← Chapters

လူမှုရေးအဆင့်အတန်းက တစ်ဆင့် မြင့်မားသွားတယ်၊ ဒါပေမယ့် လုံးဝကြီးတော့ မဟုတ်ဘူး

Vol. 24 Ch. 240

လူမှုရေးအဆင့်အတန်းက တစ်ဆင့် မြင့်မားသွားတယ်၊ ဒါပေမယ့် လုံးဝကြီးတော့ မဟုတ်ဘူး

Vol. 24 Ch. 240

“ ခင်များရဲ့ သမီးက နိုင်ငံခြားမှာ ကျောင်းသွားတက်ဖို့ ငြင်းဆန်တော့ ....” ချန်ယွီ့က ရှုပ်ထွေးနေသည့် မျက်နှာအမူအရာနှင့် “ ခင်များက ဆေးရုံဝင်ပေါက်ဝမှာ သရုပ်ပြစရာ မြင်ကွင်းတွေ ပြုလုပ်ခဲ့တယ် ….”

“ သူ့ကောင်လေးကို အိမ်ကနေ နှင်ချတဲ့ အချိန်တုန်းကလိုမျိုး …..”

“ သမီးဖြစ်သူရဲ့ မာန၊ ဂုဏ်သိက္ခာတွေကို မငဲ့ကွက်ဘဲ မပြောသင့်တဲ့ စကားလုံးတွေကို စိတ်လိုက်မာန်ပါ ပြောဆိုခဲ့တယ် ….”

“ ခင်များပြောခဲ့တာက … ၊ သူ့အသက်က ၃၀ တောင် မရှိသေးဘူး …. ၊ ဒါပေမယ့် ဘဝကြီးက သေနေပြီ … အုတ်ဂူထဲရောက်နှင့်နေပြီးတဲ့ မသာတစ်ယောက်လို သေဆုံးနေပြီ …”

“ အခု ကျန်နေတာဆိုလို့ ရုပ်အခွံကြီးသပ်သပ်ပဲ ….”

သာယာတဲ့ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးက သူမ၏ နှုတ်ခမ်းကို နာကျင်သည်အထိ ကိုက်ခဲလိုက်၏။ ခံစားချက်တို့ ရောပြွမ်းနေပြီး အားအင် ချည့်နှဲ့စွာဖြင့် ပြန်မေးလိုက်၏။ “ ဘာမှမလုပ်ဘဲ ဒီတိုင်းနေနေတာက ဘဝသေနေတာနဲ့ အတူတူပဲ မဟုတ်လို့လား …”

“ ဘာမှမလုပ်ဘဲနဲ့ သူ အသက်ကြီးလာတဲ့အချိန် သူ့ကို ဘယ်သူက ကြည့်ရှု စောင့်ရှောက်ပေးမှာ ….”

“ နောင်ကျ သူ့ အတန်းဖော်တွေ၊ မဟုတ်လည်း သူ့သူငယ်ချင်းတွေနဲ့ တွေ့တဲ့အချိန်ကျရင် အဲ့လူတွေနဲ့ ဒင်း ဘယ်လို မျက်နှာချင်းဆိုင်မှာလဲ ….”

ဤစကားကြားတော့ ချန်ယွီ့၏ စိတ်အခြေအနေက ပုံမှန်မဟုတ် အောက်ဆုံးရောက်သွားခဲ့၏။

သာယာတဲ့ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးအတွက် သမီးဖြစ်သူက သူမ၏ မိသားစုဝင် တစ်ဦး ဖြစ်သလို သူမ၏ ဖန်တီးမှု လက်ရာတစ်ခုလည်း ဖြစ်သည်။

သမီးဖြစ်သူ သူမကိုယ်စား ဖြည့်ဆည်းပေးရမည့် အိပ်မက်တွေ အများကြီး ကျန်နေသေး၏။

သမီးဖြစ်သူက သူမ တွေးထားသည့်အတိုင်း မလိုက်နာသည့် အချိန်တွင် သာယာတဲ့ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးသည် သမီးဖြစ်သူက မျှော်လင့်ချက်ကင်းမဲ့နေပြီဟု ကောက်ချက်ချလိုက်တော့၏။

“ ခင်များ သမီးကြီးရဲ့ အနာဂတ်က တကယ်လည်း လွယ်ကူလိမ့်မှာ မဟုတ်ဘူး … ငွေကြေးကိစ္စကို အမြဲတမ်း ပူပန်နေရတယ် … ဒါပေမယ့် သူကတော့ ပျော်ရွှင်တယ် …”

“ သူက ဘာမှမလုပ်ဘဲ အေးဆေးနေတယ်ဆိုပေမယ့် သူ့ရဲ့ အဆုံးသတ်က ခင်များ ထင်ထားသလို ဆိုးရွားမနေဘူး …”

“ သူ့မှာ အင်မတန်ကို ကြင်နာတတ်တဲ့ နှလုံးသားတစ်စုံ ရှိတယ် …”

“ အဲ့ဒီ ကြင်နာမှုကို ကလေးဘဝကနေ ဘဝနေဝင်ချိန်အထိ ထိန်းသိမ်းသွားတယ် …”

“ အေးဆေးနေနေတာနဲ့ ပျင်းရိတာက မပူဘူး … သူမက ဘဝကို ကိုယ်နေချင်တဲ့ ဘဝပုံစံအတိုင်း နေထိုင်နေတာ ….”

“ သူ ကောင်းမှုတွေလည်း အများကြီး လုပ်လိမ့်မယ် … ကျုပ် ရိုးရှင်းတဲ့ တစ်ခုကို ပြောပြမယ် ….”

၎င်းနောက် ချက်ချင်းပဲ ချန်ယွီ့က သာယာတဲ့ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီး၏ အကြီးဆုံးသမီးနှင့် သူမကောင်လေး၏ နိုင်ငံ့စာမေးပွဲ ဝင်ဖြေမှုအပေါ် သဘောထားတို့အား ပြောပြခဲ့သည်။

သမီးကြီးက သူ့ရည်းစား နိုင်ငံ့ဝန်ထမ်း စာမေးပွဲ ဝင်ဖြေမည့် အကြောင်းကို ကြားလိုက်ရတော့ စိတ်ထဲ နွေခေါင်ခေါင် မိုးကြိုး ပစ်ခံလိုက်ရသည့်နှယ် ခံစားသွားခဲ့ရသည်။

ကောင်လေးဖြစ်သူက နေ့တိုင်းနေ့ စာပဲ ကြည့်နေပြီး သူ့အနားယူချိန်ကိုလည်း နာရီအနည်းငယ်မျှသာ ကျန်တော့သည်အထိ ဖိချပစ်လိုက်၏။ ပြိုင်ဆိုင်မှုမရှိ၊ အေးချမ်းသည့် ဘဝလေးကို အလိုရှိသည့် သမီးဖြစ်သူမှာ ဤသည်ကို မြင်တော့ မနှစ်သက်မိသလို အတော်လေးလည်း စိတ်ဝမ်းနည်းမိခဲ့ရ၏။

သို့ပေမယ့် စာမေးပွဲဖြေဆိုနိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားအားထုတ်နေသည့် ကောင်လေး ဖြစ်သူကို မြင်တော့ သူမ၏ စိတ်ပျက်မှုကို ရင်ထဲမှာပဲ ဖိနှိပ်ထားကာ သူ့အား အကောင်းဆုံး ကူညီပေးဖို့ရာ ဆုံးဖြတ်လိုက်သည်။

စိတ်ခွန်အားပေးသည့် စကားလုံးများအပြင် ဖခင်ဖြစ်သူနှင့်လည်း သွားရောက်တွေ့ဆုံခဲ့၏။

ဖခင်နားကနေ တောင်းတောင်းပန်ပန်နှင့် ငွေတစ်ချို့ ချေးငှားခဲ့သည်။

ဤမျှအထိ ပြောဆိုပြီးသည့်နောက် ချန်ယွီ့က စကားကို ခေတ္တ ရပ်နားထားလိုက်ပြီး ညင်သာသည့် အပြုံးဖြင့် “ ဒီရဲ့ လူနာ … ခင်များယောက်ျားက ဘာကြောင့် ကူညီပေးဖို့ ဆုံးဖြတ်လိုက်လဲ သိလား ….”

“ သူ့စိတ်တွေ ပျော့ညံ့လို့ပေါ့ … အဲ့ အသုံးမကျတဲ့ ကောင်မလေးက နူးနူးညံ့ညံ့ စကားလုံးလေးတွေ ပြောပြီး တောင်းဆိုလာတာနဲ့ သူ နှစ်ခါ မငြင်းဘူးဆိုတာ ကျွန်မ ကျိန်းသေတယ် ….”

သာယာတဲ့ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးက အေးစက်စက် နှာမှုတ်လိုက်၏။

“ ခင်များ မှားသွားပြီ … အကြောင်းအရင်းက သူ့သမီး သူ့ကို ကတိတစ်ခုပေးခဲ့လို့ပဲ ….”

“ ဘာကတိလဲ ….”

“ တကယ်လို့ သူ့ကောင်လေး စာမေးပွဲ ကျခဲ့ရင် ခင်များသမီး ကျောင်းပြန်တက်ပါမယ်ဆိုတဲ့ ကတိပေါ့ ….”

သာယာတဲ့ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီး၏ မျက်နှာအမူအရာ ခါးသက်သွားခဲ့သည်။

သူမ၏ နားထင်ကို ပင်ပန်းစွာ နှိပ်နယ်မိလိုက်၏။

“ ငါသာ ကျောင်းထွက်ပြီး စာမေးပွဲတွေ ထပ်ခါတလဲလဲ ဖြေနေသရွေ့ ငါ့ ကျန်တဲ့ တစ်သက်လုံး အလုပ်တက်ဖို့ မလိုတော့ဘူး ….”

“ ကလေးတွေမှာ သူတို့ ဘဝနဲ့သူတို့ ရှိတယ် … မျိုးဆက်တိုင်းက အဲ့ဒါကို တန်ဖိုးထားပေးသင့်တယ် ….”

“ ငါတို့လုပ်ဖို့လိုအပ်တာက အတိုင်းအတာတစ်ခုထိအောင် သင်ကြားပေးပြီးရင် သူတို့ဘဝနဲ့သူတို့ လွှတ်ထားပေးဖို့ပဲ … ကလေးတွေက ငါတို့ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေ မဟုတ်ဘူး ၊ ငါတို့က သူတို့ ငယ်ရွယ်တုန်းမှာ အုပ်ထိန်းပေးရမယ့် အုပ်ထိန်းသူ သပ်သပ်ပဲ ….”

“ ငါကတော့ ကလေးယူဖို့ စဉ်းတောင် မစဉ်းစားထားဘူး … ငါ့ဝင်ငွေက တစ်လကို ယွမ်သောင်းဂဏန်းရှိတယ် … ငါ့တစ်ကိုယ်စာ ကောင်းကောင်းကြီး သုံးဖို့ လုံလောက်တယ် ….”

ချန်ယွီ့ လိုက်စထွင်းကို မရေမတွက်နိုင်အောင် ကြည့်ရှုပြီးနောက် ပထမဆုံးအကြိမ်အဖြစ် ကြည့်ရှုသူများကို သူတို့၏ ခံစားချက်မျာကို မည်သို့ ဖော်ပြလို့ ဖော်ပြရမှန်းမသိ ဖြစ်နေမိကြ၏။

အတော်လေး စိတ်ဝင်စားစရာကောင်းသည့် အမှုပင်။

ကြည့်ရှု တော်တော်များများက သာယာတဲ့ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီးတွင်လည်း စိတ်ကျန်းမာရေး ပြဿနာ တစ်ချို့ ရှိနေသည်ဟု ထင်နေကြ၏။

တကယ်လို့ သူမက စိတ်ထဲ မသက်မသာ ခံစားနေရတယ်ဆိုရင် ကိုယ့်ကောင်လေးကို ဘာကြောင့် မပြောပြခဲ့လဲ …

မပြောပြတဲ့အပြင် ကောင်လေးကို စာမေးပွဲ ဖြေဖို့တောင် အားပေးလိုက်သေးတယ် …

သာယာတဲ့ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီး၏ သမီးကြီး၏ အနာဂတ်က အမျိုးမျိုးသော အလှည့်အပြောင်း၊ စိတ်လှုပ်ရှားစရာတို့ဖြင့် ပြည့်နှက်နေသည်ဟု ချန်ယွီ့ ပြောခဲ့သည်ကလည်း လုံးဝ မမှားပေ။

လိုက်စထွင်းထဲရှိနေသည့် ထရိုးများပင် မကောင်းသည့် ကွန်းမန့်များ ပေးဖို့ရာ စိတ်မရှိကြတော့သည်အထိကို ဖြစ်ပျက်နေကြတော့၏။

ချန်ယွီ့က အရာအားလုံးကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောပြခဲ့၏။

သာယာတဲ့ဘဝအတွက် ကြိုးစားနေတဲ့အမျိုးသမီး၏ သမီးကြီး လက်ထပ်ပွဲကနေ ထွက်ပြေးသွားခဲ့သည်က သူမ၏ ကောင်လေးသည် တစ်နေ့တစ်ခြား အမေဖြစ်သူနှင့် တူညီလာသောကြောင့်ဟု ဆိုသည်။

အခြားသူများက သူတို့ကလေးများကို အထက်တန်းလွှာအဖြစ် ပျိုးထောင်ကြသော်လည်းပဲ သူမ၏ ကောင်လေးကတော့ ကိုယ့်ကိုယ်ကို အထက်တန်းလွှာ တစ်ဦးဖြစ်အောင် ကြိုးစားအားထုတ်ခဲ့သည်။

ဒါပေမယ့် တကယ်လို့ သူမက အဲ့တာမျိုးကို အလိုမရှိဘူးဆိုရင်လည်း ဘာလို့ ကူညီနေသေးလဲ …

ကိုယ့်ကောင်လေးက ကိုယ်မလိုလားတဲ့ ဦးတည်ရာဘက်ခြမ်းကို လျှောက်လှမ်းနေတာလေ … သူမရဲ့ အတွေးအမြင်တွေကို တိုက်ရိုက်ကြီး ဖော်ပြဖို့ အဆင်မပြေဘူးဆိုရင်တောင် ကူညီပေးတာကတော့ လုံးဝကို မဖြစ်သင့်တဲ့ ကိစ္စပဲ …

ပြီးတော့ မင်္ဂလာပွဲမှာ ထွက်ပြေးသွားတဲ့ ကိစ္စ …

နှုတ်တောင် မဆက်၊ အကြောင်းအရင်းလည်း သေချာမပြောဘဲ ထွက်ပြေးသွားခဲ့တာက ကောင်လေးကို ဘယ်လောက်တောင် နာကျင်သွားစေခဲ့မလဲ …

မိမိတို့က ကြည့်ရှုသူများ ဖြစ်တာကြောင့် နည်းလမ်းပေါင်းစုံမှ ဝေဖန်သုံးသပ်နေကြသော်လည်း အကြောင်းအရင်းကို ဂဃနဏ မသိဘဲ ကိုယ့်ဘဝနှင့်ကိုယ် ဖြစ်နေကြသည့် ကာယကံရှင်များကတော့ သူ့နည်းသူ့ဟန်နှင့် ခံစားနေရမည်မှာ ဧကန်ပင်။

“ ဘာဖြစ်တာ ….”

ကြည့်ရှုသူများ၏ ဇဝေဇဝါ ဖြစ်နေမှုကို သတိပြုမိတော့ ချန်ယွီ့က သက်တောင့်သက်သာ အမူအရာသို့ ပြောင်းလဲသွားပြီး နောက်ဆုံး … ဖြည်းညင်းစွာ ရှင်းပြလာသည်။ “ အခု ကြည့်နေတဲ့လူတွေ အကုန်လုံး သမီးကြီးရဲ့ လုပ်ရပ်တွေက ဘာကြောင့် ဒီလောက်တောင် ကျိုးကြောင်းမဆီလျော် ဖြစ်နေရလဲဆိုတာကို နားမလည်နိုင် ဖြစ်နေကြတယ်မလား …”

“ တကယ်လို့ တခြားရှုထောင့်ကနေ ခံစားကြည့်မယ်ဆိုရင်တော့ အကုန်လုံးလည်း နားလည်နိုင်ကြမှာပါ ….”

“ တကယ်လို့ သမီးကြီးက သူ့ကို ရပ်တန့်ဟန့်တားဖို့ တစ်ခုခု ပြောကြားတာပဲ ဖြစ်ဖြစ် ၊ မဟုတ်လည်း ကူညီပေးဖို့ ဘာမှမလုပ်ခဲ့ဘူးဆိုရင် တစ်ပါးသူရဲ့ ကြိုးပမ်းအားထုတ်လိုမှုကို ဖျက်စီးပစ်လိုက်တာနဲ့ အတူတူပဲ …”

“ သူမက ဒီတိုင်း ဘဝကို အပြိုင်အဆိုင်မရှိ အေးအေးချမ်းချမ်း ဖြတ်သန်းချင်တယ်ဆိုပေမယ့် အဲ့လိုဆိုတိုင်းလည်း တစ်ခြားလူတွေက သူ့လိုမျိုး ကုန်ဆုံးရမယ်လို့ မဆိုလိုဘူးလေ …”

“ ကောင်လေးဖြစ်သူက စာမေးပွဲအတွက် အစွမ်းအကုန် ကြိုးစားနေတာကို မြင်တော့ သူ့ဘက်ကလည်း ကူညီပေးသင့်တယ်လို့ ခံစားခဲ့ရတယ် …”

“ အဆုံးသတ်ရလဒ်ကိုတော့ … ခေါင်းရှုပ်ခံပြီး တွေးမနေတော့ဘူး …”

ကြည့်ရှုသူများက ခေါင်းညိတ်လိုက်ကြသည်။

အခြားသော ကြည့်ရှုသူများက ရုတ်တရက်ဆိုသလို

သာယာတဲ့ ဘဝအတွက်ကြိုးစားနေတဲ့ အမျိုးသမီး၏ ဒုတိယကလေး၏ အခြေကရော မည်သို့ ရှိလာမလဲဆိုတာကို မေးမြန်းလာခဲ့၏။

ထိုအချိန် စကားပြောခန်းမှာ ခေတ္တ ငြိမ်သက်သွားခဲ့ပြီး … များမကြာမီ ပြန်လည် အသက်ဝင်လှုပ်ရှားလာသည်။

မရေမတွက်နိုင်သည့် ကွန်းမန့်များက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ကြ၏။

သာယာတဲ့ ဘဝအတွက်ကြိုးစားနေတဲ့ အမျိုးသမီးပင် သူမရင်ထဲရှိ အမျိုးမျိုးသော အနှုတ်လက္ခဏာဆန်သည့် ခံစားချက်များကို ခေတ္တ ဘေးကပ်ထားမိသွား၏။

သမီးငယ်သည်လည်း သမီးကြီးနည်းတူ သူမအား ပုန်ကန်လေးမလားဟု သိချင်သဖြင့် မေးမြန်းလိုက်၏။

“ ကျုပ် စောနတုန်းက ပြောခဲ့ဖူးတဲ့အတိုင်းပဲ … “ ချန်ယွီ့ ပြောလိုက်ပြီး “ ခင်များရဲ့ သမီးကြီးက ခင်များရဲ့ စီစဉ်ပေးမှုတွေရဲ့ ဆန့်ကျင်ဘက် လမ်းကြောင်းကို လျှောက်လမ်းတယ် ….”

“ အခြားတစ်ဖက်မှာကျ ခင်များရဲ့ သမီးငယ်က ခင်များ လိုချင်တာ အရာမှန်သမျှကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ် ….”

“ ခင်များရဲ့ သမီးငယ်က ခင်များရဲ့ ကိုယ်ကျင့်စရိုက်ကို ရာနှုန်းပြည့် အမွေဆက်ခံထားတဲ့သူပဲ … အမေတူ သမီးပေါ့ ….”

“ သမီးကြီးကတော့ ခင်များရဲ့ အလိုကို ဆန့်ကျင်ပြီး သူအလိုရှိတဲ့ ဘဝမှာ နေထိုင်တယ်ဆိုပေမယ့် ခင်များရဲ့ သမီးငယ်ကတော့ သူ့ဘဝကို တစ်ပါးသူက စီမံပေးတာကို လက်ခံတယ် ….”

“ အတိုင်းအတာ တစ်ခုထိအောင်ကို သူက ခင်များထက်ပိုပြီး ဘဝကို ဘယ်လိုမျိုး ပိုကောင်းအောင် လုပ်ရမလဲဆိုတာတောင် နားလည်နေသေးတယ် ….”

“ သမီးကြီးနဲ့ ခင်များနဲ့ သေတမ်းပြတ်ဖြစ်တဲ့ အချိန်မှာပဲ အငယ်ဆုံး သမီးက တက္ကသိုလ်ကနေ ဘွဲ့ရတယ် ….”

“ ဘွဲ့ရပြီးတာနဲ့ ခင်များရဲ့ စီစဉ်ပေးမှုအောက်မှာပဲ ကုမ္ပဏီကြီး တစ်ခုမှာ အလုပ်ဝင်လုပ်တယ် ….”

“ အလွှာအဆင့်ဆင့် စီစဉ်ပြီးတဲ့နောက်ဆုံးမှာတော့ ခင်များရဲ့ သမီးငယ်က ကုမ္ပဏီရဲ့ စီအီးအို ရာထူးကို တက်လှမ်းနိုင်လိမ့်မယ် ….”

ဤစကားကြားတော့ အပြုံးတစ်ပွင့်က သာယာတဲ့ ဘဝအတွက်ကြိုးစားနေတဲ့ အမျိုးသမီး၏ မျက်နှာထက်တွင် ဖြစ်ပေါ်လာခဲ့သည်။

သူမ၏ ဝမ်းဗိုက်ကို ပျော်ရွှင် ဝမ်းမြောက်သည့် အမူအရာဖြင့် ပွတ်သပ်လိုက်၏။

“ သမီး လိမ္မာလေး … နင့်အစ်မကြီးက အမေ့ကို စိတ်ပျက်စေတယ်ဆိုပေမယ့် နင်ကတော့ စိတ်မပျက်စေဘူးပဲ …”

ချန်ယွီ့က သာယာတဲ့ ဘဝအတွက်ကြိုးစားနေတဲ့ အမျိုးသမီး၏ ဝမ်းဗိုက်ကို စခရင်မှတစ်ဆင့် လှမ်းကြည့်ရင်း စိတ်ထဲ၌ ကြိတ်ပြီး သက်ပြင်းချလိုက်၏။

သို့ပေမယ့်လည်း ပြောလက်စနှင့်တော့ တစ်ခါတည်း ပြောရုံသာ ရှိတော့သည်။

“ ခင်များရဲ့ သမီးငယ်က ခင်များ အလိုရှိတဲ့ ရည်မှန်းချက် ပန်းတိုင်တွေ အကုန်လုံးကို ဆွတ်ခူးနိုင်ခဲ့ပြီး ခင်များရဲ့ ဒုတိယ ဗားရှင်း ဖြစ်လာမယ် ….”

“ ခင်များက ကိုယ့်ရဲ့ ကလေးဆန်တဲ့ အတွေးတွေကို သူ့ကလေးအပေါ်မှာ အသုံးချစေခဲ့တော့ အဆုံးသတ်မှာ ခင်များရဲ့သမီးကို စိတ်ကျရောဂါ အကြီးအကျယ် ခံစားစေလိမ့်မယ် ….”

“ စိတ်ကျရောဂါ ဟုတ်လား ….”

သာယာတဲ့ ဘဝအတွက်ကြိုးစားနေတဲ့ အမျိုးသမီးမှာ ရှော့ခ်ရသွားခဲ့၏။

သူမ စိတ်သက်သာရစွာ သက်ပြင်းချနေချိန်မှာပဲ ချန်ယွီ့က ရေအေးအေးဖြင့် ပြန်လောင်းချလိုက်ပြန်သည်။

သူ့ သမီးနှစ်ယောက်လုံးမှာ ဘာကြောင့် ဒီလိုမျိုး ပြဿနာတွေ လာဖြစ်နေရတာလဲ …

ဒုတိယ သမီးက အောင်မြင်မှုတွေ ဆွတ်ခူးနိုင်နေတာ အသိသာကြီးပဲလေ … အဲ့တာကို ဘာများ စိတ်ဓာတ်ကျစရာ ရှိသေးလို့ ….

ဖြစ်နိုင်တာ သူမလိုမျိုး ကလေးရဲ့ ပညာရေးအကြောင်း ပူပန်နေရလို့များလား …”

“ မဟုတ်မှလွဲရော သမီးငယ်ရဲ့ ကလေးက သမီးကြီးလိုမျိုး ကလန်ကဆန် လုပ်တတ်တဲ့ အမျိုးအစားမျိုး ဖြစ်နေလို့လား ….”

သာယာတဲ့ ဘဝအတွက်ကြိုးစားနေတဲ့ အမျိုးသမီးက ခါးသက်စွာ မေးမြန်းလိုက်၏။

စာစဉ် (၂၄)ပြီး၏။

All Chapters