အခန်း (၂၃၃-၂၃၄)
Vol. 18 Ch. 233-234
အခန်း ၂၃၃
- အပိုင်း ၄၄ - လူလိမ် (၁)
ယူဂျွန်ဟော့၏ ဆရာဖြစ်သူ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်သည် အလွန်ပင် စိတ်ရှည်သည်းခံတတ်သူ ဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်း ၁၀၀ ကလည်း ထိုအတိုင်းပင် ဖြစ်သလို၊ နှစ်ပေါင်း ၂၀၀ ကလည်း ထိုနည်းတူစွာပင် ဖြစ်ခဲ့သည်။ ထို့ကြောင့်သာလျှင် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်သည် ဓါးသိုင်းပညာရပ်များစွာကို ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်ပေသည်။ အခြားသော သိုင်းပညာရှင်များမှာ သူတို့၏ စွမ်းရည်များကို ရောင်းချကာ သိုင်းလောကမှ ထွက်ခွာသွားကြသော်လည်း ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်ကတော့ ဤနေရာ၌ တစ်ကိုယ်တည်း ကျန်ရစ်ခဲ့ကာ အဆင့်ကျော်လွန်သူတစ်ဦး၏ အမြင့်ဆုံး အခြေအနေသို့ ထိုးဖောက်ရောက်ရှိနိုင်ခဲ့သည်။
"ဒါနဲ့ နင်က ဘယ်သူလဲ"
လေထဲတွင် တွဲလောင်း အချိတ်ခံထားရသည့် ယူဂျွန်ဟော့၏ ပါးကို ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်က လက်ညှိုးကြီးဖြင့် ထိုးဆွနေခဲ့သည်။ လက်ညှိုးက တစ်ချောင်းမျှသာ ဖြစ်သော်လည်း အဆင့်ကျော်လွန်သူတစ်ဦး၏ လက်ညှိုးဖြစ်သောကြောင့် နာကျင်မည်မှာ အသေအချာပင်။ သို့သော်လည်း ယူဂျွန်ဟော့ကတော့ မည်သို့မျှ တုံ့ပြန်ခြင်း မရှိခဲ့ပေ။
「 "ဆရာနဲ့ တပည့်... မင်းတို့ နှစ်ယောက်စလုံးက တစ်ပုံစံတည်းပဲ" 」
ထိုစကားမှာ သိုင်းလောက၏ မဟာပညာရှိ ဆယ်ဦးထဲမှ တစ်ဦးဖြစ်သည့် ‘ကောင်းကင်မိစ္ဆာ’ ပြောကြားခဲ့သော စကားများ ဖြစ်သည်။ ဖြစ်နိုင်သည်မှာ ‘ကောင်းကင်မိစ္ဆာ’ သည် သူတို့နှစ်ဦးကို အမှန်အတိုင်း မြင်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
"စကားတစ်ခွန်းမှ မပြောဘူးပေါ့လေ။ နင် စကားမပြောရင်တော့ အရိုက်ခံရမှာနော်"
ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်သည် ကြီးမားလှသော ဆေးတံကြီးကို မြှောက်လိုက်သည်။ ယူဂျွန်ဟော့၏ တင်ပါးမှာ ထိုဖိအားကို မခံနိုင်တော့ဘဲ သနားစဖွယ် အသံတစ်ခု အမှတ်မထင် ထွက်ပေါ်သွားခဲ့သည်။
‘ချီးပဲ... ကင်ဒေါ့ဂျာ။ မင်းကို ငါ သေချာပေါက် သတ်မယ်’
ဖြောင်း။ ဖြောင်း။ ဖြောင်း
ရိုက်နှက်သံများမှာ နောက်ပြောင်နေသကဲ့သို့ ထင်ရသော်လည်း ဆေးတံထဲတွင် ပါဝင်သော စွမ်းအားမှာမူ ဟာသတော့ မဟုတ်ပေ။ သိပ်မကြာမီမှာပင် ယူဂျွန်ဟော့၏ ပါးစပ်မှ သွေးများ စီးကျလာခဲ့သည်။ ထိုအခါ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်၏ မျက်ခုံးများမှာ ထူးဆန်းသော ပုံစံဖြင့် ကွေးညွတ်သွားခဲ့သည်။
"နင်က တော်တော်လေး စိတ်ဓာတ်ခိုင်မာတဲ့ လူပဲ"
သူတော်စင်သည် အနည်းငယ် အထင်ကြီးသွားပုံရသည်။
"ငါ ထပ်မေးမယ်။ ကောင်းကင်ဖြိုခွင်းဓါးသိုင်း ကျောင်းရဲ့ စွမ်းအားတွေကို နင် ဘယ်ကနေ ခိုးသင်ခဲ့တာလဲ"
"…"
"နင်သာ အမှန်အတိုင်း ပြောပြမယ်ဆိုရင် ငါ နင့်ရဲ့အသက်ကို ချမ်းသာပေးမယ်"
ထိုစကားကြောင့် ယူဂျွန်ဟော့သည် ခေါင်းကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်သည်။
ကောင်းကင်ဖြိုခွင်းဓါးသိုင်း ကျောင်းဆိုသည်မှာ မူလကပင် လူသားမဟုတ်သော တည်ရှိမှုများအတွက်သာ ရည်ရွယ်သည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ပြင်ပလူတစ်ယောက်အနေဖြင့် ယူဂျွန်ဟော့က ဤပညာကို သင်ယူနိုင်စရာ အကြောင်းမရှိပေ။ ယခုအခါ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်က သူ့ကို ချမ်းသာပေးမည်ဟု ပြောနေခြင်း၏ အဓိပ္ပာယ်မှာ ထင်ရှားလှသည်။ ယူဂျွန်ဟော့ကို တပည့်အဖြစ် လက်ခံရန် ကြိုးစားနေခြင်း ဖြစ်သည်။
‘ဆရာ’
ယူဂျွန်ဟော့သည် သူ၏ဆရာဖြစ်သူ၏ စိတ်ကို မည်သူထက်မဆို ပို၍ နားလည်၏။ ပျက်သုဉ်းစပြုနေသော သိုင်းလောကတွင် ထိုက်တန်သော တပည့်တစ်ယောက်ကို ရှာဖွေရန် ခက်ခဲလှသည်။ ထိုသို့သော အချိန်တွင် သူ၏ သိုင်းပညာကို တတ်မြောက်ထားသည့် အဆင့်ကျော်လွန်သူတစ်ဦး ရုတ်တရက် ပေါ်လာခြင်းကို စိတ်ဝင်တစား ရှိနေမည်မှာ သဘာဝကျလေသည်။
‘ဒါပေမဲ့…’
ယူဂျွန်ဟော့သည် သူ၏ နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။ ကင်ဒေါ့ဂျာ၏ အစီအစဉ်အတိုင်း လှုပ်ရှားခြင်းကလည်း မဆိုးလှဟု သူ တွေးမိကောင်း တွေးမိနိုင်လေသည်။ သူသည် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်အကြောင်းကို မည်သူထက်မဆို ပို၍ သိရှိသူ ဖြစ်၏။ အကယ်၍ သူသာ အခွင့်အရေးကို လက်ကိုင်ထားပြီး အကြောင်းစုံကို ပြောပြလိုက်မည်ဆိုပါက သူတော်စင်၏ မျက်နှာသာပေးမှုကို သေချာပေါက် ရရှိမည် ဖြစ်သည်။ သို့သော်လည်း ယူဂျွန်ဟော့က ထိုကဲ့သို့ မလုပ်ချင်ပေ။
"ဟ... နင့်ရဲ့ အကြည့်တွေက ပြင်းထန်လှချည်လား"
"…"
"နင်က ငါ့ကို လိုချင်နေတာလား"
ဤကဲ့သို့သော အခြေအနေမျိုးတွင်ပင် အဓိပ္ပာယ်မရှိသော စကားများကို ပြောဆိုနေခြင်းမှာ သူ၏ဆရာ အစစ်အမှန်ပင် ဖြစ်သည်။ ယူဂျွန်ဟော့မှာတော့ သူ၏ နှုတ်ခမ်းကိုသာ ဆက်လက် ကိုက်ထားမိသည်။
‘နင် ဒီမှာ ငါနဲ့ တွေ့ရင် သေရလိမ့်မယ်’
ယူဂျွန်ဟော့သည် သူ၏ဆရာ၏ နောက်ဆုံး မြင်ကွင်းကို အမှတ်ရနေခဲ့သည်။ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ပြီးနောက် တစ်ကိုယ်တည်း ဒဏ်ရာများဖြင့် ကျန်ရစ်ခဲ့သည့် အဆင့်ကျော်လွန်သူတစ်ဦး။ မည်သို့ပင်ဖြစ်စေ ကောင်းကင်ဖြိုခွင်း ဓါးသူတော်စင်၏ ခေါင်းမာမှုမှာတော့ ကျိုးပဲ့သွားခြင်း မရှိခဲ့ပေ။
— တပည့်မိုက်လေး။ သူတို့က နင် ရင်ဆိုင်နိုင်တဲ့ တည်ရှိမှုတွေဟ။
သိုင်းလောက၏ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်များဖြစ်သည့် ‘ကောင်းကင်မိစ္ဆာ’ နှင့် ‘သွေးမိစ္ဆာ’ တို့က ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်ကို ငြင်းပယ်ခဲ့ပြီးနောက် သူတော်စင်သည် ပြန်လာသူများ မဟာမိတ်အဖွဲ့ကို တစ်ကိုယ်တည်း ရင်ဆိုင် တိုက်ခိုက်ခဲ့သည်။
— ရှင်သန်စမ်းပါ။ ဂျွန်ဟော့
ထိုအချိန်တုန်းက ယူဂျွန်ဟော့သည် အားနည်းလွန်းသောကြောင့် သူတော်စင်နှင့်အတူ မတိုက်ခိုက်နိုင်ခဲ့ပေ။ သူသည် အလွန်ပင် အားနည်းခဲ့သည်။
"…နင့်ရဲ့ အကြည့်တွေက ဝမ်းနည်းနေပုံရတယ်"
ရုတ်တရက် ပြောလိုက်သော စကားကြောင့် ယူဂျွန်ဟော့ တုန်လှုပ်သွားခဲ့သည်။ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်၏ ကြည်လင်သော မျက်လုံးများက ယူဂျွန်ဟော့ကို စိုက်ကြည့်နေခဲ့သည်။ သူတော်စင်သည် လူသားနှင့် ဧရာမနတ်ဘုရားတို့၏ သွေးနှောတစ်ခု ဖြစ်သောကြောင့် ‘နီယန်ဒါသဲ’တို့၏ စွမ်းရည်တစ်ခုကို ပိုင်ဆိုင်ထားသည်။
"အထီးကျန်ခြင်း၊ မာနထောင်လွှားခြင်း၊ ပြီးတော့ နက်ရှိုင်းတဲ့ ဒဏ်ရာတွေ…"
ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်တွင် အခြားသူများ၏ ခံစားချက်ကို ဖတ်ရှုနိုင်သည့် ‘ကြေးမုံမျက်လုံး’ရှိနေသည်။ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်သည် ထိုမျက်လုံးများဖြင့် ယူဂျွန်ဟော့ကို စိုက်ကြည့်နေခြင်း ဖြစ်၏။
"နင်က ဘယ်သူလဲ"
ယူဂျွန်ဟော့သည် သူ၏ နာကျင်မှုများကို ပြန်လည် တူးဖော်နေသကဲ့သို့ သူ၏ နှုတ်ခမ်းကို ပြင်းထန်စွာ ကိုက်ထားမိသည်။ သူ မပြောသင့်ပေ။
သူ လုံးဝ မပြောနိုင်ဘူး...
[‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ နက္ခတ်က သင့်ကို ကြည့်နေပါသည်။]
ထိုမက်ဆေ့ချ်ကို ယူဂျွန်ဟော့ မော့ကြည့်လိုက်သည်။
[‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ နက္ခတ်က အဆင်ပြေသွားလိမ့်မယ်ဟု ပြောနေပါသည်။]
…အဆင်ပြေသွားလိမ့်မယ် ဟုတ်လား
[ ‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ နက္ခတ်က ယခု နောက်ပြန်ဆုတ်ခြင်းတွင် ကွဲပြားလိမ့်မည်ဟု ပြောနေပါသည်။]
[‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ နက္ခတ်က သင်၏ ဆရာကို ယုံကြည်လိုက်ဖို့ ပြောနေပါသည်။]
ယခုနောက်ပြန်ဆုတ်ခြင်းအခေါက်က ကွဲပြားပေလိမ့်မည်။ အကယ်၍ ဤစကားကို အခြားတစ်ယောက်ယောက်က ပြောခဲ့လျှင် သူ ယုံကြည်မည် မဟုတ်ပေ။ သို့သော် အဘယ်ကြောင့်မှန်းမသိ။ သူသည် ထိုလူပြောနေသည့် စကားကို ယုံကြည်ချင်နေမိသည်။
[‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ နက္ခတ်က…]
"ဒီယင်ကောင်ကတော့... ပါးစပ်ပိတ်ထားစမ်း"
ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်သည် လေထဲသို့ သူ၏ လက်ချောင်းကို တောက်လိုက်ရာ ထိုနေရာတစ်ဝိုက်ရှိ အသံများအားလုံးမှာ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။ ပြင်ပမှ အသံအားလုံးကို မှော်စွမ်းအင်ဖြင့် ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်ကဲ့သို့ အဆင့်ကျော်လွန်သူ တစ်ဦးအတွက် ဤသည်မှာ လုပ်၍ရနိုင်သော အရာတစ်ခုပင်။ ဒိုကဲဘီများက ရုပ်သံလိုင်း၏ ကြိမ်နှုန်းကို ပြန်လည် မညှိမချင်း ကင်ဒေါ့ဂျာ၏ အသံကို ခဏတာ ကြားရတော့မည် မဟုတ်ပေ။ ယခုအချိန်မှစ၍ အရာအားလုံးမှာ ယူဂျွန်ဟော့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပေါ်တွင်သာ မူတည်တော့မည် ဖြစ်သည်။
"…ကျနော့်နာမည်က ယူဂျွန်ဟော့ပါ"
ယူဂျွန်ဟော့သည် အသက်ကို အနည်းငယ် ရှူသွင်းလိုက်ပြီးမှ ပြန်ထုတ်လိုက်သည်။
"ကျနော်က ခင်ဗျားရဲ့ တပည့်တစ်ယောက် ဖြစ်ခဲ့ဖူးပါတယ်"
"ဟမ်... အဲဒါက ဘာကို ဆိုလိုတာလဲ။ ငါ နင့်ကို တစ်ခါမှ မတွေ့ဖူးပါဘူး။ နင့်ကို တပည့်အဖြစ် လက်ခံခဲ့တယ်ဆိုတဲ့ မှတ်ဉာဏ်မျိုးလည်း ငါ့မှာ မရှိဘူး"
"ကျနော် ပြောခဲ့တဲ့အတိုင်းပါပဲ။ ကျနော် သိုင်းပညာတွေကို သင်ယူခဲ့တာက…"
ယူဂျွန်ဟော့ စကားပြောရန် ပြင်လိုက်သည့် ခဏမှာပင် သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် လျှပ်စစ်မီးပွားများ လွင့်စင်လာခဲ့သည်။
[‘ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်၏ တပည့်’ ဇာတ်လမ်း အသက်ဝင်လာပါပြီ။]
ယူဂျွန်ဟော့၏ နှုတ်ထွက်စကားများမှာ သူ၏ ဆန္ဒနှင့်ဆန့်ကျင်ဘက်ဖြစ်သော ရိုသေမှုပြသည့် အသုံးအနှုန်းများအဖြစ် အတင်းအကျပ် ပြောင်းလဲသွားသည့်အခါ သူ၏ နှုတ်ခမ်းများမှာ တွန့်ကွေးသွားခဲ့သည်။
"…ဆရာ့ဆီကပါ"
ယူဂျွန်ဟော့၏ မျက်နှာမှာ ပျက်ယွင်းသွားခဲ့သည်။ သူသည် ပြီးခဲ့သည့် နောက်ပြန်ဆုတ်မှုတုန်းက ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်နှင့် ပြောဆိုခဲ့သည့် စကားဝိုင်းကို ပြန်လည်အမှတ်ရနေခဲ့သည်။
— မင်းကိုယ်မင်း ‘နောင်ပြန်ဆုတ်သူ’ တစ်ယောက်လို့ ပြောခဲ့တယ်နော်။ တကယ်လို့ အဲဒီအတိုင်းသာဆိုရင် ငါတို့တွေ တစ်နေ့မှာ ပြန်ဆုံချင် ဆုံကြဦးမှာပေါ့။
— နောက်တစ်ကြိမ်ကျရင်တော့ ကျနော် ခင်ဗျားရဲ့ တပည့် ဖြစ်လာမှာ မဟုတ်ဘူး။
— စိတ်ကြီးတဲ့ ဒီကောင်လေးကတော့လေ။ နင်က ချိုချိုသာသာ စကားလေးတွေ ပြောသင့်တာဟ... ပြီးတော့ နင်က ဘာလို့ ရိုရိုသေသေ စကားမပြောတာလဲ။ နောက်ဘဝကျရင် အဖမ်းခံချင်လို့လား။
ဖြစ်နိုင်သည်မှာ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်နှင့် ပြောခဲ့ဖူးသည့် ထိုစကားများကြောင့်ပင် ယခုကဲ့သို့သော ဇာတ်လမ်းမျိုး ကျန်ရှိနေခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
[‘ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်’ ကို ရိုသေမှုပြသည့် စကားလုံးများ အသုံးပြုရပါမည်။]
ရယ်စရာပင် ကောင်းလှသည်။ ထိုအချိန်တုန်းက သူသည် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်ကို ရိုရိုသေသေ ဆက်ဆံခဲ့ခြင်း မရှိသော်လည်း ဤဇာတ်လမ်းကတော့ သူနှင့်အတူ ကပ်ပါလာခဲ့သည်။
— အဲဒီအချိန်ကျရင် ငါ့ရဲ့ တပည့် ပြန်လုပ်ဦးပေါ့ကွာ။
အတိတ်မှ အမှတ်တရများမှာ ရေတံခွန်တစ်ခုကဲ့သို့ စီးဆင်းလာပြီး သူ၏ နှလုံးသားကို လာရောက် ရိုက်ခတ်သည့်အခါ သူ၏ ရင်ထဲတွင် တလှပ်လှပ် ဖြစ်သွားခဲ့သည်။ သွယ်ဝိုက်သော မက်ဆေ့ချ်များကို သူ မကြားနိုင်တော့သော်လည်း ကင်ဒေါ့ဂျာက သူ့ဘက်သို့ စိုက်ကြည့်နေသည်ကိုတော့ သူ ခံစားမိနေခဲ့သည်။
‘ငါ့ရဲ့အပေါင်းအဖော်’
ယူဂျွန်ဟော့သည် တစ်စုံတစ်ယောက်ကို ယုံကြည်ခြင်းဆိုသည်မှာ မည်သို့သော ခံစားချက်မျိုးလဲဆိုသည်ကို မေ့လျော့နေခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ သူသည် မျက်တောင်ကို ဖြည်းညှင်းစွာ ခတ်လိုက်ပြီးမှ ပါးစပ်ဖွင့်ကာ ပြောလိုက်သည်။
"ကျနော်က ဘယ်သူလဲဆိုတာ ခင်ဗျား မသိချင်ဘူးလား"
"သိချင်တာပေါ့၊ ငါ အရမ်းကို သိချင်နေတာ"
"ဒါဆိုရင် ကျနော် ‘စိတ်အကာအရံ’ ကို ဖွင့်ပေးမယ်။ လှမ်းကြည့်လိုက်ပါ။ ခင်ဗျားရဲ့ ‘ကြေးမုံမျက်လုံး’ နဲ့ဆိုရင် ကြည့်လို့ရနိုင်ပါတယ်"
"…ဟ… နင်က ‘ကြေးမုံမျက်လုံး’ အကြောင်းကိုလည်း သိနေတာလား"
"ငါးမိနစ်ပဲ။ အချိန်ကို အဲဒီထက်ပိုပြီးတော့ ကျနော် မပေးနိုင်ဘူး"
ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်၏ မျက်လုံးများတွင် သံသယအရိပ်အယောင်များ ပြေးသွားခဲ့သည်။
"နင်က ထူးဆန်းတဲ့ လှည့်ကွက်တွေ သုံးဖို့ ကြံစည်နေတာလား"
" ကျနော် လှည့်ကွက်သုံးရင်တောင် ခင်ဗျားကနှိမ်နင်းနိုင်မှာပဲ မဟုတ်ဘူးလား"
ရန်စနေသကဲ့သို့ အသံနေအထားကြောင့် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်၏ မျက်ခုံးများ ပင့်တက်သွားခဲ့သည်။
"ကောင်းပြီလေ"
ဇာတ်လမ်းများကို မြတ်နိုးသူများမှာ နက္ခတ်များသာ မဟုတ်ပေ။ အခြားသော အဆင့်ကျော်လွန်သူတစ်ဦး၏ စိတ်ထဲသို့ လှမ်းကြည့်နိုင်ရန် အခွင့်အရေးဆိုသည်မှာလည်း အလွန်ပင် ရှားပါးလှသည်။ သိုင်းလောကတွင် ရုတ်တရက် ပေါ်လာပြီး သူနှင့် တစ်ပုံစံတည်းတူသော နည်းစနစ်များကို အသုံးပြုနေသည့် ဤအဆင့်ကျော်လွန်သူအပေါ် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်သည် စူးစမ်းလိုစိတ် မရှိဘဲ မနေနိုင်ပေ။
"ငါ ကြည့်လိုက်မယ်"
သိပ်မကြာမီမှာပင် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်၏ ‘ကြေးမုံမျက်လုံး’ များမှာ တောက်ပလာခဲ့သည်။ ယူဂျွန်ဟော့မှာ သူ၏ ဆံပင်များကို အတင်းဆွဲနှုတ်ခံနေရသကဲ့သို့ ခံစားလိုက်ရသည်။
‘ကြေးမုံမျက်လုံး’ မှတစ်ဆင့် မှတ်ဉာဏ်များကို လွှဲပြောင်းခြင်းမှာ ယူဂျွန်ဟော့အတွက်ရော၊ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင် အတွက်ပါ အလွန် အန္တရာယ်များလှသည်။ သို့သော်လည်း ယူဂျွန်ဟော့ကတော့ ဆုံးဖြတ်ချက် ခိုင်မာစွာဖြင့် လုပ်ဆောင်ခဲ့သည်။ ထိုသို့လုပ်ဆောင်ခြင်းဖြင့် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်၏ စိတ်ဓာတ်များ ကျိုးပဲ့သွားနိုင်သလို၊ မြင်တွေ့ခဲ့ရသည့် အရာများကိုလည်း ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်က ယုံကြည်ချင်မှ ယုံကြည်ပေလိမ့်မည်။ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်အနေဖြင့် အရာအားလုံးကို ငြင်းပယ်ကာ ယူဂျွန်ဟော့ကိုပါ ဖျက်ဆီးပစ်လိုက်နိုင်၏။ သို့သော်လည်း ဤလောင်းကြေးထပ်မှုသာ အောင်မြင်ခဲ့မည်ဆိုလျှင် သူသည် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်ကို ပြောင်းလဲနိုင်ပေလိမ့်မည်။
မိနစ်အနည်းငယ် ကုန်ဆုံးသွားပြီးနောက် ‘ကြေးမုံမျက်လုံး’ မှ ထွက်ပေါ်နေသည့် ကြည်လင်သော စွမ်းအင်များ ပျောက်ကွယ်သွားခဲ့သည်။ ‘ကြေးမုံမျက်လုံး’ ၏ အလင်းရောင်မှာ ငြိမ်းသတ်သွားခဲ့သော်လည်း ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်မှာမူ စကားတစ်ခွန်းမျှ မပြောဘဲ ရှိနေခဲ့သည်။ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်သည် ခေါင်းကို ငုံ့ထားရင်း ကြမ်းပြင်ကိုသာ စိုက်ကြည့်နေခဲ့သည်။
ကောင်းကင်ဖြိုခွင်းဓါး သူတော်စင် ရူးသွားတာလား။ ဒါမှမဟုတ်…
ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်က ခေါင်းကို ပြန်မော့လာသည့်အခါ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်၏ မျက်လုံးများထဲတွင် ဖော်ပြမရနိုင်သော ခံစားချက်တစ်ခု ကိန်းအောင်းနေခဲ့သည်။ ဤနောက်ပြန်ဆုတ်မှုတွင် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်၏ ထိုကဲ့သို့သော အမူအရာမျိုးကို သူ ပထမဆုံးအကြိမ် မြင်တွေ့ရခြင်း ဖြစ်သည်။
ခေတ္တခဏအကြာတွင် ယူဂျွန်ဟော့သည် ထိုအမူအရာ၏ အဓိပ္ပာယ်ကို နားလည်သွားခဲ့သည်။
"နင်က နောက်တစ်ကြိမ်တော့ ငါ့ရဲ့ တပည့် မလုပ်တော့ဘူးလို့ ပြောခဲ့တယ်နော်…"
ယူဂျွန်ဟော့နှင့် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်တို့သည် အတော်ကြာအောင် စကားပြောဖြစ်ခဲ့ကြသည်။
"နင် တော်တော်လေး ကြိုးစားခဲ့တာပဲ"
"…ဒီလို အပေါ်ယံ နှစ်သိမ့်စကားတွေကို ရပ်လိုက်ပါ။ ဒါက ခင်ဗျားနဲ့ မလိုက်ဖက်ဘူး"
"ကောင်းပြီလေ။ နင်က ငါ့ရဲ့ တပည့် အစစ်ဆိုတာ သေချာသွားပြီ"
ဒုတိယမြောက် နောက်ပြန်ဆုတ်မှုမှ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်မှာ သေဆုံးသွားခဲ့ပြီဖြစ်ရာ မည်သည့်အခါမျှ ပြန်လာတော့မည် မဟုတ်ပေ။ ယခုလက်ရှိ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်မှာလည်း ဒုတိယမြောက် နောက်ပြန်ဆုတ်မှုမှ ပုဂ္ဂိုလ်နှင့် တူလှသည် မဟုတ်ပါ။ သို့သော်လည်း သူတို့နှစ်ဦးမှာ ဤအချက်ကို သတိမပြုမိသကဲ့သို့ပင် စကားများ ပြောနေခဲ့ကြသည်။
"…ကျနော် လက်စားချေခဲ့တယ်။ ‘ကောင်းကင်မိစ္ဆာ’ နဲ့ ‘သွေးမိစ္ဆာ’ ကို ၃၅ ခုမြောက် ဇာတ်ဝင်ခန်းမှာ ကျနော် အနိုင်ယူခဲ့တယ်"
"အေး... ငါ မြင်ပါတယ်။ ဒါပေမဲ့ နင်က ခဲရာခဲဆစ် အနိုင်ရခဲ့တာမလို့ ငါတော့ သိပ်ပြီး အားမရဘူး"
"ခင်ဗျား မသေခဲ့သင့်ဘူး"
သူတို့နှစ်ဦးစကားဝိုင်းက ဆရာနှင့် တပည့်ကြားမှ သာမန်စကားဝိုင်းမျိုး မဟုတ်သော်လည်း ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်၏ မျက်နှာတွင်တော့ နုညံ့သော အပြုံးတစ်ခု ရှိနေခဲ့သည်။
"နင် အများကြီး ပြောင်းလဲသွားပြီပဲ။ ဂျွန်ဟော့"
"ဘာမှ ပြောင်းလဲမသွားပါဘူး"
ထိုအဖြေကြောင့် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်သည် လက်ညှိုးကို တောက်လိုက်သည်။ ထိုအခါ တဲအိမ်ပတ်လည်ရှိ အကာအရံ၏ အစိတ်အပိုင်းတစ်ခုမှာ ပုံပျက်သွားပြီး ကြီးမားသော တယ်လီစကုပ် မှန်ဘီလူးတစ်ခုနှင့် ဆင်တူသည့် အကွက်တစ်ခု ပေါ်လာခဲ့သည်။ ထိုအကွက်ငယ်ပေါ်တွင် ပြင်ပမြင်ကွင်းများမှာ အထင်အရှား ပေါ်လွင်နေခဲ့သည်။
"နင့် ငါ့ဆီကို လာတွေ့တာက အဲဒီကလေးကြောင့်လား"
ဖက်ထုပ်များ စားရင်း ခွေးနှင့် စကားပြောနေသည့် ကင်ဒေါ့ဂျာကို ညွှန်ပြလိုက်ခြင်း ဖြစ်သည်။
"သူက နင့်ရဲ့ သူငယ်ချင်းအသစ်လား"
"သူငယ်ချင်းဆိုတာမျိုး မရှိပါဘူး။ ဒီလူကတော့ ဒီအတိုင်းပဲ…"
"သူက ‘နက်ဗျူလာ’ တွေကို တိုက်ခိုက်ဖို့အထိ တွေးထားတာဆိုတော့ တော်တော်လေးတော့ သတ္တိရှိတဲ့ ပုံပဲ"
"…"
"သူ လုပ်နိုင်မယ်လို့ နင် ထင်လား"
ခေါင်းမာလှသည့် သူ့တပည့်၏ ပထမဆုံးသော မိတ်ဆွေတစ်ဦးအနေဖြင့် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်သည် ကင်ဒေါ့ဂျာ၏ မျက်နှာကို အသေအချာ စိုက်ကြည့်လိုက်သည်။ ထိုစဉ် အကာအရံမှာ တုန်ခါသွားခဲ့ပြီး ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
[ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်။ နင့်ရဲ့ သိုင်းနည်းစနစ်တွေကို လက်လွှတ်လိုက်တော့ ]
အံ့အားသင့်သွားသော ယူဂျွန်ဟော့သည် နေရာမှ ထရပ်လိုက်သည်။
"…ဒိုကဲဘီတွေပဲ"
ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်က ငြီးငွေ့နေသည့် ပုံစံဖြင့် ပြောလိုက်သည်။
"သိုင်းပညာ ဝယ်မယ့်သူတွေ ပြန်ရောက်လာပြန်ပြီ"
"…ကျနော်တို့ စီစဉ်ထားတာထက် ပိုမြန်နေတယ်။ သူတို့ လာဝယ်နေကြတာ ဘယ်လောက် ကြာပြီလဲ"
"အတော်ကြာလှပြီ။ ဒီပတ်ဝန်းကျင်မှာ ငါတစ်ယောက်ထဲပဲ ကျန်တော့တာလေ"
သိုင်းလောကတွင် သိုင်းပညာရပ်များမှာ အလွန်ပင် တန်ဖိုးကြီးလှသည်။ အဘယ်ကြောင့်ဆိုသော် သိုင်းပညာရပ် အားလုံးမှာ သမိုင်းကြောင်းများဖြင့် တည်ဆောက်ထားသည့် ဇာတ်လမ်းတစ်မျိုး ဖြစ်နေသောကြောင့်ပင်။ မူလအစ နက်ရှိုင်းလေလေ၊ တန်ဖိုးမှာ ပို၍ ကြီးမားလေလေ ဖြစ်၏။ ဒိုကဲဘီများသည် ဤအချက်ကို ကောင်းစွာ သိရှိကြပြီး ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်၏ သိုင်းပညာများကို လိုချင်တပ်မက်နေကြခြင်း ဖြစ်သည်။
ယူဂျွန်ဟော့သည် ‘တိမ်တိုက်စုစည်းခြင်း ကောင်းကင်ဓား’ ကို ထုတ်ယူလိုက်ပြီးမှ ပြောလိုက်သည်။
"ကင်ဒေါ့ဂျာနဲ့ ကျနော် သူတို့ကို ရင်ဆိုင်လိုက်ပါ့မယ်"
"ပြိုင်ဘက်တွေက ဒိုကဲဘီတွေပဲ။ နင်တို့ ဘာမှ လုပ်နိုင်မှာမဟုတ်ဘူး"
"ကင်ဒေါ့ဂျာကတော့ လုပ်နိုင်လောက်ပါတယ်"
ဆရာဖြစ်သူ၏ မေးခွန်းကို ပြန်ဖြေမည့်အစား ယူဂျွန်ဟော့သည် အကွက်ပေါ်ရှိ ဒိုကဲဘီများကိုသာ စောင့်ကြည့်နေခဲ့သည်။ ဒိုကဲဘီများထဲမှ တစ်ဦးမှာ အလွန် ရင်းနှီးနေခဲ့သည်။
‘ဒါက... ဆိုလ်းဒေသရဲ့အမိုးခုံးတုန်းက ကောင်ပဲ’
ကင်ဒေါ့ဂျာကတော့ ထိုကောင်ကို လွယ်လွယ်နှင့် လွှတ်ပေးလိမ့်မည် မဟုတ်ပေ။ ထိုစဉ် ကင်ဒေါ့ဂျာ၏ အသံမှာ ဖန်သားပြင်ပေါ်မှ ထွက်ပေါ်လာခဲ့သည်။
-မင်း အသက်ရှင်နေသေးတယ်ဆိုတာ ငါ မသိခဲ့ဘူး။ မင်းက အပြစ်ပေးခံခဲ့ရတာ မဟုတ်ဘူးလား
မျှော်လင့်ထားသည့်အတိုင်းပင် ကင်ဒေါ့ဂျာ၏ ထူးခြားချက်ဖြစ်သည့် ‘လူတွေကို နောက်ပြောင်ခြင်း’ စတင်နေပြီ ဖြစ်သည်။ ကင်ဒေါ့ဂျာသည် သူ၏ မေးစေ့ကို ကုတ်လိုက်ပြီး စိတ်ဝင်စားစရာ ကောင်းနေသည့် ပုံစံဖြင့် ဒိုကဲဘီများကို ပြောလိုက်သည်။
-အင်း... ဟုတ်သားပဲ။ မင်းက ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်ရဲ့ သိုင်းပညာတွေကို ဝယ်ဖို့ ရောက်လာတာလား
ယူဂျွန်ဟော့က သူ၏ဆရာကို ကြည့်ကာ ပခုံးတွန့်ပြလိုက်သည်။ ယူဂျွန်ဟော့ကိုယ်တိုင် ထွက်မသွားလျှင်ပင် ကင်ဒေါ့ဂျာက အရာအားလုံးကို ရှင်းလင်းသွားမည် ဖြစ်သည်။ ကင်ဒေါ့ဂျာ ဘာလုပ်ဖို့ ကြံစည်နေသည်ဆိုသည်ကို သူ မသိသော်လည်း ကင်ဒေါ့ဂျာသည် ဒိုကဲဘီများကို အထိနာစေရန် ထူးထူးဆန်းဆန်း လှည့်ကွက်တစ်ခုကို အသုံးပြုတော့မည် ဖြစ်သည်။
နောက်တစ်ခဏအကြာမှာပင် ကင်ဒေါ့ဂျာသည် မျှော်လင့်မထားသော အပြုံးတစ်ခုနှင့်အတူ ထူးဆန်းသော စကားတစ်ခွန်းကို ပြောလိုက်သည်။
-ကောင်းပြီလေ၊ ငါ ရောင်းပေးမယ်။ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်ရဲ့ သိုင်းပညာတွေကို ဝယ်ချင်တာမလား
အခန်း ၂၃၄
- အပိုင်း ၄၄ - လူလိမ် (၂)
[မင်းက... မဟုတ်မှလွဲရော အဲဒီတုန်းက…]
တုန်လှုပ်နေသော ဒိုကဲဘီ၏ မျက်နှာအမူအရာကို မြင်လိုက်ရသည့်အခါ ကျနော့်ထံတွင် ဆိုးရွားသော အတိတ်က အမှတ်ရစရာအချို့ ပြန်လည်နိုးထလာခဲ့သည်။ ကျနော့်ဘေးတွင် ပျံဝဲနေသော ဘီယူသည်လည်း မျက်မှောင်ကြုတ်နေခဲ့သည်။ ဘီယူအနေဖြင့် ဒေါသထွက်နေမည်မှာ သဘာဝကျပါသည်။ ဤဒိုကဲဘီမှာ ၄၁ ကြိမ်မြောက် ရှင်ယူဆောင်း ‘ကပ်ဘေး’ ဖြစ်ရပ်ဆိုး၏ နောက်ကွယ်က တရားခံပင် ဖြစ်သည်။ သူ့နာမည်က... ပေါလ် ဟု ခေါ်သည်ပင်။
သူသည် ငရဲသို့ ရောက်သွားပြီး ပြင်းထန်သော အပြစ်ပေးမှုကို ခံယူရလိမ့်မည်ဟု ကျနော် ထင်မှတ်ထားခဲ့သော်လည်း ကြယ်တာရာ စီမံခန့်ခွဲရေးဌာန၏ အပြစ်ပေးမှုမှာ ဂွမ်းကို ရိုက်သကဲ့သို့သာ အပေါ်ယံ ဖြစ်နေခဲ့သည်။ သိုင်းလောက ပြန်လည်ဖွံ့ဖြိုးရေးအဖွဲ့တွင် ပါဝင်လာရခြင်းက အပြစ်ပေးမှုဟု မည်သို့ခေါ်နိုင်ပါမည်နည်း။
"ငါ့ကို မတွေ့ရတဲ့ အတောအတွင်းမှာ မျက်နှာလေးက တော်တော်ချောင်သွားပါလား"
[အဲ...ချီး...]
"အဲဒီတုန်းကတော့ မင်းက အလယ်အလတ်အဆင့် ဒိုကဲဘီ တစ်ယောက်ပါပဲ။ အခုကျတော့... အဆင့်နိမ့် ဒိုကဲဘီ ဖြစ်သွားပြီလား"
[မင်း….မင်း...]
သူ၏ ဂနာမငြိမ်ဖြစ်နေမှုကို မြင်လိုက်ရသည့်အခါ ‘သီးသန့်တွေ့ဆုံခွင့်’ကို တောင်းဆိုပြီး သူ့ကို နောက်တစ်ကြိမ် ထပ်မံရိုက်နှက်ချင်စိတ် ပေါက်လာခဲ့သည်။ ဤကောင် အရိုက်ခံရသည့် ဇာတ်လမ်းကို အကျိတ်နှင့်လူက သေချာကြည့်နေလောက်မည်လား။
[တော်တော့။ ပေါလ်…နောက်ဆုတ်နေစမ်း]
စကားမပြောနိုင်ဖြစ်နေသော ပေါလ်၏ ကိုယ်စား အခြားဒိုကဲဘီတစ်ဦးက ရှေ့သို့ တိုးထွက်လာခဲ့သည်။
[မင်းက ကင်ဒေါ့ဂျာလား]
ကျနော် အသေအချာ စိုက်ကြည့်လိုက်သည့်အခါ ဤဒိုကဲဘီမှာလည်း ရင်းနှီးနေခဲ့သည်။ ဤအသံကို တစ်နေရာရာတွင် ကျနော် ကြားဖူးနေသည်။ အဲ... ခဏလေး... ဒီကောင်က….
"အာ... မင်းပါလား။ ဘီဟွန်းရဲ့ လက်အောက်မှာ အလုပ်လုပ်တဲ့ကောင်လေး... နေဦး….နာမည်က..."
[ငါ့နာမည်က ယောင်ကီ။ ဟုတ်တယ်။ မင်းက ကင်ဒေါ့ဂျာပဲ]
ဒိုကဲဘီသည် ကျနော့်ကို ဝမ်းသာအားရ နှုတ်ဆက်ရှာသည်။ ကျနော့်မှတ်ဉာဏ်ထဲတွင် ဝေဝါးစွာ ကျန်ရှိနေခဲ့သည်။ သူသည် ဘီဟွန်း၏ လက်အောက်ခံ ရုပ်သံလိုင်းငယ်များကို တာဝန်ယူထားရသော ဒိုကဲဘီ ဖြစ်သည်။
[မင်း အသက်ရှင်နေသေးတယ်ဆိုတဲ့ ကောလဟာလတွေကို ငါ ကြားခဲ့ပါတယ်။ ဒီလိုနေရာမျိုးမှာ တွေ့ရလိမ့်မယ်လို့တော့ မထင်ထားမိဘူး...]
"ဘီဟွန်းရော နေကောင်းရဲ့လား"
[မင်း ပျောက်သွားပြီးကတည်းက သူကတော့ သိသိသာသာကို စိတ်ဓာတ်ကျနေတာ]
ဘီဟွန်း စိတ်ဓာတ်ကျနေသည်ဆိုသောကြောင့် ကျနော် အနည်းငယ်တော့ စိတ်မကောင်းဖြစ်မိသည်။ ဘီဟွန်းဆိုသည့်ကောင်က ကျနော့်ကို တကယ်ခင်တွယ်ပုံရသည်။
"မင်းက အခုတော့ အလုပ်တွေ သေချာလုပ်တတ်နေပြီပေါ့လေ။ အရင်တုန်းကဆိုရင် ဇာတ်ဝင်ခန်းကို ဘယ်လို အဆင့်မြှင့်တင်မလဲဆိုတာတောင် သိတာမဟုတ်ဘူး မလား"
[အဟားဟား။ အဲဒါက ရှက်စရာကောင်းတဲ့ အတိတ်ပါပဲ။ အခုတော့ ငါလည်း အလယ်အလတ်အဆင့် ဒိုကဲဘီ ဖြစ်နေပါပြီ]
သူသည် အလယ်အလတ်အဆင့် ဒိုကဲဘီ ဖြစ်နေခဲ့ပြီ။ ယောင်ကီသည် ကိုရီးယားကျွန်းဆွယ် ဇာတ်ဝင်ခန်း၏ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့သောကြောင့် ဘီဟွန်းသည်လည်း အရှိန်အဟုန်ဖြင့် ရာထူးတိုးမြှင့်ခံရမည်မှာ သေချာပါသည်။ အချိန်တွေ အများကြီး ကုန်ဆုံးသွားပြီဟု ခံစားရသော်လည်း အမှန်တကယ်တွင် တစ်နှစ်ပင် မပြည့်သေးပေ။
[ဒါနဲ့ ဒေါ့ဂျာ…. သိုင်းပညာတွေကို ရောင်းမယ်ဆိုတာက ဘာကို ဆိုလိုတာလဲ]
ယောင်ကီသည် တည်ငြိမ်သော မျက်လုံးများဖြင့် ကျနော့်ကို စောင့်ကြည့်နေခဲ့သည်။ မည်သို့ပင်ဖြစ်စေ ဒိုကဲဘီဆိုသည်မှာ ဒိုကဲဘီပင် ဖြစ်သည်။ ကျနော် ပေါ့ပေါ့တန်တန် သဘောထား၍ မရပေ။
"ငါ ပြောခဲ့တဲ့အတိုင်းပဲ။ မင်းတို့ကို သိုင်းပညာတွေ ရောင်းပေးဖို့ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်ကို ငါ နားချပေးမယ်"
[ဒေါ့ဂျာက ဘယ်လိုမျိုးနားချမှာလဲ...]
"ငါ့မှာ နည်းလမ်းရှိပါတယ်။ မင်းတို့ ဘယ်လို သိုင်းပညာတွေ လိုအပ်နေတာလဲ။ ဖီးနစ်နီအလျှင်လား။ ဒါမှမဟုတ် နတ်လက်သီးအကွက်ရာချီလား"
[နတ်လက်သီးအကွက်ရာချီကတော့ ငါတို့ဆီမှာ ရှိပြီးသားပါ။ ငါတို့ တကယ်လိုအပ်နေတာက...]
"ကောင်းကင်ဖြိုခွင်းဓါးသိုင်း လား"
ယောင်ကီသည် ကျနော့်စကားကို ခေါင်းညိတ်ထောက်ခံခဲ့သည်။ ကျနော် ထင်ထားသည့်အတိုင်းပင်။ ‘ကောင်းကင်ဖြိုခွင်းဓါးသိုင်း’။ ကောင်းကင်ဖြိုခွင်းဓါးသိုင်းမှာ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်၏ ကောင်းကင်စွမ်းအားချိုးဖြတ်ခြင်း ပညာရပ်ကို ပေးထားသည့် အမည်ဖြစ်သည်။ ပထမဆုံး သိုင်းလောကတွင် မည်သူမဆို လိုချင်တပ်မက်ကြသည့် အဆင့်မြင့်ဆုံး သိုင်းပညာရပ်များထဲမှ တစ်ခုမှာ ယူဂျွန်ဟော့၏ ကောင်းကင်ဖြိုခွင်းဓါးသိုင်း ပင် ဖြစ်သည်။
ကျနော့်ဘေးတွင် ကောင်းကင်ဖြိုခွင်းသခင်က ဟောင်နေသည်ကို ခံစားလိုက်ရပြီး ကျနော် အမြန်ပင် သဘောတူလိုက်သည်။ "ကောင်းပြီလေ။ ငါ ရောင်းပေးမယ်။ မဟုတ်ဘူး... မရောင်းဘူး။ အလကား ပေးမယ်"
ကောင်းကင်ဖြိုခွင်းသခင်သည် အဓိပ္ပာယ်မရှိသည့် ပုံစံဖြင့် ကျနော့်ကို မော့ကြည့်လိုက်သည်။ ယောင်ကီမှာလည်း အံ့အားသင့်သွားခဲ့သည်။
[တ-တကယ်လား]
"အပြန်အလှန်အနေနဲ့ ငါ့အတွက် အကူအညီ နှစ်ခုတော့ ပြန်လုပ်ပေးရမယ်။ ပထမတစ်ခုကတော့ မင်းတို့ မကြာခင် ဖွင့်တော့မယ့် ဇာတ်ဝင်ခန်းမှာ ကောင်းကင်ဖြိုခွင်းဓါးသိုင်း ကို ဆုလာဘ်အဖြစ် ထည့်သွင်းပေးဖို့ပဲ"
[ဟင်]
ယောင်ကီ၏ ကြောင်တောင်တောင် မျက်နှာထားကို ကြည့်ပြီး ကျနော် ပြုံးလိုက်မိသည်။ ကျနော်က ကောင်းကင်ဖြိုခွင်းဓါးသိုင်း ကို ဒီအတိုင်း အလကား ပေးလိမ့်မည်ဟု သူ တကယ်ထင်နေတာလား။
"မင်းတို့တွေ ‘သိုင်းပညာပြိုင်ပွဲ’ ဇာတ်ဝင်ခန်းကို မကြာခင် ဖွင့်တော့မှာ မဟုတ်လား။ အဲဒီထဲမှာ မဟူရာကောင်းကင်မိစ္ဆာဓါး လည်း ပါဝင်နေတယ်လေ"
[မ-မင်းက ဘယ်လိုလုပ် သိနေတာလဲ...]
"ဘာလို့ အဲလောက်တောင် လန့်သွားတာလဲ။ မင်းတို့ အမြဲတမ်း ဒီလိုပဲ လုပ်နေကျ မဟုတ်လား။ ဒါက သိုင်းလောကအတွက် ပုံမှန် ဇာတ်ဝင်ခန်းတစ်ခုပဲ။ သိုင်းလောကရဲ့ တန်ဖိုးကြီး ဓားတစ်လက် ထွက်ပေါ်လာမယ်။ ပြီးရင် လူအုပ်ကြီးက အဲဒါကို ရဖို့အတွက် တိုက်ခိုက်ကြမယ်"
[အဲဒါကတော့ မှန်ပေမဲ့... မင်းက မဟူရာကောင်းကင်မိစ္ဆာဓါး အကြောင်းကို ဘယ်လိုလုပ် သိနေရတာလဲ]
ငါ ဘယ်လိုသိတာလဲ ဟုတ်လား။
သိုင်းပညာပြိုင်ပွဲဆိုသည်မှာ ယူဂျွန်ဟော့ ပထမဆုံး သိုင်းလောကသို့ ရောက်လာသည့်အခါတိုင်း အကြိမ်ကြိမ် ပါဝင်ဆင်နွှဲခဲ့သည့် ဇာတ်ဝင်ခန်း အစီအစဉ် တစ်ခု ဖြစ်သည်။ ထိုပြိုင်ပွဲအပိုင်းကို ကျော်လိုက်ပါတော့ဟု စာရေးသူကို မှတ်ချက်တွေ ကျနော် အခါခါပေးခဲ့ဖူးသေးသည်။
"ငါ ဘယ်လိုသိလဲဆိုတာက အရေးမကြီးဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းကင်ဖြိုခွင်းဓါးသိုင်းကို ဆုလာဘ်အဖြစ် ထည့်လိုက်ပါ။ ပထမဆုအနေနဲ့ ပေးလိုက်ပေါ့"
ယောင်ကီ၏ မျက်လုံးများမှာ လျင်မြန်စွာ လည်ပတ်နေခဲ့သည်။ ဤသည်မှာ သူ့အတွက်တော့ အလွန်ကောင်းမွန်သော တိုက်တွန်းချက် တစ်ခု ဖြစ်ပေလိမ့်မည်။ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်ထံမှ ဝယ်ယူထားသည့် သိုင်းနည်းစနစ်များဖြင့် ဒိုကဲဘီများ လုပ်ဆောင်နိုင်သည့် အရာမှာ အကန့်အသတ် ရှိသည်။ ထိုသိုင်းပညာကို ကြီးမားသော ဇာတ်ဝင်ခန်းတစ်ခုတွင် ထည့်သွင်းခြင်းဖြင့် ကြည့်ရှုသူအသစ်များကို ဆွဲဆောင်နိုင်သလို၊ ‘ဒိုကဲဘီ အိတ်’ မှတစ်ဆင့်လည်း ဈေးကြီးပေးကာ ရောင်းချနိုင်လေသည်။ ယောင်ကီသည် ယခုအခါ မည်သည့်အရာက ပို၍ အကျိုးအမြတ် ရှိမည်ကို တွက်ချက်နေခြင်း ဖြစ်သည်။
[ကောင်းပြီလေ။ ဒီလိုလုပ်လို့ ငါ့အတွက် ဆုံးရှုံးစရာ ဘာမှမရှိပါဘူး။ သိုင်းနည်းစနစ် ဝယ်ယူမယ့် ကုန်ကျစရိတ်ကို သက်သာစေတာပဲ။ ဒါပေမဲ့...]
"ဘာဒါပေမဲ့လဲ"
[မင်းက အကူအညီ နှစ်ခုလို့ ပြောခဲ့တယ်နော်။ ဒုတိယတစ်ခုက ဘာလဲ]
သူ့၏ သတိထားမှုကို ကြည့်ပြီး ကျနော် ခပ်တိုးတိုး ရယ်မောလိုက်မိသည်။
အလယ်အလတ်အဆင့်သို့ ရောက်ကတည်းက သူ တော်တော်လေး လည်လာခဲ့ပြီပဲ။
"ဒုတိယ အခြေအနေကတော့ ရိုးရှင်းပါတယ်။ ဒီမှာရှိနေတဲ့ လူတိုင်းကို သိုင်းပညာပြိုင်ပွဲ ဇာတ်ဝင်ခန်းမှာ ပါဝင်ခွင့် ပေးစေချင်တာပဲ"
[ဒီမှာရှိတဲ့ လူတိုင်းကိုပါခွင့်ပေးရမယ်ဟုတ်လား]
ယောင်ကီ၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားခဲ့သည်။ နောက်ဆုံးတော့ သူသည် ကျနော့်၏ လှည့်ကွက်ကို ရိပ်မိသွားခဲ့လေပြီ။
[ဒါက စိတ်ဝင်စားစရာကောင်းတဲ့ တောင်းဆိုချက်တစ်ခုပဲ... ဒါပေမဲ့ ခက်ခဲလိမ့်မယ်]
"ဘာဖြစ်လို့လဲ"
[တခြားကိုယ်စားလှယ်တွေကိုတော့ ငါမသိပေမဲ့ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်ကတော့ ပါဝင်လို့ မရဘူး]
သူ ဤသို့ပြောလာမည်ကို ကျနော် ကြိုတင်ခန့်မှန်းထားပြီးသား ဖြစ်သည်။ အကယ်၍ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်သာ သိုင်းပညာပြိုင်ပွဲတွင် ပါဝင်ခဲ့လျှင် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင် အနိုင်ရရှိသွားရန် အခွင့်အလမ်း အလွန်များပြားလှသည်။ ထိုသို့ဆိုလျှင် ပြိုင်ပွဲဝင်အရေအတွက်မှာ သဘာဝအလျောက် လျော့နည်းသွားမည်ဖြစ်ရာ ဒိုကဲဘီများအတွက် ဆုံးရှုံးမှုများ ရှိလာပေလိမ့်မည်။ ကျနော်သည် အလျှော့ပေးလိုက်သည့် ပုံစံဖြင့် ပြောလိုက်သည်။
"ဒါဆိုရင် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်ကလွဲလို့ ကျန်တဲ့သူအားလုံးကိုပေးပါမယ်မလား"
[ဒါဆိုရင်တော့ အဆင်ပြေပါတယ်။ သိုင်းပညာပြိုင်ပွဲက နောက်နှစ်ပတ်နေရင် စတော့မှာ။ အဲဒီအချိန်မတိုင်ခင်အထိ ကောင်းကင်ဖြိုခွင်းဓါးသိုင်းကို ပြင်ဆင်ထားပေးပါ]
စောင့်ဆိုင်းနေသော ယောင်ကီကို ကျနော် ပြန်လည်အဖြေပေးလိုက်သည်။
"ကောင်းပြီလေ။ ငါတို့ကို ဇာတ်ဝင်ခန်းထဲကို သေချာဖိတ်ကြားဖို့လည်း မမေ့နဲ့ဦးနော်"
[ဒါပေါ့။ ဒါဆိုရင် မကြာခင်မှာ ပြန်တွေ့ကြတာပေါ့]
"ဘီဟွန်းကိုလည်း ငါ့ကိုယ်စား နှုတ်ဆက်ပေးပါဦး"
[ဟားဟား….ကောင်းပါပြီ]
ကိစ္စရပ်များ အဆင်ပြေသွားသောကြောင့် ယောင်ကီသည် ပျော်ရွှင်စွာ ရယ်မောရင်း ပျောက်ကွယ်သွားခဲ့သည်။ သူ့နောက်မှ လိုက်ပါလာသည့် ဒိုကဲဘီများသည်လည်း စတင်ထွက်ခွာသွားကြ၏။ ပေါလ်ကတော့ ကျနော့်ကို တစ်ချိန်လုံး စိုက်ကြည့်နေခဲ့သဖြင့် ကျနော်ကလည်း တတ်နိုင်သမျှ ပြန်စိုက်ကြည့်ပေးလိုက်သည်။
ခေတ္တခဏအကြာတွင် ဒိုကဲဘီများ ပျောက်ကွယ်သွားပြီးနောက် ကျနော့်ဘေးတွင် ရှိနေသည့် ဂျန်ဟာယောင်းက ကျနော့်အင်္ကျီကော်လံကို ဆွဲကိုင်လိုက်သည်။
"ဟေ့လူ... ခင်ဗျား အခုလေးတင် ဘာတွေလုပ်လိုက်တာလဲ။ သိုင်းပညာတွေကို ရောင်းမယ် ဟုတ်လား။ သိုင်းပညာပြိုင်ပွဲကို ဝင်မယ် ဟုတ်လား။ ဒါတွေက ဘာလဲ..."
ဝုတ်…. ဝုတ်။ ဝုတ်… ဝုတ်… ဝုတ်
「 ငါတို့ရဲ့ သိုင်းပညာတွေကို မရောင်းနိုင်ဘူး။ မင်း ဘာတွေ တွေးနေတာလဲ 」
ကြောင်အမ်းအမ်း ဖြစ်နေသော ကောင်းကင်ဖြိုခွင်း သခင်က ယခုမှ တုံ့ပြန်လာခဲ့သည်။ မျှော်လင့်ထားသည့် တုံ့ပြန်မှုမျိုးပင် ဖြစ်သည်။ အမှန်တကယ်တွင် ကျနော် ခန့်မှန်းထားပြီးသား ဖြစ်၏။
"ကင်ဒေါ့ဂျာ"
…မျှော်လင့်ထားသည့်အတိုင်းပင်။ ယူဂျွန်ဟော့သည် ဖုန်တောထဲမှ ပြေးထွက်လာပြီး ကျနော့်လည်ပင်းကို လာရောက်ဆွဲကိုင်လိုက်သည်။ သူသည် သစ္စာဖောက်ခံလိုက်ရသည့် လူတစ်ဦးကဲ့သို့ ကျနော့်ကို လှုပ်ခါနေခဲ့သည်။ ကျနော်သည် အင်အားမရှိသော စက္ကူအရုပ်ကလေးတစ်ရုပ်ကဲ့သို့ လှုပ်ခါနေရင်းမှ ပြောလိုက်သည်။
"ငါ့ကို စကားပြောခွင့်ပေးပါဦး"
"ပါးစပ်ပိတ်ထားစမ်း။ မင်း ဘာတွေ တွေးနေတာလဲ။ သိုင်းပညာတွေကို ရောင်းမယ်ဆိုတာက..."
"စိတ်အေးအေးထားပါဦးကွ။ ငါက မင်းအတွက်ကြောင့် လုပ်လိုက်တာပါ"
"…ဘာ"
"ငါတို့ အခုလေးတင် ဘာရခဲ့လဲဆိုတာ မင်း မသိဘူးလား"
ကျနော့်စကားကြောင့် ယူဂျွန်ဟော့၏ လက်များမှာ ရပ်တန့်သွားခဲ့သည်။ ထိုစဉ် ကျနော့်နားထဲသို့ မက်ဆေ့ချ်တစ်ခု ရောက်ရှိလာခဲ့သည်။
[ဇာတ်ဝင်ခန်းအသေးအသစ်တစ်ခု ရောက်ရှိလာပါပြီ။]
[ဇာတ်ဝင်ခန်းအသေး ‘သိုင်းပညာပြိုင်ပွဲ’ စတင်ပါပြီ။]
ယူဂျွန်ဟော့သည် ရောက်ရှိလာသည့် ဇာတ်ဝင်ခန်း၏ အသေးစိတ်အချက်အလက်များကို ဖတ်ကြည့်လိုက်ပြီး ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။
"…မဟူရာကောင်းကင်မိစ္ဆာဓါး လား"
"ဟုတ်တယ်။ မင်း အဲဒါကို လိုချင်တယ်လို့ ပြောခဲ့တယ် မဟုတ်လား"
"…"
"သေချာကြည့်ရင် ပြိုင်ပွဲမှာ မိစ္ဆာဝိညာဉ်ပုတီး လည်း ပါသေးတယ်။ အဲဒါက တတိယဆုအတွက်လို့ ထင်တာပဲ... ငါလည်း သိပ်မမှတ်မိတော့ဘူး…"
ယူဂျွန်ဟော့သည် ကျနော့်ကို ကြည့်ရင်း မျက်လုံးများမှာ အတော်လေး တုန်လှုပ်သွားခဲ့သည်။ ထို့နောက် သူသည် ကျနော့်ကို ရုတ်တရက် လွှတ်ပေးလိုက်သည်။
ဒီမအေဘေးကတော့ကွာ... အဲလောက်ထိ စိတ်လှုပ်ရှားနေဖို့ မလိုပါဘူး။
မည်သို့ပင်ဖြစ်စေ သူကတော့ နားဝင်သွားပုံရသည်။ ပြဿနာမှာ အခြားတစ်ဖက်တွင် ဖြစ်သည်။ ကျနော် လှည့်ကြည့်လိုက်သည့်အခါ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်မှာ တင်းမာသော အမူအရာဖြင့် ရပ်နေသည်ကို မြင်လိုက်ရ၏။
「 ဧရာမ နတ်ဘုရားတစ်ပါး၏ စွမ်းအားနှင့်အတူ မွေးဖွားလာခဲ့သော တည်ရှိမှု။ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်၏ တည်ရှိမှုမှာ နတ်ဘုရားတစ်ပါးနှင့် မခြားပေ။ 」
Ways of Survival ထဲမှ ဖော်ပြချက်မှာ မှားယွင်းခြင်း မရှိပေ။ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်သည် ထိုနေရာတွင် ရပ်နေရုံမျှဖြင့်ပင် အလွန်ပင် ခြိမ်းခြောက်မှုရှိလှသည်။ ကျနော် ပြုံးလိုက်ပြီး လက်လှမ်းပြလိုက်သည်။
"ဆရာနဲ့ တပည့်ကြားက စကားဝိုင်းကတော့ အဆင်ပြေပြေ ပြီးဆုံးသွားပြီလား"
"…နင်က စိတ်မနှံ့တဲ့လူပဲ"
"ဘာမှ မပြောခင် ကျနော့်စကားကို အရင် နားထောင်ပေးပါဦး"
"နင့်လို လူစားမျိုးနဲ့ စကားပြောဖို့ ငါ့မှာ အချိန်မရှိဘူး"
ကျနော်တို့ပတ်လည်ရှိ ထူထပ်သော မြူနှင်းများမှာ ပို၍ စိပ်လာခဲ့သည်။ ကျနော် အမြန်ပင် စကားတစ်ခွန်း ထပ်ဖြည့်လိုက်သည်။
"ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်၊ ဒီလမ်းဟောင်းကြီးကိုပဲ ထာဝရ ဆုပ်ကိုင်ထားလို့ မရတော့ဘူးလေ"
ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်၏ ထူထဲသော မျက်ခုံးများမှာ ပြင်းထန်စွာ တွန့်ကွေးသွားခဲ့သည်။
"လူသားမဆန်တဲ့ ဒီစည်းကမ်းချက်တွေကို ဆုပ်ကိုင်ထားဖို့က အဲလောက်တောင် အရေးကြီးလို့လား။ အဲလိုဆုပ်ကိုင်ထားလို့ ခင်ဗျားပိုင်ဆိုင်သမျှ အရာအားလုံးကို ဆုံးရှုံးသွားရမယ်ဆိုရင်ရော ဆက်ပြီးဆုပ်ကိုင်ထားဦးမှာလား"
ယူဂျွန်ဟော့သည် ကျနော့်ကို အရူးတစ်ယောက်ကို ကြည့်နေကဲ့သို့ ကြည့်လိုက်သည်။
"ကင်ဒေါ့ဂျာ… နောက်ထပ် ဘာမှ ထပ်မပြောနဲ့တော့"
သို့သော်လည်း ကျနော်ကတော့ ဆက်ပြောနေခဲ့သည်။
"ပထမဆုံးအနေနဲ့ပြောချင်တာက ခင်ဗျားရဲ့ တကယ့်စွမ်းအားက ‘ကောင်းကင်ဖြိုခွင်းဓါးသိုင်း’ မဟုတ်ဘူးမလား။ အဆင့်ကျော်လွန်ခြင်းကို ရောက်ပြီးကတည်းက အဲ့ဒီဓါးသိုင်းကို ခင်ဗျားစွန့်လွှတ်ခဲ့တာ ကြာပြီပဲလေ။ ဘာလို့ အဲဒီဓါးသိုင်းကို တစ်ခုခုနဲ့ မလဲလှယ်ရမှာလဲ"
ကျနော့်ပတ်လည်ရှိ မြေပြင်မှာ တုန်ခါလာခဲ့သည်။ နောက်ဆုံးတွင် ယူဂျွန်ဟော့သည် ကျနော့်ကို ကာကွယ်ပေးသည့်အနေဖြင့် သူ့နောက်သို့ ပို့လိုက်ပြီး ‘တိမ်တိုက်စုစည်းခြင်း ကောင်းကင်ဓား’ ကို ထုတ်ယူလိုက်သည်။
ပတ်ဝန်းကျင်တစ်ခုလုံး၏ ဆွဲငင်အားမှာ ပိုမိုပြင်းထန်လာသကဲ့သို့ ခံစားလိုက်ရသည်။ ကျနော့်ပုခုံးပေါ်တွင် ဧရာမ တောင်ကြီးတစ်လုံးက ဖိထားသကဲ့သို့ပင်။ ဂျန်ဟာယောင်းနှင့် ဟန်မြုံအိုတို့မှာ အော်ပင် မအော်နိုင်ဘဲ မြေပြင်ပေါ်သို့ ပြိုလဲကျသွားခဲ့သည်။ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုလျှင် ကျနော်တို့လူစုမှာ လုံးဝ သုတ်သင်ခံရပေလိမ့်မည်။
"ဆရာ၊ ခဏစောင့်ပါဦး..."
ယူဂျွန်ဟော့က အော်ဟစ်တားမြစ်ခဲ့သော်လည်း ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်မှာမူ ရပ်တန့်ခြင်း မရှိခဲ့ပေ။
…ဒီဟာမကြီးက ဒီလိုပဲ လုပ်တော့မှာလား။ တကယ်ကို ခေါင်းမာလွန်းတာပဲ။
[‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ နက္ခတ်သည် နက္ခတ်တစ်ပါး၏ အဆင့်အတန်းကို စတင်အသက်ဝင်စေခဲ့ပါသည်။]
ကျနော့်ပတ်လည်တွင် လျှပ်စစ်မီးပွားများ ထွက်ပေါ်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ ဆွဲငင်အားဖိအားများမှာလည်း ခေတ္တခဏ ပြေလျော့သွားခဲ့သည်။ အံ့အားသင့်သွားသော ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်ကို ကြည့်ပြီး ကျနော် ပြုံးပြလိုက်သည်။ ကျနော်သည် လူသားကိုယ်ပွား ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားသော်လည်း ဒဏ္ဍာရီလာအဆင့် နက္ခတ်တစ်ပါး ဖြစ်နေဆဲပင်။
"ကျနော် ဘာမှ မရောင်းရသေးပါဘူး။ ဒါကြောင့် အဲလောက်ကြီးတော့ ပြင်းပြင်းထန်ထန် မလုပ်ပါနဲ့ဦး"
"နင်က နင့်ရဲ့စွမ်းအားကို ဖုံးကွယ်ထားတာပဲ"
"ဘာပဲဖြစ်ဖြစ်... ပြိုင်ပွဲမှာ အနိုင်ရရင် သိုင်းပညာတွေကို ပြန်ရနိုင်တာပဲ မဟုတ်လား။ ခင်ဗျားက ပြိုင်ပွဲမှာ အနိုင်မရနိုင်ဘူးလို့ ထင်နေလို့လား"
ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်သည် ပို၍ တည်ငြိမ်သွားပုံရပြီး ထုတ်လွှတ်နေသည့် ဖိအားများမှာလည်း လျော့ပါးသွားခဲ့သည်။ အကယ်၍ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်ကသာ တကယ့်စွမ်းအားကို အသုံးပြုမည်ဆိုလျှင် ကျနော့်ကို အလွယ်တကူ နှိမ်နင်းနိုင်မည် ဖြစ်သော်လည်း သူသည် ကျနော့်ကို ယူဂျွန်ဟော့၏ အပေါင်းအဖော်တစ်ဦးအဖြစ် လက်ခံလိုက်ပုံရသည်။ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်က ကျနော့်ကို ပြောလိုက်သည်။
"ငါကတော့ အဲဒီပြိုင်ပွဲမှာ ပါလို့ မရဘူး"
"လူကြီးတစ်ယောက်က ကလေးတွေနဲ့ ကစားနေရင် ပျော်စရာ ကောင်းမှာ မဟုတ်ဘူးလေ"
"သိုင်းလောကရဲ့ ကလေးတွေက နင်ထင်တာထက် အများကြီး ပိုသန်မာတယ်"
"ကျနော် သိပါတယ်။ ဒါပေမဲ့ ခင်ဗျားရဲ့ တပည့်ကလည်း အစွမ်းထက်တာပဲ မဟုတ်ဘူးလား"
ကျနော် ဆိုလိုသည်ကို ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်က နားလည်သွားခဲ့သည်။ ကျနော့်ဘေးတွင် ရပ်နေသော ယူဂျွန်ဟော့၏ ပုခုံးကို ကျနော် ပုတ်လိုက်ရင်း ပြောလိုက်သည်။
"ပြိုင်ပွဲမှာ ဂျွန်ဟော့ ရှိနေမှာပဲလေ"
ယူဂျွန်ဟော့သည် လှည့်ကြည့်လိုက်ပြီး မျက်လုံးအဝိုင်းသားနှင့် ကျနော့်ကို စိုက်ကြည့်နေခဲ့သည်။ သူ ဘာကြောင့် အံ့အားသင့်နေရသည်ကို ကျနော် မသိပေ။ သူက ပြိုင်ပွဲဝင်ရမည်မဟုတ်ဟု ထင်နေခဲ့တာလား။ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်၏ မျက်ခုံးများမှာ နောက်တစ်ကြိမ် တွန့်ကွေးသွားပြန်သည်။
"သူက အခုထိ အားနည်းနေသေးတယ်"
"ခင်ဗျားက သူ့ကို ပိုပြီးအစွမ်းထက်လာအောင် လုပ်ပေးနိုင်တာပဲ။ သူက ခင်ဗျားရဲ့ တပည့်ပဲလေ။ ဟုတ်တယ်မလား"
"ငါက သူ့ကို တပည့်အဖြစ် လက်ခံမယ်လို့ ဘယ်တုန်းက ပြောခဲ့လို့လဲ…"
ဤနေရာတွင်တော့ ယူဂျွန်ဟော့က ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်ကို မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်နေခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဆရာရော၊ တပည့်ရော နှစ်ယောက်လုံးက မရိုးသားကြသူတွေပင်။
[သီးသန့်စွမ်းရည် ‘အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်’ အသက်ဝင်ပါပြီ။]
ကဲ... သူတို့နှစ်ယောက်လုံးရဲ့ မရိုးသားမှုတွေက သူတို့ရဲ့ ဝိသေသတစ်ခု ဖြစ်နေတယ်ဆိုတာကို ငါသိလိုက်ရပြီ။
「 သူ့အတွက်တော့ ဒါက အရမ်းစောသေးတယ် 」
「 ဂျွန်ဟော့သာ ပြိုင်ပွဲဝင်မယ်ဆိုရင် သေသွားလိမ့်မယ် 」
「 သူက မဟာသခင်ကြီး ၁၀ ပါးနဲ့ ယှဉ်ပြိုင်နိုင်တဲ့ အဆင့်မှာ မရှိသေးဘူး 」
ကျနော့်၏ နားလည်နိုင်စွမ်း အဆင့်အတန်း နိမ့်ပါး နေသေးသောကြောင့် ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်၏ အတွေးများကို အပြည့်အဝ မကြားရပေ။ သို့သော်လည်း သူ ဘာတွေးနေသည်ဆိုသည်ကို သိရန်တော့ မခဲယဉ်းချေ။ နောက်ဆုံးတွင်တော့ ကျနော်သည် ဤဆရာတပည့် နှစ်ယောက်အတွက် ထိအရာကို လုပ်ဆောင်ပေးရတော့ပေမည်။
"တကယ်လို့ ခင်ဗျားက ယူဂျွန်ဟော့ကို တပည့်အဖြစ် လက်ခံမယ်ဆိုရင် ခင်ဗျားရဲ့ မျိုးနွယ်စုနဲ့ တွေ့ဆုံခွင့်ပေးမယ်"
"…အဲဒါက ဘာကို ဆိုလိုတာလဲ"
"ကျနော် ပြောတဲ့အတိုင်းပါပဲ။ ခင်ဗျားက အခုထိ ခင်ဗျားရဲ့ မျိုးနွယ်စုကို ရှာမတွေ့သေးဘူး မဟုတ်လား"
ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်သည် ထူးဆန်းသော အမူအရာဖြင့် ကျနော့်ကို ကြည့်လိုက်သည်။
"နင်က ဒါကို ဘယ်လိုသိလဲဆိုတာ ငါမသိပေမဲ့ ငါ့ရဲ့ မျိုးနွယ်စုကတော့ သုတ်သင်ခံလိုက်ရပြီ။ အခုဆိုရင် ဧရာမ နတ်ဘုရားတွေ တစ်ယောက်မှ မကျန်တော့ဘူး"
"မဟုတ်ဘူး။ ကျန်နေသေးတဲ့သူ တချို့ ရှိပါသေးတယ်"
"ဘာ…"
ကျနော် မော့ကြည့်လိုက်ပြီးမှ ပြောလိုက်သည်။
"ငရဲပြည်၏ အရှင်သခင်။ ခင်ဗျား အခုထိ ကြည့်နေတုန်းပဲလား"
ဟေးဒီးစ်သည် ယခုအချိန်တွင် ကျနော့်၏ ရုပ်သံလိုင်းထဲတွင် ရှိနေခဲ့သည်။ ပြီးခဲ့သည့်အခေါက်တုန်းက သူ့ကို ကျေးဇူးကြွေး တင်ခဲ့ဖူးသဖြင့် နှုတ်ဆက်ရန် အချိန်တန်ပြီ ဖြစ်သည်။ သို့သော်လည်း ကျနော့်၏ ခေါ်ယူမှုကို တုံ့ပြန်လာသူမှာ ဟေးဒီးစ် မဟုတ်ခဲ့ပေ။
[‘အမှောင်ဆုံးသော နွေဦး၏ ဘုရင်မ’ နက္ခတ်သည် ထူးဆန်းသော အပြုံးတစ်ခုဖြင့် သင့်ကို ကြည့်နေပါသည်။]
"…မတွေ့ရတာ ကြာပြီနော်။ ပါစီဖုန်း"
ချီး... ဒီဘုရင်မက ကိုင်တွယ်ရ တော်တော်ခက်တာပဲ။ ဒီဘုရင်မ ဘယ်တုန်းက ဝင်လာတာလဲ။
ကျနော် စကားပြောရန် ပြင်လိုက်စဉ်မှာပင် နောက်ထပ် မက်ဆေ့ချ်များ ထပ်မံထွက်ပေါ်လာခဲ့သည်။
[‘အမှောင်ဆုံးသော နွေဦး၏ ဘုရင်မ’ နက္ခတ်က သူ့အနေဖြင့် ဇာတ်လမ်းကို ကြားသိပြီးပြီဟု ဆိုပါသည်။]
[‘အမှောင်ဆုံးသော နွေဦး၏ ဘုရင်မ’ နက္ခတ်သည် သင်၏ တောင်းဆိုချက်ကို နားထောင်ပေးပါလိမ့်မည်။]
မျှော်လင့်ထားသည့်အတိုင်းပင် ပါစီဖုန်းသည် ကောင်းမွန်သော ဇာတ်လမ်းများနှင့် ပတ်သက်လာလျှင် အလွန်ပင် လက်သွက်လှသည်။ ပြဿနာမှာ ဤဘုရင်မသည် နောက်ကွယ်က ရည်ရွယ်ချက် တစ်ခုခုမရှိဘဲ မည်သည့်အရာကိုမျှ မလုပ်ဆောင်တတ်ခြင်းပင်။
[‘အမှောင်ဆုံးသော နွေဦး၏ ဘုရင်မ’ နက္ခတ်က တောင်းဆိုချက်တစ်ခု ရှိသည်ဟု ဆိုပါသည်။]
…ထင်တဲ့အတိုင်းပဲ။
"…ကျေးဇူးပြုပြီး ပြောပြပေးပါ"
[‘အမှောင်ဆုံးသော နွေဦး၏ ဘုရင်မ’ နက္ခတ်သည် သင့်ကို နက္ခတ်များ၏ ပွဲတော်သို့ ဖိတ်ကြားနေပါသည်။]
နက္ခတ်များ၏ ပွဲတော် ဟုတ်လား။ ဒါက ထူးဆန်းနေတယ်။ အခုက နက္ခတ်များ၏ စားသောက်ပွဲ ကျင်းပရမည့် အချိန်လား။
ကျနော့် မေးခွန်းအတွက် အဖြေအနေဖြင့် ပါစီဖုန်း၏ မက်ဆေ့ချ်က ဆက်လက်ပေါ်ထွက်လာခဲ့သည်။
[‘အမှောင်ဆုံးသော နွေဦး၏ ဘုရင်မ’ နက္ခတ်သည် သင့်ကို ‘စားတော်ဆက်အသင်း’သို့ ဖိတ်ကြားနေခြင်း ဖြစ်သည်။]