← Chapters

အခန်း (၂၃၇-၂၃၈)

Vol. 18 Ch. 237-238

အခန်း (၂၃၇-၂၃၈)

Vol. 18 Ch. 237-238

အခန်း ၂၃၇

- အပိုင်း ၄၅ - စားတော်ဆက်အသင်း (၁)

အိုရိုရဲတိုက်သို့ သွားရာလမ်းတစ်လျှောက်တွင် အန်နာ ခရော့ဖ်သည် တိတ်ဆိတ်နေခဲ့သည်။ ကျနော်တို့ချင်း မျက်လုံးချင်း ဆုံသည့်အခါတိုင်း အန်နာ ခရော့ဖ်သည် တစ်ခါတစ်ရံ ထူးဆန်းစွာ ပြုံးပြတတ်သော်လည်း စကားကိုတော့ အရင်စမပြောခဲ့ပေ။

အန်နာ ခရော့ဖ်၏ အတွေးများကို ဖတ်ရှုနိုင်ရန် ကျနော် ဆန္ဒရှိသော်လည်း အန်နာ ခရော့ဖ်အပေါ် ကျနော်၏ နားလည်နိုင်စွမ်းမှာ အလွန်နိမ့်ပါးနေသဖြင့် 'အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်' ဒုတိယအဆင့်ကို အသက်မသွင်းနိုင်ခဲ့ပေ။

မူရင်းဝတ္ထုထဲက အန်နာ ခရော့ဖ်ကို ကျနော်သဘောမကျခဲ့ဟု ပြော၍ရ၏။ အန်နာ ခရော့ဖ်သည် ယူဂျွန်ဟော့ကို သတ်ခဲ့ဖူးသလို၊ နောက်ကျောကို ဓားဖြင့်ထိုးခဲ့ဖူးသည့် အကြိမ်ပေါင်းမှာ ၁၀ခါမက ရှိခဲ့၏။

ရထားလုံးအတွင်းတွင် အန်နာ ခရော့ဖ်ရော၊ ကျနော်ပါ စကားမပြောကြသဖြင့် ရထားလုံးအတွင်းရှိ အငွေ့အသက်မှာ အနေရခက်လှသည်။ ဆယ်လီနာ ကင်မှာမူ ချွေးပြန်နေချေပြီ။

" အက်စ်ဂတ်ရဲ့ ကိုယ်စားလှယ်တွေ ဖိတ်ကြားခံရတာမလို့ ကျမတို့ အတူတူ လာဖြစ်ခဲ့ကြတာပါ "

ဆယ်လီနာ ကင်သည် ကြင်နာတတ်သော သဘာဝရှိသောကြောင့် ဤကဲ့သို့ တိတ်ဆိတ်နေသော အခြေအနေကို မခံရပ်နိုင်ဘဲ မမေးမြန်းသည့် အချက်အလက်များကိုပါ တတွတ်တွတ် ပြောပြနေခဲ့သည်။ ဘာပဲဖြစ်ဖြစ် အချက်အလက်များစွာ သိရခြင်းက ကျနော့်အတွက်တော့ ကောင်းလှပေသည်။

"ဟုတ်ကဲ့။ နင်တို့က အက်စ်ဂတ် နက်ဗျူလာထဲကပေါ့နော်"

"ဟုတ်ပါတယ်၊ အန်နာ စီစဉ်ပေးတာပါ"

"နက်ဗျူလာကောင်းတစ်ခုကို ရွေးချယ်ခဲ့တာပဲ"

"အဟီး... ကျမ ကံကောင်းသွားလို့ပါ။ ဒါကြောင့်လည်း အခုလို ခမ်းနားတဲ့ အခွင့်အရေးမျိုးကို ခံစားခွင့်ရတာပေါ့။ တခြား ကိုယ်စားလှယ်တွေတောင် ဖိတ်ကြားမခံရဘူးလေ..."

ဆယ်လီနာ ကင်သည် အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။ စားတော်ဆက်အသင်း၏ ဖိတ်ကြားချက်မှာ နက္ခတ်များ၏ စားသောက်ပွဲထက် အဓိပ္ပာယ် ပိုလေးနက်၏။ နက္ခတ်များ၏ စားသောက်ပွဲမှာ တော်ဝင်မျိုးနွယ် အားလုံး၏ စုဝေးပွဲဆိုလျှင် စားတော်ဆက်အသင်းမှာ အထက်တန်းလွှာများ၏ စုဝေးပွဲနှင့် တူသည်။

သို့သော် မုချကောင်းသောအရာဟုတော့ မဆိုနိုင်ပေ။ ဆယ်လီနာ ကင် တစ်ယောက် ဟိုရောက်သွားသည့်အခါတွင်လည်း ယခုလို ဆက်တွေးနိုင်ပါဦးမလား ကျနော် သိချင်မိသည်။

"အိုင်းရစ်။ ဘာလို့ ဘာမှမပြောတာလဲ။ ဒေါ့ဂျာ နဲ့ ထပ်တွေ့ချင်တယ်လို့ နင်ပဲ ပြောခဲ့တာ မဟုတ်ဘူးလား"

" "Блин (ချီးပဲ)။ ဘယ်တုန်းက အဲဒီလို ပြောလို့လဲ"

"ဒီကလေးမကတော့လေ... ပြီးခဲ့တဲ့ စားသောက်ပွဲတုန်းကတည်းက ကင်ဒေါ့ဂျာအကြောင်းပဲ ပြောနေခဲ့တာ မဟုတ်ဘူးလား။ မတွေ့ရတာ ကြာပြီဆိုတော့ စကားလေး ဘာလေး ပြောဦးလေ"

ဆယ်လီနာ ကင်၏ စနောက်မှုကြောင့် အိုင်းရစ်၏ မျက်နှာမှာ နီရဲသွားသည်။ အိုင်းရစ်သည် ကျနော့်၏ အကြည့်ကို သတိပြုမိသွားပြီးမှ စကားကို ဂရုတစိုက် စပြော၏။

"ရှင်က... ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်... ဟုတ်တယ်မလား"

ဒီကလေးက ဟိုတုန်းက ခပ်ရိုင်းရိုင်း ကလေးမလေး ဟုတ်ပါလေစဟု ကျနော် သံသယဖြစ်မိသော်လည်း ယဉ်ကျေးစွာပင် ပြန်ဖြေလိုက်သည်။

"မှန်ပါတယ်"

"…ကျမတို့နဲ့ အတူရှိနေရတာ အဆင်မပြေဖြစ်နေလားဟင်"

"ဘာဖြစ်လို့ အဆင်မပြေဖြစ်ရမှာလဲ"

"ကျမတို့က ကိုယ်စားလှယ်တွေပဲလေ။ ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်ကတော့..."

ဆယ်လီနာ ကင်၏ မျက်နှာထားမှာလည်း ပြောင်းလဲသွားသည်။ ကျနော် ခေတ္တခဏမျှ မေ့နေမိသော်လည်း ကျနော်က သူတို့နှင့် မတူတော့ပေ။ ကိုယ်စားလှယ်နှင့် နက္ခတ်တို့၏ ကွာဟချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင်။

တခြားနက္ခတ်များသာဆိုလျှင် "ဒီပိုးမွှားလေးတွေက သူတို့ ဘယ်သူနဲ့ စကားပြောနေရလဲဆိုတာ အခုမှ သိကြတော့တယ်ပေါ့" ဟု ပြောပေလိမ့်မည်။ ကျနော်ကတော့ ထိုသို့သောလူမျိုး မဟုတ်ချေ။

"ရပါတယ်။ ငါလည်း တစ်ချိန်တုန်းက ကိုယ်စားလှယ် ဖြစ်ခဲ့ဖူးတာပဲ"

ကျနော့်စကားကြောင့် ဆယ်လီနာ ကင်သည် စိတ်သက်သာရာရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ အိုင်းရစ်မှာလည်း သတ္တိအနည်းငယ် ရလာပြီး ထပ်မေးပြန်သည်။

"ဒါဆို... မေးခွန်းတစ်ခုလောက် မေးလို့ရမလား"

"မေးပါ"

"ရှင်နဲ့ ထောက်ပံ့သူ ကတိကဝတ် ချုပ်ဆိုထားတဲ့ ကိုယ်စားလှယ် ရှိလားဟင်"

"ဘာလို့ မေးတာလဲ"

"အဲဒါက... ဟိုလေ..."

ဆယ်လီနာက တွန့်ဆုတ်နေသော အိုင်းရစ်အတွက် အရိပ်အယောင်တစ်ခု ပေးလိုက်သည်။

"အိုင်းရစ်။ နင့်မှာ ထောက်ပံ့သူ မရှိသေးဘူး မဟုတ်လား"

"ကျ... ကျမက သိချင်လို့ မေးကြည့်ရုံပါ"

အိုင်းရစ်က အကြည့်လွှဲလိုက်သည့်အခါ သူ၏ ဆံပင်နှစ်ဖက်မှာ လှုပ်ခါသွားပြီး ကမ္ဘာမြေပေါ်ရှိ ရှင်ယူဆောင်းနှင့် လီဂီယောင်တို့ကို ကျနော် သတိရသွားသည်။

အဲဒီကလေးတွေ... နေကောင်းကြပါစေ။

ကျနော်သည် လွမ်းဆွတ်သော စိတ်ဖြင့် ပြောလိုက်သည်။

"ကိုရီးယားကျွန်းဆွယ်မှာ ငါ့ရဲ့ ကိုယ်စားလှယ် တစ်ယောက် ရှိပါတယ်"

ကျနော့်စကားကြောင့် အိုင်းရစ်၏ မျက်နှာထားမှာ ပြောင်းလဲသွားသည်။

"ဪ... မဟုတ်မှလွဲရော ဟိုကလေးလေးလား..."

ကျနော် ခေါင်းညိတ်ပြလိုက်သည်။ ရှင်ယူဆောင်း၏ ကောလဟာလမှာ နေရာအနှံ့ ပျံ့နှံ့နေပုံရသည်။ နက္ခတ်များက သူတို့၏ ကိုယ်စားလှယ်များကို ပြောပြထားပြီးသား ဖြစ်ပေလိမ့်မည်။

ထိုအချိန်တွင် အန်နာ ခရော့ဖ်က စကားပြောလာသည်။

"နင့်ရဲ့ ကိုယ်စားလှယ်ကို ပြောင်းဖို့ စဉ်းစားဖူးလား"

ဆယ်လီနာ ကင်နှင့် အိုင်းရစ်တို့က အန်နာ ခရော့ဖ်ကို အံ့သြတကြီး ကြည့်လိုက်ကြသည်။ အန်နာ ခရော့ဖ်က ဆက်ပြောသည်။

"အက်စ်ဂတ် နက်ဗျူလာထဲမှာ တကယ့်ကို တော်တဲ့ ကိုယ်စားလှယ်တွေ အများကြီး ရှိတယ်။ အရည်အချင်းရှိတဲ့ သူငယ်ချင်းလေးတွေလည်း အများကြီးပဲ။ အိုင်းရစ်ကလည်း သူတို့ထဲက တစ်ယောက်ပေါ့"

လုံးဝမျှော်လင့်မထားသော ကမ်းလှမ်းချက်တစ်ခုပင်။ အန်နာ ခရော့ဖ်က အဘယ်ကြောင့် ရုတ်တရက် ဤသို့ ကမ်းလှမ်းရသနည်း။ အက်စ်ဂတ်က ကျနော့်အကြောင်းကို ပြောနေကြခြင်း ဖြစ်လောက်သည်။ ကျနော်သည် တရားဝင် နက်ဗျူလာတစ်ခု မတည်ထောင်ရသေးသောကြောင့် ဖြစ်မည်ပင်။

"ငါ့ကို အက်စ်ဂတ် နက်ဗျူလာထဲ ဝင်ခိုင်းတာလား"

"အဲဒါကိုပဲ ဆိုလိုတာတော့ မဟုတ်ပါဘူး။ အက်စ်ဂတ်မှာ ကိုယ်စားလှယ်ကောင်းတွေ အများကြီး ရှိတယ်ဆိုတာပါ။ သူတို့ထဲက တစ်ယောက်ကို လက်ခံလိုက်တာက မဆိုးဘူးလို့ ငါ ပြောချင်တာပါ။ ထောက်ပံ့သူ ကတိကဝတ်ကို အချိန်မရွေး ဖျက်သိမ်းလို့ရတာပဲလေ။ ဟုတ်တယ်မလား"

စိတ်ပျက်သွားသော အိုင်းရစ်သည် တစ်ကျော့ပြန် တောက်ပသော မျက်ဝန်းများဖြင့် ကျနော့်ကို စိုက်ကြည့်လာသည်။ ကျနော်ကတော့ မည်သည့် ခံစားချက်မျှမရှိသော မျက်နှာဖြင့် ပြန်ဖြေလိုက်သည်။

"ငါ့ရဲ့ ထောက်ပံ့သူ ကတိကဝတ်ကို ဖျက်သိမ်းဖို့ အစီအစဉ် မရှိပါဘူး"

"နင်က အဲဒီကလေးမလေးကို အဲဒီလောက်တောင် သဘောကျလို့လား။ သူ့နာမည်က ရှင်ယူဆောင်း ဆိုတာမလား"

ကျနော် ပြန်မဖြေခဲ့ပေ၊ အိုင်းရစ်၏ မျက်နှာမှာ ပြင်းထန်သော စိတ်ပျက်မှုများဖြင့် ပြည့်နှက်သွားသည်။ အိုင်းရစ်အပေါ် ကျနော့်၏ နားလည်နိုင်စွမ်းမှာ အလွန်နိမ့်ပါးသော်လည်း ခံစားချက် ပြောင်းလဲသွားမှုများကိုမူ အလွယ်တကူ သိနိုင်လေသည်။

ထိုသို့ရှိစဉ်မှာပင် အန်နာ ခရော့ဖ်က ထူးဆန်းသော စကားတစ်ခွန်းကို ပြောလိုက်သည်။

"ဥပမာအားဖြင့် ကိုယ်စားလှယ်တစ်ယောက်က ရုတ်တရက် သေဆုံးသွားတယ် ဆိုပါစို့..."

အန်နာ ခရော့ဖ်၏ မျက်နှာတွင် အဓိပ္ပာယ်ဖော်မရသော အပြုံးတစ်ခု ရှိနေသည်။

"အဲဒီလောက်ကြီး အံ့သြမသွားပါနဲ့။ ဒါက ဥပမာတစ်ခု ပြောတာပါ။ ဖြစ်နိုင်ခြေ တစ်ခုပေါ့။ မမျှော်လင့်ဘဲ ဖြစ်တတ်တဲ့ မတော်တဆမှု ဒါမှမဟုတ် ရုတ်တရက် ကျရောက်လာတဲ့ ကပ်ဘေးတွေက ကိုယ်စားလှယ်တစ်ယောက်ကို သေစေနိုင်တာပဲလေ... ဒါက သာမန်ကိစ္စတစ်ခုပါ။ အဲဒီလို ဖြစ်လာခဲ့ရင် နင့်ရဲ့ ကိုယ်စားလှယ်ကို ပြောင်းဖြစ်မယ်မလား"

"မမျှော်လင့်ဘဲ ဖြစ်တတ်တဲ့ မတော်တဆမှု ဟုတ်လား"

"ဟုတ်ပါတယ်၊ မမျှော်လင့်ဘဲ ဖြစ်တတ်တဲ့ မတော်တဆမှုပါ။ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်လာမယ့် မတော်တဆမှုမျိုးပေါ့"

ကျနော် အန်နာ ခရော့ဖ်ကို စိုက်ကြည့်လိုက်သည်။ ရှင်ယူဆောင်း၏ သေဆုံးမှု... ကျနော် ထိုအကြောင်းကို တစ်ခါမျှ မတွေးဖူးခဲ့ပေ။

"ငါ အသက်ရှင်နေသရွှေ့ အဲဒီလိုမျိုး ဖြစ်လာမှာ မဟုတ်ဘူး"

"နင် မသိနိုင်ပါဘူး။ ကံကြမ္မာက ဘယ်အချိန်၊ ဘယ်လို အလုပ်လုပ်မလဲဆိုတာ မသေချာဘူးလေ"

…ကံကြမ္မာ ဟုတ်လား။ လေထုမှာ ခေတ္တခဏမျှ တုန်ခါသွားသည်။ ပတ်ဝန်းကျင် အငွေ့အသက်တစ်ခုလုံးမှာ နိမိတ်မကောင်းသော အငွေ့အသက်များဖြင့် ပြည့်နှက်သွားပြီး ရထားလုံးတစ်ခုလုံးမှာလည်း တုန်ခါလာခဲ့သည်။ အိုင်းရစ်နှင့် ဆယ်လီနာ ကင်တို့၏ မျက်နှာများမှာ တင်းမာသွား၏။ သူတို့သည် ကျနော့်ကို ကြောက်လန့်တကြား ကြည့်ရင်း သူတို့၏ လက်မောင်းများတွင် ကြက်သီးမွေးညင်းများ ထနေကြသည်။

ကျနော် ဤသို့ မလုပ်ချင်ခဲ့ပေ။ သူတို့ကို ဗီလိန်တစ်ယောက်လို ခြောက်လှန့်ဖို့လည်း ကျနော် မရည်ရွယ်ခဲ့။ သို့သော် အန်နာ ခရော့ဖ်သည် မကျော်သင့်သော စည်းကို ကျော်လာခဲ့သည်။

[တကယ်လို့ အဲဒီလိုမျိုးသာ တကယ် ဖြစ်လာခဲ့မယ်ဆိုရင်…]

ကျနော် ကျနော့်၏ စစ်မှန်သော အသံကို အသုံးပြုလိုက်သည့်အခါ ဖြစ်နိုင်စွမ်း၏ လျှပ်စစ်မီးပွားများမှာ ပေါ်လာခဲ့သည်။

[နက်ဗျူလာ ‘အက်စ်ဂတ်’ က စိုးရိမ်နေပါသည်။]

[‘အက်စ်ဂတ်’ နက်ဗျူလာ၏ နက္ခတ်များက သင့်ကို သတိပေးနေပါသည်။]

ကျနော့်နားထဲသို့ အက်စ်ဂတ် နက္ခတ်များ၏ သွယ်ဝိုက်သော မက်ဆေ့ချ်များ ဝင်လာသည်ကို ကြားလိုက်ရသော်လည်း ကျနော် မရပ်တန့်ခဲ့ပေ။

[အဲဒီလိုသာ ဖြစ်လာခဲ့ရင် အဲဒီ ကံကြမ္မာကို ဖြစ်စေတဲ့ ကမ္ဘာအားလုံးကို ငါ သုတ်သင်ပစ်မယ်]

ရိုက်ခတ်မှုကြောင့် ဖြစ်ပေါ်လာသော အရှိန်ကြောင့် ရထားလုံး၏ ပြတင်းပေါက်များမှာ တစ်ပြိုင်နက်တည်း ကွဲအက်သွားသည်။ ထိတ်လန့်သွားသော မောင်းနှင်သူမှာ ကျနော်တို့ဘက်သို့ လှည့်ကြည့်လာသည်။ အမြဲတမ်း တည်ငြိမ်နေတတ်သော အန်နာ ခရော့ဖ်၏ မျက်နှာပေါ်တွင်ပင် ဝေဝါးသော အံ့သြမှုများ ရှိနေ၏။ ကျနော့်တွင် မည်မျှလောက်သော ‘အဆင့်အတန်း’ ရှိနေသည်ကို အန်နာ ခရော့ဖ် သေချာ မသိခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

မကြာမီမှာပင် ရထားလုံး ရပ်တန့်သွားပြီး လမ်းညွှန်၏ အသံကို ကြားလိုက်ရတော့သည်။

[အိုရိုရဲတိုက်သို့ ရောက်ရှိပါပြီ]

တောင့်တောင့်ကြီး ဖြစ်နေကြဆဲဖြစ်သော လူသုံးဦးကို ကြည့်ပြီး ကျနော်ပြုံးလိုက်သည်။

"သွားကြရအောင်"

ရထားလုံးပေါ်မှ ကျနော်တို့ ဆင်းခဲ့ကြပြီးနောက် အိုရိုရဲတိုက်အတွင်းသို့ လမ်းပြသည့်အတိုင်း လိုက်သွားခဲ့သည်။

အိုရိုရဲတိုက်။ ဤရဲတိုက်သည် ကမ္ဘာအနှံ့ ပျံ့နှံ့နေသော စားတော်ဆက်အသင်း၏ အဓိက အခြေစိုက်စခန်းများထဲမှ တစ်ခုဖြစ်ပြီး စားတော်ဆက်အသင်းဝင် တစ်ဦးက တိုက်ရိုက်ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ ပိုင်ရှင်ဖြစ်သူသည် မိစ္ဆာဘုရင် ၇၂ ပါးထဲမှ တစ်ပါး ဖြစ်လိမ့်မည်ဟု ကျနော် မှတ်မိနေသည်။

ပိုင်ရှင်က ‘အတိုင်းအဆမဲ့ ခြိုးခြံချွေတာသူ’များလား။

[သူတို့ကို ဝင်ရောက်ခွင့် ပြုလိုက်ပါပြီ]

[အတည်ပြုပြီးပြီ။ ဝင်ခဲ့ပါ]

ရဲတိုက်၏ အတွင်းပိုင်းမှာ အလယ်ခေတ်ပုံစံထက် ပိုမိုခေတ်မီသော ပုံစံမျိုး ရှိနေသည်။ အတွင်းပိုင်းသည် ခမ်းနားထည်ဝါသော ဟိုတယ်ဧည့်ခန်းမကြီးတစ်ခုနှင့် ဆင်တူနေသည်။ အလယ်အလတ်အဆင့် သင်္ကေတခန္ဓာကိုယ်များမှာလည်း နေရာအနှံ့ ပျံ့နှံ့နေသည်ကို မြင်တွေ့ရသည်။

[နက္ခတ်အချို့က သင်၏တည်ရှိမှုကို အာရုံစိုက်နေကြပါသည်။]

ကျနော်တို့ကို ပထမထပ် ဧည့်ခန်းမ၏ ထောင့်စွန်းတွင်ရှိသော စောင့်ဆိုင်းခန်းတစ်ခုသို့ လမ်းညွှန်ပေးခဲ့သည်။ အချို့လူများ မရောက်သေးခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ အက်စ်ဂတ်၏ ကိုယ်စားလှယ် သုံးဦးနှင့် ကျနော်သာ ထိုနေရာတွင် ရှိနေခဲ့၏။

[ဒီစောင့်ဆိုင်းခန်းမှာ ခဏစောင့်ပေးပါ။ နောက်ထပ် ရောက်လာမယ့် ကိုယ်စားလှယ်တွေ ရှိသေးလို့ပါ... အာ… ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်က နက္ခတ်တစ်ပါးဆိုတာ မေ့သွားတယ်။ လူကြီးမင်းအတွက် သီးခြားစောင့်ဆိုင်းခန်းတစ်ခု ကျနော် စီစဉ်ပေးပါ့မယ်]

"ရပါတယ်။ ငါအဆင်ပြေပါတယ်။ ဒီမှာပဲ နေပါ့မယ်"

လမ်းညွှန်သည် ကျနော့်ကို ထူးဆန်းသလို စိုက်ကြည့်နေသော်လည်း မကြာမီမှာပင် ပျောက်ကွယ်သွားသည်။ အမှန်အတိုင်းပြောရလျှင် ဤနေရာတွင် နေရခြင်းက ပို၍ သက်သောင့်သက်သာ ရှိလေသည်။ ကျနော့်စိတ်ကို ပြင်ဆင်ရန် အချိန်အနည်းငယ် လိုအပ်နေသောကြောင့် ဖြစ်၏။

စောင့်ဆိုင်းခန်း၏ နံရံတွင် ပြကွက်များ ချိတ်ဆွဲထားသည်။ လက်ရှိ ဒိုင်မင်းရှင်း အသီးသီး၌ ဖြစ်ပေါ်နေသော ဘေးထွက်ဇာတ်ဝင်ခန်းများကို ပြသနေခြင်း ဖြစ်၏။

"ဟိုလေ… ခုနတုန်းက..."

ဆယ်လီနာ ကင်က စကားစလိုက်ခြင်း ဖြစ်သည်။ ဆယ်လီနာ ကင်သည် ရထားလုံးပေါ်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စများကြောင့် တွန့်ဆုတ်နေပုံရ၏။

ကျနော်က ငြင်သာစွာ ပြုံးပြပြီး ပြန်ဖြေလိုက်သည်။

"ရပါတယ်။ ငါ နည်းနည်း လွန်သွားခဲ့တာပါ"

ဆယ်လီနာ ကင်၏ မျက်နှာထားမှာ အနည်းငယ် ပြေလျော့သွားသည်။

"မဟုတ်ပါဘူး၊ ကျမတို့ဘက်က ရိုင်းပျမိသွားတာပါ။ တောင်းပန်ပါတယ်၊ ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်"

ဆယ်လီနာ ကင်၏ စကားလုံးများမှာ ယခင်ကထက် ပို၍ စနစ်တကျ ဖြစ်နေလေသည်။ ကျနော်သည် တောင်းပန်မှုကို ငြင်းပယ်လိုခြင်း မဟုတ်သော်လည်း တစ်ခုခုကိုတော့ စိတ်မကောင်း ဖြစ်မိ၏။ ဆယ်လီနာ ကင်တွင် အမှားမရှိပေ။ ဆယ်လီနာ ကင်သည် Ways of Survival ထဲတွင် ကျနော် သဘောကျသော လူအနည်းငယ်ထဲမှ တစ်ဦး ဖြစ်သည်။ ကျနော် မုန်းတီးသည်မှာ ထိုမြင်ကွင်းကို ထောင့်တစ်နေရာမှ ရပ်ကြည့်နေသော အရှက်မရှိသည့် လူကိုသာ ဖြစ်သည်။

ထိုအချိန်တွင် စောင့်ဆိုင်းခန်းတံခါး ပွင့်လာပြီး နောက်ထပ် လမ်းညွှန်တစ်ဦး ပေါ်လာ၏။

[အက်စ်ဂတ်ရဲ့ ကိုယ်စားလှယ်များခင်ဗျာ။ ကျေးဇူးပြုပြီး ကျနော့်နောက်ကို လိုက်ခဲ့ပါ]

အက်စ်ဂတ်၏ နက္ခတ်များက သူတို့ကို ရှာနေကြခြင်း ဖြစ်ပေလိမ့်မည်။ ဆယ်လီနာ ကင်နှင့် အိုင်းရစ်တို့သည် ကျနော့်ကို ခေါင်းညိတ်နှုတ်ဆက်ပြီးနောက် ထွက်ခွာသွားကြသည်။

အခြားတစ်ဖက်တွင်မူ အန်နာ ခရော့ဖ်သည် အခန်းထဲမှ မထွက်ဘဲ ကျနော့်ကို ကြည့်နေဆဲ ဖြစ်သည်။

"နင့်မှာ ရန်သူဖြစ်နေတဲ့ နက္ခတ်တွေ အများကြီး ရှိနေတယ်နော်"

"ဒါက နင် စိုးရိမ်ရမယ့် ကိစ္စ မဟုတ်ပါဘူး"

ကျနော့်၏ ပြတ်သားသော စကားကြောင့် အန်နာ ခရော့ဖ်မှာ မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ အန်နာ ခရော့ဖ်သည် စောစောက ဖြစ်ပျက်ခဲ့သည့် ကိစ္စများ ရှိနေသော်လည်း ကြောက်ရွံ့ပုံမရပေ။ သူသည် သာမန်ကိုယ်စားလှယ်တစ်ဦးသာ ဖြစ်သော်လည်း နက်ဗျူလာတစ်ခုလုံးနှင့် ကတိကဝတ် ပြုထားသူ ဖြစ်၏။ အထက်တန်းအဆင့် အက်စ်ဂတ်သားများက ကျနော့်၏ ‘အဆင့်အတန်း’မှ သူ့ကို ကာကွယ်ပေးထားခြင်းကြောင့် မကြောက်ရွံ့ခြင်း ဖြစ်ပေလိမ့်မည်။

"ပန်းတိုင်တစ်ခုတည်းကို သွားနေကြတဲ့ အပေါင်းအဖော်တွေအနေနဲ့ ငါ နင့်ကို အလေးအနက် အကြံပေးချင်တယ်။ နင် သဘောမကျရင်တောင်မှ တခြားနက္ခတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် အချိန်ရောက်နေပြီ"

ပန်းတိုင်တစ်ခုတည်း တဲ့လား...။

"နင့်ရဲ့ ပန်းတိုင်က ဘာလဲဆိုတာ ငါ မသိတဲ့အတွက် နင်ပြောတာကို ငါပြန်မဖြေနိုင်ပါဘူး"

"ဒီကမ္ဘာကြီးကို ကာကွယ်ဖို့လေ။ နင်လည်း ဒါအတွက်ပဲ တိုက်ပွဲဝင်နေတာ မဟုတ်ဘူးလား"

ထိုမေးခွန်းကို ပြန်ဖြေမည့်အစား ကျနော်သည် စောင့်ဆိုင်းခန်း နံရံရှိ ပြကွက်ကို တစ်ချက် ကြည့်လိုက်သည်။ ထိုနေရာတွင် ကပ်ဘေးများနှင့် နက္ခတ်များ၏ ဖျက်ဆီးခြင်းကို ခံနေရသော ကိုယ်စားလှယ်များ၏ ပုံရိပ်များ ရှိနေ၏။ ကျနော် ပြန်မဖြေဘဲ နေလိုက်သည့်အခါ အန်နာ ခရော့ဖ်သည် ကျနော့်ဘေးမှ ဖြတ်သွားခဲ့သည်။

ထိုအခိုက်အတန့်တွင် ကျနော် စကားစလိုက်သည်။

"ဒီကမ္ဘာကြီးက ကာကွယ်ဖို့ ထိုက်တန်သလား၊ မထိုက်တန်ဘူးလား ဆိုတာကို ငါ အရင်ကြည့်ရဦးမယ်"

ကျနော့်စကားကြောင့် အန်နာ ခရော့ဖ်၏ မျက်နှာထားမှာ တင်းမာသွားသည်။ သူသည် စိုးရိမ်နေသော လမ်းညွှန်နှင့် ကျနော့်ကို တစ်လှည့်စီ ကြည့်ပြီးနောက် သက်ပြင်းအနည်းငယ် ချလိုက်၏။

"…နောက်ထပ် စကားပြောဖို့ အခွင့်အရေး ရှိဦးမယ်လို့ မျှော်လင့်ပါတယ်"

အန်နာ ခရော့ဖ် ပျောက်ကွယ်သွားပြီးနောက် စောင့်ဆိုင်းခန်းထဲတွင် ကျနော် တစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။ တစ်ကိုယ်တည်း ကျန်ခဲ့သည့်အခါ ကျနော်သည် အတွေးများကို တိတ်ဆိတ်စွာ စုစည်းလိုက်မိသည်။

Ways of Survival ထဲတွင် ဖော်ပြထားသော စားတော်ဆက်အသင်းမှ နက္ခတ်များကို ကျနော် ပြန်လည် စဉ်းစားကြည့်ပြီး ဖျောင်းဖျနားချ၍ ရနိုင်မည့် နက္ခတ်များအကြောင်းကိုလည်း တွေးတောနေမိ၏။ သူတို့၏ ဝိသေသ လက္ခဏာများနှင့် ဘွဲ့အမည်များကိုလည်း ကျနော် မမေ့ခဲ့ပေ။

နက္ခတ်များ၏ စားသောက်ပွဲတုန်းက ကျနော် ကံကောင်းခဲ့သော်လည်း ယခုတစ်ကြိမ်မှာလည်း ထိုသို့ ထပ်ဖြစ်လာမည်ဟု အာမ မခံနိုင်ပေ။ အကယ်၍ စားတော်ဆက်အသင်းကို လူမှုရေးအသိုင်းအဝိုင်း တစ်ခုအနေဖြင့် ဖော်ပြရမည်ဆိုလျှင် ဤသည်မှာ ကျနော့်အတွက် တရားဝင် ပွဲဦးထွက်ခြင်းပင် ဖြစ်ပေလိမ့်မည်။

ဤနေရာတွင် ကျနော် မည်သို့သော အထင်အမြင်မျိုး ပေးနိုင်မည်၊ မည်သည့်အကြောင်းအရာများကို ပြောဆိုမည် ဆိုသည့်အပေါ် မူတည်ပြီး နောက်ထပ် ဇာတ်ဝင်ခန်းများ၏ ဦးတည်ချက်မှာ ပြောင်းလဲသွားပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် စောင့်ဆိုင်းခန်း တံခါး ပွင့်လာခဲ့သည်။

ကျနော်က လမ်းညွှန်တစ်ဦးဟု ထင်မှတ်ထားခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ မျှော်လင့်မထားသော တည်ရှိမှုတစ်ခုက ကျနော့်ကို စောင့်ကြိုနေခဲ့သည်။ ကျနော် တစ်ခုခု ပြောရန် ပြင်လိုက်သည့် ခဏမှာပင် တစ်ဖက်လူက အရင်စပြောသည်။

[မတွေ့ရတာ ကြာပြီနော်၊ ကင်ဒေါ့ဂျာ။ ငါ စောင့်နေရတာ တော်တော် ကြာသွားပြီ]

ကျနော်သည် စစ်မှန်သော အသံ၏ တောက်ပသော လေယူလေသိမ်းကို ကြားလိုက်ရသဖြင့် တစ်ဖက်လူမှာ မည်သူဖြစ်သည်ကို သိလိုက်ရသည်။ မရဏလောက၏ ဘုရင်မမှာ တကယ့်ကို နောက်ပြောင်တတ်လွန်းလှသည်။

ကျနော် သက်ပြင်းချလိုက်ပြီး မေးလိုက်သည်။

"…နေပါဦး၊ ခင်ဗျား ဘာဖြစ်လို့ အဲဒီလို ပုံစံမျိုး ဖြစ်နေရတာလဲ"

အခန်း ၂၃၈

- အပိုင်း ၄၅ - စားတော်ဆက်အသင်း (၁)

ပါစီဖုန်းက သာယာစွာ ရယ်မောလိုက်သည်။

[ဘာလို့လဲ။ မကြိုက်လို့လား။ နင့်ရဲ့ ဝါသနာက ဒါမျိုးဆိုပြီး မိတ်ဆွေကြီး နတ်ခေါင်ချုပ်က ငါ့ကို ပြောပြထားတာလေ]

"ဒါက လုံးဝကို အထင်လွဲနေတာပါ"

[ဟင်း...]

ပါစီဖုန်း၏ အသံမှာ နောင်တရနေဟန် ပေါက်နေသည်။ ပါစီဖုန်းသည် လက်ရှိတွင် ယူဂျွန်ဟော့၏ အသွင်သဏ္ဌာန်ကို ယူထားခြင်း ဖြစ်သည်။ ပါစီဖုန်းက တရုတ်ဝတ်စုံ ဝတ်မထားသည်မှာပင် ကံကောင်းသည်ဟု ဆိုရပေမည်။

[ဒါဆိုရင် ဒါမျိုးဆိုရင်ရော ဘယ်လိုသဘောရလဲ]

"နေဦး..."

ကျနော် စကားမဆုံးခင်မှာပင် ပါစီဖုန်း၏ ရုပ်သွင်မှာ နောက်တစ်ကြိမ် ပြောင်းလဲသွားပြန်သည်။ ပါစီဖုန်းက တရုတ်ဝတ်စုံဝတ်ထားသည့် ယူဆန်းအာ အသွင်ပြောင်းမလားဟု ထင်မှတ်ခဲ့သော်လည်း ယခုတစ်ကြိမ်မှာတော့ မျှော်လင့်မထားသောအရာ ဖြစ်နေ၏။

"မဟုတ်ဘူး၊ ဒါက..."

တစ်ဖက်လူမှာ ပါစီဖုန်းမှန်း သိနေသော်လည်း သူ ပြုံးလိုက်သည့်အခါ ကျနော့်မျက်နှာမှာ နီမြန်းသွားရသည်။ ပါစီဖုန်းသည် သိပ်မကြာသေးခင်က ကျနော် မြင်တွေ့ခဲ့ရသည့် ‘ပြစ်ဒဏ်ပေးသူ’ ၏ အသွင်ကို ယူထားခြင်း ဖြစ်၏။

[အဲဒီတုန်းက နင်ဟာ ဒီမိန်းမကို မျက်တောင်မခတ်တမ်း ကြည့်နေတာ ငါ သတိထားမိတယ်လေ။ နင်ကြိုက်တာ ဒီလိုမျိုးမလား]

ဝတ်စုံ၏ ဘေးဘက်မှတစ်ဆင့် ဖြူဝင်းသော အသားအရေကို မြင်လိုက်ရသဖြင့် ကျနော်သည် မျက်စိကျိန်းသလို မျက်လုံးများကို မှိတ်လိုက်ရင်း အော်ပြောမိသည်။

"…စနောက်မနေနဲ့တော့"

[ခစ်ခစ်။ တကယ့်ကို ရယ်ရတာပဲ]

ပါစီဖုန်းသည် ကလေးတစ်ယောက်လို ရယ်မောလိုက်ပြီးနောက် နောက်တစ်ကြိမ် ပြန်လည်အသွင်ပြောင်းလိုက်သည်။ ယခုတစ်ကြိမ်တွင်မူ ယူဆန်းအာ၏ ရုပ်သွင်ပင် ဖြစ်သည်။ သူသည် တရုတ်ဝတ်စုံနှင့် အတွင်းခံ ခြေအိတ်ချိတ်ကြိုးများအစား သပ်ရပ်သော ရုံးဝတ်စုံပုံစံမျိုး ဝတ်ဆင်ထား၏။ မီနိုဆော့ဖ်မှာ ရှိစဉ်က မြင်တွေ့ခဲ့ရသည့် ထိုပုံစံကို မြင်လိုက်ရသည့်အခါ စိတ်ထဲတွင် တစ်မျိုးကြီး ခံစားလိုက်ရသည်။ ယူဆန်းအာသည် ထိုဝတ်စုံဖြင့် ကျနော့်ကို အမြဲ စကားပြောလေ့ရှိသည်။

ယူဆန်းအာရော အဆင်ပြေရဲ့လားမသိဘူး။

ယူဆန်းအာက ဟန်ဆိုယောင်းနှင့်အတူ ရှိနေလောက်မည်မလို့ ကျနော် နည်းနည်းတော့ စိုးရိမ်မိသည်... သို့သော်လည်း ယူဆန်းအာမှာ ယူဆန်းအာ ဖြစ်နေသည့်အတွက် အဆင်ပြေပြေ ရှိနေလိမ့်မည်ဟု ကျနော် ယုံကြည်ပေသည်။

ပါစီဖုန်းကတော့ ဆက်ပြုံးနေဆဲပင်။

[ငါ့နောက်ကို လိုက်ခဲ့။ ငါက နင့်ကို လာကြိုတာ]

ကျနော် ခေါင်းညိတ်ပြလိုက်ပြီး ပါစီဖုန်း၏ နောက်ကနေ လိုက်သွားခဲ့သည်။ စောင့်ဆိုင်းခန်းထဲကနေ ထွက်လာသည့်အခါ နက္ခတ်အချို့၏ အကြည့်များကြောင့် အနည်းငယ် စိတ်လှုပ်ရှားမိသည်။ ပါစီဖုန်းနှင့်အတူ ကျနော် လျှောက်လှမ်းရင်း နက္ခတ်များကို မြင်တွေ့နေရ၏။ ဘာကြောင့်မှန်းမသိ ကျနော်က ပါစီဖုန်း၏ ငယ်သားလေးတစ်ယောက် ဖြစ်နေသလို ခံစားနေရသည်။

မကြာမီမှာပင် ပါစီဖုန်းနှင့် ကျနော်သည် ဧည့်ခန်းမအလယ်ရှိ ဧရာမဓာတ်လှေကားကြီးဆီသို့ ရောက်ရှိသွားသည်။ စားတော်ဆက်အသင်း၏ ပွဲတော်ကို ဤရဲတိုက်၏ အပေါ်ဆုံးထပ်တွင် ကျင်းပမည် ဖြစ်လောက်မည်ထင်သည်။

ဧရာမ ဖန်သားလုံးကြီးတစ်ခုနှင့် တူသော ဓာတ်လှေကားတံခါးမှာ ပွင့်လာပြီး ပါစီဖုန်းနှင့် ကျနော် တက်လိုက်ကြသည်။ ကျနော့်ကိုယ်ခန္ဓာမှာ အနည်းငယ် လေးလံလာသလို ခံစားရပြီး ပွင့်လင်းမြင်သာသော ဖန်သားနံရံ၏ အပြင်ဘက်တွင် မဟူရာဒိုင်မင်းရှင်း၏ အမှောင်ထုမှာ ပြန့်နှံ့နေသည်။ ဒိုင်မင်းရှင်း၏ မိုးကုတ်စက်ဝိုင်းကို ကျော်လွန်သည့်အခါ ကြည့်ရှုရသူကို မှင်တက်စေမည့် ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု၏ ခမ်းနားသော ကမ္ဘာကြီးကို မြင်တွေ့လိုက်ရ၏။

[ဒီမြင်ကွင်းကိုမြင်လိုက်ရလို့ နင်ကျေနပ်သွားပုံရတယ်]

"ကျေနပ်သွားတာထက်စာရင် အနည်းငယ် စိတ်လှုပ်ရှားနေတာပါ"

ပါစီဖုန်းသည် ကျနော့်၏ စိတ်ကို နားလည်သကဲ့သို့ ရယ်မောလိုက်သည်။

[နင် အသက်ရှင်နေတာကို ငါ ဝမ်းသာပါတယ်။ ပြီးခဲ့တဲ့တစ်ခေါက်က နင်က ကိုယ်စားလှယ်တစ်ယောက် ဖြစ်ခဲ့ပြီး အခုတော့ နက္ခတ်တစ်ပါး ဖြစ်နေပြီ]

"ကျနော်က အခုမှ လူသစ်လေးပဲ ရှိသေးတာပါ။ ဒီကို လာဖို့ အဆင်ပြေပါ့မလားတောင် မသေချာဘူး"

ကျနော်က နှိမ့်ချသောသဘောဖြင့် ပြောလိုက်ခြင်း ဖြစ်သော်လည်း ပါစီဖုန်း၏ မျက်နှာမှာ တင်းမာသွားသည်။

[စားတော်ဆက်အသင်းမှာ ငါ့ရဲ့ ရာထူးက ပြောမပလောက်ဘူးလို့ နင်က ထင်နေတာလား။ အဖွဲ့ဝင်သစ် တစ်ယောက်ကို ခေါ်လာဖို့က ငါ့အတွက် ခက်ခဲတယ်လို့ယူဆတာလား]

"အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး..."

[ငါက နောက်တာပါ]

"ကျနော့်ကို စနောက်နေတာ ရပ်ပါတော့ဗျာ"

[နင်က နောင်တစ်ချိန်မှာ ဘယ်လောက်အထိ အလားအလာရှိတဲ့ နက္ခတ်တစ်ပါး ဖြစ်လာမလဲဆိုတာ ငါ မသိသေးတဲ့အတွက် ဒါကို ကြိုတင်ရင်းနှီးမြှုပ်နှံမှုတစ်ခုလို့ပဲ သတ်မှတ်လိုက်ပါ။ ဒါက နင် တစ်နေ့နေ့မှာ ကြုံတွေ့ရမယ့် အရာပဲလေ]

ကျနော် အရင်ကလည်း ခံစားမိခဲ့သော်လည်း ဤဘုရင်မကြီးက ကျနော့်အပေါ် အဘယ်ကြောင့် အဲဒီလောက် သဘောကောင်းနေရသည်ကို မသိခဲ့ပေ။ ကောင်းကင်ဖြိုခွင်းဓါး သူတော်စင်ကို တာတာရပ်စ်ဆီသို့ ခေါ်ဆောင်သွားပေးသည့်အတွက် ပါစီဖုန်း တောင်းဆိုခဲ့သည့် တစ်ခုတည်းသော အရာမှာ ဤစားတော်ဆက်အသင်း ပွဲတော်တွင် ပါဝင်ရန်ပင် ဖြစ်သည်။

ပါစီဖုန်း သိနေခြင်းလည်း ဖြစ်နိုင်လောက်သည်။ အမှန်တကယ်တော့ စားတော်ဆက်အသင်းသို့ တက်ရောက်ရခြင်းမှာ ပါစီဖုန်းအတွက် မဟုတ်ဘဲ ကျနော့်အတွက်သာ အကျိုးရှိစေမည့် အခြေအနေတစ်ခု ဖြစ်၏။ ပါစီဖုန်းသည် နက္ခတ်တစ်ပါးအဖြစ် ကျနော့်အတွက် တရားဝင် ပွဲဦးထွက်နိုင်အောင် စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။

ပါစီဖုန်း၏ အနက်ရောင် မျက်ဝန်းများမှာ တောက်ပနေသည်။

[အခု နင့်ရဲ့ အဆင့်အတန်းက ဘယ်လောက်လဲ။ ဒဏ္ဍာရီလာအဆင့်တော့ မဖြစ်နိုင်လောက်ဘူးထင်တယ်]

ကျနော်က ဒဏ္ဍာရီလာအဆင့် ဖြစ်နေသည်ကို တခြားနက္ခတ်များ မသိကြသေးခြင်း ဖြစ်ပေလိမ့်မည်။ ကျနော် ခဏမျှ စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။

"နောက်တစ်ကြိမ် နက္ခတ်များရဲ့ စားသောက်ပွဲကျရင် ကျနော် ဒုတိယထပ်မှာ ရှိနေပါလိမ့်မယ်"

ကျနော့်စကားကြောင့် ပါစီဖုန်း၏ မျက်လုံးများမှာ ဝိုင်းစက်သွားသည်။ ပါစီဖုန်းသည် ကျနော့်ကို အလွန်ဆုံးရှိလှ သမိုင်းဝင်အဆင့်လောက်သာ ရှိလိမ့်မည်ဟု ခန့်မှန်းထားပုံရသည်။ မရဏလောက၏ ဘုရင်မတစ်ယောက် ထိုသို့ အံ့သြတကြီး ဖြစ်နေသည်ကို မြင်ရခြင်းက အတော်လေး ကျေနပ်စရာ ကောင်းလှသည်။ သို့သော်လည်း ပါစီဖုန်း၏ မျက်ဝန်းများတွင် နက်ရှိုင်းသော စိုးရိမ်မှုများလည်း ရောယှက်နေ၏။

[နင့်ကို မနာလိုဖြစ်မယ့် နက္ခတ်တွေ ရှိလာလိမ့်မယ်]

"…"

[နက္ခတ်တချို့က နင့်ကို သူတို့ဘက်ပါအောင် ဆွဲဆောင်ဖို့ ကြိုးစားကြလိမ့်မယ်]

"ကျနော် အဲဒါကို မျှော်လင့်ထားပါတယ်"

ကျနော် ပြင်ဆင်ထားပြီးသား ဖြစ်၏။ နောင်တစ်ချိန်တွင် ကျနော် တွေ့ဆုံရမည့် နက္ခတ်များသည် လွယ်ကူသောသူများ မဟုတ်ပေ။ ကျနော့်အပေါ် မနာလိုဖြစ်နေကြမည့် နက္ခတ်များလည်း ရှိလာမည် ဖြစ်သလို သူတို့ဘက်ပါအောင် ဆွဲဆောင်ရန် ကြိုးစားကြမည့် နက္ခတ်များလည်း ရှိလာပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ အန္တရာယ်ရှိလှသည်။

[ဒါပေမဲ့ နက္ခတ်အများစုကတော့ နင့်အပေါ် ဂရုမစိုက်ကြပါဘူး]

"…ဟမ်"

[အခုအချိန်အထိတော့ ကိုရီးယားကျွန်းဆွယ်ရဲ့ ဇာတ်ဝင်ခန်းတွေက သြဇာညောင်းတဲ့ နေရာတွေကိုပဲ နင်ဟာ သွားခဲ့ရတာဆိုတော့ အဲဒါကို ခံစားဖူးမှာ မဟုတ်ဘူး... ဒါက စားတော်ဆက်အသင်း ဆိုတာကို မမေ့နဲ့]

စားတော်ဆက်အသင်း။ ဤသည်မှာ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုအတွင်းရှိ အဆင့်မြင့် နက္ခတ်များ၏ ကြီးကျယ်ခမ်းနားသော စုဝေးပွဲကြီး ဖြစ်သည်။

ရုတ်တရက် ပါစီဖုန်း၏ ရယ်မောသံမှာ ကြောက်စရာကောင်းနေသလို ခံစားရ၏။

[နက္ခတ်များရဲ့ စားသောက်ပွဲတုန်းကလို နင့်အတွက် ကလေးထိန်းလိုမျိုး ငါလုပ်ပေးမှာ မဟုတ်ဘူး။ ဒီတစ်ခါတော့ နင့်ရဲ့ ကိုယ်ပိုင်အစွမ်းနဲ့ နင်ဘယ်လို လှုပ်ရှားမလဲဆိုတာ ငါ မြင်ချင်တယ်]

ဓာတ်လှေကားတံခါးမှာ အသံမြည်ကာ ပွင့်လာပြီး ပါစီဖုန်းသည် စားသောက်ပွဲ ခမ်းမကြီးအတွင်းသို့ ပျောက်ကွယ်သွားသည်။ တစ်ကိုယ်တည်း ကျန်ရစ်ခဲ့သည့် ကျနော်သည် ဓာတ်လှေကားထဲကနေ မထွက်ခင် ခေတ္တခဏမျှ တွန့်ဆုတ်နေမိသည်။

[နက္ခတ်အချို့က သင့်အပေါ် စိတ်ဝင်စားမှု ပြသနေကြပါသည်။]

ကျနော် ဓာတ်လှေကားထဲကနေ ထွက်လာသည့်အခါ နက္ခတ်အချို့က ကျနော့်ကို လှမ်းကြည့်ကြသော်လည်း ထိုစိတ်ဝင်စားမှုမှာ မကြာမီမှာပင် ပျောက်ကွယ်သွား၏။ ထိုသို့စိတ်မဝင်စားတော့ခြင်းက ကျနော့်အတွက် ပို၍ ကောင်းပေသည်။ အကယ်၍ စိတ်ဝင်စားမှုများလွန်းနေလျှင် လှုပ်ရှားရသည်မှာ ခက်ခဲပေလိမ့်မည်။

ပထမထပ် ဧည့်ခန်းမမှာလိုပင် သင်္ကေတခန္ဓာကိုယ်များအဖြစ် တည်ရှိနေကြသော နက္ခတ်များ မရှိပေ။ လူတိုင်းသည် လူသားပုံစံ သို့မဟုတ် ဤကမ္ဘာရှိ သက်ရှိသတ္တဝါများ၏ ပုံစံမျိုး ရှိနေကြသည်။ ဖြစ်နိုင်စွမ်းကို အသုံးပြုရန် သတိထားနေသော နက္ခတ် တစ်ပါးမှပင် ဤနေရာတွင် မရှိပေ။

စားသောက်ပွဲ ခမ်းမကြီးကို နေရာယူထားကြသော နက္ခတ်အချို့မှာ Ways of Survival ထဲတွင် ကျနော် ဖတ်ခဲ့ရသည့် သူများနှင့် တူနေကြသည်။ ပထမဆုံး သိသာထင်ရှားသည့် တစ်ယောက်မှာ စားသောက်ပွဲ ခမ်းမ၏ အလယ်တွင် နေရာယူထားသော ဗိုက်ကင်းဝတ်စုံနှင့် လူတစ်ဦး ဖြစ်သည်။ သူ၏ ကျောဘက်တွင်ရှိသော ဧရာမတူကြီးကို မြင်ပါလျက်နှင့် သူ့ကို ကျနော် မမှတ်မိဘူးဆိုလျှင်သာ ထူးဆန်းနေပေလိမ့်မည်။

[ပထမမျိုးဆက် ဇာတ်လမ်းတွေထဲမှာ ‘တူကိုဝါးမြိုတဲ့ နဂါး’ ဇာတ်လမ်းက အကောင်းဆုံးပဲ]

နက်ဗျူလာ အက်စ်ဂတ်မှ နက္ခတ်တစ်ပါးဖြစ်သူ ‘ကြာသပတေးနေ့၏ မိုးကြိုး’ က စိတ်လှုပ်ရှားစွာ ပြောဆိုနေသည်။ ထိုအခါ တစ်ဖက်မှ အမျိုးသမီးတစ်ဦးက ပြန်လည် တုံ့ပြန်လိုက်သည်။

[ဘာကို ဆိုလိုတာလဲ။ ‘အရုဏ်ဦးရဲ့ ကလေးများ’ က သိသိသာသာကို ပိုကောင်းတာပေါ့။ အဆင့်သတ်မှတ်ချက်မှာလည်း အမြင့်ဆုံးပဲလေ]

ထိုအမျိုးသမီးသည် ကြယ်ပွင့်များ ပန်းထိုးထားသော အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် နတ်ဘုရားမတစ်ပါး ဖြစ်သည်။ ကျနော် မှတ်မိသလောက်ဆိုလျှင် ထိုအမျိုးသမီးသည် အစောင့်အရှောက်သစ်ပင် နက်ဗျူလာမှ ‘မိုးသောက်ကြယ် နတ်ဘုရားမ’ နက္ခတ်ပင် ဖြစ်သည်။

မည်သည့်ဇာတ်လမ်းက အကောင်းဆုံးဖြစ်သည်ဟူသော အငြင်းပွားမှုများ ရှိနေပုံရသည်။ အကောင်းဆုံးဇာတ်လမ်းကို ရွေးချယ်ရန် ငြင်းခုံနေကြသည်မှာ Ways of Survival ထဲတွင် ကျနော် ဖတ်ခဲ့ရသည်နှင့် တစ်ထပ်တည်း ကျနေ၏။ ကိုရီးယားကျွန်းဆွယ်တွင် တွေ့ရခဲသော အဆင့်မြင့် နက္ခတ်များကို မြင်လိုက်ရရုံဖြင့် ဤနေရာ၏ အခြေအနေကို သိသာစေလေသည်။ အစွမ်းထက်လှသော ‘ပါစီဖုန်း’ပင်လျှင် ဤစားတော်ဆက်အသင်း၌ သာမန်နက္ခတ်တစ်ပါး မျှသာ ဖြစ်နေလေသည်။

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်က သင့်ကို အားပေးနေပါသည်။]

ကံကောင်းထောက်မစွာဖြင့် တစ်ခုတည်းသော စိတ်သက်သာရာ ရစရာမှာ ချန်နယ်က အလုပ်လုပ်နေဆဲ ဖြစ်ခြင်းပင်။ ဟုတ်ပေသည်။ ဤကဲ့သို့သော နေရာမျိုးတွင် ကျနော် စိတ်ဓာတ်ကျနေ၍ မဖြစ်ပေ။

စားတော်ဆက်အသင်း၏ ဗဟိုချက်မအုပ်စုထဲမှ တစ်ခုသို့ ကျနော်တိတ်တဆိတ် ချဉ်းကပ်သွားပြီး ဘေးနားရှိ နက္ခတ်တစ်ပါးကို စကားလှမ်းပြောလိုက်သည်။

"ဟိုလေ..."

သို့သော် မည်သူမျှ ကျနော့်ကို လှည့်မကြည့်ကြပေ။ ဤနေရာရှိ နက္ခတ်များအတွက် ကျနော်သည် တည်ရှိခြင်းပင် မရှိသလို ဖြစ်နေ၏။ ကျနော် သတ္တိမွေးပြီး ဘေးနားရှိ နက္ခတ်၏ ပုခုံးကို ပုတ်လိုက်သည်။

"တဆိတ်လောက်"

ယခုတစ်ကြိမ်တွင်တော့ တုံ့ပြန်မှု ရှိလာသည်။ ထိုနက္ခတ်သည် ကျနော့်ကို တစ်ချက်ကြည့်ပြီးနောက် ကျနော့်ပုခုံးကို တိုက်ကာ ခမ်းမ၏ အလယ်ဗဟိုသို့ လျှောက်သွားခဲ့သည်။

「 ကင်ဒေါ့ဂျာသည် ဤခံစားချက်ကို ကောင်းကောင်းသိသည်။ 」

ဤကမ္ဘာကြီးတွင် ကျနော် တစ်ယောက်တည်း ဖြစ်နေသလို ခံစားလိုက်ရသည်။ ရုတ်တရက် နက္ခတ်များစွာ၏ အသံများမှာ အဝေးသို့ ရောက်သွားသလို ခံစားရသည်။ သူတို့သည် တစ်နေရာတည်းတွင် ရှိနေကြသော်လည်း တခြားတစ်နေရာတွင် ရောက်နေသကဲ့သို့ပင်။ ‘ဂရုမစိုက်ခြင်း’ ဟူသော ပါစီဖုန်း၏ ဆိုလိုရင်းကို ကျနော် နားလည်သွားသည်။ စားတော်ဆက်အသင်းသည် ကျနော့်လို လူသစ်များ မဝင်နိုင်စေရန် ကိုယ်ပိုင် အကာအကွယ်အတားအဆီးတစ်ခုကို တည်ဆောက်ထား ကြခြင်း ဖြစ်သည်။

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်က သင့်ကို ဝမ်းနည်းသော မျက်ဝန်းများဖြင့် ကြည့်နေပါသည်။]

…သို့သော် ကျနော် လက်မလျှော့နိုင်ပေ။ တစ်နည်းနည်းဖြင့် အခြေအနေတစ်ခုကို ဖန်တီးရမည်။

ကျနော်သည် သေချာအာရုံစိုက်ပြီး စားတော်ဆက်အသင်းတစ်ဝိုက်ကို လှည့်ကြည့်လိုက်သည်။ စားသောက်ပွဲခမ်းမ အလယ်တွင် စကားပြောနေကြသော နက္ခတ်များအပြင် တစ်ဦးတည်း ရပ်နေသူများလည်း ရှိနေ၏။ သူတို့သည်လည်း စားတော်ဆက်အသင်းဝင်များဖြစ်ပြီး အစွမ်းထက်ကြမည်မှာ သေချာသည်။

စားသောက်ပွဲခမ်းမ၏ အစွန်းတွင် စောင့်ဆိုင်းခန်း၌ မြင်တွေ့ခဲ့ရသော ပြကွက်များစွာ ရှိနေသည်။ ထိုပြကွက်တို့မှာ ကမ္ဘာအနှံ့တွင် ဖြစ်ပေါ်နေသော ဇာတ်ဝင်ခန်း ဗီဒီယိုများ ဖြစ်သည်။ ကျနော် အနီးကပ် ကြည့်လိုက်သည့်အခါ ထောင့်စွန်းရှိ ဖန်သားပြင်ငယ်လေးတစ်ခုတွင် ကျနော် ကယ်တင်ခြင်း၏ မိစ္ဆာဘုရင် ဖြစ်လာသည့် အခိုက်အတန့်ကို ပြသနေသည်ကို တွေ့လိုက်ရသည်။

သို့သော် မည်သည့် နက္ခတ်ကမျှ ထိုပြကွက်ကို ကြည့်မနေကြပေ။ ကျနော် ဖြတ်သန်းခဲ့ရသော ကိုရီးယားကျွန်းဆွယ် ဇာတ်ဝင်ခန်းမှာ သူတို့အတွက် ကျော်ဖြတ်သွားရုံမျှသာရှိသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်သည်။ ၎င်းဘေးရှိ ပြကွက်တွင်မူ ကိုရီးယားကျွန်းဆွယ်၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ပြသနေ၏။ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ဘီဟွန်း၏ ချန်နယ် ဖြစ်ပုံရသည်။

ဖန်သားပြင်ပေါ်တွင် ဆံပင်တိုတိုနှင့် ချောမောသော မိန်းကလေးတစ်ဦးက အဓိပ္ပာယ်မရှိသည်များကို ပြောဆိုနေသည်။

– အဲဒီ ကင်ဒေါ့ဂျာ ဆိုတဲ့ လူရှုပ်ကတော့ အခုချိန်မှာ တော်တော်လေး ကျေနပ်နေမှာ သေချာတယ်။

ရင်းနှီးနေသော အသံကြောင့် ကျနော် မပြုံးဘဲ မနေနိုင်ခဲ့ပေ။

ဟန်ဆိုယောင်းသာ ငါ အခု ဘယ်ရောက်နေလဲဆိုတာ သိရင် ဒီလို အဓိပ္ပာယ်မရှိတာတွေ ပြောနေမှာ မဟုတ်လောက်ဘူး။

– ဟေး၊ အသူတစ်ရာကျောက်တုံးတွေကို ကောင်းကောင်း ကောက်နေကြရဲ့လား။ သေချာလေး စုထားကြဦးနော်။ နောင်ကျမှ အသုံးဝင်မှန်းသိသွားရင် အများကြီးမစုမိလို့ နင်နောင်တရနေဦးမယ်နော်။

– …ဒေါ့ဂျာ က တကယ်ပဲ ဒီလို အမိန့်ပေးခဲ့တာလား။

– ဒါပေါ့

ဖန်သားပြင်ပေါ်တွင် ဟန်ဆိုယောင်းနှင့် ယူဆန်းအာတို့ကို မြင်လိုက်ရသည့်အခါ ကျနော် အလွန်ပင် လွမ်းဆွတ်မိသွားသည်။ ဆက်ကြည့်နေလျှင် ပိုပြီး စိတ်ဓာတ်ကျလာလိမ့်မည်ဟု တွေးမိကာ အခြားပြကွက်တစ်ခုသို့ လှည့်လိုက်သည်။

ထိုဖန်သားပြင်တွင် ‘အများအပြား ထုတ်လုပ်ထားသော ဇာတ်လမ်း’ တစ်ခု ရှိနေသည်။ ထိုဇာတ်လမ်း၏ အမည်မှာ ‘အခြားကမ္ဘာမှ ပြန်လာသူ၏ ဒဏ္ဍာရီလာ ပြန်လာခြင်း’ ဖြစ်သည်။ ခေါင်းစဉ်ကြည့်ရုံနှင့်ပင် အဆင့်နိမ့်အနံ့အသက် ရနေပြီး ပါဝင်သောအကြောင်းအရာမှာလည်း ကမ္ဘာကြီးကို ကယ်တင်ခဲ့သည့် ပြန်လာသူတစ်ဦး၏ ပျော်ရွှင်ဖွယ်ရာ အကြောင်းပင် ဖြစ်ပေလိမ့်မည်။

သို့သော်လည်း ကြည့်ရှုရသည်မှာ ထိုက်တန်ပေသည်။ တစ်နည်းနည်းဖြင့် Ways of Survival နှင့် ဆင်တူနေသလိုပင်... အဓိကဇာတ်ကောင်၏ စကားပြောဟန်မှာ ယူဂျွန်ဟော့နှင့် တူနေ၏။ ကျနော် ထိုဇာတ်လမ်းကို ကြည့်နေစဉ် မက်ဆေ့ချ်တစ်ခု ပေါ်လာသည်။

[ကြယ်ပွင့်အဆင့် သတ်မှတ်ပေးလိုပါသလား]

အာ…

ဤသည်က ဇာတ်လမ်းတိုင်းကို ကြယ်ပွင့်ပေးရသော စနစ်တစ်ခု ဖြစ်သည်။ ကျနော်သည် ထိုဇာတ်လမ်းဘေးရှိ ‘ကြယ်ပွင့်အမှတ်’ အကွက်ပေါ်သို့ လက်ကို ဂရုတစိုက် တင်လိုက်သည်။ ထိုအခိုက်အတန့်တွင် တစ်စုံတစ်ဦး၏ အသံကို ကြားလိုက်ရသည်။

[ဒါက ငါ အကြိုက်ဆုံး ဇာတ်လမ်းပဲ]

ကျနော် လှည့်ကြည့်လိုက်သည့်အခါ အဖိုးအိုတစ်ဦး ထိုနေရာတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ကျနော်က ငြင်သာစွာ ပြန်ပြောလိုက်သည်။

"စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်လမ်းပဲနော်"

[ဟားဟား၊ ဟုတ်ရဲ့လား။ ဒီမိတ်ဆွေလေးကတော့ အမြင်ရှိသားပဲ]

အမှန်စင်စစ် ထိုဇာတ်လမ်းမှာ ကျနော်သိသော စားတော်ဆက်အသင်းနှင့် မကိုက်ညီသည့် ဇာတ်လမ်းမျိုး ဖြစ်သည်။ စားတော်ဆက်အသင်းသည် ဤကဲ့သို့ အများအပြား ထုတ်လုပ်ထားသော ဇာတ်လမ်းများကို မနှစ်သက်ကြပေ။ စားတော်ဆက်အသင်းမှ နက္ခတ်များသည် ‘ကိုးဆင့်မြောက် စက်ဝိုင်း’ နှင့် ‘ဓားသခင်’ ကဲ့သို့သော အယူအဆများ ထွက်လာကတည်းက စိတ်ကုန်နေကြပြီ ဖြစ်သည်။ ဤ ‘အခြားကမ္ဘာမှ ပြန်လာသူ၏ ဒဏ္ဍာရီလာ ပြန်လာခြင်း’ ဇာတ်လမ်းတွင် ထိုအချက်နှစ်ခုလုံး ပါဝင်နေလေသည်။

"အဖိုးက ဒီဇာတ်လမ်းကို တင်ဆက်တဲ့သူလား"

[ဟုတ်တယ်လေ။ ကဲကဲ။ ငါ ဒါကို နှစ်တိုင်း ပြဖြစ်တယ်။ ဒီဇာတ်လမ်းအကြောင်း သိတဲ့သူ နောက်တစ်ယောက်လောက် ပိုရှိလာဖို့ပဲ ငါ လိုချင်တာပါ။ ဒါက တကယ့်ကို ကောင်းပြီး ပျော်စရာကောင်းတဲ့ ဇာတ်လမ်းပါ၊ ဒါပေမဲ့ ဘယ်လိုပြောပြရမလဲတော့ ငါ မသိဘူး]

"အဲဒီခံစားချက်ကို ကျနော် နားလည်ပါတယ်"

တစ်နည်းနည်းဖြင့် ကျနော် ဝမ်းသာသွားမိသည်။ ကျနော်ကိုယ်တိုင်လည်း Ways of Survival ကို ဖတ်နေစဉ်အတောအတွင်း ရောက်လေရာ အင်တာနက်စာမျက်နှာတိုင်းမှာ ထိုဝတ္ထုအကြောင်း လိုက်လံ တင်ပေးခဲ့ဖူးသည်။ လူအများစုက ကျနော့်ကို ဆဲဆိုခဲ့ကြသည်ကိုသာ ခံခဲ့ရ၏

မည်သို့ပင်ဖြစ်စေ ဤအဖိုးအိုသည် ကျနော်နှင့် ဆင်တူနေသည်။

အဖိုးအိုက သက်ပြင်းချလိုက်ရင်း ဆက်ပြောသည်။

[ဒီကောင်တွေက ငါ အကြံပေးရင် လှောင်ရယ်ကြတာပဲ။ လူငယ်တွေရဲ့ အမြင်တွေက အရမ်းမြင့်နေကြပြီလေ... သူတို့က ပထမမျိုးဆက် ဇာတ်လမ်းတွေနဲ့တင် အလုပ်ရှုပ်နေကြတာ]

တကယ့်ကို မျှော်လင့်မထားသော မှတ်ချက်တစ်ခု ဖြစ်၏။ အမှန်စင်စစ် စားတော်ဆက်အသင်းတွင် ခေါင်းမာပြီး ရှေးရိုးစွဲဆန်မှု ရှိနေလေသည်။ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုအတွင်း ရာထူးအဆင့်အတန်း မြင့်မားလေလေ ရှေးရိုးဆန်မှု အလားအလာမှာ ပို၍ အားကောင်းလေလေ ဖြစ်သည်။

ထိုအချိန်တွင် ဖြတ်သွားဖြတ်လာ နက္ခတ်များ၏ ခပ်တိုးတိုးပြောသံများကို ကြားလိုက်ရသည်။

[ဟို ခေါင်းမာတဲ့လူကြီး ပြန်ရောက်လာပြန်ပြီ]

[ကျွတ်…ကျွတ်... အသက်ကြီးလာတော့ ဇာတ်လမ်းကောင်းဆိုတာ ဘာလဲဆိုတာကို သူ မသိတော့ဘူး ထင်တယ်...]

…ခေါင်းမာတဲ့လူကြီး တဲ့လား။

ကျနော့်ဘေးရှိ အဖိုးအိုကို ခေါ်ဆိုသော အမည်ပြောင်တစ်ခု ဖြစ်ပုံရသည်။ Ways of Survival ထဲတွင်လည်း ထိုကဲ့သို့သော အမည်ပြောင်ရှိသည့် နက္ခတ်တစ်ပါး ရှိခဲ့သည်ကို ကျနော် ပြန်လည်သတိရမိသည်။

[ဒါကို ဖယ်လိုက်စမ်း။ ဒါက ဇာတ်လမ်း မဟုတ်ဘူး။ လွှင့်ပစ်လိုက်သင့်တဲ့အမှိုက်သက်သက်ပဲ]

ထိုခဏမှာပင် ‘အခြားကမ္ဘာမှ ပြန်လာသူ၏ ဒဏ္ဍာရီလာ ပြန်လာခြင်း’ ဇာတ်လမ်းတွင် ချိတ်ဆွဲထားသော ကြယ်ပွင့်အဆင့်မှာ ပြောင်းလဲသွားသည်။

1.3/5 -> * 1.1/5

အဆင့်သတ်မှတ်ချက်မှာ ပို၍ နိမ့်ကျသွားသည်။ ထိုသို့ဖြစ်အောင် မည်သူက လုပ်ဆောင်နေသည်မှာ သိသာလှသည်။

[ဒီ... ဒီကောင်တွေကတော့ကွာ]

‘ကြယ်ပွင့်အမှတ်များကို တမင်သက်သက် လျှော့ချခြင်း’ ပင် ဖြစ်သည်။ အဖိုးအိုသည် ပျောက်ကွယ်သွားသော နက္ခတ်များကို လှမ်းအော်ပြောလိုက်သည်။ ကျနော်သည် အဖိုးအို၏ ခံစားချက်ကို နားလည်သည်ဟု တွေးမိကာ ကြယ်ပွင့်အမှတ်ပေးသည့် အကွက်ပေါ်သို့ လက်တင်လိုက်သည်။

"ဒီဇာတ်လမ်းက ဒီလောက်အမှတ်ရဖို့အထိတော့ ဆိုးရွားမနေပါဘူး"

အသံတစ်ချက်နှင့်အတူ ကြယ်ပွင့်အမှတ်မှာ မြင့်တက်သွားသည်။ ထိုအသံကြောင့် အဖိုးအိုသည် ကျနော့်ဘက်သို့ ခေါင်းလှည့်ကြည့်လာသည်။

"တကယ်တော့ ဇာတ်လမ်းတွေအပေါ်မှာ ဘာလို့ အမှတ်သတ်မှတ်ချက် ရှိနေရတာလဲဆိုတာ ကျနော် မသိဘူး။ ဇာတ်လမ်းတိုင်းမှာ တန်ဖိုးရှိပါတယ်။ တချို့လူတွေအတွက်တော့ ဒါက စိတ်ဝင်စားစရာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်သလို၊ တချို့အတွက်ကျတော့လည်း ကယ်တင်ခြင်းတစ်ခု ဖြစ်နေနိုင်တာပဲလေ"

ကျနော့်စကားကြောင့် အဖိုးအိုမှာ အံ့သြသွားသည်။ သူသည် နှုတ်ခမ်းကို အနည်းငယ် လှုပ်ရှားလိုက်ပြီးနောက် လေးစားအားကျစွာဖြင့် တိုးတိုးလေး ရေရွတ်လိုက်၏။

[မင်းက ဒီဘက်ခေတ် လူငယ်နက္ခတ်တွေနဲ့ မတူဘူးပဲ... မင်းမှာ တကယ့်ကို ကောင်းမွန်တဲ့ တန်ဖိုးထားမှုတွေ ရှိတယ်...]

"ချီးကျူးလွန်းနေပြန်ပါပြီဗျာ"

Ways of Survival ကဲ့သို့သော ဇာတ်လမ်းမျိုးကို သည်းခံဖတ်ရှုခဲ့ဖူးသူတိုင်း ကျနော့်လိုပဲ တွေးမိကြမည်သာ ဖြစ်သည်။ အဖိုးအို၏ စိတ်အခြေအနေမှာ ပြေလျော့သွားပြီး ကျနော့်ကို ပြုံးပြလာသည်။

[မင်းကတော့ အဖော်ပြုဖို့ ကောင်းတဲ့သူပဲ။ မင်းရဲ့ ဘွဲ့အမည်က ဘာလဲ။ ငါ မမေးဖြစ်သေးဘူး]

ဒါက ဇာတ်လမ်းကောင်းတစ်ခု ဖြစ်လာတော့မှာလား။ ကျနော်က ပြုံးလိုက်ပြီး ကြေညာလိုက်သည်။

[ကျနော်က ကယ်တင်ခြင်း၏ မိစ္ဆာဘုရင် ပါ]

All Chapters