← Chapters

အခန်း (၁၅၉-၁၆၀)

Vol. 16 Ch. 159-160

အခန်း (၁၅၉-၁၆၀)

Vol. 16 Ch. 159-160

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၁၅၉) - အဆင့်မြင့် မှောင်ခိုဈေးကွက်

"ဒီအရာက တကယ်ပဲ ဆေးဖော်တဲ့နေရာမှာ သုံးလို့ရပါ့မလား"

လော့ချန် တစ်ဦးတည်း ရေရွတ်မိရင်း လောင်ကျွမ်းနေသော ချင်းဟယ်မိစ္ဆာပင်ထံမှ ထွက်ပေါ်လာသည့် သဲ့သဲ့ငိုညည်းသံများကို အာရုံစိုက်နေမိသည်။

မီးလျှံများထဲမှ ထွက်ပေါ်လာသော ထိုကြောက်မက်ဖွယ် အော်ဟစ်သံများက လော့ချန်၏ စိတ်ကူးစိတ်သန်းများကို နိုးကြားလာစေသည်။

တစ်ဖက်တွင်မူ ဆေးဖော်ဆောင်ရှိ မီးထိန်းသိမ်းသူများမှာ ထိုအသံကြောင့် များစွာ စိတ်အနှောင့်အယှက် ဖြစ်နေကြရသည်။ ယနေ့ ခန်းမခေါင်းဆောင် ပြန်လာပြီးနောက် ပေးအပ်ခဲ့သော ဤချင်းဟယ်မိစ္ဆာပင်မှာ မီးအပူရှိန် အလွန်ကောင်းမွန်သော်လည်း ၎င်းထံမှ မပြတ်ထွက်ပေါ်နေသော ညည်းတွားသံများက သူတို့အား ရှင်းမပြတတ်သော ခြောက်ခြားမှုကို ပေးစွမ်းနေသည်။

"ဒါပေမဲ့ သူ့ရဲ့တန်ဖိုးက သာမန်ထင်းတွေထက် အဆပေါင်းများစွာ ပိုများနေတယ်" ဟု လော့ချန် မှတ်ချက်ပြုသည်။

အသုံးဝင်မှုက တစ်ပိုင်းဖြစ်သော်လည်း ကုန်ကျစရိတ်မှာ အခြားတစ်ပိုင်းဖြစ်သည်။ လော့ချန်သည် ချင်းဟယ်မိစ္ဆာပင်ကို ဆေးဖော်စပ်ရာတွင် အကျိုးအမြတ် အများဆုံးရရှိအောင် မည်သို့အသုံးချရမည်ကို စတင်တွေးတောတော့သည်။

"အံ့ဖွယ်တစ်သောင်းဆေးလုံး ဒါမှမဟုတ် ကျောက်စိမ်းအမြုတေဆေးလုံး တွေအတွက်ဆိုရင် ဒီမိစ္ဆာမီးက မလိုအပ်ပါဘူး"

လော့ချန် ထိုမီးလျှံကို မိစ္ဆာမီး ဟု အမည်ပေးလိုက်သည်။

"ပြင်းထန်ပြီး ထိန်းညှိရလွယ်တဲ့ သူ့ရဲ့အပူရှိန်က ဒုတိယအဆင့် ဆေးလုံးတွေအတွက်တော့ သင့်တော်နိုင်ပေမဲ့ ကုန်ကျစရိတ်က အရမ်းများလွန်းလိမ့်မယ်"

အမှန်စင်စစ် ချင်းဟယ်မိစ္ဆာပင်မှာ ပထမအဆင့် သစ်သားဓာတ်ရှိ မိစ္ဆာပင်ဖြစ်ပြီး မိစ္ဆာသားရဲအနွယ်ဝင်ဟု သတ်မှတ်နိုင်သည်။ အားအနည်းဆုံးနှင့် အန္တရာယ်မရှိသော အမျိုးအစားဖြစ်သော်လည်း တစ်ပင်လျှင် ဝိညာဉ်ကျောက်တုံး ၁၀ တုံးအထိ ပေးဝယ်ရသည်။

၎င်းမှာ အလွန်မြင့်မားသောအပူရှိန်လိုအပ်သည့် ပန်းပဲလုပ်ငန်းအတွက်သာ တွက်ခြေကိုက်ပြီး ဆေးဖော်စပ်ရာတွင်မူ သတ္တုများကဲ့သို့ အရည်ပျော်မှတ် မမြင့်မားလှသဖြင့် ဖြုန်းတီးရာ ရောက်နေမည်လားဟု လော့ချန် သံသယဝင်မိသည်။

သို့သော် သေချာစွာ သုတေသနပြုပြီးနောက် လော့ချန် နှမြောတသစွာ သက်ပြင်းချမိသည်။ ဤအရာမှာ အလွန်ကောင်းမွန်သော အရင်းအမြစ်ဖြစ်သော်လည်း လက်ရှိတွင် သူ၏လိုအပ်ချက်နှင့် အံဝင်ခွင်ကျဖြစ်မည့်နေရာကို ရှာမတွေ့သေးပေ။

'နေဦး... ဒါကို သွေးအဆီအနှစ်ဆေးလုံး ဖော်တဲ့နေရာမှာ သုံးရင်ရော'

ယခင်က ထိုဆေးလုံးအတွက် ပျားဖယောင်းသစ်သားကို အသုံးပြုခဲ့ရသည်။ ထိုသစ်သားမှာ ပထမအဆင့် မိစ္ဆာသားရဲများ၏ စေးကပ်သော အရည်များကြောင့် ထူးခြားသော အနံ့နှင့် မီးအင်အားကို ပေးစွမ်းနိုင်သည်။

လော့ချန်၏ ဆေးနည်းအရ မျောက်ဝံ၏ သွေးကို အဓိကအသုံးပြုရသဖြင့် မိစ္ဆာမီး၏ စွမ်းအင်သည် ထိုသွေးနှင့် အခြားဆေးပစ္စည်းများ ပေါင်းစပ်မှုကို ပိုမိုအားကောင်းစေနိုင်သည်။ ချင်းဟယ်မိစ္ဆာပင်မှရသော မိစ္ဆာမီးမှာ ယခင်သစ်သားများထက် ပိုမိုသန့်စင်လှပေသည်။

"ချင်းဟယ်မိစ္ဆာပင် တစ်ပင်တည်းနဲ့ အချိန်အကြာကြီး လောင်ကျွမ်းနိုင်သလို မီးအရှိန်ကိုလည်း ကိုယ်တိုင်စိတ်ကြိုက် ထိန်းညှိလို့ရတယ်၊ စမ်းကြည့်သင့်တာပေါ့"

စိတ်လှုပ်ရှားမှုနှင့်အတူ လော့ချန်သည် ထိုညမှာပင် သူ၏အဆင့်မြင့် လေးရောင်ခြယ် ဆေးအိုးကို ထုတ်ယူကာ ချင်းဟယ်မိစ္ဆာပင်ကို အသုံးပြု၍ သွေးအဆီအနှစ်ဆေးလုံးကို စတင်ဖော်စပ်တော့သည်။

ဆေးအိုးကို ဖွင့်လိုက်သောအခါ သွေးကဲ့သို့နီရဲသော အဆင့်နိမ့် ဆေးလုံး ၇ လုံးကို တွေ့လိုက်ရသဖြင့် လော့ချန် ဝမ်းသာအားရ အော်ဟစ်မိသည်။ ပုံမှန်အားဖြင့် ဆေးလုံး ၅ လုံးသာ ထွက်ရှိရာမှ ယခုအခါ ၇ လုံးအထိ တိုးတက်လာခြင်းဖြစ်သည်။

ဤသည်မှာ ဆေးနည်းကို အဆင့်မြှင့်တင်နိုင်ခြင်းပင် ဖြစ်သည်။ ကုန်ကျစရိတ်ကို တွက်ချက်ကြည့်လျှင်လည်း အပိုထွက်လာသော ဆေးလုံးများကြောင့် အရှုံးမရှိသည့်အပြင် ကျွမ်းကျင်မှုအဆင့်မှာလည်း ၁၃/၁၀၀ သို့ မြင့်တက်လာခဲ့သည်။

မိမိတွင် ချင်းဟယ်မိစ္ဆာပင်များ အမြောက်အများ ရှိသေးသည့်အတွက် နောင်တွင် သွေးအဆီအနှစ် ဆေးလုံးများကို ပို၍ ဖော်စပ်ရမည်ဟု လော့ချန် စီမံကိန်း ချလိုက်သည်။ ဤသည်မှာ သူ၏ ဝင်ငွေလမ်းစအသစ်ပင် ဖြစ်တော့မည်။

လတ်တလောတွင် ဖိုရှန်းဂိုဏ်း ကျင့်ကြံသူ အများစုမှာ အရှေ့ပိုင်းလွင်ပြင်သို့ ရောက်ရှိနေကြသဖြင့် လော့ချန်အား စောင့်ကြည့်မည့်သူ နည်းပါးသွားသည်။

ထို့ပြင် ကျန်ရှိနေသော သူများမှာလည်း ဂူသင်္ချိုင်း သတင်းများအပေါ်တွင်သာ အာရုံရောက်နေကြသည်။ လော့ချန်သည် ယခုအခါ အနည်းငယ် ပို၍ လွတ်လပ်စွာ လှုပ်ရှားနိုင်ပြီ ဖြစ်သည်။

….

အချိန်များမှာ ရေကဲ့သို့ စီးဆင်းသွားသည်။ လော့ချန်သည် သူ၏ ဆေးဖော်စပ်ခြင်းနှင့် ကျင့်ကြံခြင်းကို ဆက်တိုက် လုပ်ဆောင်နေသလို၊ အရှေ့ပိုင်းလွင်ပြင်ရှိ ရွှေအမြုတေ ဂူသင်္ချိုင်း သတင်းများကိုလည်း စောင့်ကြည့်နေခဲ့သည်။

ဖိုရှန်းဂိုဏ်းမှာ နယ်မြေခံဖြစ်သဖြင့် သတင်းဦးသတင်းထူးများကို အမြဲရရှိနေသည်။

ဂိုဏ်းချုပ်မီရှူဟွာသည် တစ်ကိုယ်တော်ကျင့်ကြံသူ ၅၀၀ ခန့်ပါဝင်သော အင်အားကြီးအဖွဲ့ကို စုစည်းကာ အင်အားသုံး လှုပ်ရှားခဲ့သည်။ အဓိက တိုက်ခိုက်ရေးခန်းမ ၃ ခုကို ဗဟိုပြုကာ သတ္တုတွင်းဆောင်နှင့် ဆေးဝါးဆောင်တို့မှ ကျင့်ကြံသူများလည်း ပူးပေါင်းပါဝင်ကြသည်။

အဆင့် ၉ ကျင့်ကြံသူ အားလုံးနီးပါးကို စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ လော့ဝူတီ၊ ကျန်းဝမ်နှင့် ယန်ဝေ တို့အပြင် သားရဲဆောင်မှ ခေါင်းဆောင် ခယ်ယွဲ့လင်း ပင်လျှင် သူ၏ တာဝန်များကို ဘေးဖယ်ထားကာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆင်နွှဲခဲ့သည်။

ယုတ္တိဗေဒအရ ဆိုလျှင် ထိုမျှ အင်အားကြီးမားသော အဖွဲ့သည် ဂူသင်္ချိုင်းကို အလွယ်တကူ သိမ်းပိုက်နိုင်ရမည် ဖြစ်သော်လည်း၊ လက်တွေ့တွင်မူ အခြေအနေမှာ ထင်သလောက် မချောမွေ့လှချေ။

အမြဲ လျစ်လျူရှုခံထားရသော ရွှမ်ယီအဖွဲ့သည် ယခုအကြိမ်တွင် ရုတ်တရက် အားကောင်းလာခဲ့သည်။ ၎င်း၏ နောက်ကွယ်တွင် အခြေခံတည်ဆောက်ခြင်းအဆင့် မိသားစုကြီး ငါးခု ရှိနေသော်လည်း ယခုအခါ ထိုမိသားစုများထဲမှ သုံးခုတွင်သာ အသက်ရှင်လျက်ရှိသော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူများ ရှိကြပေသည်။

သို့သော် သူတို့မှာ ပူးပေါင်းကာ ဖိုရှန်းဂိုဏ်း၏ ထိပ်တန်း တိုက်ခိုက်ရေး စွမ်းရည်ကို ဖိနှိပ်ထားကြသည်။

"နေဦး... အခြေခံတည်ဆောက်ခြင်းမိသားစု ၅ စု ရှိပေမဲ့ အခြေခံတည်ဆောက်ခြင်း ကျင့်ကြံသူက ၃ ယောက်တည်း ဆိုတာ ဘာအဓိပ္ပာယ်လဲ" ဟု လော့ချန်က စီကုန်းရှို့ကျားအား မေးမြန်းလိုက်သည်။

စီကုန်းရှို့ကျားက ကျန်မိသားစုနှစ်စုတွင် လက်ရှိ၌ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ မရှိသော်လည်း ရှေးဟောင်းအမွေအနှစ်များဖြစ်သော လက်နက်အဆောင် နှင့် သွေးဆက်ခံရတနာများ ရှိနေသဖြင့် အခြေခံတည်ဆောက်ခြင်းအဆင့် တိုက်ခိုက်ရေးစွမ်းရည်ကို ထုတ်ဖော်နိုင်ဆဲဖြစ်ကြောင်း ရှင်းပြသည်။

လက်နက်အဆောင်များ အကြောင်းကိုမူ သူ သိပါကြောင်းနှင့် ၎င်းသည် ရတနာတစ်ခု၏ စွမ်းအား သုံးပုံတစ်ပုံကို ချိတ်ပိတ်ထားခြင်း ဖြစ်ကြောင်း လော့ချန်က သူ၏ ဗဟုသုတကို ထုတ်ကြွားလိုက်သည်။

သွေးဆက်ခံရတနာ သို့မဟုတ် သွေးယဇ်ပူဇော်ရတနာ ဆိုသည်မှာမူ သွေးပညာရပ် နယ်ပယ်ထဲတွင် ပါဝင်ပေသည်။ လော့ချန်သည် သွေးပညာရပ်နှင့် မစိမ်းလှပေ။ ယခင်က ဝမ်ယွမ်သည် ထိုပညာရပ် ကျင့်ကြံသူ ရှောင်ဝူယန်ကို သတ်ဖြတ်စဉ်က အဖိုးတန်သော အမွေအနှစ်များ ရရှိခဲ့ဖူးသည်။

ဝမ်ယွမ်သည် လော့ချန်အား သွေးမိစ္ဆာဆေးလုံးကို ပိုမိုထိရောက်စွာ ဖော်စပ်နိုင်လိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့် ထိုပညာရပ်များကို ရံဖန်ရံခါ မျှဝေပေးလေ့ရှိသည်။ ထိုပညာရပ်များထဲတွင် သွေးဖြင့် ယဇ်ပူဇော်ခြင်း နည်းလမ်းလည်း ပါဝင်သည်။

၎င်းသည် ရတနာများကို ကိုင်တွယ်သည့် နည်းလမ်းတစ်ခု ဖြစ်ပြီး ယနေ့ခေတ် ကျင့်ကြံခြင်းလောကတွင် ကျယ်ပြန့်စွာ အသုံးပြုနေကြကာ မိစ္ဆာပညာရပ်အဖြစ် မသတ်မှတ်ကြချေ။

အဆင့်မြင့် ကျင့်ကြံသူတို့သည် မိမိတို့၏ မှော်ရတနာကို မိမိတို့၏ သွေးမျိုးဆက်နှင့် ချိတ်ဆက်ထားလိုက်ခြင်း ဖြစ်သည်။ တူညီသော သွေးမျိုးဆက် ရှိသူများသာ ထိုရတနာကို ဆက်ခံ၍ အသုံးပြုနိုင်ပေသည်။

ဤသည်မှာ ကျင့်ကြံသူ ကွယ်လွန်ပြီးနောက်တွင်လည်း ရတနာကို အခြားသူများထံမှ လုယက်ခြင်း မခံရစေရန် စီမံထားခြင်း ဖြစ်သည်။ သို့သော် ၎င်း၏ ပေးဆပ်မှုမှာ အလွန်ကြီးမားလှပေသည်။

လက်နက်အဆောင်များသည် စွမ်းအား သုံးပုံတစ်ပုံကိုသာ ခေတ္တ ချိတ်ပိတ်ထားခြင်း ဖြစ်ပြီး ရေရှည်တွင် ပြန်လည် နိုးထလာနိုင်သော်လည်း၊ သွေးဆက်ခံရတနာမှာမူ သွေးမျိုးဆက်နှင့် ချိတ်ဆက်လိုက်သည်နှင့် ၎င်း၏ အဆင့်မှာ ထာဝရ နိမ့်ကျသွားတော့သည်။

အဆင့်နိမ့် ရတနာတစ်ခုဆိုလျှင် အဆင့်မြင့် မှော်လက်နက် အဆင့်သို့ ကျဆင်းသွားမည်ဖြစ်ပြီး ရတနာ၏ စွမ်းအား ၂၀ ရာခိုင်နှုန်းသာ ကျန်ရှိတော့မည် ဖြစ်သည်။

လက်နက်အဆောင်နှင့် နှိုင်းယှဉ်လျှင် အချိန်အကန့်အသတ်မရှိ သုံးစွဲနိုင်သော်လည်း စွမ်းအားမှာမူ များစွာ နိမ့်ကျပေသည်။ ထို့ပြင် အနာဂတ်တွင် ထိုသွေးမျိုးဆက်မှ အခြေခံတည်ဆောက်ခြင်းအဆင့် သို့မဟုတ် ရွှေအမြုတေအဆင့်သို့ ရောက်ရှိလျှင်ပင် ထိုရတနာ၏ အဆင့်ကို မည်သည့်အခါမျှ ပြန်လည် မြှင့်တင်၍ မရနိုင်တော့ချေ။ ၎င်းမှာ ထာဝရ ဆုံးရှုံးမှုပင် ဖြစ်သည်။

“ရတနာလို့ ခေါ်ထိုက်၊ မခေါ်ထိုက်က အရေးမကြီးဘူး၊ အဲဒါက သွေးမျိုးဆက်နဲ့ အလုပ်လုပ်နေသရွေ့တော့ သူ့ရဲ့ စွမ်းအားက အမြင့်ဆုံးအဆင့် မှော်လက်နက်တွေထက် သာလွန်နေမှာပဲ၊ အခြေခံတည်ဆောက်ခြင်းအဆင့် စွမ်းအားလို့ ခေါ်ဖို့ လုံလောက်ပါတယ် ” ဟု စီကုန်းရှို့ကျားက စိတ်မရှည်စွာ ပြောလိုက်သည်။

အဘိုးကြီးသည် အဘယ်ကြောင့် မိမိကို စိတ်တိုနေရသနည်းဟု တွေးကာ လော့ချန် ဘုကြည့် ကြည့်လိုက်သည်။

စီကုန်းရှို့ကျား၏ ဇရာထောင်နေသော မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များကို တွေ့လိုက်ရသောအခါမှ လော့ချန် ချက်ချင်း သဘောပေါက်သွားလေသည်။

အဘိုးကြီး၏ သားဖြစ်သူသည်လည်း ထိုဂူသင်္ချိုင်းအတွင်းသို့ သွားရောက်နေခြင်း ဖြစ်နိုင်ကြောင်း သူ မေးမြန်းလိုက်ရာ စီကုန်းရှို့ကျားက သက်ပြင်းချရင်း တိတ်ဆိတ်စွာ ခေါင်းညိတ်ပြလေသည်။

ဤသည်မှာ အဘိုးကြီး၏ တစ်ဦးတည်းသော မျှော်လင့်ချက် ဖြစ်ပေလိမ့်မည်။ အကယ်၍ မီရှုဟွာ၏ တင်းကျပ်သော အမိန့်သာ မရှိလျှင် စီကုန်းရှို့ကျား ကိုယ်တိုင် အရှေ့ပိုင်းလွင်ပြင်သို့ ပြေးသွားကာ ဂူသင်္ချိုင်းအတွက် တိုက်ပွဲဝင်မိပေလိမ့်မည်။

အခြေခံတည်ဆောက်ခြင်းအဆင့် ရရှိရန် သေးငယ်သော မျှော်လင့်ချက်အတွက် ဖြစ်စေ၊ သူ၏ သားအတွက် ဖြစ်စေ သူ သွားချင်နေမည်မှာ အမှန်ပင်။ အဘိုးကြီး၏ အခြေအနေကို မြင်သောအခါ လော့ချန် ဆက်မမေးတော့ဘဲ စကားအနည်းငယ် ပြောဆိုပြီးနောက် အိမ်သို့ အမြန် ပြန်လာခဲ့လေသည်။

….

သက်တော်စောင့် ငါးဦးနှင့်အတူ လော့ချန်သည် မြို့တွင်းပိုင်းသို့ ဝင်ရောက်ခဲ့ပြီး၊ တုန်းဖန်းလျန်၏ ကိုယ်တိုင်ကိုယ်ကျ လိုက်ပါ ပို့ဆောင်မှုဖြင့် အိမ်သို့ ပြန်ရောက်လာခဲ့သည်။

ထို့နောက် လော့ချန်သည် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ချီဖုံးကွယ်မှော်အတတ်ကို အသက်သွင်းကာ၊ အသေအချာ ရုပ်ဖျက်လိုက်ပြီး အဝတ်အစားသစ်များ လဲလှယ်ကာ ခြံဝင်းအတွင်းမှ တိတ်တဆိတ် ထွက်ခွာခဲ့လေသည်။ သူ၏ ခြေလှမ်းများမှာ လေကဲ့သို့ ပေါ့ပါးလှသည်။

လော့ချန်သည် မြို့တွင်းပိုင်းမှ ထွက်ခွာ၍ မြို့ပြင်ရပ်ကွက်သို့ တိုက်ရိုက် ဦးတည်ခဲ့သည်။

သူသည် မရေမတွက်နိုင်သော လမ်းကြားများအတွင်း လှည့်ပတ် သွားလာပြီးနောက် သာမန် အဝတ်အထည်ဆိုင်လေး တစ်ဆိုင်အတွင်းသို့ ဝင်ရောက်ခဲ့သည်။ ဆိုင်လေးမှာ ဟောင်းနွမ်းနေပြီး ဖုန်များပင် တက်နေသယောင် ရှိသည်။

“မိတ်ဆွေ.... ဘယ်လို အဝတ်အစားမျိုး လိုချင်လို့လဲ၊ စိတ်ကြိုက် ကြည့်နိုင်ပါတယ်”

ဆိုင်အတွင်း၌ အဝတ်ချုပ်နေသော အဘွားအိုက ခေါင်းမဖော်ဘဲ ပြောလိုက်သည်။

မှိန်ပျပျ အလင်းရောင်အောက်တွင် လော့ချန် သူမကို အသေအချာ ကြည့်ရှုပြီးနောက် အနည်းငယ် အနေရခက်စွာဖြင့် ဆိုသည်။

“ကျွန်တော် နဂါးကိုးကောင် သရဖူ နဲ့ သာမန် မိုးမခခါးပတ်ကို လိုချင်လို့ပါ”

အဘွားအို၏ လက်များမှာ ခဏမျှ ရပ်တန့်သွားပြီးနောက် ခေါင်းခါလိုက်သည်။

“ဘုရင်နဲ့ ထိုက်တန်တဲ့ သရဖူက သာမန်လူတွေရဲ့ အဝတ်အစားနဲ့ မလိုက်ဖက်ပါဘူး၊ ဒါပေမဲ့ နဂါးရတနာပန်းလုံးကိုသာ ထပ်ဖြည့်လိုက်ရင်တော့ အပြည့်အဝ လိုက်ဖက်သွားမှာပါ”

အဘွားအိုက ပြောပြောဆိုဆို ခေါင်းမော့လိုက်ပြီး သူမ၏ ဝေဝါးနေသော မျက်လုံးများဖြင့် လော့ချန်ကို စိုက်ကြည့်ရင်း မေးလိုက်သည်။

“မင်းကို ဘယ်လို ခေါ်ရမလဲ"

“မုရုံယွမ်” ဟု လော့ချန် ပြတ်သားစွာ ဖြေလိုက်သည်။

“ကောင်းပြီ…. ဒီဘက်ကို ကြွပါ ”

အဘွားအိုက အချက်ပြလိုက်ရာ အနောက်ခန်းဘက်ဆီမှ အလင်းရောင် မှိန်မှိန်လေး တစ်ချက် လက်သွားသည်။

လော့ချန်သည် ညွှန်ကြားချက်အတိုင်း ရှေ့သို့ ဆက်သွားရာ ဖောက်ထွင်းမြင်ရသော အတားအဆီး တစ်ခုကို ဖြတ်ကျော်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ သူ ရှေ့သို့ ဆက်လက် လျှောက်လှမ်းလေလေ၊ ပိုမို နက်ရှိုင်းသော မြေအောက်ထဲသို့ ဆင်းသွားရသကဲ့သို့ ခံစားရလေသည်။ ရုတ်တရက် ခမ်းနားလှသော တံဆိပ်တံခါးကြီး တစ်ခုရှေ့တွင် သူ ရပ်တန့်လိုက်ရသည်။

“တံဆိပ် ”

ဝတ်စုံနက်နှင့် ကျင့်ကြံသူက ဆိုလိုက်သည်။

“ဒီမှာပါ”

လော့ချန်သည် နဂါးရတနာပန်းလုံးကို ကမ်းပေးလိုက်သည်။

၎င်းထံမှ ထွက်ပေါ်လာသော ဝိညာဉ်အလင်းတန်းမှာ လော့ချန်အား အနည်းငယ် တွန်းကန်နေသကဲ့သို့ ရှိနေသည်။ ထိုတုံ့ပြန်မှုကို သတိပြုမိသောအခါ ဝတ်စုံနက်နှင့် ကျင့်ကြံသူက မျက်ခုံးပင့်ရင်း မေးလိုက်သည်။

“နဂါးရတနာ မှောင်ခိုဈေးကွက် ကို ပထမဆုံးအကြိမ် လာတာလား"

“ဟုတ်ပါတယ်” ဟု လော့ချန် တိုတိုပင် ဖြေလိုက်သည်။

“စည်းကမ်းတွေကို သိလား"

“သိပါတယ်”

“ကောင်းပြီ…. ဒါက မင်းအတွက် နဂါးရတနာ မျက်နှာဖုံးပဲ၊ မင်း ပြန်ထွက်သွားတဲ့အခါကျရင် မင်းအတွက် ကိုယ်ပိုင် တစ်ခု ပေးလိုက်မယ်” ဟု ဆိုကာ မျက်နှာဖုံးကို ကမ်းပေးလိုက်သည်။

လော့ချန်သည် နဂါးရုပ်ပုံဖြင့် အနုစိတ် ထွင်းထုထားသော မျက်နှာဖုံးကို လက်ခံရယူပြီး မျက်နှာတွင် တပ်ဆင်လိုက်သည်။ ဝတ်စုံနက်နှင့် ကျင့်ကြံသူက တံခါးကို တွန်းဖွင့်ပေးသည်ကို ကြည့်ရင်း၊ တံဆိပ်ရှိလျှင် ပြီးပါလျက် အဘယ်ကြောင့် ဤမျှ လျှို့ဝှက်စကားလုံးများ သုံးနေရသနည်းဟု လော့ချန် စိတ်ထဲမှ ကျိတ်ဝေဖန်နေမိသည်။

အနည်းဆုံး မြေပြင်မှာ မြင့်မား၍၊ စမ်းရေမှာ ထာဝရ စီးဆင်းသည် ဆိုတာမျိုးလောက်တော့ သုံးသင့်သည်ဟု သူ တွေးနေပြန်သည်။

တံခါးကို ဖြတ်ကျော် ဝင်ရောက်လိုက်သည်နှင့် သူ့ထံသို့ စိုက်ကြည့်လာသော စူးရှလှသည့် အကြည့်များကို ခံစားလိုက်ရသည်။

ဤသည်မှာ သာမန်နေရာမဟုတ်ကြောင်း သူ ချက်ချင်း သဘောပေါက်လိုက်သည်။

'ဒုက္ခပဲ... ငါနေရာမှားလာမိပြီထင်တယ်၊ ဒါက သာမန်မှောင်ခိုစျေးကွက် မဟုတ်ဘူး၊ အဆင့်မြင့်မှောင်ခိုစျေးကွက်ကြီးပဲ'

လော့ချန်၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရတော့သည်။

လော့ချန်နှင့် သူ၏စွန့်စားခန်းများ

အခန်း (၁၆၀) - ဒါဟာ ငါတို့မှောင်ခိုဈေးကွက်ရဲ့ ထုံးစံပဲ

တာဟဲစျေးမြို့တော်တွင် မှောင်ခိုစျေးကွက်တစ်ခု ရှိနေသည်မှာ လူတိုင်းသိထားကြသည့် အချက်ဖြစ်သည်။ အမှန်စင်စစ် စျေးမြို့တော်တိုင်းတွင် မိမိတို့၏ ကိုယ်ပိုင်မှောင်ခိုစျေးကွက်များ ရှိကြစမြဲပင်။

ဤဈေးကွက်များသည် တစ်ကိုယ်တော်ကျင့်ကြံသူတို့အတွက် တရားဝင်လမ်းကြောင်းမှ လဲလှယ်ရန် ခဲယဉ်းသော၊ ရင်းမြစ်မသန့်ရှင်းသော သို့မဟုတ် သာမန်လက်သင့်မခံနိုင်သည့် ရတနာများကို လျှို့ဝှက်လဲလှယ်ရောင်းချရန် ရည်ရွယ်၍ ပေါ်ပေါက်လာခြင်း ဖြစ်ပေသည်။

ဥပမာအားဖြင့် ဖိုရှန်းဂိုဏ်း၏ အမှောင်ဘက်ခြမ်းအလုပ်များကို လုပ်ကိုင်ပေးခဲ့ဖူးသော ဝမ်ယွမ်ကို ကြည့်လျှင် သိနိုင်သည်။ သူသည် တစ်ကိုယ်တော်ကျင့်ကြံသူစျေးတန်း၌ အဆင့်နိမ့် သို့မဟုတ် အဆင့်လတ် မှော်လက်နက်များ၊ အခြေခံအဆင့် ကျင့်စဉ်များနှင့် နယ်မြေခြောက်ခု၏ မြင်ကွင်းများ ကဲ့သို့သော တန်ဖိုးမရှိလှသော အရာများကိုသာ ကိုင်တွယ်ရောင်းချလေ့ရှိသည်။

သို့ဆိုလျှင် ဖိုရှန်းဂိုဏ်းကဲ့သို့သော အရှိန်အဝါကြီးမားသည့် အဖွဲ့အစည်းကြီးတစ်ခုသည် ထိုကဲ့သို့သော အဆင့်နိမ့်ပစ္စည်းများကိုသာ ကိုင်တွယ်ဖြေရှင်းနေသည်လောဟု ထင်စရာရှိသည်။ ထိုသို့ထင်မိပါက သေချာပေါက် အမှားကြီး မှားပေလိမ့်မည်။

အဆင့်မြင့်ပစ္စည်းမှန်သမျှသည် ရန်ငြိုးရန်စများနှင့် ဆက်နွှယ်နေတတ်သဖြင့် ထိုပစ္စည်းအများစုမှာ လူမသိသူမသိ မှောင်ခိုစျေးကွက်များထဲသို့သာ စီးဝင်သွားလေ့ရှိသည်။

သို့ရာတွင် မှောင်ခိုစျေးကွက်များ၌ပင် အဆင့်အတန်း ကွာခြားချက် ရှိနေပြန်သည်။

အောက်ခြေမှောင်ခိုစျေးကွက်များမှာ ချီသန့်စင်အဆင့် ကျင့်ကြံသူများ စုဝေးရာဖြစ်ပြီး အမြင့်ဆုံးပစ္စည်းမှာ အဆင့်မြင့်မှော်လက်နက် သို့မဟုတ် အဆင့်မြင့်ဝိညာဉ်ပစ္စည်းများသာ ဖြစ်တတ်သည်။

သို့ရာတွင် ယနေ့ လော့ချန် ခြေချလိုက်မိသော နဂါးရတနာ မှောင်ခိုဈေးကွက် အတွင်း၌ကား အားနည်းသူဟူ၍ တစ်ယောက်မျှ မရှိချေ။

လော့ချန်၏ စူးရှလှသော ဝိညာဉ်အာရုံကြောင့် တက်ရောက်လာသူ အယောက်အစိတ်ခန့်မှာ သူကဲ့သို့ပင် အရှိန်အဝါများကို ဖိနှိပ်ထားကြသော်လည်း ထက်ဝက်ကျော်မှာ အန္တရာယ်ရှိသော အငွေ့အသက်များကို ထုတ်လွှင့်နေဆဲ ဖြစ်သည်ကို သတိပြုမိသည်။

လော့ချန်အား ဤသို့သော ခံစားချက်မျိုး ပေးနိုင်ရန်မှာ အနည်းဆုံး ချီသန့်စင်ခြင်းအဆင့် (၉) နှင့် အထက်ရှိရမည်ဖြစ်သည်။ ဆိုလိုသည်မှာ ယနေ့တက်ရောက်လာသူအားလုံးမှာ အဆင့် (၉) ကျင့်ကြံသူများ ဖြစ်ကြသည်။ ထိုအထဲတွင် လှုပ်ရှားမှုမရှိဘဲ ငြိမ်သက်စွာ ထိုင်နေကြသော်လည်း မည်သူမျှ စိုက်မကြည့်ရဲလောက်အောင် အရှိန်အဝါကြီးမားလှသော ပုဂ္ဂိုလ်သုံးဦး ပါဝင်နေသည်။

ထိုသူတို့မှာ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ သုံးဦးပင် ဖြစ်သည်။

တာဟဲစျေးမြို့တော်ရှိ အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူအားလုံးမှာ ရွှေအမြုတေ ဂူသင်္ချိုင်းဆီသို့ သွားကုန်ကြပြီ မဟုတ်ပါလော။

အဘယ်ကြောင့် ဤနေရာတွင် သုံးဦးတောင် ကျန်ရှိနေရသနည်းဟု လော့ချန် အံ့သြမိသည်။ တစ်ဖက်တွင်လည်း သူ့အား ဤကဲ့သို့သော အန္တရာယ်များသည့်နေရာသို့ တိုက်ရိုက်စေလွှတ်လိုက်သော ကျန်းဝမ်ကို စိတ်ထဲမှ ဗျစ်တောက်ဗျစ်တောက် ပြောနေမိသည်။ သူအမှန်တကယ် လိုလားသည်မှာ သာမန်မှောင်ခိုစျေးကွက်တစ်ခုသာ ဖြစ်သည်။

နောက်ထပ် ကျင့်ကြံသူနှစ်ဦး ရောက်ရှိလာပြီးနောက် တံခါးကို လုံခြုံစွာ ပိတ်လိုက်သည်။

အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ သုံးဦးအနက် ရွှေရောင်မျက်နှာဖုံး ဝတ်ဆင်ထားသော ပုဂ္ဂိုလ်က မတ်တပ်ရပ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ လေထဲတွင် လွင့်ပါတော့မည့် ဖယောင်းတိုင်မီးကဲ့သို့ ပိန်ချုံးလှသော်လည်း သူ၏ ရွှေရောင်မျက်နှာဖုံးနှင့် အခြေခံတည်ဆောက်ခြင်းအဆင့်၏ လွှမ်းမိုးသော အရှိန်အဝါက မည်သူမျှ လျှော့မတွက်ရဲအောင် ပြုလုပ်ထားသည်။

သူ လက်ခုပ်တစ်ချက် တီးလိုက်သောအခါ မြေအောက်ခန်းမကြီးအတွင်း သလင်းကျောက်မီးအိမ်များ လင်းထိန်လာသည်။

ခန်းမအလယ်တွင် ရွှေရောင်သားရေကော်ဇော၊ ရှေးဟောင်းသစ်မွှေးစားပွဲနှင့် ကြီးမားသော အလင်းပြန် ရတနာအိမ်မြှောင် တစ်ခုကို ခင်းကျင်းပြသထားသည်။ ထိုအိမ်မြှောင်ကို မြင်လိုက်ရချိန်တွင် လော့ချန်၏ ရင်ခုန်သံများ မြန်လာခဲ့သည်။

ထိုအရာမှာ မှော်ရတနာ တစ်ခုပင် ဖြစ်သည်။ ဤနေရာ၏ ပိုင်ရှင်မှာ မှော်ရတနာတစ်ခုကို ဗြောင်ကျကျ ခင်းကျင်းပြသထားခြင်းမှာ လူအများကို ခြိမ်းခြောက်ရန်လော သို့မဟုတ် အခြားရည်ရွယ်ချက် ရှိသလောဟု သူ စဉ်းစားမိသည်။

ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရာ ဤနေရာသို့ ရောက်ရှိနေသူ အားလုံးမှာ ဝါရင့်သူများ ဖြစ်ကြသည်မှာ သိသာလှသည်။

တစ်နည်းအားဖြင့်ဆိုသော် အံ့အားသင့်မှုကို မဖုံးကွယ်နိုင်သော ကျင့်ကြံသူ အနည်းငယ်မှာ သူကဲ့သို့ပင် အသစ်ဝင်လာသူများ ဖြစ်ကြပေလိမ့်မည်။ သူ ပတ်ဝန်းကျင်ကို အကဲခတ်နေစဉ်မှာပင် ပိန်ချောင်သော အခြေခံတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူက ချောင်းနှစ်ချက် ဟန့်လိုက်သည်။

“ငါကတော့ နဂါးရတနာ မှောင်ခိုဈေးကွက်ရဲ့ ခေါင်းဆောင် ထျန်းရှင်းကျီပါ၊ ယနေ့ရဲ့ လေလံပွဲနဲ့ အရောင်းအဝယ်တွေကို ငါပဲ ကြီးကြပ်သွားမှာပါ၊ မိတ်ဆွေဟောင်းတွေကို ပြန်တွေ့ရတဲ့အတွက် ဝမ်းသာသလို၊ အသစ်ရောက်လာတဲ့ ကျင့်ကြံသူတွေကိုလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်” ဟု သူ မိတ်ဆက်စကား ဆိုလိုက်သည်။

“ဒီဈေးကွက်ရဲ့ စည်းကမ်းတွေကတော့ ရှင်းပါတယ်၊ ပထမအဆင့်အနေနဲ့ ကျင့်ကြံခြင်း အရင်းအမြစ်အချို့ကို လေလံတင် ရောင်းချပေးသွားမှာပါ။ စိတ်ဝင်စားသူတွေအနေနဲ့ ဝိညာဉ်ကျောက်တုံးတွေ ဒါမှမဟုတ် တန်ဖိုးတူ ပစ္စည်းတွေနဲ့ လေလံဆွဲနိုင်ပါတယ်….”

“ပစ္စည်းတစ်ခုရဲ့ တန်ဖိုးဟာ ဝိညာဉ်ကျောက်တုံး အရေအတွက်နဲ့ ကိုက်ညီမှု ရှိ၊ မရှိကိုတော့ ငါကိုယ်တိုင် ဆုံးဖြတ်ပေးသွားမှာပါ၊ ငါ့ရဲ့ အကဲဖြတ်နိုင်စွမ်းအပေါ် မင်းတို့အားလုံး ယုံကြည်မယ်လို့လည်း မျှော်လင့်ပါတယ်….”

“ဒုတိယအဆင့်မှာတော့ မင်းတို့အားလုံးမှာရှိတဲ့ ပစ္စည်းတွေကို စိတ်ကြိုက် ပြသပြီး လေလံတင် ရောင်းချနိုင်မှာပါ၊ အမြင့်ဆုံးဈေး ပေးသူက အနိုင်ရမှာ ဖြစ်တယ်၊ တကယ်လို့ လေလံတင်တဲ့ ပစ္စည်းရဲ့ စစ်မှန်မှု ဒါမှမဟုတ် အဆင့်အတန်းအပေါ် သံသယရှိခဲ့ရင် ငါက အတည်ပြုပေးနိုင်ပါတယ်၊ ငါ့ကို မယုံကြည်ဘူးဆိုရင်လည်း ဒီ အလင်းပြန် ရတနာအိမ်မြှောင် က မင်းတို့အတွက် ကျေနပ်လောက်တဲ့ အဖြေကို ပေးပါလိမ့်မယ်”

ထျန်းရှင်းဇီသည် ပြောဆိုနေရင်း သူ၏ လက်ကို ရတနာအိမ်မြှောင်ကြီးပေါ်သို့ တင်လိုက်သည်။

“ဒါပေမဲ့ အလင်းပြန် ရတနာအိမ်မြှောင်ကို တစ်ကြိမ် အသုံးပြုမယ်ဆိုရင် ဝိညာဉ်ကျောက်တုံး ဆယ်တုံး ကျသင့်မှာ ဖြစ်တယ်….”

“ကျင့်ကြံသူ မိတ်ဆွေတို့ နားလည်အောင် ဒီမှော်ရတနာရဲ့ အကြောင်းကို အနည်းငယ် မိတ်ဆက်ပေးပါရစေ၊ အလင်းပြန် ရတနာအိမ်မြှောင်ဟာ ပျံလွှားမြို့က လက်နက်ဆရာကြီး ဟူယန်ကျူး ဖန်တီးခဲ့တာ ဖြစ်ပါတယ်၊ ဒါဟာ အဆင့်နိမ့် မှော်ရတနာ အမျိုးအစားဖြစ်ပြီး၊ ဝိညာဉ်ကုန်ကြမ်းတွေ၊ လက်နက်တွေ၊ ဆေးလုံးတွေကို ခွဲခြားနိုင်စွမ်း ရှိပါတယ်၊ အခြေခံအားဖြင့် အဆင့်သုံးအောက်က ဘယ်ရတနာကိုမဆို တိကျမှန်ကန်စွာ အဆင့်သတ်မှတ်ပေးနိုင်ပါတယ်” ဟု ဂုဏ်ယူဝင့်ကြွားစွာ ထုတ်ကြွားလိုက်လေသည်။

ဟူယန်ကျူးဟူသော အမည်ကို ကြားလိုက်ရသောအခါ လော့ချန်၏ ရင်ထဲ ထိတ်ခနဲ ဖြစ်သွားရပြန်သည်။

မီရှုဟွာ၏ ကောင်းကင်လမင်းခရမ်းရွှေဘီး နှင့် သူ၏ ကိုယ်ပိုင် လေးရောင်ခြယ် ဆေးအိုး တို့မှာလည်း ထိုဆရာကြီး ဖန်တီးခဲ့ခြင်းပင် ဖြစ်သည်။ ထိုသူမှာ လက်နက်သွန်းလုပ်ခြင်းအပေါ် အလွန်အမင်း ရူးသွပ်သူ ဖြစ်ရမည်ဟု လော့ချန် တွေးလိုက်မိသည်။ အကြောင်းမှာ ထိုသူ၏ ဆန်းကြယ်လှသော လက်ရာများမှာ အရေအတွက် အလွန်များပြားနေသောကြောင့်ပင်။

“ကဲ.... ရတနာအိမ်မြှောင်ရဲ့ အကြောင်းကတော့ ဒါပါပဲ၊ နောက်ဆုံးအဆင့်မှာတော့ ကျင့်ကြံသူအချင်းချင်း လွတ်လပ်စွာ အရောင်းအဝယ် ပြုလုပ်နိုင်ပါတယ်၊ ဈေးနှုန်းကိုတော့ ညှိနှိုင်းနိုင်သလို၊ လိုအပ်ရင်တော့ ဝိညာဉ်ကျောက်တုံး ဆယ်တုံး ပေးပြီး ဒီရတနာအိမ်မြှောင်ကို အသုံးပြုနိုင်ပါတယ်” ဟု နိဂုံးချုပ်လိုက်သည်။

စည်းကမ်းချက်များကို အသေအချာ ရှင်းပြပြီးနောက် ထျန်းရှင်းကျီ ခေတ္တမျှ ရပ်တန့်လိုက်သည်။ မည်သူမျှ မေးခွန်းထုတ်ခြင်း မရှိသည်ကို တွေ့ရသောအခါ သူ ကျေနပ်အားရစွာဖြင့် သူ၏ မျက်နှာဖုံးအောက်ရှိ မုတ်ဆိတ်မွေးကို သပ်လိုက်သည်။

“အခု.... လေလံပွဲကို စတင်လိုက်ကြရအောင် ” ဟု သူ ကြွေးကြော်လိုက်သည်။

ထိုစကား ဆုံးသည်နှင့် ခမ်းနားလှသော ခန်းမကြီးအတွင်းရှိ လေထုမှာ ရုတ်ချည်း တည်ငြိမ် လေးနက်သွားလေတော့သည်။ ထိုလေးနက်မှုများကြားတွင် မဖော်ပြနိုင်သော စိတ်လှုပ်ရှားမှုနှင့် ပြင်းပြလှသော မျှော်လင့်ချက်များ ကိန်းအောင်းနေသည်။

ထောင့်တစ်နေရာတွင် ထိုင်နေသော လော့ချန်သည် ထိုထူးခြားလှသော တင်းမာမှုကို အာရုံခံမိလိုက်သည်။ ယနေ့ နဂါးရတနာ မှောင်ခိုဈေးကွက်တွင် ဤကျင့်ကြံသူများ အားလုံး စောင့်မျှော်နေရလောက်အောင် ထူးခြားသည့် ပစ္စည်းတစ်ခုခု ရှိနေသည်လောဟု သူ သိလိုစိတ်ပြင်းပြစွာဖြင့် တွေးနေမိသည်။

"ပထမဆုံး လေလံတင်မယ့် ပစ္စည်းကတော့…. အပြာရောင်ကတိုး မြွေနဂါးအလံ ဖြစ်ပါတယ်၊ အဆင့်မြင့် တိုက်ခိုက်ရေး မှော်လက်နက်တစ်ခုပါပဲ"

ထျန်းရှင်းကျီ၏ စကားအဆုံး၌ လော့ချန်၏ ရင်ခုန်သံမှာ အဆက်မပြတ် မြန်လာတော့သည်။

သူ၏ အကြည့်တို့မှာ ထိုအလံပေါ်သို့ စူးစိုက်ကျသွားပြီး၊ သူ၏ မျက်ဝန်းအတွင်း၌ လိုလားတောင့်တမှု အရိပ်အယောင်များ လျှပ်ခနဲ ဖြတ်သန်းသွားလေတော့သည်။

အဆင့်မြင့် တိုက်ခိုက်ရေး မှော်လက်နက် တစ်ခု ဖြစ်ကြောင်း သိလိုက်ရသည့် အသိက သူ့အား ပြင်းပြင်းထန်ထန် လှုပ်ခတ်သွားစေတော့သည်။

All Chapters