ဘယ်လို သမီးမျိုးကို ခင်များ လိုချင်လဲ
Vol. 25 Ch. 241
ငါက စိတ်ကျန်းမာရေးဆရာ၀န်ဆိုတာ တကယ်ပါ
ဘာသာပြန် - ထွန်းလင်းအောင်
စာစဉ် (၂၅)
“ သူ့ရဲ့ စိတ်ကျရောဂါက သူ့ကလေးနဲ့ မဆိုင်ဘူး … သူ့ဘာသူ ပေးတဲ့ စိတ်ဖိအားတွေကြောင့်ပဲ …”
“ လူမှုရေး အဆင့်အတန်း တစ်ဆင့်မြင့်မားဖို့နဲ့ ချမ်းသာတဲ့ မိသားစု တစ်ခု ဖြစ်ရေးအတွက် ခင်များရဲ့ သမီးငယ်က သူ့ရဲ့ အာရုံစူးစိုက်မှုတွေ အားလုံးကို ကလေးရဲ့ ပညာရေးအပေါ်မှာပဲ ပုံအောထားခဲ့တယ် ….”
“ ဒီလို လုပ်တာကလည်း သူ့ရဲ့ တန်ဖိုးကို ပြသပြီး တစ်မိသားစုလုံးရဲ့ အသိအမှတ်ပြုမှုကို လိုချင်လို့ပဲ ….”
“ သူ လက်ထပ်ထားတဲ့ မိသားစုက ချမ်းသာတဲ့ ဘီလီယမ်နာ သူဌေးမိသားစု …. ခင်ပွန်းသည်ပဲ ဖြစ်စေ၊ ခမည်းခမက် မိသားစုပဲ ဖြစ်စေ ၊ သူတို့အကုန်လုံးက စီးပွားရေး လောကမှာ ဒိတ်ဒိတ်ကျဲကြီးတွေချည်း …”
“ ခင်များရဲ့ သမီးငယ်က ဘက်ပေါင်းစုံမှာ ထူးချွန်တဲ့လူဆိုပေမယ့် သူက ဒီတိုင်း …. ၊ ထူးချွန်ရုံ သပ်သပ်ပဲလေ …..”
“ လက်ထပ်ပြီးတဲ့နောက်မှာ တခြားလူတွေ သူမကို ကြည့်တဲ့ အကြည့်က မတူညီဘူးလို့ စိတ်ထဲမှာ မလုံမလဲ ခံစားလာရတယ် … နင်က ကံကောင်းလို့ ချမ်းသာတဲ့ မိသားစုထဲ လက်ထပ်ဝင်နိုင်တာပါဆိုပြီး ကိုယ့်ကိုယ်ကို ထင်နေခဲ့တာပေါ့ ….”
“ အဲ့မှာ ကိုယ့်ရဲ့ တန်ဖိုး ဘယ်လောက်တောင် ရှိကြောင်းကို သက်သေပြချင်စိတ် ပြင်းပြလာတယ် … အကောင်းဆုံး နည်းလမ်းက နောက်မျိုးဆက်ရဲ့ ပညာရေးပဲ ….”
“ သူမရဲ့ ကလေးကို အထက်တန်းလွှာတွေထဲက အထက်တန်းလွှာ တစ်ယောက် ဖြစ်အောင် ပျိုးထောင်ပေးဖို့ စိတ်ကူးထားတယ် … ခင်များ သူ့အပေါ် အသုံးပြုခဲ့တဲ့ နည်းလမ်းနဲ့ပေါ့ ….”
“ တကယ်လို့ ခင်များက ကောင်းမွန်တဲ့ စီစဉ်ရေးမှူးဖြစ်ခဲ့မယ်ဆိုရင် သူကတော့ တကယ့်ကို တစ်သန်းမှာ တစ်ယောက်လောက်ပဲ ရှိနိုင်မယ့် စူပါစီစဉ်ရေးမှူးပဲ ….”
ချန်ယွီ့ စကားဆုံးသည်နှင့် စကားပြောခန်းထဲ ကွန်းမန့်တို့ ဒလဟော ဝင်ရောက်လာခဲ့သည်။
“ ငါ ရယ်တောင် မရယ်နိုင်တော့ဘူး … ဒါဘယ်လို မိသားစုမျိုးလဲ အဲ့တာ ….”
“ အထက်တန်းလွှာ ကလေးတွေကို ပျိုးထောင်ပေးတယ်တဲ့လား ….”
“ အဘွားကကျ တော်တဲ့ စီစဉ်ရေးမှူး ၊ အမေကကျတော့ စူပါ စီစဉ်ရေးမှူး …. အဲ့ကလေးရဲ့ အနာဂတ်ကတော့ ထောင်ကျအကျဉ်းသားတွေထက်ကို ဆိုးရွားနေတော့မှာပဲ ….”
“ ပါးစပ်ထဲမှာ ရွှေဇွန်းကိုက်ပြီး မွေးလာတဲ့ ကလေးတွေကရော လူမှုအဖွဲ့အစည်းကြီးရဲ့ ပြိုင်ဆိုင်မှုလောကထဲမှာ ဝင်ပြိုင်စရာ လိုအပ်လို့လား ….”
“ အဲ့ကလေး လူပျိုဖော်ဝင်တဲ့အချိန် သူ့သမီးငယ်လေး သွေးဆုံးမယ့် အချိန်ပဲ … ကျွတ် .. တကယ့်ကို ပြဿနာ မိသားစုကြီးပါကွာ ….”
“ ပြဿနာရဲ့ အရင်းအမြစ်က မှန်ကန်တဲ့ မိသားစုထဲကို မဝင်ရောက်ခဲ့မိတာပဲ … စိတ်ကျရောဂါ ဖြစ်မှာက အနှေးနဲ့ အမြန်ပဲ … ပြီးရင် သူ့သမီးငယ်ရဲ့ စိတ်ကျရောဂါက စိတ်ကစဉ့်ကလျားရောဂါဘက်ကို ခပ်မြန်မြန်ပဲ ကူးပြောင်းသွားလောက်တယ် ….”
“ ဒေါက်တာချန် … ကျွန်မသမီးငယ်ရဲ့ စိတ်ကျရောဂါက သူ့ကလေးကို ကောင်းကောင်းမွန်မွန် မပျိုးထောင်ပေးနိုင်ခဲ့တာကြောင့်များလား ….”
သာယာတဲ့ ဘဝအတွက်ကြိုးစားနေတဲ့ အမျိုးသမီးက စိုးရိမ်ကြောင့်ကြစွာ မေးမြန်းလာသည်။
“ ခင်များရဲ့ သမီးငယ်က သူ့ကလေးရဲ့ ပညာရေးနဲ့ ပတ်သက်ပြီး သိပ်ကို တင်းကြပ်လွန်းတယ် … ပြီးတော့ သူ့ကလေးကလည်း တော်ပါတယ် ….”
“ ဖိအားက ခင်ပွန်းဖြစ်သူရဲ့ မိသားစုဝင်တွေဆီက လာတဲ့ မလိုလားမှုပဲ ….”
“ ချမ်းသာတဲ့ မိသားစုမှာ ပေါက်ဖွားလာတဲ့ ကလေးက အထက်တန်းလွှာ သင်ကြားရေးနည်းလမ်းကို အသုံးပြုသင့်တာ မှန်တယ် … ဒါပေမယ့် ခင်များသမီးရဲ့ သင်ကြားရေး နည်းလမ်းတွေကတော့ အစွန်းရောက်တဲ့ အဆင့်ထိကို ရောက်နေပြီ ….”
“ သူ့ခင်ပွန်းနဲ့ မိဘတွေကတောင် ဘေးကနေ ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့အထိကိုပဲ … ကလေးက သင့်တင့်မျှတမှုရှိရှိနဲ့ အနားယူတာက ပျင်းရိတာ မဟုတ်ဘူးလို့ သူတို့ လက်ခံတယ် ….”
“ အဲ့စကားကို ခင်များရဲ့ သမီးငယ်ကကြားတော့ လုံးဝကို မတူကွဲပြားတဲ့ နည်းလမ်းနဲ့ တုံ့ပြန်ခဲ့တယ် … သူ့စိတ်ထဲမှာတော့ ဒါက သူ့ကို အထင်သေးလို့ ဝေဖန်နေတယ်လို့ အထင်ရောက်နေမိခဲ့တာပဲ ….”
“ သူမက ကလေးကို ကောင်းကောင်းမွန်မွန် သင်ကြားမပြသပေးနိုင်တာကြောင့် လှောင်ပြောင်နေတယ်လို့ ယူဆခဲ့တယ် … ကလေးကို ပါရမီရှင်တစ်ယောက်ဖြစ်လာအောင် မပျိုးထောင်နိုင်ခဲ့တဲ့အတွက်ပေါ့ …. တစ်ဖက်က ကောင်းသော စိတ်နဲ့ ဆိုပေမယ့် ခင်များ သမီးငယ်ရဲ့ စိတ်ထဲမှာတော့ မကောင်းတဲ့ အမြင်နဲ့ ဝေဖန် စိန်ခေါ်နေတယ်လို့ ခံစားနေရတယ် … ”
“ အဲ့လိုနဲ့ သူတို့တွေ ခင်များရဲ့ သမီးငယ်ကို ဖျောင်းဖျလေလေ၊ သူ့ကလေးအပေါ် သင်ကြားတဲ့ နည်းလမ်းတွေက ပိုပြီး တင်းကြပ်လာလေလေပဲ ….”
“ ခင်များ သမီးငယ်ရဲ့ ဘဝခြေလှမ်းတိုင်းက ခင်များ စီစဉ်ပေးတဲ့အတိုင်းပဲ လျှောက်လှမ်းခဲ့တယ် ….”
“ အဆုံးမှာ သူမက ခင်များ လိုလားတဲ့ ရည်မှန်းချက်မျိုးကို ပိုင်ဆိုင်နိုင်ခဲ့တယ် …”
“ ဒါပေမယ့် သူမ မပျော်နိုင်ခဲ့ဘူး …. စိတ်ကျရောဂါတောင် ဖြစ်လာတယ် ….”
“ တစ်ဖက်မှာ ခင်များရဲ့ သမီးကြီးကတော့ ခင်များ အကောင်းဆုံးလို့ ထင်မှတ်ထားတဲ့ ပုံစံမျိုး ဖြစ်မလာခဲ့ဘူးဆိုပေမယ့် အနည်းဆုံးတော့ ဘဝကို ကြင်နာမှု ၊ ပျော်ရွှင်မှုတွေနဲ့ ဖြတ်သန်းခဲ့ရတယ် ….”
စကားကို ခေတ္တ ရပ်နားထားပြီးနောက် ချန်ယွီ့က သာယာတဲ့ ဘဝအတွက်ကြိုးစားနေတဲ့ အမျိုးသမီး၏ သမီးငယ်၏ အစ်မဖြစ်သူအပေါ် သဘောထားတို့အား ပြောပြလာခဲ့သည်။
“ ခင်များရဲ့ မြေးငယ်လေး မွေးဖွားလာခဲ့ပြီးတော့ ခင်များရဲ့ သမီးကြီးက သူ့ဆီကို အကြိမ်ရေ တော်တော်များများ သွားလည်ခဲ့တယ်….”
“ အကြိမ်တိုင်းလည်း ခင်များရဲ့ သမီးငယ်က သူ့ကို နှင်ထုတ်ခဲ့တယ် ….”
“ သမီးကြီးက သူ့ရဲ့ မိသားစုတွင်း အဆင့်အတန်းနဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမှာ စိုးတဲ့အတွက်ကြောင့်ပဲ …..”
“ ဘာပဲဆိုဆို ခင်များရဲ့ သမီးကြီးက ‘ ဘ၀ကို အလဟဿ ထိုင်နေတဲ့ အသုံးမကျတဲ့သူ ‘ တစ်ယောက်လေ ….”
“ အနှုတ်လက္ခဏာဆန်တဲ့ စိတ်ခံစားချက် အမျိုးမျိုးက ခင်များရဲ့ သမီးငယ်ကို အေးစက်လာစေပြီး အတ္တကြီးလာစေခဲ့တယ် ….”
“ ဒီရဲ့လူနာ …” ချန်ယွီ့က လေးနက်ဩရှသည့် အသံဖြင့် “ ကျုပ် ခင်များကို မေးခွန်းတစ်ခုလောက် မေးချင်တယ် …. ခင်များက သာမန်ဆန်ပြီး ကြင်နာတတ်တဲ့ သမီးမျိုးကို လိုချင်လား … ဒါမှမဟုတ် အတ္တကြီး ၊ မာနကြီး၊ မောက်မာပြီး အေးစက်တဲ့ သမီးမျိုးကို လိုချင်လား ….”
သာယာတဲ့ ဘဝအတွက်ကြိုးစားနေတဲ့ အမျိုးသမီး တိတ်ဆိတ်သွားခဲ့သည်။
ချန်ယွီ့ မေးခွန်းကို မည်သို့ ပြန်ဖြေရမလဲ သူမ မသိပေ။
“ ခင်များ ကိုယ့်ကလေးကို ဘာကြောင့် အထက်တန်းလွှာ တစ်ယောက်ဖြစ်လာပြီး မြင့်မားတဲ့ လူမှုအဆင့်အတန်းကို ပိုင်ဆိုင်ချင်နေရလဲဆိုတဲ့ အကြောင်းအရင်းမှာ အကြောင်းပြချက်က အနည်းအကျဉ်းပဲ ရှိတယ် … ပြီးတော့ သိပ်လည်း ရိုးရှင်းတယ် ….”
“ ခင်များက ရှေးတစ်ချိန်တုန်းက ချမ်းသာတဲ့ မိသားစုကနေ ပေါက်ဖွားလာတဲ့ သမီးမိန်းကလေးတစ်ယောက် ဖြစ်ခဲ့ဖူးတယ် … ဒီတော့ ခင်များရဲ့ သမီးကိုလည်း ခင်များ နေခဲ့ဖူးတဲ့ ဘဝမျိုးမှာ နေထိုင်စေချင်တယ် ….”
“ နောက်တစ်ချက်က ခင်များရဲ့ မိသားစုက အခု လူလတ်တန်းစား မိသားစု … လူလတ်တန်းစား ဆိုတာက ခင်များရဲ့ ကလေးတွေ ခင်များတို့ရဲ့ ရာထူး ကြွယ်ဝမှုကို ဆက်ခံလို့ ရမှာမဟုတ်ဘူးဆိုတဲ့ အကန့်အသတ်ကို ဖော်ပြနေတယ် ….”
“ တကယ်လို့ ခင်များရဲ့ ခင်ပွန်းက နည်းပညာ ဌာန ဒါရိုက်တာ မဟုတ်ဘဲ ၊ ကုမ္ပဏီရဲ့ ဒုဥက္ကဌ ၊ မဟုတ်လည်း အထွေထွေ မန်နေဂျာကြီး တစ်ယောက် ဖြစ်နေရင်တောင် ကုမ္ပဏီတစ်ခုအတွက် အလုပ်လုပ်ပေးနေရတဲ့ အလုပ်သမားက အလုပ်သမားပဲ ….”
“ သူ မရှိတော့တာနဲ့ သူ့ရာထူးကို ကုမ္ပဏီက အခြားတစ်ယောက်ကို ချက်ချင်း လွှဲပြောင်းပေးလိုက်မှာ ….”
“ ခင်များရဲ့ ကလေးတွေကလည်း သူ့ အဖေနေရာကို အမွေဆက်ခံလို့ရမှာမဟုတ်ဘူး … တကယ်လို့ သူတို့ကသာ အလုပ်မကြိုးစားဘူးဆိုရင် သူတို့ရဲ့ လူမှုရေးအဆင့်အတန်းကလည်း နိမ့်ကျလာမယ် ….”
“ တကယ်လို့ ကိုယ့်ကလေးကို ခင်များနည်းတူ တူညီတဲ့ အဆင့်အတန်းမျိုး ရစေချင်တယ်ဆိုရင်တော့ တစ်ခုတည်းသော နည်းလမ်းက သူတို့ရဲ့ အသက်တွေနဲ့ တိုက်ခိုက်ပြီး ရယူဖို့ပဲ ….”
“ ခင်များက ကလေးတွေဆီမှာ အရင်းအမြစ်မျိုးစုံကို ရင်းနှီးမြုပ်နှံခဲ့တယ် … အထက်တန်းလွှာ ပညာရေးကို သင်ကြားပေးခဲ့တယ် …. ဒီရဲ့ နည်းလမ်းကိုတောင် သမီးနှစ်ယောက်လုံးဆီ လက်ဆင့်ကမ်းပေးဖို့ ကြိုးစားခဲ့သေးတယ် ….”
“ ဒါတွေ အကုန်လုံးက ဘာကြောင့်လဲဆိုတော့ ခင်များက အမြင့်ကနေ အနိမ့်ကို ပြုတ်ကျသွားရတဲ့ အတွေ့အကြုံကို ခံစားဖူးပြီး အဲ့ဒီအရာကို အသွေးထဲ အသားထဲထိ ကြောက်ရွံ့နေမိလို့ပဲ ….”
“ ခင်များရဲ့ ကလေးတွေကို ခင်များလိုမျိုး မဖြစ်စေချင်ဘူး … အမြင့်ကနေ ပြုတ်ကျတာမျိုး မဖြစ်စေချင်ဘူး …..”
“ ဒီနေရာမှာ ခင်များရဲ့ အတွေးတွေ မှန်သည် မှားသည်ကိုတော့ ကျုပ် မဝေဖန်လိုဘူး ….”
“ ခင်များက ကလေးတွေကို အဆင့်အတန်းမြင့်မားစေချင်တဲ့အတွက် ၊ မဟုတ်လည်း လူလတ်တန်းစားဆိုတဲ့ အဆင့်အတန်းကို ဆက်ပြီး ထိန်းထားချင်တဲ့အတွက်ကြောင့်ဆိုရင် ဒီလိုမျိုး ပညာရေး နည်းလမ်းကနေတစ်ဆင့် ရည်မှန်းချက် ပန်းတိုင်ကို ရောက်အောင် ကြိုးစားတာက ပြဿနာ မရှိဘူး … မှားယွင်းနေတာမျိုးလည်း မဟုတ်ဘူး …..”
“ ဒါပေမယ့် ကလေးရဲ့ အနာဂတ်လမ်းကြောင်းက ခင်များ ခန့်မှန်းတွေးထင်ထားတဲ့အတိုင်း တစ်ထေရာတည်းကြီးတော့ ဘယ်ဖြစ်နိုင်မှာ … ခင်များဘက်က လက်ခံသင့်တာတွေကို လက်ခံပေးဖို့လိုတယ် ….”
ချန်ယွီ့ စကားကို နားထောင်ပြီးနောက် သာယာတဲ့ ဘဝအတွက်ကြိုးစားနေတဲ့ အမျိုးသမီးက အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့သည်။
ကြည့်ရှုသူများလည်း တိတ်ဆိတ်နေခဲ့ကြ၏။
“ ကျုပ် ခင်များကို ခဏနေကျရင် ဝီချက် နံပါတ် ပို့လိုက်မယ် ….” ချန်ယွီ့က စားပွဲခေါက်ရင်း ပြောလိုက်ပြီး “ တကယ်လို့ ကုသမှုကို ခံယူချင်တယ်ဆိုရင် ကျုပ်ကို ဝီချက်ကနေ အချိန်မရွေး ဆက်သွယ်လိုက် ……”
သာယာတဲ့ ဘဝအတွက်ကြိုးစားနေတဲ့ အမျိုးသမီးက ခေါင်းညိတ်ပြီး သူမ၏ ဆက်သွယ်မှုကို အဆုံးသတ်သွားခဲ့သည်။
“ ဒီနေ့ တိုင်ပင်ဆွေးနွေးမှုက သူ့ရဲ့ သင်ကြားရေးနည်းလမ်းကို ပြောင်းလဲသွားစေလောက်လား ….”
“ ငါတော့ မထင်ရေးချမထင် ….. "
“ ကလေးကို သင်ကြားဆုံးမပေးတဲ့ အပိုင်းမှာ နှစ်ဘက်လုံးက မှန်နေတော့ … အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲ ဘယ်သူက ပြောနိုင်မှာ ….”
“ သူ့ အမျိုးသားက တကယ်ကို ကောင်းတာ … ဒါပေမယ့် မိန်းမ ဖြစ်သူကတော့ နည်းနည်း ဘဝင်မကျစရာပဲ ….”
“ ကလေးကို စိတ်ထဲမှာ ရည်မှန်းချက် တစ်ခုထားပြီး ပျိုးထောင်တာက မမှားပေမယ့် နည်းလမ်းကတော့ အရမ်းကြီး အစွန်းရောက်လို့ မဖြစ်ဘူး … မဟုတ်ဘူးဆိုရင် ဘယ်လိုလူစားမျိုးပဲဖြစ်ဖြစ် ရူးသွပ်သွားမှာ အသေအချာပဲ …”
ကြည့်ရှုသူမျးက ၎င်းတို့၏ အမြင်ကိုယ်စီကို ထုတ်ဖော်ပြောကြသော်လည်း သဘောတူညီမှုတော့ မရကြပေ။
“ ကဲ အားလုံးပဲ … ဒီနေ့ရဲ့ လိုက်စထွင်းကတော့ ဒီမှာတင်ပဲ အဆုံးသတ်ပြီ … နောက်တစ်ခေါက်ကျ ထပ်တွေ့ကြတာပေါ့ …”
ချန်ယွီ့ အလျင်အမြန်ပဲ လိုင်းဆင်းသွားခဲ့သည်။
ကွန်ပျူတာရှေ့က ထွက်ခွာလာခဲ့ပြီးနောက် အသက်ကို ပြင်းပြင်း ရှူရှိုက်လိုက်၏။
ပညာရေးဟူသည် လူတိုင်း မရှောင်လွှဲနိုင်သည့် ပြဿနာ တစ်ရပ်ဖြစ်၏။
ချန်ယွီ့က သာယာတဲ့ ဘဝအတွက် ကြိုးစားနေတဲ့ အမျိုးသမီး၏ ဘဝခရီးလမ်းကို ကောင်းကင်လျှို့ဝှက် နည်းဗျူဟာမှတစ်ဆင့် မြင်တွေ့ခဲ့ရ၏။
သူမ ကလေး၏ အနာဂတ်ကိုလည်း အလားတူ မြင်တွေ့ခဲ့ရလေသည်။
ချန်ယွီ့ တကယ်ကို ဘာပြောလို့ ပြောရမှန်း မသိခဲ့ပေ။ သာယာတဲ့ ဘဝအတွက် ကြိုးစားနေတဲ့ အမျိုးသမီး လုပ်တာက မှန်သည်လော ၊ မှားသည်လော သူ မဆုံးဖြတ်တတ်ပေ။
ဒေါက် ဒေါက် ဒေါက် …
ထိုအချိန်မှာပဲ တံခါးခေါက်သံ တစ်ခု ထွက်ပေါ်လာခဲ့၏။
ချန်ယွီ့ တံခါးကို သွားဖွင့်လိုက်တော့ အပြင်တွင် အနက်ရောင် ဝတ်စုံများနှင့် လူတစ်ချို့ မတ်တပ်ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။
“ ဟယ်လို ဒေါက်တာချန် … ကျုပ်တို့က ဥက္ကဌဝမ်ရဲ့ ငယ်သားတွေပါ ….” သူတို့ထဲ တစ်ယောက်က ရိုသေလေးစားမှု အပြည့်ဖြင့် ပြောလိုက်ပြီး “ ဥက္ကဌဝမ်က ကျုပ်တို့ကို ဒေါက်တာချန်ဆီ ပစ္စည်းတွေ ပို့ခိုင်းလိုက်လို့ပါ ….”
“ အိုး ….”
ချန်ယွီ့ ပြန် အမှတ်ရသွားခဲ့သည်။
သူ လွန်ခဲ့သော ရက်အနည်းငယ်က ဝယ်ထားခဲ့သည့် ပစ္စည်းများ ရောက်လို့လာလေပြီ။
ဥက္ကဌဝမ်၏ လူများက ချန်ယွီ့ဆေးခန်းထဲသို့ ဝင်လာကြပြီး လက်ဆွဲသေတ္တာများကို နေရာချထားလိုက်ကြသည်။
သေတ္တာများအထဲတွင် ချန်ယွီ့ လေလံပွဲ၌ ဝယ်ယူခဲ့သည့် ရှေးဟောင်းပစ္စည်းများ ပါဝင်နေပြီး နောက်ဆုံး သေတ္တာထဲတွင် ဂျင်ဆင်းမြစ် ရှိနေသည်။
ဂျင်ဆင်းက မသန့်စင်ရသေးကြောင်း အတည်ပြုနိုင်ခဲ့ပြီး ဝိဉာဏ်ချီစွမ်းအင်တို့ ပြည့်လျှံနေလျက် ရှိ၏။
ဂျင်ဆင်း၏ ထွက်ပေါ်လာမှုနှင့်အတူ ချန်ယွီ့၏ စိတ်ထဲ လေးပင်နေသည့် မကောင်းသည့် ခံစားချက်တို့ ရုတ်ချည်း ပျောက်ကွယ်သွားခဲ့တော့သည်။