← Chapters

ဒါဘာကြီးလဲ ၊ အစုလိုက်အပြုံလိုက် မကောင်းဆိုးဝါး နှင်နေတာလား

Vol. 25 Ch. 244

ဒါဘာကြီးလဲ ၊ အစုလိုက်အပြုံလိုက် မကောင်းဆိုးဝါး နှင်နေတာလား

Vol. 25 Ch. 244

ချန်ယွီ့တို့၏ မျက်စိတစ်ကမ်းတွင် ကတုံးပြောင်ပြောင်နှင့် ဘုန်းကြီးတစ်ပါး ၊ တာအိုရသေ့တစ်ပါး၊ အားကစားစွပ်ကြယ်နှင့် ကိုဗလကြီး၊ ရောင်စုံကာလာ အင်္ကျီအဝတ်အစားတို့ ဝတ်ဆင်ထားသည့် အမျိုးသမီးတို့ ရှိနေကြသည်။

အမျိုးသမီး၏ ခါးတွင် ခေါင်းလောင်းများလည်း တပ်ဆင်ထားပြီး ၊ ဘယ်ဘယ်လက်တွင် ဒရမ်တစ်လုံးကို ကိုင်ထား၍ ညာဘက်လက်တွင်တော့ သားရေ ကြာပွတ် အသေးစားလေး တစ်ချောင်းကို ကို်ငထားလေသည်။

“ ဒီလောက်လူတွေအများကြီး ချောင်မိသားစုကို ဘာလာလုပ်ကြတာလဲတဲ့ …. သူတို့တွေလည်း ဖိတ်စာရလို့များလား …”

ကျိုးခဲ့ရှင်း ဇဝေဇဝါ ဖြစ်နေမိသည်။

“ မြင်သာနေတာပဲမဟုတ်လား ….”

ချန်ယွီ့က ညင်သာစွာ ပြုံးလိုက်၏။

“ အရင်းရှင်တွေဆီက ငွေရဖို့ တကယ်မလွယ်လိုက်တာ ….” ကျိုးခဲ့ရှင်း မြည်တွန်တောက်တီးလိုက်၏။

၎င်းတို့ တ်စားထားပုံကတစ်ဆင့် အနှီလူများက ဆန်းကြယ်ဂိုဏ်းသားများ ဖြစ်သည်ကို မြင်တွေ့နိုင်သည်။

ရောဂါ ကုသဖို့အတွက် ဆရာဝန် တစ်အုပ်ကြီး ငှားတာကိုပဲ သူမ ကြားခဲ့ဖူးသည်။ သို့ပေမယ့် ပရောဂဆရာများကို အုပ်လိုက်ကြီး ငှားတာကိုတော့ ယခုတစ်ခါပဲ ကြုံဖူးသေး၏။

ဒါဘာကြီးလဲ … အစုလိုက်အပြုံလိုက် ပရောဂ နှင်တာလား …

ဤလူများက စိတ်ကျန်းမာရေး ဆေးရုံကနေ ထွက်ပြေးလာသည့် စိတ်ဝေဒနာရှင်များနှယ် ကြောင်တောင်တောင်များ ဝတ်စားထားကြသည်။

ကျိုးခဲ့ရှင်းက တံခါးဝရှိ တာအိုဝတ်ရုံနှင့် ရသေ့တစ်ပါးကို လှောင်ပြောင်လိုက်၏။

“ ပြောကြတာ ဘုန်းကြီးတွေက ဝပြီး တာအိုရသေ့တွေကတော့ ပိန်ကြတယ်တဲ့ … အဲ့ ရသေ့ကြီးကို ကြည့်စမ်းပါဦး … ပေါင်ချိန်က ၂၀၀ တောင် ကျော်လောက်တယ် ….”

“ သူ့ကိုယ်ပေါ်က တာအိုဝတ်ရုံတောင် ကွဲထွက်လုနီးပါးပဲ … သူနဲ့ တော်ကို မတော်တော့တာ ….”

“ ပြီးတော့ ရသေ့တွေက လည်ပင်းမှာ ရွှေချိန်းကြီးတွေ တကယ်ပဲ ဆွဲလို့ရလို့လား ….”

“ တာအိုဝတ်ရုံနဲ့ လည်ပင်းမှာ ရွှေဆွဲကြီး တစ်ကုံး … အွန်လိုင်းကနေများ ကမန်းကတမ်း ကောက်ဝယ်လာကြသလားပဲ …”

“ ဟိုလူကလည်း ညကြီးမင်းကြီးကို နေကာမျက်မှန် တပ်ထားတယ် … သူ ကန်းနေတာလား မဟုတ်ရင် ဘာလဲ …ဒီကို ပရောဂနှင်ဖို့လား၊ ကာကွယ်ပေးခ စုဆောင်းဖို့လားတောင် မသဲကွဲတော့ဘူး ….”

“ ဘုရားရေ … အဲ့အန်တီကြီးက အသက် ၇၀ ကျော်နေပြီကို စတော်ကင်နဲ့ စကတ်အတိုလေး ဝတ်ထားတယ် … မြင်မကောင်းလိုက်တာ ….”

ကျိုးခဲ့ရှင်းမှာ သူမ၏ မျက်လုံးများ လောင်ကျွမ်းနေသည်ဟု ခံစားနေရသည်။

ဤလူများက တစ္ဆေသရဲဖမ်းဖို့ ရောက်လာကြခြင်းလော၊ ဒါမှမဟုတ် ကော့စ်ပလေး ပါတီလုပ်ဖို့ ရောက်လာခြင်းလောဆိုတာကို မရေရာတော့ပေ။

ဘုန်းကြီးများကလည်း ဘုန်းကြီးနှင့်မတူ။ တာအိုရသေ့များကလည်း တာအိုရသေ့နှင့်မတူ။

လူတိုင်းက ထိုသို့ မတူအောင်ကို အတတ်နိုင်ဆုံး ကြိုးစားဝတ်ဆင်ထားကြပုံရ၏။

မသိသူများ အဝေးမှလှမ်းကြည့်လျှင် ချောင်စံအိမ်က စိတ်ဝေဒနာရှင်များအတွက် ပွဲလုပ်ပေးနေသည်ဟုတောင် အထင်မှားသွားနိုင်သည်။

“ သူများကို အပြစ်လိုက်ပြောနေတာ တော်တော့ … အထဲဝင်ကြမယ် …”

ည ၈ နာရီ မထိုးမီ မိနစ် အနည်းငယ် အလိုတွင် ချန်ယွီ့က ကျိုးခဲ့ရှင်း၏ ပခုံးကို ပုတ်လိုက်သည်။

အကယ်၍ ကျိုးခဲ့ရှင်းသာ ထိုလူများကို ဆက်ပြီး လှောင်ပြောင်နေဦးမည်ဆိုပါက ချန်ယွီ့ အူတက်သွားနိုင်သည်။

စံအိမ်၏ လုံခြုံရေး အစောင့်က ဝင်ရောက်လာသူတိုင်း၏ ဖိတ်စာများကို တစ်ခုပြီးတစ်ခု သေချာစစ်ဆေးသည်။

ချန်ယွီ့က လူပိုတစ်ယောက် ခေါ်လာသည်နှင့် စပ်လျဉ်း၍တော့ လုံခြုံရေး အစောင့်က ရှည်ရှည်ဝေးဝေး မမေးမြန်းခဲချေ။ နှစ်ဦးကို အထဲသို့ ကြွရန်သာ ယဉ်ကျေးစွာ လက်ဟန်ပြခဲ့လေသည်။

လူတိုင်းက စံအိမ် ဝင်ပေါက်ဝမှတစ်ဆင့် ဧည့်ခန်းထဲသို့ ကိုယ်စီ ဦးတည်နေကြ၏။

ဧည့်ခန်းက ကြီးမား ကျယ်ဝန်းလှပြီး ခမ်းခမ်းနားနား အလှဆင်ထားကာ ကြယ်ငါးပွင့် ဟိုတယ်၏ ခန်းမကြီးလားဟုပင် အောက်မေ့ရသည်အထိ ဖြစ်၏။

“ ဟန်ကျိုးမြို့ရဲ့ ဒိတ်ဒိတ်ကျဲ သူဌေးကြီးဆိုတဲ့အတိုင်းပဲ ဧည့်ခန်းကတောင် ပြင်ဆင်ထားလိုက်တာ တိုက်ခန်း ဘယ်နှခုစာလောက် ရှိမလဲမသိဘူး ….”

“ ချောင်မိသားစု တစ်ခုတည်းကပဲ အပနှင်ဖို့ ယွမ် သန်း ၅၀ ထုတ်ပေးဝံ့တဲ့ သတ္တိရှိတာ သေချာတယ် …”

“ သန်း ၅၀ က ငါ့အပိုင်ပဲ … ငါ့ဆီကနေ ဘယ်ကောင်မှ လာလုဖို့ မကြိုးစားနဲ့ ….”

“ မင်းလို ကျေးတောသားလေးကများ ဒီလာပြီး အိပ်မက်မက်ရဲနေသေးတယ် .. ဘာက မင်းနဲ့ သင့်လျော်တယ်ဆိုတာ ကိုယ့်ကိုယ်ကို မသိဘူးလား ….”

ဂျက်ကတ်အတိုနှင့် သက်လတ်ပိုင်း အမျိုးသားတစ်ဦးက ကျိုးခဲ့ရှင်း စောနတုန်းက မျက်ကန်းဟု ခေါ်ဆိုခဲ့သည့် နေကာမျက်မှန်နှင့်လူကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။

“ ဟေ့ကောင် မင်းက ဘာကြည့်တာ ….” နေကာမျက်မှန်နှင့်လူကလည်း ငြိမ်ခံနေတတ်သည့် လူစားမျိုး မဟုတ်ပေ။

“ မင်းကို ကြည့်နေတာကွာ …”

“ ဟေ့ကောင် မင်းထပ်ကြည့်လိုက်စမ်း ….”

သူတို့နှစ်ယောက် ရန်ဖြစ်နေတာကို မြင်တော့ ကျိုးခဲ့ရှင်း မျက်လုံးလှန်လိုက်၏။

“ ဒေါက်တာချန် .. ကျွန်မကတော့ ဒီလူတွေက ဘာမှမသိတဲ့လူတွေလို့ အာရုံရနေတယ် … သူတို့မှာ ကျွမ်းကျင်သူတို့ ထင်ရတဲ့ အရှိန်အဝါက ရှိကို မရှိကြတာ ….”

“ မင်းမှန်တယ် … သူတို့ အကုန်လုံးက ဆရာယောင်တွေချည်းပဲ ….”

“ ကြောင်တောင်တောင် ပုံစံတွေ ဖြစ်နေတာ မဆန်းတော့ပါဘူး ….”

ကျိုးခဲ့ရှင်း ဇဝေဇဝါ မဖြစ်နိုင်ဘဲ မနေနိုင်ပေ။

ချောင်မိသားစုက အင်အားကြီးသည့် မိသားစုကြီးတစ်ခုဖြစ်၏။ ၎င်းတို့က ဤမျှ လူအများအပြားကို ပရောဂနှင်ဖို့ ဖိတ်စာပို့လေရာ ၎င်းတို့၏ နောက်ခံများကို စစ်ဆေးဖို့သင့်၏။

လူမိုက်ဂန်းစတားလိုလို လူနှင့် ၊ ကျေးတောသားတစ်ယောက်က သူတို့နည်း သူတို့ဟန်နှင့် ‘နှုတ်ဆက်’နေကြပြီး အခြားသူများသည်လည်း ထူးမခြားနားပင်။

“ ဆရာယောင်တွေ ….”

ကျိုးခဲ့ရှင်းက မေးစေ့ကို ပွတ်သပ်ရင်း ပြီတီတီ အပြုံးတစ်ခုကို လှစ်ဟာပြလိုက်သည်။

“ ဘာလဲ …” ချန်ယွီ့က ကျိုးခဲ့ရှင်းကို ကြည့်ပြီး ညင်သာစွာ ပြုံးလိုက်၏။ “ မင်းက ဒီလူတွေ အကုန်လုံးကို တိုင်ချင်နေတာလား …”

“ ဟီးဟီးဟီး ….”

“ ဒီလူတွေ အကုန်လုံးက ဆရာယောင်တွေဆိုမှတော့ သူတို့ကို လူတွေ ဆက်လိမ်ခွင့် ပြုမယ့်အစား ပြုပြင်ပေးလိုက်တာက ပိုမကောင်းဘူးလား ….” ကျိုးခဲ့ရှင်းက ချိုမြိန်သည့် အပြုံးတစ်ခုဖြင့် ပြောလာသည်။

သူမ ဟန်ကျိုးသို့ ရောက်နေစဉ်အတောအတွင်း ကျိုးခဲ့ရှင်းသည် ဒေသခံ ဓလေ့ထုံးတမ်းများနှင့် ပွဲတော် အမျိုးမျိုးအကြောင်းကို လေ့လာ သိရှိခဲ့ရသည်။

ဟန်ကျိုးရှိ သက်ဆိုင်ရာ ဌာနများက လူလိမ်များအား ဂရုတစိုက်နှင့် လိုက်လံနှိမ်နင်းနေသည်။

သတင်းပေးပို့သူများအတွက် ဆုကြေးလည်း ရှိ၏။

အကယ်၍ သူမသာ ရာနှင့်ချီသည့် လူလိမ်များကို သတင်းပေးလိုက်မည်ဆိုပါက ဆုကြေးအများအပြား ရရှိနိုင်လောက်သည်။

တစ်ဖက်တွင် အပိုဝင်ငွေ ရနိုင်ပြီး ကျန်တစ်ဖက်က ကြည့်မည်ဆိုလျှင်လည်း ပြိုင်ဘက်အားလုံးကို နှိမ်နင်းပြီးသား ဖြစ်၏။

ဒါ နှစ်ဖက်လုံးအတွက် ကောင်းတဲ့ အခြေအနေပဲ …

သိပ်ဉာဏ်ကောင်းလွန်းတဲ့ ငါလေးပါလားနော်…

“ ဒေါက်တာချန် … ကျွန်မ အခုပဲ သက်ဆိုင်ရာကို ဖုန်းခေါ်ပြီး သူတို့ အကုန်လုံးကို ဖမ်းခိုင်းလိုက်တော့မယ်နော်….”

“ အဲ့လိုဆိုရင် ဒီနေရာမှာ ကျွန်မတို့ တစ်ဖွဲ့တည်းကျန်မယ် … ယွမ်သန်း ငါးဆယ်ကလည်း ကျွန်မတို့ အပိုင်ပဲ ….”

ဤစကားကြားတော့ ချန်ယွီ့ မျက်လုံးလှန်လိုက်၏။

ကျိုးခဲ့ရှင်းတွင် ဆိုးသွမ်းတတ်သည့် ဘက်ခြမ်းလည်း ရှိနေလိမ့်မည်ဟု ချန်ယွီ့ ထင်မထားခဲ့ချေ။ အယူသည်းမှုများ ပြန့်ပွားစေသည်ဟူသော အကြောင်းပြချက်ဖြင့် ပြိုင်ဘက်အားလုံးကို သုတ်သင်ဖို့ စဉ်းစားနေသည်။

“ ရှင် သဘောတူလား မတူဘူးလား … သဘောတူတယ်ဆိုရင် ကျွန်မ အခုပဲ ဖုန်းခေါလိုက်တော့မယ် …”

ချန်ယွီ့ ခေါင်းခါယမ်းလိုက်၏။

“ ဘာလို့ ….” ကျိုးခဲ့ရှင်း ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

“ တကယ်လို့ ဒီ လူလိမ်တစ်သိုက်က ကံကောင်းပြီး မိန်းကလေးချောင်မှာ ကပ်တွယ်နေတဲ့ မကောင်းဆိုးဝါးကို နှင်ထုတ်လိုက်နိုင်မယ်ဆိုရင် ဘယ်လိုလုပ်မှာ … သန်း ငါးဆယ်က သူတို့ လက်ထဲ ရောက်သွားမှာနော်….”

“ သူတို့မှာ အဲ့လို အခွင့်အရေးမျိုး မရှိဘူး ….”

ချန်ယွီ့က ဘေးဘီဝဲယာကို ဝေ့ကြည့်ပြီး ဂုဏ်ဆာနေဟန်ဖြင့် “ ပြီးတော့ သူတို့အားလုံးကို တစ်ချီတည်းနဲ့ တိုင်တန်းလိုက်ရင်တောင် ဘာစိတ်ဝင်စားဖို့ကောင်းတာမှ ဖြစ်လာမှာ မဟုတ်ဘူး ….”

“ စိတ်ဝင်စားဖို့ကောင်းတာ ဟုတ်လား … အဲ့တာက ဘာလဲ …”

ကျိုးခဲ့ရှင်း မေးမြန်းလိုက်၏။

“ ကောင်းကင်ရဲ့ လျှို့ဝှက်ချက်ဆိုတာ ထုတ်ပြောလို့ မရတဲ့ အရာပဲ ….

ချန်ယွီ့က နှုတ်ဆိတ်နေခဲ့ပြီး ကျိုးခဲ့ရှင်းကိုလည်း အလားတူ နေဖို့ လက်ဟန်ပြလိုက်၏။

၈ နာရီထိုးတော့ ဘဏ္ဍာထိန်း အဝတ်အစားကို ဝတ်ဆင်ထားသည့် လူအိုကြီးတစ်ဦးက တံခါး အသေးလေးကနေ တစ်ဆင့် ဧည့်ခန်းထဲကို ဝင်ရောက်လာသည်။

“ လူတိုင်းပဲ … ကျေးဇူးပြုပြီး တိတ်တိတ်နေပေးကြပါ … ကျွန်တော့်ရဲ့ သခင်နဲ့ သခင်မကြီးက လူကြီးမင်းတို့ကို မကြာခင် လာတွေ့ပါတော့မယ် …”

သူ့စကားဆုံးသည်နှင့် ဆူညံသံများလည်း ရပ်တန့်သွားခဲ့သည်။

လူမိုက်ဂန်းစတားလိုလူနှင့် ကျေးတောသားလိုလူပင် အချင်းချင်း တစ်ယောက်ကိုယ်တစ်ယောက် နှုတ်ဆိတ်လျက်သာ စိုက်ကြည့်နေခဲ့ကြပြီး သူတို့၏ ဦးခေါင်းများကို ကလေးများကဲ့သို့ ဝှစ်ခနဲ တစ်ဖက်သို့ လွှဲလိုက်ကြသည်။

မိနစ် အနည်းငယ်ကြာပြီးသည့်နောက် လမ်းလျှောက်တုတ်နှင့် လူအိုကြီး တစ်ဦးက အခြားတံခါးတစ်ချပ်မှနေ၍ မိန်းမငယ်လေးတစ်ဦး၏ အကူအညီနှင့်အတူ ဧည့်ခန်းထဲသို့ ဝင်လာသည်။

အနှီ လူအိုကြီးကတော့ ဟန်ကျိုးမြို့၏ တတိယ အချမ်းသာဆုံး သူဌေးကြီး ၊ ချောင်ပိုင်ရွှမ်ကလွဲ၍ အခြားသူ မဟုတ်ပေ။

အမျိုးသမီးက ယောင်လင် ဖြစ်၏။ သူမကတော့ ချောင်ပိုင်ရွှမ်၏ ဒုတိယ ဇနီးသည်ပင်။

လူတိုင်းက ဖိတ်ကြားခံရပြီးနောက် ကျိုးခဲ့ရှင်းနည်းတူ သူတို့သည်လည်း ချောင်မိသားစုအပေါ် လေ့လာဆန်းစစ်မှုတို့ ပြုလုပ်ခဲ့ကြသည်။

ချောင်ပိုင်ရွှမ်က ဒေသခံ သူဌေးကြီး တစ်ဦးသာလျှင် မဟုတ်ဘဲ ဒိတ်ဒိတ်ကျဲကြီး တစ်ဦးလည်း ဖြစ်သည်။

အဘိုးကြီးကို မြင်သည်နှင့် လူတိုင်းက ချက်ချင်းပဲ နှုတ်ဆက်လိုက်ကြ၏။

ချောင်ပိုင်ရွှမ်ကလည်း လူတိုင်းကို ကြင်နာသည့် အပြုံးဖြင့် ခွန်းတုံ့ပြန် နှုတ်ဆက်လာသည်။

“ မအားလပ်တဲ့ ကြားက အချိန်ယူပြီး ကူညီပေးဖို့ ရောက်လာကြတဲ့ လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျုပ် ပိုင်ချောင်ရွှမ် ကျေးဇူးအများကြီး တင်ပါတယ် …”

ထိုသို့ ပြောပြီးနောက် ချောင်ပိုင်ရွှမ်က သူ၏ လမ်းလျှောက်တုတ်ကို ယောင်လင်ထံ လွှဲပေးလိုက်ပြီး လက်သီးလက်ဝါးဆုပ်လိုက်၏။

“ လူကြီးချောင်က ယဉ်ကျေးလွန်းနေပါပြီ … ခင်များ ကျုပ်တို့ကို ဒီဖိတ်လိုက်တယ်ဆိုတာကလည်း ကျုပ်တို့ရဲ့ အရည်အချင်းတွေကို သိနေလို့ပဲလေ ….”

“ မပူနဲ့ … မိန်းကလေးချောင် ကိုယ်ထဲက မကောင်းဆိုးဝါးကို ကျုပ်တို့ ကျိန်းသေပေါက် မောင်းထုတ်ပေးမယ် ….”

“ လူကြီးမင်းချောင် … ယွမ် သန်း ငါးဆယ်ဆိုတာက ငွေသားနဲ့လား ချက်ခ်နဲ့လား ….”

“ ဒီနွမ်းပါးတဲ့ ကိုယ်တော်က ဆယ်စုနှစ်နဲ့ချီ ကျင့်ကြံပြီး တစ္ဆေမကောင်းဆိုးဝါးတွေကို ရာနဲ့ချီ နှိမ်နင်းခဲ့ဖူးတယ် … ဘာမဟုတ်တဲ့ တစ္ဆေသေးသေးလေးလောက်ကတော့ အသာလေးပဲ ….”

လူတိုင်းက ကိုယ့်အစွမ်းအစများကို ကြွားဝါနေကြပြီး ငွေရမည့် အခွင့်အရေးကို လိုချင်နေကြ၏။

“ လူတိုင်းပဲ … ကျေးဇူးပြုပြီး မလောကြပါနဲ့ … ကျုပ် ပြောပြတာကို ဖြည်းဖြည်းလေး နားထောင်ပေးကြပါ ….”

ချောင်ပိုင်ရွှမ်က လူတိုင်း ကြွေးကြော်နေသည်ကို ကြားဖြတ်ပြောလိုက်ပြီး ဘဏ္ဍာထိန်း ဖြစ်သူအား အကြည့်တစ်ချက်ပေးလိုက်သည်။

ဘဏ္ဍာထိန်းကလည်း နားလည်သိတတ်စွာဖြင့် သူ့အိတ်ထောင်ထဲကနေ ဘဏ်ကတ်တစ်ခု ထုတ်ပေးလာသည်။

All Chapters