လူလတ်တန်းစား မိဘတွေရဲ့ စိုးရိမ်ပူပန်မှု
Vol. 24 Ch. 231
ငါက စိတ်ကျန်းမာရေးဆရာ၀န်ဆိုတာ တကယ်ပါ
ဘာသာပြန် - ထွန်းလင်းအောင်
စာစဉ် (၂၄)
“ ဒီရဲ့ ယွမ်လေးသိန်းက ကျွန်မသမီးရဲ့ အနာဂတ်နဲ့ ဆက်နွယ်နေတာ … တကယ်လို့ သူသာ မူလတန်းကျောင်း မတက်နိုင်ဘူးဆိုရင် သူ့ ကျန်တဲ့ တစ်ဘဝလုံးလည်း အဆုံးသတ်ပြီပဲ ….”
“ ကျောင်းမစခင် လက်ထဲ အဲ့ပိုက်ဆံ ပမာဏကို စုထားဖို့ တကယ် မတတ်နိုင်လို့ပါ …”
“ အဲ့ပမာဏ လုံလောက်တဲ့အထိ စုဖို့ဆိုရင် ဒီနှစ်ကုန်ပိုင်းမှပဲ အဆင်ပြေမှာ ….”
“ ဒေါက်တာချန်ရယ် … ကျေးဇူးပြုပြီး ကျွန်မကို နည်းလမ်းတစ်ခုလောက် ညွှန်ပြပေးပါဦးနော်….”
“ တကယ်လို့ ကျွန်မ သမီးလေးသာ ဒီအခွင့်အရေးကို ကျွန်မကြောင့်နဲ့ လွဲချော်လိုက်ရမယ်ဆိုရင် ကျွန်မ ဆက်ပြီး အသက်ရှင်နေလို့လည်း အလကားပဲ ….”
သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့ အမျိုးသမီးက နှာရှုံ့သံဖြင့် ပြောလိုက်သည်။
သူမက ချန်ယွီ့ကို ရသည့်နည်းဖြင့် ကူညီပေးဖို့ တောင်းပန်နေသည်။
ချန်ယွီ့ ဘာမျှ မပြောရသေးခင် ကြည့်ရှုသူများမှာ အတော်လေး အုတ်အုတ်ကျက်ကျက် ဖြစ်နေကြပြီး ဖြစ်၏။
ဒီတိုင်း မူလတန်းကျောင်း တက်တာလေးကို သေဖို့အထိ လိုလို့လား ….
သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့ အမျိုးသမီး၏ အဝတ်အစားနှင့် အိမ်တိုက်ခန်း အပြင်အဆင်ကို ကြည့်ရှုမည်ဆိုပါက သူမ၏ မိသားစု အခြေအနေမှာ အလွန်အင်မတန် မချမ်းသာနေသော်ငြား သာမန် နေထိုင်နိုင်ဖို့ကို ရုန်းကန်နေရသည့် အခြေအနေမဟုတ်သည်ကတော့ သေချာသည်။
သူမ၏ စကားများထဲတွင်လည်း အဖြေတစ်စွန်းတစ်စ ပါနေပြီး ဖြစ်၏
ကျောင်းဖွင့်ချိန် အမီ သူမဘက်က ထိုငွေပမာဏကို မစုဆောင်းနိုင်သော်လည်း နှစ်ကုန်ပိုင်းတွင်တော့ ကျိန်းသေပေါက် စုဆောင်းနိုင်သည်။
ဆိုလိုသည်က ယွမ်လေးသိန်းဟူသော ပမာဏသည် သူမတို့ မိသားစုအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လောက်သည့် ပမာဏမျိုး မဟုတ်ပေ။
အကယ်၍ သူမတွင် ဤနှစ်အတွက် ကျောင်းလခဖိုး မရှိဘူးဆိုပါက နောက်နှစ်မှ ကျောင်းအပ်၍လည်း ရသည်။
မူလတန်းကျောင်းက တက္ကသိုလ်မဟုတ်ပေ။ ထို့ကြောင့် အလျင်လိုဖို့ မလိုချေ။
ထို့ပြင် ယခုခေတ်က လူတစ်ဦး၏ အဆင့်အတန်းကို စာမေးပွဲ စာရွက်ဖြင့် စစ်ဆေးဆုံးဖြတ်သည့် ခေတ်လည်း မဟုတ်တော့ပေ။
“ တကယ်လို့ ကလေးက စမှတ်မျဉ်းမှာ ရှုံးသွားခဲ့ရင် သူ့ ကျန်တဲ့ တစ်သက်လုံး သူနဲ့ ရွယ်တူတွေကို လိုက်လို့ မီတော့မှာ မဟုတ်ဘူး ….”
“ ဒီနေ့လို အရာရာ လျင်လျင်မြန်မြန်နဲ့ တိုးတက်နေတဲ့ ခေတ်ကြီးမှာ အရာအားလုံးက နေ့တိုင်းနေ့ ပြောင်းလဲနေတာချည်းပဲ ….”
“ ကျွန်မလည်း ဘဝရဲ့ စမှတ်က ဂျူနီယာ၊ စီနီယာ အထက်တန်းကျောင်းသား ဘဝတွေ မဟုတ်ဘူးလို့ တွေးခဲ့ဖူးတယ် …”
“ ဒါပေမယ့် အခု စမှတ်မျဉ်းရဲ့ စည်းကမ်းက ပြောင်းလဲသွားပြီ …”
“ KG ကလေးကတည်းကရင် သူတို့ရဲ့ ပြိုင်ပွဲက စတင်ပြီးနေပြီ …”
“ ပညာအရည်အချင်းက ကိုယ့်ရဲ့ အစွမ်းအစကို ကိုယ်စားပြုရုံတင်မကဘူး … ကိုယ့်ရဲ့ လူမှုရေး အဆင့်အတန်းကိုပါ ကိုယ်စားပြုတယ် ….”
“ အထင်ကြီးလောက်စရာ ဘွဲ့ဒီဂရီတွေ ရှိမှ ကုမ္ပဏီကြီးတွေမှာ ဝင်ပြီး အလုပ်လုပ်ကိုင်နိုင်မယ် … အဲ့တော့မှလည်း ပိုပြီး အထင်ကြီးဖို့ကောင်းတဲ့ စင်မြင့်ထက်ကို တက်ရောက်နိုင်မှာ ….”
“ နာမည်ကြီး ကျောင်းတွေမှာ အဆင့်အတန်းမြင့်တဲ့ သင်ကြားမှုတွေ ၊ အရင်းအမြစ်တွေနဲ့ တခြားကျောင်းတွေမှာ မရနိုင်တဲ့ အပေါင်းအသင်း အဆက်အသွယ်တွေကို ရရှိနိုင်တယ် …”
“ မူလတန်းကျောင်းပဲ ဖြစ်ဖြစ်၊ အလယ်တန်းကျောင်းပဲ ဖြစ်ဖြစ်၊ အထက်တန်းကျောင်းပဲ ဖြစ်ဖြစ် ၊ နောက်ဆုံး တက္ကသိုလ်ပဲ ဖြစ်ဖြစ် ၊ နာမည်ကြီးတဲ့ကျောင်းက နာမည်ကြီးတဲ့ကျောင်းပဲ ….”
“ အရင်းအမြစ်က ပိုများတော့ သာမန်လူတွေထက်ပိုကောင်းတဲ့ အခွင့်အရေးတွေကို ရရှိနိုင်တယ် ….”
သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့ အမျိုးသမီးက သူမ၏ မျက်ရည်များကို ဖယ်သပ်လိုက်ပြီး ကြည့်ရှုသူများ၏ မူလတန်းကျောင်းတက်တာလေးက အရေးမပါဘူးဟူသော စကားကို ပြန်လည် ငြင်းဆန်လိုက်သည်။
နိုင်ငံထဲ … ဒါမှမဟုတ် ကမ္ဘာပေါ်မှာပဲ ဖြစ်ဖြစ်
ပညာရေးနှင့် သူတို့ တက်သည့် ကျောင်းက အရာအားလုံးထက်ကို ပိုပြီး အရေးကြီးသည်။
နွမ်းပါးသည့် မိသားစုများအဖို့ ကြီးပွားအောင်မြင်သည့် ကလေးတစ်ဦး ပေါ်ထွန်းဖို့က အင်မတန် ခက်ခဲသည်။ သို့သော် လူလတ်တန်းစား မိသားစုများကလည်း အကယ်၍ မိမိတို့၏ ကလေးကို အောင်မြင်ကြီးပွားစေလိုပါက ရှိသမျှ အကုန်ပုံအောဖို့ လိုအပ်လေသည်။
သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့ အမျိုးသမီးက ဤနှစ်များတစ်လျှောက်တွင် အတော်လေး ဖိအားများခဲ့ရသည်။
ကြည့်ရှုသူများက သူမကို သံသယ ရှိပြီး သူမအား နားမလည်နိုင်တာကို မြင်တော့ နောက်ဆုံး၌ သူမ ရင်ဘက်ထဲတွင် အချိန်အတော်ကြာအောင် သိမ်းဆည်းထားခဲ့သည့် စကားများအားလုံး ပွင့်အန်ထွက်လာလေသည်။
သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့ အမျိုးသမီးက ကြွယ်ဝသည့် မိသားစုတစ်ခုမှ ပေါက်ဖွားလာခဲ့သဖြင့် ငယ်ရွယ်စဉ်အခါတွင် ကောင်းမွန်သည့် ပညာရေးကို ရရှိဖို့က မည်မျှ အရေးကြီးကြောင်းကို နားလည်သဘောပေါက်သည်။
နာမည်ကြီးကျောင်းရှိ ကျောင်းသားအများစုက အောင်မြင်သည့် မိသားစု၏ မျိုးဆက်များ ၊ ဒါမှမဟုတ် နယ်ပယ်တစ်ခုရှိ ထိပ်တန်းကျွမ်းကျင်သူများ၏ မျိုးဆက်များ ဖြစ်ကြသည်။
သင်ကြားပြသပေးသည့် ဆရာများကလည်း ၎င်းတို့၏ နယ်ပယ်ကိုယ်စီ၌ ထူးချွန်ကျွမ်းကျင်သူများ ဖြစ်ကြ၏။
ထိုအရာများအားလုံးကို အတွေ့အကြုံရှိခဲ့ပြီး သူမတွင် အံ့ဩပျော်ရွှင်ဖွယ်ရာ ဘဝလည်း ပိုင်ဆိုင်ခဲ့ရသဖြင့် အနာဂတ်တွင် သူမ သမီး ဘာလိုအပ်လဲဆိုတာကို အခြားသူများထက် သူမက ပိုပြီး နားလည်သည်။
“ ဒေါက်တာချန် … ငါ့အထင်တော့ ဒီ အမျိုးသမီး အခု အရေးတကြီး လိုအပ်နေတာက ပိုက်ဆံမဟုတ်ဘူး … ဆေးကုသမှုပဲ … သူ အခု စိုးရိမ်နေတာက နည်းနည်း အစွန်းရောက်လွန်းနေသလားလို့လေ ….”
“ ငါတို့နှစ်ယောက်လုံးက မိခင်တွေပဲ …. ဆိုတော့ သူ့ စိတ်ခံစားချက်တွေကို နားလည်ပေးလို့ရတယ် …”
“ အခု … တစ်ချို့ ပညာရေး မီဒီယာတွေနဲ့ ပညာရေးကို ပံ့ပိုးအားပေးတဲ့ အဖွဲ့အစည်းတွေက နှလုံးသား မရှိကြတော့ဘူး …. သူတို့က ကျန်တာ ဘာမှတော့ မလုပ်ကြဘူး … ဒါပေမယ့် သင့်ကလေးရဲ့ အနာဂတ် အတွက် ဆိုတဲ့ စကားလုံးနဲ့ မိဘတွေကို စိုးရိမ်စိတ်ဖိစီး ခေါင်းကြီးအောင် လုပ်နေကြတဲ့လူတွေ ….”
“ အဲ့လို စိုးရိမ်ပူပန်မှုတွေကို ဖြန့်ကျက်ပြီး မိဘတွေကို အတန်းတွေ ၊ သင်ခန်းစာတွေ ဝယ်အောင် လုပ်ခိုင်းမယ် … အံ့ဩချင်စရာ မကောင်းဘူးလား ….”
“ ကိုယ့်မှာ ကလေးရှိလာပြီးရင် မပူပန်ဖို့ဆိုတာကလည်း တကယ်ကို ခက်တယ် … ကျွန်မသားလေးက အခု ငါးတန်း … သူ့ကို ကျူရှင် အပ်သင့်လားလို့ စိတ်ထဲ စစ်ဖြစ်နေရတုန်း … သူ့ အတန်းဖော်တွေအားလုံးက ငါးတန်း စတက်ကတည်းက ကျူရှင်တွေ ထားနေကြပြီ … ပြီးတော့ သူက စာလည်း မလိုက်နိုင်ဘူး … အနှေးနဲ့ အမြန်တော့ ထားပေးရမှာပဲ ….”
“ စိတ်ပညာ ရှုထောင့်ကနေ ကြည့်ရင် အမျိုးသမီးတွေက အမျိုးသားတွေထက်ကိုပိုပြီး ပူပန်တတ်ကြတယ် … သူတို့ကို ဖျောင်းဖျဖို့ ၊ ဒါမှမဟုတ် ဦးနှောက်ဆေးဖို့က အလွယ်လေးပဲ ….”
“ အခု KG တက်နေတဲ့ ငါ့သမီးလေးဆိုလည်း နိုင်ငံခြား ဘာသာစကား နှစ်မျိုးတောင် တက်ခိုင်းထားပြီးပြီ ….”
ကလေးရှိကြသည့် မိဘများကတော့ နှစ်သိမ့်ပေးသည့် ကွန်းမန့်များ ပေးပို့လာခဲ့ကြသည်။
သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့ အမျိုးသမီးက စိတ်ပူပန်နေသည်။ သို့ပေမယ့် မည်သူကရော မပူပန်လို့လဲ။
လူမှုအသိုင်းအဝိုင်း၏ မျိုးစုံနေသော ဖိအားအောက်တွင် မိမိတို့ကလေးက စတင်သည့် အချိန်မှာပဲ ရှုံးနိမ့်မည့် အဖြစ်မျိုးကို ဘယ်မိဘမျိုးကမှ မလိုချင်ကြပေ။
ကလေးမွေးဖွားလာသည်နှင့် တစ်ပြိုင်နက် မိဘများက သူတို့ကလေးအတွက် အနာဂတ် အစီအစဉ်ကိုပါ တစ်ပါတည်း ချမှတ်ထားဖို့ လိုအပ်သည်။
အစောပိုင်း ပညာရေး အတန်းများ၊ ပါရမီနှင့်ဆိုင်သည့် အတန်းများ ( စန္ဒယား၊တယော ဘာညာ) ၊ စသည်တို့ကို ကြိုတင် စီစဉ်ထားရ၏။
ကလေးတော်တော်များများက စန္ဒယား သင်တန်းများနှင့် သင်္ချာအိုလံပစ် ပြိုင်ပွဲများကို ငယ်စဉ်ကတည်းက စပြီး ဝင်ပြိုင်ကြရ၏။
အကယ်၍ မိမိတို့ ကလေးကို ကောင်းမွန်သည့် ကျောင်းသို့ ထားနိုင်ရေးအတွက် မျှော်မှန်းနေသည့် မိခင်တစ်ဦးက သူမ၏ ကိုယ်ပိုင် ပြဿနာများကြောင့် မိမိကလေး အခွင့်အရေးနှင့် လွဲချော်သွားခဲ့လျှင် အဆုံးစီရင်သည်အထိ မဟုတ်လင့်ကစား ၊ သူတို့ကိုယ်သူတို့ စက်ဆုပ်မိမှာကတော့ အမှန်ပင်။
အဆိုပါ မုန်းတီးမှုနှင့် နောင်တက ၎င်းတို့၏ တစ်ဘဝလုံးသို့ သယ်ဆောင်သွားမည့် နောင်တမျိုးပင်။
“ ဟို …. စာမေးပွဲ မရှိတဲ့ ပညာရေးတို့ ၊ ပျော်ရွှင်ရတဲ့ ပညာရေးတို့က ငါတို့နိုင်ငံမှာ ဘာကြောင့်များ ခေတ်မစားရလဲကွာ ….”
“ စကားထဲမှာပဲ ရှိတယ် ကိုယ့်လူ ….”
“ မင်း နောင်ကျရင် ကလေးမယူမိလို့ နောင်တရလိမ့်မယ် …. ဒါပေမယ့် အခု ကလေးယူထားပြီးပြီဆိုရင်တော့… မင်း ကျိန်းသေပေါက် နောင်တရမှာပဲ ….”
“ ကလေးနဲ့ မြေးတွေမှာ သူတို့ကံနဲ့ သူတို့ ပါလာပြီးသားပါကွာ …. ဒါပေမယ့် ငါကတော့ သူတို့ မရှိမှ ပိုပြီး ကံကောင်းတယ်လို့ ခံစားရတယ် ဟီးဟီး ( ခွေးခေါင်းပုံ ) “
“ နာမည်ကြီးကျောင်းတွေက အကောင်းဆုံးကျောင်းတွေတော့ မဟုတ်ဘူး … ဒါပေမယ့် အဲ့က အရင်းအမြစ်တွေက ၉၀ ရာခိုင်နှုန်းသော ကျောင်းတွေကို ဖိနှိပ်ဖို့ လုံလောက်တယ် …”
“ မူလတန်းကျောင်းလေး တစ်နှစ်ပြီးတော့ နှစ်ခန်းသုံးခန်းပါတဲ့ ငါ့အိမ်လေးလည်း ကုန်ရောပဲ ….”
“ အပြိုင်အဆိုင်က ကလေးဘဝကတည်းကနေ စတာ ….”
စကားပြောခန်းထဲတွင် လူအုပ်စုက နှစ်ခြမ်းကွဲနေသည်။
လူငယ် ကြည့်ရှုသူ တော်တော်များများက အေးအေးဆေးဆေးနေရင်း သူတို့၏ ဘဝများကို ပြိုင်ဆိုင်ဖို့အတွက် စွန့်စားရမှာကို ပျင်းရိနေကြသည်။ ၎င်းတို့ ဆန္ဒမရှိသရွေ့ မည်သူကမျှ သူတို့ကို rat race တွင် ယှဉ်ပြိုင်ဖို့ တွန်းအားပေးနိုင်မှာ မဟုတ်ချေ။
အကယ်၍ သူတို့သာ ကလေးယူဖို့ ငြင်းဆန်မည်ဆိုပါက ဘဝကို သာသာယာယာလေး ကုန်ဆုံးနိုင်သည်။ အလွန်ဆုံး အသက်ကြီးလာပါက ဘိုးဘွားစောင့်ရှောက်ရေး ဂေဟာကို သွားရုံမျှသာ ဖြစ်၏။
ယင်းက အံ့ဩဖို့ မကောင်းပေဘူးလော။
“ မိန်းကလေး … မင်းမိသားစု နောက်ခံက ကောင်းတယ်လို့ ပြောတယ်နော်… ငါ့အထင် မင်းရဲ့ အိမ်ထောင်ဖက်ကလည်း သေချာပေါက် မခေလောက်ပါဘူး … ယွမ်လေးသိန်းလောက်လေးကို ဘာလို့များ အဲ့လောက်ထိ လိုအပ်နေရတာ ….”
“ မင်း တောင်းလိုက်ရင် ရနေပြီပဲမလား ….”
ပိုက်ဆံသုံးထားသည့် ကွန်းမန့်တစ်ချို့က စခရင်ထက်တွင် ထင်ထင်ရှားရှားကြီး ထွက်ပေါ်လာခဲ့သည်။
“ ဟင်း ….”
“ ကျွန်မက ချမ်းချမ်းသာသာနဲ့ မွေးလာတာ ဟုတ်ပါတယ် … ဒါပေမယ့် ကျွန်မ ဘွဲ့ရပြီးနောက်ပိုင်း မိသားစုရဲ့ အခြေအနေကလည်း အကျဘက်ကို ရောက်သွားခဲ့တယ် ….”
“ ကျွန်မရဲ့ ခင်ပွန်းက မိဘမဲ့ … ကားကုမ္ပဏီ တစ်ခုမှာ နည်းပညာ ဒါရိုက်တာ … တစ်နှစ်ကို ယွမ်တစ်သန်းနီးပါးလောက်တော့ ရတယ် ….”
သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့ အမျိုးသမီး၏ မိသားစုက ဒေဝါလီ ခံလိုက်ရပြီး သူမ၏ ဆွေမျိုးသားချင်းများကလည်း အဆင်မပြေကြပေ။
အကယ်၍ သူမက ၎င်းတို့ထံ ချေးငှားခဲ့လျှင်ပင် ထိုမျှ အများအပြား ချေးငှားနိုင်မှာ မဟုတ်ချေ။
သူမ၏ ခင်ပွန်းကလည်း မိဘမဲ့၊ တစ်ကောင်ကြွက် ဖြစ်သဖြင့် သူ့ဘက်က ဆွေမျိုး အသိုင်းဝိုင်းလည်း မရှိပေ။
ထို့ပြင် ဤကိစ္စကို ခင်ပွန်းဖြစ်သူကိုလည်း မပြောပြလိုပေ။
ခင်ပွန်းဖြစ်သူကို ဒုက္ခတို့ ထပ်မပေးချင်တော့ပေ။
အကယ်၍ သူ သိခဲ့လျှင်ပင် သက်ပြင်းချရုံကလွဲပြီး ကျန်တာ ဘာမျှ တတ်နိုင်မှာ မဟုတ်ပေ။
“ လူတိုင်းပဲ …. ကျွန်မ ယောက်ျားရဲ့ ဝင်ငွေက တစ်နှစ် ယွမ် တစ်သန်းဆိုတာကိုပဲ မမြင်ကြပါနဲ့ …. ကျွန်မတို့ မိသားစုက လက်ထဲမှာ ဘယ်လောက်မှတောင် မစုမိဘူး ….”
“ ကလေး KG တက်တဲ့ အချိန်တုန်းက သူ့ရဲ့ ကျောင်းစရိတ် ၊ အနုပညာ အတန်းစရိတ်၊ စိတ်တွက် သင်္ချာအတန်းစရိတ်နဲ့ တခြား အစောပိုင်း ပညာရေး စရိတ်တွေက တစ်နှစ်ကို ယွမ် သုံးသိန်းကျော်တယ် …”
“ ခင်ပွန်းနဲ့ ကျွန်မက စစချင်းတုန်းက သုံးခန်း နှစ်ခန်းလေးမှာ နေတာ … ဒါပေမယ့် သမီးလေး အတွက်ဆိုပြီး ကျွန်မတို့တွေ အိပ်ခန်း သုံးခန်းပါတဲ့ အိမ်ကြီးကြီး တစ်လုံးကို ဝယ်လိုက်တယ် …”
“ အဲ့လိုမှလည်း သမီးလေးမှာ စာကြည့်ခန်းရှိပြီး လွတ်လွတ်လပ်လပ် စာကြည့်လို့ရမယ် …”
[သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့ အမျိုးသမီး၏ အမူအရာက ခါးသီးနေခဲ့သည်။
သူမ၏ ကလေးအတွက် ၊ အရာအားလုံးကို စွန့်လွှတ်ဖို့ရာ ဆန္ဒရှိနေသည်။
________________________________
( Rat race - မြန်မာမှုပြုရင်တော့ 'မပြီးနိုင်တဲ့ စက်၀န်း သံသရာ'လို့ပဲ ခေါ်မလား။ လှည်းဘီး သေးသေးလေးထဲ ပြေးနေကြတဲ့ ကြွက်တွေကို ရောင်းရင်းတို့ မြင်ဖူးကြမှာ။ ပြေးသာပြေးနေပေမယ့် လွတ်မြောက်နိုင်ခြင်းတော့ မရှိကြဘူး။ နောက်ဆုံးမှာတော့ ပင်ပန်းမှုနဲ့ပဲ အဆုံးသတ်ရတယ်။ လူသားတွေကလည်း ငွေနောက်လိုက်ကြတယ်။ ရှာတယ်။ သုံးတယ်။ ကုန်သွားတယ်။ ပြန်ရှာတယ်။ ကြိုးစားတယ်။ ရည်မှန်းချက် အသစ်တွေနောက်ကိုလိုက်တယ်။ အဆုံးမှာ ပင်ပန်းရတယ်။ အဲ့လိုမျိုးပေါ့။ ကျနော်လည်း အဲ့စက်၀န်းထဲက မလွန်မြောက်နိုင်သေးပါဘူး။ ဒါပေမယ့် အရာအားလုံးကို လွှတ်ချလိုက်တဲ့ တစ်နေ့ကျရင်တော့ ဖြစ်နိုင်ပါလိမ့်မယ်။ အဲ့ချိန်ကျရင်တော့ နေ၀င်ဆည်းဆာရဲ့ အလှတရားတွေ၊ မိုးဖျောက်ကျသံလေးတွေကို ကောင်းကောင်း ခံစားမိနိုင်မယ် ထင်တာပဲ။ )