← Chapters

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

အခန်း (၃၉-၄၀)

Vol. 4 Ch. 39-40

39

ချင်ရန်နှင့် အခြားသူများသည် ကားပေါ်မှဆင်းကာ ပါလီမြစ်ရဲစခန်းသို့ ပြန်ရောက်လာခဲ့ကြ၏။ စခန်းသို့ဝင်လိုက်သည်နှင့် စခန်းမှူးဝမ်‌ရှောင်ရီသည် ချက်ချင်းပြေးထွက်လာပြီး ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ချန်ဟောင်အားမေးမြန်းတော့သည်။

အမှန်တကယ်တော့ တစ်ဖက်မှ မူးယစ်မှောင်ခိုကူးသမားများဘက်တွင် လူအင်အား ၁၀ ယောက်ကျော်ရှိခြင်မှာ သေးငယ်သော ကိစ္စမဟုတ်သလို ပါလီမြစ်လို နယ်မြေရဲစခန်းလေးတစ်ခုတည်းက ကိုင်တွယ်နိုင်သည့် အခြေအ‌နေလည်း မဟုတ်ပေ။

ချန်ဟောင်က ဝမ်‌ရှောင်ရီကို ဖြစ်ကြောင်းကုန်စင်တင်ပြရင်း ချင်ရန်၏ကိုယ်ကျိုးမငဲ့ဘဲ စွန့်စားတိုက်ခိုက်ခဲ့ပုံများကိုလည်း အကြိမ်ကြိမ် ထည့်သွင်းပြောဆိုခဲ့သည်။

ဝမ်‌ရှောင်ရီသည် ထိုအကြောင်းကို ကြားရသောအခါ အံ့သြသွားရသည်။ သူသည် ပါလီမြစ်ရဲစခန်း၏ ကံကောင်းခြင်းကြယ်ပွင့်‌လေးချင်ရန်ကို မကြည့်ဘဲမနေနိုင်တော့‌ပေ။

အကယ်၍သာ ယခုအကြိမ်တွင် ချင်ယန်မပါဝင်ခဲ့ပါက ဝမ်ပါ့အားဖမ်းဆီးရန်မှာ ပို၍ပင်ခက်ခဲသွားပေလိမ့်မည်။

“မင်းကတော့ကွာ၊ မင်း ရောက်တဲ့နေရာတိုင်းမှာ ရာဇဝတ်ကောင်တွေကတော့ အဖမ်းခံရတော့တာပဲ”

ချင်ရန်သည် ခေါင်းကိုကုတ်ကာ ရယ်ကျဲကျဲဖြင့်သာ တုံ့ပြန်လိုက်သည်။ သူ့ပုံစံမှာတစ်ကိုယ်တော် သူရဲကောင်းတစ်ယောက်နှင့် လုံးဝမတူလှသဖြင့် ဝမ်ရှောင်ရီက ရယ်မောကာပြောလိုက်၏

“မင်းက ဝက်ယောင်ဆောင်ပြီး ကျားကိုစားတဲ့ကောင်လေးပဲကွ၊ ဒါနဲ့ ဟိုရာဇဝတ်ကောင်ကို ဖမ်းမိပြီဆိုတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးကို ဘယ်လိုလုပ်မလဲ”

ထိုကိုယ်ဝန်ဆောင်အမျိုးသမီးကိစ္စမှာ အမှန်တကယ်ပင် ခက်ခဲသော ပြဿနာတစ်ခု ဖြစ်နေသည်။ မူလက သူမအား ဝမ်ပါ့က စောင့်ရှောက်ထားခြင်းဖြစ်သော်လည်း ယခု ဝမ်ပါ့က အဖမ်းခံလိုက်ရပြီဖြစ်သောကြောင့် သူမကိုမည်သူက တာဝန်ယူစောင့်ရှောက်ပေးမလဲ ဆိုသည်ကို မသိ‌ရ‌သေးပေ။

စခန်းမှူးဝမ်၏ စကားကို ကြားသောအခါ ချန်ဟောင်မှာ အတွေးနက်နေခဲ့လေသည်။ ထိုအချိန် ဘေးနာရှိ ချင်ရန်သည် အလျှင်အမြန်ပဲ ဝင်ပြောလိုက်၏။

“စခန်းမှူးဝမ် ကျွန်တော်သိသလောက်ဆိုရင် အခုဖမ်းမိတဲ့ဝမ်ပါ့ဆီမှာ ငွေသား ယွမ်သိန်းချီပါလာတယ်မဟုတ်လား၊ ဒါဆို အဲဒီသိမ်ဆည်းမိတဲ့ငွေတွေထဲက အချို့ကိုအသုံးပြုပြီး အဲဒီအမျိုးသမီးကို နစ်နာ‌‌ကြေးပေးလို့ မရဘူးလားခင်ဗျာ”

ချင်ရန်၏ အကြံပြချက်ကို ကြားလိုက်ရသည့်ဝမ်‌ရှောင်ရီနှင့် ချန်ဟောင်တို့သည် ချက်ချင်းပင်ထောက်ခံလိုက်ကြသည်။

“ဟုတ်သားပဲ၊ ငါတို့ ဒါကို လုံးဝမတွေးမိဘူး၊ ကျေးဇူးပဲချင်ရန်ရေ”

ဤအမျိုးသမီးမှာ ပြန်ပေးဆွဲခံခဲ့ရပြီး ဒုက္ခများစွာကို ခံစားခဲ့ရသူဖြစ်သည်။

သူမ၏ မိဘများမှာလည်းရှိချင်မှ ရှိတော့ပေမည်။ ဝမ်ပါ့ အဖမ်းခံရချိန်တွင် ငွေသားသိန်းပေါင်းများစွာ ပါလာသည့်အပြင် အိမ်နှင့် ကားကဲ့သို့သော အခြားပိုင်ဆိုင်မှုများလည်း ရှိ‌နေနိုင်သေးသည်။

ဤပိုင်ဆိုင်မှုများကို အမျိုးသမီးအတွက် နစ်နာကြေးအဖြစ် အမှန်တကယ်ကို အသုံးပြုနိုင်သည်။

ဝမ်ရှောင်ရီက ရယ်မောရင်းဖြင့်ထပ်မံ၍ ပြောပြန်လေ၏။

“ကောင်လေး၊ မင်းရဲ့ဦးနှောက်က တကယ်မြန်တာပဲကွ ၊ချန်ဟောင် မင်း ဒီကိစ္စကို ချင်ရန်ပြောသလို ဆက်ဆောင်ရွက်လိုက်၊ ဘယ်လိုပဲဖြစ်ဖြစ် သူမကလည်း နစ်နာသူတစ်‌ယာက်ပဲလေ၊ စိတ်ဒဏ်ရာတွေလည်း အများကြီးရထားတာဆိုတော့ ဒီနစ်နာကြေးက သူမရဲ့ရှေ့ဆက်ရမယ့်ဘဝအတွက် မဖြစ်မနေကိုလိုအပ်တယ်”

“စိတ်ချပါစခန်းမှူး ကျွန်တော်ဒီကိစ္စကို သေချာအစအဆုံး တာဝန်ယူဆောင်ရွက်လိုက်ပါ့မယ်”

ချန်ဟောင်သည် တည်ကြည်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီး ပြောလိုက်လေသည်။ ဝမ်ရှောင်ရီသည် ချင်ရန်ကို ကြည့်ကာ ပြုံးလိုက်သည်။

“ချင်ရန်၊ မင်း အဲဒီအမျိုးသမီးကို သွားကြည့်လိုက်ဦး၊ မင်းမရှိတုန်းက သူမက ရှကျဲကို မင်းဘယ်မှာလဲဆိုပြီး ခဏခဏမေးနေတာ၊ ရှကျဲမှာလည်း သူမကို‌ချော့ရတာနဲ့တင် အတော်လေးလက်ပန်းကျနေတာ၊ ရူးတော့မတတ်ပဲ”

ချင်ရန် အံ့ဩသွားရ‌သည်။ ထိုအမျိုးသမီးက သူ့ကို ဘာကိစ္စကြောင့် အသည်းအသန် ရှာနေသည်လဲ သူမသိချေ။

သို့ပေမယ့် သူသည် ထိုအမျိုးသမီးအား သွားတွေ့ရန် ဆုံးဖြတ်လိုက်သည်။ ဝမ်ရှောင်ရီသည် ထွက်သွားသည့် ချင်ရန်၏ကျောပြင်ကိုကြည့်ကာ တီးတိုးရေရွတ်လိုက်သည်။

“ဒီကောင်လေးတော့ ပြဿနာအကြီးအကျယ် တက်တော့မယ်ထင်တယ်”

“ဘာပြဿနာလဲ”

ဝမ်‌ရှောင်ယီက နှုတ်ခမ်းကိုတစ်ချက်မဲ့လိုက်၏။

“စောင့်သာကြည့်နေလိုက်စမ်းပါ ချန်ဟောင်ရာ”

ချင်ရန်သည် ကိုယ်ဝန်ဆောင်အမျိုးသမီးရှိရာ စစ်ဆေးမေးမြန်းခန်းသို့ ရောက်လာခဲ့သည်။

တံခါးသည် ခပ်ဖွဖွ‌လေးပွင့်သွားသောအခါ ရှကျဲက ထိုအမျိုးသမီးအား နှစ်သိမ့်ပေးနေသည်ကို မြင်လိုက်ရသည်။ ထိုအမျိုးသမီးမှာ ကြောက်လန့်နေဆဲ ဖြစ်ပုံရပြီး ရှကျဲအား မေးလိုက်သည်ကိုလည်း ကြားလိုက်ရ၏။

“ဟိုရဲအရာရှိ‌လေး ဘယ်ကိုသွားတာလဲဟင်”

ရှကျဲမှာ စိတ်မရှည်သလိုဖြစ်နေသော်လည်း တည်ငြိမ်စွာနဲ့ပင် ပြန်ဖြေလိုက်သည်။

“သူက တာဝန်နဲ့အပြင်သွားတယ်၊ မကြာခင်ပြန်လာတော့မှာပါ”

ထိုအချိန် အခန်းဝ၌ရှိနေသော ချင်ရန်က ချောင်းတစ်ချက်ဟန့်ကာ တံခါးကို ညင်သာစွာခေါက်လိုက်၏။ တံခါးခေါက်သံကြောင့် ရှကျဲနှင့် ထိုအမျိုးသမီးတို့ နှစ်ယောက်သားသည် အသံလာရာတံခါးဝသို့ လှည့်ကြည့်လိုက်ရာ ချင်ရန်ကို မြင်သွားကြသည်။

ရှကျဲသည် ချင်ရန်ကိုမြင်လိုက်သည်နှင့်တစ်ပြိုင်နက် ကယ်တင်ရှင်ကို တွေ့လိုက်သကဲ့သို့ ဝမ်းသာအားရဖြစ်သွား၏။

“နောက်ဆုံးတော့ ပြန်လာပြီပေါ့၊ ဒီမှာ သူက နင့်ကိုပဲတဖွဖွမေးနေတာ”

အမျိုးသမီးမှာမူ ချင်ရန်ကိုမြင်သည်နှင့် အံ့ဩဝမ်းသာသွားပြီး မျှော်လင့်ချက်ကြီးစွာဖြင့် သူမသိချင်တာကို တန်းမေးတော့သည်။

“အရာရှိကြီးပြန်လာပြီလား၊ ဟိုလူ့ကိုကော ဖမ်းမိပြီလား”

“သူ့ကိုဖမ်းမိပါပြီ ၊သူ့ လက်အောက်ငယ်သားတွေလဲ တစ်ယောက်မှမလွတ်ဘူး၊ ပေးခဲ့တဲ့ကတိအတိုင်း အကုန်ဖမ်းဆီးပြီး အခု သူတို့ကို မူးယစ်‌ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ဆီ ပို့လိုက်ပါပြီ”

“ဥပဒေက သူ့ကို အပြင်းထန်ဆုံးပြစ်ဒဏ်ပေးပါလိမ့်မယ်၊ အစ်မ ဘာမှစိတ်မပူနဲ့တော့နော်”

ချင်ရန်သည် သူမအားစိတ်သက်သာသွားအောင် အေးအေးဆေးဆေး ပြောပြလိုက်၏။

“ပြီးတော့ အစ်မအတွက် နစ်နာ‌ကြေးကိစ္စလည်းပါသေးတယ်၊ ဝမ်ပါ့ရဲ့ပိုင်ဆိုင်မှုတွေထဲက အချို့ကို အစ်မရဖို့အတွက် တရားရုံးမှာ ကျွန်တော်တို့ အကောင်းဆုံးကြိုးစားပေးပါ့မယ်”

ချင်ရန်၏ စကားအဆုံးတွင် အမျိုးသမီး၏ပါးပြင်ပေါ်သို့ မျက်ရည်များ တသွင်သွင်စီးကျလာ‌တော့သည်။ သူမ၏ ရင်ထဲတွင် ခံစားချက်များမှာရှုပ်ထွေးနေပြီး ရင်ဘက်ထဲ တင်းကြပ်စွာ ချည်နှောင်ထားသည့် ကြိုးများမှလွတ်မြောက်သွားသည့်နှယ် ခံစားနေရ၏။

“နောက်ဆုံးတော့ သူတို့လက်ထဲက လွတ်ပြီပေါ့”

ခပ်ဖွဖွ‌လေးရေရွတ်ကာ မျက်ရည်များကြားမှ သူမပြုံးလိုက်မိသည်။ နှစ်ပေါင်းများစွာ ဖိနှိပ်ချုပ်ချယ်ခံခဲ့ရမှုများမှာ ဤအခိုက်အတန့်တွင် အားလုံးပေါက်ကွဲထွက်သွား၏။

‘ဒါတွေအားလုံးက သူမရှေ့ကလူကြောင့်ပဲ’

အမျိုးသမီးသည် မျက်ရည်များကို သုတ်လိုက်ပြီး တုန်ရီနေသောအသံဖြင့် ပြောလာလေသည်။

“ ကျေးဇူးတင်ပါတယ်အရာရှိကြီးရယ်၊ တကယ်ကို ကျေးဇူးတင်ပါတယ်၊ ရှင်ခိုင်းတာမှန်သမျှ ကျွန်မလုပ်ပါ့မယ်”

“ရှင့်ရဲ့ ကျွန်အဖြစ်နဲ့နေဆိုရင်လည်း ကျေကျေနပ်နပ်ကြီး လက်ခံပါတယ်၊ကျွန်မဘဝရဲ့ အကြီးမားဆုံးရန်သူကို ကျွန်မကိုယ်စား ရှင်းထုတ်ပေးလိုက်လို့ ကျွန်မမှာ ကျေးဇူးဆပ်စရာဘာမှမရှိတော့ပါဘူးရှင်”

ထိုစကားကို ကြားသောအခါ ချင်ရန်သည် လက်ကို အကြိမ်ကြိမ်ခါယမ်းကာ တည်ကြည်သောမျက်နှာဖြင့် ငြင်းဆိုလိုက်သည်။

“အဲဒီလိုမပြောပါနဲ့ ၊ အစ်မက အခု မကောင်းဆိုးဝါးတွေရဲ့ ထိန်းချုပ်မှုအောက်က လွတ်မြောက်သွားတဲ့ လွတ်လပ်တဲ့သူတစ်ယောက်ပါ၊ အစ်မဘဝက အစ်မပိုင်တာပါ၊ တစ်စုံတစ်ယောက်ရဲ့ ကျွန်မဟုတ်သလို၊ ကျွန်တော့်ရဲ့ကျွန်လည်း ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး၊ ရှေ့လျှောက် အစ်မရဲ့ဘဝကို အစ်မစိတ်တိုင်းကျလျှောက်လှမ်းနိုင်ပါပြီ “

ထိုစကားကြောင့် အမျိုးသမီး၏ မျက်လုံးများထဲတွင် ဝမ်းနည်းရိပ်များ ယှက်သန်းသွား၏။ သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ အင်္ကျီစကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်ထားပြီး သူမ၏မျက်ဝန်းထဲတွင် နာကျင်ခံစားမှုအချို့ ဖြစ်ပေါ်လာသည်။

သူမသည် သူမ၏ဝမ်းဗိုက်ကို ဒေါသတကြီးစိုက်ကြည့်ကာအပြစ်ဆိုလေ၏။

“နင့်ကြောင့် အားလုံးနင့်ကြောင့်ပဲ၊ အခုလူတိုင်းက ငါ့ကို အရမ်းမုန်းနေကြပြီ”

ပြောပြောဆိုဆိုဖြင့် သူမသည် သူမ၏ဝမ်းဗိုက်ကို လက်ဖြင့် စတင်ထုရိုက်တော့သည်။

ရှကျဲနှင့် ချင်ရန်တို့မှာ အဆိုပါလုပ်ရပ်ကြောင့် လန့်ဖျတ်သွားကြ၏။

ကံကောင်းထောက်မစွာဖြင့် ချင်ရန်၏ တုန့်ပြန်မှုမှာ အလွန်မြန်ဆန်လှသဖြင့် အမျိုးသမီး၏ လက်များကို ဖမ်းဆီးကာ မိမိကိုယ်ကိုယ် အနာတရမဖြစ်အောင် တားဆီးနိုင်ခဲ့သည်။

ချင်ရန်သည် ဤကိစ္စမှာ အမှန်တကယ်ခက်ခဲလှကြောင်း ခံစားလိုက်ရသည်။ ကုန်တင်ကားအောက်တွင် တစ်နာရီ မိုင် ၇၀၊ ၈၀ နှုန်းဖြင့် သွားနေရစဉ်ကပင် ဤမျှလောက်မခက်ခဲခဲ့ပေ။

ယခုမူ သူ ဒုက္ခအကြီးအကျယ်ရောက်တော့မည်ကို ရိပ်မိလိုက်သည်။ ချင်ရန်နှင့် ရှကျဲတို့သည် အမျိုးသမီးစိတ်ငြိမ်သွားစေရန် အချိန်အတော်ကြာ နှစ်သိမ့်ပေးခဲ့ရ၏။

နောက်ဆုံးတွင် ချင်ယန်က ရှကျဲအား မျက်ရိပ်ပြလိုက်ပြီး နှစ်ယောက်သားအပြင်သို့ ခေတ္တထွက်လာခဲ့ကြ၏။

“ဒုက္ခပဲ၊ ငါတို့ဘယ်လိုလုပ်ကြမလဲ”

ရှကျဲသည် ချင်ယန်၏ ဆောက်တည်ရာမရဖြစ်နေသည့် မျက်နှာအားကြည့်ကာ မရယ်ဘဲမနေနိုင်တော့ပေ။

“သူကတော့ နင့်ကိုပဲဖက်တွယ်ထားတော့မှာ၊ ဒါပေမဲ့ တွေးကြည့်ရင်လည်း သူမရဲ့အမှောင်မိုက်ဆုံးအချိန်မှာ နင်က ရုတ်တရက်ကြီးပေါ်လာပြီး ရန်သူကိုပါ ဖမ်းဆီးပေးခဲ့တာဆိုတော့၊ ငါသာသူမနေရာမှာဆိုလည်း နင့်ကိုပဲ အားကိုးမိမှာပါ”

ရှကျဲ၏ စကားကြောင့် ချင်ရန်သည် သူမအား အဓိပ္ပါယ်ပါပါ ခပ်စူးစူးစိုက်ကြည့်လိုက်သည်။

ထိုအခါမှ ရှကျဲလည်း မိမိပြောလိုက်သည့်စကား၏ အဓိပ္ပါယ်သည် တစ်မျိုးဖြစ်သွား‌သောကြောင့် မျက်နှာလေးနီမြန်းသွားကာ ချောင်းတစ်ချက်ဟန့်ပြီး စကားကို ဆက်မပြောတော့ပေ။

အဆိုပါ အ‌ခြေအနေကို ဖြိုခွဲရန် ချင်ရန်သည် မေးစေ့ကိုပွတ်ရင်း တွေးတွေဆဆဖြင့် ပြောလာသည်။

“ဟူး အမျိုးသမီးတွေနဲ့ဆက်ဆံရတာ ငါ့အတွက် အခက်ခဲဆုံးပဲ၊ ရာဇဝတ်ကောင်တွေကို သွားဖမ်းတာကမှ ပိုလွယ်ဦးမယ်”

“ရှကျဲ၊ မင်းပဲ သူမကို နားဝင်အောင်ပြောလိုက်ပါလား၊ ငါက ရဲအရာရှိတစ်ယောက်ဖြစ်လို့ ပြည်သူကို အလုပ်အကျွေးပြုတဲ့အနေနဲ့ ဒါတွေ လုပ်ပေးတာပါလို့၊ နော်၊ ပြောလိုက်နော်”

ရှကျဲက ရယ်ကျဲကျဲဖြင့် ခေါင်းငြိမ့်ကာ ကတိပေးလိုက်ရ၏။

“အေးပါ၊ ငါပြောကြည့်ပါ့မယ်၊ သူကလည်း တကယ်ကို ဒုက္ခရောက်ခဲ့ရှာတာပါ၊ ဒါကြောင့် သူ့ကို ငါ့အိမ်ပဲခေါ်သွားဖို့ စဉ်းစားထားတယ်၊ ငါ့အမေက နေ့တိုင်းအားနေတာဆိုတော့ သူ့ကို စောင့်ရှောက်ပေးလို့ ရတယ်လေ”

နောက်ဆုံးတွင် ထိုအမျိုးသမီးအား ရှကျဲ၏အိမ်သို့ပို့ရန် ဆုံးဖြတ်လိုက်ကြသည်။ ရှကျဲက ဤကိစ္စကို ချန်ဟောင်နှင့် ဝမ်‌ရှောင်ရီတို့ထံတင်ပြခဲ့ရာ သူတို့ကလည်း သဘောတူ ခွင့်ပြုခဲ့ကြ၏။

နောက်ရက်အနည်းငယ်အတွင်း ထူးထူးခြားခြား ဘာမှမဖြစ်ခဲ့ပေ။

ချင်ရန်သည် နေ့စဉ် လမ်းမပေါ်ရှိ အိမ်နီးချင်းများကြား၌ ဖြစ်ပွားသော မရိုးနိုင်သည့်ရန်ပွဲများကို လိုက်လံဖြေရှင်းပေးနေရသည်။

အမှန်စင်စစ် ဖြေရှင်းပေးခြင်းထက် နှစ်ဖက်စလုံး၏ အဓိပ္ပာယ်မရှိသောစကားများကို နားထောင်ပေးနေရခြင်းက ပိုမှန်မည်ထင်၏။

သိပ်မကြာမီ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ထံမှ သတင်းအချို့သည် ပါလီမြစ် ရဲစခန်းသို့ ရောက်ရှိလာသည်။

ထိုသတင်းအချက်အလက်များမှာ အလွန်ပြည့်စုံလှ၏။ ဝမ်ပါ့၏ ပိုင်ဆိုင်မှုများ၊ ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးပမာဏနှင့် လွတ်မြောက်သွားသော ကြေးစားစစ်သား၏ အထောက်အထားများပင် ပါဝင်နေလေတော့သည်။

40

ဝမ်ပါ့မှာ ဖိန်လင်မြို့၌ ယွမ် ၆ သန်းတန် အိမ်ရာနှစ်ခုရှိပြီး၊ ယွမ် ၁ သောင်းလောက်ပဲတန်သည့် ဗန်ကားအဟောင်းတစ်စီးလည်း ထပ်ရှိသေးသည်။

သို့သော်ရွှီ‌ပေါ်နှင့် သူ့လူများက ဝမ်ပါ့၏နေရာတွင် မူးယစ်‌ဆေးကီလိုဂရမ် ၃၀၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့ပြန်၏။

ဤသည်မှာ တကယ်ကို ထိတ်လန့်စရာကောင်းလှသည်။ ဤပစ္စည်းများကို တရုတ်ပြည်ထဲ မည်သို့သယ်ယူလာခဲ့သလဲ ဆိုသည်ကို သူတို့အဖွဲ့မှ စုံစမ်းနေဆဲဖြစ်သည်။

ထွက်ပြေးသွားသည့် ကြေးစားစစ်သား၏ နာမည်မှာ လီကွမ်ဖြစ်ပြီး၊ သူသည် အာဖရိကနှင့် အီရန်ဒေသများတွင် တိုက်ပွဲပေါင်းများစွာနှင့် သေဘေးပေါင်းများစွာကို ကျော်ဖြတ်ခဲ့သည့် ဝါရင့်ကြေးစားစစ်သားဟောင်းတစ်ဦး ဖြစ်၏။

တရုတ်ပြည်သို့ ပြန်ရောက်လာပြီးနောက် ဘားတစ်ခုဖွင့်ကာ အသေးစားစီးပွား‌ရေးလုပ်ငန်းများကို စတင်လုပ်ကိုင်ခဲ့သည်။

ယခုတွင်မူ ထိုဘားကို ပိတ်သိမ်းလိုက်ပြီဖြစ်ပြီး ဘား၏နောက်ကွယ်က လူတွေကို ဖမ်းဆီးထားပေမဲ့ လီကွမ်၏တည်နေရာကိုတော့ ယခုအထိ ရှာတွေ့ခြင်းမရှိသေးပေ။

ထိုသတင်းကို ကြားသည့်အခါ ချန်ဟောင်တစ်ယောက် ရင်တုန်ပန်းတုန် ဖြစ်သွား၏။ ဝမ်ပါ့တို့လူစု ဤမျှပါးနပ်သည့် အစီအစဉ်များ ဆွဲနိုင်ခြင်းဟာ ကြေးစားစစ်သား လီကွမ်၏ လက်ချက်ဆိုတာ သိသာ‌နေသည်။

ကံကောင်းသည်က လီကွမ်သည် ဘယ်လောက်ပဲတော်နေပါစေ၊ ချင်ရန်နဲနှင့် တွေ့လိုက်ရသည့်အခါ သူ၏ အကြံအစည်များအားလုံး ပျက်စီးသွားခဲ့ရလေသည်။

ရွှီ‌ပေါ်ကလည်း ချင်ရန်အတွက် ဒုတိယအဆင့်ထူးချွန်ဆု ဆုတံဆိပ်ကို ပေးရန်ပြင်ဆင်နေ၏။ တကယ်တော့ ဤစစ်ဆင်ရေး၏ အရေးပါပုံအရ ချင်ရန်သည် ပထမအဆင့်ဆုတံဆိပ်နှင့်ပင် ထိုက်တန်နေသည်။

သို့သော် ချင်ရန်သည် အလုပ်သင်ရဲရာထူး၌သာရှိ‌နေပြီး လူအများအာရုံစိုက်စရာ ဖြစ်သွားနိုင်သောကြောင့် ဒုတိယအဆင့် ဆုတံဆိပ်ကိုသာ ပေးအပ်ချီးမြှင့်လိုက်သည်။ ချင်ရန်ကိုယ်တိုင်ကမူ ဤဂုဏ်ပြုဆုတွေကို သိပ်ပြီး ဂရုစိုက်ခြင်းမရှိလှပေ။

ဤသို့ဖြင့် အချိန်တွေကုန်လွန်သွားပြီး ချင်ရန်၏အားလပ်ရက် ရောက်လာခဲ့သည်။

ယနေ့အ လုပ်ဆင်းခါနီးမှာ ချောင်ကျန့်ကျွင်းက ပြုံးပြုံးကြီး လျှောက်လာပြီး ချင်ရန်အားမေးလိုက်သည်။

“ချင်ရန် အလုပ်ဆင်းပြီလား၊ မနက်ဖြန် မင်းရဲ့ပိတ်ရက်မဟုတ်လား”

ထူးထူးဆန်းဆန်းတွေ လာမေးနေသော ချောင်ကျန့်ကျွင်း‌ကြောင့် ချင်ရန်မှာ ခေတ္တကြောင်သွားပြီးမှ ထိုလူနှင့် သိုင်းသင်တန်းကျောင်းမှာ ပညာချင်းဖလှယ်ဖို့ ကတိပေးထားသည်ကို သူသတိရသွား၏။

“အော် ဟုတ်သားပဲ၊ ကျွန်တော် ခင်ဗျားကို ကတိပေးထားတာရှိတာပဲ အစ်ကိုချောင်”

ချောင်ကျန့်ကျွင်းသည် ရယ်မောရင်းဖြင့်ပြောလေသည်။

“သိုင်းသင်တန်းကျောင်းသွားပြီး နည်းနည်းလောက်လေ့ကျင့်ရအောင်၊ မင်းရဲ့ လက်စလက်နလေး ကြည့်ရသေးတာပေါ့”

ချင်ရန်ကလည်း ခပ်ပြုံးပြုံးဖြင့် သဘောတူလိုက်သည်။

“ကောင်းပြီလေ၊ သွားကြတာပေါ့”

ဘေးမှ လီတာ့ဝေသည်လည်း သူတို့နှစ်ယောက် သိုင်းသင်တန်းကျောင်းသွားမည်ကို ကြားသဖြင့် သူပါလိုက်ချင်ကြောင်း ပြောဆိုလာ၏။

“အစ်ကိုချောင်၊ အစ်ကိုရန် ကျွန်တော့်ကိုပါ ခေါ်သွားပါလားဟင်၊ ကျွန်တော်လည်း အစ်ကိုတို့ဆီက ပညာသင်ပြီး တစ်ကွက်နှစ်ကွက်လောက် တတ်သွားရင်တောင် မနည်းဘူးလေနော့်၊ ကျွန်တော်လိုက်မယ်နော်”

ချင်ရန်ဆီမှ ပညာယူရန်အတွက် ယခုအချိန်မှာ အကောင်းဆုံးဖြစ်သည်ဟု လီတာ့ဝေသိလိုက်သည်။

လီတာ့ဝေအတွက် အကောင်းဆုံးအခွင့်အရေးတစ်ခုပင်။ ထို့ကြောင့် သူလိုက်ကိုလိုက်ရမှ ဖြစ်ပေလိမ့်မည်။

ချောင်ကျန့်ကျွင်းသည် ပစ္စည်းများသိမ်းနေသည့် ယန်ရှု့ကိုလည်း ကြည့်ပြီးမေးလိုက်သည်။

“ယန်ရှု မနက်ဖြန် မင်းလည်းအလုပ်နားတယ်မလား၊ ဒါဆို ငါတို့နဲ့အတူလိုက်ခဲ့ပါလား၊ ချင်ရန်နဲ့ငါ ပညာခြင်းဖလှယ်တာကို ကြည့်ပြီး နဲနဲပါးပါးသင်ယူလိုက်ပါလား၊ မင်းကိုကြည့်ရတာ အမြဲတမ်းထုံထုံအအနဲ့ သိပ်ပြီးအားမရဘူး “

ချောင်ကျန့်ကျွင်း၏ စကားကြောင့် သူခဏတာ ဆွံ့အသွားသည်။

သိုပေမယ့် ခေါင်းဆာင်တစ်ယောက်က ပြောလာသည့်အတွက် သူမငြင်းဆန်နိုင်တော့ပေ။

“ဟုတ်ကဲ့ပါဆရာ၊ ကျွန်တော်လိုက်ခဲ့ပါမယ်”

သူအမှန်တိုင်းဝန်ခံရလျှင် ချင်ရန်အားမနာလိုဖြစ်မိသည်။ သို့ပေမယ့် သူ၏မနာလိုစိတ်သည် ချင်ရန်အား ထိခိုက်စေလိုသည့် စိတ်မရှိပါပဲ အားကျသည့်မနာလိုစိတ်သာဖြစ်သည်။

ယန်ရှုသည် ငယ်ငယ်လေးတည်းက စာကိုသာအာရုံစိုက်ကြိုးစားခဲ့သူ တစ်ယောက်ဖြစ်သည်။ အားကစားလုပ်တာမျိုး သိပ်မရှိခဲ့ပေ။

ယုတ်စွအဆုံး ရန်တောင်မဖြစ်ခဲ့ပေ။ ဤအရာများက သူအားနည်းနေရခြင်း၏ အဓိကအချက်ဆိုတာကို သူသိထားသည်။

ထိုအချိန်တွင် ကျောက်ကျီဝေ့သည် ခေါင်းကုတ်ရင်းဖြင့် ဝင်ပြောလာ၏။

“ဟို ကျွန်တော်ကောလိုက်လို့ရမလားဟင်၊

အကိုကြီးချောင်”

ထိုအခါတွင် ချောင်ကျန့်ကျွင်းသည် တဟားဟားနှင့်ရယ်မောကာ ပြောလိုက်၏။

“ကောင်းပြီ၊ လိုက်ခဲ့ကြ လိုက်ချင်တဲ့သူ အကုန်လိုက်ခဲ့ကြ ဟား ဟား “

ထိုအချိန်တွင် ရှကျဲတစ်ယောက် ထရပ်ကာ မကျေမနပ်ဖြင့် ပြောလိုက်လေသည်။

“ကျွန်မကတော့ လိုက်လို့မရဘူး အိမ်ပြန်ပြီး ဟိုကိုယ်ဝန်ဆောင်သည်ကို ကြည့်ရအုန်းမယ်၊ ရှင်တို့ပဲပျော်ခဲ့ကြ”

ထိုသို့ပြောလိုက်ပြီးနောက် ရှကျဲသည် ချင်ရန်အား မကျေမနပ် အကြည့်နှင့် ကြည့်လိုက်သည်။ သူမဘာကို ပြောချင်သလဲဆိုသည်ကို ချင်ရန်ကောင်းကောင်းသိသည်။

သူမမှာတော့ အလုပ်ပြီးသည်နှင့် အိမ်ကိုတန်းပြန်ပြီး ဟိုအမျိုးသမီးကို စောက်ရှောက်ရသည်။ ချင်ရန်ကျ အပြင်ထွက်ပျော်ပါးနေသည်ကို သူမစိတ်ထဲ အတော့်ကို မကျေမနပ်ဖြစ်နေမိ၏။

ချင်ရန်သည် ရှကျဲ၏မျက်လုံးထဲမှ မကျေမနပ်ဖြစ်မှုကို သတိထားမိလိုက်တာကြောင့် သူသည် သူမနဲ့ အကြည့်ခြင်းမဆုံအောင် ရှောင်တိမ်းလိုက်သည်။

ယန်ရှုနှင့် ကျောက်ကျိဝေတို့ကလည်း စိတ်ဝင်စားသဖြင့် လီတာ့ဝေနည်းတူ လိုက်ချင်နေကြသည်။ ရှကျဲသည်တော့ အိမ်တွင် ကိုယ်ဝန်ဆောင်သည်ကို စောက်ရှောက်ရမည် ဖြစ်သဖြင့် မလိုက်နိုင်ခဲ့‌ပေ။

ချောင်ကျန့်ကျွင်းပြောသည့် သိုင်းသင်တန်းကျောင်းနှင့် ပါလီမြစ်ရဲစခန်းသည် ငါးကီလိုမီတာခန့် ဝေးသောကြာင့် သူတို့အဖွဲ့သည် ထိုနေရာသို့ ကားဖြင့်အတူတကွ ထွက်လာခဲ့ကြ၏။

ဤသိုင်းသင်တန်းကျောင်းသည် ဖိန်လင်မြို့တွင် အကြီးဆုံးသိုင်းသင်တန်း‌ကျောင်းတစ်ခုဖြစ်ပြီး ဘောလုံးကွင်း ၃ ကွင်းစာလောက်ကျယ်ဝန်းသည်။

“ဟုန်ရန် သိုင်းသင်တန်းကျောင်း၊ နာမည်ကကောင်းသားပဲဗျ”

ချင်ရန်သည် သိုင်းသင်တန်း‌ကျောင်း၏နာမည်အား ချီးကျူးလိုက်သောကြောင့် ချောင်ကျန့်ကျွင်းက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြန်ပြောလေ၏။

“ဒါပေါ့၊ ဒီကျောင်းရဲ့နာမည်ကို ငါကိုယ်တိုင်ပေးခဲ့တာလေ၊ ကြီးကျယ်မြင့်မြတ်ခြင်းရဲ့ ဟုန်နဲ့ မြှင့်တင်ခြင်းဆိုတဲ့ယန်ကို ပေါင်းစပ်ထားတာ၊ ပိုင်ရှင်က ငါတို့ရွာက ငါ့သူငယ်ချင်းပဲ”

ချောင်ကျန့်ကျွင်း၏ ဂုဏ်ယူဝင့်ကြွားစွာ

ပြောနေသည့်ပုံစံအားကြည့်ပြီး ချင်ရန် ခပ်ထေ့ထေ့ပြုံးလိုက်မိ၏။

“အို..မထင်ထားဘူး၊ အစ်ကိုချောင်က အဲဒီလိုလူမျိုးတွေနဲ့တောင် သိမယ်လို့ တကယ်မထင်ထားဘူး၊ အစ်ကိုချောင် ခင်ဗျားက မရိုးရှင်းဘူးပဲ”

လီတာ့ဝေနှင့် ကျောက်ကျီဝေ့တို့ နှစ်ယောက်သားမှာ ချောင်ကျန့်ကျွင်း၏ အဆက်အသွယ်ကောင်းမှု့ကြီးကို ကြည့်ကာ အားကျမှုများဖြစ်ပေါ်လာသည်။

“အစ်ကိုချောင်ကတော့ မိုက်လိုက်တာဗျာ၊ ဒီလိုသင်တန်းကျောင်းတစ်ခုဆောက်ဖို့ဆိုတာက ငွေအရင်းအနှီးအများကြီးကုန်မှာပဲ၊ အစ်ကိုချောင်က အဲလိုလူတွေနဲ့တောင် ခင်တယ်ဆိုတော့ အစ်ကိုချောင်မှာ အဆက်အသွယ်တွေပေါနေမှာပဲနော်”

လီတာ့ဝေတို့နှစ်ယောက်သည် အထင်ကြီးမှုအပြည့်ဖြင့် ပြောလိုက်လေသည်။

ချောင်ကျန့်ကျွင်း၏ စိတ်ထဲတွင် ခုလုခုလု ဖြစ်နေခဲ့သည်။

အခုမှအသစ်ရောက်လာသည့် လူသစ်များသည် သူ့အား ဆရာချောင်၊ အစ်ကိုကြီးချောင်ဟု ရိုရိုသေသေ ခေါ်နေကြသော်ငြား ချင်ရန်တစ်ယောက်တည်းကသာ အစ်ကိုချောင်ဟု ဝတ်ကျေတန်းကျေ တန်းတူထားပြီးခေါ်နေသည်ကို သူ လုံးဝမကြိုက်ပေ။

ချောင်ကျန့်ကျွင်းသည် ယခင်က ပါလီမြစ်၏ဂန္ထဝင် ဆိုပြီး နာမည်ကြီးခဲ့သည့်သူ တစ်ယာက်ဖြစ်သည်။

သို့ပေမယ့် ချင်ရန်‌‌ ရောက်လာပြီးနောက်မှာတော့ အဆိုပါဘွဲ့ကို ချင်ရန်ကလုယူသွားခဲ့သည့်အတွက် သူ အခဲမကြေဖြစ်နေ၏။

အခြားသူများ ချင်ရန်၏တိုက်ခိုက်ရေးစွမ်းရည်ကို မည်မျှပင် ချီးကျူးနေပါစေ၊ သူကိုယ်တိုင် မျက်မြင်မတွေ့ရသရွေ့ မယုံကြည်နိုင်ချေ။

ဤအကြောငကြောင့်လည ဒီနေ့ လူသစ်တွေရှေ့မှာ ချင်ရန်ကို ‘ပညာချင်ဖလှယ်ကြရအောင်’ ဆိုပြီး စကားအလှသုံးကာ ချင်ရန်အား အနိုင်ယူပြပြီး သူ၏အရှိန်အဝါကို ပြန်ရယူဖို့ သိုင်းသင်တန်းကျောင်းသို့ ခေါ်ဆောင်ရန် သူစီစဉ်ထားခြင်းဖြစ်သည်။

ချင်ရန်သည်လည်း ချောင်ကျန့်ကျွင်း၏ စိတ်ကူးကို ရိပ်မိလိုက်၏။ ချောင်ကျန့်ကျွင်းသည် သူ့အား အရှက်ခွဲချင်နေသဖြင့် သူသည်လည်း ချောင်ကျန့်ကျွင်း၏ မာန်မာနကို ရိုက်ချိုးပေးဖို့ရာ ဝန်မလေးတော့ချေ။

“ဒါဆိုလည်း ဝင်ကြရအောင်လေ”

ချောင်ကျန့်ကျွင်းက ပြောလိုက်ပြီး ရှေ့ဆုံးမှဦးဆောင်ကာ ဝင်သွားသည်။

သင်တနကျောင်း အတွင်းပိုင်းသည် ကျယ်ဝန်းလှပြီး အပြင်အဆင်မှာ တော်တော်ခမ်းနားလှသည်။

လက်ဝှေ့စင်များ၊ တိုက်ကွမ်ဒို၊ ဂျူဒိုနဲ့ တရုတ်ရိုးရာ သိုင်းလက်နက်မျိုးစုံကိုပါ တွေ့လိုက်ရ၏။

ထိုသင်တန်းကျောင်းထဲတွင် ကျောင်းသားများရာနဲ့ချီ လေ့ကျင့်နေကြသည်။ ထိုအချိန်တွင် အဖြူရောင်ဝတ်စုံဝတ်ထားသည့် သက်လတ်ပိုင်းလူတစ်ယောက်က ပြုံးပြီး သူတို့ရှိရာသို့လျှောက်လာ၏။

“ဟေ့.အဖိုးကြီးချောင်၊ မတွေ့တာတောင်ကြာပြီ၊ ဘာလဲ ဒီတစ်ခါ လူတွေအများကြီးခေါ်လာပြီး၊ ငါ့ကိုလာစိန်ခေါ်တာလား”

All Chapters