အခန်း (၃၅-၃၆)
Vol. 4 Ch. 35-36
35
ကြေးစားစစ်သားသည် ဖြစ်နိုင်ခြေရှိသည့်အခြေနေအားလုံးကို ထည့်သွင်းစဉ်းစားပြီး အရာရာကို အသေးစိတ်ရှင်းပြခဲ့သည်။
“ဖိန်လင်မြို့က ရဲတွေက ကျွန်တော်တို့ကိုဖမ်းဖို့ ဟယ်လီကော်ပတာတွေကိုတောင် တကယ်လွှတ်နိုင်ပါ့မလား”
ကြေးစားစစ်သား၏စကားကို ကြားပြီးနောက် ဝမ်ပါ့သည် သက်ပြင်းအရှည်ကြီးချလိုက်မိပြီး နဖူးပေါ်မှထွက်နေသည့် ချွေးအေးများကို သုတ်လိုက်ကာ မျက်နှာထက်တွင် အပြုံးတစ်ခုပြန်လည်ပေါ်ပေါက်လာ၏။
“ညီအစ်ကို၊ မင်းရှိနေလို့ တော်သေးတာပေါ့၊ မင်းရဲ့အရည်အချင်းကို ငါယုံတယ်၊ တကယ်ကို လုပ်ရည်ကိုင်ရည်ရှိတဲ့သူပဲ၊ ငါတို့ ပြန်တွေ့တဲ့အခါ မင်းကို သေချာပေါက်ကျေးဇူးပြန်ဆပ်မယ်လို့ ငါကတိပေးတယ်”
ဝမ်ပါ့က အားရပါးရပြုံးလိုက်ပါသော်လည်း ကြေးစားစစ်သားကမူ အေးစက်စွာဖြင့် သူလိုချင်တာကိုသာပြောလိုက်၏။
“ငါ့ကို ကျေးဇူးတင်စရာမလိုပါဘူး၊ ငါ့ကိုပေးမယ်လို့ပြောတဲ့ ပိုက်ဆံတစ်သန်းက မင်းရဲ့ပိုက်ဆံဖြစ်နေတုန်းပဲ၊ တစ်ပြားမှမလျော့စေရဘူး၊ ပြီးတော့ ငါက ဘာလို့မင်းကို ကူညီနေတယ်လို့ထင်လဲ”
“ဒီပိုက်ဆံတစ်သန်းလောက်နဲ့ ငါ့ကို စည်းရုံးလို့ရမယ်လို့ ခင်ဗျားထင်နေတာတော့မဟုတ်ပါဘူးနော်၊”
“ဟန့်၊ ငါ့လူနှစ်ယောက်ကို အဆုံးရှုံးခံပြီး ရဲတွေဖမ်းဆီတာကိုခံရမယ့် မင်းကို ဘာလို့ ကူညီရလဲဆိုတာသိလား၊ တကယ်တော့ မင်းရဲ့နောက်ကွယ်က လူကြောင့်ပဲဝမ်ပါ့”
ကြေးစားစစ်သား၏ စကားကြောင့် ဝမ်ပါ့မျက်နှာပေါ်မှ အပြုံးသည် တောင့်တင်းသွားပြီး ခေါင်းကိုသာ နေရခက်စွာကုတ်နေမိ၏။
တကယ်တော့ ဖိန်လင်မြို့တွင် သူ အခုလို အန္တရာယ်ကင်းကင်းနှင့် မူးယစ်ဆေးရောင်းနိုင်ခြင်းမှာ အများထင်သလို သူ့လူတွေက တော်လို့ဆိုသည်က ဆင်ခြေ သက်သက်သာဖြစ်သည်။
လူတွေမသိသေးသည့် ဝမ်ပါ့၏နောက်ကွယ်မှ တကယ့်လက်မည်းကြီးသည် ရွှေတြိဂံဒေသ၏ နာမည်ကြီးဘိန်းကုန်သည် နိုကာကြောင့်ပင်ဖြစ်သည်။
ကြေးစားစစ်သားမှာ ထိုနာမည်ကြီးဘိန်းကုန်သည် နိုကာနှင့် အဆက်အသွယ်အများကြီးရှိခဲ့ပုံရ၏။
ထိုအကြောင်းကြောင့်လည်း ဝမ်ပါ့အကူအညီတောင်းသည့်အခါ သူက မဆိုင်းမတွကူညီပေးခဲ့ခြင်းဖြစ်သည်။ အခြေနေကို နားလည်သွားသည့် ဝမ်ပ့ါသည် ဝမ်းသာအားရဖြင့် ပြောလေ၏။
“ညီအစ်ကို မင်းကို ငါမှတ်ထားပါ့မယ်၊ ဆရာ့ဆီပြန်ရောက်ရင် မင်းအကြောင်း ကောင်းကောင်းပြောပေးမယ်၊ နောင်ကျရင် နိုင်ငံရပ်ခြားမှာ စီးပွားရေးလုပ်ချင်တာရှိရင် ငါ့ကိုသာဆက်သွယ်လိုက်”
ကြေးစားစစ်သားသည် သူ့ကို တစ်ချက်လှမ်းကြည့်လိုက်သော်လည်း ဘာမျှတော့ ထပ်ပြီးပြန်မပြောတော့ပေ။
တစ်ချိန်တည်းမှာပဲ ကုန်တင်ကားအောက်မှာ ကပ်လိုက်လာသော ချင်ရန်၏စိတ်ထဲတွင် စနစ်အသံကို ကြားလိုက်ရသည်။
“ဂုဏ်ယူပါတယ်၊ ပိုင်ရှင်သည် မစ်ရှင်အောင်မြင်သွားပါပြီ၊ ဆုလာဘ်အဖြစ် ‘ကျားသစ်၏ အရှိန်နှုန်း’ ကို ရရှိပါပြီ”
အဆိုပါစကားဆုံးသွားသည်နှင့် ချင်ရန်၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ထူးခြားသည့် ခံစားချက်တစ်ခု ဖြစ်ပေါ်လာ၏။ ကြွက်သားများ ဆယ်ဆမက ပိုသန်မာလာသလိုခံစားရပြီး ၊အာရုံခံစားမှုကလည်း အရင်ထက် ပိုမိုထက်မြက်လာသည်။
လူသားတစ်ဦး၏ တုံ့ပြန်မှုနှုန်းက ၁၆၇ မီလီစက္ကန့် ရှိသော်လည်း ကျားသစ်တစ်ကောင်၏ တုံ့ပြန်မှုနှုန်းမှာ ၄၇ မီလီစက္ကန့်ပဲ ရှိသည်မို့လို့ လူသားထက် ၄ ဆနီးပါးပိုမြန်နေ၏။
ကျားသစ်အရှိန်နှုန်းသည် ပြေးလွှားနေသည့် အရှိန်တင်မကဘဲ ထူးကဲတဲ့ တုံ့ပြန်မှုအရှိန်ကိုပါ ပေးစွမ်းလိုက်ခြင်းဖြစ်သည်။
“ဒီလိုခံစားချက်မျိုးက၊ တကယ်ကို ထူးခြားပြီးပေါ့ပါးနေတာပဲ”
ချင်ရန် မအံ့သြဘဲမနေနိုင်တော့ပေ။
သို့သော် ယခုအချိန်တွင်အရေးကြီးဆုံးက
ဝမ်ပါ့ကို အရင်ကိုင်တွယ်ရန်သာဖြစ်သည်။
ကားသည် တစ်နာရီ မိုင် ၇၀၊ ၈၀ နှုန်းနှင့် မောင်းနေသော်လည်း ချင်ရန်သည်တော့ ကားကိုယ်ထည်ကို မြဲမြဲကိုင်ပြီး ကားနောက်ပိုင်းသို့ တွားသွား၍ သူ့၏အားအင်ကိုသုံးကာ ဖြည်းဖြည်းချင်း အပြင်ဘက်သို့ ထွက်လာခဲ့၏။
‘ဒါက လုပ်ရတာအရမ်းခက်တာပဲ’
မတော်တဆ သူ၏ခြေထောက်တစ်ဖက်ကသာ မြေပြင်နဲ့ထိမိသွားလျှင် သူ၏ ခြေထောက်သည် အသားစိုင်တစ်ခုသဖွယ် ကြိတ်ခြေခံရမည်ဖြစ်သည်။
သို့သော် ချင်ရန်သည် ကံကောင်းထောက်မစွာနှင့် ကားခေါင်မိုးပေါ်သို့ ဘေးကင်းကင်းဖြင့် တက်နိုင်ခဲ့၏။
သူ၏ လှုပ်ရှားမှုများက အရမ်းပေါ့ပါးနေသလို ကားနောက်ခန်းကိုကာထားသည့် အကာကလည်း အတော်လေးထူတာကြောင့် သူတက်လာသည့် အသံကို ကားထဲက ဝမ်ပါ့တို့လူတစ်စု သတိမထားမိခြင်းဖြစ်သည်။
“ဟူး၊ တကယ်ပဲတက်လာနိုင်ခဲ့ပြီ”
ချင်ရန်သည် သက်ပြင်းကို ခပ်ဖွဖွချလိုက်မိပြီး ကိုယ့်ကိုကိုယ် ပြန်အားပေးလိုက်သည်။
ထို့နောက် ကားခေါင်မိုးပေါ်မှလှမ်းကြည့်လိုက်ရာ ကားသည် ကမ်းနားလမ်းမကြီးအပေါ် ရောက်နေပြီဖြစ်ကြောင်း တွေ့လိုက်ရ၏။
ထိုလမ်းမကြီးအတိုင်း ကြည့်လိုက်လျှင် ကျယ်ပြောလှသည့် ပင်လယ်ပြင်ကြီးကိုပင် လှမ်းမြင်နေရပြီဖြစ်သည်။
“နေဦး.”
‘သူတို့ ကမ်းခြေကို ရောက်တော့မှာလား၊ ဘယ်လိုလုပ် ဒီလောက်မြန်မြန်ရောက်သွားတာလဲ’
ချင်ရန် အတော်လေးအံ့သြသွားမိသည်။ တကယ်ဆိုလျှင် သူတို့ကို လမ်းပိတ်ဆို့ပြီး ဖမ်းဆီးထားသင့်သော်လည်း တားမယ့်ဆီးမည့်သူ တစ်ယောက်မှကိုမတွေ့မိပေ။
‘ရဲတွေက သူတို့သွားတဲ့လမ်းကို ရှာမတွေ့ကြတာများလား' ထိုအချိန်တွင် ချင်ရန်သည် ပိတ်ထားသည့် သူ့ဖုန်းကို အမြန်ထုတ်ပြီး ချန်ဟောင်ထံသို့ ဖုန်းခေါ်လိုက်သည်။
“တီ”
ဖုန်းသံတစ်ချက်မျှသာ မြည်ရုံရှိသေး၊ တစ်ဖက်မှ ချက်ချင်းပင်ဖုန်းကိုင်လိုက်၏။
“ဟယ်လို၊ ဘယ်သူလဲ”
ချန်ဟောင်က အသံကိုနှိမ့်ပြီး စကားလုံးကို ဂရုတစိုက်ရွေးပြောနေသည်။
သူက ချင်ရန်တစ်ခုခု ဖြစ်သွားမည်ကို စိုးရိမ်နေသလို၊ ဖုန်းဆက်လာသူက ချင်ရန်ဟုတ်မဟုတ်လည်း မသေချာသောကြောင့်ဖြစ်သည်။
“ခေါင်းဆောင်၊ ကျွန်တော်ပါ”
ချင်ရန်က အသံတိုးတိုးဖြင့် ပြောလိုက်၏။
“သူတို့ အခု ကမ်းနားလမ်းမပေါ်ရောက်နေပြီ”
“ချင်ရန်၊ မင်း ဘေးကင်းရဲ့လား”
ချန်ဟောင် တကယ်ပဲ တုန်လှုပ်သွားရသည်။ ချင်ရန်ကို ကားနောက်သို့လိုက်ခွင့်ပြုခဲ့မိတာကို သူ ချက်ချင်းပင် နောင်တရ နေခဲ့ခြင်းဖြစ်၏။
ချင်ရန် ဘေးဒုက္ခတစ်ခုခုနှင့် ကြုံနေရပြီလို့ သူထင်ထားမိသောကြောင့် ဤဖုန်းခေါ်သံကပင် သူ့နှလုံးကို တုန်လှုပ်စေခဲ့သည်။
တစ်ဖက်မှ ဖုန်းဆက်လာသူသည် ဝမ်ပါ့ ဖြစ်နေမည်ကို သူ စိုးရိမ်နေခဲ့မိရာ၊ အခု ချင်ရန်အဆင်ပြေမှန်း သိလိုက်ရသဖြင့် ချန်ဟောင်သည် ဝမ်းသာအားရဖြစ်သွားမိသည်။
“သူတို့က ဘယ်လိုလုပ် အဝေးပြေးလမ်းပေါ်ရောက်သွားတာလဲ၊ ထူးဆန်းလိုက်တာ”
“ငါတို့ လမ်းပိတ်ဆို့မှုတွေ သေချာလုပ်ထားပြီးပြီ၊ ပြီးတော့ မင်းပါသွားတဲ့ အဲဒီကားကိုလည်း လူလွှတ်ပြီးစောင့်ကြည့်နေတယ်”
ချန်ဟောင် နားမလည်နိုင်ဖြစ်သွားပြီး
မျက်မှောင်ကြုတ်လျက်ဖြင့် အသံနှိမ့်ကာ ပြောလိုက်သည်။
“မဖြစ်နိုင်တာ၊ ကျွန်တော်ပါလာတဲ့ ကားပေါ်မှာပဲ ဝမ်ပါ့ ရှိတာပါ၊ တခြားကားတွေက လူစုခွဲဖို့သုံးတဲ့ အယောင်ပြကားတွေဖြစ်ရမယ်၊ သူတို့ လှည့်ကွက်ထဲမဝင်သွားစေနဲ့ခေါင်းဆောင်”
ဒါကို ကြားတော့မှ ချန်ဟောင်ရုတ်တရက်သဘောပေါက်သွား၏။
“တောက်၊ ဒီဆေးမှောင်ခိုကုန်သည်တွေက ဒီလိုလှည့်ကွက်တွေသုံးတာလား၊ မဟုတ်မှလွဲရော ငါတို့လိုက်နေတဲ့ကားက အရမ်းမြန်ပေမဲ့ ဦးတည်ချက်မရှိသလိုဖြစ်နေတာက ထွက်ပြေးတဲ့ကားနဲ့ကို မတူဘူး၊ ငါတို့တော့ အရူးလုပ်ခံလိုက်ရပြီထင်တယ်”
ချင်ရန်ကိုယ်တိုင်လည်း ဤဆေးမှောင်ခိုကုန်သည်များ၏ လှည့်ကွက်ကို သတိမထာားမိလိုက်တာကြောင့် တိတ်ဆိတ်သွားရသည်။
ကံကောင်းသည်မှာ သူကိုယ်တိုင်က ကားပေါ်မှာရှိနေခြင်းပင်၊ ဝမ်ပါ့အစစ်က ဤကားပေါ်မှာပဲ ရှိနေသည် ဆိုမှတော့ မမှားနိုင်တော့ပေ။
“ချင်ရန်၊ မင်းရှိတဲ့နေရာကို အမြန်ပြော၊ အမှတ်အသားတစ်ခုခုရှိလား၊ ငါတို့လူတွေ အခုချက်ချင်းလွှတ်လိုက်မယ်”
ချန်ဟောင်က အလောတကြီးမေးလိုက်လေ၏။
ချင်ရန်သည် အသက်ပြင်းပြင်းရှူကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ပင်လယ်နားမှာရှိသည့် ကျောက်ဆောင်ချောက်ကမ်းပါးကြီးနှစ်ခုကို တွေ့လိုက်ရသည်။
“ဒီလမ်းက ပင်လယ်ဘေးမှာ၊ ကျောက်ဆောင်ကြီးနှစ်ခုရှိတယ်၊ ပြီးတော့ ကျောက်ဆောင်ပေါ်မှာ ပင်လယ်ဘက်ကို လှမ်းကြည့်နေတဲ့လူတွေလည်းရှိတယ်၊ ကျွန်တော် ဒီကို တစ်ခါမှမရောက်ဖူးတော့ ဘယ်နေရာလဲဆိုတာသေချာမသိဘူး”
ချင်ရန်၏ ဖော်ပြချက်ကို ကြားတော့ ဖုန်းကိုင်ထားသည့် ချန်ဟောင်သည် ချက်ချင်းပင် ပြန်ဖြေလိုက်၏။
“ကျောက်ဆောင်ကြီး နှစ်ခု၊ ပင်လယ်ဘေးက လမ်းမကြီး ၊ဟုတ်ပြီ၊ ငါ သိပြီ မင်း အခု ‘ယွမ်ဟိုင်’ ကမ်းနားလမ်းမပေါ် ရောက်နေတာ”
ချန်ဟောင်သည် ဖိန်လင်မြို့တွင် နေထိုင်လာသည်မှာ အနှစ် ၂၀ ကျော်ပြီဖြစ်၍ မြို့မြေပုံကို ထောင့်စေ့အောင်အလွတ်ရနေသူဖြစ်သည်။
“ချင်ရန်၊ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်နော်၊ ဘာမှအဖြစ်မခံနဲ၊ တကယ်လို့ အဲဒီကောင်တွေလွတ်သွားရင်တောင်ကိစ္စမရှိဘူး၊ မင်းရဲ့ အသက်နဲ့ လုံခြုံရေးက အရေးကြီးဆုံးပဲ၊ နားလည်လား၊ ဇွတ်မလုပ်နဲ့နော်”
ချန်ဟောင်သည် သူ၏လုံခြုံရေးအတွက် တစ်လုံးချင်းကို သေချာမှာကြားနေသည်။
ချင်ရန်မှာတော့ ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး
ပြန်ပြောလိုက်ရ၏။
“ရပါတယ်၊ စိတ်မပူပါနဲ့”
အခြားတစ်ဖက်မှာမူ ချန်ဟောင်သည် မူးယစ်တပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ယွမ်ဟိုင်လမ်းမအနီးဆုံးရှိ ကင်းလှည့်ရဲများကို အမြန်ဆုံး ဆက်သွယ်လိုက်သည်။
တစ်ဆက်တည်းမှာပင် သူသည် မျှော်လင့်ချက်တစ်ခုရလာခဲ့၏။
‘ဒီတစ်ခါ ချင်ရန်သာ အဲဒီကားနောက်မလိုက်သွားရင် ငါတို့အားလုံး အရူးလုပ်ခံရတော့မှာပဲ၊ အဲဒါဆိုရင် ငါ့အတွက်ရော၊ ငါတို့ ပါလီမြစ်ရဲခန်းဌာနအတွက်ပါ အရှက်ခွဲခံရသလို ဖြစ်နေတော့မှာ’
မူးယစ်ဆေးတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့သည် ဝမ်ပါ့မှာ ယွမ်ဟိုင်လမ်းပေါ်တွင် ရှိနေကြောင်းကို ကြားတော့ အစပိုင်းတွင် မယုံကြည်ခဲ့ကြပေ။
အကြောင်းမှာ သူတို့က ပုံစံတူကားတစ်စီးနောက်သို့ အသည်းအသန် လိုက်လံဖမ်းဆီးနေသောကြောင့်ပင်။
သို့သော် ချန်ဟောင်က အဲဒီကားပေါ်တွင် ဝမ်ပါ့ မပါဝင်ကြောင်းနှင့် ချင်ရန်ကိုယ်တိုင်က ဝမ်ပါ့အစစ်ရှိနေသည့် ကားပေါ်တွင် လိုက်ပါသွားကြောင်းကို အတည်ပြုပြောလိုက်သည့်အခါမှာတော့ တပ်ဖွဲ့နှစ်ခုလုံး မယုံကြည်လို့မရတော့ပေ။
၎င်းတို့သည် ယွမ်ဟိုင်လမ်းမထံသို့ လူအင်အားအလုံးအရင်းနှင့် ချက်ချင်း ဦးတည်သွားကြတော့သည်။
အခုအချိန်တွင် ချန်ဟောင်နှင့် မူးယစ်တပ်ဖွဲ့မှရွှီပေါ်တို့သည် ဝမ်ပါ့ထွက်ပြေးမည့်နည်းလမ်းကို အတိအကျ ခန့်မှန်းမိသွားကြပြီဖြစ်သည်။
‘သူ သင်္ဘောစီးပြီး ဒီနေရာကနေထွက်ပြေးတော့မှာပဲ'
တစ်ချိန်တည်းမှာပဲ ယွမ်ဟိုင်ကမ်းနားလမ်းမပေါ်၌ ဝမ်ပါ့တို့လိုက်ပါလာသည့် ကုန်တင်ကားသည် လမ်းအဆုံးရှိ လူသူကင်းမဲ့ကာ တိတ်ဆိတ်လှသည့် ကမ်းခြေတစ်ခုဆီသို့ ရောက်ရှိတော့မည်ဖြစ်ပြီး အရှိန်ကို ဖြည်းဖြည်းချင်းလျှော့ချလိုက်တော့သည်။
36
ကုန်တင်ကားကြီးသည် ကမ်းခြေသို့ ဦးတည်မောင်းနှင်လာပြီးနောက် ဖြည်းညင်းစွာရပ်တန့်သွားသည်။
“ကျွီ”
ကားတံခါး နှစ်ဖက်လုံးပွင့်လာပြီး ဝမ်ပါ့နှင့် သူ့လူများသည် ကားပေါ်မှဆင်းလာကြသည်။ ဆွဲဆောင်မှုရှိသော အမျိုးသမီးမှာ ဝမ်ပါး၏အနားသို့ ကပ်တွယ်ကာ အလွန်သနားစဖွယ်ပုံစံဖမ်းနေ၏။
“ဟေ့ အစ်ကိုကြီး၊ လှေကဘယ်မှာလဲ၊ ဘာလို့ ရောက်မလာသေးတာလဲ”
ဝမ်ပါ့သည် ကားပေါ်မှဆင်းပြီးနောက် အဆုံးအစမရှိသောပင်လယ်ပြင်ကို မျှော်ကြည့်ကာ မေးလိုက်၏။ ဝမ်ပါ့၏အမေးကြောင့် ကြေးစားစစ်သားက လေးနက်သောအသံဖြင့် ပြန်ပြောလိုက်သည်။
“ငါတို့က စောပြီးရောက်နေတာထင်တယ်၊ ရဲတွေနောက်ကလိုက်ပြီး နှောင့်ယှက်လိမ့်မယ်လို့ ငါကထင်ထားတာ အခုတော့ ဒီလိုအေးဆေးဖြစ်နေမယ်လို့ ငါမမျှော်လင့်ထားဘူး”
ကြေးစားစစ်သား၏မျက်နှာပေါ်တွင် မထီမဲ့မြင်အရိပ်အယောင်များ ပေါ်လာခဲ့၏။
“ဒီရဲတွေက တကယ့်ကိုအသုံးမကျတာပဲ ငါတို့ကားကမှအစစ်၊ တကယ် ထွက်ပြေးတဲ့ကားဆိုတာ ဘယ်သူမှတောင်ရိပ်မိပုံမရဘူး”
ထိုစကားကို ကြားသောအခါ ဝမ်ပါ့မှာ ခဏမျှတုံ့ဆိုင်းသွားပြီးမှ အကျယ်ကြီးရယ်မောလိုက်သည်။
“ဟုတ်ပဗျာ၊ အဲဒီရဲတွေအကုန်လုံးက
အစ်ကိုကြီးလောက်တောင် ဦးနှောက်မရှိကြဘူးလေ၊ ဟားဟား”
“စိတ်မပူနဲ့၊ အလွန်ဆုံးဆယ်မိနစ်နေရင် လှေရောက်လာလိမ့်မယ်”
ကြေးစားစစ်သားသည် နာရီအား တစ်ချက်ကြည့်ပြီး တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
“ကောင်းပြီ၊ အစ်ကိုကြီးစကားကို ကျွန်တော်ယုံပါတယ်၊ အစ်ကိုကြီးသာစီမံနေသ၍ ကိစ္စတွေအကုန်အဆင်ပြေမယ်ဆိုတာ ကျွန်တော်သိပြီးသား”
ဝမ်ပါ့သည် ခေါင်းကို တရစပ်ညိမ့်ပြလိုက်သည်။သူသည် သက်ပြင်းကို ဝဝလင်လင်ချလိုက်ပြီးနောက် ကျယ်ပြောလှသော ပင်လယ်ပြင်ကို ကြည့်ကာ ညည်းတွားလိုက်၏။
“တောက် ၊ငါ ဖိန်လင်မြို့မှာ ဘိန်းဖြူလုပ်ငန်းလုပ်တာ နှစ်ဝက်ပဲရှိသေးတယ်၊ အမြတ်က ယွမ်ဆယ်သန်းနီးပါးရနေပြီနောက်ဆုံးတော့ ****မတစ်ယောက်ရဲ့ သစ္စာဖောက်တာကို ခံလိုက်ရတယ်လို့ကွာ၊ အော် ဒါနဲ့ အစ်ကိုကြီး၊ လူသတ်မှုတွေရောလက်ခံလား”
ကြေးစားစစ်သားက သူ့ကိုတစ်ချက်ကြည့်ကာ
မထူးခြားသည့်ပုံစံဖြင့် ခပ်အေးအေးပြောလိုက်၏။
“ဘယ်သူလဲဆိုတဲ့အပေါ်မူတည်တယ်၊ သာမန်လူဆိုရင်တစ်သန်း၊ ရာထူးအရှိန်အဝါရှိတဲ့သူဆိုရင်တော့ အဲဒီရာထူးအပေါ်မူတည်ပြီး ဈေးအပြောင်းအလဲရှိတယ်”
ထိုစကားကို ကြားသော် ဝမ်ပါ့သည် နှာခေါင်းရှုံ့ကာ အလွန်အမင်း မထီမဲ့ပြုလျက် ပြောလာ၏။
“ရာထူး ၊အဟက်... အဲဒီ မသာမမှာ ဘာရာထူးမှမရှိဘူး။ သူက ငယ်ငယ်လေးကတည်းက ငါကစားခဲ့တဲ့အမှိုက်တစ်စပဲ၊ သူ့မိဘတွေသေသွားတာကြာလှပြီ၊ လမ်းဘေးက တောင်းစားတဲ့သူတွေနဲ့ဘာမှမခြားဘူး”
ကြေးစားစစ်သားသည် နားထောင်ပြီး အေးအေးဆေးဆေးပင် ပြောလိုက်သည်။
“ဟုတ်ပြီ၊ ဒါဆိုရင်တော့ အဲဒီအလုပ်အတွက်
ငါ မင်းဆီက ငါးသိန်းပဲယူမယ်”
“တကယ်လား၊ ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုကြီးရယ်”
ဝမ်ပါ့၏ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားသည်။ သူသည် ဖုန်းကိုထုတ်ကာ ကိုယ်ဝန်ဆောင်အမျိုးသမီး၏ဓာတ်ပုံကို ရှာပြီး ကြေးစားစစ်သားအားပြလိုက်၏။
“အစ်ကိုကြီး ဒီမှာ ဒီကောင်မပဲ၊ အသက်က နှစ်ဆယ်ကျော်လောက်ရှိပြီ၊ သူ့နာမည်ကိုတော့ ငါမေ့သွားပြီ”
“ငါ မှတ်ထားလိုက်ပြီ”
ကြေးစားစစ်သားက တည်ငြိမ်စွာ ပြောလိုက်ကာ ထိုဓါတ်ပုံထဲက အမျိုးသမီးကို မှတ်သားထားလိုက်သည်။ ဝမ်ပါ့၏မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားတော့သည်။
“ငါ့ကို သစ္စာဖောက်တဲ့ကောင်တွေကို ကြောက်စရာကောင်းတဲ့ ပေးဆပ်မှုမျိုးကြုံစေရမယ်”
တစ်ချိန်တည်းမှာပင် ကုန်တင်ကားပေါ်တွင် လှုပ်ရှားမှုမရှိဘဲဝပ်နေသော ချင်ရန်၏အကြည့်များသည် ရေခဲကဲ့သို့ အေးစက်သွားသည်။ သူသည် အားလုံးကို ကြားလိုက်ရပြီး တိုးတိုးလေး ရေရွတ်လိုက်၏။
“မင်းတို့ ရဲ့ မိုက်ရူးရဲဆန်တဲ့စကားတွေကို နောက်ထပ် နည်းနည်းလောက် ထပ်ပြောခွင့်ပေးလိုက်ဦးမယ်”
ထိုစဉ်မှာပင် မိုးကုပ်စက်ဝိုင်းတွင် အမည်းစက်လေးတစ်ခုကို ခပ်ရေးရေးမြင်လိုက်ရသည်။
ဝမ်ပါ့၏ မျက်နှာမှာ ဝမ်းသာအားရဖြစ်သွားသပြီး ဘေးနားက ကြေးစားစစ်သားကို ကြည့်ကာ ဝမ်းသာအားရဖြင့် ပြောလေသည်။
“အစ်ကိုကြီး သင်္ဘောရောက်လာပြီလား”
“အင်း”
ကြေးစားစစ်သားက ခေါင်းညိတ်ပြီး တည်ငြိမ်စွာပြောလိုက်၏။
“တော်လောက်ပြီ၊ အခု ငါ့ကို ပိုက်ဆံပေးတော့၊ လူသတ်ခအပါအဝင် အားလုံးတစ်သန်းခွဲ”
“ရတာပေါ့၊ ရတာပေါ့”
ဝမ်ပါးက ပြုံးဖြဲဖြဲဖြင့် ကျောပိုးအိတ်ကိုဖွင့်ကာ ပိုက်ဆံများရေတွက်ပြီး ကြေးစားစစ်သားထံပေးရန်ပြင်လိုက်သည်။
သို့သော် ထိုအချိန်မှာပင်...
“ဝီး.....ဝီး...”
ရဲဥဩသံများ တပြိုင်နက်တည်း ဆူညံစွာထွက်ပေါ်လာတော့သည်။ ထိုဥဩသံများက ဝမ်ပါ့၏ နှလုံးသားထဲသို့ တိုက်ရိုက် မိုးကြိုးပစ်ချလိုက်သကဲ့သို့ပင်။
ဘေးနားရှိ အမျိုးသမီးမှာလည်း ချက်ချင်းပင် မျက်နှာမှာ သွေးမရှိတော့သလို ဖြူလျော်သွားတော့သည်။
ဝါရင့်ကြေးစားစစ်သားများပင်လျှင် ၎င်းတို့၏အမူအရာများ အနည်းငယ် ပျက်ယွင်းသွားကြ၏။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ၊ရဲတွေက ငါတို့နောက်ကို ဒီအထိ ဘယ်လိုလိုက်လာနိုင်ရတာလဲ”
၎င်း မှာ တကယ်ကို ထူးဆန်လွန်းနေသည်။
ယခုလို လူသူကင်းမဲ့သည့်နေရာကို တိကျသည့် သတင်းအချက်အလက်မရှိဘဲ ရဲများက လိုက်လာနိုင်စရာအကြောင်းမရှိပေ။
‘တစ်ခုတာ့ လွဲနေပြီ'
ကြေးစားစစ်သား၏ မျက်နှာမှာ ချက်ချင်းပင်ခက်ထန်သွားပြီး ဝမ်ပါ့ကို လူသတ်လိုသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။
“မင်းလူတွေထဲမှာ သူလျှိုရှိနေတာလား”
“ငါ့လူတွေလား”
ဝမ်ပါ့သည် ချက်ချင်းပင် ထိတ်လန့်သွားပြီး သူ့လက်အောက်ငယ်သားများကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သို့သော် သူတို့အားလုံးမှာလည်း ကြောင်တောင်တောင်ဖြင့် သူ့ကို ပြန်ကြည့်နေကြ၏။
သူတို့က ဝမ်ပါးကို ဘယ်လိုလုပ်ပြီး သစ္စာဖောက်ရဲကြမည်နည်း။
ဝမ်ပါ့ တစ်ကိုယ်လုံး တုန်ရီနေပြီး ဘေးရှိအမျိုးသမီးအား တစ်ဖန်ကြည့်လိုက်ပြန်သည်။
“မင်း၊ မင်း ငါ့ကို သစ္စာဖောက်တာလား”
ကိုယ်ဝန်ဆောင်အမျိုးသမီး၏ သစ္စာဖောက်ခဲ့ခြင်းကြောင့် ဝမ်ပါးမှာ စိတ်ဒဏ်ရာအကြီးအကျယ် ရနေခဲ့ခြင်းဖြစ်သည်။
ဝမ်ပါ့၏အပြုအမူကြောင့် အမျိုးသမီးမှာ ထိတ်လန့်တုန်လှုပ်သွားပြီး မျက်နှာဖြူစုတ်လျက် ပျာပျာသလဲဖြင့် ငြင်းဆိုလိုက်သည်။
“ကျွန်မ၊ ကျွန်မ မလုပ်ရဲပါဘူး အစ်ကိုပါ့ရယ်၊ကျွန်မက ဘယ်လိုလုပ် အစ်ကို့ကို သစ္စာဖောက်ရဲမှာလဲ”
ထိုစဉ်မှာပင် ရဲတပ်ဖွဲ့၏ အသံချဲ့စက်မှအသံတစ်ခု ဟိန်းကနဲထွက်လာသည်။
“ရှေ့ကလူတွေ နားထောင်ကြစမ်း၊ မင်းတို့ကို ငါတို့ရဲတွေ ဝိုင်းထားပြီးပြီ၊ လက်နက်တွေကို ချထားလိုက်၊ လက်ကို ခေါင်းပေါ်တင်ပြီး ဒူးထောက်လိုက်စမ်း၊ မင်းတို့အတွက် ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ ငါကြိုးစားပေးမယ်”
ထိုသို့ပြောလိုက်သူ၏အသံမှာ ဟိန်းထွက်နေပြီး အရှိန်အဝါမှာ အလွန်ကောင်းလှသည်။
ဝမ်ပါ့၏မျက်နှာမှာ ပြာနှမ်းသွားပြီး ဘေးနားရှိ ကြေးစားစစ်သား၏မျက်လုံးများမှာလည်း မြွေဆိုးတစ်ကောင်ကဲ့သို့ အေးစက်ခက်ထန်သွား၏။
၀မ်ပါ့နှင့် ကြေးစားစစ်သားများရှေ့တွင် ရဲကားများနှင့် ဆိုင်ကယ်များစွာ ပေါ်ထွက်လာကြပြီး အနည်းဆုံး အင်အား နှစ်ရာကျော်ခန့် ရှိပေမည်။
‘ဒါက အကြီးစားလူဖမ်းပွဲကြီးပဲ’
ဝမ်ပါ့က တုန်တုန်ရီရီဖြင့် ကြေးစားစစ်သားကို မေးလိုက်၏။
“အစ်ကိုကြီး အခု ငါတို့ဘာလုပ်ကြမလဲ”
ကြေးစားစစ်သားက နောက်သို့လှည့်ကြည့်လိုက်ရာ သင်္ဘောမှာ ကမ်းခြေနှင့်ပို၍နီးကပ်လာသည်ကို မြင်လိုက်ရသဖြင့် အံကြိတ်ကာ ပြောလိုက်သည်။
“မြန်မြန်... မင်းလူတွေကို ဘယ်နည်းနဲ့မဆို ရဲတွေကို ရအောင်တားခိုင်းထားလိုက်၊ ငါတို့သင်္ဘောပေါ်ရောက်သွားရင် လွတ်နိုင်သေးတယ်”
“အော် ဟုတ်ကဲ့၊ ဟုတ်ကဲ့”
ထို့နောက် ဝမ်ပါ့က ကမန်းကတန်း လက်ဝှေ့ယမ်းကာ သူ့လူများအား တိုက်ပွဲဝင်ဖို့ အမိန့်ပေးလိုက်သည်။
“သေနတ်တွေထုတ်ပြီး သူတို့ကို အသေခံတိုက်ကြစမ်း၊ ငါ့ကိုယုံလိုက် မင်းတို့တိုက်ပွဲမှာသေသွားရင်တောင် မင်းတို့ရဲ့မိသားစုတွေကို သေချာစောင့်ရှောက်ပေးမယ်လို့ ငါကတိပေးတယ်”
ထိုစကားကို ကြားလိုက်ရသော ဝမ်ပါ့၏ လက်အောက်ငယ်သားများမှာ အံကိုကြိတ်ကာ ခိုင်းသည့်အတိုင်း လုပ်ရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
သူတို့အသက်က တန်ဖိုးမရှိသော်လည်း အိမ်တွင်ကျန်နေခဲ့သည့် မိဘများနှင့် သားသမီးတို့က ရှိနေသေးသည်။ ထို့ကြောင့် သူတို့သည် ဝမ်ပါ့နှင့် ကြေးစားစစ်သားကို ဝိုင်းရံလိုက်ကာ ဝမ်ပါ့အား ဘေးကင်းသောနေရာသို့ပို့ဆောင်ရန် အစွမ်းကုန်ကြိုးစားကြတော့၏။
ထိုအချိန်တွင် ရဲကားများနှင့် ဆိုင်ကယ်များစွာမှာ ဝမ်ပါ့တို့အဖွဲ့နှင့် မီတာနှစ်ရာခန့်သာ ဝေးတော့သည်။
ချန်ဟောင်လည်း ထိုလူအုပ်ထဲတွင်ပါဝင်ရာ သူသည် ရဲကားထဲမှနေ၍ ကုန်တင်ကားခေါင်မိုးပေါ်ရှိ ချင်ရန်ကို တစ်ချက်တည်းနှင့် မြင်လိုက်ရ၏။
ချန်ဟောင် သက်ပြင်းချလိုက်ပြီး စိတ်အေးသွားဟန်ဖြင့် ပြောလာခဲ့သည်။
“ချင်ရန်ရဲ့ ပုံစံကိုကြည့်ရတာ သူအဆင်ပြေတဲ့ပုံပဲ၊ တော်သေးတာပေါ့”
“မြန်မြန် ဟိုဘက်ကိုမောင်း၊ မူးယစ်မှောင်ခိုကောင်တွေကို လာကြိုတဲ့လှေက မီတာရာဂဏန်းလောက်ပဲဝေးတော့တယ်”
မူးယစ်တပ်ဖွဲ့ခွဲမှူးရွှီပေါ်သည် ချန်ဟောင်ဘေးမှ ရုတ်တရက် အော်ဟစ်လိုက်သည်။
ထိုစဉ်မှာပင် ချန်ဟောင်၏ မျက်နှာအမူအရာ ချက်ချင်းပြောင်းလဲသွားသည်။ အကြောင်းမှာ ကုန်တင်ကားခေါင်မိုးပေါ်ရှိ ချင်ရန် ရုတ်တရက် လှုပ်ရှားလိုက်သည်ကို မြင်လိုက်ရသောကြောင့်ပင်။
“ချင်ရန် ဘာလုပ်မလို့လဲ၊ မိုက်မိုက်မဲမဲတွေမလုပ်နဲ့နော်”
ချန်ဟောင် ထိတ်လန့်သွားစဉ်မှာပင် သင်္ဘောမှာ ကမ်းခြေသို့ အမြန်ဆိုက်ကပ်လာပြီဖြစ်သဖြင့် ဝမ်ပါ့မှာ အလွန်ဝမ်းသာသွားပြီး ကမန်းကတန်းဖြင့် ပြောလိုက်သည်။
“အစ်ကိုကြီး သင်္ဘော ရောက်ပြီ၊ သွားရအောင်”
“သွားမယ်”
ကြေးစားစစ်သားက တိုတိုတုတ်တုတ်ပဲ ပြန်ဖြေလိုက်သည်။ ဝမ်ပါ့၏လူများက လမ်းပိတ်ပေးထားသဖြင့် အနည်းဆုံးတော့ ရဲတွေ၏ လက်မှလွတ်နိုင်သေးသည်။
ဝမ်ပါ့နှင့် ကြေးစားစစ်သားသည် သင်္ဘောဆီသို့ အပြေးအလွှားသွားနေကြရာ သူတို့နှင့်သင်္ဘောမှာ မီတာငါးဆယ်ခန့်သာ ကွာဝေးတော့သည်။
ဝမ်ပါ့ဘေးရှိ အမျိုးသမီးမှာလည်း စွန့်ပစ်ခံရမည်ကိုစိုးသဖြင့် ဝမ်ပါ့နောက်မှ ထပ်ချပ်မကွာ လိုက်ပါလာ၏။
သို့သော် လူရိပ်တစ်ခုသည် ကျားသစ်တစ်ကောင်၏ အရှိန်မျိုးဖြင့် ကြေးစားစစ်သားနှင့် ဝမ်ပါ့ရှေ့သို့ ရုတ်တရက် ခုန်ဆင်းလာသည်။
ဤသို့မမျှော်လင့်ထားသော ဖြစ်ရပ်က ဝမ်ပါ့ကိုသာမက ဝါရင့်ကြေးစားစစ်သားကိုပင် လန့်ဖျန့်သွားစေခဲ့၏။
“ထွက်ပြေးဖို့ ကြံနေတာလား၊ မင်းတို့က ပြစ်မှုတွေ ဒီလောက်ကျူးလွန်ထားတာ၊ လွတ်ဖို့မစဉ်းစားနဲ့တော့၊ ရပ်လိုက်ကြစမ်း”