ပထမဇနီးကို သတ်ဖြတ်ခြင်း
Vol. 25 Ch. 248
“ အဲ့တာကတော့ သူနဲ့ပဲ ဆိုင်တယ် …” ချန်ယွီ့က ချောင်ပိုင်ရွှမ်ကို ကြမ်းပြင်က ဆွဲထူလိုက်ပြီး သူ့လမ်းလျှောက်တုတ်ကို လက်ထဲ ပြန်ထည့်ပေးလိုက်သည်။
“ လူကြီးမင်းချောင် … ခင်များ ဒီလိုမျိုး ရင်းနှီးနေတဲ့ မျက်နှာကို မြင်တွေ့တာတောင်မှ ဘာစကားမှပြောဖို့ စိတ်ကူးမရှိဘူးလား …”
“ ဥပမာ … ရှေးဟောင်းနှောင်းဖြစ်တွေ အကြောင်းပေါ့ …”
“ ငါ … ငါ သူ့ကို မသိဘူး … သူနဲ့ ပြောစရာအကြောင်းလည်း မရှိဘူး ….”
ထိတ်လန့်တုန်လှုပ်နေသည့် ချောင်ပိုင်ရွှမ်မှာ နဖူးထက်က စီးကျနေသည့် ချွေးအေးများကို ဆက်တိုက် သုတ်နေမိ၏။
“ ဒေါက်တာချန် … ကျေးဇူးပြုပြီး ဒီသရဲမကို ဖျက်စီးပစ်လိုက်စမ်းပါ ….”
“ ဒီ ကိစ္စပြီးတာနဲ့ မင်းကို ယွမ်သန်း ငါးဆယ်အပြင် နောက်ထပ် သန်းငါးဆယ် ထပ်ပေါင်းပေးမယ် … စုစုပေါင်း ယွမ် သန်းတစ်ရာ ပေးမယ်ကွာ … ငါ ကတိပေးတယ် …”
ချောင်ပိုင်ရွှမ် အရာနှစ်ခုတည်းသာ လိုချင်သည်။
ပထမတစ်ခုက ဤသရဲမ ဝိဉာဏ်ကို တစ်စစီ ဖြစ်သည်အထိ ဖျက်စီးပစ်ပြီး နောက်တစ်ခုကတော့ ချန်ယွီ့ကို မြန်မြန် ပြန်ပို့ပေးဖို့ပင်။
“ ဆိုရိုးစကားတွေတောင် ရှိတယ် … တစ်ရက်သာ လင်မယားဖြစ်တာက ရက်ပေါင်းတစ်ရာ ချစ်ခင်ကြင်မှုနဲ့ ညီတယ် … လင်မယားနှစ်ယောက်ရဲ့ ရက်တစ်ရာက ပင်လယ်ပြင်ကျယ်ကြီးလို နက်ရှိုင်းလွန်းပါတယ် ….”
“ ဒီ မျက်နှာပိုင်ရှင်က ခင်များနဲ့ နှစ်ဆယ်ကျော် အတူနေသွားခဲ့တာကို ခင်များက ဒီတိုင်းပဲ ဖျက်စီးပစ်ချင်တယ်ပေါ့ … ခင်များမှာ ခံစားချက်တွေ လုံးဝ မရှိတော့ဘူးလား … ခင်များ ဝဋ်ပြန်လည်မှာကို မကြောက်ဘူးလား …”
ကျိုးခဲ့ရှင်း ချက်ချင်း ဆိုသလို နားလည်သဘောပေါက်သွားခဲ့၏။
မဟုတ်မှလွဲရော … ဒီရဲ့ သရဲမက ချောင်ပိုင်ရွှမ်ရဲ့ ပထမဇနီး ဖြစ်နေတာများလား …
“ လူကြီးမင်းချောင် …” ချန်ယွီ့ပြောပြီးနောက် ချောင်ပိုင်ရွှမ်၏ ပခုံးကို ပုတ်လိုက်၏။ “ ခင်များ သူ့ဝိဉာဏ်ကို ဖျက်စီးပစ်ချင်တာ သေချာပြီလား ….”
ချွေးသီးချွေးပေါက်တို့က ချောင်ပိုင်ရွှမ်၏ နဖူးထက်မှနေ၍ စီးကျလာခဲ့သည်။
သူ့အမူအရာက ရှုပ်ထွေးနေပြီး အင်မတန် ခက်ခဲသည့် ဆုံးဖြတ်ချက် တစ်ခုကို ချမှတ်နေရဟန်ပင်။ တစ်ခါတစ်ရံ နက်မှောင်သွားလိုက်၊ တစ်ခါတစ်ရံ စိုးထိတ်သွားလိုက်နှင့် ရှုပ်ထွေးနေလျက် ရှိတော့၏။
“ သူက … သူက ငါ့အရင် ဇနီးပဲ ….” စက္ကန့်အနည်းငယ်ကြာပြီးနောက် ချောင်ပိုင်ရွှမ်က ခါးသက်သည့် အမူအရာဖြင့် ပြောလိုက်သည်။
“ သူက ရှင့်ရဲ့ အရင်ဇနီးလည်း ပြောသေးတယ် … အဲ့တာကို ရှင်က ဘာတွေ ကြောက်နေတာလဲ ….” ကျိုးခဲ့ရှင်းက အလျင်အမြန်ပဲ မေးလာခဲ့သည်။
“ ပြီးတော့ သူ့ရဲ့ ဝိဉာဏ်ကို ဘာလို့ ဖျက်စီးပစ်ချင်နေရတာလဲ ….”
“ ရှင့်ရဲ့ အရင်ဇနီးကို တစ်ခုခု လွန်ကြူးတာတွေ လုပ်ထားမိလို့ သူက သရဲ ဖြစ်သွားခဲ့ပြီး ရှင့်ကို လက်စားလာချေတာများလား …..”
“ လုံးဝ မဟုတ်ဘူး ….”
ချောင်ပိုင်ရွှမ်က စဉ်းပင်မစဉ်းစားဘဲ ပြောလိုက်ပြီး “ ငါ့ ဇနီး စိတ်ပျက်မယ့် အရာမျိုး ငါ တစ်ခုမှ မလုပ်ခဲ့ဖူးဘူး ….”
“ ငါတို့ရဲ့ အိမ်ထောင်ရေးကို မိဘတွေကပဲ စီစဉ်ပေးခဲ့ကြတာ ….”
“ ငါ့လိုမျိုး သူကလည်း ချမ်းသာတဲ့ မိသားစုကပဲ ….”
“ သူ့အပေါ် မှားယွင်းတာ ဘာတစ်ခုမှ မလုပ်ခဲ့ဖူးဘူး… ဒါပေမယ့် သူ အသက်ရှင်လျက် ရှိတုန်းကတော့ စိတ်သဘောထားကျဉ်းမြောင်းပြီး အကျင့်လည်း ယုတ်တယ် ….”
“ သူ့ရဲ့ အဲ့ဒီ မကောင်းတဲ့ အကျင့်ကြောင့်ပဲ သေပြီးတာတောင် သရဲ ဖြစ်သွားတာ နေမှာ …”
“ တကယ်လို့ အဲ့တာကြောင့်မို့သာ မဟုတ်ဘူးဆိုရင် ကိုယ့်သမီးအရင်းကို ထိခိုက်အောင် ဘာကိစ္စ လုပ်မှာလဲ ….”
“ ငါ ဒေါက်တာချန်ကို ချေမှုန်းပစ်ဖို့ ပြောတယ်ဆိုတာက သူ ဆက်ပြီး လူတွေကို ထိအောင်လုပ်မှာကို မလိုချင်လို့ပဲ ….”
“ သူက သေပြီးနေပြီ … ဒါပေမယ့် ငါ့သမီးရဲ့ ဘဝကတော့ အခုမှ စတင်တုန်း ရှိသေးတယ် ….”
“ တကယ်လို့ သူ့ ဝိဉာဏ်ကို မဖျက်စီးပစ်ဘူးဆိုရင် ငါ့ သမီးရဲ့ အခြေအနေကလည်း ဘယ်တော့မှ သက်သာလာမှာ မဟုတ်ဘူး ….”
“ ဒေါက်တာချန် …” ချောင်ပိုင်ရွှမ်က စိတ်ရင်းလေးနက်သည့် အမူအရာဖြင့် “ ငါ သေချာစဉ်းစားပြီးသွားပြီ … သူ့ဝိဉာဏ်ကို တိုက်ရိုက်ကြီး ဖျက်စီးပစ်လိုက်မယ်ဆိုရင် နည်းနည်းလေး လွန်ကြူးရာ ကျသွားလိမ့်မယ် …”
“ ဘာပဲဆိုဆို ငါတို့နှစ်ယောက်က လင်မယား ဆက်ဆံရေး ရှိခဲ့ဖူးတဲ့ လူတွေပဲလေ ….”
“ မင်း သူ့ကို ငရဲ ပြန်ပို့ပေးလိုက်လို့ မရဘူးလား … သူ ရှိနေသင့်တဲ့ နေရာ အစစ်အမှန်ဆီကိုပေါ့ ….”
“ ခင်များ သူနဲ့ စကားမပြောချင်တာ သေချာလား …. သူ့ကို ဒီတိုင်းပဲ ပြန်ပို့ပေးချင်တယ်ပေါ့ ….” ချန်ယွီ့ မထေ့တထေ့ လေသံဖြင့် မေးလိုက်၏။
“ အင်း ….”
ချောင်ပိုင်ရွှမ်က အလျင်အမြန် ခေါင်းညိတ်လိုက်၏။
“ ငါ့ ဇနီး သေသွားခဲ့တာ ဆယ်နှစ်ကျော်ပြီ … လူဝင်စားသင့်တာတောင် ကြာပြီ ….”
“ အခု သူက ငါ့သမီးရဲ့ ကိုယ်ထဲကို ဝင်ပူးထားတယ် …. နတ်ဆိုး ဖြစ်လာမှာ ကျိန်းသေပေါက်ပဲ ….”
“ ဒီလိုဆိုတော့ ကျုပ် ခင်များရဲ့ ဆန္ဒကို လေးစားတဲ့အနေနဲ့ သူ့ကို ဒီကနေပဲ ချက်ချင်း ပြန်ပို့ပေးလိုက်တော့မယ် …”
ချန်ယွီ့က ကျိုးခဲ့ရှင်းကို လှမ်းကြည့်လိုက်သည်။
“ ဘာလဲ ဒေါက်တာချန် … ဘာလို့ ကျွန်မကို လာကြည့်နေတာ ….”
ကျိုးခဲ့ရှင်းက ဇဝေဇဝါ မျက်နှာထားဖြင့် မေးလိုက်၏။
“ ငါ မင်းကို ပေးထားတဲ့ ရေသေနတ်နဲ့ ပစ်ပြီး သူ့ကို ပြန်ပို့လိုက် …..”
“ အိုး ….”
ကျိုးခဲ့ရှင်းက လေထဲအေးခဲနေသည့် သရဲမကို ရေပြွတ်သေနတ်ဖြင့် ချိန်ရွယ်လိုက်သည်။
“ မလုပ်နဲ့ ….”
ထိုအချိန်မှာပဲ ထင်မှတ်မထားသည့် ကိစ္စ တစ်စုံတစ်ရာက ဖြစ်လို့လာသည်။
ဂျိုအန်းနာက သူမ၏ ဝှီးချဲပေါ်ကနေ ရုတ်ချည်း မတ်တပ်ရပ်လာပြီး ကျိုးခဲ့ရှင်းထံ ပြေးဝင်လာခဲ့၏။
သူမက ရေပြွတ်သေနတ်ကို ဆွဲပြီး လုယူဖို့ ကြိုးပမ်း၏။
“ မိန်းကလေးချောင် … နင် အဆင်ပြေပါတယ်နော် ….” ကျိုးခဲ့ရှင်းက အံ့အားတကြီးနှင့် မေးမြန်းလိုက်၏။
“ ငါ့ကို အဲ့သေနတ်ပေးစမ်း ….”
ဂျိုအန်နာ၏ ခွန်အားတို့ တိုးပွားလာပြီး ကျိုးခဲ့ရှင်းလက်ထဲကနေ ရေပြွတ်သေနတ်ကို လုယူလိုက်သည်။
“ ဂျိုအန်းနာ … သူက အခု သရဲ ဖြစ်နေပြီ … အသက်ရှင်တုန်းက မင်းအမေဆိုပေမယ့် သေပြီးတော့ သရဲက သရဲပဲ ….”
“ လူသားနဲ့ သရဲက လမ်းချင်း မတူဘူး …. အဖေတို့ သူ့ကို ချက်ချင်း နှိမ်နင်းပစ်ရမယ် ….”
ချောင်ပိုင်ရွှမ်က သူ့သမီးကို အော်ပြောလိုက်၏။
“ သူ့ဘာသူ လူပဲဖြစ်ဖြစ်၊ သရဲပဲဖြစ်ဖြစ် ၊ သူက ကျွန်မချစ်တဲ့ ကျွန်မရဲ့အမေပဲ … ဒါ ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်တဲ့ အချက်ပဲ ….”
ဂျိုအန်းနာက ငိုကြွေးလိုက်၏။
“ တူညီတဲ့ အမှားမျိုး ထပ်မလုပ်ချင်စမ်းပါနဲ့ အဖေရယ် ….”
“ အမေ ဘာလို့ လူမဝင်စားနိုင်လဲ သိလား … သူ သမီးကိုယ်ထဲကို ဘာကြောင့် ဝင်ပူးထားလဲ သိလား … အဖေ့ထက် ဘယ်သူက ပိုသိနိုင်မှာမို့လဲ ….”
ကျိုးခဲ့ရှင်း ရင်တစ်ချက် ဒိန်းခနဲ ခုန်သွားခဲ့သည်။
သူမ ခေါင်းကို ဖြည်းညှင်းစွာ လှည့်လိုက်ပြီး သူခိုးလူမိသည့်နှယ် ထိတ်လန့်တုန်လှုပ်နေသည့် ချောင်ပိုင်ရွှမ်ကို ကြည့်လိုက်၏။
သူမ၏ အတင်းအဖျင်း ဝိဉာဏ်က မကြာခင် သတင်း တစ်ခု ရှိလာတော့မည် ဖြစ်ကြောင်း အသိပေးကြေညာနေသည်။
ချောင်ပိုင်ရွှမ်က သူ့ အသက်နှင့် မလိုက်သည့် အမြန်နှုန်းဖြင့် ဂျိုအန်းနာထံ လျှောက်လှမ်းသွားပြီး …
“ ဖြန်း ….”
သူ့ လက်ကို ပင့်မြှောက်ပြီး ပါးတစ်ချက် ချလိုက်၏။
ဂျိုအန်းနာ၏ ဘယ်ဘက်ပါးမှာ ယောင်ကိုင်းသွားခဲ့ပြီး “ ရှင်က ကိုယ့်ဇနီးကိုယ် သတ်ခဲ့တယ် …” သူမက ဝမ်းနည်းကြေကွဲစွာ မြည်တမ်းလိုက်ပြီး “ ရှင့်မှာ အသိစိတ်ဆိုတာ ရှိသေးရဲ့လား ….”
“ တိတ်စမ်း ….”
ချောင်ပိုင်ရွှမ်က ဂျိုအန်းနာကို နောက်တစ်ချက် ထပ်ရိုက်လိုက်သည်။
ဂျိုအန်းနာ၏ နှုတ်ခမ်းထောင့်ကနေ သွေးတို့ စီးကျလာခဲ့၏။
“ သူ ပေါက်ကရလျှောက်ပြောနေတာတွေ နားမယောင်ပါနဲ့ ဒေါက်တာချန် …. ဒီ သရဲမကို ငရဲသာ မြန်မြန်ပို့လိုက်စမ်းပါ ….”
ချောင်ပိုင်ရွှမ်က ကမန်းကတမ်း တောင်းဆိုလိုက်၏။
ဤစကားကြားတော့ ဂျိုအန်းနာက ချောင်ပိုင်ရွှမ်ကို အဝေးသို့ တွန်းထုတ်ပြီး ဆရာယောင် တစ်ဦးဦး ကျကျန်ခဲ့သည့် ပစ္စည်းကို ကောက်ကာ မလှမ်းမကမ်းရှိ ငါးကန်သို့ ပစ်ပေါက်လိုက်၏။
ခွမ်း …
ငါးကန်က ကွဲကြေသွားခဲ့ပြီး ငါးနှင့် ဖန်စများက ကြမ်းပြင်အနှံ့သို့ ပြန့်ကျဲသွားခဲ့၏။
ဂျိုအန်းနာက ဖန်ကွဲစ တစ်ခုကို ကောက်ယူကာ သူမ၏ လည်ပင်းသို့ တင်ထားလိုက်သည်။
“ ကျွန်မ အမေကို ရှင်တို့ တစ်ခုခု ထိခိုက်အောင် လုပ်ရဲလုပ်ကြည့်စမ်း … အခု ရှင်တို့ရှေ့မှာပဲ တစ်ခါတည်း သေပြလိုက်မယ် ….”
“ သမီး မင်း …..”
ချောင်ပိုင်ရွှမ် ဒေါသထွက်လွန်း၍ မျက်တောင့်ကြီး နီရဲလာသည်။
သူ့ ဘဏ္ဍာထိန်းကို ဂျိုအန်းနာလက်ထဲက ဖန်ကွဲစကို ယူဖို့ အမိန့်ပေးလိုက်၏။
ဘဏ္ဍာထိန်းမှာ နေရာတွင် ငူငူငိုင်ငိုင်ကြီး ရပ်နေမိရင်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်နေသည်။ သူ ကူကယ်ရာမဲ့စွာ ပြန်ပြောလိုက်၏။ “ သခင်ကြီးလည်း သခင်မလေးရဲ့ စရိုက်ကို သိရဲ့သားနဲ့ … တကယ်လို့ ကျုပ်သာ သွားလိုက်ရင် သူ … သူ တကယ်ကြီး လုပ်လောက်တယ် ….”
“ အမှိုက်ကောင် … မင်းလည်း တကယ့် အမှိုက်ကောင်ပဲ ….”
“ လုံခြုံရေးတွေ ….”
ဘဏ္ဍာထိန်းအပေါ် မှီခိုလို့မရတော့ ပိုင်ချောင်ရွှမ်က တံခါးဝသို့ အော်ဟစ်လိုက်သည်။
သုံးလေးကြိမ်ခန့် အော်မြည်သော်လည်း မည်သူကမျှ အထဲသို့ ဝင်မလာကြချေ။
လုံခြုံရေး အစောင့်များလည်း ဆရာယောင်များနှင့်အတူ ထွက်ပြေးသွားခြင်း ဖြစ်ကြောင်း သိသာလှ၏။
“ ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ ဒေါက်တာချန် ….”
သားအဖနှစ်ယောက်က အချင်းချင်း ရန်တွေ့နေစဉ် ကျိုးခဲ့ရှင်းက ချန်ယွီ့ ဘေးနားသို့ လျှောက်လာပြီး တီးတိုးလေး မေးလိုက်၏။
“ မပူနဲ့ … အဲ့မိန်းမကို နှိုးလိုက် ….” ချန်ယွီ့ ညင်သာစွာ ပြုံးပြီး ပြောလိုက်သည်။
ချန်ယွီ့ ပြောသည့် အမျိုးသမီးက ချောင်ပိုင်ရွှမ်၏ နောက်မယား ၊ ယောင်လင်ကိုပင်။
ကျိုးခဲ့ရှင်းက ယောင်လင်၏ ဘေးနားတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူမ၏ နှာခေါင်းကို ဆွဲဆိတ်လိုက်၏။
“ ငါ့ကို ဘယ်သူ လာဆိတ်နေတာလဲ …..”
နောက်တစ်စက္ကန့်၌ ယောင်လင် မျက်လုံးဖွင့်လာခဲ့၏။
လေထဲတွင် ဝူးဝူးဝါးဝါးနှင့် ရုန်းကန်နေသည့် သရဲမကို မြင်တော့ ယောင်လင် တစ်ဖန် မေ့မြောလုနီးပါး ဖြစ်သွားခဲ့လေသည်။
“ ရှင် အမေ့ကို အမြဲတမ်း အနိုင်ကျင့်ခဲ့တယ် … နောက်ဆုံး မယားငယ်ကို ရာထူးတိုးပေးဖို့အတွက်နဲ့ ကျွန်မ အမေကိုတောင် ရှင်ကိုယ်တိုင် သတ်ခဲ့သေးတယ် ….”
“ အမေ အခုလို သရဲဖြစ်လာတာတောင် ရှင်က အလွှတ်မပေးချင်သေးဘူး …. ရှင့်ကိုယ်ရှင် လူလို့ ခေါ်ထိုက်ရဲ့လား ….”
ဂျိုအန်းနာက သူ့ဖခင်ကို နာကျည်းမုန်းတီးစွာဖြင့် ကျယ်လောင်စွာ မေးခွန်းထုတ်လိုက်၏။
“ စောက်အဓိပ္ပာယ်မရှိတာ … သူက မင်းအမေ ၊ ပြီးတော့ ငါ့မိန်းမ … ငါ ဘာလို့ သူ့ကို သတ်ရမှာလဲ ….”
“ မင်းအမေက မတော်ဆ ဖြစ်ပြီး သေသွားတာကွ … ငါနဲ့ ဘာမှ မဆိုင်ဘူး ….”
သူ့ဖခင်၏ ဖြေရှင်းစကားကိုကြားတော့ ဂျိုအန်းနာ ခါးသီးမှု အပြည့်ဖြင့် ရယ်မောလိုက်၏။
“ ကိုယ့်ဦးခေါင်းရဲ့ သုံးပေအထက်မှာ နတ်တွေရှိတယ် … လူတွေကိုသာ လိမ်လို့ရရင် ရမယ် ၊ နတ်တွေကိုတော့ လိမ်လို့မရဘူး … ဒီစကားက ရှင် ကျွန်မ ငယ်ငယ်လေးတုန်းက သင်ပေးခဲ့တဲ့ စကားတွေ မဟုတ်ဘူးလား ….”
“ အခု ရှင့်ကို ဒီစကား ပြန်ပြောလိုက်မယ် ….”
“ ကျွန်မ အမေက မတရား သေခဲ့ရတာ …. “ ဂျိုအန်းနာက ခိုင်မာလေးနက်သည့် လေသံဖြင့် ဆိုလိုက်ပြီး “ သူ ကျွန်မကိုယ်ထဲ ဝင်ပူးခဲ့တယ်ဆိုပေမယ့် ကျွန်မကို ဒုက္ခပေးဖို့ အကြံအစည် မရှိခဲ့ဘူး …. ကျွန်မကို အမှန်တရား ပြောပြချင်ခဲ့ရုံပဲ ….”
“ သူ သေတဲ့အချိန်တုန်းက ဘယ်လောက်တောင် သနားဖို့ကောင်းပြီ … ဘယ်တောက်ထိ ဝမ်းနည်းကြေကွဲဖို့ ကောင်းလဲ ဆိုတာ သိစေချင်ရုံသပ်သပ်ပဲ ….”
“ အမေ ကျွန်မရဲ့ ကိုယ်ထဲမှာ ဝင်ပူးတုန်း အဲ့တုန်းက ဖြစ်ပျက်ခဲ့သမျှ ကိစ္စတွေ အကုန်လုံးကို ကျွန်မဆီ ပြောပြထားပြီးသား ….”