ဧကရီရဲ့ ကြင်ရာတော်က တကယ့်ကို လျို့ဝှက်လွန်းတယ်
Vol. 8 Ch. 108
[အချိန်နှင့်နေရာလွတ် ပုံရိပ်ယောင်] ကို (၁၅) မိနစ်ခန့်သာ ထိန်းထားနိုင်သည်။ မုန့်ချင်ကျိုး၏ လက်ရှိ အစွမ်းဖြင့် တစ်ကြိမ်လျှင် အများဆုံး ပုံရိပ်ယောင် (၄)ခုကိုသာ ဆင့်ခေါ်နိုင်သည်။
ထို့ပြင် ဆင့်ခေါ်ရရှိမည့် ပုံရိပ်ယောင်များမှာ လုံးဝကို ကျပန်းဖြစ်ပြီး ကံတရားပေါ်တွင်သာ အပြည့်အဝ တည်မှီနေသည်။ အကယ်၍ ကံကောင်းခဲ့လျှင် ပထမဆုံး လူသားဧကရာဇ်ကိုပင် ဆင့်ခေါ်မိနိုင်သည်။
ယခုတစ်ကြိမ်တွင်မူ သူ၏ကံ အလွန်ကောင်းခဲ့သည်။ ရှေးဟောင်းခေတ်မှ သူရဲကောင်းဝိညာဉ် (၄)ဦး စလုံးမှာ သူတို့ခေတ်၏ ထိပ်တန်း အာဏာရှင်ကြီးများ ဖြစ်ကြသည်။
လရောင်ထွန်းလင်းနယ်ပယ် အထွတ်အထိပ် အဆင့်လေးဖြင့်ပင် နံနက်ခင်းအလင်းနယ်ပယ် အထွတ်အထိပ် ပညာရှင်ကြီး ဖုလင်ကျိကို (၁၅)မိနစ်ခန့် တောင့်ခံတိုက်ခိုက်နိုင်ခဲ့ကြသည်။ ဖုလင်ကျိ တမင်လက်လျှော့ထားသည်ဟု ဆိုနိုင်သော်လည်း ဤရှေးဟောင်း သူရဲကောင်း ဝိညာဉ်လေးဦး၏ ကြောက်မက်ဖွယ် စွမ်းအားကိုမူ ငြင်းမရပေ။
“ပညာရှင်ကြီးတို့ကို ကျေးဇူးတင်ပါတယ်...” မုန့်ချင်ကျိုးက လက်အုပ်ချီလျက် အလေးအမြတ်ပြု နှုတ်ဆက်လိုက်သည်။
ကျန်ရှိနေသော အရိပ်သုံးခုမှာ အနည်းငယ် ခေါင်းညိတ်ပြကြပြီး မုန့်ချင်ကျိုးအပေါ် ထားရှိသော သူတို့၏ အကြည့်များမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
လရောင်ထွန်းလင်းနယ်ပယ် ကျင့်ကြံသူလေး တစ်ယောက်ဖြစ်သော်လည်း ဖုလင်ကျိကို အသာလေး သတ်ပစ်နိုင်ခဲ့သည်။ သမိုင်းတစ်လျှောက် ကြည့်လျှင်ပင် သူကည် နတ်ဘုရားကဲ့သို့သော လူငယ်တစ်ဦးပင် ဖြစ်ပေလိမ့်မည်။
“မင်း မဟာကျင်းမှာ ရှိနေတာနဲ့တင် ငါ စိတ်အေးရပါပြီ...” ထိုက်ချူးဧကရာဇ်က ကျေနပ်အားရစွာ ပြုံးလျက် ပြောလိုက်သည်။
မုန့်ချင်ကျိုးက အနည်းငယ် ကြောင်အမ်းအမ်းဖြင့် ခေါင်းကုတ်ကာ ရှင်းပြသည်။ “ကျွန်တော်က ရာထူးကနေ နုတ်ထွက်ပြီး အိမ်ပြန်လာတာ ကြာပါပြီ။ မဟာကျင်းရဲ့ ဝန်ကြီး မဟုတ်တော့ပါဘူး။ ခင်ဗျားကို စိတ်ပျက်စေမိပြီ ထင်ပါတယ်။”
ထိုက်ချူးဧကရာဇ်က ဘာမှပြန်မပြောဘဲ ပြုံးနေသော်လည်း အတွင်းစိတ်ထဲတွင်မူ ကျိန်ဆဲနေမိသည်။
အဟက်...
ကလေး... မင်းက မဟာကျင်းရဲ့ ဝန်ကြီးမဟုတ်တာ မှန်ပေမဲ့ မဟာကျင်းရဲ့ ဧကရာဇ် ဖြစ်နေတာလေ။
တစ်တိုင်းပြည်လုံးမှာ အစွမ်းအထက်ဆုံး လူနှစ်ယောက်ဖြစ်တဲ့ အရှင်မနဲ့ ဧကရာဇ်က တစ်ယောက်က ရွာသူလေးလို ဟန်ဆောင်၊ တစ်ယောက်က အိမ်ပါသမက်လို ဟန်ဆောင်နေတာ။ ဒါက ဘာအဓိပ္ပာယ်လဲ။
“ပြန်တွေ့ကြသေးတာပေါ့။ အဟမ်း... ငါတို့ ဘယ်တော့မှ မတွေ့ရတော့ဖို့ပဲ မျှော်လင့်ပါတယ်...” ရက်စက်လှသော ရာမက ဆိုသည်။
ရာမက မုန့်ချင်ကျိုးကို အလွန် သဘောကျသွား၏။ ကောင်းကင်ပြည်နယ်က ခွေးများကို သတ်ပေးသရွေ့ သူတို့က သူငယ်ချင်းကောင်းများပင်။ ကံဆိုးသည်မှာ သူတို့အတူတူ ထိုင်သောက်ရင်း စကားပြောရန် အခွင့်အရေး မရှိတော့ခြင်းပင်။
“ငါတို့လို သေပြီးသားလူတွေအတွက် လူ့လောကကို တစ်ခေါက် ပြန်မြင်ရပြီး နောင်တတွေကို ဖြေရှင်းခွင့်ရတာ တကယ် ကံကောင်းတာပဲ။ ကျေးဇူးတင်ပါတယ် လူငယ်လေး...” ဖုမျိုးနွယ်ဘိုးဘေးက ဝမ်းနည်းရိပ်များဖြင့် ပြောကြားခဲ့သည်။
သူ့ကို ဤအခွင့်အရေး ပေးခဲ့သည့်အတွက် မုန့်ချင်ကျိုးကို ကျေးဇူးတင်သော်လည်း ဖုမျိုးနွယ်မှ ပါရမီရှင် လူငယ်တစ်ဦး ဆုံးရှုံးသွားရခြင်းအတွက်မူ စိတ်မကောင်းဖြစ်နေမိသည်။
ကျိဝူရွှမ်သာ သူ့ကို လမ်းမမှားစေခဲ့ပါက သူသည် ဖူမျိုးနွယ်ကို ယခင်ဂုဏ်ကျက်သရေအတိုင်း ပြန်လည် ဦးဆောင်နိုင်ခဲ့လိမ့်မည်။
“လူငယ်လေး... ငါ့မှာ မေးစရာ တစ်ခုရှိတယ်။ ဖုမျိုးနွယ်စုက တကယ်ပဲ ပျက်သုဉ်းသွားပြီလား။” ဖူမျိုးနွယ်ဘိုးဘေးက မထွက်ခွာမီ မကျေမနပ်ဖြင့် မေးလိုက်သည်။
မုန့်ချင်ကျိုး ခဏမျှ စဉ်းစားပြီးနောက် အမှန်အတိုင်း ဖြေလိုက်သည်။
“မပျက်စီးပါဘူး။ နှစ်ပေါင်း ထောင်ချီတဲ့ အမွေအနှစ်တွေရှိတဲ့ ဖူမျိုးနွယ်မှာ အရင်မျိုးနွယ်စု ခေါင်းဆောင်တွေ ချန်ထားခဲ့တဲ့ ဝှက်ဖဲတွေ အများကြီး ရှိပါသေးတယ်။ အခုထိ အသက်ရှင်ကျန်နေတဲ့ မျိုးနွယ်ခွဲတစ်ခု ရှိပါသေးတယ်။”
“ကျေးဇူးတင်ပါတယ်။” ဖူမျိုးနွယ်ဘိုးဘေး ခေါင်းညိတ်လိုက်ပြီး နောက်ဆုံး စိတ်အေးသွားတော့သည်။
တော်သေးတယ်။ စိတ်လွတ်ကိုယ်လွတ်ဖြစ်ပြီး ဖုမျိုးနွယ်ရဲ့ မျိုးဆက်ကို လက်နဲ့ကိုယ်တိုင် ဖြတ်တောက် မိတော့မလို့။
ကံကောင်းထောက်မစွာဖြင့် သူက ဖုမျိုးနွယ်၏ အပြစ်သား မဖြစ်ခဲ့ပေ။
ရှေးဟောင်း သူရဲကောင်းဝိညာဉ်များက နောင်တများ ကင်းစင်သွားပြီဖြစ်၍ ရောင်စုံအလင်းတန်းများ အထဲသို့ လှမ်းဝင်ကာ သမိုင်းမြစ်ကြီးထဲသို့ ပြန်လည်ဝင်ရောက်သွားကြတော့သည်။
ရုတ်တရက် ဝံပုလွေလိုလို၊ ခွေးလိုလို အူသံတစ်ခုက နှုတ်ဆက်နေသည့်အလား လွင့်ပျံ့လာသည်။
“ဝူး...”
ထိုက်ချူးဧကရာဇ်က ပြုံးလျက် နောက်လှည့်ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။ “ခွေးအလေး... မင်းရဲ့ အူသံက အရင်အတိုင်း နားမခံသာသေးပါလား။”
အဝေးမှ တုန်းဖန်လျူလီသည် ဦးညွှတ်ဂါရဝပြုလျက် အသံလွှင့်ကာ လျှောက်တင်လိုက်သည်။
“နှုတ်ဆက်ပါတယ် ဘိုးဘေးကြီး။”
ထိုက်ချူးဧကရာဇ်က နောက်လှည့်မကြည့်ဘဲ လက်ဝေ့ယမ်းပြကာ ပြန်ပြောသည်။ “လိုက်ပို့နေဖို့ မလိုပါဘူး။ လောကကြီးကို စည်းရုံးနိုင်တဲ့ ဂုဏ်ဒြပ်တွေ၊ အဓိပ္ပာယ်မရှိတဲ့ ကျင့်ကြံခြင်းလမ်းစဉ်တွေထက် ချင်းမျိုးနွယ်ရဲ့ မျိုးဆက်ကို ဆက်ခံဖို့က ပိုအရေးကြီးတယ်။ အချိန်တန်ရင် မင်းရဲ့ သားသမီးတွေကို ဘိုးဘေးစင်ရှေ့ ခေါ်လာပြီး ငါ့အတွက် အမွှေးတိုင် တစ်တိုင်လောက် ထွန်းပေးလိုက်ပါ။ အဲဒါဆို ငါ အေးအေးချမ်းချမ်း အနားယူနိုင်ပြီ။”
ရောင်စုံအလင်းတန်းများမှာ ကျုံ့သွားပြီး ဟင်းလင်းပြင်အဖြစ်သို့ တဖြည်းဖြည်း ပြန်လည်၍ ပြောင်းလဲသွားသည်။
လောကကြီးမှာ တစ်ဖန် တိတ်ဆိတ်သွားပြန်၏။
တုန်းဖန်လျူလီ၏ ချောမောလှပသော မျက်နှာလေးမှာ ရုတ်တရက် နီမြန်းသွားပြီး တည်ကြည်သော အမူအရာမှာ ပျက်ယွင်းသွားသည်။ ပြင်းထန်သော မနာလိုသည့် အကြည့်တစ်ခုကို သူ ခံစားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ အစ်မကြီးချုံးက နှုတ်ခမ်းဆူလျက် သူ့ကို ရန်ငြိုးတကြီး စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
“မင်းတို့ ချင်းမျိုးနွယ် ဘိုးဘေးကတော့ မျက်စိကန်းနေတာပဲ။ ငါက တကယ့် အခွင့်အရေးရှိတဲ့သူ ဆိုတာကို သူ မမြင်ဘူးလား...” အစ်မကြီးချုံးက မနာလိုစွာ ပြောလိုက်သည်။
“ဟွန်း...” တုန်းဖန်လျူလီက ပြန်မပြောချင်သဖြင့် ခပ်တိုးတိုး ရယ်လိုက်သည်။
အစ်မကြီးချုံးက လက်ပိုက်လျက် အနည်းငယ် နှမြောတသဖြစ်စွာဖြင့် ပြောသည်။ “ငါ ဝင်ပါဖို့တောင် မလိုခဲ့ဘူးပဲ။ ဆရာက ဖုလင်ကျိကို အသာလေး ရှင်းပစ်လိုက်တာပဲ။ သူက ဘယ်လိုဖြစ်လို့ ဒီလောက်တောင် အားနည်းနေရတာလဲ။”
ဖုလင်ကျိအကြောင်းပြောသဖြင့် စုချင်ချိုးက မျက်ဝန်းများ ဝေဝါးလျက် နက်နက်ရှိုင်းရှိုင်း စဉ်းစား မိသွားကာ မေးလိုက်သည်။
“ဖုလင်ကျိက မသေခင်မှာ ဧကရာဇ်ပြောတဲ့စကားတွေကို ယုံသွားတာလား၊ မယုံတာလား။ သူ့ပုံစံက အတော်လေးကို ဝေခွဲမရဖြစ်နေပုံပဲ။”
ဝူတျဲက တည်ငြိမ်စွာ ပြောသည်။
“သူသာ မယုံရင် ဒီလောက်အေးအေးဆေးဆေး ဘယ်လိုသေနိုင်မှာလဲ။ သူက ခါးသီးတဲ့ အမှန်တရားကို ရင်မဆိုင်ချင်ရုံတင်ပါ။ သူ အားကိုးခဲ့တဲ့ တစ်ခုတည်းသော ယုံကြည်မှုမဏ္ဍိုင်ကပဲ သူ့ဘဝကို ကြိုးကိုင် ဖျက်ဆီးခဲ့တာ မဟုတ်လား။”
“ဆက်ရှင်နေဖို့က အရှက်ရစရာ ဖြစ်နေသလို သူ့မှာ အားကိုးရာနဲ့ ရှေ့ဆက်ဖို့ သတ္တိလည်း မရှိတော့ဘူး။ သူ့ဘဝကို လင်းလက်စေခဲ့တဲ့ လရောင်ဖြူလေးက ပြိုလဲသွားပြီး သူ့ကို အပျက်အစီးတွေကြားမှာ သားကောင်ဖြစ်အောင် ချန်ထားခဲ့တာပဲ။ ကလဲ့စားတောင် ပြန်မချေနိုင်တော့ဘူး။ သေခြင်းတရားကပဲ သူ့ကို လွတ်မြောက်စေနိုင်မှာ။”
စုချင်ချိုး အံ့သြသွားပြီး ဆိုလိုက်သည်။ “နင်က ဖုလင်ကျိအကြောင်းကို တကယ် နားလည်တာပဲ...”
“နင်က စိတ်ခံစားမှုပိုင်းဆိုင်ရာ ဉာဏ်ရည် နိမ့်လွန်းလို့ပါ။ ဘာလဲ... အေးစက်တဲ့ ဓားသူတော်စင်မ ဟုတ်လား။ နင်က ချစ်ဖို့ကောင်းပြီး ထုံအအ ရွာသူလေး တစ်ယောက်ပါပဲ...” ဝူတျဲက နှုတ်ခမ်းစူကာ ပြန်ပြောလိုက်သည်။
၎င်းကို ကြားတော့ စုချင်ချိုး ချက်ချင်း ဒေါသထွက်သွားပြီး ဝူတျဲကို ကလိထိုးတော့သည်။
မိန်းကလေးနှစ်ယောက်၏ ဆော့ကစားမှုက တုန်းဖန်လျူလီနှင့် အစ်မကြီးချုံးကြားမှ တင်းမာမှုကို မလျှော့ချနိုင်ပေ။
“ဆရာ့ရဲ့ ဓားအသိက တကယ် ကြီးမားတဲ့ ပြောင်းလဲမှု ကြုံတွေ့ခဲ့ရပုံပဲ။ အသွင်ပြောင်းသွားသလိုမျိုးပဲ။” အစ်မကြီးချုံးက မျက်မှောင်ကြုတ်လျက် ပြောသည်။
၎င်းမှာ တကယ့်ကို မယုံနိုင်စရာပင်။ တစ်လအတွင်းမှာတင် မုန့်ချင်ကျိုးက မျှော်လင့်ချက်များကို အကြိမ်ကြိမ် ကျော်လွန်ပြခဲ့သည်။
အကယ်၍ ယနေ့ မုန့်ချင်ကျိုး၏ အစွမ်းမှာ လွန်ခဲ့သော လဝက်က ပုဂ္ဂိုလ်(၇)ပါးနှင့် မွေးနေ့ပွဲတွင် တိုက်ခိုက်ခဲ့စဉ်က အစွမ်းအတိုင်းသာ ဆိုပါက ဖုလင်ကျိက သူ့ကို လက်ညှိုးတစ်ချောင်းတည်းဖြင့် ချေမှုန်းသွားနိုင်ပေလိမည်။
“ဧကရာဇ်အဆင့် အချိန်နဲ့နေရာလွတ် ဓားအသိက သာမန်ဓားအသိတွေထက်ကို အဆပေါင်းများစွာ ပိုကြောက်စရာကောင်းတယ်။ ဒါဟာ သမိုင်းတစ်လျှောက်မှာ တစ်ခုတည်းသော အရာပဲ။ အရင်ကလည်း မရှိဖူးသလို နောက်လည်း ရှိလာမှာ မဟုတ်ဘူး...” တုန်းဖန်လျူလီက လေးနက်စွာ ပြောလိုက်သည်။
အမှန်ပင်။ အကယ်၍ ဧကရီတို့က မုန့်ချင်ကျိုး၏ မည်သူဖြစ်ကြောင်းကို ကြိုမသိထားပါက၊ သူသည် အချိန်နှင့်နေရာလွတ် ဓားသူတော်စင် ဖြစ်သည်ကိုသာ မသိပါက၊ ရှေးဟောင်းပညာရှင်များကို ဆင့်ခေါ်နေသော ထိုရောင်စုံအလင်းတန်းများမှာ အချိန်နှင့်နေရာလွတ် ဓားအသိ ဖြစ်သည်ကို သူတို့ လုံးဝ မှတ်မိကြလိမ့်မည် မဟုတ်ပေ...
စိတ်ကူးကြည့်ရန်ပင် ခက်လှသည်။
အခြားသူများကို အသာထား၊ ယခုအခါ မြို့တော်တစ်ခုလုံးမှာ ပွက်လောရိုက်နေပြီဖြစ်သည်။
ဧကရာဇ် မုန့်ချင်ကျိုး၏ အမည်မှာ မြို့တော်အတွင်း ဟိန်းထွက်နေပြီး၊ ထိန်းချုပ်မရသော ဗိုင်းရပ်စ် တစ်ခုကဲ့သို့ မဟာကျင်း၏ ထောင့်တိုင်းသို့ ပျံ့နှံ့သွားတော့သည်။
မစွမ်းဆောင်နိုင်သော “ဧကရာဇ်” ဟူသော ဘွဲ့အမည်မှာ တစ်လကျော်ကြာ တည်ရှိခဲ့ပြီးနောက်၊ အချိန်နှင့်နေရာလွတ် ဓားသူတော်စင်၏ ရုတ်တရက် ပေါ်ထွက်လာမှုကြောင့် လူအများက မကျေမနပ် ဖြစ်ခဲ့ကြကာ ဧကရာဇ်က ထိုရာထူးနှင့် မထိုက်တန်ဟု ယုံကြည်ခဲ့ကြသည်။
ယခုတွင်မူ ဧကရာဇ်က နံနက်ခင်းအလင်း အထွတ်အထိပ် ပုဂ္ဂိုလ်ကြီးတစ်ဦးကို လက်ညှိုး တစ်ချောင်းတည်းဖြင့် သတ်ဖြတ်ပြခဲ့ပြီး ရှေးဟောင်းပညာရှင်ကြီးများကို ဆင့်ခေါ်ပြခဲ့ခြင်းက သူ၏ ကြီးမားလှသော စွမ်းအားကို သက်သေပြလိုက်ခြင်းပင်...
“ဧကရာဇ်က သူ့ရဲ့ အစွမ်းကို ဒီလောက်အထိ လျှို့ဝှက်ထားခဲ့တာလား။” ပတ်ဝန်းကျင် အင်အားစုများမှ သြဇာရှိသူအချို့မှာ သတင်းကို ကြားလိုက်ရသည့်အခါ ထိတ်လန့်တုန်လှုပ်သွားကြသည်။
ရှေးဟောင်းပုဂ္ဂိုလ်ကြီးများ အပါအဝင် မရေမတွက်နိုင်သော ကျင့်ကြံသူများကလည်း ထွက်ပေါ်လာပြီး ဆွေးနွေးနေကြသည်။
“မုန့်ချင်ကျိုး။ မဟာကျင်း။ တကယ့်ကို အံ့သြဖို့ကောင်းတာပဲ... သူတို့ ဘာတွေ ထပ်ပြီးတော့ ဖုံးကွယ်ထားကြသေးတာလဲ။ ကောင်းကင်ပြည်နယ်က လာတဲ့လူတွေတောင် မဟာကျင်းရဲ့ စည်းရုံးရေး လမ်းစဉ်ကို မတားဆီးနိုင်ခဲ့ဘူး။”
“မဟာကျင်းသာ သေခြင်းသေခြင်း အန္တရာယ်နဲ့ မတွေ့ခဲ့ရင် ဧကရာဇ်က လှုပ်ရှားမှာ မဟုတ်လောက်ဘူး။ သူက အရမ်းကို လျှို့ဝှက်လွန်းတယ်...”
“ဧကရာဇ်က တကယ့်ကို စိတ်ဓာတ်နက်ရှိုင်းတဲ့သူပဲ။ ဘာရှင်းပြချက်မှ မပေးဘဲ အစော်ကား ခံရတာတွေကို အောင့်အည်းနိုင်ခဲ့တာ... ဧကရာဇ်ဆိုတဲ့ ဘွဲ့နဲ့ တကယ့်ကို ထိုက်တန်ပါတယ်...”
အချိန်တိုအတွင်းမှာပင် ဧကရာဇ်၏ ဂုဏ်သတင်းမှာ လုံးဝ ပြောင်းပြန်လှန်သွားတော့သည်။
...