← Chapters

အခန်း (၆၀၅-၆၀၆)

Vol. 61 Ch. 605-606

အခန်း (၆၀၅-၆၀၆)

Vol. 61 Ch. 605-606

အခန်း (၆၀၅) တွေ့ရတာ ဝမ်းသာပါတယ် အဖေ

​လုံချန်းသည် မျက်မှောင်ကြုတ်လျက် ကျောင်းတော်သခင်ကို ကြည့်လိုက်သည်။ လေ့ချီက သူ့ဖခင်ကို ရုပ်တုနားသို့ ခေါ်ဆောင်သွားသည်ကို မြင်သောအခါ သူ စိတ်ထဲတွင် မကောင်းသော အငြိုးအတေးတစ်ခုအား ခံစားလိုက်ရသည်။ သူတို့ပြောပုံအရဆိုလျှင် ဤအခိုက်အတန့်အတွက်ပင် သူ့ဖခင်ကို ပြန်ပေးဆွဲထားခဲ့ခြင်း ဖြစ်ပုံရသည်။

​"မူလင်း... မင်းလည်း ရုပ်တုနားသွားပြီး မင်းရဲ့ လက်ယာဘက်လက်ကို ဖီးနစ်ရုပ်တုရဲ့ ဦးခေါင်းပေါ် တင်လိုက်ပါ" ကျောင်းတော်သခင်က ခိုင်းစေလိုက်သည်။

​လုံချန်းသည် ကျောင်းတော်သခင်နှင့် ရုပ်တုကို တစ်လှည့်စီ ကြည့်လိုက်ရင်း ရုပ်တုဆီသို့ လျှောက်သွားသည်။ ထိုစဉ် လုံချန်း၏ စိတ်ထဲတွင် ရွှင်း၏ အသံထွက်ပေါ်လာသည်။

​"ငါ သိပြီ၊ ဒါ ဘာလဲဆိုတာ ငါ သိပြီ"

​'ဘာလဲ၊ မြန်မြန်ပြောစမ်းပါ' လုံချန်းက စိုးရိမ်တကြီး မေးလိုက်သည်။

​"ဒါက အမွေအနှစ်ရုပ်တုပဲ။ ဒီလိုရုပ်တုမျိုးတွေက စကြဝဠာအနှံ့မှာ နည်းနည်းပဲ ရှိတာ။ ဒါက နတ်ဘုရားသားရဲတစ်ကောင်ရဲ့ ရုပ်တုပဲ ဖြစ်ရမယ်။ သူက နင့်ကို ရုပ်တုခေါင်းပေါ် လက်တင်ခိုင်းတာကိုး။ နင့်အဖေကို ဘာလို့ ဖမ်းထားသလဲဆိုတာ အခုမှ အကွက်စေ့သွားတော့တယ်" ရွှင်းက ရှင်းပြသည်။

​'အချိန်မဖြုန်းနဲ့တော့၊ ဒါက အဖေ့အတွက် အန္တရာယ်ရှိလားဆိုတာပဲ မြန်မြန်ပြော' လုံချန်းက ရုပ်တုကို ကြည့်ရင်း မေးလိုက်သည်။ သူသည် ရုပ်တုခေါင်းပေါ်သို့ လက်မတင်သေးပေ။

​"နင် အဲဒီဖီးနစ် ခေါင်းပေါ် လက်တင်လိုက်တာနဲ့ ဒီရုပ်တုထဲမှာရှိတဲ့ အမွေအနှစ်ကို ရလိမ့်မယ်။ အဲဒီအမွေအနှစ်ကို အသက် ၃၀ အောက် ကျင့်ကြံသူတွေပဲ လက်ခံရရှိနိုင်တာ။ အဲဒါကြောင့်လည်း သူတို့က ယဇ်ပူဇော်ပွဲကို သုံးပြီး အသက် ၃၀ အောက် ကိုယ်စားလှယ်တစ်ယောက်ကို ရွေးခဲ့တာပေါ့" ရွှင်းက သူ၏အနားတွင် ပေါ်လာရင်း ဆိုသည်။

​'ဒါဆို အဖေက ဒီထဲမှာ ဘယ်လို ပါဝင်နေတာလဲ'

​"ဘာလို့လဲဆိုတော့ နင့်အဖေရဲ့ ကိုယ်ပေါ်မှာ မွေးရာပါပါလာတဲ့ တက်တူးကြောင့်ပဲ။ ရုပ်တုပေါ်က ပုံစံအတိုင်း တက်တူးပါတဲ့သူ သူတို့ လိုအပ်နေတာ။ အဲဒီလူရဲ့ အသက်စွမ်းအားကို ယဇ်ပူဇော်ပြီး ရုပ်တုကို အသက်သွင်းရမှာ။ အဲဒီအခါမှ နင်က အမွေအနှစ်ကို ရမှာလေ။ သူတို့က နင့်အဖေကို ရုပ်တုကို နှိုးဆော်ဖို့ စွမ်းအင်အရင်းအမြစ်အဖြစ် သုံးချင်နေတာ။ အမွေအနှစ်ကို ထုတ်ယူလိုက်နိုင်မှ ရှေ့ဆက်သွားမယ့်လမ်း ပွင့်လာမှာမို့လို့ ပြီးခဲ့တဲ့တစ်ခေါက်က သူတို့ ရှေ့မတိုးနိုင်ခဲ့တာ ဖြစ်ရမယ်"

​"အခု နင့်အဖေရဲ့လက်က ရုပ်တုပေါ်မှာ ရှိနေပြီ။ နင်သာ နင့်လက်ကို တင်လိုက်ရင် ရုပ်တုက အသက်ဝင်လာပြီး နင်က အမွေအနှစ်ကို ရလိမ့်မယ်၊ တခြားသူတွေလည်း ဂူသင်္ချိုင်းထဲ ဆက်ဝင်လို့ရမယ်။ ဒါပေမဲ့... နင့်အဖေကတော့ သေသွားလိမ့်မယ်" ရွှင်းက လေးနက်သောလေသံဖြင့် သတိပေးလိုက်သည်။

​"ဒီလိုနေရာမျိုးမှာရှိတဲ့ အမွေအနှစ်ဆိုတော့ ဒါဟာ သက်တံဖီးနစ်ရဲ့ ဒဏ္ဍာရီလာ နတ်ဘုရားသားရဲ အမွေအနှစ် ဖြစ်နိုင်တယ်။ နင့်အဖေကို ကယ်မလား၊ ဒါမှမဟုတ် သူတို့ခိုင်းတဲ့အတိုင်းလုပ်ပြီး အမွေအနှစ်ကိုပဲ ယူမလားဆိုတာ နင်ကိုယ်တိုင် ဆုံးဖြတ်ပါ။ နင့်ရဲ့ ပြတ်သားမှုကို ငါ ကြည့်ချင်တယ်" ထိုသို့ ဆိုကာ ရွှင်း ပျောက်ကွယ်သွားသည်။

​လုံချန်းသည် ရုပ်တုပေါ်တွင် လက်တင်ထားသော ဖခင်ဖြစ်သူကို ကြည့်လိုက်သည်။ သူ့ဖခင်မှာ ဘာဖြစ်မည်ကို သိပုံမရဘဲ သို့မဟုတ် တစ်ခုခုကို ခြိမ်းခြောက်ခံထားရသဖြင့် လုပ်ဆောင်နေခြင်း ဖြစ်ရပေမည်။ 'မိသားစုကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ထားတာ ဖြစ်နိုင်တယ်။ သူတို့ တစ်ခုခု ခိုင်းနေတာကို သူ သိမှာပါ'

​"မင်း ဘာလုပ်နေတာလဲ။ မြန်မြန်လုပ်စမ်း၊ ရုပ်တုပေါ် လက်တင်လိုက်" လုံချန်း ငြိမ်နေသည်ကို မြင်သောအခါ ကျောင်းတော်သခင်က အော်ဟစ်လိုက်သည်။

​"လုပ်လိုက်စမ်းပါ ကောင်လေး၊ ငါတို့ ရှေ့ဆက်သွားဖို့ လိုသေးတယ်"

"စိတ်မပူပါနဲ့၊ ဒါက အန္တရာယ်မရှိပါဘူး။ မင်းကို ပိုပြီး သန်မာလာစေမှာပါ"

​ယဇ်ပုရောဟိတ်များကလည်း လုံချန်းကို ဝိုင်းဝန်း တိုက်တွန်းနေကြသည်။

​"ငါ ဘာလုပ်မလဲဆိုတာ သံသယရှိနေသေးလို့လား။ ငါကတော့ ပိုပြီး တန်ဖိုးရှိတဲ့အရာကိုပဲ ရွေးချယ်မှာပေါ့" လုံချန်းက ရွှင်းကို ပြန်ဖြေလိုက်သလိုမျိုး ရေရွတ်လိုက်သည်။

​ကျောင်းတော်သခင်နှင့် အခြားသူများမှာ လုံချန်း ဘာကို ဆိုလိုသနည်းဟု တွေးတောရင်း စောင့်ကြည့်နေကြသည်။ ထိုစဉ် လုံချန်းက သူ့ဖခင်ဆီသို့ လျှောက်သွားလိုက်သည်။ လုံကျွင်းကလည်း ဘာဖြစ်မည်နည်းဟု တွေးတောကာ သူ့သားကို ကြည့်နေသည်။

​"နောက်ဆုံးတော့ အဖေနဲ့ ပြန်တွေ့ရပြီနော်... အဖေ" လုံချန်းက ဖခင်ဖြစ်သူ၏ မျက်လုံးများကို စိုက်ကြည့်ကာ ဆိုလိုက်သည်။ "အမေနဲ့အတူ ခဏလောက် စောင့်နေပေးပါဦး။ သား အဖေ့ကို နောက်မှ ပြန်ကုပေးမယ်"

​လုံချန်းသည် သူ့လက်ကို ဆန့်ထုတ်ကာ လုံကျွင်း၏ လက်ကို ထိလိုက်သည်။ ထိုအခါမှ ကျောင်းတော်သခင်မှာ တစ်ခုခု မှားနေပြီကို ရိပ်မိသွားကာ လုံချန်းဆီသို့ ပြေးဝင်လာသည်။

​သို့သော် လုံချန်းက သူ့ဖခင်၏လက်ကို ထိလိုက်သည်နှင့် ကမ္ဘာတုလက်စွပ်မှာ အသက်ဝင်လာပြီး လုံကျွင်းမှာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။ ကျောင်းတော်သခင်၏ မျက်နှာမှာ ဒေါသကြောင့် နီမြန်းသွားသည်။

​မူလင်း တစ်ခုခု မှားနေပြီ ဖြစ်ကြောင်း သူ သိလိုက်ပြီ။ 'မူလင်းက သူလျှိုလား။ ဒါမှမဟုတ် မူယွမ်က ငါတို့ သူ့ရဲ့ မိသားစုကို သတ်ခဲ့တာကို သိသွားလို့ လုံကျွင်းကို ကယ်ဖို့ စီစဉ်လိုက်တာလား'

​သူသည် လုံချန်း၏ လည်ပင်းကို ဖမ်းရန် လက်အား ဆန့်ထုတ်လိုက်သော်လည်း သူ၏လက်က လုံချန်းကို ထိလုဆဲဆဲမှာပင် လုံချန်းမှာ ပျောက်ကွယ်သွားပြီး အခန်း၏ အခြားတစ်ဖက်တွင် ပေါ်လာခဲ့သည်။

​လုံချန်းသည် မျက်နှာဖုံးအား သုံးကာ သူ၏မျက်နှာကို မူလင်း၏မျက်နှာလည်း မဟုတ် သူ၏ မျက်နှာအစစ်လည်း မဟုတ်သော အခြားမျက်နှာတစ်ခုသို့ ပြောင်းလဲလိုက်သည်။

​"မင်းတို့ကို လှည့်စားဖို့ မူလင်းအဖြစ် ဟန်ဆောင်နေခဲ့ရတာ မယုံနိုင်စရာပဲ။ တစ္ဆေကျောင်းတော်ရဲ့ အရှင်သခင်ဆိုတာလည်း ဘာမှ မဟုတ်ပါလား။ အဲဒီကောင်ရဲ့ အမေအရင်းတောင် သူ့သားကို မမှတ်မိဘူးလေ။ မီယင်ရဲ့ ညီမလေးက မူလင်းအစစ်ကို သတ်ပေးလိုက်လို့ ငါ တော်တော် ဝမ်းသာသွားရတယ်။ နှုတ်ဆက်ခဲ့ပါတယ် ငတုံးအုပ်စုကြီးတို့ရေ" လုံချန်းက အရူးတစ်ယောက်လို အော်ဟစ် ရယ်မောလိုက်သည်။ သူ၏နောက်ကွယ်တွင် အဝေးတစ်နေရာသို့ သွားနိုင်သော ဟင်းလင်းပြင် ဝင်ပေါက် တစ်ပေါက် ပေါ်လာသည်။ သူသည် လျှို့ဝှက်နယ်မြေ၏ အစွန်းပိုင်းသို့ ရောက်သွားရန် မျှော်လင့်ထားသည်။

​မူလက လုံချန်း၏ အစီအစဉ်မှာ သူ့ဖခင်ကို ကယ်တင်ပြီး ကမ္ဘာတုထဲ ပို့လိုက်ကာ မူလင်းအဖြစ်နှင့်ပင် တစ္ဆေကျောင်းတော်မှ ထွက်ခွာသွားရန် ဖြစ်သည်။ မူယွမ်ကို စိတ်မနာစေရန် သူမသား သေဆုံးသွားသည်ကို ဖုံးကွယ်ထားချင်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူ့ဖခင်ကို ဂူသင်္ချိုင်းထဲ ခေါ်လာသည်ကို မြင်လိုက်ရကတည်းက ထိုအစီအစဉ်မှာ မဖြစ်နိုင်တော့ကြောင်း သူ သိလိုက်သည်။

​သူ့ဖခင်ကို လူအများရှေ့တွင် ကယ်တင်လိုက်ရသဖြင့် မူယွမ်ကို အပြစ်မရောက်စေရန် သူသည် မူယွမ်၏သား မဟုတ်ကြောင်း သူလျှိုတစ်ဦးသာ ဖြစ်ကြောင်း အားလုံးကို သိစေခဲ့ခြင်း ဖြစ်သည်။ ယခုအခါ သူသည် ကီလိုမီတာ ၅၀၀ အတွင်းရှိ မည်သည့်နေရာသို့မဆို နေရာရွှေပြောင်းနိုင်သော ဟင်းလင်းပြင် ဖြတ်သန်းခြင်းကို အသုံးပြုလိုက်တော့သည်။

​သူသည် အခြားကမ္ဘာတစ်ခုအတွင်း ရောက်နေသဖြင့် ဤနေရာမှ တိုက်ရိုက် ထွက်ခွာ၍ မရနိုင်ကြောင်း သိနေသည်။ အကောင်းဆုံးမှာ လျှို့ဝှက်နယ်မြေဝင်ပေါက်သို့ နေရာရွှေ့ပြောင်းပြီး အခြားသူများ မလိုက်လာနိုင်ခင် ထိုနေရာမှ ထွက်ခွာသွားရန်ပင် ဖြစ်သည်။

အခန်း (၆၀၆) ချိတ်ပိတ်ခံထားရသော ဝိညာဉ်

​အခြားသူများ ဘာမှမလုပ်နိုင်ခင်မှာပင် လုံချန်းသည် ဟင်းလင်းပြင် နေရာရွှေ့ပြောင်းခြင်း ဝင်ပေါက်ထဲသို့ ဝင်ရောက်သွားပြီး ဝင်ပေါက်မှာလည်း ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

​သို့သော် လုံချန်း သတိမထားမိလိုက်သည့် အချက်တစ်ခု ရှိနေသည်။ ကျောင်းတော်သခင် သူ၏လည်ပင်းကို ဖမ်းရန် ကြိုးစားစဉ်က ကျောင်းတော်သခင်၏ လက်သည်းနှင့် ပွတ်တိုက်မိသွားကာ ဒဏ်ရာအနည်းငယ် ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုဒဏ်ရာမှ ထွက်လာသည့် လုံချန်း၏ သွေးတစ်စက်မှာ ဂူသင်္ချိုင်း၏ မြေပြင်ပေါ်သို့ ကျဆင်းသွားပြီး မြေပြင်က ထိုသွေးစက်ကို စုပ်ယူသွားခဲ့သည်။

​"ချိတ်ပိတ်ခဲ့သူရဲ့ သွေးက ချိတ်ပိတ်ခံထားရသူကို နိုးထစေခဲ့ပြီပေါ့။ ဟင်း... တကယ်ပဲ ဖြစ်လာခဲ့ပြီပဲ" လူငယ်တစ်ဦးသည် ကောင်းကင်ယံကို ကြည့်ရင်း သက်ပြင်းချကာ ရေရွတ်လိုက်သည်။

​ဂူသင်္ချိုင်း၏ အနက်ရှိုင်းဆုံးနေရာ မှောင်မိုက်လွန်းသော အခန်းတစ်ခန်းအတွင်း၌ အသက် ၅ နှစ်အရွယ်ခန့်ရှိမည့် လှပသော ဆံပင်နက်နှင့် ကောင်လေးတစ်ဦး ထိုင်နေသည်။ ထိုကောင်လေးတွင် ဖျော့တော့သော အပြာရောင်မျက်ဝန်းများနှင့် ချစ်စရာကောင်းသော မျက်နှာလေး ရှိသည်။

​သူသည် မှောင်မိုက်လွန်းသော အခန်းထဲတွင် ရှိနေသည်သာမက သူ၏ ပတ်ဝန်းကျင်တွင် အနက်ရောင် အတားအဆီး တစ်ခုက ဝိုင်းရံထားသေးသည်။ ကောင်လေးက လှုပ်ရှားရန် ကြိုးစားလိုက်တိုင်း လျှပ်စစ်ဓာတ် အတိုက်ခံရသဖြင့် သူ၏ အော်ဟစ်သံများမှာ အခန်းတစ်ခန်းလုံးတွင် ပဲ့တင်ထပ်နေသည်။

​ထိုကောင်လေး၏ မျက်လုံးများမှာ အပြစ်ကင်းသော ကလေးတစ်ယောက်ကဲ့သို့ ဗလာဖြစ်နေသည်။ အံ့သြစရာအကောင်းဆုံးမှာ သူ၏ ဝိညာဉ်ပင် ဖြစ်သည်။ ထိုကောင်လေး၏ ဝိညာဉ်ကို မတူညီသော နိယာမပေါင်း ၁၂၀ ကျော်ဖြင့် ပြုလုပ်ထားသည့် ဝိညာဉ်သံကြိုးများဖြင့် ချည်နှောင်ထားခြင်း ဖြစ်သည်။

​ဤလောက၏ မူလအစဖြစ်သော စကြဝဠာနိယာမများကို အသုံးပြု၍ တစ်စုံတစ်ယောက်က သူ၏ဝိညာဉ်ကို ပိတ်လှောင်ထားခဲ့ပုံရသည်။ နတ်ဘုရား သားရဲဘုရင်များပင် ဤသို့လုပ်နိုင်သည့် စွမ်းအားမျိုး မရှိကြပေ။

​လုံချန်း၏ သွေးတစ်စက်မှာ ဂူသင်္ချိုင်းအလယ်သို့ ကျဆင်းသွားသောအခါ ထိုအတားအဆီးမှာ တောက်ပစွာ လင်းလက်လာပြီး အက်ကွဲကြောင်းများ ပေါ်လာသည်။ မကြာမီမှာပင် အတားအဆီးမှာ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားတော့သည်။ ကောင်လေးက လှုပ်ရှားကြည့်လိုက်သောအခါ ယခင်ကလို မနာကျင်တော့ကြောင်း သိလိုက်ရသဖြင့် သူ အံ့သြသွားမိသည်။

​ဖီးနစ်ရုပ်တုအနားတွင်မူ ကျောင်းတော်သခင်သည် လုံချန်း ပျောက်ကွယ်သွားသည့် နေရာကို ကြည့်ကာ ဒေါသတကြီးဖြင့် မျက်မှောင်ကြုတ်နေသည်။

​"အဲဒီအကောင်၊ ငါတို့ရဲ့ ကြိုးစားအားထုတ်မှုအားလုံးကို သူ ဖျက်ဆီးလိုက်ပြီ။ နှစ်ပေါင်း ထောင်ချီ စောင့်ဆိုင်းခဲ့တာတွေ အားလုံး အလဟသ ဖြစ်ကုန်ပြီ။ သူ့ကို တွေ့ရင် ငါ ကိုယ်တိုင် သတ်ပစ်မယ်" ကျောင်းတော်သခင်၏ ဟိန်းဟောက်သံမှာ ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားသည်။ သူသည် ဤကိစ္စအတွက် အလွန်ပင် အားစိုက်ထုတ်ခဲ့ရသဖြင့် အလွန်အမင်း စိတ်ပျက်နေခြင်း ဖြစ်သည်။

​ရုပ်တု၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့နှင့် ရှေ့ဆက်သွားဖို့ နည်းလမ်းရှာခဲ့ရသည်များ၊ ဤသို့သော ဆေးမင်ပါရှိသူကို ရှာဖွေခဲ့ရသည်များအား သူ ပြန်တွေးနေမိသည်။ ကံကောင်းထောက်မစွာဖြင့် တစ်နေ့တွင် သူသည် လုံကျွင်း၏မိခင်တွင် လိုအပ်သော ဆေးမင်ပါနေသည်ကို တွေ့ခဲ့သည်။ သို့သော် ထိုဆေးမင်မှာ အမျိုးသားများတွင်သာ အကျိုးသက်ရောက်မှု ရှိပြီး အမျိုးသမီးခန္ဓာကိုယ်တွင် အသုံးမဝင်ပေ။ ထိုအမျိုးသမီးမှ မွေးလာမည့် ကလေးမှာ ယောကျ်ားလေးဖြစ်လျှင် ယဇ်ပူဇော်ရန် အသုံးပြုနိုင်ကြောင်း သူ သိထားသည်။

​ကံမကောင်းစွာဖြင့် ထိုအမျိုးသမီးမှာ အခြေအနေကို ရိပ်မိပြီး ထွက်ပြေးသွားခဲ့သည်။ ထိုစဉ်က ကျောင်းတော်သခင် ဒေါသထွက်လွန်းသဖြင့် သူမ၏ မိသားစုတစ်ခုလုံးကို သတ်ပစ်ရန် အမိန့်ပေးခဲ့သည်။ ထိုမိသားစုမှာ ကျောင်းတော်အတွင်း အဆင့်မြင့်နေရာတွင် ရှိသော်လည်း ကျောင်းတော်သခင်ကို ဆန့်ကျင်သည့်အတွက် တစ်ရက်အတွင်း အမြစ်ပြတ် သုတ်သင်ခံခဲ့ရသည်။

​မူယွမ်မှာမူ ထိုအချိန်က အခြားတိုက် တစ်တိုက်တွင် တာဝန်ဖြင့် ရောက်နေသဖြင့် အသက်ဘေးမှ လွတ်ခဲ့ခြင်း ဖြစ်သည်။ သူမ ပြန်လာသောအခါ ခင်ပွန်းဖြစ်သူ ပါလာခဲ့ပြီး ထိုလူမှာ ကျောင်းတော်သခင်ပင် ကြောက်ရွံ့ရသူ ဖြစ်သည်။ ထို့ကြောင့် ကျောင်းတော်သခင်သည် မူယွမ်အား ရန်မပြုရဲဘဲ မိသားစု သတ်ဖြတ်ခံရသည့် အမှန်တရားကို ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သည်။ ထိုလူ ကမ္ဘာပေါ်တွက် မရှိတော့သည့်တိုင်အောင် ကျောင်းတော်သခင်သည် မူယွမ်ကို တစ်ခုခုလုပ်ရန် မဝံ့မရဲ ဖြစ်နေခဲ့သည်။

​ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားရှာဖွေပြီးနောက်မှ လုံကျွင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ အားလုံး အဆင်ပြေခါနီးမှ လုံချန်းကြောင့် အစီအစဉ်များ ပျက်စီးသွားရသည်။ ကျောင်းတော်သခင်သည် လုံချန်းကို အပိုင်းပိုင်း ပိုင်းဖြတ်ပစ်ချင်နေစဉ်မှာပင် ဂူသင်္ချိုင်းကြီးတစ်ခုလုံး တုန်ခါလာသည်ကို မြင်လိုက်ရသည်။

​"အဖေ... ရုပ်တုကြီး ပျောက်သွားပြီ" ရွမ်လေ့ချီက အော်ပြောလိုက်သည်။ ကျောင်းတော်သခင် ကြည့်လိုက်ရာ ရုပ်တုမှာ တကယ်ပင် ပျောက်ကွယ်သွားပြီး လမ်းကို ပိတ်ထားသော နံရံကြီးမှာလည်း ပြိုကျကာ ရှေ့ဆက်သွားမည့် လမ်းပွင့်သွားခဲ့သည်။

​"တစ်ခုခုတော့ ပြောင်းလဲသွားပြီ။ လမ်းပွင့်သွားပြီပဲ။ ငါတို့ အထဲဝင်ကြမလား၊ ဒါမှမဟုတ် အဲဒီကောင်လေးကို လိုက်ရှာကြမလား။ သူ ဘယ်ကို ပျောက်သွားမှန်းလည်း ငါတို့ မသိဘူး။ ဒီနေရာမှာ ဝင်ပေါက် ဖွင့်နိုင်တယ်ဆိုကတည်းက သူက သာမန်လူတော့ မဟုတ်ဘူး" ယဇ်ပုရောဟိတ် တစ်ဦးက မေးလိုက်သည်။

​"ထားလိုက်တော့... အဲဒီလူကို ခေါ်သွားပါစေ။ ငါတို့က လမ်းပွင့်ဖို့ပဲ သူတို့ကို လိုတာ၊ အခု လမ်းက ပွင့်သွားပြီပဲ။ သူ့ကို ခဏလောက် အသက်ဆက်ရှင်ခွင့် ပေးလိုက်မယ်၊ မကြာခင် ငါတို့ ပြန်ဖမ်းမိမှာပါ" ကျောင်းတော်သခင်က ဆိုကာ အသစ်ပွင့်လာသည့် လမ်းအတိုင်း စတင် လျှောက်လှမ်းသွားတော့သည်။

​လုံချန်းသည် ဟင်းလင်းပြင် ဖြတ်သန်းခြင်း ဝင်ပေါက်ထဲသို့ ဝင်ခဲ့သော်လည်း အတွင်းရောက်သောအခါ တစ်ခုခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။ ဝင်ပေါက်မှာ ပျက်စီးသွားပြီး လုံချန်းသည် တစ်နေရာသို့ လွင့်ထွက်သွားခဲ့သည်။

​သူ ပြန်ကျလာသည့်နေရာမှာ အဖြူရောင်နှင့် အနက်ရောင် တံခါးနှစ်ချပ်ရှိသော အခန်းမကြီးပင် ဖြစ်သည်။

​"ငါ ဂူသင်္ချိုင်းထဲမှာပဲ ရှိနေသေးတာလား" လုံချန်းက ထရပ်ရင်း ရေရွတ်လိုက်သည်။

​"ဒီဂူသင်္ချိုင်းက ဟင်းလင်းပြင် ခရီးသွားခြင်းကို ပိတ်ပင်ထားပုံရတယ်။ နင့်ရဲ့ နေရာရွှေ့ပြောင်းခြင်းကို တားဆီးနိုင်တယ်ဆိုကတည်းက ဒါက အဆင့်မြင့်တဲ့ ဂူသင်္ချိုင်းပဲ။ နင့်မှာ ဟင်းလင်းပြင် နိယာမသစ်ပင် အပြည့်အဝ ရှိနေရင်တော့ တစ်မျိုးပေါ့၊ အခုတော့ နင်က အဲဒီအဆင့်ကို မရောက်သေးဘူး" ရွှင်းက ရှင်းပြသည်။

​"တကယ်ပဲ... ဒုက္ခရောက်ရမယ့်အချိန်ကျမှ ဖြစ်ရတာပဲ" လုံချန်းက ဘေးပတ်ဝန်းကျင်ကို ဝိညာဉ်အာရုံဖြင့် စစ်ဆေးကြည့်ရာ မည်သူမျှ လိုက်မလာသည်ကို တွေ့ရသည်။

​"သူတို့ လိုက်မလာကြဘူး။ ဒီဂူသင်္ချိုင်းက ဝင်ပေါက်ကို ဖြတ်တောက်နိုင်မှန်း သူတို့ မသိကြဘူး ထင်တယ်။ ငါ အပြင်ရောက်သွားပြီလို့ ထင်နေကြတာ ဖြစ်ရမယ်"

​"ငါလည်း အဲဒီအတိုင်းပဲ ထင်တယ်။ ဒါပေမဲ့ သူတို့လည်း မကြာခင် ပြန်ထွက်လာကြမှာပဲ၊ ဘာလို့လဲဆိုတော့ နင့်အဖေမရှိဘဲ ရှေ့ဆက်သွားလို့ မရနိုင်ဘူးလို့ သူတို့ ထင်နေကြမှာလေ။ ငါတို့ ဒီကနေ မြန်မြန် ထွက်သွားကြရအောင်" ရွှင်းက တိုက်တွန်းသည်။

​"အေးပါ" လုံချန်းက ထွက်ခွာရန် လှည့်လိုက်သော်လည်း ရုတ်တရက် ရပ်တန့်သွားသည်။ တစ်ခုခုက သူ့ကို ဆွဲဆောင်နေသလို တစ်စုံတစ်ယောက်က သူ့ကို ခေါ်နေသလို ခံစားလိုက်ရသည်။ ထိုခံစားချက်မှာ အနက်ရောင်တံခါး ဆီမှ လာနေခြင်း ဖြစ်သည်။

​လုံကျွင်းသည် ကမ္ဘာတုထဲသို့ ရုတ်တရက် ရောက်ရှိသွားသည်။ လုံချန်းသည် သူ့ကို သူ၏အဘိုး၊ မိခင်နှင့် ဇနီးသည်များ ရှိရာ အိမ်အသစ်၏ ဧည့်ခန်းမထဲသို့ တိုက်ရိုက် ပို့ပေးလိုက်ခြင်း ဖြစ်သည်။

​လုံကျွင်းသည် အခန်းအလယ်တွင် ပေါ်လာသော်လည်း ခြေကုန်လက်ပန်း ကျနေသဖြင့် ဒူးထောက်လျက်သား ပြုတ်ကျသွားခဲ့သည်။ ထိုအချိန်တွင် လုံရန်၊ စီမာကျိယီ၊ ရွှယ်၊ မေ၊ ကျီချင်း နှင့် မင်ယုတို့မှာ စုထိုင်နေကြပြီး လုံရွှယ်ရင်းမှာမူ အခန်းထဲတွင် ကျင့်ကြံနေသည်။

​လုံကျွင်းသည် စီမာကျိယီ ဘက်သို့ မျက်နှာမူကာ လုံရန်ဘက်သို့ ကျောပေးလျက် ဒူးထောက်နေမိသည်။

​"မင်းက ဘယ်သူလဲ" လုံရန်က ဧည့်ခန်းအလယ်တွင် ပေါ်လာသော သူစိမ်းတစ်ယောက်ကို ကြည့်ပြီး မေးလိုက်သည်။ တောင်းစားသူ တစ်ယောက်ကဲ့သို့ စုတ်ပြတ်နေပြီး ဆံပင်များ ရှုပ်ပွနေသော ဤလူက မည်သူဖြစ်ကြောင်း သူတို့ မသိကြသေးပေ။

All Chapters