အခန်း (၁၂၅-၁၂၆)
Vol. 13 Ch. 125-126
Chapter 125
~
အခန်း ၁၂၅
~
ညအမှောင်ထုအောက်....
သိုင်းသူတော်စင်က ဘုရားကျောင်းငယ်အတွင်းသို့ လှမ်းဝင်ပြီး သူ၏ ယပ်တောင်တစ်ချောင်းလို ကြီးမားသော လက်ဝါးကို ဝှေ့ယမ်းလိုက်လျှင် ဘုရားကျောင်း၏ အမိုးများ လွင့်စင်ထွက်သွားပြီး ဘုရားကျောင်းတစ်ခုလုံး ပြိုကျသွား၏ ။
ထို့နောက် ရုပ်ထုထားရှိသော နေရာတွင် တက်ထိုင်ကာ မေးစေ့ကို လက်တစ်ဖက်ဖြင့် ထောက်ပြီး ချောင်မူ စတင်တိုက်ခိုက်မည်ကို စောင့်နေ၏ ။
ချောင်မူက ချက်ချင်းမတိုက်ပေ ။ သူ၏ ခန္ဓာကိုယ်ကို ပြန်လည် ချိန်ညှိနေလေသည် ။
ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းကို အမြင့်ဆုံးအထိ သုံးပြီးသလို လီမီးတောက်ဖြင့်လည်း လောင်ကျွမ်းခံထားရ၍ အခြေအနေ တော်တော်ဆိုးနေသည် ။
တခြားသူများ၏ အခြေအနေမှာလည်း ချောင်မူထက် အနည်းသာ ပိုကောင်းပေသည် ။
လီမီးတောက် လောင်းကျွမ်းခံရသည့်အပြင် သိုင်းသူတော်စင်၏ ဓားဒဏ်ရာများပါ ရထားသဖြင့် မည်သူမှ အခြေအနေ မကောင်းချေ ။
" ခုဘာလုပ်ကြမလဲ.. ကျုပ်တို့ ထွက်ပြေးကြမလား.."
တစ်ယောက်က တိုးတိုးလေး မေးလိုက်သည် ။
" ကျုပ်တို့ ဘယ်လိုလုပ် လွတ်နိုင်တော့မလဲ.. ဟူး.. ဒီတစ်ခါတော့ သိုင်းသူတော်စင်ရဲ့ ဓားပြသင်္ဘောပေါ် တက်မိသွားပြီ.. သေလမ်းပဲ ရှိတော့တယ်.. "
ကျောက်စိမ်းမျက်နှာနဂါးက ခါးသီးစွာ ပြုံးလိုက်၏ ။ ဝူချင်းရှင်း၏ သေဆုံးမှုကို မျက်မြင်တွေ့ခဲ့ရသော သူတို့အား မည်သို့ လွှတ်ပေးပါတော့မည်နည်း ။
" ပြီးတော့ မင်းမြင်တဲ့ အတိုင်းပဲလေ.. သိုင်းသူတော်စင် စိတ်ဝိညာဥ်ကျမ်းလေ့ကျင့်တဲ့ သူတိုင်း သိုင်းသူတော်စင်ရဲ့ အားဖြည့်ဆေး ဖြစ်လာမှာဆိုတော့.. ဒီတစ်ခါတော့ ငါတို့အားလုံး သေရတော့မယ်.. ကျင့်ကြံသူတစ်ယောက်က လူသားစားရင်တောင် ဂုဏ်သိက္ခာကို ထည့်တွက်ပေမဲ့ သိုင်းသူတော်စင်ကတော့.. "
သူတို့က မြေပြင်ပေါ်ရှိ ဝူချင်းရှင်း၏ အလောင်းကို ကြည့်လိုက်မိကြ၏ ။
နတ်သမီးလေး တစ်ပါးလို လှပခဲ့သော သူတော်စင်မသည် အရိုးနှင့်အရေသာ ကျန်တော့၏ ။ သိုင်းလောကအတွင် နာမည်တစ်လုံး ရထားသော သူတို့ကိုယ်တိုင်ပင် ကြက်သီးဖြန်းဖြန်း ထလာကြလေသည် ။
သိုင်းသူတော်စင်အပေါ် သူတို့၏ ကြောက်ရွံ့မှုမှာ ကျင့်ကြံသူများကို ကြောက်သည်ထက်ပင် များစွာကျော်လွန်သွားလေပြီ ။
" ကျောက်စိမ်းမျက်နှာနဂါး.. သိုင်းသူတော်စင်ကို ချောင်ကျန့်က ဘာလို့ စိန်ခေါ်နေတာလဲ ..သေလမ်းရှာနေတာ မဟုတ်ဘူးလား.. "
လက်တစ်ဖက်ပြတ်နေသော အဆင့် ၅ သိုင်းပညာရှင်က မေးလိုက်၏ ။
သူ၏ လက်ကို သိုင်းသူတော်စင်က ဖြတ်ခဲ့သဖြင့် သွေးစုတ်နေသော မျက်နှာဖြင့် မြေပြင်ပေါ်တွင် ထိုင်နေသည် ။
ယခုအခါတွင် အသက်ရှင်နေသေးသူမှာ ကျောက်စိမ်းမျက်နှာနဂါးနှင့် တခြားနှစ်ယောက်သာ ရှိတော့သည် ။
ကျောက်စိမ်းမျက်နှာ နဂါး၏ ခွန်အားနှင့် အတွေ့အကြုံမှာ သူတို့ထက် သာလွန်သဖြင့် မေးလိုက်ခြင်း ဖြစ်သည် ။
" ချောင်ကျန့်ပြောတာ မကြားဘူးလား.."
ကျောက်စိမ်းမျက်နှာနဂါးက ပြောလိုက်သည် ။
သူတို့အားလုံးသည် အဆင့်မြင့် သိုင်းပညာရှင်များဖြစ်သဖြင့် ကလေးများ မဟုတ်တော့ပေ ။ လောက အတွေ့အကြုံများစွာ ရှိကြ၏ ။ သိုင်းသူတော်စင်၏ စကားများကို မည်သူမှ မယုံကြ ။ သိုင်းသူတော်စင်၏ လုပ်ရပ်များသည် အင်မော်တယ်များထက်ပင် ရက်စက်နေ၍ မည်သို့ ယုံနိုင်ပါတော့မည်နည်း ။
အစားအစာအား စားပြီးနောက် ပါးစပ်သုတ်၍ ကမ္ဘာကြီးအား ကယ်တင်ရန် နှစ်လေးဆယ်ကြိုးစားနေခဲ့သည်ဟု ပြောသည်ကို မည်သူမှ ယုံမည်မဟုတ် ။ သူတို့မယုံသလို ချောင်ကျန့်လည်း မယုံပေ ။
" ချောက်ကျန့်က သိုင်းသူတော်စင်ရဲ့ လုပ်ရပ်တွေက မှားလားမှန်လားဆိုတာ မဝေဖန်ခဲ့ဘူး.. သူပြောတာက လူသားဆန်မှု အကြောင်းပဲ.. "
" ဒါကြောင့် သူပြောတာက.. စစ်မှန်တဲ့ မြင့်မြတ်သူဆိုတာက အသက်ထက် ဖြောင့်မတ်မှုကို တန်ဖိုးထားကြတယ်.. ဖြောင့်မတ်မှုအတွက် အသက်ကို စွန့်လွှတ်ဖို့ ဆန္ဒရှိကြတယ်.. စိတ်ထင်တိုင်း လူသတ်နေတဲ့ သိုင်းသူတော်စင်မှာ ဘယ်လိုလုပ်ပြီး မြင့်မြတ်တဲ့ စိတ်ထားရှိနိုင်မလဲ.. "
သို့ပေသိ သိုင်းသူတော်စင် ကိုယ်တိုင်ကလည်း သူတို့ယုံသည် မယုံသည်ကို ဂရုမစိုက်ချေ ။
ထိုအခိုက် ချောင်မူက သိုင်းသူတော်စင်ထံသို့ ခြေလှမ်း လှမ်းလိုက်သည် ။
ကျောက်စိမ်းမျက်နှာနဂါးနှင့် ကျန်သူများက မျက်လုံးပြူးကျယ်စွာ စိုက်ကြည့်နေကြ၏ ။ ဤသည်က ခါချဥ်ကောင်က တောင်ကြီးကို ဖြိုရန် ကြံစည်နေခြင်းဖြစ်သည် ။ အသက်၆၀ အရွယ် အဆင့် ၄ သိုင်းပညာရှင်က အကောင်းဆုံးအခြေအနေတွင် ရှိနေလျှင်ပင် သိုင်းသူတော်စင်၏ ပြိုင်ဘက် ဖြစ်လာနိုင်မည် မဟုတ်ချေ ။
ချောင်ကျန့် သေဆုံးပြီးနောက် သူတို့ သေရမည့် အလှည့်ပင်ဖြစ်သည် ။
ဝူချင်းရှင်း၏ စကားများထွက်လာပြီးနောက် သူတို့၏ သေဆုံးခြင်းက သတ်မှတ်ပြီးသွားလေပြီ ။ ယခုအထိ အသက်ရှင်နေခြင်းမှာ သိုင်းသူတော်စင်က ချောင်ကျန့်အား စိတ်ဝင်စားနေ၍ပင် ။
" ချောင်ကျန့်.. မင်း လက်နက် လိုသေးလား.. "
တောအုပ်အမှောင်အတွင်း ရပ်နေသော လျှို့ဝှက်ကြယ်သံတမန်က မေးလိုက်၏ ။
ကြယ်သံတမန်သည် ဘေးမှ တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည် ။ ဤသည်မှာ သူ ပထမဆုံးအကြိမ် စကားပြောခြင်း သို့မဟုတ် တိုက်ပွဲတွင် ပါဝင်ခြင်း ဖြစ်သည် ။
" လှံရှည်တစ်ချောင်း.. ဒါမှမဟုတ်.. ဓားရှည်တစ်ချောင်းရှိရင် အဆင်ပြေတယ်.. "
ချောင်မူ၏ လက်နက်များသည် လီမီးတောက်ဖြင့် လောင်ကျွမ်းသွား၍ အသုံးမပြုနိုင်တော့ပေ ။
လှံရှည်တစ်ချောင်းသည် လေပေါ်တွင် မျောလွင့်လာပြီး ချောင်မူက ဖမ်းယူလိုက်၏ ။
သူ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ခြေထောက်ကို နင်းကာ မြားတစ်စင်းကဲ့သို့ ရှေ့သို့ တစ်ဟုန်ထိုးပြေးသွားပြီး သူ၏ ရှည်လျားသော လှံတံသည် ညအချိန်တွင် အေးစက်သော ကြယ်တစ်ပွင့်ကဲ့သို့ တောက်ပနေသည် ။
" ဒင်...."
လှံရှည်၏ ထိပ်ဖျားသည် သိုင်းသူတော်စင်၏ လက်ညှိုးထိပ်တွင် ရပ်တန့်သွား၏ ။
သိုင်းသူတော်စင်က လက်ညှိုးတစ်ချောင်တည်းဖြင့် ချောင်မူ၏ ပြင်းထန်သော တိုက်ခိုက်မှုကို ပိတ်ဆို့လိုက်သည် ။
အဆင့် ၄ သိုင်းပညာရှင်၏ ပြင်းထန်သော တိုက်ကွက်သည် သိုင်းသူတော်စင်၏ လက်ညှိုးအရေပြားထိပ်လေး၌ အရာပင် မထင်ကျန်ခဲ့ချေ ။
" ယားးး..."
ချောင်မူက ပိုမိုအားစိုက်ထုတ်ကာ မာန်သွင်းလိုက်ပြီး လှံရှည်ဖြင့် ထိုးလိုက်သည် ။
မှောင်မိုက်သောညတွင် အေးစက်သောကြယ်ပွင့်များက မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီး လှံထိပ်တွင် လှည့်ပတ်နေသော အရှိန်အဝါသည် မှောင်မိုက်ထဲတွင် အလင်းတန်းတစ်ခု ချန်ထားခဲ့သည် ။
ဤသည်က ချောင်မူ၏ အကျွမ်းကျင်ဆုံး စစ်ဘက်ဆိုင်ရာ လှံသိုင်းဖြစ်သော်လည်း မည်သို့ပင် တိုက်ခိုက်စေကာမူ သိုင်းသူတော်စင်က ထိုင်ရာမှ မထဘဲ လက်ညှိုးတစ်ချောင်းဖြင့်သာ ဆက်လက် ခုခံနေသည် ။
Chapter 126
~
အခန်း ၁၂၆
~
ချောင်မူက မည်သို့ပင် တိုက်ခိုက်စေကာမူ သိုင်းသူတော်စင်၏ လက်ညိုးက လှံထိပ်တွင် အမြဲပေါ်လာ၏ ။
" စစ်ဘက်လှံသိုင်းကို မင်း တော်တော်ကျွမ်းကျင်နေတာပဲ.. မင်း အရင်က စစ်သည်တစ်ယောက် ဖြစ်ဖူးတာလား.. ဟားဟားဟားး..."
သိုင်းသူတော်စင်သည် တချိန်က ထိပ်တန်း စစ်သူကြီး ဖြစ်ခဲ့ဖူးသဖြင့် အတိတ်အားပြန်ပြောင်း သတိရသွားသည် ။
" ငါ ငယ်ငယ်ထဲက သိုင်းပညာလေ့ကျင့်ခဲ့တာ.. အသက် ၂၀ ကို ရောက်တော့ ထိပ်တန်းသိုင်းသမား ဖြစ်နေပြီ.. အသက် ၃၀ မှာ စိတ်ဝိညာဥ် သန့်စင်ခြင်းကို အောင်မြင်ပြီး အဆင့်၃ ကိုရောက်ခဲ့တယ်.. အသက် ၄၀ ရောက်တော့ အဆင့် ၁ သိုင်းပညာရှင်နဲ့ မဟာယန်အင်ပါယာနန်းတော်ရဲ့ ပထမအဆင့်စစ်သူကြီး အဖြစ်နဲ့ စစ်သည်သိန်းဂဏာန်းကို ဦးဆောင်ခဲ့တာပေါ့.. "
" ငါ့ ဘဝရဲ့ ပထမ တစ်ဝက်က အောင်မြင်တဲ့သူ တစ်ယောက်ဖြစ်လာတယ်လို့ပဲ ပြောရမယ်.. ငါ တိုက်ပွဲတွေကနေ အောင်ပွဲခံပြီး ပြန်လာတိုင်း လမ်းတစ်လျှောက်မှာ သာမန်ပြည်သူတွေက ဝမ်းသာအားရ ဂုဏ်ပြုသလို မဟာယန်ဧကရာဇ်ကိုယ်တိုင်ကလည်း ဂုဏ်ပြုပေးခဲ့တယ်.. "
" ငါ့ အသက် ၄၅နှစ်... မျိုးနွယ်ခြား စစ်ပွဲ ပြီးခဲ့တဲ့ အချိန်ကြမှ ငါ့ဘဝရဲ့ အစောပိုင်း အလှတရားအားလုံးဟာ ပုံရိပ်ယောင်ဖြစ်နေပြီး အရာအားလုံးက ဟန်ဆောင်မှုတွေပဲ ဆိုတာကို ငါသဘောပေါက်သွားတယ်.. "
" ဒန်...."
သိုင်းသူတော်စင်က လှံရှည်ကို အားအနည်းငယ်ထည့်ပြီး ပုတ်ထုတ်လိုက်သဖြင့် တုန်ခါမှုကြောင့် လှံသွား ကွဲအက်သွားပြီး လှံရှည်က နှစ်ပိုင်း ကျိုးသွားသည် ။
" ဒီ ကမ္ဘာပေါ်မှာ အမှန်တရားဆိုတာက လက်သီးဘယ်လောက်မာလဲ ဆိုတာပေါ်မှာပဲ မူတည်ပြီး ယဥ်ကျေးမှုလို့ ခေါ်တဲ့ အရာက ဟန်ဆောင်မှုဆိုတာကို ငါ့အသက် ၄၅ မှ သိလာရတာပေါ့.. "
သိုင်းသူတော်စင်က လက်ညိုးကို ထပ်မံ ဝှေ့ယမ်းလိုက်လျှင် ပေါ်လာသော ဓားအလင်းတန်းများ ပျောက်ကွယ်သွားပြန်သည် ။
" ဘာလို့ တခြားသူတွေက အသက်နဲ့ ပေးဆပ်ပြီး ငါ ဘာလို့ အသက်ရှင်နေသေးတာလဲ သိချင်တယ်ပေါ့.. "
သိုင်းသူတော်စင်၏ အသံက အေးစက်သွားပြီး...
" ဘာလို့လဲဆိုတော့ သူတို့က အားနည်းလို့ပဲ .."
သူက လက်ညိုးကို ကွေးပြီး ဓားသွားကို တောက်ထုတ်လိုက်၏ ။
" တန်...."
ကျယ်လောင်သော အသံနှင့်အတူ ချောင်မူ လွင့်ထွက်သွားပြီး ပါးစပ်မှ သွေးများ စီးကျလာလေသည် ။
ဤအချိန်တွင် ချောင်မူ၏ ဓားရှည်နှင့် လှံရှည် နှစ်ခုလုံး သုံးမရတော့သဖြင့် လက်သီး နှစ်ဖက်သာ ကျန်တော့သည် ။
သို့သော်လည်း သူက နောက်မဆုတ်ဘဲ တိုက်ခိုက်မှုများ ပိုမို ပြင်းထန်လာ၏ ။
" ကောင်းကင်နတ်ဆိုးပြိုကွဲခြင်း... နှစ်ထပ်လှိုင်း.."
သွေးများနီရဲနေသော ခန္ဓာကိုယ်ဖြင့် ချောင်မူက သိုင်းသူတော်စင်ထံသို့ ပြေးဝင်လာပြန်၏ ။
သိုင်းသူတော်စင်က လက်ညှိုးကို မမြှောက်တော့ဘဲ လက်သီးနှစ်လုံးက ရင်ဘက်သို့ ထိသွားသည်ကို အေးဆေးသာ ထိုင်ကြည့်နေသည် ။
" ဖုန်း..ဂျွတ်."
ချောင်မူ၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး အရိုးကျိုးသံများ ထွက်ပေါ်လာ၏ ။
" အားနည်းတာ အပြစ်ပဲ.. "
သိုင်းသူတော်စင်က ခပ်ဖွဖွ ပြုံးလိုက်ပြီး...
" အဆုံးထိ အသက်ရှင်ချင်ရင် လုံလောက်တဲ့ သန်မာမှုရှိရမယ်.. "
နောက်ဆုံးတွင် သူက လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်တော့သည် ။
ဘေးပတ်ဝန်းကျင်ရှိ အပျက်အဆီးများ လွင့်ထွက်သွားကြပြီး သိုင်းသူတော်က လက်ညှိိုးနှင့် လက်မကို အသုံးပြုကာ ချောင်မူ၏ မျက်နှာကို ဆုပ်ကိုင်ပြီး ဆွဲမြှောက်လိုက်၏ ။
ဤမြင်ကွင်းက အရင်မြင်ကွင်းနှင့် အတူတူပင် ။ လက်ချောင်းကြားရှိ လူသာ ကွဲပြားသွားသည် ။
သွေးများပေပွ၍ အရိုးများစွာ ကျိုးနေသော ချောင်မူက အားတင်း၍ ပြုံးလိုက်ပြီး...
" သိုင်းသူတော်စင်.. မင်းငါ့ကို စားရင် ကျင့်ကြံသူတွေကို ယှဥ်နိုင်ပြီလား.. "
" မင်း စားတယ်လို့ သုံးချင်လည်း သုံးပေါ့ .. မင်းတစ်ယောက်ထဲနဲ့ ဘယ်လုံလောက်မလဲ.. "
သိုင်းသူတော်စင်က ခပ်ပေါ့ပေါ့သာ ပြောလိုက်သည် ။ လူမည်မျှကို စုပ်ယူရမည်မှန်း သူကိုယ်တိုင်ပင် မသိချေ ။ ထိုစကားကို ပြောပြီးနောက် သူ့အကြည့်က ကျောက်စိမ်းမျက်နှာ နဂါးတို့ဘက်သို့ ရောက်သွားသဖြင့် ထိုသူများ တုန်ရီသွားကြ၏ ။
" မင်းတို့က အားနည်းလွန်းတယ်.. ငါ စုပ်ယူတာခံရဖို့တောင် မထိုက်တန်ဘူး .."
သူက စိတ်ပျက်လက်ပျက် ပြောလိုက်သည် ။
" ဟားဟားဟားဟားဟား...."
လက်နှစ်ချောင်းဖြင့် ဆွဲမ ခံထားရသော ချောင်မူက အားရပါးရ ရယ်လိုက်၏ ။
" သိုင်းသူတော်စင်.. ငါဘယ်သူလဲ သိလား.. ငါက ချောင်မိသားစုကပဲ.. "
" ပျင်းစရာကောင်းလိုက်တာ.. "
သိုင်းသူတော်စင်က မျက်ခုံးတွန့်ကွေးလိုက်ပြီး ...
" သေခါနီးမှ နောင်တရနေတာလား.. မင်းရဲ့ နောက်ခံကို ငါ ဘာလုပ်ရမှာလဲ.. "
" ငါ့လက်ထဲမှာ မိသားစုကြီး ဘယ်နှခု ဖျက်ဆီး ခံခဲ့ရပြီးပြီလဲ မင်းသိလား.. ချောင်မိသားစုကို ငါကြောက်နေရမှာလား.. "
" ငါတို့ ချောင်မိသားစုက သာမန်မိသားစုမှ မဟုတ်တာ.. "
ချောင်မူက ယုံကြည်မှုအပြည့်နှင့် ကျယ်လောင်စွာ ပြောလိုက်သည် ။
" သိုင်းသူတော်စင်.. ငါချောင်ကျန့်က မိသားစုထဲမှာ အားအနည်းဆုံးပဲ..ငါ အသက်၆၀ ကျော်တဲ့အထိ စိတ်ဝိညာဥ်သန့်စင်ခြင်း အဆင့်ကို မအောင်မြင်သေးဘူး ရှက်စရာကောင်းလိုက်တာ.. "
" ဒါပေမဲ့ ငါတို့ ချောင်မိသားစုမှာ သိုသိုသိပ်သိပ်နေတဲ့ အကြီးအကဲတွေ အများကြီး ရှိသေးတယ်.. "
သိုင်းသူတော်စင် အနည်းငယ် အံ့သြသွား၏ ။ ဤလူက မည်သည့်အကြောင်းကို ပြောနေပါသနည်း ။ မသေခင် မိသားစုအား သစ္စာဖောက်ရန် ကြံစည်နေသည်လော ။
ချောင်မူက...
" သိုင်းသူတော်စင်.. မင်းက အဆင့်တက်နိုင်ဖို့ မရေမတွက်နိုင်အောင် လူသတ်နေတာ.. "
" ငါတို့ချောင်မိသားစုရဲ့ ဆောင်ပုဒ်က မှန်ကန်တဲ့ နည်းလမ်းနဲ့ သေဆုံးရမယ်တဲ့.. "
" အဲ့လိုဆိုရင် ငါတို့ ချောင်မိသားစုနဲ့ မင်းနဲ့က အလိုက်ဖက်ဆုံး ပြိုင်ဘက်တွေမလား..ဟားဟားဟား.. "
( သိုင်းသူတော်စင်က လူသတ်ပြီးအစွမ်းထက်ချင်တယ် ချောင်မိသားစုက တရားမျှတ မှုအတွက် အသေခံချင်တယ် ..အဲ့တာကြောင့်မို့ သူတို့က အသင့်တော်ဆုံး အစာတွေမှတ်လားလို့ လှောင်လိုက်တာ..)
အသက် ၆၀ အရွယ်အဘိုးကြီးက ရယ်လိုက်ပြီး...
" ငါ့ထက် အားနည်းတဲ့ သူတွေကို စားတာ ဘာအကျိုးမှ မရှိဘူး.. သိုင်း..သူ..တော်..စင်.."
( အားနည်းတဲ့ သူတွေကိုပဲ စားနေတာ အရှက်မရှိဘူးလား..)
ချောင်မူ၏ အသံက ဟိန်းထွက်လာပြီး...
" ငါ မေးမယ်.. ငါတို့ ချောင်မိသားစုက သွေးနဲ့ အသားအကုန်လုံးကို မင်းမျိုချရင် မင်း အင်မော်တယ်တွေကို သတ်နိုင်မလား.. "
( မင်း ငါ့ကို သတ်.. ငါ့မိသားစုကိုသတ်.. ရလာတဲ့ အစွမ်းက အင်မော်တယ်တွေကို ယှဥ်နိုင်မလား.. မင်း ဘယ်လောက်သတ်သတ် ဘယ်တော့မှ အင်မော်တယ်တွေကို အနိုင်ယူနှိုင်မှာ မဟုတ်ဘူးလို့ လှောင်လိုက်တာ..)
ထိုအသံက မှောင်ရိပ်ထဲတွင် တိတ်ဆိတ်နားထောင်နေကြသော ကျောက်စိမ်းမျက်နှာနဂါးတို့ သုံးယောက်၏ နားထဲတွင် ပဲ့တင်ထပ်သွား၏ ။