← Chapters

အခန်း (၁၅၃-၁၅၄)

Vol. 16 Ch. 153-154

အခန်း (၁၅၃-၁၅၄)

Vol. 16 Ch. 153-154

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၁၅၃) - ကမ္ဘာပျက်တော့မည် အထင်နှင့် ရိက္ခာများ သိုလှောင်နေသော အမောင်လော့ချန်

ဤသည်မှာ အမှန်တကယ်ပင် အလွန်များပြားသော ဝယ်ယူမှုကြီးတစ်ခု ဖြစ်ပေသည်။

မြူသန့်စင်ဆေးလုံး ပုလင်း ၂၀ အတွက် ဝိညာဉ်ကျောက်တုံး ၄၀၀၀ နှင့် စိတ်ငြိမ်အမွှေးတိုင် ၁၀ ဗူးအတွက် ၁၂၀၀။ အားလုံးပေါင်းလိုက်လျှင် ဝိညာဉ်ကျောက်တုံး ၅၀၀၀ ကျော်မျှ ကျသင့်ပေသည်။

ထိုပမာဏမှာ အဆင့်မြင့် မှော်လက်နက်တစ်ခုကို အလွယ်တကူ ဝယ်ယူနိုင်သလို အဆင့်မြင့်ဆုံး အထူးမှော်လက်နက်ကိုပင် ကြိုးစားဝယ်ယူနိုင်သည့် ပမာဏ ဖြစ်သည်။

ဆိုင်ရှင် လျိုဟယ်ချိုင်မှာ အံ့အားသင့်လွန်းသဖြင့် မှင်သက်နေမိတော့သည်။ တစ်ချိန်က ဝိညာဉ်ကျောက်တုံး ဆယ်ဂဏန်းခန့်ကိုပင် နှမြောတွန့်တိုခဲ့သော ဤတစ်ကိုယ်တော် ကျင့်ကြံသူလေးသည် ယခုအခါ၌မူ ဝိညာဉ်ကျောက်တုံး ၅၀၀၀ ကျော်ကို မျက်တောင်တစ်ချက် မခတ်ဘဲ သုံးစွဲနိုင်နေလေပြီ။

ဤသည်ကပင် လော့ချန်၏ ဆေးဖော်စပ်မှုအတတ်ပညာ မည်မျှကျွမ်းကျင်လာခြင်းနှင့် စည်းစိမ်ဥစ္စာများကို မည်မျှလျင်မြန်စွာ စုဆောင်းနိုင်ခဲ့သည်ကို ထင်ရှားစွာ သက်သေထူနေပေသည်။

သို့သော် လျိုဟယ်ချိုင် မသိသည်မှာ ထိုပမာဏမှာ လော့ချန် စုဆောင်းထားသမျှ ရွှေအိတ်ကို သွန်မှောက်လိုက်ခြင်း ဖြစ်သည်ကိုပင်။ ကျင့်ကြံခြင်း အရင်းအမြစ်များကို ဝယ်ယူပြီးနောက် လော့ချန်၏ လက်ဝယ်၌ ဝိညာဉ်ကျောက်တုံး ၁၀၀ ကျော်လေးသာ ချောင်ချောင်ချိချိ ကျန်ရှိတော့လေသည်။

“ရွေးချယ်စရာ မရှိလို့ပါဗျာ…. ဒါတွေအားလုံးက ကျင့်ကြံဖို့အတွက်ပဲလေ၊ ဆိုင်ရှင်လျိုကို ရယ်စရာဖြစ်အောင် လုပ်မိသလို ဖြစ်သွားပြီ” ဟု လော့ချန် ခပ်ဖွဖွ သက်ပြင်းချရင်း ဆိုလိုက်သည်။

လျိုဟယ်ချိုင်သည် တစ်စုံတစ်ခုကို နားလည်သွားဟန်ဖြင့် အလုပ်သမားတစ်ဦးကို ခေါ်ယူကာ တိုးတိုးလေး ညွှန်ကြားလိုက်သည်။ မကြာမီပင် အလုပ်သမားသည် သူမှာယူထားသော ဆေးလုံးများ၊ အမွှေးတိုင်များကို ယူဆောင်လာခဲ့သည်။ ထိုအလုပ်သမားသည် လော့ချန်၏ မျက်နှာကို မှတ်မိသွားစေရန် အကြိမ်အနည်းငယ်မျှ အပိုစိုက်ကြည့်နေခဲ့သေးသည်။

ငွေလက်ခံပြီးနောက် လျိုဟယ်ချိုင်က အဓိပ္ပာယ်ပါသော အပြုံးဖြင့် မေးမြန်းလေတော့သည်။

"လော့လေး…. မင်းက တာဟဲစျေးမြို့တော်ရဲ့ မငြိမ်မသက်ဖြစ်နေတဲ့ အခြေအနေကြောင့် ကြိုတင် ပြင်ဆင်နေတာ မဟုတ်လား"

“ဆိုင်ရှင်လျိုရဲ့ အမြင်က တကယ်ကို စူးရှတာပဲ၊ ကျွန်တော် ဘာမှကို ဖုံးကွယ်လို့ မရပါလား”

လော့ချန်သည် ဤအခြေခံတည်ဆောက်ခြင်းအဆင့် ဂိုဏ်းဝင်ဆီမှ သတင်းအချက်အလက်အချို့ ရလိုရငြား မြှောက်ပင့်ပြောဆိုလိုက်သည်။

လျိုဟယ်ချိုင်မှာ ထိုမြှောက်ပင့်စကားများကို သဘောကျသွားပုံရပြီး ပြုံးကာ ဆိုသည်။

"တကယ်တော့ အဲ့ဒီလောက်ကြီး စိုးရိမ်နေဖို့ မလိုပါဘူးကွာ"

"ဟင်.... ဒါက ဘာကို ဆိုလိုတာလဲ ခင်ဗျာ"

လော့ချန် နားစွင့်လိုက်ရင်း စူးစမ်းလိုက်သည်။ အမှန်ပင် အတွင်းသတင်း တစ်စုံတစ်ရာ ရှိနေပေသည်။

"ဒါက ရိုးရိုးလေးပါပဲ"

လျိုဟယ်ချိုင်က ယုံကြည်မှုရှိရှိ ပြုံးလိုက်ရင်း ဆိုသည်။

"ကျောက်စိမ်းအိုးဓားဂိုဏ်း ဟာ တာဟဲစျေးမြို့တော်ကို ဒီအတိုင်း ကသောင်းကနင်း ဖြစ်အောင် အကြာကြီး လွှတ်ထားမှာ မဟုတ်ဘူး"

ထိုစကားတစ်ခွန်းက လော့ချန်ကို မှင်သက်သွားစေသည်။

မှန်ပေသည်။ တာဟဲစျေးမြို့တော်မှာ သာမန်မြို့လေး မဟုတ်ချေ။ ၎င်းမှာ အရှေ့ပိုင်းလွင်ပြင်၏ ဝမ်တောင်တန်းကြီး နှင့် နီးကပ်နေသော အဓိက ကုန်သွယ်ရေး အချက်အချာနေရာ ဖြစ်သည်။

ရင်းမြစ်များ ပေါကြွယ်ဝပြီး အလားအလာ ကောင်းမွန်လှသည်။ ကျောက်စိမ်းအိုးဓားဂိုဏ်းက ဤနေရာတွင် တိုးမြှင့် ရင်းနှီးမြှုပ်နှံနေခြင်းကပင် သူတို့ ဤမြို့ကို မည်မျှ တန်ဖိုးထားသည်ကို ပြသနေခြင်း ဖြစ်သည်။

လော့ချန်မှာ ပြဿနာများ၏ အလယ်တွင် ရောက်နေသဖြင့် အခြေအနေအရပ်ရပ်ကို သဲသဲကွဲကွဲ မမြင်နိုင်ခဲ့ခြင်း ဖြစ်သည်။

လော့ချန် သဘောပေါက်သွားသည်ကို မြင်သောအခါ လျိုဟယ်ချိုင်က ရယ်မောလိုက်ပြီး ဆိုသည်။

"မင်းတို့လို အဆင့်နိမ့် ကျင့်ကြံသူတွေကတော့ အပေါ်ယံက ဆူပူမှုတွေကိုပဲ မြင်ကြတာပေါ့၊ တကယ်တော့ အခုဖြစ်နေတဲ့ မငြိမ်မသက်မှုတွေဟာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတွေနဲ့ ဝမ်တောင်တန်းကြီးကို အဝင်အထွက် လုပ်နေတဲ့ ရွှေအမြုတေအဆင့် ကျင့်ကြံသူတွေကိုတောင် ရည်ရွယ်တာ ဖြစ်နိုင်တယ်"

အရှေ့ပိုင်းလွင်ပြင်ရှိ ဝမ်တောင်တန်းကြီးမှာ ရင်းမြစ်များ အလွန်ပေါများလှရာ ချီသန့်စင်အဆင့် ကျင့်ကြံသူများသာမက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများလည်း အမြဲ အဝင်အထွက် ရှိနေသည်။

တစ်ခါတရံတွင်မူ ရွှေအမြုတေအဆင့် ကျင့်ကြံသူများပင် ဆေးဖက်ဝင်အပင်များ၊ သတ္တုရိုင်းများ သို့မဟုတ် မိစ္ဆာသားရဲများအတွက် ကိုယ်တိုင် ကိုယ်ကျ လာရောက်တတ်ကြသည်။ တာဟဲစျေးမြို့တော်ရှိ လေလံပွဲများတွင် အဆင့်မြင့် ကျင့်ကြံသူများအတွက် ပစ္စည်းများ ပါဝင်နေခြင်းကပင် ၎င်းကို သက်သေပြနေခြင်း ဖြစ်သည်။

"ကျောက်စိမ်းအိုးဓားဂိုဏ်းက စီရင်စုသခင်ဟာ ဝိညာဉ်ကြောအဆင့်နိမ့်တဲ့ နေရာမှာ အမြဲတမ်း မနေလောက်ဘူး၊ ဟုတ်တယ်မလား"

"ဒါပေါ့.... သူ တစ်နေ့တော့ ပြန်သွားမှာပဲ၊ အဲ့ဒီလို မပြန်ခင်မှာ သူက ပြဿနာတွေကို ရှင်းလင်းသွားလိမ့်မယ်၊ ဒါကြောင့် သိပ်ပြီး မစိုးရိမ်ပါနဲ့"

လျိုဟယ်ချိုင်သည် စကားပြောရင်း လော့ချန် သယ်ဆောင်ထားသည့် ဆေးပုလင်းအပုံကြီးကို ကြည့်လိုက်ရာ သူ ရယ်ချင်စိတ်ကို မနည်းအောင့်လိုက်ရသည်။

'တောက်....'

'ဒီစကားကို ဘာလို့ စောစောက မပြောတာလဲ၊ ငါ ငွေရှင်းပြီးမှ ပြောရလား'

လော့ချန်သည် ဤလောဘကြီးသော ကုန်သည်ကို ကျိန်ဆဲချင်စိတ် ပေါက်သွားသော်လည်း သူပေးသော အချက်အလက်များက အသုံးဝင်သဖြင့် စိတ်ကို ထိန်းလိုက်ရသည်။

ဝိညာဉ်ဆေးနန်းဆောင်မှ ထွက်လာသောအခါ လော့ချန်သည် မိမိကိုယ်မိမိ ကမ္ဘာပျက်တော့မည်ဟု ထင်ကာ ဆန်ဆီများ လိုက်လံဝယ်ယူ သိုလှောင်နေကြသော လူများနှင့် တူနေမလားဟု တွေးတောမိလေသည်။

လခြမ်းတောင်ကြားသို့ အပြန်လမ်းတွင် လော့ချန်သည် လျိုဟယ်ချိုင် ပေးခဲ့သော သဲလွန်စများကို အခြေခံ၍ တာဟဲစျေးမြို့တော်၏ အခြေအနေကို ပြန်လည် ဆန်းစစ်ကြည့်လိုက်သည်။

မငြိမ်မသက်မှုများသည် ရွှေအမြုတေအဆင့် ကျင့်ကြံသူ ဖန်ရင်ရှုံ ရောက်ရှိလာပြီးနောက်မှ စတင်ခဲ့ခြင်း ဖြစ်သည်။ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ လျစ်လျူရှုမှုနှင့် အဆုံးအဖြတ်စင်မြင့်၏ ဆုကြေးများ တိုးမြှင့်လိုက်ခြင်းတို့မှာလည်း စိတ်ဝင်စားစရာ ကောင်းလှသည်။

ဤသို့ ကြည့်လျှင် အခြေအနေအားလုံးကို ရွှေအမြုတေအဆင့် ကျင့်ကြံသူကပင် ဖန်တီးခဲ့ခြင်း ဖြစ်ပြီး သူ၏ ရည်ရွယ်ချက်မှာလည်း ခန့်မှန်းရန် မခက်တော့ချေ။

၎င်းမှာ ဖေးပေါ်ဝမ် သေဆုံးမှုကြောင့် ဖြစ်သည်။ အိုက်လောင်တောင်ဂိုဏ်းမှ အခြေခံတည်ဆောက်ခြင်းအဆင့် နှောင်းပိုင်း ကျင့်ကြံသူသည် တာဟဲစျေးမြို့တော်တွင် သေဆုံးခဲ့သည်။

နတ်သက်ကြွေအိမ်ရာမှ တပည့်များ၏ အဆိုအရ ဖေးပေါ်ဝမ်သည် ဓားအမြုတေ မှော်ရတနာဖြင့် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။ ဤသည်က ကျောက်စိမ်းအိုးဓားဂိုဏ်းမှ ကျင့်ကြံသူများကို သံသယဖြစ်စေခဲ့သည်။

ထိုအထဲတွင် အဓိက သံသယဖြစ်ဖွယ် အကောင်းဆုံးသူမှာ ထိုစဉ်က မြို့တော်တွင် အင်အားအကြီးဆုံး ဖြစ်ပြီး ဓားအမြုတေကို ပိုင်ဆိုင်ထားသူ ဖန်ရင်ရှုံ ပင် ဖြစ်သည်။ ရလဒ်အနေဖြင့် အိုက်လောင်တောင်ဂိုဏ်းမှ အကြီးအကဲချုပ်ကိုယ်တိုင် ကျောက်စိမ်းအိုးဓားဂိုဏ်းသို့ သွားရောက်ကာ ဖြေရှင်းချက် တောင်းခဲ့ရသည်။

လော့ချန်သည် ရွှေအမြုတေအဆင့်သာ ရှိသော ဂိုဏ်းတစ်ခုက ဝိညာဉ်သန္ဓေတည်အဆင့်ဂိုဏ်းကို မည်သို့ ရဲဝံ့စွာ ဖြေရှင်းချက် တောင်းရဲသနည်း ဆိုသည်ကို နားမလည်နိုင်ခဲ့ချေ။ ၎င်းမှာ ဂိုဏ်းအချင်းချင်းကြား အင်အားချိန်ခွင်လျှာ ညှိနှိုင်းမှုတစ်ခုသာ ဖြစ်လိမ့်မည်ဟု သူ ယူဆလိုက်သည်။

အထူးသဖြင့် အိုက်လောင်တောင်ဂိုဏ်းသည် စျေးမြို့တော်များနှင့် အင်မော်တယ်မြို့တော်များ တည်ဆောက်ရေးတွင် အဓိက ပါဝင်နေသဖြင့် သူတို့၏ အရှိန်အဝါမှာ ကြီးမားလှပေသည်။ အိုက်လောင်တောင်ဂိုဏ်းမှ အကြီးအကဲချုပ်ကိုယ်တိုင် ပါဝင်လာသဖြင့် ကျောက်စိမ်းအိုးဓားဂိုဏ်းအနေဖြင့်လည်း တုံ့ပြန်မှု တစ်ခုခု ပေးရပေတော့မည်။

ထိုတုံ့ပြန်မှုမှာ ၆ လမျှ ကြာမြင့်ခဲ့သည်။

၆ လ ဆိုသည်မှာ ချီသန့်စင်အဆင့် ကျင့်ကြံသူများအတွက် ကြာမြင့်သော်လည်း ရာစုနှစ်ချီ၍ ကျင့်ကြံတတ်သော ရွှေအမြုတေအဆင့်များအတွက်မူ ခဏတာမျှသာ ဖြစ်ပေသည်။

၆ လအကြာတွင် ဖန်ရင်ရှုံသည် တာဟဲစျေးမြို့တော်သို့ ပြန်လည်ရောက်ရှိလာပြီး ရှုပ်ထွေးမှုများ ဖန်တီးခဲ့လေသည်။ ဖြစ်နိုင်သည်မှာ သူသည် ရေနောက်အောင်လုပ်၍ ငါးဖမ်းခြင်းဖြစ်နိုင်သလို၊ အိုင်လောင်တောင်ဂိုဏ်းကို ပြသရန်အတွက် ဟန်ပြလုပ်ဆောင်ခြင်းလည်း ဖြစ်နိုင်ပေသည်။

သို့သော် သူ၏ ရည်ရွယ်ချက်မှာ မည်သို့ပင် ရှိနေပါစေ သူ ရောက်ရှိလာခဲ့ပြီဖြစ်သလို လုပ်ဆောင်စရာရှိသည်ကို လုပ်ဆောင်နေပြီး ဖြစ်သည်။

သူ ပြန်လည်ထွက်ခွာသွားချိန်တွင် လူသတ်သမားကို မိသည်ဖြစ်စေ၊ မမိသည်ဖြစ်စေ အရေးကြီးတော့မည် မဟုတ်ပေ။

‘အခြေအနေတွေသာ ဒီအတိုင်းဆိုရင်…. တာဟဲစျေးမြို့တော်ရဲ့ ဆူပူမှုတွေ အဆုံးသတ်ဖို့ သိပ်မကြာလောက်တော့ပါဘူး’

လော့ချန် မျက်မှောင်ကြုတ်လိုက်မိသည်။

သို့သော် နောက်ထပ် အတွေးတစ်ခု ချက်ချင်း ဝင်လာပြန်သည်။

‘သိပ်မကြာတော့ဘူး’ ဆိုသည်မှာ မည်သူ့ရှုထောင့်မှနည်း။ ချီကျင့်ကြံသူ၏ ရှုထောင့်မှလော၊ သို့မဟုတ် အခြေခံတည်ဆောက်ခြင်းအဆင့်၊ ရွှေအမြုတေအဆင့် ကျင့်ကြံသူများ၏ ရှုထောင့်မှလော….။

မည်သို့ပင်ဖြစ်စေ သူဝယ်ယူထားသော အရင်းအမြစ် ပစ္စည်းများမှာမူ အလဟဿ မဖြစ်နိုင်ချေ။

ဆေးလုံးများနှင့် အမွှေးတိုင်များမှာ သူ နေ့စဉ် လိုအပ်နေသော ပစ္စည်းများ ဖြစ်သည်။ ဖိုရှန်းဂိုဏ်းမှ တစ်လလျှင် ပုလင်း ၄ ပုလင်းသာ ရသဖြင့် သူ့အနေဖြင့် အနည်းဆုံး နှစ်ပုလင်းခန့် ကိုယ်တိုင် ဝယ်ယူရစမြဲပင်။

“ဝိညာဉ်ကျောက်တုံးတွေက ဒီအတိုင်း သိမ်းထားရင်လည်း အတိုးမရနိုင်ဘူး၊ တခြားပုံစံနဲ့ ကိုယ့်အနားမှာ ရှိနေတာကပဲ ပိုကောင်းပါတယ်” ဟု သူ တိုးတိုးလေး ရေရွတ်လိုက်သည်။

အတိုးအကြောင်း တွေးမိသောအခါ ကျင့်ကြံခြင်းလောက၌ အဘယ်ကြောင့် ဘဏ်များကဲ့သို့ အဖွဲ့အစည်းများ မရှိလေသနည်းဟု သူတွေးမိသည်။ လူသားလောကများ၌ပင် အပေါင်ဆိုင်များနှင့် ငွေတိုက်များ ရှိကြသည် မဟုတ်ပါလော။

ထိုအတွေးကြောင့် သူ ပြုံးမိသွားသည်။ ဤသို့ တောင်စဉ်ရေမရ တွေးတောနေနိုင်ခြင်းကပင် သူ၏ ရင်ထဲ၌ ရှိနေသော စိုးရိမ်မှုများ လျော့ပါးသွားပြီဖြစ်ကြောင်း သက်သေပြနေပေသည်။

သို့သော် နောက်ရက်များတွင် လော့ချန်၏ အလုပ်အပေါ် စေ့စပ်သေချာမှုမှာ ယခင်ထက် ပိုမိုလာလေသည်။ အကျင့်တစ်ခု ဖြစ်သွားခြင်းကြောင့်လား သို့မဟုတ် မုန်တိုင်းမလာခင် လေငြိမ်နေသည်ဟု ယူဆထားသောကြောင့်လား ဆိုသည်ကိုမူ သူကိုယ်တိုင်သာ သိပေလိမ့်မည်။

….

“ဟေ့ကောင်…. ငါတို့ရဲ့ ခေါင်းဆောင်လော့ ဒီရက်ပိုင်းမှာ အတည်ပေါက်ကြီးတွေ ကြိုးစားနေသလားလို့”

တစ်ယောက်က စတင်၍ စပ်စုလိုက်ရာ ဘေးနားရှိလူကလည်း ပြန်လည် မေးခွန်းထုတ်လာသည်။

“ဟင်.... အမြဲ အဲ့လိုပဲ မဟုတ်လား”

ထိုအခါ ပထမလူက ခေါင်းခါလျက် ဆိုသည်။

“မဟုတ်ဘူး…. မဟုတ်ဘူး၊ အရင်က ကြိုးစားတယ်ဆိုပေမဲ့ ဆေးဖော်တဲ့အပေါ်မှာ အခုလောက်ကြီး စိတ်မနှစ်ပါဘူး၊ ဆေးပစ္စည်းတွေ ပျက်စီးသွားရင်တောင် သူ သိပ်ဂရုမစိုက်ဘူးလေ”

ထိုစကားကို ကြားမှပင် ကျန်ရှိသူများကလည်း “အခုပြောမှပဲ သတိထားမိတော့တယ်၊ ဟုတ်သားပဲနော်” ဟု ထောက်ခံရင်း တိုးတိုးတိတ်တိတ် အတင်းဆိုနေကြလေတော့သည်။

လော့ချန်၏ ကျင့်ကြံခြင်းအဆင့် မြင့်မားလာသည်နှင့်အမျှ သူ၏ ဝိညာဉ်အာရုံမှာလည်း ပို၍ စူးရှထက်မြက်လာသည့်အတွက် ထိုတိုးတိုးတိတ်တိတ် ပြောဆိုနေကြသော စကားများကိုပင် သူ ခပ်ဖျော့ဖျော့ ကြားနေရလေသည်။

လော့ချန်သည် မိမိကိုယ်မိမိ ပြန်လည်ဆန်းစစ်ကြည့်မိသည်။ သူတို့ပြောသကဲ့သို့ပင် သူသည် အလုပ်အပေါ်၌ အမှန်တကယ် စိတ်ရောကိုယ်ပါ နှစ်မြှုပ်ကာ အလေးအနက် ထားနေခြင်း ဖြစ်ပေသည်။ ထိုသို့ ဖြစ်ရခြင်းမှာ အခြားကြောင့်မဟုတ်ဘဲ စုဆောင်းထားသမျှ ပြောင်သလင်းခါသွားပြီ ဖြစ်သောကြောင့်ပင်။

ထိုဝိညာဉ်ကျောက်တုံးများသည် သူ ချီသန့်စင်အဆင့် (၉) သို့ ရောက်သောအခါ အခြေတည်ဆေးလုံး ဝယ်ယူရန်အတွက် သေချာ စုဆောင်းထားခဲ့ခြင်း ဖြစ်သည်။ ကျင့်ကြံခြင်း အစောပိုင်းကာလများတွင် ကျောက်တုံးတစ်တုံးရရန် ရုန်းကန်ခဲ့ရသည့် အချိန်မှလွဲ၍ ဤမျှအထိ ဆင်းရဲသည်ဟု သူ မခံစားခဲ့ရဖူးပေ။

ဝိညာဉ်ကျောက်တုံး ၅၂၀၀ မှာ ပုံစံပြောင်း၍ မိမိထံတွင် ရှိနေသည်ကို သိသော်လည်း လော့ချန်မှာ စိုးရိမ်နေမိဆဲ ဖြစ်သည်။ ရလဒ်အနေဖြင့် သူသည် ဆေးဖော်စပ်ခြင်းအလုပ်ကို ယခင်ကထက် ပိုမိုကြိုးစားလာလေသည်။

ထို့အပြင် မီလီ နှင့် ထန်ချွမ် တို့ကိုလည်း ပို၍ သင်ကြားပေးလာသည်။ အကယ်၍ သူတို့နှစ်ဦးသာ မှော်အာဟာရဆေးလုံးနှင့် အံ့ဖွယ်တစ်သောင်းဆေးလုံးများကို ပိုင်နိုင်စွာ ဖော်စပ်နိုင်ပါက နောင်တွင် သူ အပိုဝင်ငွေ ရရှိနိုင်မည် ဖြစ်ပေသည်။

ကံမကောင်းသည်မှာ ထိုနှစ်ဦးသည် ဆေးဖော်စပ်မှုတွင် ပါရမီ သာမန်မျှသာ ရှိကြခြင်းပင်။ လော့ချန်ကိုယ်တိုင် သင်ကြားပေးနေသော်လည်း ထန်ချွမ်မှာ အဆင့်နိမ့် အံ့ဖွယ်တစ်သောင်းဆေးလုံးကိုပင် အောင်မြင်စွာ မဖော်စပ်နိုင်သေးချေ။

မှော်အာဟာရဆေးလုံးကိုမူ မီလီ ဖော်စပ်နိုင်သော်လည်း အဆင့်နိမ့်များသာ ဖြစ်သဖြင့် လော့ချန် မရောင်းတော့ဘဲ ဆေးဖော်ဆောင်ရှိ ကျင့်ကြံသူများကိုသာ ဝေမျှပေးလိုက်လေသည်။

လော့ချန်သည် စီကုန်းရှို့ကျားကို လှမ်းတား၍ မေးလိုက်သည်။

"ဒါနဲ့.... ပြီးခဲ့တဲ့လက အမြတ်ဝေစုကို ဘာလို့ အခုထိ မရသေးတာလဲ"

စီကုန်းရှို့ကျားက ကြောင်ကြည့်နေပြီး ပြန်ပြောလိုက်သည်။

“ဘာတွေပြော…. လဆန်းဖို့တောင် လိုသေးတာကို”

"ဂရုမစိုက်ဘူး၊ ကျွန်တော် အခု ဝိညာဉ်ကျောက်တုံး လိုနေတယ်"

“ငါလည်း ဘာမှ လုပ်မပေးနိုင်ဘူးလေ၊ မင်း မီကျွင်းဖျင် နဲ့ပဲ သွားပြောလိုက်တော့”

လော့ချန် မျက်မှောင်ကြုတ်လိုက်မိသည်။ အမြတ်ဝေစုကို ကြိုတင်ထုတ်ယူခြင်းမှာ အစဉ်အလာ မရှိခဲ့ပေ။ ခဏမျှ စဉ်းစားပြီးနောက် သူ၏ မျက်နှာသည် တစ်စုံတစ်ခုကို အလေးအနက် စဉ်းစားနေပုံပေါ်လာပြီး မျက်ဝန်းများ တောက်ပလာလေသည်။

"ခင်ဗျား.... ဒီနေ့ စောမပြန်နဲ့ဦး၊ ဒီလရဲ့ ဆေးလုံး ထုတ်လုပ်မှုကို အရင် စာရင်းတွက်ရအောင်"

ဆေးစာရင်း တွက်ချက်ခြင်းမှာ အလုပ်မများသဖြင့် စီကုန်းရှို့ကျား မငြင်းတော့ချေ။ ကူချိုင်ယီနှင့်အတူ သူတို့ သုံးဦး ဆေးသိုလှောင်ခန်းထဲသို့ ဝင်ကာ စာရင်းစစ်လိုက်ကြသည်။

စီကုန်းရှို့ကျားက တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။

“အဆင့်လတ် ကျောက်စိမ်းအမြုတေဆေးလုံး ၁၆၀၀ နဲ့ အဆင့်နိမ့် ၂၄၀၀ ကျော်လား…. ဒါ အမှန်ပဲလား”

“ဟုတ်တယ်ရှင့်…. အတိအကျပဲ”

ကူချိုင်ယီက အလေးအနက် ခေါင်းညိတ်ပြလေသည်။

သူတို့နှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ မယုံနိုင်အောင် ဖြစ်နေကြသည်။

ရိုးရိုးလေး တွက်ချက်ကြည့်လျှင်ပင် အဆင့်လတ် ကျောက်စိမ်းအမြုတေဆေးလုံး တစ်ပုလင်းလျှင် ဝိညာဉ်ကျောက်တုံး ၅၀၊ အဆင့်နိမ့် တစ်ပုလင်းလျှင် ၁၀ တုံးဖြင့်ဆိုပါက ယခုလ၏ စုစုပေါင်းအမြတ်မှာ ဝိညာဉ်ကျောက်တုံး ၁၀၀၀၀ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။

၎င်းမှာ ပထမဆုံးအကြိမ် သောင်းဂဏန်းအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ အခြားသူများ မှင်သက်သွားသည်မှာ မဆန်းလှပေ။

“ကဲ…. စာရင်းစာအုပ် ပေးတော့”

လော့ချန်က အဖြေကိုပင် မစောင့်တော့ဘဲ စာအုပ်ကို ဆွဲယူကာ ထွက်သွားတော့သည်။ ကူချိုင်ယီနှင့် စီကုန်းရှို့ကျားတို့မှာ နေရာတွင်ပင် ကျောက်ရုပ်များသဖွယ် မှင်သက်ကာ ကျန်ရစ်ခဲ့ကြသည်။

လော့ချန်သည် တစ်လခန့်သာ အနည်းငယ် ပို၍ ကြိုးစားလိုက်ခြင်း ဖြစ်သော်လည်း ဆေးလုံးအောင်မြင်မှုနှုန်းမှာ ဤမျှအထိ တက်လှမ်းလာခဲ့သည်။

စုစုပေါင်း အမြတ် တစ်သောင်းကျော်နေပြီဆိုလျှင် အရင်းနှုတ်ပြီးနောက် လော့ချန် ရရှိမည့် ဝေစုမှာ မည်မျှများပြားလိုက်မည်နည်း။

စီကုန်းရှို့ကျားသည် လာမည့်လတွင် လော့ချန် ရရှိမည့် ဝိညာဉ်ကျောက်တုံး ပမာဏကို တွေးမိသောအခါ မနာလိုစိတ်ကြောင့် မျက်လုံးများပင် နီမြန်းလာလေသည်။ တစ်သက်လုံး တိုက်ခိုက်လုယက် ရုန်းကန်လာခဲ့သော်လည်း ဤမျှသော ဝင်ငွေမျိုး သူ တစ်ခါမျှ မရရှိခဲ့ဖူးပေ။

ကူချိုင်ယီကမူ အံ့ဩချီးကျူးသော သက်ပြင်းကိုသာ တိတ်တိတ်လေး ချလိုက်မိလေသည်။

'ဒါက ဆေးဖော်စပ်သူ တစ်ယောက်ရဲ့ စွမ်းအားပဲလား....' ဟု သူမ တွေးနေမိတော့သည်။

လော့ချန်ကမူ ရှေ့လအတွက် တွေးတောမနေပေ။ သူ၏ လစာထုတ်ရက်မှာ ယခုလပင် ဖြစ်ပေတော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၁၅၄) - လေဟုန်စီးအတတ်နှင့် ပိတ်သိမ်းလိုက်သော အဆုံးအဖြတ်စင်မြင့်

"ပြီးခဲ့တဲ့လက အမြတ်ဝေစုကို ကြိုတောင်းတာကိုတော့ ကျွန်မ နားလည်ပေးနိုင်ပါတယ်" ဟု မီကျွင်းဖျင်က မျက်မှောင်ကြုတ်လျက် ဆိုသည်။

"ဒါက ရက်ပိုင်းလောက်ပဲ လိုတော့တာဆိုတော့ ထားပါတော့လေ၊ ဒါပေမဲ့ ဒီလအတွက် အမြတ်ဝေစုကိုပါ ကြိုယူမယ် ဟုတ်လား”

သူမ၏ မျက်လုံးများမှာ အံ့အားသင့်လွန်း၍ ပြူးကျယ်သွားပြီး “ဒီလ ရှင်ဖော်ထားတဲ့ ဆေးလုံးတွေက ဈေးကွက်ထဲတောင် မရောက်ရသေးဘူးလေ ” ဟု အော်ဟစ်လိုက်တော့သည်။

“ရောင်းရမှာပေါ့” ဟု လော့ချန်က တည်ငြိမ်အေးဆေးစွာ ပြန်ပြောလိုက်သည်။

“ဒါတွေက မရောင်းရဘဲ သောင်တင်နေမယ့် အရာတွေမှ မဟုတ်တာ"

“မဖြစ်နိုင်တာ”

“ကျွန်တော်က ဒီဖိုရှန်းဂိုဏ်းရဲ့ တစ်ဦးတည်းသော ဆေးဖော်ဆရာလေ”

လော့ချန် မျက်ခုံးတစ်ဖက် ပင့်ပြရင်း ပြန်ချေပလိုက်သည်။

“ဒီလောက် အခွင့်အရေးလေးတောင် ကျွန်တော်နဲ့ မထိုက်တန်ဘူးလား"

“မရဘူးဆို မရဘူးပဲ ”

ဘုန်း….

လော့ချန် စာရင်းစာအုပ်ကို စားပွဲပေါ်သို့ အရှိန်ဖြင့် ရိုက်ချလိုက်ပြီး ပြင်ဆင်ထားသော စာမျက်နှာကို လှန်ကာ ကိန်းဂဏန်းများကို လက်ညှိုးဖြင့် ထိုးပြလိုက်သည်။

“ဒီလရဲ့ ထွက်ရှိမှု ရလဒ်တွေကို အရင်ကြည့်လိုက်ဦး၊ ပြီးမှ ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာကို ပြော ”

မီကျွင်းဖျင် ရှေ့သို့ ကိုင်းညွတ်ကာ စာရင်းစာအုပ်ကို စေ့စေ့စပ်စပ် စစ်ဆေးကြည့်လေသည်။

သူမ၏ မျက်နှာအမူအရာမှာ ရုတ်ချည်းပင် ပြောင်းလဲသွားတော့သည်။ အစပိုင်းတွင် ဇဝေဇဝါ ဖြစ်သွားသော်လည်း နောက်ပိုင်း၌ မယုံနိုင်လောက်အောင် အံ့သြသွားရသည်။ သူမ လော့ချန်ကို မော့ကြည့်ကာ မသင်္ကာစွာ မေးလိုက်သည်။

“ဒါတွေက အမှတ်မှားတာ ဒါမှမဟုတ် အတုလုပ်ထားတာ မဟုတ်ဘူးဆိုတာ ရှင်သေချာရဲ့လား"

“တောက်….”

လော့ချန် စိတ်ပျက်လက်ပျက်ဖြင့် တောက်တစ်ချက် ခေါက်ကာ ပြန်မဖြေတော့ပေ။

မီကျွင်းဖျင် တုံ့ဆိုင်းသွားလေသည်။ လော့ချန်အား အလွန်အကျွံ မစော်ကားရန် ဖခင်ဖြစ်သူ မီရှုဟွာက သတိပေးထားဖူးသည့်အပြင် လော့ချန်၏ လက်ရှိ စွမ်းဆောင်ရည်မှာလည်း အထင်ကြီးစရာ ကောင်းလှပေသည်။ ထို့ကြောင့် ဆက်လက် ငြင်းပယ်နေရန်မှာ မသင့်တော်တော့ဟု သူမ ခံစားလိုက်ရသည်။

“ကျွန်မကို တစ်ရက်လောက် အချိန်ပေး” ဟု သူမ နောက်ဆုံး၌ လေသံလျှော့၍ ဆိုလေသည်။

“အဖေ့ကို အရင် မေးကြည့်ရဦးမယ်"

လော့ချန်က မတတ်သာသည့် လေသံဖြင့် ဆိုသည်။

“ခင်ဗျားအဖေက အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူလေ၊ အသံလွှင့်မှော်စာရွက်လေးဘာလေး ပိုလုပ်ပေးမထားဘူးလား၊ ဒီလို ကိစ္စအသေးအမွှားလေးအတွက်နဲ့ အမြဲ ကိုယ်တိုင် ပြေးလွှားနေရဦးမှာလား”

မီကျွင်းဖျင်က မျက်စောင်းထိုးလိုက်ပြီး “အသံလွှင့်မှော်စာရွက်က ဘယ်လောက်အထိ အဝေးကြီး ရောက်နိုင်မယ် ထင်လို့လဲ” ဟု ပြန်ပက်ကာ အခန်းထဲမှ အလျင်အမြန် ထွက်ခွာသွားတော့သည်။

လော့ချန်မှာမူ နောက်ထပ် တစ်ရက် စောင့်ဆိုင်းရန်သာ ကျန်ရစ်ခဲ့ပေတော့သည်။

သူ သက်ပြင်းရှည်ကြီး တစ်ချက်ကို မှုတ်ထုတ်လိုက်ရင်း ဤကဲ့သို့ ကြိုတင်ထုတ်ယူခြင်းကို နောင်တွင် ပုံမှန်ကိစ္စတစ်ခု ဖြစ်လာစေရန် မျှော်လင့်နေမိသည်။ ဆေးဖော်ဆရာတစ်ဦးအနေဖြင့် မိမိ၏ လုပ်ခလစာကို တစ်လလုံး စောင့်ယူနေရသည်မှာ အဓိပ္ပာယ်မရှိလှပေ။

ဂိုဏ်းအနေဖြင့် ရင်းနှီးထားသော အရင်းများ ပြန်မရသေးလျှင်ပင် ၎င်းမှာ သူ၏ ပြဿနာမဟုတ်ဘဲ ဖိုရှန်းဂိုဏ်းကသာ စီမံခန့်ခွဲရမည့် ကိစ္စဖြစ်သည်။ အမှန်စင်စစ် မီရှုဟွာကဲ့သို့သော သူဌေးကြီး၌ ထိုမျှသော ငွေကြေးပမာဏမှာ အပိုပင် ရှိနေပေလိမ့်မည်။

….

လဆန်းပိုင်းတွင် လော့ချန်သည် လင်းစန္ဒာခန်းမ အစည်းအဝေးသို့ မတက်ရောက်ခဲ့သလို မီကျွင်းဖျင်လည်း မတက်ရောက်ခဲ့ပေ။ ထိုအစား သူတို့နှစ်ဦးသည် ဆေးဖော်ဆောင်ရှိ ဆေးသိုလှောင်ခန်း၌ တွေ့ဆုံခဲ့ကြသည်။

“တွေ့ပြီလား…. ကျွန်တော် ခင်ဗျားကို မညာပါဘူး”

မီကျွင်းဖျင်သည် ကျောက်စိမ်းအမြုတေ ဆေးလုံးများကို ဒုတိယအကြိမ်မြောက် ရေတွက်ပြီးချိန်အထိ သူမ၏ အသံတွင် မယုံကြည်နိုင်မှုများ ဖုံးလွှမ်းနေဆဲ ဖြစ်သည်။ သူမသည် ကိန်းဂဏန်းများကို ကြည့်ရင်း မှင်သက်နေမိသည်။

အဆင့်လတ် ကျောက်စိမ်းအမြုတေ ဆေးလုံး (၁၆၀၀)...။

ယခင်လများက (၁၀၀၀) ကျော်သာ ထွက်ရှိခဲ့ရာမှ ယခုအခါ ငါးဆယ်ရာခိုင်နှုန်းခန့်အထိ ခုန်တက်သွားခြင်း ဖြစ်သည်။ လော့ချန်၏ ဆေးဖော်စပ်မှု အတတ်ပညာ တိုးတက်လာပုံမှာ အမှန်တကယ်ပင် နတ်ဘုရားများ ဖန်ဆင်းသကဲ့သို့ အံ့မခန်းစရာ ဖြစ်ပေသည်။

မီကျွင်းဖျင်သည် အသက်ကို ခပ်မှန်မှန် ရှူလိုက်ပြီးနောက် သူမ၏ သိုလှောင်အိတ်အတွင်းမှ တဖျတ်ဖျတ် တောက်ပနေသော ဝိညာဉ်ကျောက်တုံးအချို့ကို ထုတ်ယူကာ လော့ချန်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

“နေဦး.... ဘာလို့ ဒီလောက်နည်းနည်းလေးပဲ.... သြော်….”

လော့ချန်သည် စကားစကို ရုတ်တရက် ရပ်လိုက်ပြီး ကြည်လင်တောက်ပနေသော ကျောက်တုံး (၃၀) ကို ငေးကြည့်မိသွားသည်။

“အဆင့်လတ် ဝိညာဉ်ကျောက်တုံးတွေလား"

“ဟုတ်တယ်"

မီကျွင်းဖျင်က သက်ပြင်းချရင်း ဆိုသည်။

“ဂိုဏ်းမှာ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံးတွေ အဲဒီလောက် အများကြီး မရှိတော့ဘူး၊ အဲဒါတွေက အောက်ခြေတစ်ကိုယ်တော် ကျင့်ကြံသူတွေကို လုပ်ခပေးဖို့ သုံးလိုက်ရတာ၊ ရှင်ရမယ့် ပမာဏအတွက်ကတော့ ဒီလိုပေးမှပဲ အဆင်ပြေတော့မယ်"

“ပြီးခဲ့တဲ့ နှစ်လစာ ကျွန်တော့်ရဲ့အမြတ်ဝေစုက ၃၀၀၀ လောက်ပဲ ရှိရမှာ မဟုတ်လား" ဟု လော့ချန်က မျက်မှောင်ကြုတ်လျက် မေးလိုက်သည်။

မီကျွင်းဖျင်သည် သူ့အား လူအနတ္တတစ်ဦးကဲ့သို့ ကြည့်လိုက်ပြီး ခပ်ပြတ်ပြတ် ဆိုသည်။

“အဆင့်လတ် ဝိညာဉ်ကျောက်တုံးတွေက တန်ဖိုးပိုရှိတယ်လေ၊ တကယ်လို့ ရှင် မတန်ဘူးလို့ ထင်ရင် မှောင်ခိုဈေးမှာ သွားလဲလိုက်၊ ရှင်ရမယ့် နှစ်လစာ အမြတ်ဝေစုထက် လျော့မှာမဟုတ်ဘူးလို့ ကျွန်မ အာမခံတယ်”

ဖြန်း….

လော့ချန် ကိုယ့်နဖူးကိုယ် ပြန်ရိုက်လိုက်မိသည်။ ဟုတ်ပေသည်။ ထိုအခြေခံအချက်ကို သူ မေ့သွားခဲ့ခြင်း ဖြစ်သည်။

သီအိုရီအရ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၁၀၀ သည် အဆင့်လတ် ဝိညာဉ်ကျောက်တုံး ၁ တုံးနှင့် ညီမျှသော်လည်း လက်တွေ့တွင်မူ အဆင့်လတ် ကျောက်တုံးများမှာ ပို၍ တန်ဖိုးရှိလှသည်။ အထူးသဖြင့် မှောင်ခိုစျေးကွက်များတွင် ဖြစ်သည်။

တစ်ကိုယ်တော်ကျင့်ကြံသူများသည် အဆင့်လတ် ကျောက်တုံး ရရှိပါက အပိုဆောင်းတန်ဖိုး ရရှိရန်အတွက် မှောင်ခိုစျေးကွက်တွင် သွားရောက် လဲလှယ်လေ့ ရှိကြသည်။

ငွေကြးကိစ္စ ပြေလည်သွားသဖြင့် လော့ချန် အလွန် ဝမ်းသာသွားသည်။

"ဒီလရဲ့ ဆေးဝေစုကိုလည်း စောစော ရှင်းပေးနိုင်ဖို့ မျှော်လင့်ပါတယ်"

“ဒါဆိုရင်လည်း အခု အရှိန်ကိုပဲ ဆက်ထိန်းထားဦးပေါ့၊ အနည်းဆုံးတော့ အရှိန်မကျသွားစေနဲ့” ဟု မီကျွင်းဖျင်က ပြန်ပြောကာ ထွက်ခွာရန် လှည့်လိုက်လေသည်။

သူမ ထွက်ခွာသွားသည်ကို ကြည့်ရင်း လော့ချန် ပုခုံးတွန့်လိုက်မိသည်။ သူသည်လည်း ပို၍ တိုးတက်လိုသည်မှာ အမှန်ပင်။ သို့သော် ကျောက်စိမ်းအမြုတေ ဆေးလုံးများမှာ ပါရမီရှင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် အဆင့်မြင့်ဆေးလုံးများကို အမြောက်အမြား မထုတ်လုပ်နိုင်သရွေ့ ကာလတိုအတွင်း အထွတ်အထိပ်အဆင့်သို့ ရောက်ရန်မှာ မဖြစ်နိုင်သေးပေ။

ပါရမီရှင်အဆင့်၌ ရှိနေသည်မှာ ကြာပြီဖြစ်သော်လည်း ကျွမ်းကျင်မှုအမှတ် (၇၀၀) ကျော်တွင်သာ တစ်ဆို့နေသည့် အံ့ဖွယ်တစ်သောင်းဆေးလုံးများကို ကြည့်လျှင် သိနိုင်ပေသည်။ တစ်ခါတစ်ရံတွင်မူ လော့ချန်သည် အဆင့်မြင့် အံ့ဖွယ်တစ်သောင်းဆေးလုံးများ၏ ဆန်းကြယ်သော အာနိသင်မှာ မည်သို့ရှိမည်နည်းဟု တွေးတောမိတတ်လေသည်။

မီကျွင်းဖျင် ထွက်သွားပြီးနောက် လော့ချန် သမ်းဝေလိုက်ရင်း သူ၏ ကျောက်အိမ်ခန်းလေးထဲသို့ ပြန်လာခဲ့သည်။

ယနေ့မှာ လဆန်းရက်ဖြစ်သဖြင့် ဆေးလုံးအရေအတွက် စာရင်းလုပ်ခြင်း၊ ကုန်ကြမ်းပစ္စည်းများ ပြန်လည်ဖြည့်တင်းခြင်းတို့ ပြုလုပ်ရသည့် ရက်ဖြစ်သည်။ ဆေးဖော်ဆောင်၏ ရှားပါးသော အနားယူရက် ဖြစ်သောကြောင့် အလုပ်သမားအများစုမှာ အားလပ်ရက်ကို ပျော်ရွှင်စွာ ခံစားနေကြပေသည်။

လော့ချန်သည် ဆေးဖော်စပ်ရန် မလိုအပ်သဖြင့် ဤအချိန်ကို အသုံးချကာ မှော်အတတ်အချို့၏ ကျွမ်းကျင်မှုကို မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။ သူ၏ လေခွင်းအတတ်မှာ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိရန် အလွန် နီးစပ်နေပြီ ဖြစ်သည်။

….

နောက်ထပ် လဝက်ခန့် ကြာပြီးနောက်….။

ချန်ယင်းတောင်တန်း၏ မှောင်မိုက်သော ညကောင်းကင်အောက်တွင် လော့ချန်သည် တိမ်တိုက်များအထက်၌ ပျံဝဲနေရင်း အံ့သြတကြီး ဖြစ်နေမိသည်။

"ဒါက အထွတ်အထိပ်အဆင့် လေခွင်းအတတ်ရဲ့ စွမ်းအားလား" ဟု သူ ရေရွတ်လိုက်မိသည်။

လေခွင်းအတတ် အထွတ်အထိပ်အဆင့်သို့ ရောက်သောအခါ တိမ်တိုက်များကို စီးနင်းနိုင်စွမ်း ရရှိလာလိမ့်မည်ဟု လော့ချန် မထင်မှတ်ထားခဲ့ချေ။ တိမ်စီးခြင်း ဆိုသည်မှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ၏ သင်္ကေတတစ်ခု မဟုတ်ပါလော။

ပုံမှန်အားဖြင့် ကျင့်ကြံသူတစ်ဦးသည် တိမ်စီးပျံသန်းနိုင်ရန်အတွက် ဝိညာဉ်အာရုံကို အသုံးပြုပြီး အထူးပြုလုပ်ထားသော နည်းလမ်းများ လိုအပ်သည်။ သို့သော် တိမ်စီးခြင်း၏ အရှိန်မှာ ပျံသန်းရေးမှော်လက်နက်များထက် အနည်းငယ်သာ ပိုမြန်ပြီး မှော်ရတနာများကိုမူ မမှီသဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများမှာ ၎င်းကို သိပ်အသုံးမပြုကြချေ။

သို့သော်လည်း လော့ချန်မှာမူ လေခွင်းအတတ်ကို အထွတ်အထိပ်အဆင့် မြှင့်တင်လိုက်ရုံဖြင့် ဤစွမ်းရည်ကို ရရှိခဲ့ခြင်း ဖြစ်သည်။

"ဒါတင်မကသေးဘူး ထင်တယ်...."

လော့ချန် သူ၏ အခြေအနေပြကြေးမုံပြင်ကို ကြည့်လိုက်ရာ လေခွင်းအတတ် ဆိုသော အမည်မှာ ပြောင်းလဲသွားပြီး ကိုယ်ခံပညာကဏ္ဍမှ လေလွင့်ခြေလှမ်း အတတ်မှာလည်း ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။

ထိုအတတ်နှစ်ခုမှာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး အမည်သစ် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

လေဟုန်စီးအတတ်….။

“မှော်အတတ် အသစ်တစ်ခုလား....”

လော့ချန် အာရုံစိုက်လိုက်ပြီး ထိုပညာကို အသက်သွင်းလိုက်ရာ ယခင်ကနှင့် လုံးဝမတူညီသော ခံစားချက်ကို ချက်ချင်း ရရှိလိုက်သည်။

ယခင်က လေခွင်းအတတ်သည် သဘာဝလေကို အသုံးချခြင်း မဟုတ်ဘဲ မိမိ၏ ချီစွမ်းအားဖြင့် ခန္ဓာကိုယ်ကို ဖုံးအုပ်ကာ ပျံသန်းခြင်း ဖြစ်သည်။ ထို့ကြောင့် ပျံသန်းနိုင်သည့် အမြင့်၊ အရှိန်နှင့် ကြာချိန်တို့မှာ အလွန် ကန့်သတ်ချက် ရှိလှသည်။

လော့ချန်၏ လေခွင်းအတတ်သည် ပြီးပြည့်စုံအဆင့်သို့ ရောက်စဉ်က အရှိန်မှာ သာမန် ပျံသန်းရေးမှော်ပစ္စည်းများနှင့် တူညီခဲ့သည်။ ပါရမီရှင်အဆင့်တွင်မူ မှော်ပစ္စည်းအများစုကို ကျော်လွန်ကာ အရှိန်မြန်သော တိုက်ခိုက်ရေးပစ္စည်းများကိုပင် ယှဉ်နိုင်ခဲ့ပေပြီ။

ယခုမူ သူသည် လေပြည်ညင်းလေးတစ်ခု၏ သယ်ဆောင်ခြင်းကို ခံလိုက်ရသကဲ့သို့ အမှန်တကယ် ခံစားနေရသည်။

ဝူး... ဝူး... ဝူး…

“ဒါက စစ်မှန်တဲ့ လေခွင်းပျံသန်းခြင်းရဲ့ အနှစ်သာရပဲ….”

လော့ချန် စိတ်လှုပ်ရှားစွာဖြင့် ချီစွမ်းအားကို ပို၍ ထုတ်လွှတ်လိုက်ရာ လေပြင်းများ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်မှာ လေးညှို့မှ လွတ်ထွက်သွားသော မြားတစ်စင်းကဲ့သို့ လေထုကို ဖြတ်သန်းကာ ရှေ့သို့ ဒုန်းစိုင်း ပျံသန်းသွားတော့သည်။

"လမ်းကြောင်း လွဲနေပြီ၊ လပြည့်ညတောင်တန်း ထဲအထိတော့ ငါ မဝင်ချင်ဘူး"

လော့ချန် လေထဲတွင် ပျံသန်းရင်း လမ်းကြောင်း ပြောင်းလိုက်သည်။ သူသည် အန္တရာယ်ရှိသော တောင်ထိပ်များကို ရှောင်ကွင်းကာ ချန်ယင်းတောင်ကို ပတ်၍ ပျံသန်းနေမိသည်။ အောက်ဘက် တောရိုင်းမြေပြင်ဆီမှ သားရဲများ၏ ဟိန်းဟောက်သံများမှာ ည၏ တိတ်ဆိတ်မှုကို ဖြိုခွဲလျက် ပဲ့တင်ထပ်နေလေသည်။

“နည်းနည်းတော့ ဆူညံသွားပြီလား မသိဘူး”

လော့ချန် ခပ်ဖွဖွ ရယ်မောရင်း ရင်းနှီးပြီးသားဖြစ်သော တောင်စောင်းတစ်ခုပေါ်သို့ လှပစွာ ဆင်းသက်လိုက်သည်။

သူ၏ မျက်ဝန်းများမှာ စိတ်ကျေနပ်မှုကြောင့် တောက်ပနေသည်။

“ဘာပဲဖြစ်ဖြစ်.... ဒီအရှိန်က အရင်ကထက် နှစ်ဆလောက် ပိုမြန်သွားပြီ၊ အခုဆိုရင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ အရှိန်နဲ့ ရင်ဘောင်တန်းနိုင်ပြီလို့ ပြောလို့ရတယ်”

ယခင်က သံသယရှိခဲ့သော်လည်း ယခုအခါ လော့ချန်သည် သူ၏ အရှိန်မှာ အခြေခံတည်ဆောက်ခြင်းအဆင့် စံနှုန်းသို့ အမှန်တကယ် ရောက်ရှိသွားပြီဖြစ်ကြောင်း သေချာသွားလေသည်။

ဤတိုးတက်မှုမှာ လေခွင်းအတတ် အထွတ်အထိပ်သို့ ရောက်သွားခြင်းကြောင့်သာမက လေလွင့်ခြေလှမ်း အထွတ်အထိပ်နှင့် ပေါင်းစည်းသွားခြင်းကြောင့်လည်း ဖြစ်ပေသည်။

ထိုပညာနှစ်ခု ပေါင်းစည်းသွားပြီးနောက် လော့ချန်သည် သဘာဝလေကို လိုသလို စေခိုင်းနိုင်လာခဲ့ပြီ ဖြစ်သည်။ အခြေအနေပြကြေးမုံပြင်တွင် လေဟုန်စီးအတတ်မှာ အထွတ်အထိပ်အဆင့်တွင် ရပ်တန့်နေပြီး ထပ်မံ မြှင့်တင်ရန် နေရာမရှိတော့ချေ။ ၎င်း၏ အမြင့်ဆုံး အကန့်အသတ်သို့ ရောက်ရှိသွားခြင်း ဖြစ်ပေလိမ့်မည်။

လော့ချန်မှာမူ ဤမျှဖြင့်ပင် အလွန် ကျေနပ်နေပြီ ဖြစ်သည်။ ၎င်းမှာ သူ၏ ကိုယ်ပိုင်ကာကွယ်ရေးအတွက် နောက်ထပ် လက်နက်တစ်ခု ဖြစ်လာခဲ့ပြီ မဟုတ်ပါလော။ ယခုဆိုလျှင် အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ၏ တိုက်ရိုက် တိုက်ခိုက်မှုကို မခံရသရွေ့ သူ ဘေးကင်းနိုင်ပြီ ဖြစ်သည်။

….

မိမိကိုယ်မိမိ ကာကွယ်နိုင်စွမ်း ပိုမြင့်လာသဖြင့် လော့ချန် ပို၍ စိတ်အေးလက်အေး ရှိလာလေသည်။ ကျင့်ကြံခြင်း၊ ဆေးဖော်စပ်ခြင်းနှင့် မှော်အတတ် လေ့ကျင့်ခြင်းတို့ဖြင့် သူ၏ နေ့ရက်များမှာ အေးချမ်းစွာ ကုန်ဆုံးသွားခဲ့သည်။

အချိန်များမှာ ကုန်ဆုံးလွယ်လှပေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် နှစ်လတာ အချိန်မှာ ကုန်လွန်သွားခဲ့သည်။

လော့ချန်သည် ဆေးလုံးအမြတ်ဝေစုအဖြစ် တစ်လလျှင် ဝိညာဉ်ကျောက်တုံး (၁၇၀၀) နှင့် (၁၈၀၀) ခန့်စီ ရရှိခဲ့သလို မြူသန့်စင် ဆေးလုံး (၈) ပုလင်းနှင့် စိတ်ငြိမ်အမွှေးတိုင် (၂) ဗူး တို့ကိုလည်း ရရှိခဲ့သည်။

သို့သော် သူ၏ ဆေးဖော်စပ်မှုမှ ဝင်ငွေကောင်းနေသော်လည်း သူ၏ ဘေးစီးပွားရေးများမှာမူ ထိုသို့ မဟုတ်ပေ။

လော့ချန်၏ မုန့်ဆိုင်နှစ်ဆိုင်မှာ အရောင်းအဝယ် တဖြည်းဖြည်း ပါးလာခဲ့သည်။ ဖုန်းရှ၏ မီရွှီ ရေခဲမြို့တော် အမည်ရှိ ဆိုင်မှာလည်း လူသိများစပြုလာခါမှ ယခုအခါ ပြိုလဲလုနီးပါး အခြေအနေသို့ ရောက်ရှိနေလေသည်။

လော့ချန် ဤသည်ကို ကြိုတင် ခန့်မှန်းထားပြီးသား ဖြစ်သည်။ ကမောက်ကမ ဖြစ်နေသော ကာလတွင် ကျင့်ကြံသူများသည် အပျော်အပါးများအတွက် ငွေမသုံးကြတော့ဘဲ ကျင့်ကြံခြင်း ရင်းမြစ်များနှင့် ကာကွယ်ရေး ပစ္စည်းများအတွက်သာ စုဆောင်းကြတော့သည်။

ပုံမှန်အချိန်တွင် သူတို့ ဂရုမစိုက်သော ဝိညာဉ်ကျောက်တုံး အနည်းအကျဉ်းမှာပင် ယခုအခါ အလွန် တန်ဖိုးရှိလာခဲ့သည်။ လော့ချန်သည် တာဟဲစျေးမြို့တော်၏ ရှုပ်ထွေးမှုများ ပြီးဆုံးရန် စောင့်ဆိုင်းနေသော်လည်း အခြေအနေမှာ ပြီးဆုံးမည့်အစား ပို၍သာ ဆိုးရွားလာခဲ့လေသည်။

အပြင်ဘက်ရပ်ကွက်မှာ မည်မျှအထိ ပရမ်းပတာ ဖြစ်လာသနည်းဆိုလျှင် နေ့ခင်းကြောင်တောင် လမ်းလျှောက်ရန်ပင် အန္တရာယ်ရှိလာခဲ့ပြီ ဖြစ်သည်။ လွန်ခဲ့သော ရက်ပိုင်းကပင် အရှေ့တောင်ဘက်ရှိ အိမ်ခြေ (၂၀) ကျော်မှာ မီးရှို့ခြင်း ခံခဲ့ရပြီး တောက်လောင်နေသော မီးလျှံများက ညကောင်းကင်ယံကို သွေးအလား လင်းထိန်စေခဲ့သည်။

မီးရှို့မှု….။

ဤသည်မှာ ယခင်ကဆိုလျှင် ထောင်ဒဏ် သို့မဟုတ် လူမြင်ကွင်းတွင် ကွပ်မျက်ခြင်း ခံရမည့် ကြီးလေးသော ရာဇဝတ်မှု ဖြစ်သည်။ သို့သော် စောင့်ကြည့်ရေးအဖွဲ့ကမူ မီးငြှိမ်းသတ်ရန် လူအနည်းငယ်သာ လွှတ်ခဲ့ပြီး မည်သည့် အရေးယူမှုမျှ ထပ်မံ မပြုလုပ်ခဲ့ပေ။

မြို့တွင်းပိုင်းမှာလည်း လူအများ ထင်သကဲ့သို့ ဘေးကင်းရာ မဟုတ်တော့ပေ။ လော့ချန်တို့ နေထိုင်သည့် မြောက်ဘက်ရပ်ကွက်၌ပင် လုံခြုံရေးမှာ လျော့ရဲလာခဲ့လေသည်။

မကြာသေးမီကပင် ချင်းလျန်ချန်းသည် သူခိုးတစ်ဦးကို ကိုယ်တိုင် ဖမ်းမိခဲ့သည်။ ထိုသူကို အပြင်းအထန် ရိုက်နှက်ပြီးနောက် စောင့်ကြည့်ရေးအဖွဲ့ထံ လွှဲပြောင်းပေးခဲ့ရာ ပြုပြင်ပြောင်းလဲရန် တိုင်နီအကျဉ်းထောင်သို့ ပို့ဆောင်မည်ဟု ဆိုကြလေသည်။

မတည်ငြိမ်မှုများကို ကြည့်ရင်း လော့ချန် ပြန်လည်တွေးတောမိသည်။ သူ၏ အလိုလို သိမြင်မှုမှာ မှန်ကန်ခဲ့ပေသည်။ ဆိုင်ရှင်လျို ပြောခဲ့သော ‘သိပ်မကြာတော့ဘူး’ ဆိုသည်မှာ အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် ရွှေအမြုတေအဆင့်တို့၏ အချိန်အယူအဆအပေါ် အခြေခံထားခြင်း ဖြစ်သည်။ လော့ချန်ကဲ့သို့ ချီသန့်စင်သူတစ်ဦးအတွက်မူ သုံးလတာ ဥပဒေမဲ့ဖြစ်နေခြင်းမှာ ထာဝရကာလကဲ့သို့ပင် ကြာမြင့်လှပေသည်။

‘ဒီအတိုင်းသာ ဆက်သွားရင်’ ဟု လော့ချန် စိတ်မကောင်းစွာဖြင့် တွေးမိသည်။

‘တာဟဲစျေးမြို့တော်က နေထိုင်ဖို့ရော ကျင့်ကြံဖို့ရော မသင့်တော်တဲ့နေရာ ဖြစ်သွားလိမ့်မယ်၊ တစ်ကိုယ်တော်သမားတွေလည်း မကြာခင်မှာ ထွက်ပြေးကြတော့မှာပဲ’

သူ၏ အတွေးများကို အတည်ပြုပေးလိုက်သကဲ့သို့ပင် သတင်းစကားပါးသူတစ်ဦးသည် ဖြူဖျော့သော မျက်နှာဖြင့် အမောတကော ပြေးဝင်လာလေသည်။

"အဆုံးအဖြတ်စင်မြင့်.... ပိတ်လိုက်ပြီတဲ့ရှင်"

“ဘာ….”

လော့ချန်သည် ရှားရှားပါးပါး အိမ်ပြန်သည့် အချိန်တွင် ထိုသတင်းကို ဖုန်းရှထံမှ ကြားလိုက်ရခြင်း ဖြစ်သည်။

ဖုန်းရှက စိုးရိမ်တကြီးဖြင့် ဆိုသည်။

"ရွှေအမြုတေအဆင့် စီရင်စုသခင်က ကျင့်ကြံဖို့အတွက် တောင်ပေါ်က ဝိညာဉ်ကြောကို အသုံးချမှာမို့လို့ အဆုံးအဖြတ်စင်မြင့်ကို နောက်ထပ် ခြောက်လလောက်အထိ ယာယီ ပိတ်ထားမယ်လို့ သိရတယ်"

“ဒီလောက်တောင် လွယ်လွယ်ကူကူကြီးလား”

လော့ချန်မှာ လုံးဝ အံ့အားသင့်သွားရသည်။

အဆုံးအဖြတ် စင်မြင့်ကို စတင်ဖွင့်လှစ်စဉ်က ကျောက်စိမ်းအိုးဓားဂိုဏ်း၏ ရင်းနှီးမြှုပ်နှံမှုမှာ အလွန်ပင် ကြီးမားခဲ့သည် မဟုတ်ပါလော။ ယခုမူ အလွယ်တကူ ပိတ်သိမ်းလိုက်သည်။ ဤသည်မှာ အဘယ်သို့သော သဘောနည်း။ ဤနောက်ကွယ်တွင် သူ မသိနိုင်သော အခြား ဖုံးကွယ်ထားသည့် အကြောင်းရင်းများ ရှိနေပေလိမ့်မည်။

လော့ချန် မည်မျှပင် ကြိုးစားတွေးတောစေကာမူ အဖြေမထွက်ခဲ့ပေ။ ကျင့်ကြံခြင်းအဆင့် ကွာခြားမှုကြောင့် အမှန်တရားကို သိရှိရန် ခက်ခဲလှသည်။ သူ သိရှိသည်မှာ အဆုံးအဖြတ် စင်မြင့် ပိတ်သိမ်းခြင်းသည် အောက်ခြေလူတန်းစားများအပေါ် အကြီးအကျယ် သက်ရောက်မှု ရှိလိမ့်မည် ဆိုသည်ကိုပင်။

အခြားအရာများကို ဘေးဖယ်ထားလျှင်ပင် သူ၏ မုန့်ဆိုင်နှစ်ဆိုင်မှာ အဆုံးအဖြတ် စင်မြင့်သို့ လာရောက်ကြသော ပရိသတ်များကိုသာ အဓိက အမှီပြုနေရခြင်း ဖြစ်သည်။ ယခု စင်မြင့် ပိတ်သွားပြီဆိုလျှင် မည်သည့် ကျင့်ကြံသူကမှ ထိုနေရာသို့ သွားတော့မည် မဟုတ်ချေ။

ဖီးနစ်ကျတောင်အဝင်ဝရှိ ကျောက်ဖြူရင်ပြင် စီးပွားရေးဇုန်မှာလည်း လျင်မြန်စွာ ဆုတ်ယုတ်သွားပေလိမ့်မည်။

လော့ချန်သည် ဖုန်းရှ၏ မျက်နှာပေါ်မှ စိုးရိမ်ရိပ်များကို မြင်လိုက်ရသည်။ သူမ ဘာကို စိုးရိမ်နေသည်ကို သူ သိပေသည်။ သို့သော် သူ လုပ်ပေးနိုင်သည်မှာ သူမကို နှစ်သိမ့်ပေးရန်သာ ဖြစ်သည်။

“ဆိုင်ငှားခက တစ်နှစ်စာ ပေးထားပြီးသားဆိုတော့ ဆိုင်ကိုတော့ ဆက်ဖွင့်ထားရမှာပဲ၊ ပြီးတော့ ပြီးခဲ့တဲ့ လတွေမှာလည်း ကျွန်တော်တို့ဆီမှာ ချမ်းသာတဲ့ ဖောက်သည်ဟောင်းတွေ ရှိနေပြီဆိုတော့ အခြေခံအမြတ်လောက်တော့ ဆက်ရနိုင်ပါသေးတယ်”

အမြတ်တော့ ရှိနိုင်သော်လည်း ယခင်ကကဲ့သို့ များပြားတော့မည် မဟုတ်ချေ။ ဖုန်းရှလည်း ဘာမှ မတတ်နိုင်ရှာပေ။

အဆင့်မြင့် ကျင့်ကြံသူတစ်ဦး၏ စကားတစ်ခွန်းသည် အောက်ခြေကျင့်ကြံသူများ၏ ဘဝကို မည်မျှအထိ ပြောင်းလဲပစ်နိုင်သည်ကို လော့ချန် ကိုယ်တိုင် ခံစားလိုက်ရသည်။

လော့ချန်၏ အကြည့်မှာ ထောင့်တွင် တိတ်ဆိတ်စွာ ထိုင်နေသော တွမ်ဖုန်း ဆီသို့ ရောက်ရှိသွားသည်။

“ရှောင်တွမ်.... မင်းရော အနာဂတ်အတွက် ဘာတွေ ပြင်ဆင်ထားလဲ”

All Chapters