← Chapters

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

အခန်း (၂၅-၂၆)

Vol. 3 Ch. 25-26

25

“တကယ်ကြီး ခြင်္သေ့ကြီးပါလား”

“ဘုရားရေ... ခြင်္သေ့မကြီးပဲ၊ အကောင်ကြီးလိုက်တာ”

ဆန်းရှိုင်းရပ်ကွက်အတွင်းရှိ လူအုပ်ကြီးထံမှ အထိတ်တလန့်ရေရွတ်သံများ ထွက်ပေါ်လာသည်။ ဆန်းရှိုင်းရပ်ကွက်နေ ပြည်သူများသည် ထိုခြင်္သေ့မကြီးဆီသို့ လက်ညှိုးတထိုးထိုးဖြင့် ရုတ်ရုတ်သဲသဲဖြစ်နေကြ၏။

ဤနေရာမျိုးတွင် ခြင်္သေ့တစ်ကောင် ရောက်လာလိမ့်မည်ဟု အိပ်မက်ပင်မမက်ဖူးခဲ့ကြသဖြင့် အားလုံး၏မျက်နှာထက်တွင် အံ့သြထိတ်လန့်နေသော အမူအရာများ အထင်းသား ပေါ်လွင်နေလေသည်။

ထိုစဉ် ဝမ်ရှောင်ရီသည် ချန်ရှင်းချန်၏လက်ထဲမှ တစ်စစီစုတ်ပြတ်သတ်နေသော ခွေး၊ ကြောင်နှင့် ကြက်အသေကောင်များကို လှမ်းယူလိုက်သည်။ ထိုအကောင်များ၏သွေးညှီနံ့များက လေထုထဲတွင် ပြန့်လွင့်နေ၏။

လီရွာနှင့် ယန်ရွာမှ ရွာသူရွာသားများအားလုံး ထိုအသေကောင်များကို မြင်သောအခါ မှင်တက်သွားကြသည်။ တချို့ဆိုလျှင် ရင်နင့်ဖွယ်မြင်ကွင်းကို တည့်တည့်မကြည့်ရဲဘဲ မျက်နှာလွှဲသွားကြလေသည်။

ဝမ်ရှောင်ရီက ဩဇာအပြည့်ပါသောလေသံသြသြဖြင့် ခပ်ပြတ်ပြတ်ပြောလိုက်သည်။

“မင်းတို့ မြင်ကြတယ်မဟုတ်လား၊ ဒီကိစ္စတွေအားလုံးက ဒီခြင်္သေ့လက်ချက်ပဲ၊ တခြား ဘာနဲ့မှ မဆိုင်ဘူး၊ လီရွာက လူတွေလုပ်တာလည်း မဟုတ်သလို၊ ယန်ရွာက လူတွေလုပ်တာလည်း မဟုတ်ဘူး၊ အခုတော့ မင်းတို့အားလုံး သဘောပေါက်လောက်ပြီ ထင်ပါတယ်”

“ဒါက...”

မကြာမီကမှ အသံကျယ်ကျယ်ဖြင့် အော်ဟစ်ငြင်းခုံကာ လက်ပါလုမတတ် ရန်ဖြစ်နေခဲ့ကြသူများသည် ယခုအခါ ရှက်ရွံ့စွာဖြင့် ခေါင်းငိုက်စိုက်ကျသွားကြသည်။

အထောက်အထားများအားလုံးက ဤခြင်္သေ့ကြီးသည်သာ တရားခံဖြစ်ကြောင်း ညွှန်ပြနေသည်။

“နောက်နောင်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် အပြစ်ဖို့နေတာမျိုးတွေ မလုပ်ကြနဲ့တော့၊ မင်းတို့ရွာနှစ်ရွာက လူတွေက ပြဿနာရှာဖို့ဆိုသိပ်ဝါသနာပါတာပဲ၊ အိမ်နီးချင်းတွေဖြစ်ပါလျက်နဲ့ ဘာလို့များ သင့်သင့်မြတ်မြတ်မနေနိုင်ကြရတာလဲ”

ဝမ်ရှောင်ရီက အေးစက်စက်နှာခေါင်းရှုံ့လိုက်ရင်း ပြင်းပြင်းထန်ထန် ဆုံးမလိုက်လေသည်။

ထိုသို့ အဆုံးမခံလိုက်ရသောအခါ လီရွာနှင့် ယန်ရွာမှ ရွာသားများမှာ ရှက်ရမ်းရမ်းကာ ခေါင်းကုတ်နေကြတော့၏။

ဝမ်ရှောင်ရီသည် သူတို့အတွက် အလွန်အန္တရာယ်ကြီးလွန်းသော ခြင်္သေ့ကြီးကို ဖမ်းဆီးဖြေရှင်းပေးခဲ့သဖြင့် ကျေးဇူးကြီးမားလှပေသည်။ အကယ်၍သာ ထိုခြင်္သေ့ကြီးက လူများကို အန္တရာယ်ပြုခဲ့လျှင် မည်မျှဆိုးရွားသောအကျိုးဆက်များ ကြုံတွေ့ရမည်ကို မည်သူမျှမခန့်မှန်းနိုင်ချေ။

“ဘယ်လိုပဲဖြစ်ဖြစ် စခန်းမှူးဝမ်၊ ကျွန်တော်တို့ ရင်ထဲကနေ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်”

“စခန်းမှူးဝမ်ရေ... ဒီနေ့ ကျွန်တော်တို့ရန်ဖြစ်ကြလို့ ခင်ဗျားမှာ အလုပ်ရှုပ်သွားရပြီ၊ ကျွန်တော်တို့ မှားသွားပါတယ်”

အသိတရားရှိသောရွာသားတချို့က ရှေ့ထွက်၍ တောင်းပန်စကားဆိုကြသည်။

ဝမ်ရှောင်ရီက ခပ်ဟဟရယ်မောလိုက်ပြီးနောက် ချင်ရန်ရှိရာသို့ လက်ညှိုးထိုးပြကာ ပြောလိုက်သည်။ “ငါ့ကိုပဲ ကျေးဇူးတင်မနေကြနဲ့၊ ဟိုးကလူငယ်လေးက ဒီခြင်္သေ့ကိုဖမ်းတဲ့နေရာမှာ ပထမတန်းစား သူရဲကောင်းပဲ၊ သူ့ကို ပိုပြီးကျေးဇူးတင်သင့်တယ်”

ထိုစကားကိုကြားသောအခါ ရွာသားများအားလုံး ချင်ရန်ရှိရာသို့လှည့်ကြည့်လာကြသည်။

“လူငယ်လေး... ကျေးဇူးတင်ပါတယ်ကွယ်၊ ကျေးဇူးပါပဲ”

“လူငယ်လေးက အသက်သာငယ်တာ၊ အရည်အချင်းကတော့ သာမန်မဟုတ်ဘူးပဲ၊ စခန်းမှူးဝမ်တောင် မင်းကို အထင်ကြီးနေရတယ်ဆိုတော့လေ၊”

“မင်းမှာ ရည်းစားရှိပြီလားကွဲ့၊ အဘွားရဲ့မြေးမလေးက ဒီနှစ်မှ ဆယ့်ရှစ်နှစ်ပြည့်ပြီး တက္ကသိုလ်စတက်နေတာလေ”

ရွာသားများက တစ်ယောက်တစ်ပေါက် ဝင်ရောက်စကားဆိုကြရာ ချင်ရန်မှာ ပြုံးယောင်သမ်းသေ မျက်နှာဖြင့် တစ်ယောက်ချင်းစီကို ယဉ်ကျေးစွာ ငြင်းပယ်လိုက်ရသည်။

လတ်တလောတွင် အချစ်ရေးကိစ္စများအတွက် သူ၏စိတ်ထဲတွင် နေရာမရှိသေးပေ။ သူ၏ အဓိကရည်မှန်းချက်မှာ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်သာ ဖြစ်သည်။

တိုင်းပြည်နှင့်လူမျိုးအတွက် တာဝန်ထမ်းဆောင်နေချိန်တွင် အချစ်ရေးကိစ္စများရှိလာပါက သူ၏ပန်းတိုင်အတွက် အနှောင့်အယှက်များ ဖြစ်လာနိုင်သည် မဟုတ်လော။

ချင်ရန်တစ်ယောက် စိတ်ထဲမှသက်ပြင်းချလိုက်မိသည်။

ထိုအချိန်တွင် ဗင်ကားတစ်စီးသည် အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်လာပြီး ကားဘရိတ်အုပ်သံအကျယ်ကြီးနှင့်အတူ ရုတ်တရက်ရပ်တန့်သွားသည်။

ကားတံခါးပွင့်သွားပြီးနောက် ချောင်ကျန့်ကျွင်းတစ်ယောက် အပြေးအလွှားဆင်းလာ၏။ သူ၏မျက်နှာထားမှာ အလွန်တည်တင်းနေပြီး ခါးတွင်လည်း သေနတ်တစ်လက်ကို အသင့်တပ်ဆင်ထားသည်။

ထို့နောက် ဝမ်ရှောင်ရီ၏အနီးနားရှိ မြင်ကွင်းကို မြင်လိုက်ရသောအခါ သူသည် နေရာတွင်ပင် ကျောက်ရုပ်တစ်ရုပ်နှယ် မှင်တက်သွားတော့သည်။

‘ဘာတွေဖြစ်ကုန်တာလဲ’ ခြင်္သေ့ကြီး၏ ခြေလက်လေးဖက်စလုံးကို ကြိုးဖြင့် တင်းကျပ်စွာတုပ်နှောင်ထားပြီး အခင်းဖြစ်ပွားရာနေရာရှိ မည်သူတစ်ဦးတစ်ယောက်မျှ ဒဏ်ရာရထားသည့်ပုံမပေါ်ပေ။

ချောင်ကျန့်ကျွင်းသည် သူ၏မျက်စိကိုပင် သူမယုံနိုင်အောင် ဖြစ်သွားရသည်။ သူက ခါးမှ သေနတ်ကို ဖိကိုင်ထားရင်း ဝမ်ရှောင်ရီထံသို့လျှောက်သွားကာ ဇဝေဇဝါဖြင့် မေးလိုက်သည်။ “စခန်းမှူး၊ ဒီခြင်္သေ့ကြီးကို ဒီလိုပဲ အလွယ်တကူဖြေရှင်းလိုက်ပြီလား”

“ဘာဖြစ်လို့လဲ ကျန့်ကျွင်း၊ မင်းက ငါတို့တစ်ခုခု အထိအခိုက်၊ အကျိုးအပဲ့ ဖြစ်စေချင်နေတာလား” ဝမ်ရှောင်ရီက မျက်မှောင်ကြုတ်ကြည့်ကာ ပြန်မေးလိုက်သည်။

“မဟုတ်ပါဘူးစခန်းမှူးရယ်၊ ကျွန်တော်က ဒီခြင်္သေ့ကို နှိမ်နင်းဖို့ ခက်ခဲလိမ့်မယ်လို့ထင်ထားတာ၊ ပြီးတော့ စခန်းမှူးက ကျွန်တော့်ကို သေနတ်ယူလာခဲ့ဖို့ အမိန့်ပေးထားတာကိုး၊ အခု ကျွန်တော်သေနတ်သွားယူပြီး ပြန်ရောက်လာတဲ့အချိန်မှာ စခန်းမှူးတို့က ခြင်္သေ့ကို ရှင်းပြီးနေပြီဆိုတော့လေ”

ချောင်ကျန့်ကျွင်းက ခါးသီးစွာ ပြုံးရင်းပြောလိုက်သည်။ သူသည် သေနတ်ယူရန် ရဲစခန်းသို့ အသည်းအသန် ပြေးသွားခဲ့သော်လည်း သူပြန်ရောက်လာချိန်တွင် အရာအားလုံး ပြီးစီးနေပြီ ဖြစ်သည်။ 'သူ ဘာအတွက် ပြန်လာခဲ့ရတာလဲ၊ ရဲစခန်းမှာပဲ ဆက်နေခဲ့လျှင် ပိုကောင်းမည်’ဟုပင် တွေးမိလိုက်၏။

“ကဲပါ... အသေးစိတ်ကို စခန်းပြန်ရောက်မှ ငါ ပြောပြပါ့မယ်၊ ဒီခြင်္သေ့ကို ဖမ်းတဲ့နေရာမှာ ချင်ရန်က အဓိကအစွမ်းပြသွားတာပဲ” ဝမ်ရှောင်ရီက ချောင်းတစ်ချက်ဟန့်လိုက်ပြီး ချင်ရန်ကိုလက်ညှိုးထိုးပြကာ ပြောလိုက်သညါ။

“ဟုတ်လို့လား။”

ချောင်ကျန့်ကျွင်းက ချင်ရန်ကို လှည့်ကြည့်လိုက်သည်။ ချင်ရန်၏ကိုယ်ခံပညာစွမ်းရည် မည်မျှပင်ထူးချွန်ပြောင်မြောက်ပါစေ၊ ခြင်္သေ့တစ်ကောင်ကို တစ်ယောက်တည်း အနိုင်ယူနိုင်စွမ်းရှိပါ့မလားဟု သူ သံသယဝင်မိနေ၏။

ထိုအချိန်တွင် ဝမ်ရှောင်ရီသည် ဘေးဘီဝဲယာသို့ အကဲခတ်ကြည့်လိုက်ရာ လူတစ်ယောက်ပျောက်ဆုံးနေကြောင်း သတိထားမိလိုက်သည်။ ပျောက်နေသူမှာ ရှကျဲ ဖြစ်၏။ ထို့အပြင် ချန်ဟောက်ကိုလည်း မတွေ့ရပေ။

ဝမ်ရှောင်ရီသည် ချက်ချင်းမျက်မှောင်ကြုတ်သွားပြီး မေးလိုက်သည်။ “အထူးအဆန်းပါလား၊ ရှောင်ကျဲကော ဘယ်ရောက်သွားတာလဲ”

သို့သော် ထိုစဉ်မှာပင် စူးရှသောအမြင်အာရုံရှိသည့် ချင်ရန်က အနောက်ဘက်ဆီမှ လျှောက်လာသောရှကျဲကို လှမ်းမြင်လိုက်သည်။ သို့သော် သူမ၏တစ်ကိုယ်လုံးတွင် ရွှံ့ဗွက်များပေကျံနေပြီး အနည်းငယ်ညစ်ပတ်နေ၏။

“ရှကျဲက ကလေးသွားကယ်တာဖြစ်ရမယ်။”

ချင်ရန်က ရှကျဲဘာသွားလုပ်သည်ကို စိတ်ထဲမှ တန်းသိလိုက်သည်။ သူမသည် မူရင်းဇာတ်လမ်းသွားအတိုင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပေမည်။

“ရှောင်ကျဲ... သမီးဘယ်တွေသွားနေတာလဲ”

ရွှံ့တွေ ပေကျံနေသော ရှကျဲကို မြင်လျှင် ဝမ်ရှောင်ရီက စိုးရိမ်တကြီးဖြင့် အပြေးအလွှား သွားမေးလေသည်။ သူမသည် တစ်စခန်းလုံး၏ အဖိုးတန်ရတနာလေးဖြစ်ရာ မည်သို့မည်ပုံ ဤမျှညစ်ပတ်သွားရသနည်း။

ရှကျဲက ဂုဏ်ယူဝင့်ကြွားသောအပြုံးလေးဖြင့် မျက်နှာပေါ်မှရွှံ့များကို သုတ်ဖယ်လိုက်ရင်း ရှင်းပြသည်။

“စခန်းမှူး... သမီးဘာမှမလုပ်ပါဘူး၊ ဟိုဘက်မှာ ကလေးတစ်ယောက် ရေတွင်းထဲကျသွားလို့ပါ၊ ရေတွင်းကသေးလွန်းတော့ ဆရာချန်ဟောက်က ဆင်းလို့အဆင်မပြေဘူးလေ၊ သမီးကကိုယ်လုံးသေးတော့ အောက်ဆင်းလို့ရသွားတာနဲ့ ကလေးကို ဆင်းကယ်လိုက်တာပါ”

ထိုစကားကို ကြားပြီးနောက် ဝမ်ရှောင်ရီက သက်ပြင်းရှည်ကြီးတစ်ချက်ချလိုက်သည်။ ထို့နောက် ရှကျဲ၏အနောက်တွင်ရပ်နေသော ချန်ဟောက်ကို ကြည့်ကာ လေသံတိုးတိုးဖြင့် အပြစ်တင်လိုက်သည်။

“ခင်ဗျားက ဘာလို့ရှောင်ကျဲကို ရေတွင်းထဲဆင်းခိုင်းရတာလဲ၊ တကယ်လို့များ သူမ အောက်ကျသွားပြီး ပြန်တက်မလာနိုင်ရင် ဘယ်လိုလုပ်မလဲ၊ ခင်ဗျားက သူမရဲ့ဆရာပဲလေ... သေချာလေးဂရုစိုက်သင့်တာပေါ့”

ချန်ဟောက်က အားတုံ့အားနာဟန်ဖြင့် ရှင်းပြရှာသည်။ “အဲဒီအချိန်မှာ အခြေအနေက သိပ်ကို အရေးကြီးနေတာဗျ၊ ကလေးမိဘတွေကလည်း ရူးမတတ်ဖြစ်နေကြပြီ၊ ဒါကြောင့် ရှောင်ကျဲကို ရေတွင်းထဲဆင်းခိုင်းဖို့ကလွဲပြီး တခြားရွေးချယ်စရာမရှိတော့လို့ပါ”

“နောက်တစ်ခါ ဒီလိုမျိုးအဖြစ်မခံနဲ့တော့၊ ရှောင်ကျဲရဲ့လုံခြုံရေးကို ပိုပြီးဂရုစိုက်ပါ” ဝမ်ရှောင်ရီက နှာမှုတ်လိုက်ရင်း သတိပေးလိုက်ရာ ချန်ဟောက်မှာ ခါးသီးစွာပြုံးရင်း ခေါင်းညိတ်ပြရုံသာတတ်နိုင်တော့သည်။

သို့သော် ရှကျဲကမူ ထိုသို့ အထူးတလည်ဆက်ဆံခံရခြင်းကို သိပ်သဘောမကျလှချေ။ သူမသည် ဘေးနားရှိချင်ရန်ကို ငေးကြည့်လိုက်မိသည်။

သူမ၏ ရင်တွင်း၌လည်း ချင်ရန်ကဲ့သို့ပင် ရဲစခန်းအတွက် စွမ်းစွမ်းတမံကြိုးပမ်းပေးချင်ပြီး ပြည်သူလူထုကို ကိုယ်ကျိုးစွန့် အလုပ်အကျွေးပြုလိုသော ကြီးမားလှသည့် ရည်မှန်းချက်များ ပြည့်နှက်နေလေ၏။

ဆန်းရှိုင်းရပ်ကွက်ရှိပြဿနာများ ပြေလည်သွားပြီးနောက် ချင်ရန်နှင့် အဖွဲ့သားများသည် ပါလီမြစ်ရဲစခန်းသို့ ကားဖြင့် ပြန်လာခဲ့ကြသည်။

ခြင်္သေ့ကြီးကို တစ်ကိုယ်တော်လက်ဗလာဖြင့် ဖမ်းဆီးနိုင်ခဲ့သော ချင်ရန်၏စွမ်းဆောင်ရည်မှာ ရဲစခန်းတစ်ခုလုံးတွင် ဒဏ္ဍာရီတစ်ပုဒ်အလား လျင်မြန်စွာပျံ့နှံ့သွားတော့သည်။

ရုံးခန်းထဲသို့ ချင်ရန်လျှောက်လာစဉ် လုပ်ဖော်ကိုင်ဖက်များ၏ ကြည့်ရှုနေသောအကြည့်များမှာ ယခင်နှင့်မတူဘဲ ကွဲပြားနေကြောင်းကို သူ အထင်အရှားခံစားလိုက်ရသည်။

ထို့ကြောင့် ချင်ရန်မှာ မတတ်သာသည့်အဆုံး သက်ပြင်းချလိုက်ရင်း တီးတိုးရေရွတ်လိုက်မိသည်။ “ခက်တော့တာပဲ၊ အခုတော့ငါက ရဲစခန်းမှာ လူထူးလူဆန်းကြီးဖြစ်သွားပြီ၊ ဟူး... ငါက သာမန်လူတစ်ယောက်လိုပဲ နေချင်တာပါဆို”

ထိုတီးတိုးရေရွတ်သံကို တိုက်တိုက်ဆိုင်ဆိုင်ပင် မျိုးဆက်သစ် ရဲဝန်ထမ်းသစ်လေးများ ကြားသွားကြသည်။ ယန်ရှု၊ လီတဝေ့၊ ရှကျဲနှင့် ကျောက်ကျိဝေတို့ လေးယောက်လုံးမှာ တစ်ပြိုင်နက်တည်း နှုတ်ခမ်းများတွန့်ကွေးသွားကြ၏။

‘အစ်ကိုကြီးရယ်... ခင်ဗျားရဲ့ ဒီလောက် ကြောက်ခမန်းလိလိစွမ်းရည်တွေနဲ့များ သာမန်လူတစ်ယောက်ဖြစ်ချင်သေးတယ်ပေါ့လေ၊ တပ်မတော်က အထူးတပ်ဖွဲ့ဝင်တွေတောင် ခင်ဗျားလောက်စွမ်းပါ့မလား’ သူတို့အားလုံး စိတ်ထဲမှ ကန့်ကွက်နေမိကြသည်။

အခြားတစ်ဖက်တွင်မူ ဝမ်ရှောင်ရီက ဟုန်ရှန်းတိရိစ္ဆာန်ရုံမှ တာဝန်ခံထံသို့ ဖုန်းဆက်အကြောင်းကြားလိုက်သည်။ ခြင်္သေ့ကြီးကို ဖမ်းမိပြီဖြစ်ကြောင်းကြားသည်နှင့် တာဝန်ခံမှာ ပါလီမြစ်ရဲစခန်းသို့ ချက်ချင်း ကားမောင်းလာခဲ့တော့သည်။

ပါလီမြစ်ရဲစခန်းသို့ရောက်လာချိန်တွင် ဝမ်ရှောင်ရီက မကျေမနပ်ဖြစ်စွာဖြင့် ဒေါသတကြီး စူပူကြိမ်းမောင်းလိုက်သည်။

“ခင်ဗျားတို့ သတင်းပို့တုန်းကတော့ ကျားသစ်တစ်ကောင်ပျောက်သွားတယ်ဆို၊ အခုကဘာကြီးလဲ၊ တောက်ခေါက်ရလောက်အောင် ကြီးမားတဲ့ ခြင်္သေ့ကြီးဖြစ်နေတာကို၊ ဒါကို ခင်ဗျားတို့က လိမ်ညာပြီးသတင်းပို့တယ်”

တိရိစ္ဆာန်ရုံတာဝန်ခံမှာ အလွန်ရှက်ရွံ့သွားသည့်မျက်နှာထားဖြင့် ရှိနေ၏။ အမှန်တကယ်တွင် ခြင်္သေ့တစ်ကောင်ပျောက်ဆုံးသွားသည်ဆိုသောကိစ္စမှာ သတင်းဖြန့်လိုက်ရန်အလွန်ကြီးမားလွန်းသော ပြဿနာဖြစ်သောကြောင့် ဖြစ်သည်။

သူတို့၏ တိရိစ္ဆာန်ရုံမှ လူအမြောက်အမြားလွှတ်ကာ လိုက်လံရှာဖွေခဲ့သော်လည်း အရိပ်အယောင်မျှပင်မတွေ့ခဲ့ရချေ။ နောက်ဆုံးတွင် မတတ်သာသည့်အဆုံး ပါလီမြစ်ရဲစခန်းသို့ ဖုန်းဆက်အကူအညီတောင်းခဲ့ရခြင်းဖြစ်သည်။

ပို၍ထူးဆန်းသည်မှာ ပါလီမြစ်ရဲစခန်း၏ လုပ်ငန်းစွမ်းဆောင်ရည်မှာ အံ့မခန်းမြင့်မားလွန်းလှပြီး သတင်းပို့သည့်နေ့မှာပင် ခြင်္သေ့ကြီးကို ရှာဖွေဖမ်းဆီးနိုင်ခဲ့ခြင်းကြောင့်ပင်။

ဤအချက်က ဟုန်ရှန်းတိရိစ္ဆာန်ရုံတာဝန်ခံအား အကြီးအကျယ်အံ့အားသင့်သွားစေခဲ့သည်။

“တောင်းပန်ပါတယ်စခန်းမှူးဝမ်ရယ်... ဒီတစ်ခေါက်တော့ ကျွန်တော့်အမှားတွေချည်းပါပဲ၊ အဓိကကတော့ ပြည်သူလူထုတွေကြားမှာ ထိတ်လန့်တကြားဖြစ်ပြီး အထိတ်တလန့်တွေ ဖြစ်ကုန်မှာစိုးလို့ သတင်းမထုတ်ပြန်ရဲတာပါ” တိရိစ္ဆာန်ရုံတာဝန်ခံက ထပ်တလဲလဲ တောင်းပန်စကားဆိုနေရှာသည်။

ဝမ်ရှောင်ရီက သူ့အား အတန်ကြာဆုံးမစကားပြောကြားပြီးနောက် ဟုန်ရှန်းတိရိစ္ဆာန်ရုံတာဝန်ခံအား ယွမ်ငွေငါးသောင်း ဒဏ်ရိုက်လိုက်၏။

ဤဖြစ်ရပ်မှာ သာမန်ကိစ္စငယ်လေးတစ်ခုတော့ မဟုတ်ခဲ့ပေ။ အကယ်၍သာထိုနေရာတွင် ချင်ရန်မရှိခဲ့ပါက နောက်ဆုံးရလဒ်သည် မည်သို့မည်ပုံအဆုံးသတ်သွားမည်ကို မည်သူမျှ ခန့်မှန်းနိုင်မည်မဟုတ်ချေ။

ထိုအချိန်မှာပင် ဖျင်လင်းမြို့၏အနာဂတ်ရုပ်သံလိုင်းမှ သတင်းတစ်ပုဒ်ကို ထုတ်လွှင့်ပြသလိုက်သည်။

ထိုသတင်းမှာ ဆန်းရှိုင်းရပ်ကွက်အတွင်းသို့ လမ်းမှားဝင်ရောက်လာသော ခြင်္သေ့တစ်ကောင်အကြောင်းဖြစ်ပြီး အခင်းဖြစ်ပွားရာ ဓာတ်ပုံမှတ်တမ်းအချို့ကိုလည်း တစ်ပါတည်း ထည့်သွင်းဖော်ပြထားလေသည်။

26

ရုပ်သံဖန်သားပြင်ပေါ်ရှိဓာတ်ပုံထဲတွင် ရဲဝတ်စုံကို သေသပ်စွာဝတ်ဆင်ထားသော ချောမောခန့်ညားသည့်လူငယ်တစ်ဦးနှင့် သန်မာထွားကြိုင်းလှသော ခြင်္သေ့မကြီးတစ်ကောင် ထိပ်တိုက်ရင်ဆိုင်နေသည့်မြင်ကွင်းကို တွေ့ရသည်။

ဘေးတိုက်မြင်ကွင်းဖြစ်သော်လည်း ခြင်္သေ့မကြီး၏အကြည့်များမှာ အလွန်ပင် ရက်စက်ကြမ်းကြုတ်နေပြီး ၎င်း၏ ကြွက်သားများမှာလည်း မည်သည့်အချိန်တွင်မဆို ခုန်အုပ်တိုက်ခိုက်တော့မည့်အလား အားပြည့်နေ၏။

၎င်းနှင့် မျက်နှာချင်းဆိုင်နေသော ခန့်ညားသည့်လူငယ်လေးမှာလည်း နည်းနည်းပင် တုန်လှုပ်ခြင်းမရှိဘဲ ခိုင်မာပြတ်သားလှသောအရှိန်အဝါတို့ဖြင့် ရင်ဆိုင်နေလေသည်။

“ဒီဓာတ်ပုံထဲမှာ ခြင်္သေ့နဲ့ ထိပ်တိုက်ရင်ဆိုင်နေတဲ့သူဟာ ပါလီမြစ်ရဲစခန်းက ရဲအရာရှိတစ်ဦးဖြစ်ပါတယ်၊ ကြည့်ရတာ အလွန်ငယ်ရွယ်သေးပုံရတာကြောင့် လုပ်သက်သိပ်မကြာသေးတဲ့သူ ဖြစ်နိုင်ပါတယ်”

“ဒီဓာတ်ပုံကိုကြည့်ခြင်းအားဖြင့် ဒီရဲအရာရှိဟာ ခြင်္သေ့တစ်ကောင်နဲ့ ရင်ဆိုင်နေရတာတောင်မှ အလွန်တည်ငြိမ်နေပြီး ခိုင်ခိုင်မာမာရင်ဆိုင်နေတာကို တွေ့ရမှာပါ”

“ကျွန်တော်တို့အားလုံးသိကြတဲ့အတိုင်း ဒီခြင်္သေ့ဟာ ဆန်းရှိုင်းရပ်ကွက်ထဲရောက်နေတာဖြစ်ပြီး အကယ်၍သာ ခြင်္သေ့လွတ်မြောက်သွားခဲ့ရင် ရပ်ကွက်နေပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ဟာ အကြီးအကျယ်စိုးရိမ်ရမှာပါ၊ ဒါပေမဲ့ ဒီရဲအရာရှိဟာ ပြည်သူ့ရဲတစ်ဦးရဲ့ မြင့်မြတ်တဲ့စိတ်ဓာတ်ကို လက်ကိုင်ထားပြီး ခြင်္သေ့ကို အစွမ်းကုန်ဟန့်တားပေးခဲ့ပါတယ်”

“ဒါတင်မကသေးပါဘူး... ကျွန်တော်တို့ရဲ့ သတင်းထောက်တွေဟာ ဒီရဲအရာရှိက ခြင်္သေ့ကို ဘယ်လိုနှိမ်နင်းခဲ့သလဲဆိုတဲ့ ဗီဒီယိုမှတ်တမ်းကိုလည်းရရှိထားပါတယ်၊ အခု အဲဒီဗီဒီယိုကို ပြသပေးပါ့မယ်”

သတင်းတင်ဆက်သူ၏ ရှင်းပြချက်အဆုံးတွင် ဗီဒီယိုတစ်ခုပေါ်လာလေသည်။ ထိုဗီဒီယိုထဲတွင် ချင်ရန်နှင့်ခြင်္သေ့ကြီးတို့၏ ရင်သပ်ရှုမောဖွယ်ထိပ်တိုက်ရင်ဆိုင်မှုကို အထင်းသားမြင်တွေ့နေရ၏။

ဓာတ်ပုံထက်ပင် ပိုမိုထိတ်လန့်ဖွယ်ကောင်းပြီး အထူးသဖြင့် စက်အင်ဂျင်သံအလား ဟိန်းထွက်လာသော ခြင်္သေ့ကြီး၏ဟိန်းဟောက်သံမှာ ကြားရသူတိုင်းကို ကြက်သီးထစေပေသည်။

ခြင်္သေ့ကြီး၏ စူးရှသောအစွယ်များက ၎င်း၏ ရက်စက်မှုကို ဖော်ပြနေသော်လည်း ၎င်းနှင့် မျက်နှာချင်းဆိုင်နေသောရဲအရာရှိ၏ မျက်နှာထက်တွင်မူ မတုန်မလှုပ်အမူအရာတို့ကသာ လွှမ်းမိုးနေ၏။

နောက်ဆုံးတွင် အချိန်အတန်ကြာအကဲခတ်နေပြီးနောက် ထိုချောမောသောရဲအရာရှိလေးသည် ခြင်္သေ့ကြီးအနီးသို့ ဖြည်းညင်းစွာ တိုးကပ်သွားသည်။ ဤမြင်ကွင်းကို ကြည့်နေသော ပရိသတ်များမှာ ရင်တထိတ်ထိတ်ဖြင့် အသက်ရှူပင်ရပ်မတတ် ဖြစ်နေကြရ၏။

ဤရဲအရာရှိလေးသည် အလွန်ပင် သတ္တိရှိလှပေသည်။ လက်ဗလာဖြင့် ခြင်္သေ့တစ်ကောင်ကို နှိမ်နင်းရန်ကြိုးစားနေခြင်းပင် မဟုတ်လော။ သူက မိမိကိုယ်ကိုယ် တိရိစ္ဆာန်လေ့ကျင့်ပေးသူဟု ထင်နေသလော။

တိရိစ္ဆာန်လေ့ကျင့်ပေးသူများပင်လျှင် တုတ် သို့မဟုတ် အခြားကိရိယာတစ်ခုခုကို အသုံးပြုကြစမြဲဖြစ်သည်။ ခြင်္သေ့တစ်ကောင်ကို လက်ဗလာဖြင့် ငြိမ်သက်အောင်လုပ်ရန် ကြိုးစားခြင်းမှာ လက်အကိုက်ခံရရန် ဖိတ်ခေါ်နေသကဲ့သို့ပင်။

သို့သော်လည်း ဆက်လက်ဖြစ်ပေါ်လာသောမြင်ကွင်းမှာ ရင်တုန်ပန်းတုန် ဖြစ်ဖွယ်ပင်။

ခြင်္သေ့ကြီး၏ကြွက်သားများ ရုတ်ချည်းဖောင်းကြွလာပြီး လေထဲသို့ဝဲပျံတက်ကာ ထိုရဲအရာရှိလေးထံသို့ တဟုန်ထိုးခုန်အုပ်လိုက်တော့သည်။ ၎င်း၏ အရှိန်အဝါနှင့် ပေါက်ကွဲအားမှာ ကြောက်ခမန်းလိလိပင်။

ကြည့်ရှုနေသူများမှာ ထိုနေရာတွင်သာရှိနေပါက အသက်ရှူကြပ်၍သေဆုံးသွားနိုင်လောက်သော ဖိအားကို ခံစားနေရသည်။

အကယ်၍သာ ခြင်္သေ့၏အုပ်မိုးခြင်းကို ခံလိုက်ရပါက ထိုလူငယ်မှာ ချက်ချင်းပင်အကိုက်ခံရပြီး အသက်ပျောက်သွားနိုင်သည် မဟုတ်လော။

သို့သော် လက်တွေ့တွင်မူ ထိုသို့ဖြစ်မလာခဲ့ချေ။

ဗီဒီယိုထဲတွင် လူငယ်ရဲအရာရှိ၏ လက်နှစ်ဖက်မှာ ခြင်္သေ့ကြီး၏လည်ပင်းကို ရုတ်ချည်း ကျစ်ကျစ်ပါအောင်သိုင်းဖက်လိုက်ပြီး သူ၏လက်မောင်းများဖြင့် ခြင်္သေ့၏ရှေ့ခြေနှစ်ဖက်ကို အားပြုကာ အကန်ခံရခြင်းမှ ကာကွယ်လိုက်သည်။

ထို့နောက် ရဲအရာရှိသည် ခြင်္သေ့၏အရှိန်အတိုင်း မြေပြင်ပေါ်သို့လိမ့်ကျသွားပြီး အကြိမ်အနည်းငယ်လိမ့်သွားပြီးနောက် အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်သည်။

သူက ခြင်္သေ့၏ကိုယ်ပေါ်သို့ ခွစီးလိုက်ပြီး လက်မောင်းမှ သွေးကြောများထောင်ထွက်လာသည်အထိ ခြင်္သေ့၏လည်ပင်းကို တင်းကျပ်စွာ ညှစ်ထားလိုက်၏။

တစ်ချိန်တည်းမှာပင် ရဲအရာရှိ၏တံတောင်ဆစ်မှာ ခြင်္သေ့၏ ရှေ့ခြေထောက်အလယ်တည့်တည့်ကို ဖိထားသဖြင့် ခြင်္သေ့မှာ အားထုတ်ရန်ခက်ခဲသွားပြီး ခဏတာမျှ ရုန်းမထွက်နိုင်ဖြစ်သွားရသည်။

ထိုအချိန်တွင် အခြားရဲအရာရှိအမြောက်အမြား အပြေးအလွှားရောက်ရှိလာပြီး အဓိကရုဏ်းနှိမ်နင်းရေးဒိုင်းများဖြင့် ခြင်္သေ့ကြီးကို အုပ်မိုးကာ လှုပ်ရှားမရအောင်လုပ်လိုက်ကြလေသည်။ ၎င်းနောက်တွင် ကြိုးများဖြင့် တုပ်နှောင်လိုက်ကြသော်လည်း ယင်းမှာ စိတ်လှုပ်ရှားစရာအကောင်းဆုံးအပိုင်း မဟုတ်တော့ချေ။

ဗီဒီယိုမှာ ပြီးဆုံးသွားပြီဖြစ်သည်။

ကြည့်ရှုသူအားလုံးမှာ မှင်တက်ကာ ပါးစပ်အဟောင်းသား ဖြစ်နေကြတော့သည်။ ရှီးယားပြည်ကြီးတွင် ဤမျှသတ္တိရှိရုံသာမက ကိုယ်ခံပညာစွမ်းရည်ထက်မြက်သည့် လူထူးလူဆန်းတစ်ယောက် ရှိနေလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။

အကယ်၍သာ ထိုသို့သောအခြေအနေမျိုးတွင် ရှိနေပါက ဒေါသတကြီးဖြစ်နေသော ခြင်္သေ့တစ်ကောင်ကို မည်သူကများ တစ်ကိုယ်တည်းချဉ်းကပ်ဝံ့မည်နည်း။

ဤခြင်္သေ့မှာ အလျား ၁၆၀ စင်တီမီတာခန့်ရှိပြီး ကိုယ်လုံးကိုယ်ပေါက်ထွားကျိုင်းကာ အနည်းဆုံး ပိဿာချိန်ရှစ်ဆယ်ကျော်ခန့် ရှိပေလိမ့်မည်။ အရှိန်ပြင်းပြင်းဖြင့် ခုန်အုပ်ကိုက်ခဲလိုက်လျှင် ကမ္ဘာကျော်လက်ဝှေ့သမား မိုက်တိုင်ဆန်ပင် တောင့်ခံနိုင်လိမ့်မည်မဟုတ်ချေ။

ဤရဲအရာရှိလေးမှာ အံ့မခန်းထူးချွန်လွန်းလှသဖြင့် ယုံကြည်ရန်ပင် ခက်ခဲနေတော့သည်။

မကြာမီမှာပင် အနာဂတ်ရုပ်သံလိုင်းမှ ထိုသတင်းကို ထုတ်လွှင့်ပြသပြီးနောက် အွန်လိုင်းလူမှုကွန်ရက်စာမျက်နှာအားလုံးတွင် ဤအကြောင်းအရာမှာ ထိပ်တန်းရေပန်းစားသည့် သတင်းတစ်ခုဖြစ်လာတော့သည်။

“ချောမောသောရဲအရာရှိလေးက လက်ဗလာဖြင့် ခြင်္သေ့ကို ဖမ်းဆီးနိုင်ခဲ့”

ဤခေါင်းစဉ်မှာ ဖိုရမ်အားလုံးတွင် ထိပ်ဆုံးမှနေရာယူထားပြီး ဆွေးနွေးငြင်းခုံမှုများမှာလည်း အလွန်ပင်ပြင်းထန်လှသည်။

ကိုယ်ခံပညာရှင်အချို့ကမူ ဤသည်မှာ လူသားတစ်ယောက်အနေဖြင့် မဖြစ်နိုင်သော ကိစ္စဖြစ်ကြောင်း ဝေဖန်ဆွေးနွေးကြသည်။ ခြင်္သေ့လက်ဖဝါး၏ ရိုက်ချက်နှင့် ခုန်အုပ်နိုင်စွမ်းမှာ လူသားတို့၏ တောင့်ခံနိုင်စွမ်းထက် ကျော်လွန်နေသဖြင့် ဤရဲအရာရှိ မည်သို့လုပ်ဆောင်နိုင်ခဲ့သည်ကို သံသယဝင်နေကြ၏။

ကိုယ်ခံပညာလောကတွင်ပင် ဤသို့သော စွမ်းဆောင်ရည်မျိုးရှိသူမှာ ရှားပါးလှပေသည်။

တိရိစ္ဆာန်ဗေဒပညာရှင်များကလည်း ဤသည်မှာ မယုံကြည်နိုင်စရာဖြစ်ရပ်တစ်ခုဟု ဆိုကြသည်။

အကြောင်းမှာ ခြင်္သေ့မတစ်ကောင်၏ တိုက်ခိုက်နိုင်စွမ်းကို သူတို့ကောင်းစွာနားလည်ထားပြီး ယင်းမှာ လူသားတို့ကျော်ဖြတ်၍မရသော ဇီဝကမ္မဆိုင်ရာကန့်သတ်ချက်တစ်ခု ဖြစ်သောကြောင့်ပင်။ လူပေါင်းမြောက်မြားစွာက ထိုကိစ္စအပေါ် အမျိုးမျိုးသောထင်မြင်ချက်များ ပေးနေကြလေသည်။

တစ်ချိန်တည်းမှာပင် ခြင်္သေ့ဝါသနာအိုးများနှင့် ကျားဝါသနာအိုးများအကြား အငြင်းပွားမှုများလည်း ပေါ်ပေါက်လာသည်။

ကျားဝါသနာအိုးအချို့က လှောင်ပြောင်ကြသည်။“ဒါ ကျားသာဆိုရင် ရဲအရာရှိနှစ်ယောက်တောင်မလွယ်ဘူး၊ ခြင်္သေ့တွေက သိပ်အားနည်းလွန်းလို့ပါ”

ထိုအခါ ခြင်္သေ့ဝါသနာအိုးများကလည်း ပြန်လည် တုံ့ပြန်ကြလေ၏။ “ဒါက ခြင်္သေ့အမမို့လို့ပါ၊ တကယ်လို့သာခြင်္သေ့အထီးနဲ့ဆိုရင် ဒီရဲအရာရှိရပါ့မလား၊ ခြင်္သေ့အထီးတစ်ကောင်ရဲ့ လက်ဖဝါးရိုက်ချက်က ပိဿာချိန် ၅၀၀ ကျော်လောက်ရှိတာ၊ ဘယ်သူပဲဖြစ်ဖြစ် အသားဖတ်ဖြစ်သွားမှာပဲ”

မည်သို့ပင်ဆိုစေကာမူ ဤဖြစ်ရပ်မှာ လူ့အဖွဲ့အစည်းတစ်ရပ်လုံးသို့ ပျံ့နှံ့သွားပြီး အလွန်ပင် ရေပန်းစားနေတော့သည်။

တစ်ဖက်တွင်မူ ပါလီမြစ်ရဲစခန်း၌...

ချင်ရန်သည် သူ၏ရုံးခန်းခုံတွင် လတ်တလောလုပ်စရာမရှိသဖြင့် ပျင်းရိစွာထိုင်နေမိသည်။ ထိုစဉ် ဘေးနားရှိရှကျဲထံမှ အံ့အားသင့်သည့် အာမေဍိတ်သံ ထွက်ပေါ်လာသည်။

“အလို!”

“ဟင်... ဘာဖြစ်လို့လဲရှောင်ကျဲ” ချင်ရန် မမေးဘဲမနေနိုင်တော့ချေ။

ရှကျဲသည် သူမ၏ဖုန်းမျက်နှာပြင်ကို လက်ချောင်းလေးများဖြင့် အဆက်မပြတ်ပွတ်ဆွဲနေပြီး သူမ၏နှုတ်ခမ်းလေးမှာ အံ့သြလွန်း၍ အနည်းငယ် ဟဟလေးဖြစ်နေသည်။

သူမသည် ဗီဒီယိုတစ်ခုကို နှိပ်ကြည့်လိုက်ပြီးနောက် အလွန်မှင်တက်သွားသော မျက်နှာထားဖြစ်သွား၏။

သူမသည် ချင်ရန်ကို လှည့်ကြည့်လိုက်ရာ သူမ၏အကြည့်များမှာ လူသားတစ်ယောက်ကို ကြည့်နေသည့်ပုံမျိုးမဟုတ်ဘဲ ထူးဆန်းသောသတ္တဝါကြီးတစ်ကောင်ကို ကြည့်နေသည့်ပုံမျိုးဖြစ်နေသည်။

ချင်ရန်မှာ ဇဝေဇဝါဖြစ်သွားကာ မေးလိုက်၏။ “ရှောင်ကျဲ... ဘာလို့ ငါ့ကို အဲဒီလိုကြည့်နေတာလဲ”

ထိုစဉ်မှာပင် လီတဝေ့၊ ကျောက်ကျိဝေနှင့် ယန်ရှုတို့သည်လည်း သတင်းအသစ်တက်လာသဖြင့် ဖုန်းကို ဖွင့်ကြည့်လိုက်ကြသည်။ သူတို့အားလုံး၏မျက်နှာထက်တွင် အံ့သြမှုများပြည့်နှက်သွားပြီး ရှကျဲကဲ့သို့ပင် ချင်ရန်ကို ထူးဆန်းသောအကြည့်များဖြင့် ဝိုင်းကြည့်လာကြတော့လေ၏။

“အစ်ကိုရန်... ခင်ဗျား... ခင်ဗျားကတော့ သိပ်ကို အံ့ဩဖို့ကောင်းတာပဲဗျာ”

လီတဝေ့က ချင်ရန်အပေါ် ထိန်းမနိုင်သိမ်းမရသော ကြည်ညိုလေးစားမှုများပြည့်နှက်နေသည့် လေသံဖြင့် ဦးစွာစကားဆိုလိုက်သည်။ ချင်ရန်မှာမူ သူတို့ ဘာတွေပြောနေကြသည်ကို မသိသဖြင့် ပို၍ပင် မျက်စိလည်သွားရလေ၏။

ထိုအချိန်တွင် ရှကျဲက သူမ၏ဖုန်းကို ချင်ရန်ထံကမ်းပေးလိုက်သည်။ ဖုန်းမျက်နှာပြင်ပေါ်တွင် ချင်ရန်နှင့် ခြင်္သေ့ကြီး ထိပ်တိုက်ရင်ဆိုင်နေသည့်ဓာတ်ပုံကို မြင်လိုက်ရ၏။

“ဟင်... ဒါဘယ်လိုဖြစ်တာလဲ”

ချင်ရန်မှာ အံ့အားသင့်သွားကာ ရေရွတ်လိုက်မိသည်။

“ဒါကို ဘယ်သူက ဓာတ်ပုံရိုက်လိုက်တာလဲ၊ အဲဒီအချိန်မှာ ဘယ်သူမှမရှိဘူးလို့ငါထင်ထားတာ၊ သတင်းထောက်တွေအားလုံးကလည်း အတားအဆီးတွေရဲ့ အပြင်ဘက်မှာပဲ ရှိနေကြတာမဟုတ်ဘူးလား”

ရုတ်တရက် ချင်ရန်တစ်ခုကို တွေးမိသွားသည်။ သတင်းထောက်အချို့မှာ သတင်းဦးရရှိရန်အတွက် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုတတ်ကြသည် မဟုတ်လော။

သူတို့သည် သတင်းရရှိရန်အတွက် အမှောင်ထဲတွင်ပုန်းအောင်းကာ ဓာတ်ပုံရိုက်ကူးခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။

“ချင်ရန်... နင့်မှာ ဒီလောက်စွမ်းရည်တွေရှိနေမယ်လို့ ငါ အရင်က လုံးဝမထင်ထားခဲ့ဘူး” ရှကျဲက လေးစားစွာဖြင့် ပြောလိုက်သည်။

မကြာမီမှာပင် ရဲစခန်းရှိလူတိုင်း ဤကိစ္စကို သိရှိသွားကြတော့သည်။ ဤသတင်းမှာ အလွန်ရေပန်းစားလှသဖြင့် ဖိုရမ်အားလုံး၏ ထိပ်တန်းသတင်း ဖြစ်နေသောကြောင့်ပင်။

ပါလီမြစ်မှလူများစွာက သူ့ကို ထူးဆန်းသောအကြည့်များဖြင့် ကြည့်နေကြပြီး ဤကဲ့သို့သောပါရမီရှင်တစ်ယောက် ပါလီမြစ်ကဲ့သို့နေရာလေးတွင် ရှိနေခြင်းမှာ အလဟဿဖြစ်လွန်းသည်ဟုပင် တွေးမိနေကြလေသည်။

ချင်ရန်သည်လည်း သတင်းကို ဖွင့်ကာ သေချာဖတ်ကြည့်လိုက်သည်။ သူ့အတွက် အနည်းငယ် စိတ်သက်သာရာရစေသည့်အချက်မှာ သတင်းထောက်သည် သူ၏မျက်နှာအပြည့်ကို မရိုက်နိုင်ခဲ့ဘဲ ဘေးတိုက်ပုံစံကိုသာ ရိုက်ကူးနိုင်ခဲ့ခြင်းပင်။

ဤအချက်ကြောင့် ချင်ရန်မှာ အလွန်အမင်းနာမည်ကြီးသွားခြင်းမျိုး မရှိနိုင်တော့ချေ။

“အခု ပါလီမြစ်ကတော့နာမည်ကြီးသွားပြီ၊ ဒါပေမဲ့ ကံကောင်းတာက ငါ့မျက်နှာအပြည့်ကို မရိုက်နိုင်ခဲ့ဘူး၊ ဒါကြောင့် လမ်းမပေါ်မှာလမ်းလျှောက်ရင်တော့ ငါ့ကို လူအများကြီးမှတ်မိနိုင်မှာမဟုတ်တော့ဘူး”

ချင်ရန်က သူ၏နဖူးကို လက်ဖြင့်ပွတ်သပ်ရင်း သက်ပြင်းချကာ တွေးလိုက်လေတော့သည်။

All Chapters