← Chapters

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

အခန်း (၂၁-၂၂)

Vol. 3 Ch. 21-22

21

‘တိရစ္ဆာန်ရုံကလူတွေ ပြောတာက ချီတာပျောက်သွားတာဆို၊ အခုကျတော့ ဆန်းရှိုင်းရပ်ကွက်ထဲမှာ တွေ့တာက ခြင်္သေ့တဲ့လား..ဒါ တိုက်ဆိုင်လွန်းမနေဘူးလား၊ တိရစ္ဆာန်ရုံက လူတွေကများ အခြေအနေကို တမင် လိမ်ပြောထားတာလား’ ချင်ရန် တွေးလိုက်မိသည်။

ကြောက်လန့်တကြား ဖြစ်နေသော အမျိုးသမီးကြီးသည် ဝမ်ရှောင်ရီထံသို့ လျှောက်သွားပြီး အခြေအနေကို တုန်တုန်ရီရီဖြင့် ရှင်းပြနေသည်။ သူမသည် အလွန်အမင်း ကြောက်လန့်နေသောကြောင့် သူမ၏ စကားလုံးများမှာ ရှင်းရှင်းလင်းလင်းမရှိပဲ ဗလုံးဗထွေးဖြစ်နေသည်။

“ဆရာ... ရဲသားကြီး၊ ဆရာ... အဲ့ဒီမှာ ခြင်္သေ့တစ်ကောင်ရှိတယ်၊ ဆရာတို့ မြန်မြန်သွားဖမ်းပေးကြပါ”

“အဲဒီခြင်္သေ့က ကျွန်မ ၆ နှစ်လုံးလုံး မွေးထားတဲ့ ခွေးလေးကို ကကိုက်သတ်သွားတာ၊ ဆရာတို့ အဲဒီခြင်္သေ့ကို သေနတ်နဲ့ ပစ်သတ်ပေးပါ... ပစ်သတ်ပေး”

ထိုအမျိုးသမီးကြီးမှာ အော်ဟစ်ငိုယိုနေသည်။ ထိုခွေးလေးမှာ သူမအတွက် အလွန် အရေးပါကြောင်း သိသာလှသည်။

‘ဆန်းရှိုင်းရပ်ကွက်ထဲမှာ ခြင်္သေ့တစ်ကောင် ပေါ်လာတယ်လား’ အခြေအနေ၏ အရေးပါမှုကို သဘောပေါက်သွားသော ဝမ်ရှောင်ရီသည် အသံချဲ့စက်ကို ချက်ချင်း ကောက်ကိုင်လိုက်ပြီး ရန်ဖြစ်နေသော ရွာသားများကို အော်ဟစ်လိုက်သည်။

“တော်ကြတော့.. အားလုံး ရန်ဖြစ်တာ ရပ်ကြစမ်း..”

“ခင်ဗျားတို့ရဲ့ ကြက်တွေ ကြောင်တွေကို ကိုက်သတ်သွားတဲ့ တရားခံကို တွေ့ပြီ... ဆက်ပြီးရန်မဖြစ်ကြနဲ့တော့”

ဝမ်ရှောင်ရီက အသံကုန် ဟိန်းဟောက်လိုက်သည်။

သူ၏ အစွမ်းကုန် အော်ဟစ်လိုက်မှုနှင့် အသံချဲ့စက်၏ အကူအညီတို့ကြောင့် ဤနေရာရှိ ဆန်းရှိုင်းရပ်ကွက်မှ ရွာသားအားလုံး ကြားသွားကြသည်။

“ဘာ”

“တရားခံက ဘယ်သူလဲ၊ မြန်မြန်ပြောစမ်းပါ”

“ဘယ်သူရှိရမှာလဲ၊ လီမိသားစုရွာက လူတွေပဲနေမှာပေါ့၊ တောက်စ်၊ တစ်ကောင်မှ လူကောင်းမရှိဘူး”

“မင်းတို့ လျှောက်ပြောမနေနဲ့၊ ဒါ ယန်မိသားစုရွာကလူတွေ ကိုယ့်ဘာသာ ဇာတ်လမ်းဆင်ထားတာမဟုတ်ဘူးလို့ ဘယ်သူပြောနိုင်လို့လဲ၊ မင်းတို့က ငါတို့ကို တမင် သက်သက် အကွက်ဆင်နေတာ..”

ရွာသားနှစ်ဖွဲ့မှာ ဆက်လက်ရန်ဖြစ်မည့် အရိပ်အယောင်များ ပြသနေဆဲဖြစ်သည်။

ဝမ်ရှောင်ရီမှာလည်း အမောဆို့နေပြီဖြစ်သည်။ သူ စကားတွေ အများကြီး ပြောခဲ့ရသဖြင့် လည်ချောင်းများ ပူလောင်နေပြီး စကားဆက်မပြောနိုင်တော့ပေ။

ဒါကိုမြင်သော ချင်ရန်သည် ဝမ်ရှောင်ရီ၏ လက်ထဲမှ အသံချဲ့စက်ကို ဆွဲယူလိုက်ပြီး အားယူကာ မိုးချုန်းအလား ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“အခု အရေးကြီးဆုံးက တရားခံကို ဖမ်းဖို့ပဲ..ခင်ဗျားတို့ ဒီမှာ ရန်ဖြစ်နေလို့ ဘာအကျိုးရှိမှာလဲ”

“ရပ်ကွက်ထဲက အန်တီတစ်ယောက် လာတိုင်တာက... ဆန်းရှိုင်းရပ်ကွက်ထဲမှာ ခြင်္သေ့တစ်ကောင် ရှိနေတယ်တဲ့”

“အဲ့ဒီခြင်္သေ့က ခင်ဗျားတို့ရဲ့ ကြောင်တွေ ခွေးတွေကို ကိုက်သတ်သွားတဲ့ တရားခံဖြစ်ဖို့ အလားအလာ အရမ်းများတယ်...”

“ခင်ဗျားတို့ ဒီလို ဆက်ရန်ဖြစ်နေတုန်း အဲဒီခြင်္သေ့က ရုတ်တရက် ထွက်လာပြီး ခင်ဗျားတို့ရဲ့ ကလေးတွေ သက်ကြီးရွယ်အိုတွေကို ကိုက်သွားရင် ဘယ်လိုလုပ်မလဲ”

စကားလုံးများမှာ တစ်ဆက်တည်း၊ ဆက်တိုက် ထွက်ပေါ်လာသည်။ သူ၏ အသံမှာ အလွန်ကျယ်လောင်ပြီး ချင်ရန်၏ အသံအားနှင့် အဆုတ်အားကို ထင်ရှားစွာ ပြသနေသည်။ တကယ့်ကို လူငယ်ပီသပေသည်။

ဘေးနားရှိ ဝမ်ရှောင်ရီမှာ အားကျသွားသည်။ သူ လူငယ်ဘဝကလည်း ယခုကဲ့သို့ အသံကျယ်ကျယ် အော်နိုင်ခဲ့သော်ငြား အခုတော့ အိုမင်းသွားပြီ မဟုတ်လော။

ချင်ရန်၏ စကားကို ကြားသောအခါ နှစ်ဖွဲ့လုံးမှာ ရုတ်တရက် တိတ်ဆိတ်သွားကြပြီး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။

‘ဒီလူငယ်လေး ခုနက ဘာပြောလိုက်တာလဲ ဆန်းရှိုင်းရပ်ကွက်ထဲမှာ ခြင်္သေ့ ရှိတယ်တဲ့လား’

‘ဘုရားရေ... တောဘုရင်ကြီးက ဘယ်လိုလုပ် ရပ်ကွက်ထဲ ရောက်လာတာလဲ’

“လူလေး၊ မင်း... မင်း နောက်နေတာ မဟုတ်ပါဘူးနော်” အဘိုးအိုတစ်ဦးက သံသယဖြင့် မေးလိုက်သည်။

အချို့လူများ မယုံကြည်မည်ကို သိသောကြောင့် ချင်ရန်သည် အသံချဲ့စက်အား သူမ၏ခွေးလေး အကိုက်ခံလိုက်ရသော အမျိုးသမီးကြီးထံ ချက်ချင်း ကမ်းပေးလိုက်သည်။

“အန်တီ... အခြေအနေကို ရှင်းပြလိုက်ပါဗျာ” ချင်ရန်က ပြောလိုက်သည်။

ထို့နောက် အမျိုးသမီးကြီးသည် သူမ၏ ခွေးလေး အကိုက်ခံရပုံကို တုန်တုန်ရီရီဖြင့် ပြန်လည် ပြောပြလေသည်။

“အဲ့ဒါ တကယ် ... ခြင်္သေ့ ဖြစ်ကိုဖြစ်ရမယ်..တခြားတိရစ္ဆာန် လုံးဝ မဖြစ်နိုင်ဘူး... ကျွန်မ မျက်လုံးမကန်းသေးပါဘူး” နောက်ဆုံးတွင် သူမက ထပ်လောင်းအတည်ပြုလိုက်လေသည်။

“အို၊ ဒါ ရှောင်လီမဟုတ်လား၊ သူက ငါ့အိမ်နီးချင်းလေ၊ ရိုးသားတဲ့သူပဲ၊ သူလိမ်ပြောမှာမဟုတ်ဘူး”

“ဒါဆို ဆန်းရှိုင်းရပ်ကွက်ထဲမှာ တကယ်ပဲခြင်္သေ့ရှိနေတာပေါ့”

“အမလေး ဘုရားရေ၊ ခြင်္သေ့က ဘယ်ကနေ ရောက်လာတာလဲ”

“ဆရာတို့ရေ၊ မြန်မြန်... မြန်မြန် သွားဖမ်းကြပါ၊ မဟုတ်ရင် သူ ထွက်လာပြီး ရပ်ကွက်ထဲက ကလေးတွေကို ကိုက်သွားရင် ဒုက္ခပဲ”

ရွာသားတစ်စုမှာ ချက်ချင်းပင် စိုးရိမ်ပူပန်လာကြသည်။

ဝမ်ရှောင်ရီ ထိုစကားများကိုကြားပြီး ဘာပြောရမှန်းမသိ ဖြစ်သွားသည်။

‘ခုနက ရွာသားနှစ်ဖွဲ့ ရန်ဖြစ်နေတုန်းက ဘာလို့ သူ့ကို သတိမရကြတာလဲ’

‘အခု ခြင်္သေ့ရှိတယ်ဆိုတာ ကြားတော့မှ သူ့ကို ဆရာဆိုပြီး တခဲနက် ခေါ်နေကြတယ်တဲ့လား'

သို့သော် ပြည်သူကို ကာကွယ်ရန်မှာ ရဲအရာရှိများ၏ တာဝန်ဖြစ်ပြီး ယခု သူတို့ ရဲအင်အား ဒါဇင်နှင့်ချီ ရောက်နေပြီဖြစ်သဖြင့် ခြင်္သေ့ကို သေချာပေါက် ဖမ်းရမည်ဖြစ်သည်။

“အားလုံး အာရုံစိုက်ထားကြ”

ဝမ်ရှောင်ရီ၏ မျက်နှာထား လေးနက်သွားပြီး လူအုပ်ကြီးကို အော်ပြောလိုက်သည်။

“ပြည်သူတစ်ဦးရဲ့ တိုင်ကြားချက်အရ ဆန်းရှိုင်းရပ်ကွက်က အဆောက်အဦး အမှတ် ၁၅ ရဲ့ မြေအောက်ကားဂိုဒေါင်ထဲမှာ ခြင်္သေ့တစ်ကောင်ရှိနေပါတယ်၊ အဲ့ဒီခြင်္သေ့က ရပ်ကွက်နေပြည်သူတစ်ဦးရဲ့ ခွေးကို ကိုက်သတ်လိုက်တယ်”

“ကျွန်တော့် ကောက်ချက်အရဆိုရင် သူ ပုန်းနေတာ ရက်အတော်ကြာလောက်ပြီ... ရပ်ကွက်ထဲက အကိုက်ခံရတဲ့ ကြက်တွေ ကြောင်တွေအားလုံး အဲဒီခြင်္သေ့ရဲ့ လက်ချက်ပဲ”

ရှကျဲ၊ လီတဝေ့၊ ယန်ရှုနှင့် ကျောက်ကျီဝေ့တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြသည်။

‘ဒီနေ့ တာဝန်က တကယ့်ကို အထူးအဆန်းပဲ... ခြင်္သေ့ဖမ်းဖို့ လာရတယ်ပေါ့’

ဝမ်ရှောင်ရီက ဆက်ပြောသည်။

“အခု အားလုံး အဆောက်အဦး အမှတ် ၁၅ ရဲ့ မြေအောက်ကားဂိုဒေါင် ရှေ့ကို သွားကြမယ်၊ ဂိုဒေါင်ထဲက လူတွေကို အမြန်ဆုံး ရှင်းထုတ်ရမယ်”

ထို့နောက် ဝမ်ရှောင်ရီက ချောင်ကျန့်ကျွင်းအနားသို့ သွားပြီး တိုးတိုးလေး ပြောလိုက်သည်။

“ကျန့်ကျွင်း... ဒီခြင်္သေ့က သာမန်တိရစ္ဆာန် မဟုတ်ဘူးနော်.. လက်ဗလာနဲ့ ဖမ်းလို့မရဘူး၊ မင်း ကားနဲ့ စခန်းကို အမြန်ပြန်သွားပြီး သေနတ်သွားယူ၊ မြန်မြန်လုပ်နော်”

“ဟုတ်ကဲ့ စခန်းမှူး”

ချောင်ကျန့်ကျွင်းက ကိစ္စ၏ ကြီးလေးမှုကို သဘောပေါက်ကာ ခေါင်းညိတ်လိုက်သည်။

ချောင်ကျန့်ကျွင်း ထွက်သွားပြီးနောက် ဝမ်ရှောင်ရီ လှည့်ကာ အော်ပြောလိုက်သည်။

“ဆန်းရှိုင်းရပ်ကွက်က ပြည်သူတွေ အဆောက်အဦး အမှတ် ၁၅ ကားဂိုဒေါင်နားကို မကပ်ကြပါနဲ့၊ အကွာအဝေးတစ်ခုကနေ နေကြပါ”

ထို့နောက် ဝမ်ရှောင်ရီနှင့် ရဲအဖွဲ့ကြီးသည်အဆောက်အဦး အမှတ် ၁၅ သို့ ဦးတည် လျှောက်သွားကြတော့သည်။

အနောက်မှ ဆန်းရှိုင်းရပ်ကွက်ရှိရွာသားများသည် ခဏတာ ရပ်နေကြပြီးနောက် အများစုက နောက်မှ လိုက်သွားကြလေသည်။

စပ်စုချင်စိတ်သည် ကြောက်စိတ်ကို လွှမ်းမိုးသွားပြီး သူတို့ ခြင်္သေ့ကို တကယ်ကြီး မြင်ချင်နေကြသည်။

ထို့အပြင် ရပ်ကွက်ထဲတွင် တကယ်ပဲ ခြင်္သေ့ရှိမရှိ ကိုယ်တိုင်ကိုယ်ကျ အတည်ပြုချင်နေကြသည်။ သူများပြောသည်ကို ကြားရုံနှင့် သံသယမကင်းနိုင်သဖြင့် ကိုယ်တိုင် မြင်တွေ့ရမှသာ ယုံကြည်နိုင်မည် မဟုတ်လော။

သိပ်မကြာမီ ချင်ရန်နှင့် အခြားသူများသည် အဆောက်အဦ အမှတ် ၁၅ ၏ မြေအောက်ကားဂိုဒေါင် ရှေ့သို့ ရောက်ရှိလာကြသည်။

ဂိုဒေါင်ထဲတွင် မည်းမှောင်နေလေသည်။ ပုံမှန်ဆိုလျှင် ကြောက်စရာမကောင်းသော်လည်း ယခုအခါ ဝင်ပေါက်တွင် စောင့်နေသော သူများအားလုံး အထဲသို့ မဝင်ရဲကြပေ။

ဝမ်ရှောင်ရီက အသက်ပြင်းပြင်းရှူလိုက်ပြီး လူအုပ်ကို ပြောလိုက်သည်။

“ဘာပဲဖြစ်ဖြစ်... ငါတို့ ဒီအတိုင်း ရပ်နေလို့မရဘူး.. ဒီဂိုဒေါင်က ထွက်ပေါက် တစ်ပေါက်တည်းရှိတာမဟုတ်ဘူး... ငါတို့ အထဲဝင်ပြီး သေချာကြည့်ရမယ်”

“မင်းတို့တွေ အဓိကရုဏ်းနှိမ်နင်းရေး ဒိုင်းတွေကို မြဲမြဲကိုင်ထားပြီး ဖြည်းဖြည်းချင်းဝင်ကြ”

ဝမ်ရှောင်ရီက လက်ပြလိုက်ပြီးနောက် ရှကျဲ၊ ယန်ရှုနှင့် အခြားသူများကို ပြောလိုက်သည်။

“မင်းတို့လူသစ်တွေ၊ ရဲတိပ်တွေနဲ့ သွားတားထား၊ ပြည်သူတွေကို ဒီနား အကပ်မခံနဲ့”

လီတဝေ့က ခေါင်းကုတ်လိုက်သည်။ သူလည်း အထဲဝင်ပြီး ခြင်္သေ့ကို ကြည့်ချင်သော်ငြား ဝမ်ရှောင်ရီ၏ အမိန့်ကို မဖီဆန်ရဲပေ။

“ဟုတ်ကဲ့ပါ စခန်းမှူး၊ ကျွန်တော်တို့ အပြင်က ပြည်သူတွေကို သေချာ ကာကွယ်ပေးထားပါ့မယ်” လီတဝေ့က ပြောလိုက်သည်။

ထိုအချိန်တွင် ဝမ်ရှောင်ရီက ချင်ရန်ကို ကြည့်ကာ ခဏတာ စဉ်းစားပြီးနောက် ပြောလိုက်သည်။“ချင်ရန်၊ မင်းလည်း ဒိုင်းတစ်ခုယူလိုက်၊ ငါတို့နဲ့အတူ အထဲဝင်ကြည့်ကြရအောင်”

ချင်ရန်၏ စွမ်းရည်မှာ အထင်အရှားပင်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤနေရာရှိ ဝါရင့်ရဲအရာရှိများအားလုံး ပေါင်းလျှင်ပင် ချင်ရန်လောက် မစွမ်းပေ။ သူတို့ပင် အထဲဝင်ကြမည်ဆိုမှတော့ ချင်ရန်လည်း ပါသင့်လေသည်။

လီတဝေ့၊ ရှကျဲ တို့ကတော့ ကလေးများသာ ဖြစ်ပြီး သတိဝီရိယ နည်းပါးသည်။ အကယ်၍ သူတို့ အထဲဝင်သွားပြီး ခြင်္သေ့၏ အန္တရာယ်ပြုခြင်းကို ခံရပါက ဝမ်ရှောင်ရီ တာဝန်ယူရပေလိမ့်မည်။

“ဟုတ်ကဲ့”

ချင်ရန်သည် အကြောက်အလန့်မရှိ၊ ခေါင်းညိတ်ပြလိုက်သည်။

သူ၏ ဆရာသခင်အဆင့် တိုက်ခိုက်ရေးစွမ်းရည်ဖြင့် ခြင်္သေ့တစ်ကောင်ကို နိုင်နိုင်မည်လားဆိုသည်ကို သူ သိချင်နေသည်။

ချင်ရန် ရင်ထဲတွင် အနည်းငယ် စိတ်လှုပ်ရှားနေသည်။ အားလုံးကို အပြင်မှာ နေခဲ့ခိုင်းပြီး သူတစ်ယောက်တည်း ဂိုဒေါင်ထဲ ဝင်ကာ ခြင်္သေ့နှင့် သွားတိုက်ချင်စိတ်များပင် ပေါက်လာသည်။

သူ့၏ စွမ်းရည်ကန့်သတ်ချက်က ဘယ်လောက်အထိ ရှိလဲဆိုတာကို စမ်းသပ်ချင်နေခဲ့သည်။

22

လီတဝေ့၊ ရှကျဲနှင့် အခြားသူများက ချင်ရန်ကိုလှမ်းကြည့်လိုက်ကြသည်။ လီတဝေ့ကနှုတ်ခမ်းကို စူထားလိုက်၏။

သူလည်း ဂိုဒေါင်ထဲဝင်ချင်သော်ငြား စခန်းမှူးက ရဲတိပ်စည်းတားဖို့ခေါ်ထားသဖြင့် မသွားရပေ။

နောက်ဆုံးတော့လည်း ချင်ရန်၏စွမ်းရည်ကြောင့်ပင်။

“သွားကြစို့... သွားကြစို့...ရဲတားမျဉ်းကိုသေချာစောင့်ပြီး ပြည်သူတွေမကျော်လာအောင်တားထားရုံပဲ”

လီတဝေ့ကပြောလိုက်သည်။ရှကျဲ၊ ယန်ရှုနှင့် ကျောက်ကျီဝေ့တို့အပြင်သို့ ထွက်သွားပြီး အနီးကပ်လာကြည့်ချင်နေသောလူအုပ်ကြီးကို တားဆီးထားလိုက်သည်။

“ခြင်္သေ့ကဘယ်မှာလဲ....တကယ်ရောခြင်္သေ့ရှိလို့လား”

“ဘာလို့ဒီခြင်္သေ့ ထွက်မလာသေးတာလဲ”

ဆန်းရှိုင်းရပ်ကွက်မှရွာသားများက စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။

ထိုအချိန်တွင်...

ချင်ရန်သည် ပင်မအဖွဲကြီးနောက်မှလိုက်ပါသွားပြီး မြေအောက်ကားဂိုဒေါင်ထဲသို့သတိကြီးစွာဖြင့် ၀င်ရောက်သွားသည်။

မြေအောက်ဂိုဒေါင်ထဲသို့ ဝင်ဝင်ချင်းမှာပင် ပုပ်ဟောင်နေသောအလောင်းနံ့များက လူတိုင်း၏နှာခေါင်းထဲသို့ တိုးဝင်လာသည်။

“အနံ့ကဆိုးလိုက်တာ”

ဝမ်ရှောင်ရီနှာခေါင်းကို ပိတ်လိုက်မိသည်။

အနံ့ကအရမ်းပြင်းလွန်းသဖြင့် သူမူးလဲသွားမတတ်ပင် ဖြစ်သွားလေသည်။

“ဒီအထဲမှာတိရစ္ဆာန်အသေကောင်တွေ ရှိရမယ်... အနံ့ကအရမ်းပြင်းလွန်းတယ်”

ချင်ရန်လည်းမျက်မှောင်ကြုတ်ကာ ပါးစပ်ဖြင့်အသက်ရှူနေရသည်။

သူတွေးလိုက်မိ၏

‘ဒီအနံ့ကြီးက ရက်အတော်ကြာရှိနေခဲ့တာကို ဆန်းရှိုင်းရပ်ကွက်ကလူတွေ ဘာလို့သတိမထားမိကြတာလဲ’

မြေအောက်ဂိုဒေါင်မှာ အလွန်တိတ်ဆိတ်နေသော်လည်း ပါလီမြစ်ရဲစခန်းမှ ရဲဝန်ထမ်းများမှာခြေလှမ်းတိုင်းကို သတိထားနေကြသည်။ ခြင်္သေ့တစ်ကောင် ဘယ်ထောင့်ကနေ ရုတ်တရက်ထွက်လာမလဲဆိုသည်ကို စိုးရိမ်နေကြသည်။

“ဂျွတ်”

ရုတ်တရက်...

တစ်ခုခုကို တက်နင်းမိသကဲ့သို့ ကြပ်ဆတ်ဆတ်အသံထွက်ပေါ်လာခဲ့၏။

“ဒါဘာအသံလဲ”

ဝမ်ရှောင်ရီချက်ချင်းမေးလိုက်သည်။ ထိုအချိန်တွင် ရဲဝန်ထမ်းတစ်ဦးမှ

“စခန်းမှူး... ကျွန်တော့်ခြေထောက်အောက်မှာ အလုံးပုံစံတစ်ခုခုကို နင်းမိထားသလိုပဲ”

ဝမ်ရှောင်ရီ၊ ချင်ရန်နှင့် အခြားသူများအားလုံးထိုနေရာသို့ ကြည့်လိုက်ကြလေသည်။

ချင်ရန်ကသူ၏ဖုန်းကို ထုတ်ပြီး ဖလက်ရှ်မီးဖွင့်လိုက်သည်။

ထိုရဲဝန်ထမ်းနင်းထားမိသည်မှာ... ခွေးပေါက်လေးတစ်ကောင်၏ ခေါင်းဖြစ်နေသည်ကို သူမြင်လိုက်ရ၏

အလုံးပုံစံခေါင်းလေးနှင့် အလွန်သေးငယ်သော တယ်ဒီခွေးလေးတစ်ကောင်ဖြစ်သည်။

ချင်ရန်ရော ဝမ်ရှောင်ရီပါ မျက်နှာပျက်သွားကြလေ၏။

“တောက်... ဒီထဲမှာတိရစ္ဆာန်ကြီးတစ်ကောင်ကောင် သေချာပေါက်ရှိရမယ်”

ဝမ်ရှောင်ရီ၏မျက်နှာထားလေး နက်သွားသည်။

“ငါတို့ဆီမှာအိတ်ပါလား.. အိတ်တစ်လုံးယူပြီး ဒီခွေးခေါင်းကိုထည့်လိုက်စမ်း”

ဝမ်ရှောင်ရီက အမိန့်ပေးလိုက်လေသည်။

ခွေးခေါင်းကို နင်းထားမိမှန်းသိသွားသောရဲဝန်ထမ်းမှာ ကြက်သီးမွေးညင်းများထသွားပြီးနောက် အသက်ပြင်းပြင်းရှူကာ စိတ်ကိုတည်ငြိမ်အောင်ထားပြီး အိတ်တစ်လုံးထုတ်၍ထည့်လိုက်လေ၏။

မြေအောက်ကားဂိုဒေါင်မှာ ယခုအချိန်တွင် လုံးဝမှောင်မည်းနေပြီး အမြင်အာရုံအလွန်အားနည်းနေသဖြင့် ချင်ရန်တို့မှာဖုန်းဖလက်ရှ်မီးများကို အသုံးပြုကာ စမ်းတဝါးဝါးဖြင့်သာ ရှေ့ဆက်သွားနေရသည်။

‘ခြင်္သေ့ရဲ့ညဘက်အမြင်အာရုံက လူတွေထက် အများကြီးပိုအားကောင်းတယ်၊ အခုငါတို့က သူ့ကိုမမြင်ရပေမယ့် သူကငါတို့ကိုမြင်နေရလောက်ပြီ’

ချင်ရန်ကအလွန်သတိကြီးစွာဖြင့် တွေးလိုက်မိ၏။

ခဏတာဆက်လျှောက်သွားပြီးနောက် ဂိုဒေါင်၏နေရာအများစုကို ရောက်သွားပြီး အဆုံးဘက်သို့နီးကပ်လာသည်နှင့်အမျှ အပုပ်နံ့မှာ ပိုမိုပြင်းထန်လာသည်။

“အနံ့ကပိုဆိုးလာပြီ၊ ခြင်္သေ့ကရှေ့နားမှာများရှိနေမလား”

ဝမ်ရှောင်ရီကအသက်အောင့်ထားရင်း အသံနက်နက်ဖြင့်ပြောလိုက်သည်။

ရဲဝန်ထမ်းများပို၍သတိထားလာကြသည်။

“ငါခြင်္သေ့ကိုတစ်ခါမှမဖမ်းဖူးဘူး၊ ဒါပထမဆုံးအကြိမ်ဆိုတော့ အတွေအကြုံသိပ်မရှိဘူး”

“မကြောက်ပါနဲ့ကွာ၊ ငါတို့လူတွေ ဒီလောက်အများကြီးပဲ၊ ခြင်္သေ့တစ်ကောင်တည်းကို ကြောက်နေစရာလား”

ရဲဝန်ထမ်းအချို့က တိုးတိုးတိတ်တိတ်ပြောနေကြသည်။

သူတို့သည်အနံ့အပြင်းဆုံးနေရာသို့ ချဉ်းကပ်သွားရာ တိရစ္ဆာန်အသေကောင်အမြောက်အမြားကို တွေလိုက်ရလေ၏။

ကြောင်များ၊ ခွေးများ၊ ကြက်များနှင့် ဘဲများပါဝင်သည်။ အသေကောင်များမှာ စုတ်ပြတ်သတ်နေပြီး လူလုပ်ထားသည့်ပုံစံမျိုးမဟုတ်ပေ။ ထိုအရာသည် တိရစ္ဆာန်ကြီးတစ်ကောင်ကောင်၏ လက်ချက်သေချာသည်။

“ခြင်္သေ့ကဘယ်မှာလဲ..ဘာလို့မရှိတော့တာလဲ”

ဝမ်ရှောင်ရီက သံသယဖြင့်ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်သော်လည်း ဘာမှမတွေရပေ။

“ဒီမှာ အသေကောင်တွေအများကြီးပဲ... ဒါအားလုံးအဲဒီခြင်္သေ့ လက်ချက်တွေချည်းပဲဖြစ်ရမယ်၊ ရှင်းချန်၊ အိတ်တွေထပ်ယူပြီး ဒါတွေအကုန်ထည့်လိုက်”

ဝမ်ရှောင်ရီကလက်ပြလိုက်သည်။ ချန်ရှင်းချန်ကအိတ်များကို ထုတ်ယူပြီးအခြားသူအချို့နှင့်အတူ အသေကောင်များကို ကောက်ယူရန်ပြင်ဆင်လိုက်သည်။

ရဲဝန်ထမ်းအချို့မှာသတိလွတ်သွားကြသည်။

ရဲဝန်ထမ်းတစ်ဦးက ချွေးများကိုသုတ်ရင်း ပြောလိုက်သည်။

“ခြင်္သေ့က ထွက်ပြေးသွားတာများလား၊ ငါတို့လူတွေအများကြီးဆိုတော့ ခြင်္သေ့တောင်လန့်ပြေးသွားလောက်တယ်”

“သေချာတာပေါ့၊ ခြင်္သေ့ဆိုတာ ကျားမှမဟုတ်တာ၊ တကယ်လို့ ဆိုက်ဘေးရီးယန်းကျားသာဆိုရင် ငါတို့အားလုံးပေါင်းရင်တောင် လောက်မှာမဟုတ်ဘူး”

နောက်ထပ်ရဲဝန်ထမ်းတစ်ဦးကပြောလိုက်သည်။

“နေပါဦး၊ ရွာသားတွေက ခြင်္သေ့အထီးလား၊ အမလားပြောသွားသေးလား၊ ခြင်္သေ့အထီးဆိုရင်တော့ တိုက်ခိုက်နိုင်စွမ်းပိုကောင်းတယ်၊ ခြင်္သေ့အမဆိုရင်တော့ ငါတို့သိပ်ကြောက်စရာမလိုပါဘူး”

တတိယရဲဝန်ထမ်းက ဝင်ပြောလိုက်၏

သူတို့စကားပြောနေရင်း သတိလွတ်သွားကြ လေသည်။

လူအုပ်ထဲတွင်ချင်ရန်တစ်ယောက်သာ အလွန်နိုးနိုးကြားကြား ရှိနေဆဲဖြစ်သည်။

‘ခြင်္သေ့က ဒီအတိုင်းထွက်ပြေးသွားတာလား’

သို့သော်ခြင်္သေ့သာ တကယ်ထွက်ပြေးသွားပါက သူတို့ပို၍ပင်သတိထားရမည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ခြင်္သေ့ထွက်ပြေးသွားပါက ဆန်းရှိုင်းရပ်ကွက်မှပြည်သူများသာမက ဖျင်လင်းတစ်မြို့လုံး အန္တရာယ်ကျရောက်ပြီး အိပ်မက်ဆိုးကြီးဖြစ်သွားနိုင်သောကြောင့်ပင်။

ထိုအချိန်မှာပင်...

ချင်ရန်၏ ခန္ဓာကိုယ်တောင့်တင်းသွားသည်။

သူ၏ အခြေခံဗီဇ အာရုံခံစွမ်းရည်အရ အလွန်အန္တရာယ်များသောခံစားချက်တစ်ခု ချင်ရန်၏စိတ်ထဲမှ ထွက်ပေါ်လာသည်။

‘ဒီအချိန်မှာ သူတို့ကိုအန္တရာယ်ပေးနိုင်တာ ဘယ်သူရှိဦးမှာလဲ’

ဟိုခြင်္သေ့ကလွဲပြီးတခြားဘယ်သူမှမရှိနိုင်ပေ။

“အဲဒီခြင်္သေ့ကဘယ်မှမသွားသေးဘူး၊ သူငါတို့ကိုချောင်းတိုက်တော့မယ်”

ချင်ရန်အော်ဟစ်လိုက်ရာ အားလုံးလန့်ဖျပ်သွားကြသည်။

ထိုအချိန်မှာပင် အရိပ်မည်းကြီးတစ်ခုက ဘေးဘက်မှနေ၍ ရုတ်တရက်ခုန်အုပ်လာတော့သည်။

ထိုအရိပ်မည်းကြီး ဦးတည်နေသောပစ်မှတ်မှာ အခြားသူမဟုတ်၊ ပါလီမြစ်ရဲစခန်း၏စခန်းမှူး ဝမ်ရှောင်ရီပင်ဖြစ်သည်။

“ဟင်... ခြင်္သေ့တကယ်ရှိနေတာပဲ”

ခြင်္သေ့၏ခပစ်မှတ်ထားခံလိုက်ရသောဝမ်ရှောင်ရီမှာ ချက်ချင်းပင်ကြောင်အမ်းအမ်းဖြစ်ကာ သွေးဆုတ်ဖြူလျော်လျက် အလွန်အမင်းထိတ်လန့်ကြောက်ရွံ့သွားသည်။

အစာကွင်းဆက်ရှိ ထိပ်တန်းသားရဲတိရစ္ဆာန်တစ်ကောင်၏ မျက်စိကျခြင်းကိုခံလိုက်ရသည့်ခံစားချက်ကြောင့် ဝမ်ရှောင်ရီတစ်ယောက် မလှုပ်ရှားနိုင်တော့ပေ။

“စခန်းမှူး”

“စခန်းမှူးကိုကာကွယ်ြ!”

ရဲဝန်ထမ်းတစ်စုလုံး ချက်ချင်းပြာယာခတ်သွားကြသည်။

ထိုအချိန်တွင် ချင်ရန်ပြေးဝင်သွားပြီးဖြစ်သည်။ သူ၏အမြန်နှုန်းမှာ သာမန်လူထက် နှစ်ဆကျော်ပိုမြန်နေပြီး ဝမ်ရှောင်ရီ၏ရှေ့သို့ ချက်ချင်းရောက်ရှိသွားကာ ဝမ်ရှောင်ရီကို တံတောင်ဖြင့် အားကုန်တွန်းထုတ်လိုက်သည်။

ဝမ်ရှောင်ရီလဲကျသွားသော်လည်း ခြင်္သေ့ခုန်အုပ်ကိုက်ခဲခံရမည့် အန္တရာယ်မှလွတ်ကင်းသွားသည်။

ဘုန်း။

ခြင်္သေ့သည် ချင်ရန်ကိုင်ဆောင်ထားသော အဓိကရုဏ်းနှိမ်နင်းရေးဒိုင်းအပေါ်သို့ ပြင်းထန်စွာခုန်အုပ်လိုက်ရာ ချင်ရန်ပင်လျှင် ထိုဧရာမအားအင်ကြီးကို ခုခံရန်ခက်ခဲသွားသည်။

ထိုကြီးမားသောအားအင်ကို လျှော့ချရန်အတွက် ချင်ရန်နောက်သို့ နှစ်ပတ်ခန့်လှိမ့်ချလိုက်ရသည်။

ဤအချိန်တွင် ချင်ရန်သည် ခြင်္သေ့၏အသွင်အပြင်အစစ်အမှန်ကို ပိုမိုသေချာစွာမြင်လိုက်ရသည်။

ခြင်္သေ့အထီးမဟုတ်ဘဲခြင်္သေ့အမဖြစ်နေသည်။

ခြင်္သေ့အမ၏ရက်စက်သောအကြည့်များက ချင်ရန်ထံသို့စူးစိုက်နေသော်လည်း သူမ၏မျက်လုံးထဲတွင် ရှုပ်ထွေးနေသောအရိပ်အယောင်တစ်ခု ပေါ်လာသည်။

သူမ၏ခုန်အုပ်မှုက ဘာကြောင့်ဒီလူကို တိုက်ရိုက်မလဲကျစေတာလဲ ဆိုသည်ကို သူမစဉ်းစားနေသည့်ပုံပင်။

‘ခြင်္သေ့အမဖြစ်နေတာကိုး’

အသွင်အပြင်ကိုမြင်လိုက်ရမှ ချင်ရန်ရင်ထဲတွင် အနည်းငယ်သက်သာရာရသွားသည်။

အကယ်၍ ခြင်္သေ့အထီးသာဆိုလျှင် ရင်ဆိုင်ဖို့ သေချာပေါက်မဖြစ်နိုင်ပေ။

ခြင်္သေ့အထီးတစ်ကောင်၏ သာမန်လက်ဝါးရိုက်ချက်တစ်ခုကပင် ပေါင် ၅၀၀၊၆၀၀ ခန့်ရှိပြီး ဦးခေါင်းကို တစ်ချက်တည်းနှင့်ကြေမွသွားစေနိုင်သည်။

သူတို့၏ကိုက်အားမှာ ပို၍ပင်ကြောက်စရာကောင်းပြီး ပေါင် ၁၀၀၀ ခန့်ရှိသည်။

ခြင်္သေ့အမကတော့အများကြီးပိုအားနည်းသည်မှာ သေချာသည်။ သို့သော် အများကြီးပိုအားနည်းသည်ဆိုသော်ငြား သာမန်လူတစ်ယောက် ယှဉ်ပြိုင်နိုင်သည့် အရာမျိုးတော့မဟုတ်ပေ။

အရွယ်ရောက်ပြီးသောခြင်္သေ့အမတစ်ကောင်၏ အလေးချိန်မှာပေါင် ၃၀၀ ကျော်ရှိပြီး အလွန်သွက်လက်ကာ သူမ၏အမဲလိုက်စွမ်းရည်မှာ အစာကွင်းဆက်၏ ထိပ်ဆုံးအဆင့်တွင်ရှိသည်။

“မြန်မြန်... သူ့ကိုဝိုင်းထား”

ဝမ်ရှောင်ရီအသက်ပြင်းပြင်းရှူလိုက်ပြီး အမိန့်ပေးလိုက်တော့သည်။ တစ်ချိန်တည်းမှာပင် သူအလွန်ကံကောင်းသည်ဟု ခံစားလိုက်ရသည်။

အကယ်၍ချင်ရန်သာဝင်မကူညီခဲ့ဘဲ ခြင်္သေ့ကသူ့ကို ချောင်းတိုက်ခဲ့ပါက ထိုခြင်္သေ့၏လက်ဝါးရိုက်ချက်က သူ၏ဦးခေါင်းကို ပွင့်ထွက်သွားစေနိုင်ပေမည်။

မြေအောက်ကားဂိုဒေါင်မှာ ချက်ချင်းပင် အလွန်အန္တရာယ်များသော နေရာတစ်ခုဖြစ်သွားတော့သည်။

ဆန်းရှိုင်းရပ်ကွက်အပြင်ဘက်တွင် ကားတစ်ဒါဇင်ကျော် ရုတ်တရက်ရောက်ရှိလာသည်။ ထိုကားများ၏အပြင်ဘက်တွင် ရုပ်သံလိုင်းအသီးသီး၏ နာမည်များ”XX သတင်း” စသည်ဖြင့် ကပ်ထားပြီး ဖျင်လင်းရုပ်သံလိုင်းမှသတင်းထောက်များပင် ရောက်ရှိလာကြသည်။

ဆန်းရှိုင်းရပ်ကွက်ထဲတွင် ခြင်္သေ့တစ်ကောင်ပေါ်လာသည် ဆိုသောသတင်းမှာ ပျံ့နှံသွားခဲ့ကြောင်းသိသာလှသည်။ သတင်းထောက်များက ပထမဆုံးသတင်းရရှိရန် အပြေးအလွှားရောက်လာကြခြင်းဖြစ်သည်။ သို့သော်လီတဝေ့၊ ရှကျဲနှင့် အခြားသူများက ရဲတိပ်မျဉ်းတွင်တားဆီးထားသဖြင့် ထိုသတင်းထောက်များ တစ်ယောက်မှအထဲသို့ဝင်ခွင့်မရကြပေ။

All Chapters