အနက်ရောင် မီးခိုးငွေ့ထဲက အမျိုးသမီး တစ်ယောက်ရဲ့ မျက်နှာ
Vol. 25 Ch. 247
လက်ရှိ ရှိနေကြသည့် ဆရာယောင်တစ်ဝက်လောက်နီးပါးက ချန်ယွီ့၏ အမည်နာမကို ဖြစ်စေ ၊ ဒါမှမဟုတ် ချန်ယွီ့၏ လိုက်စထွင်းများကို ဖြစ်စေ ၊ ကြည့်ရှုဖူးကြသည်။
လူတော်တော်များများကလည်း ချန်ယွီ့၏ စတိုင်ပုံစံကို အတုခိုး၍ စိတ်ကျန်းမာရေးဟူသော ခေါင်းစဉ်ကို ကာဗာယူကာ ဖုန်းရွှေနှင့် ကံကြမ္မာဟောပြောခြင်း အကြောင်းတို့အား စတင် တိုက်ရိုက်ထုတ်လွှင့်ကြ၏။
သူတို့တွေလည်း ရေပန်းစားမှု လှိုင်းလုံးကြီးကို လှိုင်းကြုံစီးကာ အေးအေးဆေးဆေးနေရင်း ပိုက်ဆံရှာလိုကြသည်။
ထင်မှတ်မထားစွာဖြင့် ၊ သူတို့တွေ ပျော်ပျော်ရွှင်ရွှင်နှင့် လိုက်စထွင်းလွှင့်ပြီးလို့ ပထမနေ့ရက်ပြီးနောက်မှာပဲ ပလတ်ဖောင်းက သူတို့၏ အကောင့်များကို ပိတ်ပင်လိုက်ကြောင်း အသိပေးစာ ပေးပို့လာသည်။
ဤလူများအားလုံး ဒေါသထွက်လွန်း၍ ပလတ်ဖောင်းကိုပင် မျက်နှာနှစ်ဖက်နှင့်ကောင်ဟု ဆဲဆိုကြ၏။ ဟူယွီပလတ်ဖောင်းက ချန်ယွီ့နှင့် အတူပူးပေါင်းပြီး ဥပဒေကင်းမဲ့သည့် အခြေအနေသို့တိုင် ရောက်ရှိနေပြီဟု ယုံကြည်ကြသည်။
“ ယောက်ျား … သူက တကယ်ရော ဘာမဆို အကုန်သိတဲ့ အင်တာနက် ဆယ်လီ ချန်ယွီ့ဆိုတာ ဟုတ်လို့လား … ကျွန်မကတော့ သူ့ကို စိတ်မကျန်းမာတဲ့လူလို့ပဲ ထင်နေမိလို့ ….”
ချောင်ပိုင်ရွှမ်၏ ဒုတိယဇနီး ယောင်လင်က စိတ်အခြေအနေ ဆိုးရွားနေသည်။
ဘာကြောင့် သူမ၏ အမျိုးသားက ပိုက်ဆံအများကြီးသုံးပြီး ဗရုတ်တစ်သိုက်ကို အိမ်ထဲ ခေါ်သွင်းလာရလဲဆိုတာကို မည်သို့မျှ နားမလည်နိုင် ဖြစ်နေမိ၏။ ယွမ် သန်း ၅၀ သုံးပြီး ဂျိုအန်နာရဲ့ ကိုယ်ထဲ ကပ်တွယ်နေတဲ့ မကောင်းဆိုးဝါး ဝိဉာဏ်ကို မောင်းထုတ်ဖို့ ၊ ဟုတ်လား ။
အရင်နှစ်တွေတုန်းက တောက်လျှောက်ဆိုသလိုကို ဒီ သားအဖနှစ်ယောက်ရဲ့ ဆက်ဆံရေးက ကောင်းမွန်ခဲ့တာလည်း မဟုတ်ဘူး။
နှစ်ယောက်ကို တစ်အိမ်တည်း ရှိနေတဲ့ သူစိမ်းတွေလို့ ပြောရင်တောင် ချဲ့ကားရာ မကျဘူး။ အိမ်မှာ ပိုက်ဆံ ထိုင်ဖြုန်းနေတဲ့ ဆန်ကုန်မြေလေး သမီးက သရဲဝင်ပူးခံနေရတယ်ဆိုတာကိုတော့ ချောင်ပိုင်ရွှမ်က ကပျာကလျာနဲ့ သူ့ဘဏ္ဍာထိန်းကို အရည်အချင်းရှိတဲ့လူတွေ ခေါ်လာခဲ့ဖို့ အမိန့်ပေးတယ်။
ယောင်လင်ကတော့ ဒီ သားအဖနှစ်ယောက်ရဲ့ ဆက်ဆံရေးက ပြန်သင့်မြတ်သွားလိမ့်မယ်လို့ မယုံရေးချေ၊ မယုံပါဘူး။
ချောင်ပိုင်ရွှမ်၏ နှုတ်ခမ်းတို့ လှုပ်ခတ်သွားခဲ့သည်။
သူ ထောင်းခနဲ ဒေါသထွက်သွားသော်လည်းပဲ အဆုံးတွင် ဒေါသတရားကို အသိချွန်းဖြင့် ထိန်းအုပ်လိုက်နိုင်သည်။
ချန်ယွီ့၏ လိုက်စထွင်းများကို သူ တစ်ခါမျှ မကြည့်ရှုခဲ့ဖူးသော်လည်း ချန်ယွီ့အကြောင်း ကောလဟာလများတော့ မကြာခဏဆိုသလို ကြားဖူးသည်။
ဟန်ကျိုးမြို့၏ အထက်တန်းလွှာ အသိုင်းအဝိုင်းက ကြီးမားခြင်း မရှိသလို သေးငယ်သည်လည်း မဟုတ်ပေ။
အသိုင်းအဝိုင်းထဲ ဖြစ်ပျက်သွားသည့် အရာမှန်သမျှ လူတိုင်း၏ နားသို့ လျင်မြန်စွာ ရောက်ရှိလာတတ်၏။
လွန်ခဲ့သော လအနည်းငယ်ခန့်က တင်းရှန်း အိမ်ခြံမြေ၏ စီအီးအိုရွှီသည် ဒေဝါလီခံလိုက်ရပြီး ကရိန်းတာဝါပေါ်မှ ခုန်ချ၍ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။
သူ့ကိုယ်သူ အဆုံးမစီရင်မီ တစ်စုံတစ်ယောက်က သူ ကြုံတွေ့လာရမည့် အရာများကို ချန်ယွီ့က အင်တာနက်ပေါ်တွင် သတိပေးခဲ့ဖူးကြောင်း ပြောပြဖူး၏။
ဤသည်က တစ်ခုတည်းသော အံ့ဩစရာ မဟုတ်သေး။
ကြယ်လင်း ဖျော်ဖြေရေး ကုမ္ပဏီ၏ စီအီးအို ဝန်ရှင်းဟွေ့၏ အဖိုးတန်သားလေးသည်လည်း ချန်ယွီ့၏ စနက်ဖြင့် သူ့သားသူ ကိုယ်တိုင်ကိုယ်ကျ ရဲလက် အပ်လိုက်ရသည်။
အချိန်တစ်ချို့ ကြာပြီးသည့်နောက် သူ့သားမှာ ရှင်းလင်းခံလိုက်ရလေသည်။
ဝန်ရှင်းဟွေ့မှာတော့ ယခုအချိန်ထိတိုင် အသံတစ်သံလေးမျှပင် မထွက်ဝံ့သေးချေ။
ဤသည်ကတစ်ဆင့် ဝန်ရှင်းဟွေ့က ချန်ယွီ့ကို မည်မျှ ကြောက်ရွံ့လှကြောင်း မြင်သာနိုင်သည်။
အနှီ လူများ၏ အမှားကို သင်ခန်းစာ အဖြစ်ယူရင်း ချောင်ပိုင်ရွှမ် ရင်ဘက်တစ်ခုလုံး ဒေါသများ ပြည့်နှက်နေလျှင်ပင် စိတ်လိုက်မာန်ပါ လုံးဝ မလုပ်ဝံ့ပေ။
ချန်ယွီ့က ဂျိုအန်းနာ၏ ပြဿနာကို ချက်ချင်းပဲ ဖြေရှင်းပေးနိုင်ပါစေဟုသာ မျှော်လင့်နေမိ၏။
“ အဲ့ဒါ ဆိုင်ထဲ စင်ပေါ်မှာ တင်ထားတဲ့ အရုပ်မဟုတ်လား … ဒေါက်တာချန် ဘယ်တုန်းက ယူလာခဲ့ပါလိမ့် ….”
ကျိုးခဲ့ရှင်းက ရှုပ်ထွေးစွာဖြင့် ခေါင်းကုတ်လိုက်မိ၏။
ရေပြွတ်သေနတ်ကို ယွမ် သုံးသိန်းဟု ဈေးတံဆိပ်ကပ်ထားသည်။ ၎င်း၏ ဒီဇိုင်းသွင်ပြင်ကလည်း ယွမ် အနည်းငယ်မျှသာ ပေးရသည့် သာမန် ရေပြွတ်သေနတ်များနှင့် ကွဲပြားမနေချေ။
အစိမ်းရောင် ပလတ်စတစ် သေနတ်က ကျိုးခဲ့ရှင်း၏ လက်ဝါး အရွယ်အစားလောက်သာ ရှိ၏။
လူတိုင်းက ချန်ယွီ့၏ ထူးဆန်းသည့် လုပ်ရပ်ကို တူညီသည့် အမူအရာများဖြင့် ကြည့်ရှုနေခဲ့ကြသည်။
သူတို့အားလုံး ဤငနဲ ရူးနှမ်းနေသည်ဟု ထပ်တူညီစွာ ခံစားနေကြရ၏။
မိန်းကလေးချောင်ရဲ့ နဖူးကို ဘာလို့ အရုပ်သေနတ်နဲ့ ချိန်ထားရတာ …
ဒါ ပရောဂနှင်တာတဲ့လား …
“ ဝေါင်း …..”
စက္ကန့်အနည်းငယ်ကြာပြီးသည့်နောက် သားရဲဟိန်းသံကဲ့သို့ ကျယ်လောင်သည့် ဟိန်းသံကြီးက ဂျိုအန်းနာ၏ နှုတ်ဖျားကနေ ထွက်ပေါ်လာသည်။
ထို့နောက်မှာပဲ အနက်ရောင် မီးခိုးငွေ့လုံး တစ်ခုက ဂျိုအန်းနာ၏ နဖူးထက်မှ ပျံတက်လာခဲ့၏။
“ သရဲ ….”
ဒေါသထွက်နေပြီး ကြမ်းကြုတ်သည့် သွင်ပြင်နှင့် အမျိုးသမီး တစ်ဦး၏ မျက်နှာက အနက်ရောင် မီးခိုးငွေ့များထဲ ပေါ်လာသည်။
ယောင်လင်မှာ ကြောက်ရွံ့လွန်း၍ ဒူးများပျော့ခွေသွားပြီး ကြမ်းပြင်သို့ လဲကျသွားခဲ့သည်။
သူမ၏ အော်သံက လူတိုင်း၏ နားစည်ဝသို့ စူးရှစွာ ထွင်းဖောက်သွားခဲ့၏။
အနက်ရောင် မီးခိုးငွေ့က လူသား ပုံရိပ်တစ်ခုအသွင် သိပ်သည်းသွားခဲ့ပြီး ပုံစံကတော့ အမျိုးသမီး တစ်ဦး၏ သွင်ပြင်ပင်။
ချောင်ပိုင်ရွှမ်၏ မျက်လုံးသူအိမ်တို့က တစ်စုံတစ်ရာကို စဉ်းစားမိသည့်နှယ် ကျုံ့ဝင်သွားခဲ့ပြီး သူ့ခြေထောက်များ မနေနိုင်မထိုင်နိုင် တုန်ယင်လာခဲ့ရသည်။
“ အောင်မယ်လေး ဗုဒ္ဓေါ …. လောကကြီးထဲ တကယ်ပဲ သရဲတွေ ရှိတယ် … ပြေးကြ … မြန်မြန် ပြေးကြ …”
တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်နှင့် အကုန်လုံး ဝရုန်းသုန်းကားတွေ ဖြစ်ကုန်ကြ၏။
ဆရာယောင် အများအပြားက ပုရွတ်ဆိတ်များကဲ့သို့ ပြန့်ကျဲသွားခဲ့ပြီး တံခါးဝသို့ အုံလိုက်ကျင်းလိုက် ပြေးထွက်သွားခဲ့ကြသည်။
ဤ ဆရာယောင် အများစု သရဲမြင်တွေ့ဖူးသည်မှာ ပထမဆုံးအကြိမ်ပင်။ အင်မတန် နည်းပါးလှသည့် လူတစ်ချို့ကသာလျှင် ယခင်က တစ္ဆေသရဲများနှင့် တွေ့ဖူးကြ၏။
သို့ပေမယ့် ထိုလူများသည်လည်း အနက်ရောင်မီးခိုးငွေ့ကို မြင်တော့ ဘောင်းဘီစိုစွတ်သည်အထိ ကြောက်လန့်တုန်လှုပ်ကုန်ကြ၏။
အနက်ရောင်မီခိုးငွေ့က သိပ်သည်းသွားခဲ့ပြီး အခန်း အပူရှိန်ကလည်း ရေခဲတိုက်အလား ကျဆင်းသွားခဲ့သည်။
တကယ်လို့ ဒါက သရဲမဟုတ်ဘူးဆို ဘာလဲ …
ကြောက်မက်ဖွယ်ရာ ဟိန်းဟောက်သံနှင့် တွဲစပ်လိုက်ကြည့်လိုက်တော့ ယင်းအရာက သရဲဖြစ်ကြောင်းကို ဒီအန်အေ စစ်ဆေးနေစရာ မလိုချေ။
သူတို့ကိုယ်သူတို့ ကောင်းကင် ဆရာသခင်များ၊ စစ်နယ်ရှင်များ၊ စုန်းများဟု ကြွေးကြော်ခဲ့ကြသည့် ဆရာယောင်များမှာ သူတို့ ပြေးနိုင်သလောက် မြန်မြန် ထွက်ပြေးကုန်ကြသည်။
ပြေးရင်းဖြင့် အပို ခြေထောက်နှစ်ချောင်း ပေါက်လာဖို့ပင် တိတ်တဆိတ် ဆုတောင်းနေမိကြလေသည်။
ဝဖိုင့်ဖိုင့်နှင့် တာအိုရသေ့ကြီးက သူ့ အရွယ်နှင့် မလိုက်အောင်ကို ရှေ့ဆုံးက လျင်မြန်စွာ ထွက်ပြေးသွားခဲ့ပြီး လူတိုင်းကို နောက်တွင် ချန်ရစ်ထားခဲ့သည်။
လူများ ပြည့်ကြပ်နေသည့် ဧည့်ခန်းအတွင်း လူတွေ ဗလာကျင်းသွားဖို့ အချိန် ဘယ်လောက်မျှ မကြာလိုက်ပေ။
ချောင်မိသားစု၊ ချန်ယွီ့နှင့် ကျိုးခဲ့ရှင်းတို့သာ ကျန်ရစလေသည်။
ကျိုးခဲ့ရှင်းသည်လည်း ထွက်ပြေးချင်ပေမယ့် ချန်ယွီ့ ရှိနေသရွေ့ ကာလပတ်လုံး သူမ အန္တရာယ်ကင်းသည်ဟု ယုံကြည်ထားခဲ့သည်။ ထို့ကြောင့်လည်း ကြောက်ရွံ့သည့် စိတ်ကို သည်းခံ၍ ဆက်လက်စောင့်ကြည့်နေလျက် ရှိ၏။
ဒါ သူမ တစ်ချိန်လုံး မြင်တွေ့ချင်နေခဲ့တဲ့ တစ်သက်မှာ တစ်ခါပဲ ကြည့်လို့ရမယ့် ဒရာမာမျိုး မဟုတ်လား …
မကောင်းဆိုးဝါး ဝိဉာဏ်က ၎င်း၏ လက်ကို ဆန့်တန်း၍ ချန်ယွီ့အပေါ်သို့ ခုန်အုပ်လာခဲ့သည်။
ချန်ယွီ့က ထိတ်လန့်တုန်လှုပ်ခြင်းမရှိ၊ အလျင်လိုခြင်း မဖြစ်ဘဲ ထိုအစား သူ၏ ရေပြွတ်သေနတ်ကို မကောင်းဆိုးရွားဝိဉာဏ်ထံ ချိန်ရွယ်၍ ခလုတ်တစ်ချက် နှိပ်လိုက်၏။
ရေတန်းအသေးလေးတစ်ခုက သေနတ်ကနေ ပြေးထွက်လာပြီး ခုန်အုပ်ဝင်လာတော့မည့် မကောင်းဆိုးရွားဝိဉာဏ်ကို ထိတွေ့သွားခဲ့လေသည်။
“ ဖောက် ….”
နားစူးရှဖွယ်ရာ ကျယ်လောင်သံကြီး တစ်ခု မြည်ဟည်းလာခဲ့၏။
ပွက်ပွက်ဆူနေသည့် ဆီအိုးထဲ ရေအေးတစ်စက် လောင်းထည့်လိုက်သည့် အသံမျိုးပင်။
ကြမ်းကြုတ်လှပါသည်ဆိုသည့် မကောင်းဆိုးရွားဝိဉာဏ်က သူ၏ တိုက်ခိုက်မှုကို ရပ်တန့်သွားခဲ့ပြီး ပုံစံကြည့်ရသည်မှာတော့ လေထဲတွင် မမြင်နိုင်သည့် အင်အားတစ်ရပ်က ၎င်းအား ပိတ်ပင် ဟန့်တားထားသည့်ပုံပင်။
အော်ဟစ် ဟိန်းဟောက်သံတို့က ကျယ်လောင်သည်ထက် ကျယ်လောင်လာခဲ့၏။
ယောင်လင်၏ ဦးခေါင်းမှာ ထုံထိုင်သွားခဲ့ပြီး အမြင်လည်း မှောင်မိုက်သွားခဲ့ကာ ချက်ချင်းပဲ သတိလစ်သွားခဲ့၏။
ချောင်ပိုင်ရွှမ်မှာ ခေတ္တမျှ ချီတုံချတုံ ဖြစ်သွားခဲ့ပြီး သူ၏ လမ်းကောက်တုတ်ကို ယူ၍ တံခါးအသေးလေးဘက်သို့ အလျင်အမြန် သုတ်ခြေတင်သွားခဲ့သည်။
“ လူကြီးမင်းချောင် ….” ချန်ယွီ့ ပြောလိုက်ပြီး “ ခင်များသမီးရဲ့ ကိုယ်ထဲက ညစ်ညမ်းတဲ့ အရာကို အခုထိ မကိုင်တွယ်ရသေးဘူးလေ … ခင်များက ပြန်ပြီး နားဖို့ကို ဒီလောက် အလျင်လိုနေရလား …”
ထိုစကားကြားတော့ ချောင်ပိုင်ရွှမ်၏ ခြေလှမ်းတို့ ရပ်တန့်သွားခဲ့သည်။
“ ငါက ဗဟုသုတ နှံ့စပ်တယ်ဆိုပေမယ့် တစ္ဆေသရဲအကြောင်းတော့ ဘာမှ သိတာ မဟုတ်ဘူး .. ဒီမှာ ရှိနေရင် ဒေါက်တာချန်ကို အကူအညီ မဖြစ်ရုံမကဘဲ ဝန်ထုပ်ဝန်ပိုး ဖြစ်နေမှာကိုတောင် စိုးရွံ့မိပါတယ် …”
“ ဒေါက်တာချန် အားလုံး ကိုင်တွယ်ပြီးသွားတော့မှ စကားဆက်ပြောကြတာပေါ့ ….”
“ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ် ဒေါက်တာချန် ….”
ထိုသို့ ပြောပြီးနောက် ချောင်ပိုင်ရွှမ်က ရှေ့သို့ ဆက်ပြီး လျှောက်လှမ်းသွားခဲ့သည်။
“ ခင်များ ထွက်သွားချင်တယ်ဆိုရင်တောင် ခင်များသမီးကိုပါ ခင်များနဲ့အတူ ခေါ်သွားသင့်တယ် …”
“ ခင်များသမီးက လှုပ်ရှားနိုင်စွမ်း မရှိဘူး … သူ့ကို ဒီမှာ တစ်ယောက်တည်း ထားခဲ့တာက ခင်များသမီးကို ကျားခံတွင်းထဲ တွန်းပို့လိုက်တာနဲ့ အတူတူပဲ …”
“ ခင်များ ကိုယ့်သမီးကိုယ် ချစ်တယ် မဟုတ်ဘူးလား … ပြဿနာတက်နေရင်တောင် သူ့ကို တစ်ယောက်တည်းတော့ ချန်ထားခဲ့မှာ မဟုတ်ဘူးမလား ….”
ပြောရင်းဆိုရင်း ၊ ချန်ယွီ့ ချောင်ပိုင်ရွှမ်အနားသို့ ချဉ်းကပ်လာသည်။
“ ဖမ်းလိုက် …”
ချန်ယွီ့က ရေပြွတ်သေနတ်ကို ကျိုးခဲ့ရှင်းထံ ပစ်ပေးလိုက်သည်။
“ ဒါ ဘာလုပ်ရမှာလဲ ဒေါက်တာချန် …”
ကျိုးခဲ့ရှင်းက ရေပြွတ်သေနတ်ကို ဖမ်းယူလိုက်ပြီး မသိစိတ်အလျောက် မေးမြန်းလိုက်မိ၏။
“ ဒါ ငါ့ဝန်ထမ်းကို ပေးတဲ့ အကျိုးအမြတ်ပဲ … တကယ်လို့ လူဆိုးတစ်ယောက်ယောက်နဲ့ ကြုံလာရင် ကိုယ့်ဘာကိုယ် ကာကွယ်ဖို့ ဆောင်ထားလိုက် …”
“ ကျေးဇူးတင်ပါတယ် ဒေါက်တာချန် ….”
ကျိုးခဲ့ရှင်းက လက်ထဲရှိ ရေပြွတ်သေနတ်နှင့် ပျော်ရွှင်စွာ ဆော့ကစားလိုက်၏။
ဤ ရေပြွတ်သေနတ်လေးက ရိုးရှင်းဟန်တူသော်လည်း ဝိဉာဏ်လက်နက် တစ်မျိုးမျိုး ဖြစ်နိုင်သည်။
မဟုတ်ဘူးဆိုပါက ဂျိုအန်းနာကို ဝင်ပူးထားသည့် မကောင်းဆိုးဝါးသည် ချန်ယွီ့ ရေပြွတ်သေနတ်နှင့် ချိန်လိုက်သည်နှင့် အဘယ်ကြောင့် အပြင်သို့ ထွက်လာလိမ့်မည်နည်း။
ဤရေပြွတ်သေနတ်၏ ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်မှာ အသိသာကြီးပင်။
ချန်ယွီ့ ခလုတ်ဆွဲလိုက်သည်နှင့် ရေပန်းထွက်လာခဲ့ပြီး မကောင်းဆိုးဝါး ဝိဉာဏ်သည်လည်း မခံမရပ်နိုင်အောင် နာကျင်သွားခဲ့သည်။
ဤသည်က ကျိန်းသေပေါက်ကို ဝိဉာဏ်လက်နက် တစ်မျိုး ဖြစ်၏။
“ ဘဏ္ဍာထိန်းကြီး … ငါ့ သမီးကို သူ့အခန်းထဲ ပြန်ပို့ပေးလိုက် ….”
ချောင်ပိုင်ရွှမ်က အမိန့်ပေးလိုက်သည်။
ဘဏ္ဍာထိန်းက မည်သည့်စကားမျှ မဆိုဘဲ ဝှီးချဲနောက်သို့ လမ်းလျှောက်လာခဲ့၏။
ချက်ချင်းဆိုသလို လေထဲတွင် ထိန်းချုပ်ခံထားရသည့် မကောင်းဆိုးရွားဝိဉာဏ်သည် လွတ်မြောက်သွားဟန်ရပြီး ချန်ယွီ့ထံသို့ အလင်းကဲ့သို့ အမြန်နှုန်းမျိုးဖြင့် ခုန်အုပ်လာခဲ့၏။
“ မလာနဲ့ … ငါ့နားကို မလာနဲ့ ….”
ချန်ယွီ့ ဘာမျှ မလုပ်ရသေးခင်မှာပဲ ချောင်ပိုင်ရွှမ်က ကြောက်လန့်အားကြီးစွာဖြင့် ကြမ်းပြင်သို့ လဲကျသွားခဲ့ပြီး သူ့လက်နှစ်ဘက်ကို ကြောက်အားလန့်အားဖြင့် ဝှေ့ယမ်းနေတော့၏။
ချန်ယွီ့ ဘက်ဘက်လက် မြောက်၍ ပြေးဝင်လာသည့် မကောင်းဆိုးဝါး ဝိဉာဏ်ကို လက်ညှိုးတစ်ချက် ညွှန်လိုက်ရာ ၎င်းက ချက်ချင်းပဲ အေးခဲသွားခဲ့၏။
“ လူကြီးမင်းချောင် ….” ချန်ယွီ့က ညင်သာစွာ ပြုံးလျက် ချောင်ပိုင်ရွှမ်ကို ငုံ့ကြည့်လိုက်ပြီး “ ခင်များ ဘာလို့ ဒီလောက်တောင် ကြောက်နေရတာ … ခင်များ သူနဲ့ သိနေတယ်လို့တော့ မပြောနဲ့နော်….”
ဤသည်ကိုကြားတော့ ချောင်ပိုင်ရွှမ် ရင်ထဲ ထိတ်လန့်သွားခဲ့သည်။
သူ့မျက်နှာရှိ ကြောက်လန့်မှုက ယခင်ကထက်ပင် ပို၍ ပြင်းထန်လာသည်။ တစ်ချိန်တည်းမှာပဲ ချန်ယွီ့က ဘာမဆို အကုန်သိသည်ဟူသော ကောလဟာလကိုလည်း ယုံကြည်သွားခဲ့၏။
“ ဒေါက်တာချန် … ရှင် တစ်ခုခု သတိထားမိလို့လား …” ကျိုးခဲ့ရှင်းက ချောင်ပိုင်ရွှမ်၏ အမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိတော့ မေးမြန်းလိုက်၏။
“ လူကြီးမင်းချောင်က …. တကယ်ပဲ ဒီသရဲမနဲ့ သိနေတာလား …”