← Chapters

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

အခန်း (၂၇-၂၈)

Vol. 3 Ch. 27-28

27

အကယ်၍သာ ချင်ရန်၏မျက်နှာအပြည့်ကို ကင်မရာထဲတွင် အမိအရရိုက်ကူးနိုင်ခဲ့လျှင် နောင်တစ်ချိန်တွင် သူတာဝန်ထမ်းဆောင်ရာ၌ အဆင်မပြေမှုများ ကြုံတွေ့ရနိုင်ပေသည်။

ယခုအခါတွင်မူ ဖျင်လင်းမြို့ရှိလူတိုင်းက ပါလီမြစ်ရဲစခန်းတွင် ခြင်္သေ့တစ်ကောင်ကိုပင် လက်ဗလာဖြင့် နှိမ်နင်းနိုင်သော နတ်ဘုရားတစ်မျှစွမ်းအားရှိသည့် လူတစ်ယောက်ရှိကြောင်း သိရှိသွားကြပြီဖြစ်သည်။

ရှေးယခင်က ကျားကိုသတ်ခဲ့သော ဝူဆုန်ရှိခဲ့လျှင် ယခုခေတ်တွင်မူ ခြင်္သေ့ကိုအောင်နိုင်ခဲ့သော ချင်ရန်ရှိနေပေသည်။

လီတဝေ့၊ ယန်ရှုနှင့် ကျောက်ကျိဝေတို့သည် ချင်ရန်ကို မကြာခဏဆိုသလို ခိုးကြည့်နေကြ၏။ ခြင်္သေ့ကို ဖမ်းဆီးနိုင်ခဲ့သော ချင်ရန်၏သတင်းမှာ သူတို့၏စိတ်နှလုံးကို အကြီးအကျယ်တုန်လှုပ်စေခဲ့သည်မှာ ထင်ရှားလှပေသည်။

ဤအောင်မြင်မှုတွင် ချင်ရန်တစ်ဦးတည်း၏ ကြိုးပမ်းအားထုတ်မှုမှာ ရှစ်ဆယ်ရာခိုင်နှုန်းခန့်ပါဝင်နေသည်ဟုပင် ဆိုရမည်။

“ချင်ရန်၊ မင်းတော့ တစ်မြို့လုံးမှာနာမည်ကြီးသွားပြီဟေ့”

ရုတ်တရက်ဆိုသလို အားရပါးရရယ်မောသံကြီးတစ်ခု ထွက်ပေါ်လာသည်။ ချောင်ကျန့်ကျွင်းသည် မျက်နှာတစ်ခုလုံးပြုံးဖြီးနေရင်း လျှောက်လာ၏။

ယခင်က စခန်းမှူးဝမ်သည် သူ့အားသေနတ်ယူရန် ရဲစခန်းသို့လွှတ်လိုက်သဖြင့် သူသည် ခြင်္သေ့ကို ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်တစ်ခုလုံးကို အစအဆုံးမမြင်တွေ့ခဲ့ရချေ။

သတင်းများထွက်ပေါ်လာပြီးနောက်တွင်မှ ချင်ရန်သည် ခြင်္သေ့ကြီးကို လက်ဗလာဖြင့် လုံးထွေးသတ်ပုတ်ကာ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သူသိရှိသွားရသည်။ ချင်ရန်မှာ ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းလောက်အောင် စွမ်းဆောင်နိုင်လိမ့်မည်ဟု သူမထင်မှတ်ခဲ့ပေ။

ယခုအခါ ချောင်ကျန့်ကျွင်းသည် ချင်ရန်၏တိုက်ခိုက်ရေးစွမ်းရည်ကို အကြွင်းမဲ့ယုံကြည်သွားပြီဖြစ်သည်။

မူလက ချင်ရန်သည် အသက်ငယ်သေးသဖြင့် ကိုယ်ခံပညာအခြေခံအဆင့်လောက်သာ ရှိလိမ့်မည်ဟု သူ ထင်မြင်ခဲ့မိခဲ့လေ၏။

သို့သော် ယခုမူ မတူတော့ချေ။ ဗီဒီယိုထဲတွင်မြင်တွေ့ရသော ချင်ရန်၏တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်ပင် ထူးချွန်ပြောင်မြောက်လှသည်။

“ဒါက ပြောလောက်စရာမဟုတ်ပါဘူး၊ တကယ်လို့ အစ်ကိုချောင်သာ အဲဒီနေရာမှာရှိနေရင် အစ်ကိုလည်းလုပ်နိုင်မှာပါ” နှိချင်ရန်က အနည်းငယ်ပြုံးလိုက်ရင်း နှိမ့်ချစွာ ပြောလိုက်သည်။

ချင်ရန်သည် ချောင်ကျန့်ကျွင်း၏စရိုက်ကို ကောင်းကောင်းကြီးနားလည်ထားပေသည်။ ချောင်ကျန့်ကျွင်းသည် မိမိ၏ အောင်မြင်မှုများကို ထုတ်ဖော်ကြွားဝါလိုပြီး အတ္တကြီးမားသူတစ်ဦးဖြစ်၏။

ထိုသို့သောသူများသည် အရည်အချင်း အတန်အသင့်ရှိကြသော်လည်း နှိမ့်ချမှုမရှိဘဲ ချီးမွမ်းစကား အနည်းငယ်ကြားလိုက်ရရုံဖြင့် ကောင်းကင်ဘုံသို့ ရောက်သွားတတ်ကြသူများ ဖြစ်သည်။

ချင်ရန်၏ ချီးမွမ်းစကားကို ကြားလိုက်ရသောအခါ ချောင်ကျန့်ကျွင်းမှာ ရင်ထဲတွင် လှိုက်လှိုက်လှဲလှဲဝမ်းသာသွားတော့သည်။

“ချင်ရန်... မင်းအချိန်ရရင် ငါတို့ ကိုယ်ခံပညာခန်းမကို သွားကြရအောင်၊ မင်းဆီကနေ ပညာအချို့ သင်ယူချင်သေးတယ်ဗျာ” ချောင်ကျန့်ကျွင်းက ပြောလိုက်၏။

သူသည် ချင်ရန်၏ အစစ်အမှန်စွမ်းအားကို ကိုယ်တိုင်ကိုယ်ကျ စမ်းသပ်ကြည့်လိုနေခြင်း ဖြစ်သည်။

ချင်ရန်ကပြုံးလျက် “ရတာပေါ့... ကျွန်တော် အချိန်ရရင် ဘာမှ ပြဿနာမရှိပါဘူး” ဟု ပြန်ပြောလိုက်သည်။

ချောင်ကျန့်ကျွင်းက အလျင်အမြန်ပင် အားတက်သရော ပြောလိုက်လေသည်။“မင်းကတိပေးပြီးပြီနော်၊ ဒီအပတ်ထဲပဲ၊ ငါ့ရဲ့ဒီအပတ်အားလပ်ရက်မှာ ငါတို့နှစ်ယောက်ကို အဆောက်အဦအလှည့်ကျတာဝန် အတူတူကျအောင် စခန်းမှူးဝမ်ကို ငါပြောထားလိုက်မယ်”

ချင်ရန်မှာ ခဏမျှမှင်တက်သွားပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။ “ကောင်းပါပြီ၊ ပြဿနာမရှိဘူး”

‘ဒီလူ... ငါနဲ့လက်ရည်စမ်းချင်နေတာလား’

မည်သို့ပင်ဆိုစေ ချင်ရန်အတွက်မူ အနှောင့်အယှက်မရှိပေ။ ချောင်ကျန့်ကျွင်း၏စရိုက်တွင် အားနည်းချက်များရှိနေပြီး သူသည် တာဝန်ယူလိုစိတ်အားနည်းသူတစ်ဦး ဖြစ်သည်။

အကယ်၍ ဖြစ်နိုင်လျှင် ချင်ရန်အနေဖြင့် သူ့အား ကောင်းကောင်းကြီး သင်ခန်းစာပေးလို၏။

ချောင်ကျန့်ကျွင်းထွက်သွားပြီးနောက် ချင်ရန်နှင့် အခြားသူများသည် သူတို့၏ရုံးခန်းခုံများတွင် အလုပ်မရှိသဖြင့် ငြိမ်သက်စွာ ထိုင်စောင့်နေကြရသည်။ ထိုသို့ဖြင့် ငါးနာရီခန့်ကြာသွားခဲ့၏။

ယခုအခါ ညနေငါးနာရီ ထိုးနေပြီဖြစ်ရာ နေဝင်ရီတရောအချိန်သို့ ရောက်ရှိနေပြီဖြစ်သည်။

ဒုတိယစခန်းမှူးချန်ဟောက်သည် တည်တည်တန့်တန့်မျက်နှာထားဖြင့် ရောက်ရှိလာသည်။

သူ၏အနောက်တွင် လက်ထောက်နှစ်ဦးပါလာပြီး သူတို့သည် ခေါင်းတွင် အမည်းရောင်အိတ်စွပ်ထားသော ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို ပါလီမြစ်ရဲစခန်းအတွင်းသို့ ခေါ်ဆောင်လာကြသည်။ ထိုအမျိုးသမီး၏ကိုယ်ဝန်မှာ အတော်ပင် ရင့်နေပြီဖြစ်ကြောင်း ထင်ရှားလှ၏။

ရဲစခန်းထဲသို့ရောက်သည်နှင့် ချန်ဟောက်က တည်ကြည်လေးနက်သောလေသံဖြင့် ချင်ရန်နှင့် ရှကျဲကို ကြည့်ကာ ခေါ်လိုက်သည်။ “မင်းတို့နှစ်ယောက်... ခဏလာခဲ့ကြဦး”

ချင်ရန်နှင့် ရှကျဲတို့သည် ချက်ချင်းပင် မတ်တတ်ရပ်လိုက်ကြ၏။ နောက်ဆုံးတွင် တာဝန်တစ်ခုရောက်ရှိလာပြီဖြစ်ရာ သူတို့နှစ်ဦးလုံး စိတ်လှုပ်ရှားသွားကြသည်။

ချန်ဟောက်သည် ကိုယ်ဝန်ဆောင်အမျိုးသမီးကို စစ်ဆေးမေးမြန်းခန်းထဲသို့ခေါ်ဆောင်သွားရာ ချင်ရန်နှင့် ရှကျဲတို့ကလည်း အနောက်မှထပ်ကြပ်မကွာ လိုက်ပါသွားကြလေသည်။

ဒုန်း။

အခန်းထဲသို့ရောက်သည်နှင့် ချန်ဟောက်က တံခါးကို ဆောင့်ပိတ်လိုက်သည်။ ချင်ရန်က မျက်မှောင်ကြုတ်ရင်း ချန်ဟောက် ဘာကြောင့် ဤမျှဒေါသထွက်နေရသနည်းဟု တွေးတောနေမိသလို ရှကျဲမှာလည်း ထိတ်လန့်သွားရ၏။

ချန်ဟောက်က ဩဇာအပြည့်ပါသောလေသံဖြင့် အမိန့်ပေးလိုက်သည်။ “ရှောင်ကျဲ... မင်း ကွန်ပျူတာမှာမှတ်တမ်းတင်ပေး၊ ချင်ရန်... မင်းကတော့ ဘေးကနေကြည့်ပြီး ငါဘယ်လိုစစ်ဆေးမေးမြန်းသလဲဆိုတာကို လေ့လာထား”

“ဟုတ်ကဲ့ပါ” ချင်ရန်က ခေါင်းညိတ်လိုက်၏။ ဤကိုယ်ဝန်ဆောင် အမျိုးသမီးသည် မည်သည့်ပြစ်မှုကို ကျူးလွန်ခဲ့သဖြင့် ဖမ်းဆီးခံရသနည်း။ ဖမ်းဆီးခံရရုံတင်မကဘဲ ခေါင်းကိုပါအိတ်စွပ်ခံထားရသည်မှာ ထူးဆန်းလှပေသည်။

ဒုန်း။

ချန်ဟောက်က ထိုင်ခုံတွင်ထိုင်လိုက်ပြီး စားပွဲကို ကျယ်လောင်စွာ ထုလိုက်သည်။

“ရဲအရာရှိကြီး၊ ဘာ... ဘာလုပ်မလို့လဲ၊ ကျွန်မက ကိုယ်ဝန်ဆောင်လေ၊ မကြာခင်ကလေးမွေးတော့မှာ၊ ဘာဖြစ်လို့ ကျွန်မကို ဖမ်းတာလဲ” မျက်နှာချင်းဆိုင်ရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ တုန်လှုပ်သွားပြီး တုန်ရီနေသော အသံဖြင့် မေးရှာသည်။

ချန်ဟောက်က ထိုစကားကို ကြားသောအခါ လှောင်ပြုံးပြုံးလိုက်ရင်း ဟိန်းဟောက်လိုက်လေသည်။

“စစ်ဆေးမေးမြန်းခန်းထဲရောက်နေတာတောင် ဘာတွေဟန်ဆောင်နေသေးတာလဲ၊ ဒီအခန်းထဲမှာ ကိုယ်ဝန်ဆောင်ဆိုတာမရှိဘူး၊ တခြား ဘာအလုပ်အကိုင်မှလည်းမရှိဘူး၊ ဒီမှာရှိတာက ပြစ်မှုကျူးလွန်သူဆိုတဲ့ အလုပ်တစ်ခုပဲရှိတယ်”

ဘေးနားတွင် မှတ်တမ်းတင်နေသော ရှကျဲမှာ မျက်မှောင်ကြုတ်သွားမိသည်။ ချန်ဟောက်၏ အသုံးအနှုန်းမှာ ပြင်းထန်လွန်းလှသည် မမဟုတ်လေ။

မည်သို့ပင်ဆိုစေ မျက်နှာချင်းဆိုင်ရှိသူမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဖြစ်သည်။ ဤမျှအထိ အော်ဟစ်နေလျှင် ဝမ်းဗိုက်ထဲရှိကလေးငယ်ကို ထိခိုက်သွားနိုင်သည် မဟုတ်လော။

ချင်ရန်မှာမူ တည်ငြိမ်နေဆဲဖြစ်သည်။ သူသည် ထိုအမျိုးသမီး၏ လက်ချောင်းများ ပြင်းထန်စွာတုန်ယင်နေခြင်းနှင့် သူမ၏ နှုတ်ခမ်းများ တုန်ခါနေခြင်းကို သတိထားကြည့်နေ၏။

ချင်ရန်က မျက်တောင်မခတ်တမ်းကြည့်ရင်း ပြောလိုက်သည်။ “ခင်ဗျားရဲ့ နှုတ်ခမ်းတွေတုန်နေတယ်၊ လက်တွေတုန်နေတယ်၊ တစ်ကိုယ်လုံးတုန်နေတာပဲ၊ ခင်ဗျား အခု အပြစ်ရှိတယ်လို့ ခံစားနေရလို့ အခုလိုတုန်လှုပ်နေတာလို့ ငါ ယူဆလို့ရမလား”

ချန်ဟောက်က ချင်ရန်ကို အံ့သြတကြီး ကြည့်လိုက်မိ၏။ ချင်ရန်၏ အကဲခတ်နိုင်စွမ်းမှာ အလွန်ပင်စူးရှလှပေသည်။

ချန်ဟောက်က မျက်နှာပြန်လွှဲလိုက်ပြီး ခပ်ပြတ်ပြတ်ပင် ဆက်ပြောလိုက်သည်။ “အမှန်အတိုင်းဝန်ခံရင် သက်ညှာပေးမယ်၊ ရုန်းကန်နေမယ်ဆိုရင်တော့ ပြင်းပြင်းထန်ထန် အရေးယူရလိမ့်မယ်၊ မင်းက ကိုယ်ဝန်ဆောင်တစ်ယောက်ဖြစ်နေလို့ ငါ စကားတွေအများကြီးမပြောချင်ဘူး၊ အခု... မင်းသိသမျှအကုန်ပြောပြစမ်း”

“ဟီးရိုးအင်း ၊ သစ်ရွက်၊ စိန် ဒါတွေဘယ်ကရတာလဲ” ချန်ဟောက်က အေးစက်စက်လေသံဖြင့် မေးလိုက်သည်။

ရှကျဲမှာ ဇဝေဇဝါ ဖြစ်သွားရသည်။ ‘ချန်ဟောက် ပြောနေတဲ့ အရာတ္ပေက ဘာတွေပါလိမ့်'

ချင်ရန်က ဘေးနားမှ တိုးတိုးလေးရှင်းပြလိုက်သည်။ “အဲဒီ သုံးမျိုးစလုံးက မူးယစ်ဆေးဝါးတွေရဲ့ ဘန်းစကားတွေပဲ”

ရှကျဲမှာ ပို၍ပင်ထိတ်လန့်သွားရသည်။

“ဘာ...”

ဤကိုယ်ဝန်ဆောင်အမျိုးသမီးသည် မူးယစ်ဆေးဝါးကုန်ကူးမှုတွင် ပါဝင်ပတ်သက်နေသည်လော။ ဤသို့တွေးမိသည်နှင့် ရှကျဲ၏ကျောထဲတွင် အေးစိမ့်သွားတော့သည်။

ချင်ရန်၏ အကြည့်များမှာ လေးနက်နေ၏။ ချန်ဟောက်ဖမ်းဆီးလာသူမှာ မူးယစ်ဆေးဝါးနှင့် ပတ်သက်နေလိမ့်မည်ဟု သူမထင်မှတ်ထားခဲ့ပေ။

ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို အသုံးပြု၍ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေသူများသည် မည်မျှပင် ယုတ်မာပက်စက်ကြသနည်း။

ထိုအမျိုးသမီးမှာ ချန်ဟောက်၏စကားကို ကြားသောအခါ တုန်တုန်ရီရီဖြင့် ပြောလိုက်လေသည်။ “ရဲအရာရှိကြီး၊ ကျွန်မ... ကျွန်မ တကယ် ဘာပြောနေမှန်းမသိပါဘူး'

“ဟက်...”

ချန်ဟောက်က လှောင်ရယ်လိုက်ရင်း “မင်းဆီမှာ ဟီးရိုးအင်းနှစ်ထုပ်၊ သစ်ရွက်တစ်ထုပ်နဲ့ စိန်တစ်ထုပ်ကို ငါတို့ တွေ့ထားပြီးပြီ၊ ဒါကို ဘာပြောမှန်းမသိဘူးလို့ပြောနေတာလား၊ ငါတို့ တိုင်းပြည်က မူးယစ်ဆေးဝါး နှိမ်နင်းရေးကို ဘယ်လောက်အထိ ပြင်းပြင်းထန်ထန်လုပ်ဆောင်နေလဲဆိုတာ မင်းသိသင့်တယ်”

“ဒါပေမဲ့ မင်းက ကိုယ်ဝန်ဆောင်ဖြစ်နေလို့ အမှန်အတိုင်းဝန်ခံမယ်ဆိုရင် ငါ မင်းအတွက် အမြင့်ဆုံးလျှော့ပေါ့မှုကို လျှောက်ထားပေးမယ်၊ ဒါပေမဲ့ မင်းကသာ ဆက်ပြီးဖုံးကွယ်နေဦးမယ်ဆိုရင်တော့...”

ချန်ဟောက်က စကားကို အဆုံးမသတ်ဘဲချန်ထားခဲ့သည်။ သို့သော် အဓိပ္ပာယ်မှာရှင်းလင်းလှပေသည်။

မျက်နှာချင်းဆိုင်ရှိ ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ ပြင်းထန်စွာ တုန်ယင်လာ၏။

ခေါင်းစွပ် စွပ်ထားသော်လည်း သူမ၏မျက်နှာပေါ်တွင် မျက်ရည်များစီးကျနေကြောင်း သိသာလှ၏။ သူမက ခေါင်းကို အသည်းအသန် ခါယမ်းရင်း ငိုယိုကာ ပြောရှာသည်။ “ကျွန်မမသိဘူး၊ ဒီအရာတွေက ကျွန်မဆီကို ဘယ်လိုရောက်လာတာလဲဆိုတာ ကျွန်မတကယ်မသိတာပါ၊ ကျွန်မ ဘာမှနားမလည်ပါဘူး”

သို့သော် သူမ၏ စကားများမှာ အဓိပ္ပာယ် သိပ်မရှိလှချေ။ သူမသည် တကယ်ပင် ကြောက်လန့်နေခြင်းလား သို့မဟုတ် တမင်တကာ ဟန်ဆောင်နေခြင်းလားဆိုသည်မှာ မသဲကွဲပေ။

ရှကျဲ၏ရင်ထဲတွင် သနားစိတ်များ တဖွားဖွားပေါ်ပေါက်လာသည်။ ဤမျှ သနားစရာကောင်းလှသော ကိုယ်ဝန်ဆောင်အမျိုးသမီးကို မြင်ရသည်မှာ သူမအတွက် ရင်နာစရာပင်။ ဗိုက်ထဲတွင် ကလေးတစ်ယောက်ရှိနေပြီး ကိုယ်ဝန်မှာ ကိုးလခန့်ပင် ရှိနေပုံရပေသည်။

ထို့နောက် ချန်ဟောက်က ပြင်းထန်သောစကားလုံးများဖြင့် ထပ်မံ အော်ဟစ် စစ်ဆေးလေသည်။ နောက်ဆုံးတွင် ထိုအမျိုးသမီးမှာ ငိုယိုခြင်းမှတစ်ပါး အခြားဘာမှမလုပ်နိုင်တော့ချေ။

ချန်ဟောက်က မည်မျှပင် ဆူပူကြိမ်းမောင်းပါစေ၊ သူမမှာ တရှုံ့ရှုံ့ငိုရင်းသာ နှုတ်ဆိတ်နေလေသည်။

ဘေးနားရှိ ရှကျဲမှာ ဆက်မကြည့်ရဲတော့ဘဲ တိုးတိုးလေး ဆိုလိုက်သည် “ဆရာ... ကိုယ်ဝန်ဆောင်တစ်ယောက်ကိုတော့ နည်းနည်းလောက် သနားပေးသင့်တယ်မဟုတ်ဘူးလား၊ အခုက အရမ်းပြင်းထန်လွန်းနေပြီထင်တယ်”

ချန်ဟောက်က မျက်မှောင်ကြုတ်လိုက်ပြီး လေသံမာမာဖြင့် ပြောလိုက်၏။ “ရှောင်ကျဲ... မင်းရဲ့သနားစိတ်က ငါတို့အတွက်တော့ရက်စက်မှုပဲ၊ ငါတို့တိုင်းပြည်မှာ မူးယစ်ဆေးဝါးနှိမ်နင်းရေးအတွက် နှစ်စဉ် သူရဲကောင်းဘယ်နှယောက်လောက် အသက်ပေးနေရသလဲဆိုတာ မင်းမသိဘူးလား”

ထိုစကားများက ချင်ရန်၏ရင်ကို ထိမှန်သွားစေသည်။ သို့သော် ထိုအမျိုးသမီးက ဆက်လက်နှုတ်ဆိတ်နေသဖြင့် အခြေအနေမှာ ရှေ့ဆက်ရန်ခက်ခဲနေ၏။

ချင်ရန်က သူ၏မေးစေ့ကို ပွတ်သပ်ရင်း ထိုအမျိုးသမီးကို စိုက်ကြည့်ကာ သူမထံမှ သတင်းအချက်အလက်များရရှိအောင် မည်သို့လုပ်ဆောင်ရမည်ကို အလေးအနက်စဉ်းစားနေလေတော့သည်။

28

“ဒါပေမဲ့ သူက ကိုယ်ဝန်ဆောင်တစ်ယောက် ဖြစ်နေတာပဲလေ” ရှကျဲသည် ရင်ထဲတွင် မချိတင်ကဲဖြစ်စွာဖြင့် ပြောရှာ၏။

“ထူးကဲတဲ့ အခြေအနေတွေမှာ ထူးကဲတဲ့နည်းလမ်းတွေကို သုံးရတာပဲ၊ သူက ကိုယ်ဝန်ဆောင်ဖြစ်နေရင်တောင်မှ ဥပဒေအရ စစ်ဆေးမေးမြန်းမှုကိုတော့ ရင်ဆိုင်ရမှာပဲ” ချန်ဟောက်က သက်ပြင်းတစ်ချက်ချကာ ပြန်ပြောလိုက်သည်။

ချန်ဟောက်သည် ရှကျဲနှင့် စကားပြောနေခြင်းကို ရပ်တန့်လိုက်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးထံသို့ ပြန်လှည့်ကာ ပြင်းထန်သော လေသံဖြင့် အကြိမ်ကြိမ်ဆက်လက်စစ်ဆေးလေသည်။

သူသည် ပြင်းထန်သောစကားလုံးများဖြင့် ထိုအမျိုးသမီး၏စိတ်ဓာတ်ကို ချိုးနှိမ်ကာ ဝန်ခံလာစေရန်ကြိုးစားနေခြင်းဖြစ်သည်။

ဤအချိန်တွင် ထိုအမျိုးသမီး၏စိတ်အခြေအနေမှာ အလွန်ပင်နုနယ်နေပြီဖြစ်ရာ မိုးကြိုးပစ်သကဲ့သို့ ပြင်းထန်သောစကားလုံးအချို့က သူမကို အမှန်အတိုင်းဝန်ခံလာစေရန် လုံလောက်လိမ့်မည်ဟု သူယုံကြည်ထားသည်။

သို့သော် သူထင်မှတ်မထားသည်က ထိုအမျိုးသမီးမှာ ရှိုက်ကြီးတငင်ငိုကြွေးနေရုံမှတစ်ပါး စကားတစ်လုံးတစ်လုမျှ ထွက်မလာခြင်းပင်။ ချန်ဟောက်သည် ထိုအမျိုးသမီး၏ဘေးတွင် အကြိမ်ကြိမ်လှည့်ပတ်သွားလာရင်း စစ်ဆေးနေသော်လည်း ဘာမှထူးခြားမလာခဲ့ချေ။

ဤကိုယ်ဝန်ဆောင်အမျိုးသမီးမှာ အလွန်ပင် ခေါင်းမာလှပေသည်။ သူမသည် မည်သို့မျှနှုတ်မဟလာပေ။

ချန်ဟောက်၏မျက်နှာမှာ ယခင်ကထက်ပိုမိုတည်တန့်လာကာ တွေးဆလိုက်သည်။ “ဒီအမျိုးသမီးသယ်လာတဲ့ ဟီးရိုးအင်းတွေက တစ်နေရာရာကို ပို့ဖို့ဖြစ်ရမယ်၊ ဖျင်လင်းမြို့က မူးယစ်ဆေးဝါးတွေသောင်းကျန်းတဲ့ နယ်စပ်ဒေသနဲ့မတူဘူး”

“ဒါကြောင့် ဖျင်လင်းမြို့ထဲမှာပဲ ဟီးရိုးအင်းတွေထုတ်လုပ်တဲ့ အခြေစိုက်စခန်းတစ်ခုရှိနေနိုင်တယ်”

“ပြီးတော့ ဒီအမျိုးသမီးက အဲဒီစခန်းကနေ ဟီးရိုးအင်းတွေ၊ ဆေးခြောက်တွေနဲ့ တခြားတားမြစ်ပစ္စည်းတွေကို သယ်ထုတ်လာတာဖြစ်ရမယ်”

ချန်ဟောက်သည် လေကို ဖြည်းဖြည်းချင်းမှုတ်ထုတ်လိုက်သည်။ သူသည် အတွေ့အကြုံရင့် ရဲအရာရှိတစ်ဦးဖြစ်သဖြင့် အခြေအနေအရပ်ရပ်ကို ကောင်းကောင်းတွေးဆနိုင်ပေသည်။ ဘေးနားရှိချင်ရန်ကလည်း လေးနက်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

သူ၏အမြင်မှာလည်း ချန်ဟောက်နှင့် ထပ်တူပင်ဖြစ်သည်။ စည်ကားလှသောဖျင်လင်းမြို့၏ တစ်နေရာရာတွင် မူးယစ်ဆေးဝါးအခြေစိုက်စခန်းတစ်ခု ပုန်းအောင်းနေမည်မှာ သေချာလှပေသည်။

ထိုအမျိုးသမီးသယ်ဆောင်လာသော မူးယစ်ဆေးဝါးပမာဏအနည်းငယ်မှာ တစ်နေရာရာတွင် ရောင်းချရန် ဖြစ်နိုင်ပေသည်။

ဤကိုယ်ဝန်ဆောင်အမျိုးသမီးမှာ အလွန်အရေးကြီးသော လူတစ်ယောက်ဖြစ်သည်ဟု ဆိုရမည်။ သူမ၏ စိတ်ထဲတွင် အလွန်အရေးကြီးသော သတင်းအချက်အလက်များစွာ ရှိနေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။

မူလက သူမသည် တန်ဖိုးရှိသော သက်သေတစ်ဦးဖြစ်နိုင်သော်လည်း ကံမကောင်းစွာဖြင့် သူမ၏ အခြေအနေမှာ အလွန်ထူးခြားနေခြင်း ဖြစ်သည်။

အကယ်၍သာ သာမန်လူတစ်ယောက်ဖြစ်ခဲ့လျှင် ချန်ဟောက်အနေဖြင့် ထိုသူကို အခန်းထဲတွင် တစ်ယောက်တည်းထားခဲ့ကာ ၄၈ နာရီပတ်လုံး အလင်းစူးစူးများထိုးထားပြီး စိတ်ဓာတ်ရေးရာအရ တိုက်ခိုက်နှိပ်စက်လိုက်လျှင် အနှေးနှင့်အမြန် ဝန်ခံလာပေလိမ့်မည်။

သို့သော် ယခုမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး ဖြစ်နေသဖြင့် ထိုသို့သော ပြင်းထန်သည့်နည်းလမ်းများကို အသုံးမပြုနိုင်ချေ။

ချန်ဟောက်မှာ ဤအမျိုးသမီးနှင့် ပတ်သက်၍ အစွမ်းကုန်ကြိုးစားခဲ့သော်လည်း ဘာမှထူးခြားမလာသဖြင့် မျက်နှာမှ ညှိုးငယ်နေတော့သည်။

သူသည် စကားလုံးပေါင်း ရာနှင့်ချီ၍ ပြောခဲ့သော်လည်း တုံ့ပြန်မှုအဖြစ် ထိုအမျိုးသမီး၏ငိုသံကိုသာ ရရှိခဲ့သည်။

အခြားတစ်ဖက်တွင်မူ ရှကျဲမှာလည်း အလွန်ပင်စိုးရိမ်နေရှာသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို ဤကဲ့သို့သော အခြေအနေမျိုးတွင် မြင်တွေ့ရသည်ကို သူမမခံစားနိုင်ချေ။

ထိုအချိန်တွင်...

ချန်ဟောက် လမ်းပိတ်နေစဉ် ချင်ရန်က မတ်တတ်ရပ်လိုက်ပြီး တည်ကြည်သောလေသံဖြင့် ဆိုလိုက်သည်။ “ဆရာ... ကျွန်တော့်ကို တစ်ချက်လောက်စမ်းခွင့်ပေးမလား”

သူ၏ စကားအဆုံးတွင် ချန်ဟောက်နှင့် ရှကျဲတို့သည် သူ့ကို ပြိုင်တူကြည့်လိုက်ကြသည်။ ‘ချင်ရန်က ဘာလုပ်မလို့ပါလိမ့်'

ချန်ဟောက်က လေသံမာမာဖြင့် ပြောလိုက်လေသည်။ “ဘာကိုစမ်းမှာလဲ၊ ဒီအမျိုးသမီးက ငိုပဲငိုနေတာ၊ ငါ ဒီလောက်မေးတာတောင် ပါးစပ်မဟဘူး”

“ဒီလို လူမျိုးဆီက သတင်းရဖို့ဆိုတာ တကယ်ကို ခက်ခဲတဲ့ ကိစ္စပဲ။”

ချန်ဟောက်သည် ယခင်ကလည်း ဤကဲ့သို့သော လူမျိုးများနှင့် ကြုံတွေ့ဖူးသဖြင့် အလွန်ပင် စိတ်ပျက်နေခြင်း ဖြစ်သည်။

ချင်ရန်က ခပ်ပြုံးပြုံးဖြင့် ပြောလိုက်၏။ “ဆရာ... ဘယ်လိုပဲဖြစ်ဖြစ် အခု ဘာသတင်းမှမရသေးတာပဲလေ၊ ကျွန်တော့်ကို ဘာလို့ တစ်ချက်လောက် အခွင့်အရေးမပေးကြည့်တာလဲ”

ထိုစကားကို ကြားသောအခါ ချန်ဟောက်မှာ အနည်းငယ် အနေရခက်သွားသည်။ ချင်ရန်၏ စကားမှာ သူအရည်အချင်းမရှိဟု ဆိုလိုနေသကဲ့သို့ ဖြစ်နေသည် မဟုတ်လော။

ချင်ရန်ကလည်း စကားမှားသွားသည်ကို သတိပြုမိသွားသဖြင့် အလျင်အမြန် ပြန်ပြင်လိုက်သည်။ “ဆရာ... ကျွန်တော် ဆိုလိုတာက ဆရာက တခြားနေရာတွေမှာ အားလုံးထက်တော်ပါတယ်"

“ဒါပေမဲ့ ပြစ်မှုကျူးလွန်သူတွေကို စစ်ဆေးတဲ့အခါမှာတော့ ဒီနည်းလမ်းက အမြဲတမ်းအလုပ်မဖြစ်နိုင်ဘူးလေ၊ အထူးသဖြင့် သူက ကိုယ်ဝန်ဆောင်တစ်ယောက်ဖြစ်နေလို့ပါ”

ချန်ဟောက်၏ မျက်နှာမှာ အနည်းငယ် ပြေလျော့သွားသည်။ သူသည် စစ်ဆေးမေးမြန်းခြင်းအတတ်ပညာတွင် သိပ်ပြီး မကျွမ်းကျင်လှသည်မှာ အမှန်ပင်။

သို့သော် ရဲစခန်းတွင် အခြားလူလည်းမရှိချေ။ ချောင်ကျန့်ကျွင်း၊ ကောင်းချောင်း သို့မဟုတ် ချန်ရှင်းချန်တို့မှာလည်း လည်လွန်းသူများမဟုတ်၊ ရိုးအလွန်းသူများသာ ဖြစ်ကြသဖြင့် သူ့ထက်ပင် ပို၍ အခြေအနေဆိုးနိုင်ပေသည်။

ချန်ဟောက်သည် ချင်ရန်ကို အကဲခတ်လိုက်ရာ သူ၏မျက်လုံးထဲတွင် ယုံကြည်ချက်အပြည့်ရှိနေသည်ကို မြင်တွေ့လိုက်ရသည်။

ခဏမျှ စဉ်းစားပြီးနောက် နောက်ဆုံးတွင် သူ မတ်တတ်ရပ်လိုက်ပြီး ခွင့်ပြုလိုက်တော့၏။ “ကောင်းပြီလေ... မင်းပဲ စမ်းပြီးစစ်ဆေးကြည့်လိုက်တော့”

ထို့နောက် ချင်ရန်က ပြောက်လိုက်သည်။ “စစ်ဆေးနေတုန်းမှာ ဆရာနဲ့ရှောင်ကျဲတို့ ခဏလောက် အပြင်ထွက်ပေးလို့ရမလား၊ ကျွန်တော် သူနဲ့ တစ်ယောက်တည်းစကားပြောချင်လို့ပါ”

“ဟင်...” ချန်ဟောက်မှာ မှင်တက်သွားလေ၏။

မည်သို့ဖြစ်နိုင်မည်နည်း။ ဤပြစ်မှုကျူးလွန်သူမှာ အလွန်အရေးကြီးသူဖြစ်ပြီး တစ်စုံတစ်ရာအမှားအယွင်းမခံနိုင်ပေ။

ချန်ဟောက်က သံသယဖြင့် မေးလိုက်သည်။ “ချင်ရန်... မင်းဘာတွေပြောနေတာလဲ၊ ဒါက ဥပဒေအရခွင့်မပြုနိုင်ဘူး၊ မင်းက အစမ်းခန့်ရဲဝန်ထမ်းပဲရှိသေးတာ၊ အစမ်းခန့်တစ်ယောက်ကို စစ်ဆေးမေးမြန်းခန်းထဲမှာ တစ်ယောက်တည်းထားခဲ့ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး”

ချင်ရန်က လေးနက်သောလေသံဖြင့် ပြောလိုက်၏။ “ဆရာ... ကျွန်တော့်ကို ယုံကြည်ပေးပါ”

“ဒါပေမဲ့...” ချန်ဟောက်က မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။

“ရှောင်ကျဲက မှတ်တမ်းတင်ရဦးမှာလေ၊ သူက ဘယ်လိုလုပ် ထွက်သွားလို့ရမှာလဲ”

ထိုအချိန်တွင် ချင်ရန်က အခန်းထောင့်ရှိကင်မရာကို လက်ညှိုးထိုးပြလိုက်သည်။ ချန်ဟောက်က ကြည့်လိုက်ပြီး ချင်ရန်၏ဆိုလိုရင်းကို နားလည်သွား၏။

အမှန်စင်စစ် ကင်မရာရှိနေသဖြင့် မှတ်တမ်းမတင်ရခြင်းမှာ ပြဿနာမဟုတ်ချေ။ ဗီဒီယိုရောအသံပါ မှတ်တမ်းတင်ထားနိုင်သဖြင့် လုံလောက်ပေသည်။

ချန်ဟောက်သည် ချင်ရန်ကို အချိန်အတော်ကြာ စိုက်ကြည့်နေပြီးနောက် မေးလိုက်သည်။ “မင်း သေချာပေါက်လုပ်နိုင်မှာလား”

ချင်ရန်က ပြုံးလျက် ပြန်ဖြေသည်။“ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်”

“ဟင်း...” ချန်ဟောက်မှာ သက်ပြင်းသာချလိုက်မိ၏။

သူသည် ဤအမျိုးသမီးထံမှ ဘာသတင်းမှမရနိုင်တော့သည်မှာ အမှန်ပင်။

ယခုအခါ ချင်ရန်က ယုံကြည်မှုအပြည့်ရှိနေသဖြင့် သူ့ကို အခွင့်အရေးပေးကြည့်လိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။

ထို့နောက် ချန်ဟောက်က ရှကျဲကို အချက်ပြလိုက်သည်။ “သွားကြစို့ရှောင်ကျဲ”

“ရှင်၊ အော်... ဟုတ်ကဲ့ပါ”

ရှကျဲသည် သူမ၏ထိုင်ခုံမှ အလျင်အမြန်ထလိုက်သည်။ ချန်ဟောက်က ချင်ရန်ကို အမှန်တကယ်ယုံကြည်ပေးပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးကို တစ်ယောက်တည်း စစ်ဆေးခွင့်ပေးလိုက်လိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ချေ။

ဂျလောက်။

ချန်ဟောက်နှင့် ရှကျဲတို့သည် စစ်ဆေးမေးမြန်းခန်းထဲမှ ထွက်သွားကြပြီး ရှကျဲက တံခါးကို ညင်သာစွာ ပိတ်လိုက်လေသည်။

တံခါးအပြင်ဘက်တွင်မူ...

ချန်ဟောက်က တိုးတိုးလေးပြောလိုက်သည် “ရှောင်ကျဲ... ငါတို့ စောင့်ကြည့်ခန်းထဲသွားရအောင်။ ချင်ရန်ဘယ်လိုစစ်ဆေးမလဲဆိုတာနဲ့ ဒီအမျိုးသမီးက ဘယ်လိုပြန်ဖြေမလဲဆိုတာကို သွားကြည့်ရအောင်”

“ဟုတ်ကဲ့ပ!” ရှကျဲက ခေါင်းညိတ်ထောက်ခံလိုက်၏။

ထို့နောက် သူတို့နှစ်ဦးသည် စောင့်ကြည့်ခန်းထဲသို့ အမြန်သွားကြလေသည်။ သူတို့သည် ထိုင်ခုံများတွင် ထိုင်လိုက်ပြီး ဖန်သားပြင်ပေါ်ရှိမြင်ကွင်းကို အာရုံစိုက်ကြည့်နေကြ၏။

ဖန်သားပြင်ပေါ်တွင် ချင်ရန်နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ မျက်နှာချင်းဆိုင်ထိုင်နေကြသည်။ ချင်ရန်သည် လေကို အဝမှုတ်ထုတ်လိုက်ပြီး အလွန်ညင်သာသော လေသံဖြင့်မေးလိုက်သည်။ “မင်းရဲ့နာမည်ကို ငါ့ကို ပြောပြလို့ရမလား”

ထိုအမျိုးသမီးမှာ ရှိုက်ငိုနေဆဲဖြစ်ပြီး ဘာမှပြန်မပြောချေ။ ချင်ရန်၏မျက်နှာမှာ ပြောင်းလဲခြင်းမရှိသော်လည်း သူသည် နေရာမှထလိုက်ပြီး သူ၏ခါးမှ သော့တစ်ခုကို ထုတ်လိုက်သည်။

ဖန်သားပြင်အပြင်ဘက်မှ ချန်ဟောက်မှာ ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ မှင်တက်သွားပြီး စားပွဲကို ရိုက်ကာ အော်ဟစ်လိုက်မိ၏။ “ဒီကောင်ဘာလုပ်မလို့လဲ၊ လက်ထိပ်တွေကို ဖြုတ်ပေးမလို့လား”

ရှကျဲမှာလည်း ထိတ်လန့်သွားပြီး ချင်ရန်ဘာကြောင့် ဤသို့လုပ်ဆောင်နေသည်ကို နားမလည်နိုင်ဖြစ်နေရသည်။

ထိုအချိန်တွင်...

ချင်ရန်သည် သော့ကို အသုံးပြု၍ ထိုအမျိုးသမီး၏လက်ထိပ်များကို ဖြုတ်ပေးလိုက်သည်။ ထိုအမျိုးသမီး၏ ဗိုက်မှာ အလွန်ကြီးနေသဖြင့် လက်နှစ်ဖက်ကို နောက်ပြန်ခတ်ထားရခြင်းမှာ သူမအတွက် အလွန်ပင် ပင်ပန်းဆင်းရဲစေလှ၏။

ကိုယ်ဝန်ဆောင် တစ်ဦးအတွက်မူ ဤသည်မှာ အလွန် နာကျင်စေသော ကိစ္စပင်။

ဂျလောက်။

လက်ထိပ်များပွင့်သွားသောအခါ ထိုအမျိုးသမီး၏ငိုသံမှာ ခဏမျှရပ်တန့်သွားသည်။ ထို့နောက် ချင်ရန်သည် သူမ၏ခေါင်းပေါ်မှ အိတ်စွပ်ကို ညင်သာစွာ ဖယ်ရှားပေးလိုက်သည်။

ပေါ်ထွက်လာသည်မှာ ဖြူဖျော့ပြီး နွမ်းနယ်နေသော မျက်နှာလေးတစ်ခုဖြစ်သည်။

သို့သော် သူမ၏ရုပ်ရည်မှာ အလွန်ထူးခြားလှပပြီး ကျက်သရေရှိကာ နူးညံ့သိမ်မွေ့သော အလှတရားမျိုး ရှိပေ၏။ သို့သော် ကိုယ်ဝန်ကြီးကြောင့် သူမ၏မျက်နှာမှာ အနည်းငယ်ဖောရောင်နေပြီး ဆံပင်များမှာလည်း ဖရိုဖရဲဖြစ်နေရှာသည်။

စစ်ဆေးမေးမြန်းခန်းထဲတွင် ချင်ရန်တစ်ယောက်တည်းသာ ရှိနေသည်ကို မြင်လိုက်ရသောအခါ ထိုအမျိုးသမီးမှာ မှင်တက်သွားပြီး ငိုနေခြင်းကို ရပ်တန့်လိုက်သည်။ ာ

ထိုစဉ်မှာပင် ချင်ရန်၏ အကြည့်နှင့် သူမ၏ အကြည့်တို့သည် တည့်တည့်ဆုံသွားကြသည်။

ထိုအမျိုးသမီးသည် အပြစ်ရှိသကဲ့သို့ ခံစားရသဖြင့် မျက်နှာလွှဲလိုက်သော်လည်း ဤရဲအရာရှိမှာ သူမ၏လက်ထိပ်များကို ဖြုတ်ပေးရုံသာမက ခေါင်းစွပ်ကိုပါဖယ်ရှားပေးခဲ့သဖြင့် စောစောက ကြမ်းတမ်းစွာစစ်ဆေးခဲ့သော ရဲအရာရှိနှင့်မတူကြောင်း သူမ သိရှိသွားသည်။

ထိုအမျိုးသမီးက ခေါင်းငုံ့ထားရင်း တိုးညှင်းသော လေသံဖြင့် “ရဲအရာရှိကြီး၊ ကျွန်မ... ကျွန်မတကယ်ကို မတရားအစွပ်စွဲခံရတာပါ။ ကျွန်မမှာ ဘယ်လို ဟီးရိုးအင်း ဒါမှမဟုတ် ဆေးခြောက်မှ မရှိပါဘူး” ဟု ဆိုသည်။

ထိုစကားကို ကြားသော်လည်း ချင်ရန်၏ မျက်နှာထားမှာ ပြောင်းလဲခြင်း မရှိချေ။ ဤအမျိုးသမီးမှာ အလွန်ပင် အပြစ်ရှိနေကြောင်း ထင်ရှားလှသည်။ သူမသည် ချင်ရန်ကို တည့်တည့်ပင် မကြည့်ဝံ့ချေ။ သူမ၏ မတရားစွပ်စွဲခံရသည်ဟူသော စကားမှာ လုံးဝ ယုံကြည်စရာ မရှိလှပေ။

All Chapters