်... သစ္စာဖောက်တဲ့ မျိုးဆက်...”
“ငါ ဖုမျိုးနွယ်ရဲ့ အကြီးအကဲ လုပ်နေတုန်းက ကျိမျိုးနွယ်ဆိုတာ ငါတို့အိမ်မှာ အစေခံလုပ်ခဲ့ရတဲ့ မျိုးနွယ်စုပဲ။ ငါတို့မိသားစုကို ခစားရတာက သူတို့ရဲ့ ဝတ္တရားပဲ။”
“မျိုးနွယ်စုအကြီးအကဲရဲ့ မျိုးဆက်ဖြစ်ပြီးတော့ အစေခံမျိုးနွယ်ဆီမှာ ဘယ်လိုလုပ် အညံ့ခံရဲတာလဲ... အရှက်မရှိတာ... အရှက်မရှိလိုက်တာ...”
ဖုလင်ကျိက မဲ့ပြုံးပြုံးလိုက်သည်။ “အဘိုးကြီး... အတိတ်ဆိုတာ အတိတ်ပဲ။ အခု ကျိမျိုးနွယ်က ထွန်းတောက်လာပြီး ကောင်းကင်ပြည်နယ်ကို စည်းရုံးတော့မှာ။ ဖုမျိုးနွယ်ကတော့ ကျဆုံးသွားတာ ကြာလှပြီ။ ကျွန်တော်တို့ မျိုးပြုတ်မသွားတာကတောင် ကျွန်တော့်ရဲ့ ထောက်ပံ့မှုကြောင့်ပဲ။”
“ပြီးတော့ ခင်ဗျားလို သေပြီးသားလူက လူ့လောကမှာ လာပြီး ရုတ်ရုတ်သဲသဲ မလုပ်သင့်ဘူး။ ခင်ဗျား သွားသင့်တဲ့နေရာကို ကျွန်တော် ပြန်ပို့ပေးပါရစေ။”
၎င်းကို ကြားလိုက်ရသည့်အခါ ဖုမျိုးနွယ် ဘိုးဘေးမှာ မျက်စိ၊ နား၊ နှာခေါင်းတို့မှ မီးထွက်မတတ် ဒေါသထွက်သွားသည်။ “ပုန်ကန်တာပဲ။ ပုန်ကန်တာပဲ။ မင်းက ဘိုးဘေးကို အမိန့်ပေးရုံတင်မကဘဲ အစေခံရဲ့ မျိုးဆက်ဆီမှာ ဝပ်စတွားနေသေးတယ်။ ဒီလို မျိုးဆက်မျိုးကို ဆက်မထားသင့်တော့ဘူး။ ဒီနေ့တော့ မင်းလို တိရစ္ဆာန်ထက်မသာတဲ့ကောင်ကို အဆုံးစီရင်ပြီး အမှားတွေကို ပြင်ရတော့မယ်။”
မုန့်ချင်ကျိုးသည် ထိုပြဇာတ်ကို အလွန်စိတ်ဝင်တစား ကြည့်နေပြီး သူတို့၏ စကားဝိုင်းကို သဘောကျစွာ နားထောင်နေသည်။
“စကားပြောလို့ ဝကြပြီလား။ ပညာရှင်ကြီးတို့... ခင်ဗျားတို့က ကျွန်တော့်ရဲ့ ခေါ်သံကို တုံ့ပြန်ခဲ့တာ ဆိုတော့ ကျွန်တော့်အမိန့်ကို နာခံရမယ်။”
မုန့်ချင်ကျိုး၏ အပြုံးများ ပျောက်သွားပြီး အေးစက်စွာ ပြောလိုက်သည်။ “ဒီနှစ်ယောက်ကို သတ်။ သူတို့ရဲ့ ဝိညာဉ်အစအနတွေအားလုံးကို အစပျောက်အောင် လုပ်ပစ်...”
“သူတို့ ဘယ်တော့မှ ဝင်စားခြင်း သံသရာထဲ မဝင်နိုင်အောင် သေချာလုပ်လိုက်...”
မုန့်ချင်ကျိုး၏ အမိန့်အဆုံးတွင် လရောင်ထွန်းလင်းနယ်ပယ် အထွတ်အထိပ်ရှိ ပုံရိပ်များမှာ ဖုလင်ကျိနှင့် ယင်ယန်အကြီးအကဲတို့ထံသို့ ချက်ချင်း ပြေးဝင်တိုက်ခိုက်ကြတော့သည်။
ဖုလင်ကျိက မဲ့ပြုံးလိုက်၏။ “သုံးပါးပေါင်းစုံ မူလသို့ပြန်..”
သူ၏ အရှိန်အဝါများမှာ စတင်မြင့်တက်လာပြီး နံနက်ခင်းအလင်းနယ်ပယ် အထွတ်အထိပ်သို့ ချဉ်းကပ် လာသည်။ သူ၏ အသက်အားနှင့် နတ်ဘုရားဝိညာဉ်များလည်း အဆက်မပြတ် မြင့်တက်လာနေသည်။
“မင်းတို့ လူများတော့ ဘာဖြစ်လဲ။ မေ့မသွားနဲ့ဦး။ ငါက လူ့လောကရဲ့ စစ်သေနာပတိပဲ၊ တိုက်ခိုက် သတ်ဖြတ်ဖို့ တာဝန်ရှိတဲ့သူ။ လူများလေလေ ငါက ပိုသန်မာလေလေပဲ။”
ရုတ်တရက် ပုဆိန်တစ်ချက်က ဖုလင်ကျိ၏ ခေါင်းကို ဖြတ်ချလိုက်ရာ သူ၏လည်ပင်းမှ သွေးများမှာ ရေတံခွန်ကဲ့သို့ ပန်းထွက်လာသည်။
“ဒါပဲလား...” ရက်စက်လှသော ရာမက ခေါင်းစောင်းပြီး အထင်သေးစွာ ကြည့်လိုက်သည်။
ချက်ချင်းဆိုသလိုပင် အသံတစ်သံ ပြန်ထွက်လာသည်။ “ဒါပေါ့... ဒါပဲ မဟုတ်သေးဘူး။ ပြောပြရဦးမယ်။ သုံးပါးပေါင်းစုံ မူလသို့ပြန်ရဲ့ စွမ်းရည်က... မသေနိုင်ခြင်းပဲ...”
“သွေးတစ်စက် ကျန်နေရင်တောင် ပြန်ရှင်လာနိုင်တယ်။ ကျုပ်ရဲ့ ဝိညာဉ် ကြေမွသွားရင်တောင် စီးဆင်းနေတဲ့ ရေလို ချက်ချင်း ပြန်စုစည်းနိုင်တယ်။”
“ပြီးတော့ ကျုပ်က တိုက်ခိုက်လေလေ ပိုသန်မာလေလေပဲ။ သေတိုင်း သေတိုင်းမှာ ကျုပ်က အသွင် ပြောင်းလဲသွားမှာ...”
ဖုလင်ကျိ၏ ပြတ်တောက်သွားသော လည်ပင်းမှ အသားနုလေးများ ရုတ်တရက် ပေါက်ထွက်လာပြီး ဦးခေါင်းအသစ်တစ်ခု ပြန်လည်ဖြစ်ပေါ်လာပြန်၏။
“စိတ်ကြိုက်သာ တိုက်ခိုက်ကြ။ ကျုပ်က အရမ်းကို ကျေးဇူးတင်မှာပါ။”
ဘာမှ မဆိုင်းမတွဘဲ ဖုမျိုးနွယ် ဘိုးဘေးက ရိုက်ချလိုက်သည်။ ဤရိုက်ချက်မှာ သတ္တဝါမှန်သမျှကို ချေမှုန်းနိုင်စွမ်း ရှိပြီး မည်သည့်အရာကိုမဆို သတ်ဖြတ်နိုင်လောက်သည်။
ဘုန်း...
ရိုက်ချက် ထိမှန်သွားပြီး ဖုလင်ကျိမှာ သွေးမြူမှုန်များအဖြစ် ပြောင်းလဲသွား၏။
“မင်း ကျိမျိုးနွယ်ရဲ့ ကျွန်ဖြစ်သွားရလောက်အောင် တကယ်ပဲ အစွမ်းထက်နေတယ်ဆိုတာ ငါ မယုံဘူး။” ဖူမျိုးနွယ် ဘိုးဘေးက အေးစက်စွာ ပြောလိုက်သည်။
ထိုစကားကို တုံ့ပြန်သည့်အလား သွေးမြူများမှာ ရုတ်တရက် ပြန်လည်စုစည်းသွားပြီး ဖုလင်ကျိမှာ ဒဏ်ရာတစ်စက်မှ မရဘဲ ပြန်လည်ပေါ်ထွက်လာပြန်သည်။ သူ၏ အရှိန်အဝါမှာ ပို၍ပင် ထိတ်လန့်ဖွယ် ကောင်းလာသည်။
“ဘယ်လိုလဲ...” ဖုလင်ကျိက လက်နှစ်ဖက်ကို ဖြန့်ပြကာ လှောင်ပြုံးပြုံးလိုက်သည်။
“သေပြီးသား အရိုးစုတွေက လာပြီး ရုတ်ရုတ်သဲသဲ လုပ်နေတုန်းပဲ။ အချိန်တွေက ရှေ့ကို သွားနေတာ၊ အတိတ်က အရာအားလုံးက ဆွေးမြည့်ဟောင်းနွမ်းမှုကိုပဲ ကိုယ်စားပြုတယ်။ နှစ်ပေါင်း သောင်းချီဆိုတာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားတာ။ ခင်ဗျားတို့ အဲဒီတုန်းက နားလည်ခဲ့တဲ့ တာအိုဆိုတာ အခုခေတ်ရဲ့ အစအနလေးတောင် မရှိဘူး။ အဲဒါနဲ့ ကျုပ်ကို နိုင်မယ်လို့ ထင်နေတုန်းလား။”
ထိုက်ချူးဧကရာဇ်က သွေးရောင်ဓားကြီးကို ဝေ့ယမ်းလိုက်ရာ ဓားစွမ်းအင်များမှာ ကောင်းကင်ယံမှ ကျဆင်းလာသော ကြယ်စင်စုကြီးကဲ့သို့ ဖုလင်ကျိပေါ်သို့ ကျရောက်သွားသည်။
ဖုလင်ကျိက ဘေးစောင်းကြည့်လိုက်ပြီး လှည့်ပင်မကြည့်တော့ဘဲ ဓားသွားကို လက်နှစ်ချောင်းတည်းဖြင့် ညှပ်ဖမ်းလိုက်သည်။
ထိုက်ချူးဧကရာဇ် မည်မျှပင် အားစိုက်သော်လည်း ဓားသွားမှာ လက်မဝက်ပင် ရှေ့မတိုးနိုင်တော့ချေ။
“ခင်ဗျားတို့ ကျုပ်ကို နှစ်ခါသတ်ပြီးပြီ။ အခု ကျုပ်အလှည့်ပဲ။”
လျှပ်တပြက် လှုပ်ရှားမှုနှင့်အတူ ဖုလင်ကျိ၏ လက်ညှိုးက ရက်စက်လှသော ရာမ၏ ရင်ဘတ်ကို ဖောက်ထွက်သွားပြီး အပေါက်ကြီး ဖြစ်သွားတော့သည်။
ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ရန် ကြိုးစားရင်း ရှုံးနိမ့်သွားသော ရာမမှာ လေးနက်သော အမူအရာဖြင့် နောက်ဆုတ်သွားသည်။ “ဒီကောင်က အရမ်းသန်မာတယ်။ အားလုံး စုပေါင်းပြီး တိုက်ကြရအောင်...”
“ဒီလောကမှာ တကယ်ပဲ မသေနိုင်တဲ့လူ ရှိတယ်ဆိုတာ မယုံဘူး။”
...