အခန်း (၃၁-၃၂)
Vol. 4 Ch. 31-32
31
ချင်ရန် ကိုယ်ဝန်ဆောင် အမျိုးသမီးအား လှည့်ကြည့်လိုက်ရာ သူမ၏မျက်ဝန်းထဲတွင် ထူးဆန်းသောအရိပ်ယောင်တစ်ခု
တည်ရှိနေသည်ကို တွေ့လိုက်ရသည်။
ထို့နောက် ချင်ရန်သည် တည်ငြိမ်လေးနက်သောအသံဖြင့် ပြောလိုက်သည်။ "အဲဒီတိရစ္ဆာန်လိုအကောင်ကို ကျွန်တော့်လက်နဲ့ ကျွန်တော်ကိုယ်တိုင်ဖမ်းပေးမယ်လို့ သူ့ကို ကတိပေးထားတာ"
ချန်ဟောက်၏ မျက်နှာအမူအရာမှာ တစ်စုံတစ်ခုအား အလေးအနက်စဉ်းစားနေပုံရပြီး နောက်ဆုံးတွင်
သူခေါင်းညိတ်ပြလိုက်လေသည်။
"ကောင်းပြီလေ"
ထိုအချိန်တွင် ရှကျဲသည် မနေနိုင်တာ့ဘဲ၀င်ပြောလိုက်သည်။
"ဆရာ... ကျွန်မလည်း လိုက်ချင်တယ်"
သူမသည်လည်း ဤကိစ္စတွင် တတ်နိုင်သမျှပါဝင်အားဖြည့် ကူညီချင်နေသည်မှာ သိသာလွန်းလှပေ၏။
သို့သော် ရှကျဲ၏စကားကြောင့် ချန်ဟောက်၏မျက်နှာမှာ ချက်ချင်းပင် တင်းမာသွားပြီး ပြတ်ပြတ်သားသားပြောလိုက်၏။
"လျှောက်မပြောနဲ့"
"ရှောင်ကျဲ... ဒီတာဝန်မှာ မင်းလုံးဝလိုက်လို့မဖြစ်ဘူး၊ မူးယစ်ဆေး မှောင်ခိုကူးတဲ့သူတွေကို သွားဖမ်းတာက ကလေးကစားစရာမဟုတ်ဘူး၊ သူတို့က အရမ်းရက်စက်ပြီးယုတ်မာကြတာ၊ အဖမ်းခံရရင် သေဒဏ်ကျခံရမယ်ဆိုတာ အသေအချာ သိနေတော့ သူတို့က အသေအလဲပြန်ခုခံကြမှာ ၊ ဒါကြောင့် မင်းကို လုံး၀လိုက်ခွင့်မပေးနိုင်ဘူး"
ချန်ဟောက် ဤမျှအထိ လေးလေးနက်နက်နှင့် တင်းတင်းမာမာတားမြစ်တာမျိုးက အတော်ကို ရှားပါးလှ၏။
သူသည် ချင်ရန်၏ ထူးချွန်ပြောင်မြောက်လှသောစွမ်းရည်များကို သိထားသောကြောင့် ချင်ရန်ကို ဤအမှုကိစ္စတွင်လိုက်ပါရန် ခွင့်ပြုပေးနိုင်သော်လည်း၊ ရှကျဲမှာမူ လုံးဝမဖြစ်နိုင်ပေ။
အကယ်၍ သူမသာလိုက်သွားပါက ယခုစစ်ဆင်ရေးကို ထိခိုက်သွားနိုင်သည်ဟု သူ ယူဆထားသောကြာင့် ဖြစ်သည်။
ရှကျဲမှာမူ ချန်ဟောက်၏ တင်းမာပြက်သားသောငြင်းဆိုမှုကြောင့် အနည်းငယ် စိတ်မကျေမနပ်ဖြစ်သွားသော်လည်း နောက်ဆုံးမှာတော့ ခေါင်းငုံ့ကာ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။
"နားလည်ပါပြီ"
ထို့နောက် ချင်ရန်သည် ရှကျဲအားနှစ်သိမ့်သည့်အနေဖြင့် ပြောလိုက်လေသည်။
"ရှောင်ကျဲ... မင်းဒီမှာပဲနေပြီး ဒီကိုယ်ဝန်ဆောင်အမျိုးသမီးကို သေချာစောင့်ရှောက်ထားပေးပါ၊ သူမက အခုချိန်မှာ ငါတို့အတွက် အရမ်းအရေးကြီးတဲ့ မျက်မြင်သက်သေ တစ်ယောက်မို့လို့ မျက်ခြေမပြတ်စောင့်ကြည့်ထားဖို့လိုအပ်တယ်"
"ကောင်းပါပြီ"
ရှကျဲသည် ချင်ရန်အား ခေါင်းညိတ်ပြလိုက်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအား
သနားစရာကောင်းသည့်အကြည့်ဖြင့်
ကြည့်လိုက်မိသည်။
ထိုစဉ် ချန်ဟောက်က လက်ဝှေ့ယမ်းပြကာ လှမ်းခေါ်လိုက်သည်။
"သွားကြစို့ ချင်ရန်၊ ငါ.လူတွေ ထပ်ခေါ် လိုက်ဦးမယ်"
ချင်ရန်သည် ချန်ဟောက်နောက်မှလိုက်ပါသွားပြီး အရှေ့ကသွားနေသည့် ချန်ဟောက်သည် ချောင်ကျန့်ကျွင်းထံသို့ ဖုန်းခေါ်လိုက်သည်။
ချောင်ကျန့်ကျွင်းမှာ ပါလီမြစ်၏ ရဲတပ်ဖွဲ့ဝင်များထဲတွင်နာမည်ကျော် ဒဏ္ဍာရီတစ်ခုဖြစ်ပြီး အလွန်အရည်အချင်းရှိသူပင်ဖြစ်သည်။
ထို့နောက် ချန်ဟောက်သည် နောက်ထပ်လက်ရွေးစင်တပ်သား ၈ ဦးကို ထပ်မံရွေးချယ်လိုက်ရာ စုစုပေါင်း တပ်သား ၁၀ ဦး ဖြစ်သွားလေတော့သည်။
ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ပြောကြားချက်အရဆိုလျှင် မူးယစ်ဆေးဖြန့်ဖြူးရောင်းချသည့်နေရာတွင်
ဂိုဏ်းဝင် ၂ ဦးသာရှိသဖြင့် သူတို့ခေါ်ဆောင်လာသည့် တပ်သား
၁၀ ဦးမှာ လုံလောက်သည်ဟု ယူဆနိုင်သည်။
ယန်ရှုသည်လည်း ထို ၁၀ ဦးထဲတွင်
တစ်ယောက်အပါအဝင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်
သူသည် ချောင်ကျန့်ကျွင်း၏တပည့်ရင်းတစ်ဦးဖြစ်နေခြင်းကြောင့်ပင်။
ချောင်ကျန့်ကျွင်းက မိမိ၏တပည့်အား
လက်တွေ့ဆောင်ရွက်ရသည့်နယ်ပယ်တွင်
အတွေ့အကြုံသစ်များ ပိုမိုရရှိစေလိုသောကြောင့် ယန်ရှုအား အဖွဲ့ထဲသို့ထည့်သွင်းခဲ့ခြင်းပင် ဖြစ်လေ၏။
ယန်ရှုမှာ သဘာဝအတိုင်းပင် ဝမ်းသာအားရဖြစ်သွားပြီး လီတာ့ဝေနှင့် ကျောက်ကျိဝေတို့၏ အားကျသောအကြည့်များကြားမှ ချင်ရန်နှင့်အတူ ဘေးချင်းယှဉ်ကာ ထွက်ခွာသွားသည်။
"ပစ်မှတ် - ကျင်းရှို့လူနေရပ်ကွက်၊ အဆောက်အအုံ ၃၂၊ အခန်း ၁၄၀၄"
ကားပေါ်သို့ ရောက်သည်နှင့် ချန်ဟောက်က တည်ငြိမ်ပြက်သားသောလေသံဖြင့် ပြောလိုက်သည်။ ၎င်းနေရာမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးပြောပြခဲ့သည့် တိကျသောနေရာပင်ဖြစ်သည်။
ချောင်ကျန့်ကျွင်းက သက်ပြင်းတစ်ချက်ကို အသာအယာချလိုက်ပြီး စိတ်အေးလက်အေးပုံစံဖြင့် တီးတိုးရေရွတ်လိုက်သည်။
"ဒါက ငါတို့နာမည်ရဖို့ နောက်ထပ်အခွင့်အရေးကောင်းတစ်ခုပဲ"
"ဖိန်လင်မြို့ထဲမှာ ဘိန်းဖြူထုတ်တဲ့စခန်းရှိနေလိမ့်မယ်လို့ ငါ တစ်ခါမှမထင်ထားခဲ့ဘူး၊ အဲဒီမှောင်ခိုသမားတွေက တကယ့်ကို ရဲတင်းလွန်းတာပဲ"
ဖိန်လင်မြို့သည် ပင်လယ်ကမ်းရိုးတန်းမြို့ဖြစ်ပြီး မည်သည့်နိုင်ငံနှင့်မျှ နယ်နိမိတ်ချင်းထိစပ်နေခြင်းမရှိပေ။ ဒါကြောင့် ဘိန်းဖြူသယ်ယူပို့ဆောင်ခသည် အလွန်များလွန်းတာကိုသိထားသည့် ချောင်ကျန့်ကျွင်းမှာ သူတို့၏ ရဲတင်းလှသည့်အလုပ်ပေါ် အံ့ဩမဆုံးဖြစ်နေမိသည်။
သို့သော် ထိုအဖွဲ့အစည်းအား အောင်အောင်မြင်မြင် ဖမ်းဆီးအရေးယူနိုင်ပါက ရရှိလာမည့် ဂုဏ်ပြုဆုလာဘ်နှင့် အောင်မြင်မှုမှာလည်း အလွန်ကိုကြီးမားပေလိမ့်မည်။
ချောင်ကျန့်ကျွင်းက ချင်ရန်အား မသိမသာလှမ်းကြည့်လိုက်သည်။ ဤစစ်ဆင်ရေးပွဲတွင် ချင်ရန်အား သူ့ထက်အရင်
အသာစီးရသွားခြင်းမျိုး လုံးဝအဖြစ်မခံနိုင်ပေ။
ချင်ရန်မရောက်လာခင်က သူသည် ပါလီမြစ်စခန်း၏ ဒဏ္ဍာရီလာသူရဲကောင်းတစ်ယောက်ဖြစ်ခဲ့ပြီး လူတိုင်းက သူ့ကို လေးစားအားက ခဲ့ကြသည်။
သို့သော် ပါလီမြစ်ရဲစခန်းသို့ ချင်ရန်ရောက်လာပြီးသည့်နောက်ပိုင်းတွင် သူ၏ နေရာမှာ အနည်းငယ်မှေးမှိန်သွားသည်ဟု
ခံစားနေရ၏။
'ဒီတစ်ခါတော့ ငါ့ရဲ့အရည်အချင်းတွေကို
ဒီလူသစ်တွေအရှေ့မှာ အပြည့်အဝပြရသေးတာပေါ့ကွာ' ချောင်ကျန့်ကျွင်းသည် စိတ်ထဲမှကျုံးဝါးလိုက်သည်။
ချန်ဟောက်သည် နောက်ကြည့်မှန်မှတစ်ဆင့် ချင်ရန်အားကြည့်လိုက်ရာ ချင်ရန်မှာ
အလွန်တည်ငြိမ်နေသည်ကိ အလွန်တည်ငြိမ်နေသည်ကိုတွေ့လိုက်ရ၏။
ထို့ကြောင့်ချန်ဟောက်က သိချင်စိတ်ဖြင့် မေးလိုက်မိသည်။
"ချင်ရန်... မှောင်ခိုမူးယစ်ဆေးကုန်ကူးသူတွေကို ပထမဆုံးအကြိမ်ဖမ်းရမှာဆိုတော့ မကြောက်ဘူးလား"
ချင်ရန်၏ဘေးတွင်ထိုင်နေသောယန်ရှုမှာမူ အလွန်စိုးရိမ်ပူပန်နေပုံရသည်။
သူသည် ဥပဒေကျောင်းသားတစ်ဦးအနေဖြင့်
မူးယစ်ဆေးမှောင်ခိုကူးသူများနှင့်ပတ်သက်သည့် အမှုပေါင်းများစွာကို
စာထဲတွင်လေ့လာခဲ့ဖူးသည်။
အဆိုပါ မူးယစ်ဆေးမှောင်ခိုကူးသူများသည် အဖမ်းခံရပါက ပြန်လမ်းမရှိ အသက်ပျောက်မည်ကိုသိသည့်အတွက်
၎င်းတို့သည် အသက်ကိုဂရုမစိုက်ဘဲ အသေအလဲ ပြန်တိုက်ခိုက်တတ်ကြသည်ကိုလည်း သူသိထားသည်။
ယန်ရှုသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး မေးလိုက်လေသည်။
"ဒါရိုက်တာချန်... အဲဒီမှောင်ခိုစခန်းမှာ
လူဘယ်နှစ်ယောက်ရှိလဲသိရပြီလား"
"သတင်းအရတော့ ၂ ယောက်ပဲ၊ ဒါပေမဲ့ ဟိုရောက်မှအခြေအနေကြည့်ရမှာပဲ"
ယန်ရှုက ဇဝေဇဝါဖြင့် မေးလိုက်သည်။
"တကယ်လို့ ဒါက ဖိန်လင်မြို့မှာ တစ်ခုတည်းသောဘိန်းဖြူဖြန့်တဲ့နေရာဆိုရင် လူ ၂ ယောက်တည်းစောင့်နေတာက ဖြစ်နိုင်ပါ့မလား"
"ဟုတ်တယ်၊ ဒါကြောင့်လည်း ငါတို့ လူ ၁၀ ယောက် ခေါ်လာတာပေါ့"
ထိုစဉ် ချောင်ကျန့်ကျွင်းက သူ၏ခါးကြားမှသေနတ်ကို ပုတ်ပြပြီး ပြောလိုက်လေသည်။
"ငါတို့မှာ သေနတ်တွေပါတယ်"
ယန်ရှူးက ခေါင်းညိတ်ပြီး အသိအမှတ်ပြုလိုက်သော်လည်း သူ၏စိုးရိမ်စိတ်အားဖျောက်ပစ်ရန် အတော့်ကို ကြိုးစားနေရသည်။
ထိုအချိန်တွင် ချင်ရန်က ယန်ရှု၏ကျောကို
ခပ်ဖွဖွပုတ်ပေးရင်း ပြုံးကာပြောလိုက်၏။
"စိတ်မလှုပ်ရှားပါနဲ့၊ ဘာမှစိုးရိမ်စရာမရှိဘူး၊
သူတို့က မှောင်ခိုသမားတွေပဲလေ၊ သိပ်ပြီးအန္တရာယ်မရှိပါဘူး၊ တိုက်ပွဲမစခင်ကတည်းက စိတ်ဓာတ်မကျနေနဲ့ဦး"
ယန်ရှူးက ချင်ရန်အား ခပ်နွမ်းနွမ်းလေး ပြုံးပြလိုက်ငည်။
'မင်းကတော့ အစစအရာရာ တော်တဲ့သူ
ဆိုတော့ ပြောနိုင်တာပေါ့၊ ငါက မင်းလောက်မှ
မတော်တာ.ဒီတော့ စိုးရိမ်ရတာပေါ့' ထို့သို့ပြောလိုက်ချင်သော်လည်း ယန်ရှုသည် နှုတ်မှဖွင့်မပြောဖြစ်လိုက်ချေ။
ထို မူးယစ်ဆေးမှောင်ခိုကူးသူများကို ကိုင်တွယ်ရသည်မှာ ထင်သလောက်မလွယ်ကူလှဘူးဟု သူ့စိတ်ထဲတွင်ထင်နေမိခြင်းဖြစ်သည်။
ထိုအချိန် ကျင်းရှို့လူနေရပ်ကွက်၊ အဆောက်အအုံ ၃၂၊ အခန်း ၁၄၀၄၏
ဧည့်ခန်းထဲတွင် လူနှစ်ဦးထိုင်နေသည်။
တစ်ဦးမှာ အသက် ၄၀ ကျော်ခန့်ရှိပြီး အနည်းငယ်ဝဖြိုးသော အမျိုးသားတစ်ဦးဖြစ်သည်။ နောက်တစ်ဦးမှာမူ အသက်
၃၀ ခန့်ရှိပြီး လမ်းဘေးလေလွင့်အမျိုးသမီးတစ်ဦးကဲ့သို့ ဝတ်စားထားကာ ဆေးလိပ်သောက်နေသောအမျိုးသမီးဖြစ်၏။
"အစ်ကိုပါ့ .. ဟိုကောင်မလေး ဘာလို့ အခုထိပြန်မရောက်သေးတာလဲ"
အမျိုးသမီးက စူးရှသောအသံဖြင့် မေးလိုက်၏။
'အစ်ကိုပါ့' ဟု ခေါ်သော အမျိုးသားက ရယ်မောလိုက်ပြီး အမျိုးသမီး၏ဘေးနားတွင် ကပ်ထိုင်ကာ ဖက်လိုက်၏။
"အဲဒီကောင်မလေးက ကိုယ်ဝန်နဲ့ဆိုတော့ လမ်းလျှောက်တာနှေးနေမှာပေါ့"
"အို... အစ်ကိုပါ့ရယ်၊ ကျွန်မ အဲဒီကောင်မကို
ကြည့်မရတာကြာပြီ ၊ ဘာလို့ သူ့ကိုပဲသုံးနေတာလဲ၊ တခြားမိန်းကလေးအသစ်တွေမရှာနိုင်တော့ဘူးလား"
ထိုအမျိုးသမီးက ခပ်နွဲ့နွဲ့ ပြောလိုက်၏။
"သူက ကိုယ်ဝန်ရှိနေလို့လေ၊ ကိုယ်ဝန်နဲ့ဆိုတော့ ရဲတွေက သိပ်ပြီးမစစ်ဆေးတဲ့အပြင် သတိတောင်မထားမိကြဘူးလေ
အဲဒါကြောင့်သုံးနေတာပေါ့"
ထို့နောက် အစ်ကိုပါ့ ဆိုသူက နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး ခပ်ညစ်ညစ်ပြုံးရင်းပြောလိုက်၏။
"သူလွယ်ထားတဲ့ကိုယ်ဝန်ကို အသုံးချပြီး ပိုက်ဆံရှာချင်လို့သာ၊ အဲဒီမိန်းကလေးကို အခုလိုဆက်ထားနေတာ မဟုတ်ရင် ငါ့ကလေးကို သူ့ဗိုက်ထဲထည့်မပေးနိုင်ပါဘူး"
"ဟွန့်... လူတိုင်းက မနာလိုဖြစ်နေကြတာ"
အမျိုးသမီးက ဟန်လုပ်ကာ ပြောလိုက်တော့
အစ်ကိုပါ့က ရယ်မောရင်းပြန်ပြောလိုက်သည်။
"မင်းကိုတော့ အဲဒီလို အန္တရာယ်ရှိတဲ့အလုပ်တွေမခိုင်းပါဘူး၊ ဘာပဲဖြစ်ဖြစ် အဲဒီကောင်မက စကားအရမ်းနားထောင်တယ်၊ ရဲဖမ်းမိရင်တောင် သူ့ပါးစပ်က ငါတို့အကြောင်းပေါက်ကြားမှာကို
စိုးရိမ်စရာမလိုဘူး”
ပြောနေရင်းဖြင့် အစ်ကိုပါ့၏လက်များသည် အမျိုးသမီး၏ပါးပြင်ကို ခပ်ဖွဖွဆွဲလိမ်နေပြီး သူ၏မျက်ဝန်းထဲတွင်လည်း ရမ္မက်ဇောများတောက်လောင်လို့လာ၏။
တီ...တီ..
ထိုစဉ် ဖုန်းသံသည် ရုတ်တရက်
ကျယ်လောင်စွာမြည်လာခဲ့၏။
အစ်ကိုပါ့၏မျက်ဝန်းထဲမှရမ္မက်များသည် ချက်ချင်း ပျောက်ကွယ်သွားပြီး စိတ်မရှည်မှုများက အစားထိုးဝင်ရောက်လာခဲ့သည်။
‘ဒီအချိန်ကြီးမှ ဘယ်သူဖုန်းဆက်တာလဲ’
ဖုန်းကို ဖွင့်လိုက်သည်နှင့် ဖုန်းထဲမှအမျိုးသားတစ်ဦး၏အသံသည် အလောတကြီးနှင့် ထွက်လာခဲ့၏။
"ဟယ်လို ၊ အစ်ကိုပါ့ “
ဖုန်းဆက်သည့်သူက ဘယ်သူဆိုတာကို သိသွားသည့်အခါ အစ်ကိုပါ့သည် အသံကို နှိမ့်ကာ
"လောင်လျို... ဘာဖြစ်လို့လဲ"
"အစ်ကိုပါ့... ကျွန်တော်ကားဂိတ်မှာစောင့်နေတာကြာပြီ၊ ခင်ဗျားပြောတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးကို အခုထိမတွေ့သေးဘူး"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
အစ်ကိုပါ့သည် လောင်လျို၏စကားကြောင့်
သူ၏မျက်နှာအမူအယာမှာ တင်းမာသွားသည်။ ကိုယ်ဝန်ဆောင်အမျိုးသမီး ဖြစ်နေသည့်တိုင်အောင် ဘယ်လောက်ပင် နှေးကွေးနေပါစေ၊ အခုချိန်ဆို သတ်မှတ်ထားတဲ့ နေရာကို ရောက်သင့်နေပြီ ဖြစ်၏။
'တစ်ခုခု ဖြစ်သွားတာလား'
ဟူသည့် အတွေးဝင်လာသည်နှင့်အမျှ
အစ်ကိုပါ့၏မျက်နှာမှာ ချက်ချင်းဆိုသလို
ဖြူဖျော့ကာပျက်ယွင်းသွားသည်။
ထိုစဉ် ဖုန်းထဲမှလောင်လျို၏ ထိတ်လန့်တကြားအော်ဟစ်လိုက်သည့်အသံသည် ရုတ်တရက်ထွက်ပေါ်လာခဲ့၏။
"နေဦးအစ်ကိုပါ့၊ တစ်ခုခုတော့ မှားနေပြီ၊ ဘာလို့ လူတွေအများကြီး ကျွန်တော့်ဆီလာနေကြတာလဲ၊ ဟေ့လူ ခင့်ဗျားတို့ဒါဘာလုပ်တာလဲ၊ကျွန်တော့်ကိုမထိနဲ့ ၊ မထိနဲ့လို့ "
တူ... တူ... တူ...
ဖုန်းလိုင်း ပြတ်တောက် သွားလေသည်။
သူသည် ထုံထိုင်းနေသည့် လူအတစ်ယောက်မဟုတ်ပေ။ ထို့ကြောင့် ဘာတွေဖြစ်ပျက်နေလဲ ဆိုသည်ကို သူ ချက်ချင်း ရိပ်မိလိုက်သည်။
အဆက်အသွယ် ပြတ်တောက်သွားသည့် ဖုန်းအား ဆက်လက်ကိုင်ဆောင်ထားရင်း
အစ်ကိုပါ့၏မျက်နှာအမူအရာမှာ တောင့်တင်းသွားကာ မျက်ဝန်းများမှာလည်းမဲမှောင်သွား၏။
'အဲဒီကောင်မ ငါ့ကိုသစ္စာဖောက်လိုက်ပြီ၊
ရဲတွေငါတို့နေရာကို သိသွားကြပြီဆိုတာကို
ပြောနေစရာကို မလိုတော့ဘူး’
32
အစ်ကိုပါ့ မျက်နှာသည် မကြာခင်ရွာချတော့မည့်တိမ်မဲများအလား မည်းမှောင်သွားသည်။ မိမိ၏ကျွန်တစ်ယောက်လို နှိပ်စက်ထားခဲ့ဖူးသောထိုမိန်းမသည် သူ့အား သစ္စာဖောက်ရဲလိမ့်မည်ဟု တစ်ခါမှမတွေးခဲ့မိပေ။
"ငါ သူ့ကို ရိုက်တာနည်းသွားလို့ ၊
ဒီလောက်အကြောတင်းလာတာလား သောက်အပယ်ခံမ”
အံကို ခပ်တင်းတင်းကြိတ်၍ ရေရွတ်နေသည့် အစ်ကိုပါ့၏မျက်နှာမှာ အလွန်ကို ကြည့်ရဆိုးနေသည်။
ထိုအချိန်တွင် ဘေး၌ထိုင်နေသော ဆွဲဆောင်မှုရှိသည့်အမျိုးသမီးမှာ
အစ်ကိုပါ့၏ စိတ်အလိုရမ္မက်ကို နှိုးဆွရန်အတွက် နားနားသို့ကပ်၍ ညုတုတုအသံလေးဖြင့် ပြောလိုက်လေ၏။
"အစ်ကိုပါ့ရယ် ၊သူတို့ကိုဂရုမစိုက်ပါနဲ့၊ ကျွန်မတို့ကိစ္စကိုပဲ အာရုံစိုက်ရအောင်လေနော်”
ထိုအမျိုးသမီး၏ လက်ချောင်းများသည်
အစ်ကိုပါ့၏ရင်ဘတ်မှတစ်ဆင့် ခါးပတ်ဆီသို့ ပွတ်သပ်ရင်းဆင်းလာ၏။
“ဖြန်း”
ရုတ်တရက် အစ်ကိုပါ့သည် ထိုအမျိုးသမီး၏ပါးကို ဖြတ်ကနဲရိုက်ချလိုက်ပြီး မတ်တပ်ရပ်ကာ အော်ဟစ်တော့သည်။
“နင်လိုအပျက်မက ငါ့ကို လာရှုပ်မနေနဲ့၊ ရဲတွေရောက်နေပြီကွ၊ ဒါကို နင်က ဘာတွေလာလုပ်နေတာလဲ”
အစ်ကိုပါ့မှာ အလွန်ကို ဒေါသထွက်နေသည်။ ထိုအခါမှ အမျိုးသမီးသည် ကြောက်လန့်သွားပြီး ရိုက်ခံလိုက်ရသည့်ပါးကိုအုပ်ကာ အသံတိတ် မျက်ရည်ကျနေတော့၏။
သို့သော် အစ်ကိုပါ့ပြောလိုက်သည့်စကားကို ကြားလိုက်ရချိန်တွင် သူမ၏မျက်နှာမှာ ချက်ချင်းပင် ပြာနှမ်းသွားပြီး နှုတ်ခမ်းနီဆိုးထားသည့် နှုတ်ခမ်းများပင် ဖြူလျော့သွားသည်။
"ဘာ၊ ဘာပြောတယ်၊ ရဲတွေ ကျွန်မတို့ကို ရှာတွေ့သွားပြီ၊ ဟုတ်လား”
၎င်းအမျိုးသမီးသည် ချက်ချင်းပင် ထိတ်လန့်သွား၏။ အစ်ကိုပါ့ ဘယ်လိုအလုပ်တွေလုပ်နေသလဲ ဆိုသည်ကို သူမကောင်းကောင်းသိသည်။ အစ်ကိုပါ့သာအဖမ်းခံရလျှင်တော့ သူမဘဝပါ အဆုံးသတ်ပေလိမ့်မည်။
"အစ်ကိုပါ့ အခု ကျွန်မတို့ဘာလုပ်ကြမလဲ၊ ရဲတွေအဖမ်းတော့မခံနိုင်ဘူးနော်”
သူမသည် အစ်ကိုပါ့၏အနားသို့တိုးသွားပြီး သူ့လက်မောင်းကို ဆွဲကိုင်ကာ တုန်တုန်ရင်ရင်ဖြင့် မေးရှာသည်။
အစ်ကိုပါ့၏မျက်နှာမှာ အလွန်မည်းမှောင်နေသည်။ သူသည် ဘိန်းဖြူလုပ်ငန်းအား ဖိန်လင်မြို့တွင် စတင်လုပ်ဆောင်လာသည်မှာ နှစ်ဝက်ခန့်ရှိပြီဖြစ်ပြီး ယွမ်သန်းပေါင်းများစွာကိုလည်း ရှာဖွေပြီးဖြစ်သည်။
နောက်ထပ်ခြောက်လလောက်လုပ်ပြီးလျှင် သူသည် ပြည်ပသို့ထွက်ကာ အေးအေးဆေးဆေးနေရန် ကြံစည်ထားသော်လည်း ထိုမိန်းမယုတ်၏သစ္စာဖောက်မှုကို ခံလိုက်ရ၏။
ယခုတော့ အခြေအနေများ တကယ်ပျက်စီးသွားပြီဖြစ်သည်။ သူနှင့် ဆက်သွယ်နေသောဖောက်သည်လည်း အဖမ်းခံလိုက်ရပြီး တံခါးဝသို့ ရဲတွေရောက်နေပြီဖြစ်သဖြင့် ရဲများက သူ့ဌာနချုပ်ကိုပါသိနေလောက်ပြီဖြစ်သည်။
"တောက်”
အစ်ကိုပါ့သည် သတင်းပေါက်ကြားစေခဲ့သော ကိုယ်၀န်ဆောင်အမျိုးသမီးကို အစိမ်းလိုက်ဝါးစားချင်လောက်အောင်ပင် အံကြိတ်ကာ ဒေါသတွေထွက်နေတော့သည်။
"အဲဒီကောင်မ ငါ့လက်ထဲကို အဖမ်းမခံရစေနဲ့၊
မိလို့ကတော့ နင်ရော နင့်ဗိုက်ထဲကကောင်ပါ ကောင်းကောင်းနေရမှာမဟုတ်ဘူးဆိုတာကို မြဲမြဲမှတ်ထား”
သို့သော် ယခုအချိန်တွင် အရေးကြီးဆုံးမှာ ရဲများ၏ဖမ်းဆီးမှုမှမည်သို့ လွတ်အောင်ထွက်ပြေးရမည်နည်းဆိုသည်သာ ဖြစ်သည်။ ကလဲ့စားချေဖို့က နောက်မှစဥ်းစားရမည်ပင်။
ထို့နောက် အစ်ကိုပါ့သည် ဖုန်းထုတ်ကာ နံပါတ်တစ်ခုအားနှိပ်လိုက်သည်။
တီ…..တီ…
ဖုန်းသံနှစ်ချက်မြည်ပြီးနောက် တစ်ဖက်မှ လူတစ်ယောက်၏ဖြေဆိုသံထွက်ပေါ် လာသည်။
"ဟဲလို၊ အစ်ကိုပါ့ ဘာကိစ္စရှိလို့လဲ”
တစ်ဖက်မှ အက်ကွဲကွဲအသံပိုင်ရှင်အမျိုးသားအား အစ်ကိုပါ့က လေသံကိုနှိမ့်ကာ ပြောလိုက်၏။
"ရဲတွေ ငါတို့ကိုရှာတွေ့သွားပြီ”
"ဟမ်၊ ဘာပြောလိုက်တယ်”
အစ်ကိုပါ့သည် အေးစက်စက်လေသံဖြင့် ဆက်ပြောလိုက်သည်။
"အရေးကြီးဆုံးက ရဲတွေလက်ကလွတ်ဖို့ပဲ၊ ငါ့အတွက်ကားတစ်စီးအမြန်ပြင်ထားပေး၊ ပြီးတော့လမ်းကြောင်းပါတစ်ခါတည်းဆွဲပြီး ဖိန်လင်မြို့ကနေ ငါ့ကို အမြန်ဆုံးထွက်နိုင်အောင်လုပ်ပေး၊ အလုပ်ပြီးရင် မင်းကို လုပ်အားခယွမ်တစ်သန်းဆုကြေးပေးမယ်၊ တစ်ခါထဲပြောထားမယ်နော် ငါ့ကို ဘေးကင်းကင်းပို့ပေးနိုင်မှ အဲဒီယွမ်တစ်သန်းကိုရမှာ၊ အဆင်ပြေလား”
"အဲ့ဒါက နည်းနည်းတော့ခက်မယ် အစ်ကိုပါ့ ၊ ဖိန်လင်ကရဲတွေက ကိုင်တွယ်ရအတော်ခက်တာနော် ဒါပေမဲ့လည်း တစ်သန်းဆိုတဲ့ဆုကြေးက အရမ်းများနေတော့ ကျွန်တော်အောင်မြင်အောင်လုပ်ပေးမယ်၊ စိတ်သာချထားလိုက် အစ်ကိုပါ့”
ဖုန်းထဲမှ အာမခံသည့်အသံကို ကြားလိုက်ရသည့်အစ်ကိုပါ့မှာ အနည်းငယ်စိတ်သက်သာရာရသွားကာ ဖုန်းချလိုက်သည်။ သူခေါ်လိုက်သော ထိုလူမှာ ဤနယ်ပယ်ထဲတွင် ဩဇာရှိသူ တစ်ဦး ဖြစ်သည်။
ထိုသူသည် ယခင်က ပြည်ပတွင် ကြေးစားစစ်သား လုပ်ခဲ့ဖူးသဖြင့် မှောင်ခိုလောက အကြောင်းကိုလည်း ကောင်းကောင်း သိထားသူဖြစ်သည်။ ထို့ကြောင့် လိုင်စင်အတုနှင့် ကားတစ်စီး ရှာပေးဖို့မှာ ထိုသူအတွက် တကယ်ကို ထမင်းစား ရေသောက် အဆင့်သာရှိသည်။
ထို့နောက် အစ်ကိုပါ့သည် နောက်ထပ် တခြား နံပါတ်တစ်ခုအား ထပ်မံခေါ်ဆိုလိုက်
ပြန်သည်။
"မင်းတို့ အခု ဘယ်မှာလဲ”
"အစ်ကိုပါ့ ၊ကျွန်တော်တို့ အိမ်မှာလေ၊ ဘာဖြစ်လို့လဲ”
တစ်ဖက်မှ ငယ်ရွယ်သော လူငယ်
တစ်ယောက်၏ အသံထွက်ပေါ်လာသည်။
"ရဲတွေ ငါတို့ကို စောင့်ကြည့်နေပြီ။ မင်းတို့ အသင့်ပြင်ထားလိုက်တော့
အိမ်ထဲက ပစ္စည်းတွေကို အမြန်ရွှေ့တော့
တစ်ခုမှ မကျန်စေနဲ့”
"ရဲတွေ စောင့်ကြည့်နေတယ် ၊တောက်
သိပြီ အကိုပါ့ ၊ ကျွန်တော်တို့ အခုပဲ သေနတ်တွေ ထုတ်ထားလိုက်မယ်”
ဖုန်းချပြီးနောက် ပါ့ကော၏ မျက်လုံးများမှာ အရောင်တောက် သွားသည်။ သူသည် ဖိန်လင်မြို့တွင် ဘိန်းဖြူလုပ်ငန်းကို တစ်ယောက်တည်းလုပ်ကိုင်ရဲခြင်းမရှိပေ။
သူ့တွင် လက်ပါးစေတပည့်များ တစ်ဒါဇင်ခန့်ရှိပြီး အားလုံးမှာ သူ့ဇာတိကလူများဖြစ်ကြသည်။ ထိုလက်ပါးစေတစ်စုမှာ ပြစ်မှုများကို အတူတူကျူးလွန်ခဲ့ကြသူများဖြစ်သောကြောင့် ယုံကြည်၍ရ၏။
ယင်းတပည့်များသည် အစ်ကိုပါ့နေထိုင်သော အဆောက်အအုံ၏ အပေါ်ထပ်နှင့် အောက်ထပ်တွင် ခွဲနေထိုင်ကြကာ၊
ယခုကဲ့သို့ အဆိုးဆုံးအခြေအနေများတွင် လိုသလိုအသုံးချရန် အစ်ကိုပါ့က သူတို့အား အသေအချာမွေးမြူထားခြင်းဖြစ်သည်။
ထို့နောက် အစ်ကိုပါ့သည် အိပ်ခန်းထဲသို့ပြေးဝင်ကာ သံသေတ္တာကိုဖွင့်လိုက်သည်။ သံသေတ္တာထဲတွင် အထပ်လိုက်ရှိနေသော ငွေစက္ကူများကို မြင်လိုက်ရသောအခါ
သူသည် လှုပ်ရှားနေသောစိတ်အား
ထိန်းချုပ်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။
"ပိုက်ဆံနံ့က ဘိန်းနံ့ထက် ပိုမွှေးတာပဲ”
သူသည် ဗီဒိုထဲမှ အိတ်တစ်အိတ်ကို
ထုတ်ယူကာ ထိုအိတ်ထဲသို့ ငွေစက္ကူများကို ကကျာကယာထိုးထည့်လိုက်၏။
"ဒီနေရာမှာ ဆက်နေလို့မရတော့ဘူး”
ပစ္စည်းများထုပ်ပိုးနေစဉ် အစ်ကိုပါ့၏မျက်လုံးများက အရောင်များတောက်နေသည်။
"ဌာနချုပ်မှာရှိတဲ့ ဘိန်းတွေနဲ့ပစ္စည်းတွေကိုတော့ စွန့်လွှတ်ရမှာပဲ"
သူ့အိမ်ထဲတွင် ယွမ်သန်းပေါင်းများစွာတန်ဖိုးရှိသော ဘိန်းဖြူနှင့် တားမြစ်ဆေးဝါး ကီလိုရာချီရှိနေသော်လည်း အသက်ဘေးမှလွတ်မြောက်ရန်အတွက် ထိုအရာများကို ထားခဲ့ရမည်ကို သူကောင်းကောင်းသိ၏။
နောက်ဆုံးတွင် ငွေများအားလုံးထည့်ပြီးသွားသောအခါ ၊ အစ်ကိုပါ့သည် လျှို့ဝှက်နေရာတစ်ခုမှ အနက်ရောင်သေတ္တာတစ်လုံးကို ထုတ်ယူလိုက်၏။
“ကလစ်”
သေတ္တာကို ဖွင့်လိုက်သောအခါ အထဲတွင် သေနတ်တစ်လက်ကို တွေ့လိုက်ရ၏။ ကျည်ဆန်များ အများအပြားပါရှိသော်လည်း ထိုကျည်ဆန်များသည် လေသေနတ်ကျည်ဆန်များနှင့် တူနေသည်။ သေနတ်မှာ ရိုင်ဖယ်ပုံစံဖြစ်ပြီး အနောက်တွင် လေစုပ်စက်တစ်ခုကိုပါတပ်ဆင်ထားသည်။
"ဒီပစ္စည်းတွေရှိရင် ရဲတွေဘယ်လောက်ပဲ ထောင်ချောက်ဆင်ဆင်”
“ ကြည့်ကြသေးတာပေါ့"
အစ်ကိုပါ့၏မျက်လုံးထဲ၌ ရူးသွပ်မှုများကို မြင်နေရသည်။
"မင်းတို့ကောင်တွေ ငြိမ်ငြိမ်ဝပ်ဝပ်နေကြ၊
ငါ တစ်ယောက်ချင်းစီကို ပစ်သတ်ပစ်မှာ”
ဤလေသေနတ်မှာ အစ်ကိုပါ့ ခက်ခက်ခဲခဲ ရယူထားရသော ပစ္စည်းဖြစ်ပြီး သူ အဖမ်းခံရမည်ကို ကြောက်သဖြင့် တစ်ခါမှထုတ်မသုံးခဲ့ဖူးပေ။ သို့သော် အခုမူမတတ်နိုင်တော့ချေ။
အရာအားလုံးပြင်ဆင်ပြီးနောက် အစ်ကိုပါ့သည် အနက်ရောင်သေတ္တာနှင့်ကျောပိုးအိတ်ကို ဆွဲကာ အိပ်ခန်းထဲမှထွက်လာခဲ့၏။ ဧည့်ခန်းထဲမှာ မလှုပ်မယှက်ထိုင်နေသော အမျိုးသမီးက သူ့အား မျှော်လင့်တကြီးဖြင့် ကြည့်နေသည်။
အစ်ကိုပါ့ ထွက်ပြေးတော့မည်ကို သိနေသဖြင့် သူမအား ထားပစ်ခဲ့မည်လားဟူ စိုးရိမ်စိတ်နှင့်ကြည့်နေမိခြင်းဖြစ်သည်။ အစ်ကိုပါ့သည် သူမကို တစ်ချက်ကြည့်လိုက်ပြီး ဝေခွဲမရဖြစ်သွားသော်လည်း နောက်ဆုံးတွင် အော်ပြောလိုက်၏။
"အချိန်ဖြုန်းမနေနဲ့၊ မင်းပစ္စည်းတွေအမြန်သိမ်း၊ တန်ဖိုးရှိတာပဲယူ၊ ကျန်တာတွေထားခဲ့၊ ဒီထက်အချိန်ကြာရင် ငါစောင့်မှာမဟုတ်ဘူးနော်”
"ဟုတ်ကဲ့ပါ အစ်ကိုပါ့”
ထိုအခါမှ သူမ ဝမ်းသာအားရဖြင့် အခန်းထဲပြေးဝင်ကာ ပစ္စည်းသိမ်းတော့သည်။ အစ်ကိုပါ့၏ယခုလုပ်ရပ်ကြောင့် အချိန်များဖြုန်းတီးမိသွားပြီး သူထွက်ပြေးလွတ်မြောက်နိုင်မည့် အခွင့်အရေးလည်း ပျောက်ဆုံးသွားတော့မည်ကို သူကိုယ်တိုင်ပင်မသိခဲ့ပေ။
ထိုအချိန်တွင်…
SUVအမျိုးအစားအနက်ရောင်ကားနှစ်စီးသည် ကျင်းရှို့လူနေရပ်ကွက်၏ ပင်မဂိတ်တံခါးအတွင်းသို့ မောင်းနှင်ဝင်ရောက်လာသည်။ ထိုကားပေါ်တွင် ပါလာသူများမှာ အခြားသူများမဟုတ်ဘဲ ပါလီမြစ်ရဲစခန်းမှ ရဲအရာရှိများပင် ဖြစ်တော့သည်။