← Chapters

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

အခန်း (၂၃-၂၄)

Vol. 3 Ch. 23-24

23

“ဆရာ ဆန်းရှိုင်းရပ်ကွက်ထဲမှာ ခြင်္သေ့ရှိတယ်ဆိုတာ သေချာသွားပြီလားရှင့်”

“ကျွန်တော်တို့သိရသလောက် ဆန်းရှိုင်းရပ်ကွက်က အနီးဆုံး ဟုန်ရှန်းတိရစ္ဆာန်ရုံနဲ့ ၁၀ကီလိုမီတာပဲကွာပါတယ်၊ ဒီခြင်္သေ့က ဟုန်ရှန်းတိရစ္ဆာန်ရုံက လွတ်လာတာများလား”

“အခုခြင်္သေ့ရဲ့အခြေအနေက တည်ငြိမ်ရဲ့လား၊ ဆန်းရှိုင်းရပ်ကွက်က ပြည်သူတွေရဲ့အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်လား”

“ဆရာတို့ရဲစခန်းက ဒီခြင်္သေ့ကို ကိုင်တွယ်နိုင်ပါ့မလား”

သတင်းထောက်များ၏ မေးခွန်းမိုးရွာသွန်းမှုကြောင့် လီတဝေ့ခေါင်းမူးသွား၏။ ဤလူများသည် စကားပြောအရမ်းကောင်းပြီး သူတို့၏မေးခွန်းများက သူ့ကိုခေါင်းကိုက်စေသည်။ ချက်ချင်း ဘယ်လိုပြန်ဖြေရမှန်းသူမသိတော့ပေ။

ထိုအချိန်တွင်ယန်ရှုက သတင်းထောက်များကို စတင်ဖြေရှင်းတော့သည်။

“အခုကျွန်တော်တို့ရဲ့လုပ်ဖော်ကိုင်ဖက်တွေ အထဲမှာဖြေရှင်းနေပါတယ်၊ သတင်းအသစ်ရတာနဲ့ ခင်ဗျားတို့ကိုအသိပေးပါ့မယ်၊ ကျေးဇူးပြုပြီးဆူဆူညံညံမလုပ်ကြပါနဲ့၊ ရဲတားမျဉ်းကိုလည်း မကျော်ဖို့တောင်းဆိုပါတယ်”

ယန်ရှုက ဖြောင့်မတ်တည်ကြည်စွာ ပြောလိုက်သည်။

ရှကျဲကလည်း အော်ပြောလိုက်၏။

“အားလုံး ကျေးဇူးပြုပြီးတိတ်တိတ်နေပေးပါ၊ မဆူညံပါနဲ့၊ အရာအားလုံး အထဲကဖြေရှင်းမှုရလဒ်အပေါ်မှာ မူတည်ပါတယ်”

သတင်းထောက်တစ်စုမှာ ဂနာမငြိမ်ဖြစ်နေကြပြီး ရဲတားမျဉ်းကို ဖောက်ထွက်ချင်နေကြသည်။ အထဲကခြင်္သေ့အခြေအနေ ဘယ်လိုရှိလဲဆိုသည်ကို သူတို့အရမ်းသိချင်နေကြသည်။ သို့သော် ရဲများကတားဆီးထားသဖြင့် လတ်တလောတွင် သူတို့ဖြတ်ကျော်၍မရနိုင်ပေ။

သို့ပေမဲ့ လီတဝေ့၊ ရှကျဲနှင့် အခြားသူများမသိလိုက်သော ထောင့်တစ်နေရာတွင် ရုပ်သံလိုင်းတစ်ခုမှသတင်းထောက်များသည် ဆန်းရှိုင်းရပ်ကွက်ထဲသို့ တိတ်တဆိတ်ခိုးဝင်သွားခဲ့ပြီဖြစ်သည်။

ထိုရုပ်သံလိုင်းမှာ အနာဂတ်ရုပ်သံလှိုင်းပင် ဖြစ်သည်။ သတင်းထောက်မှာ အလွန်ချိုသာပြီးချစ်စရာကောင်းသော မိန်းကလေးဖြစ်ပြီး သူမ၏နောက်တွင်ဘကင်မရာမန်းတစ်ယောက်ပါလာသည်။

“သတိထားကြနော်၊ ပါလီမြစ်ရဲစခန်းကလူတွေက ငါတို့ကို အထဲဝင်ရိုက်ခွင့်ပေးမှာမဟုတ်ဘူး”

“အဲ့တော့ငါတို့က ကွယ်ရာကနေပဲရိုက်ကြမယ်၊ သူတို့သတိထားမိအောင်မလုပ်နဲ့”

အမျိုးသမီးသတင်းထောက်လေးက တိုးတိုးလေးပြောလိုက်သည်။ သူမသည် ရွာသားများခြင်္သေ့ရှိသည်ဟု ပြောဆိုထားသော ဆန်းရှိုင်းရပ်ကွက်အဆောက်အဦး အမှတ် ၁၅ ၏ မြေအောက်ကားဂိုဒေါင်ရှေ့သို့ ရောက်ရှိနေပြီဖြစ်သည်။

“ဝေါင်း”

ရုတ်တရက်ခြင်္သေ့ဟိန်းသံကြီးကြောင့် အမျိုးသမီးသတင်းထောက်လေး လန့်ဖျပ်သွားပြီးတုန်တက်သွား၏။

“အဲဒီခြင်္သေ့အပြင်ထွက်လာတာလား”

အမျိုးသမီးသတင်းထောက်ရင် ထိတ်သွားသည်။

သူမအနောက်မှကင်မရာမန်းမှာ ပို၍ပင်အာရုံစူးစိုက်သွားပြီး ကင်မရာကို လက်နှစ်ဖက်ဖြင့် ငြိမ်အောင်ကိုင်ကာ မှန်ဘီလူးကို မြေအောက်ဂိုဒေါင်ဘက်သို့ ချိန်ရွယ်ထားလိုက်သည်။

ဝှစ်၊

ရုတ်တရက် အရိပ်မည်းကြီးနှစ်ခု အပြင်သို့ပြေးထွက်လာသည်။

ပထမအရိပ်မည်းကြီးမှာ ခြင်္သေ့အမတစ်ကောင်ဖြစ်ပြီး ၎င်း၏အနောက်တွင် လူတစ်ယောက်၊ ဟုတ်ပေသည်။

လူတစ်ယောက်ပင်။

‘လူတစ်ယောက်ရဲ့အမြန်နှုန်းက ခြင်္သေ့ကိုတောင်မီနေပါလား’

အမျိုးသမီးသတင်းထောက် မျက်လုံးပြူးသွားပြီး အမြန်ပြောလိုက်၏။

“ဒါကိုသေချာရိုက်ထား... အထူးသဖြင့် ခြင်္သေ့နောက်က ရဲအရာရှိကို သေချာရိုက်”

ခြင်္သေ့နောက်မှလိုက်လာသူမှာ အခြားသူမဟုတ် ချင်ရန်ပင်။ ချင်ရန်သည်ခြင်္သေ့နှင့် ခဏတာ လုံးထွေးသတ်ပုတ်ပြီးနောက် သူ၏ခွန်အားမှာခြင်္သေ့ထက် အနည်းငယ်နိမ့်ကျသော်လည်း သူ၏သွက်လက်မှုမှာ ခြင်္သေ့ထက် လုံးဝမညံ့ကြောင်း တွေရှိခဲ့ရ၏။

ချင်ရန်သည် ခြင်္သေ့၏ခွန်အားကို အသုံးချကာခြင်္သေ့ကို မျောက်တစ်ကောင်သဖွယ် လှည့်စားရင်း ကစားနိုင်ခဲ့သည်။

သနားစရာခြင်္သေ့မလေးခများ လူတစ်ယောက်ကို လက်ဝါးတစ်ချက်တည်းနှင့် သတ်နိုင်လောက်အောင် ခွန်အားကြီးမားသော်လည်း ချင်ရန်ကဲ့သို့ တိုက်ခိုက်ရေးစွမ်းရည် အလွန်မြင့်မားသူနှင့်တွေသည့်အခါ အကြပ်အတည်းမှရုန်းထွက်ရန် ခွန်အားသက်သက်ကို အသုံးမပြုနိုင်တော့ပေ။

ထို့အပြင်ဝမ်ရှောင်ရီနှင့် အခြားသူများကလည်း ခြင်္သေ့ကိုနံပါတ်တုတ်များဖြင့် အဆက်မပြတ် ဝင်ရောက်ရိုက်နှက်ကြသေးသည်။

ခြင်္သေ့မမှာ ကြာကြာမတောင့်ခံနိုင်တော့ပဲ ကြောက်လန့်တကြား ထွက်ပြေးရတော့သည်။ ထို့နောက် ဤမြင်ကွင်းပေါ်ပေါက်လာခဲ့ခြင်းပင်။ ခြင်္သေ့နှင့်ချင်ရန်တို့သည် ဂိုဒေါင်ထဲမှတစ်ပြိုင်နက်တည်း ခုန်ထွက်လာကြသည်။

ခြင်္သေ့အပြင်ရောက်ပြီးနောက် ချင်ရန်က အရှေ့မှပိတ်ရပ်ကာ ခြင်္သေ့ကို စူးစူးရဲရဲစိုက်ကြည့်နေသည်။

ဤခြင်္သေ့အား တခြားဘယ်ကိုမှ အသွားခံလို့လုံးဝမဖြစ်ပေ။ သာမန်ပြည်သူများက ခြင်္သေ့ကို ရင်ဆိုင်နိုင်စွမ်းရှိမည်မဟုတ်ပေ။

ချင်ရန်က ခြင်္သေ့ကို မျက်တောင်မခတ်တမ်းစိုက်ကြည့်ရင်း ညာဘက်လက်ဖြင့် ငြိမ်သက်စေသည့်ဟန်အမူအရာလုပ်ပြကာ တိုးတိုးလေးပြောလိုက်သည်။

“ဝပ်နေ... ဝပ်နေစမ်း... မလှုပ်နဲ့”

ခြင်္သေ့ကတော့သူ့စကားကို နားလည်မည်မဟုတ်ချေ။ ခြင်္သေ့၏မျက်လုံးများက ပို၍ရက်စက်လာသည်။

အမျိုးသမီးသတင်းထောက်လေးမှာ အလွန်စိတ်လှုပ်ရှားနေပြီး သူမ၏ဖုန်းကိုပင်ထုတ်ကာ ဓာတ်ပုံနှစ်ပုံရိုက်လိုက်သေးသည်။

ထို့နောက်ချင်ရန် ခြင်္သေ့နှင့်ထိပ်တိုက်ရင်ဆိုင်နေသည့် ဓာတ်ပုံများစွာကို သူမရိုက်ကူးနိုင်ခဲ့သည်။ ကျယ်ပြန့်သောရှုထောင့်မှဖြစ်စေ၊ ချင်ရန်၏ရှုထောင့်မှဖြစ်စေ ထိုဓာတ်ပုံများမှာအလွန်ကောင်းမွန်ပြီးခအနုပညာဆန်လှသည်။

‘ဒီဓာတ်ပုံတွေသာ သတင်းခေါင်းစဉ်အဖြစ်ပါလာရင် ကြည့်ရှုသူတွေ သေချာပေါက်ပေါက်ကွဲသွားမှာပဲ’

“ဒီရဲအရာရှိက တော်တော်လေးချောတာပဲ၊ အရပ်လည်းရှည်တယ်၊ ပြီးတော့အရမ်းသတ္တိကောင်းတာပဲ”

အမျိုးသမီးသတင်းထောက်က မျက်လုံးများအရောင်လက်လာကာ တီးတိုးရေရွတ်လိုက်သည်။

ပေါင် ၃၀၀ ကျော်ရှိပြီး ဒေါသထွက်ရူးသွပ်နေသည့် ခြင်္သေ့တစ်ကောင်ကို ထိပ်တိုက်ရင်ဆိုင်ဖို့ရာ သာမန်လူများတွင် ဤမျှသတ္တိမရှိနိုင်ပေ။

အမျိုးသမီးများဆိုသည်မှာ သတ္တိရှိသောအမျိုးသားများကို အမြဲသဘောကျတတ်ကြသည်။ ၎င်းကသူတို့ကို လုံခြုံမှုပေးစွမ်းနိုင်သောကြောင့်ပင်။

“ချင်ရန်”

ထိုအချိန်တွင် ဝမ်ရှောင်ရီနှင့်အခြားသူများ ဂိုဒေါင်ထဲမှထွက်လာကြသည်။ သူတို့၏အမြန်နှုန်းမှာ ချင်ရန်လောက်မမြန်ပေ။

“တောက်... ဒီကောင့်ကို အလွတ်ပေးလို့လုံးဝမဖြစ်ဘူး၊ လွတ်သွားရင် တစ်မြို့လုံးကပြည်သူတွေ ဒုက္ခရောက်ကုန်လိမ့်မယ်”

ဝမ်ရှောင်ရီ၏မျက်နှာမှာ တည်တန့်နေသည်။

“စိတ်မပူပါနဲ့စခန်းမှူး၊ သူ့ကို ကျွန်တော်အလွတ်မပေးပါဘူး”

ချင်ရန်သည်ခြင်္သေ့ဆီသို့ ခြေတစ်လှမ်းချင်းစီ အလွန်နှေးကွေးစွာလျှောက်သွားလိုက်သည်။ ခြင်္သေ့၏ခန္ဓာကိုယ်မှာ တဖြည်းဖြည်းနိမ့်ကျသွားပြီး ခုန်အုပ်ရန်ပြင်ဆင်နေသည့်ပုံ ပေါက်နေသည်။

“ချင်ရန်... သတိထား၊ အဲဒီခြင်္သေ့က မင်းကိုခုန်အုပ်တော့မယ့်ပုံပဲ”

ဝမ်ရှောင်ရီက အံ့ဩတကြီးသတိပေးလိုက်သည်။

ချင်ရန်တွင် အဓိကရုဏ်းနှိမ်နင်းရေးဒိုင်းလည်း မရှိတော့ပေ။ အကယ်၍ခြင်္သေ့၏ခုန်အုပ်ခြင်းကို ခံရပြီးလက်ဝါးဖြင့် အရိုက်ခံရပါက နောက်ဆက်တွဲအကျိုးဆက်များကို တွေးကြည့်၍ပင်မရနိုင်ပေ။

“ရပါတယ်၊ ကျွန်တော်ထိန်းနိုင်တယ်”

ချင်ရန်ကပြန်ဖြေရင်း ခြင်္သေ့ဆီသို့ ဆက်လက်လျှောက်သွားနေသည်။ တခြားတစ်ဖက်တွင် အမျိုးသမီးသတင်းထောက်လေး၏ရင်မှာလည်း ပေါက်ထွက်မတတ်ခုန်နေသည်။

ချင်ရန်ကသတ္တိကောင်းလွန်း၏။

‘ဒီခြင်္သေ့က ဒေါသထွက်ပြီးရူးသွပ်လုမတတ်ဖြစ်နေတာကို သိသိကြီးနဲ့ အဲ့တစ်ယောက်က ဘာကြောင့်ဆက်တိုးသွားပြီး ဖိအားပေးနေရတာလဲ၊ ခြင်္သေ့ကို တိုက်ခိုက်လာအောင် ဖိအားပေးနေတာလား'

သို့သော် အမျိုးသမီးသတင်းထောက်လေး ခန့်မှန်းသည်မှာမှန်ကန်နေသည်။ ချင်ရန်သည်ခြင်္သေ့ကို သူ့အားတိုက်ခိုက်လာအောင် တမင်ဖိအားပေးနေခြင်းဖြစ်၏။

သူသည် ခြင်္သေ့အတွက် ထွက်ပြေးစရာလမ်းကြောင်း မချန်ထားချင်တော့ပေ။ ခြင်္သေ့ကသူ့အားတိုက်ခိုက်လာအောင် အတင်းအကျပ်တွန်းအားပေးနေခြင်း ဖြစ်သည်။

“ဝေါင်း”

ထိုအချိန်တွင်ခြင်္သေ့သည် နောက်ဆုံးတွင် ဒေါသကို မထိန်းနိုင်တော့ဘဲ သွေးရောင်လွှမ်းနေသောပါးစပ်ကြီးကို ဟကာ ချင်ရန်ထံသို့ ခြေလေးချောင်းဖြင့် အားကုန်ရုန်း၍ ကြမ်းတမ်းစွာပြေးဝင်လာတော့သည်။ ဤအမြန်နှုန်း၊ ဤကြောက်မက်ဖွယ်ကောင်းသောပေါက်ကွဲအားသည် ပြိုင်ဘက်ကင်းခွန်အားကို ကိုယ်စားပြုနေ၏။

“သတိထား”

ချုံပုတ်များကြားတွင် တိတ်တဆိတ် ပုန်းကွယ်ကြည့်ရှုနေသော အမျိုးသမီးသတင်းထောက်လေးသည် မနေနိုင် ဘဲတိုးတိုးလေးအော်ဟစ်လိုက်မိသည်။

မည်သို့ပင်ဆိုစေကာမူ ချင်ရန်က ရဲအရာရှိတစ်ဦး၊ လူသားတစ်ဦးဖြစ်သည်မို့ ခြင်္သေ့က သူ့အားထိခိုက်စေမည်ကို သူမ မလိုလားပေ။

သို့သော် အမျိုးသမီးသတင်းထောက်လေး အပိုစိုးရိမ်နေခြင်းသာဖြစ်သည်။

ခြင်္သေ့က အစွမ်းကုန်အားထုတ်၍ ချင်ရန်ထံသို့ ပြေးဝင်လာစဉ် ချင်ရန်ကသူ၏ခန္ဓာကိုယ်ကို အနည်းငယ်စောင်းလိုက်၏။

ခြင်္သေ့ကချင်ရန်ကို ဝင်တိုက်လိုက်ချိန်တွင် ချင်ရန်သည် ခြင်္သေ့၏လည်ပင်းကို လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာဖမ်းချုပ်လိုက်သည်။ သူ၏လက်မောင်းများပေါ်တွင် သွေးကြောများဖောင်းကြွလာပြီး ချင်ရန်မည်မျှအားထုတ်နေရကြောင်း ပြသနေသည်။

ထို့နောက်ချင်ရန်သည် ခြင်္သေ့၏အရှိန်ကို အသုံးချကာ မြေပြင်ပေါ်သို့ အလျင်အမြန်လှိမ့်ချလိုက်သည်။

ဘုန်း... ဘုန်း... ဘုန်း၊

ချင်ရန်သည် ခြင်္သေ့ကိုဖက်ကာ ခြင်္သေ့နှင့်အတူ မြေပြင်ပေါ်တွင် အကြိမ်ကြိမ်လိမ့်သွားတော့သည်။

နောက်ဆုံးတွင် ချင်ရန်ကအသာစီးရသွားပြီး ခြင်္သေ့ကိုသူ၏ခန္ဓာကိုယ်တစ်ခုလုံးဖြင့် ဖိချထားလိုက်တော့၏။

“ကျန်တဲ့လူတွေဘယ်ရောက်နေလဲ.. မြန်မြန်လာပြီး ဒီခြင်္သေ့ကို ဝိုင်းဖိထားပေးကြ၊ ငါမနည်းထိန်းထားရတယ်”

ချင်ရန် ချက်ချင်း အော်ဟစ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ခြင်္သေ့ကရုန်းကန်လာပြီး ၎င်း၏ခွန်အားမှာ ကြီးမားနေဆဲဖြစ်သောကြောင့်ပင်။ ဘေးနားရှိဝမ်ရှောင်ရီ၊ ချန်ရှင်းချန်နှင့် အခြားဝါရင့်ရဲအရာရှိများမှာ ဤမြင်ကွင်းကိုကြည့်ပြီး အံ့ဩမှင်သက်နေကြသည်။

‘လူတစ်ယောက်ကခြင်္သေ့ကို နှိမ်နင်းလိုက်တယ်လား၊ ခြင်္သေ့အမဖြစ်နေရင်တောင်မှ ဒါကအစာကွင်းဆက်ရဲ့ ထိပ်တန်းသားရဲကြီးလေ'

သို့သော်ဤအချိန်တွင် သူတို့အံ့ဩနေရန်အချိန်မရှိပေ။ ဝမ်ရှောင်ရီ၊ချန်ရှင်းချန်နှင့်အခြားသူများသည် သူတို့၏အဓိကရုဏ်းနှိမ်နင်းရေးဒိုင်းများကို ချက်ချင်းကောက်ကိုင်ကာ ချင်ရန်၏ဘေးသို့ အပြေးအလွှားသွားရောက်ပြီး ဒိုင်း၏အတွင်းဘက်ခြမ်းဖြင့် ခြင်္သေ့၏ခြေလက်များကို မြဲမြံစွာဖုံးအုပ်ကာ မလှုပ်ရှားနိုင်အောင် ဖိထားလိုက်ကြသည်။

သနားစရာခြင်္သေ့မလေးခမျာ သန်မာသောအမျိုးသား ၇ ယောက်၊၈ ယောက်ခန့်၏ဖိနှိပ်မှုကို ခံလိုက်ရသည့်အခါ ခြင်္သေ့ဖြစ်နေလင့်ကစား ပြန်လည်ခုခံရန်နည်းလမ်းမရှိတော့ပေ။ ဤဖြစ်စဉ်တစ်ခုလုံးကို ထောင့်တစ်နေရာတွင်ပုန်းနေသော အမျိုးသမီးသတင်းထောက်လေးက ကင်မရာဖြင့် အစအဆုံးမှတ်တမ်းတင်ထားနိုင်ခဲ့သည်။

24

အမျိုးသမီးသတင်းထောက်လေး၏ရင်မှာ ပေါက်ထွက်မတတ်ခုန်နေ။၏ ချင်ရန်သည် အန္တရာယ်နှင့်ရင်ဆိုင်ရချိန်တွင် အလွန်တည်ငြိမ်နေပြီး ခြင်္သေ့က သူ့ထံသို့ခုန်အုပ်လာသည်ကိုပင် အကြောက်အလန့်မရှိပေ။

ယင်းအစားသူသည် ခြင်္သေ့၏အရှိန်ကိုအသုံးချကာ ခြင်္သေ့ကိုနှိမ်နင်းလိုက်သည်။ ဤလှုပ်ရှားမှုအဆက်ဆက်မှာ ရဲတင်းပြတ်သားပြီး အလွန်သေချာတိကျလွန်းလှသည်။ အမျိုးသမီးသတင်းထောက်လေးမှာ သူရဲကောင်းရုပ်ရှင်ပရီမီယာပွဲကို ကြည့်နေရသကဲ့သို့ ခံစားနေရသည်။

“ဒီရဲအရာရှိက အရမ်းမိုက်လွန်းတယ်မဟုတ်လား.. လက်ဗလာနဲ့ခြင်္သေ့ကို နှိမ်နင်းလိုက်တာ”

အမျိုးသမီးသတင်းထောက်လေးက သူမ၏ကင်မရာမန်းဘက်သို့ အမြန်လှည့်ကာမေးလိုက်သည်။

“ခုနကမြင်ကွင်းကို ရိုက်လိုက်ရလား”

ကင်မရာမန်းမှာလည်း အံ့ဩမှင်သက်နေပုံရသည်။ သတင်းထောက်လေး၏စကားကို ကြားမှ သတိဝင်လာပြီး ခေါင်းကိုအဆက်မပြတ်ညိတ်ပြကာ ဖြေလိုက်သည်။

“ရလိုက်တယ်၊ ရလိုက်တယ် အသေးစိတ်တစ်ခုမှမလွတ်စေရဘူး”

“ကောင်းပြီ၊ ငါတို့ရဲ့တာဝန်ပြီးပြီ၊ ဒီတစ်ခါတော့ရုပ်သံလိုင်းက ငါတို့ကို ဆုကြေးအကြီးကြီးပေးတော့မှာသေချာတယ်”

အမျိုးသမီးသတင်းထောက်လေး၏ မျက်လုံးများအရောင်လက်သွား၏။ အပြင်ဘက်မှာအလကားထိုင်စောင့်နေကြသည့် တခြားသတင်းထောက်ငတုံးများနှင့် သူမက မတူချေ။ သူမကအန္တရာယ်ကိုမမှုဘဲ တားမြစ်နယ်မြေထဲအထိ ဝင်ပြီး ပထမအဆင့် သတင်းအချက်အလက်များကို ရယူနိုင်ခဲ့တာခြင်းပင်။

ဤဓာတ်ပုံများဖြင့် ဆိုလျှင် သူတို့ရဲ့ရုပ်သံလိုင်းကလူထုကို ဆွဲဆောင်နိုင်မှာသေချာပြီး သတင်းခေါင်းစဉ်များကို လွှမ်းမိုးထားနိုင်မည်မှာ အသေအချာပင်။

“ကဲ၊ ဒီရဲတွေထွက်သွားပြီးမှ ငါတို့တိတ်တိတ်လေးပြန်ထွက်ကြတာပေါ့၊ သူတို့ငါတို့ကို မိသွားရင်မကောင်းဘူး”

အမျိုးသမီးသတင်းထောက်လေးက တိုးတိုးလေးပြောလိုက်သည်။ ကင်မရာမန်းကလည်း စိတ်လှုပ်ရှားမှုကိုမဖုံးကွယ်နိုင်ဘဲ ခေါင်းညိတ်ပြလိုက်၏။

ခြင်္သေ့မကြီးကို သန်မာသောအမျိုးသား ၇ ယောက်၊ ၈ ယောက်ခန့်ကဖိထားကြသည်။ ထို့နောက် ဝမ်ရှောင်ရီကကြိုးများယူလာပြီး ခြင်္သေ့၏ခြေလေးချောင်းစလုံးကို မြဲမြံစွာတုပ်နှောင်လိုက်ရာ

ခြင်္သေ့မှာထွက်ပြေးရန် သို့မဟုတ် တိုက်ခိုက်ရန်လုံးဝမဖြစ်နိုင်တော့ပေ။

အခြေအနေကိုဖြေရှင်းပြီးနောက် ဝမ်ရှောင်ရီသည် ခါးကိုဆန့်လိုက်ပြီး သက်ပြင်းရှည်ကြီးတစ်ချက်ချကာ နဖူးမှချွေးအေးများကို သုတ်လိုက်သည်။

ထိုအချိန်တွင် ချင်ရန်မှလွဲ၍ ဝမ်ရှောင်ရီအပါအဝင် အခြားရဲဝန်ထမ်းများအားလုံး၏ကျောပြင်များမှာ ချွေးများဖြင့်ရွှဲနစ်နေကြသည်။ ဤခြင်္သေ့ဖမ်းဆီးရေးမှာ အလွန်ရုတ်တရက်ဆန်လွန်းလှသည်။

သူတို့မှာကြိုတင်ပြင်ဆင်မှုမရှိခဲ့သော်လည်း ရလဒ်ကတော့ကောင်းမွန်ခဲ့သည်။ ခြင်္သေ့ကိုဖမ်းမိခဲ့ပြီး ပြည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာမရခဲ့ပေ။ ပြည်သူ့ရဲများအနေဖြင့် သူတို့တာဝန်ကျေပွန်ခဲ့ပြီဖြစ်သည်။

ဝမ်ရှောင်ရီ၏အကြည့်များက ချင်ရန်ထံသို့အလိုအလျောက်ရောက်သွားပြီး သူ၏မျက်လုံးများထဲတွင် ထူးဆန်းသောအရိပ်အယောင်များ ပေါ်လာသည်။

ချင်ရန်ကို ရဲတားမျဉ်းတွင်မထားခဲ့ဘဲ အထဲသို့ခေါ်လာခဲ့ခြင်းမှာ ဝမ်ရှောင်ရီ၏ အလွန်မှန်ကန်သောဆုံးဖြတ်ချက်ပင်။

အကယ်၍ချင်ရန်သာမရှိခဲ့လျှင် ခြင်္သေ့ထွက်ပြေးသွားပါက သူတို့ဖမ်းမိရန်လုံးဝမဖြစ်နိုင်ပေ။

ခြင်္သေ့သာရပ်ကွက်ထဲမှလွတ်ထွက်သွားပြီး ဖျင်လင်းမြို့လမ်းမများပေါ်တွင် သောင်းကျန်းနေမည်ကို တွေးကြည့်မိရုံနှင့် ဝမ်ရှောင်ရီကျောချမ်းသွားပြီး ချွေးအေးများထပ်ထွက်လာသည်။

“ဖျင်လင်းမြို့ထဲမှာသာ ခြင်္သေ့တစ်ကောင်ပေါ်လာရင်၊ အထက်လူကြီးတွေကိုအသာထား ညွှန်ကြားရေးမှူးဆုန့်က အရင်ဆုံးရောက်လာပြီး ငါ့ကိုအရည်ခွံခွာလိမ့်မယ်”

ဝမ်ရှောင်ရီသက်ပြင်းချလိုက်ပြီး ချင်ရန်အနားလျှောက်သွားကာ ပခုံးကို ခပ်ပြင်းပြင်းပုတ်လိုက်သည်။

“ဒီတစ်ခါ မင်းကောင်းကောင်းလုပ်နိုင်ခဲ့တယ်ကောင်လေး”

“ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ်စခန်းမှူး”

ချင်ရန်ကမတ်မတ်ရပ်ကာ အလေးပြုလိုက်သည်။

ဒီတစ်ခါတော့သူ့ကိုယ်သူ ဘယ်လောက်သန်မာနေပြီလဲဆိုတာ သဘောပေါက်သွားချေပြီ။ အကယ်၍ တစ်ယောက်ချင်း၊ လက်ဗလာနှင့်သာဆိုပါက ဤခြင်္သေ့ကို ရင်ဆိုင်ရန် အနည်းငယ်ခက်ခဲနိုင်သေးသည်။ သို့သော် ချင်ရန်တွင် ဓားမြှောင်တစ်ချောင်းသာရှိခဲ့ပါက အရာအားလုံး ပြောင်းလဲသွားပေမည်။

စစ်သုံးဓားမြှောင်တစ်ချောင်းသာရှိလျှင် ဤခြင်္သေ့မကို သူတစ်ယောက်တည်းအသေသတ်နိုင်မည်ဟု ချင်ရန် ၈၀ ရာခိုင်နှုန်းခန့် ယုံကြည်မှုရှိသည်။

“ဟူး... ငါ့ခန္ဓာကိုယ်ကြီးကလည်း ပြင်းထန်တဲ့လှုပ်ရှားမှုတွေကို မခံနိုင်တော့ဘူးပဲ”

ဝမ်ရှောင်ရီလမ်းလျှောက်ရန်ပြင်လိုက်စဉ် ခါးနာသွားသဖြင့် မျက်နှာရှုံ့မဲ့သွားကာ ညည်းတွားလိုက်မိသည်။

“ကဲ... ခြင်္သေ့လည်းဖမ်းမိပြီဆိုတော့ ဒီကနေအမြန်ထွက်သွားကြစို့”

“ဒါနဲ့ရှင်းချန်၊ ဟိုတိရစ္ဆာန်အသေကောင်အပိုင်းအစတွေကို မေ့မကျန်ခဲ့စေနဲ့နော်.. အဲ့ဒါတွေကသက်သေတွေပဲ၊ ဒီသက်သေတွေပြလိုက်ရင် ဆန်းရှိုင်းရပ်ကွက်ကလူတွေ သူတို့ရဲ့ ကြောင်တွေ၊ ခွေးတွေ၊ ကြက်တွေကို ဘယ်သူသတ်သွားတာလဲဆိုတာ သိသွားလိမ့်မယ်”

ချင်ရန်နှင့် အဖွဲသားများသည် ကြိုးတုပ်ထားသောခြင်္သေ့မကြီးကို ထမ်းကာ ရဲတားမျဉ်းဆီသို့လျှောက်လာကြသည်။

ချင်ရန်လှမ်းကြည့်လိုက်ရာ ရဲတားမျဉ်းအပြင်ဘက်တွင် လူဒါဇင်ပေါင်းများစွာရောက်ရှိနေသည်ကို သတိပြုမိလိုက်၏။

ထိုလူများက”XX ရုပ်သံလိုင်း”၊”XX သတင်း” စသည်ဖြင့် ရေးသားထားသောမိုက်ခရိုဖုန်းများကို ကိုင်ဆောင်ထားကြသည်။

“ဘာလို့သတင်းထောက်တွေ ဒီလောက်အများကြီး ရောက်နေတာလဲ”

‘ခြင်္သေ့တစ်ကောင်ဖမ်းမိတာကို သတင်းထောက်တွေ ဒီလောက်အများကြီးလာရသလား’ ချင်ရန်အနည်းငယ်အံ့ဩသွားသည်။

သို့သော်ရဲတားမျဉ်းကို စောင့်နေသူများထဲတွင် ရှကျဲပျောက်နေသည်ကို ချင်ရန်ရုတ်တရက်သတိပြုမိလိုက်၏။ လီတဝေ့၊ ယန်ရှုနှင့် ကျောက်ကျီဝေ့တို့ရှိနေသော်လည်း ရှကျဲတစ်ယောက်တည်း ပျောက်နေခြင်းဖြစ်သည်။

‘ရှကျဲဘယ်ရောက်သွားတာလဲ’

ချင်ရန်တွေးနေမိသည်။ ဝမ်ရှောင်ရီသည် သတင်းထောက်အများအပြားကို မြင်လိုက်ရသည့်အခါ ကပ်ရောဂါဆိုးကြီးကို မြင်လိုက်ရသကဲ့သို့ခံစားလိုက်ရသည်။ လူအများကြီးကိုဖြေရှင်းရတာ တကယ် အလုပ်ရှုပ်မည့်ကိစ္စပင်။

သို့သော်ရွေးချယ်စရာမရှိပေ။

‘သတင်းထောက်တွေရောက်လာပြီဆိုမှတော့ ဖြေရှင်းရမှာပဲ’ ရဲအရာရှိတစ်စုက ပေါင် ၃၀၀ ကျော်ရှိသည့် ခြင်္သေ့မကြီးအားထမ်းလာသည်ကို သတင်းထောက်များ မြင်လိုက်ရသည့်အခါ သူတို့၏ကင်မရာများကို အမြန်မြှောက်ကာ တဖျပ်ဖျပ်နှင့် ဓာတ်ပုံအမြောက်အမြားကို ချက်ချင်းရိုက်ကူးကြတော့သည်။

“ဆရာ ဒီခြင်္သေ့ကို ဆန်းရှိုင်းရပ်ကွက်ထဲမှာတွေခဲ့တာလား”

“ဆရာ ဒီခြင်္သေ့ကို ဘယ်လိုနှိမ်နင်းခဲ့တာလဲ၊ ကျွန်တော်တို့မြင်ရသလောက်တော့ ခြင်္သေ့က သတိလစ်နေတာမဟုတ်ဘူးနော်၊ မေ့ဆေးသေနတ်သုံးခဲ့တာလား”

ရဲတားမျဉ်းသို့ပထမဆုံးရောက်လာသူမှာ ချင်ရန်ဖြစ်သည်။ သူ့ကို သတင်းထောက်များ၏ မိုက်ခရိုဖုန်းအများစုက ဝိုင်းရံထားပြီး အကြောင်းစုံရှင်းပြရန် တောင်းဆိုနေကြသည်။

ဤသည်ကိုမြင်မှ ဝမ်ရှောင်ရီသက်ပြင်းချနိုင်သွား၏။

‘ဒီသတင်းထောက်တွေချင်ရန်ကို ဝိုင်းနေတာကောင်းတယ်၊ ငါခဏလောက် အနားယူလို့ရသွားပြီ’

သတင်းထောက်တွေမေးလို့ဝသွားလျှင် ဝမ်ရှောင်ရီကသွားပြီး တရားဝင် စကားနည်းနည်းလောက်ပြောကာ သူတို့ကိုပြန်လွှတ်လိုက်ရုံပင်။

“ဒီခြင်္သေ့ ဘယ်ကရောက်လာသလဲဆိုတာ ကျွန်တော်တို့လည်းမသိသေးပါဘူး၊ ဒါပေမဲ့ ဆန်းရှိုင်းရပ်ကွက်ကို တာဝန်ယူထားတဲ့ရဲတွေအနေနဲ့ ဒီကိစ္စကို သေချာပေါက် အသေးစိတ်စုံစမ်းသွားမှာပါ၊ စိတ်ချပါ၊ ဆန်းရှိုင်းရပ်ကွက်ကပြည်သူတွေကိုရော ခင်ဗျားတို့ကိုပါ ကျွန်တော်တို့အဖြေတစ်ခုပေးပါ့မယ်”

ချင်ရန်က တည်ငြိမ်စွာဖြေကြားလိုက်သည်။ သူ၏စကားလုံးများမှာ အပြစ်ရှာစရာလုံးဝမရှိပေ။

“ဒါဆို... ဆရာ့ကိုမေးချင်ပါတယ်... ဒီခြင်္သေ့ကို ဘယ်လိုနှိမ်နင်းခဲ့တာလဲ”

သတင်းထောက်တစ်ဦးက ချင်ရန်ကိုမျှော်လင့်ချက်အပြည့်ဖြင့် မျက်လုံးများဖြင့်ကြည့်ကာ အသေးစိတ်သိလို၍မေးလိုက်သည်။

ချင်ရန်ချောင်းတစ်ချက်ဟန့်လိုက်ပြီး သူ၏မျက်နှာထား လေးနက်သွားသည်။

“သတင်းထောက်ကြီး၊ ကျွန်တော်တို့ဆီမှာ ရဲဝန်ထမ်း ၂၀ ကျော်ရှိနေတာမမြင်ဘူးလား၊ အားလုံးက အဓိကရုဏ်းနှိမ်နင်းရေးဒိုင်းတွေကိုင်ပြီး ပူးပေါင်းတိုက်ခိုက်ခဲ့တာလေ၊ ခြင်္သေ့တစ်ကောင်ကို နှိမ်နင်းရတာဘာခက်မှာလဲ”

“ဘယ်လိုဖမ်းခဲ့လဲဆိုတဲ့ ဖြစ်စဉ်ကတော့ အရမ်းမြန်လွန်းလို့ အသေးစိတ်မပြောပြနိုင်တော့ဘူး”

“ဒါပေမဲ့ ကျွန်တော်ပြောချင်တာက... ဒီဖမ်းဆီးရေးစစ်ဆင်ရေးမှာ ကျွန်တော်တို့ပါလီမြစ်ရဲစခန်းရဲ့စခန်းမှူး ဝမ်ရှောင်ရီက အလွန်မှန်ကန်တဲ့ အမိန့်ပေးကွပ်ကဲမှုနဲ့ ခေါင်းဆောင်မှုအခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်ဆိုတာပါပဲ”

ချင်ရန်ကလေးနက်သောမျက်နှာထားဖြင့် ပြောလိုက်သည်။ တခြားတစ်ဖက်တွင် ရေသောက်နေသောဝမ်ရှောင်ရီမှာ ရေများပြန်ထွက်သွားပြီး ချင်ရန်ကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။

‘ဒီကောင်လေး လူမှုဆက်ဆံရေးတော်တော်ကောင်းတာပဲ’

ခြင်္သေ့ဖမ်းမိခြင်း၏ အဓိကဂုဏ်ပြုခံရမည့်သူမှာ သူမဟုတ်သဖြင့် ဝမ်ရှောင်ရီအနည်းငယ်အနေရခက်သော်လည်း သတင်းထောက်အများအပြားရှေ့တွင် ချင်ရန်က သူ့ကိုချီးကျူးလိုက်ခြင်းကြောင့် အလွန်ဂုဏ်ယူမိပြီး စိတ်ထဲမှကြိတ်ပျော်နေမိသည်။

‘ဒီကောင်လေးက စွမ်းရည်ရှိရုံတင်မကဘူး၊ စကားပြောလည်း တော်တာပဲ၊ သူ့စကားတွေကဟာကွက်မရှိဘူး၊ ဒီသတင်းထောက်တွေကိုလည်း တုံ့ဆိုင်းမနေဘဲ ကိုင်တွယ်နိင်တယ်'

ဝမ်ရှောင်ရီတွေးလိုက်မိ၏။ ‘ဒီလိုအရည်အချင်းမျိုးက အနာဂတ်မှာ ညွှန်ကြားရေးမှူးတစ်ယောက်ဖြစ်လာအောင် ပြုစုပျိုးထောင်ပေးလို့ရတယ်'

ထို့နောက်ချင်ရန်က သတင်းထောက်များ၏ မေးခွန်းအချို့ကို သိပ်စိတ်မဝင်စားစွာ ဖြေကြားပေးလိုက်သည်။ နောက်ဆုံးတွင် သူက လက်ဝှေယမ်းကာ သတင်းထောက်များကို လူစုခွဲရန်ပြင်ဆင်လိုက်သည်။

သို့သော်သတင်းထောက်များမှာ ၎င်းတို့သဘာဝအရ အလွယ်တကူမပြန်လိုကြဘဲ ဆက်လက် မေးခွန်းထုတ်နေကြသော်လည်း ဝမ်ရှောင်ရီရောက်လာပြီး တရားဝင် စကားအချို့ပြောကြားလိုက်သည်။

နောက်ဆုံးတွင် သတင်းထောက်များမကျေမနပ်ဖြင့် ပြန်သွားကြလေသည်။ ထိုအချိန်တွင် သတင်းထောက်များ ပြန်သွားပြီးနောက် ဆန်းရှိုင်းရပ်ကွက်မှရွာသားများ ရှေ့သို့တိုးလာကြသည်။ ထမ်းလာသောခြင်္သေ့ကို မြင်သောအခါ အံ့ဩမှုကြောင့်သူတို့ မျက်လုံးများ ပြူးကျယ်သွားကြတော့သည်။

All Chapters