အခန်း (၃၃-၃၄)
Vol. 4 Ch. 33-34
အပိုင်း(၃၃)- ဂိုဏ်းတစ်ခုလုံးတွင် အကောင်းဆုံး ထမင်းစားဆောင်
နင်းဖန်သည် ကောင်းကင်ဘုံ အဆင့်မြင့် သိုင်းပညာတစ်ခုကို တစ်ရက်တည်းဖြင့် ကျွမ်းကျင်သွားခဲ့ရာ ဂိုဏ်းတစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့၏။
သိန်းနှင့်ချီသော တပည့်များ အားလုံးသည် မှင်တက်သွားကြပြီး သူတို့ မနိုးသေးဟုပင် ထင်မှတ်နေခဲ့ ကြသည်။ အခြားသူများ ဆယ်စုနှစ်များစွာ ကြိုးစားပမ်းစား လေ့ကျင့်ရမည့် သိုင်းပညာများကို တပည့် ခေါင်းဆောင် နင်းသည် နာရီအနည်းငယ်အတွင်း သင်ယူနိုင်ခဲ့လေ၏။
ဤအချိန်တွင် နင်းဖန်သည် လက်သီး နည်းစနစ်၏ အထွေထွေ အခြေခံသဘောတရားများကို ပိုမို ကျွမ်းကျင်လာသည်နှင့်အမျှ လက်သီး အရိပ်များအတွင်း ပုန်းကွယ်နေသော တောင်ပုံသဏ္ဌာန်များသည် ပိုမို ထင်ရှားလာခဲ့လေသည်။
အဆုံးတွင် ထိုအရာများသည် လုံးဝနီးပါး ရှင်းလင်းစွာ ပေါ်လာခဲ့၏။
လှုပ်ရှားမှုတိုင်းနှင့် ကိုယ်နေဟန်ထားတိုင်းသည် တန်ချိန်တစ်သောင်းကဲ့သို့ လေးလံနေပြီး ကောင်းကင် နှင့်မြေကြီးကို လွှမ်းခြုံထားသော အင်အားကြီးမားသည့် အရှိန်အဝါတစ်ခု ပါဝင်နေခဲ့လေသည်။
"သူ အောင်မြင်မှုအသေးစားကို ရောက်တော့မယ်...။"
ထိုက်ရီအကြွင်းအကျန်နယ်မြေ အတွင်း၌ အံ့အားသင့်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့၏။
အကြီးအကဲများစွာသည် အံ့ဖွယ်အရာတစ်ခုကို မြင်တွေ့နေရသကဲ့သို့ ကြည့်နေကြပြီး အလွန်အမင်း စိတ်လှုပ်ရှားနေသဖြင့် သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ကြတော့ချေ။
အထူးသဖြင့် ချွမ်းကုန်းတောင်ထိပ်၏ တောင်ထိပ်အရှင်သခင် ရွှီယိုဝေသည်
"ထူးဆန်းတယ်"
"မဖြစ်နိုင်ဘူး" ဟူသော စကားလုံးများကို ရေရွတ်ရင်း သူ၏ ခေါင်းကိုသာ တဗျင်းဗျင်း ကုတ်နေခဲ့၏။
နင်းဖန်နှင့် ဖြစ်ပျက်နေသော မြင်ကွင်းများသည် ကျင့်ကြံခြင်းကမ္ဘာ၏ သာမန် အသိတရားနှင့် လုံးဝကို ဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်ပင်။
ကမ္ဘာကြီးသည် ကျယ်ပြောလှပြီး ထူးဆန်းသော အဖြစ်အပျက်များ သို့မဟုတ် ထူးခြားသော လူများ မရှိသည်တော့ မဟုတ်သော်လည်း ဤအရာမှာ အနည်းငယ် ထူးဆန်းလွန်းနေသည်။ ဘဝတစ်ဝက်လုံး တပည့်များကို ကျင့်ကြံရန် သင်ကြားပေးခဲ့သော ဤချွမ်းကုန်းတောင်ထိပ်၏ တောင်ထိပ် အရှင်သခင်ပင်လျှင် တစ်ခဏမျှ မိန်းမောသွားပြီး ကိုယ့်ကိုယ်ကိုယ် သံသယဝင်မှု အနည်းငယ်ပင် ရှိလာသည်အထိ ဖြစ်၏။
သူတော်စင်၏ မျက်နှာမှာ အံ့အားသင့်မှုများဖြင့် ပို၍ပင် ဗလာကျင်းနေခဲ့သည်။ သူသည် မျက်လုံးများကို ပြူးကျယ်ထားကာ ဘယ်ညာ ကြည့်နေပြီး ဤမြင်ကွင်းကို မယုံကြည်နိုင်ဖြစ်နေခဲ့၏။
"ဒါ မဖြစ်နိုင်ဘူး...။"
"မင်းက ဒါကိုတောင် ကျွမ်းကျင်နိုင်တာလား...။"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...။"
သူတော်စင်သည် မျက်လုံးများကို အကြိမ်ကြိမ် ပွတ်သပ်ကာ မှိတ်လိုက် ဖွင့်လိုက် လုပ်နေပြီး ထိုအရာမှာ သူ၏ စိတ်ကူးယဉ်မှုသက်သက် ဖြစ်ပါစေဟု သူ၏ နှလုံးသားထဲတွင် အပြင်းအထန် မျှော်လင့်နေမိ ခဲ့သည်။
သို့သော် ပတ်ဝန်းကျင်ရှိ လူများ၏ အံ့အားသင့်သံများက ဤအရာအားလုံးမှာ အစစ်အမှန်ဖြစ်ကြောင်း သူ့ကို ရှင်းလင်းစွာ ပြောပြနေခဲ့၏။ နင်းဖန်သည် တစ်ရက်တည်း အသုံးပြုရုံဖြင့် ကောင်းကင်ဘုံ အဆင့် မြင့် သိုင်းပညာတစ်ခုကို အောင်မြင်မှုအသေးစားအထိ ကျင့်ကြံတော့မည်ပင် ဖြစ်သည်။
"ဝုန်း... "
နောက်ဆုံးတွင် အောက်ဘက်ရှိ သိုင်းပညာ လေ့ကျင့်ရေးကွင်းပေါ်၌။
လက်သီး နည်းစနစ်၏ နောက်ဆုံး ကိုယ်နေဟန်ထားသည် နင်းဖန်၏ လက်ထဲတွင် စုစည်းသွားသည်နှင့် အမျှ သူ၏ ပတ်လည်ရှိ အရှိန်အဝါသည် ရုတ်တရက် ပြိုကျသွားပြီးနောက် အပြည့်အဝ ပေါက်ကွဲထွက် လာခဲ့လေတော့၏။
မျက်စိတစ်မှိတ်အတွင်းမှာပင်။
သူ၏ ကြွက်သားများနှင့် အရိုးများသည် နဂါးတစ်ကောင်၏ မာန်ဖီသံကဲ့သို့ အတူတကွ မြည်ဟည်းသွား ပြီး သူ၏ ကျောရိုးဆစ်များသည် တစ်ခုပြီးတစ်ခု ချိတ်ဆက်သွားခဲ့လေသည်။
ကြီးကျယ်ခမ်းနားသော လက်သီးဆန္ဒ ငါးခုသည် ကောင်းကင်သို့ ထိုးတက်သွားပြီး သူ၏ ခေါင်းပေါ်တွင် စုစည်းလာသော တောင်ကြီးများ၏ ပုံရိပ်ယောင် ငါးခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေ၏။
အရှေ့ဘက်တောင်၏ ခမ်းနားမှု၊ အနောက်ဘက်တောင်၏ အန္တရာယ်၊ တောင်ဘက်တောင်၏ အလှအပ၊ မြောက်ဘက်တောင်၏ အေးချမ်းမှုနှင့် အလယ်တောင်၏ မြင့်မားမှု...။ တောင်ငါးလုံး၏ စစ်မှန်သော ပုံစံ များသည် ဤလက်သီးတစ်ချက်တည်းတွင် အားလုံး ပါဝင်နေခဲ့လေသည်။
စက္ကန့်အနည်းငယ်အကြာတွင် နင်းဖန်သည် လက်သီးကို ရုပ်သိမ်းလိုက်ပြီး မတ်တတ်ရပ်လိုက်၏။
သူ၏ ပတ်လည်ရှိ လေပြင်းများသည် မပျောက်ကွယ်ဘဲ စုစည်းနေပြီး ကျန်ရစ်နေသော လက်သီး အရိပ် များသည် ရုပ်ဝတ္ထုများကဲ့သို့ ရစ်ဝဲနေခဲ့သည်။
သူသည် နောက်ကျိနေသော လေတစ်ချက်ကို ရှူထုတ်လိုက်ပြီး သူ၏ မျက်လုံးများတွင် လျှပ်စီးကဲ့သို့ ထက်မြက်သော အလင်းရောင်တစ်ခု တောက်ပသွားခဲ့၏။
တောင်ငါးလုံး စစ်မှန်သော ပုံစံ လက်သီး ကို ကျွမ်းကျင်သွားပြီ ဖြစ်လေသည်။
မော့ကြည့်လိုက်ရာ ကောင်းကင်မှာ မှောင်မိုက်နေပြီး လမင်း၏ အရိပ်မှာ ဝေဝါးနေခဲ့၏။
သူသည် မနက်ကတည်းက ယခုအချိန်အထိ နေ့တစ်ပိုင်းစာ အချိန်ဖြစ်သည့် လေးနာရီတိတိ ကျင့်ကြံ နေခဲ့ခြင်းပင် ဖြစ်လေသည်။
"စနစ်က ငါ့ကို မလိမ်ခဲ့ဘူး...။ သူက ကျွမ်းကျင်ဖို့ တစ်ရက် ကြာမယ်လို့ ပြောခဲ့တယ် ပြီးတော့ တကယ်ပဲ တစ်ရက် ကြာခဲ့တယ်...။"
နင်းဖန်က သူ၏ ပခုံးများကို ခါယမ်းလိုက်ရာ သူ၏ ကြွက်သားများနှင့် အရိုးများက အက်ကွဲသံများ မြည် လာပြီး တုန်ခါမှုကြောင့် ပတ်ဝန်းကျင် လေထုတွင် လှိုင်းဂယက်များ ဖြစ်ပေါ်လာခဲ့၏။
ယခုအခါ သူသည် အင်အား ဂျင် တစ်သောင်းသာရှိသော သာမန်လူကြမ်း တစ်ယောက် မဟုတ်တော့ ချေ။
ကောင်းကင်ဘုံ အဆင့်မြင့် သိုင်းပညာသည် သံကို ရွှေအဖြစ် ပြောင်းလဲလိုက်သကဲ့သို့ ဤရုပ်ခန္ဓာကိုယ် ကို ဖျက်ဆီး၍မရသော နတ်ဘုရားလက်နက်တစ်ခုအဖြစ် သန့်စင်ပေးခဲ့ပြီး ထိုအရာ၏ ထက်မြက်သော အစွမ်းကို အပြည့်အဝ ဖော်ပြနေခဲ့သည်။
"ဂွီ... "
နင်းဖန်သည် စိတ်လှုပ်ရှားနေပြီး အောင်မြင်မှုအသေးစားရှိ တောင်ငါးလုံး စစ်မှန်သော ပုံစံ လက်သီး ၏ စွမ်းအားကို စမ်းသပ်ရန် စိတ်အားထက်သန်နေချိန်မှာပင်...။
ရုတ်တရက် ဆာလောင်မှု လှိုင်းတံပိုးတစ်ခုက သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဖြတ်သန်းသွားခဲ့၏။
စားချင်စိတ် ပြင်းပြမှုတစ်ခုသည် ပေါက်ကွဲထွက်လာရာ နင်းဖန်သည် အခြား အတွေးများ အားလုံးကို အလျင်အမြန် စွန့်လွှတ်လိုက်ရပြီး သူ၏ ဗိုက်ကို ဖြည့်ရန်သာ လိုလားတော့သည်။
"ငါ လေ့ကျင့်နေတာ အရမ်းကြာသွားပြီ... ငါ ဘာမှမစားရတာ နှစ်ရက်ရှိပြီဆိုတာကိုတောင် မေ့လုနီးပါး ဖြစ်သွားတယ်..."
နင်းဖန်သည် မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ နှလုံးသားထဲတွင် အနည်းငယ် အကူအညီမဲ့သလို ခံစား လိုက်ရ၏။
ဂိုဏ်းတစ်ခုလုံး ပျောက်ကွယ်သွားကြောင်း သူ သိလိုက်ရသည့် နေ့မှစ၍ သူသည် လာမည့် ကမ္ဘာပျက် မည့် ဘေးအန္တရာယ်၏ အကျပ်အတည်းအောက်တွင် ရှိနေခဲ့ပြီး စနစ်က တွန်းအားပေးမှုများကြောင့် ယုံကြည်နိုင်စရာ မရှိလောက်အောင် အလုပ်များနေခဲ့သည်။
ကျမ်းစာဆောင်မှ ထွက်ခွာပြီးနောက် သူသည် နေ့တစ်နေ့ ညတစ်ည အိပ်စက်ခဲ့ပြီး ယနေ့တွင် တောင်ငါး လုံး စစ်မှန်သော ပုံစံ လက်သီး ကို အောင်မြင်မှုအသေးစားအထိ မမောမပန်း လေ့ကျင့်နေခဲ့၏။
သုံးရက်တိတိ သူ၏ ပါးစပ်ထဲသို့ ရေတစ်စက်မျှ မဝင်ခဲ့သလို ဆန်တစ်စေ့မျှလည်း မဝင်ခဲ့ချေ။ သူ ယခုတိုင်အောင် ငတ်မသေသေးသည့် အကြောင်းရင်းမှာ သူ၏ ခန္ဓာကိုယ်သည် ရုပ်ခန္ဓာကိုယ်သန့်စင် ခြင်းအဆင့်သို့ ရောက်ရှိနေသောကြောင့်ပင်။
"ထားလိုက်ပါတော့ အရင်ဆုံး သွားစားမယ် ပြီးမှ ကောင်းကောင်း အနားယူမယ်...။"
နင်းဖန်သည် ရှေးဟောင်း စာအုပ်များကို ဖတ်ဖူးပြီး အစာငတ်ခံခြင်း သည် ခရမ်းစံအိမ်အထက်ရှိ သူများသာ လုပ်ဆောင်နိုင်သောအရာ ဖြစ်ကြောင်း သိထား၏။
ဆန့်ကျင်ဘက်အားဖြင့် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း၊ စိတ်ဝိညာဉ်သန့်စင်ခြင်းနှင့် စိတ်ဝိညာဉ်ပုံသွင်းခြင်း နယ်မြေသုံးခုအတွက် စားခြင်းနှင့် အိပ်ခြင်းသည် အလွန် အရေးကြီးပေသည်။
ဆိုရိုးစကားရှိသည့်အတိုင်း လေ့ကျင့်မှု သုံးပုံ၊ စားသောက်မှု ခုနစ်ပုံ။ ဤစကားပုံသည် ကျင့်ကြံခြင်း လမ်းကြောင်းနှင့်လည်း သက်ဆိုင်ပေသည်။
သဘာဝကျစွာပင် ကျင့်ကြံသူများ စားသုံးသောအရာများမှာ သေမျိုးများ၏ ကောက်ပဲသီးနှံများ မဟုတ် ဘဲ အမျိုးမျိုးသော ဝိညာဉ်ဆန်များနှင့် ဝိညာဉ်စမ်းရေများ ဖြစ်ကြ၏။
သို့မဟုတ် နတ်ဆိုးသားရဲများ၏ အသားနှင့် သွေးများ ဖြစ်သည်။
ဤအရာများသည် အောက်ခြေနယ်မြေ ကျင့်ကြံသူများအတွက် အလွန် အာဟာရဖြစ်စေ၏။
အထူးသဖြင့် ကျင့်ကြံခြင်းလမ်းကြောင်းပေါ်သို့ ယခုလေးတင် ခြေချလာသော သူ့လို ရုပ်ခန္ဓာကိုယ် သန့်စင်ခြင်း လူသစ်တစ်ယောက်အတွက် ထိုအရာမှာ ပိုစားရန်နှင့် ပိုလေ့ကျင့်ရန် အချိန်ကိုက်ပင် ဖြစ် သည်။
ဤသည်ကို တွေးမိသောအခါ နင်းဖန်သည် ဆက်လက် တုံ့ဆိုင်းမနေတော့ဘဲ ပျံသန်းသည့်လှေပေါ်သို့ ချက်ချင်း ခုန်တက်ကာ သားရဲတစ်သောင်း တောင်ထိပ်ဆီသို့ တိုက်ရိုက် ဦးတည်သွားခဲ့လေတော့၏။
သူ၏ အနောက်တွင် လုံးဝန်းပြီး ဝတုတ်သော သံတုံးတစ်တုံးက ကပျာကယာ လိုက်ပါလာပြီး ထိုအရာ၏ စုတ်ပြဲနေသော အတောင်ပံငယ်လေးများကို ခတ်ကာ နင်းဖန်၏ ပျံသန်းသည့်လှေနောက်သို့ လိုက်ရန် ကြိုးစား ရုန်းကန်နေခဲ့လေသည်။
သို့သော် ထိုအရာ၏ အမြန်နှုန်းမှာ အလွန် နှေးကွေးလွန်းသဖြင့် ပို၍ပို၍ နောက်ကောက်ကျကျန်ရစ် တော့မည်သာ ဖြစ်လေ၏။
ဤသည်ကို မြင်သောအခါ နင်းဖန်သည် အနည်းငယ် တုံ့ဆိုင်းသွားပြီးနောက် ပျံသန်းသည့်လှေကို ပြန်လှည့်ရန် ထိန်းချုပ်လိုက်ကာ ချုံးချီလေးကို ကောက်ယူပြီး သူ၏ ရင်ခွင်ထဲသို့ ထည့်လိုက်လေ သည်။
ထို့နောက် သူ လှည့်ကာ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ညအမှောင်ထဲသို့ ပျောက်ကွယ် သွားလေတော့၏။
ထိုက်ရီအစစ်အမှန်ဂိုဏ်းသည် နေရာအနှံ့အပြားတွင် တောင်ထိပ် ခုနစ်ဆယ့်နှစ်ခုရှိသော ကျယ်ပြော လှသည့် ဧရိယာကို လွှမ်းခြုံထားပြီး တပည့်များ အနီးအနားတွင် စားသောက်နိုင်ရန် တောင်ထိပ်တိုင်း တွင် ထမင်းစားဆောင်တစ်ခုကို တည်ဆောက်ထားခဲ့လေသည်။
သဘာဝကျစွာပင် ထမင်းစားဆောင်များစွာ ရှိသော်လည်း ထိုအရာများကို အရည်အသွေးအလိုက် အဆင့်ခွဲထား၏။
အဓိက တောင်ထိပ် ဆယ့်နှစ်ခုရှိ အစားအစာများသည် အပြင်တောင်ထိပ်များရှိ အစားအစာများထက် အရည်အသွေး ပိုကောင်းမည်မှာ သေချာပေသည်။
ယခု နင်းဖန် သွားနေသော သားရဲတစ်သောင်း တောင်ထိပ်နှင့် ပတ်သက်၍မူ ထိုတောင်ထိပ်သည် ဂိုဏ်းအတွင်း အစားအစာအတွက် အကောင်းဆုံးအဖြစ် သတ်မှတ်ခြင်းခံထားရလေ၏။
အကြောင်းရင်းမှာ သဘာဝကျစွာပင် ဤတောင်ထိပ်ပေါ်တွင် နတ်ဆိုးသားရဲ အများအပြားကို မွေးမြူ ထားသောကြောင့်ပင်ဖြစ်လေ၏။
ဤနတ်ဆိုးသားရဲများထဲတွင် သိမ်မွေ့သော သဘာဝရှိသူများကို စီးနင်းရန်အတွက် ယဉ်ပါးအောင် သင်ကြားပေးမည်ဖြစ်ပြီး ထိုအချိန်တွင် ထိုအရာများကို ဝိညာဉ်သားရဲများဟု ခေါ်ဆိုမည် ဖြစ်သည်။
ထိန်းချုပ်ခံရန် ငြင်းဆန်သော ကြမ်းတမ်းသည့် စိတ်သဘောထား ရှိသော သားရဲများကိုမူ တပည့်များ အတွက် စမ်းသပ်မှု အတားအဆီးများအဖြစ် အသုံးပြုမည် ဖြစ်လေ၏။
ထိုအချက်ကြောင့် သားရဲတစ်သောင်း တောင်ထိပ်ပေါ်တွင် နေ့စဉ် နတ်ဆိုးသားရဲ အများအပြား သေဆုံး ကြရလေသည်။
ဤသေဆုံးသွားသော နတ်ဆိုးသားရဲများ၏ အသားနှင့် သွေးများကို အများဆုံး အသုံးပြုကြပြီး အရသာရှိသော ဟင်းလျာများအဖြစ် ချက်ပြုတ်ရန် တောင်ထိပ် အသီးသီးရှိ ထမင်းစားဆောင်များသို့ ပို့ဆောင်ကြ၏။
ထိုအရာများအနက် သားရဲတစ်သောင်း တောင်ထိပ်၏ သားရဲအသားသည် တောင်ထိပ် အားလုံးတွင် အရည်အသွေး အကောင်းဆုံး ဖြစ်ကြောင်းဆိုသည်မှာ သံသယဖြစ်ဖွယ် မရှိချေ။
တစ်ခါတစ်ရံတွင် ထိပ်တန်းအဆင့် မဟာနတ်ဆိုးများ၏ အသားနှင့် သွေးများပင် ရှိတတ်၏။
ပုံမှန်အားဖြင့် ဤတောင်ထိပ်သို့ လာရောက် စားသောက်သူ အများစုမှာ အဆင့်အမျိုးမျိုးမှ အကြီးအကဲ များ၊ ဂိုဏ်း၏ အစစ်အမှန်တပည့်များနှင့် အတွင်းစည်း ဂုဏ်ထူးဆောင်များ ဖြစ်ကြလေသည်။
နင်းဖန်ကဲ့သို့သော အပြင်စည်း အစမ်းခန့်တပည့် တစ်ယောက်နှင့် ပတ်သက်၍မူ အဆင့်မြင့် နတ်ဆိုး သားရဲ အသားတစ်လုတ် စားရရန် နေနေသာသာ ထိုအသား၏ အနံ့ကိုပင် မရနိုင်ချေ။
သူသည် အပြင်တောင်ထိပ် ထမင်းစားဆောင်တွင် ဝိညာဉ်ဆန်ပြုတ် အချို့ကိုသာ စားရန် သင့်တော်ပြီး အများဆုံးအနေဖြင့် အဆင့်နိမ့် သားရဲငယ် အသား အနည်းငယ်သာ ရရှိနိုင်ပေသည်။
သို့သော် ယခုအခါ ဂိုဏ်းတစ်ခုလုံး ပျောက်ကွယ်သွားပြီဖြစ်ရာ နင်းဖန်သည် သဘာဝကျစွာပင် သူ့ကိုယ် သူ နှိပ်စက်မည် မဟုတ်ချေ။
အကယ်၍ သူ စားရမည်ဆိုပါက သူသည် အကောင်းဆုံးကိုသာ စားမည် ဖြစ်၏။
လမ်းတစ်လျှောက်လုံး တိမ်များနှင့် မြူများကို ဖြတ်သန်းသွားပြီးနောက် နင်းဖန်သည် မကြာမီ သားရဲ တစ်သောင်း တောင်ထိပ် ထမင်းစားဆောင်သို့ ရောက်ရှိသွားခဲ့လေသည်။
ထိုက်ရီအစစ်အမှန်ဂိုဏ်းသည် ဂိုဏ်းတစ်ခုလုံး ဝင်္ကပါ အလိုအလျောက် စနစ် ကို အလေးပေးထားပြီး အစေခံ ရာထူးများကို မထားရှိချေ။ တောင်ထိပ်တစ်ခုစီရှိ အဆောက်အအုံများမှာ အတူတူပင် ဖြစ် သည်။
ထမင်းစားဆောင်တွင် အဖိုးတန် အဆင့်မြင့် နတ်ဆိုးသားရဲ အသားများ ပေါ်လာသောအခါမှသာ အချက် အပြုတ် နည်းစနစ်တွင် ကျွမ်းကျင်သော အကြီးအကဲတစ်ဦးကို ကိုင်တွယ်ရန် အထူး စေလွှတ်လေ့ရှိ၏။
ပုံမှန်အားဖြင့် ပါဝင်ပစ္စည်းများကို အလိုအလျောက် ချက်ပြုတ်ရန် ဝင်္ကပါများအပေါ်တွင်သာ မှီခိုလေ သည်။
တပည့်များသည် သူတို့၏ တိုကင်များကို အသက်သွင်းပြီး ပံ့ပိုးမှုအမှတ်များကို အသုံးပြုကာ သူတို့ လိုချင်သော ဟင်းလျာများကို ရွေးချယ်ရန်သာ လိုအပ်၏။
နင်းဖန် ထမင်းစားဆောင် ဧည့်ခန်းအတွင်းသို့ ဝင်သွားပြီးနောက် သူသည် အနောက်ဘက်ဆုံးရှိ အဆင့် မြင့် ဝင်္ကပါ ချက်ပြုတ်ရေး ဧရိယာဆီသို့ တိုက်ရိုက် ဦးတည်သွားခဲ့လေသည်။
ဤဧရိယာ၏ ထိပ်တွင် သစ်သားဆိုင်းဘုတ်များကို ချိတ်ဆွဲထားပြီး ဟင်းလျာများ၏ အမည်များနှင့် ထိုဟင်းလျာများ၏ ဈေးနှုန်းများကိုလည်း ရေးသားထားလေ၏။
အခြေခံအားဖြင့် ဟင်းလျာတိုင်းသည် ပံ့ပိုးမှုအမှတ် တစ်ထောင်ကျော် ကုန်ကျလေသည်။
ထိုအရာများအနက် စိတ်ဝိညာဉ်ပုံသွင်းခြင်းအဆင့်နှင့် ယှဉ်နိုင်သော နတ်ဆိုးသားရဲများ၏ အသားဖြင့် ပြုလုပ်ထားသည့် အထင်ကရ ဟင်းလျာ သုံးခု ရှိပြီး လိုအပ်သော ပံ့ပိုးမှုအမှတ်များမှာ တိုက်ရိုက် တစ်သောင်းကျော်နေခဲ့၏။
ဤသည်မှာ ယခင်က နင်းဖန် တွေးပင် မတွေးရဲခဲ့သော ကိန်းဂဏန်းတစ်ခု ဖြစ်လေသည်။ ဂိုဏ်းတစ်ခု လုံးရှိ သိန်းနှင့်ချီသော တပည့်များထဲတွင် လူအနည်းငယ် ရာဂဏန်းခန့်သာ ထိုဟင်းလျာများကို စားဖူး လောက်အောင် ကံကောင်းကြပေလိမ့်မည်။
နင်းဖန်သည် ယခုအခါ ချမ်းသာပြီး ဩဇာလွှမ်းမိုးနေပြီဖြစ်ရာ ဈေးနှုန်းများကို တစ်ချက်မျှပင် မကြည့်ဘဲ ဝင်္ကပါ မျက်လုံး ကျောက်စာတိုင်ပေါ်သို့ သူ၏ တပည့် လက်မှတ်ကို တိုက်ရိုက် ကပ်ကာ ဟင်းလျာများ ကို အငမ်းမရ မှာယူလိုက်လေတော့၏။
အချိန်တိုလေးအတွင်းမှာပင် သူသည် ပံ့ပိုးမှုအမှတ် တစ်သိန်းသုံးသောင်း ကုန်ဆုံးသွားခဲ့လေသည်။
ဝင်္ကပါသည် အမှန်တကယ်ပင် ငွေကိုယူကာ အလုပ်လုပ်ပေးခဲ့၏။ ချက်ချင်းပင် စတင် လည်ပတ်လာပြီး နတ်ဆိုးသားရဲ အသားတုံးများသည် ထမင်းစားဆောင်၏ အတွင်းပိုင်း သိုလှောင်ရုံမှ လွင့်ထွက်လာကာ ဝင်္ကပါ၏ အလယ်ဗဟိုတွင် ရပ်တန့်သွားကြလေသည်။
လေဟာနယ်ထဲတွင် ဝိညာဉ်အင်အား ဓားအလင်းတန်းများ ရုတ်တရက် တောက်ပသွားပြီး ထိုအသား များကို အတုံးလေးများအဖြစ် ဖြတ်တောက်လိုက်၏။
နောက်ဆုံးတွင် ထိုအသားများကို ဝင်္ကပါ၏ အောက်ခြေတွင် လှိုင်းထနေသော ဝိညာဉ်အင်အား စစ်မှန် သော မီးတောက်ဖြင့် ကင်ကာ ဟင်းခတ်အမွှေးအကြိုင် အမျိုးမျိုးကို ဖြူးလိုက်လေသည်။
လုပ်ငန်းစဉ် တစ်ခုလုံးမှာ သုံးမိနစ်မှ ငါးမိနစ်ထက် ပိုမကြာခဲ့ချေ။
နင်းဖန်သည် အံ့အားသင့်စွာ ကြည့်နေခဲ့၏။
ဤသည်မှာ ကျင့်ကြံခြင်းကမ္ဘာသည် ရေတွက်မရနိုင်သော ခေတ်ကာလများစွာ ဖွံ့ဖြိုးတိုးတက်လာ ပြီးနောက် ဝင်္ကပါများနှင့် ယန္တရားများကို မှန်ကန်စွာ အသုံးပြုသည့် နည်းလမ်းပင် ဖြစ်လေသည်။
ထိုအရာများကို ကာကွယ်ခြင်းနှင့် သတ်ဖြတ်ခြင်းအတွက် အသုံးပြုနိုင်သလို နေ့စဉ်ဘဝ၏ အသေးအဖွဲ ကိစ္စရပ်များကို ကိုင်တွယ်ရန်လည်း အသုံးပြုနိုင်ပေသည်။
နာရီဝက်ခန့် အကြာတွင်။
နင်းဖန်၏ ရှေ့တွင် ဟင်းလျာ စုစုပေါင်း ဆယ့်ခြောက်ခွက်နှင့်အတူ ဝိညာဉ်ဆန် ပန်းကန်လုံးကြီး တစ်လုံး ကို ချထားလိုက်လေ၏။
"ကျေနပ်စရာပဲ..."
နင်းဖန်သည် အလွန် ဆာလောင်နေပြီဖြစ်ပြီး အဆင့်မြင့် နတ်ဆိုးသားရဲ အသား၏ ရနံ့ကို ရှူရှိုက်လိုက် ရသဖြင့် သူ၏ ခံတွင်းမြိန်မှုမှာ ချက်ချင်း လှုံ့ဆော်ခံလိုက်ရကာ မကြာမီမှာပင် ပါးစပ်အနှံ့ အဆီများ ပေကျံနေအောင် စားသောက်နေလေတော့၏။
တစ်ချိန်တည်းမှာပင် အကန့်အသတ်မဲ့ တာအိုကျမ်းစာ အတွင်းရှိ အစာချေဖျက်ခြင်း နည်းစနစ်သည် လည်း တိတ်တဆိတ် လည်ပတ်နေခဲ့လေသည်။
သားရဲအသား တစ်တုံးစီ သူ၏ အစာအိမ်ထဲသို့ ဝင်ရောက်သွားပြီးနောက် အတွင်းရှိ အနှစ်သာရများကို လျင်မြန်စွာနှင့် အပြည့်အဝ စုပ်ယူသွားပြီး တိုးပွားလာသော အင်အားအဖြစ်သို့ ပြောင်းလဲသွားခဲ့၏။
တစ်ခဏတာတွင် နင်းဖန်သည် သူ၏ ကျင့်ကြံခြင်းအဆင့် သိသိသာသာ တက်လာသည်ကို ခံစားလိုက် ရပြီး ကုန်ဆုံး၍မရနိုင်သော အင်အားများဖြင့် နောက်တစ်ကြိမ် ပြည့်နှက်လာခဲ့လေသည်။
အခန်း (၃၄) ဘာပဲဖြစ်ဖြစ် ဒါကို နင်းဖန် မမြင်ပါစေနဲ့
နင်းဖန် သားရဲတစ်သောင်း တောင်ထိပ်သို့ ရောက်ရှိပြီး စတင် စားသောက်နေချိန်မှာပင်...
ဂိုဏ်း၏အထက် ထိုက်ရီအကြွင်းအကျန်နယ်မြေ အတွင်း၌။ တပည့်တစ်သိန်းကျော်နှင့် အကြီးအကဲ များစွာ အားလုံးသည် ဤမြင်ကွင်းကို ကြည့်နေခဲ့ကြ၏။
"သူ တကယ်ပဲ တောင်ငါးလုံး စစ်မှန်သော ပုံစံ လက်သီး ကို တစ်ရက်တည်းနဲ့ ကျွမ်းကျင်သွားတာပဲ...။"
"ဒီအကြောင်းကိုသာ သိရင် အဲဒီတုန်းက ဂိုဏ်းချုပ်စွန်း ဘယ်လို ထင်မလဲ မသိဘူးနော်...။"
"ငါ စိတ်ကူးတောင် မကူးရဲဘူး...။ လုံးဝ မစဉ်းစားရဲဘူး...။ နင်းဖန်က ရိုးရှင်းစွာပဲ လူသားဆန်မနေဘူး။"
"လူသားမဆန်ဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ...။"
"သာမန် ယုတ္တိတန်မှုကို ကျော်လွန်နေတဲ့သူပေါ့...။"
"ကောင်းတဲ့ ဖော်ပြချက်ပဲ...။ နင်းဖန်က တကယ်ပဲ အဲဒီလိုလူမျိုးပဲ...။ သူက အရမ်း အံ့ဩစရာကောင်း လွန်းနေတယ်။ ဒါက ပါရမီ အကန့်အသတ်ကို ရောက်သွားပြီးနောက် သေမျိုးခန္ဓာကိုယ်ရဲ့ အထူး စွမ်းရည်များ ဖြစ်နိုင်မလား...။"
"ဟင်... နင်းဖန်က သားရဲတစ်သောင်း တောင်ထိပ်ကို ရောက်လာတာပဲ...။ သူ သားရဲအမဲလိုက် စမ်းသပ် မှုတစ်ခု လုပ်တော့မလို့များလား...။"
"မဟုတ်ဘူး... သူ ဗိုက်ဆာနေတာ...။"
"နင်းဖန်လို လူမျိုးက အရမ်း ပါးနပ်တယ်လေ...။ သားရဲတစ်သောင်း တောင်ထိပ်ရဲ့ ထမင်းစားဆောင်က အစားအစာတွေက ငါတို့ဂိုဏ်းမှာ အကောင်းဆုံးဆိုတာ သူ သိလို့ အဲဒီကို တိုက်ရိုက် သွားတာပေါ့...။"
"ရိုးရိုးသားသား ပြောရရင် သားရဲတစ်သောင်း တောင်ထိပ် ထမင်းစားဆောင်ရဲ့ အတွင်းပိုင်းကို ငါ အခုမှ ပထမဆုံး မြင်ဖူးတာပဲ...။ တော်တော် ခမ်းနားအောင် တည်ဆောက်ထားတာပဲ...။"
"နေပါဦး... ငါ မျက်စိများမှားတာလား...။ ဟင်းတစ်ခွက်ကို ပံ့ပိုးမှုအမှတ် တစ်သောင်းတောင် ကျတာ လား...။"
"ဘုရားရေ နင်းဖန်က တစ်ထိုင်တည်းနဲ့ ဟင်း ဆယ့်ခြောက်ခွက်တောင် မှာလိုက်တာပဲ...။"
"နင်းဖန်... သူ အရမ်း အားရပါးရ စားနေတာပဲ...။"
လျှို့ဝှက်နယ်မြေ တစ်ခုလုံးသည် ဆွေးနွေးသံများဖြင့် ဆူညံနေခဲ့၏။
နင်းဖန် တောင်ငါးလုံး စစ်မှန်သော ပုံစံ လက်သီး ကို အောင်မြင်မှုအသေးစား ရရှိသည်မှသည် သားရဲ တစ်သောင်း တောင်ထိပ်သို့ အစာသွားစားသည်အထိ။
မြင်ကွင်းတိုင်းကို ဂိုဏ်းရှိ လူတိုင်းအား ချန်လှပ်ထားခြင်း မရှိဘဲ ပြသနေခဲ့သည်။ ဤအခွင့်အရေးကို အသုံးချကာ တပည့်များစွာသည် အဓိက တောင်ထိပ် ဆယ့်နှစ်ခု၏ ထမင်းစားဆောင်များ မည်သို့ ပုံစံရှိသည်ကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရ၏။
အပြင်တောင်ထိပ်နှင့် နှိုင်းယှဉ်ပါက ထိုအရာမှာ အမှန်တကယ်ပင် ကမ္ဘာနှင့်အဝှမ်း ကွာခြားပေသည်။
သူတို့ အံ့သြနေဆဲမှာပင် နင်းဖန်က တစ်ချက်တည်းဖြင့် ဟင်း ဆယ့်ခြောက်ခွက်ကို မှာယူလိုက်ပြီး ပံ့ပိုးမှု အမှတ် တစ်သိန်းကျော်ကို အလွန်အကျွံ သုံးစွဲလိုက်သည်ကို မြင်သောအခါ အားလုံး မှင်တက်သွားကြ လေ၏။
"ဟင်း ဆယ့်ခြောက်ခွက်တဲ့….။"
"ဒီကောင် တကယ် စားနိုင်တာပဲ….။"
အရေးအကြီးဆုံးမှာ နင်းဖန်သည် အလွန် အရသာခံ၍ စားနေခြင်းပင်။
ထမင်းစားဆောင်တွင် သူ တစ်ယောက်တည်း ထိုင်ကာ ဂိုဏ်းရှိ အကောင်းဆုံး အစားအစာများကို အငမ်း မရစားသောက်နေသည်ကို ဂိုဏ်းရှိ လူတိုင်းက ကြည့်နေခဲ့ကြသည်။
တစ်ခဏတာတွင် လူအတော်များများသည် သူ့ကို ကြည့်ရင်း အမှန်တကယ်ပင် ဗိုက်ဆာလာကြ၏။
အကြောင်းပြချက် တစ်ခုခုကြောင့် နင်းဖန် စားနေသည်ကို ကြည့်ရသည်မှာ သူ ကျင့်ကြံနေသည်ကို ကြည့်ရသည်ထက် ပို၍ စိတ်ဝင်စားစရာ ကောင်းနေခဲ့သည်ပင်။
"ငါ ဆက်ပြီး သည်းမခံနိုင်တော့ဘူး..။ ဘယ်သူ့ဆီမှာ အစားအစာ ရှိလဲ...။ ပံ့ပိုးမှုအမှတ် တစ်ရာနဲ့ အစားအစာ နည်းနည်းကို ငါ လဲလှယ်ချင်တယ်...။"
နောက်ဆုံးတွင် တပည့်အချို့က မထိန်းနိုင်တော့ဘဲ အသံကျယ်ကျယ်ဖြင့် စတင် အော်ဟစ်လာခဲ့ကြလေ ၏။
သို့သော် တုံ့ပြန်သူ အလွန် နည်းပါးလှသည်။
မည်သို့ပင်ဆိုစေ ထိုက်ရီအကြွင်းအကျန်နယ်မြေ အတွင်းသို့ ဝင်ရောက်ပြီး သိမြင်နားလည်မှုများ ရယူ ခြင်းမှာ အများအားဖြင့် တစ်ရက်သာ ကြာသဖြင့် မည်သူကမျှ အစားအစာကို အထူးတလည် ပြင်ဆင် ထားခဲ့မည် မဟုတ်ချေ။
အချို့လူများ၏ သိုလှောင်အိတ်ထဲတွင် အစားအစာများ အမှတ်မထင် ရှိနေလျှင်ပင် ဤကဲ့သို့သော အချိန်မျိုးတွင် လဲလှယ်ရန် ထုတ်ပေးလောက်အောင် သူတို့ မမိုက်မဲကြချေ။
တောင်ထိပ် အသီးသီးမှ အောက်ခြေအဆင့် အကြီးအကဲများသည် ဤအခြေအနေကို လျင်မြန်စွာ သတိထားမိသွားကြလေ၏။
သူတို့သည် တစ်ဆင့်ပြီးတစ်ဆင့် သတင်းပို့ခဲ့ကြလေသည်။ သတင်းသည် ဂိုဏ်းချုပ်ထံသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့၏။
"ဘယ်စီနီယာ ဒါမှမဟုတ် ဂျူနီယာညီလေးရဲ့ သိုလှောင်ကွင်းထဲမှာ အပို အစားအစာတွေ ရှိလဲ...။ တပည့်တွေကို ဝေပေးလိုက်ပါ...။"
ဂိုဏ်းချုပ်သည်လည်း တပည့်များ၏ အစားအသောက် ပြဿနာကို ယခုမှ သတိရသွားခြင်း ဖြစ်သည်။
ဤတောင်ထိပ်အရှင်သခင်အဆင့် အကြီးအကဲများအားလုံးမှာ အင်အားကြီးမားပြီး အစာငတ်ခံနိုင်စွမ်း ရှိကြရာ ထိုသို့သော အသေးအဖွဲ ကိစ္စရပ်များကို သတိမထားမိဘဲ ကျော်သွားမိရန် လွယ်ကူပေသည်။
သတင်းပို့ချက်ကို ကြားသောအခါ သူသည် ချက်ချင်းပင် မေးလိုက်၏။
တစ်ချိန်တည်းမှာပင် သူ၏ လက်ချောင်းပေါ်ရှိ သိုလှောင်ကွင်းမှ အလင်းတန်းများ ထွက်ပေါ်လာပြီး လေထဲတွင် အမျိုးမျိုးသော အစားအစာများအဖြစ် ပြောင်းလဲသွားခဲ့သည်။
"ငါ့ဆီမှာလည်း တော်တော်များများ ရှိတယ်...။ "
ဤသည်ကို မြင်သောအခါ အခြားအကြီးအကဲများကလည်း သူတို့၏ အပို အစားအစာများကို ထုတ်ယူ လိုက်ကြလေ၏။
သူတို့သည် အစာငတ်ခံနိုင်စွမ်းကို ရရှိပြီးဖြစ်သော်လည်း နှစ်ထောင်ပေါင်းများစွာ ကျင့်ကြံလာခဲ့ကြရာ သူတို့၏ သိုလှောင်ကွင်းများအတွင်း စုဆောင်းထားသော ပစ္စည်းများမှာ အမှန်တကယ်ပင် များပြားလှ ပေသည်။ ထို့ကြောင့် အနည်းငယ် ရှာဖွေပြီးနောက် သူတို့သည် အစားအစာ အချို့ကို ရှာတွေ့နိုင်ဆဲ ဖြစ်၏။
ထိုအရာများအနက် သားရဲတစ်သောင်း တောင်ထိပ်၏ တောင်ထိပ်အရှင်သခင် ကျုံးတင်း က အများဆုံး ပံ့ပိုးပေးခဲ့လေသည်။
သူ ထုတ်ယူလိုက်သော ဝိညာဉ်ဆန်နှင့် သားရဲအသား တစ်ခုတည်းကပင် အခြားအကြီးအကဲများ အားလုံး ပေါင်းထားသည်ထက် ပိုများနေခဲ့၏。
အားလုံး ပေါင်းလိုက်လျှင် သူတို့အောက်ရှိ တပည့်များ နှစ်ပေါင်းများစွာ စားရန် လုံလောက်ပေသည်။
ဤမြင်ကွင်းကို မည်သူကမျှ မအံ့သြကြချေ။
မည်သို့ပင်ဆိုစေ ကျုံးတင်း ၏ အစားအသောက် ကြိုက်သူ တစ်ဦးအဖြစ် နာမည်ကျော်ကြားမှုမှာ အလယ်ပိုင်းကုန်းမြေ တစ်ခုလုံးတွင် လူသိများပြီး သူတို့မျိုးဆက်မှ ညီအစ်ကိုများကြားတွင် အစာငတ် မခံသူမှာ သူ တစ်ဦးတည်းသာ ဖြစ်၏။
"ဂျူနီယာညီလေးကျုံး... မင်းက ငါတို့ကို ဘယ်တော့မှ စိတ်မပျက်စေဘူးပဲ...။"
လီချန်မင်က လေထဲတွင် လွင့်မျောနေပြီး ကောင်းကင်ကို ဖုံးလွှမ်းနေသော အမျိုးမျိုးသော အစားအစာ များကို ကြည့်ကာ အောင့်သက်သက် ပြုံးလျက် ပြောလိုက်၏။
သူ့ဘေးတွင် ကျုံးတင်း ရပ်နေပြီး ရှည်လျားသော ဝတ်ရုံကို ဝတ်ဆင်ထားကာ အသားဖြူပြီး ဝတုတ် သော ခန္ဓာကိုယ် ရှိလေသည်။
ဤသည်ကို ကြားသောအခါ သူသည် သူ၏ ဗိုက်ကြီးကို ပုတ်ကာ ကြင်နာစွာ ပြုံးလျက် ပြောလိုက်၏။
"စားနိုင်တာက ကောင်းချီးတစ်ခုပဲ... မြင်လား အခု အသုံးဝင်လာပြီလေ...။"
"တကယ်ပါပဲ...။"
ဂိုဏ်းချုပ်က စကားဝိုင်းကို လွှဲယူကာ သဘောတူလိုက်သည်...။
"ဒီတစ်ကြိမ် ဂျူနီယာညီလေးကျုံးသာ မရှိရင် ငါတို့ရဲ့ အစားအစာ သိုလှောင်မှု အားလုံးကို ပေါင်းလိုက် ရင်တောင် တပည့်တွေကို ဝေပေးဖို့ လုံလောက်မှာ မဟုတ်ဘူး...။"
" ငါတို့ နောက်ဆုံးတော့ စိတ်အေးလက်အေး နေလို့ရပြီ...။ ငါတို့ ထိုက်ရီအကြွင်းအကျန်နယ်မြေထဲမှာ သုံးနှစ်ကနေ ငါးနှစ်လောက် ပိတ်မိနေရင်တောင် တပည့်တွေကို အစာငတ်ခံထားမှာ မဟုတ်ဘူး...။"
ဤစကားများ ပြောလိုက်သည်နှင့် အခြားအကြီးအကဲများ၏ အမူအရာများမှာ အနည်းငယ် လေးလံ သွားခဲ့၏။
သုံးရက်ရှိပြီ ဖြစ်သော်လည်း မဟာအကြီးအကဲများသည် မည်သည့် လှုပ်ရှားမှုမျှ မလုပ်ကြသေးချေ။ ဤအခြေအနေကို ကြည့်ရလျှင် အခြေအနေမှာ အလွန် ဆိုးရွားနေပေသည်။ ထိုက်ရီအကြွင်းအကျန် နယ်မြေ တွင် တစ်ခုခု အမှန်တကယ် မှားယွင်းသွားပုံရလေ၏။
အကယ်၍ သူတို့ တကယ်ပဲ သုံးနှစ်မှ ငါးနှစ်အထိ ပိတ်မိနေပါက အကျိုးဆက်များကို မည်သူကမျှ မတွေးဝံ့ကြချေ။
"ဒါကြောင့် ငါတို့က နင်းဖန်နဲ့ ဆက်သွယ်ဖို့ ဖြစ်နိုင်တဲ့ နည်းလမ်းတိုင်းကို ကြိုးစားရဦးမယ်...။ အရန် လျှို့ဝှက်ကျောက်စိမ်းကို ရှာတွေ့ဖို့ သူ့အကူအညီကို အသုံးပြုနိုင်ရင် ငါတို့ လွတ်မြောက်ဖို့က လွယ်ကူ သွားလိမ့်မယ်...။"
ဂိုဏ်းချုပ်သည် သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ပြီး သူ၏ အကြည့်များသည် နင်းဖန်ထံသို့ ပြန်လည် ရောက်ရှိသွားခဲ့၏။
တစ်ဖက်လူသည် ဟင်း ဆယ့်ခြောက်ခွက်၏ အများစုကို စားပြီးပြီဖြစ်ကြောင်း သူ မြင်တွေ့လိုက်ရ လေသည်။
ဝိညာဉ်ဆန် ပန်းကန်လုံးကြီးမှာလည်း ကုန်လုနီးပါး ဖြစ်နေပြီ ဖြစ်၏။ သို့သော် နင်းဖန်သည် နှုတ်ခမ်းကို သပ်ကာ နောက်ထပ် လိုချင်နေပုံရပေသည်။ မတ်တတ်ရပ်ပြီးနောက် သူသည် ထမင်းစားဆောင်ကို အမှန်တကယ် ထပ်မံ ကြည့်ရှုနေခဲ့၏။
သူသည် စားရန်တန်သော အခြားတစ်ခုခုကို ရှာဖွေနေသကဲ့သို့ပင်။
ချီလဲ့ကွမ်သည် ချုံးချီလေးကို ထိန်းချုပ်မှု ခေတ္တရပ်ထားပြီး ထိုရုပ်သေးကို နင်းဖန်၏ ရင်ဘတ်အတွင်း၌ လှဲနေစေခဲ့သည်။ သူက သိချင်စိတ်ဖြင့် မေးလိုက်၏။
"တပည့်ခေါင်းဆောင် နင်းက ဘာလို့ ဒီလောက် အစားစားနိုင်ရတာလဲ...။ ဟင်း ဆယ့်ခြောက်ခွက် စားပြီး တာတောင် သူ မဝသေးဘူးလား...။"
"အဲဒါက သူ လေ့ကျင့်တဲ့ ကျင့်ကြံခြင်းနည်းစနစ်ကြောင့် ဖြစ်ရမယ်...။"
ရွှီယိုဝေက ပြန်ဖြေလိုက်သည်။
"ဘာပဲဖြစ်ဖြစ် အဲဒီ အကန့်အသတ်မဲ့ တာအိုကျမ်းစာ က ကောင်းကင်ဘုံ အဆင့်မြင့် ကျင့်ကြံခြင်းနည်း စနစ် သုံးဆယ့်ခုနစ်ခု ပေါင်းစပ်မှုကနေ မွေးဖွားလာတဲ့ နတ်ဘုရားနည်းစနစ်လေ... ။နည်းစနစ်က ပိုပြီး နက်နဲလေလေ ကျင့်ကြံနေစဉ်မှာ စွမ်းအင် ပိုကုန်လေလေပဲ...။"
"မှန်တယ်... ။နင်းဖန်က သုံးရက်လောက် ဘာမှမစားရသေးဘူး ပြီးတော့ တောင်ငါးလုံး စစ်မှန်သော ပုံစံ လက်သီး ကိုလည်း နောက်တစ်ရက် အပြင်းအထန် လေ့ကျင့်ခဲ့သေးတယ်...။ သူ့ခန္ဓာကိုယ်က အရမ်းကို ယိုယွင်းနေပြီ... ။သူ့ရဲ့ အစာချေဖျက်မှုထက် စားတဲ့နှုန်းက ပိုနှေးနေမယ်လို့ ငါ စိုးရိမ်တယ် ဒါကြောင့် သူ့ရဲ့ ခံတွင်းမြိန်မှုက... ဂလု...။"
သူတို့ဘေးရှိ ကျုံးတင်း သည်လည်း ရှင်းပြရန် စတင်ခဲ့သော်လည်း လမ်းတစ်ဝက်တွင် ရုတ်တရက် တံတွေးကို ခက်ခဲစွာ မြိုချလိုက်ပြီးမှ ဆက်ပြောလိုက်သည်... ။
"ဒါကြောင့် သူ့ရဲ့ ခံတွင်းမြိန်မှုက ကြီးမားနေတာ...။"
အားလုံး စကားမပြောနိုင်ဖြစ်သွားကြ၏။
ဤဂျူနီယာညီလေး ကျုံးတင်း သည် နင်းဖန် စားနေသည်ကို ကြည့်ရုံဖြင့် သူ၏ ကိုယ်ပိုင် ခံတွင်းမြိန်မှုကို အမှန်တကယ် လှုံ့ဆော်နိုင်ခဲ့သည်တကား။
သို့သော် သူ၏ အစားအသောက် ကြိုက်သည့် သဘာဝကို ထည့်သွင်းစဉ်းစားပါက နားလည်နိုင်ပေသည်။
ယခုအချိန်တွင် ကျုံးတင်း သည် အမှန်တကယ်ပင် အနေခက်နေခဲ့လေတော့သည်။
နင်းဖန် စတင် စားသောက်ကတည်းက သူ၏ ပါးစပ်မှ သွားရည်များ ကျနေခဲ့သည်ပင်။ သူသည် မယုံကြည်နိုင်လောက်အောင် သွေးဆောင်ခံနေရသည်မဟုတ်ပါလား။
သူ၏ ညီအစ်ကိုများ အားလုံးရှေ့တွင် သူ၏ သိုလှောင်ကွင်းအတွင်းရှိ အစားအစာများကို မစားဘဲ နေနိုင် ခြင်းကပင် အလွန်အမင်း ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်မှုကို ပြသနေခြင်းပင် ဖြစ်နေ၏။
ရုတ်တရက် နင်းဖန်၏ လှုပ်ရှားမှုများကို လိုက်ကြည့်နေသော သူ၏ အကြည့်များမှာ အေးခဲသွားပြီး သူ၏ အမူအရာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။
"မကောင်းတော့ဘူး...။"
ဤသည်ကို မြင်သောအခါ အားလုံး အံ့အားသင့်သွားကြ၏။
"ဘာဖြစ်လို့လဲ။"
မည်သူကမျှ မမေးမီမှာပင် ကျုံးတင်း က အော်ဟစ်နေသည်ကို သူတို့ မြင်တွေ့လိုက်ရသည်... ။
"သူ ငါ့ရဲ့ သိုလှောင်ရုံဆီ သွားနေပြီ... ။ ငါ့ဆီမှာ အချိန်မရလို့ မချက်ရသေးတဲ့ ထိပ်တန်းအရည်အသွေး ယွင်မုန့် ငါးကြင်းတစ်ကောင် ရှိတယ်...။ အကယ်၍ သူသာ အဲဒါကို မြင်သွားရင်...။"
ကျန်တာကို ပြောဖို့ မလိုတော့ချေ။ အားလုံးက ဘာတွေဖြစ်နေလဲ ဆိုတာကို နားလည်သွားကြပြီ ဖြစ်၏။
တစ်ချိန်တည်းမှာပင် ကျုံးတင်း သည် စိုးရိမ်တကြီးဖြင့် ဟိုဟိုဒီဒီ လမ်းလျှောက်နေပြီး သူ၏ ဗိုက်ကြီးမှာ ယိမ်းထိုးနေကာ အဆက်မပြတ် ဆုတောင်းနေတော့လေသည်။
"ကျေးဇူးပြုပြီး သူ့ကို မမြင်ပါစေနဲ့ ကျေးဇူးပြုပြီး သူ့ကို မမြင်ပါစေနဲ့...။"