အခန်း (၂၉-၃၀)
Vol. 3 Ch. 29-30
29
စောင့်ကြည့်ခန်းအတွင်း၌...
ချန်ဟောက်၏ မျက်နှာမှာ တည်တန့်နေပြီး သူက နှာခေါင်းတစ်ချက်ရှုံ့ရင်း ပြောလိုက်၏။ “ချင်ရန်က ငယ်သေးတာပဲ”
“သူက ဘယ်လိုနည်းလမ်းသုံးချင်တာလဲ၊ ဒီကိုယ်ဝန်ဆောင်သယ်ကို ညင်ညင်သာသာချော့မေးပြီး သတင်းရမယ်လို့ထင်နေတာလား”
“မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ရာဇဝတ်ကောင်တွေဆိုတာ စိတ်နှလုံး မာကျောကြမ်းတမ်းကြတဲ့သူတွေပဲ၊ သူတို့ကို အကျိုးအကြောင်းပြောပြနေလို့ မရဘူး၊ ပြင်းထန်တဲ့ နည်းလမ်းတွေသုံးပြီး ဖိအားပေးမှပဲ အမှန်တရားက ထွက်လာမှာ”
ချန်ဟောက်သည် ချင်ရန်က ထိုအမျိုးသမီး၏ လက်ထိပ်များကို ဖြုတ်ပေးပြီး ခေါင်းစွပ်ကို ဖယ်ရှားပေးနေသည်ကို ကြည့်ကာ ခေါင်းခါယမ်းရင်း သက်ပြင်းချလိုက်သည်။
သူ၏ လေသံမှာ ချင်ရန်၏ လုပ်ရပ်အပေါ် လုံးဝသဘောမတူကြောင်း ထင်ရှားနေ၏။ ချန်ဟောက်၏ အယူအဆအရ မူးယစ်ဆေးဝါးကုန်ကူးသူများသည် လုံးဝခြေမှုန်းခံရသင့်သူများဖြစ်ပြီး သူတို့အပေါ် ကြင်နာမှုပြရန် မလိုအပ်ဟု ယူဆထားသည်။
ထို့နောက် ချန်ဟောက်က နေရာမှထရပ်လိုက်ပြီး “ရှောင်ကျဲ... မင်းလည်း မြင်တဲ့အတိုင်းပဲ၊ ချင်ရန်က သူ့လက်ထိပ်တွေကို ဖြုတ်ပေးတယ်၊ ခေါင်းစွပ်ကို ဖယ်ပေးတယ်၊ အဲဒီတော့ ဒီအမျိုးသမီးက ဘာပြောလဲ၊ ချက်ချင်း လိမ်ပြောတော့တာပဲမဟုတ်လား”
“ဒီလို လူမျိုးတွေဟာ ရဲအရာရှိက နူးညံ့တယ် ဒါမှမဟုတ် အနိုင်ကျင့်လို့ရတယ်လို့ ထင်သွားရင် သနားစရာကောင်းအောင်ဟန်ဆောင်ပြီး အခွင့်အရေးယူတတ်ကြတာပဲ”
ချန်ဟောက်က ထပ်မံ သက်ပြင်းချလိုက်ရင်း တံခါးဆီသို့ လျှောက်သွားသည်။ “သွားကြစို့ရှောင်ကျဲ... ပြန်ဖို့ပြင်တော့။ ချင်ရန် ဒီလိုဆက်ပြီးစစ်ဆေးနေတာဟာ အပိုအလုပ်ပဲလို့ ငါထင်တယ်”
သို့သော် ရှကျဲမှာမူ သူမ၏ထိုင်ခုံတွင် မလှုပ်မယှက်ထိုင်နေဆဲဖြစ်သည်။ သူမက နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း ပြောလိုက်၏။
“ဆရာ... ကျွန်မတို့ ချင်ရန်ကို ခဏလောက် ယုံကြည်ပေးလို့မရဘူးလား၊ သူ စစ်ဆေးတာ ခုမှအစပဲရှိသေးတာကို ဆရာက အလုပ်မဖြစ်ဘူးလို့တွေးနေပြီ၊ နောက်ထပ် နှစ်မိနစ်၊ သုံးမိနစ်လောက်ပဲ သူ့ကို အချိန်ပေးကြည့်ရင် ဘာဖြစ်သွားမှာမို့လို့လဲ”
ရှကျဲ၏စကားကြောင့် ချန်ဟောက်မှာ မှင်တက်သွားပြီးနောက် ခေါင်းခါယမ်းလိုက်မိသည်။ ဤကလေးမလေးရှကျဲသည် သူ ငယ်စဉ်ကအတိုင်း ခေါင်းမာလွန်းလှပေ၏။
“ကောင်းပြီလေ... ချင်ရန်ကို နောက်ထပ်နှစ်မိနစ်အချိန်ပေးမယ်”
ချန်ဟောက်သည် ရှကျဲနှင့် အငြင်းမပွားလိုတော့သဖြင့် တံခါးဝမှနေ၍ သူ၏ထိုင်ခုံသို့ ပြန်လာထိုင်လိုက်သည်။ ရှကျဲ၏ အကြည့်များမှာ ဖန်သားပြင်ထက်မှ မခွာတော့ချေ။
သူမသည်လည်း ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို သာမန်အကျဉ်းသားတစ်ဦးကဲ့သို့ ဆက်ဆံမည့်အစား လက်ထိပ်ဖြုတ်ပေးပြီး ခေါင်းစွပ်ဖယ်ပေးကာ ကောင်းမွန်သောပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးသင့်သည်ဟု ယုံကြည်ထားသူဖြစ်သည်။
ထိုအချိန်တွင်...
စစ်ဆေးမေးမြန်းခန်းအတွင်း၌...
ချင်ရန်သည် ကိုယ်ဝန်ဆောင်အမျိုးသမီး၏ စကားကို နားထောင်နေသော်လည်း ချက်ချင်းပြန်မပြောသေးဘဲ သူမကို ကြည်လင်သောမျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်။ ထိုအမျိုးသမီးမှာ ခေါင်းငုံ့ထားသော်လည်း ချင်ရန်ထံမှ ဘာအသံမျှ ထွက်မလာသဖြင့် ဖြည်းညင်းစွာ ခေါင်းမော့ကြည့်လာ၏။
သူမ၏ အကြည့်မှာ ချင်ရန်၏ကြည်လင်သောအကြည့်များနှင့် ဆုံသွားသောအခါ ထိတ်လန့်သွားပြီး ခေါင်းကို အမြန်ပြန်ငုံ့လိုက်ရှာသည်။
ချင်ရန်၏မျက်လုံးများကျဉ်းမြောင်းသွားကာ ‘သူမက လူတွေကို အရမ်းကြောက်နေသလို အပြစ်ရှိတယ်လို့လည်း အကြီးအကျယ်ခံစားနေရတယ်၊ ဒီလောက်အထိ ကြောက်လန့်ပြီး အပြစ်မကင်းသလိုဖြစ်နေတာက လိမ်ပြောနေတဲ့သူတွေမှာတောင် တွေ့ရခဲတဲ့အမူအရာပဲ’
‘သူမက တကယ်ကို ကြောက်နေတဲ့သူပဲ’
ထို့နောက်...
ချင်ရန်သည် စိတ်ထဲတွင်တစ်ခုခုကို တွေးဆမိသွားပုံရ၏။ သူက နေရာမှထလိုက်ပြီး ထိုအမျိုးသမီးအနားသို့ လျှောက်သွားလိုက်သည်။
ချင်ရန်က ဘေးနားတွင် လာရပ်သောအခါ သူမ၏ ကိုယ်လေးမှာ အနည်းငယ် တုန်ယင်သွား၏။ သူမက ချင်ရန်ကို မော့ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းထဲတွင် နက်ရှိုင်းသောကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
ချင်ရန်၏ မျက်ဝန်းများဝင်းလက်သွားလေသည်။ ထိုအမျိုးသမီး၏ ကြောက်လန့်နေသောအကြည့်များက သူ၏တွေးဆချက်အချို့ကို ပိုမိုခိုင်မာစေခဲ့၏။ ၎င်းနောက် ချင်ရန်က လက်ကို ဆန့်ထုတ်လိုက်ပြီး ရှုပ်ပွနေသောဆံပင်များကို အသာအယာ သပ်တင်ပေးလိုက်သည်။
“ကိုယ်ဝန်ဆောင်ချိန်မှာ ခန္ဓာကိုယ်ကထွက်တဲ့ အရည်တွေများလာတတ်တယ်၊ ဆံပင်တွေကလည်း အဆီပြန်လွယ်တတ်တယ်၊ ပြီးတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ခေါင်းကို နေ့တိုင်းလျှော်ဖို့လည်း မသင့်တော်ဘူးလေ”
ချင်ရန်က ညင်သာသော လေသံဖြင့် မေးလိုက်သည်။ “မင်း ခေါင်းမလျှော်ရတာကြာပြီမဟုတ်လား”
“အင်း... ကြာပြီ” ထိုအမျိုးသမီးမှာ ဇဝေဇဝါ ဖြစ်သွား၏။ ချင်ရန် ဘာကြောင့် ဤသို့ပြောသည်ကို သူမမသိသော်လည်း သူမ၏စိတ်ထဲတွင်မူ ကိုယ်ဝန်ဆောင်စဉ်တစ်လျှောက်လုံး သူမကို မည်သူမျှ ဤကဲ့သို့ ဂရုမစိုက်ခဲ့ဖူးကြောင်း တွေးမိနေသည်။
သူမ၏ ဆံပင်များ အဆီပြန်နေသလား၊ မပြန်ဘူးလားဆိုတာကို မည်သူမှ ဂရုမစိုက်ခဲ့ကြချေ။
‘သူ’ ပင်လျှင် ဂရုမစိုက်ခဲ့ဖူးချေ။
ထိုအမျိုးသမီး၏ ရင်ထဲတွင် ထူးဆန်းသောခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။
စောင့်ကြည့်ခန်းအတွင်းရှိ ချန်ဟောက်နှင့် ရှကျဲတို့မှာမူ ပို၍ပင် မျက်စိလည်သွားကြသည်။ ချင်ရန်က အဘယ်ကြောင့် တရားခံ၏ ဆံပင်ကို သွားထိနေရသနည်း။ ဤသည်မှာ လူတစ်ယောက်နှင့် ရင်းနှီးအောင်ကြိုးစားသည့် နည်းလမ်းမျိုးမဟုတ်သည်မှာ သေချာလှသည်။
“ဒီကောင် ဘာလုပ်ဖို့ကြိုးစားနေတာလဲ၊ ကင်မရာတွေကြည့်နေတာကို သူ တစ်ခုခု လျှောက်လုပ်ဖို့ကြံနေတာလား” ချန်ဟောက်၏ မျက်နှာမှာ တည်တန့်နေပြီး စိုးရိမ်တကြီး ပြောလိုက်သည်။ ရှကျဲမှာလည်း ချင်ရန်၏ရည်ရွယ်ချက်ကို နားမလည်နိုင်ဖြစ်နေရ၏။
စစ်ဆေးမေးမြန်းခန်းအတွင်း၌...
“ဘယ်နှစ်လရှိပြီလဲ” ချင်ရန်က ဆက်လက်၍ လက်ကိုဆန့်ထုတ်ကာ ထိုအမျိုးသမီး၏ ဗိုက်ကလေးကို အသာအယာထိတွေ့လိုက်ပြီး ကြင်နာစွာမေးလိုက်သည်။
ဤမေးခွန်းကြောင့် ထိုအမျိုးသမီးမှာ တစ်ကိုယ်လုံးတုန်ယင်သွားပြီး ရင်ထဲတွင် ပို၍ပင် ထိခိုက်သွားရသည်။
သူမက တိုးညှင်းသောလေသံဖြင့် ဖြေရှာ၏။ “ကိုးလနဲ့ ဆယ်ရက် ရှိပါပြီ၊ ဆရာဝန်ကတော့ လာမယ့်လ ဆယ့်ငါးရက်နေ့ဆို မွေးမယ်လို့ပြောပါတယ်”
သူမ ကိုယ်ဝန်ရှိကတည်းက မည်သူက သူမ၏ ဗိက်ကလေးကို ဤကဲ့သို့ ညင်ညင်သာသာထိတွေ့ခဲ့ဖူးသနည်း။ ကလေး၏ ဖခင်ဖြစ်သူပင်လျှင် တစ်ခါမျှမထိတွေ့ခဲ့ဖူးချေ။
ချင်ရန်မှာ နားလည်သွားပြီ ဖြစ်သည်။ ဤအမျိုးသမီးသည် သူမ၏ကိုယ်ဝန်ဆောင်ကာလကို အတိအကျမှတ်မိနေပေသည်။ သူမသည် ဤကလေးကို အလွန်တန်ဖိုးထားဂရုစိုက်ကြောင်း ထင်ရှားလှပေသည်။
စောင့်ကြည့်ခန်းအတွင်းရှိ ချန်ဟောက်နှင့် ရှကျဲတို့မှာမူ အလွန် ယအံ့အားသင့်နေကြရ၏။
အထူးသဖြင့် ချင်ရန်က ဗိုက်ကို ထိတွေ့လိုက်သောအခါ သူတို့မှာ စကားပင် မဆိုနိုင်တော့ချေ။ ချန်ဟောက်၏ မျက်နှာမှာ ပို၍မည်းမှောင်လာသည်။ သူသည် ချက်ချင်းပင် အခန်းထဲသို့ပြေးဝင်ကာ ချင်ရန်ဘာတွေလုပ်နေသနည်းဟု မေးခွန်းထုတ်ချင်နေချေပြီ။
ဤသည်မှာ သင့်တော်ပါသလော။ သူက ရာဇဝတ်ကောင်ကို စစ်ဆေးနေခြင်းလော။ သို့မဟုတ် ရာဇဝတ်ကောင်ကို ချစ်ရေးဆိုနေခြင်းလော။
ထိုအချိန်တွင်...
စစ်ဆေးမေးမြန်းခန်းအတွင်း၌...
ချင်ရန်သည် ထိုအမျိုးသမီး၏ ညာဘက်လက်မောင်းကို အမြန်ဆွဲယူလိုက်ပြီး အင်္ကျီလက်ကိုမတင်လိုက်သည်။ ချင်ရန်၏လှုပ်ရှားမှုမှာ အလွန်လျင်မြန်လှသဖြင့် ထိုအမျိုးသမီးမှာ မတုံ့ပြန်နိုင်ဘဲ ဖြစ်သွားရသည်။
ထို့နောက်တွင်မူ... ချန်ဟောက်နှင့် ရှကျဲတို့သည် ထိတ်လန့်ဖွယ်ရာမြင်ကွင်းတစ်ခုကို မြင်လိုက်ကြရသည်။
ထိုအမျိုးသမီး၏ ညာဘက်လက်မောင်းပေါ်တွင် ကင်းခြေများအလား ရှည်လျားလှသော အမာရွတ်များမှာ တစ်ခုနှင့်တစ်ခု ရှုပ်ထွေးစွာ ယှက်နွယ်နေသည်ကို တွေ့လိုက်ရ၏။ အဆိုးဆုံးမှာ ထိုအမာရွတ်များမှာ လတ်လတ်ဆတ်ဆတ်ပင် ရှိနေသေးပြီး မကြာသေးမီကမှရရှိထားသည့် ဒဏ်ရာများကဲ့သို့ဖြစ်နေခြင်းပင်။
“ဘယ်လို... ဒီကိုယ်ဝန်ဆောင်ရဲ့ကိုယ်ပေါ်မှာ ဘာလို့ ဒီလောက်ဒဏ်ရာတွေများနေရတာလဲ။”
ရှကျဲသည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ သူမ၏စိတ်ကို မထိန်းနိုင်တော့ချေ။ အမျိုးသမီးအချင်းချင်း ဖြစ်သည့်အလျောက် ဤရက်စက်မှုကို မည်သို့မျှသည်းမခံနိုင်တော့ပေ။ ချန်ဟောက်မှာလည်း ခဏမျှမှင်တက်သွားသည်။
သူသည် စောစောက အခန်းထဲသို့ပြေးဝင်ပြီး ချင်ရန်ကို အပြစ်တင်ရန်ကြံရွယ်ခဲ့သော်လည်း ယခုမြင်ကွင်းကြောင့် သူ၏အတွေးများကို ရပ်တန့်လိုက်ရလေသည်။
စစ်ဆေးမေးမြန်းခန်းအတွင်း၌...
ထိုအမျိုးသမီးမှာ ချင်ရန်၏ရုတ်တရက်လှုပ်ရှားမှုကြောင့် ထိတ်လန့်သွားပြီး သူမ၏လက်မောင်းကို အမြန်ပြန်ရုတ်ကာ ခေါင်းငုံ့ထားလိုက်သည်။ ချင်ရန်မှာမူ သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်မိ၏။
ယခုအခါတွင်မူ သူသည် ထိုအမျိုးသမီး၏အခြေအနေကို ကောင်းကောင်းနားလည်သွားပြီဖြစ်သည်။
သူမသည် ပြင်းထန်သောအိမ်တွင်းအကြမ်းဖက်မှုကို ခံစားနေရခြင်းဖြစ်သည်။ ထို့ကြောင့်လည်း ချန်ဟောက်က ဆူပူကြိမ်းမောင်းသောအခါ သူမမှာ အဆက်မပြတ်ငိုကြွေးနေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
သူမ၏ အမူအရာမှာ ကြွက်ကလေးတစ်ကောင်ကဲ့သို့ ကြောက်ရွံ့တုန်လှုပ်နေခြင်းနှင့် ကိုယ်ပေါ်ရှိအမာရွတ်များကို ကြည့်ခြင်းအားဖြင့် သူမသည် များစွာသောဆင်းရဲဒုက္ခများကို ခံစားခဲ့ရကြောင်း သိသာလှသည်။
ချင်ရန်၏ စိတ်ထဲတွင် ခန့်မှနချက်တစ်ခု ပေါ်လာသည်မှာ... ဤအမျိုးသမီးသည် တစ်စုံတစ်ဦး၏ ခြိမ်းခြောက်မှုကို ခံနေရခြင်း ဖြစ်ပေလိမ့်မည်။
ချင်ရန်က ထိုအမျိုးသမီး၏ဘေးတွင် ထိုင်ခုံတစ်ခုကို ဆွဲကာ ထိုင်လိုက်သည်။ ထိုအမျိုးသမီးမှာမူ သူမ၏အမာရွတ်များကို မြင်သွားသဖြင့် အလွန်အမင်းရှက်ရွံ့နေသည့်အလား ခေါင်းငုံ့ထားပြီး ချင်ရန်ကိုပင် မကြည့်ဝံ့တော့ချေ။
“ငါ ခန့်မှန်းကြည့်မယ်နော်။
“ငါ မှန်းတားမမှားဘူးဆိုရင်... မင်းကို ရိုက်နှက်တဲ့သူက မင်းကို ဟီးရိုးအင်းတွေနဲ့ ဆေးခြောက်တွေသယ်ခိုင်းတဲ့သူပဲ မဟုတ်လား” ချင်ရန်က ညင်သာစွာ မေးလိုက်၏။
ဤစကားကို ကြားလိုက်ရသောအခါ ထိုအမျိုးသမီးမှာ ချက်ချင်းပင် ထိတ်လန့်သွားပြီး ခေါင်းကို အသည်းအသန် ခါယမ်းကာ အလျင်အမြန် ငြင်းဆိုလိုက်သည်။ “မဟုတ်ပါဘူး... မဟုတ်ပါဘူး၊ သူ ကျွန်မကို မရိုက်ပါဘူး”
ချင်ရန် ထိုစကားကို ကြားသောအခါ မျက်ခုံးတစ်ချက်ပင့်လိုက်မိသည်။
ဤအမျိုးသမီးသည် သူမကိုယ်တိုင်ပင် အမှန်တရားကို ဖွင့်ဟလိုက်ပြီမဟုတ်လော။
အမှန်စင်စစ် ထိုအမျိုးသမီးသည်လည်း သူမ တစ်ခုခု မှားယွင်းသွားပြီဆိုသည်ကို သိရှိသွားသည်။
သူမက ‘သူ မရိုက်ပါဘူး’ ဟု ငြင်းဆိုခဲ့သော်လည်း ထို ‘သူ’ ဆိုသူမှာ သူမကို မူးယစ်ဆေးဝါးသယ်ခိုင်းသည့်သူဖြစ်ကြောင်းကိုမူ သွယ်ဝိုက်၍ ဝန်ခံလိုက်ခြင်းပင်။
ထိုအမျိုးသမီး၏မျက်နှာမှာ ထုံထိုင်းသွားပြီး ဘာပြောရမှန်း မသိတော့ချေ။ သူမသည် အမှန်တရားကို လွှတ်ခနဲပြောမိလိုက်သည့်အတွက် မိမိကိုယ်ကိုယ် လူမိုက်တစ်ယောက်ဟု ထင်မြင်နေတော့သည်။
ထိုစဉ် ချင်ရန်၏လက်ကြီးမှာ ထိုအမျိုးသမီး၏ကျောပြင်လေးပေါ်သို့ ရောက်ရှိလာပြီး ညင်သာစွာပွတ်သပ်ပေးရင်း အလွန်နူးညံ့သောလေသံဖြင့် ပြောလိုက်သည် “သူက တကယ်ကို တိရိစ္ဆာန်ထက်တောင်ယုတ်မာတဲ့သူပဲ”
“မင်းမှာ ကိုယ်ဝန်ကြီးနဲ့တောင် သူက မင်းကိုရိုက်နှက်ရက်တယ်နော်။”
“မင်းလို မိန်းမလှလေးက ဘာဖြစ်လို့ ဒီလို ခွေးထက်တောင်ယုတ်မာတဲ့ ယောကျ်ားတစ်ယောက်အတွက်နဲ့ အသက်ကို ရင်းနေရတာလဲ”
“ဒီလို ခွေးသူတောင်းစားတစ်ယောက်အတွက်နဲ့ မင်းက ဘာလို့ သူ့ကို အသက်နဲ့ရင်းပြီး ဖုံးကွယ်ပေးနေရတာလဲ”
30
ချင်ရန်၏ လေသံမှာ အလွန်နူးညံ့လှသော်လည်း စကားလုံးတိုင်းမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး၏နှလုံးသားကို ပြင်းထန်စွာ တုန်ခါသွားစေသည်။
“ကျွန်မ၊ ကျွန်မ”
ထိုအမျိုးသမီးမှာ တစ်ကိုယ်လုံး တုန်ယင်နေပြီး စကားလုံးများမှာ ထစ်ငေါ့နေကာ ဘာမှပင် ဆက်မပြောနိုင်တော့ချေ။ ချင်ရန်သည်လည်း သူမကို အတင်းအကျပ်မတိုက်တွန်းဘဲ သူမ၏ကျောပြင်လေးကိုသာ ညင်သာစွာ ပွတ်သပ်ပေးနေလေသည်။
အခြားတစ်ဖက်ရှိ စောင့်ကြည့်ခန်းအတွင်း၌မူ...
ချန်ဟောက်နှင့် ရှကျဲတို့မှာ မှင်တက်မိနေကြပြီဖြစ်သည်။
‘သူမဝန်ခံလိုက်ပြီလား’
စောစောက ထိုအမျိုးသမီးသည် စကားတစ်ခွန်း လွှတ်ခနဲ ပြောမိသွားခဲ့သည်မဟုတ်လော။
ချန်ဟောက်သည် မိမိမျက်နှာကို တစ်စုံတစ်ယောက်က ရိုက်လိုက်သကဲ့သို့ ပူထူသွားရသည်။ လွန်ခဲ့သည့် မိနစ်ပိုင်းကပင် သူသည် စစ်ဆေးမေးမြန်းခန်းထဲသို့ ပြေးဝင်ကာ ချင်ရန်၏ အသုံးမဝင်သောစစ်ဆေးမှုကို ရပ်တန့်ရန်ကြံစည်ခဲ့ခြင်းဖြစ်၏။
သို့သော် ချင်ရန်၏ နူးညံ့သောအပြုအမူနှင့် စကားလုံးများက ထိုအမျိုးသမီး၏စိတ်တံခါးကို ဖွင့်ချလိုက်နိုင်လိမ့်မည်ဟု သူ လုံးဝထင်မှတ်မထားခဲ့ချေ။
စကားတစ်ခွန်း လွှတ်ခနဲထွက်လာသည်နှင့် နောက်ထပ်အရေးကြီးသော သတင်းအချက်အလက်များစွာ စီးဆင်းလာတော့မည်ကို အတွေ့အကြုံရင့်ရဲအရာရှိချန်ဟောက် ကောင်းစွာ သိရှိနေပေသည်။
“ဒီကောင် ချင်ရန်ကတော့ တကယ်ကိုမလွယ်ဘူးပဲ...” ချန်ဟောက်က အံ့သြတကြီးဖြင့် ရေရွတ်လိုက်မိသည်။
သူသည် စကားလုံးပေါင်း ရာချီပြောသော်လည်း မရခဲ့သောရလဒ်ကို ချင်ရန်က စကားအနည်းငယ်ဖြင့် ရရှိအောင်စွမ်းဆောင်နိုင်ခဲ့၏။
ဤသည်မှာ နည်းဗျူဟာ ကွာခြားမှုပင်။ ချန်ဟောက်၏ အော်ဟစ်ကြိမ်းမောင်းမှုက ထိုအမျိုးသမီးကို ယခင်ကခံစားခဲ့ရသော အကြမ်းဖက်မှုအရိပ်မည်းများထဲသို့ ပြန်လည်ရောက်ရှိသွားစေသဖြင့် သူမကို ပို၍နှုတ်ဆိတ်သွားစေခဲ့ခြင်း ဖြစ်သည်။
ဘေးနားရှိ ရှကျဲမှာမူ မျက်ဝန်းများဝင်းလက်နေ၏။ ချင်ရန်၏နည်းလမ်းမှာ မှန်ကန်လွန်းလှသည်။ သူသည် ကြင်နာမှုနှင့် ဂရုစိုက်မှုကို အသုံးပြုကာ ထိုအမျိုးသမီး၏နှလုံးသားထဲမှ အက်ကြောင်းတစ်ခုကို ရှာဖွေနိုင်ခဲ့ခြင်းပင်။
စစ်ဆေးမေးမြန်းခန်းအတွင်း၌...
ချင်ရန်က ထိုအမျိုးသမီး၏ကျောကို ပွတ်သပ်ပေးရင်း တည်ကြည်သောလေသံဖြင့် ပြောလိုက်သည် “မင်း ဘာကို ကြောက်နေလဲဆိုတာ ငါသိပါတယ်၊ အမှန်အတိုင်းပြောလိုက်ရင် သူ့ဆီကနေ လက်စားချေတာခံရမှာကို မင်းကြောက်နေတာမဟုတ်လား”
“အဲဒီလို ယုတ်မာတဲ့ကောင်ရဲ့ နာမည်ကိုသာ ပြောပြစမ်းပါ၊ ငါ ဒီလောကမှာ ရှိနေသရွေ့ သူ့ကို လုံးဝလွှတ်ထားမှာမဟုတ်ဘူး”
“မင်း စိတ်ချလက်ချ အကုန်ပြောနိုင်ပါတယ်” ချင်ရန်က ဆက်လက်၍ ပြောလိုက်သည်။
“မင်းက သူ့ကို ကြောက်နေရင်တောင် မင်းရဲ့ကလေးအတွက်တော့ မင်းစဉ်းစားရမယ်လေ၊ မင်း တခြားသူအတွက် မူးယစ်ဆေးသယ်ပေးခဲ့တယ်ဆိုတာ ဝန်ခံပြီးပြီပဲ၊ အခု မင်းလုပ်ရမှာက အဲဒီ မူးယစ်ဆေးဂိုဒေါင်ဘယ်မှာလဲဆိုတာ ပြောပြဖို့ပဲ၊ ဒါဆိုရင် မင်းရဲ့အပြစ်တွေကို ပြန်ပြီးပေးဆပ်နိုင်မှာပါ”
ချင်ရန်၏ စကားလုံးတိုင်းမှာ ထိုအမျိုးသမီး၏ နှလုံးသားကို တည့်တည့်ထိမှန်နေ၏။ သူမသည် နောက်ဆုံးတွင် မျက်ရည်များကြားမှ ခေါင်းမော့လာပြီး အက်ရှရှအသံဖြင့် မေးရှာသည်။ “ဒါပေမဲ့... ဒါပေမဲ့ ကျွန်မက မူးယစ်ဆေးသယ်ခဲ့တာလေ၊ ထောင်ကျဦးမှာမဟုတ်လား”
ချင်ရန်က အခြေအနေကောင်းလာပြီကို သိသဖြင့် အလျင်အမြန်ပင် စကားဆက်လိုက်သည်။ “မင်းက ကိုယ်ဝန်ဆောင်လေ၊ မင်းကို ထောင်ဒဏ်ပေးမှာမဟုတ်ပါဘူး"
“ဒါပေမဲ့ မင်းကသာ ဘာမှမပြောဘဲငြင်းဆန်နေမယ်ဆိုရင်တော့ တစ်သက်တစ်ကျွန်း ဒါမှမဟုတ် သေဒဏ်အထိတောင်ဖြစ်သွားနိုင်တယ်၊ မင်းကလေးမွေးပြီး နို့တိုက်ကျွေးမှုကာလ ကုန်ဆုံးတဲ့အထိစောင့်ပြီးတော့ မင်းကို ဆက်ပြီးစစ်ဆေးမှာပဲလေ၊ အဲဒီအချိန်ကျရင်ဘယ်လိုလုပ်မလဲ”
ထိုအမျိုးသမီး၏ မျက်နှာမှာ ပို၍ဖြူဖျော့သွားသည်။ သူမ၏စိတ်ထဲတွင် ပြင်းထန်သောတိုက်ပွဲတစ်ခုဖြစ်ပွားနေ၏။
“ကလေးတစ်ယောက်မှာ အဖေမရှိရင်ဖြစ်နိုင်ပေမဲ့ အမေမရှိလို့တော့ လုံးဝမဖြစ်ဘူး” ချင်ရန်က လေးနက်စွာ ဆိုလိုက်သည်။
“အကုန်ပြောလိုက်ပါ၊ ဒီမှာ မင်းလုံခြုံပါတယ်၊ မင်းကို နာကျင်အောင်လုပ်ခဲ့တဲ့သူတွေ၊ ခြိမ်းခြောက်ခဲ့တဲ့သူတွေအားလုံး လွတ်မြောက်မှာမဟုတ်ဘူး၊ သူတို့ မင်းကို ဘာမှထပ်လုပ်လို့မရတော့ဘူး”
ချင်ရန်၏ စကားများအောက်တွင် ထိုအမျိုးသမီးမှာ နောက်ဆုံး၌ အရာအားလုံးကို ဖွင့်ဟဝန်ခံလိုက်တော့သည်။ သူမ၏ ဝမ်းနည်းဖွယ်ဇာတ်လမ်းနှင့်အတူ မူးယစ်ဆေးဝါးများ ဝှက်ထားသည့်နေရာကိုပါ အတိအကျပြောပြခဲ့၏။
သူမသည် ချင်ရန်၏ ရင်ခွင်ထဲတွင်မှီကာ ငိုကြွေးနေရှာသည်။ ချင်ရန်ကလည်း သူမကို ဖက်ထားရင်း ညင်သာစွာ နှစ်သိမ့်ပေးနေမိသည်။
ထိုအမျိုးသမီး၏ဘဝမှာ တကယ်ပင် သနားစရာကောင်းလှပေသည်။ သူမသည် ငယ်စဉ် အလယ်တန်းကျောင်းသားဘဝကတည်းက ပြန်ပေးဆွဲခံရပြီး တောင်ပေါ်ရွာတစ်ခုသို့ ရောင်းစားခံခဲ့ရသူဖြစ်၏။
ထိုအချိန်မှစ၍ လူမဆန်သောနှိပ်စက်ညှင်းပန်းမှုများကို ခံစားခဲ့ရသည်။ အရိုက်အနှက်ခံရခြင်းမှာ သူမအတွက် နေ့စဉ်လုပ်ငန်းကဲ့သို့ ဖြစ်နေသဖြင့် မည်သူမဆို အသံကျယ်ကျယ်ပြောလျှင်ပင် သူမ အလွန်အမင်း ထိတ်လန့်နေတတ်ခြင်း ဖြစ်၏။
သူမကို ဝယ်ယူခဲ့သောအမျိုးသားမှာ သူမထက် ၁၆ နှစ်ခန့် ကြီးပြီး သူမမှာယခုမှ အသက် ၂၄ နှစ်သာ ရှိသေးသည်။ ထိုလူမှာ နောက်ပိုင်းတွင် မူးယစ်ဆေးဝါးလုပ်ငန်းထဲရောက်သွားပြီး သူမကို ဖျင်လင်းမြို့သို့ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်၏။
မူးယစ်ဆေးဝါးလုပ်ငန်း ပိုမိုလုံခြုံစေရန်အတွက် သူမကို ကိုယ်ဝန်ရှိအောင်ပြုလုပ်ခဲ့ပြီး အကာအကွယ်အဖြစ် အသုံးချခဲ့ခြင်းပင် ဖြစ်သည်။
ဒုန်း၊
စစ်ဆေးမေးမြန်းခန်း တံခါး ပွင့်သွားသည်။ ရှကျဲ ဒေါသတကြီးဖြင့် ဝင်လာ၏။
သူမ၏ မျက်ဝန်းများမှာလည်း နီရဲနေသည်။
စောင့်ကြည့်ခန်းမှနေ၍ ထိုအမျိုးသမီး၏ဖြစ်ရပ်ကို ကြားခဲ့ရသဖြင့် ရှကျဲ၏ရင်ထဲတွင် ဓားဖြင့် မွှန်းသကဲ့သို့ ခံစားနေရပြီး ထိုယုတ်မာသောလူကို ချက်ချင်းသတ်ပစ်ချင်စိတ်များ ပေါ်ပေါက်နေခဲ့လေသည်။
ချန်ဟောက်၏မျက်နှာမှာလည်း ရှုပ်ထွေးနေ၏။ စောစောက သူ ကြမ်းတမ်းစွာစစ်ဆေးခဲ့သည်ကို ပြန်တွေးကာ အပြစ်မကင်းသလိုခံစားနေရသည်။
ချင်ရန်က သူတို့နှစ်ဦးရောက်လာသည်ကို မြင်သောအခါ မတ်တတ်ရပ်လိုက်ပြီး ချန်ဟောက်အနားသို့ တိုးသွားကာ တိုးတိုးလေး မေးလိုက်သည်။ “ဆရာ... ကျွန်တော် တစ်ခုလောက်မေးပါရစေ၊ အမှန်အတိုင်းပဲဖြေပေးပါ၊ သူမက အခုလို သတင်းတွေအများကြီးပေးခဲ့သလို ကိုယ်ဝန်ဆောင်လည်းဖြစ်နေတော့ သက်ညှာမှုရနိုင်မယ်မဟုတ်လား”
ချန်ဟောက်က ခေါင်းညိတ်ကာ ထောက်ခံလိုက်၏။ “ရတာပေါ့! အမှန်အတိုင်းပြောရရင် သူမကလည်း ဒုက္ခသည်တစ်ယောက်ပဲ၊ ပြီးတော့ ဒီလောက်အသုံးဝင်တဲ့ သတင်းတွေပေးခဲ့တာဆိုတော့ ဥပဒေအရသူမကို အပြစ်ကနေလွတ်ငြိမ်းခွင့်တောင် ပေးလို့ရပါတယ်”
“ဒါဆိုရင်တော်သေးတာပေါ့” ချင်ရန်စိတ်သက်သာရာရသွားသည်။
ထိုစဉ် ချန်ဟောက်၏မျက်လုံးများမှာ စူးရှသွားပြီး အမိန့်ပေးလိုက်လေသည်။ “နေရာကို သိပြီဆိုတော့ အချိန်မဆွဲတော့ဘူး၊ အခုချက်ချင်း ကျင်းရှို့လူနေရပ်ကွက်က မူးယစ်ဆေးဂိုဒေါင်ကို သွားပြီးဖမ်းဆီးကြမယ်”
မူးယစ်ဆေးဝါးသမားများကို ဖမ်းဆီးရာတွင် အချိန်မှာ အလွန်အရေးကြီး၏။ သူတို့သည် အာရုံခံစားမှု အလွန်မြန်ဆန်ကြသဖြင့် အနည်းငယ် နောက်ကျသွားသည်နှင့် ထွက်ပြေးလွတ်မြောက်သွားနိုင်ပေသည်။
ချန်ဟောက်၏စကားကို ကြားလိုက်ရသောအခါ ချင်ရန်၏ မျက်ဝန်းများမှာ အေးစက်သွားပြီး ပြတ်သားစွာ ဆိုလိုက်လေတော့သည်။ “စခန်းမှူး... ဒီဖမ်းဆီးစစ်ဆင်ရေးမှာ ကျွန်တော့်ကိုလည်းပါဝင်ခွင့်ပေးပါ”