အခန်း (၃၃-၃၄)
Vol. 4 Ch. 33-34
33
ကားအတွင်း၌မူ ချောင်ကျန့်ကျွင်းက ရုတ်တရက်ပြုံးလိုက်ပြီး နောက်ခန်းရှိချင်ရန်အား လှမ်းကြည့်ကာ မေးလိုက်သည်။
“ချင်ရန်၊ မင်းသေနတ်ပစ်တတ်လား”
ချင်ရန်မှာ အနည်းငယ်အံ့အားသင့်သွားပြီး ခေါင်းခါပြလိုက်ရာ ချောင်ကျန့်ကျွင်းက ကျေနပ်သွားသည့်အမူအရာဖြင့် ခေါင်းညိတ်ရင်းဆက်ပြောလေ၏။
“မတတ်ဘူး၊ အရင်က တစ်ခါမှသေနတ်ကို မကိုင်ဖူးဘူးပေါ့၊ သေနတ်ဆိုတာကတော့ ပါလီမြစ်ရဲစခန်းမှာ လုပ်သက်ရင့်၊ အတွေ့အကြုံရင့်မှ ကိုင်ခွင့်ရမှာကွ၊ အဲဒီအချိန်ကျရင်ဌာနချုပ်က မင်းကို စနစ်တကျသင်တန်းပေးလိမ့်မယ်”
ချောင်ကျန့်ကျွင်း၏ ကြွားလုံးထုတ်အသာစီးရလိုသော အသံကို ဘေးနားက လူများလည်း သတိထားမိကြသည်။ ထိုအခါ ချန်ဟောင်က ချောင်းတစ်ချက် ဟန့်လိုက်ကာ ဝင်ပြောလေ၏။
“တော်စမ်းပါ ကျန့်ကျွင်းရာ၊ မင်းက လူဟောင်းကြီးဖြစ်ပြီး လူသစ်လေးချင်ရန်ကို ဘာလို့အနိုင်ကျင့်နေရတာလဲ၊ သူက သေနတ်မပစ်တက်ပေမယ့် မင်းထက် အများကြီးပိုအရည်အချင်းရှိတယ်ဆိုတာ လူတိုင်းသိတယ်”
ထိုစကားကြောင့် ချောင်ကျန့်ကျွင်း၏မျက်နှာမှာ အနည်းငယ်နီမြန်းသွားသည်။
“မဟုတ်ပါဘူး၊ ကျွန်တော်က ချင်ရန်နဲ့ အေးအေးဆေးဆေး စကားစမြည်ပြောနေတာပါ”
ချန်ရှင်းချန်းကတော့ နှုတ်ခမ်းမဲ့လိုက်မိ၏။
ချောင်ကျန့်ကျွင်းသည် ပါလီမြစ်ရဲစခန်းတွင် ထူးချွန်သူတစ်ဦးအဖြစ် နာမည်ကြီးခဲ့သော်လည်း ယခု ချင်ရန်ရောက်လာသည့်အခါ သူ၏ထင်ပေါ်မှုများ မှေးမှိန်သွားသဖြင့် မနာလိုဖြစ်နေသည်မှာ အထင်အရှားပင်။ ထိုစဉ်မှာပင် ချန်ဟောင်၏ အိတ်ကပ်ထဲမှ ဖုန်းသံမြည်လာခဲ့သည်။
ချန်ဟောင်က ဖုန်းအား ချက်ချင်း ဖြေကြားလိုက်ရာ တစ်ဖက်မှ တည်ငြိမ်လေးနက်သော သက်လတ်ပိုင်းအမျိုးသားတစ်ဦး၏ အသံထွက်ပေါ်လာသည်။
“ချန်ဟောင်လား၊ ငါက ဖိန်လင်မြို့ မူးယစ်တိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် ရွှီပေါ်ပါ၊ မင်းတို့ ကျင်းရှို့လူနေရပ်ကွက်ကို ရောက်ပြီလား၊ လူဘယ်နှယောက်ပါလာလဲ”
ချန်ဟောင်က ကိုယ်ကိုမတ်လိုက်ပြီး
လေးစားစွာဖြင့် ပြန်ဖြေလိုက်၏။
“မင်္ဂလာပါခေါင်းဆောင်ရွှီ၊ ကျွန်တော်တို့ ရပ်ကွက်ထဲရောက်နေပါပြီ အခု ပစ်မှတ်ဆီကို ဦးတည်နေပါတယ်၊ အရင်ဆုံး ဒီနေရာကို လုံခြုံအောင်လုပ်ပြီး အခြေအနေကို အသေးစိတ်စုံစမ်းပြီးမှ ပြန်လည်တင်ပြပါ့မယ်၊ ကျွန်တော်တို့အဖွဲ့က စုစုပေါင်း ၁၀ ယောက်ပါ"
“အခြေအနေက ထင်ထားသလောက်သိပ်မဆိုးရင် တရားခံကို တိုက်ရိုက်ဖမ်းဆီးပြီး မူးယစ်အဖွဲ့ဆီလွှဲပေးလိုက်ပါ့မယ်”
“ငါ အခု လူတွေနဲ့ ကျင်းရှို့ရပ်ကွက်ဆီလာနေပြီ၊ နာရီဝက်လောက်ကြာမယ်၊ ပစ်မှတ်စာရင်းမှာ လူဘယ်နှယောက်ရှိလဲမသိရသေးတော့ သတိထားကြပါ၊ အလျင်စလိုဝင်မစီးပါနဲ့ဦး၊ ငါတို့ရောက်လာတာကို စောင့်ကြ”
“ဟုတ်ကဲ့ပါ”
ဖုန်းချလိုက်သည့်ချန်ဟောင်ကို ကြည့်ပြီး
ချောင်ကျန့်ကျွင်းက နှုတ်ခမ်းတွန့်လိုက်ကာ
ခပ်ရွဲ့ရွဲ့ပြောလိုက်၏။
“ဘာတဲ့လဲ မူးယစ်တိုက်ဖျက်ရေးအဖွဲ့က ငါတို့ချည်းပဲ သူတို့ရဲ့စွမ်းဆောင်ရည်တွေကို လုယူသွားမှာကို ကြောက်နေတာလား”
ချောင်ကျန့်ကျွင်း၏စကားကြောင့် ချန်ဟောင်သည် မျက်နှာတည်သွားပြီး အော်ငေါက်တော့သည်။
“ကျန့်ကျွင်း၊ မင်း စကားကို ဆင်ခြင်ပြောပါ၊ ခေါင်းဆောင်ရွှီက ငါတို့ရဲ့ဘေးကင်းရေးကို စိတ်ပူလို့မှာနေတာကွ၊ ပြီးတော့တစ်ဖက်မှာလည်း လူအင်အားဘယ်လောက်ရှိမှန်း အတိအကျသိရသေးတာလည်း မဟုတ်ဘူး”
ဘေးမှ ချင်ရန်ကလည်း ဝင်ပြောလိုက်၏။
“ဒါပေမဲ့ တရားခံက ဒီရပ်ကွက်ထဲကနေ ထွက်ပြေးဖို့ကြိုးစားရင်တော့ ကျွန်တော်တို့ ကြိုတင်လှုပ်ရှားရပါလိမ့်မယ်၊ မူးယစ်အဖွဲ့လာတာကို စောင့်နေလို့မရဘူး”
ချင်ရန်သည် ကိုယ်ဝန်ဆောင်အမျိုးသမီးအားပေးခဲ့သည့် ကတိကို ပြန်လည်တွေးတောနေမိ၏။ ထိုတိရစ္ဆာန်နဲ့မခြားသည့် လူယုတ်မာကို သူကိုယ်တိုင်ဖမ်းဆီးပေးမည်ဟု ကတိပေးထားခဲ့သည်မဟုတ်လော။
ချန်ဟောင်ကလည်း ခေါင်းညိတ်လိုက်ပြီး
ထောက်ခံလိုက်သည်။
“သေချာတာပေါ့၊ ဒါပေမဲ့ သူတို့ကို စောင့်လို့ရရင်တော့ စောင့်တာအကောင်းဆုံးပဲ”
ဤနေရာသို့ ထွက်မလာခင်ကပင် ချန်ဟောင်သည် ဤတာဝန်မှာ မူးယစ်အဖွဲ့၏ တာဝန်ဖြစ်သဖြင့် ဖုန်းဆက်အကြောင်းကြားထားခဲ့ခြင်းဖြစ်သည်။ သို့သော်သတင်းရရချင်း မူးယစ်ကုန်သည်များသည် ရိပ်မိပြီးထွက်ပြေးသွားမည်ကို စိုးရိမ်သဖြင့် ချက်ချင်း လိုက်လာခဲ့ရခြင်းပင်။
ကားသည် ကျင်းရှို့ရပ်ကွက်၏အဆောက်အအုံ (၃၂) အရှေ့သို့ ဆိုက်ရောက်လာခဲ့သည်။
ကားတံခါးပွင့်လာသည်နှင့်တစ်ပြိုင်နက် ချင်ရန်နှင့် အခြားသူများလည်း တစ်ယောက်ပြီးတစ်ယောက် ကားပေါ်မှဆင်းလာကြသည်။
သူတို့အားလုံးမှာ အရပ်ဝတ်များ ဝတ်ဆင်ထားကြသော်လည်း လူ ၁၀ ယောက် ရုတ်တရက်ပေါ်လာခြင်းက သံသယဖြစ်စရာ ကောင်းလွန်းနေသည်။
ကံကောင်းသွားသည်မှာ လမ်းဘေးတွင် လူသူကင်းရှင်းနေခြင်းပင် ဖြစ်၏။
ချင်ရန်တို့ အဖွဲ့သည် ပတ်ဝန်းကျင်အား အကဲခတ်လိုက်ပြီး အဆောက်အအုံ (၃၂) ၏ အဝင်ဝ ပတ်ဝန်းကျင်တစ်ဝိုက်တွင် ချက်ချင်း ပုန်းကွယ်လိုက်ကြသည်။
သူတို့ အဖွဲ့သည်စုစုပေါင်း ၁၀ ယောက်ရှိသော်လည်း ၃ ယောက်တွင်သာ သေနတ်ပါရှိပြီး ကျန်သူများမှာ နံပါတ်တုတ်များကိုသာ ကိုင်ဆောင်ထားသည်။
ချင်ရန်၏အကြည့်များသည် အေးစက်နေပြီး ပေါ်လာသမျှလူတိုင်းကို မလှုပ်မယှက် စောင့်ကြည့်နေသည်။
ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ပြောကြားချက်အရဆိုလျှင် အစ်ကိုပါ့ဆိုသူမှာ အသက် ၄၀ ဝန်းကျင်၊ အနည်းငယ်ဝဖြိုးကာ၊ ရက်စက်သော မျက်လုံးများနှင့် ကတုံးဆံပင်ပေါက်တစ်ယောက်ဖြစ်သည်။
ရုတ်တရက်၊ အဆောက်အအုံ (၃၂) ၏ အဝင်ဝတွင် လူမိုက်ပုံစံ အမျိုးသားတချို့ပေါ်လာသည်။
သူတို့သည် အလွန်သတိကြီးစွာဖြင့် ပတ်ဝန်းကျင်အား ကျီးကန်းတောင်းမှောက်သလို အကဲခက်နေကြပြီး ပါးစပ်တွင်စီးကရက်များကို ခဲထားကြကာ ပျင်းရိနေသယောင် ဟန်ဆောင်နေကြသည်။
“ငြိမ်ငြိမ်နေ”
ချန်ဟောင်က တိုးတိုးလေးသတိပေးလိုက်၏။
‘သေချာပြီ၊ သူတို့ဌာနချုပ်မှာ လူ ၂ ယောက်ထက်မက ရှိနေကြတာပဲ၊ ဒီလူတွေကလည်း အဲဒီထဲကပဲဖြစ်ရမယ်”
ထိုစဉ် ချင်ရန်၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်။
အကြောင်းမှာ ထိုလူမိုက်များထဲမှ လေးယောက်သည် လက်များကို အိတ်ကပ်ထဲထည့်ထားကြသောကြောင့်ပင်။ တစ်ခုခုကို ဖုံးကွယ်ထားကြောင်း သိသာလွန်းလှသဖြင့် ချင်ရန်သာမက ချန်ဟောင်၊ ချောင်ကျန့်ကျွင်းနှင့် ယန်ရှုတို့လည်း သတိထားမိသွားကြသည်။
“သူတို့ဆီမှာ သေနတ်တွေပါပုံရတယ်”
ခပ်တိုးတိုးလေးပြောလိုက်သည့်ယန်ရှု့အား ချောင်ကျန့်ကျွင်းက လေးနက်စွာဖြင့် ခေါင်းညိတ်ပြလိုက်ရင်း ညည်းတွားလိုက်သည်။
“ငါထင်တဲ့အတိုင်းပဲ၊ ဒီကောင်တွေက ကိုင်တွယ်ရလွယ်မယ့်ကောင်တွေမဟုတ်ဘူး”
ချောင်ကျန့်ကျွင်း၏ မျက်နှာပေါ်တွင် စိုးရိမ်ရိပ်များ ပေါ်လာ၏။ စောစောက ရှိခဲ့သော ပေါ့ပေါ့ပါးပါးအခြေအနေနှင့် လုံးဝခြားနားသွားပြီဖြစ်သည်။
ထိုမူးယစ်ကုန်သည်များမှာ ဓားအချို့သာပါမည်ဟု ထင်ခဲ့သော်လည်း ယခုမူ သေနတ်ကိုယ်စီနှင့် ဖြစ်နေကြသည်။
စနစ်တကျနှင့် ထိထိရောက်ရောက်မကိုင်တွယ်နိုင်ပါက ကြီးမားသောပစ်ခတ်မှုများ ဖြစ်သွားနိုင်သည်။
ချင်ရန်၏ အမူအရာမှာလည်း တင်းမာသွားပြီး ဤအခြေအနေက ခက်ခဲတော့မည်ဖြစ်ကြောင်း နားလည်လိုက်သည်။
ရန်သူ့လက်ထဲတွင် သေနတ်များရှိနေသဖြင့် လက်ဗလာဖြင့် ဝင်တိုက်ရန်မှာ မလွယ်ကူလှပေ။
ထိုစဉ် အဆောက်အအုံ (၃၂) ရှေ့တွင် လူမိုက်များသည် ထပ်ထွက်လာပြီး စုစုပေါင်း ၁၄ ယောက်ခန့်ရှိသဖြင့် သူတို့ထက် လူအင်အားကော ၊လက်နက်ပါ အပြတ်အသက်ကို ကွာခြားနေသည်။
“ဒါရိုက်တာချန်၊ ကျွန်တော်တို့ဘာလုပ်ကြမလဲ”
ချန်ဟောင်သည် သက်ပြင်းရှည်ကြီးကိုချလိုက်ပြီး လေးဖင့်စွာဖြင့် ပြောလိုက်၏။
“ဘယ်လိုပဲဖြစ်ဖြစ် သူတို့မှာ သေနတ်တွေရှိနေပြီး လူအင်အားလည်းပိုများတယ် ငါတို့မှာက သေနတ် ၃ လက်ပဲရှိတာ၊ သူတို့ ထွက်ပြေးဖို့ကြိုးစားရင်လည်း ငါတို့ကို မရိပ်မိအောင်နေကြ ၊ သူတို့ထွက်မယ့်လမ်းတွေကို ပိတ်ဆို့ဖို့ ယာဉ်ထိန်းရဲတွေကို ကြိုတင်ဆက်သွယ်ထားလိုက်”
ချန်ဟောင်သည် အမြဲတမ်း တည်တည်ငြိမ်ငြိမ်နှင့် ဘေးကင်းရေးကိုသာ အမြဲဦးစားပေးသူဖြစ်သည်။
ချင်ရန်နှင့် ယန်ရှုမှလွဲ၍ ကျန်သူအားလုံးမှာ အိမ်ထောင်သည်များဖြစ်ကြသဖြင့် တစ်ခုခုဖြစ်သွားပါက ကျန်ရစ်သူမိသားစုများအတွက် မတွေးရဲစရာပင်။
“ဒါပေမဲ့ ကျွန်တော်တော့ စိတ်ထဲမကျေနပ်ဘူး”
ချောင်ကျန့်ကျွင်းက လက်သီးကို တင်းတင်းဆုပ်ထားလိုက်၏။ ယန်ရှုလည်း စိတ်မကောင်းဖြစ်နေမိသည်။
ရာဇဝတ်ကောင်များက မျက်စိရှေ့တွင်ရှိနေသော်လည်း အင်အားချင်းမမျှသဖြင့် စိတ်ရှိတိုင်းမလှုပ်ရှားနိုင်ခြင်းမှာ အလွန်စိတ်ပျက်စရာကောင်းလှသည်။
“ဝူး... ဝူး... ဝူး…”
ရုတ်တရက် အလတ်စား ကုန်တင်ကားတစ်စီးသည် မောင်းနှင်လာပြီး အဆောက်အအုံ (၃၂) အရှေ့တွင် ရပ်လိုက်၏။
ထိုအချိန်မှာပင် သက်လတ်ပိုင်းအမျိုးသားတစ်ဦးသည် အလှပြင်ထားသော အမျိုးသမီးတစ်ဦးနှင့်အတူ ထွက်လာသည်။
ထိုအမျိုးသား၏လက်ထဲတွင် အနက်ရောင် ခရီးဆောင်သေတ္တာတစ်လုံးနှင့် ကျောပိုးအိတ်တစ်လုံးပါလာသည်။
ချင်ရန်သည် ထိုလူ့ လက်ထဲက အနက်ရောင်သေတ္တာကို မျက်မှောင်ကြုတ်ကာ စူးစိုက်ကြည့်လိုက်သည်။
“အဲဒီသေတ္တာထဲမှာလည်း သေနတ်တွေပါနိုင်တယ်”
ချန်ဟောင်၊ ချောင်ကျန့်ကျွင်း၊ ချန်ရှင်းချန်းနှင့် ယန်ရှုတို့လည်း ထိုမြင်ကွင်းကို စိုက်ကြည့်နေကြ၏။
သူတို့ရှာနေသည့် အစ်ကိုပါ့ဆိုသည်မှာ ဤလူမှန်း သိသာလှသည်။
သို့သော် ရန်သူဘက်တွင် လူအင်အားပိုများပြီး၊ လူနေထူထပ်သောဤရပ်ကွက်အတွင်း ပစ်ခတ်မှုဖြစ်လျှင် အပြစ်မဲ့ပြည်သူများထိခိုက်နိုင်သည် မဟုတ်လော။
ထိုအချိန်တွင် ရပ်ကွက်ထဲ၌ သက်ကြီးရွယ်အိုအချို့ ခွေးများနှင့်အတူ လမ်းလျှောက်ထွက်လာကြသည်ကို တွေ့လိုက်ရသည်။
…..
‘တကယ်လို့ သူတို့က ထိုအပြစ်မဲ့ ပြည်သူများကို ဓားစာခံလုပ်သွားရင်ကော’
လူလတ်ပိုင်းအမျိုးသားနှင့် အမျိုးသမီးတို့သည် ရပ်ထားသော ကုန်တင်ကား၏ ရှေ့ခန်းထဲသို့ ဝင်ထိုင်လိုက်ကြပြီး၊ လူမိုက်များကတော့ ကုန်တင်ကား၏ ကားနောက်ခန်းထဲမှ တက်လိုက်ကြသည်။
“ဒါရိုက်တာချန်၊ ဘာလုပ်ကြမလဲ”
ချောင်ကျန့်ကျွင်းက ခပ်တိုးတိုးလေး ထပ်မေးလိုက်သဖြင့် ချန်ဟောင်သည် မျက်မှောင်ကြုတ်လိုက်သည်။
“ဘာလုပ်ရမှာလဲ၊ ယာဉ်ထိန်းရဲတွေကို ဖုန်းဆက်ပြီး လမ်းပိတ်ခိုင်း၊ ပြီးတော့ မူးယစ်အဖွဲ့ကို သူတို့နောက်က လိုက်ခိုင်းရမှာပေါ့”
ချောင်ကျန့်ကျွင်းမှာ အလွန်မကျေမချမ်း ဖြစ်နေရသည်။ ဘေးမှ ချင်ရန်သည်လည်း အလွန်လေးနက်သော မျက်နှာပေးဖြင့် မကျေမနပ် ဖြစ်နေ၏။
‘ဒီအတိုင်း လွှတ်ပေးလိုက်ရမှာလားမဖြစ်ဘူး၊ ဒါကအန္တရာယ်များလွန်းတယ်၊ သူတို့သာ လမ်းမပေါ်ရောက်သွားရင် အပြစ်မဲ့ပြည်သူတွေကို ဓားစာခံလုပ်ပြီး ပြန်ခြိမ်းခြောက်လာနိုင်တယ်’
၇ မီတာခန့်ရှည်သော ကုန်တင်ကားကြီးကို ကြည့်ရင်း ချင်ရန်၏ ခေါင်းထဲတွင် အကြံတစ်ခုရလာ၏။
ထိုစဉ်မှာပင် စနစ်၏ အချက်ပေးသံသည် သူ၏ ဦးနှောက်ထဲတွင် မြည်ဟီးလာသည်။
“ဒင်၊ ပိုင်ရှင်အတွက် မစ်ရှင်အသစ်တစ်ခု ပေါ်လာပါပြီ၊ တရားခံ ဝမ်ပါ့ရှိနေသော ကုန်တင်ကားပေါ်သို့တက်ပါ။ ဆုလာဘ်မှာ ကျားသစ်တစ်ကောင်ကဲ့သို့ အရှိန်နှုန်း ဖြစ်သည်”
34
ချင်ရန်မှာ အံ့အားသင့်သွားရသည်။ ဤစနစ်သည် သူ၏အတွေးများနှင့် အမှန်တကယ်ပင် ထပ်တူကျလွန်းလှသည်။
ယခုအခါ သူ့တွင် ကိုယ်ပိုင်အကြံဉာဏ်ရှိသလို၊ စနစ်ကလည်း တာဝန်တစ်ခုပေးအပ်ထားပြီဖြစ်သောကြောင့် သွားရန် ပို၍ပင် စိတ်ပိုင်းဖြတ်ထားလိုက်သည်။
ဤဆုလာဘ်မှာ ကျားသစ်တစ်ကောင်၏ အရှိန်မျိုးဖြစ်သည်။ ၎င်းကိုသာရရှိလိုက်ပါက ချင်ရန်သည် ကျားသစ်တစ်ကောင်၏အရှိန်ကို ပိုင်ဆိုင်နိုင်ပြီမဟုတ်လော။
ထိုအချိန်ကျလျှင် ချင်ယန်သည် ကမ္ဘာ့အမြန်ဆုံးလူသား အူစိန်ဘော့လ်ကိုပင် ကျော်ဖြတ်နိုင်ကာ၊ ရာဇဝတ်ကောင်များအား ဖမ်းဆီးခြင်းတာဝန်များကို ယခုထက် ပိုမိုကောင်းမွန်စွာ ထမ်းဆောင်နိုင်မည်ဖြစ်သည်။
ထို့ကြောင့် သူသည် ဤကုန်တင်ကားပေါ်သို့ မဖြစ်မနေတက်ရမည်သာ။
ထိုအချိန်တွင် ယန်ရှုသည် မှောင်ခိုဂိုဏ်းသားများကားပေါ်တက်သွားသည်ကို ဘာမှမတတ်နိုင်ဘဲကြည့်နေရသဖြင့် အလွန်ပင် မကျေမနပ်ဖြစ်နေမိသည်။
သူသည် လက်သီးကို တင်းတင်းဆုပ်ကာ အားမတန်၍မာန်လျှော့လိုက်ရ၏။
ထိုစဉ် သူ၏ဘေးနားမှ အသံတစ်ခုထွက်ပေါ်လာသည်။
“ခေါင်းဆောင်၊ ကျွန်တော့်မှာအကြံတစ်ခုရှိတယ်၊ ကျွန်တော် အဲဒီကားရဲ့အောက်ပိုင်းမှာ ကပ်လိုက်သွားမယ်၊ ဒါမှ ခေါင်းဆောင်တို့ လမ်းပိတ်ဆို့မှုတွေလုပ်တဲ့အခါ ကျွန်တော်က အတွင်းထဲကနေ ပူးပေါင်းဆောင်ရွက်ပေးလို့ရမှာ”
ယန်ရှုမှာ ကြောင်အသွားသည်။ ထိုအသံမှာ ချင်ရန်၏အသံမဟုတ်ပါလော။ ချင်ရန်၏ ရဲတင်းလှသည့်စကားကြောင့် လူတိုင်း၏အကြည့်များမှာ သူ့ထံသို့ ရောက်ရှိသွားကြသည်။
ချန်ဟောင်သည် ရဲတင်းလွန်းလှသော ချင်ရန်၏အကြံအစည်ကြောင့် မှင်သက်သွားရ၏။
ထို့နောက် ခေါင်းကိုအလျှင်အမြန်ပဲ ခါယမ်းလိုက်ပြီး တည်ကြည်သောမျက်နှာထားဖြင့်တားလိုက်သည်။
“ ဒါကို အက်ရှင်ကားရိုက်နေတယ်များ မင်းထင်နေလား၊ ဟမ်၊ ကားအောက်ပိုင်းမှာကပ်လိုက်သွားမယ် ဟုတ်လား၊ ဒါက ကလေးကစားစရာမဟုတ်ဘူးနော် တကယ်လို့ မင်းတစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ၊ ဒီအချိန်မှာ မင်းရဲ့လုံခြုံရေးကအဓိကကွ”
“ဒါပေမဲ့ခေါင်းဆောင် အကယ်၍ ကျွန်တော်တို့ ဒီမှောင်ခိုသမားတွေကို အခုလွှတ်ပေးလိုက်ရင် သူတို့ဘယ်ကိုသွားမလဲဆိုတာ ဘယ်သူမှသိမှာမဟုတ်ဘူး"
“နောက်ပြီး သူတို့က ကားထဲမှာပဲတစ်ချိန်လုံးရှိနေမှာဆိုတော့ အထဲမှာဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော်တို့မမြင်နိုင်ဘူးလေ၊ ဒီမှောင်ခိုသမားတွေက အသေခံတိုက်ခိုက်လာခဲ့မယ်ဆိုရင် ကျွန်တော်တို့ဘက်က နိုင်ရင်တောင် ဆုံးရှုံးမှုက ပိုများသွားနိုင်တယ်”
ဖြစ်ပေါ်လာမည့် အကျိုးအပြစ်များကို တိတိကျကျခွဲခြမ်းစိတ်ဖြာပြလိုက်သဖြင့် ခေါင်းဆောင်ချန်မှာ ခဏမျှတိတ်ဆိတ်သွား၏။ ၎င်းကို အခွင့်ကောင်းယူကာ ချင်ရန်မှ ဆက်လက်ပြောဆိုလိုက်သည်။
“ ခေါင်းဆောင်၊ ကျွန်တော့်ကို တစ်ကြိမ်လောက်ယုံကြည်ပေးပါ၊ ကျွန်တော်ကားပေါ်တက်လိုက်သွားရင် ရလာမယ့် အကျိုးကျေးဇူးတွေ အများကြီးရှိနိုင်တယ်၊ ပြီးတော့ ကျွန်တော့်ရဲ့ ဘေးကင်းလုံခြုံရေးကိုလည်း ကျွန်တော်သေချာဂရုစိုက်ပါ့မယ်”
ချန်ဟောင်သည် မျက်မှောင်ကြုတ်လိုက်ပြီး ချင်ရန်၏စကားမှာ အတိုင်းအတာတစ်ခုအထိ ယုတ္တိရှိသည်ဟု ထင်မိလိုက်သည်။
အကြောင်းမှာ ဤမှောင်ခိုသမားများသည် အလွန်ကောက်ကျစ်လှသဖြင့် ၎င်းတို့ ဘယ်ကိုဦးတည်၍ သွားနေကြောင်း၊ လမ်းတစ်ဝက်တွင် ကားပြောင်းသွားမည်လော။ သို့မဟုတ် ပတ်ဝန်းကျင်ရှိ အပြစ်မဲ့ပြည်သူများကို ဓားစာခံများအဖြစ် ဖမ်းဆီးမည်လော ဆိုသည်ကို မည်သူမှ တပ်အပ်သေချာမသိနိုင်ပေ။
အကယ်၍ မမျှော်လင့်ထားသောအခြေအနေများ ပေါ်ပေါက်လာပါက ၎င်းတို့ကို ကိုင်တွယ်ရန် များစွာအခက်တွေ့ရပေလိမ့်မည်။
ထို့အပြင် ချန်ဟောင်သည် ယခုလေးတင်စစ်ဆေးကြည့်ရသလောက် ကားမှာ အထူးပြင်ဆင်ထားပုံရပြီး နောက်ဘက်ကုန်တင်ခန်းကို သံမဏိပြားများဖြင့် ကာရံထားသဖြင့် ၎င်းမှာ သံချပ်ကာကားတစ်စီးကဲ့သို့ ခိုင်ခံ့နေသည်မှာထင်ရှားလှသည်။
ဤကဲ့သို့သောကားမျိုး မြို့ထဲတွင် လွတ်လပ်စွာ မောင်းနှင်သွားလာနေပါက မည်မျှအန္တရာယ်များမည်နည်း။
အကယ်၍ ချင်ရန်သာကားပေါ်တွင်ပါသွားပါက အနည်းဆုံးတော့ သူတို့ဘက်က အတွင်းလူတစ်ယောက်ရှိနေမည်ဖြစ်ရာ နောက်ပိုင်းတွင် ဖမ်းဆီးရန် ပိုမိုလွယ်ကူသွားမည်ဖြစ်သည်။
သို့သော် ဤသည်မှာ အလွန်ပင်အန္တရာယ်များလွန်းလှသည်။ ချင်ရန်သာ တစ်ခုခုမှားယွင်းခဲ့လျှင် အသက်ပင်ဆုံးရှုံးသွားနိုင်သည်။
ချင်ရန်သည် ထူးချွန်သောပါရမီရှင်တစ်ဦးဖြစ်ရာ ချန်ဟောင်အနေဖြင့် သူ့ကို ထိုကဲ့သို့အန္တရာယ်တွင်းထဲ မတွန်းပို့လိုပေ။
“ခေါင်းဆောင်၊ ကျွန်တော်တို့သာ ဒီမှောင်ခိုသမားတွေထွက်ပြေးသွားတာကို ဒီအတိုင်း ရပ်ကြည့်နေမယ်ဆိုရင် လုပ်ဖော်ကိုင်ဖက်တွေက ဘယ်လိုထင်ကြမလဲ”
“ကျွန်တော်တို့မှာ ခိုင်လုံတဲ့အကြောင်းပြချက်တွေ ရှိကောင်းရှိနိုင်ပေမဲ့၊ နောက်ဆုံးတော့ ကျွန်တော်တို့ဟာ ကြောက်လို့နောက်ဆုတ်ခဲ့ကြတာပဲလို့ ရဲတပ်ဖွဲ့တစ်ခုလုံးကထင်သွားကြမှာပဲလေ”
ချင်ရန်၏ပြတ်သားလှသော ကားကြောင့် ချန်ဟောင်၏မျက်နှာမှာ တင်းမာသွားပြီး ဆွံ့အသွားရသည်။
မည်သို့ပင် အကြောင်းပြချက်တွေပေးစေကာမူ သူတို့ ၁၀ ယောက် မှောင်ခိုသမားများကို လွှတ်ပေးခဲ့သည်မှာ အမှန်တစ်ကယ်ပင် ဖြစ်သည်။
ထိုအကြောင်းအရာကို တခြားရဲတပ်ဖွဲ့ဝင်များသာသိသွားပါက သူတို့၏ ခနဲ့တဲ့တဲ့စကားများကြောင့် ခေါင်းပင်မဖော်နိုင်အောင် ကဲ့ရဲ့ခံရပေလိမ့်မည်။
ချန်ဟောင်သည် အချိန်အတော်ကြာတုံ့ဆိုင်းနေပြီးမှ နောက်ဆုံးတွင် အံကိုကြိတ်ကာ ပြောလိုက်သည်။
“ကောင်းပြီ၊ မင်းက ငါထင်ထားတာထက်ကို ပိုပြီးသတ္တိရှိတာပဲ၊ သွားတော့၊ ဒါပေမဲ့ ငါတို့နဲ့အဆက်အသွယ်မပြတ်စေနဲ့နော်၊ ကြားလား”
“ဟုတ်ကဲ့ပါ ခေါင်းဆောင်”
ချင်ရန်မှာ အလွန်ဝမ်းသာသွားပြီး အပိုစကားတစ်ခွန်းမှထပ်မပြောတော့ဘဲ ကုန်တင်ကားဆီသို့ တန်းတန်းမတ်မတ်ပြေးသွားတော့သည်။
ကားမှာ စတင်ရွေ့လျားနေပြီဖြစ်သော်လည်း အရှိန်မှာ သိပ်တော့မမြန်သေးပေ။
၎င်းကို မြင်လိုက်ရသောအခါ ချင်ရန်သည် နောက်ကြည့်မှန်၏ မြင်ကွင်းကွယ်ရာကို ရှာဖွေလိုက်ပြီး ကားအောက်သို့ ဖျက်ကနဲ တိုးဝင်သွားလိုက်သည်။ ထို့နောက် ခြေလက်များဖြင့် ကားအောက်ပိုင်းကို မြဲမြဲဖက်တွယ်ထားလိုက်ပြီး ကားနှင့်အတူ လိုက်ပါသွားတော့၏။
ဤမြင်ကွင်းအား ချန်ဟောင်၊ ချောင်ကျန့်ကျွင်း၊ ယန်ရှုနှင့် အခြားသူများအားလုံးသည် မှင်သက်စွာကြည့်နေကြသည်။
ချောင်ကျန့်ကျွင်းက အသက်ပြင်းပြင်းရှုရင်း လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ မချိတင်ကဲဆိုလိုက်၏။
“ဒီကောင်လေးတော်တော်ရဲတာပဲ၊ သူ့အကြံက ကောင်းပေမဲ့ ဒီလိုလုပ်တာကတော့၊ စွန့်စားလွန်းရာမကျဘူးလား၊ ချန်ဟောင်
သူ့ကို လွှတ်လိုက်တာက အန္တရာယ်များလွန်းတယ်နော်”
ချန်ဟောင်သည် တည်ကြည်သောမျက်နှာဖြင့် ချောင်ကျန့်ကျွင်းအား ပြန်တုံ့ပြန်လိုက်သည်။
“သူက သွားချင်တယ်လို့ ဇွတ်အတင်းပြောနေတော့လည်း ခွင့်ပြုရုံပဲရှိတော့တာပေါ့၊ ချင်ရန်က ရှကျဲနဲ့မတူဘူး၊ ဒီလိုလူမျိုးက ရည်မှန်းချက်ကြီးမားလွန်းတယ် ငါကသာ သူ့ကို တားဆီးနေမယ်ဆိုရင် ဒါက သူ့ရှေ့ရေးအတွက် အဟန့်အတားဖြစ်သွားလိမ့်မယ်”
“နောက်ပြီး ငါတို့မှာ အတွင်းလူတစ်ယောက် တကယ်ပဲလိုအပ်နေတာလေ၊ မင်းပြောကြည့် ငါတို့ထဲမှာ ဘယ်သူက အစွမ်းအစအရှိဆုံးလို့မင်းထင်လဲ”
ချန်ဟောင်၏ မေးခွန်းကြောင့် ချောင်ကျန့်ကျွင်းသည် ခါးသက်သက်ဖြင့် ပြုံးလိုက်မိ၏။
“ဟူး... ငါသာ ၁၀ နှစ်လောက် ပြန်ပြီးငယ်ဦးမယ်ဆိုရင် ချင်ရန်လိုပဲလုပ်မိမှာ”
ချန်ဟောင်သည် ချောင်ကျန့်ကျွင်း၏အပြောအား သဘောကျသွားသည်။
“ကဲ အခြေအနေက ဒီလိုတွေဖြစ်လာမှတော့ ငါတို့ တာဝန်တွေကိုပဲအာရုံစိုက်ကြစို့၊ ငါ မူးယစ်တပ်ဖွဲ့နဲ့ ယာဉ်ထိန်းရဲတပ်ဖွဲ့ကို အရင်ဖုန်းဆက်အကြောင်းကြားလိုက်မယ်။ ကျန့်ကျွင်း၊ မင်းက လူတချို့ကိုခေါ်သွားပြီး အခန်း ၁၄၀၄ ကို သွားစစ်ဆေး၊
“သက်သေတွေရှာထားလိုက်တော့”
“ကောင်းပြီ”
ချောင်ကျန့်ကျွင်းက ခေါင်းညိတ်ပြကာ ထွက်သွားလိုက်သည်။ ယန်ရှုသည် အဝေးသို့မောင်းထွက်သွားသည့် ကုန်တင်ကားကို ကြည့်ရင်း ချင်ရန်အတွက် စိုးရိမ်ပူပန်နေမိသည်။
ချင်ရန်သည် အမှန်တစ်ကယ်ပင် ရဲရင့်သူဖြစ်သော်လည်း ဤစစ်ဆင်ရေးမှာ အလွန်အန္တရာယ်ကြီးမားလွန်း၏။
“ချင်ရန် မင်းဘေးကင်းကင်းနဲ့ပြန်လာနိုင်ပါစေလို့ ငါဆုတောင်းပါတယ်”
ယန်ရှုစိတ်ထဲမှ တီးတိုးရေရွတ်နေမိသည်။
အခြားတစ်ဖက်ရှိကုန်တင်ကားမှာ ကျင်းရှို့လူနေရပ်ကွက်အတွင်းမှ မောင်းထွက်လာခဲ့ပြီဖြစ်သည်။
ကားခေါင်းခန်းအတွင်း၌ ဝမ်ပါ့သည် ကားနောက်ကြည့်မှန်ကို ခဏခဏကြည့်နေပြီး သူ့နောက်ကို ကားတစ်စီးစီးလိုက်လာသလားဟု သံသယဝင်ကာ စိုးရိမ်နေမိသည်။
ကားမောင်းသူမှာ ဆံပင်အတိုညှပ်ထားသော အမျိုးသားတစ်ဦးဖြစ်ပြီး နေပူထဲတွင် အချိန်ကြာမြင့်စွာ နေခဲ့ရသကဲ့သို့ အသားအရောင်မှာညိုမည်းနေကာ ကြွက်သားများမှာလည်း တင်းရင်းဖုထစ်နေသည်။
သူသည် ဝမ်ပါ့ ယခင်ကဆက်သွယ်ထားခဲ့သည့် မြေအောက်လောကနှင့် အဆက်အသွယ်ရှိသော ကြေးစားစစ်သားဟောင်းတစ်ဦးဖြစ်သည်။
ထိုစစ်သားဟောင်းသည် စီးကရက်ကို ပါးစပ်တွင်ခဲထားရင်း ဝမ်ပါ့၏ ကြောက်လန့်နေသောမျက်နှာကို ကြည့်ကာ လှောင်ရယ်လိုက်သည်။
“ညီအစ်ကိုပါ့၊ ခင်ဗျားက ရဲတွေကို ဘာလို့ ဒီလောက်တောင်ကြောက်နေရတာလဲ၊ ရဲတွေကလည်း သေမှာကို ကြောက်တတ်ကြတဲ့လူတွေပါပဲကွ”
ဝမ်ပါ့သည် အသက်ကို ခပ်ပြင်းပြင်းရှုကာ
ထိုလူ့အားပြန်ပြောလိုက်၏။
“အဲဒီလိုတော့ပြောလို့မရဘူးလေ ၊အရိပ်လို
အနောက်ကနေတကောက်ကောက်လိုက်ရတာ
ကြိုက်တဲ့ရဲတွေက သပ်သပ်ရှိတယ်”
ဤသည်ကို ကြားသောအခါ ကြေးစားစစ်သားက အားရပါးရရယ်မောလိုက်သည်။
“ဟုတ်လို့လား၊ ငါတို့ကတော့ အဲလိုဒုက္ခပေးတဲ့ ရဲတစ်ယောက်မှ မတွေ့ဖူးသေးဘူး၊ ခင်ဗျားမသိလို့၊ ကားမောင်းလာတုန်းက ရဲတချို့ အမှောင်ထဲကနေစောင့်ကြည့်နေတာကို တွေ့ခဲ့တယ်၊ ဒါပေမဲ့ သူတို့ ငါတို့ဆီကို အပြေးအလွှားရောက်မလာခဲ့ကြဘူး”
“ဘာ”
ဤစကားကို ကြားလိုက် ရသောအခါ ၀မ်ပါ့၏မျက်နှာပေါ်တွင် အံ့အားသင့်မှုများ ချက်ချင်း ပေါ်ပေါက်လာ၏။
ကြေးစားစစ်သည်ကမူ အလေးမထားသလိုဖြင့် ပြုံးကာပြောလိုက်သည်။
“သူတို့ ကြောက်နေကြတာဖြစ်မှာပေါ့၊ ထွက်လာပြီး ပေါ်ပေါ်တင်တင်မတိုက်ရဲကြဘူးလေ”
“သူတို့ ရောက်နေကြပြီလားဟ”
ဝမ်ပါ့ သတိမထားမိသော်လည်း ကြေးစားစစ်သားများ၏ ကင်းထောက်နိုင်စွမ်းမှာ ထိပ်တန်းအဆင့်ဖြစ်ရာ ၎င်းတို့ကို ရိပ်မိနေသည်မှာကြာပြီဖြစ်သည်။
“အဲဒီရဲတွေက သာမန်လူတွေပါပဲ၊ အကယ်၍ အထူးတပ်ဖွဲ့ဝင်တွေသာဆိုရင်တော့ ပိုပြီးကောင်းကောင်းပုန်းနိုင်လိမ့်မယ်၊သူတို့က သူခိုးနဲ့ ခါးပိုက်နှိုက်ကိုပဲ ဖမ်းတဲ့ရဲတွေလေ၊ ငါ့မျက်စိကိုအောက်ကတော့ လွတ်အောင်မပုန်းနိုင်ပါဘူး”
ဝမ်ပါးက ပျာပျာသလဲ မေးလိုက်၏။
“ငါတို့ကို သူတို့ သိသွားပြီပေါ့၊ ငါတို့ ဘာလုပ်ကြမလဲ၊ မင်း ငါ့ကို လွတ်အောင် ကူညီပေးမယ်လို့ ကတိပေးထားတယ်နော်”
“စိတ်မပူပါနဲ့”
ကြေးစားစစ်သားက ပျင်းရိပျင်းတွဲ ပြောလိုက်သည်။
“ငါ့မှာ ပြင်ဆင်ထားတဲ့လက်ပါးစေတွေ အများကြီးရှိတယ်၊ သူတို့က ရဲတွေကို လှည့်စားဖို့ လမ်းကြောင်းအသီးသီးမှာ မောင်းနေကြလိမ့်မယ်၊ သူတို့ကားတွေက ငါတို့ကားနဲ့ တစ်ပုံစံတည်းဆိုတော့ ရဲတွေက ဘယ်ကားအစစ်လဲဆိုတာ ခွဲခြားနိုင်မှာမဟုတ်ဘူး”
“အကယ်၍ ရဲတွေ ငါတို့နောက်ကို တကယ်လိုက်လာမယ်ဆိုရင်လည်း သူတို့က ယာဉ်တိုက်မှုတွေဖန်တီးပြီး ရဲတွေကို တားဆီးလိမ့်မယ် ပူမနေနဲ့”
“ညီအစ်ကိုပါ့၊ အဲဒီရဲတွေ ဟယ်လီကော်ပတာတွေသုံးပြီး မလိုက်နိုင်သရွေ့ ငါတို့ကို ဘယ်တော့မှဖမ်းနိုင်မှာမဟုတ်ဘူး”
“ငါ့လူတွေကိုလည်း စစ်ဆေးမယ့်သူ ဘယ်သူမှမရှိတဲ့ တိတ်ဆိတ်တဲ့ကမ်းခြေတစ်ခုမှာ စောင့်နေဖို့ ကြိုပြီး အကြောင်းကြားထားပြီးပြီ၊ ခင်ဗျား အဲဒီကိုရောက်တာနဲ့ သင်္ဘောပေါ်တက်ပြီး တရှားကနေအဝေးဆုံးကို အမြန်ဆုံးထွက်သွားရုံပဲ”