အခန်း (၃၇-၃၈)
Vol. 4 Ch. 37-38
အခန်း (၃၇) ကျုံးတင်း... ဒီလူရဲ့ အစားအသောက် ဉာဏ်ရည်က ငါ့ထက် အများကြီး သာတယ်
"ဒီငါးက တကယ်ကို ကောင်းတာပဲ...။ သားရဲတစ်သောင်း တောင်ထိပ်ရဲ့ တောင်ထိပ်အရှင်သခင် က ဒါကို ဘယ်ကရလာတာလဲ မသိဘူး...။ သူက ငါးဖမ်းဝါသနာပါတဲ့သူများလား...။"
နင်းဖန်သည် သူနှင့် အရပ်တူလောက်ရှိသော ငါးကြီးကို သယ်ဆောင်လာပြီး ထမင်းစားဆောင်၏ မီးဖိုချောင်ဆီသို့ အပြေးအလွှား သွားကာ ချက်ပြုတ်ရန် စိတ်အားထက်သန်နေခဲ့၏။
စနစ်၏ လိုအပ်ချက်မှာ အရောင်၊ ရနံ့၊ အရသာ ပြည့်စုံတဲ့ အဆင့်မြင့် နတ်ဆိုးသားရဲ အသားတစ်နပ်ကို စားသုံးခြင်း ဖြစ်လေသည်။
နင်းဖန်သည် ဝင်္ကပါများကို မည်သို့ ထိန်းချုပ်ရမည်ကို မသိသဖြင့် ချက်ပြုတ်ရန် လိုအပ်လာသောအခါ သူကိုယ်တိုင် လုပ်ဆောင်ရပေတော့မည်။
နှစ်ပေါင်းများစွာ လူပျိုကြီးဘဝဖြင့် နေထိုင်လာခဲ့ရသဖြင့် နင်းဖန်သည် အလွန်ကောင်းမွန်သော အချက် အပြုတ် စွမ်းရည်များကို ရရှိထားခဲ့လေ၏။
ငါးတစ်ကောင် ချက်ပြုတ်ခြင်းမှာ သူ့အတွက် ရိုးရှင်းသော ကိစ္စတစ်ခုသာ ဖြစ်ပေသည်။
သူသည် ယွင်မုန့် ငါးကြင်း ကို ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်၏။ ငါးမှာ လူးလွန့်နေဆဲဖြစ်သည်ကို မြင် သောအခါ သူသည် စဉ်းစားပင် မစဉ်းစားတော့ဘဲ လက်ကို မြှောက်ကာ လက်သီးဖြင့် အောက်သို့ ထိုးချလိုက်တော့သည်။
တအိအိ မြည်သံတစ်ခု ထွက်ပေါ်လာပြီးနောက် ဒေါသများဖြင့် ပြည့်နှက်နေခဲ့သော ငါး၏ မျက်လုံး များမှာ ချက်ချင်းပင် ကြည်လင်သွားခဲ့တော့၏။
"ငါ ငါးကင် လုပ်မယ်...။"
နင်းဖန်သည် ခဏတာ တွေးတောလိုက်ပြီး သူ၏ စိတ်ထဲတွင် ဟင်းချက်နည်းတစ်ခု ပေါ်လာခဲ့သည်။
ထို့နောက် သူသည် မီးဖိုချောင်ထဲတွင် ဓားမကြီးတစ်လက်ကို ရှာတွေ့ကာ ယွင်မုန့် ငါးကြင်း ၏ ကလီစာ များကို ထုတ်ပစ်ပြီး ထက်ပိုင်းပိုင်းကာ ဖြန့်ချလိုက်၏။
ထိုအခါ ၎င်းမှာ ချက်ချင်းပင် ပို၍ ကြီးမားသွားပုံရလေသည်။
ထိုအချိန်လေး၌ပင်။
ထိုက်ရီအကြွင်းအကျန်နယ်မြေ အတွင်း၌ ကျုံးတင်း သည် နင်းဖန် ငါးကင် လုပ်မည်ကို ကြားသောအခါ စိတ်ပျက်အားငယ်စွာဖြင့် သူ၏ ခြေထောက်များကို ချက်ချင်း စတင် ဆောင့်နေခဲ့၏။
"ဘုရားပေးတဲ့ လက်ဆောင်တွေကို ဖြုန်းတီးလိုက်တာပဲ...။ လုံးဝကို အလကား ဖြုန်းတီးပစ်လိုက် တာပဲ...။"
"ယွင်မုန့် ငါးကြင်း အသားက နူးညံ့ပြီး ချိုမြိန်တယ် ပေါင်းစားဖို့ အသင့်တော်ဆုံးပဲ...။ အဆိုးဆုံးအနေနဲ့ ချက်စားရင်တောင် ရသေးတယ် ဒါပေမယ့် သူက ဘာလို့ ကင်စားမှာလဲ...။"
ကျုံးတင်း သည် ဤယွင်မုန့် ငါးကြင်း ကို မျက်စိကျနေသည်မှာ ကြာပြီ ဖြစ်သည်။ ၎င်းကို မည်သို့ ချက်ပြုတ်ရမည်ကို သူ၏ စိတ်ထဲတွင် အစီအစဉ်ဆွဲထားပြီး ဖြစ်၏။
ပေါင်းစားခြင်းက ယွင်မုန့် ငါးကြင်း အသား၏ ချိုမြိန်မှုကို အပြီးပြည့်စုံဆုံး ထိန်းသိမ်းထားနိုင်ပေသည်။ ၎င်းမှာ စားသုံးရန် အကောင်းဆုံး နည်းလမ်းပင် ဖြစ်သည်။
အခြား မည်သည့်နည်းလမ်းမဆို အောက်တန်းကျပြီး သတ္တမအဆင့် သွေးမျိုးဆက် ရှိသော ဤနတ်ဆိုး သားရဲ ကို စော်ကားခြင်းပင် ဖြစ်တော့၏။
"ဂျူနီယာညီလေးကျုံး စိတ်အေးအေးထားပါ...။"
"ဟုတ်တယ် ဂျူနီယာညီလေးကျုံး... ဖြစ်ပြီးတာတွေက ပြင်လို့မရတော့ဘူး...။ ဒီငါးက နင်းဖန်ရဲ့ ဗိုက်ထဲ ရောက်ဖို့ ကံပါလာတာပဲ သူ ဘယ်လိုစားချင်လဲဆိုတာက သူ့ကိစ္စပဲလေ...။"
"ဘယ်လိုပဲဖြစ်ဖြစ် ဒီသားရဲရဲ့ အသားနဲ့ သွေးထဲက စွမ်းအင်တွေကို စုပ်ယူပြီး သန့်စင်နိုင်သရွေ့ ပေါင်း စားစား ကင်စားစား ဘာကွာလို့လဲ...။"
ပတ်ဝန်းကျင်ရှိ တောင်ထိပ်အရှင်သခင်အဆင့် အကြီးအကဲများ အားလုံးက သူ့ကို ဖျောင်းဖျရန် ကြိုးစားနေကြ၏။
သို့သော် ကျုံးတင်း က အံကိုကြိတ်ကာ ခေါင်းခါလျက် ပြောလိုက်လေသည်။
"ဘယ်လိုလုပ် မကွာဘဲ နေမှာလဲ...။"
"ဘဝရဲ့ အခြေခံအကျဆုံး အနှစ်သာရက စားသောက်ခြင်းပဲ ပြီးတော့ ဘယ်လို စားသောက်ရမလဲ ဆိုတာမှာ သိပ္ပံနည်းကျ တစ်ခု ရှိတယ်...။"
"ဒီကမ္ဘာမှာ မဟာတာအို သုံးထောင် ရှိတယ် ပြီးတော့ အစားအသောက် တာအို က ထိပ်ဆုံးမှာ ပါတယ်... ။ အဲဒါကို ဘယ်တော့မှ ပေါ့ပေါ့ဆဆ သဘောမထားသင့်ဘူး...။"
ကျုံးတင်း ၏ စကားများကို ကြားသောအခါ အားလုံး မှင်တက်သွားကြ၏。
ထို့နောက် ဤဂျူနီယာညီလေး သူ၏ တာအိုကို သတ်မှတ်ခဲ့စဉ်က သူသည် အစားအသောက် တာအို အပေါ် သိမြင်နားလည်မှု ရရှိခဲ့ကြောင်းကို သူတို့ သတိရသွားကြသည်။
ထို့ကြောင့် သူပြောသောအရာများမှာ အကျိုးအကြောင်းမဆီလျော် ဖြစ်နေမည်တော့ မဟုတ်ချေ။
ပြဿနာမှာ လူတိုင်း၏ လမ်းကြောင်းမှာ ကွဲပြားနေခြင်းပင်။ နင်းဖန်သည် ယခု ယွင်မုန့် ငါးကြင်း ကို ချက်ပြုတ်နေသည်မှာ ပထမအချက်အနေဖြင့် သူ၏ ဆာလောင်မှုကို ဖြေဖျောက်ရန်ဖြစ်ပြီး ဒုတိယ အချက်အနေဖြင့် ကျင့်ကြံရန်အတွက် ၎င်း၏ အနှစ်သာရများကို စုပ်ယူရန် ဖြစ်၏။
ထို့ကြောင့် သူသည် မည်သည့် အစားအသောက် တာအို ကိုမျှ နားလည်ရန် ရည်ရွယ်ချက် မရှိချေ။
သဘာဝကျစွာပင် သူသည် သူ စိတ်ကြိုက် စားမည်သာ ဖြစ်လေသည်။
ကျုံးတင်း သည် ဤနေရာတွင် စိုးရိမ်တကြီး ခုန်ပေါက်နေသော်လည်း သူသည် အနည်းငယ် စွဲလမ်း လွန်းနေခြင်းသာ ဖြစ်၏။
"ဟင်... နင်းဖန်က အဲဒါကို နှပ်နေတာလား... ထူးခြားတဲ့ နည်းလမ်းပဲ...။"
ထိုအချိန်တွင် အစစ်အမှန်တပည့် တစ်ယောက်က ရုတ်တရက် သိချင်စိတ်ဖြင့် စကားပြောလိုက်၏။
ဤသည်ကို ကြားသောအခါ အခြားအကြီးအကဲများ အားလုံး အောက်သို့ ငုံ့ကြည့်လိုက်ကြသည်။
နင်းဖန်သည် သံဇလုံကြီးတစ်ခုကို ရှာတွေ့ကာ ဆား၊ ဆန်အရက်၊ ကြက်သွန်မြိတ်၊ ဂျင်းနှင့် အခြား ဟင်းခတ်အမွှေးအကြိုင်များကို လောင်းထည့်နေသည်ကို သူတို့ မြင်တွေ့လိုက်ရ၏။ နောက်ဆုံးတွင် သူသည် ငါး၏ ကျောပေါ်တွင် ကြက်ခြေခတ်ပုံစံ ဓားရာများ ပေးကာ အတွင်းသို့ ထည့်လိုက်သည်။
ဤမြင်ကွင်းက လူများစွာ၏ သိချင်စိတ်ကို လှုံ့ဆော်သွားစေခဲ့၏။
"ဂျူနီယာညီလေးကျုံး... ငါးကင်ကို ဒီလိုလုပ်ရတာလား...။" လီချန်မင်က မေးလိုက်လေသည်။
သူတို့သည် အစာငတ်ခံခြင်းကို လေ့ကျင့်လာခဲ့သည်မှာ ကြာပြီ ဖြစ်၏။ အောက်ခြေ နယ်မြေများတွင် သူတို့ စားသောက်ခဲ့စဉ်ကပင် အစားအစာ ပြင်ဆင်ရန် အထူး စားဖိုမှူးများ ရှိခဲ့ရာ အချက်အပြုတ် နည်းစနစ်များကို သူတို့ မသိနားမလည်ကြချေ။
သို့သော် သူတို့၏ မှတ်ဉာဏ်များအရ ထိုစားသောက်ဆိုင်များရှိ ကျွမ်းကျင်သူများပင်လျှင် ကင်ထား သော အစားအစာများ ပြုလုပ်ရာတွင် ဤအဆင့်မျိုး မရှိခဲ့ကြောင်း ထင်ရပေသည်။
ကျုံးတင်း လည်း ဤအချိန်တွင် မျက်မှောင်ကြုတ်သွားခဲ့၏။
"ဒါက... ငါးညှီနံ့ ပျောက်အောင်လား...။"
သူသည် ယခင်က စိတ်လှုပ်ရှားမှုများ လုံးဝ ပျောက်ကွယ်သွားပြီး သိချင်စိတ်ဖြင့် စောင့်ကြည့်နေ ခဲ့လေသည်။
ဤသည်ကို မြင်သောအခါ အခြားအကြီးအကဲများသည်လည်း နင်းဖန်၏ ငါးကင် ပြုလုပ်သည့် နည်းလမ်းမှာ အမှန်တကယ်ပင် အနည်းငယ် ကွဲပြားနေကြောင်း စတင် သဘောပေါက်လာကြ၏။
အောက်ဘက်တွင်။
နင်းဖန်သည် သူ၏ သေးငယ်သော အချက်အပြုတ် စွမ်းရည် ပြသမှုက ဂိုဏ်းရှိ အင်အားကြီးမားသူ အားလုံး၏ အာရုံစိုက်မှုကို အမှန်တကယ် ဆွဲဆောင်သွားကြောင်း မသိခဲ့ချေ။
ငါးအသားကို နှပ်သည့် လုပ်ငန်းစဉ်လေးကပင် ဂုဏ်ကျက်သရေရှိသော သားရဲတစ်သောင်း တောင်ထိပ် ၏ တောင်ထိပ်အရှင်သခင်ကို သိချင်စိတ် ဖြစ်ပေါ်စေနိုင်ကြောင်းကို သူ ပို၍ပင် မသိခဲ့ချေ။
အမှန်တကယ်တော့ ဤအခြေအနေ ဖြစ်ပေါ်ရသည့် အကြောင်းရင်းမှာ အလွန် ရိုးရှင်းပေသည်။ အဘယ်ကြောင့်ဆိုသော် ဤကမ္ဘာ၏ ဖွံ့ဖြိုးတိုးတက်မှု အာရုံစိုက်မှုသည် ဘဝ၏ အသေးအဖွဲ ကိစ္စရပ် များအပေါ်တွင် ဘယ်သောအခါမျှ မရှိခဲ့သောကြောင့်ပင်။
သေမျိုးများအတွက် ထင်း၊ ဆန်၊ ဆီ၊ ဆား၊ ပဲငံပြာရည်၊ ရှာလကာရည်နှင့် လက်ဖက်ရည် တို့မှာ အရာအားလုံး ဖြစ်၏။
သို့သော် အင်အားကြီးသူများ ကောင်းကင်ယံတွင် ပျံသန်းကာ မြေကြီးထဲသို့ တိုးဝင်နိုင်ပြီး အင်အား ကြီးမားသူများက နှစ်ထောင်ပေါင်းများစွာ အစာငတ်ခံနိုင်သော စိတ်ကူးယဉ် ကမ္ဘာတစ်ခုတွင် ကျင့်ကြံ ခြင်းသာလျှင် တစ်ခုတည်းသော အဓိက လမ်းကြောင်း ဖြစ်လေသည်။
ဤအချက်က အမျိုးမျိုးသော ဘဝကျွမ်းကျင်မှုများကို ကမ္ဘာမြေကြီးပေါ်ရှိ ကျွမ်းကျင်မှုများထက် များစွာ နိမ့်ကျနေစေခဲ့၏။
ဘာဘီကျူးဟု ခေါ်သောအရာမှာ အခြေခံအားဖြင့် အစားအစာကို မီးပေါ်တွင် တင်ကာ ကျက်သွား သောအခါ ဟင်းခတ်အမွှေးအကြိုင် အချို့ ဖြန်းလိုက်ခြင်းသာ ဖြစ်သည်။
ကျုံးတင်း ကဲ့သို့သော အစားအသောက်ကြိုက်သူ အိုကြီးတွင်ပင် ကိုယ်ပိုင် ဟင်းချက်နည်းများ မရှိခဲ့ ချေ။
ထို့ကြောင့် ယခု နင်းဖန် ငါးအသားကို ဤသို့ ကိုင်တွယ်နေသည်ကို မြင်သောအခါ သူသည် ချက်ချင်းပင် စွဲလန်းသွားခဲ့၏။
"ဒီနယ်မြေမှာ ဟင်းချက်ဝိုင် မရှိတာ နှမြောစရာပဲ...။ လောလောဆယ်တော့ အစားထိုးအနေနဲ့ ဆန်အရက် နည်းနည်းကိုပဲ သုံးလိုက်မယ်...။"
နင်းဖန်သည် ခေါင်းခါကာ ဤကမ္ဘာတွင် ဟင်းခတ်အမွှေးအကြိုင်များ မရှိခြင်းကို နောင်တရနေ ပြီးနောက် တောင်နောက်ဘက် သိုလှောင်ရုံတွင် အရည်အသွေးမြင့် မီးသွေးအချို့ ရှာဖွေရန် ထမင်းစား ဆောင်မှ ထွက်သွားခဲ့လေ၏။
သူ ပြန်ရောက်လာချိန်တွင် ငါးကြီးမှာ နှပ်ထားသည်မှာ ရလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
သူသည် မီးသွေးမီးကို မွှေးကာ ငါးကို ကင်ရန် ငါး၏ နှစ်ဖက်စလုံးကို ဟင်းသီးဟင်းရွက်ဆီ သန့်သန့် များ သုတ်လိမ်းလိုက်ပြီး တစ်ချိန်တည်းမှာပင် အောက်ခြေပြားသော အိုးကြီးတစ်လုံးကို ရှာတွေ့ကာ မီးဖိုချောင်တွင် သူ တွေ့ရှိခဲ့သော အာလူးများ၊ သခွားသီးများ၊ ကြာစွယ်ပြားများနှင့် အခြား ဟင်းသီး ဟင်းရွက်များကို ထည့်လိုက်လေ၏။
လောင်ကျွမ်းနေသော မီးပွားများ၏ တဖျစ်ဖျစ် မြည်သံများနှင့်အတူ ငါးကြီး တစ်ကောင်လုံးသည် နောက်ဆုံးတွင် ရှစ်ဆယ် ရာခိုင်နှုန်းခန့် ကျက်သွားခဲ့ပြီဖြစ်လေသည်။
နင်းဖန်သည် ၎င်းကို မီးသွေးမီးပေါ်မှ ဖယ်ရှားကာ အောက်ခြေပြားသော အိုးကြီးထဲသို့ ပြောင်းထည့် လိုက်လေ၏။
နောက်ဆုံးတွင် ဟင်းသီးဟင်းရွက်ဆီ၊ ငရုတ်ဆီ၊ စီချွမ် ငရုတ်ကောင်းများ၊ ငရုတ်သီးနီများ၊ ပဲပိစပ်စေ့ အချဉ်ဖောက်ထားသည်များ၊ ဆား၊ ကြက်သွန်ဖြူနှင့် အခြား ဟင်းခတ်အမွှေးအကြိုင်များဖြင့် ဆီသတ် ထားသော ဆော့စ်ကို လောင်းထည့်လိုက်လေသည်။ မီးဖိုပေါ်တွင် သုံးမိနစ်မှ ငါးမိနစ်ခန့် ချက်ပြုတ်ပြီး နောက် ဆက်လက် အပူပေးရန် မီးသွေးမီးပေါ်သို့ ပြန်ရွှေ့လိုက်၏။
ဤလုပ်ငန်းစဉ်များ အားလုံး ပြီးဆုံးချိန်တွင် နာရီဝက်ကျော် အချိန်ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
ဤအချိန်တွင် သံပြားပေါ်ရှိ ငါးကြီးမှာ အပြင်ဘက်တွင် ကြွပ်ရွနေပြီး အတွင်းဘက်တွင် နူးညံ့ကာ တရှဲရှဲ မြည်နေခဲ့လေ၏။
အညိုရောင်သန်းနေသော အနက်ရောင် ငါးအသားသည် အနီနှင့် အစိမ်းရောင် ငရုတ်သီးများ၊ ပါးပါးလှီး ထားသော ကြက်သွန်မြိတ်များနှင့် တွဲဖက်ထားရာ အလွန် စားချင်စရာ ကောင်းနေခဲ့သည်။
မွှေးကြိုင်သော ရနံ့မှာ အလွန် ပြင်းထန်လှသဖြင့် မီတာ တစ်ထောင် အကွာမှပင် ရှင်းလင်းစွာ ရနိုင်ပေ သည်။
ဂိုဏ်း၏အထက် ထိုက်ရီအကြွင်းအကျန်နယ်မြေ တစ်ခုလုံးတွင် တံတွေးမြိုချသံများ အဆက်မပြတ် ပဲ့တင်ထပ်နေခဲ့တော့၏။
"တပည့်ခေါင်းဆောင် နင်းဆီမှာ အဲဒီလောက်တောင်ကောင်းတဲ့ ဟင်းချက်စွမ်းရည် ရှိတာပဲ...။"
"အဲဒီ ငါးအသားက တကယ်ကို စားချင်စရာ ကောင်းနေတာပဲ...။"
"ယွင်မုန့် ငါးကြင်း လို သတ္တမအဆင့် နတ်ဆိုးသားရဲ ကို ဒီလို ချက်ပြုတ်လို့ ရမယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး...။"
"အဲဒီ ငါးအသားကို တစ်လုတ်လောက်သာ စားရမယ်ဆိုရင် အကြီးအကဲယွီကို ငါ့ရဲ့ ဆရာအဖြစ် ခံယူပြီး အစစ်အမှန်တပည့် တစ်ယောက် ဖြစ်လာဖို့တောင် ငါ ဆန္ဒရှိတယ်...။"
"စီနီယာအစ်ကို... ခင်ဗျား ဘာလို့ ယူဖို့နဲ့ စားဖို့ချည်းပဲပြောနေရတာလဲ...။"
"ဂလု... ငါ ဆက်ပြီး သည်းမခံနိုင်တော့ဘူး... ဘယ်သူ့ သိုလှောင်ကွင်းထဲမှာ မီးသွေးနဲ့ အသက်ရှင်နေတဲ့ ငါး ရှိလဲ။ အဝါရောင် အလယ်အလတ်အဆင့် နတ်ဘုရားစွမ်းရည် တစ်ခုနဲ့ လဲလှယ်ဖို့ ငါ ဆန္ဒရှိတယ်...။"
အပြင်စည်းနှင့် အတွင်းစည်း တပည့်များကြားတွင် ဆူညံသံများ ထွက်ပေါ်နေခဲ့၏။ အားလုံးသည် လျှို့ဝှက်နယ်မြေ အတွင်း ရက်ပေါင်းများစွာ ပိတ်မိနေခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ မောပန်းနွမ်းနယ်နေကြပြီ ဖြစ်သည်။
ယခု ရုတ်တရက် နင်းဖန်က ယခင်က တစ်ခါမှ မမြင်ဖူးသော ဤငါးကင်အိုးကြီးကို ထုတ်လုပ် လိုက်သည်ကို မြင်သောအခါ သူတို့ တစ်ဦးစီတိုင်းသည် ဆာလောင်မှုကြောင့် မိန်းမောသွားကြ၏။
အုပ်ထိန်းသူများနှင့် အကြီးအကဲများစွာပင်လျှင် သူတို့၏ စိတ်များ တုန်လှုပ်သွားသည်ကို ခံစားလိုက် ရသည်။
"ဒီငါးကို အဲဒီ အနက်ရောင် ရေချိေလေးနဲ့ တွဲစားလိုက်ရင် သေချာပေါက် ယုံကြည်နိုင်စရာ မရှိ လောက်အောင် ကျေနပ်စရာကောင်းတဲ့ အစားအစာတစ်ခု ဖြစ်မှာပဲ...။"
နင်းဖန်ကို ဂိုဏ်းသို့ ပထမဆုံး ခေါ်ဆောင်လာခဲ့သော အပြင်တောင်ထိပ် အုပ်ထိန်းသူ ယန်ဝူ သည် ပုလင်းဝက်ခန့်သာ သောက်ခဲ့ရသော ထိုသာမန် သောက်စရာကို ပြန်လည် မတွေးတောဘဲ မနေနိုင်ခဲ့ ချေ။ အကြောင်းပြချက် တစ်ခုခုကြောင့် ဤအတွေးသည် သူ၏ စိတ်ထဲတွင် လင်းလက်သွားခဲ့၏။
ထို့နောက် သူ၏ လည်စေ့သည် မလှုပ်ရှားဘဲ မနေနိုင်တော့ဘဲ တံတွေးများကို အတင်းအကြပ် မြိုချ လိုက်ရတော့သည်။
အဓိက စက်ဝိုင်း အတွင်းရှိသူများနှင့် ပတ်သက်၍မူ ဂိုဏ်း၏ အဆင့်မြင့် အရာရှိ အသီးသီးသည်လည်း ပို၍ ကောင်းမွန်သော အခြေအနေတွင် မရှိကြချေ။
သူတို့ တစ်ဦးစီတိုင်းသည် သူတို့၏ ခံတွင်းမြိန်မှုကို ဖိနှိပ်ရန် အကောင်းဆုံး ကြိုးစားနေခဲ့ကြ၏။
"အနှစ်တစ်ထောင်ကျော် အစာငတ်ခံလာခဲ့တာကို ဒီနေ့ ငါးကင်တစ်ကောင်ကြောင့် ငါ့ရဲ့ တောင့်တမှု တွေ အစပျိုးခံလိုက်ရတာပဲ...။ ငါ့ရဲ့ ကျင့်ကြံမှုက မလုံလောက်သေးပါဘူး...။"
ဟု ဖေ့ချင်းယွီက အတွင်းစိတ်တွင် သက်ပြင်းချလိုက်လေသည်။
အစာငတ်ခံခြင်းကို လေ့ကျင့်နေသူများပင် ဤသို့ဖြစ်နေပါက ကျုံးတင်း အတွက်မူ ပြောစရာပင် မလိုတော့ချေ။
သူ၏ တစ်ကိုယ်လုံးမှာ တောက်ပနေပြီး တံတွေးများ အဆက်မပြတ် ထွက်နေကာ သူ၏ ဦးနှောက် ထဲတွင် ဉာဏ်အလင်းတစ်ခု ပေါက်ကွဲထွက်သွားသကဲ့သို့ ဖြစ်နေခဲ့၏။ သူ၏ ဘဝတွင် ပထမဆုံး အကြိမ်အဖြစ် အစားအစာကို ဤသို့ ပြင်ဆင်နိုင်ကြောင်း သူ သိလိုက်ရသည်။
နင်းဖန်ကို သူ ကြည့်လိုက်သောအခါ မဟာတာအိုကို မြင်တွေ့လိုက်ရသော ယုံကြည်သူတစ်ဦးကဲ့သို့ သူ၏ မျက်နှာတွင် လေးစားမှုများ အပြည့်ဖြစ်နေခဲ့သည်။
"ငါ မှားခဲ့တယ်... ပေါင်းတာနဲ့ ချက်တာတွေ အားလုံးက အောက်တန်းကျတယ်...။ ကင်တာကသာ အထိုက်တန်ဆုံးပဲ...။"
"ဘာလို့လဲဆိုတော့ နင်းဖန်အတွက် သူ့ရဲ့ အစားအသောက် ဉာဏ်ရည် က ငါ့ထက် လုံးဝ သာလွန်နေ လို့ပဲ...။"
အခန်း (၃၈) အကန့်အသတ်များကို ချိုးဖျက်နိုင်သည်အထိ စားသောက်ခြင်း
ဂိုဏ်းတစ်ခုလုံး ဆာလောင်မှုကြောင့် ရူးသွပ်နေကြပြီဖြစ်၏။
နင်းဖန်၏ ငါးကင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် ၎င်းသည် ဤကမ္ဘာမှ လူများကို အချက်အပြုတ် လောကတွင် ဖိနှိပ်ခံရခြင်း ဆိုသည်မှာ ဘာလဲဆိုသည်ကို ချက်ချင်း နားလည်သွားစေခဲ့၏။
တောင်ထိပ်အရှင်သခင်အဆင့် အကြီးအကဲများစွာပင်လျှင် သူတို့၏ နှလုံးသားထဲရှိ ဆာလောင်မှု နာကျင်မှုများကို မထိန်းချုပ်နိုင်တော့ချေ။ သူတို့၏ ကာလရှည်ကြာ အစာငတ်ခံခြင်း၏ ရည်ရွယ်ချက် မှာ ဘာအတွက်လဲဆိုသည်ကို သူတို့ စတင် တွေးတောလာခဲ့ကြလေသည်။
အများကြီး တွေးတောပြီးနောက် ရုတ်တရက် သူတို့ အလင်းရောင်ကို မြင်တွေ့လိုက်ရ၏။
ယခင်က သူတို့သည် လောကရှိ အစားအစာများကို ရွေးချယ်နိုင်သောကြောင့် အစာငတ်ခံခြင်းကို ဖိအားမရှိဘဲ ထိန်းသိမ်းထားနိုင်ခဲ့ခြင်း ဖြစ်လေ သည်။
ဆွဲဆောင်မှုအရဆိုလျှင် ၎င်းသည် ယနေ့ နင်းဖန် ပြုလုပ်သော ငါးကင်ထက် များစွာ နိမ့်ကျပေသည်။
ကျုံးတင်း က သူ၏ ဘဝတစ်ဝက်လုံးကို မျက်ကန်းတစ္ဆေမကြောက် စားသောက်နေခဲ့ကြောင်းပင် အော်ဟစ်လိုက်၏。
သူသည် အစားအသောက်မှတစ်ဆင့် တာအိုထဲသို့ ဝင်ရောက်ခဲ့ပြီး သူ၏ အစာအိမ်ဖြင့် ပြိုင်ဘက် ကင်းစွာ လွှမ်းမိုးခဲ့ကာ 'ဖြစ်ရပ်အားလုံးကို ချက်ပြုတ်ခြင်း' တာအိုကို သတ်မှတ်ခဲ့သည်...။ ၎င်းက 'စားသောက်ခြင်း' ကိစ္စနှင့် ပတ်သက်၍ သူ၏ သုတေသနပြုမှုကို ပြသရန် လုံလောက်ပေသည်။
သို့သော် ထိုသို့ဖြစ်လင့်ကစား ယနေ့ နင်းဖန်၏ စားသောက်ပုံကို မြင်ပြီးနောက် သူ အရှုံးပေးခဲ့ရ၏။
သူသည် နင်းဖန်၏ 'အစားအသောက် ဉာဏ်ရည်' သည် သူ၏ ဉာဏ်ရည်ထက် သာလွန်ကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့ရုံသာမက နင်းဖန်ကို မတွေ့မီက သူသည် အလကား အချိန်ဖြုန်းနေခဲ့ပြီး ကိုယ်ကိုယ်တိုင် မသိဘဲ ရေတွင်းထဲမှ ဖားတစ်ကောင် ဖြစ်နေခဲ့ကြောင်းကိုလည်း အလေးအနက် ပြောကြားခဲ့သည်ပင်။
ဤနှစ်ထောင်ပေါင်းများစွာအတွင်း သူလုပ်ခဲ့သမျှ အမိုက်မဲဆုံးအရာမှာ ယခုလေးတင် နင်းဖန် ယွင်မုန့် ငါးကြင်း ကို ပြင်ဆင်နေမှုအပေါ် မေးခွန်းထုတ်ခဲ့ခြင်းပင်။
"ဘာလုပ်ရမယ်ဆိုတာ သူ့ကို ပြောပြဖို့ လုံးဝ အခွင့်အရေး မရှိဘူး…။"
"ဒီငါးကို တကယ်ပဲ ကင်စားသင့်တာ…။"
"အနံ့လေးက အရမ်းကောင်းနေပြီ…။"
"ကြည့်ရုံနဲ့တင် စားချင်စိတ် ပေါက်လာပြီ…။"
ကျုံးတင်း သည် ဤကျိန်ဆဲခံရမည့် အတားအဆီးတွင် ဧရာမ ကွက်လပ်ကြီးတစ်ခုကို ချက်ချင်း ဖောက်ခွဲပြီး နင်းဖန်နှင့်အတူ အားရပါးရ စားသောက်ရန် တွားသွား၍ ထွက်သွားချင်နေခဲ့၏။
သဘာဝကျစွာပင် ၎င်းမှာ သူ၏ ဆန္ဒသက်သက်သာ ဖြစ်လေသည်။
ဂိုဏ်း၏ ဘိုးဘေးဖြစ်သော တာအိုအရှင်ထိုက်ရီ ဖန်တီးခဲ့သည့် အာကာသ ရတနာ။ ၎င်း၏ ခိုင်မာမှုမှာ သူ မဆိုထားနှင့်၊ မဟာအကြီးအကဲ သုံးဦး ပူးပေါင်းလျှင်ပင် ဖောက်ထွင်းရန် ခက်ခဲပေလိမ့်မည်။
"ဟင်း... ဒီကမ္ဘာပေါ်မှာ အဆိုးရွားဆုံးအရာက အရသာရှိတဲ့ အစားအစာတွေ မျက်စိရှေ့မှာ ရှိနေရက်နဲ့ ကြည့်ရုံပဲ ကြည့်နေရပြီး စားလို့မရတာပဲ…။"
ကျုံးတင်း သည် ဝမ်းနည်းစွာ သက်ပြင်းချလိုက်၏။ ထိုတိုတောင်းသော ဝါကျလေးအတွင်းမှာပင် သူ စကားမဆုံးမီ တံတွေး သုံးကြိမ်တိုင်တိုင် မြိုချခဲ့ရသည်။
အကြီးအကဲများစွာသည် ဤသည်ကို မြင်သောအခါ မရယ်ရဲကြချေ။ အဘယ်ကြောင့်ဆိုသော် သူတို့ သည်လည်း အလွန်အမင်း တောင့်တနေကြသောကြောင့်ပင်။
ကျုံးတင်း လောက် အလွန်အကျွံ မဖြစ်သော်လည်း ငါးအသားကို စားလိုသော သူတို့၏ ဆန္ဒသည်လည်း အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။
"နင်းဖန် စပြီးစားနေပြီ...။"
"ဝိညာဉ်ဆန် တစ်လုတ်၊ အသား တစ်လုတ်။ သူ စားနေတာ အရမ်း အားရဖို့ ကောင်းတာပဲ...။"
"ဘုရားရေ ငါးအသားကို ကိုက်လိုက်တဲ့ ကြွပ်ရွနေတဲ့ အသံကိုတောင် ငါ ကြားနေရသလိုပဲ...။"
"ဒါကို ဘယ်သူက ခံနိုင်ရည်ရှိမှာလဲ...။ ဒါက လုံးဝကို ညှဉ်းပန်းနှိပ်စက်နေတာပဲ...။"
"ငါ့ကို တစ်ယောက်ယောက် သတိလစ်သွားအောင် ရိုက်လိုက်ပါတော့ ငါ ဆက်မကြည့်ချင်တော့ဘူး...။"
"နင်းဖန်က အနှစ်တစ်သောင်း မသေမျိုး စမ်းရေ အရက် ပုလင်းတစ်ပုလင်း ယူဖို့ ထပ်ထသွားပြန်ပြီ...။ အဲဒီအရက်က ပံ့ပိုးမှုအမှတ် နှစ်သောင်း ကျတယ်လို့ ငါ မှတ်မိတယ် ဟုတ်တယ်မလား။ သူက ကိုယ့် ကိုယ်ကိုယ် ဘယ်လို ဇိမ်ကျကျ နေရမလဲဆိုတာ တကယ် သိတာပဲ...။"
"ဒီအစားအစာက အရမ်း အရသာရှိလွန်းလို့ သူ့ဘေးမှာ စီနီယာအစ်ကို တစ်ယောက်ယောက် သေသွား ရင်တောင် သူ သတိထားမိမှာ မဟုတ်ဘူးလို့ ငါ ထင်တယ်...။"
"ဒါက တကယ်ကို လူတစ်ယောက်ကို တောင့်တမှုတွေနဲ့ ငတ်သေအောင် လုပ်နေတာပဲ...။"
မကြာမီ နင်းဖန်သည် သူ၏ တူများကို စတင် အသုံးပြုလာခဲ့၏။
သူသည် အသားများကို အငမ်းမရ စားပြီး အရက်များကို အငမ်းမရ သောက်နေသည်ကို မြင်သောအခါ တပည့်များစွာမှာ နောက်တစ်ကြိမ် နာကျင်စွာ အော်ဟစ်လိုက်ကြပြန်လေသည်။
၎င်းမှာ လွန်ကဲသော ညှဉ်းပန်းနှိပ်စက်မှုတစ်ခု ဖြစ်ကြောင်း သူတို့အားလုံး သဘောတူခဲ့ကြ၏။
အစာငတ်ခံခြင်းကို လေ့ကျင့်သော အကြီးအကဲများနှင့် အုပ်ထိန်းသူများပင် ဤမြင်ကွင်းကို မကြည့်ဘဲ နေရန် သူတို့ကိုယ်သူတို့ အတင်းအကြပ် ထိန်းချုပ်ထားခဲ့ကြရလေသည်။
သူတို့သည် သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ဘဲ လောဘကြီးသော အမူအရာများကို ပြသမိကာ သူတို့၏ ပုံရိပ်ကို ပျက်စီးသွားမည်ကို စိုးရိမ်နေကြခြင်းဖြစ်၏။
ဥပမာအားဖြင့် ယွီရူရွှမ်းသည် သူမ၏ နှုတ်ခမ်းများကို တင်းစေ့ကာ မျက်လုံးများကို မှိတ်ထားလိုက် ခြင်းပင်။
ဂိုဏ်းချုပ်သည်လည်း ခေါင်းကို တစ်ဖက်သို့ လှည့်ကာ တာအို နှလုံးသား ကျမ်းစာ ကို တိတ်တဆိတ် ရွတ်ဆိုနေခဲ့၏။
အချိန်များ တရွေ့ရွေ့ ကုန်လွန်သွားခဲ့သည်။ နင်းဖန်၏ ဧရာမ ငါးကင်မှာ နောက်ဆုံးတွင် ကုန်လုနီးပါး ဖြစ်နေပြီ ဖြစ်၏။
ဤအချိန်တွင် ချွမ်းကုန်းတောင်ထိပ်၏ တောင်ထိပ်အရှင်သခင် ရွှီယိုဝေက ရုတ်တရက် အော်ဟစ်လိုက် လေသည်။
"နင်းဖန်ရဲ့ ဝိညာဉ်ချီတွေက သရဖူဆောင်းနေပြီး မသေမျိုး အလင်းတွေက လျှံကျနေတယ်...။ သူ့ရဲ့ သန့်စင်တဲ့နှုန်းက သူ့ရဲ့ စားနေတဲ့နှုန်းကို မမီနိုင်တော့ဘူး...။"
ဤစကားများ ပြောလိုက်သည်နှင့် သူတို့သည် မျက်လုံးများကို မှိတ်ထားသည်ဖြစ်စေ၊ ခေါင်းကို လှည့်ထားသည်ဖြစ်စေ အားလုံး အတူတကွ အောက်သို့ ငုံ့ကြည့်လိုက်ကြလေ၏။
ယခုအခါ နင်းဖန်၏ တစ်ကိုယ်လုံးမှာ အနီရောင် အလင်းတန်းများဖြင့် ပြည့်နှက်နေပြီး သူ၏ အရေပြား မှ အခိုးအငွေ့များ တရှဲရှဲ ထွက်ပေါ်နေကာ သူ၏ တစ်ကိုယ်လုံးကို မြူခိုးများဖြင့် ရစ်ပတ်ထားသကဲ့သို့ ရုပ်လုံးပေါ်လာသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။
ဤသည်မှာ စွမ်းအင် အလွန်အကျွံ စုပ်ယူခြင်း၏ လက္ခဏာတစ်ခုဖြစ်ကြောင်း အကြီးအကဲများစွာက တစ်ချက်ကြည့်ရုံဖြင့် သိရှိနိုင်ကြပေ၏။
မည်သို့ပင်ဆိုစေ ယွင်မုန့် ငါးကြင်း သည် သတ္တမအဆင့် သွေးမျိုးဆက် နတ်ဆိုးသားရဲ တစ်ကောင် ဖြစ် လေသည်။ ၎င်း၏ အသားနှင့် သွေးများသည် အလွန် အာဟာရပြည့်ဝပြီး နီဗားနား အဆင့်အောက်ရှိ ကျင့်ကြံသူများအတွက် အံ့ဖွယ် ကျင့်ကြံခြင်း အကျိုးသက်ရောက်မှုများ ရှိပေသည်။
ထို့အပြင် ဤငါးမှာ အရည်အသွေး အလွန်ကောင်းမွန်ပြီး ကြီးမားလှ၏။ ၎င်းကို မူလက သူတော်စင်နှင့် သူတော်စင်မိန်းမပျိုတို့ကို ဧည့်ခံရန် ကျုံးတင်း က ထုတ်ယူလာခဲ့ခြင်းဖြစ်ပြီး လူသုံးလေးယောက်စာ အတွက် လုံလောက်သော အသားများ ရှိပေသည်။
အဆုံးတွင် ၎င်းတို့အားလုံးမှာ နင်းဖန်၏ အစာအိမ်ထဲသို့ တစ်ခါတည်း ဝင်သွားခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် သူသည် အကန့်အသတ်မဲ့ တာအိုကျမ်းစာ ကဲ့သို့ ထိပ်တန်း နတ်ဘုရားနည်းစနစ်တစ်ခုကို ပိုင်ဆိုင်ထားသော်လည်း ၎င်းအားလုံးကို ချေဖျက်ရန် အခက်အခဲ ရှိနေခဲ့သည်ပင်။
နင်းဖန်သည်လည်း ဤအချက်ကို သေချာပေါက် ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်၏။
ပူလောင်နေသော အပူရှိန်ကို ဖိနှိပ်ထားရင်း ပန်းကန်ပြားပေါ်တွင် ကျန်ရှိနေသော နောက်ဆုံး ငါးအသား အနည်းငယ်ကို ကြည့်ကာ သူသည် တိုက်ရိုက် လက်လှမ်းပြီး ပါးစပ်ထဲသို့ ထိုးသွင်းလိုက်သည်။
သေချာ မဝါးတော့ဘဲ အလျင်စလို နှစ်ချက်မျှ ဝါး ပြီးနောက် မျိုချလိုက်၏။
ကျန်ရှိနေသော အသားအားလုံးကို စားပြီးနောက်မှသာ သူ မတ်တတ်ရပ်ကာ ဖောင်းကားနေသော သူ၏ ဗိုက်လုံးလုံးကို ပုတ်ပြီး သားရဲတစ်သောင်း တောင်ထိပ်၏ သိုင်းပညာ လေ့ကျင့်ရေးကွင်းဆီသို့ ပြေးသွားခဲ့လေသည်။
ဝိညာဉ်ချီများ အလွန်အကျွံ စုပ်ယူထားပြီး စွမ်းအင်များ လျှံကျကာ မသေမျိုး အလင်းများ ထွက်ပေါ် နေသဖြင့် နင်းဖန်သည် သူ၏ တစ်ကိုယ်လုံး ပေါက်ကွဲထွက်တော့မည်ဟု ခံစားနေရ၏။
အကန့်အသတ်မဲ့ တာအိုကျမ်းစာ ရှိ 'အစာချေဖျက်ခြင်း ရုပ်ခန္ဓာကိုယ် သန့်စင်ခြင်း နည်းလမ်း' ၏ ဖော်ပြချက်အရ ၎င်းကို စွမ်းအားအဖြစ် ပြောင်းလဲရန် ယခုပင် ကျင့်ကြံခြင်းကို စတင်ရမည် ဖြစ်သည်။
ထိုသို့မဟုတ်ပါက ပိုလျှံနေသော စွမ်းအင်များသည် အလကား ဖြုန်းတီးမိသွားရုံသာမက သူ၏ ခန္ဓာကိုယ်တွင် ရောဂါဝေဒနာများပါ ကျန်ရစ်စေမည် ဖြစ်၏။
ထို့ကြောင့် နင်းဖန် သိုင်းပညာ လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိပြီးနောက် သူသည် တောင်ငါးလုံး စစ်မှန်သော ပုံစံ လက်သီး ကို ရူးသွပ်နေသူ တစ်ယောက်လို စတင် လေ့ကျင့်လေတော့သည်။
လေးငါးကြိမ်ခန့် လေ့ကျင့်ပြီးနောက် သူ မကျေနပ်ပုံရသဖြင့် ကျောက်တုံးဘားများ၊ အလေးမတုံးများ နှင့် အခြား ကိုယ်ကာယလေ့ကျင့်ရေး ကိရိယာများဆီသို့ တိုက်ရိုက် သွားကာ အရူးအမူး မနေခဲ့၏။
သူ၏ လွတ်မြောက်ရန် အလျင်စလို ဖြစ်မှုတွင် သူ ကိုင်ဆောင်ထားသော ကိရိယာ၏ အလေးချိန်မှာ ဂျင် နှစ်သောင်းခွဲကို ကျော်လွန်နေပြီဖြစ်ကြောင်း နင်းဖန် သတိမထားမိခဲ့ချေ။
"ဝုန်း... "
နောက်ဆုံးတွင် သူ၏ ကြွက်သားများနှင့် အရိုးများဆီမှ မြည်သံတစ်ခုနှင့်အတူ နင်းဖန်၏ ခန္ဓာကိုယ် အတွင်းရှိ စွမ်းအားနှင့် ဝိညာဉ်ချီတို့သည် အမြင့်ဆုံး ပဲ့တင်ထပ်မှုသို့ ရောက်ရှိသွားပြီး မမြင်ရသော အတားအဆီးတစ်ခုကို ဖောက်ထွင်းသွားသကဲ့သို့ ဖြစ်သွားခဲ့လေတော့၏။
ထိုနောက် ချက်ချင်းပင် သူ၏ ခန္ဓာကိုယ်မှ ဖြာထွက်နေသော အပူရှိန် အားလုံး ပျောက်ကွယ်သွား ခဲ့လေသည်။
သူ၏ အရေပြားပေါ်ရှိ အနီရောင် အလင်းတန်းမှာလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားခဲ့လေ၏။
သူ၏ စိတ်မှာ ရုတ်တရက် ရှင်းလင်းသွားပြီး အရက်နံ့များမှာ အရိပ်အယောင်မျှမကျန် ပျောက်ကွယ် သွားကာ သူသည် လက်သီးကို ရုတ်တရက် ဆုပ်လိုက်လေသည်။
"ငါ ချိုးဖောက်ဝင်ရောက်သွားပြီ...။"
နင်းဖန်၏ မျက်လုံးများတွင် တောက်ပသော အလင်းရောင်များ လင်းလက်သွားခဲ့၏။ သတ္တမအဆင့် နတ်ဆိုးသားရဲ အသားတစ်နပ်သည် သူ၏ ရုပ်ခန္ဓာကိုယ်ကို နောက်တစ်ကြိမ် သန့်စင်ပေးခဲ့ရုံသာမက သူ ၏ ကျင့်ကြံခြင်းအဆင့်ကိုလည်း ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ဒုတိယအလွှာသို့ တိုးတက်စေခဲ့သည်ပင်။
အထူးသဖြင့် ထိုအတားအဆီးကို ဖောက်ထွင်းပြီးနောက် လျှို့ဝှက်ဆန်းကြယ်သော အင်အားမြှင့်တင် ရေး အကျိုးသက်ရောက်မှုတစ်ခု ကျဆင်းလာခဲ့၏။
အချိန်တိုလေးအတွင်းမှာပင် နင်းဖန်၏ ရုပ်ခန္ဓာကိုယ်သည် ဆက်တိုက် ခုန်ပျံကျော်လွှား မြှင့်တင်မှု များကို ရရှိခဲ့သည်ဟု ဆိုနိုင်ပေသည်။
သူ၏ စိတ်ကို တည်ငြိမ်အောင် လုပ်ပြီးနောက် ခင်းကျင်းထားသော ကိရိယာ အမျိုးမျိုးဆီသို့ ချက်ချင်း လျှောက်သွားလိုက်၏။
နောက်ဆုံးတွင် သူသည် ဂျင် သုံးသောင်းရှိသော ကျောက်တုံးဘား တစ်ခုကို ရှာတွေ့ပြီး ရုတ်တရက် အားစိုက်မလိုက်လေသည်။
"ဝှစ်... "
လေးလံသော ကျောက်တုံးဘားသည် ချက်ချင်းပင် နင်းဖန်၏ လက်တစ်ဖက်တည်းဖြင့် မယုံကြည် နိုင်လောက်အောင် မခြင်းကိုခံလိုက်ရလေ၏။
ဤသည်က သူ၏ မျက်လုံးများကို နောက်တစ်ကြိမ် လင်းလက်သွားစေခဲ့ပြန်သည်။
အဘယ်ကြောင့်ဆိုသော် ဤ ဂျင် သုံးသောင်းရှိသော ကျောက်တုံးဘား ၏ အလေးချိန်ကို သူ ခံစား နိုင်သော်လည်း ၎င်းမှာ သူ၏ အကန့်အသတ်နှင့် များစွာ ဝေးကွာနေသေးသောကြောင့်ပင်။
ထို့ကြောင့် နင်းဖန်သည် နောက်တစ်ကြိမ် စမ်းသပ်ကာ ဂျင် ကို တဖြည်းဖြည်း တိုးမြှင့်သွားခဲ့၏။
သူ၏ လက်တစ်ဖက်တည်း အင်အားမှာ ဂျင် သုံးသောင်းသုံးထောင်အထိ ရောက်ရှိနိုင်ကြောင်း နောက်ဆုံးတွင် သူ ကောက်ချက်ချလိုက်လေသည်။
အကယ်၍ သူသာ သူ၏ ခန္ဓာကိုယ် တစ်ခုလုံး၏ စွမ်းအားကို အစွန်းရောက် ပေါက်ကွဲမှုတစ်ခုတွင် ထုတ်လွှတ်လိုက်ပါက ၎င်းမှာ နောက်တစ်ကြိမ် နှစ်ဆ ဖြစ်သွားမည် ဖြစ်၏။
ဤသည်က နင်းဖန်ကို အလွန် စိတ်လှုပ်ရှားသွားစေခဲ့သည်။
သူသည် လုပ်ငန်းစဉ်ကို ပြန်လည် သုံးသပ်ကြည့်လိုက်သည်။ ယွင်မုန့် ငါးကြင်း ကို စားသုံးပြီး 'အစာ ချေဖျက်ခြင်း ရုပ်ခန္ဓာကိုယ် သန့်စင်ခြင်း နည်းလမ်း' ကို အသုံးပြုပြီးနောက် သူ၏ ရုပ်ပိုင်းဆိုင်ရာ အင်အားသည် ဂျင် နှစ်သောင်းခြောက်ထောင်ခန့်သို့ ဦးစွာ တိုးလာခဲ့သင့်၏။
ထို့နောက် ၎င်းသည် ပဲ့တင်ထပ်မှု အကန့်အသတ်သို့ ရောက်ရှိသွားပြီး ချိုးဖောက်ဝင်ရောက်မှုကို ပြီးမြောက်ကာ ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း ဒုတိယအလွှာသို့ ခြေချခဲ့သည်။
တစ်ချိန်တည်းမှာပင် ၎င်းသည် နယ်မြေ တိုးတက်မှု၏ အင်အားမြှင့်တင်ရေး အကျိုးသက်ရောက်မှုကို အစပျိုးပေးခဲ့သဖြင့် သူ၏ ခန္ဓာကိုယ်မှာ နောက်တစ်ကြိမ် မြှင့်တင်ခံလိုက်ရပြီး သူ၏ အင်အားမှာ ဂျင် နှစ်သောင်းခြောက်ထောင်မှ သုံးသောင်းသုံးထောင်သို့ တက်သွားခဲ့ခြင်း ဖြစ်၏။
ဤသည်မှာ အံ့မခန်း ကိန်းဂဏန်းတစ်ခုပင် ဖြစ်လေသည်။
အဘယ်ကြောင့်ဆိုသော် ကျင့်ကြံသူများစွာသည် ရုပ်ခန္ဓာကိုယ်သန့်စင်ခြင်း၏ သတ္တမ သို့မဟုတ် အဋ္ဌမအလွှာသို့ ရောက်ရှိသောအခါမှသာ ဤစွမ်းဆောင်ရည် အဆင့်သို့ ရရှိနိုင်သောကြောင့်ပင်။