အထက်တန်းလွှာ ပညာရေးရဲ့ အသုံးချနည်းလမ်းအသစ်
Vol. 24 Ch. 237
“ ကျွန်မ ပြောတာ ဘာများမှားလို့လဲ … လူ့အဖွဲ့အစည်းကြီးက တကယ်ရော မရက်စက်လို့လား ….”
“ ကိုယ့်ဘက်က ရုန်းကန် မကြိုးစားပါဘဲနဲ့ အနာဂတ်မှာ ပျော်ရွှင်နိုင်မှာလား ….”
သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးက ချန်ယွီ့နှင့် ကြည့်ရှုသူများကို မေးခွန်းထုတ်လိုက်သည်။
အလကား အိပ်နေရင်းဖြင့်တော့ မည်သည့်အရာကိုမျှ စွမ်းဆောင်နိုင်လိမ့်မှာ မဟုတ်ချေ။
အကယ်၍ သူမ၏ ခင်ပွန်းကသာ ကြိုးစားခဲ့ခြင်း မရှိဘူးဆိုပါက ယခုအချိန်ဆိုလျှင် သာမန်လျှံကာ စက်ပြင်ဆရာ တစ်ဦးမျှသာ ဖြစ်နေပေလိမ့်မည်။ ကုမ္ပဏီ၏ နည်းပညာ ဒါရိုက်တာ ဖြစ်ဖို့ဆိုသည်မှာ မည်သို့ ဖြစ်နိုင်လိမ့်မည်နည်း။
သူ့ တစ်နှစ်စာဝင်ငွေက ယွမ်တစ်သန်းကျော်ဖို့ကတော့ ဝေးစွ ဖြစ်၏။
“ ပိုကောင်းတဲ့ ဘဝကို ရရှိဖို့အတွက် ကြိုးစားတာက မမှားဘူး ….” ချန်ယွီ့ ပြောလိုက်ပြီး “ ဒါပေမယ့် အစွန်းရောက်သွားခဲ့ရင်တော့ ရုန်းကန်တာနဲ့ မတူတော့ဘူး … ကိုယ့်ကိုယ်ကို ညှင်းပန်းနှိပ်စက်တာ ဖြစ်သွားပြီ ….”
“ ခင်များရဲ့ အမျိုးသားက ကြိုးစား ရုန်းကန်နေတယ်ဆိုပေမယ့် ကိုယ့်ကိုယ်ကို သတိပေးဖို့အတွက် မမေ့ဘူး ….”
“ ကိုယ်တတ်နိုင်သလောက်ပဲ လုပ် ….”
“ ခင်များနဲ့ ယှဉ်လိုက်ရင် ခင်များရဲ့ သမီးကြီးက သူ့အဖေကို ပိုပြီး သဘောကျတယ် ….”
“ ဘာကြောင့်ဆိုတော့ ခင်များရဲ့ အမျိုးသားက သူ့သမီး မနှစ်သက်တဲ့ အရာတွေကို လုပ်ဖို့ ဘယ်တော့မှ တွန်းအားမပေးဘူး … သူမကို အနားရပြီး သက်တောင့်သက်သာ ဖြစ်စေမယ့် နည်းလမ်းပဲ အမြဲရှာပေးနေခဲ့တယ် ….”
“ သူတို့နှစ်ယောက် အဲ့လိုလုပ်နေတာကို ခင်များ မြင်တာနဲ့ အဖေနဲ့ သမီး နှစ်ယောက်လုံး လက်ချာရိုက်တော့တာပဲ ….”
“ ထားပါ … ဝေးလှတဲ့ အနာဂတ်တွေ အကြောင်း ပြောတာ ခဏထားဦး … အခု လတ်တလော ဖြစ်ထားတဲ့ ကိစ္စလေးတွေပဲ ကျုပ်တို့ ပြောကြမယ် ….”
“ KG ကနေ ဘွဲ့ရပြီးတာနဲ့ ခင်များက ချက်ချင်းပဲ ကလေးကို အင်္ဂလိပ် စကားပြောနဲ့ မူလတန်းကျောင်း သင်ရိုးအတွက် အတန်းတွေ တစ်ခါတည်း အပ်တယ် ….”
“ ဒါကို ခင်များသမီး အတော်လေး မပျော်ဘူး … ခင်များရဲ့ အမျိုးသားကိုပါ စစ်ကူတောင်းပြီးတော့ သူ့ကိုယ်စား ပြောပေးဖို့ တောင်းဆိုတယ် …”
“ ခင်များရဲ့ အမျိုးသားကလည်း ခင်များကို ပြန်မပြောxရဲတဲ့အထိကို ချစ်တယ် …”
( ချစ်လို့ မပြောရင်းကနေ ဘာပြောပြော ပြန်မပြောရဲတဲ့အထိကို ဖြစ်သွားတာပါ )
“ အဲ့အချိန်ကျတော့မှပဲ ခင်များရဲ့ သမီးက မိသားစုထဲမှာ သူ့အဖေက ဘာပြောရေးဆိုင်ပိုင်ခွင့်မှ မရှိဘူးဆိုတာကို သဘောပေါက်သွားခဲ့တယ် ….”
“ သူက အခုမှ ငါးနှစ်တည်း ရှိသေးတာလေ … အဲ့လို ရှုပ်ထွေးတဲ့ အတွေးတွေ ရှိဖို့ဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ ….” သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးက မေးလိုက်၏။
“ မှန်တယ် … သူက ငါးနှစ်မှာတင် ဒီလိုကိစ္စတွေကို နားလည်နေပြီ ….”
ချန်ယွီ့က ခွန်းတုံ့ပြန်လိုက်ပြီး “ ခင်များကိုယ်တိုင် ပြောခဲ့ဖူးတယ် … ဒီနေ့ခေတ်မှာ ပြောင်းလဲမှုနှုန်းက အတိတ်ကထက်ကို အများကြီး မြန်ဆန်နေတယ် … ကလေးက စောစီး ရင့်ကျက်နေတာ ဘာများ ထူးဆန်းနေလို့ ….”
“ ဥပဒေကတောင် အပြစ်ပေးပိုင်ခွင့်ရှိတဲ့ အသက်ကို ၁၂ အထိ ပြောင်းလဲ လျှော့ချပစ်လိုက်ပြီ မဟုတ်ဘူးလား ….”
“ ကလေးတွေ ငယ်ငယ်လေးနဲ့ သူတို့ကိုယ်ပိုင် အတွေးအမြင်တွေရှိတယ်ဆိုတာ သာမန်ပါပဲ ….”
“ ကျွန်မ မယုံဘူး … သူ တစ်သက်လုံး အဲ့ကောင်တာ နေရာမှာ အလုပ်လုပ်သွားမယ်လို့ ကျွန်မ မယုံဘူး ….”
သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးက အံတင်းတင်းကြိတ်၍ ပြောလိုက်ပြီး “ ကျွန်မ သမီး အကြောင်း ကျွန်မ အသိဆုံးပဲ …”
“ သူ ငယ်ငယ်လေးတုန်းကတည်းက ဘယ်လိုခက်ခဲမှုမျိုးကိုမှ ခံစားဖူးခဲ့တာ မဟုတ်ဘူး … ကောင်တာမှာ တစ်နေကုန်မတ်တပ်ရပ်ပြီး သူများ လက်ညှိုးထိုးတာ လုပ်ပေးရမယ့် ဘဝမျိုးကို ဘယ်လိုလုပ် သည်းခံနိုင်မှာ … အဲ့လို ဘဝမျိုးမှာ သူ အချိန်အကြာကြီး နေနိုင်မှာ မဟုတ်ဘူး ….”
“ ခင်မျာ မှန်တယ် ….” ချန်ယွီ့ ခေါင်းညိတ်လိုက်၏။ “ အဲ့တာကြောင့်မို့လည်း သူက ကောင်တာမှာ တစ်နှစ်ကျော်လေးလောက်ပဲ အလုပ်လုပ်ခဲ့တယ် ….”
သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးက ရှင့်ကို ပြောသားပဲ ဟူသည့် မျက်နှာပေးမျိုးနှင့် ဖြစ်နေခဲ့သည်။
“ ဒါပေမယ့် ဒုက္ခတွေကို မခံစားနိုင်လို့ အလုပ်က ထွက်လိုက်တာတော့ မဟုတ်ဘူး … အဲ့ဒီအစား သူ့မှာ ကိုယ်ပိုင် ရည်မှန်းချက်တွေ ရှိနေပြီးသား ဖြစ်နေလို့ပဲ …”
ချန်ယွီ့ နောက်ဆက်တွဲ ပြောလာသည့် စကားလုံးတို့က သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးကို တစ်ဖန်ပြန်ပြီး အံ့အားသင့်သွားစေခဲ့၏။
“ ဧည့်ကြိုလုပ်ရင်း သူ ဘာများ ရနိုင်မှာမို့လို့ ….”
ဤစကားကြားတော့ ချန်ယွီ့က လက်ကို ပင့်မြှောက်လိုက်ပြီး သူ့ နှုတ်ခမ်းသူ ညွှန်ပြလိုက်သည်။
“ သူ အလုပ်လုပ်တဲ့ ကုမ္ပဏီရဲ့ ရှေ့ကောင်တာက နိုင်ငံခြားသားတွေနဲ့ ပြောဆိုဆက်ဆံရတယ် … ဆယ်ယောက်မှာ ခုနစ်ယောက်လောက်က နိုင်ငံခြားသားတွေချည်းပဲ ….”
“ အဲ့လိုနည်းလမ်းနဲ့ သူ့ရဲ့ နိုင်ငံခြားဘာသာ စကားပြော အရည်အချင်းကို လေ့ကျင့်ခဲ့တယ် ….”
“ ခင်များရဲ့ သမီးက နိုင်ငံခြားဘာသာစကားတွေ သင်ယူတဲ့ နေရာမှာ အင်မတန် ပါရမီပါတယ် … ခင်များရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ သူက ဘာသာစကားမျိုးကို သိထားတယ် …”
“ အဲ့နောက်မှာတော့ ပျင်းပျင်းရိရိနဲ့ နေတော့တာပဲ ….”
“ ပိုက်ဆံပြတ်လာတဲ့ အခါကျရင် တစ်ချို့ ဘာသာပြန်တဲ့ အလုပ်လေးတွေနဲ့ အွန်လိုင်းမှာ စကားပြန်အလုပ်လေးတွေ လုပ်တယ် … အဲ့လောက်ဆိုရင် သူ့အတွက်က တစ်လ ၊ နှစ်လစာ အသုံးစားရိတ်က ဖူလှုံသွားပြီ … အဲ့တာပြီးရင် ဒီအတိုင်း ဘာမှမလုပ်ဘဲ ပြန်ထိုင်နေတော့တာပဲ ….”
သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီး၏ စိတ်တစ်ခွင်လုံး ဟာလာဟင်းလင်း ဖြစ်သွားခဲ့သည်။
သမီးဖြစ်သူက သူမ သင်ပေးထားတဲ့ ပညာတွေနဲ့ ဘာမှမလုပ်ဘဲ ထိုင်နေတယ်ပေါ့လေ …
ထိုစကားကြားတော့ သူမ သွေးအန်လုနီးပါး ဖြစ်သွားခဲ့သည်။
“ ပညာတတ်တဲ့ သမီးမိန်းကလေးက အလုပ်လက်မဲ့ ဖြစ်နေတယ်ပေါ့ … အံ့ဩဖို့ကောင်းလိုက်ပါဘိ ….”
“ တကယ်လို့ သူသာ ငယ်ငယ်လေးတုန်းက ပညာ ကောင်းကောင်းမွန်မွန် မသင်ခဲ့ရဘူးဆိုရင် နိုင်ငံခြားဘာသာ စကား နှစ်ခု တတ်ထားဖို့ ဘယ်လိုလုပ် ဖြစ်နိုင်မှာ .. အဆုံးသတ်ကျတော့လည်း သူ သင်ထားတဲ့ဟာတွေဆီကနေ အကျိုးအမြတ် ရနေတုန်းပါပဲ ….”
“ ကျွတ် … ဘယ်လို အကျိုးအမြတ်မျိုးလဲ အဲ့တာ … တကယ်လို့ မင်းသာဆိုရင်ကော ကိုယ့်အတွက်တောင် အချိန်မရှိတဲ့ ဆယ်နှစ်တာကို နေနိုင်မယ်လို့ ထင်လား ….”
“ ဒီလောက်အများကြီး ကြိုးစားခဲ့ပြီးမှ သူ့သမီးက ဘာမှမလုပ်ဘဲ ဒီတိုင်းထိုင်နေတာကတော့ အတော်လေး ထင်မှတ်မထားစရာပဲ ….”
“ ကြည့်ရတာ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ လူ့အသိုင်းအဝိုင်းကြီးကို အနိုင်ယူဖို့က ကလေးမွေးပြီး ဘာမှမလုပ်ဘဲ ထိုင်နေမှနဲ့ တူတယ် ….”
“ လက်ရွေးစင် ကလေးတစ်ယောက်ရဲ့ အနှစ်သာရက သူတို့မိဘတွေ သူတို့ရဲ့ စိုးရိမ်ပူပန်မှုနဲ့ ကိုယ်ရေးကိုယ်တာ မျှော်လင့်ချက်တွေကို သူတို့ကလေးအပေါ် ပုံအောထားတာနဲ့ ဘာမှမထူးဘူး … အဲ့လောက်ထိ တင်းကြပ်လွန်းရင် ပြန်ကန်တတ်တယ် ….”
သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးက သူမ၏ နှုတ်ခမ်းကို နာကျင်သည်အထိ ဖိကိုက်ထားမိသည်။
သူမရဲ့ ဉာဏ်ကြီးရှင် သမီးလေးက စကားပြော လေ့ကျင့်ချင်လို့ဆိုပြီး ကုမ္ပဏီရဲ့ ရှေ့ကောင်တာမှာ အလုပ်လုပ်ခဲ့တယ်။ အဲ့ဒီ စကေးတွေ လေ့ကျင့်ခဲ့တဲ့ ရည်ရွယ်ချက်က ဘာမှမလုပ်ဘဲ ထိုင်နေဖို့တဲ့လား။
သူမ တွေးထင်ထားခဲ့သည်မှာ သူမ၏ သမီးလေးသည် ပြင်ပ လူ့အဖွဲ့အစည်း၏ ဒဏ်ကို တစ်နှစ်၊ နှစ်နှစ်မျှ ခံစားပြီးသည့်နောက် သူမ၏ နဂိုချမှတ်ပေးထားသည့် လမ်းကြောင်းပေါ်သို့ ပြန်လျှောက်လှမ်းလာလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။
သာမန်လူတစ်ဦးဖြစ်မည်ဆိုပါက နေ့တိုင်းနေ့ အချိန်ပို အလုပ်ဆင်းရသည့်အပြင် အထက်လူကြီး၏ ငြူစူမှုကိုလည်း နေ့တိုင်း ခံရပေဦးမည်။
တစ်ခါတစ်ရံ ဖောက်သည်များ၏ ကျိုးကြောင်း မဆီလျော်မှုနှင့်လည်း ရင်ဆိုင်ရဦးမှာ ဖြစ်၏။
ထိုကဲ့သို့သော ခါးသီးမှု ဒုက္ခများကို ခံစားတွေ့ကြုံပြီးမှသာလျှင် အထက်တန်းလွှာ တစ်ဦး ဖြစ်ရခြင်း၏ အရသာက မည်မျှ ချိုမြိန်လိုက်သလဲဆိုတာကို သိရှိပေလိမ့်မည်။ ထိုအခါမှပဲ မိခင်ဖြစ်သူ သူမ အတွက် ခင်းပေးခဲ့သည့် လမ်းက မည်မျှ ကောင်းမွန်လိုက်သလဲဆိုတာကို နားလည်သွားပြီး မိခင်ကျေးဇူးကို နားလည်သွားမှာ ဖြစ်၏။
“ သူ တကယ်ပဲ တစ်သက်လုံး ဘာမှ မလုပ်ဘဲ အဲ့တိုင်း နေသွားတော့တာလား … တစ်ကိုယ်တည်း ကျန်ရစ်ကြီး ဘဝနဲ့ အဆုံးသတ်သွားမယ်ပေါ့ ….”
သူမ၏ လေသံထဲတွင် အရူးအမူးဖြစ်နေမှုတို့ ပါဝင်နေခဲ့၏။
အကယ်၍ သူမသမီးကသာ တစ်သက်လုံး ဘာမှမလုပ်ဘဲ နေထိုင်သွားမည်ဆိုပါက သူမ၏ သင်ကြားရေး နည်းစနစ်များကို ချက်ချင်း ပြုပြင်ပြောင်းလဲ ပစ်မည်။
ထိုမျှ ဆိုးရွားသည့် အနာဂတ်မျိုး ဖြစ်ပေါ်လာမှာကို သူမ ခွင့်မပြုနိုင်ပေ။
“ နောက်တစ်နှစ်ကြာပြီးတဲ့နောက်မှာ ….” ချန်ယွီ့ ပြောလိုက်ပြီး “ ခင်များ သမီးက သူ့ကောင်လေးနဲ့အတူ ခင်များဆီကို လာလည်တယ် …”
“ ခင်များရဲ့ အမျိုးသားကတော့ သမီးဖြစ်သူရဲ့ ကောင်လေးအပေါ် အတော်လေး နွေးနွေးထွေးထွေး ရှိတယ် … ဒါပေမယ့် ခင်များကတော့ အင်မတန် ရန်လိုပြီး ကောင်လေးကို မောင်းထုတ်လိုက်တယ် ….”
သူ ထိုစကား ပြောလိုက်သည်နှင့် ကြည့်ရှုသူများက ချက်ချင်းဆိုသလို အပူတပြင်း ဆွေးနွေးကြတော့သည်။
လူတစ်ချို့က သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီး၏ သမီးကြီးသည် မကောင်းသည့် လမ်းဘေးက ကလေကချေ ကောင်လေးတစ်ယောက်ကို အိမ်ခေါ်လာခြင်း ဖြစ်မည်ဟု ထင်ကြေးပေးနေကြ၏။
အချို့ကတော့ ကောင်လေးဖြစ်သူကလည်း လက်ကြောမတင်းသည့် လူပျင်းတစ်ယောက် ဖြစ်သောကြောင့်ဟု ခန့်မှန်းနေကြသည်။
“ သူ့ကောင်လေးက မိန်းကလေးဖြစ်နေလို့များလား ဟီးဟီး ….”
“ ငါ့အထင်တော့ သေခါနီး ဘဲကြီး ဖြစ်လို့နေမယ် ….”
“ ကြည့်စမ်းပါဦး … ဒေါသထွက်နေလိုက်တာ မျက်နှာတောင် အစိမ်းရောင် ပြောင်းတော့မယ် ….”
“ မြန်မြန်ပြောပြစမ်းပါ ဒေါက်တာချန်ရာ … ငါတို့ကို ဟိုမရောက် ဒီမရောက် ဖြစ်အောင် မလုပ်စမ်းပါနဲ့ …. သူ့သမီးရဲ့ ကောင်လေးကို ဘာကြောင့် မောင်းထုတ်လိုက်ရတာလဲတဲ့ ….”
ကြည့်ရှုသူများက သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးထက်ပင် ပို၍ စိတ်လှုပ်ရှားနေကြသည်။
အကယ်၍ ချန်ယွီ့သာ ကိုးရီးယား အပိုင်းဆက် ဒရာမာများလို ဤနေရာတွင် ရပ်တန့်လိုက်ပြီး နောက်တစ်ပတ်မျှော်ဟု စာတန်းထိုးလိုက်မည်ဆိုပါက ကြည့်ရှုသူများအားလုံး သူတို့ စခရင်များကို ရိုက်ခွဲပစ်ကြလောက်သည်။
“ မင်းတို့ အကုန်လုံးမှားတယ် … သူ အိမ်ခေါ်လာတဲ့ ကောင်လေးက လမ်းဘေးလူမိုက် မဟုတ်သလို အဘိုးကြီးတစ်ယောက်လည်း မဟုတ်ဘူး ….”
“ မိန်းကလေးလည်း မဟုတ်ဘူး ….”
“ ဒီတိုင်း ငါတို့လို သာမန်လူ တစ်ယောက် ဖြစ်နေလို့ပဲ …”
သူ့ စကားဆုံးသည်နှင့် ကြည့်ရှုသူများမှာ တိတ်ဆိတ်သွားခဲ့သည်။
“ သူ့သမီးရဲ့ ကောင်လေးက သာမန်လူတစ်ယောက် ဖြစ်နေတာကြောင့်ပဲ ….” ချန်ယွီ့ ပြောလိုက်ပြီး “ သာမန် မိသားစုက ပေါက်ဖွားလာတယ် ၊ သာမန်ကျောင်းကို တက်ခဲ့တယ် ၊ သာမန် အဆင့်တွေပဲ ရှိတယ် …. ၊ သူ့ရဲ့ အမြင့်ဆုံး ဘွဲ့က ကောလိပ် ဒီပလိုမာဘွဲ့တစ်ခုတည်းပဲ …”
ကြည့်ရှုသူများမှာ ချက်ချင်းဆိုသလို မပျော်မရွှင်တွေ ဖြစ်ကုန်ကြ၏။
သာမန်လူတွေက ဘယ်သူ့ကို သွားစော်ကားမိထားလို့လဲ …
သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးက သူ့ကို မမြင်ချင်လို့ ရှောင်ထွက်သွားလည်း အဆင်ပြေတယ် … ဒါပေမယ့် မောင်းထုတ်ဖို့ လုပ်တာကြီးကတော့ အတော်လေးကို …….
ကမ္ဘာပေါ်မှာ လူ ဘီလီယမ်နဲ့ချီတယ် … အဲ့ထဲ ၉၉ ရာခိုင်နှုန်းက သာမန်လူတွေချည်းလေ။
ချန်ယွီ့က သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီး၏ မည်းမှောင်နေသည့် မျက်နှာကို တစ်ချက် လှမ်းကြည့်လိုက်သည်။
အဖြေက ထွက်ပေါ်လာခဲ့ပြီး ဖြစ်၏။
သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးက ချမ်းသာသည့် မိသားစု တစ်ခုမှ မာနကြီး ၊ မော်ကြွားသည့် အမျိုးသမီး တစ်ဦး ဖြစ်ခဲ့ရသည်ကို နေသားကျခဲ့သည်။
သူမ၏ မိသားစုက ကျဆင်းသွားခဲ့လျှင်ပင် သာမန်လူများထက် သာလွန်သည်ဟူသော အတွင်း သန္ဓေစိတ်ကတော့ အများကြီး လျော့ကျမသွားခဲ့ပေ။
သူမ၏ ဘဝသည် တစ်ခါက ကြွယ်ဝခဲ့ဖူး၏။ ထို့ကြောင့် သူမ သမီး၏ ဘဝသည်လည်း သာမန်ဆန်နေ၍ မရပေ။
သာယာအေးချမ်းတဲ့ ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးက လူများကို အဆင့် သုံး လေး ခြောက် ကိုး ခွဲခြားထားခြင်း မရှိဟု ဆိုသော်လည်း သူမ၏ ရင်ထဲတွင်တော့ လူတိုင်းကို မတူညီသည့် အဆင့်တစ်ခုစီ သတ်မှတ်ပြီး မြင်နေလျက် ရှိသည်။
အချစ်နှင့် အိမ်ထောင်ရေးဆိုသည်မှာ အမျိုးသမီး၏ တစ်သက်တာနှင့် သက်ဆိုင်သည့် အရေးကြီး ကိစ္စ တစ်ခု ဖြစ်၏။
လူအုပ်ကြီးထဲ ပစ်ထည့်လိုက်ပါက သူမ နှစ်ခါပြန်ပင် လှည့်မကြည့်မည့် ကောင်လေးမျိုးကို သမီးဖြစ်သူက အိမ်ခေါ်လာသည်ကိုတော့ မည်သို့မျှ လက်ခံမပေးနိုင်ချေ။
သူမ သမီးကို ထိုသို့သော လူစားမျိုးနှင့် လုံးဝ လုံးဝ တွဲခွင့် ပြုမှာ မဟုတ်ချေ။
နှစ်ယောက်က သူမအရှေ့၌ ချစ်ကြည်နူးကြပြလေလေ၊ သူမ စိတ်ထဲ ဒေါသမထိန်းနိုင်ဖြစ်လာပြီး … အဆုံး၌ စိတ်ထိန်းချုပ်မှု ကင်းလွတ်သွားခဲ့ကာ နေရာမှာတင်ပဲ ကောင်လေးဖြစ်သူအား မောင်းထုတ်လိုက်တော့၏။