အခန်း (၁၄၃-၁၄၄)
Vol. 15 Ch. 143-144
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၁၄၃) - ချန်ယင်းတောင်သို့ တစ်ခေါက်နှင့် မိစ္ဆာသားရဲများပေါ်တွင် ဆေးစမ်းခြင်း
ညဉ့်နက်သန်းခေါင်ယံအချိန် ဖြစ်သဖြင့် တစ်လောကလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။
ချန်ယင်းတောင်၏ တောင်ထိပ်များပေါ်တွင် လေပြေအေးလေးများ တိုက်ခတ်နေကာ နှင်းများတင်နေသော သစ်ကိုင်းများမှာလည်း တဖျတ်ဖျတ်ဖြင့် လှုပ်ခါနေသည်။
ထိုတိတ်ဆိတ်မှုကြားတွင် တောင်ကမ်းပါးယံရှိ ကျဉ်းမြောင်းသော ကျောက်ဂူဝတစ်ခုမှ လူရိပ်တစ်ခု ဖြတ်ခနဲ ထွက်ပေါ်လာသည်။ သူ၏ မျက်လုံးများသည် မှိန်ဖျဖျ လရောင်အောက်တွင် တောက်ပနေသည်။
ချီဖုံးကွယ် မှော်အတတ်အား အစွမ်းကုန် အသက်သွင်းရင်း လော့ချန်သည် သစ်ငုတ်တိုသဖွယ် ခဏ ငြိမ်နေကာ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။
“ဟုတ်ပြီ၊ ဒီဂူဝကို ချန်ယင်းတောင်က မိစ္ဆာသားရဲတွေ ရှာမတွေ့သေးဘူးပဲ"
မကြာသေးမီက သူသည် ကျန်းဝမ်ဆီမှ အရှေ့ပိုင်းလွင်ပြင်ရှိ ဝမ်တောင်တန်းကြီး၏ မြေပုံကို ရရှိခဲ့သည်။ ထိုမြေပုံတွင် အခြားသူများ မသိရှိနိုင်သော စိတ်ဝင်စားစရာ နေရာများ ပါနေသည်။
အရှေ့ပိုင်းလွင်ပြင်မှာ တာဟဲစျေးမြို့တော်မှ ကျင့်ကြံသူများ မကြာခဏ သွားလာရာနေရာဖြစ်သဖြင့် ဘယ်နေရာဘာရှိသည်ကို လူတိုင်းလွယ်လွယ်သိနိုင်သော်လည်း လပြည့်ညတောင်တန်းမှာမူ လူသွားလူလာ နည်းသဖြင့် တောင်အကြောင်းဂဂဏဏ သိသူ ရှားသည်။
သူ လေ့လာကြည့်သလောက် အကြမ်းဖျင်း အချက်အလက်များသာ သိရသည်။ ထို့ကြောင့် မြေပုံကိုအားကိုးကာ တောင်တန်း၏ ပထဝီဝင် သဘောတရားကို
စပ်စုရန် သူရောက်လာခြင်းဖြစ်သည်။
လခြမ်းတောင်ကြားမှ သူတူးထားသော ဤဥမင်လိုဏ်ခေါင်းသည် ချန်ယင်းတောင်သို့ တိုက်ရိုက် လမ်းပေါက်သည်။ ဤတောင်သည် အရင်းအမြစ်များ ကြွယ်ဝပြီး မိစ္ဆာသားရဲများ ပေါများလှကာ မီးခိုးသစ်ရွက်ဝံပုလွေ နှင့် နှင်းခဲဝံပုလွေတို့ ရေရှည်စိုးမိုးထားသည့် နေရာဖြစ်သည်။
ဤတောင်တန်းကြီး၏ သစ်ပင်ပေါင်းများစွာ အုံ့စိုင်းနေသာ တောနက်ကြီးထဲတွင် အချင်းချင်း အသေချနေကြသော မီးခိုးသစ်ရွက်ဝံပုလွေ နှင့် နှင်းခဲဝံပုလွေတို့ အပြင် အခြား အံ့အားသင့်စရာ များလည်း ရှိနေပေလိမ့်မည်။
သူ့နေရာတဝိုက် ဘေးကင်းကြောင်း အတည်ပြုပြီးနောက် လော့ချန်သည် လိုဏ်ဂူထဲမှ သတိကြီးစွာ ထွက်လာသည်။
ခဏအကြာတွင် သူ၏ ခြေလှမ်းများ ရပ်တန့်သွားခဲ့သည်။ အကြောင်းမှာ သူ့ရှေ့ မီတာ ၃၀၀ ခန့်အကွာတွင် ဝံပုလွေနှစ်ကောင် အပြန်အလှန် သတ်ဖြတ်နေကြသည်ကို သူ တွေ့လိုက်ရသောကြောင့်ဖြစ်သည်။
"ဒီကောင်တွေက နယ်မြေလုလို့ မပြီးသေးဘူးလားဟ၊ နေဦး…. ဒါက ငါလေ့လာဖို့ အတွက် အခွင့်ကောင်းပဲ"
လော့ချန်သည် သူ၏ သိုလှောင်အိတ်ထဲမှ အစီအရင်အလံ လေးခုကို ထုတ်ယူလိုက်သည်။ ထိုအရာများမှာ တခြားမဟုတ် သူ လုဟွိုက်ပင်း ထံမှ ရရှိခဲ့သော ချီဖုံးကွယ် အစီအရင် ဖြစ်သည်။
ယခင်က ဝိညာဉ်ကြောလိုဏ်ဂူကို ဖုံးကွယ်ရန် သုံးခဲ့သော်လည်း ယနေ့တွင်မူ သူ စမ်းသုံးကြည့်စရာ နေရာတစ်ခု တိုးလာသည်။
အစီအရင်အလံများကို သတ်မှတ်ထားသော နေရာများတွင် အသေအချာ စိုက်ထူပြီးနောက် လော့ချန်သည် ရှေ့မှ တိုက်ပွဲရလဒ်ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေလိုက်သည်။
အဆင့်နိမ့် မိစ္ဆာသားရဲများ၏ တိုက်ပွဲမှာ ရိုးရှင်းသလောက် ကြမ်းတမ်းရိုင်းစိုင်းလှသည်။ သူတို့၏ မွေးရာပါ မိစ္ဆာအတတ်များကိုပင် မသုံးဘဲ အချင်းချင်း တွေ့ရာနေရာ၌ သူသေကိုယ်သေ ကမူးရှူးထိုး ကိုက်ခဲသတ်ဖြတ်ကြခြင်း ဖြစ်သည်။ ဒုတိယအဆင့်သို့ မရောက်မချင်း ဤအရိုင်းဆန်သော အပြုအမူမှာ ပြောင်းလဲမည် မဟုတ်ပေ။
လူသားတို့၏ ရွှေအမြုတေအဆင့် နှင့် ညီမျှသော တတိယအဆင့်သို့ ရောက်သောအခါမှသာ သူတို့၏ ဉာဏ်ရည်မှာ သိသိသာသာ တိုးတက်လာသည်ဟု ဆိုကြသည်။
အချို့မှာ လူစကားကိုပင် သင်ယူနိုင်စွမ်း ရှိကြသည်။ ယခု သူ့ရှေ့မှ ဝံပုလွေနှစ်ကောင်မှာမူ တိရစ္ဆာန်ဗီဇအတိုင်း တိုက်ခိုက်နေကြခြင်းဖြစ်ရာ တိုက်ပွဲမှာ မြန်မြန်ဆန်ဆန်ပင် ပြီးဆုံးသွားခဲ့သည်။
မီးခိုးသစ်ရွက်ဝံပုလွေ သေပြီး နှင်းခဲဝံပုလွေမှာ သေလုမျောပါး ဒဏ်ရာအပြင်းအထန် ရသွားသည်။ သူ့ လည်ပင်းမှ အကိုက်ရခံထားရသော ဒဏ်ရာကြီးမှာ အရိုးပင် အတိုင်းသား မြင်နေရသည်။
အနိုင်ရသွားသော ဝံပုလွေသည် ပင်ပန်းနွမ်းနယ်စွာဖြင့် ပြန်ထွက်ရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် တုံ့ခနဲ ရပ်သွားသည်။
ချက်ချင်း အန္တရာယ်တစ်ခုကို ခံစားလိုက်ရသဖြင့် ဝံပုလွေမှာ စစ်ကူခေါ်ရန် သံရှည်ဆွဲ၍ အူမည်အလုပ် သူ့ခေါင်းတည့်တည့်သို့ ဧရာမ ဆေးအိုးကြီး ဗုန်းခနဲ ကျလာသည်။
အိုးထဲမှ ထွက်လာသော ဖြူ နီ ပြာ ဝါ အလင်းတန်းများသည် သူ၏ ခြေလက်များနှင့် ဦးခေါင်းအား နွယ်ကြိုများသဖွယ် ရစ်ပတ်ကာ မလှုပ်နိုင်အောင် ချည်နှောင်လိုက်သည်။
“ဒီ အိုးလေးက အသုံးဝင်လိုက်တာကွာ....” ဟု လော့ချန် ပြုံးရင်း ရေရွတ်လိုက်သည်။
ဤဆေးအိုးမှာ မူလက မှော်ရတနာ အဖြစ် သွန်းလုပ်ရန် ရည်ရွယ်ခဲ့သော်လည်း နည်းပညာပိုင်း အမှားအယွင်းကြောင့် အဆင့်မြင့် မှော်လက်နက်သာ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ သို့သော် လော့ချန်အတွက်မူ ၎င်း၏ ဆေးဖော်စပ်ခြင်း၊ ကာကွယ်ခြင်း၊ တိုက်ခိုက်ခြင်းနှင့် နှိမ်နင်းခြင်း ဟူသော ဘက်စုံစွမ်းဆောင်ရည်မှာ အလွန်ပင် အသုံးတည့်လှသည်။
ပထမအဆင့် မိစ္ဆာဝံပုလွေတစ်ကောင်မှာ လော့ချန်အတွက် အဖက်လုပ်စရာ မဟုတ်ပေ။ အထူးသဖြင့် ဒဏ်ရာရထားသော ဝံပုလွေ ဖြစ်သည်။
လော့ချန်သည် မြေပြင်ပေါ်တွင် ကြောက်လန့်တကြား လဲကျနေသော ဝံပုလွေအနားသို့ ချဉ်းကပ်သွားပြီး သွေးရောင်တောက်နေသော ဆေးလုံးတစ်လုံးကို ထုတ်လိုက်သည်။
“ဟျောင့်…. မကြောက်နဲ့ မကြောက်နဲ့ ဒီအစ်ကိုကြီးက မင်းကို လာကယ်တာနော်” ဟု ဆိုကာ ကြောက်လန့်တကြား ရုန်းကန်နေသော ဝံပုလွေအား ဆေးလုံးကို အတင်း မျိုချခိုင်းလိုက်သည်။
ပြီးနောက် သတိကြီးစွာဖြင့် နောက်သို့ ဆုတ်လိုက်ပြီး နတ်မျက်စိမှော်အတတ်ကို အသက်သွင်းကာ ဝံပုလွေ၏ ခန္ဓာကိုယ်အတွင်း ပြောင်းလဲလာမည့် အခြေအနေများကို စောင့်ကြည့်နေလိုက်သည်။
သိပ်မကြာမီမှာပင် ဆေးအာနိသင် ပြလာခဲ့သည်။
ဝံပုလွေ၏ မျက်လုံးများမှာ သွေးကဲ့သို့ ရဲရဲနီလာပြီး တစ်ကိုယ်လုံးမှာလည်း နဂါးတစ်ကောင် လူးလွန့်နေသကဲ့သို့ တစ်ဆတ်ဆတ် တုန်ခါလာသည်။ သူ့ကိုယ်ထဲမှ မိစ္ဆာစွမ်းအင်များမှာလည်း ထိန်းမနိုင်သိမ်းမရ ပေါက်ကွဲထွက်လာတော့သည်။
ဒေါင်….
လော့ချန် ထိန်းချုပ်ထားသော လေးရောင်ခြယ်ဆေးအိုးမှာ တုန်ခါနေသည်။ ဝံပုလွေကို ချည်နှောင်ထားသော အလင်းကြိုးများမှာ အဆမတန် တင်းကျပ်လာပြီး ပြတ်ထွက်လုနီးပါး ဖြစ်သွားသည်။
လော့ချန်သည် ချီစွမ်းအင်ကို ထပ်တိုးကာ ထိန်းထားလိုက်ရသည်။
ဝံပုလွေ၏ ခန္ဓာကိုယ်မှာ ယခင်ကထက် သုံးပုံတစ်ပုံခန့် ကြီးလာပြီး အရွယ်အစားမှာ ဆင်တစ်ကောင်နီးပါး ရှိလာသည်။ ပုံစံမှာ ရူးသွပ်ခြင်း၊ သွေးဆာခြင်းနှင့် ရက်စက်ခြင်းတို့ဖြင့် ပြည့်နှက်နေသည်။
ရုတ်တရက် ဝံပုလွေသည် အတင်းဆောင့်ရုန်းလိုက်သဖြင့် အလင်းကြိုးများ ပြတ်ထွက်သွားသည်။ တစ်ပြိုင်နက်တည်း ထိုဝံပုလွေမှာ လော့ချန်ထံသို့ ကမူးရှူးထိုး အရှိန်ဖြင့် ပြေးဝင်လာသည်။
သေချာစောင့်ကြည့်နေသော လော့ချန်သည် ဒဲ့ဝင်လာသော ဝံပုလွေလက်မှ အသာလေး ရှောင်တိမ်းလိုက်သည်။
သူ တိမ်နင်းဖိနပ်နှင့် ဟိုပြေးဒီပြေးလုပ်နေရာ ဝံပုလွေမှာ သူ့နောက်သို့ ပတ်ချာလည် ပြေးလိုက်နေရတော့သည်။
အမှန်စင်စစ် လော့ချန်သည် ဝံပုလွေ၏ စွမ်းအားကို စမ်းသပ်ရန်နှင့် ဆေးအာနိသင်ခံနိုင်ရည် အချိန်ကို တိုင်းတာရန် အကြံနှင့် လုပ်နေခြင်းဖြစ်သည်။
ဝံပုလွေ၏ စွမ်းအားမှာ အဆမတန်ပေါက်ကွဲထွက်နေသဖြင့် သူတို့၏ စိန်ပြေးတမ်းကစားပွဲကြီးသည် ဝုန်းဒိုင်းကြဲ ဆူညံနေတော့သည်။
သို့သော် မည်သူမျှမကြားစေရန် လော့ချန် မှော်အစီအရင် ချထားပြီး ဖြစ်သည်။
၄ မိနစ်ခန့်အကြာတွင် ဆေးရှိန်ပြယ်လာကာ ဝံပုလွေ၏ အရှိန်မှာ နှေးလာသည်။
ထို့နောက် မူလ အသိစိတ် ပြန်ဝင်သွားပုံရကာ တစ်ဖက်ရန်သူအား မယှဥ်နိုင်မှန်း ရိပ်မိသွားသဖြင့် နောက်သို့လှည့်ပြေးရန် ဟန်ပြင်လိုက်သည်။ ထိုအခိုက် လော့ချန်သည် စိမ်းမြရတနာဓား ၇ လက်ဖြင့် ဝံပုလွေ၏ ထွက်ပေါက်ကို တားဆီးလိုက်သည်။
နောက်ထပ် ၂ မိနစ်ခန့်အကြာတွင် ဝံပုလွေမှာ အားပြတ်ကာ လဲကျသေဆုံးသွားလေသည်။
လော့ချန်သည် အသက်မရှိတော့သော ဝံပုလွေအား စိတ်မကောင်းဟန်ဖြင့် တစ်ချက်ကြည့်ကာ အနားတဝိုက်တွင် ခြေရာလက်ရာမကျန်စေရန် သဲလွန်စများကို ဖျက်စီးလိုက်သည်။
ထို့နောက် အသက်မဲ့နေသော ဝံပုလွေကိုကျောခိုင်းကာ သူ့ကိုယ်ပိုင် မြေအောက်ဥမင်အတွင်းသို့ တိတ်ဆိတ်စွာ ပြန်ဝင်သွားလေတော့သည်။
….
[သွေးအဆီအနှစ်ဆေးလုံး - ပထမအကြိမ် စမ်းသပ်မှု မှတ်တမ်း]
[၁။ အာနိသင် - ခန္ဓာကိုယ်အတွင်းရှိ ကြွက်သားနှင့် သွေးချီများကို လှုံ့ဆော်ပေးပြီး ချီစွမ်းအင် အမြောက်အမြားကို ချက်ချင်း ထုတ်လွှတ်ပေးသည်။ အခြေခံစွမ်းအင်မှ ချီသို့ ပြောင်းလဲခြင်းဖြစ်စဉ်နှင့် ဆင်တူသည်]
[၂။ စွမ်းဆောင်ရည် - ခွန်အားကို ၃၀ ရာခိုင်နှုန်းခန့် တိုးတက်စေသော်လည်း အသိစိတ်ကို ဝေဝါးစေကာ စိတ်ရိုင်းဝင်စေသည်။ အဓိကပါဝင်ပစ္စည်းဖြစ်သော မျောက်ဝံသွေးကြောင့် ဖြစ်နိုင်သည်]
[၃။ ဘေးထွက်ဆိုးကျိုး - စွမ်းအားကို အတင်းအဓမ္မ ထုတ်ယူခြင်းဖြစ်သဖြင့် အခြေခံတည်ဆောက်ခြင်းကို ထိခိုက်စေသည်။ စွမ်းအင်ကြောများ ပြဲထွက်ခြင်းနှင့် သွေးချီ အားနည်းသွားခြင်းတို့ ဖြစ်စေသည်]
[၄။ကြာချိန် - ၅ မိနစ်ခန့် ၊ အစွမ်းထက်သော အတတ်များ သုံးပါက အချိန်ပိုတိုတောင်းနိုင်သည်]
[၅။နိဂုံး - ကျင့်ကြံခြင်းဆေး မဟုတ်ဘဲ တိုက်ပွဲဝင်ဆေးသာ ဖြစ်သည်။ မိစ္ဆာစွမ်းအင် လက္ခဏာများ မပြင်းထန်သဖြင့် ဂိုဏ်း၏ တားမြစ်ချက်များနှင့် ငြိစွန်းမည် မဟုတ်ပေ]
လော့ချန်သည် သူ၏ မှတ်စုစာအုပ်ကို ပြန်ဖတ်ရင်း ကျေနပ်နေမိသည်။
သို့သော် ဤဆေးမှာ လူသားကျင့်ကြံသူများအတွက် ဖြစ်သဖြင့် တိကျသော အဖြေသိရန်မှာ လူသားတစ်ဦးပေါ်တွင် စမ်းသပ်ရန် လိုအပ်သေးသည်။
“သွေးအဆီအနှစ်ဆေးလုံးအကြောင်းကို ငါ လူသိခံလို့ မဖြစ်ဘူး၊ ဆိုတော့ အစမ်းသပ်ခံမယ့်သူကို ဘယ်လိုရှာရပါ့မလဲ….”
ရုတ်တရက် လော့ချန်၏ စိတ်ထဲတွင် သူ၏ အစ်ကိုဖြစ်သူ ဝမ်ယွမ်အား သတိရသွားသည်။
သွေးချီနှင့် ဆက်နွှယ်နေသော ယခုလို တိုက်ပွဲဝင်ဆေးမျိုးအား သူ့အစ်ကိုကြီး အလွန်စိတ်ဝင်စားပေမည်။ ထိုမျှသာမက ဝမ်ယွမ်သည် ဂိုဏ်းပြင်ပတွင် ကိုယ်ပိုင်ခန်းမတစ်ခုကို လွတ်လွတ်လပ်လပ် စီမံခန့်ခွဲနေသူလည်း ဖြစ်နေပြန်သည်။
လော့ချန်နှင့် သူ၏စွန့်စားခန်းများ
အခန်း (၁၄၄) - ဂိုဏ်းချုပ်…. ကျွန်တော့်ကို မြေအောက်မီးလေး ရှာပေးပါဦး
လော့ချန်သည် ဝမ်ယွမ်ထံ သွားရန် အလျင်မလိုပေ။
အစောင့်အရှောက်များ ခြံရံလျက် သူ တစ်ဦးတည်း သွားရောက်တွေ့ဆုံခြင်းမှာ မလိုအပ်ဘဲ အာရုံစိုက်မှုကို ခံရစေနိုင်သည်။ ခိုင်လုံသော အကြောင်းပြချက်မရှိဘဲ သွားရောက်ပါက သံသယဖြစ်ဖွယ် ကောင်းလှသည်။
ဖိုရှန်းဂိုဏ်းရှိ လူအများစုက လော့ချန်သည် ဝမ်ယွမ်၏ ညီသဖွယ်ဖြစ်မှန်း သိကြသည်။ ဝမ်ယွမ်၏ အေးစက်ခက်ထန်သော အကျင့်ကြောင့် သူသည် မည်သူနှင့်မျှ သိပ်ဆက်ဆံလေ့မရှိပေ။ လော့ချန်နှင့်ပင် ဂိုဏ်းအတွင်း၌ ထိတွေ့ဆက်ဆံမှု အလွန်နည်းပါးလှသည်။
အကယ်၍ အကြောင်းထူးမရှိဘဲ ရုတ်တရက် သွားရောက်တွေ့ဆုံပါက တစ်စုံတစ်ရာ ထူးခြားနေပြီဟု အချက်ပြလိုက်သလို ဖြစ်သွားမည်ဖြစ်ပြီး၊ မီရှုဟွာတစ်ယောက် သေချာပေါက် စုံစမ်းဖော်ထုတ်ပေလိမ့်မည်။
ထို့ကြောင့် လော့ချန်သည် လာမည့်လဆန်းတွင် ပြုလုပ်မည့် ဂိုဏ်း၏ လစဉ်အစည်းအဝေးကို စောင့်ရန် ဆုံးဖြတ်လိုက်သည်။ ထိုအချိန်တွင် ဌာနချုပ်၌ တွေ့ဆုံခြင်းမှာ ပို၍ သဘာဝကျပြီး သံသယဖြစ်စရာ မရှိပေ။
….
အချိန်များမှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။
သွေးအဆီအနှစ်ဆေးလုံးအတွက် ပစ္စည်းများ စုဆောင်းခြင်း၊ ဖော်စပ်ခြင်းနှင့် ပထမအကြိမ် စမ်းသပ်ခြင်းတို့ ပြုလုပ်နေစဉ်မှာပင် တစ်လနီးပါး ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။
နှစ်ရက်အကြာတွင် လော့ချန်သည် ကျင့်ကြံရာမှ ဖြည်းညှင်းစွာ မျက်လုံးဖွင့်လာခဲ့သည်။ သူ၏ အသက်ရှူသံမှာ တည်ငြိမ်နေပြီး ခန္ဓာကိုယ်မှာလည်း လန်းဆန်းနေသည်။
သူ အမြဲလုပ်လေ့ရှိသည့်အတိုင်း သူ၏ အခြေအနေပြကြေးမုံပြင်ကို ဖွင့်ကြည့်လိုက်သည်။
[အခြေအနေပြကြေးမုံပြင်]
အမည် - လော့ချန်
သက်တမ်း - ၂၈/၇၅
ဝိညာဉ်အမြစ် - သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ (ငါးမျိုးစုံ)
အဆင့် - ချီသန့်စင်အဆင့် (၇) (၆၇/၁၀၀)
အောင်မြင်မှုအမှတ် - ၂၃
[ကျင့်စဉ်များ]
နွေဦးကျင့်စဉ် - ပါရမီရှင်အဆင့် (၉၂၇/၁၀၀၀)
[မှော်အတတ်များ]
မီးလုံးမှော်အတတ် - အထွတ်အထိပ်အဆင့်
လေခွင်းမှော်အတတ် - ပါရမီရှင်အဆင့် (၈၇၀/၁၀၀၀)
ဆွဲငင်ခြင်းမှော်အတတ် - ပါရမီရှင်အဆင့် (၉၀၀/၁၀၀၀)
နွယ်ရှင်နှောင်ကြိုး - ပါရမီရှင်အဆင့် (၆၁၀/၁၀၀၀)
နတ်မျက်စိ မှော်အတတ် - ပါရမီရှင်အဆင့် (၇၈၀/၁၀၀၀)
သန့်စင်ခြင်းမှော်အတတ် - ပါရမီရှင်အဆင့် (၅၁၂/၁၀၀၀)
ချီဖုံးကွယ်မှော်အတတ် - ပါရမီရှင်အဆင့် (၅၇၀/၁၀၀၀)
ကုသခြင်းမှော်အတတ် - ကျွမ်းကျင်အဆင့် (၂၃၀/၃၀၀)
[ဆေးဖော်စပ်ခြင်း]
ကျောက်စိမ်းကွဲခြင်း - ကျွမ်းကျင်အဆင့် (၂၇၅/၃၀၀)
သစ္စာနှလုံးသား - တတ်မြောက်အဆင့် (၁၈၀/၂၀၀)
[ကိုယ်ခံပညာ]
လေလွင့်ခြေလှမ်း - အထွတ်အထိပ်အဆင့်
တောင်ဖြိုကျောက်တိုင်ခွဲ လက်ဝါးသိုင်း - ပါရမီရှင်အဆင့် (၅၈၀/၁၀၀၀)
ကောင်းကင်နတ်သမီးပန်းကြဲခြင်း - တတ်မြောက်အဆင့် (၁၂၅/၂၀၀)
[အတတ်ပညာများ]
ပထမအဆင့် ဆေးဖော်ဆရာ
မှော်အာဟာရဆေးလုံး - အထွတ်အထိပ်အဆင့်
အံ့ဖွယ်တစ်သောင်းဆေးလုံး - ပါရမီရှင်အဆင့် (၇၀၀/၁၀၀၀)
ကျောက်စိမ်းအမြုတေ ဆေးလုံး - ပါရမီရှင်အဆင့် (၆၀၀/၁၀၀၀)
သွေးအဆီအနှစ်ဆေးလုံး - အခြေခံအဆင့် (၆/၁၀၀)
လော့ချန်သည် သူ၏ တိုးတက်မှုများကို ကြည့်ကာ ကျေနပ်စွာ ပြုံးလိုက်မိသည်။
အထူးသဖြင့် သန့်စင်ခြင်းမှော်အတတ်၊ ပါရမီရှင်အဆင့် ရောက်သွားခြင်းနှင့် သွေးအဆီအနှစ်ဆေးလုံး၊ အခြေခံအဆင့်သို့ ရောက်ရှိသွားခြင်းမှာ သူ့အတွက် အားရစရာပင်။
သူ၏ သက်တမ်းမှာမူ ပြောင်းလဲခြင်း မရှိသေးပေ။
သူသည် ကမ္ဘာကူးပြောင်းလာသူ ဖြစ်သဖြင့် ကျင့်ကြံမှု တိုးတက်သော်လည်း သက်တမ်းမှာ လိုက်ပါတိုးတက်ခြင်း မရှိသေးဟု သူ ယူဆထားသည်။ သို့သော် လော့ချန်မှာ ယခင်ကကဲ့သို့ စိုးရိမ်ပူပန်ခြင်း မရှိတော့ပေ။
ဤလောကကြီး တည်ငြိမ်နေသရွေ့ သူသည် ချီသန့်စင်အဆင့်၏ ထိပ်ဆုံးသို့ ရောက်ရှိနိုင်မည်ဟု ယုံကြည်နေသည်။ ထိုအချိန်ရောက်မှသာ သက်တမ်းကိစ္စကို သူ စိတ်ပူတော့မည် ဖြစ်သည်။
သူ့အတွက် ပို၍ ဝမ်းသာစရာမှာ ကျင့်ကြံမှုအဆင့် တိုးတက်လာခြင်း ဖြစ်သည်။
နောက်တစ်လခန့်ဆိုလျှင် သူသည် အဆင့် ၈ သို့ ရောက်ရှိတော့မည် ဖြစ်သည်။ ထို့အပြင် နွေဦးကျင့်စဉ်မှာလည်း အထွတ်အထိပ်အဆင့် ရောက်ရန် ၁၀ ရက်ခန့်သာ လိုတော့သည်။ ကျင့်စဉ်တစ်ခု အထွတ်အထိပ်အဆင့် ရောက်လျှင် မည်သို့သော ထူးခြားသည့် ပြောင်းလဲမှုများ ဖြစ်လာမည်ကို သူ အလွန် သိချင်နေမိသည်။
အခြေအနေပြကြေးမုံပြင်ကို ကြည့်ပြီးနောက် လော့ချန် ဝိညာဉ်ကြောဂူထဲမှ ထွက်လာခဲ့သည်။
ဆေးဖော်ဆောင်သို့ ရောက်သောအခါ အေးအေးလူလူပင် ထိုင်ရင်း ချင်ယွမ်ဇီ ကျမ်းစာကို ဖတ်နေလိုက်သည်။ ဆေးဖော်စပ်ခြင်းဆိုင်ရာ စာအုပ်များသည် ဘယ်နှစ်ခါဖတ်ဖတ် သူ့အတွက် အမြဲ အသစ်အဆန်း ဖြစ်နေဆဲပင်။
ယနေ့မှာ လဆန်းရက် ဖြစ်သဖြင့် အားလပ်ရက် ဖြစ်သည်။
ဆေးဖော်ဆောင်၏ ယနေ့ အလုပ်မှာ ကုန်ကြမ်းပစ္စည်းများ ပြန်လည် ဖြည့်တင်းခြင်းနှင့် ပြီးခဲ့သည့်လ၏ ထုတ်လုပ်မှုများကို စာရင်းတွက်ချက်ခြင်းသာ ဖြစ်သည်။
ပုံမှန်အားဖြင့် မီကျွင်းဖျင်သည် လူလွှတ်၍ လော့ချန်၏ အမြတ်ဝေစုများနှင့် လစာဆေးလုံးများကို ပေးပို့လေ့ရှိသော်လည်း ယနေ့တွင်မူ သူကိုယ်တိုင် သွားယူရန် ဆုံးဖြတ်လိုက်သည်။
လော့ချန်သည် ကူချိုင်ယီ၊ စီကုန်ရှို့ကျားတို့နှင့် အတူ ဂိုဏ်းဌာနချုပ်သို့ ထွက်လာခဲ့သည်။
ကျောက်စိမ်းအမြုတေဆေးလုံး၏ အောင်မြင်မှုနှုန်း မြင့်တက်လာသည်နှင့်အမျှ လော့ချန်၏ ဂုဏ်သိက္ခာမှာလည်း ဂိုဏ်းအတွင်း မြင့်တက်လာခဲ့သည်။ သူ အစည်းအဝေးခန်းမအတွင်း ဝင်ထိုင်လိုက်သောအခါ လူတိုင်းက သူ့အား စိတ်ဝင်တစား ကြည့်နေကြသည်။
အကြောင်းမှာ ပြီးခဲ့သည့်လ ဆေးလုံးရောင်းရငွေမှာ ဝိညာဉ်ကျောက် ၈၀၀၀ ကျော် ရှိခဲ့သောကြောင့် ဖြစ်သည်။ ဂိုဏ်းခေါင်းဆောင်များမှာ ဘာမှမလုပ်ဘဲ တစ်ဦးလျှင် ဝိညာဉ်ကျောက် ၁၀၀ မှ ၂၀၀ ခန့်အထိ ဝေစုရရှိကြရာ လော့ချန်အပေါ် အလွန် အမြင်ကြည်လင်နေကြခြင်း ဖြစ်သည်။
အစည်းအဝေးအပြီးတွင် လော့ချန်သည် မီကျွင်းဖျင်ထံမှ သူ၏ ဝေစုများကို သွားယူလိုက်သည်။
မြူသန့်စင်ဆေးလုံး ၄ ပုလင်း၊ စိတ်ငြိမ်အမွှေးတိုင်တစ်ဗူးနှင့် ဝိညာဉ်ကျောက် ၁၂၀၀ ရရှိခဲ့သည်။
ယခုအခါ သူ၏ စုဆောင်းငွေမှာ ဝိညာဉ်ကျောက် ၄၀၀၀ ခန့်အထိ ရှိလာပြီဖြစ်သည်။ ထိုပမာဏမှာ လော့ချန် တစ်ခါမျှ မပိုင်ဆိုင်ဖူးသော ကြွယ်ဝမှုပင်။
သို့သော် လော့ချန်မှာ မကျေနပ်သေးပေ။ လေလံပွဲများတွင် ပစ္စည်းကောင်းများမှာ ထောင်ချီ၍ ဈေးပေါက်တတ်ပြီး အခြေတည်ဆေးလုံးဆိုလျှင် ဝိညာဉ်ကျောက် ၆၀၀၀ အထက်တွင် ရှိနေသောကြောင့် ဝိညာဉ်ကျောက်များ များများ စုဆောင်းရန် လိုအပ်နေသေးကြောင်း သူ သိထားသည်။
လော့ချန် ပြန်ရန် ပြင်လိုက်စဉ် မီရှုဟွာက လှမ်းတားလိုက်သည်။
“လော့လေးရေ၊ မင်း ချီသန့်စင်ဆိုင်ရာ သိမြင်ချက်များ ကျောက်စိမ်းလိပ်ကို ဖတ်ပြီးပြီလား”
လော့ချန် ခေါင်းညိတ်ကာ ကျောက်စိမ်းစာလိပ်ကို ပြန်ထုတ်ပေးရင်း ပြောလိုက်သည်။
“ဒါပေါ့ဗျ အကုန် အလွတ်ရနေပါပြီ၊ ဂိုဏ်းချုပ်…. ဒီစာလိပ်က ကျွန်တော့်ရဲ့ သံသယတွေကို အများကြီး ရှင်းလင်းပေးနိုင်ခဲ့တာ အမှန်ပဲ”
မီရှုဟွာက ကျောက်စိမ်းလိပ်ကို ပြန်ယူရင်း ပြုံးကာ ဆိုသည်။
“အသုံးဝင်တယ်ဆိုရင် ဝမ်းသာပါတယ်ကွာ၊ ဒါက တစ်စောင်တည်းရှိတာ၊ ငါ့မိသားစုထဲက တခြားတစ်ယောက် သုံးဖို့ စောင့်နေလို့”
မိသားစုဟူသော စကားကြောင့် လော့ချန်သည် မီရှူဟွာကို ကြည့်ရင်း မိသားစုအရေး ကိစ္စများသည် အလွန်ပင် ခေါင်းရှုပ်စရာ ကောင်းလှသည်ဟု တွေးမိသွားသည်။
မီရှုဟွာတွင် သားသမီး သုံးဦးရှိသော်လည်း ပါရမီထူးခြားသူ သိပ်မရှိလှပေ။ သူသည် သားသမီးများနှင့် မြေးမြစ်များ၏ ရှေ့ရေးအတွက် အမြဲ ပူပန်နေပုံရသည်။ ဤစာအုပ်မှာ မီရှုဟွာ၏ မြေးများ သို့မဟုတ် သူ့သမီးနှင့် လက်ထပ်မည့် စီကုန်းရှို့ကျား၏ သားအတွက် ဖြစ်နိုင်သည်ဟု လော့ချန် တွေးလိုက်မိသည်။
“ဒါနဲ့ မင်း မီးသားရဲချီတချို့ လိုက်ဝယ်ထားတယ်လို့ ကြားတယ်၊ ဟုတ်လား” ဟု မီရှုဟွာက မေးလိုက်သည်။
လော့ချန်က သူ့အမေးကို မထူးခြားသလိုပင် ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ကဲ့၊ ၁၀ မျှင် ဝယ်ထားပါတယ်”
“ဘာလုပ်ဖို့လဲ”
လော့ချန်က ပုခုံးတွန့်ပြလိုက်သည်။
“ဘာလုပ်ရမှာလဲဗျ…. ချင်ယွမ်ဇီရဲ့ ကျမ်းထဲမှာ မြေအောက်မီးနဲ့ ဆေးဖော်တာ၊ မိစ္ဆာချီ သုံးတာတွေ ဖတ်ရလို့ စမ်းကြည့်ချင်လို့ ဝယ်လိုက်တာပါ”
မီရှုဟွာ ခေါင်းညိတ်လိုက်သည်။ သူလည်း ထိုကျမ်းစာအုပ်ကို ဖတ်ဖူးသဖြင့် လော့ချန်၏ စကားကို ယုံကြည်ဟန် ရှိသည်။
လော့ချန် ဆက်ပြောလိုက်သည်။
“ကျွန်တော် ကျောက်စိမ်းအမြုတေဆေးလုံးကို အဆင့်မြင့် မရနိုင်တာက ကျွန်တော့်ရဲ့ ပညာကြောင့် မဟုတ်ဘဲ ဆေးဖော်တဲ့ မီးကြောင့်လို့ သံသယရှိနေတယ်၊ မြေအောက်မီးကို ရှာလို့မရပေမဲ့ မိစ္ဆာချီကို သေချာသုံးပြီး မီးထဲ ထည့်လိုက်ရင် အလားတူ အာနိသင် ရနိုင်မလားလို့ စမ်းကြည့်တာပါ"
အဆင့်မြင့် ကျောက်စိမ်းအမြုတေဆေးလုံးနှင့် ပတ်သက်နေသည်ဟု ကြားသောအခါ မီရှုဟွာ စိတ်ဝင်စားသွားသည်။
"ရလဒ်က ဘာဖြစ်သွားလဲ"
“ဘာဖြစ်ရမှာလဲ.... မိစ္ဆာချီ မီးထဲဝင်သွားတာနဲ့ ထင်းမီးက ချက်ချင်း ထိန်းမရဘဲ ပေါက်ကွဲထွက်သွားတာပေါ့" ဟု လော့ချန် စိတ်ပျက်ဟန်ဖြင့် ဟန်ဆောင်ကာ ခါးခါးသီးသီး ပြုံးပြလိုက်သည်။
မီရှုဟွာ သက်ပြင်းချလိုက်သည်။
“မီးသားရဲချီက သာမန်မြေအောက်မီးထက်တောင် အစွမ်းထက်ပြီး ကြမ်းတမ်းတယ်၊ သာမန်မီးလောက်နဲ့ သွားရှုပ်လို့မရဘူးကွ”
လော့ချန် စိတ်ထဲတွင် သက်ပြင်းချလိုက်မိသည်။ အဘိုးကြီးမီသည် မိမိ ဘာဝယ်သည်ကအစ စောင့်ကြည့်နေကြောင်းလည်း သိလိုက်ရပြီ ဖြစ်သည်။
“ဂိုဏ်းချုပ်ရယ်…. မြေအောက်မီးသာရှိရင် ဆေးဖော်တာ တော်တော်အဆင်ပြေသွားမှာဗျာ၊ ဂိုဏ်းချုပ်လို သမ္ဘာရင့် ဝါရင့်ပုဂ္ဂိုလ် မျိုးဆို အဲ့ဒီမြေအောက်မီး ရှိနိုင်တဲ့ မြေကြောလောက်တော့ အသာလေးသိမ်းလို့ရမှာပဲ၊ ကျွန်တော့်ကို သနားတဲ့အနေနဲ့ မြေအောက်မီးကြောလေးရှာပြီး ကူညီပါလားဗျာ၊ ကျွန်တော်သာ မြေအောက်မီးနဲ့ ဆေးဖော်ရရင်လေ….”
အစရှိသဖြင့် လော့ချန် မျက်နှာငယ်လေးနှင့် ပြောလိုက်လေရာ မီရှုဟွာတယောက် ခေါင်းနပန်းကြီးသွားတော့သည်။