← Chapters

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

အခန်း (၃၇-၃၈)

Vol. 4 Ch. 37-38

37

ဝမ်ပါ့နှင့် ကြေးစားစစ်သားသည် သင်္ဘောပေါ်သို့တက်ရန် အပြင်းအထန်ကြိုးစား‌နေကြသည်။ သင်္ဘောပေါ်ရောက်သည်နှင့် သူတို့ လွတ်မြောက်နိုင်ဖြစ်ရာ ဥပဒေ၏စီရင်ချက်ကို ရှောင်လွှဲနိုင်မည်ဟု ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌တွက်ဆထားကြ၏။

သို့သော် မမျှော်လင့်ဘဲ လူတစ်ယောက်သည် ကောင်းကင်ယံမှ ဝုန်းခနဲ ပြုတ်ကျလာသဖြင့်ကြေးစားစစ်သားရော ဝမ်ပါ့ပါ ထိတ်လန့်သွားကြသည်။ အနီးရှိ အမျိုးသမီးမှာလည်း ကြောက်လန့်တကြား အော်ဟစ်လိုက်မိ၏။

“မင်း၊ မင်းကဘယ်သူလဲ”

ဝမ်ပါ့က တုန်တုန်ရင်ရင်ဖြင့် မေးလိုက်သလို ခြေလှမ်းများမှာလည်း အလိုလိုနှေးကွေးသွားသည်။ တစ်ဖက်တွင်မူ ရဲတပ်ဖွဲ့ဝင်များ မလာနိုင်စေရန် ဝမ်ပါ့၏ လူများက ဆက်တိုက်ပစ်ခတ်နေကြဆဲပင်။

ကြေးစားစစ်သား၏ မျက်လုံးမှာ တုန်လှုပ်မှုမှတစ်ဆင့် ရက်စက်ကြမ်းကြုတ်မှုသို့ ချက်ချင်းပြောင်းလဲသွားသည်။ သူသည် ရပ်ထားသည့်ကုန်တင်ကားကို ကြည့်ကာ မျက်နှာပျက်သွားပြီး ဒေါသတကြီးဖြင့် ပြောလာ၏။

“မင်း တစ်ချိန်လုံး ဒီကားပေါ်မှာ ရှိနေခဲ့တာလား”

သူ အတော်လေးအံ့သြသွားရသည်။ ၎င်းမှာ ဖြစ်နိုင်ချေအရှိဆုံးအချက်ပင်။ ချင်ရန်ကမူ တုန်လှုပ်ခြင်းမရှိပေ။

သူ့အလုပ်မှာ ဝမ်ပါ့နှင့် ကြေးစားစစ်သားတို့ကို အချိန်ဆွဲထားရန်သာဖြစ်သည်။ ရဲတပ်ဖွဲ့ဝင်များက ဝမ်ပါ့၏လူများကို နှိမ်နင်းပြီးသည်နှင့် ဤနေရာသို့ လာရောက်ကာ ဝမ်ပါ့နှင့် ဤလျှို့ဝှက်ဆန်းကျယ်သောလူကို ဖမ်းဆီးပေလိမ့်မည်။

“ဥပဒေကို ချိုးဖောက်ထားရင် ထွက်ပြေးဖို့မစဉ်းစားနဲ့၊ ဒီမှာပဲ ငြိမ်ငြိမ်လေးနေစမ်း”

ချင်ရန်သည် သတိအပြည့်ဖြင့် လူသုံးယောက်ကို တစ်ယောက်တည်း အစွမ်းကုန်တားဆီးနေသည်။ ကြေးစားစစ်သား၏မျက်နှာမှာ တင်းမာလာပြီး ချင်ရန်အား စိန်ခေါ်သလိုပြောလိုက်၏။

“စိတ်ဝင်စားဖို့တော့ကောင်းသားပဲ၊ ငါ့ဘက်က ပေါ့လျော့သွားလို့ လူတစ်ယောက်ပါလာတာတောင် မသိခဲ့ဘူး၊ သေပေတော့”

ကြေးစားစစ်သားသည် ချင်ရန်ထံသို့ ကျားတစ်ကောင်ကဲ့သို့‌သော အရှိန်ဖြင့် ပြေးဝင်လာပြီး တစ်ချိန်ထဲမှာပင် သူ ခါးကြားမှ စစ်သုံးဓားမြှောင်ကို ညာလက်ဖြင့် ဆွဲထုတ်လိုက်သည်။

“ငါနဲ့ တိုက်ခိုက်ချင်တာလား”

ချင်ရန်၏မျက်လုံးမှာ လက်ကနဲဖြစ်သွားသည်။ ဤကြေးစားစစ်သား၏ အရှိန်အားမှာ အမှန်တကယ်ပင် ကြောက်စရာကောင်းလှ၏။

သူသည် သာမန်တိုက်ခိုက်ရေးသမားမဟုတ်ဘဲ သတ်ဖြတ်ခြင်းအတတ်ပညာများကို အဓိကထား လေ့ကျင့်ထားသူဖြစ်နိုင်သည်။ အကယ်၍ ချင်ရန်၏ နေရာမှာ သာမန်သူသာဆိုလျှင် ကြေးစားစစ်သား၏ လက်ချက်ဖြင့် ချက်ချင်း အသက်ပျောက်သွားနိုင်၏။

သို့သော် သူ ရင်ဆိုင်နေရသူမှာ ဆရာအဆင့်ရှိ တိုက်ခိုက်ရေးစွမ်းရည်နှင့် ကျားသစ်တစ်ကောင်၏အရှိန်ကို ပိုင်ဆိုင်ထားသည့် ချင်ရန်ဖြစ်နေသည်။

“ဘုန်း”

ဓားမြှောင်ကို ကိုင်ထားသော ကြေးစားစစ်သားမှာ လျင်မြန်သော်လည်း ချင်ရန်က သူ့ကို ဖမ်းချုပ်နိုင်ခဲ့သဖြင့် ဓားထိုးချက်မှာလည်းလွဲချော်သွားခဲ့သည်။

ကြေးစားစစ်သား၏ မျက်လုံးထဲတွင် အံ့သြတုန်လှုပ်မှုများ ယှက်သန်းသွား၏။ သူ့ရှေ့တွင်ရှိသောလူမှာ အားနည်သူမဟုတ်ကြောင်း တဖြည်းဖြည်းနှင့် ရိပ်မိလာသည်။ သို့သော်လည်း ဤအရေးကြီးသောအချိန်တွင် သူ့ရှေ့ကလူကို အမြန်ဆုံး အဆုံးသတ်ရပေမည်။

ထို့နောက် သူတို့နှစ်ဦးသည် အပြင်းအထန် တိုက်ခိုက်ကြတော့သည်။

အခြားတစ်ဖက်တွင်မူ ရဲတပ်ဖွဲ့၏ အင်အားကြီးမားမှုနှင့် ဝမ်ပါ့၏လူများ သေနတ်ပစ်စွမ်းရည်ညံ့ဖျင်းမှုကြောင့် ဝမ်ပါ့၏လူအတော်များများ သေနတ်မှန်ကာလဲကျကုန်၏။

သို့သော် ထိုသူများမှာ အသေခံရဲသူများဖြစ်ကြရာ အညံ့မခံဘဲ အဆုံးထိတိုက်ခိုက်နေကြဆဲဖြစ်သည်။

ချင်ရန်ဘက်တွင်မူ မျက်စိတစ်မှိတ်အတွင်း ကြေးစားစစ်သားနှင့် အကြိမ် ၃၀ ထက်မနည်း တိုက်ခိုက်ပြီး ဖြစ်သည်။

ကြေးစားစစ်သား၏ တိုက်ကွက်များမှာ အသက်အန္တရာယ်ကို ခြိမ်းချောက်နိုင်စွမ်း ရှိသော်လည်း ချင်ရန်သည် ကျားသစ်အရှိန်ကို သုံးကာ ထိခိုက်မှုမရှိဘဲ ရှောင်တိမ်းနိုင်ခဲ့သည်။

တိုက်ကွက် ၃၀ ကျော်တိုက်ပြီးနောက် ကြေးစားစစ်သားမှာ အံ့သြဘနန်း ဖြစ်သွားရသည်။

ချင်ရန်မှာ လက်နက်မဲ့ ဖြစ်နေသော်လည်း သူနှင့် လက်ရည်တူတိုက်နိုင်ပြီး၊ သူ့ဓါးချက်များကိုပါ တစ်ချက်မကျန် ရှောင်တိမ်းနိုင်ခဲ့၏။

“ဘုန်း”

ချင်ရန်သည် ရုတ်တရက်ပေါ်လာသော ကြေးစားစစ်သား၏ဟာကွက်ကို အသုံးချကာ သူ၏တံတောင်ဆစ်အတွင်းပိုင်းကို အားပြင်းစွာထိုးနှက်လိုက်သည်။

“အား..”

ကြေးစားစစ်သားမှာ နာကျင်လွန်းသဖြင့် မခံမရပ်နိုင်ပဲ အော်ဟစ်လိုက်ရ၏။ ထိုထိုးချက်ကြောင့် သူ၏လက်မှာ အဆစ်လွဲသွားပြီး နောက်သို့ လဲကျသွားကာ ချင်ရန်ကို ထိတ်လန့်တကြား ကြည့်နေတော့သည်။

သူသည် နိုင်ငံတကာရှိ နာမည်ကြီးလူသတ်သမားများစွာကို မြင်တွေ့ဖူးပြီး ချင်ရန်၏ တိုက်ကွက်များမှာ ထိုသူများကဲ့သို့ပင် အပြစ်ပြောစရာမရှိအောင် ပြည့်စုံလွန်းနေသည်။

“ဒိုင်း”

ရုတ်တရက် ချင်ရန်ကို ဦးတည်ပစ်ခတ်လိုက်သည့် သေနတ်သံတစ်ချက် ထွက်ပေါ်လာသည်။ ပစ်လိုက်သူမှာ ဝမ်ပါ့ပင်ဖြစ်သည်။

ချင်ရန်နှင့် ကြေးစားစစ်သားတို့ အနည်းငယ်ကွာသွားသည့်အချိန်ကို အခွင့်ကောင်းယူကာ ချင်ရန်ကိုသတ်ရန် ကြိုးစားလိုက်ခြင်းဖြစ်သည်။

သို့သော် ချင်ရန်တွင် ကျားသစ်ကဲ့သို့ လျင်မြန်သော အရှိန်နှင့် သာမန်လူထက် လေးဆပိုမြန်သည့်တုံ့ပြန်မှု စွမ်းရည်ရှိသည်။

ထိုလေ‌သေနတ်၏ ကျည်ဆန်အရှိန်မှာ သာမန်သေနတ်ကဲ့သို့ မမြန်လှပေ။ ထို့ကြောင့် နောက်ဆုံးစက္ကန့်တွင် ချင်ရန်သည် ဘယ်ဘက်သို့လိမ့်ကာ ရှောင်လိုက်သဖြင့် ကျည်ဆန်မှာ အင်္ကျီကိုသာ အနည်းငယ်ပွတ်တိုက်သွားခဲ့သည်။

ကြေးစားစစ်သားမှာ ထိုမြင်ကွင်းကိုကြည့်ကာ မှင်တက်သွား၏။ ‘ဒီကောင်က ကျည်ဆန်ကိုပါ ရှေင်နိုင်တာလား၊ ဒါက သာမန်လူတွေရဲ့ အစွမ်းထက် ပိုမနေဘူးလား'

‘မဖြစ်ဘူး၊ သူ အာရုံလွဲနေတုန်း ငါ အခုထွက်ပြေးမှဖြစ်မယ် ၊ ဒါအခွင့်ရေးကောင်းပဲ’

ကြေးစားစစ်သားသည် စိတ်ထဲမှ တွေးလိုက်ပြီး သင်္ဘောဆီသို့ အစွမ်းကုန်ပြေးတော့သည်။ အခြားသူများကို ဂရုမစိုက်နိုင်တော့ပေ။

ယနေ့ ဤနေရာတွင် သေသွားလျှင် အနာဂတ်ဆိုသည်မှာ ရှိတော့မည်မဟုတ်ချေ။ သူ ပြေးနေရင်းဖြင့်ပင် အရှက်ရမှုကို ခံစားနေရသည်။

ဤမြို့၏ လမ်းမများပေါ်တွင် နှစ်အတော်ကြာအောင် စိုးမိုးခဲ့သော်လည်း ယနေ့တွင်မူ လူငယ်လေးတစ်ယောက်ကြောင့် ထိုလမ်းမပေါ်၌ပင် ကျရှုံးခဲ့ရလေပြီ။

“နေနှင့်ဦးပေါ့ကွာ ၊ နောက်မှသေချာပေါက်ပြန်လာခဲ့မယ်”

သူသည် ချင်ရန်ကို မကျေမနပ်ကြည့်ကာ တိုးတိုးလေးရေရွတ်ရင်း သင်္ဘောပေါ်သို့ တက်သွားခဲ့သည်။ ချင်ရန်သည် ထိုလူအား လိုက်ဖမ်းရန်ပြင်လိုက်စဉ် နောက်ထပ်သေနတ်သံတစ်ချက် ထွက်လာပြန်၏။

“ဒိုင်း”

ထိုသေနတ်သံမှာ ဝမ်ပါ့ ဒုတိယအကြိမ် ထပ်မံပစ်ခတ်လိုက်သည့်အသံဖြစ်သည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ လွဲချော်သွားခဲ့၏။

ပထမအကြိမ် ပစ်ခတ်စဉ်က ချင်ရန်ရှောင်နိုင်သွားသဖြင့် ဝမ်ပါ့သည် အတော်လေး ထိတ်လန့်တုန်လှုပ်သွားကာ ဒုတိယအကြိမ်တွင် သေချာပင် မချိန်ရွယ်နိုင်တော့ပေ။

“အခုပဲ”

ချင်ရန်သည် ကျားသစ်တစ်ကောင်အလား

ဝမ်ပါ့ထံသို့ ခုန်အုပ်လိုက်သည်။

ထို့နောက် ချင်ရန်၏ညာလက်သီးမှာ အားမန်အပြည့်ဖြင့် ဝမ်ပါ့၏ပါးပြင်ကို ပြင်းထန်စွာထိမှန်သွားသည်။ ထိုလက်သီးချက်မှာ ဝမ်ပါ့ကို သတိလစ်မတတ်ဖြစ်သွား‌စေပြီး၊ ဝမ်ပါ့၏ခန္ဓာကိုယ်မှာ သဲသောင်ပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားတော့၏။

ချင်ရန် နောက်လှည့်ကြည့်လိုက်သောအခါ ကြေးစားစစ်သားမှာ သင်္ဘောပေါ်သို့ ရောက်ရှိသွားပြီဖြစ်ပြီး သင်္ဘောမှာလည်း စတင်ထွက်ခွာနေပြီဖြစ်သည်။

“တစ်ယောက် လွတ်သွားတာလား၊ တောက်စ်”

ချင်ရန်က သင်္ဘောအား အေးစက်စက်ကြည့်ရင်း ရေရွတ်လိုက်သည်။ သူသည် နတ်ဘုရားတစ်ပါး မဟုတ်သဖြင့် အားလုံးကို မထိန်းချုပ်နိုင်ခဲ့ပေ။

ဝမ်ပါ့ဘေးမှ အမျိုးသမီးမှာမူ ကြောက်လန့်တကြားဖြင့် မြေပြင်ပေါ်တွင် ပုံလျက်သား လဲကျနေလေသည်။

ခဏအကြာတွင် ဝမ်ပါ့၏ လက်အောက်ငယ်သားများမှာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော်၏ ဝိုင်းဝန်းပိတ်ဆို့မှုကို မတွန်းလှန်နိုင်ကြတော့ပဲ အကုန်လုံး နှိမ်နင်းခြင်း ခံလိုက်ရ၏။

အချို့မှာ မသေဆုံးမီနောက်လှည့်ကြည့်လိုက်ရာ ဝမ်ပါ့မှာ ထွက်မပြေးနိုင်ဘဲ မြေပြင်ပေါ်၌လဲနေသည်ကို မြင်လိုက်ရသဖြင့် ပို၍ပင် စိတ်ဓာတ်ကျသွားကြသည်။

သူတို့မှာအချည်းနှီးအသေခံလိုက်ရသလို ခံစားလိုက်ရသောကြောင့်ပင်။

မိနစ်အနည်းငယ်အကြာတွင် ရဲတပ်ဖွဲ့ဝင်များသည် ကုန်တင်ကားအနီးသို့ တဖြည်းဖြည်း ချဉ်းကပ်လာကြပြီး၊ ဝမ်ပါ့၏လူများအားလုံးကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း အတည်ပြုပြီးမှသာ စိတ်သက်သာရာရတော့သည်။

ထိုအချိန်တွင် ချန်ဟောင်၊ ချောင်ကျန့်ကျွင်း၊ ချန်ရှင်းချန်နှင့် ယန်ရှုတို့သည် ချင်ရန်ရှိရာသို့ အပြေးအလွှားရောက်လာကြသည်။

“ချင်ရန်”

ချန်ဟောင်က အရင်ဆုံး ရောက်လာသည်။

ဆရာတစ်ယောက်အနေဖြင့် သူ၏တပည့် ဘေးကင်းရေးကို အလွန်စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။

အထူးသဖြင့် ချင်ရန် ကားပေါ်မှခုန်ချပြီး ဓားကိုင်ထားသူနှင့်တိုက်ခိုက်နေသည်ကို မြင်ရစဉ်က ချန်ဟောင်မှာ ရင်တထိတ်ထိတ်ဖြစ်နေခဲ့ရ၏။

ချင်ရန်အနား‌ ရောက်လာမှ သေချာစစ်ဆေးကြည့်လိုက်ရာ ချင်ရန်တွင်ဒဏ်ရာမရှိသည်ကိုတွေ့မှသာ အားလုံးအံ့သြသွားကြတော့သည်။

“မင်း၊ မင်း တကယ်ပဲအဆင်ပြေရဲ့လား”

ချန်ဟောင်က ပါးစပ်အဟောင်းသားဖြင့် မေးလိုက်သည်။ ယန်ရှုမှာလည်း ကြောင်တောင်တောင်ဖြစ်‌နေ၏။

သူ နားထဲတွင် ချင်ရန်ရှိရာဘက်မှသေနတ်သံကို ရှင်းရှင်းလင်းလင်းကြားခဲ့ရသည်မှာ သေချာသော်လည်း ယခုမြင်နေရသော ချင်ရန်မှာမူ သွေးတစ်စက်ပင်မထွက်ဘဲ ဘေးကင်းနေသည်။

“ကျွန်တော်အဆင်ပြေပါတယ်”

ချင်ရန်က ခေါင်းညိတ်ပြလိုက်သော်လည်း သူ၏နဖူးပေါ်တွင်မူ ချွေးစေးများ ပြန်နေ၏။ ဤစစ်ဆင်ရေးသည် သူ့အတွက် အသက်အန္တရာယ်နှင့် အနီးကပ်ဆုံးရင်ဆိုင်ခဲ့ရသော ပထမဆုံးအကြိမ်ပင်ဖြစ်သည်။

ချောင်ကျန့်ကျွင်းသည် ချင်းယန်အား နှစ်ပတ်ခန့် ပတ်ကြည့်ပြီးနောက် မနာလိုသလိုလို၊ အံ့သြသလိုလို လေသံဖြင့် ပြောလိုက်လေ၏။

“မင်း တကယ်ပဲဘာမှမဖြစ်တာလား၊ တောက်စ် မင်းကတော့ တကယ့်ကို ကံကောင်းတဲ့ကောင်ပဲကွာ”

38

ချောင်ကျန့်ကျွင်း တကယ့်ကို အံ့အားသင့်သွားရသည်။

‘ချင်ရန်က တကယ် ဒဏ်ရာမရဘူးလား’

‘ဒီ‌မှောင်ခိုကူးတဲ့ကောင်တွေ အားလုံးမှာ သေနတ်တွေပါတယ်လေ’

“ဒါ တကယ်ကို မိုက်လွန်းတယ်ကွာ”

ချောင်ကျန့်ကျွင်းသည် အနားကို လျှောက်လာပြီး ချင်းရန်၏ပုခုံးကို အားပါပါပုတ်ကာနှုတ်မှ မနေနိုင်ပဲချီးကျူးလိုက်လေသည်။

ဤသည်ကိုကြားတော့ ချင်ရန်သည် နောင်တရသလို ခေါင်းခါပြလိုက်ပြီး သူ၏အကြည့်မှာ ပင်လယ်ပြင်ဆီသို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် သင်္ဘောတစ်စီးက အရှိန်ပြင်းပြင်းဖြင့် ကမ်းနှင့်ဝေးရာသို့ ထွက်ခွာသွားနေ၏။

ချင်ရန်သည် လေးနက်သောအသံဖြင့် ပြောလိုက်လေသည်။

“နှမြောစရာပဲ၊ ကျွန်တော် လုပ်တာမလုံလောက်သေးလို့ တစ်ယောက်က လက်မတင်လေးလွတ်သွားတယ်”

ချန်ဟောင်လည်း ထိုမြင်ကွင်းကို မြင်လိုက်ရသဖြင့် ချင်ရန်အား နှစ်သိမ့်လိုက်သည်။

“ချင်ရန်၊ မင်း ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ဖို့မလိုပါဘူး၊ မင်း ဒီတစ်ခေါက်မှာ တကယ်ကို ကောင်းကောင်းမွန်မွန်လုပ်နိုင်ခဲ့တာပဲ၊ ဘာလို့ ကိုယ့်ကိုကိုယ်အပြစ်တင်နေမှာလဲ”

အကယ်၍ ထိုလူက လွတ်သွားခဲ့လျှင်တောင် ချန်ဟောင်အနေဖြင့် သူ့ကို လွှတ်ပေးလိမ့်မည်မဟုတ်ပေ။

ဖိန်လင်မြို့ ကမ်းခြေစောင့်တပ်ဖွဲ့ဆီ ဖုန်းဆက်ပြီး ထိုလူကို ချက်ချင်းကြားဖြတ်ဖမ်းဆီးရန် အကူအညီတောင်းထားလိုက်ပြီဖြစ်သည်။

သို့သော်လည်း သင်္ဘော၏အရှိန်ကို ကြည့်ခြင်းအားဖြင့် ကမ်းခြေစောင့်တပ်ဖွဲ့ ရောက်လာချိန်တွင် ဖမ်းမိနိုင်ပါ့မလားဆိုသည်မှာတော့ မသေချာပေ။

တကယ်ကို နှမြောစရာပင်။ ဤတစ်ကြိမ်တွင် ချန်ဟောင်နှင့် သူ၏အဖွဲ့မှာ ကိစ္စရပ်များစွာကို အသေးစိတ် မစဉ်းစားမိဘဲ ကမ်းခြေစောင့်တပ်ကို ကြိုတင်အကြောင်းမကြားခဲ့မိခြင်းမှာ အမှားတစ်ခု ဖြစ်ခဲ့သည်။

ထိုအချိန်တွင်မူ ဆူညံသံများကြောင့် မြေပြင်ပေါ်တွင် လဲနေသည့် ဝမ်ပါ့မှာ သတိပြန်ရလာသည်။ ချင်ရန်၏ လက်သီးချက်က သူ့ကို သေလုမျောပါးဖြစ်စေခဲ့၏။

သူ မျက်လုံးဖွင့်လိုက်သည်နှင့် ရဲအရာရှိများစွာက သူ့ကို ဝိုင်းထားသည်ကို မြင်လိုက်ရသဖြင့် ဝမ်ပါ့၏မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားပြီး ခါးသီးသော အမူအရာ များပေါ်လာတော့သည်။

‘ပြီးပြီ၊ အားလုံးပြီးသွားပြီ၊ ငါ့ကို ဖမ်းမိသွားကြပြီ၊ လွတ်လမ်းမရှိတော့ဘူး၊ ငါ ဘယ်လိုလုပ်အဖမ်းခံလိုက်ရတာလဲ’

ဝမ်ပါ့၏ ရင်ထဲတွင် မကျေမနပ်ဖြစ်မှုများ ပြည့်နှက်နေဆဲပင်။

“ဟန့် “

ချန်ဟောင်က အေးစက်စက် နှာခေါင်းရှုံ့ကာမေးလိုက်သည်။

“မင်းက တကယ်ကိုသတ္တိကောင်းတာပဲ၊

ဖိန်လင်မြို့မှာ ဘိန်းဖြူအရောင်းအဝယ်လုပ်ရဲတယ်ပေါ့လေ”

ဝမ်ပါ့အတွက်မူ အသက်ရှင်ဖို့ အခွင့်အရေးမရှိတော့ပဲ သေဒဏ်စီရင်ချက်သာ သူ့ကို စောင့်ကြိုနေသည်မှာ အသေအချာပင်။

“တပ်သား‌တွေ ဒီသံသယရှိသူကို လက်ထိပ်ခတ်ပြီး မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအထူးအဖွဲ့ ဌာနချုပ်ကို ခေါ်သွားကြ”

အနောက်ဘက်မှ နက်ရှိုင်းသော အသံတစ်သံထွက်ပေါ်လာပြီး၊ လှည့်ကြည့်လိုက်ရာ ကြံ့ခိုင်သန်စွမ်းပြီး အရည်အချင်းရှိပုံရသော ရဲအရာရှိတစ်ဦးကို တွေ့လိုက်ရသည်။

သူကတော့ ဖိန်လင်မြို့၏။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့၏ အဖွဲ့ခွဲမှုး ခေါင်းဆောင်ရွှီပေါ်ပင် ဖြစ်သည်။

ရဲအရာရှိအချို့က ဝမ်ပါ့ကို လက်ထိပ်ခတ်ပြီးလရဲကားပေါ်သို့ ခေါ်ဆောင်သွားကြသည်။

ဝမ်ပါ့သည် ကားပေါ်သို့ မရောက်ခင် မကျေမနပ်ဖြင့် ချင်ရန်ကို လှည့်ကြည့်သွားသေး၏။

‘ဒီကောင်ပဲ’

‘တကယ်လို့ ဒီကောင်သာပေါ်မလာခဲ့ရင် ငါသင်္ဘောပေါ်တက်ပြီး ထွက်ပြေးလွတ်မြောက်သွားမှာ အသေအချာပဲ’

ချင်ရန်ကလည်း ဝမ်ပါ့ကို အေးစက်စက် အမူအရာဖြင့် တစ်ချက်ကြည့်လိုက်သည်။

ယခုလို လူ့အသိုက်အဝန်း၏ အမှိုက်စများကို နေရာမှာတင် သတ်ပစ်သင့်သည် ဖြစ်သော်လည်း ဥပဒေက သူ့ကို ရက်အနည်းငယ်ထပ်ပြီး အသက်ရှင်ခွင့်ပေးထားသောကြောင့်သာ ထိုအမှိုက်ကောင် အသက်ရှုခွင့်ရသွားခြင်းဖြစ်သည်။

အနောက်ကနေ ရောက်ရှိလာသည့် မူးယစ်တိုက်ဖျက်ရေးအဖွဲ့ ခေါင်း‌ဆာင်ဆရာရွှီက ထပ်ပြောလိုက်သည်။

“ပြီးတော့ ဒီအမျိုးသမီးကိုလည်း ခေါ်သွားကြသူမကလည်း သူတို့ရဲ့ အပေါင်းအပါတွေဖြစ်နိုင်တယ်”

မြေပြင်ပေါ်တွင် လဲကျနေသော အမျိုးသမီးမှာ ရူးသွပ်နေသလိုဖြစ်သွားပြီး ဘာခံစားချက်မှမရှိတော့သည့်ပုံစံ ဖြစ်နေသည်။

ဝမ်ပါ့နှင့် ထိုအမျိုးသမီးကို မူးယစ်ဆေးအဖွဲ့က ဖမ်းဆီးပြီး ကားပေါ်သို့ တင်ဆောင်သွားကြ၏။ ထိုအခါတွင် ရွှီပေါ်က ချင်ရန်ကို အံ့အားသင့်စွာကြည့်ပြီး ပြုံးလျက်မေးလိုက်သည်။

“မင်းနာမည်ဘယ်လို‌ခေါ်လဲ”

“ချင်ရန်ပါ”

ချင်ရန်သည် အေးအေးဆေးဆေးပင်

ပြန်ဖြေလိုက်သည်။

“မဆိုးဘူး၊ တကယ် မဆိုးဘူး”

ရွှီ‌ပေါ်က ပြုံးပြီး ထပ်မံပြောလာ၏။

“ မဆိုးဘူး ဒီတစ်ခေါက်မင်းကို ငါတို့ တကယ်ကျေးဇူးတင်ရမယ် မင်းရဲ့ တိကျတဲ့ သတင်းအချက်အလက်တွေသာ မရှိရင် ငါတို့အားလုံး ဒီမှောင်ခိုကူးတဲ့ကောင်ရဲ့ လှည့်ကွက်ထဲမှာ ကျန်ရစ်ခဲ့မှာ”

“အရင်ကတော့ ပိုင်လီမြစ်က လူတွေဟာ သူရဲဘောကြောင်တဲ့သူတွေလို့ ငါထင်ခဲ့တာ၊ ဒါပေမဲ့ မင်းလိုသူရဲကောင်းတွေ ရှိနေသေးတာပဲဆိုတာကို အခုငါသိလိုက်ရပြီ”

ထိုစကား‌ကြောင့် ချန်ဟောင်၊ ချောင်ကျန့်ကျွင်း၊ ယန်ရှူနှင့် တခြားလူများသည် မကျေမနပ် ဖြစ်သွားကြ၏။

‘ဒါက သူတို့ ပါလီမြစ်ရဲ့ ရဲတပ်ဖွဲ့၀င်အားလုံးကို စော်ကားလိုက်တာမဟုတ်လား’

သို့သော်လည်း ချန်ဟောင်တို့ ဘာမှ ပြန်မပြောနိုင်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်က ဝမ်ပါ့ကို အတင်းအကျပ်တားဆီးလျှင် ထိခိုက်ဒဏ်ရာရမှုများ များပြားနိုင်သည်ဟု ယူဆပြီး ဝမ်ပါ့ကို လွှတ်ပေးရန် ဆုံးဖြတ်ချက်ကို သူကိုယ်တိုင်ချခဲ့မိသောကြောင့်ပင်။

ထိုလုပ်ရပ်ကြောင့် ရွှီပေါ်က သူ့ကို အထင်သေးသွားခဲ့ခြင်း ဖြစ်သည်။

ထိုစဉ်ရွှီပေါ်က ရုတ်တရက် အံ့သြစရာကောင်းသော စကားတစ်ခွန်းဆိုလာ၏။

“ချင်ရန်၊ ဟုတ်တယ်မလား၊ မင်း ငါ့ရဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့မှာ လာအလုပ်လုပ်ဖို့ စိတ်ဝင်စားလား၊ ငါ မင်းကို အဖွဲ့ခေါင်းဆောင်ရာထူးပေးနိုင်တယ်”

ဤသည်ကို ကြားလိုက်ရတော့ ချင်းရန် အနည်းငယ် ကြောအင်သွားသည်။အခြားတစ်ဖက်တွင်မူ ချန်ဟောင်နှင့် ချောင်ကျန့်ကျွင်းတို့၏ မျက်နှာများ ပို၍ ပျက်သွား၏။ အထူးသဖြင့် ချန်ဟောင်က မည်းမှောင်သောမျက်နှာထားဖြင့် တိုက်ရိုက်ပင်ဝင်တားလိုက်သည်။

“ခေါင်းဆောင်ရွှီ၊ ခင်ဗျား ဒါမျိုးမလုပ်သင့်ဘူးလို့ ကျွန်တော်ထင်တယ်၊ ကျွန်တော်တို့ပါလီမြစ်ကလူကို ဘယ်လိုလုပ် ဒီလို ဗြောင်ကျကျလာစည်းရုံးနေတာလဲ”

ရွှီ‌ပေါ်က ချန်ဟောင်အား ဂရုမစိုက်သလို ကြည့်ပြီး ဆက်ပြောလာပြန်သည်။

“ဒီလို အရည်အချင်းကောင်းတွေ ရှိတဲ့သူကို ပါလီမြစ်လိုနေရာမှာထားတာက ဖြုန်းတီးရာရောက်‌နေတယ်လို့ မထင်ဘူးလား၊ ခေါင်းဆာင်ချန်”

ရွှီပေါ်က ခပ်အေးအေးပင် ပြောလိုက်သည်။

ချန်ဟောင်သည် ဒေါသကြောင့် မျက်နှာကြီးနီမြန်းသွားပြီး ပြန်ပြောရန် ပြင်လိုက်သော်လည်း ချင်းရန်က ဝင်ပြောလိုက်၏။

“ခေါင်းဆောင်ရွှီ၊ အခုလို ကျွန်တော့်ကိုဖိတ်ခေါ်တဲ့အတွက် ခင်ဗျားရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ကျွန်တော်က အလုပ်သင်ရဲအရာရှိပဲ ရှိပါသေးတယ်"

“ပိုင်လီမြစ်မှာ အတွေ့အကြုံတွေ ထပ်ယူချင်သေးလို့ နေရာမပြောင်းချင်သေးပါဘူး ခင်ဗျ”

ချင်ရန်၏ ယဉ်ကျေးစွာ ငြင်းဆိုလိုက်မှုကို ကြားလိုက်ရသည့်ချန်ဟောင်မှာ စိတ်သက်သာရသွားသော်လည်း ရွှီပေါ်၏အမူအရာမှာ ပြောင်းလဲသွားပြီး ချင်ရန်အား အပေါ်အောက် သေချာကြည့်လိုက်သည်။

“မင်းက အလုပ်သင်ပဲရှိသေးတာလား”

ဤသည်က တကယ်ကို အံ့သြဖို့ကောင်းလှပေသည်။

ဤမျှ အရည်အချင်းရှိတဲ့သူက အလုပ်သင်အဆင့်ပဲ ရှိသေးသည်ဆိုလျှင် သူ ပါလီမြစ်ကို ရောက်သည်မှာ သိပ်မကြာသေးဘူးဟု ဆိုရပေမည်။

ချင်ရန်ကငြင်းဆိုလိုက်သည့်အတွက် ရွှီပေါ်လည်း ထပ်ပြီး အတင်းအကျပ်မတိုက်တွန်းတော့ပေ။ သူသည် ချန်‌ဟောင်ကို ဂရုမစိုက်သော်လည်း မျက်နှာပျက်ရသည်အထိတော့ သူမလုပ်လို‌ပေ။

ထို့ကြောင့် ရွှီ‌ပေါ်သည် သက်ပြင်းချလိုက်ပြီး ထပ်မံပြောလိုက်၏။

“ကောင်းပြီလေ၊ အမှန်အတိုင်းပြောရရင် ငါ တကယ့်ကို နှမြောမိတာအမှန်ပဲ၊ ဒါပေမယ့် မင်း အလုပ်သင်သက်တမ်းကုန်သွားတဲ့အခါ အချိန်မရွေး ငါ့ဆီကို ဆက်သွယ်နိုင်တယ်”

“မူးယစ်ဆေးအဖွဲ့က မင်းလို အရည်အချင်းရှိတဲ့သူမျိုးအတွက် အမြဲတမ်းတံခါးဖွင့်ထားတယ်”

“ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ရွှီ၊ ဒါဆို နောက်မှပဲထပ်ဆွေးနွေးကြတာပေါ့”

နောက်ဆုံးတွင် ရွှီပေါ်သည် နှုတ်ဆက်စကား အနည်းငယ်ပြောကာ ချန်ဟောင်အား ကျေးဇူးတင်စကားဆိုလာသည်။

“ဒါဆိုလည်း ပါလီမြစ်က လုပ်စရာမရှိတော့ဘူးပေါ့၊ အခုလို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ရလဒ်တွေ ထွက်လာတာနဲ့ ခင်ဗျားတို့ကို အကြောင်းကြားလိုက်ပါမယ်”

ဤစကား၏ အဓိပ္ပာယ်ကတော့ ရှင်းလင်းလှပေသည်။ ဤလူများကို ပညာရှိနည်းနဲ့ ယဉ်ယဉ်‌ကျေးကျေးလေး နှင်ထုတ်လိုက်ခြင်းပင်။

ချန်ဟောင်သည် မျက်နှာပျက်ပျက်နှင့်သာ ခေါင်းညိတ်ပြလိုက်ရသည်။ ပြီးနောက် သူက ချင်ရန်နှင့် ယန်ရှုကို အချက်ပြပြီး ပါလီမြစ်သို့ပြန်ရန် ပြင်ဆင်လိုက်ကြ၏။

ရဲကား‌လေးမှာ စတင် ထွက်ခွာသွားတော့သည်။

ရွှီပေါ်က ထွက်ခွာသွားသောရဲကားကို ကြည့်ရင်း မေးစေ့ကိုပွတ်ကာ ရေရွတ်လိုက်သည်။

“အဲဒီကောင်လေးက တကယ့် အထူးတပ်ဖွဲ့ဝင်တစ်ယောက်လိုပဲ၊ အသက်ကလည်းငယ်ငယ်လေး၊ သူ အထူးတပ်ဖွဲ့ကနေ အလုပ်ထွက်လာတာများလား”

စောစောက ကားထဲတွင် ထိုင်နေစဉ် ချင်ရန် ကားပေါ်မှဆင်းကာ ရန်သူများအားတိုက်ခိုက်ခဲ့ပုံကို သူ အထင်အရှား မြင်ခဲ့ရသည်။

ဤဖြစ်ရပ်က ချင်ရန်သည် အလွန်ကျွမ်းကျင်သူဖြစ်ကြောင်း သက်သ ပြနေသည်။

ဤကဲ့သို့သော အရည်အချင်းမျိုးမှာ သာမန်လူများတွင် မရှိနိုင်ဘဲ ပြင်းထန်သည့် လေ့ကျင့်ခန်းများ လုပ်ထားသူများ၌သာ ရှိနိုင်သည်လို့ သူ ခန့်မှန်းလိုက်မိသည်။

ကားပေါ်တွင်မူ ချောင်ကျန့်ကျွင်းက မကျေမနပ်ဖြင့် ဒေါသတကြီးပြောလာသည်။

“ဒီ ရွှီပေါ်က တကယ်လွန်လွန်းတယ်၊ ငါတို့က မှောင်ခိုကူးတဲ့ကောင်တွေကို ဖမ်းပေးထားတာတောင် ငါတို့ကို တစ်ချက်မှအကောင်းမပြောဘူး”

ချန်ဟောင်က ခေါင်းခါလိုက်ပြီး

“တကယ်တော့ ဒါက သူ့အမှားချည်းပဲတော့မဟုတ်ပါဘူး၊ ငါက ဘေးကင်းဖို့ကိုပဲ အဓိကထားစဉ်းစားမိပြီး အဲဒီကောင်ကို လွှတ်ပေးလိုက်မိတာကိုးက ငါ့အမှားပါ”

“ရွှီပေါ်က ဒါကို သေချာမစဉ်းစားဘူး။ အဲဒီကောင်တွေကို တိုက်ခိုက်ရင် ငါတို့ဘက်က ဘယ်လောက်တောင်ထိခိုက်မလဲ၊ အခုတော့ ရွှီ‌ပေါ်က ကြားကနေ သူ့လူတွေတစ်ယောက်မှ ဒဏ်ရာမရဘဲဖမ်းနိုင်သွားပြီလေ၊ ဒါက ငါတို့ပါလီမြစ်ရဲ့ အကူအညီကြောင်းပဲ မဟုတ်ဘူးလား”

နောက်ခန်းမတွင် ထိုင်နေသည့် ချင်ရန်မှာတော့ ဘာမှမဖြစ်သလို ပုခုံးတွန့်ပြလိုက်သည်။

ဤတစ်ခေါက်တွင် ဝမ်ပ့ါကို ဖမ်းဖို့ဆိုသည့် သူ့ရည်မှန်းချက်ကို အောင်မြင်ခဲ့ပြီဖြစ်၏။

ထို့ပြင် စနစ်၏တာဝန်ကိုလည်း အောင်မြင်သွားသဖြင့် သူ ‘ကျားသစ်အရှိန်ကိုလည်း ရရှိခဲ့ပြီ မဟုတ်လော။

ချန်ဟောင်က နောက်ကြည့်မှန်မှတစ်ဆင့် ချင်ရန်ကို လှမ်းကြည့်လိုက်သော်လည်း ဘာမှတော့ပြန်မဖြေခဲ့ပေ။

အမှန်အတိုင်း ပြောရလျှင် ဤအမှုတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးထံမှ သတင်းရယူခြင်းမှသည် ဝမ်ပါ့ထွက်ပြေးမည့်လမ်းကြောင်းကို သတင်းပို့ခြင်းအထိ ချင်ရန်၏အခန်းကဏ္ဍက အဓိကကျခဲ့သည်။

သို့သော်လည်း ချင်ရန်သည် ပါလီမြစ်မှ လူဖြစ်နေသည့်အတွက် ပါလီမြစ်၏အောင်မြင်မှုဟု ပြောရင်လည်း မမှားနိုင်ပေ။

ထို့နောက် ရဲကား‌လေးသည် ပါလီမြစ်ရဲစခန်းသို့ဦးတည်ကာ ဆက်လက် မောင်းနှင်သွားပြီး တစ်နာရီခန့်အကြာတွင် ပိုင်လီမြစ်ရဲစခန်းအဝင်ဝသို့ ဆိုက်ရောက်လာခဲ့လေတော့သည်။

All Chapters