လူချမ်းသာဆီက ဖိတ်စာ ၊ မိုးထိအောင် မြင့်တဲ့ ဆုလာဘ်
Vol. 25 Ch. 243
ချန်ယွီ့၏ ကျင့်ကြံမှု အဆင့်ကြောင့် တာအိုကိုယ်တော်ပိုင်ဟော်မှာ ရှော့ခ်ရနေမိသည်။
တစ်ဖက်တွင်လည်း ချန်ယွီ့နှင့် ရန်သူ ဖြစ်မလာခဲ့သည့် မိမိကိုယ်ကို ကျေးဇူးတင်နေမိ၏။
အကယ်၍ တစ်စုံတစ်ယောက်ကသာ ချန်ယွီ့၏ ရန်သူ ဖြစ်လာခဲ့မည်ဆိုပါက အိပ်ချိန်၌ပင် မျက်လုံးမှိတ်နိုင်မှာ မဟုတ်ချေ။
သူ ချန်ယွီ့ကို ပထမဆုံးအကြိမ် စတွေ့စဉ်အချိန်က ပြုမူခဲ့သည်များကို ပြန်မြင်ယောင်မိတော့ တာအိုကိုယ်တော် ပိုင်ဟော်မှာ အကြောင်းအရင်းမရှိ မျက်နှာနီမြန်းလာရသည်။
အခုချက်ချင်းပင် ကျွင်းတူးပြီး ပုန်းအောင်းချင်နေမိတော့၏။
အကြောင်းပြချက်က တကယ့်ကို ရှက်ရွံ့ဖို့ ကောင်းလှသည်။
ချန်ယွီ့ကို ကျင့်ကြံမှုအကြောင်း နည်းနည်းပါးပါးမျှသာ သိမည့် ဂျူနီယာလေးဟု သဘောထားမှတ်ယူရင်း ဟိတ်ဟန်ထုတ်လျက် သူကတော့ အဆင့်အတန်းမြင့်မားသည့် စီနီယာကြီးသဖွယ် ဟန်ဆောင်ခဲ့မိသည်။
မကြာမီ သူကိုယ်တိုင်ပင် ရှော့ခ်ရလောက်သည့် ဝိဉာဏ်အသုံးအဆောင်ပစ္စည်းများအား မြင်တွေ့သွားခဲ့ရ၏။
ထို့ပြင် ထိုအရာများက အဆာပြေမုန့်များ၊ သောက်စရာများ၊ အရုပ်များနှင့် ကလေးကာတွန်း မျက်နှာဖုံးများ ဖြစ်နေသေးသည်။
၎င်းတို့ တစ်ခုချင်းစီတိုင်းတွင် အင်မတန် များပြားလှသည့် ဝိဉာဏ်ချီတို့ ကိန်းအောင်းနေပြီး ထိုအရာများကို ကြည့်နေရင်းဖြင့် တာအိုကိုယ်တော် ပိုင်ဟောင်သည်ပင် လိုချင်လောဘကြောင့် မျက်လုံးကြီးများ နီရဲလာသည်အထိပင်။
ထိုအရာများအားလုံးကို ဓားပြတိုက်ချင်မိသွားခဲ့၏။
ထိုအချိန်ကျတော့မှပဲ တာအိုကိုယ်တော်ပိုင်ဟော်သည် ချန်ယွီ့၏ အထောက်အထား အစစ်အမှန်ကို ရှော့ခ်ရစွာ သတိပြုမိသွားခဲ့တော့သည်။
သူက ဘာမှမသိသည့်လူ မဟုတ်သလို စိတ်ကျန်းမာရေး ဆရာဝန် တစ်ဦးလည်း မဟုတ်ပေ။
ထိုအစား လူအများကြား ပုန်းအောင်းနေပြီး သိုသိုသိပ်သိပ်နေသည့် ပြိုင်ဘက်ကင်း ကျွမ်းကျင်သူတစ်ဦးပင်။
ယခု သူတို့ ပြန်တွေ့ကြလေပြီ။ ချန်ယွီ့၏ အဆင့်က သူ စိတ်ကူးထားသည်ထက်ကို ကျော်လွန်သွားခဲ့တော့၏။
ကျင့်ကြံဆင့် တစ်ခုတည်း၌ကင် တာအိုကိုယ်တိုင်ပိုင်ဟော်ကို မဆိုထားနှင့်။ အကယ်၍ သူ့ စီနီယာအစ်ကိုကြီး ရောက်လာခဲ့လျှင်ပင် ချန်ယွီ့ကို လေးလေးစားစားနှင့် စီနီယာဟု ခေါ်ဆိုရပေမည်။
“ အဘိုးကြီး … အခု နောက်ကျနေပြီ … ခင်များ ပြောစရာရှိတယ်ဆို အမြန်ပြော … ကျုပ် တခြား ကိစ္စတွေ လုပ်စရာ ရှိသေးတယ် ….”
ယနေ့လေးတင် နောက်တစ်ဆင့်သို့ တက်လှမ်းထားသည့်အတွက် ချန်ယွီ့ တစ်ကိုယ်လုံးတွင် အညစ်အကြေးများ ပြည့်နှက်နေသည်။
သူ မည်သို့မျှ မနေနိုင်တော့ချေ။ ရေချိုးခန်းထဲသွားပြီး ခန္ဓာကိုယ်ရှိ အညစ်အကြေးများအားလုံးကို ဆေးကြောချင်နေမိတော့၏။
“ ဆောရီး ဆောရီး ဒေါက်တာချန် … ငါ နည်းနည်း စိတ်လှုပ်ရှားသွားလို့ လာရင်း ကိစ္စကို မေ့သွားတယ် ….”
ပိုင်ဟော်က တောင်းပန်တိုလျှိုးစွာ ပြုံးရင်း “ ဒေါက်တာချန် … မင်း နောက်လ အားလားမသိဘူး …”
“ တကယ်လို့ အားတယ်ဆိုရင် ငါနဲ့ အစည်းအဝေး လိုက်တက်ပေးပါလား ….”
သိပ်မကြာခင်တုန်းက လုံဟူတောင်၏ ဂိုဏ်းသခင်သည် အခြားကြီးမားသည့် ရွှမ်ဂိုဏ်းနှစ်ခုနှင့် ဂိုဏ်းညီလာခံတစ်ရပ် ကျင်းပဖို့ ဆုံးဖြတ်လိုက်သည်။
ညီလာခံကို တစ်လအတွင်း ကျင်းပပေမည်။
ထိုညီလာခံ၌ ဂိုဏ်းသုံးဂိုဏ်း၏ ဆရာသခင်တို့က အသီးသီးတက်ရောက်ပြီး ဆန်းကြယ်ဂိုဏ်းသားတိုင်း စိုးရိမ်နေသည့် အဓိက ပွဲစဉ်အကြောင်းကို ကြေညာသွားမှာ ဖြစ်သည်။
ဤအကြောင်းကို ကြားသိတော့ ဂိုဏ်းအားလုံးက သဘောတူကြောင်း ကိုယ်စီ တုံ့ပြန်မှုတို့ ပေးလာသည်။ တာအိုကိုယ်တော် ပိုင်ဟော် သိသလောက်တော့ ဤသည်က ဆယ်စုနှစ်တစ်စုအတွင်း အကြီးမားဆုံး ဂိုဏ်းစုဝေးမှုကြီးပင်။ ပါဝင်သူ အရေအတွက်ရဖြစ်စေ၊ သို့မဟုတ် ပါဝင်သူများ၏ အထောက်အထားအရဖြစ်စေ။
ဂိုဏ်းသုံးဂိုဏ်း သခင်များ၏ ပူးတွဲကြေညာမှုက ကျိန်းသေပေါက်ကို ကမ္ဘာမြေကြီး တုန်ဟီးလောက်စရာ ကိစ္စရပ်ကြီး ဖြစ်၏။
အဆင့်တစ်ခုလောက်အထိ ရှိသည့် လောကခရီးသွား ဆန်းကြယ်ဂိုဏ်းသားများအားလုံးနီးပါးက အဆိုပါ ဆုဝေးပွဲသို့ ဖိတ်ကြားခြင်း ခံရသည်။
တာအိုကိုယ်တော် ပိုင်ဟော်သည်လည်း ခြွင်းချက် မရှိပါချေ။
ချန်ယွီ့နှင့် အနည်းငယ် ပိုမိုရင်းနှီးလိုသော ရည်ရွယ်ချက်ဖြင့် ပိုင်ဟော်က သူကိုယ်တိုင် ချန်ယွီ့ထံသို့ ရောက်လာ၍ ဖိတ်ခေါ်ခဲ့သည်။
“ လောကခရီးသွား ဆန်းကြယ်ဂိုဏ်းတွေရဲ့ ညီလာခံလား … အတော်လေး စိတ်ဝင်စားဖို့ ကောင်းမှာပဲ ….”
ချန်ယွီ့ စိတ်မဝင်စားဘဲမနေနိုင်ချေ။
ကောင်းကင်လျှို့ဝှက် နည်းဗျူဟာကို ကျင့်ကြံသည်မှာ အချိန်တစ်ခုမျှသာ ရှိသေးပြီး ချန်ယွီ့ ဆုံတွေ့ခဲ့ရသည့် ဆန်းကြယ်ဂိုဏ်းသား အရေအတွက်ကလည်း လက်ချိုးရေတွက်ရသည်အထိကို နည်းပါးလှသည်။
တာအိုကိုယ်တော် ပိုင်ဟော်ကလွဲ၍ သူတွေ့ဖူးခဲ့သည့် အခြားသော ဆန်းကြယ်ဂိုဏ်းသားများအားလုံးက လူသစ်လေးများပင်။
ပိုင်ဟော် ပြောကြားသည့် စကားအရဆိုပါက ယခု ညီလာခံကို အဆင့်အတန်း တစ်ခု ရှိသူတိုင်းက တက်ရောက်ကြမည်ဆိုသဖြင့် ၎င်းတို့၏ ကျင့်ကြံမှုသည်လည်း ပေါ့သေးသေး ဖြစ်လိမ့်မည်လို့တော့ မထင်ပေ။
ယေဘုယျအားဖြင့် သူရဲကောင်းများ စုဝေးသည်နှင့် တူညီနေတော့သည်။
အကယ်၍ သူသည်လည်း တက်ရောက်မည်ဆိုပါက အမြင်ကျယ်သွားမှာ ဖြစ်ပြီး လက်ရှိ ကျင့်ကြံသူများ၏ ကျင့်ကြံမှုအဆင့်နှင့် အတိုင်းအတာ ပမာဏကို ပြည့်ပြည့်ဝဝ နားလည်သွားနိုင်ပေလိမ့်မည်။
ဂိုဏ်းသုံးဂိုဏ်း၏ ဆရာသခင်များက ပူးတွဲပြီး မည်သည့်အရာကို ပြောကြားကြမလဲဆိုတာကို သူလည်း သိချင်သည်။
မိနစ် အနည်းငယ်ကြာပြီးနောက် ချန်ယွီ့က တာအိုကိုယ်တော် ပိုင်ဟော်ကို လိုက်ပို့ပေးလိုက်သည်။
ဆိုင်ထဲသို့ ပြန်ရောက်လာပြီးနောက် ချန်ယွီ့ ရေနွေးနွေးဖြင့် ရေချိုးလိုက်၏။
ပြင်ထွက်လာသည့်အချိန်၌ ကောင်းကင်ပင် နက်မှောင်နေလေပြီ။
သဘက်တစ်ထည်ဖြင့် ဆံပင်ကို ခြောက်အောင်သုတ်ရင်း ချန်ယွီ့ ဒုတိယထပ်သို့ ဆင်းလာခဲ့သည်။
ပထမ ထပ်ကိုရောက်တော့ ချန်ယွီ့ ဖိတ်စာတစ်စောင်ကို စားပွဲပေါ်တွင် မြင်တွေ့လိုက်ရ၏။
“ ဒါဘာကြီးလဲ … ဖိတ်စာလား …”
ချန်ယွီ့ မေးမြန်းလိုက်၏။
ကျိုးခဲ့ရှင်းက ဖိတ်စာကတ်ကို ကောက်ကိုင်လိုက်ပြီး စိတ်လှုပ်ရှားသည့် အမူအရာဖြင့် “ ဒေါက်တာချန် … ရှင် အပေါ်တက်ပြီး ရေသွားချိုးတုန်းက လူတစ်ယောက် ဖိတ်စာလာပေးသွားတယ် … သူတို့က ရှင့်ကို ဒီည ချောင်မိသားစုရဲ့ အကြီးဆုံးသမီးမှာ ပူးကပ်နေတဲ့ မကောင်းဆိုးဝါး ဝိဉာဏ်ကို နှင်ပေးဖို့ လာတောင်းဆိုသွားတယ် …”
“ အပနှင်ဖို့လား …”
ကြက်သေသေလျက် .. ချန်ယွီ့ ဖိတ်စာအား လှန်ကြည့်လိုက်မိ၏။
များပြားလှသည့် ယဉ်ကျေးသည့် စကားလုံးတို့ များစွာ ပါဝင်နေသည်။
အကြောင်းအရင်းကတော့ တစ်ဖက်သူသည် ချန်ယွီ့၏ ကြီးမြတ်လှသော အမည်နာမကို ကြားသိလိုက်ရခြင်းကြောင့် ချောင်မိသားစု၏ နေထိုင်ရာသို့ ယနေ့ည ရှစ်နာရီအချိန်တွင် လာခဲ့ပေးဖို့ လေးလေးနက်နက် တောင်းဆိုလာခဲ့ခြင်းပင်။
ထို့ပြင် ချောင်မိသားစု၏ သမီးကြီး ဂျိုအန်းနာတွင် ကပ်ညှိနေသည့် မကောင်းဆိုးဝါး ဝိဉာဏ်ကိုလည်း မောင်းထုတ်ပေးဖို့ တောင်းဆိုလာသည်။
ကိစ္စပြီးသည်နှင့် ချောင်မိသားစုက ယွမ် သန်း ၅၀ ကို ကျေးဇူးတင် လက်ဆောင်အဖြစ် ပေးအပ်သွားမှာ ဖြစ်သည်။
ကျိုးခဲ့ရှင်းကတော့ ချောင်မိသားစု၏ အင်အားကို ဆက်တိုက် ချီးမွမ်းထောပနာ ပြုနေတော့၏။
သူမ ယခုလေးတင် အွန်လိုင်းပေါ် တက်၍ စစ်ဆေးကြည့်လိုက်ရာ တကယ်လည်း ရှော့ခ်ရသွားခဲ့မိသည်။
ဂျိုအန်းနာ၏ ဖခင် ၊ ချောင်ပိုင်ရွှမ်က ဤနှစ်တွင် အသက် ၇၃ နှစ် ရှိပြီဖြစ်ပြီး ဟန်ကျိုးမြို့၏ တတိယ အချမ်းသာဆုံး လူချမ်းသာ သူဌေးကြီး ဖြစ်၏။
သူ့ ပိုင်ဆိုင်မှုက ဘီလီယမ် ၄၀ လောက်ကိုရှိသည်။
“ ဒေါက်တာချန် .. ရှင့် အစွမ်းအစတွေနဲ့ဆိုရင် မိန်းကလေးချောင်မှာ ကပ်ငြှိနေတဲ့ မကောင်းတဲ့အရာကို မောင်းထုတ်ပေးဖို့က အလွယ်လေးပါ ….”
ကျိုးခဲ့ရှင်းက လက်ငါးချောင်း ဖြန့်ကားပြလိုက်ပြီး ချောင်မိသားစု၏ ကျေးဇူးတင် မေတ္တာလက်ဆောင်က ယွမ်သန်းငါးဆယ်ဖြစ်ကြောင်း ဆက်တိုက် သတိပေးနေသည်။
ယင်းက ယွမ်သန်းငါးဆယ်ဖြစ်၏။
မည်သူ့အတွက်မဆို ယွမ်သန်းငါးဆယ်က များပြားလှသည့် ငွေပမာဏပင်။
“ အင်တင်တင် လုပ်မနေစမ်းပါနဲ့ ဒေါက်တာချန်ရယ် … ကျွန်မတို့ သွားကြရအောင်လို့နော်….”
“ မကောင်းဆိုးဝါး နှင်ပေးတာကလည်း နာမကျန်းဖြစ်နေတဲ့လူတွေကို ကုသကယ်တင်ပေးတာနဲ့ အတူတူပဲလေ … ရှင့်ရဲ့ ရည်ရွယ်ချက်နဲ့လည်း ဆန့်ကျင်မနေပါဘူး …”
ချန်ယွီ့၏ အစွမ်းအစတို့က အင်မတန် အံ့ဩဖို့ကောင်းနေလေရာ အဘယ်ကြောင့် ငွေရှာဖို့ မကြိုးစားရသနည်း။
ကျိုးခဲ့ရှင်းကတော့ ချန်ယွီ့ လက်သီးသုံးလေးချက်ထိုးပြီး ခြေထောက်တစ်ချက် ဆောင့်ကန်လိုက်သည်နှင့် ထိုမကောင်းဆိုးဝါး ခွေးပြေးဝက်ပြေး ထွက်ပြေးသွားမှာဖြစ်ကြောင်း သေချာနေသည်။
ဆုကြေး ယွမ်သန်းငါးဆယ်ကတော့ သစ်ပင်ပေါ်က ပန်းသီး ခူးစားသကဲ့သို့ပင်။
ချန်ယွီ့က သူ့ကြည့်ရှုသူများကို လောကကြီးထဲ တစ္ဆေသရဲများ မရှိကြောင်းနှင့် ၎င်းတို့က အထူးစွမ်းအင် ခန္ဓာများ ဖြစ်ကြောင်း၊ သိပ္ပံနည်းကျ ဖြေရှင်း၍ရကြောင်းကို ထပ်ခါတလဲလဲ ပြောဆိုခဲ့သည်။
၎င်းနောက်ကွယ်ရှိ စကားအဓိပ္ပာယ်ကိုတော့ နားလည်သူတို့က မည်သို့ပင်ဆိုစေကာမူ နားလည်ကြသည်။
ချန်ယွီ့က ဖိတ်စာကို မထေ့တထေ့ အမူအရာဖြင့် စိုက်ကြည့်နေသည်။
ချန်ယွီ့လိုလူစားမျိုးကို ငွေကို အညစ်အကြေး တစ်ခုသဖွယ် ရှုမြင်ကြောင်း နားလည်တော့ ကျိုးခဲ့ရှင်းက ဖုန်းထုတ်ပြီး ဂျိုအန်းနာ၏ ပုံကို အလျင်အမြန် ထုတ်ပြလာခဲ့သည်။
“ ဒေါက်တာချန် … ဂျိုအန်းနာက နတ်သမီးလိုလှတဲ့ မိန်းမလှလေးနော်… တကယ်လို့ ရှင်သာ သူ့ကိုယ်ပေါ်မှာ ရှိနေတဲ့ မကောင်းတဲ့အရာကို မောင်းထုတ်ပေးမယ်ဆိုရင် ချောင်မိသားစုဆီကနေ ပိုက်ဆံ သန်းငါးဆယ်တင် မကဘူး ၊ အလှလေးရဲ့ နှလုံးသားကိုပါ ရနိုင်လောက်တယ် …”
“ တစ်ချက်ခုတ် ၊ နှစ်ချက်ပြတ် ၊ ဘယ်လောက်ကောင်းထားလိုက်လဲ …”
ကျိုးခဲ့ရှင်းက တခစ်ခစ် ရယ်မောပြီး ချန်ယွီ့ကို တံတောင်ဖြင့် တစ်ချက်တွတ်လိုက်ကာ “ ဒေါက်တာချန် … ရှင် တစ်သက်လုံးတော့ လူပျိုကြီး မလုပ်သွားချင်ဘူးမလား ..”
“ အဲ့တော့ ကျွန်မတို့တွေ ဘယ်တော့လောက် ထွက်ကြမလဲ….”
“ ချောင်မိသားစု ဖိတ်စာထဲမှာ ငါ့ကိုပဲ ဖိတ်ထားတာလေ … မင်းကိုပါ ဖိတ်တယ်လို့လည်း မပြောထားပါဘူး ….” ချန်ယွီ့က နောက်တစ်ဝက်၊ အတည်တစ်ဝက်ဖြင့် ပြောလိုက်ပြီး “ သွားမယ်ဆိုရင်တောင် ငါတစ်ယောက်တည်းပဲ သွားမှာ … ဘာကိစ္စ ‘ငါတို့’ ဆိုပြီး ပါလာရတာ …”
“ ဒေါက်တာချန် … ရှင် ကျွန်မကို တစ်ယောက်တည်းတော့ ထားမသွားဘူးမလား …”
ကျိုးခဲ့ရှင်းက အပေါ်နှုတ်ခမ်းကို စူထား၏။ မကျေမချမ်းမှုနှင့် စိတ်ပျက်မှုတို့က တစ်မျက်နှာလုံး အပြည့်ဖြစ်နေသည်။
သူမ ချန်ယွီ့ကို ထပ်ခါတလဲလဲ နှိုးဆော်တိုက်တွန်းနေရသည့် အကြောင်းအရင်းက ချောင်မိသားစု ကတိပေးထားသည့် ယွမ်သန်းငါးဆယ်ကြောင့် မဟုတ်ပါဘဲ ချန်ယွီ့၏ အစွမ်းအစတို့အကြောင်း သိလိုစိတ် ပြင်းပြသောကြောင့်ပင်။
ချန်ယွီ့ လိုက်စထွင်း စတင်ပြီ ဆိုကတည်းက ယခုအချိန်ထိတိုင် ကျိုးခဲ့ရှင်းသည် လိုက်စထွင်း ကြည့်ရှုမှုအား တစ်ခါလေးမျှပင် မပျက်ကွက်ခဲ့ချေ။
ချန်ယွီ့ ကြည့်ရှုသူ အများစုအတိုင်း ကျိုးခဲ့ရှင်းသည်လည်း ပွဲကြည့်ရတာကို နှစ်သက်၏။
“ ဟားဟား … စိတ်ဝင်စားဖို့ကောင်းတယ် … တကယ် စိတ်ဝင်စားဖို့ကောင်းတယ် …”
ဂျိုအန်းနာ၏ ဓာတ်ပုံကို တစ်ချက်ကြည့်ပြီးနောက် ချန်ယွီ့က ကျယ်လောင်စွာ အော်ရယ်လိုက်လေသည်။
“ ဘာက စိတ်ဝင်စားဖို့ကောင်းလို့ ….” ရယ်သံက ထူးဆန်းသည်ဟု ခံစားရရင်း ကျိုးခဲ့ရှင်း မေးလိုက်သည်။
“ အချိန်ကျလာရင် မင်းသိလိမ့်မယ် ….”
“ မင်းက လိုက်ချင်တယ်ဆိုတော့လည်း အတူသွားကြတာပေါ့ ….”
ဖိတ်စာက ရှစ်နာရီဟု သတ်မှတ်ထားပြီး ယခုက ငါးနာရီကျော်မျှသာ ရှိသေးသဖြင့် ချန်ယွီ့နှင့် ကျိုးခဲ့ရှင်းလည်း စားစရာ ၊ သောက်စရာ နည်းနည်းပါးပါးဝယ်၍ စားသောက်ပြီးနောက် ထွက်လာခဲ့ကြသည်။
တစ်နာရီကျော်ကြာပြီးနောက် ချန်ယွီ့တို့နှစ်ဦးသား ချောင်မိသားစု စံအိမ်ရှေ့တွင် တက္ကစီပေါ်က ဆင်းလိုက်ကြသည်။
ကားအပြင်သို့ ရောက်သည်နှင့် ကျိုးခဲ့ရှင်းက အံ့အားတကြီး မြည်တမ်းလိုက်မိ၏။
“ ဒီမှာ ဘာလို့ လူတွေ ဒီလောက်တောင် များနေတာလဲ …”
ချောင်စံအိမ် တံခါးပေါက်ဝနားတွင် ကားတို့ ပြည့်နှက်နေပြီး များပြားလှသည့် အမျိုးသား ၊ အမျိုးသမီးတို့က သုံးယောက်တစ်အုပ်စု၊ ငါးယောက်တစ်အုပ်စု ၊ စုဖွဲ့၍ စံအိမ်အတွင်းသို့ ဝင်ရောက်နေလျက် ရှိကြသည်။
အကြမ်းဖျင်း ခန့်မှန်းရမည်ဆိုပါက အနည်းဆုံး လူတစ်ရာခန့်တော့ ရှိလေသည်။
ထို့ထက် ထူးဆန်းသည်က သူတို့ထဲ မည်သူကမျှ ရိုးရိုးသာမန်လူများ ဖြစ်ပုံမရကြပေ။