ရွှေအူတိုင် အဆင့်
Vol. 25 Ch. 242
ဥက္ကဌဝမ်၏ လူများကို အပြင်သို့ လိုက်ပို့ပေးပြီးနောက် ချန်ယွီ့ ဆိုင်တံခါးကို ပိတ်ကာ ဂျင်ဆင်းနှင့်အတူ အပေါ်ထပ်သို့ တက်လာခဲ့သည်။
ဆေးဒယ်အိုးကိုထုတ်ပြီး နေရာမှာတင် သန့်စင်မှု ပြုလုပ်တော့၏။
ဆေးသန့်စင်သည့် လုပ်ငန်းစဉ်က တစ်ညတာလုံး အချိန်ပေးရသည်။
နောက်တစ်နေ့ နံနက်ခင်းရောက်တော့ လက်ထဲ ကြည်လင်နေသည့် ဆေးသုံးလုံးကို ကြည့်ရင်း ချန်ယွီ့ ညင်သာစွာ ပြုံးနေမိ၏။
ယခု အရာအားလုံးက အဆင်သင့် ဖြစ်နေပြီး ကျန်ရစ်တော့သည်က သူ့ ကျင့်ကြံမှုအဆင့်တက်ဖို့ပင်။
နာရီဝက်ခန့် အချိန်ယူ၍ မှော်အစီအရင်တစ်ခုကို ဆိုင်ထဲတွင် ခင်းကျင်းလိုက်သည်။
ယင်းအစီအရင်ကို အဠဂံမူလအသွင်ပြောင်းခြင်း အစီအရင်ဟုလည်း ခေါ်သည်။
ဤသည်က သူ၏ အရှိန်အဝါကို ချိတ်ပိတ်ဖို့ဖြစ်ပြီး အဆင့်တက်နေစဉ်အတွင်း နှောင့်ယှက်ခံရမှုတို့မှ ရှောင်ရှားရန်အတွက် ဖြစ်၏။
အဠဂံ မူလအသွင်ပြောင်းခြင်း အစီအရင်၏ အူတိုင်နေရာတွင် ယင်နှင့်ယန်တို့က အကန့်အသတ်မဲ့စွာ လိုက်ဖက်ညီ လည်ပတ်နေပြီး ဆေးသုံးလုံးက သူ၏ အသက်စွမ်းအင်ကို အားဖြည့်ပေးမည်ဖြစ်ကာ အဆင့်တက်နိုင်မည့် ရာခိုင်နှုန်းကို တိုးမြင့်ပေး၏။
ထို့ကြောင့် ကြုံတွေ့လာရနိုင်သည့် အန္တရာယ်များလည်း နည်းပါးသွားခဲ့လေပြီ။
ချန်ယွီ့၏ ကျင့်ကြံမှု အဆင့်က အစောပိုင်း အုတ်မြစ်တည်ထောင်ခြင်း အဆင့်ဖြစ်သည်။
လက်ရှိ ကမ္ဘာကြီးတွင် ချန်ယွီ့နှင့် ကျင့်ကြံဆင့်တူညီသည့် လူတို့ မရှိဘူးဟု မပြောဆိုနိုင်ပေ။ သို့ပေမယ့် ဖီးနစ် အမွှေးအတောင်များကဲ့သို့ ရှားပါးလှ၏။
ဒုတိယထပ်သို့ ပြန်ဆင်းလာရင်း ချန်ယွီ့သည် ကြမ်းပြင်ပေါ်၌ ခြေတင်ပျဉ်ခွေ ထိုင်ချလိုက်သည်။ ပြီးသည့်နောက် ဆေးတစ်လုံးကို ထုတ်၍ ဝါးမျိုလိုက်၏။
ချက်ချင်းဆိုသလို သူ့ခန္ဓာကိုယ်တွင်း စုဆောင်းထားသည့် ကုသိုလ်နှင့် ကံကောင်းမှုတို့က ဝိဉာဏ်ချီလမ်းကြောင်းများအသွင်သို့ ကူးပြောင်းသွားပြီး အနှီ ဝိဉာဏ်ချီတို့က သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ ချန်ယွီ့၏ ထိန်းချုပ်မှုအောက်မှာပဲ စတင်လည်ပတ်တော့သည်။
သူ၏ မရီဒန်သွေးကြော ခုနစ်ခုလည်း ပွင့်လာခဲ့ပြီး ဝိဉာဏ်ချီ လှည့်ပတ်မှုတွင်လည်း မည်သည့်အရာတို့ကမျှ ပိတ်ဆို့မနေချေ။
အဆင့်တက်နေစဉ်အတောအတွင်း ချန်ယွီ့ နာကျင်မှု အနည်းငယ်ကိုမျှ မခံစားရချေ။
သူ့ခန္ဓာကိုယ်တစ်ခုလုံးက လန်းဆန်းနေပြီး အင်အားများ ပြည့်နှက်နေသည်ဟုသာ ခံစားနေရ၏။
သူ့ အရိုးများ၊ ကြွက်သားများ၊ မရီဒန်သွေးကြောများက ဝိဉာဏ်ချီများ လည်ပတ်သန့်စင်ပေးမှုအောက်တွင် ပိုမိုသန်မာလာသည်။
အကယ်၍ အခြားသော ကျင့်ကြံသူများသာ ဤနေရာတွင် ရှိနေခဲ့မည်ဆိုပါက ကျိန်းသေပေါက်ကို ရှော့ခ်ရသွားကြလောက်၏။
လောကကြီးထဲ အုတ်မြစ်တည်ထောင်ခြင်း အဆင့် ကျင့်ကြံသူဆိုသည်မှာ လက်တစ်ဆုပ်စာမျှပင် ရှိသည်။ ဘီလီယမ်နှင့် ချီသည့် လူများအနက် အုတ်မြစ်တည်ထောင်ခြင်းအဆင့် ကျင့်ကြံသူ အရေအတွက်က ဆယ်ယောက်အောက်ပင် လျော့နည်းနေနိုင်သည်။
ချန်ယွီ့၏ အဆင့်တက်မှုကလည်း အခြားသူများနှင့် ကွဲပြားလှကာ သူ့ခန္ဓာကိုယ်တွင်းရှိ ဝိဉာဏ်ချီစွမ်းအင်တို့ကလည်း အလျှံပယ်ကို ပေါကြွယ်လှသည်။
လက်ရှိ ခေတ်တွင် ဝိဉာဏ်ချီစွမ်းအင်ဆိုသည်မှာ ကျင့်ကြံသူတို့အတွက် အရှားပါးဆုံးသော အရာပစ္စည်းဖြစ်၏။
ရှေးခေတ်အချိန်အခါတုန်းက ဝိဉာဏ်ချီစွမ်းအင်များသည် နေရာအနှံ့ ပေါပေါ်များများ ရှိပြီး ကောင်းချီးမြေတို့ကလည်း မရေမတွက်နိုင်အောင် ရှိနေသဖြင့် အုတ်မြစ်တည်ထောင်ခြင်းအဆင့် ကျင့်ကြံသူတို့မှာ လက်ညှိုးထိုးမလွဲကို ရှိခဲ့ကြသည်။
ယနေ့ခတ်တွင်တော့ အုတ်မြစ်တည်ထောင်ခြင်းအဆင့်က ကျင့်ကြံသူတို့အတွက် နောက်ဆုံး အန္တိမ အဆင့်လိုကို ဖြစ်လာနေချေပြီ။
ဆက်တိုက် အဆင့်ထိုးဖောက်ခြင်းဆိုသည်က အတိတ်၏ ပုံပြင်တစ်ပုဒ်အနေနဲ့သာ ကျန်ရစ်ခဲ့တော့သည်။
အချိန်တို့ ကုန်ဆုံးသွားခဲ့၏။
အရှေ့နေက မြင့်တက်လာပြီး အနောက်ဘက်သို့ ပြန်ဝင်ရောက်သွားခဲ့၏။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ အချိန်သုံးရက် ကုန်ဆုံးသွားခဲ့သည်။
ချန်ယွီ့၏ ကနေဦးပိုင်း အမှုမထားသည့် အမူအရာသည်လည်း ခြေရာလက်ရာ မမြင်ရဘဲ ပျောက်ကွယ်သွားခဲ့ကာ လေးနက်တည်ကြည်မှုတို့က အစားထိုး ဝင်ရောက်နေလျက် ရှိသည်။
အလယ်အလတ် အုတ်မြစ်တည်ထောင်ခြင်း အဆင့်သို့ ချိုးဖောက်ပြီးသည့်တိုင် ချန်ယွီ့၏ ဟန်ပန်က ကျင့်ကြံမှုကို ရပ်တန့်လိုက်မည့်ပုံ မပေါ်ချေ။
အခြား ဆေးနှစ်လုံးကို တစ်ခုပြီး တစ်ခု ဝါးမျိုလိုက်ပြီး သူ၏ အထွတ်အထိပ်သို့ တစ်ချီတည်းမှာပဲ ချိုးဖောက်ဖို့ရာအတွက် ပြင်ဆင်လိုက်သည်။
နောက်တစ်ဆင့်ကတော့ ရွှေအူတိုင် အဆင့်ဖြစ်၏။
ရွှေအူတိုင် အဆင့်သို့ ထိုးဖောက်ဝင်ရောက်ခြင်းက အုတ်မြစ်တည်ထောင်ခြင်းအဆင့်သို့ ဝင်ရောက်ခြင်းထက်ကို အန္တရာယ်က အကြိမ်ပေါင်း သိန်းချီမက အန္တရာယ် များလွန်းလှသည်။
မချေဖျက်ရသေးသည့် ဝိဉာဏ်ချီစွမ်းအင်တို့က သူ့ခန္ဓာကိုယ်အနှံ့သို့ လှည့်ပတ်နေသည်။
အကယ်၍ သူသာ ယခု အချိန် ရပ်တန့်လိုက်မည်ဆိုပါက ယခင် ကြိုးပမ်းမှုများအားလုံး သဲထဲ ရေသွန် ဖြစ်သွားပေလိမ့်မည်။
ချန်ယွီ့ တတ်နိုင်သည့် တစ်ခုတည်းသော အရာက တောင့်ခံထားပြီး သူ့အစွမ်းရှိသလောက် စုပ်ယူဖို့ပဲ ဖြစ်၏။
ချန်ယွီ့ မည်သို့မျှ ဆက်တောင့်မခံထားနိုင်တော့သည့် အချိန်မှာပဲ ထူးဆန်းသည့် အရာပစ္စည်းတစ်ခုက ချန်ယွီ့ကိုယ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
ဤအရာကို ခံစားမိတော့ ချန်ယွီ့ ပျော်မြူးသွားခဲ့၏။
သူ့ခန္ဓာကိုယ်ထဲတွင် ဟင်းလင်းပြင်အူတိုင်ကို သိပ်သည်းလိုက်နိုင်လိမ့်မည်ဟု ဘယ်တုန်းကမှ အိပ်မက်ပင် ထည့်မမက်ဖူးခဲ့ပါချေ။
ဟင်းလင်းပြင် အူတိုင်က ကျင့်ကြံသူများကြားတွင် အရှားပါးဆုံးနှင့် အရေးပါဆုံး အရာတစ်ခု ဖြစ်၏။
ဟင်းလင်းပြင် အူတိုင် ဖြစ်တည်လာပြီးသည့်နောက် ၎င်းက ခိုင်မာသည့် အူတိုင် တစ်ခု ဖြစ်လာလိမ့်မည်။ ၎င်းနောက်တွင် သူက ခိုင်မာသည့် အူတိုင်ကို ကျင့်ကြံဖို့အတွက် အသုံးပြုပြီး ရွှေအူတိုင် အဆင့်သို့ တဖြည်းဖြည်းချင်း တက်ရောက်နိုင်ပေမည်။
ဤနည်းလမ်က ရွှေအူတိုင် အဆင့်ကို တက်ရောက်ဖို့အတွက် အရိုးရှင်းဆုံးနှင့် အန္တရာယ်ကင်းဆုံး နည်းလမ်းတစ်ခုပင်။
ရွှေအူတိုင် အဆင့်က သူ့ ကျင့်ကြံမှုကို ကိုယ်စားပြုရုံမျှမက ချန်ယွီ့ ကိုယ်ထဲ တောင့်ခံနိုင်မည့် ဝိဉာဏ်ချီစွမ်းအင်ကိုလည်း ကိုယ်စားပြုရာရောက်သည်။ ဟင်းလင်းပြင် အူတိုင်က ရွှေအူတိုင် မဟုတ်သေးသော်လည်းပဲ ကုသိုလ်နှင့်ကံကောင်းမှု အများအပြားကို သိုလှောင်ထားနိုင်သည်။
“ ထူးဆန်းတယ် … ဘာလို့ တံခါး ဖွင့်မရတာပါလိမ့် ….”
တစ်ချိန်တည်းတွင် သူမ သူငယ်ချင်းကောင်း၏ အရေးကိစ္စများကို ကိုင်တွယ်ပြီးသည့် ကျိုးခဲ့ရှင်းသည် စိတ်ကျန်းမာရေးဆေးခန်းသို့ ပြန်ရောက်လာခဲ့လေသည်။
တံခါးကြည့်ရသည်မှာ လုံးဝကို အတင်းအကြပ် ပိတ်စို့ထားဟန် ရ၏။
ကျိုးခဲ့ရှင်း မည်မျှပင် ကြိုးစား၍ ဖွင့်စေကာမူ လုံးဝ မဖွင့်နိုင်ခဲ့ပေ။
ချန်ယွီ့ထံသို့ ဖုန်းဆက်သော်လည်း သူ့ဖုန်းက ပိတ်ထား၏။
“ ကောင်မလေး … မင်း ဒီလာတာ ဒေါက်တာချန်နဲ့ တွေ့ဖို့လား ….”
ကျိုးခဲ့ရှင်း လှည့်ကြည့်လိုက်တော့ ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူနှင့် အဘိုးကြီးတစ်ဦးက သူမအနောက်တွင် ရှိနေသည်ကို မြင်တွ့လိုက်ရသည်။
“ လူကြီးမင်း … မှားလို့ မှားလို့ … ရှင်ရသေ့ကြီးက ဒေါက်တာချန်နဲ့ သိနေတာလား ….”
တစ်ဖက်သူ၏ သံနေသံထားကို နားထောင်ရသလောက်နှင့် ချန်ယွီ့၏ မိတ်ဆွေ တစ်ဦး ဖြစ်လောက်၏။
“ တကယ်လို့ မင်း ဒေါက်တာချန်နဲ့ တွေ့ဖို့လာခဲ့တာဆိုရင် နောက်သုံးလေးရက်လောက်နေမှ ပြန်လာခဲ့ …” တာအိုကိုယ်တော် ပိုင်ဟော်က ခေါင်းညိတ်ပြီး ပြုံးလိုက်သည်။
“ ဒေါက်တာချန်က အခု အရေးကြီးတဲ့ ကိစ္စတစ်ခုလုပ်ရင်း အလုပ်များနေတယ် ….”
“ အလုပ်များနေတယ် ဟုတ်လား … ဘယ်လို အရေးကြီး ကိစ္စမျိုးလဲတဲ့ ….”
ကျိုးခဲ့ရှင်း နားထောင်လေလေ ၊ သူမ ပို၍ ရှုပ်ထွေးလာလေလေ ဖြစ်နေမိသည်။
“ ရသေ့ကြီး … ကျွန်မက ဒီဆေးခန်းမှာ အကူနာ့စ် လုပ်နေတာပါ …. ရှေ့ရက်တွေတုန်းက ကိစ္စရှိလို့ အလုပ်မဆင်း ဖြစ်လိုက်ဘူး … ကျွန်မ သူ့ကို ဖုန်းခေါ်တော့လည်း မကိုင်ဘူး ….”
“ ရှင်က ဘာဖြစ်နေလဲ သိရင် ကျွန်မကို ပြောပြပေးပါလား … အဲ့တာဆို ကျွန်မလည်း စိတ်ပူစရာ မလိုတော့ဘူးပေါ့ ….”
“ မင်းက ဒီက နာ့စ်ဟုတ်လား …”
တာအိုကိုယ်တော် ပိုင်ဟော်မှာ ကြက်သေသေသွားခဲ့၏။
ယခင်တစ်ခါ သူရောက်လာခဲ့တုန်းက ဆိုင်ထဲတွင် ချန်ယွီ့ တစ်ဦးတည်းသာ ရှိခဲ့သည်။
သူ ရောက်ပြီး ဘယ်လောက်မျှ မကြာသေးခင်မှာပဲ မည်သို့မည်ပုံဖြစ်၍ နာ့စ်တစ်ယောက်က ရောက်လာရပြန်သနည်း။
ကျိုးခဲ့ရှင်းက ပကတိ သာမန်လူတစ်ယောက် ဖြစ်သူကို ပိုင်ဟော် သေချာသည်။ ချန်ယွီ့၏ အဆင့်အတန်းနှင့် သာမန်လူတစ်ဦးကို သူ့ဘေးနားတွင် ဘာကြောင့် ထားထားလိမ့်မည်နညး်။
ဖြစ်နိုင်တာ ဒီတစ်ယောက်က အထူးချွင်းချက် ဖြစ်နေလို့များလား …
တာအိုကိုယ်တော် ပိုင်ဟော်မှာ မည်သို့မျှ စဉ်းစားလို့ မပေါက်သဖြင့် လွန်လွန်ကြူးကြူးတွေ စပြီး စိတ်ကူးယဉ်မိလာသည်။
“ နောက် အမြန်ဆုတ် …”
နောက်တစ်စက္ကန့်၌ တာအိုကိုယ်တော် ပိုင်ဟော်က ကျိုးခဲ့ရှင်းကို ဆွဲပြီး နောက်ကို အမြန် ဆုတ်လိုက်သည်။
မမြင်နိုင်သည့် လေလှိုင်းတစ်ခုက စိတ်ကျန်းမာရေး ဆေးခန်း တံခါးဝကနေ ထွက်ပေါ်လာသည်။
“ ရသေ့ကြီး … ရှင် ဘာဖြစ်တာလဲ …” ကျိုးခဲ့ရှင်း ရှော့ခ်ရသွားခဲ့ပြီး “ ဘာတွေ အဲ့လောက်ထိ တုန်လှုပ်နေတာလဲ … ဘာမှလဲ မရှိတာကို ဘာလို့ ကျွန်မကို ဆွဲတာလဲ ….”
တာအိုကိုယ်တော် ပိုင်ဟော်က ချဲ့ကားသည့် အမူအရာဖြင့် ပါးစပ်ကို ပွင့်ဟထားမိသည်။ သူ့ စိတ်တစ်ခုလုံးလည်း လုံးဝကို ဟာလာဟင်းလင်း ဖြစ်နေမိ၏။
ကျိုးခဲ့ရှင်း မဝင်ရောက်နိုင်ခဲ့သည်က အပြင်ဘက်တွင် အစီအရင် ထောင်ချောက်တစ်ခုကို ခင်းကျင်းထားသောကြောင့် ဖြစ်၏။
ထို့ကြောင့် တာအိုကိုယ်တော် ပိုင်ဟော်က ချန်ယွီ့ တံခါးပိတ် ကျင့်စဉ်ဝင်နေခြင်း ဖြစ်လိမ့်မည်ဟု မှန်းဆမိလိုက်သည်။
သို့ပေမယ့်လည်း ချန်ယွီ့က တံခါးပိတ် ကျင့်ကြံနေမည့် အစား အဆင့်တက်နေလိမ့်မည်လို့တော့ တွေးထင်မထားခဲ့မိပါချေ။
ထွက်လာသည့် ဝိဉာဏ်ချီလှိုင်းကို ကြည့်ရသလောက်ကတော့ ချန်ယွီ့သည် အုတ်မြစ်တည်ထောင်ခြင်း အဆင့်ကိုတော့ ရောက်ရှိနေလောက်ချေပြီ။
များမကြာမီမှာပဲ ချန်ယွီ့က တံခါးဖွင့်ပေးလာခဲ့သည်။
“ ခင်များတို့နှစ်ယောက် ဒီမှာ လာဆုံနေကြတယ်ပေါ့ …” ချန်ယွီ့က ညင်သာစွာ ပြုံးပြီး မေးလိုက်၏။
“ ဒေါက်တာချန် … ရှင် စောနက ဘာတွေ လုပ်နေတာ … ဒီ အဘိုးကြီးက ရှင် အရေးကြီးတာ တစ်ခုခု လုပ်နေတယ် ပြောတယ် ….”
ကျိုးခဲ့ရှင်းက စောနတုန်းက ဖြစ်ပျက်သွားခဲ့သည်များကို အကြမ်းဖျင်း ရှင်းပြလိုက်၏။
“ ထွေထူးမဟုတ်ပါဘူး … ဒီတိုင်း နည်းနည်းပါးပါး နားနေရုံလောက်ပါပဲ ….”
“ မင်းကိစ္စတွေရော ပြီးသွားပြီလား …” ချန်ယွီ့ ပြုံးလျက် မေးလိုက်သည်။
“ ပြီးသွားပြီ …”
“ ကျွန်မ အခု အလုပ်ဆင်းလို့ ရပြီလား ….” ကျိုးခဲ့ရှင်းက ခေါင်းညိတ်ပြီး မေးလိုက်၏။
“ ရတယ်လေ … အထဲကိုဝင် ….”
အထဲသို့ မဝင်မီ ကျိုးခဲ့ရှင်းက တာအိုကိုယ်တော် ပိုင်ဟော်ဘက်သို့ တစ်ဘက်လှည့်ကြည့်လိုက်သည်။
ထိုသူ၏ မျက်လုံးများက ပြူးကျယ်နေပြီး ပါးစပ်ကလည်း ရှော့ခ်ရသည့် အမူအရာဖြင့် ပွင့်အာနေဆဲ ဖြစ်၏။
ချန်ယွီ့၏ ကျင့်ကြံမှုအဆင့်က အုတ်မြစ်တည်ထောင်ခြင်း အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီး ဟင်းလင်းပြင် အူတိုင်ကိုပင် သိပ်သည်းထားနိုင်ပြီး ဖြစ်၏။ ရွှေအူတိုင် အဆင့်နှင့် ခြေတစ်လှမ်းမျှသာ ဝေးကွာတော့လေသည်။
ကျိုးခဲ့ရှင်းကတော့ ချန်ယွီ့ ခန္ဓာကိုယ်တွင်းရှိ ပြောင်းလဲမှုများကို မမြင်နိုင်သော်ငြား တာအိုကိုယ်တော် ပိုင်ဟော်ကတော့ ရှင်းရှင်းလင်းလင်းကြီးကို မြင်တွေ့နေရသည်။
ချန်ယွီ့၏ လှုပ်ရှားမှု တစ်ခုချင်းစီတိုင်းက ကောင်းကင်တာအို အနှစ်သာရအတိုင်း လှုပ်ရှားနေသည့်ဟန်ပင်။
“ မတွေ့တာတောင်ကြာပြီနော် အဘိုးကြီး ….”
“ ဒေါက်တာချန် … မင်း …..” တာအိုကိုယ်တော်ပိုင်ဟော်က စကား ထစ်အထစ်အ ဖြစ်သွားခဲ့ပြီး သူ့ အသိစိတ် ပြန်ဝင်လာခဲ့၏။
“ မင်း အုတ်မြစ်တည်ထောင်ခြင်း အဆင့်မှာမလား ….”
“ ဒီတစ်ခေါက် ရောက်လာတာကရော ဘာပြောချင်လို့များလဲ …” ချန်ယွီ့က အမှုမထားသည့် အမူအရာဖြင့် မေးမြန်းလိုက်သည်။
တာအိုကိုယ်တော် ပိုင်ဟော်က ခေါင်းညိတ်လိုက်၏။ သူ့ စိတ်ကတော့ လာရင်းကိစ္စအပေါ် အာရုံ ရှိမနေချေ။
လောကကြီးထဲ ဝိဉာဏ်ချီစွမ်းအင်တို့က နည်းပါးလှပြီး သူ့ဆရာသခင် ထားရစ်ခဲ့သည့် ရှေးဟောင်း စာအုပ်များနှင့် ဆေးဝါးများကို သုံးစွဲ၍ ဆယ်စုနှစ်များစွာကြာ ကျင့်ကြံသည့်တိုင် သူသည်ပင် အရှိန်အဝါ သန့်စင်ခြင်း အလယ်အလတ်ဆင့်သို့ ရောက်ရှိနိုင်ရုံမျှသာ ရောက်ရှိနိုင်ခဲ့သည်။
ခရမ်းဝတ် ကောင်းကင်ဆရာသခင်ဖြစ်သည့် သူ့စီနီယာ အစ်ကိုကြီးသည်ပင် အရှိန်အဝါ သန့်စင်ခြင်း အထွတ်အထိပ်အဆင့်၌သာ ရှိသေး၏။
ဒါကို ချန်ယွီ့က ဘယ်လိုများ လုပ်လိုက်တာ …
သူ့ရဲ့ ကျင့်ကြံဆင့်ကို အုတ်မြစ်တည်ထောင်ခြင်း အဆင့်ထိအောင် ဘယ်လိုများ မြင့်တင်လိုက်နိုင်တာ …
စိတ်ကူးကြည့်ဖို့ အင်မတန် ခက်ခဲလှ၏။
တာအိုကိုယ်တော် ပိုင်ဟော်၏ ဦးခေါင်းတစ်ခုလုံး တဝီဝီ မြည်နေပြီး လောကကြီးအပေါ် အမြင်များလည်း ကပြောင်းကပြန်တွေ ဖြစ်ကုန်သည်။
ကျင့်ကြံရတာက ဘယ်အချိန်တုန်းစပြီး အဲ့လောက်ထိ လွယ်ကူသွားခဲ့တာလဲ ….