အခန်း (၃၅-၃၆)
Vol. 4 Ch. 35-36
အခန်း (၃၅) ကျုံးတင်း စိတ်ပျက်အားငယ်နေသည်၊ ငါ့ရဲ့ ငါး...
သားရဲတစ်သောင်း တောင်ထိပ်၊ ထမင်းစားဆောင်။
"ထူးဆန်းတယ်... ငါ ဘာလို့ ဗိုက်ဆာနေသေးတာလဲ...။"
နင်းဖန်သည် ဟင်း ဆယ့်ခြောက်ခွက်ကို လေဆင်နှာမောင်းကဲ့သို့ အကုန်စားပြီးသွားသော်လည်း သူ မကျေနပ်နိုင်သေးချေ။ သူ၏ ခန္ဓာကိုယ်သည် အောက်ခြေမရှိသော တွင်းပေါက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ အစားအစာများကို လောဘတကြီး တောင့်တနေသည်ဟု သူ ခံစားလိုက်ရ၏။
ဤအချက်က သူ့ကို နောက်ထပ် ဟင်းလျာများကို ထပ်မံ ရှာဖွေရန် ဖိအားပေးခဲ့လေသည်။
ထမင်းစားဆောင် အတွင်း၌ ထမင်းစားသည့် နေရာများ ကွဲပြားသောကြောင့် ပါဝင်ပစ္စည်းများမှာလည်း အရည်အသွေးနှင့် ဈေးနှုန်း ကွဲပြားကြရာ ဝန်ဆောင်မှုပေးသော ကောင်တာ အများအပြား ရှိပေသည်။
နင်းဖန် ယခုလေးတင် မှာယူခဲ့သော နေရာသည် ရရှိနိုင်သော အကောင်းဆုံး အချက်အပြုတ် ကောင်တာ ဖြစ်နေပြီ ဖြစ်၏။
ထို့ကြောင့် ပံ့ပိုးမှုအမှတ် တစ်သောင်းတန်သော နတ်ဆိုးသားရဲ အသား ဟင်းလျာ သုံးခွက်ကို စားပြီး နောက် အခြား ကောင်တာများမှ သာမန် အစားအစာများကို စိတ်ဝင်စားရန် သူ ခက်ခဲနေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် အဆင့်မြင့် နတ်ဆိုးသားရဲ အသားသည် အရသာ ပိုမို ကြွယ်ဝရုံသာမက အတွင်း ရှိ အနှစ်သာရများကလည်း အမှန်တကယ်ပင် စိတ်ပျက်စရာ မရှိသောကြောင့်ပင်။
ထိုဟင်းလျာ သုံးခွက်ကို စားနေစဉ် နင်းဖန်သည် သူ၏ အတွင်းရှိ ဝိညာဉ်အင်အားများ လျင်မြန်စွာ ဖောင်းပွလာသည်ကို ရှင်းလင်းစွာ ခံစားနိုင်ခဲ့၏။ တစ်ချိန်တည်းမှာပင် သူ၏ သွေးစွမ်းအင်များ တိုးပွား လာပြီး သူ၏ ကြွက်သားများနှင့် အရိုးများသည် အတူတကွ ပဲ့တင်ထပ်နေခဲ့သည်ပင်။
အကန့်အသတ်မဲ့ တာအိုကျမ်းစာ မှ အစာချေဖျက်ခြင်း ကျင့်ကြံခြင်းနည်းစနစ် နှင့် ပေါင်းစပ်လိုက် သောအခါ သူ၏ ကျင့်ကြံခြင်း နယ်မြေ တစ်ခုလုံးသည်လည်း ခုန်ပျံကျော်လွှား တိုးတက်လာခဲ့၏။
ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ဒုတိယအလွှာသို့ ချိုးဖောက်ဝင်ရောက်ရန် အတားအဆီးကို သူ ခပ်ရေးရေး ထိတွေ့မိခဲ့သည်ပင်။ ဤသည်မှာ အံ့အားသင့်စရာ ကိစ္စတစ်ခု ဖြစ်၏။
ထမင်းတစ်နပ် စားရုံဖြင့် ကျင့်ကြံမှုကို တိုးတက်စေခြင်း။ ဤအကြောင်းကို ကြားရသူ မည်သူမဆို ယုံကြည်ရန် ခက်ခဲပေလိမ့်မည်။
သို့သော် နင်းဖန်သည် ချိုးဖောက်ဝင်ရောက်ရန် အလျင်စလို မလုပ်ဘဲ ၎င်းကို တမင်တကာ ဖိနှိပ်ထား ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း နယ်မြေတွင် ကျင့်ကြံခြင်းသည် ရုပ်ခန္ဓာကိုယ်၏ စွမ်းအား စံနှုန်းတစ်ခုသို့ ရောက်ရှိသွားရုံဖြင့် အောင်မြင်သော တိုးတက်မှုဟု မသတ်မှတ်သောကြောင့် ပင်။
ယင်းအစား ၎င်းသည် ရုပ်ခန္ဓာကိုယ်နှင့် ဝိညာဉ်ချီတို့ကို သဘာဝကျကျ ကျင့်ကြံခြင်းမှတစ်ဆင့် အရေးကြီးသော ပဲ့တင်ထပ်မှု အမှတ်တစ်ခုသို့ ရောက်ရှိစေခြင်း ဖြစ်၏။
ဤအရေးကြီးသော အမှတ်ကို ချိုးဖောက်ပြီးနောက်မှသာ နယ်မြေ ချိုးဖောက်ဝင်ရောက်မှုကို အောင်မြင်သည်ဟု သတ်မှတ်ပြီး ရုပ်ခန္ဓာကိုယ်သည် ရုတ်တရက် မြှင့်တင်မှုတစ်ခုကို ရရှိမည် ဖြစ်သည်။
ထို့ကြောင့် ဤအရေးကြီးသော ပဲ့တင်ထပ်မှု အမှတ် မရောက်မီ ကျင့်ကြံသူတစ်ဦး အများဆုံး လုပ်ဆောင်သင့်သည်မှာ မကျင့်ကြံရန်ပင်။
သို့သော် ရုပ်ခန္ဓာကိုယ်၏ စွမ်းအားကို သန့်စင်ရန် ဖြစ်နိုင်သမျှ နည်းလမ်းတိုင်းကို အသုံးပြုရမည် ဖြစ်၏။
ဥပမာအားဖြင့် နင်းဖန်၏ လက်တစ်ဖက်တည်း အင်အားမှာ ဂျင် တစ်သောင်းရှစ်ထောင် ဖြစ်သည်။ အကယ်၍ သူ ယခု ချိုးဖောက်ဝင်ရောက်မည်ဆိုပါက သူ၏ ရုပ်ခန္ဓာကိုယ် စွမ်းအားမှာ အနည်းငယ် တိုးလာမည်ဖြစ်ပြီး ဂျင် နှစ်သောင်းခွဲခန့်သို့ ရောက်ရှိနိုင်ပေသည်။
သို့သော် နင်းဖန်သည် ချိုးဖောက်ဝင်ရောက်ရန် အလျင်စလို မလုပ်ဘဲ အရေးကြီးသော အမှတ် မရောက် မီ သူ၏ လက်တစ်ဖက်တည်း အင်အား ဂျင် နှစ်သောင်းခွဲသို့ ရောက်ရှိရန် အမျိုးမျိုးသော နည်းလမ်းများ ကို အသုံးပြုမည်ဆိုခဲ့ပါက...။
ထိုအခါ နယ်မြေ ချိုးဖောက်ဝင်ရောက်မှုမှ ယူဆောင်လာသော မြှင့်တင်မှုနှင့်အတူ ရုပ်ခန္ဓာကိုယ်သန့်စင် ခြင်း ဒုတိယအလွှာတွင် သူ၏ လက်တစ်ဖက်တည်း အင်အားမှာ ဂျင် သုံးသောင်းအထိ ရောက်ရှိသွားနိုင် ခြေ အလွန်များပေသည်။
ထိုနှစ်ခုကြား ကွာခြားချက်မှာ တစ်ချက်ကြည့်ရုံဖြင့် ရှင်းလင်းလှပေ၏။
ထို့ကြောင့် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တွင် ကျင့်ကြံခြင်းနှင့် ပတ်သက်၍ အသေးစိတ် အချက် အလက်များစွာ ရှိပေသည်။
လူသားမျိုးနွယ် ဘိုးဘေးများသည်လည်း ၎င်းကို အခြေခံ၍ အမျိုးမျိုးသော ရုပ်ခန္ဓာကိုယ် သန့်စင်ခြင်း နည်းလမ်းများကို တီထွင်ခဲ့ကြ၏။
သဘာဝကျစွာပင် အထက်တွင် ဖော်ပြခဲ့သော စွမ်းအား တန်ဖိုးများမှာ ဥပမာများသာ ဖြစ်လေသည်။
လက်သီး နည်းစနစ်ကို တစ်ရက်တာ ကျင့်ကြံခြင်းနှင့် ယခုလေးတင် အလွန် အာဟာရပြည့်ဝသော အစားအစာကို စားသုံးပြီးနောက် နင်းဖန်၏ ရုပ်ခန္ဓာကိုယ်မှာ အတော်လေး ပိုမို အားကောင်းလာခဲ့ပြီ ဖြစ်၏။
သူ၏ လက်ရှိ အမှန်တကယ် အင်အားမှာ မနေ့က သူ ပထမဆုံး ချိုးဖောက်ဝင်ရောက်စဉ်ကလို ဂျင် တစ်သောင်းရှစ်ထောင် သေချာပေါက် မဟုတ်တော့ချေ။
သူ မစမ်းသပ်ရသေးသော်လည်း ရှေးရိုးဆန်သော ခန့်မှန်းချက်တစ်ခုမှာ သူ၏ လက်တစ်ဖက်တည်း အင်အားသည် အနည်းဆုံး နှစ်သောင်းအမှတ်ကို ကျော်လွန်သွားပြီ ဖြစ်ကြောင်းပင်။
"ငါ အရမ်း ဗိုက်ဆာနေသေးတယ်...။ တကယ်လို့ နောက်တစ်နပ် ထပ်စားရင် နယ်မြေ ချိုးဖောက် ဝင်ရောက်မှုအတွက် အရေးကြီးတဲ့ အမှတ်ကို ငါ သေချာပေါက် ရောက်မှာပဲ...။"
"ဒါကြောင့် နောက်တစ်ဆင့်အနေနဲ့ ငါက အလွန် အဆင့်မြင့်တဲ့ နတ်ဆိုးသားရဲ အသားနဲ့ သွေး တစ်တုံးကို စားရမယ် ပြီးတော့ ချိုးဖောက်မဝင်ရောက်ခင် အကန့်အသတ်မဲ့ တာအိုကျမ်းစာ ရဲ့ စွမ်းအားကို အသုံးပြု ပြီး ရုပ်ခန္ဓာကိုယ် စွမ်းအားအဖြစ် ပြောင်းလဲပစ်ရမယ်...။"
"ဒီနည်းနဲ့မှ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ဒုတိယအလွှာကို ချိုးဖောက်ဝင်ရောက်တဲ့အခါ အကျိုးအမြတ် တွေကို ငါ အများဆုံး ရရှိနိုင်မှာ...။"
နင်းဖန်၏ မျက်လုံးများတွင် အလင်းရောင်များ တောက်ပသွားပြီး နောက်ထပ် ဘာလုပ်ရမည်ကို သူ ရှင်းလင်းစွာ အစီအစဉ်ချထားပြီး ဖြစ်၏။
[ဒင်... အိမ်ရှင်ရဲ့ အရည်အသွေးမြင့် အစားအစာအတွက် ပြင်းပြတဲ့ ဆန္ဒကို တွေ့ရှိပါသည်...။ အပို လမ်းညွှန်တာဝန် တစ်ခုကို အစပျိုးလိုက်ပါသည်။ အရောင်၊ ရနံ့၊ အရသာ ပြည့်စုံတဲ့ အဆင့်မြင့် နတ်ဆိုး သားရဲ အသားတစ်တုံးကို ချက်ပြုတ် စားသုံးခြင်းကို ပြီးမြောက်အောင် လုပ်ဆောင်ပါ...။]
[ပြီးမြောက်ပါက ခရမ်းရောင် အရည်အသွေး ဆုလာဘ်။ အသားကို အပြည့်အဝ အသုံးချခြင်း ကို ရရှိပါမည်...။]
[အသားကို အပြည့်အဝ အသုံးချခြင်း- နတ်ဆိုးသားရဲ အသားနဲ့ သွေးတွေကို စားသုံးတဲ့အခါ အစာချေ ဖျက်ခြင်း ရုပ်ခန္ဓာကိုယ် သန့်စင်ခြင်း နည်းလမ်း ရဲ့ အကျိုးသက်ရောက်မှုကို သုံးဆ တိုးစေနိုင်ပါတယ်...]
ထိုအချိန်လေး၌ပင် သူ၏ စိတ်ထဲတွင် ပြတ်သားသော စနစ်၏အသံတစ်ခု မြည်ဟည်းသွားခဲ့၏။
စနစ် တာဝန်ကို နောက်တစ်ကြိမ် အစပျိုးလိုက်ပြီ ဖြစ်ပေသည်။
၎င်းကို ကြားပြီးနောက် နင်းဖန်သည် မျက်ခုံးပင့်မသွားဘဲ မနေနိုင်ခဲ့ချေ။
"ဒီတစ်ကြိမ်က အရည်အသွေး ဆုလာဘ်လား….။"
"ပြီးတော့ ခရမ်းရောင် အရည်အသွေး ရှိတာဆိုတော့ တော်တော် ကောင်းမယ့်ပုံပဲ...။"
အစာချေဖျက်ခြင်း ရုပ်ခန္ဓာကိုယ် သန့်စင်ခြင်း နည်းလမ်း ၏ အကျိုးသက်ရောက်မှုကို သုံးဆ တိုးစေခြင်း ဆိုသည်မှာ အနာဂတ်တွင် သူ နတ်ဆိုးသားရဲ အသား စားတိုင်း ၎င်းသည် အလွန် အားကောင်းသော ရုပ်ခန္ဓာကိုယ် သန့်စင်ခြင်း အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေမည်ဟု ဆိုလိုပေသည်။
စားရုံနဲ့ ပိုသန်မာလာတယ် ဆိုသော အမှန်တရားကို ရရှိစေခြင်းပင်။
သဘာဝကျစွာပင် ဤတာဝန်မှာ ပြီးမြောက်ရန် လွယ်ကူမည်တော့ မဟုတ်ချေ။
အဓိကအားဖြင့် အဆင့်မြင့် နတ်ဆိုးသားရဲ အသားကို ရှာဖွေရန် အလွန် မလွယ်ကူသောကြောင့် ဖြစ်၏။
အဆင့်မြင့် နတ်ဆိုးသားရဲ ဆိုသည်မှာ အမှန်တကယ်တော့ သူတို့၏ ကျင့်ကြံမှု သို့မဟုတ် အင်အားကို ရည်ညွှန်းခြင်း မဟုတ်ဘဲ သူတို့၏ သွေးမျိုးဆက် ကို ရည်ညွှန်းခြင်း ဖြစ်လေသည်။
နတ်ဆိုးသားရဲများသည် အမျိုးအစားစုံလင်ပြီး အသန်စွမ်းဆုံးသာ အသက်ရှင်ကျန်ရစ်မည့် ကမ္ဘာတစ်ခု ဖြစ်၏။ လူသားမျိုးနွယ်နှင့် မတူဘဲ သူတို့တွင် ကျင့်ကြံခြင်း နည်းလမ်းများ မရှိကြသဖြင့် သူတို့၏ အနာဂတ် အောင်မြင်မှုများမှာ သူတို့၏ သွေးမျိုးဆက် အပေါ် လုံးဝ မူတည်ပေသည်။
သွေးမျိုးဆက် မြင့်မားလေလေ အလားအလာ ပိုကြီးမားလေလေဖြစ်ပြီး သူတို့၏ အရိုးများနှင့် အသားများအတွင်းရှိ အနှစ်သာရများမှာ ပိုမို ကြွယ်ဝလေလေ ဖြစ်၏။
ကျင့်ကြံသူများ ၎င်းကို စားသုံးသောအခါ ၎င်းသည် သဘာဝကျစွာပင် ကြီးမားသော အားဆေးတစ်ခု ဖြစ်ပေသည်။
ထမင်းစားဆောင် အကြီးအကဲများသည်လည်း သားရဲတစ်သောင်း တောင်ထိပ်တွင် သေဆုံးသွားသော နတ်ဆိုးသားရဲများ၏ အသားကို ရွေးချယ်ရာတွင် ဤစည်းမျဉ်းကို လိုက်နာကြ၏။
စိတ်ဝိညာဉ်ပုံသွင်းခြင်းအဆင့်နှင့် ယှဉ်နိုင်သော သွေးနှော ကင်းခြေများ တစ်ကောင်သည် အသက်ရှင် စဉ်က အင်အားကြီးမားလျှင်ပင် သေဆုံးပြီးနောက် ၎င်း၏ အသားနှင့် သွေးများသည် ဆိုးရွားသော အဆိပ်များဖြင့် ပြည့်နှက်နေပြီး အသုံးမဝင်ချေ။
ဆန့်ကျင်ဘက်အားဖြင့် ရေနဂါး ကဲ့သို့သော အဆင့်မြင့် သွေးမျိုးဆက် နတ်ဆိုးသားရဲ တစ်ကောင်ဖြစ် ပါက ငယ်ရွယ်စဉ်ကာလတွင်သာ ရှိနေသေးလျှင်ပင် ၎င်း၏ အရိုးများနှင့် အသားများသည် ကြီးမားသော အားဆေးတစ်ခု ဖြစ်နေဆဲပင်။
နင်းဖန် ယခုလေးတင် စားခဲ့သော ပံ့ပိုးမှုအမှတ် တစ်သောင်းတန် ဟင်းလျာ သုံးခွက်နှင့် ပတ်သက်၍မူ ၎င်းတို့တွင် အသုံးပြုထားသော နတ်ဆိုးသားရဲ အသားမှာ အမှန်တကယ်တော့ အလွန် အဆင့်မြင့်သော သွေးမျိုးဆက်ဟု မဆိုနိုင်ချေ။
၎င်းသည် သာမန် နတ်ဆိုးသားရဲများ၏ နယ်ပယ်ကို ကျော်လွန်သွားပြီဟုသာ ဆိုနိုင်ပေသည်။
သို့သော် နင်းဖန်၏ နှလုံးသားထဲရှိ စံနှုန်းနှင့်တော့ များစွာ ကွာဝေးနေဆဲပင်။
ထိုသို့ တွေးတောနေရင်း သူသည် ထမင်းစားဆောင်၏ သိုလှောင်ရုံရှေ့သို့ မသိလိုက်ဘဲ လျှောက်သွား နေမိလေ၏။
သူ၏ မျက်လုံးများ အရောင်မ လက်ဘဲ မနေနိုင်ခဲ့ချေ။
သားရဲတစ်သောင်း တောင်ထိပ်တွင် နတ်ဆိုးသားရဲ အမျိုးအစား မည်မျှ ရှိသနည်း။ ထိုကောင်တာ များတွင် ချိတ်ဆွဲထားသော ဟင်းလျာ အမည်ဆိုင်းဘုတ်များမှာ အရေအတွက် အနည်းငယ်မျှသာ ဖြစ်လေ၏။
အကယ်၍ သူ သိုလှောင်ရုံအတွင်းသို့ ဝင်သွားပါက ပိုမို အဆင့်မြင့်သော နတ်ဆိုးသားရဲ အသားများကို သေချာပေါက် ရှာတွေ့နိုင်မည် ဖြစ်ပေသည်။
ဤသိုလှောင်ရုံတွင် မည်သည့် ဝင်္ကပါများ သို့မဟုတ် ဝင်ခွင့် ထိန်းချုပ်မှုများမျှ မရှိချေ။ အကြီးအကဲများ သည် နေ့စဉ် မကြာခဏ အဝင်အထွက် ရှိကြပြီး သားရဲတစ်သောင်း တောင်ထိပ်သည် အဓိက တောင် ထိပ် ဆယ့်နှစ်ခုထဲမှ တစ်ခုဖြစ်သဖြင့် မည်သည့် ကြိုတင်ကာကွယ်မှုမျှ မလုပ်ထားခြင်း ဖြစ်မည်ဟု ယူဆရလေ၏။
နင်းဖန်သည် တံခါးကို တွန်းဖွင့်ကာ ဝင်သွားလိုက်ရာ ကျယ်ပြောပြီး တောက်ပသော နေရာတစ်ခုကို ချက်ချင်း မြင်တွေ့လိုက်ရလေသည်။
အတွင်းရှိ ပစ္စည်းများကို ရှုပ်ပွခြင်းမရှိဘဲ သပ်ရပ်စွာ စီစဉ်ထားလေ၏။
အမျိုးမျိုးသော နတ်ဆိုးသားရဲ အသားနှင့် သွေးများကို သူတို့၏ ဒြပ်စင် သတ္တိများအရ မတူညီသော ဝင်္ကပါငယ်များအောက်တွင် ထားရှိထားလေသည်။
ဥပမာအားဖြင့် သာမန် အသားများကို အေးခဲစေသော အကျိုးသက်ရောက်မှုရှိသည့် ဝင်္ကပါများတွင်သာ ထားရှိ၏။
အချို့သော အထူး နတ်ဆိုးသားရဲ အသားများကိုမူ မီး သို့မဟုတ် ရေ ဝင်္ကပါများတွင် သိမ်းဆည်းထား မည် ဖြစ်လေသည်။
နင်းဖန်၏ အကြည့်များသည် ထိုဧရိယာကို ဝေ့ကြည့်လိုက်ရာ ငါးကြီးတစ်ကောင်က သူ့ကို လျင်မြန်စွာ ဆွဲဆောင်သွားခဲ့လေ၏။
အဘယ်ကြောင့်ဆိုသော် ဤငါးမှာ အသက်ရှင်နေသေးသောကြောင့်ပင်။
သိုလှောင်ရုံ၏ ထိပ်ဆုံးတွင် ရေအေးကန်ကြီးတစ်ခု လေထဲတွင် လွင့်မျောနေပြီး ပုံမှန်မဟုတ်သော လှုပ်ရှားမှုများကို ပြသနေကာ အတွင်း၌ အဖြူရောင် ငါးကြီးတစ်ကောင် ရှိနေခဲ့လေ၏။
နင်းဖန်သည် ထိုမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်နေပြီး သူ၏ နှလုံးသားထဲတွင် ချက်ချင်း မေးလိုက် သည်။
"စနစ်...။ ဒီငါးက အဆင့်မြင့် နတ်ဆိုးသားရဲ စံနှုန်းနဲ့ ကိုက်ညီလား...။"
[ကိုက်ညီပါတယ်... ဒီငါးက သတ္တမအဆင့် နတ်ဆိုးသားရဲ သွေးမျိုးဆက် ကို ပိုင်ဆိုင်ထားတဲ့ ယွင်မုန့် ငါးကြင်း တစ်ကောင်ပါ...။]
စနစ်၏ တုံ့ပြန်မှုကို ကြားသောအခါ နင်းဖန် ချက်ချင်း ဝမ်းသာသွားခဲ့လေ၏။ သတ္တမအဆင့် သွေးမျိုး ဆက် ရှိသော နတ်ဆိုးသားရဲ သည် လုံးဝကို ထူးခြားသော တည်ရှိမှုတစ်ခု ဖြစ်သည်ပင်။
ဤယွင်မုန့် ငါးကြင်း သည် မည်သည့် အမျိုးအစားဖြစ်ကြောင်း သူ မသိသော်လည်း ကျမ်းစာဆောင်ရှိ မှတ်တမ်းများကို ဖတ်ရှုခဲ့စဉ်က နတ်ဆိုးသားရဲ တစ်ကောင်၏ သွေးမျိုးဆက်သည် နဝမအဆင့်သို့ ရောက်ရှိသွားသည်နှင့် ၎င်းကို နတ်ဘုရားသားရဲ ဟု ခေါ်ဆိုနိုင်ကြောင်း သူ သတိပြုမိခဲ့လေ၏။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ဤယွင်မုန့် ငါးကြင်း သည် သာမန် သတ္တဝါ မဟုတ်ကြောင်း ထင်ရှားပြီး သားရဲတစ်သောင်း တောင်ထိပ်တွင် မွေးမြူထားခြင်းပင် မဟုတ်နိုင်ချေ။
"တောင်ထိပ်အရှင်သခင်အဆင့် အကြီးအကဲ တစ်ယောက်ယောက် တစ်နေရာရာကနေ ဖမ်းလာတဲ့ သရေစာများ ဖြစ်နိုင်မလား...။"
နင်းဖန်သည် မေးစေ့ကို ပွတ်သပ်ကာ သူ့ဘာသာသူ တွေးတောနေခဲ့၏။
သူ ဂိုဏ်းသို့ ပထမဆုံး ဝင်ရောက်လာစဉ်က သားရဲတစ်သောင်း တောင်ထိပ်၏ တောင်ထိပ်အရှင်သခင် သည် ထူးဆန်းသော လူတစ်ယောက်ဖြစ်ကြောင်း...။ လူကောင်တုတ်ပြီး အစားအသောက်ကို အလွန် နှစ်သက်ကြောင်း ထမင်းစားဆောင်တွင် လူများ စကားပြောနေသည်ကို သူ ကြားခဲ့ဖူး၏။
သူ တာအိုကို သတ်မှတ်ခဲ့စဉ်ကပင် သူ၏ တာအိုအမှတ်အသား ၏ ပုံစံမှာ ဧရာမ အစာအိမ်တစ်ခု ဖြစ်နေခဲ့သည်။
ဤတာအိုကို ဖြစ်ရပ်အားလုံးကို ချက်ပြုတ်ခြင်း ဟု အမည်ပေးထားပြီး မန္တာန်များကိုပင် ချက်ပြုတ်ပြီး မျိုချနိုင်သည်ဟု ဆိုကြလေ၏။
သူ၏ ကြီးမားလှသော နတ်ဘုရားစွမ်းရည်များ၊ ထူးခြားသော စိတ်နေသဘောထားနှင့် သန့်စင်သော တာအိုအမှတ်အသား တို့ကြောင့် ကျင့်ကြံသူ အသီးသီးက သူ့ကို အစာအိမ် ကောင်းကင်အရှင်သခင် ဟု ရိုသေလေးစားစွာ ခေါ်ဆိုကြလေသည်။
ဤကဲ့သို့ အင်အားကြီးမားသော တောင်ထိပ်အရှင်သခင်အဆင့် အကြီးအကဲကို ထိုက်ရီအစစ်အမှန် ဂိုဏ်း တစ်ခုလုံးတွင် မည်သူကမျှ မပြစ်မှားရဲကြချေ။
သို့သော် ယခု အခြေအနေမှာ အထူးဖြစ်နေပြီဖြစ်ရာ ဂိုဏ်းသားများ အားလုံး ပျောက်ကွယ်သွားပြီဖြစ် သဖြင့် နင်းဖန်သည် သဘာဝကျစွာပင် မည်သည့် စိုးရိမ်ပူပန်မှုမျှ မရှိတော့ချေ။
သူသည် ရေကူးနေသော ငါးဆီသို့ သူ၏ လက်ကြီးဖြင့် တိုက်ရိုက် လှမ်းဖမ်းလိုက်လေတော့၏။
ငါးမှာ အသက်ရှင်နေသေးသော်လည်း အထူး ကုသမှု ခံယူထားပြီးဖြစ်ကြောင်း ထင်ရှားသဖြင့် ၎င်း အတွင်း၌ ဝိညာဉ်အင်အား မရှိတော့ချေ။
ထို့အပြင် ငါးတွင် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်နှင့် ယှဉ်နိုင်သော အင်အားသာ ရှိသဖြင့် နင်းဖန်သည် ၎င်းကို အလွယ်တကူ ဖမ်းဆီးနိုင်ခဲ့လေ၏။
တစ်ချိန်တည်းမှာပင်။ နင်းဖန် ယွင်မုန့် ငါးကြင်း ကို ဖမ်းလိုက်သည့် အခိုက်အတန့်တွင်ပင်။ အထက်ရှိ ထိုက်ရီအကြွင်းအကျန်နယ်မြေ အတွင်း၌ လျှို့ဝှက်နယ်မြေ တစ်ခုလုံးတွင် နှလုံးကွဲမတတ် အသံတစ်ခု ပဲ့တင်ထပ်သွားခဲ့လေသည်။
"ဟင့်အင်း….။"
"ငါ့ရဲ့ ငါး...။"
ကျုံးတင်း ၏ အကြည့်များသည် ယွင်မုန့် ငါးကြင်း ၏ လှုပ်ရှားမှုကို အနီးကပ် လိုက်ကြည့်နေပြီး သူ၏ မျက်လုံးများတွင် ချစ်ရသော ပစ္စည်းတစ်ခု အလုခံလိုက်ရသည့် စိတ်ပျက်အားငယ်မှုများနှင့် ပြည့်နှက် နေခဲ့လေတော့၏။
အခန်း (၃၆) ထိပ်တန်း ညှဉ်းပန်းနှိပ်စက်မှုထက် မလျော့ပါ
"အဲဒီ ကျိန်ဆဲခံရမယ့် အသံက ဘာလဲ..."
ကျုံးတင်း ၏ နှလုံးကွဲမတတ် အော်ဟစ်သံကို ကြားပြီးနောက် ထိုက်ရီအကြွင်းအကျန်နယ်မြေ အတွင်းရှိ ရေတွက်မရနိုင်သော လူများအားလုံး တစ်ပြိုင်နက်တည်း မော့ကြည့်လိုက်ကြလေ၏။
"အဲဒီအသံက... သားရဲတစ်သောင်း တောင်ထိပ်က အကြီးအကဲကျုံး ရဲ့အသံနဲ့ တူတယ်နော်...။"
"သူပဲလေ...။ အကြီးအကဲကျုံး တာအို ဟောပြောတာကို ငါ တစ်ခါ ကြားဖူးတယ်...။ ငါ ဘယ်လိုလုပ် မှားနိုင်မှာလဲ...။"
"အသံကို နားထောင်ရသလောက်ဆို နင်းဖန် မျက်စိကျနေတဲ့ ငါးက အကြီးအကဲကျုံးရဲ့ ချစ်ရတဲ့ ပစ္စည်း လေးများလား...။"
"အဲဒါ တကယ်တော့ ဘာငါးလဲ...။"
"ငါ ရှင်းပြမယ်...။ ဒါက သတ္တမအဆင့် နတ်ဆိုးသားရဲ သွေးမျိုးဆက် ရှိတဲ့ ယွင်မုန့် ငါးကြင်း ပဲ။ သူ့ရဲ့ အရည်အသွေးက လုံးဝကို အကောင်းဆုံး ထိပ်တန်းအဆင့်ပဲ...။ အဲဒါ လွန်ခဲ့တဲ့ သုံးလက အကြီးအကဲ ကျုံး သူ့ရဲ့ ခရီးစဉ်တွေကနေအပြန် ယူလာတဲ့ အရသာရှိတဲ့ အစားအစာလေ...။"
"သြော်... ဒီစီနီယာအစ်ကိုက တော်တော် ဗဟုသုတ ကြွယ်ဝတာပဲ...။"
"မင်း ငါ့ကို မြှောက်ပြောနေတာပါ...။ တိုက်ဆိုင်တာက ငါက သားရဲတစ်သောင်း တောင်ထိပ်က တပည့် တစ်ယောက် ဖြစ်နေလို့ ဒါကို သိနေတာပါ...။"
"သတ္တမအဆင့် သွေးမျိုးဆက် နတ်ဆိုးသားရဲ တဲ့... ။ မျက်စိနဲ့ မြင်ရဖို့ နေနေသာသာ ငါ့ရဲ့ နေ့စဉ်ဘဝမှာ အဲဒီလိုအရာမျိုးကို ကြားတောင် မကြားဖူးဘူး...။"
"တောင်ထိပ်အရှင်သခင် ကျုံးက အလယ်ပိုင်းကုန်းမြေရဲ့ နံပါတ်တစ် အစားအသောက်ကြိုက်သူ ဆိုတဲ့ သူ့ရဲ့ ဂုဏ်သတင်းနဲ့ တကယ်ကို ထိုက်တန်တာပဲ...။ ဒီလို သွေးမျိုးဆက် ရှိတဲ့ နတ်ဆိုးသားရဲ ကို အမှန် တကယ် စားသောက်ဖို့ဆိုတာ...။ ဒီနေ့ ကံကောင်းမှုလေးသာ မရှိရင် ကောင်းကင်နန်းတော်ရဲ့ အဲဒီလို ထောင့်တစ်နေရာကို ငါတို့ ဘယ်လိုလုပ် မြင်တွေ့နိုင်မှာလဲ...။"
"အဲဒီလို မပြောပါနဲ့...။ သတ္တမအဆင့် သွေးမျိုးဆက် နတ်ဆိုးသားရဲ တွေက အရမ်း ရှားပါးတယ်...။ အဲဒါက မင်း စားချင်တိုင်း စားလို့ရတဲ့ အရာမျိုး မဟုတ်ဘူး...။ အခွင့်အရေးအပေါ်မှာ အများကြီး မူတည်တယ်...။"
"တကယ်ပါပဲ...။ အထူးသဖြင့် ယွင်မုန့် ငါးကြင်း ပေါ့...။ ဒီငါးက သတ္တမအဆင့် နတ်ဆိုးသားရဲ တွေကြား မှာတောင် ထူးခြားတဲ့ တည်ရှိမှုတစ်ခုပဲ...။ သူ့ရဲ့ အသားက ယုံကြည်နိုင်စရာ မရှိလောက်အောင် ချိုမြိန် ပြီး မွှေးကြိုင်တယ် ပြီးတော့ အသားလက်မတိုင်းမှာ ကြီးမားတဲ့ ကမ္ဘာ့အနှစ်သာရတွေ ပါဝင်တယ်...။ အဲဒါက နီဗားနား နယ်မြေအောက်မှာရှိတဲ့ ကျင့်ကြံသူတွေအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်တယ်...။"
"ကံကြမ္မာက လူတွေကို တကယ် ကစားတာပဲ...။ အကြီးအကဲကျုံး အများကြီး ကြိုးစားပြီး ရလာတဲ့ ယွင်မုန့် ငါးကြင်း က သူ အရသာတောင် မခံရခင် နင်းဖန်အတွက် အကျိုးရှိသွားလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ...။"
"..."
တပည့်များစွာသည် သူတို့အချင်းချင်း ဆွေးနွေးနေကြ၏။
အတွင်းစည်းနှင့် အပြင်စည်း တပည့်များကြားတွင် ဖြစ်စဉ်များကို လျင်မြန်စွာ ဆက်စပ်နိုင်သော ဗဟုသုတကြွယ်ဝသူ အမြောက်အမြား ရှိပေသည်။
တပည့်များ နားလည်သွားသောအခါ သူတို့သည် အံ့သြမသွားဘဲ မနေနိုင်ကြချေ။
သတ္တမအဆင့် သွေးမျိုးဆက် နတ်ဆိုးသားရဲ ကို စားသောက်ခြင်း။ မည်မျှ ဇိမ်ကျလိုက်မည် နည်း။
ပို၍ ပြဇာတ်ဆန်သည်မှာ ဤနောက်ဆုံး ငါးအသားတစ်လုတ်က သူ၏ ကိုယ်ပိုင် ပါးစပ်ထဲသို့ပင် မရောက်ခဲ့ခြင်းပင် ဖြစ်၏။
အကြီးအကဲ ကျုံးတင်း ဤကဲ့သို့ မိမိကိုယ်ကို မထိန်းချုပ်နိုင်တော့သည်မှာ အံ့သြစရာ မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် အဓိက စက်ဝိုင်း အတွင်း၌။
ကျုံးတင်း ၏ ငိုကြွေးသံကို ကြားသောအခါ တောင်ထိပ်အရှင်သခင်အဆင့် အကြီးအကဲများစွာသည် အကူအညီမဲ့စွာဖြင့် သူတို့၏ မျက်နှာများကို တညီတညွတ်တည်း လက်ဝါးများဖြင့် အုပ်လိုက်ကြ၏။
ရွှီယိုဝေသည် တစ်ဖက်လူ၏ ပခုံးကို ပုတ်ကာ နှစ်သိမ့်လိုက်လေသည်။
"ဂျူနီယာညီလေး...။ အဲဒါ ငါးတစ်ကောင်ပါကွာ ဘာလို့ ဒီလို ဖြစ်နေရတာလဲ...။ မင်း နောက်မှ နောက်တစ်ကောင် သွားဖမ်းလိုက်ပေါ့...။"
"စီနီယာအစ်ကို ပြောတာက လွယ်လိုက်တာ...။"
ကျုံးတင်း သည် လက်ကို ခါထုတ်ရန် သူ၏ ပခုံးကို ရမ်းလိုက်ပြီး ဒေါသတကြီး ပြောလိုက်၏။
"အဲဒါ ယွင်မုန့် ငါးကြင်း ကွ...။ အလယ်ပိုင်းကုန်းမြေ တစ်ခုလုံးမှာ မျိုးတုံးနေပြီ...။ လမ်းခြောက်သွယ် ဖန်ဆင်းရှင်ဂိုဏ်း က ပြန်လည်ဝင်စားတဲ့ ဘီလူးအိုကြီး ပဲ အထီးတစ်ကောင်နဲ့ အမတစ်ကောင် မွေးထား တာ...။"
"ဒီသားပေါက်လေးကို ရဖို့ ငါက ရှားပါးရတနာ အများအပြားနဲ့ လဲလှယ်ခဲ့ရုံသာမကဘူး သူ့နဲ့ သုံးရက်သုံး ည ယှဉ်ပြိုင်တိုက်ခိုက်ဖို့ပါ သဘောတူခဲ့ရသေးတယ်...။ အဲဒီ လမ်းခြောက်သွယ် တောင်ပေါ်မှာ ငါ ပင်ပန်းလွန်းလို့ သေမလိုပဲ...။"
"ငါ့အတွက် လွယ်တယ်လို့ မင်း ထင်နေတာလား...။"
ကျုံးတင်း ၏ နာကျင်မှုများကို ကြားသောအခါ အားလုံး တိတ်ဆိတ်သွားကြပြီး သူတို့၏ နှလုံးသားထဲ တွင် သနားစိတ် အနည်းငယ် ခံစားလိုက်ရ၏။
ထို လမ်းခြောက်သွယ် ဖန်ဆင်းရှင်ဂိုဏ်း ၏ ပြန်လည်ဝင်စားသော ဘီလူးအိုကြီး သည် အလယ်ပိုင်း ကုန်းမြေတွင် ရက်စက်ကြမ်းကြုတ်သူအဖြစ် နာမည်ဆိုးဖြင့် ကျော်ကြားပြီး နတ်ဆိုးလမ်းကြောင်း ၏ ဘီလူးကြီးများထဲမှ တစ်ဦး ဖြစ်သောကြောင့်ပင်။
ဂျူနီယာများကို အနိုင်ကျင့်ခြင်းနှင့် ရတနာများ လုယူရန် လူသတ်ခြင်းမှာ သူ့အတွက် ပုံမှန်ကိစ္စသာ ဖြစ်၏။
ထို့ပြင် သူနှင့် တူညီသော နယ်မြေမှ ကျင့်ကြံသူ တစ်ယောက်နဲ့ တွေ့လျင် သေသည်အထိ မတိုက်ခိုက် လျင်တောင် အလွယ်တကူတော့ လွှတ်ပေးမည် မဟုတ်ပေ။
သူက တစ်ပွဲနှစ်ပွဲလောက်တော့ သေချာပေါက် ယှဉ်ပြိုင် တိုက်ခိုက်ဦးမှာပင်။
ကျုံးတင်း သည် အစားအစာ တစ်လုတ်အတွက် နတ်ဆိုးလမ်းကြောင်း လူဆိုးတစ်ဦးနှင့် လဲလှယ်ရန်နှင့် သုံးရက်တိတိ တိုက်ခိုက်ရန် တွန့်ဆုတ်မနေခဲ့ခြင်းက ဤငါးကို သူ မည်မျှ တန်ဖိုးထားကြောင်း ပြသရန် လုံလောက်ပေသည်။
"ဂျူနီယာညီလေးကျုံး... မင်းရဲ့ အသက်ကို အဲဒီလို နောက်တစ်ကြိမ် ထပ်မစွန့်စားပါနဲ့...။ အဲဒီ ပြန်လည် ဝင်စားတဲ့ ဘီလူးအိုကြီး က ဖောက်ပြန်ပြီး ပြောင်းလဲလွယ်တဲ့ စိတ်နေသဘောထား ရှိတယ်။ တိုက်ခိုက် နေတုန်းမှာ မင်းကို တကယ်ပဲ တစ်ခုခု လုပ်သွားခဲ့ရင်...။"
ဤအချိန်တွင် ဂိုဏ်းချုပ်က စိုးရိမ်သည့် အမူအရာဖြင့် စကားပြောလိုက်၏။
သို့သော် ထိုစကားများ ကျုံးတင်း ၏ နားထဲသို့ ရောက်သွားသောအခါ သူ၏ နှုတ်ခမ်းများတွင် အေးစက် သော အပြုံးတစ်ခုသာ ဖြစ်ပေါ်လာစေခဲ့သည်။
"စီနီယာအစ်ကိုဂိုဏ်းချုပ် အရမ်း စိတ်ပူနေတာပါ...။ သာမန် ပြန်လည်ဝင်စားတဲ့ ဘီလူးအိုကြီးပါ...။ သူ့ကို ငါ မအနိုင်ယူနိုင်ရင်တောင် ငါ့ကို ဒုက္ခပေးဖို့ သူ အိပ်မက်တောင် မမက်သင့်ပါဘူး...။"
"ဒါ့အပြင် အကြီးဆုံး စီနီယာအစ်မတော် ရှိနေသရွေ့ သူတို့ရဲ့ လမ်းခြောက်သွယ် ဖန်ဆင်းရှင်ဂိုဏ်း က အမြင့်ကို မခုန်နိုင်တဲ့ နှံကောင် တစ်ကောင်ထက် ဘာမှ ပိုထူးလာမှာ မဟုတ်ဘူး...။"
နောက်ဆုံး ဝါကျကို ပြောလိုက်ချိန်တွင် ကျုံးတင်း ၏ အကြည့်များသည် ဓားကို ဆုပ်ကိုင်ထားပြီး ရှေ့တွင် ရပ်နေသော ကျက်သရေရှိသည့် ပုံရိပ်ဆီသို့ ရောက်ရှိသွားခဲ့၏။
သူ၏ အသံမှာ ယုံကြည်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ ထိုက်ရီ ကွယ်ဝှက်ဓား ၏ နာမည်ကို ကောင်းကင် အောက်ရှိ လူတိုင်း သိကြ၏။
ပြီးတော့ သူမ ဤမျှ ကြီးမားသော ဂုဏ်သတင်းကို ပိုင်ဆိုင်ထားရခြင်းမှာ ဤကမ္ဘာကို မထီမဲ့မြင်ပြုသော ဓားအင်မော်တယ်အမျိုးသမီးကြောင့် အများဆုံး ဖြစ်ပေသည်။
သူမသည် ဓားကျင့်ကြံသူများ၏ ဂုဏ်ကျက်သရေကို ပြန်လည်ရယူပေးခဲ့ပြီး စင်ကြယ်သောနှလုံးသား ဓားခန္ဓာကိုယ် ကို ကမ္ဘာအနှံ့ ကျော်ကြားစေခဲ့သည်။ သူမသည် အနှစ်လေးထောင်ကြာ ကျင့်ကြံခဲ့ပြီး အသက် နှစ်ထောင့်ကိုးရာတွင် မဟာတာအိုကို သိမြင်ကာ ကောင်းကင်နှင့် လူသားကြား သဟဇာတ ဖြစ်မှုကို ရရှိခဲ့ပြီး 'နင်းယွီ မြို့တော်' တွင် သူမ၏ တာအိုကို သတ်မှတ်ခဲ့၏။
သဘာဝကျစွာပင် ဤအောင်မြင်မှု တစ်ခုတည်းက သူမကို ဤမျှ လေးစားဖွယ်ကောင်းသော ဂုဏ် သတင်းကို ပေးစွမ်းရန် မလုံလောက်ချေ။
ခေတ်ပြိုင် ဓားအင်မော်တယ် တစ်ဦးအဖြစ် သူမ၏ အဆင့်အတန်းကို အမှန်တကယ် အသိအမှတ်ပြုစေ ခဲ့သည်မှာ လွန်ခဲ့သော နှစ်ငါးရာက ကောင်းကင်အရှင်သခင် ကျင့်ကြံသူ တစ်ဦးနှင့် တိုက်ခိုက်ခဲ့သော တိုက်ပွဲပင် ဖြစ်သည်။
အချီ တစ်ရာကျော်အတွင်းမှာပင် သူမသည် ပြိုင်ဘက်၏ တာအိုကို ဖျက်ဆီးပစ်ခဲ့ပြီး သူတို့၏ နတ်ဘုရားဝိညာဉ် ကို လုံးဝ ချုပ်ငြိမ်းပစ်စေခဲ့၏။
ဤသည်က နယ်မြေလေးခုကို တုန်လှုပ်သွားစေခဲ့ပြီး အလယ်ပိုင်းကုန်းမြေ မြင့်မြတ်နယ်မြေ အတွင်းရှိ အင်အားစုကြီး အားလုံး၏ လူငယ်နှင့် အလယ်အလတ် မျိုးဆက်များကို လုံးဝ ဖိနှိပ်ထားနိုင်ခဲ့သည်။
ဤအချိန်တွင် ကျုံးတင်း ၏ ဂုဏ်ယူဝင့်ကြွားသော စကားများကို ကြားသောအခါ ယွီရူရွှမ်းက နူးညံ့စွာ ပြုံးရုံသာ ပြုံးလိုက်၏။
သူမသည် ထိုအကြောင်းအရာကို ဆက်မပြောဘဲ သူမ၏ မျက်လုံးများကို အောက်ဘက်ရှိ ထမင်း စားဆောင် အတွင်းမှ မြင်ကွင်းပေါ်တွင် စူးစိုက်ထားကာ တိုးညင်းစွာ ပြောလိုက်သည်။
"ဂျူနီယာညီလေး...။ မင်းရဲ့ ယွင်မုန့် ငါးကြင်း က အသက်မရှိတော့သလိုပဲနော်...။"
ဤစကားများ ထွက်လာသည်နှင့် ကျုံးတင်း ၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားခဲ့၏။
အောက်သို့ ငုံ့ကြည့်လိုက်ရာ သူ၏ခန္ဓာကိုယ်လောက်ရှိသော ငါးကြီးကို နင်းဖန်က ဝင်္ကပါတစ်ခုထဲသို့ သယ်ဆောင်သွားသည်ကို သူ အမှန်တကယ် မြင်တွေ့လိုက်ရလေသည်။
"ပြီးပြီ အားလုံး ပြီးသွားပြီ...။ အခုလိုဖြစ်မယ်ဆိုတာသိခဲ့ရင် သူတော်စင်မိန်းမပျို ကျင့်ကြံနေရာက ထွက်လာတဲ့ထိကို မစောင့်ဘဲ ငါ့ဘာသာငါ စားလိုက်ပါတယ်...။"
"ထင်တဲ့အတိုင်းပဲ တွေဝေခြင်းက ရှုံးနိမ့်မှုကို ဖြစ်စေတယ်...။ ပြတ်သားမှုကသာ စားခွင့်ရစေတာပဲ...။"
ကျုံးတင်း သည် ထိတ်လန့်တကြားဖြင့် ဟိုဟိုဒီဒီ လမ်းလျှောက်နေပြီး သူ၏ ဗိုက်ကြီးမှာ အဆက်မပြတ် တုန်ခါနေခဲ့၏။
ယွင်မုန့် ငါးကြင်း သည် နီဗားနားအဆင့်အောက်ရှိသူများ၏ ကျင့်ကြံခြင်းအပေါ် အံ့ဖွယ် အကျိုးသက် ရောက်မှုများ ရှိလေသည်။ ကျုံးတင်း သည် သူ၏ တာအိုကို သတ်မှတ်ပြီးပြီဖြစ်ရာ ဤအထောက်အပံ့ ကို သူ သဘာဝကျစွာပင် မလိုအပ်တော့ချေ။
သူသည် ယွင်မုန့် ငါးကြင်း ကို ရှာဖွေရန် အလွန် ကြိုးစားခဲ့ရသည်မှာ ပထမအချက်အနေဖြင့် သူ၏ ကိုယ်ပိုင် အစားအသောက် တောင့်တမှု ဗီဇကြောင့်ဖြစ်ပြီး ဒုတိယအချက်အနေဖြင့် သူတော်စင်နှင့် သူတော်စင်မိန်းမပျိုတို့အတွက် ပွဲတစ်ပွဲ ကျင်းပပေးလိုသောကြောင့်ပင် ဖြစ်၏။
သူတို့နှစ်ဦးစလုံးသည် ဂိုဏ်း၏ ထူးချွန်ဆုံး တပည့်များဖြစ်ကြပြီး နီဗားနား သည် ယခု သူတို့ မျက်စိ ရှေ့တွင် ရှိနေပြီ ဖြစ်၏။
သူတို့အနက် သူတော်စင် ယွင်ကျယ် သည် သူ၏ ကြိုးပမ်းမှုတွင် တစ်ကြိမ် ကျရှုံးခဲ့ပြီးဖြစ်ကာ သူတော်စင်မိန်းမပျို ကျန်းချင်းဟန် ကမူ ကြိုးစားရန် ပြင်ဆင်နေ၏။
ကံမကောင်းစွာဖြင့် ကျုံးတင်း သည် ခြေတစ်လှမ်း နောက်ကျသွားခဲ့သည်။ သူ ယွင်မုန့် ငါးကြင်း နှင့်အတူ ဂိုဏ်းသို့ ပြန်ရောက်လာသောအခါ သူတော်စင်မိန်းမပျိုသည် နဂါးသတ် ချောက်ကမ်းပါး အောက်တွင် ကျင့်ကြံရန် ဝင်သွားခဲ့ပြီ ဖြစ်၏။
ထို့ကြောင့် သူသည် ထိုကိစ္စကို လောလောဆယ် ရပ်နားထားရပြီး သူတော်စင်မိန်းမပျို ကျင့်ကြံရာမှ ထွက်လာပြီး အတူတကွ စားသုံးနိုင်ရန် ငါးကို သိုလှောင်ရုံထဲတွင် သိမ်းထားခဲ့ရခြင်းဖြစ်လေသည်။
ဤကဲ့သို့သော အချိုးအကွေ့မျိုး ဖြစ်လာလိမ့်မည်ဟု သူ ဘယ်သောအခါမျှ မမျှော်လင့်ထားခဲ့ချေ။
အမှန်တကယ်တော့ နင်းဖန်က ယွင်မုန့် ငါးကြင်း ကို စားချင်နေသည့် လက်ရှိ အခြေအနေနှင့် ပတ်သက် ၍ ကျုံးတင်း တွင် ကန့်ကွက်စရာ မရှိချေ။
မည်သို့ပင်ဆိုစေ သူတော်စင်နှင့် သူတော်စင်မိန်းမပျိုတို့ကို ပွဲကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်မှာ မျိုးဆက်သစ်များကို ထောက်ပံ့ရန် ဖြစ်၏။
ပြီးတော့ ယခု...
အမြင့်ဆုံး ဘိုးဘေး ကိုယ်တိုင် ခန့်အပ်ထားသော တပည့်ခေါင်းဆောင်နှင့် ဂိုဏ်းတွင် ပါရမီ အကောင်းဆုံး တပည့်အနေဖြင့် နင်းဖန်တွင် သဘာဝကျစွာပင် အခွင့်အရေး ရှိပေသည်။
ထို့ကြောင့် ကျုံးတင်း ဤမျှ စိုးရိမ်နေရသည့် အစစ်အမှန် အကြောင်းရင်းမှာ သူ မစားရခြင်းကြောင့်သာ ဖြစ်တော့၏။
အစားအသောက်ကို သူ့အသက်လို ချစ်မြတ်နိုးပြီး အစာအိမ်မှတစ်ဆင့် တာအိုကို သတ်မှတ်ခဲ့သူ တစ်ဦး အနေဖြင့် ကျုံးတင်း ၎င်းကို မည်မျှ တောင့်တနေမည်ကို စိတ်ကူးကြည့်၍ ရနိုင်ပေသည်။
အကယ်၍ သူ ထိုက်ရီအကြွင်းအကျန်နယ်မြေ မှ ထွက်ခွာနိုင်ပါက ယွင်မုန့် ငါးကြင်း ကို သူ ချက်ချင်း လွှဲယူကာ ကိုယ်တိုင် ချက်ပြုတ်ပြီးနောက် နင်းဖန်ကို လွတ်လပ်စွာ စားသောက်ရန် ဖိတ်ခေါ်ကာ သူတို့ လုံးဝ မူးယစ်သွားသည်အထိ သောက်စားကြမည် ဖြစ်၏။
သို့သော် ယခုအခါ သူသည် မျက်လုံးပြူးကြီးဖြင့် အကူအညီမဲ့စွာ ကြည့်နေရုံသာ တတ်နိုင်တော့သည်။
အစားအသောက် ကြိုက်သူ တစ်ဦးအတွက် ဤသည်မှာ ထိပ်တန်း ညှဉ်းပန်းနှိပ်စက်မှုထက် မလျော့ပါ ချေ။